အခန်း (၂၇၇-၂၇၉)
Vol. 19 Ch. 277-279
အခန်း (၂၇၇) - ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံ (၃)
~“အချိန်ကာလအရ ကြည့်မယ်ဆိုရင်... ရွှမ်ကျီတောင်ကြားကနေ ကျွန်တော် ပြန်လာတဲ့အချိန်မှာ သူက လော့ရှားမြို့ကို ပြန်ရောက်နေသင့်ပြီ...”
“တခြားနည်းနဲ့ ပြောရရင်... ဒီကိစ္စက အဲဒီအချိန် မတိုင်ခင် ကတည်းက စတင်ခဲ့တာ ဖြစ်နေတယ်”
ဆုမိုက ပြောရင်းဆိုရင်း ယွီလင်းရှင်းကို လှမ်းကြည့်လိုက်၏။
“အဲဒီတုန်းက ချီလင်ဓားသမားက မြေပုံကို မမြင်ရသေးဘူး... ဦးလေးယန် ဆိုရင် ပိုဝေးသေးတယ်... ဟုတ်တယ်မလား”
“မှန်တယ်”
ယွီလင်းရှင်းက ဆုမိုကို အဓိပ္ပာယ်ပါသော မျက်ဝန်းများဖြင့် နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်၏။
“အဲဒီအချိန်မှာ ကျွန်မက သူတို့ကို ရှင်းပစ်ဖို့ အစီအစဉ်ဆွဲပြီးနေပြီ... ရှင် ပထမဆုံးအကြိမ် ကျွန်မရဲ့ ထောင်ချောက်ထဲကို တိုးဝင်လာတုန်းက... အဲဒီတိုက်ပွဲက သူတို့လူ တစ်ယောက်၊
နှစ်ယောက်လောက်ကို သတ်ပြီး အာသာဖြေဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး”
“အဲဒီတိုက်ပွဲရဲ့ အရေးအကြီးဆုံး အချက်အချာက တကယ်တော့ သစ်ပင်ပေါ်မှာ ရှိနေခဲ့တာ”
“သစ်ပင်ပေါ်မှာ”
ဆုမိုမှာ အံ့အားသင့်သွားရပြီး ထိုနေ့က အဖြစ်အပျက်တွေကို မသိစိတ်ဖြင့် ပြန်လည်သုံးသပ်လိုက်မိသည်။
သူသည် တောအုပ်အစပ်တွင် အာမခံပစ္စည်းကို လက်ခံရယူနေစဉ် အဘိုးအို ရှီဟန် ၏ တပည့်ဖြစ်သော အနက်ရောင်ဝတ် ဓားသမားကို သတ်ဖြတ်ခဲ့သည်။
ထို့နောက် ထွက်ခွာသွားဟန်ဆောင်ကာ ခိုးကြောင်ခိုးဝှက် ပြန်လှည့်လာပြီး လူလေးယောက်နှင့် ထိပ်တိုက်တွေ့ခဲ့သည်။
ထိုလေးယောက်အနက် တစ်ယောက်ကို လမ်းဘေးတွင် ယွီလင်းရှင်းက သတ်ဖြတ်ခဲ့သည်။
နောက်တစ်ယောက်ကိုတော့ မိုင်ဆယ်လီ မက်မွန်တောအုပ်ရှိ လော့ဟွာမျှော်စင် အပြင်ဘက်တွင် ဆုမို ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။
ထို့ကြောင့် ပစ္စည်းသည် ‘ဝမ်ရှန်းလင်’ ထံသို့ ရောက်ရှိသွားခဲ့သည်။ ဝမ်ရှန်းလင် ဆိုသည်မှာ အမှန်စင်စစ် ယွီလင်းရှင်းပင် ဖြစ်၏။
သို့သော် အဲဒီအချိန်တုန်းက မပေါ်လာသေးသည့် လူနှစ်ယောက် ကျန်ရှိနေသေးသည်။
ထိုညတွင် ဆုမိုသည် ဒီကိစ္စမှာ နောက်ကွယ်က အကြောင်းအရာတွေ ရှိနေနိုင်သေးတယ် ဆိုပြီး စိုးရိမ်စိတ်ဖြင့် ယွီလင်းရှင်းနောက်သို့ လိုက်ပါသွားခဲ့သည်။
မထင်မှတ်ထားသည်မှာ... ကျန်ရှိနေသော နှစ်ယောက်အနက် တစ်ယောက်က သတင်းသွားပို့ခဲ့ခြင်းပင်။
ဒါက ရေကန်ဘေးတွင် အနက်ရောင်ဝတ် လူများနှင့် ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်ပေါ်စေခဲ့သည်။
အဲဒီအချိန်တုန်းက ဒဏ်ရာ ခုနစ်ချက် လက်သီးကို ရရှိခါစ ဖြစ်သလို၊ လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား ကျင့်စဉ်နှင့် ပေါင်းစပ်ပြီး အနက်ရောင်ဝတ် ခေါင်းဆောင်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမှုန်းပစ်ခဲ့သည်။
ဒီနေရာမှာတင် ဆုမိုအတွက်တော့ ဒီကိစ္စက ပြီးပြတ်သွားပြီဟု ယူဆခဲ့၏။
ယခုအခါ ယွီလင်းရှင်း၏ အရိပ်အမြွက် ပြောကြားချက်များနှင့် အဖြစ်အပျက် အားလုံးကို ပြန်လည်
ဆက်စပ်ကြည့်လိုက်သောအခါ ဆုမို တစ်ယောက် ရုတ်တရက် သဘောပေါက်သွားသည်။
“အဲဒီ မိန်းမလား”
ယနေ့အထိ ဆုမိုသည် ထိုသူ၏ နာမည်ကို သေချာရေရာစွာ မသိရှိသေးပေ။
“ဟူပျောင်းပျောင်း ”
ယွီလင်းရှင်းက ခေါင်းညိတ်ပြလိုက်၏။
“သုံးပါး အစွန်းရောက် ဂိုဏ်းက အရမ်း လျှို့ဝှက်လွန်းတယ်... အစ်ကိုနဲ့ ပြန်တွေ့ပြီးတဲ့နောက် ကျွန်မတို့ စတင်ပြီး စီစဉ်ခဲ့ကြတယ်... ဒါပေမဲ့ ပထမဆုံးခြေလှမ်းက အခက်ခဲဆုံးပဲ... အဓိက သော့ချက်က သူတို့ကို ဘယ်လို ခြေရာခံမလဲ ဆိုတာပါ”
“ကံကောင်းတာက... ဒီလူစုက လျှို့ဝှက် ယန္တရားအတွက် သိုင်းလောက အနှံ့ လိုက်ရှာနေကြတယ် ဆိုတာ ကျွန်မ သိလိုက်ရတယ်”
“ဒါကြောင့် ကျွန်မက အဲဒါကို ငါးစာအဖြစ် အသုံးချလိုက်တာ”
