အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
အခန်း (၂၇၁) - မင်း ဘယ်သွားမလို့လဲ (အပိုင်း ၃)
~သို့သော် ဤသိုလှောင်ထားသော 'အစစ်အမှန်ချီ' များကို လွယ်ကူစွာ အသုံးပြု၍ မရနိုင်ပေ။
ပိုမိုတိကျစွာ ဆိုရလျှင် ဤမိန်းမငယ်လေးသည် ၎င်းတို့ကို မည်သို့ အသုံးပြုရမည်ကို မသိခြင်း ဖြစ်၏။
သူမ တတ်ကျွမ်းသည်မှာ အဆက်မပြတ် သိုလှောင်ထားခြင်း သက်သက်သာ။
ဤအချက်က ဆုမိုကို အတွေး တစ်ခု ဝင်ရောက်စေခဲ့သည်။ သူမ ဤမျှလောက် လေးလံနေခြင်း၊ အဝလွန်နေခြင်းမှာ ဤအကြောင်းရင်းကြောင့်များ ဖြစ်နေမလား။
အကယ်၍သာ သူမသည် ဤအတွင်းအားများကို ခန္ဓာကိုယ်ထဲတွင် အပြည့်အဝ ပေါင်းစပ်နိုင်ပြီး၊ သူမ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်ခဲ့ပါက... သူမ၏ ဘဝတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်မှာ အသေအချာပင်။
ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဆုမိုသည် သူမ၏ အတွင်းအားကို လမ်းကြောင်းပေးခဲ့သည်။ ဒီရေလှိုင်းများကို တွန်းပို့ပေးသကဲ့သို့ သူမ၏ 'ချီစီးဆင်းမှု'အား တဖြည်းဖြည်း မြန်ဆန်လာစေပြီး၊ သွေးကြောကွက်များထဲရှိ အတွင်းအားများကို ပင်မသွေးကြောများထဲသို့ တိတ်တဆိတ် ကူးပြောင်းပေးနေခဲ့၏။
ဝမ်းနည်းစရာ ကောင်းသည်မှာ ဤနည်းလမ်းသည် ထိရောက်သော်လည်း၊ ရလဒ်ထွက်ပေါ်မှု အလွန်နှေးကွေးလှပေသည်။
သွေးကြောကွက်များထဲရှိ အတွင်းအား အားလုံးကို ပြောင်းလဲပစ်ရန်မှာ တစ်ညတည်းနှင့် ပြီးမြောက်နိုင်သော ကိစ္စမဟုတ်ချေ။
ဤကိစ္စတွင် သူမ ကိုယ်တိုင် ကြိုးစားအားထုတ်မှသာ တဖြည်းဖြည်း တိုးတက်လာနိုင်မည် ဖြစ်သည်။
ဆရာသခင် (၃) ဦးတို့သည် (၃) ရက်အတွင်း မိုင်တစ်ထောင်ခရီးကို အစွမ်းကုန် ပြေးလွှားခဲ့ကြ၏။
ထိုနေ့တွင် လျိုယွင်ပညာရှင် သည် နောက်ဆုံး၌ ရပ်တန့်လိုက်၏။
အကြောင်းရင်းမှာ အခြားမဟုတ်... သူ့ရှေ့တွင် လူတစ်ယောက် ပေါ်လာသောကြောင့် ဖြစ်သည်။
ထိုလူသည်လည်း အနက်ရောင်ဝတ် လူတစ်ယောက်ပင်။ သစ်ပင်အခက်ပေါ်တွင် ခြေတွဲလောင်းချ၍ ထိုင်နေ၏။ မျက်နှာဖုံး တစ်ဝက်ကို မထားပြီး ပါးစပ်ကို ဖော်ထားသည်။
မြေပဲလှော်များကို ပါးစပ်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်နေ၏။
'ဝါး... ဝါး...'
စားကောင်းနေပုံ ရသည်။
လျိုယွင်ပညာရှင်သည် သစ်ပင်အောက်တွင် တိတ်ဆိတ်စွာ ရပ်လျက် သူ့ကို မော့ကြည့်နေသည်။ မျက်နှာထား ပြောင်းလဲခြင်း မရှိသော်လည်း မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။
သစ်ပင်ပေါ်မှ အနက်ရောင်ဝတ် လူသည် အကြည့်ခံနေရသဖြင့် အနည်းငယ် ရှက်သွားပုံရပြီး လက်ကို ဆန့်ထုတ်လိုက်၏။
“စားမလား”
“...”
