အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
အခန်း (၂၈၃) - ရုတ်တရက် ပေါ်ပေါက်လာသော ရှုပ်ထွေးမှုများ (အပိုင်း - ၃)
~“လူတစ်ယောက်ကို ကယ်ရမယ်”
ချီလင်ဓားသမားသည် မျက်နှာဖုံး တစ်ခုကို ကောက်စွပ်လိုက်ရင်း ပြောလိုက်၏။
“ယွီမိသားစုက လက်စားချေတဲ့အခါ အပြစ်မဲ့တဲ့ လူတွေကို ဘယ်တော့မှ မထိခိုက်စေဘူး... မဟုတ်ရင် ကွယ်လွန်ပြီးတဲ့ ဘိုးဘေးတွေကို သေလွန်ပြီးတဲ့ဘဝမှာ ဘယ်လို မျက်နှာပြရပါ့မလဲ”
ဆုမိုက စိတ်ထဲတွင် ကျိတ်၍ တွေးလိုက်မိသည်။
'ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေကို ခင်ဗျားတို့ကိုယ်တိုင် မိုးပေါ်ရောက်အောင် ဖောက်ခွဲပစ်တော့မှာ မဟုတ်ဘူးလား... အဲဒီကျရင်ရော ဘိုးဘေးတွေကို မျက်နှာပြဖို့ မစဉ်းစားတော့ဘူးလား'
သို့သော် သေချာ ပြန်စဉ်းစားကြည့်လိုက်တော့မှ ချီလင်ဓားသမား၏ ဆိုလိုရင်းကို သူ နားလည်လိုက်၏။ ချီလင်ဓားသမား ဖြစ်စေ၊ ယွီလင်းရှင်း ဖြစ်စေ... သူတို့ လက်စားချေသည့်အခါ ဘေးလူတွေကို ဘယ်တော့မှ မထိခိုက်စေလိုကြပေ။ ဒါက သူတို့ မပြောင်းမလဲ စွဲကိုင်ထားသည့် ခံယူချက်တစ်ခု ဖြစ်နေခဲ့သည်။
ယွီမိသားစုသည် ကျောက်စိမ်းရတနာကို ကြေမွခံလိုက်မည် ဖြစ်သော်လည်း အုတ်ခဲအကျိုးအပဲ့အဖြစ် အသက်မရှင်လိုကြပေ။ ဒါပေမဲ့... ဒါက သူတို့ ယွီမိသားစု ကိစ္စလေ။ သူတို့မိသားစုအတွက် လက်စားချေရာတွင် အခြားသူများကိုပါ ကျောက်စိမ်းရတနာလို အဖြစ်မျိုး ရောက်သွားစေဖို့ သူတို့ စိုးစဉ်းမျှ မရည်ရွယ်ခဲ့ကြပေ။
တချို့လူတွေအတွက်တော့ ဒီလို စွဲမြဲမှုမျိုးက ရယ်စရာကောင်းနေလိမ့်မည်။ တစ်မိသားစုလုံး သတ်ဖြတ်ခံလိုက်ရပြီးတာတောင်မှ အပြစ်မဲ့သူတွေ ပါသွားမှာကို စိုးရိမ်နေကြသေးသည် မဟုတ်ပါလော။
သို့သော် သိုင်းလောကတွင် သူတို့ ယုံကြည်သည့် အမှန်တရားအတွက် မည်မျှပင် ကြီးမားသည့် ပေးဆပ်မှုမျိုးကိုမဆို ပေးဆပ်ရဲသူများ ရှိတတ်စမြဲပင်။ တရားမျှတမှုအတွက် ဆိုလျှင် အကြိမ်တစ်ရာ သေရပါစေ သူတို့ နောင်တရကြမည် မဟုတ်ပေ။
ဆုမိုက ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်၏။ သူကတော့ အဲဒီလို လူစားမျိုး မဟုတ်... သည်လောက် မြင့်မြတ်သော စိတ်ထားမျိုး သူ့မှာ မရှိပေ။ သို့သော် သူတို့ကို လေးစားမိသည်ကတော့ အမှန်ပင်။
ဆုမို ..ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောလိုက်၏။
“အဲဒီလို ဆိုရင်တော့လည်း...”
