အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
အခန်း (၂၈၀) - ကောင်းကင်ဂိုဏ်းချုပ် (၃)
~“ဒီသူရဲကောင်းကြီးက လူသားစားတာတော့ မဟုတ်ပါဘူးနော်”
“အဲဒါက မင်းရဲ့ အပြုအမူအပေါ် မူတည်တာပေါ့ကွ”
ဆုမိုက မျက်ခုံးကို ပင့်တင်လိုက်ရင်း မေးလိုက်၏။
“ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”
“ငါက ဘာလို့ လာလို့ မရရမှာလဲ... ဒါမှမဟုတ် ငါ့ညီမလေးက လာပို့ပေးတဲ့ ထမင်းကျမှ မင်းက စားချင်တာလား... ငါ အကြံပေးချင်တာကတော့ ကိုယ့်ပန်းကန်ထဲက ထမင်းစားနေတုန်း မီးဖိုပေါ်က ဟင်းအိုးကို သွားမငေးနဲ့ ဆိုတာပဲ”
ချီလင်ဓားသမား က ဘုတောကာ ..သူ၏ ဓားရှည်ကြီးကို ပေါ့ပေါ့ပါးပါး လှည့်ကစားလိုက်ပြီး ထိုင်စရာ နေရာ တစ်ခု ရှာနေလေ၏။
“အချိန်တန်ရင် မင်းကို အသိပေးပါ... ပွဲကြည့်ချင်တယ် ဆိုပြီး မင်းကိုယ်တိုင်ပဲ ပြောခဲ့တာလေ”
“ဒါကြောင့် ယွီလင်းရှင်း က ငါ့ကို မင်းတို့နဲ့အတူ လာနေခိုင်းလိုက်တာ... အချိန်ကျရင် အဲဒီနေရာကို ခေါ်သွားပေးဖို့ပေါ့”
“မဟုတ်ရင် မင်းတို့က တည်နေရာအမှန်ကိုတောင် သိတာမှ မဟုတ်တာ... ပါးစပ်က ပြောပြနေရုံနဲ့ ဘာအသုံးဝင်မှာလဲ”
ဆုမိုက သူ၏ တောင်းဆိုချက်မှာ အနည်းငယ် လွဲချော်သွားသလို ခံစားလိုက်ရသော်လည်း ခေါင်းကိုသာ ခါလိုက်တော့သည်။ သူနှင့် စကားနိုင်လု ငြင်းခုံမနေချင်တော့ပေ။
“ဦးလေးယန် ရော... ဘယ်လိုလဲ”
“ဒါပေါ့... ဒီအခြေအနေကို သူ ဘယ်သိမလဲ”
ချီလင်ဓားသမားက ဆုမိုကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အသက်ဝင်သော အမူအရာများ ပေါ်ပေါက်လာ၏။
“အင်း…မင်း ငါ့ကို မေးမယ်ဆိုရင်တော့... ယန်ကြီးက သိုင်းပညာရော ဉာဏ်နီဉာဏ်နက်ရော ပြည့်စုံပေမယ့်... တော်တော်များများကိုတော့ အခြေအနေအရ ထုတ်သုံးလိုက်ရတယ်လို့ ငါ ခံစားမိတယ်... ဒါပေမဲ့ အဲဒါကပဲ အတော်လေး အထင်ကြီးစရာ ကောင်းနေပြန်ရော”
“ဒါပေမဲ့ မင်းကတော့ သူ့ကို လှည့်စားနိုင်ခဲ့သေးတယ်နော်”
“အဲဒီတုန်းက တောအုပ်ထဲမှာ မင်း တကယ် ရှိနေခဲ့တာလား”
“အစ်ကိုကြီးချီလင် ရဲ့ စွမ်းရည်ပြသမှုကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရတာ တကယ့်ကို ကံကောင်းခြင်းပါပဲဗျာ”
ဆုမိုက ခပ်ပြုံးပြုံး ဖြင့် ပြန်ဖြေလိုက်၏။
“...ရှက်စရာတွေပါကွာ... တကယ် ရှက်စရာတွေပါ”
ချီလင်ဓားသမားက လက်ကာပြလိုက်၏။
“အဲဒီ လျိုယွင် စာပေပညာရှင် က တော်တော် ကောက်ကျစ်တာကွ... ငါနဲ့ တိုက်တုန်းကဆို တော်တော်လေးကို မရိုးမသား လုပ်တာ... သူက ထွက်ပြေးဖို့လောက်ပဲ စဉ်းစားနေတာ... ငါတောင် သူ့ရဲ့ လှည့်စားမှုကို ခံလိုက်ရမလို ဖြစ်သွားသေးတယ်”
“ဒါပေမဲ့ ငါ့အမြင်မှာတော့... သူက ကိုယ့်ဉာဏ်နဲ့ကိုယ် သေမယ့်ကောင်ပါပဲ”
“ထွက်ပြေးဖို့ပဲ အာရုံစိုက်နေတော့ ယန်ကြီးရဲ့ သိုင်းကွက်တွေထဲက အန္တရာယ်တွေကို သူ သတိမထားမိလိုက်ဘူး”
“ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲပြီး... နောက်ဆုံးတော့ ကံဆိုးမိုးမှောင် ကျသွားရတာပေါ့ကွာ”
“...”