လျိုယွင်ပညာရှင်သည် အသက်ပြင်းပြင်း ရှူလိုက်၏။
“'ကောင်းကင်ဂိုဏ်းချုပ်' ဘယ်မှာလဲ”
“ပုန်းနေတယ်လေ... ဒီနေရာက သူ့အတွက် နည်းနည်း ထူးခြားတယ်... နေရာဟောင်းကို ပြန်ရောက်လာတာ သိပ်တော့ မကောင်းလှဘူး”
သစ်ပင်ပေါ်မှ လူက တဟားဟား ရယ်လိုက်၏။
“ဒါကြောင့် ငါက သူ့အစား ဒီမှာ စောင့်နေရတာ... 'ထျန်း' အဘိုးကြီး ကတော့ အသုံးမကျတော့ဘူး... ကလီစာ (၅) ခုနဲ့ အင်္ဂါ (၆) ပါးလုံး (၇) ပိုင်းနဲ့ တစ်ဝက်လောက် ကွဲကြေသွားပြီ... ဆေးကုသဆောင်က လူတွေတောင် သူ့ကို ခွဲစိတ်ပြီး ဆုမိုရဲ့ လက်သီးစွမ်းအားကို လေ့လာရမလား... ဒါမှမဟုတ် ကျင်းတူးပြီး မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်ရမလား စဉ်းစားနေကြတယ်”
ကလီစာ (၅) ခုနဲ့ အင်္ဂါ (၆) ပါးလုံး (၇) ပိုင်းနဲ့ တစ်ဝက်လောက် ကွဲကြေသွားတယ် ဟုတ်လား။
လျိုယွင်ပညာရှင် မျက်မှောင်ကြုတ်လိုက်မိ၏။
“ဆုမို... အဲ့ဒီလူရဲ့ လက်သီးစွမ်းအားက ဒီလောက်ထိ ထူးဆန်းနေတာလား... 'မြေကြီးဂိုဏ်းချုပ်' ရဲ့ 'ကျိခွန်သိုင်း' တောင် မယှဉ်နိုင်ဘူးလား”
“ဘယ်သူ့ အပြစ်ဖြစ်ရမလဲကွ”
အနက်ရောင်ဝတ် လူသည် စကားပြောရင်း သစ်ပင်ပေါ်မှ ဂျွမ်းပစ်ဆင်းလိုက်၏။ ပါးစပ်ထဲသို့ မြေပဲများ ပစ်ထည့်ရန်လည်း မမေ့ချေ။
“ငါ ပြောသားပဲ... ဆုမို ဆိုတဲ့ကောင်က လွယ်လွယ်လေး ကိုင်တွယ်လို့ ရတဲ့ကောင် မဟုတ်ပါဘူးလို့... 'ယူချွမ်ဂိုဏ်း' ကို ကြည့်ပါလား... တပ်မှူး (၃) ယောက် ပူးပေါင်းတိုက်တာတောင် 'သွေးပင်လယ် ခေါင်းဆောင်' လောက် မညံ့ဘူးနော်”
“နောက်ဆုံး ဘာဖြစ်သွားလဲ”
“ဓားတစ်ချက်တည်းနဲ့ အသက် (၃) ချောင်း ဆက်တိုက် ပါသွားတာလေ”
“အဲ့ဒီ ဓားချက် တစ်ချက်တည်းကိုတောင် 'ယူချွမ်ဂိုဏ်းချုပ်' ကိုယ်တိုင် သူ့ရဲ့ 'ယူချွမ် သရဲကိုယ်ခန္ဓာ' နဲ့ ခံနိုင်မလား ဆိုတာ ချိန်ဆနေရတာ”
“ဒါကို ထျန်း အဘိုးကြီးက အားနေတာနဲ့ စပ်စုချင်ပြီးတော့... ဟိုကောင့် လက်သီးက တကယ်ပဲ စွမ်းမစွမ်း သွားစမ်းသတဲ့”
“နောက်ဆုံးတော့ အသေရိုက်ခံလိုက်ရတာ ဝဋ်လည်တာပေါ့ကွာ”
“အခု မင်းလည်း ကြည့်ဦး... 'မြေကြီးဂိုဏ်းချုပ်' နေရာမှာ ကောင်းကောင်းမွန်မွန် မနေဘဲ... ရွှေကျောက်စိမ်းကတော့လေး…ရရင် တော်ရောပေါ့... ဘာကိစ္စ နန်းကုန်းယွီ ကိစ္စထဲ သွားပါရတာလဲ”
“ဒါက မလိုအပ်ဘဲ ပိုလုပ်တာ မဟုတ်ဘူးလား”
“ကောင်းကင်ဓားဂိုဏ်း တစ်ခုလုံးက ရွှေကျောက်စိမ်းကတော့ကို သိပ်ဂရုစိုက်တာ မဟုတ်ဘူး... ထုန်းယွင် ဆိုတဲ့ ငတုံးကောင် တစ်ယောက်တည်း စိတ်ကူးပေါက်နေတာ”
“လွန်ခဲ့တဲ့ နှစ် (၂၀) တုန်းကလည်း သူက ဆုထျန်းယန်ရဲ့ စကားကို နားယောင်ပြီး အရေးကြီးတဲ့ ကိစ္စတွေကို လျစ်လျူရှုခဲ့တာ...”
“ပါးစပ်ပိတ်ထားစမ်း”
လျိုယွင်ပညာရှင်သည် 'လူသားဂိုဏ်းချုပ်'၏ ပေါက်ကရ လေကန်နေမှုများကို ဆက်နားမထောင်နိုင်တော့ပေ။ ရင်ဘတ်ထဲမှ မန်ဒရင်းဘဲစာရင်းကို ဆွဲထုတ်ပြီး ပစ်ပေးလိုက်သည်။
“ဟဲ...”
လူသားဂိုဏ်းချုပ်က ဖမ်းယူလိုက်ပြီး ရယ်လိုက်၏။
“နောက်ဆုံးတော့ ရပြီပေါ့... ထျန်း အဘိုးကြီးက အကွက်တွေ ချ၊ ရုန်းကန်လိုက်ရတာ... နောက်ဆုံးကျတော့ ခွေးကို ပေါက်စီကျွေးလိုက်သလိုပဲ... အဖတ်မတင်ဘဲ ပျောက်သွားရော”
“ကျောက်လုံ ရေတပ်စခန်းထဲမှာ သူ့ရဲ့ ဉာဏ်ကြီးရှင် အကွက်တွေက ကိုယ့်ဒူးကိုယ်ချိုး ဖြစ်ကုန်တာလေ... ရှူး... ရှူး... ရှူး... ဒီကိစ္စ ထျန်း အဘိုးကြီးကို သွားမပြောနဲ့နော်... သူက စိတ်ကြီးတယ်... ငါ့ကို ထပ်ရိုက်နေဦးမယ်”
“ဒါပေမဲ့ ပြောရရင် သူက တကယ်ပဲ လက်စွမ်းကျသွားတာပါ... မန်ဒရင်းဘဲစာရင်း ကို မရတာတင် မကဘူး... 'ဒုက္ခိသည် သိုင်းကျမ်း'ကိုပါ လက်လွှတ်လိုက်ရတယ်”
“အခု ဘုန်းကြီးဟုန်ယွင်က သတိထားမိသွားပြီး 'မိစ္ဆာဂိုဏ်း'ဘက်ကို ဦးတည်သွားနေပြီ”
“သူ ရောက်သွားရင်..မိစ္ဆာဂိုဏ်းက ပြဿနာတွေ ရှာတော့မှာ”
“မန်ဒရင်းဘဲစာရင်းက ဆုမို လက်ထဲမှာ ရှိနေတုန်းက တကယ့်ကို ခက်ခဲတဲ့ ပုစ္ဆာပဲ...”