စကားမဆုံးသေးခင်မှာပင် တောအုပ်တစ်ခုလုံးကို ရုတ်တရက် လှမ်းကြည့်လိုက်မိ၏။ သွေးညှီနံ့ သင်းသင်း တစ်ခု လေထဲတွင် ချက်ချင်း ပျံ့လွင့်လာ၏။
ဆုမို…မော့ကြည့်လိုက်ပြီး ချက်ချင်းပင် ချီလင်ဓားသမားဘက်သို့ လှည့်ကြည့်လိုက်၏။
ချီလင်ဓားသမား၏ မျက်နှာထားက အနည်းငယ် လျော့ရဲသွားသည်။
“စပြီ”
ဆုမို ရုတ်တရက် သဘောပေါက်သွား၏။ သုံးပါး အစွန်းရောက်ဂိုဏ်းက ဒီနေရာကို အစီအစဉ်တကျ ရောက်လာခဲ့ခြင်း ဖြစ်သည်။ အရပ်မျက်နှာ အသီးသီးသို့ ဖြန့်ခွဲနေရာယူထားသော အနက်ရောင်ဝတ် လူများသည် အမှန်စင်စစ် ဝိုင်းရံထားခြင်းပင်။
ယခု လှုပ်ရှားလိုက်သူများက ယွီလင်းရှင်း၏ လူများ ဖြစ်ကြပြီး အနက်ရောင်ဝတ် လူများကို တိတ်တဆိတ် စတင်ရှင်းလင်းနေကြခြင်း ဖြစ်သည်။
ဆုမို အံ့သြမိသည်က အခုချိန် လှုပ်ရှားတာ နည်းနည်း စောလွန်းနေသလား ဟူ၍ပင်။
ဒါတင်မကသေး... လှုပ်ရှားနေသူများမှာ ယွီလင်းရှင်း၏ လူများသာ မဟုတ်ကြောင်း ထင်ရှားနေ၏။
ရိပ်ခနဲ...
လေထုကို ခွင်းလျက် လူရိပ် တစ်ခု တစ်ဟုန်ထိုး ပျံသန်းလာသည်ကို သူ တွေ့လိုက်ရသည်။ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ထိုလူသည် ဘိုးဘေး ခန်းမဆောင်၏ ကျောက်တံခါးရှေ့သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထိုလူ၏ ဝင်ရောက်လာပုံမှာ အချိန်ကိုက်လွန်းလှသည်။ ယခုအချိန်သည် ကျောက်တံခါး ပွင့်ဟနေချိန် ဖြစ်ပြီး ကောင်းကင်ဂိုဏ်းချုပ်နှင့် လူသားဂိုဏ်းချုပ် အပါအဝင် ရှိသမျှလူအားလုံး ယွီမိသားစု၏ ဘိုးဘေး ခန်းမဆောင်ကို အာရုံစိုက်နေချိန် ဖြစ်သည်။
သူတို့၏ စိတ်အာရုံများ ဖမ်းစားခံထားရချိန်တွင် ထိုလူက မျက်တောင်တစ်ခတ်စာ အတွင်း ကျောက်တံခါးရှေ့သို့ ကျူးကျော်ဝင်ရောက်လာခြင်း ဖြစ်သည်။ လေထဲတွင် ရှိနေစဉ်မှာပင် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်၏။
နောက်တစ်စက္ကန့်တွင် ကိုးထပ်သော ကောင်းကင်ဘုံမှ ရေတံခွန်များ စီးဆင်းကျလာသကဲ့သို့ ဓားရောင်များသည် မုန်တိုင်းထန်သလို ကောင်းကင်မှ ကျဆင်းလာတော့သည်။
ကောင်းကင်တံခါး ဓားပျံသိုင်း... လေထဲတွင် ပျံဝဲနေသော ဓားချက်သုံးထောင်။
