← Chapters

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄) - ရည်ရွယ်ချက် (အပိုင်း ၃)

~တိုက်ပွဲနေရာ တစ်ခုလုံးကို ရှင်းလင်းနေစဉ်အတွင်း ချီလင်ဓားသမား အတွက် အကြီးမားဆုံး အနှောင့်အယှက်မှာ... သစ်ပင်ပင်စည်ထဲသို့ သူကိုယ်တိုင် စိုက်သွင်းခဲ့သော ဓားအိမ်ကြီးပင် ဖြစ်သည်။

“ဘာမဟုတ်တဲ့ ကိစ္စလေးကို... ဘာလို့ အဲ့ဒီ သိုင်းကွက် ထုတ်သုံးလိုက်မိပါလိမ့်... ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ... ဒီသစ်ပင်စုတ်ကလည်း နည်းနည်းလောက် မာလို့ မရဘူးလားကွာ”

သူသည် ပတ်ဝန်းကျင်ကို ရှင်းလင်းရင်း ပါးစပ်မှလည်း မရပ်မနား ပွစိပွစိ ရေရွတ်နေလေ၏။

ဤအချိန်တွင် အနက်ရောင်ဝတ် လူသည် လျိုယွင်ပညာရှင် ကို မေးခွန်း တစ်ခွန်းမျှ မမေးမြန်းပေ။

လျိုယွင်ပညာရှင်ကသာ သူ့ကို တရစပ် မေးခွန်းထုတ်နေသည်။

နောက်ဆုံးတွင် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားသဖြင့်၊ အနက်ရောင်ဝတ် လူသည် လျိုယွင်ပညာရှင်၏ 'အသံအ၊ သွေးကြောကွက်'အား ပိတ်ပစ်လိုက်၏။ ထိုအခါမှသာ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။

ချီလင်ဓားသမား စစ်မြေပြင်ကို ရှင်းလင်းပြီးသည်နှင့်၊ သူတို့သုံးဦးသည် တစ်ဖွဲ့တည်းအဖြစ် ပေါင်းစည်းကာ တောအုပ်ကြီးအတွင်းသို့ တဖြည်းဖြည်း ဝင်ရောက် ပျောက်ကွယ်သွားကြသည်။

ထိုအချိန်ကျမှ ယန်ရှောင်ယွင်သည် သက်ပြင်းချနိုင်လေတော့သည်။

သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဆုမို က လက်ညှိုးကို နှုတ်ခမ်းတွင်ကပ်၍ တိတ်တိတ်နေရန် အချက်ပြလိုက်၏။ ကျန်းရှောင်ရှောင် ၏ ပါးစပ်ကိုလည်း ကျန်လက်တစ်ဖက်ဖြင့် အမြန်ပိတ်လိုက်သည်။

“ခဏ စောင့်ပါဦး...”

ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်၏။ မကြာမီတွင်ပင် ခြေသံများ ပြန်လည် ထွက်ပေါ်လာ၏။

အနက်ရောင်ဝတ် လူ၊ ချီလင်ဓားသမားနှင့် ဆွဲခေါ်ခံလာရသော လျိုယွင်ပညာရှင်တို့ ပြန်လှည့်လာကြခြင်း ဖြစ်သည်။

အနက်ရောင်ဝတ် လူသည် စောစောက တိုက်ခိုက်ခဲ့သော နေရာကို သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက်မှ သက်ပြင်းရှည်ကြီး ချလိုက်၏။

“တကယ်ပဲ ဘယ်သူမှ မရှိပါလား... ငါ အတွေးလွန်နေတာပဲ”

ထို့နောက် သူသည် နောက်လှည့်ပြီး ထပ်မံ ထွက်ခွာသွားသည်။

ထိုအခါမှသာ ဆုမိုသည် သူတို့နှစ်ဦးကို လွှတ်ပေးလိုက်လေ၏။

“သူတို့ ပြန်လှည့်လာမယ် ဆိုတာ နင် ဘယ်လို သိတာလဲ”

ယန်ရှောင်ယွင် အံ့ဩတကြီး မေးလိုက်၏။

“အဖြေက မေးခွန်းထဲမှာ ပါပြီးသားလေ”

ဆုမိုက ပြောလိုက်၏။

“သူ ဒီလမ်းတစ်လျှောက်လုံး ကျွန်တော်တို့ လိုက်ချောင်းနေတာကို ရိပ်မိနေတာ သေချာတယ်... ဒါကြောင့် နှစ်ခါပြန် စမ်းသပ်တာပေါ့”

“ပထမအကြိမ်က... လျိုယွင်ပညာရှင်ကို တမင် လွှတ်ပေးလိုက်တာ... တကယ်လို့ ကျွန်တော်သာ သူနဲ့ အရင်က လက်ရည် မယှဉ်ဖူးရင်၊ သူ့ရဲ့ အတွင်းအား အနက်အရှိုင်းကို မသိရင် ကျွန်တော်.., ခံလိုက်ရမှာ”

“လျိုယွင်ပညာရှင်ရဲ့ သိုင်းပညာက အတော်မြင့်တယ်... လက်ဝါး တစ်ချက်တည်းနဲ့ ဒဏ်ရာရသွားတယ် ဆိုတာ ယုံနိုင်စရာ မရှိဘူး”

“ဒါကြောင့် သူ့မှာ နောက်ကွယ်က အစီအစဉ် ရှိလိမ့်မယ်လို့ ကျွန်တော် တွက်လိုက်မိပြီး... လျိုယွင်ပညာရှင်ကို မကယ်ဘဲ နေခဲ့တာ”

“ဒုတိယအကြိမ်ကတော့... ချီလင်ဓားသမားနဲ့ စကားပြောနေတာ... ကြည့်ရတာတော့ ချီလင်ဓားသမားကို ရှင်းပြနေသလိုလိုပဲ... တကယ်တမ်းကျတော့ ကျွန်တော်တို့ကို ဒုတိယ အကြိမ် စမ်းသပ်တာ”

“နောက်ယောင်ခံ လိုက်တဲ့ သူတွေက အဲ့ဒီစကားကို ကြားလိုက်ရင်... 'ငါတို့ ပုန်းနေတာ သူ မသိပါဘူးလေ' ဆိုပြီး စိတ်လျော့လိုက်မှာ သေချာတယ်”