“ရှင့်လက်ထဲ လျှို့ဝှက် ယန္တရားထည့်ပေးလိုက်တဲ့ လူကလည်း လူကောင်းတော့ မဟုတ်ပါဘူး... ဟူပျောင်းပျောင်းကို ကျွန်မနဲ့ လာတွေ့အောင် သူ့ကို ‘သဘာဝကျကျ’ သွေးဆောင်ဖို့အတွက် အသုံးချခဲ့တာပါ”
“မထင်မှတ်ထားတာက... သူက ဟူပျောင်းပျောင်းတို့ လူစု လေးယောက်ကို မယှဉ်နိုင်ဘဲ ကျရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်... ဒါပေမဲ့ တိုက်ဆိုင်စွာနဲ့ပဲ လမ်းမှာ ရှင် ဝင်ပါလာခဲ့တာလေ”
“ကျွန်မရဲ့ ရည်ရွယ်ချက်က လက်စားချေဖို့ ဖြစ်ပေမယ့်... ဘဝမှာ ရည်ရွယ်ချက်နဲ့ စောင့်ထိန်းမှု ရှိရမယ် ဆိုတာကို ဖေဖေက ကျွန်မတို့ မောင်နှမကို ငယ်ငယ်ကတည်းက သင်ပေးခဲ့ပါတယ်”
“ပုဂ္ဂိုလ်ရေး အာဃာတအတွက် အပြစ်မဲ့သူတွေကို ဆွဲထည့်တာဟာ သူရဲကောင်းစစ်စစ်ရဲ့ လုပ်ရပ် မဟုတ်သလို... ဂုဏ်သိက္ခာရှိတဲ့ လူသားတစ်ယောက် လုပ်ရမယ့် အရာလည်း မဟုတ်ပါဘူး”
“ပြောတာ ကောင်းတယ်”
ယန်ရှောင်ယွင်က ချက်ချင်းပင် ထောက်ခံစွာ ခေါင်းညိတ်လိုက်၏။
သို့သော် ယွီလင်းရှင်းက သက်ပြင်းတစ်ချက် ချလိုက်၏။
“ဒါပေမဲ့ သိုင်းလောကရဲ့ ကိစ္စတွေက ဘယ်မှာ ကိုယ်ဖြစ်ချင်သလို ဖြစ်လာလို့လဲ... ကောင်းကင်တံခါး အာမခံဌာနက ကျိဝမ်လီ ဆိုရင်... ကျွန်မရဲ့ အကွက်ချမှုတွေကြောင့် နောက်ဆုံးမှာ သူ့အိမ်မှာပဲ သေဆုံးသွားခဲ့ရတယ်”
“အဲဒီ ပစ္စည်းပို့ဖို့ သူ့ကို ခိုင်းစေခဲ့တာက သုံးပါး အစွန်းရောက် ဂိုဏ်းသားတွေ ဖြစ်ပေမယ့်...”
“ဒီကြွေးကြော်သံက နောက်ဆုံးတော့ ကျွန်မ ခေါင်းပေါ်ပဲ ကျရောက်လာတာပါ”
“သေဆုံးပြီးနောက် ကောင်းကင် ကိုးထပ်နေ ဖေဖေ.. ကျွန်မကို အပြစ်မတင်ပါစေနဲ့လို့ပဲ မျှော်လင့်မိပါတယ်...”
သူမက စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်၏။
“ဒီကိစ္စထဲမှာ ရှင့်ကို ဆွဲထည့်ဖို့ ကျွန်မ နည်းနည်းမှ.. ရည်ရွယ်ချက် မရှိခဲ့ပါဘူး... ရှင့်ရဲ့ သိုင်းပညာနဲ့ ဉာဏ်ရည်က ဒီတာဝန်ကို ထမ်းဆောင်ဖို့ မလုံလောက်မှာ စိုးတာနဲ့... ရှင် မရောက်လာခင် လက်ဖက်ရည်ဆိုင်မှာ အဲဒီလူကို အသတ်ခံရအောင် ကျွန်မ စီစဉ်ခဲ့တာ”
“ဒါပေမဲ့... တကယ်တမ်းကျတော့ ကျွန်မ ရှင့်ကို လျှော့တွက်မိခဲ့တာပဲ”
“မက်မွန်တောအုပ် ထဲမှာလည်း ကျွန်မ အဲဒီနည်းလမ်းကိုပဲ သုံးချင်ခဲ့တာ... ဒါပေမဲ့ သူ့ဘက်တော်သားတွေက အရမ်းများလွန်းနေတယ်”
“သူတို့ကို မရှင်းပစ်ဘဲ ရှေ့ဆက်တိုးဖို့က မဖြစ်နိုင်ဘူးလေ”
“ဒါပေမဲ့ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာတင် ရှင်က သူ့ကို သတ်လိုက်နိုင်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”
“အဲဒီတော့မှ ကျွန်မ နားလည်လိုက်တာ... ရှင်က တကယ့်ကို ဖုံးကွယ်ထားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားသူပဲ ဆိုတာကိုပေါ့”
“အဲဒီအချိန်မှာ ကျွန်မရဲ့ နည်းဗျူဟာတွေကို အတော်လေး ထုတ်ပြပြီးနေပြီ”
“သာမန်လူတစ်ယောက်သာ ဒီအခြေအနေနဲ့ ကြုံရင် လက်စားချေမှုနဲ့ ဆက်စပ်တွေးမိဖို့ ခက်ခဲလိမ့်မယ်... ဒါပေမဲ့ ယွီဝိညာဉ် သတ်ဖြတ်ခြင်း သိုင်း ဆိုတာက ပြိုင်ဘက်ကင်း ပညာရပ်တစ်ခု ဖြစ်နေတော့... အပြစ်ရှိစိတ် ဝင်နေတဲ့ သူတို့က သဘာဝကျကျပဲ ကျွန်မကို သံသယဝင်လာကြတာပေါ့”
“အဲဒီနေ့တုန်းက... သူတို့ထဲက နှစ်ယောက် ကျွန်မဆီကို ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတယ်... တစ်ယောက်ကိုတော့ အကြောင်းပြချက် တစ်ခုနဲ့ ကျွန်မ လွှတ်ပေးလိုက်တယ်... ကျန်တဲ့ အမျိုးသမီးကိုတော့ ကျွန်မ ဖမ်းထားလိုက်တယ်”
“သုံးပါး အစွန်းရောက် ဂိုဏ်းက ခန့်မှန်းရခက်ပြီး ရက်စက်ကြမ်းကြုတ်တယ်... ဟူပျောင်းပျောင်း လို လူမျိုးတွေက စတေးခံရမယ့် နယ်ရုပ်ကလေးတွေ သက်သက်ပါပဲ... ကျွန်မ ရှိနေတာကြောင့် သုံးပါး အစွန်းရောက် ဂိုဏ်းသားတွေကို မဆင်မခြင် ဆွဲဆောင်မိရင် ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်တယ်”
“ဒါကြောင့်... အဲဒီ အမျိုးသား အသတ်ခံလိုက်ရတာက ကျွန်မ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်သွားတာပါ”