တခဏအတွင်း ရွာချလိုက်သော ဓားမိုးများသည် တကယ်ပင် ဓားချက်ပေါင်း သုံးထောင် ကောင်းကင်မှ ကျဆင်းလာသကဲ့သို့ ရှိနေသည်။ အလစ်အငိုက် မိသွားသော လူသားဂိုဏ်းချုပ်သည် ဓားသဖွယ် ဖြစ်နေသော လက်ဝါးတစ်ဖက်ကို မြှောက်ကာ အပေါ်သို့ ထိုးတင်လိုက်၏။
နောက်တစ်ခဏတွင် လူသားဂိုဏ်းချုပ်၏ လက်ဝါးမှ ဓားချက်များ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာ၏။ သူ အသုံးပြုလိုက်သော သိုင်းကွက်မှာ လေထဲတွင် ပျံဝဲနေသော ဓားချက်သုံးထောင် နှင့် ခွဲခြားမရအောင် တူညီနေပြီး လာရာလမ်းကြောင်းသာ ကွာခြားသွားခြင်း ဖြစ်သည်။ တစ်ခုက အပေါ်မှ အောက်သို့ ကျဆင်းလာပြီး၊ တစ်ခုက အောက်မှ အပေါ်သို့ တက်လာခြင်း ဖြစ်သည်။
သူတို့နှစ်ဦး၏ ဓားရောင်များသည် လေထဲတွင် အကြိမ်တစ်ထောင်မက ထိပ်တိုက် တွေ့ဆုံသွားသကဲ့သို့ ဖြစ်သွားသည်။
နောက်ဆုံးတွင်တော့ အပေါ်မှ လူက အသာစီးရသွားပြီး အောက်သို့ ပြင်းထန်စွာ ဖိချလိုက်ရာ လူသားဂိုဏ်းချုပ်မှာ မတတ်သာဘဲ နောက်သို့ နှစ်လှမ်း ဆုတ်ပေးလိုက်ရသည်။
သာမန်ဟု ထင်ရသော ထိုခြေလှမ်းနှစ်လှမ်းသည် ယခုအချိန်တွင်မူ ကြီးမားသော ကွာဟချက်တစ်ခု ဖြစ်သွားသည်။
လေထဲမှ လူသည် အောက်သို့ ထိုးဆင်းလာပြီး ဖူဟန်ယွမ််၏ ခန္ဓာကိုယ်မှ သွေးကြောကွက် အချို့ကို လျင်မြန်စွာ ထိုးနှက်လိုက်၏။ ထို့နောက် လက်ဝါးတစ်ဖက်ဖြင့် ဒန်တျန် ချီပင်လယ်ကို ရိုက်ချလိုက်ရာ အတွင်းအား တစ်ချက် လှုပ်ခတ်သွားပြီး ဖူဟန်ယွမ််၏ နှုတ်မှ အော်သံရှည်ကြီး ထွက်ပေါ်လာလေတော့သည်။
ထိုလူသည် ဘေးနားမှ လူတစ်ယောက်၏ ပခုံးကို လှမ်းဆွဲလိုက်၏။
“သွားကြစို့”
သူတို့နှစ်ဦးသည် လေထဲသို့ ခုန်တက်ကာ ဒီနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်ကြ၏။
လူသားဂိုဏ်းချုပ်က အေးစက်စွာ လှောင်ပြောင်လိုက်၏။
“ငါ့ကို အလှကြည့်ဖို့ ထားထားတဲ့ ပန်းအိုးများ မှတ်နေလား”
ထိုစဉ် ပလ္လင်အတွင်းမှ ကောင်းကင်ဂိုဏ်းချုပ်၏ အသံ တိုးတိုးလေး ထွက်ပေါ်လာ၏။
“အရေးကြီးကိစ္စကို ဦးစားပေး”
“ဟုတ်ကဲ့”
လူသားဂိုဏ်းချုပ်သည် အချိန်မဆွဲတော့ဘဲ လက်ဝှေ့ယမ်းပြလိုက်၏။
“ဝင်ကြ”