“မထင်မှတ်ဘဲ ယန်ရီဇီ လက်ထဲ ရောက်သွားမှ မင်းက လွယ်လွယ်လေး ယူလာနိုင်တာကိုး”
“လူတွေက ပြောကြတယ်... ယန်ရီဇီက လူတွေကို အထင်သေးတတ်တယ်တဲ့... တကယ် ဟုတ်ပုံရတယ်... ငါ့မှာသာ ဆုမိုကို ကြိုက်နေတဲ့ သမီးတစ်ယောက် ရှိရင်... အခုချက်ချင်း ကြိုးတုပ်ပြီး ဆုမိုရဲ့ ကုတင်ပေါ် ပို့ပေးလိုက်မှာ... သူတို့ ကုသိုလ်ရအောင် ကူညီပေးလိုက်မှာ”
“ဒီလောက် ကောင်းတဲ့ သမက်မျိုး... မီးအိမ်ထွန်းရှာရင်တောင် တွေ့ဖို့ ခက်တာကွ... ဟေ့... ဟေ့... ဟေ့... မင်း ဘယ်သွားမလို့လဲ”
သူက ပျော်ပျော်ပါးပါး စကားပြောနေရင်း လျိုယွင်ပညာရှင် လှည့်ထွက်သွားသည်ကို မြင်လိုက်ရသည်။
“ထျန်း အဘိုးကြီးက ဟိုဘက်မှာ စောင့်နေတာလေ... မင်းက အခု ထွက်ပြေးရင် ငါ ဘယ်လို ပြန်ပြောရမလဲ”
“ပြန်ပြောရမယ် ဟုတ်လား”
လျိုယွင်ပညာရှင်က လှည့်ကြည့်ပြီး အေးစက်စက် ပြုံးလိုက်၏။
“တကယ်လို့ ကောင်းကင်ဂိုဏ်းချုပ်က ငါ့ကို စောင့်နေတယ် ဆိုရင်... ပြန်မပြောနိုင်မှာက မင်းပဲ”
“ငါ ဟောက်ရန် ကျောင်းတော် ကနေ ဒီကို ရောက်ဖို့ (၃) ရက်လုံးလုံး ခရီးနှင်လာခဲ့ရတာ... ဟောက်ရန် ကျောင်းတော်မှာ ပြဿနာတွေ တက်ကုန်ပြီ... ငါ ခြေရာဖျောက်ခဲ့ပေမယ့် ဟောက်ရန် ကျောင်းတော်က လူတွေ ငါ့ကို လိုက်မရှာနိုင်ဘူးလို့ မင်း ထင်နေတာလား”
“အခု အားလုံး အဆင်သင့် ဖြစ်ပြီဆိုတော့... ကောင်းကင်ဂိုဏ်းချုပ် ကိုယ်တိုင် ကိုင်တွယ်လို့ ရပြီပဲ”
“ငါကတော့ တုန်းဟွမ် နယ်မြေမှာ ဆက်နေလို့ မဖြစ်တော့ဘူး...”
“မင်းက ဌာနချုပ် ကို ပြန်မလို့လား”
လူသားဂိုဏ်းချုပ် လန့်ဖျပ်သွားသည်။
“မင်း ဌာနချုပ် တည်နေရာကို သိလို့လား”
“... ပါးစပ်ပိတ်ထားစမ်း”
လျိုယွင်ပညာရှင် ရုတ်တရက် ဒေါသပေါက်ကွဲသွား၏။
“'ဌာနချုပ်' ဆိုတဲ့ စကားလုံးကို မင်း ပါးစပ်က ထုတ်ပြောရဲတယ်ပေါ့လေ”
“ဒီမှာ ဘယ်သူမှ မရှိပါဘူးကွ...”
လူသားဂိုဏ်းချုပ်က နှုတ်ခမ်းစူလိုက်၏။
“ပြောရုံလေးပါ... ဘာကြောက်စရာ ရှိလို့လဲ... ထျန်း အဘိုးကြီးက ဌာနချုပ် နေရာကို သိတယ် ဆိုတာ ငါ သိတယ်... မင်းလည်း သိတာပဲ မဟုတ်ဘူးလား... မင်း ဌာနချုပ်ကို ပြန်ပြီး ပုန်းအောင်းဖို့ ကြံစည်နေတာ မဟုတ်လား”
“...”
လျိုယွင်ပညာရှင်၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာ၏။
“ထွက်သွားစမ်း”
“... သွားမှာပေါ့... ဘာလို့ အော်ကြီးဟစ်ကျယ် လုပ်နေတာလဲ”
လူသားဂိုဏ်းချုပ်က နှုတ်ခမ်းစူပြီး မြေပဲတစ်စေ့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြန်၏။
“တာ့တာ...”
နှုတ်ဆက်စကား တစ်ခွန်း ပြောပြီးသည်နှင့် သူ၏ ကိုယ်ခန္ဓာသည် ပုံရိပ်ယောင်များအဖြစ် ကွဲထွက်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
လျိုယွင်ပညာရှင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်၏။
သို့သော် နောက်တစ်ခဏ၌ သူ၏ ခြေလှမ်းများ ရပ်တန့်သွားရသည်။
သူ့ရှေ့တွင်... ဘယ်အချိန်က ရောက်နေမှန်း မသိသော အနက်ရောင်ဝတ် လူတစ်ယောက် ရပ်နေသည် မဟုတ်ပါလော။
ထိုလူသည် လက်နောက်ပစ်လျက် သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
“မင်း ဘယ်သွားမလို့လဲ”
အခန်း (၂၇၂) - ရည်ရွယ်ချက်
~တောအုပ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ လေတိုက်ခတ်မှုကြောင့် သစ်ပင်ရိပ်များ လှုပ်ရှားနေသည်မှ လွဲ၍ အရာအားလုံး ငြိမ်သက်နေသည်။
လျိုယွင်ပညာရှင် သည် အနက်ရောင်ဝတ် လူ၏ မေးခွန်းကို ပြန်လည် ဖြေကြားခြင်း မပြုပေ။ ပြန်မဖြေရုံမျှမက၊ သူ့ကို တိုက်ခိုက်ရန်လည်း စိတ်ကူးမရှိချေ။
ဤလူသည် သူ့နောက်သို့ မည်သည့် အချိန်ကတည်းက လိုက်ပါလာသည်ကို သူ မသိသော်လည်း၊ ဤနေရာအထိ တိတ်တဆိတ် ရောက်ရှိလာနိုင်စွမ်းကို ထောက်ရှုပါက သိုင်းပညာ မည်မျှ မြင့်မားကြောင်း ခန့်မှန်းနိုင်ပေသည်။