“ဟူပျောင်းပျောင်းက သစ်ပင်ပေါ်မှာ ပုန်းနေခဲ့တယ်... ကျာရှီးဆေးလုံးကို သောက်ထားလို့ သေလုမျောပါး အခြေအနေ ဖြစ်နေပေမယ့် ပတ်ဝန်းကျင်က အရာအားလုံးကို သူ ကြားနေရသေးတယ်”
“ဒါကြောင့် အားလုံးကို ကြားပြီးသွားတဲ့နောက်မှာ... သူက သဘာဝကျကျပဲ သုံးပါး အစွန်းရောက် ဂိုဏ်းအပေါ် ယုံကြည်မှု ကင်းမဲ့သွားတော့တာပေါ့”
“ဒါက... သုံးပါး အစွန်းရောက် ဂိုဏ်းထဲမှာ မင်း.. ဖန်တီးလိုက်တဲ့ အက်ကြောင်း တစ်ခုပဲ”
ဆုမိုက လက်ခုပ်ကို ဖွဖွလေး တီးလိုက်ရင်း ချီးကျူးလိုက်၏။
“မိန်းကလေးရဲ့ မဟာဗျူဟာက ကျွန်တော် ထင်ထားသလောက် ရိုးရှင်းမနေဘူးပဲ... ဟူပျောင်းပျောင်း ရှိနေမှတော့... သူတို့အကြောင်း မင်း နားလည်မှုက တစ်နေ့တခြား တိုးလာတော့မှာပေါ့”
“ဒါက သဘာဝပါပဲ”
ယွီလင်းရှင်းက ခေါင်းညိတ်လိုက်၏။
“ဒါကြောင့် ရွှေကျောက်စိမ်းကတော့၊ မန်ဒရင်းဘဲ စာရင်း နဲ့ အဲဒီမြေပုံတို့ ပါဝင်ပတ်သက်နေတဲ့ အစီအစဉ်တွေ ရှိလာရတာပေါ့... မူလကတော့ မြေပုံရော မန်ဒရင်းဘဲ စာရင်းရော နှစ်ခုစလုံးကို ကျွန်မက အတုလုပ်ဖို့ စီစဉ်ထားတာ”
“မန်ဒရင်းဘဲ စာရင်း ကိုတော့ အဘိုးအို ရှီဟန် ကို အကွက်ချဖို့ ရည်ရွယ်ထားခဲ့တာ”
“အချိန်အခါ မကျသေးလို့ သူ ပေါ်လာရမယ့် အချိန် မဟုတ်သေးပေမယ့်... သူက ကောင်းမွန်တဲ့ စစ်တုရင် နယ်ရုပ် တစ်ရုပ် ဖြစ်လာခဲ့တယ်”
“မထင်မှတ်ထားတာက... အဘိုးအို ရှီဟန် က ရှင့်ရဲ့ ဦးလေးယန် ကို တိုက်ရိုက်ကြီး ဖိသတ်လိုက်တာပဲ”
“ကျွန်မ စစ်တုရင် နယ်ရုပ်တစ်လုံး ဆုံးရှုံးလိုက်ရပေမယ့်... ပိုကောင်းတဲ့ ရလဒ်တစ်ခု ရရှိလိုက်တယ်”
“အဲဒီနေ့တုန်းက ရွှမ်ကျီတောင်ကြား အပြင်ဘက်မှာ ချီလင်က အချိန်ကြာမြင့်စွာ ခွဲခွာပြီးနောက် သူနဲ့ ပြန်တွေ့တဲ့အခါ... ကျွန်မရဲ့ ဖုံးကွယ်ထားမှုကို ဖွင့်ချလိုက်မိတယ်...”
“ဒါပေမဲ့ ဒါကပဲ ကျွန်မ အစီအစဉ်ရဲ့ ဟာကွက်တွေကို ပြန်လည် ဖာထေးပေးလိုက်သလို ဖြစ်သွားပြီး... အားနည်းချက်တွေကို ပြီးပြည့်စုံအောင် ချောမွေ့သွားစေတယ်”
“အခုဆိုရင် သုံးပါး အစွန်းရောက် ဂိုဏ်း လက်ထဲမှာ မြေပုံအတု တစ်ရွက်၊ ရွှေကျောက်စိမ်းကတော့ အစစ် တစ်ခုနဲ့ မန်ဒရင်းဘဲ စာရင်း အစစ် တစ်ခု ရှိနေပြီ”
“မကြာခင်မှာ သူတို့ လျှို့ဝှက်သိုလှောင်ရုံကို ဖွင့်ကြတော့မယ်... အဲဒီအခါကျရင် သုံးပါး အစွန်းရောက် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တိုင်းနဲ့ သူတို့ရဲ့ လက်ပါးစေတွေအားလုံး... အဲဒီ မြေအောက်နန်းတော်ထဲမှာပဲ သေပွဲဝင်ကြရတော့မှာ”
စကားအားလုံးကို တစ်ဆက်တည်း ပြောချလိုက်ပြီးနောက် ယွီလင်းရှင်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော အမုန်းတရားများ ပြည့်နှက်နေသော်လည်း ထိန်းချုပ်ထားနိုင်သည်ကို တွေ့ရသည်။
သုံးပါး အစွန်းရောက် ဂိုဏ်းကြီးတစ်ခုလုံး အမြစ်ပြတ် ချေမှုန်းမခံရမချင်း... သူမ ရင်ထဲက အငြိုးအတေးတွေကို ဘယ်လိုလုပ် လွှတ်ချနိုင်ပါမည်လဲ။
ဒီနေရာရောက်တော့မှ ဆုမိုနှင့် အခြားသူများက အဖြစ်အပျက်အားလုံး၏ ဇာစ်မြစ်နှင့် ဖြစ်ပေါ်တိုးတက်မှုများကို အပြည့်အစုံ နားလည်သွားကြ၏။
သို့သော် ဆုမို နားမလည်နိုင်သေးသည့် အချက် တစ်ချက် ရှိနေသေးသဖြင့် ယွီလင်းရှင်းကို ပြန် ကြည့်လိုက်သည်။
“ခင်ဗျား.. ဘာလို့ ဒါတွေအားလုံးကို ကျွန်တော်တို့ကို ပြောပြနေရတာလဲ”
“ဘာလို့လဲဆိုတော့... ကျွန်မက လူဆိုးမ ..တစ်ယောက်မို့လို့ ထင်ပါရဲ့”
အခန်း (၂၇၈) - ကောင်းကင်တံခါး ဂိုဏ်းချုပ်
~“ဘာလို့လဲဆိုတော့... မကောင်းလို့လေ”
ယွီလင်းရှင်းသည် ဆုမို၏ မေးခွန်းကို တုံ့ဆိုင်းနေခြင်း အလျဉ်း မရှိဘဲ ဖြေကြားလိုက်၏။ သူမ၏ အဖြေစကားကြောင့် ဆုမိုနှင့် ယန်ရှောင်ယွင်တို့မှာ အံ့အားသင့်သွားပြီး စကားမဆိုနိုင်ဘဲ အကြည့်ချင်း ဖလှယ်မိကြတော့၏။
သို့သော် ယွီလင်းရှင်း၏ နှုတ်ခမ်းထောင့်စွန်းများ၌ လှောင်ပြောင်သရော်သော အပြုံးတစ်ခု ပေါ်ပေါက်လာ၏။