“အဲ့ဒီလို စိတ်လျော့လိုက်တာနဲ့... သူ့ရဲ့ လှည့်ကွက်ထဲ မိသွားရောပေါ့”

ယန်ရှောင်ယွင်သည် နားထောင်ရင်း ပြုံးလိုက်၏။

“ဒီလောက်ထိ ဉာဏ်နီဉာဏ်နက် များနေမှတော့... သိုင်းလောက ဝါရင့်တွေတောင် သူ့လောက် မမီဘူး ထင်ပါရဲ့... ဒါပေမဲ့... ဘာလို့ သူ့စကားတွေက ငါတို့ကို ထောင်ချောက်ဆင်နေတာလို့ နင် ထင်တာလဲ”

“... လျိုယွင်ပညာရှင်ကြောင့်ပေါ့”

ဆုမိုသည် မျက်လုံးကို ကစားပြီး ယန်ရီဇီ နောက်တစ်ကြိမ် လှည့်မလာတော့ကြောင်း သေချာအောင် စစ်ဆေးလိုက်၏။ ထို့နောက် သူတို့နှစ်ဦးကို ခေါ်ပြီး မတ်တတ်ထရပ်လိုက်ကာ နောက်ယောင်ခံ လိုက်ပြန်သည်။

လမ်းလျှောက်ရင်း ဆုမိုက တိုးတိုးလေး ရှင်းပြလိုက်၏။

“ဒီလောက်ထိ အကွက်ချ စီစဉ်တတ်တဲ့ လူတစ်ယောက်က... အခုမှ ဖမ်းမိထားတဲ့ ရန်သူ့ဆီကနေ သိချင်တာတွေ အများကြီး ရှိမှာပေါ့... သူ ကိုယ်တိုင် မမေးရင်တောင်... ရန်သူ့လက်ထဲ ရောက်နေတဲ့ လျိုယွင်ပညာရှင်က စိတ်ဓာတ်ကျပြီး လျှို့ဝှက်ချက်တွေ ဖွင့်ပြောလာမယ့် အကောင်းဆုံး အချိန်ပဲ”

“ဒါပေမဲ့ သူက ဘာမှ မမေးဘူး... စကားတစ်ခွန်းမှ မပြောဘူး... လျိုယွင်ပညာရှင်ကိုတောင် စကားမပြောနိုင်အောင် လုပ်ပစ်လိုက်တယ်”

“မင်း ဘယ်လို ထင်လဲ... လျိုယွင်ပညာရှင် ပြောမယ့် စကားတွေကို သူ ကြောက်နေလို့လား”

“ဒါမှမဟုတ်... ပြောလိုက်တဲ့ စကားတွေကို မကြားသင့်တဲ့ သူတစ်ယောက်ယောက် ကြားသွားမှာ စိုးရိမ်လို့လား”

“ဒါကို ကြည့်ရင်... သူ့နောက်မှာ 'ငှက်ဝါ' တစ်ကောင် လိုက်နေတယ် ဆိုတာကို သူ သံသယ ရှိနေတုန်းပဲ”

“ဒီအချက်နှစ်ချက်ကို ပေါင်းစပ်လိုက်ရင်... သူ ပြန်လှည့်လာပြီး စစ်ဆေးတာက မဆန်းတော့ဘူး”

ယန်ရှောင်ယွင် လေးစားစွာ ကြည့်လိုက်မိသည်။

သတိကြီးမှု အပိုင်းတွင် ဆုမိုသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

“အသေးစိတ်လေးကနေ အားလုံးကို မြင်နိုင်တယ်... တွေးခေါ်မှုကလည်း မြန်ဆန်တယ်... နင့်ကို ယှဉ်နိုင်တဲ့သူ မရှိလောက်တော့ဘူး”

ယန်ရှောင်ယွင်က ချီးကျူးလိုက်သည်။

သို့သော် ဆုမိုက ခေါင်းခါလိုက်၏။

“သိုင်းလောကမှာ... သိုင်းပညာ မြင့်လေ၊ ဉာဏ်နီဉာဏ်နက် များလေပဲ... ခုနက သူတို့ ပြောသွားတဲ့ စကားတွေထဲမှာ လျှို့ဝှက်ချက်တွေ အများကြီး ပါနေတယ်... ဘယ်သူ့ကိုမှ လျှော့တွက်လို့ မရဘူး”

“ဒါပေမဲ့ ငါ တစ်ခုတော့ နားမလည်နိုင်ဘူး”

ယန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။

“အဖေ... ဟို... ငါ့အဖေ ဖြစ်နိုင်တဲ့ အနက်ရောင်ဝတ် လူက... ဒီလောက်ထိ လိုက်လာတာ... မန်ဒရင်းဘဲစာရင်း အတွက်လား... ဒါမှမဟုတ် လျိုယွင်ပညာရှင် အတွက်လား”

“တကယ်လို့ လျိုယွင်ပညာရှင် အတွက် ဆိုရင်... မန်ဒရင်းဘဲစာရင်း ရတုန်းကတည်းက သူ့ကို ဖမ်းလို့ ရနေပြီပဲ”

“တကယ်လို့ မန်ဒရင်းဘဲစာရင်း အတွက် ဆိုရင်လည်း... စာရင်းကို ပစ်ထားခဲ့ပြီး လျိုယွင်ပညာရှင်ကို ဖမ်းခေါ်သွားစရာ အကြောင်း မရှိဘူးလေ”

“သူက ဟို လူသားဂိုဏ်းချုပ် နောက်ကို လိုက်ပြီး... 'ကောင်းကင်ဂိုဏ်းချုပ်' ကို သွားရှာသင့်တာ မဟုတ်ဘူးလား”

“သူ ဘာလုပ်ချင်နေတာလဲ... ငါ တကယ် စဉ်းစားလို့ မရတော့ဘူး”

“ပြီးတော့ ဟို ချီလင်ဓားသမား... သူက ဘာလို့ နေရာတိုင်းမှာ ပါနေရတာလဲ”

“သူတို့ ဘယ်လို သိကျွမ်းသွားကြတာလဲ”

“သူတို့ ပြောစကားတွေကို နားထောင်ရတာ... တော်တော်လေး ရင်းနှီးတဲ့ ပုံစံပဲ”

“ချီလင်ဓားသမား...”