ယန်ရှောင်ယွင် တစ်ယောက် မျက်မှောင်ကြုတ်လျက် နားထောင်နေမိသည်။
'ဒီလူက ဘာလို့ ငါ့အဖေကို ယန်ကြီး... ယန်ကြီးနဲ့ ပါးစပ်ထဲ ရှိရာ လျှောက်ခေါ်နေရတာလဲ'
ချီလင်ဓားသမားကတော့ ယန်ရှောင်ယွင်၏ အမူအရာကို ဂရုမစိုက်ဘဲ ဆုမိုနှင့်သာ ဆက်လက် စကားလက်ဆုံကျနေသည်။
သူတို့ကြားတွင် ဟိုးယခင်ကတည်းက ဆက်နွှယ်မှု တစ်ခု ရှိခဲ့သည်မှာ အမှန်ပင်။
ဆုမို သေချာ ပြန်စဉ်းစားကြည့်လိုက်သောအခါ... ၊
သူ.. သိုင်းလောကထဲသို့ ဝင်ရောက်လာကတည်းက အပေါ်ယံတွင် ယွီလင်းရှင်း၊ ချီလင်ဓားသမား တို့နှင့် ပတ်သက်မှု မရှိသလို ထင်ရသော်လည်း... သေချာ ဆန်းစစ်ကြည့်လျှင် သူတို့၏ အရိပ်အယောင်များသည် နေရာတိုင်းတွင် ရှိနေခဲ့သည်။
ဤသို့ စကားစမြည်ပြောနေရင်းဖြင့် ဆုမိုသည် ချီလင်ဓားသမားထံမှ သတင်းအချက်အလက် တချို့ကို စနစ်တကျ အကွက်ချ ပြီး စုံစမ်းရန် ကြိုးစားလိုက်၏။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုသူ သိထားသည်ကလည်း အကန့်အသတ်နှင့်သာ ရှိနေ၏။
လွန်ခဲ့သော နှစ်ကာလများအတွင်း သူတို့၏ အတွေ့အကြုံများနှင့် ပတ်သက်၍ ယွီလင်းရှင်းရော ချီလင်ဓားသမားပါ ဘာကိုမှ ဖုံးကွယ်မထားခဲ့ကြပေ။ သို့သော် လွန်ခဲ့သော နှစ် (၂၀) က အဖြစ်အပျက် အတိအကျကိုမူ သူတို့လည်း ဆုမိုကဲ့သို့ပင် ဝေဝါးနေဆဲ ဖြစ်၏။
ယခုအချိန်သည် ထိုကိစ္စများကို ခေါင်းရှုပ်ခံ စဉ်းစားနေရမည့် အချိန်မဟုတ်သေး။
သူ၏ ပြင်ဆင်မှုများ အားလုံး အဆင်သင့် ဖြစ်နေပြီ။ ရန်သူများ ထောင်ချောက်ထဲသို့ ဝင်လာမည့် အချိန်ကို စောင့်ဆိုင်းရန်သာ လိုတော့သည်။
ပြဿနာ ဟူသမျှကို ကိစ္စပြီးမှ ဖြေရှင်းကြမည်ပင်။
*
ဤသို့ စောင့်ဆိုင်းခြင်းသည်... (၃) ရက် တိတိ ကြာမြင့်သွားခဲ့သည်။
သုံးပါး အစွန်းရောက်ဂိုဏ်း ၏ ဂိုဏ်းချုပ်သည် သဘာဝအတိုင်း သတိကြီးသူ ဖြစ်ရာ ဆုမိုထက်ပင် မလျော့နည်းပေ။
မန်ဒရင်းဘဲစာရင်းကို ရရှိပြီးသည့်တိုင် သူသည် (၃) ရက်တိတိ စောင့်ဆိုင်းခဲ့သေးသည်။ နောက်ဆုံးတွင်တော့ ချီလင်ဓားသမားထံသို့ ညီမဖြစ်သူ ယွီလင်းရှင်း၏ သတင်းစကား ရောက်ရှိလာလေတော့၏။
သူတို့သည် ဆုမိုနှင့် အခြားတစ်ယောက်ကို ခေါ်ဆောင်ကာ ရေတံခွန်ဂူ မှ ချက်ချင်း ထွက်ခွာခဲ့ကြသည်။ တောင်ကြားလမ်းအတိုင်း လျှောက်လှမ်းပြီး ထိုလျှို့ဝှက်နေရာသို့ ရှာဖွေသွားရာ မကြာမီပင် ရောက်ရှိသွားကြ၏။
သူတို့ ရပ်နေသော နေရာသည် အတော်လေး မြင့်မားသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ... ပျက်စီး ယိုယွင်းနေသော နံရံများနှင့် အမိုးကြွပ်ပြား အကျိုးအပဲ့များကို မြင်တွေ့လိုက်ရ၏။
“ဒါက ငါ့အိမ်ရဲ့ နောက်ဖေးတောင်ကုန်းပဲ... အရင်တုန်းကတော့ ဘိုးဘေး ခန်းမဆောင် ရှိခဲ့တဲ့ နေရာပေါ့... အောက်ဘက်မှာ ယွီမိသားစုရဲ့ ဘိုးဘေး သင်္ချိုင်းဂူတွေ ရှိတဲ့ မြေအောက်နန်းတော် ရှိတယ်”
“ငယ်ငယ်တုန်းကဆိုရင် နှစ်တိုင်း ချင်းမင် ရောက်တိုင်း ဘိုးဘေးကန်တော့ဖို့ ငါတို့ ဒီနေရာကို လာခဲ့ကြရတာ”
“ယွီမိသားစု ပျက်စီးသွားပြီးတဲ့နောက် ဒီနေရာကို ဘယ်သူမှ ရှာမတွေ့ခဲ့ကြဘူး”
“ရွှေကျောက်စိမ်းကတော့ အကြောင်း သိပြီးတဲ့နောက် ငါတို့နှစ်ယောက် ပေါင်းပြီး ဒီမြေအောက်နန်းတော်ကို အနည်းငယ် ပြုပြင်မွမ်းမံခဲ့ကြတယ်... တော်တော်လေးကို အားစိုက်ထုတ်ခဲ့ရတာကွ”
“ယွီမိသားစုရဲ့ ဘိုးဘေးတွေကို ကန်တော့ဖို့အတွက် သုံးပါး အစွန်းရောက်ဂိုဏ်းသားတွေရဲ့ သွေးကို သုံးရတာ... တကယ့်ကို ထိုက်တန်လှပါတယ်”
ချီလင်ဓားသမားက ပြောနေရင်း သူ၏ ပုံမှန် ပေါ့ပေါ့ပါးပါး အမူအရာသည် ရုတ်ချည်း ပျောက်ကွယ် သွားပြီး လေးနက်သော အသွင်သို့ ပြောင်းလဲသွားလေ၏။ မျက်ဝန်းများထဲတွင်လည်း သည်းသည်းမည်းမည်း ခြေရာခံ လိုသော အာဃာတများ ပြည့်နှက်နေသည်။
အောက်ဘက်တွင်မူ ထိုအချိန်၌ အနက်ရောင်ဝတ် လူတစ်စုသည် တကယ်ပင် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုအနက်ရောင်ဝတ် လူများသည် ငြိမ်သက်မနေကြဘဲ အရပ်မျက်နှာ အသီးသီးသို့ ဖြန့်ခွဲနေရာယူထားကြ၏။ ဗဟိုချက်မ နေရာတွင်သာ လူအနည်းငယ် ကျန်ရစ်နေ၏။
အနက်ရောင်ဝတ် ခေါင်းဆောင်သည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် သစ်ကိုင်းခြောက် တစ်ချောင်းဖြင့် မြေကြီးပေါ်တွင် ပျင်းရိပျင်းတွဲ ခြစ်နေသည်။ ရံဖန်ရံခါ မော့ကြည့်လိုက်သော သူ၏ မျက်ဝန်းများတွင် ပျင်းရိငြီးငွေ့မှုများ အပြည့် တွေ့ရသည်။
