← Chapters

မင်းတို့ကောင်တွေ လွန်လာပြီ

Vol. 10 Ch. 969

မင်းတို့ကောင်တွေ လွန်လာပြီ

Vol. 10 Ch. 969

" ငါမင်းကို သည်းခံနိုင်တဲ့ အတိုင်းအတာ ကျော်သွားပြီ ပိုင်ရှောင်ချန်း "

ဖုန်းချန်က အော်ဟစ်လိုက်သည်။ သူ၏ ကြက်သွေးရောင် လျှပ်စီးတန်းကြီးမှာ အလွန်လျင်မြန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်း ပိုင်ရှောင်ချန်း၏အရှေ့သို့ ရောက်ရှိသွားတော့သည်။ သူ့ထံမှ အလယ်ပိုင်းနတ်အဆင့်ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များ ပေါ်ထွက်နေပြီး ဖျက်စီးနိုင်စွမ်းအပြည့်ပါဝင်သည့် သိုင်းကွက်ဖြင့် ပိုင်ရှောင်ချန်း၏ နဖူးတည့်တည့်သို့ တိုက်ခိုက်လိုက်သည်။

" အေး ငါလည်းမင်းကို သည်းမခံနိုင်တော့ဘူး၊ ဖုန်းချန် "

ထိုစကားမှာ အမှန်တရားပင်ဖြစ်သည်။ သူ မြောက်ပိုင်းသို့ စရောက်စဥ်ကတည်းက ပဋိညာဥ်သုံးချက်ပါသော စာချုပ်ဖြင့် ထိန်းချုပ်ခံခဲ့ရပြီးနောက် ၎င်းမှာ ပဋိညာဥ်လေးချက်၊ ထိုမှတစ်ဆင့် ပဋိညာဥ်ငါးချက်အထိ အဆင့်မြင့်သွားခဲ့ရသည်။

ပုံမှန်ဆိုလျှင် ပိုင်ရှောင်ချန်းသည် တိုက်ရခိုက်ရ၊ သတ်ရဖြတ်ရသည်ကို ကြိုက်နှစ်သက်သောသူမဟုတ်ပေ။ သို့သော် သူ မတော်မတရားခံနေရပြီ ဖြစ်သဖြင့် နောက်ဆုံးတွင် မြေရိုင်းဒေသထဲတွင်ရှိခဲ့စဥ်က သူ၏စိတ်ထဲမှာ ပေါက်ဖွားလာခဲ့သည့် အမူအကျင့် ပေါ်ထွက်လာတော့သည်။

ဖုန်းချန်က အနီးသို့ရောက်လာသောအခါ သူ၏မျက်ဝန်းများမှာ ဒေါသများဖြင့် ဖျတ်ခနဲလက်သွားပြီး သူ၏ဘယ်ဖက်မျက်ဝန်းထဲမှ လသင်္ကေတလေးမှာ တောက်ပစွာ လင်းလက်လာသည်။ ထို့နောက် သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါ အပြာရောင်ကောင်းကင်ကြီးက ရုတ်တရက် ညအချိန်သို့ရောက်သွားသည့်အလား မည်းမှောင်သွားတော့သည်။

ထိုအမှောင်ထုကြီးက နေလုံးကြီးအားဖုံးအုပ်သွားပြီး တချိန်ထဲမှာပင် အောက်ဘက်ရှိ အရာအားလုံးကို အလင်းထင်ဟပ်သွားစေသည့် စူးရှတောက်ပသော လမင်းကြီးတစ်စင်း ပေါ်ထွက်လာသည်။ ထိုအလင်းရောင်နှင့်ထိတွေ့မိလိုက်သည့် မြောက်ပိုင်းသားအားလုံး ရုတ်တရက် သူတို့၏ နှလုံးသားများ၊ အသိစိတ်များနှင့် သူတို့၏နတ်ဘုရားဝိညာဥ်များကိုပင် စုပ်ယူခံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။

ဖုန်းချန်မှာ ရင်ထဲတွင် အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရသဖြင့် ပင့်သက်ရှိုက်သွားတော့သည်။ သူသည် နောက်သို့ အနည်းငယ် ဆုတ်လိုက်ပါသော်လည်း ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ တင်းမာနေသည့်မျက်နှာထားဖြင့် စကားလုံးနှစ်လုံးကို ရေရွတ်လိုက်တော့သည်။

" ဆင်းသက်စ လမင်း "