ဆုမို၏ စိတ်ထဲတွင် အတွေးတစ်ခု မီးသီးလင်းလာ၏။

“ကျွန်တော်တို့ အခု ဘယ်ရောက်နေတာလဲ”

(၃) ရက်လုံးလုံး အရူးအမူး ခရီးနှင်ခဲ့ရသည်။ လူသူမရှိသော တောင်တန်းများနှင့် တောင်ကြားများကို ရွေးချယ်ပြီး လာခဲ့ရသဖြင့် တခါတလေ လမ်းကြောင်းပင် မရှိပေ။

ယခုအချိန်တွင် ဆုမို ကိုယ်တိုင်ပင် သူတို့ ရောက်နေသော နေရာကို အတိအကျ မသိတော့ချေ။

ယန်ရှောင်ယွင် ခဏ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

“စောစောက ဖြတ်လာတဲ့ နေရာ တချို့ကို ငါ ရင်းနှီးသလိုပဲ... ဟောက်ရန် ကျောင်းတော် ကနေ ထွက်လာတာ ဆိုတော့... အခုလောက် ဆိုရင်...”

သူမ စကားမဆုံးခင် ရပ်တန့်သွားသည်။ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားပြီး ဆုမိုကို လှမ်းကြည့်လိုက်၏။

“ယွင်ဝူတောင် ...”

“ဟား...”

ဆုမို ရုတ်တရက် ရယ်လိုက်၏။ တဆက်တည်း၌၊ မျက်ဝန်းထဲတွင် အရောင်တစ်မျိုး ပြောင်းလဲသွားသည်။

“အခုမှပဲ သူတို့.. ဘာလုပ်ချင်နေလဲ ဆိုတာ သဘောပေါက်တော့တယ်”

“ယွင်ဝူတောင်... ချန်းဖုန်းတောင်ကြား ... ယွီမိသားစု ...”

“နေရာဟောင်းကို ပြန်ရောက်လာတာပဲ”

ယန်ရှောင်ယွင်၏ မျက်နှာထားလည်း ပြောင်းလဲသွား၏။

“လီစစ်ယွင် ပြောဖူးတယ်... ရွှေကျောက်စိမ်းကတော့ ... မန်ဒရင်းဘဲစာရင်း... ပြီးတော့ မြေပုံတစ်ချပ် လိုတယ်တဲ့... လျိုယွင်ပညာရှင်က အားလုံး အဆင်သင့် ဖြစ်နေပြီလို့ ပြောခဲ့တယ်… နင်လည်း တွေးမိတယ် မဟုတ်လား...”

“ချီလင်ဓားသမား... သူ အဲ့ဒီမြေပုံကို မြင်ဖူးတယ်”

ဆုမို ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်၏။

“သွားကြစို့... ငါ မမှားဘူး ဆိုရင် ရှေ့မှာ ဇာတ်လမ်းဆင်မယ့် နေရာ ရှိနေပြီ”

“ကိစ္စအားလုံး... မန်ဒရင်းဘဲစာရင်း ရောက်လာတာနဲ့... သူတို့ ဘာလုပ်ချင်လဲ ဆိုတာ ရှင်းသွားပြီ”

ယန်ရှောင်ယွင် ဘာမှ ဆက်မပြောတော့ပေ။

ကျန်းရှောင်ရှောင်ကမူ...

သူမသည် အစကတည်းက ဘာမှ နားမလည်ခဲ့ပေ။

ယခုအချိန်တွင် (၃) ရက်လောက် အစာမစားရသေးသော်လည်း ဗိုက်သိပ်မဆာတော့ပါ။ သို့သော် ပြန်ရောက်လျှင် ဘာစားရမလဲ ဆိုတာကိုတော့ စိတ်ကူးယဉ်နေပြီ ဖြစ်ပါသည်။

သို့နှင့်၊ ခြေရာခံ လိုက်ပါသွားကြ၏။

တောအုပ်တစ်ခုကို ဖြတ်ကျော်ပြီး နေ့ဝက်ခန့် လမ်းလျှောက်လိုက်သောအခါ၊ နိမ့်ဆင်းသွားသော တောင်ကြားနက်ကြီး တစ်ခုကို တွေ့လိုက်ရသည်။

ကွေ့ကောက်နေသော တောင်ကြားလမ်းအတိုင်း လိုက်ပါသွားရာ၊ လမ်းကြောင်းကျွမ်းကျင်သော အနက်ရောင်ဝတ် လူနှင့် ချီလင်ဓားသမားတို့သည် လျှို့ဝှက်ဂူ တစ်ခုရှေ့သို့ ရောက်ရှိသွားကြ၏။

ဂူဝတွင် လူတစ်ယောက် မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ ဆုမို မသိသော်လည်း ယန်ရှောင်ယွင်က ချက်ချင်း မှတ်မိလိုက်၏။

“ဝူတောက်ယို ပါလား...”

ယန်ရှောင်ယွင်က ဝူတောက်ယိုကို မှတ်မိလိုက်ချိန်တွင်၊ ဆုမို၏ မျက်ခုံးများ ရုတ်တရက် လှုပ်ရှားသွားသည်။

ထို့နောက် သူ သက်ပြင်းချလိုက်၏။

“ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ... မင်းရဲ့ 'အသက်ငွေ့ ဖုံးကွယ်ခြင်း' ပညာက ပြိုင်ဘက်ကင်းတယ် ဆိုတာ...”

ထိုစဉ်၊

“ရှင်တို့ ဒီကို မလာသင့်ဘူး...”

ဘေးဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်တို့ လန့်ဖျပ်ပြီး လှည့်ကြည့်လိုက်ကြ၏။

ကျောက်တုံးကြီး တစ်တုံးပေါ်တွင်... လှပသော်လည်း အေးစက်နက်ရှိုင်းသော မျက်ဝန်းများနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမကား... ယွီလင်းရှင်း ပင် ဖြစ်တော့သည်။

အခန်း (၂၇၅) -ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံ

~“ဘယ်သူလဲ...”