ဤသို့သော အခြေအနေမျိုးတွင် အသက်လု၍ တိုက်ခိုက်နေခြင်းသည် မိုက်မဲသော လုပ်ရပ်သာ ဖြစ်၏။
သို့သော် သူ့အမြင်တွင်မူ... ဤအနက်ရောင်ဝတ် လူသည်လည်း သိပ်ဉာဏ်ကောင်းပုံ မရပေ။
တိတ်တဆိတ် ချောင်းမြောင်း တိုက်ခိုက်နိုင်ပါရက်နှင့်၊ မည်သည့်အကြောင်းကြောင့် လူလုံး ထွက်ပြနေရသနည်း။
ရန်သူ၏ အမှားသည် ကိုယ့်အတွက် အခွင့်အရေးပင်။
ထို့ကြောင့် လျိုယွင်ပညာရှင်သည် နောက်လှည့်ပြီး ထွက်ခွာရန် ပြင်လိုက်၏။
သို့သော် နောက်တစ်ခဏ၌ပင် သူ၏ အတွေး မှားယွင်းသွားကြောင်း သိရှိလိုက်ရ၏။
ဤမျှလောက် အကွက်ကျကျ စီစဉ်တတ်သူက ပြင်ဆင်မှု မရှိဘဲ ရောက်လာမည် မဟုတ်ချေ။
သူ မသိလိုက်ခင်မှာပင် သူ့နောက်ကျောဘက် တောအုပ်ထဲ၌ လူတစ်ယောက် ရောက်ရှိနေပြီး ဖြစ်သည်။ သစ်ပင်ကို မှီလျက် သူ့ကို ခနဲ့တဲ့တဲ့ အကြည့်ဖြင့် ကြည့်နေ၏။
ထိုသူသည် ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်နှင့်... လက်ထဲတွင် ဓားတစ်လက်ကို ပိုက်ထားသည်။
ဓားမှာ... (၇) ပေတိတိ ရှည်လျားပေသည်။
“'ကောင်းကင်ဂိုဏ်းချုပ်' က နေရာဟောင်းကို ပြန်ရောက်လာတာဆိုတော့... လူကြီးမင်း လျိုယွင်လည်း ဒီနေရာနဲ့ ရင်းနှီးမှာပါ”
'ချီလင်ဓားသမား' က တိုးတိုးလေး ပြောလိုက်၏။
“ဒါဆိုရင် ဘာလို့ အလျင်စလို ပြန်မလို့လဲဗျာ... ကျွန်တော်ရယ်၊ ကျွန်တော့် ညီမလေးရယ်၊ ပြီးတော့ ဒီ စီနီယာကြီးရယ်... ကျွန်တော်တို့ (၃) ယောက် ဝိုင်းဖွဲ့ပြီး စကားလေးဘာလေး ပြောကြရအောင် ဝိုင်လေးတောင် ပြင်ဆင်ထားသေးတယ်”
“'(၇) ပေ နက်မှောင်အလင်းဓား' ...”
လျိုယွင်ပညာရှင်သည် အနက်ရောင်ဝတ် လူဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။
“မင်းတို့က ဘယ်သူတွေလဲ”
“အရေးမကြီးပါဘူး”
အနက်ရောင်ဝတ် လူက ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်၏။
“အသာတကြည် အဖမ်းခံလိုက်ပါ... မလိုအပ်ဘဲ ပင်ပန်းမနေနဲ့တော့”
လျိုယွင်ပညာရှင်သည် သက်ပြင်းချလိုက်၏။ စကားပြန်ပြောမလို ပြုပြီးမှ ရုတ်တရက် လက်နှစ်ဖက်ကို မြှောက်လိုက်၏။
“ဝှစ်... ဝှစ်... ဝှစ်...”
ကြယ်ပုံစံ လက်နက်ပုန်းများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားလေတော့သည်။
ချီလင်ဓားသမား၏ နှုတ်ခမ်းထောင့် တွန့်ချိုးသွား၏။ သူ၏ လက်ထဲမှ (၇) ပေရှည်သော ဓားကြီးသည် ရုတ်တရက် လည်ပတ်သွားပြီး သံချင်းရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။
ဓားရှည်ကြီးသည် စက်ဝိုင်းပုံ ဝဲပျံသွားပြီး ဝင်ရောက်လာသမျှ လက်နက်ပုန်းများကို ကာကွယ်လိုက်၏။
အနက်ရောင်ဝတ် လူကမူ ပို၍ ရိုးရှင်းလှသည်။ လက်နက်ပုန်းများကို ကာကွယ်ရန်ပင် မကြိုးစားချေ။ လက်ဖဝါးကို အောက်ဘက်သို့ ဖိချလိုက်ရုံသာ။
အသံပင် မထွက်ပေ။ လေထဲတွင် ပျံဝဲနေသော လက်နက်ပုန်းများသည် သူ့ရှေ့ (၁) ပေ အကွာလောက်တွင် ရုတ်တရက် ရပ်တန့်သွားကြ၏။
ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်၏။ ရပ်တန့်နေသော လက်နက်ပုန်းများသည် တန်းစီလျက် လျိုယွင်ပညာရှင်ထံသို့ မြှားတန်းပမာ ပျံသန်းသွားကြတော့သည်။
လျိုယွင်ပညာရှင်သည် လက်နက်ပုန်းများကို အသုံးပြုပြီး ထွက်ပြေးရန် ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှေ့သို့ ခုန်ထွက်လိုက်သည်နှင့် လက်နက်ပုန်းများက သူ့ကျောဘက်သို့ ရောက်ရှိလာကြ၏။
မတတ်သာသည့်အဆုံး သူ ပြန်လှည့်လိုက်ရသည်။ ဝတ်ရုံလက်ကို ဝှေ့ယမ်းပြီး 'ချန်ကွန်း လက်သိုင်း' ကို သုံးကာ လက်နက်ပုန်း အားလုံးကို သိမ်းယူလိုက်ရ၏။
ခြေဖျား မြေထိသည်နှင့် တစ္ဆေပမာ ကိုယ်ဖော့ပညာ သုံးပြီး ဘေးသို့ ရှောင်တိမ်းလိုက်၏။
“ဒိုင်း...”