သူ ဂရုမစိုက်ဘဲ နေနေစဉ်မှာပင်... ရုတ်တရက် လေတိုးသံ တစ်ခု တစ်ဟုန်ထိုး နီးကပ်လာလေ၏။
မော့ကြည့်လိုက်သောအခါ... ထူးခြားဆန်းပြားသော မိတ်ကပ်များ လိမ်းခြယ်ထားပြီး တောက်ပြောင်သော ဝတ်စုံများ ဝတ်ဆင်ထားသည့် လူ (၄) ယောက် ထမ်းလာသော ခမ်းနားထည်ဝါသည့် ပေါင်းမိုးတပ် ပလ္လင်တစ်ခု သူတို့ မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။
ပုံပန်းသဏ္ဍာန် ထူးဆန်းပြီး ဝတ်စားဆင်ယင်မှု ဘီလူးဆန်သော်လည်း သူတို့၏ သိုင်းပညာမှာ အလွန် အဆင့်မြင့်မားလှသည်။
ပလ္လင်ကို ထမ်းထားလျက်နှင့်ပင် သူတို့သည် အဆင့်မြင့် ကိုယ်ဖော့ပညာ ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြ၏။ မျက်တောင်တစ်ခတ် စာ အတွင်းမှာပင် သူတို့ ရောက်ရှိလာကြ၏။
ပလ္လင်ကို ချလိုက်သည်နှင့် ပန်းရောင် လိုက်ကာစများ အတွင်းမှ စာအုပ်တစ်အုပ်ကို ကိုင်လျက် ခပ်စောင်းစောင်း မှီထိုင်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
အောက်ဘက်တွင် ဆောင့်ကြောင့်ထိုင်နေသော လူက ကပျာကယာ မတ်တတ်ရပ်လိုက်၏။
“အဘိုးကြီးထျန် ...”
ပလ္လင်အတွင်းမှ လူသည်ကား... သုံးပါး အစွန်းရောက်ဂိုဏ်း၏ ကောင်းကင်ဂိုဏ်းချုပ် ပင် ဖြစ်ချေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချီလင်ဓားသမားသည် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။
“...ဒါ... သူမလား”
“ဘယ်သူလဲ”
ဆုမိုက အဝေးမှ လှမ်းကြည့်လိုက်ရာ ပလ္လင်ထဲတွင် လူတစ်ယောက်တည်း ရှိနေသည် မဟုတ်ကြောင်း ခံစားလိုက်ရ၏။
ယန်ရှောင်ယွင်၏ စိတ်ထဲတွင်တော့ ပလ္လင်ထဲမှ လူကို မြင်လိုက်ရုံဖြင့် အလိုအလျောက် မုန်းတီးစိတ်များ ဖြစ်ပေါ်လာလေ၏။ ထိုခံစားချက်သည် အကြောင်းပြချက် မရှိဘဲ ပေါ်ပေါက်လာသလို ယခင်က တစ်ခါမျှ မကြုံဖူးသော ခံစားချက်မျိုး ဖြစ်သည်။
လူတစ်ယောက်ကို အဝေးက လှမ်းကြည့်လိုက်ရုံဖြင့် ဤမျှလောက် ပြင်းထန်သော မုန်းတီးစိတ် ဖြစ်ပေါ်လာခြင်းသည် တကယ့်ကို ထူးဆန်းအံ့သြဖွယ်ရာပင်။
“ကျိလေ ကောင်းကင်နန်းတော် ရဲ့ ဒုတိယ နန်းတော်သခင်... ကူပိရန် ...”
ချီလင်ဓားသမား၏ နှုတ်ခမ်းများ လှုပ်ရွ သွားသည်။
“အဲဒီ ပလ္လင်က ကျိလေ ရတနာဆောင် လို့ ခေါ်တာ... ကျိလေ ကောင်းကင်နန်းတော် မှာ နန်းတော်သခင် နှစ်ပါးပဲ အသုံးပြုခွင့် ရှိတယ်... ရွှေရောင် နဲ့ ငွေရောင် အမိုးကို ကြည့်ပြီး ခွဲခြားနိုင်တယ်... ဒါက ငွေရောင် ဆိုတော့ သေချာပေါက် ဒုတိယ နန်းတော်သခင်ပဲ”
“သုံးပါး အစွန်းရောက်ဂိုဏ်း ရဲ့ ကောင်းကင်ဂိုဏ်းချုပ်က... ကျိလေ ကောင်းကင်နန်းတော် ရဲ့ ဒုတိယ နန်းတော်သခင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲကွ”
သူ စကားပြောနေစဉ်မှာပင် လိုက်ကာစများ ပွင့်ဟသွားပြီး လူတစ်ယောက်ကို ကျိလေ ရတနာဆောင် ရှေ့သို့ ပစ်လွှင့် လိုက်၏။
ထိုလူမှာ လယ်ကွင်းပြင်မှ တောင်သူကြီး တစ်ဦးနှင့် တူသော ရိုးသားသည့် ရုပ်ရည်ရှိသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်သည်။
သူသည် ခေါင်းကို လှည့်၍ ကျိလေ ရတနာဆောင် ကို စိမ်းစိမ်းကြည့် လိုက်ရာ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လွင်နေ၏။
ထိုလူကား... ဖူဟန်ယွမ်် မှတစ်ပါး အခြားသူ မဟုတ်ချေ။
ထို့နောက် ပလ္လင်အတွင်းမှ ကောင်းကင်ဂိုဏ်းချုပ်က တိုးညှင်းစွာ ပြောဆိုလိုက်၏။ အသံသည် ကျားသံ မကွဲ၊ မသံ မကွဲဖြင့် နားထောင်ရ ခက်လှသည်။
“တံခါးဖွင့်ဖို့... ဒီလူကို သုံးလိုက်
အခန်း (၂၈၁) - ရုတ်တရက် ပေါ်ပေါက်လာသော ရှုပ်ထွေးမှုများ
~“ဘယ်လိုဖြစ်ပြီး သူ ဖြစ်နေရတာလဲ”
ဖူဟန်ယွမ််ကို မြင်လိုက်ရသည်နှင့် ဆုမို၏ မျက်ခုံးများ ရိပ်ခနဲ တွန့်ချိုးသွားသည်။
“သူက ဘယ်သူမို့လို့လဲ”
ချီလင်ဓားသမား က ကပျာကယာ မေးလိုက်၏။
“...ခင်ဗျားရဲ့ ညီမလေးက ခင်ဗျားကို ဘာမှ မပြောပြထားဘူးလား”
ဆုမို၏ နှုတ်ခမ်းများ လှုပ်ရွ သွားသည်။
“ထုန်းယွင် ကို လိုက်ရှာဖို့ လူတစ်ယောက် ဒီကို ရောက်လာလိမ့်မယ်လို့ ယွီလင်းရှင်း ကို ကျွန်တော် ကြိုပြောထားသားပဲ... သူက အဲဒီထဲက တစ်ယောက်လေ”
“...”