ယန်ရှောင်ယွင်သည် ယွီလင်းရှင်းကို ကြည့်လိုက်သောအခါ မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဤအမျိုးသမီးသည် ထိုနေရာတွင် ရပ်နေရုံမျှသာ ဖြစ်သော်လည်း၊ သူမ၏ ကိုယ်ခန္ဓာသည် ခြေအောက်မှ ကျောက်တုံးများ၊ နောက်ကျောဘက်မှ သစ်ပင်များနှင့် တစ်သားတည်း ပေါင်းစပ်နေသကဲ့သို့ ရှိနေ၏။

အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပြီး ခြေရာ၊ လက်ရာ တစ်စက်မျှပင် ကျန်ရစ်မည့်ပုံ မပေါ်ချေ။

ထို့အပြင် သူမ၏ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော မျက်ဝန်းများထဲတွင် နက်ရှိုင်းလှသော လူသတ်ချင်စိတ်များ ကိန်းအောင်းနေသည်။

ထိုလူသတ်ချင်စိတ်သည် သူတို့အား ဦးတည်ထားခြင်း မဟုတ်ဘဲ၊ နှစ်ကာလရှည်ကြာ စုဆောင်းလာခဲ့သော အငွေ့အသက်များက သူမတစ်ကိုယ်လုံးကို လွှမ်းခြုံထားခြင်း ဖြစ်၏။

ရေတွင်းနက်ကြီးထဲတွင် လှောင်ပိတ်ထားသော ရေများကဲ့သို့ပင်။

အကယ်၍သာ ပေါက်ကွဲထွက်လာပါက ကြီးမားသော ကပ်ဘေး တစ်ခု ဖြစ်ပေါ်လာမည်မှာ အသေအချာပင်။

ယွီလင်းရှင်းသည် ယန်ရှောင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်၏။ ထို့နောက် ထိုင်ချလိုက်ကာ သက်ပြင်းငွေ့ငွေ့ မှုတ်ထုတ်လိုက်၏။

“ငါ့နာမည်က ယွီလင်းရှင်း...”

သူမသည် ယန်ရှောင်ယွင်အား အမည်ကို ဖုံးကွယ်ထားခြင်း မရှိပေ။ အမှန်တကယ်တော့ သူမ၏ အမြင်တွင် သူမနာမည်သည် တားမြစ်ချက်တစ်ခုနှင့် တူသည်။

လူတချို့အတွက်မူ ထိုနာမည်သည် သေမင်းဆင့်ခေါ်စာပင် ဖြစ်၏။

သို့သော် ယန်ရှောင်ယွင်ကို ရင်ဆိုင်ရာတွင် သူမ မဖုံးကွယ်ခဲ့ချေ။

ရှုပ်ထွေးသော အကြောင်းပြချက်များကြောင့် မဟုတ်ဘဲ၊ ဆုမို သိပြီးသား ဖြစ်နေသောကြောင့်ပင်။

သူမ မပြောလျှင်လည်း ဆုမိုက ပြောပြလိမ့်မည် ဖြစ်သောကြောင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

“ယွီလင်းရှင်း ဟုတ်လား...”

ယန်ရှောင်ယွင် ခေတ္တမျှ တိတ်ဆိတ်သွား၏။

“ယွင်ဝူတောင်... ချန်းဖုန်းတောင်ကြား... ဒါဆို ရှင်က ယွီမျိုးနွယ်ပေါ့...”

ယွီလင်းရှင်း၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အပြုံးက အနည်းငယ် တင်းမာနေ၏။

ဤအပြုံးသည် နေရာဒေသနှင့် မကိုက်ညီဟု ခံစားမိသဖြင့် သူမသည် မျက်နှာကို လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်ပြီး ဆုမိုဘက်သို့ လှည့်ကြည့်လိုက်သည်။

“နင်က သူ့နောက်ကို လိုက်လာတာလား... ငါသာ အခု အော်လိုက်ရင် နင်တို့ ပုန်းလို့မရတော့ဘူး ဆိုတာ သိတယ်မလား...”

“အော်ချင်ရင် စောစောကတည်းက အော်ပြီးပြီလေ... အခုထိ ဘာလို့ စောင့်နေမှာလဲ”

ဆုမိုက ပြုံးလိုက်၏။

“ခင်ဗျား မအော်ဘူး ဆိုမှတော့... ကျွန်တော်တို့ စကားလေး ဘာလေး ပြောကြမလား”

“...”

ယွီလင်းရှင်းသည် ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်သည်။

“ဘာအကြောင်း ပြောချင်လို့လဲ”

“ဒီနေရာအကြောင်း... ပြီးတော့ သူ့အကြောင်း...”

“သူ့ကွယ်ရာမှာ အတင်းပြောတာကို သူ မကြိုက်ဘူး”

“ဒါဆိုရင် ဒီနေရာအကြောင်း ပြောကြတာပေါ့...”

ဆုမို၏ လေသံက တည်ငြိမ်နေသော်လည်း မျက်ဝန်းများက လေးနက်နေ၏။

“ခင်ဗျားတို့... ယွီလျိုအိမ်တော် ကို သွားခဲ့လား”

ဤမေးခွန်းတွင် ဆုမို၏ မျက်လုံးများသည် စူးရှထက်မြက်နေသည်။

ယွီလင်းရှင်းသည် သူ့ကို အံ့ဩသလို ကြည့်လိုက်ပြီး ရုတ်တရက် ရယ်လိုက်၏။

“လူတွေက ပြောကြတယ်... နင်က နင့်အဖေနဲ့ မတူဘူးတဲ့... ဒါပေမဲ့ အခု ငါမြင်ရတာတော့ တစ်ထေရာတည်းပါပဲ... ငါတို့ ယွီလျိုအိမ်တော်ကို မသွားခဲ့ပါဘူး”

“လျိုဆွေဖုန်း က အဲ့ဒီနေ့တုန်းက လူတွေကို သတ်ပြီး နှုတ်ပိတ်မလို့ လုပ်တာ... နင်က သူ့ကို တားခဲ့တယ်လေ... ဒါကြောင့် နင့်စကားကို အရာမထင်ဘဲ ဖြစ်သွားမှာ စိုးလို့ ငါတို့ မသွားခဲ့တာပါ”