ထိုအခါ ကောင်းကင်ကြီးမှာ ယခင်ကထက် ပို၍မည်းမှောင်သွားပြီး လေထဲတွင် တဂျိန်းဂျိန်းမြည်သံများ ကျယ်လောင်စွာ ပေါ်ထွက်လာတော့သည်။ တချိန်တည်းမှာပင် ဖုန်းချန်၏ အနီရောင်လျှပ်စီးတန်းထဲတွင် လသင်္ကေတ တစ်ခု ပေါ်ထွက်လာပြီး ပတ်ပတ်လည်ရှိ လရောင်များကို စုပ်ယူလိုက်သဖြင့် ပို၍တောက်ပလာတော့သည်။

ဂျိန်းဂျိန်းဂျိန်း

ရုတ်တရက် ထိုလျှပ်စီးတန်းကြီး ပေါက်ကွဲသွားပြီး ဖုန်းချန်၏ လူခန္ဓာကိုယ် ပေါ်ထွက်လာသည်။ သို့သော် ထိုလသင်္ကေတမှာ သူ၏အရိုးထဲထိတိုင်အောင် တံဆိပ်ထုနှက်ထားသည့်အလား သူ၏ခန္ဓာကိုယ်ပေါ်တွင် မြင်နေရဆဲဖြစ်သည်။

ထိုလသင်္ကေတကြီး တဖြည်းဖြည်းကြီးထွားလာသည်နှင့်အမျှ ဖုန်းချန်မှာ သူ၏ခန္ဓာကိုယ်သာမက သူ၏ကျင့်ကြံခြင်းအခြေခံပါ ထိခိုက်နေရကြောင်းကို သိလိုက်သဖြင့် ကြောက်လန့်တကြားအော်ဟစ်နေတော့သည်။

ထိုလသင်္ကေတ၏ အစွမ်းမှာ လူ့ခန္ဓာကိုယ်အတွင်း ရှိနေသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ စိတ်စွမ်းအင်များကို စုစည်းရန်ဖြစ်သည်။ ၎င်း၏ တာဝန်ပြီးဆုံးသွားပါက ထိုလူမှာ ခန္ဓာသာမကဝိညာဥ်ပါ ဇီဝိန်ချုပ်သွားမည်ဖြစ်သည်။

" ဒါဘယ်လို နတ်ဘုရားသိုင်းလဲ "

ဖုန်းချန်မှာ တောင်ကြီးများက သူ့အားရိုက်နှက်ထုထောင်း နေသည့်အလား ခံစားနေရသည်။ ပိုင်ရှောင်ချန်း၏ ဆင်းသက်စလမင်းသိုင်းကွက်ကို သူ မည်သည့်နည်းနှင့်မှ ပြန်၍မခုခံနိုင်ပေ။ ပိုင်ရှောင်ချန်းမှာ သူ့အားထိစရာပင် မလိုဘဲ လရောင်က ဖုန်းချန်အပေါ်သို့ ကျရောက်နေသရွေ့ သူ၏ဒဏ်ရာများမှာ ပြင်းထန်လာမည်ဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများသာ ပေးစွမ်းနိုင်သည့် ဒဏ်ရာများအဆင့်အထိ ရောက်သွားမည်သာဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်းက ထိုသို့စွမ်းဆောင်ပြနေသည်။ ထိုအချင်းအရာကြောင့် ဖုန်းချန်မှာ အလွန်တုန်လှုပ်နေရပြီး ပါးစပ်ထဲမှသွေးများပန်းထွက်ကာ သူ၏မျက်ဝန်းများထဲတွင် အကြောက်တရားနှင့် မယုံကြည်နိုင်မှုများ ထင်ဟပ်နေတော့သည်။

ဤဖြစ်ရပ်များမှာ ဖော်ပြရသည်သာ ကြာသော်လည်း ဖုန်းချန်က ကြက်သွေးရောင်လျှပ်စီးတန်းတစ်တန်းအသွင် ပြောင်းလဲသွားခဲ့သည့်အချိန်မှအစပြု၍ ထိုလျှပ်စီးတန်းကြီး ပျက်စီးကာ သူအပြင်းအထန်ဒဏ်ရာရရှိသွားခဲ့သည့် အချိန်အထိဆိုလျှင် အချိန်အနည်းငယ်မျှသာ ကုန်ဆုံးသွားခဲ့သေးသည်။ ဘေးနားမှ ကြည့်ရှုနေကြသူများပင် ဖုန်းချန်၏ သွေးပျက်ခြောက်ခြားဖွယ် အော်ဟစ်သံကြီးများ လေထဲတွင် ပျံ့လွင့်သွားသည့် အချိန်အထိ တုံ့ပြန်ချိန်ပင် လုံးဝမရလိုက်ပေ။