အနက်ရောင်ဝတ် လူများ ဝိုင်းရံထားသည့်ကြားမှ သူတို့အားလုံး လူသားဂိုဏ်းချုပ်နောက်သို့ လိုက်ပါပြီး လျှို့ဝှက်သိုလှောင်ရုံ အတွင်းသို့ ဝင်ရောက်သွားကြ၏။
သို့သော် လေထဲတွင် ရှိနေသော ဖူဟန်ယွမ််နှင့် ကျိဖေးယန်တို့သည် အနက်ရောင်ဝတ် လူသတ်သမား အများအပြား၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ လေထဲတွင် အေးစက်သော ကြယ်ရောင်များ လက်ခနဲ ဖြစ်သွားပြီး သူတို့၏ ဆုတ်ခွာလမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်ကြ၏။
ဖူဟန်ယွမ််၏ ကျယ်လောင်စွာ ရယ်သံ ထွက်ပေါ်လာပြီး သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ရုတ်တရက် လှည့်ပတ်လိုက်ရာ မူလကပင် အေးစက်နေသော လေထုသည် အရိုးခိုက်မတတ် ပိုမိုအေးစက်လာသည်။ ပစ်ခတ်လာသော ကြယ်ရောင်များသည် နှင်းခဲများ ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဖူဟန်ယွမ််က လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။
“ပြန်ယူသွားကြ”
သူက တကယ့် သိုင်းပညာရှင် စစ်စစ်ပင်။
တိုက်ခိုက်ရေး အတွေ့အကြုံ နည်းပါးသော်လည်း သူ၏ သိုင်းပညာ အဆင့်အတန်းမှာ ဖုန်းပိုင်ချွမ်းထက် သာလွန်နေသည်မှာ အမှန်ပင်။ ဖုန်းဇီဟန်နှင့် ယှဉ်လျှင်လည်း လျော့နည်းခြင်း မရှိပေ။
လက်နက်ပုန်းလောက်သာ အသုံးပြုတတ်သော သုံးပါး အစွန်းရောက်ဂိုဏ်း၏ သာမန် တပည့်များသည် သူ့ကို တားဆီးရန် လုံးဝ မလုံလောက်ပေ။
မျက်တောင်တစ်ခတ်စာ အတွင်း ကြားဖြတ်တိုက်ခိုက်ရန် ကြိုးစားသော အနက်ရောင်ဝတ် လူအများစုသည် ကြယ်ရောင် လက်နက်ပုန်းများ၏ ပြန်လည် တိုက်ခိုက်ခြင်းကို ခံလိုက်ကြရသည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ လက်နက်ပုန်းများပေါ်တွင် ပါလာသော မဟာကောင်းကင် နှင်းခဲချီ ဖြစ်သည်။ အရေပြားကို ဖောက်ဝင်သွားသည်နှင့် တပြိုင်နက် သွေးကြောများတစ်လျှောက် စီးဆင်းသွားပြီး လှုပ်ရှားမှုများကို အေးခဲသွားစေသည်။
လက်နက်ပုန်း ထိမှန်သွားသူများသည် ရပ်နေရင်းမှ ချက်ချင်းပင် မလှုပ်မယှက် ဖြစ်သွားကြ၏။