“ပြီးတော့... မြေပုံတစ်ချပ်ကို ဘာကိစ္စ ဒီလောက် အလေးထားနေရမှာလဲ”

ဤစကားတစ်ခွန်းဖြင့် ဆုမို၏ သံသယများစွာ ရှင်းလင်းသွားရလေတော့သည်။

လီစစ်ယွင် ပြောခဲ့သလိုပင် ၊ မြေပုံ၊ ရွှေကျောက်စိမ်းကတော့ နှင့် မန်ဒရင်းဘဲစာရင်း ။

သုံးမျိုးစလုံး ပေါင်းစပ်မှသာ လျှို့ဝှက်သိုလှောင်ရုံကို ဖွင့်နိုင်မည် ဖြစ်သည်။

သုံးပါး အစွန်းရောက်ဂိုဏ်း သည် မန်ဒရင်းဘဲစာရင်း ရှိရာကိုသာ သိထားခြင်း ဖြစ်၏။ ရွှေကျောက်စိမ်းကတော့ကို ရယူရန် ကောင်းကင်ဓားဂိုဏ်း အထိ သွားရောက်ပြီး စွန့်စားလိမ့်မည် မဟုတ်ပေ။

သူတို့ ဤမျှလောက် စွန့်စားရဲခြင်းမှာ မန်ဒရင်းဘဲစာရင်းသာမက၊ ထိုမြေပုံကိုပါ ရရှိထားသည်ဟု ယုံကြည်နေသောကြောင့် ဖြစ်သည်။

သို့သော် ထိုမြေပုံသည် ယွီလျိုအိမ်တော်တွင် ဝှက်ထားသော မြေပုံအစစ် ဖြစ်ခဲ့လျှင်၊ လျိုဆွေဖုန်းကို မသတ်ဘဲနှင့် ရယူနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

ယွီမိသားစု၏ နယ်မြေဟောင်း အကြောင်းနှင့် ချီလင်ဓားသမား မြေပုံကို မြင်ဖူးသည်ဆိုသော အချက်များကို ပေါင်းစပ်လိုက်သောအခါ...

ဆုမို အဖြေ တစ်ခုကို ရရှိလိုက်တော့သည်။ ရန်သူ့လက်ထဲရှိ မြေပုံမှာ အတု ဖြစ်၏။

အစမှ အဆုံးတိုင် ဤကိစ္စသည် ယန်ရီဇီ နှင့် သူ့ညီမ ယွီလင်းရှင်းတို့ ပူးပေါင်းကြံစည်ထားသော ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည်။

ယွီလင်းရှင်းနှင့် ချီလင်ဓားသမားတို့သည် နည်းလမ်းတစ်ခုခုဖြင့် မြေပုံအတုကို သုံးပါး အစွန်းရောက်ဂိုဏ်းလက်ထဲသို့ ရောက်အောင် ပို့ဆောင်ခဲ့ကြ၏။

နောက်ဆုံးတွင် သူတို့ကို ယွီမိသားစု နယ်မြေဟောင်းဖြစ်သော ချန်းဖုန်းတောင်ကြားသို့ ရောက်လာအောင် မျှားခေါ်ခဲ့ကြခြင်း ဖြစ်၏။

သုံးပါး အစွန်းရောက်ဂိုဏ်းသည် ဤရည်ရွယ်ချက်ဖြင့် နှစ်ပေါင်းများစွာ စီစဉ်ခဲ့သော ကောင်းကင်ဓားဂိုဏ်း စီမံကိန်းကို စတင်ခဲ့ပြီး၊ ရွှေကျောက်စိမ်းကတော့ကို ရယူခဲ့ကြ၏။

ထိုအရှိန်ကို အခွင့်ကောင်းယူပြီး လီစစ်ယွင်ထံမှ မန်ဒရင်းဘဲစာရင်းကိုပါ ရယူရန် ကြိုးစားခဲ့ကြ၏။

သို့သော် ဤအစီအစဉ်များ အားလုံးသည် ဤနေရာတွင် အဆို့အတားနှင့် ကြုံတွေ့ခဲ့ရသည်။

မန်ဒရင်းဘဲစာရင်းသည် ဆုမိုလက်ထဲသို့ ရောက်ရှိသွားပြီး၊ အကွေ့အကောက်များစွာဖြင့် ယန်ရီဇီလက်ထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။

ယန်ရီဇီသည် မန်ဒရင်းဘဲစာရင်းကို တမင်တကာ ပျောက်ဆုံးခံလိုက်ပြီး၊ လျိုယွင်ပညာရှင် နောက်သို့ လိုက်ကာ ချန်းဖုန်းတောင်ကြားသို့ ရောက်ရှိလာခဲ့သည်။ တစ်ဖက်တွင် လျိုယွင်ပညာရှင်ကို ဖမ်းဆီးရန် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ သူ၏ ရည်ရွယ်ချက် အစစ်အမှန်မှာ သုံးပါး အစွန်းရောက်ဂိုဏ်း တစ်ခုလုံးကို ရှင်းလင်းပစ်ရန် ဖြစ်တန်ရာ၏။

ယန်ရီဇီ၏ ကြီးမားလှသော အစီအစဉ်ကြီး နောက်ကွယ်မှ ရည်ရွယ်ချက်မှန်မှာ ကွင်းကွင်းကွက်ကွက် ပေါ်လာလေပြီ။

ဆုမိုသည် ချီလင်ဓားသမားကို မြင်တွေ့လိုက်ရကတည်းက သံသယ ဝင်နေခဲ့ခြင်း ဖြစ်သည်။

သုံးပါး အစွန်းရောက်ဂိုဏ်းမှ လူများ ပေါ်လာမှသာ သူ၏ သံသယကို အတည်ပြုနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း...

ယွီလင်းရှင်းသည် တစ္ဆေပမာ ကိုယ်ဖော့ပညာဖြင့် ဆုမို၏ အာရုံခံစားမှုကို လှည့်စားကာ သူတို့ဘေးသို့ ရောက်ရှိလာခဲ့သည်။

ပြီးတော့ အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့၏။

သို့သော် ယွီလင်းရှင်း၏ စကားထဲမှ အခြားအချက်တစ်ချက်က ဆုမိုကို အံ့အားသင့်စေခဲ့သည်။

သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာ၏။

“ခင်ဗျား... ကျွန်တော့်အဖေကိုလည်း သိတာလား”

“ကျွန်မနောက် လိုက်ခဲ့...”