ပိုင်ရှောင်ချန်းသည်ပင် သူ၏ နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်တော်က ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေမည်ဟု မထင်ထားမိပေ။ သို့သော် သူက ညာလက်ဖြင့်မန္တန်လက်ကွက်တစ်ခု ထပ်ဖော်လိုက်ပြီး သူ၏လက်ချောင်းကို ရှေ့တွင် ဝှေ့ယမ်းလိုက်ပြန်သည်။

ထိုအခါ အမှောင်ထုထဲတွင် ထိန်ထိန်သာနေသည့် လမင်းကြီးက မျက်စိကျိန်းစရာကောင်းလောက်အောင် တလက်လက်တောက်ပသွားပြီး လရောင်များမှာ ဖုံးချန်အပေါ်သို့ စုစည်း၍ကျရောက်သွားသည့်အလား ဖြစ်သွားတော့သည်။ ထိုအချင်းအရာကြောင့် လသင်္ကေတလေးမှာ ဖုန်းချန်၏ ခန္ဓာကိုယ်ထဲသို့ လောင်ကျွမ်းဝင်ရောက်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့ လွှမ်းခြုံသွားတော့သည်။

သူ၏အော်ဟစ်သံများမှာ ပို၍ကျယ်လောင်လာ၏။ ဖုန်းချန်မှာ အသက်အန္တရာယ်နှင့်ပင်ကြုံနေရပြီဖြစ်၍ အပြင်းအထန် တုန်ရီနေပြီး မည်သို့ဖြစ်ပျက်နေသည်ကိုပင် မတွေးတောနိုင်တော့ပေ။ သူသည် အလယ်ပိုင်းနတ်အဆင့်တွင် ရှိနေပါသော်လည်း ရုတ်ချည်း သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိသွားရသည်မှာ လုံးဝဖြစ်နိုင်ဖွယ်ရာမရှိပေ။ သူသည် အမြဲတမ်း မြောက်ပိုင်း၏လက်ရွေးစင်တစ်ယောက်ဖြစ်ခဲ့သည်ဖြစ်ပြီး မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို အနိုင်ယူခဲ့သည့်လူတစ်ယောက်ဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏ နတ်ဘုရားသိုင်းနှင့် ယှဥ်လိုက်သောအခါ အင်အားမဲ့နေရတော့သည်။

" ငါလက်မခံနိုင်ဘူး "

သူသည် ဒေါသများတောက်လောင်နေသည့် မျက်ဝန်းများဖြင့် အော်ဟစ်မြည်တမ်းလိုက်သည်။ သို့သော်လည်း လရောင်အလင်းတန်းများမှာ သူ၏ခန္ဓာကိုယ်ထဲမှ ထိုးဖောက်ထွက်လာနေသဖြင့် သူက တစတစ ပျောက်ကွယ်စပြုနေတော့သည်။ သူ၏တစ်ကိုယ်လုံးမှာ လရောင်အဖြစ်သို့ပြောင်းလဲသွားတော့မည့်အလားပင်။

ဖုန်းချန်မှာ သေရမည်ကို ထိုင်စောင့်နေမည့် လူစားမျိုးတော့မဟုတ်ပေ။ သူ၏လက်ချောင်းများအားလုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေပါသော်လည်း လက်များကိုမြှောက်၍ သူ၏ခေါင်းထိပ်အား တို့ထိနိုင်လိုက်သည်။

ထိုအခါ အုန်းခနဲအသံတစ်သံ ပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ်ပေါက်ကွဲသွားသဖြင့် နတ်အဆင့်ရှိသော ပေါက်ကွဲမှုတစ်ခု အရပ်မျက်နှာအနှံ့သို့ ပျံ့ထွက်သွားတော့သည်။

သူ၏ယင်ယန်ဝိညာဥ်က ထိုပေါက်ကွဲမှု၏ အားကိုအသုံးချ၍ အပြင်သို့ပျံထွက်လာပြီး ထွက်ပြေးရန်ပြင်လိုက်သည်။ ထိုစဥ် သူ၏ယင်ယန်ဝိညာဥ်ပေါ်တွင် လသင်္ကေတတစ်ခုရှိနေသည်ကို အံ့သြဖွယ်ကောင်းစွာ တွေ့မြင်လိုက်ရသည်။