ထို့နောက် ဓားရောင်များ ဝင်းလက်သွားပြီး ဓားချက်များက ဒေါင်လိုက် တမျိုး၊ အလျားလိုက် တဖုံ ဖြတ်သန်းသွားကြ၏။ ဓားရောင်လှိုင်းလုံးကြီး တစ်ခု သူတို့အပေါ်သို့ ဖုံးလွှမ်းကျဆင်းလာသကဲ့သို့ပင်။
ကျိဖေးယန်သည် ဓားတစ်လက်ကို ကိုင်ဆောင်လျက် လက်ထဲတွင် လှည့်ပတ်ကစားလိုက်ရာ ဓားရောင်များသည် လေထဲတွင် ပျံဝဲနေသော ငှက်မွှေးများအဖြစ် ပြောင်းလဲသွားသည်။
“ချွင်... ချွင်... ချွင်…”
အကြိမ်အနည်းငယ် ထိပ်တိုက် ရင်ဆိုင်ပြီးနောက် သူသည် ရုတ်တရက် အောက်သို့ ထိုးဆင်းလိုက်ပြီး မြေပြင်ပေါ်သို့ မိုးက်ြုးပစ်သည့်အလား ပြင်းထန်စွာ ကျရောက်သွားသည်။ ဓားရောင်အချို့သည် သူ၏ ဦးခေါင်းထက်မှ သီသီလေး ဖြတ်ကျော်သွားကြ၏။
ဖူဟန်ယွမ််က လှည့်ကြည့်လိုက်ပြီး ကဲ့ရဲ့လိုက်သည်။
“ဒုက္ခပေးမယ့်ကောင်”
ချက်ချင်းပင် သူသည် ကျိဖေးယန်၏ ဘေးသို့ ပြန်ရောက်လာပြီး အောက်သို့ ငုံ့ကာ ကျိဖေးယန်၏ ပခုံးကို ဆွဲကိုင်၍ အားကုန်လွှဲပစ်လိုက်၏။
“သွားတော့”
ဒါက ကျိဖေးယန်ကို လွတ်မြောက်စေရန် ရည်ရွယ်ခြင်း ဖြစ်သော်လည်း ကျိဖေးယန် မော့ကြည့်လိုက်သောအခါ ဆဲရေးတိုင်းထွာချင်စိတ်များ ပေါက်သွားသည်။
ဖူဟန်ယွမ်် ပစ်လိုက်သော နေရာတွင် အနက်ရောင်ဝတ် လူအများအပြားက စောင့်ကြိုနေကြပြီး ကျိဖေးယန်သည် သူတို့ကြားထဲသို့ တည့်တည့်ကြီး ရောက်သွားခြင်း ဖြစ်သည်။
ကျိဖေးယန်သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး လေထဲတွင် ပျံဝဲနေသော ဓားချက်သုံးထောင်ကို ထုတ်သုံးရန် ပြင်လိုက်စဉ်မှာပင်... လေထဲတွင် တဝီဝီ မြည်သံနှင့်အတူ ဓားတစ်လက်က လေထုကို ခွင်းလျက် သူ့ဆီသို့ ပျံသန်းလာသည်ကို ကြားလိုက်ရသည်။
သို့သော် သူ လှည့်ကြည့်လိုက်သောအခါ... ၊
လားလားမျှ ဓားတစ်လက် မဟုတ်နေပေ။
လူတစ်ယောက် ဖြစ်နေ၏။
ထိုလူသည် လေထဲတွင် ပျံသန်းလာရင်း ဓားကို ဝှေ့ယမ်းလိုက်ရာ ကျိဖေးယန် ရှေ့မှ အနက်ရောင်ဝတ် လူများသည် ခေါင်းနှင့် ကိုယ် အိုးစားကွဲသွားကြပြီး သွေးမိုးများ ရွာချလာတော့သည်။
ထိုလူကို မြင်လိုက်ရသောအခါ ကျိဖေးယန်သည် ချက်ချင်း ဝမ်းသာအားရ ဖြစ်သွား၏။
“မင်းလည်း လာတာလား”
ဖုန်းပိုင်ချွမ်းက ကျိဖေးယန်ကို အေးစက်စက် မျက်လုံးများဖြင့် တစ်ချက် ကြည့်လိုက်သည်။
“ဟွန်း...”