ချီလင်ဓားသမား အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။
“တစ်ခုခုတော့ လွဲနေပြီ... ဒီရက်ပိုင်း ချန်းဖုန်းတောင်ကြားကို ဘယ်သူမှ မလာကြဘူး... ဪ... ထားလိုက်ပါတော့... သူတို့ လမ်းမှာတင် တွေ့လာကြတာ ဖြစ်ရမယ်”
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင်... လူသားဂိုဏ်းချုပ်သည် ရွှင်မြူးသော လေသံဖြင့် ဖူဟန်ယွမ််ကို ဆွဲခေါ်လာ၏။
“အို... တကယ့်ကို ဘက်စုံသုံးလို့ ရတဲ့ ပစ္စည်းလေးပါလား”
လူသားဂိုဏ်းချုပ်က ဖူဟန်ယွမ်် ကို အနည်းငယ် အံ့သြသည့်ဟန်ဖြင့် စူးစူးဝါးဝါးကြည့် လိုက်၏။
“အဘိုးကြီးထျန်းက ဒီကောင်လေးကို မြောက်ပိုင်းနယ်မြေအထိ ခေါ်သွားပြီး နေ့တိုင်း စောင်တစ်ထည်တည်း အတူခြုံအိပ်ခဲ့တာ...”
“မင်း ကောင်းကင်ဓားဂိုဏ်း ကို သွားစိန်ခေါ်မယ့်ရက်ကိုပဲ သည်းကြီးမည်းကြီး စောင့်မျှော်နေခဲ့တာလေ”
“အဲဒီ တိုက်ပွဲမှာ မင်း တော်တော်လေး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ငါ ကြားတယ်... ငါကတော့ မင်း ကောင်းကင်ဓားဂိုဏ်းမှာတင် သေသွားပြီ ထင်နေတာ... အခုလို ပြန်ဆုံခွင့် ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
“အဘိုးကြီးထျန်း... ဒီကောင်လေးကို ဘယ်ကနေများ ကောက်ရလာတာတုန်း”
ကျိလေ ရတနာဆောင်အတွင်းမှ ကောင်းကင်ဂိုဏ်းချုပ်၏ အသံသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ထွက်ပေါ်လာ၏။
“...မင်း စကားများလွန်းတယ်”
“ဟုတ်တာပေါ့... ဟုတ်တာပေါ့”
လူသားဂိုဏ်းချုပ် က ကပျာကယာ ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့ တိုက်ဆိုင်မှုက သိပ်ကို အဆင်မပြေဘူးလေ... အဘိုးကြီးထျန်း က ဒီကောင်လေးအပေါ် တော်တော်လေး အားစိုက်ထုတ်ခဲ့တာ... ဉာဏ်နည်းတဲ့ တောင်သူ တစ်ယောက်နဲ့ တွေ့ခဲ့ပေမယ့် ပါရမီနဲ့ ကံတရားတော့ ပါပါသေးတယ် ဆိုပြီးတော့လေ... သိုင်းပညာရှင် ဖြစ်ချင်လို့တဲ့... မင်းကွာ... ကောင်းကောင်းမွန်မွန် လယ်မစိုက်ဘဲနဲ့...”
သူ့စကား မဆုံးသေးမီ... ပလ္လင်အတွင်းမှ သက်ပြင်းချသံ သဲ့သဲ့ ထွက်ပေါ်လာ၏။
“သူ့ကို ပါးရိုက်လိုက်စမ်း”
ပလ္လင်ထမ်း (၄) ယောက်အနက် တစ်ယောက်သည် နေရာမှ ရုတ်ချည်း ပျောက်ကွယ် သွားပြီး လူသားဂိုဏ်းချုပ်၏ ရှေ့မှောက်တွင် ရိပ်ခနဲ ပေါ်လာ၏။
ထို့နောက် ကြီးမားသော လက်ဝါးကြီးဖြင့် အဟုန်ပြင်းစွာ.. ရိုက်ချလိုက်တော့သည်။
လူသားဂိုဏ်းချုပ်သည် အလန့်တကြား ဖြစ်သွားပြီး ရှောင်တိမ်းရန် ခြေကို ကြွလိုက်မိသည်။
သို့သော် ကျိလေ ရတနာဆောင် အတွင်းမှ အေးစက်သော နှာမှုတ်သံတစ်ခု ထွက်ပေါ်လာ၏။
“ဟွန်း...”