ယွီလင်းရှင်းသည် ကျောက်တုံးပေါ်မှ ခုန်ဆင်းလိုက်သည်။

“ရှေ့ဆက်တိုးရင် 'လော့ဖုန်းမဟာမိတ်' ရဲ့ ကင်းထောက်တွေ ရှိတယ်... နင်တို့ သိပြီးသား ဖြစ်လောက်ပေမယ့်... အတင်းတိုးဝင်သွားရင် ဘာသတင်းမှ ရမှာ မဟုတ်ဘူး”

ဆုမိုသည် ယွီလင်းရှင်း တောအုပ်ထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ပြီး မျက်ခုံးပင့်လိုက်၏။ ထို့နောက် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်သည်။

ယန်ရှောင်ယွင်က ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်၏။

ထိုအခါမှသာ ဆုမိုသည် ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင် တို့ကို ခေါ်ပြီး တောအုပ်ထဲသို့ ဝင်ရောက်သွားလေတော့သည်။

ကျန်းရှောင်ရှောင်၏ သဘောထားကို အဘယ်ကြောင့် မမေးရသနည်းဟု ဆိုသော်... အမှန်စင်စစ်တွင် စားသောက်မည့် ကိစ္စမှလွဲ၍ ဤကောင်မလေးတွင် မည်သည့် ကိစ္စ၌မှ ကိုယ်ပိုင်အမြင် မရှိသောကြောင့် ဖြစ်သည်။

ယွီလင်းရှင်းသည် ပတ်ဝန်းကျင် မြေအနေအထားကို မိမိလက်ဖဝါးကဲ့သို့ ကျွမ်းကျင်နေ၏။

ကွေ့ကွေ့ကောက်ကောက် လမ်းများကို ဖြတ်ကျော်ပြီးနောက် ရေကျသံကို ကြားလိုက်ရသည်။ ရှေ့တွင် ရေတံခွန်ကြီး တစ်ခု ရှိနေသည်ကိုး။

ဆောင်းတွင်းဖြစ်၍ ရေတံခွန်သည် အလွန်အေးစက်နေသော်လည်း ယွီလင်းရှင်းသည် ရေတံခွန်ကို တိုးဝှေ့ဖြတ်သန်းပြီး အတွင်းဘက်ရှိ ဂူထဲသို့ ဝင်ရောက်သွားလေတော့သည်။

အခန်း (၂၇၆) - ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံ (၂)

~ဆုမိုသည် လူနှစ်ယောက်ကို ခေါ်ဆောင်လျက် ထပ်ကြပ်မကွာ လိုက်ပါသွား၏။ သို့သော် လုံခြုံရေးအရ ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်ကို သူ့နောက်တွင်သာ နေစေသည်။

ယခုအချိန်တွင် သူသည် ရွှေခေါင်းလောင်း အကာအကွယ်ကြောင့် ထိုးဖောက်၍ မရနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေပြီ။ ဤသိုင်းကွက်၏ ခံနိုင်ရည် အတိုင်းအတာကို စမ်းသပ်ခြင်း မရှိသေးသော်လည်း သာမန် ချုံခိုတိုက်ခိုက်မှုနှင့် လုပ်ကြံမှုများကိုမူ စိုးရိမ်စရာ မလိုတော့ဟု ယူဆထားလိုက်၏။

ယွီလင်းရှင်းက ရန်လိုသည့်ပုံစံ မပြသော်လည်း ဆုမိုကမူ သတိကို လုံးဝ လျှော့မပေးပေ။

ယွီလင်းရှင်းကမူ ဆုမိုကို တိုက်ခိုက်ရန် ရည်ရွယ်ချက် အမှန်တကယ် မရှိခဲ့ပေ။ ဂူအတွင်းသို့ ဝင်ရောက်ပြီးနောက် သူမသည် နေရာလွတ် တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး အဝတ်အစားများ ခြောက်သွေ့စေရန်နှင့် အအေးဓာတ်ကို မောင်းထုတ်ရန် တရားမှတ်လိုက်၏။

ဆုမိုက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။ လူနေထိုင်ခဲ့သည့် လက္ခဏာများ ရှိနေသည်ကို တွေ့လိုက်ရသည်။

ကျောက်စားပွဲ၊ ကျောက်ခုတင်၊ သစ်သားဇလုံ၊ သစ်သားပန်းကန်လုံးများနှင့် ဘေးနားတွင် စာအုပ်စင်ငယ်လေး တစ်ခုပင် ရှိနေသေးသည်။

စာအုပ်စင်ပေါ်မှ စာအုပ်များမှာ မကြာသေးမီကမှ တစ်စုံတစ်ယောက်က စီစဉ်ထားသကဲ့သို့ သန့်ရှင်းသပ်ရပ်နေသည်။

“ကျွန်မ ငယ်ငယ်တုန်းက... အစ်ကိုနဲ့ ဒီနေရာကို ရှာတွေ့ခဲ့ကြတာ”

ယွီလင်းရှင်းက အတိတ်ကို လွမ်းဆွတ်သော အပြုံးတစ်ခုဖြင့် ဖွင့်ဟဝန်ခံလာ၏။

“ဒါက ကျွန်မတို့ မောင်နှမနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပေါ့... ယွီမိသားစုရဲ့ စည်းမျဉ်းတွေက အရမ်းတင်းကျပ်သလို ဖခင်ကလည်း ကျွန်မတို့အပေါ် မျှော်လင့်ချက်တွေ အရမ်းထားခဲ့တာ... အမှားတစ်ခု လုပ်မိတာနဲ့ ရိုက်နှက်ဆုံးမတာကို ခံရစမြဲပဲ”

သူမ၏ မျက်ဝန်းများထဲတွင် လွမ်းဆွတ်မှုအရိပ်အယောင်များ ယှက်သန်းလာပြီး အသံက ချိုလွင်သော အသံမှ တိုးညှင်းသည့် လေသံသို့ ပြောင်းလဲသွားတော့သည်။