“...”
ဟွန်း... တဲ့လား။
ကျိဖေးယန်၏ နှုတ်ခမ်းများ တွန့်ရွသွား၏။ သူ၏ စိတ်ထဲတွင် မန္တန်မန္တန်များကို တိုးတိုးလေး ရွတ်ဆိုလိုက်ပြီး... 'ငါက သူ့အဆင့်အတန်းနဲ့ သွားမဖက်ပြိုင်သင့်ဘူး... ကောင်းကင်ဓားဂိုဏ်းသားတွေက အမြဲတမ်း ဒီလိုပဲ... ပြောတဲ့စကားနဲ့ စိတ်ထားက တခြားစီ ဖြစ်နေတတ်တာ' ဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်သည်။
သို့သော် သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ အနက်ရောင်ဝတ် လူများအားလုံး သူတို့ဆီသို့ ဦးတည်လာနေကြသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်မှာပင် လူအုပ်ကြားထဲမှ အနက်ရောင်ဝတ် လူတစ်ယောက်သည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး ခရမ်းရောင် ရွှေတင်းပုတ်ကြီး နှစ်ခုကို ကျောနောက်မှ ဆွဲထုတ်လိုက်၏။
တင်းပုတ်နှစ်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်ရှိ အနက်ရောင်ဝတ် လူများကို ထုနှက်လိုက်ရာ... ဝုန်းခနဲ မြည်သံများနှင့်အတူ အရိုးကျိုးသံများ၊ အကြောပြတ်သံများ ထွက်ပေါ်လာပြီး လူအများအပြား လဲကျကုန်ကြ၏။
အဝေးမှ ကြည့်နေသော ချီလင်ဓားသမားသည် ရုတ်တရက် ပြုံးလိုက်၏။
“တကယ့်ကို အင်အားစုတွေ ပေါင်းဆုံနေတာပဲ... ဒါပေမဲ့ ဒီလို အလှည့်အပြောင်းလေး ရှိနေတာက ပိုပြီး ပြီးပြည့်စုံသွားစေတယ်”
ထိုအခါ၊ ဆုမိုသည် မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် မေးလိုက်ပါတော့သည်။
“ကျိဖေးယန်လေ... သူက တောက်လျှောက် ခင်ဗျားတို့နဲ့ ရှိနေခဲ့တာ မဟုတ်ဘူးလား”
“ဟုတ်တယ်”
အခန်း (၂၈၄) - မျက်လှည့်ပညာများ
~ချီလင်ဓားသမားက “ဟုတ်တယ်” ဟူသော စကားတစ်ခွန်းတည်းကိုသာ ပြောလိုက်သော်လည်း ဆုမိုမှာ အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်သွားရသည်။
“ကျွန်တော် ထင်ထားတာက... ခင်ဗျားတို့ရဲ့ အစီအစဉ်က သုံးပါး အစွန်းရောက်ဂိုဏ်းသားတွေ အားလုံးကို ဘိုးဘေးခန်းမဆောင်ထဲ မောင်းသွင်းပြီး သတ်ပစ်ကြမယ် ထင်နေတာ”
“အဲဒါလည်း မှန်ပါတယ်... ဒါပေမဲ့ ကောင်းကင်ဂိုဏ်းချုပ် ဆိုတဲ့ မြေခွေးအိုကြီးကိုပါ အပြင်ထုတ်ဖို့ လိုသေးတယ်လေ”