ထိုအသံ တစ်သံတည်းဖြင့်ပင် လူသားဂိုဏ်းချုပ်သည် မလှုပ်ရဲတော့ဘဲ ငြိမ်သက်စွာ ရပ်နေလိုက်ရသည်။
ထို့နောက် ‘ဖြောင်း’ ခနဲ နေအောင် ပါးရိုက်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ထိုပလ္လင်ထမ်းသည် ပုဂ္ဂိုလ်ရေး အာဃာတ တစ်ခုခု ပါနေသကဲ့သို့ လူသားဂိုဏ်းချုပ်ကို သည်းကြီးမည်းကြီး ရိုက်ချလိုက်ရာ... လူသားဂိုဏ်းချုပ် ခမျာ နေရာတွင် (၃) ပတ်တိတိ လည်ထွက်သွားသည်။
ပါးစပ်ထဲမှ သွေးများ ဝေါ့ခနဲ အန်ချ လိုက်ရာ... အဖြူရောင် အစအနများပါ မြေပြင်ပေါ်သို့ ပြန့်ကျဲသွား၏။
သွားများပင်။
ပြန်မော့ကြည့်လိုက်ချိန်တွင် ထိုပလ္လင်ထမ်းသည် နေရာမှ ရုတ်ချည်း ပျောက်ကွယ်ပြီး ကျိလေ ရတနာဆောင် အောက်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
“...ရက်စက်လိုက်တာဗျာ”
လူသားဂိုဏ်းချုပ်က မသိမသာ ရေရွတ် လိုက်၏။
“စကားများနေတုန်းလား”
ယခုတစ်ကြိမ်တွင်မူ ကောင်းကင်ဂိုဏ်းချုပ်၏ အသံ၌ အေးစက်သော သတ်ဖြတ်လိုစိတ်များ တစ်ဟုန်ထိုး လွှမ်းခြုံပါဝင်နေလေပြီ။
ကျားသံ၊ မသံ ခွဲခြားမရသော်လည်း... ထိုအသံထဲတွင် လောကကို ကိုင်လှုပ် နိုင်သော အမိန့်အာဏာ ပါဝင်နေသည်။
“မ... မရဲပါဘူးဗျာ”
လူသားဂိုဏ်းချုပ် က ကပျာကယာ ပြန်ပြောလိုက်ပြီး...
“တံခါးဖွင့်ဖို့ သူ့ကို ကျွန်တော် ခေါ်သွားပါတော့မယ်”
ပြောပြီးသည်နှင့် သူသည် ဖူဟန်ယွမ််၏ ခြေထောက် တစ်ဖက်ကို ဆွဲကိုင်ကာ... ယခင်က ဘိုးဘေး ခန်းမဆောင် ဖြစ်ခဲ့ဖူးပြီး ယခုအခါ ‘လျှို့ဝှက်သိုလှောင်ရုံ’ ၏ ဝင်ပေါက် ဖြစ်နေသော နေရာသို့ ဆွဲခေါ်သွားသည်။
ထို့နောက် သူ၏ ရင်ဘတ်ထဲမှ ရွှေကျောက်စိမ်းကတော့ ကို ထုတ်ယူပြီး ဖူဟန်ယွမ်် ကို ကမ်းပေးလိုက်၏။
ဖူဟန်ယွမ်် က နှာခေါင်းရှုံ့လိုက်၏။
“စိတ်ကူးမယဉ်နဲ့”
“မင်းက ဘာတွေ မာကျောနေတာလဲ”
လူသားဂိုဏ်းချုပ် က လေထွက်နေသော ပါးစပ်ဖြင့် ပြောလိုက်၏။ မျက်နှာတစ်ခုလုံး ဖူးရောင်နေသဖြင့် မျက်နှာဖုံးပင် တင်းနေလေပြီ။
“မင်း တကယ်သာ မာကျောရင် ကောင်းကင်ဓားဂိုဏ်း မှာတုန်းက သေခဲ့သင့်တာပေါ့... ကောင်းကင်ဓားဂိုဏ်းသားတွေက သွေးအေးလူသတ်သမားတွေ... မင်းသာ ဒူးထောက် ခယ မတောင်းပန်ခဲ့ရင် သူတို့က မင်းအသက်ကို ချမ်းသာပေးပါ့မလား”
“ပေါက်ကရတွေ ဆက်ပြောနေဦးမယ်ဆိုရင်... ငါ မင်းရဲ့ လက်ချောင်းတစ်ချောင်းကို အရင် ဖြတ်မယ်... ပြီးရင် ခြေချောင်းတစ်ချောင်း...”
“အဲဒီလို တလှည့်စီ ဖြတ်ရင်းနဲ့ လက်ချောင်း ခြေချောင်းတွေ ကုန်သွားရင်... မင်းရဲ့ ခြေလက်တွေကို ဆက်ဖြတ်မယ်”
“တစ်လက်မချင်းစီနော်”
“ငါ နောက်နေတာ မဟုတ်ဘူး... တကယ် လုပ်ဖူးတယ်”
“အဲဒီ အရသာက သိပ်တော့ မဆိုးလှဘူးလို့ ငါ ထင်တာပဲ”
“မင်း ငါပြောတာ နားမထောင်ရင်... ကြိုသတိမပေးဘူးလို့ ငါ့ကို အပြစ်မတင်နဲ့”
“...ခင်ဗျား”
ဖူဟန်ယွမ်် ၏ မျက်နှာမှာ မည်းမှောင်သွားသည်။ ‘ယောကျ်ားတစ်ယောက်ကို သတ်ရင်သတ်... မစော်ကားနဲ့’ ဟု အော်ဟစ်လိုက်ချင်သော်လည်း... လူသားဂိုဏ်းချုပ်၏ ရက်စက်သော နည်းလမ်းများကို တွေးမိပြီး အသံတိတ်သွားရသည်။
ဒီလူက တကယ် လုပ်မယ့် သူ။
‘အသတ်ခံရတာက အစော်ကားခံရတာထက် မြတ်တယ်’ ဆိုသော စကားကို မဟစ်ကြွေးရဲတော့သော်လည်း... ဖူဟန်ယွမ်် က အခြားစကားတစ်ခွန်း ပြောလိုက်၏။
“ကျုပ်လက်ချောင်းတွေ အကုန်ဖြတ်ပစ်ရင်...ကျုပ်က တံခါးကို ဘယ်လိုဖွင့်ရမှာလဲ”
“...”
လူသားဂိုဏ်းချုပ် တစ်ယောက် ထိုစကားကြောင့် ရုတ်တရက် တွေ သွားသည်။
သေချာ စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်၏။
“မင်းပြောတာ ဟုတ်သားပဲ... ဒါဆိုရင် လက်တစ်ဖက်တော့ ချန်ထားပေးမယ်”
“...”