“အတိတ်တုန်းက ယွီမိသားစုနဲ့ ဆန်းကြယ်ယန္တရား ပတ်သက်မှုက... ရှင့်အဖေနဲ့ ယန်ရီဇီတို့နဲ့ ဆက်နွယ်နေတာ အမှန်ပဲ”
“ကျွန်မအဖေကလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အန္တရာယ်တွေကို သေချာပေါက် နားလည်ထားပြီးသားပါ... သူ ဒီကိစ္စထဲ ခြေစုံပစ်ဝင်ခဲ့ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ရှိထားပြီးသား ဖြစ်မှာပါ”
“ဒီကိစ္စကြောင့် ယွီမိသားစု တစ်ခုလုံး မျိုးဖြုတ်သတ်ဖြတ် ခံရလိမ့်မယ်လို့ သူ တွေးမိခဲ့လား ဆိုတာတော့ ကျွန်မ မသိဘူး... ဒါပေမဲ့ ကျွန်မ ဖေဖေရဲ့ စရိုက်အရ ဆိုရင်... သစ္စာတရားနဲ့ တရားမျှတမှု အတွက်ဆိုရင် အသက်တစ်ရာ စွန့်ရပါစေ... သူ နောင်တရမယ့်လူ မဟုတ်ဘူး ဆိုတာ ကျွန်မ ယုံတယ်”
“သားသမီးတွေ အနေနဲ့... မိဘတွေရဲ့ လုပ်ရပ်အပေါ် ..ကျွန်မတို့ မဆင်မခြင် ဝေဖန်လို့ မရဘူးလေ”
“သူတို့ ဘာအတွက် ရပ်တည်ခဲ့သလဲ... သူတို့ ဘာတွေ သိခဲ့သလဲ ဆိုတာတွေကို အခုချိန်မှာ ကျွန်မ နားမလည်နိုင်သေးပါဘူး”
“ကျွန်မ ယုံကြည်တဲ့ တစ်ခုတည်းသော အရာကတော့... တကယ်လို့ ကျွန်မသာ သူ့နေရာမှာ ရှိခဲ့မယ်ဆိုရင်...
အဲဒီ ရွေးချယ်မှုကိုပဲ လုပ်မိမယ် ထင်တယ်”
“ဒါပေမဲ့ အဲဒါက ကျွန်မ ဒေါသထွက်လို့ မရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး”
ထိုသို့ ပြောပြီးနောက် သူမသည် ဆုမိုကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်၏။
“ရှင့်ကျတော့ ဘာဖြစ်လို့ ဒီလောက်တောင် ကောင်းကောင်းမွန်မွန် ကာကွယ်ပေးထားတာ ခံရတာလဲ”
“ကျောက်စိမ်းချီလင် က ယန်ရီဇီရဲ့ သတင်းကို ယူလာပေးကတည်းက... ရှင့်အကြောင်းကို ကျွန်မ စုံစမ်းနေခဲ့တာ”
“ဘဝရဲ့ အခက်အခဲတွေကို မသိ... အမုန်းတရားရဲ့ နှိပ်စက်မှုကို မခံစားရဘဲ နေနိုင်ခဲ့တဲ့... သာယာနေတဲ့ သခင်လေး ပါလား”
“အဖေဖြစ်သူက သိုင်းလောက လမ်းမထက်မှာ အသက်ပေးလိုက်ရတာတောင်...ရှင်က ပျော်ပါးမှုတွေထဲမှာ နစ်မွန်းပြီး မိသားစု စည်းစိမ်တွေကို ဖြုန်းတီးဖို့ ဝန်မလေးခဲ့ဘူး”
“အဲဒီလို ဖြစ်နေတဲ့ ရှင်က...ကျွန်မကို ပိုပြီး ဒေါသထွက်စေတယ်”
“တချို့လူတွေက ဒီကိစ္စအတွက် အသက်နဲ့ရင်းပြီး ပေးဆပ်ရတယ်... တချို့ကျတော့ မခံမရပ်နိုင်တဲ့ ဝေဒနာတွေကို ခါးစည်းခံရတယ်... ဘာလို့ ရှင့်ကျမှ ဘာမှမသိဘဲ အေးချမ်းပျော်ရွှင်မှုကို ခံစားခွင့် ရနေရတာလဲ”
ဆုမိုသည် အနေခက်စွာဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်မိ၏။
“ဒါဆို... ခင်ဗျား ပြောချင်တာက... ခင်ဗျား ခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ ဝေဒနာတွေကို ကျွန်တော်လည်း ခံစားစေချင်လို့... ကျွန်တော့်ကို ဘာမှမသိဘဲ ဆက်ပြီး ပျော်ပါးခွင့် မပေးချင်တော့လို့... ဒီအကြောင်းတွေကို ပြောပြနေတာပေါ့”
“ဒါပေမဲ့ ခင်ဗျားရဲ့ လက်စားချေမှုက ပြည့်စုံမယ် မထင်ဘူးဗျ... ဘာလို့လဲဆိုတော့ ခင်ဗျား ပြောသလိုပဲ... ကျွန်တော်က နှလုံးသားမရှိတဲ့ ကောင်လေ”
“ကိုယ့်အဖေအရင်း သေတာတောင်မှ ဂရုမစိုက်ခဲ့တဲ့ကောင်က... ခင်ဗျားရဲ့ စကားတွေကို ဂရုစိုက်ပါ့မလား”
“အဲဒါကလည်း ရှင်နဲ့ ပတ်သက်ပြီး ကျွန်မ နားမလည်နိုင်တဲ့ အချက်ပဲ”
ယွီလင်းရှင်းက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“အရင်တုန်းကတော့ ရှင်က အရာရာကို လျစ်လျူရှုထားခဲ့တယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး ရုတ်တရက် ပြောင်းလဲသွားတယ်”
“အဲဒီနောက်ပိုင်း အပျော်အပါး နေရာတွေကို မသွားတော့ဘူး... အဲဒီအစား သိုင်းပညာကို ပြန်လေ့ကျင့်လာတယ်”
“ရေကန်ဘေးက ရှင့်ရဲ့ လက်သီးချက်ကို ကျွန်မ ကွက်ကွက်ကွင်းကွင်း မှတ်မိနေတုန်းပဲ”
“ရွှမ်ကျီတောင်ကြား တိုက်ပွဲမှာ... ရှင်က တပ်မှူးကြီး သုံးယောက်စလုံးကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တယ်... အဲဒီကိစ္စက တုန်းချန် မိစ္ဆာဂိုဏ်းတွေ ကြားမှာတောင် ရေပန်းစားနေတဲ့ အကြောင်းအရာပဲ”