“ယန်ကြီးက သူနဲ့ ရှင်းစရာတွေ ရှိနေသေးတော့ သူ့ကို တခြားသူတွေနဲ့အတူ ဝင်သွားခွင့် မပေးနိုင်ဘူး”
“ဒါဆို... မူလအစီအစဉ်က သုံးပါး အစွန်းရောက်ဂိုဏ်းသားတွေ ခန်းမဆောင်ထဲ ဝင်မယ့် အရေးကြီး အခိုက်အတန့်မှာ ကျိဖေးယန် ကို ပေါ်လာစေပြီး အနှောင့်အယှက် ပေးခိုင်းဖို့ပေါ့... ဟုတ်လား”
“သူ တစ်ယောက်တည်း မဟုတ်ပါဘူး... ဝူတောက်ယို လည်း ပါပါတယ်”
ချီလင်ဓားသမားက ဖြည့်စွက်ပြောလိုက်၏။
ဆုမို ခေါင်းတစ်ချက် ညိတ်လိုက်၏။ ခုနက ဖူဟန်ယွမ််ကို ကယ်တင်ဖို့ ကျိဖေးယန် ရောက်လာပြီး လေထဲတွင် ပျံဝဲနေသော ဓားချက်သုံးထောင် သိုင်းကွက်ကို ထုတ်သုံးလိုက်သည် ဆိုသော်လည်း... ဒါက အသင့်ပြင်ထားသူက အလစ်အငိုက် မိနေသူကို တိုက်ခိုက်ခြင်း ဖြစ်သည့်အတွက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုနှင့် ဆင်တူနေသည်။
ဒါတောင်မှ လူသားဂိုဏ်းချုပ်ကို နှစ်လှမ်းလောက်သာ နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ ကျိဖေးယန်သာ တစ်ကိုယ်တော် လှုပ်ရှားရမည်ဆိုလျှင် သူ၏ အသက်အန္တရာယ်မှာ သေချာပေါက် စိုးရိမ်ရမည့် အခြေအနေ ဖြစ်သည်။ သို့သော် ဝူတောက်ယိုသာ ပါဝင်လာခဲ့လျှင် အခြေအနေက ပြောင်းလဲသွားနိုင်၏။
ကောင်းကင်ဂိုဏ်းချုပ်၏ သတိကြီးသော သဘာဝအရ... ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်ရပ်မျိုး ကြုံလာရလျှင် ကျိဖေးယန်နှင့် ဝူတောက်ယိုတို့ကို လွယ်လွယ်ကူကူ ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။
ကျိဖေးယန် ဝင်ရောက် စွက်ဖက်ခြင်းသည်လည်း သုံးပါး အစွန်းရောက်ဂိုဏ်း၏ အမြင်တွင် ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စဟု ထင်မြင်စေနိုင်သည်။ ဘာပဲပြောပြော သူတို့က ကောင်းကင်တံခါး အာမခံဌာနအပေါ် အသက်တစ်ချောင်းစာ အကြွေးတင်နေသည် မဟုတ်ပါလော။
သူတို့၏ ပထမဆုံး တုံ့ပြန်မှုသည် သူခိုးလူမိသလို ကြောက်ရွံ့ခြင်း ဖြစ်ပေလိမ့်မည်။ ကျိဖေးယန်က သူတို့ကို ခြေရာခံမိပြီး လက်စားချေရန် ရောက်လာသည်ဟုသာ ယူဆကြပေမည်။ အခြား ဖြစ်နိုင်ချေများကို စဉ်းစားမိလျှင်တောင်မှ ဒုတိယအဆင့် တုံ့ပြန်မှုသာ ဖြစ်လိမ့်မည်။