“အဲဒီတုန်းက ဖေဖေ..ဆူလိုက်တိုင်း ကျွန်မတို့က ဒီနေရာကို ခိုးပြေးလာပြီး ငိုကြတယ်... အချင်းချင်း ဖက်ပြီး နှစ်သိမ့်ပေးခဲ့ကြရတာ... ဖေဖေက ဒီနေရာကို မသိဘူးလို့ ကျွန်မတို့ ထင်ခဲ့ကြတယ်”

“ဒါပေမဲ့ အံ့ဩစရာကောင်းတာက... သူက အစကတည်းက သိနေခဲ့တာပဲ”

“ဒီနေရာက ကျောက်ခုတင်နဲ့ ကျောက်စားပွဲတွေ အားလုံးက သူ ချန်ထားပေးခဲ့တာတွေချည်းပဲ... သူ့ရဲ့ ငယ်ဘဝကလည်း ကျွန်မတို့နဲ့ ဘာမှ မခြားနားခဲ့ဘူးလေ”

“နောက်ပိုင်းကျမှ အမေက ကျွန်မတို့ကို ခိုးခေါ်လာပြီး ဖေဖေ့ရဲ့ လုပ်ရပ်တွေကို လာပြခဲ့ဖူးတယ်... ဖခင်က သစ်သားတွေကို မရည်ရွယ်ဘဲ ထွင်းထုနေသလိုလိုနဲ့ ဇလုံလေးတွေ၊ ပန်းကန်လုံးလေးတွေ လုပ်ပေးနေခဲ့တာ...”

“ပြီးတော့ ဒီစာအုပ်စင်လေး... သူက စိတ်ရော၊ ကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ပေးထားခဲ့တာ”

“သူ့လို သိုင်းပညာ အဆင့်မြင့်တဲ့ သူက တစ်ယောက်ယောက် ချောင်းကြည့်နေတယ်ဆိုတာ အာရုံခံနိုင်စွမ်း ရှိပါတယ်... ဒါပေမဲ့ အမေနဲ့ ကျွန်မတို့ သူ့ကို နာရီဝက်လောက် ကြည့်နေတာတောင် သူက မသိချင်ယောင်ဆောင် ပေးခဲ့တယ်... သူ့အာရုံတွေအားလုံးက ဒီကစားစရာ ပစ္စည်းလေးတွေပေါ်မှာပဲ ရောက်နေခဲ့တာလေ”

“အဲဒီအချိန်ကျမှ ကျွန်မတို့ နားလည်လိုက်တာ... ယွီမိသားစုရဲ့ စည်းမျဉ်းတွေက တင်းကျပ်ပေမယ့် ဖေဖေကတော့...”

စကားပြောနေရင်းမှ ယွီလင်းရှင်းက လက်ကာပြလိုက်၏။

“ထားလိုက်ပါတော့... ရှင်တို့ကို ဒါတွေ ပြောနေဖို့ အကြောင်းမရှိပါဘူး”

“ယွီမိသားစု ကပ်ဘေးသင့်တဲ့ အချိန်တုန်းက... ကျွန်မနဲ့ အစ်ကိုက ဒီနေရာမှာ သိုင်းကျင့်နေခဲ့ကြတာ”

“ယွီမိသားစုရဲ့ ဝိညာဉ်ဖြတ်သန်းခြင်း သိုင်းကျမ်း အဆင့် (၅) မန္တန်ကို အလွတ်ကျက်ပြီး မွေးနေ့မှာ ဖခင်ကို အံ့ဩသွားအောင် လုပ်ပေးမလို့ စိတ်ကူးခဲ့ကြတာလေ”

“ဒါပေမဲ့... မန္တန်ကို အလွတ်ရသွားတဲ့ အချိန်မှာတော့ နားထောင်ပေးမယ့်သူ ဘယ်သူမှ မရှိတော့ဘူး”

ပြောရင်းဆိုရင်း၊ သူမက ဆုမိုကို လှမ်းကြည့်လိုက်သည်။

“ရှင်… မေးတယ်မလား... ရှင့်အဖေကို ကျွန်မ သိလားလို့... သိတာပေါ့... ယွီမိသားစု ကပ်ဘေးဆိုက်တဲ့ အချိန် ဒီနေရာက လှမ်းကြည့်ရင်တောင် အိမ်တော်ကြီးက မီးတောက်များနှင့် ပြည့်နှက်နေသည့် ကမ္ဘာ တစ်ခုအလား ဖြစ်နေခဲ့ပြီ... သတ်ဖြတ်သံတွေကလည်း နေရာအနှံ့ ပဲ့တင်ထပ်လို့ နေတယ်”

“အမေက ကျွန်မတို့ကို ရှာတွေ့သွားပြီး ဒီနေရာကနေ ဘယ်တော့မှ ထွက်မသွားဖို့ မှာခဲ့တယ်... ပြီးတော့ ရန်သူတွေကို မျှားခေါ်သွားဖို့ သူတစ်ယောက်တည်း ထွက်ခွာသွားခဲ့တာ...”

“ကျွန်မတို့ လူစိမ်းတွေကို ပြန်မြင်ရတဲ့ အချိန်မှာတော့... အဲဒါက ရှင့်အဖေနဲ့...”

သူမက စကားကို ခဏရပ်လိုက်ပြီး ယန်ရှောင်ယွင်ကို စိမ်းစိမ်းကြည့် လိုက်ကာ ဆက်ပြောလိုက်၏။

“ယန်ရီဇီ ပဲ”

ယန်ရှောင်ယွင်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။

အဖြေက ရှင်းလင်းနေပြီ ဖြစ်သော်လည်း ယွီလင်းရှင်း၏ နှုတ်မှ ကိုယ်တိုင် ကြားလိုက်ရသည့်အခါ ခံစားရသည်က တစ်မျိုးတစ်ဖုံ ကွဲပြားနေသည်။

“သူတို့... တကယ်တမ်း ဘာလုပ်ဖို့ ကြံစည်ခဲ့ကြတာလဲ”

ယန်ရှောင်ယွင်က သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးမြန်းလိုက်၏။

ယွီလင်းရှင်းက သူမကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“ကျွန်မ မသိဘူး”

“ဟမ်”

ယန်ရှောင်ယွင်၏ လှပသော မျက်နှာလေးတွင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားရသည်။