" မဖြစ်နိုင်ဘူး "

ဖုန်းချန်က အော်ဟစ်လိုက်တော့သည်။

" ဒါလုံးဝ မဖြစ်နိုင်ဘူး "

သူက အလွန်တရာ အံ့ဩတုန်လှုပ်နေရပြီဖြစ်သည်။ ယခုတွင် သူ၏စိတ်နှလုံးထဲရှိ အန္တရာယ်နှင့်ကြုံတွေ့နေရသည့် ခံစားချက်ကြီးမှာ သူ အမှန်တကယ်သေရတော့မည်ဟု ယုံကြည်နေသည့်အဆင့်အထိ ကြီးထွားလာတော့သည်။

" ဒါ တာအိုမှော်သိုင်း အစစ်အမှန်ပဲ "

လျှပ်စီးတိမ်တိုက်သခင်အမြွှာနှစ်ယောက်က အလောတကော အော်ဟစ်သတိပေးလိုက်သည်။

" ဖုန်းချန်ရေ သလင်းကျောက်ခေါင်းတလားဆီသွား။ အဲဒီထဲမှာ ပုန်းနေ။ မြောက်ပိုင်းမှာ လူသတ်ရဲလောက်အောင်ကို အတင့်ရဲနေပါလား၊ ပိုင်ရှောင်ချန်း။ မင်းနဲ့ငါတို့ကြား ဘယ်တော့မှ ရန်ငြှိုးမပျယ်ဘူးကွ "

သူတို့နှစ်ယောက်က ရှေ့သို့ အမြန်ဆုံးနည်းဖြင့် ပျံသန်းလာပြီး သူတို့၏ခန္ဓာကိုယ်နှစ်ခုကို ပေါင်းစည်းလိုက်၍ နှောင်းပိုင်းနတ်အဆင့် အငွေ့အသက်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

သူတို့သာ မဟုတ်ပေ။ အခြားနတ်အဆင့် ကျင့်ကြံသူ သုံးယောက်မှာလည်း ယခုအခြေအနေက အလွန်အရေးကြီးနေပြီဖြစ်ကြောင်း သိလိုက်သည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို ထုတ်လွှတ်လိုက်ပြီးနောက် သူတို့က အလင်းတန်းလေးတန်းအသွင်သို့ ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာကြတော့သည်။

ဖုန်းချန်မှာ တုန်ရီေနလျက် လျှပ်စီးတိမ်တိုက်သခင်၏ အကြံပေးချက်ကို လိုက်နာလိုက်ပြီး သူ၏ယင်ယင်ဝိညာဥ်လောင်ကျွမ်းနေသည့် အနေအထားကို လျစ်လျူရှု၍ သလင်းကျောက်ခေါင်းတလားဆီသို့ အမြန်ဆုံး ပျံတက်သွားတော့သည်။ သူ၏မျှော်လင့်ချက်မှာ အခြားနတ်အဆင့်ကျင့်ကြံသူများ၏ ကြားဖြတ်ဝင်ရောက်နှောင့်ယှက်မှုကို အသုံးချ၍ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီး၏ အင်မော်တယ်ဂူထဲသို့ ဝင်ပြီး ထိန်ထိန်သာနေသည့်လမင်းကြီး၏ အလင်းရောင်ထဲမှ လွတ်မြောက်အောင် ပြေးထွက်ရန်ဖြစ်သည်။

သူ၏အကြံ အထမြောက်သွားခဲ့ပြီး သူ လရောင်ကို ရှောင်တိမ်းနိုင်လိုက်သည့် အချိန်တွင် လသင်္ကေတလေးမှာ ပျောက်ကွယ်သွားခဲ့ပါသော်လည်း သူ၏ယင်ယန်ဝိညာဥ်က တစ်ဝက်တိတိ ဝါးမျိုခံလိုက်ရပြီဖြစ်သည်။ နောက်ဆုံးတွင် သူ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်မှာ အကန့်အသတ်မရှိ ကျဆင်းသွားမည်ဖြစ်သည်။

သူသည် သလင်းကျောင်ခေါင်းတလားထဲတွင်ထိုင်ရင်း ကြောက်ရွံ့တုန်ရီနေတော့သည်။ သူသည် သေမင်းခံတွင်းဝမှ သီသီကလေး လွတ်မြောက်လာခဲ့သည်ဖြစ်ပြီး ဝန်မခံချင်ပါသော်လည်း ယခုတွင်မူ သူသည် ပိုင်ရှောင်ချန်းအကြောင်းကို တွေးမိလိုက်ရုံနှင့် အလွန်အမင်းကြောက်လန့်နေရပြီဖြစ်သည်။