‘ဒါ စကားပြောတဲ့ ပုံစံမှ မဟုတ်တာ။’
ဖူဟန်ယွမ်် သည် လည်ပင်းကို မော့၊ ခါးကို ဆန့်လိုက်ပြီး... မြေကြီးပေါ်တွင် လဲလျောင်းနေရသော်လည်း သေမင်းကို အန်တုမည့် ပုံစံဖြင့် အသံကျယ်ကျယ် ပြောလိုက်၏။
“ရွှေကျောက်စိမ်းကတော့ ကို ပေးပါ”
“...ငါကတော့ မင်းက အသေခံမယ်ပဲ ထင်နေတာ”
လူသားဂိုဏ်းချုပ် က မျက်လုံးလှန်ကြည့်လိုက်၏။ ဒီကောင်က သူ့အတိတ်က ပုံစံလေး နည်းနည်းတော့ ရှိသားပဲဟု တွေးမိလိုက်၏။
ထို့နောက် ရွှေကျောက်စိမ်းကတော့ ကို ကမ်းပေးလိုက်၏။
ဖူဟန်ယွမ်် သည် လက်ထဲမှ ရွှေကျောက်စိမ်းကတော့ ကို စိမ်းစိမ်းကြည့် ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။
“ကံဆိုးမိုးမှောင် ကျတာတွေ အားလုံးက... ဒီပစ္စည်းကြောင့် စတင်ခဲ့တာပါလား”
မမျှော်လင့်ဘဲ မဟာကောင်းကင် နှင်းခဲချီကို ရရှိခဲ့ခြင်းသည် ကောင်းကင်ဘုံက ပေးသနားသော ဆုလာဘ်တစ်ခုဟု ထင်ခဲ့သည်။
သိုင်းလောကတွင် နာမည်ကျော်ကြားအောင် လုပ်ပြီး... လယ်တောထဲ ပြန်ဆင်းစရာ မလိုတော့ဘူးဟု မျှော်လင့်ခဲ့သည်။
အိမ်ကို မီးရှို့ခဲ့ခြင်းကလည်း ပြန်လှည့်မကြည့်တော့ဘူး ဆိုသော ဆုံးဖြတ်ချက်ကို ခိုင်မာစေရန် ဖြစ်သည်။
သို့သော် သုံးပါး အစွန်းရောက်ဂိုဏ်း ၏ ထောင်ချောက်ထဲသို့ သက်ဆင်းမိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
နှစ်ပေါင်းများစွာ သူတစ်ပါးအတွက် သည်းကြီးမည်းကြီး အလုပ်လုပ်ပေးခဲ့သမျှ... နောက်ဆုံးတော့ သူတစ်ပါး လက်ထဲက ကိရိယာတစ်ခု ဘဝသာ ဖြစ်ခဲ့ရသည်။ ယခုအချိန်တွင်မူ သူသည် တကယ့်ကို ဘက်စုံသုံး ကိရိယာတစ်ခု ဖြစ်နေချေပြီ။
သူသည် လက်ထဲမှ ရွှေကျောက်စိမ်းကတော့ ကို ကြည့်ပြီး မေးလိုက်၏။
“ဒီပစ္စည်းကို ဘယ်လို သုံးရမှာလဲ”
“မင်း ဒါကိုတောင် မသိဘူးလား”
လူသားဂိုဏ်းချုပ် က လက်ညှိုးထိုးပြလိုက်၏။
“ဟို တံခါးကို မြင်လား... ငါတို့က မြေပုံအတိုင်း တောက်လျှောက် လိုက်ရှာလာပြီးမှ ဒီနေရာကို တွေ့တာကွ... အကျိုးအပဲ့တွေအောက်မှာ ဒီလိုတံခါးမျိုး ဖုံးကွယ်ထားတယ်”
အခန်း (၂၈၂) - ရုတ်တရက် ပေါ်ပေါက်လာသော ရှုပ်ထွေးမှုများ (အပိုင်း - ၂)
~“တံခါးမှာ အပေါက်ပါတာပဲ... ယောကျ်ား တစ်ယောက်အနေနဲ့ ဘာလုပ်ရမလဲဆိုတာ မင်းသိမှာပါ”
ဖူဟန်ယွမ််သည် ထိုစကားကို ကြားလိုက်သောအခါ ချက်ချင်း သဘောပေါက်သွားပြီး အနည်းငယ် တုံဆိုင်းနေပြီးမှ ရွှေကျောက်စိမ်းကတော့ကို အပေါက်ထဲသို့ ထိုးထည့်ရန် ပြင်လိုက်၏။
“နေဦး... ရပ်လိုက်စမ်း”
လူသားဂိုဏ်းချုပ်က ကပျာကယာ လှမ်းအော်လိုက်သည်။
ဖူဟန်ယွမ််သည် ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်၏။ သူသည် သေမင်းကို ရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ပြီးခါမှ ရုတ်တရက် အော်ဟစ်သံကြောင့် လန့်ဖျပ်သွားကာ လက်ထဲမှ ရွှေကျောက်စိမ်းကတော့ပင် ပြုတ်ကျမတတ် ဖြစ်သွားရသည်။
သို့သော် သူ ပြန်လှည့်ကြည့်လိုက်သောအခါ လူသားဂိုဏ်းချုပ်သည် ခြေဖဝါးတွင် ဆီသုတ်ထားသကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် ကျိလေ ရတနာဆောင်၏ နောက်ကျောဘက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်ဂိုဏ်းချုပ်ကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူကာ ခေါင်းတစ်လုံးသာ ပြူထွက်လာပြီး ပြောလိုက်၏။
“ကဲ... အခု လုပ်လို့ ရပြီ”
“...”