ချီလင်ဓားသမား၏ ဓားအိမ်ကြီးသည် သူ ရပ်ခဲ့သော နေရာကို 'ဘုန်း' ခနဲ ရိုက်ချလိုက်၏။ မြေကြီးများပင် ချိုင့်ဝင်သွားသည်။
“ဧည့်သည်ကို ဒီလို ဆက်ဆံတာ သိပ်မကောင်းဘူး ထင်တယ်”
လျိုယွင်ပညာရှင်၏ မျက်လုံးထောင့်များ လှုပ်ရှားသွား၏။
“ဖိတ်မခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်မို့လို့ အတင်းအကျပ် ဖိတ်ခေါ်နေရတာပါ”
ချီလင်ဓားသမားသည် တိုက်ကွက်လွဲသွားသည်နှင့် လက်ကို မြှောက်လိုက်၏။ 'ချလွင်' ဟူသော အသံနှင့်အတူ ဓားအိမ်ကြီးသည် လေထဲသို့ လွင့်ထွက်သွား၏။
လျိုယွင်ပညာရှင် ဘေးသို့ ရှောင်လိုက်ရသည်။ ဓားအိမ်ကြီးသည် သစ်ပင်တစ်ပင်ကို ဝင်တိုက်ပြီး သစ်ပင်ပင်စည် တစ်ဝက်လောက်အထိ စိုက်ဝင်သွားတော့သည်။
မော့ကြည့်လိုက်သောအခါ ကောင်းကင်ပေါ်မှ ဓားရှည်ကြီး ကျဆင်းလာသည်ကို တွေ့လိုက်ရ၏။ ဓားအလင်းရောင်သည် (၁၀) ပေခန့်အထိ ဖြာထွက်နေသည်။
လျိုယွင်ပညာရှင်သည် လက်ချောင်းကို တင့်ခနဲ ခါလိုက်၏။ လေတိုးသံ တစ်ချက်နှင့်အတူ ဓားအလင်းရောင်များ ကွဲကြေသွားသည်။
ရှေ့သို့ တိုးဝင်ပြီး ချီလင်ဓားသမား၏ ရင်ဘတ်မှ သွေးကြောကွက်များကို လက်ချောင်းဖြင့် ထိုးနှက်လိုက်၏။
သို့သော် ချီလင်ဓားသမားက မတုန်လှုပ်ပေ။ ကိုယ်ကို လှည့်လိုက်ပြီး ဓားသွားကို မိုးစက်များပမာ ကျင်လည်စွာ ကစားလိုက်သည်။
လျိုယွင်ပညာရှင်သည် လက်ချောင်းများဖြင့် ဆက်တိုက် ထိုးနှက်ပြီး ဓားသွားများကို လမ်းလွှဲပစ်လိုက်၏။ ထို့နောက် ခြေထောက်ကို မြေကြီးပေါ် ဖိနင်းလိုက်သည်။ သူ၏ အတွင်းအားများသည် မြေအောက်မှနေ၍ မြွေတစ်ကောင်အလား တိုးဝင်သွားပြီး ချီလင်ဓားသမားဆီသို့ 'ရှဲ' ခနဲ ပြေးသွားတော့သည်။
ချီလင်ဓားသမားကလည်း ပြန်လည်၍ ခြေဆောင့်နင်းလိုက်၏။
“ဝုန်း...”
အတွင်းအား နှစ်ခု မြေကြီးအောက်တွင် ထိပ်တိုက် တွေ့ဆုံသွားကြပြီး မိုးခြိမ်းသံပမာ ပေါက်ကွဲသွားသည်။ (၃) ပေခန့် ကျယ်သော ကျင်းကြီး တစ်ကျင်း ဖြစ်ပေါ်လာ၏။
လျိုယွင်ပညာရှင်သည် ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး လက်ချောင်းများဖြင့် ထိုးနှက်လိုက်ရာ လေပြင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။
ချီလင်ဓားသမားကလည်း အကွက်တိုင်းကို ပြန်လည် တုံ့ပြန်နေ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် တိုက်ပွဲက ပြင်းထန်လာ၏။ လက်ချောင်းလေများနှင့် ဓားချီများသည် ပတ်ဝန်းကျင်ကို စုတ်ဖြဲပစ်နေသကဲ့သို့ပင်။
နှစ်ဦးစလုံးသည် ဆရာကြီးများ ဖြစ်ကြ၏။ လျိုယွင်ပညာရှင်၏ အတွင်းအားက နက်ရှိုင်းပြီး လက်ချောင်းသိုင်းက ဆန်းကြယ်လှသည်။
ချီလင်ဓားသမား၏ '(၇) ပေ နက်မှောင်အလင်းဓား' သည်လည်း သာမန် မဟုတ်ချေ။ နည်းစနစ်ပိုင်းတွင်ရော၊ တိုက်ပွဲ အတွေ့အကြုံတွင်ပါ ထူးချွန်လွန်းလှ၏။
နှစ်ယောက်သား အကြိတ်အနယ် တိုက်ခိုက်နေကြစဉ်...