“အဲဒီ မိစ္ဆာမျိုးဆက်တွေက ရှင့်ကို အရမ်း သတိထားနေကြတယ်”
“တကယ်လို့ ရှင်သာ အရင်လို ဘာမှမသိတဲ့ လူပျော်လူပါးလေး ဖြစ်နေတုန်းဆိုရင်... ကျွန်မ လော့ရှားမြို့ကို လာပြီး ရှင့်ကို ကောင်းကောင်း ဆုံးမပေးလိုက်ရုံလောက်ပဲ ရှိမှာ”
“ဒါပေမဲ့ အခု ရှင်က အလင်းရောင်ကို မြင်တွေ့သွားပြီး... အတွေးအမြင်သစ်တွေ ရှိလာပြီဆိုတော့... အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ရင် ရှင်.. အရင်လို နေနိုင်တော့မှာ မဟုတ်ပါဘူး”
“ဒါဆိုရင် ကျွန်မ ရည်ရွယ်ချက် ပြည့်မြောက်သွားပြီ”
“ဒါ့အပြင်... ရှင်နဲ့ ရှင့်ရဲ့ အဖော်တွေ ကျွန်မ နောက်ကို လိုက်လာကြတာ... အမှန်တရားကို ဖော်ထုတ်ချင်လို့ မဟုတ်လား”
ဆုမို ခေါင်းညိတ်လိုက်၏။
“ဒါဆိုရင်... ကျွန်တော်က ခင်ဗျားကို ကျေးဇူးတင်ရမှာပေါ့”
“...”
ယွီလင်းရှင်း တိတ်ဆိတ်သွားသည်။
မိဘများအတွက် လက်စားချေခြင်းနှင့် မျိုးနွယ်စု ပြိုကွဲ..ပျက်စီးရခြင်းအတွက် အမုန်းတရားများကို သူမ မဖြစ်မနေ ပေးဆပ်ရပေမည်။
ဆုထျန်းယန်နှင့် သူမ၏ ဖခင်ကြားတွင် မည်သို့သော ဆက်နွယ်မှု ရှိခဲ့သည်ကို သူမ မသိရသော်လည်း... ထိုအရာသည် အလွန် အရေးပါကြောင်း ထင်ရှားနေပေသည်။
ယွီမိသားစု ပျက်စီးရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
သို့သော် ဤဖြစ်ရပ်ကို သူမ မည်မျှပင် မုန်းတီးစေကာမူ... ဒါက အတိတ်က သူမဖခင်၏ ရွေးချယ်မှုသာ ဖြစ်ပေသည်။
ဆုထျန်းယန်နှင့် ယန်ရီဇီတို့ နှစ်ဦးစလုံးသည် ယွီမိသားစုအား ဤကဲ့သို့ ကပ်ဘေးဆိုက်စေလိုသော ဆန္ဒမရှိကြောင်း သူမ သိနားလည်ထားသည်။
သို့မဟုတ်ပါက သူတို့သည် သူမနှင့် သူမ၏ မောင်ငယ်ကို ကယ်တင်ရန် မိုင်ပေါင်းထောင်ချီ ခရီးနှင်လာကြမည် မဟုတ်ပါချေ။
သို့သော် သိုင်းလောကတွင် အရာအားလုံးက မည်သို့ ချောမွေ့နိုင်ပါမည်နည်း။
ထို့ကြောင့် သူမ၏ ရင်ထဲမှ မကျေနပ်မှုများသည်... ရက်စက်စွာ သတ်ဖြတ်ခြင်းဖြင့် ဖြေဖျောက်ရမည့် အဆင့်ထိ မရောက်သော်လည်း... ဤနာကြည်းမှုကို မျိုသိပ်ထားရန်မှာ မလွယ်ကူလှပါ။
ထို့ကြောင့် သူမအနေဖြင့် ဆုမို သိလိုသမျှကို ဤနည်းဖြင့် အသိပေးလိုက်ခြင်းက အကောင်းဆုံးပင်။
ယန်ရီဇီက ဆုမိုနှင့် ယန်ရှောင်ယွင်တို့အပေါ် ပေးထားသော ကာကွယ်မှု မှန်သမျှကို အရာမထင်အောင် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။
ဒါက သူမ၏ ဒေါသကို ထွက်ပေါက်ပေးလိုက်ခြင်း တစ်မျိုးတည်း။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ သူမနောက်သို့ တကောက်ကောက် လိုက်ပါလာခြင်းကြောင့် သူမ မပြောဘဲ ချန်ထားခဲ့သော အရာများလည်း ရှိနေသေးသည်။
သူတို့သည်လည်း ဤကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းမှုကို လိုလားနေကြသည်မှာ ထင်ရှားနေပေ၏။
သို့မဟုတ်ပါက သူမသည် ဆုမိုနှင့် ဤစကားဝိုင်းကို ပြောဆိုရန် လော့ရှားမြို့အထိ တကူးတက လာရောက်မည် မဟုတ်ချေ။
သို့သော် ဤခံစားချက်များ၏ ရှုပ်ထွေးပွေလီမှုသည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် နက်ရှိုင်းလှပေသည်။
“မိန်းကလေးယွီ... ခင်ဗျားရဲ့ အစီအစဉ်တွေ အဆင်သင့် ဖြစ်ပြီဆိုရင်... သုံးပါးအစွန်းရောက် ဂိုဏ်းသားတွေ ဘယ်မှာ ရှိလဲဆိုတာ ခင်ဗျား သိလား”
“ရှင် ဘာလုပ်ချင်လို့လဲ”
ယွီလင်းရှင်းသည် ထိုမေးခွန်းကြောင့် အံ့အားသင့်သွားသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ဆုမို စကားစလိုက်၏။
“အဆုံးမဲ့ဓား ထုန်းယွင် ပျောက်ဆုံးသွားတာက... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတိတ်ဟောင်း တစ်ခုနဲ့ ဆက်နွယ်နေတယ်”
“တစ်ခါတုန်းက သံတူကြီး သိုင်းသမား တစ်ယောက်က ထုန်းယွင်ကို စိန်ခေါ်ခဲ့ပြီး... ရှုံးနိမ့်သွားတဲ့အခါ စိတ်ပျက်လက်ပျက်နဲ့ သေဆုံးသွားခဲ့တယ်... မသေခင်မှာ သူ့သားကို ထုန်းယွင်ဆီကနေ လက်စားချေဖို့ မှာကြားခဲ့တယ်...”