အဝေးမှ ကြည့်နေသော ဆုမိုပင်လျှင် ကျိလေ ရတနာဆောင်ပေါ်တွင် ထိုင်နေသည့် ကောင်းကင်ဂိုဏ်းချုပ်၏ လက်သီးဆုပ်ထားသော လက်များမှ အရိုးကျိုးမတတ် မြည်ဟည်းသံကို သဲ့သဲ့လေး ကြားလိုက်ရသည်။
ချီလင်ဓားသမားသည် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိ၏။
“သုံးပါး အစွန်းရောက်ဂိုဏ်းက တကယ်ကို ထူးခြားတာပဲ... စိတ်သဘောထားကလည်း ပင်လယ်ပြင်ကြီးလို ကျယ်ပြန့်လိုက်တာ... ဒီလိုလူမျိုးတောင် အခုချိန်ထိ အသက်ရှင်
နေသေးတယ်ဆိုတော့ သုံးပါး အစွန်းရောက်ဂိုဏ်းမှာလည်း သူ့အားသာချက်နဲ့သူ ရှိနေပုံရတယ်”
ဆုမိုသည် ခေါင်းကို အသာအယာ
ခါလိုက်သော်လည်း သူ၏ မျက်ဝန်းများကမူ ကျိလေ ရတနာဆောင်ဆီသို့ ရံဖန်ရံခါ ရောက်ရှိသွားတတ်သည်။
သူ၏ အတွင်းအားသည် အလွန်ထူးကဲမြင့်မားလှသဖြင့် ကျိလေ ရတနာဆောင်ထဲတွင် လူတစ်ယောက်တည်း ရှိနေခြင်း မဟုတ်ကြောင်း စောစောကတည်းက အာရုံခံမိခဲ့သည်။ ယခု ဖူဟန်ယွမ်် ထွက်ပေါ်လာခြင်းက သူ၏ ထင်မြင်ချက် မှန်ကန်ကြောင်း သက်သေပြလိုက်ခြင်းပင်။
သို့သော် ယခုအချိန်တွင်မူ ထိုနေရာ၌ ကျိလေ ကောင်းကင်နန်းတော်၏ ဒုတိယ နန်းတော်သခင် တစ်ဦးတည်းသာ ရှိနေတော့သည်။
'လျိုမိုနဲ့ တခြားလူတွေက အတူတူ လှုပ်ရှားကြတာ မဟုတ်လား... ဖူဟန်ယွမ်် တစ်ယောက်တည်းပဲ အဖမ်းခံလိုက်ရတာလား'
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် ဆုမိုအနေဖြင့် သက်ပြင်းချနိုင်မည် ဖြစ်သည်။ သို့သော် ထိုသို့ တွေးလိုက်ခြင်းက ဖူဟန်ယွမ််အပေါ် အနည်းငယ် မတရားရာ ကျနေသလို ခံစားလိုက်ရ၏။
ထိုစဉ်မှာပင် ဖူဟန်ယွမ််သည် ရွှေကျောက်စိမ်းကတော့ကို ကျောက်တံခါးပေါက်ထဲသို့ ထိုးထည့်လိုက်သည်။
ထိုးထည့်ပြီးနောက် ဖူဟန်ယွမ််သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မတွေ့ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။
သို့သော် ကျောက်တံခါးကြီးက ပွင့်လာမည့် အရိပ်အယောင် လုံးဝမပြသဖြင့် သူသည် ဒေါသတကြီး လှည့်ကြည့်ကာ မေးလိုက်သည်။
“ကျုပ်ကို လွှတ်ပေးလို့ ရပြီလား”
ထိုစဉ်၊ လူသားဂိုဏ်းချုပ်က ခေါင်းပြူထွက်လာပြီး ပြောလိုက်၏။
“...စိတ်ကူးမယဉ်နဲ့”
“အခု... ရွှေကျောက်စိမ်းကတော့ကို ဘယ်ဘက်ကို သုံးပတ် လှည့်လိုက်”
“...”
ဖူဟန်ယွမ််သည် သက်ပြင်းချလိုက်ရပြန်သည်။ သူများအိမ်အမိုးအောက် ရောက်နေမှတော့ ခေါင်းငုံ့ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။ မူလက သာမန်လူတစ်ယောက် ဖြစ်ခဲ့စဉ်က သိုင်းလောကသားများ၏ မောက်မာမှုများကို သည်းခံခဲ့ရသည်။ သိုင်းပညာ တတ်မြောက်လာမှသာ သတ္တိအနည်းငယ် မွေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ သူ၏ မဟာကောင်းကင် နှင်းခဲချီ အတွင်းအားများကို ကျိလေ ရတနာဆောင်ပေါ်မှ မိစ္ဆာမက ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သဖြင့် သိုင်းပညာ မတတ်မြောက်ခင် အချိန်ကာလသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဝံပုလွေအုပ်ကြား ရောက်နေသော သိုးငယ် တစ်ကောင်ပမာ သူ၏ စိတ်နှလုံးများက တုန်လှုပ်ခြောက်ခြားလာ၏။
သူသည် ရွှေကျောက်စိမ်းကတော့ကို ဖွဖွလေး ကိုင်လိုက်ပြီး လူသားဂိုဏ်းချုပ် ညွှန်ကြားသည့်အတိုင်း ဘယ်ဘက်သို့ သုံးပတ်တိတိ လှည့်လိုက်၏။
သူ လက်ကို ရပ်လိုက်သည်နှင့် တပြိုင်နက် နားရွက်နားဆီမှ အသံတစ်သံ ကပ်၍ ထွက်ပေါ်လာ၏။
“အခု ညာဘက်ကို သုံးပတ် လှည့်”
“...”
ဖူဟန်ယွမ််သည် လန့်ဖျပ်သွားပြီး ကြက်သီးမွေးညှင်းများပင် ထောင်ထသွားရသည်။
“ခင်... ခင်ဗျား..သေချင်နေတာလား”
“ပေါက်ကရတွေ...”