" သူ့ ကျင့်ကြံခြင်းအခြေခံက အစောပိုင်းနတ်အဆင့်မှာ မဟုတ်တာတော့ သေချာတယ်။ အ...အလယ်ပိုင်းနတ်အဆင့်မှာ ရောက်နေတာပဲ။ ဒါပေမဲ အဲဒီအဆင့်မှာတောင် ဘာလို့ဒီလောက် အစွမ်းထက်နေရတာလဲ "

ထိုစဥ် အခြားမြောက်ပိုင်း နတ်အဆင့်ကျင့်ကြံသူလေးယောက်မှာ အံ့သြတုန်လှုပ်နေကြပြီး ထိုဖြစ်ရပ်များကို ကြည့်ရှုနေကြသည့် သာမန်ကျင့်ကြံသူများဆိုလျှင် ပို၍ပင်ဆိုးနေတော့သည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်း၏ လုပ်ရပ်များကြောင့် အံ့အားသင့်ရုံသာမက ကြောက်ရွံ့နေကြတော့သည်။

" ဘုရားရေ။ ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က...စွမ်း...စွမ်းလှပါလား "

" ငါသူ့ကို အရင်တုံးက ဟာသလုပ်မိခဲ့တာ။ သူ့ကို ပေါ်ပေါ်ထင်ထင်ကြီး ဟားတိုက်ပြီး ရယ်ခဲ့မိတာ။ ငါတော့... "

" ခဏနေပါဦး။ သူသာ အရင်ထဲကဒီလောက်စွမ်းနေရင် ဘာလို့ အနိုင်ကျင့်တာခံခဲ့သေးလဲ။ မြောက်ပိုင်းကိုရောက်လာပြီးမှ သူကျင့်ကြံခြင်းအခြေခံအဆင့် ဖောက်ထွက်သွားနိုင်ခဲ့တာဆိုရင်ရော "

ထိုစဥ် ပိုင်ရှောင်ချန်းမှာ မျက်ထောင့်ကြီးများနီမြန်းနေပြီး လျှပ်စီးတိမ်တိုက်သခင်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများ၏ တိုက်ကွက်များကို တင်းမာနေသည့်မျက်နှာထားဖြင့် ရှောင်တိမ်းနေတော့သည်။

" ကောင်းပြီလေ မင်းတို့မြောက်ပိုင်းသားတွေ။ ငါတကယ် ဒေါသထွက်လာပြီ။ ကိုယ်တော်ပိုင် မင်းတို့ကို တကယ် သည်းမခံနိုင်တော့ဘူးကွ။ လာစမ်း။ ချကြတာပေါ့ "

သူတို့ထဲမှတစ်ယောက်အား သူက တိုက်ခိုက်ခဲ့ပြီးဖြစ်သဖြင့် ဖြစ်ချင်ရာဖြစ် ဝုန်းဒိုင်းကျဲရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် လုံးဝတွေဝေမနေဘဲ သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားအကုန်လုံးကို ထုတ်လွှတ်လိုက်သဖြင့် အလယ်ပိုင်းနတ်အဆင့်အငွေ့အသက်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ယခုတွင်မူ ကောင်းကင်ပေါ်မှ အမှောင်ထုကြီး တဖြည်းဖြည်း ပျောက်ကွယ်နေပြီဖြစ်ပြီး သာမန်အနေအထားသို့ ပြန်ရောက်သွားပြီဖြစ်၍ အထက်ကောင်းကင်ယံတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ ဘုန်းတန်ခိုးများကို ထုတ်လွှတ်နေသည့် မျက်နှာကြီးတစ်ခုကို မြင်နိုင်သည်။

" အလယ်ပိုင်းနတ်အဆင့်ပဲ၊ သောက်ကျိုးနည်း။ သူတကယ် ဖောက်ထွက်နိုင်ခဲ့တာပဲကွ "

လျှပ်စီးတိမ်တိုက်သခင်က ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံအား အာရုံခံလိုက်သောအခါ ရူးသွပ်လုမတတ်ဖြစ်သွားရသည်။