သူသည် ဖြစ်ရပ်ကို အကျဉ်းချုံး ပြောပြလိုက်၏။
ထို့နောက် ဆက်ပြောလလာသည်။
“ဒီမတိုင်ခင်တုန်းက အဲဒီလူရယ်၊ ကောင်းကင်ဓားဂိုဏ်းက ဖုန်းပိုင်ချွမ်း ရယ်၊ မြောက်ပိုင်းဒေသက ဖူဟန်ယွမ်် ရယ် ပူးပေါင်းပြီး ထုန်းယွင်ကို လိုက်ရှာနေကြတယ်... သူတို့က လက်ဖက်ရည်ဆိုင် အပြင်ဘက်မှာ ဟွိုင်တောင် ကျားငါးကောင်ကို ဖမ်းမိခဲ့ပြီး... အတိတ်က အကြောင်းအရာတွေကို သိသွားကြပြီ”
“ဒါကြောင့်... သူတို့လည်း အခုချိန်မှာ ဒီနေရာကို အပြေးအလွှား လာနေကြလောက်ပြီ”
“တကယ်လို့ သူတို့က အချိန်မတော် ရောက်လာပြီး... ခင်ဗျားရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုက်မယ် ဆိုရင်...”
ယွီလင်းရှင်းသည် တိတ်ဆိတ်စွာ နားထောင်နေပြီး... ဆုမိုကို ခေတ္တမျှ တည်ငြိမ်စွာ စိုက်ကြည့်နေလိုက်၏။ ထို့နောက် ခပ်ရေးရေး ပြုံးလိုက်၏။
“ရှင့်ကို ဒီအကြောင်းတွေ ပြောပြလိုက်မိတာ... နောင်တရချင်သလိုတောင် ဖြစ်လာပြီ...”
“အတိတ်က ရှင်ဆိုရင်တော့ မထိုက်တန်ပါဘူး... ဒါပေမဲ့ အခု ဆုမိုကတော့ တန်ဖိုးရှိသွားပြီ ထင်ပါရဲ့…”
အခန်း (၂၇၉) - ကောင်းကင်ဂိုဏ်းချုပ် (၂)
~“...”
ဆုမိုသည် နားမလည်နိုင်စွာဖြင့် မျက်တောင်ကို တဖျပ်ဖျပ် ခတ်လိုက်မိသည်။
“စိတ်ချပါ”
ယွီလင်းရှင်းက ခပ်ပြုံးပြုံး ဖြင့် ဖွင့်ဟဝန်ခံ လိုက်၏။
“သူတို့နဲ့အတူ ပါလာတာက ကျိဖေးယန် ပါ... ကျိဝမ်လီ သေဆုံးသွားတဲ့အတွက် သူ့ကို ကျွန်မ ရှင်းပြချက်တစ်ခု ပေးရမယ်လေ... ဒါကြောင့် ဒီလူစုရဲ့ အခြေအနေကို ကျွန်မ အနည်းနဲ့အများ နားလည်ထားပြီးသားပါ... ဒီရက်ပိုင်း ချန်းဖုန်းတောင်ကြား အပြင်ဘက်မှာ နေ့ရောညပါ ကျွန်မ စောင့်ကြပ်နေခဲ့တာက ဒီကိစ္စကို ကာကွယ်ဖို့ပဲ”
“အကယ်၍ သူတို့ တကယ်ရောက်လာခဲ့ရင်... ကျွန်မ သူတို့ကို ဒီနေရာ ခေါ်လာခဲ့ပါ့မယ်”
“ဒါဆိုရင်တော့ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ”
ဆုမိုက ကျေးဇူးတင်သော မျက်လုံးဖြင့် တစ်ချက်ကြည့် ကာ လက်သီးဆုပ်၍ အရိုအသေ ပြုလိုက်၏။
ယွီလင်းရှင်းက လက်ကာပြလိုက်၏။
“ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ”
“ဒါဆိုရင်လေ... ကျွန်တော့်ဘက်က နောက်ထပ် တောင်းဆိုစရာလေး တစ်ခု ရှိနေသေးတယ်...”
“ပွင့်ပွင့်လင်းလင်းသာ ပြောပါ”
“အချိန်ကျလာရင်... မိန်းကလေးယွီ အနေနဲ့ ကျွန်တော်တို့ကို အသိပေးစေချင်ပါတယ်... ကျွန်တော်တို့လည်း ပွဲကြည့်ပရိသတ် လုပ်ချင်လို့ပါ...”