အနက်ရောင်ဝတ် လူကမူ လက်နောက်ပစ်ပြီး တိတ်ဆိတ်စွာ ရပ်ကြည့်နေသည်။
သူ၏ မျက်လုံးများသည် အေးစက်နေသော နှင်းပြင်အလား။ တည်ငြိမ်ပြီး ခန့်မှန်းရခက်လှ၏။
ရုတ်တရက်... သူ လှုပ်ရှားလိုက်၏။
အရိပ်တစ်ခုကဲ့သို့ပင်... လှုပ်ရှားသွားသည်ကိုပင် မမြင်လိုက်ရချေ။ လျိုယွင်ပညာရှင်၏ နောက်ကျောဘက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
လက်ဖဝါး တစ်ချက်တည်းဖြင့် လျိုယွင်ပညာရှင်၏ ကျောဘက်မှ အသက်သွေးကြောကို ရိုက်ထည့်လိုက်လေတော့၏။
“ဟား ဟား ဟား... ငါ မင်းကို စောင့်နေတာ ကြာပြီကွ”
လျိုယွင်ပညာရှင်သည် ရူးသွပ်စွာ ရယ်လိုက်၏။ သူ၏ လက်ချောင်းမှနေ၍ လက်ဖဝါးအဖြစ် ပြောင်းလဲလိုက်၏။ လက်ဖဝါး လှုပ်ရှားမှုများသည် ခန့်မှန်း၍ မရနိုင်အောင် ဖြစ်သွားပြီး တိမ်တိုက်များပမာ လွင့်ပျံနေတော့သည်။
ဒါကား... 'တိမ်စီးကြောင်း လက်ဝါးသိုင်း' ပင်တည်း
ကျောက်လုံ ရေတပ်စခန်း တွင် ဦးဆောင်သူ ဘုန်းကြီးတစ်ပါး ဤသိုင်းကို အသုံးပြုပြီး လီစစ်ယွင်ကို မောင်းထုတ်ကာ ထွက်ပြေးရန် ကြိုးစားခဲ့ဖူးသည်။
သို့သော် ထိုဘုန်းကြီးသည် ဆုမို၏ လက်သီးတစ်ချက်ဖြင့်ပင် သေဆုံးသွားခဲ့ရ၏။
ယခု လျိုယွင်ပညာရှင် လက်ထဲတွင်မူ ဤသိုင်းသည် ထိုဘုန်းကြီး အသုံးပြုခဲ့သည်ထက် အဆပေါင်းများစွာ ပိုမို စွမ်းအားကြီးမားနေသည်။
ချီလင်ဓားသမား၏ မျက်နှာ ပျက်ယွင်းသွား၏။ '(၇) ပေ နက်မှောင်အလင်းဓား' သည် လည်ပတ်သွားပြီး ဓားရိပ်များ အများအပြား ကွဲထွက်သွားသည်။ ထို့နောက် ရုတ်တရက် ပေါင်းစည်းသွားပြီး ဓားတစ်ချောင်းတည်း အဖြစ် ပြောင်းလဲကာ ပြင်းပြင်းထန်ထန် ခုတ်ချလိုက်တော့သည်။
“ဝီ... ဝုန်း”
စွမ်းအားနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါသွားသည်။
ချီလင်ဓားသမား နောက်သို့ (၃) လှမ်းဆက်တိုက် ဆုတ်လိုက်ရ၏။ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
လျိုယွင်ပညာရှင်ကမူ ဤလက်ဝါးချက်ကို လှည့်ပင် မကြည့်ချေ။ ကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး လက်နှစ်ဖက်ကို ပူးကပ်ကာ အနက်ရောင်ဝတ် လူထံသို့ လက်ဝါးတစ်ချက် ပစ်သွင်းလိုက်လေတော့သည်။
“ဘုန်း...”
အခန်း (၂၇၃) - ရည်ရွယ်ချက် (အပိုင်း ၂)
~ဤလူနှစ်ယောက်၏ တိုက်ပွဲအရှိန်အဟုန်မှာ ပြင်းထန်လွန်းလှ၏။
တစ်ယောက်က ပြောင်းလဲမှုများလွန်းပြီး ခန့်မှန်းရခက်သော လက်ဝါးသိုင်းကို သုံးသည်။ နောက်တစ်ယောက်ကမူ ကောင်းကင်မှ ကြွေကျလာသော ဥက္ကာပျံပမာ လျင်မြန်ပြတ်သားသည့် 'ကျင်းဟုန် ဖေးရွှယ်' လက်သိုင်းကို သုံးသည်။
“ဝုန်း...”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ လျိုယွင်ပညာရှင် သည် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် နောက်သို့ (၃) ပေကျော်ခန့် လွင့်ထွက်သွားသည်။ သူ၏ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အထိတ်တလန့် ရေရွတ်လိုက်လေတော့သည်။
“'ကျင်းဟုန် ဖေးရွှယ် လက်သိုင်း' ဟုတ်လား...”
စကားဆုံးသည်နှင့် သူသည် နောက်လှည့်ပြီး ချက်ချင်း ထွက်ပြေးလေတော့သည်။
အမှန်စင်စစ် ဤလက်ဝါးချက်သည် သူ ကြိုတင်စီစဉ်ထားသော အကွက် တစ်ခုသာ ဖြစ်၏။ အနက်ရောင်ဝတ် လူသည် လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း သူ ကောင်းစွာ တွက်ချက်ထားပြီး ဖြစ်သည်။
ထို့ကြောင့် သူသည် 'လျိုယွင် လက်ဝါးသိုင်း' ကို အပြည့်အဝ ထုတ်မသုံးဘဲ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ အနက်ရောင်ဝတ် လူ ဝင်ပါလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
အနက်ရောင်ဝတ် လူ လှုပ်ရှားလိုက်သည်နှင့် သူသည် ရဲရဲတင်းတင်း တိုက်ခိုက်လိုက်သည်။
ချီလင်ဓားသမား ကို လက်ဝါး တစ်ချက်ဖြင့် တွန်းထုတ်လိုက်ပြီး၊ အနက်ရောင်ဝတ် လူ၏ လက်ဝါးအားကို အရှိန်ယူကာ တိုက်ပွဲမြေပြင်မှ လွင့်ထွက်သွားအောင် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
ယခု... အနက်ရောင်ဝတ် လူသည် သူ၏ လျိုယွင်လက်ဝါးချက်ကို အတင်းဝင်ခံလိုက်ရပြီး၊ ချီလင်ဓားသမား၏ အတွင်းအားများလည်း ပြတ်တောက်သွားချိန်သည် သူ့အတွက် ထွက်ပြေးရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လာခဲ့ချေပြီ။
သို့သော် သူ ထင်မှတ်မထားခဲ့သော အရာတစ်ခုမှာ... အနက်ရောင်ဝတ် လူက 'ကျင်းဟုန် ဖေးရွှယ် လက်သိုင်း' ကို ထုတ်သုံးလိုက်ခြင်းပင်။
သူ့ရင်ထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွား၏။ အတွေးပေါင်း သောင်းခြောက်ထောင် ခေါင်းထဲ ဝင်ရောက်လာသော်လည်း ယခုအချိန်သည် အေးအေးဆေးဆေး စဉ်းစားနေရမည့် အချိန် မဟုတ်ချေ။
ခြေဖျားကို မြေကြီးဖြင့် ထောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်ရန် ပြင်လိုက်သည်။
“မင်း စွမ်းရင် မပြေးနဲ့လေကွ”
ချီလင်ဓားသမား ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ အကွက်ကျကျ စီစဉ်ထားသော ဖမ်းဆီးမှုကြီး အလဟဿ ဖြစ်သွားမည်ကို သူ လက်မခံနိုင်ပေ။
အနက်ရောင်ဝတ် လူဘက်သို့ လှည့်ကြည့်လိုက်သောအခါ... ထိုသူသည် ရင်ဘတ်ကို လက်ဖြင့် ဖိထားပြီး အတွင်းဒဏ်ရာ ရသွားပုံ ရသည်။ ထို့ကြောင့် ချက်ချင်း လိုက်မဖမ်းနိုင်သေးဘဲ ရပ်တန့်နေရရှာ၏။
ချီလင်ဓားသမားသည် စိုးရိမ်တကြီးဖြင့် အနက်ရောင်ဝတ် လူအနားသို့ ပြေးသွားသည်။
အနက်ရောင်ဝတ် လူကမူ ထွက်ပြေးသွားသော လျိုယွင်ပညာရှင်၏ ကျောပြင်ကို တိတ်ဆိတ်စွာ ငေးကြည့်နေပြီး သက်ပြင်းငွေ့ငွေ့ ချလိုက်၏။
ထို့နောက် လက်ချောင်းထိပ်လေးကို 'တောက်' ခနဲ ခါလိုက်၏။
မျက်စိရှေ့မှ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သော လျိုယွင်ပညာရှင်၏ ကိုယ်ခန္ဓာကြီး ရုတ်တရက် တုန်ခါသွားတော့သည်။
ခြေထောက်၊ လက်၊ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်၊ ရင်ဘတ်နှင့် ကျောပြင်...