ယွီလင်းရှင်းက ဆက်ပြောလိုက်၏။

“သူတို့က ကျွန်မ အဖေနဲ့ သိကြတယ်... အထူးသဖြင့် ဦးလေးဆုပေါ့... ကျွန်မ ငယ်ငယ်တုန်းက သူ အဖေ့ဆီ လာလည်တာ မကြာခဏ မြင်ဖူးတယ်... ဒါပေမဲ့ သူတို့ ဘာအကြောင်းတွေ ပြောကြလဲဆိုတာတော့ ဖေဖေက ကျွန်မကို ဘယ်တော့မှ အသိမပေးခဲ့ဘူး”

“ယွီမိသားစု ကပ်ဘေးကြုံပြီး သူတို့နှစ်ယောက် ကျွန်မတို့ မောင်နှမကို လာရှာတွေ့တဲ့ အချိန်ထိ သူတို့နာမည်ကိုတောင် ကျွန်မ မသိခဲ့ရဘူး”

“အဲဒီနောက်မှာ ဦးလေးဆုက ကျွန်မကို တပည့်အဖြစ် ခေါ်သွားခဲ့တယ်”

“ဦးလေးယန်ကတော့ အစ်ကိုကို ခေါ်သွားခဲ့တယ်”

“ရှင် တွေ့ဖူးပါတယ်... ချီလင် လေ”

“နောက်ပိုင်း (၁၀) နှစ်တာ ကာလအတွင်းမှာ ကျွန်မက သိုင်းပညာကိုပဲ သည်းကြီးမည်းကြီး လေ့ကျင့်နေခဲ့တာ... ဦးလေးဆု ဆုံးသွားတဲ့ သတင်းကိုတောင် ဆရာ ပြောပြမှ သိခဲ့ရတာ”

“အဲဒီအချိန်ထိ.. ဦးလေးဆုက အာမခံဌာန ဖွင့်ထားတယ် ဆိုတာကို ကျွန်မ မသိခဲ့ဘူး... ဒါကြောင့် ကျွန်မတို့ ပထမဆုံးအကြိမ် တွေ့တုန်းက ရှင့်ကို မမှတ်မိခဲ့တာပါ”

သူမက ဆုမိုကို ကြည့်ပြီး မဲ့ပြုံးတစ်ချက် ပြုံး လိုက်၏။

“မကြာသေးခင်ကမှ ယန်ရီဇီနဲ့ တွေ့ဆုံပြီး အကြောင်းစုံ တချို့ကို သိခဲ့ရတာ”

ထိုစကားပြောပြီးသည်နှင့် သူမက နှုတ်ဆိတ်သွား၏။

ဆုမိုက ခေတ္တမျှ ငိုင် သွားပြီးမှ သူမကို စူးစိုက်ကြည့်လိုက်၏။

“မကြာသေးခင်ကမှ ဆိုတာ... ဘယ်အချိန်ကို ပြောတာလဲ”

“ရွှမ်ကျီတောင်ကြားထဲမှာလေ... ခေါင်းဆောင်ဆု က ယူချွမ်ဂိုဏ်း ရဲ့ နှစ်ပေါင်း (၂၀) ကြာ စနစ်တကျ အကွက်ချ ကြံစည် ထားတဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်တဲ့ အချိန်တုန်းကပေါ့”

“အဲဒီတုန်းက သူလည်း ရှိနေခဲ့တယ်... ချီလင် ကိုလည်း သူ တွေ့ခဲ့တယ်”

“ဒါနဲ့... ရှင်က အဘိုးအို ရှီဟန်အတွက် စိတ်ပူစရာ မလိုတော့ဘူးနော်”

“အဲဒီ အဘိုးကြီးက ရှင့်ကို လက်စားချေချင်တယ်လို့ တဖွဖွ ပြောနေပေမယ့်... သူက ခံနိုင်ရည်မှ မရှိတာ”

“ယန်ရီဇီက သူ့ကို လက်ဝါး တစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်ပြီ”

“ထားပါတော့လေ... အဘိုးအို ရှီဟန်က ရှင့်ရဲ့ ပြိုင်ဘက်လည်း မဟုတ်ပါဘူး”

ယွီလင်းရှင်းက သက်ပြင်းချလိုက်၏။

“နှမြောစရာတော့ ကောင်းသား... အဘိုးအို ရှီဟန် ကို ကျွန်မ သုံးစရာကိစ္စလေး ရှိနေသေးတာ... ဒါပေမဲ့ ကိစ္စမရှိပါဘူး... နောက်ပိုင်းကျတော့ ယန်ရီဇီက ဝူတောက်ယိုကို တုန်းချန် နယ်မြေအထိ ခေါ်လာပေးခဲ့တယ်... အဓိကက ကျွန်မနဲ့ တွေ့ဖို့ပေါ့”

“အချိန်ကာလတွေက လွဲနေတယ်...”

ဟု ဆုမိုက ရုတ်တရက် ဖြတ်ပြောလိုက်၏။

“ဟမ်”

ယွီလင်းရှင်းက ဆုမိုကို လှမ်းကြည့်လိုက်ရာ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

“ဘယ်လို အချိန်ကာလကို ပြောတာလဲ”

ထိုအခါမှာ၊ ဆုမိုက လေပူ တစ်ချက် မှုတ်ထုတ်လိုက်ရင်း ဖြစ်ပျက်သည့် အကြောင်းများကို ရှင်းလင်းပြောပြ လိုက်၏။

“ရွှေကျောက်စိမ်းကတော့ ကိစ္စက အရမ်း ရှုပ်ထွေးတယ်... ပြန်ကောက်ရမယ်ဆိုရင် ကောင်းကင်တံခါး အာမခံဌာနက ကျိဝမ်လီ တာဝန် လက်ခံလိုက်တဲ့ အချိန်ကနေ စရမယ်”

“သူက မြင်းဒုန်းစိုင်းစီးပြီး အမြန်ဆုံး သွားရင်တောင် ကောင်းကင်ဓားဂိုဏ်းကို ရောက်ဖို့ တစ်လကျော် ကြာလိမ့်မယ်”

“သူ အာမခံဌာနကို ပြန်ရောက်ပြီးမှ အသတ်ခံလိုက်ရတာလေ…”

All Chapters