“ဒါ့အပြင်... ဦးလေးယန် နဲ့ ဆွေးနွေးစရာကိစ္စတွေ အများကြီး ရှိနေပေမယ့်... သူ့ရဲ့ စိတ်ထားနဲ့ အခုချိန်သွားတွေ့ရင် ကိစ္စတွေ ပိုရှုပ်ကုန်လိမ့်မယ်”
'ဒီအဘိုးကြီးက ဒေါသထွက်လာရင် ဘာမဆို လုပ်မယ့်လူမျိုး... အခြေအနေတွေ ငြိမ်သက်သွားမှ ပေါ်လာတာက ပိုကောင်းလိမ့်မယ်... မဟုတ်ရင် ယွီလင်းရှင်းရဲ့ စနစ်တကျ အကွက်ချ ထားတဲ့ အစီအစဉ်တွေ လွဲချော်ကုန်လိမ့်မယ်'
ဆုမိုမှာ တွေးတောရင်း ထပ်မံ၍ အရိုအသေ ပြုလိုက်ပြန်သည်။
“ကောင်းပါပြီ”
ယွီလင်းရှင်းက ချက်ချင်းပင် သဘောတူလိုက်ပြီး ဆုမိုကို တစ်ချက် လှမ်းကြည့်လိုက်၏။
“ဒါဆိုရင်လည်း ရှင်တို့ ဒီမှာပဲ ခဏနားနေလိုက်ကြပါဦး... ဒီနေရာက လျှို့ဝှက်ပါတယ်... ကျွန်မနဲ့ ချီလင် ပဲ သိတာပါ... စိတ်ချလက်ချသာ နားကြပါ... သွားခွင့်ပြုပါဦး”
“ကောင်းပါပြီဗျာ”
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် လက်သီးဆုပ်ကာ ယွီလင်းရှင်းကို နှုတ်ဆက်လိုက်ကြ၏။
သူမ ထွက်ခွာသွားသည်နှင့် ဆုမိုက ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်ပြီး မသိမသာ ရေရွတ်လိုက်သည်။
“ဦးလေးယန် နဲ့ ဝူတောက်ယိုကြားက ဆက်ဆံရေးက တကယ်တမ်း ဘယ်လိုပုံစံမျိုးလို့ အစ်မ ထင်လဲ”
မေးခွန်းက ရုတ်တရက် ဆန်လွန်းသော်လည်း ယန်ရှောင်ယွင်က ဆုမို ဆိုလိုရင်းကို နားလည်လိုက်၏။
တလျှောက်လုံး သူတို့စိတ်ထဲတွင် ယန်ရီဇီ နှင့် ဝူတောက်ယို တို့သည် မဟာမိတ်များသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ သူတို့ မက်မောနေသည်က လော်ဖုန်းမဟာမိတ်အဖွဲ့ ၏ ခေါင်းဆောင် နေရာဟု ယူဆခဲ့ကြ၏။
သို့သော် အကယ်၍ ထိုသို့သာ မှန်ကန်ခဲ့လျှင် ဝူတောက်ယို က ဘာကိစ္စကြောင့် ဒီအရှုပ်ထုပ်ထဲ ဝင်ပါနေရသနည်း။
လက်ရှိ အခြေအနေကို ကြည့်ရသည်မှာ ဝူတောက်ယို သည် ယန်ရီဇီ ပစ်ချလိုက်သော ‘ငါးစာ’ တစ်ကောင်အဖြစ်သာ ရှိနေပုံရသည်။
အပေါ်ယံတွင် ဝူတောက်ယို အတွက် လမ်းဖောက်ပေးရန် တုန်းချန် သို့ လာသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ သုံးပါး အစွန်းရောက်ဂိုဏ်းကို ရှင်းလင်းရန် ရည်ရွယ်ချက် ရှိနေသည်။
ဝူတောက်ယို ဆိုလျှင်လည်း လိုအပ်သလို လူအင်အား ထုတ်ပေးပြီး မဟာမိတ်ခေါင်းဆောင် (၃) ဦးထဲမှ တစ်ဦး ဖြစ်ပါလျက် ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်ဘဲ ပါဝင်ပတ်သက်နေလေ၏။
ဤအချက်များကို ထောက်ချင့်ကြည့်လျှင် ထိုလူနှစ်ဦး၏ ဆက်ဆံရေးသည် သူတို့ ထင်ထားသည်ထက် များစွာ ပိုမို ရှုပ်ထွေး နက်နဲနေကြောင်း ယုံမှားဖွယ်မရှိ ပေ။
“အင်း... ငါ မှတ်မိနေတဲ့ အဖေနဲ့ အခုလက်ရှိ..အဖေက လုံးဝကို ကွဲပြား ခြားနားနေပြီလို့ ခံစားမိတယ်”
ယန်ရှောင်ယွင်က စိတ်ဓာတ်ကျဆင်း စွာဖြင့် သက်ပြင်းချလိုက်၏။
“သူတို့က ငါတို့ကို လျှို့ဝှက်ထားတာတွေ အရမ်းများလွန်းတယ်...”
“ခုနက မိန်းကလေးယွီ ပြောသွားတာတွေ အများကြီးပဲ... သူက အာဃာတကြောင့်ပဲ ဖြစ်ဖြစ်၊ နာကျည်းချက်ကြောင့်ပဲ ဖြစ်ဖြစ် ပြောတာ ထားဦး...”
“အနည်းဆုံးတော့ သူက ဘာမှ မသိဘဲ နေနေတာ မဟုတ်ဘူး”
“သူက အဖြစ်အပျက်
တော်တော်များများကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်... သူ့ရန်သူက ဘယ်သူလဲ ဆိုတာ သိသလို... ဘယ်လို လက်စားချေ ရမလဲ ဆိုတာလည်း သိတယ်”
“ဒါပေမဲ့ ငါတို့ကျတော့... ဦးလေးဆု သေဆုံးမှုရဲ့ နောက်ကွယ်မှာ တခြား အကြောင်းအရင်းတွေ ရှိနေရင်... ပြီးတော့ အဖေကသာ အဲ့ဒီကိစ္စကြောင့် တကယ် သေဆုံးခဲ့ရတာ ဆိုရင်...”
ဆုမိုက ခပ်ပြုံးပြုံး ဖြင့် ပြောလိုက်သည်။
“ဘယ်သူ့ကို သွားပြီး
လက်စားချေရမှန်းတောင် သိမှာ မဟုတ်ဘူး”
“ဒီကိစ္စ ပြီးသွားရင်တော့... ဦးလေးယန် က ကျွန်တော်တို့ကို ကျိုးကြောင်း ဆီလျော်တဲ့ ရှင်းပြချက် တစ်ခု ပေးရလိမ့်မယ်”
“...အကယ်၍ သူက မပြောပြဘူး ဆိုရင်ရော”
မေးခွန်းထုတ်ရင်း၊ ယန်ရှောင်ယွင်က ဆုမိုကို စူးစိုက်ကြည့်လိုက်၏။
“အင်း...”
ဆုမိုက ခပ်တွေတွေ.. စဉ်းစားပြီးနောက် အကြံတစ်ခု ပေးလိုက်၏။
“ဒါဆိုရင်... ဒုက္ခသည်များ သိုင်းကျမ်းနဲ့ စမ်းသပ်ကြည့်ရင် မကောင်းဘူးလား”
ထိုစကားအား ကြားလိုက်ရသည့်အခါ၊ ယန်ရှောင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက်... စိတ်ဝင်စားသွားသည့်ပုံစံဖြင့် ပြန်မေးလိုက်သည်။
“ကျွန်မတို့... တကယ်ပဲ စမ်းကြည့်ကြမလို့လား”
“ကြည့်ရတာ... အစ်မရဲ့ လေလုံ ဂွမ်းကပ်အင်္ကျီလေးက လေတွေ တဟူးဟူး ဝင်နေပြီ ထင်ပါရဲ့”
(မှတ်ချက် - ဖခင်ဘက် မပါဘဲ ချစ်သူဘက် ပါသော သမီးကို တင်စားခြင်း ဖြစ်ပါသည်။)
ဆုမိုက မျက်လုံးအိမ် လှန်ပြလိုက်၏။
ထိုစဉ် ဘေးနားမှ ကျန်းရှောင်ရှောင် သည် သူမ၏ ဗိုက်ကိုပွတ်ရင်း ဝမ်းနည်းပက်လက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ရှောင်ရှောင်... ဘာဖြစ်လို့လဲ”
ဟု ဆုမိုက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“ကျွန်မ ပိန်သွားသလိုပဲ...”