အနည်းဆုံး သွေးကြောကွက် (၁၆) နေရာလောက်မှနေ၍ သွေးများ 'ဖောက်' ခနဲ ပန်းထွက်လာလေတော့သည်။
သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ဝမ်းသာမှုတို့ ရောထွေးသွား၏။
ကပ်ဘေးဆိုက်နေသော်လည်း မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုတော့ ကျန်သေးသည်ဟု တွေးလိုက်မိပုံရသည်။
သို့သော် နောက်တစ်ခဏ၌ပင် ထိုမျှော်လင့်ချက်များ အကုန်လုံး ပျောက်ကွယ်သွားပြီး မျှော်လင့်ချက်မဲ့သော အမူအရာအဖြစ် ပြောင်းလဲသွားတော့သည်။
အနက်ရောင်ဝတ် လူဘက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ... ထိုသူသည် မတ်မတ်ကြီး ရပ်နေဆဲပင်။ ရင်ဘတ်ကို ဖိထားသော လက်ကလည်း ဖြည်းဖြည်းချင်း လျှောကျသွားတော့၏။
ဒဏ်ရာ ရသည့် ပုံစံပင် မရှိတော့ချေ။
ထိုအလိုက်အတန့်၌၊ ချီလင်ဓားသမား ခံစားလိုက်ရ၏။
သူ အလိမ်ခံလိုက်ရလေပြီ။
အနက်ရောင်ဝတ် လူကို မျက်လုံးပြူးပြီး ကြည့်လိုက်မိသည်။ စောစောက သူ စိတ်ပူပြီး ပြောမည် ပြင်ထားသော စကားများပင် လည်ချောင်းဝမှာတင် ပျောက်ရှကုန်ပြီ။ ဤလူက သရုပ်ဆောင်နေခြင်း ဖြစ်သည်။
“ဒါ... ဒါ ဘာသဘောလဲဗျာ...”
“ဘာလို့... ဘာလို့ ဟန်ဆောင်နေရတာလဲ”
ကြမ်းတမ်းသော စကားလုံးများ ထွက်လုနီးပါး ဖြစ်သွားသော်လည်း၊ သူတို့ကြားက ဆက်ဆံရေးကို ပြန်သတိရသွားပြီး ပါးစပ်ပိတ်ထားလိုက်ရ၏။
အနက်ရောင်ဝတ် လူက သူ့ကို တစ်ချက် စောင်းကြည့်လိုက်၏။
“အိမ်က မျိုးဆက်သစ် ကလေးတွေက ထင်ထားတာထက် ပိုပြီး မျက်စိလျင်တယ်ကွ... မန်ဒရင်းဘဲစာရင်း ကိစ္စက အရမ်း အရေးကြီးတယ်... ငါ ဒီလမ်းကြောင်းအတိုင်း လိုက်လာကတည်းက တစ်ယောက်ယောက် ငါ့ကို တိတ်တဆိတ် စောင့်ကြည့်နေသလို ခံစားနေရတယ်... ဒါကြောင့် တကယ်ပဲ 'ငှက်ဝါ' နောက်က လိုက်နေသလား ဆိုတာ စစ်ဆေးကြည့်ရတာ”
“တကယ်လို့ ရှိနေခဲ့ရင်...”
ဆက်မပြောတော့သော်လည်း ချီလင်ဓားသမား နားလည်လိုက်၏။
သူ မျက်လုံး လှန်ကြည့်လိုက်၏။
“အဲ့ဒါ ဂရုစိုက်ခံရတာနဲ့ လျစ်လျူရှုခံရတာရဲ့ ကွာခြားချက်ပဲ... ကျွန်တော်တို့ မောင်နှမတွေကျတော့ လျစ်လျူရှု ခံထားရတဲ့ သူတွေပေါ့လေ”
“လျစ်လျူရှုခံရတယ် ဟုတ်လား... အဲ့ဒီတုန်းကသာ မင်းတို့ကို တကယ် ပစ်ပယ်ထားခဲ့ရင် ရေမြောင်းပုပ်ထဲ ရောက်နေလောက်ပြီ... အခုလို လက်စားချေနိုင်တဲ့အထိ သိုင်းပညာတွေ ဘယ်တတ်လာပါ့မလဲ”
ထိုသို့ ပြန်ပြောရင်း၊ အနက်ရောင်ဝတ် လူက ချီလင်ဓားသမားကို စူးစူးရဲရဲ ကြည့်လိုက်၏။
ချီလင်ဓားသမား ခဏလောက် စဉ်းစားလိုက်ပြီး ပြန်ပြောစရာ စကားရှာမတွေ့တော့ချေ။ နောက်ဆုံးတွင် သက်ပြင်းချလိုက်၏။
“ဒီကိစ္စအတွက်တော့ ခင်ဗျားကို ကျေးဇူးတင်ရမှာပါ... မဟုတ်ရင် ကျွန်တော်တို့ မောင်နှမ နှစ်ယောက်... ကပ်ဘေးက လွတ်ခဲ့ရင်တောင် ဒီနေ့ကို မြင်ရမှာ မဟုတ်ပါဘူး”
“ဒါပေမဲ့ ခင်ဗျား ရောက်လာကတည်းက ဘာလို့ ပုန်းလိုက်ပေါ်လိုက် လုပ်နေရတာလဲ... လူကို တန်းဖမ်းလိုက်ရင် ပြီးရောမဟုတ်ဘူးလား”
“သူတို့ လိုက်လာတယ်လို့.. သံသယရှိလို့... တမင်တကာ ဖမ်းလိုက်၊ လွှတ်လိုက် လုပ်ပြီး ဇာတ်လမ်းဆင်နေတာလား”
“မဟုတ်သေးပါဘူး”
အနက်ရောင်ဝတ် လူက စကားပြောရင်း လျိုယွင်ပညာရှင် လဲကျနေသော နေရာသို့ လျှောက်သွားလိုက်၏။
“တကယ်လို့သာ 'လွှတ်ပေးပြီးမှ ပြန်ဖမ်းတာ' မျိုး လုပ်ချင်ရင်... ဒီကောင့်ကို ငါးစာအဖြစ် သုံးပြီး ဘယ်သူတွေ ထွက်လာမလဲ စောင့်ကြည့်သင့်တာပေါ့... အခုလို လွှတ်ပေးလိုက်ရုံ သက်သက် မဟုတ်ဘူး...”