လူသားဂိုဏ်းချုပ်က ဝါးတားတားဖြင့် ပြန်ပြောလိုက်၏။
“ငါက ဘယ်လိုလူမျိုးလဲ... အသက်ကို ငဲ့ကွက်ပြီး သေမှာ ကြောက်မယ့် ကောင်မျိုး မှတ်နေလား”
ဖူဟန်ယွမ််သည် နောက်သို့ လှည့်ကြည့်လိုက်ရာ ကျိလေ ရတနာဆောင် ဘေးတွင် ရပ်နေသော ပလ္လင်ထမ်းတစ်ဦးက သူ၏ လက်ဝါးကို နှမြောတသ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဖူဟန်ယွမ်် ရုတ်တရက် သဘောပေါက်သွားသည်။
“ခင်ဗျားက သေမှာ ကြောက်တာ မဟုတ်ဘူး... အရိုက်ခံရမှာ ကြောက်နေတာပဲ”
“ပါးစပ်ပိတ်ထားစမ်း”
လူသားဂိုဏ်းချုပ်က နှာမှုတ်လိုက်၏။
“ငါ ခိုင်းတာသာ လုပ်”
ထို့နောက် သူသည် ဆက်လက် ညွှန်ကြားလေတော့သည်။ တံခါးဖွင့်သည့် နည်းလမ်းများကို မန်ဒရင်းဘဲစာရင်းထဲတွင် အတိအကျ ရေးသားထား၏။
နည်းစနစ်များမှာ အလွန် ရှုပ်ထွေးလှသည်။ တခါတရံ ဘယ်ဘက်လှည့်ရပြီး၊ တခါတရံ ညာဘက် လှည့်ရ၏။ တခါတရံ ရွှေကျောက်စိမ်းကတော့ကို လက်တစ်ဝက်ခန့် ပြန်ဆွဲထုတ်ရပြီး၊ တခါတရံ အဆုံးထိ ပြန်ထိုးထည့်ရသည်။
အဆင့်ဆင့် ပြုလုပ်လာသည်နှင့်အမျှ လူသားဂိုဏ်းချုပ်ရော ဖူဟန်ယွမ််ပါ စိတ်လှုပ်ရှားလာကြ၏။ နောက်ဆုံးအဆင့်တွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့လျှင် ကပ်ဘေးဆိုက်သွားနိုင်သည်ဟု ခံစားနေရသည်။
အားလုံးသည် ကြီးမားသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ တင်းမာနေကြ၏။ ကျိလေ ရတနာဆောင်ထဲတွင် ထိုင်နေသော ကောင်းကင်ဂိုဏ်းချုပ်ပင်လျှင် ကိုယ်ကို မတ်လိုက်ပြီး သေချာမြင်ရအောင် ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လာသည်။
“နောက်ဆုံးအဆင့်... အသက်အောင့်ပြီး ညာဘက်ကို ငါးပတ်တိတိ လှည့်လိုက်... မန်ဒရင်းဘဲစာရင်းထဲမှာ ရေးထားတာက ဒါ အဓိက သော့ချက်ပဲတဲ့... နည်းနည်းလေး မှားသွားတာနဲ့ ငါရော မင်းရော ဒီနေရာမှာတင် သေပွဲဝင်ရလိမ့်မယ်”
“ကျုပ်ကို လာမခြောက်နဲ့ဗျာ”
ဖူဟန်ယွမ််သည် အသက်ကို ဝဝရှူလိုက်ပြီး ရွှေကျောက်စိမ်းကတော့ကို ငါးပတ်တိတိ လှည့်လိုက်၏။
နောက်ဆုံးအပတ် ရောက်သွားသည့်အချိန်တွင် သူ၏ စိတ်အာရုံကြောများမှာ ပြတ်တောက်လုမတတ် တင်းမာနေပြီ ဖြစ်သည်။
သို့သော်... အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။
ကျောက်တံခါးကြီးသည် ပွင့်မလာခဲ့ပေ။ သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ လူသားဂိုဏ်းချုပ်သည် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ သူ၏ ကျောနောက်တွင် ပုန်းအောင်းကာ ခေါင်းကို ဝှက်ထားသည်ကို တွေ့လိုက်ရသည်။
“အခု ဘာဆက်လုပ်ရမလဲ”
ဒီအချိန်ရောက်မှတော့ တံခါးပွင့်သည်ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ အရေးမကြီးတော့ဘဲ ဖူဟန်ယွမ်် တစ်ယောက် စူးစမ်းချင်စိတ်သာ ဖြစ်ပေါ်လာတော့သည်။
လူသားဂိုဏ်းချုပ်သည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး ခေါင်းကို စောင်းကာ ကြည့်လိုက်၏။
“မင်း... တံခါးကို တွန်းကြည့်လိုက်ပါလား”
“နောက်နေတာလားဗျာ... ဒီလောက် တင်းကျပ်တဲ့ ယန္တရားကြီးကို ဒီလို ပေါ့ပေါ့ဆဆနဲ့...”
ပြောရင်းဆိုရင်း သူသည် ကျောက်တံခါးကြီးကို လက်ဖြင့် ပေါ့ပေါ့ပါးပါး ပုတ်လိုက်၏။ သူ စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင်...
“ကလစ်…”
ယန္တရား ဖွင့်သံ ထွက်ပေါ်လာပြီး ကျောက်တံခါးကြီးသည် ချက်ချင်းပင် ပွင့်ဟသွားလေတော့သည်။
“ဟင်... ဘာလို့ လှုပ်ရှားသံ ဘာမှ မကြားရတာလဲ”
ချီလင်ဓားသမားသည် တံခါးပွင့်သွားသည်ကို မြင်လိုက်ရသည့် တခဏချင်းမှာပင် မျက်မှောင်ကို စုကြုတ်လိုက်၏။
“အကယ်၍ သူတို့ အောက်ဆင်းသွားရင်... ဖူဟန်ယွမ်် ဆိုတဲ့ လူ သေချာပေါက် သေလိမ့်မယ်”
ထိုအခါ၊
“အောက်မှာ ဘာတွေ ရှိလို့လဲ”
ဟု ဆုမိုက မေးလိုက်၏။
“မိုးကြိုးဗုံးတွေ... အလုံးပေါင်း တစ်ထောင်တိတိပဲ”
ဆုမိုသည် မှင်သက်သွားရသည်။
“ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒါက ခင်ဗျားတို့ ယွီမိသားစုရဲ့ ဘိုးဘေး သင်္ချိုင်းဂူတွေ ရှိတဲ့နေရာ မဟုတ်ဘူးလား... ခုနကပဲ ခင်ဗျား ပြောခဲ့တယ်လေ... မိုးကြိုးဗုံး အလုံးတစ်ထောင်နဲ့ ခင်ဗျားတို့ ဘိုးဘေးတွေကိုပါ သုံးပါး အစွန်းရောက်ဂိုဏ်းနဲ့အတူ ကောင်းကင်ဘုံ ပို့ပေးမလို့လား”
“ဟမ်...”
ချီလင်ဓားသမားက ဆုမိုကို တစ်ချက်ကြည့်လိုက်ပြီး သာမန်ကိစ္စ တစ်ခုလိုပင် ပြောလိုက်၏။
“ယွီမိသားစုဆိုတာက... ကျောက်စိမ်းရတနာကို ကြေမွခံလိုက်မယ်... အုတ်ခဲအကျိုးအပဲ့အဖြစ်တော့ အသက်မရှင်နိုင်ဘူး”
“...”
ဒီအချိန်ကြီးရောက်မှ ဘာစကားတွေ လာပြောနေတာလဲ။
သို့သော် ရုတ်တရက် ချီလင်ဓားသမားသည် နေရာမှ ထရပ်လိုက်သည်ကို တွေ့လိုက်ရသည်။
“ရှင်.. ဘာလုပ်မလို့လဲ”
ယန်ရှောင်ယွင်က စိုးရိမ်တကြီး မေးလိုက်၏။