ကျန်းရှောင်ရှောင်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာ၏။
“ဒီလောက် ဝဖိုင့်လာအောင် ကျွန်မ သည်းကြီးမည်းကြီး ကြိုးစားထားရတာကို... အခု ပြန်ပိန်သွားရတော့မှာလား”
“...”
“...”
ဆုမိုနှင့် ယန်ရှောင်ယွင်တို့မှာ စကားလုံးများ ပျောက်ရှသွားပြီးနောက်... ယန်ရှောင်ယွင်က ချော့မော့ပြောဆို လိုက်ရသည်။
“ဒါဆို... စားစရာ တစ်ခုခု သွားရှာကြမလား”
“ချန်းဖုန်းတောင်ကြား က အပေါ်ယံ ကြည့်ရင် အေးချမ်းသလို ရှိပေမယ့်... တကယ်တမ်းက ရေအောက်လှိုင်းတွေလို အန္တရာယ်များတယ်... အခုထွက်သွားရင် သတိထားမှ ဖြစ်မယ်... ညရောက်တဲ့အထိ စောင့်လိုက်တာ ပိုကောင်းမယ် ထင်တယ်”
ယန်ရှောင်ယွင်က ချက်ချင်းပင် ခေါင်းညိတ် ထောက်ခံလိုက်၏။ ကျန်းရှောင်ရှောင် မှာ ဗိုက်ဆာနေသော်လည်း ဆုမိုကို ဒုက္ခမပေးလိုသဖြင့် မျက်တောင် ကလယ်ကလယ်ဖြင့် ငြိမ်သက်စွာ စောင့်ဆိုင်းနေရှာသည်။
သို့သော် ထိုင်စောင့်နေရုံဖြင့် မပြီးပေ။ ဂူအတွင်းပိုင်းသည် ကျဉ်းမြောင်းပြီး ပတ်ဝန်းကျင် အခြေအနေကို မမြင်ရသဖြင့် စိတ်မချရပေ။
ထို့ကြောင့် ဆုမို၊ ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်တို့သည် ဂူထဲမှ ထွက်လာပြီး ရေတံခွန် ဝင်ပေါက်ကို စီးမိုးမြင်ရသည့် ကုန်းမြင့်တစ်ခုပေါ်တွင် နေရာယူလိုက်ကြ၏။
ညရောက်လာသည်နှင့် သူတို့ အစာရှာထွက်ရန် ပြင်ဆင်နေစဉ်မှာပင်... လူတစ်ယောက် ဦးစွာ ရောက်ရှိလာ၏။
ထိုလူသည် ရေတံခွန်ကို ဖြတ်သန်းဝင်ရောက်လာပြီး မျက်နှာပေါ်မှ ရေများကို သပ်ချလိုက်သည်။
“ဒီလို ရာသီဥတု အေးစက်စက်ကြီးမှာ ဒီလို နေရာမျိုး လာရတယ်လို့... သူက တကယ့်ကို အကြံပိုင်လွန်းတာပဲ”
ရေရွတ်ရင်းဖြင့် ထိုလူသည် ဂူအတွင်းသို့ ဝင်ရောက်လာ၏။
အရပ်အမောင်း မြင့်မားပြီး ပခုံးပေါ်တွင် ဓားတစ်လက် ထမ်းထားသည်။ ထိုဓားသည် သာမန်ဓား မဟုတ်... (၇) ပေတိတိ ရှည်လျားသော ဓားရှည်ကြီး ဖြစ်ပေသည်။
ဓားရှည်ကြီး၏ အခြားတစ်ဖက်တွင်တော့ အစားအစာများ ထည့်ထားသော ခြင်းတောင်းတစ်ခုကို ချိတ်ဆွဲထား၏။
သူသည် ကျော်ကြားလှသော
(၇ ပေ နက်မှောင်အလင်းဓားကြီးကို ထမ်းပိုးအဖြစ် ပြောင်းလဲ အသုံးပြုထားခြင်းပင်။
ကုန်းမြင့်ပေါ်မှ လူသုံးယောက် ဆင်းလာသည်ကို မြင်သောအခါ ထိုလူသည် မျက်နှာ ကွက်ခနဲ ပျက် သွားပြီး ဂူထဲတွင် ဟိုရှာဒီရှာ လုပ်နေမိသည်။
“ဘယ်ရောက်ကုန်ကြတာလဲ”
“ဒီမှာလေ”
ဆုမိုက လှမ်းခေါ်လိုက်၏။
ချီလင်ဓားသမားသည် နောက်သို့ ချာခနဲ လှည့်ထွက်လိုက်ပြီး နှုတ်ခမ်းများ တွန့်ရွသွားသည်။
“ဗိုက်ဆာနေကြပြီ မဟုတ်လား... စားစရာ နည်းနည်း ယူလာခဲ့တယ်”
ချီလင်ဓားသမားက ခြင်းတောင်းကို ချလိုက်သည်နှင့် တပြိုင်နက်... ကျန်းရှောင်ရှောင် သည် သူမ၏ ဝဖိုင့်သော ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင် လိပ်ပြာ တစ်ကောင် ပမာ ပေါ့ပါးသွက်လက်စွာ ရွေ့လျားလိုက်ပြီး ခြင်းတောင်းဘေးသို့ ရိပ်ခနဲ ရောက်ရှိသွားသည်။
ထို့နောက် ပေါင်မုန့်ပြားကြီး တစ်ချပ်ကို ကောက်ယူကာ သည်းကြီးမည်းကြီး ကိုက်ဝါးလိုက်တော့သည်။
တစ်ကိုက်တည်းနှင့် သူမ၏ မျက်နှာနီးပါးကြီးမားသော ပေါင်မုန့်ပြားကြီးမှာ သုံးပုံနှစ်ပုံခန့် ပါသွားပြီး လခြမ်းကွေး ပုံသဏ္ဍာန်သာ ကျန်ရစ်တော့၏။
ထိုမြင်ကွင်းကို ကြည့်ပြီး ချီလင်ဓားသမား၏ မျက်နှာမှာ အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။ သူသည် အလိုအလျောက် ခြေလှမ်းကျဲကျဲဖြင့် နောက်သို့ ဆုတ်လိုက်မိပြီး ဆုမိုကို အူတူတူ ကြည့် လိုက်တော့၏။