“ထားလိုက်ပါတော့... ဒီလူက တကယ် အရေးကြီးတယ်... ငါတောင် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ”
သူသည် လျိုယွင်ပညာရှင်ကို ကြမ်းပြင်ပေါ်မှ ဆွဲမလိုက်လေ၏။
လျိုယွင်ပညာရှင် မသေသေးပေ။ သို့သော်၊ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
အနက်ရောင်ဝတ် လူက သူ၏ 'ကျင်းဟုန် ဖေးရွှယ် လက်သိုင်း' ဖြင့် ရိုက်ထည့်လိုက်သော အတွင်းအားများသည်... လက်ချောင်း တစ်ချက် တောက်လိုက်သည်နှင့် ပေါက်ကွဲထွက်သွားပြီး လျိုယွင်ပညာရှင်၏ သွေးကြောများ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
သို့သော်၊ ထိန်းချုပ်မှုကတော့ အလွန် ပြည့်စုံလွန်းလှ၏။
သွေးကြောများ အကုန် ပြတ်တောက်သွားသော်လည်း... နှလုံးသွေးကြော တစ်ခုတည်းကတော့ ခြစ်ရာတောင် မထင်ဘဲ ကျန်ရစ်နေခဲ့သည်။
မသန်မစွမ်း ဖြစ်သွားပြီး သိုင်းပညာများ အကုန် ဆုံးရှုံးသွားသော်လည်း... အသက်ကတော့ ရှင်နေတုန်းပင် ဖြစ်၏။
ဤကဲ့သို့သော တိကျသည့် ထိန်းချုပ်မှုမျိုးသည် လူတိုင်း လုပ်နိုင်သည့်အရာ မဟုတ်ပေ။
လျိုယွင်ပညာရှင်သည် အနက်ရောင်ဝတ် လူ၏ လက်ထဲတွင် တွဲလောင်း ပါသွားရင်းနှင့်ပင်... သူ့လက်ကို အားယူပြီး အနက်ရောင်ဝတ် လူ၏ မျက်နှာဖုံးကို လှမ်းဆွဲရန် ကြိုးစားနေသေးသည်။
“မင်း... မင်းက တကယ်ပဲ... အတိတ်က ကျန်ရစ်ခဲ့တဲ့သူလား...”
“မင်း..တကယ်ပဲ ယန်ရီဇီ လား”
အနက်ရောင်ဝတ် လူ၏ မျက်လုံးများသည် အေးစက်တည်ငြိမ်နေဆဲပင်။
“ယန်ရီဇီ... သူက မင်းလက်ချက်နဲ့ အဆိပ်မိပြီး သေသွားပြီ မဟုတ်လား”
“...”
လျိုယွင်ပညာရှင် ဘာပြန်ပြောရမှန်း မသိတော့ချေ။
ယန်ရီဇီသည် သူ့ရှေ့မှာတင် နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားသည်မှာ သေချာပါသည်။
သို့သော်၊... ဒီလူက ယန်ရီဇီ မဟုတ်လျှင်... ဘယ်သူ ဖြစ်နိုင်မည်နည်း။
သူ လက်ကို လှုပ်ရှားရန် ကြိုးစားသော်လည်း ဘယ်လောက်ပင် အားစိုက်စိုက် မရတော့ပေ။
အနက်ရောင်ဝတ် လူ၏ ဆွဲခေါ်ရာနောက်သို့ ပါသွားပြီး သစ်ပင်ခြေရင်းတွင် ပုံလျက်သား ကျသွားရှာသည်။
ထိုအချိန်တွင် ချီလင်ဓားသမားကမူ တိုက်ပွဲ အစအနများကို ရှင်းလင်းရင်း ပွစိပွစိ လုပ်နေလေသည်။
သုံးပါး အစွန်းရောက်ဂိုဏ်း မှ လူများ ပြန်လာစစ်ဆေးမလား ဆိုသည်မှာ မသေချာဘူး မဟုတ်ပါလော။
သုံးပါး အစွန်းရောက်ဂိုဏ်း ဆိုသည်မှာ အမြဲတမ်း သတိကြီးသည်။ အထူးသဖြင့် 'ကောင်းကင်ဂိုဏ်းချုပ်' ဆိုသူသည် ခန့်မှန်းရခက်လှ၏။ သူ့စိတ်ထဲ ဘာရှိလဲ ဘယ်သူမှ မသိနိုင်ပေ။
တကယ်လို့များ သူ စိတ်ကူးပေါက်ပြီး ဒီကိစ္စကို အစအန ပြန်လိုက်ချင်တယ် ဆိုရင် ဘယ်လိုလုပ်မလဲ။
ဒါကြောင့်... ခြေရာလက်ရာ တစ်ခုမှ မကျန်အောင် ရှင်းလင်းထားမှ စိတ်ချရမည်။