သူသည် ပိုင်ရှောင်ချန်း၏စွမ်းအားကိုလုံးဝ မယှဥ်နိုင်လောက်အောင် ခံစားနေရသည်။ နတ်မီးလျှံစမ်းသပ်ပွဲမှာ သူ့အားသတ်ရန်ကြိုးပမ်းခဲ့ပါသော်လည်း ပထမအကြိမ်တွင် သူ၏ဆေးလုံးများကြောင့် ထိုအကြံအစည် ပျက်ပြားသွားခဲ့ရသည်။ ထို့နောက် တုလင်ဖေးအား ' မိန်းမ 'ဟု ခေါ်လိုက်သဖြင့် နောက်ထပ်တစ်ကြိမ် ပျက်ပြားသွားခဲ့ရပြန်သည်။ သူသည် အစပိုင်းတွင် အပြတ်အသတ် အသာစီးရခဲ့ပါသော်လည်း နောက်ဆုံးတွင် ပိုင်ရှောင်ချန်း၏ ခြေဖဝါးအောက်သို့သာ ရောက်သွားခဲ့ရသည်။

သူ၏ နဂိုမူလ အကြံအစည်မှာ သူ၏အမိမြေဂိုဏ်းဖြစ်သော မြောက်ပိုင်းသို့ရောက်သည်နှင့် ပိုင်ရှောင်ချန်းအား အတောမသတ်နိုင်လောက်အောင် ညှဥ်းပန်းနိုင်လိမ့်မည်ဟု ယူဆထားခြင်းဖြစ်သည်။ သူသည် ပိုင်ရှောင်ချန်းအား အလွန်မုန်းတီးပါသော်လည်း ပိုင်ရှောင်ချန်းက ပထမတွင် ဆေးလုံးများရောင်းချကာ ပန်းပွင့်များစိုက်ခဲ့ပြီးနောက် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးကိုပင် ဝင်ပါစေပြီး သူ့အားအကျဥ်းချရလောက်သည့်အထိ ဖိအားပေးနိုင်လိမ့်မည်ဟု လုံးဝမတွေးထားမိပေ။

သို့သော်…

" ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က လူရောဟုတ်ရဲ့လား။ သူက လျှပ်စီးအကျဥ်းထောင်ကို ဖျက်ဆီးလိုက်ရုံတင်မကပဲ ကျင့်ကြံခြင်းအခြေခံပါ ဖောက်ထွက်သွားခဲ့သေးတာပါလား။ အလယ်ပိုင်းနတ်အဆင့်ကို တက်လှမ်းဖို့ဆိုတာ ဒီလောက်ခက်တာကို သူဘယ်လိုများ လုပ်နိုင်ခဲ့တာတုံး။ သူ...သူ...တကယ့်ကို ဖောက်ထွက်နိုင်ခဲ့တာပဲ "

အခြားနတ်အဆင့်ကျင့်ကြံသူ သုံးယောက်မှာလည်း လျှပ်စီးတိမ်တိုက်သခင်အတိုင်း ရူးသွပ်လုမတတ်ဖြစ်နေကြသည်။ သို့သော် သူတို့ ဒေါသထွက်နေကြပါသော်လည်း ပိုင်ရှောင်ချန်းဆီသို့ သူတို့ပစ်လွှတ်နေကြသည့် တိုက်ကွက်မှန်သမျှအား သူက ရှောင်တိမ်းပြနေသည်ကို ကူရာကယ်ရာမဲ့စွာ ကြည့်နေကြရသည်။

" သူက ဖြူကောင်လိုပဲ။ သူ့ကိုဘယ်လိုဖမ်းဖို့ ကြိုးစားကြိုးစား အဆုံးသတ်မှာ ကိုယ်ပဲဆူးစူးရတာ။ ကောင်းပြီလေ၊ အဲဒါဆိုလည်း သူ့ ကြောင်တောင်တောင် သိုင်းကွက်တွေကို လျစ်လျူရှုလိုက်ကြတာပေါ့။ ဒီအတိုင်း လူအင်အားနဲ့ပဲ သူ့ကိုအနိုင်ယူကြမယ် "

လျှပ်စီးတိမ်တိုက်သခင်မှာ ရွံရှာစက်ဆုပ်မှုများထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းသွားတော့သည်။ အခြားနတ်အဆင့်ကျင့်ကြံသူများမှာလည်း သူတွေးနေသည့်အရာကို နားလည်သွားဟန်တူကာ သတ်ဖြတ်လိုစိတ်များ တငွေ့ငွေ့ထွက်ပေါ်နေလျက် ချီတက်လာကြတော့သည်။

All Chapters