သို့သော် ဤမျှ ခက်ခက်ခဲခဲ ဖွင့်ထားရသော ‘လျှို့ဝှက်သိုလှောင်ရုံ’ တံခါးကို သူတို့ ဘယ်လိုလုပ် စွန့်လွှတ်နိုင်ပါ့မလဲ။ ကျေနပ်လောက်အောင် ဝင်ကြည့်ကြမည်သာ ဖြစ်၏။
ကောင်းကင်ဂိုဏ်းချုပ်၏ သံသယများသော စိတ်ထားအရ... တစ်စုံတစ်ရာ မသင်္ကာဖွယ်ရာ ရှိသည်ဟု ခံစားရသည်နှင့် ကိုယ်တိုင် ဝင်ရောက် စူးစမ်းမည် မဟုတ်ဘဲ သူ၏ လက်ပါးစေများကိုသာ အပြင်ဘက်မှ စောင့်ကြည့်ခိုင်းပေလိမ့်မည်။
ထိုအချိန်တွင် လော့ဖုန်းမဟာမိတ်အဖွဲ့မှ လူများက အပြင်စည်းတွင် စောင့်ကြပ်နေသော သုံးပါး အစွန်းရောက်ဂိုဏ်း၏ အနက်ရောင်ဝတ် လူများကို ရှင်းလင်းပစ်ကြလိမ့်မည်။
ကျန်ရှိနေသော မျက်လုံးများအားလုံးသည် အတွင်းဘက်တွင် ဖြစ်ပျက်နေသော ရုတ်ရုတ်သဲသဲ အခြေအနေများကိုသာ အာရုံစိုက်နေကြလိမ့်မည်။
လူသားဂိုဏ်းချုပ်သည် အနက်ရောင်ဝတ် လူအချို့ကို ဦးဆောင်ပြီး သေပွဲဝင်ရန် ‘လျှို့ဝှက်သိုလှောင်ရုံ’ ထဲသို့ ဝင်ရောက်သွားလိမ့်မည်။
ထိုအခါ ကောင်းကင်ဂိုဏ်းချုပ် တစ်ဦးတည်း အပြင်တွင် ကျန်ရစ်ခဲ့မည် ဖြစ်ပြီး... ယန်ရီဇီ၊ ယွီလင်းရှင်း၊ ချီလင်ဓားသမား၊ ကျိဖေးယန် နှင့် ဝူတောက်ယို တို့၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရပေလိမ့်မည်။
ကျန်ရှိနေသော သုံးပါး အစွန်းရောက်ဂိုဏ်း၏ တပည့်များကိုမူ လော့ဖုန်းမဟာမိတ်အဖွဲ့က တာဝန်ယူ ရှင်းလင်းပေးလိမ့်မည်။
တကယ့်ကို ကွက်တိပါပင်။
ဒါက ယွီလင်းရှင်းနှင့် ယန်ရီဇီ တို့ ပူးပေါင်းကြံစည်ထားသော အစီအစဉ်၏ အကြမ်းဖျင်း ပုံစံပင်။
ကောင်းကင်ဂိုဏ်းချုပ်ကို အပြင်ထုတ်ပြီး အမိဖမ်းရန်အတွက် အသေးစိတ် အချက်အလက်များကို စနစ်တကျ ပြင်ဆင်ထားကြခြင်း ဖြစ်သည်။
သူတို့ မမျှော်လင့်ထားသော တစ်ခုတည်းသော အရာမှာ... ကောင်းကင်ဂိုဏ်းချုပ်သည် လမ်းခရီးတွင် မတော်တဆ ဖူဟန်ယွမ််ကို ဖမ်းမိလာခဲ့ခြင်းပင်။
ထိုအကြောင်းကြောင့် ဖုန်းပိုင်ချွမ်း၊ လျိုမိုနှင့် အခြားသူများပါ ရောက်ရှိလာကြခြင်း ဖြစ်၏။
ထို့ကြောင့် ဖူဟန်ယွမ််ကို ကယ်တင်ရန် ကျိဖေးယန် ရောက်ရှိလာသောအခါ ဝူတောက်ယို ဝင်ပါစရာ မလိုတော့ပေ။
ယခုအချိန်တွင် ဖုန်းပိုင်ချွမ်း၊ လျိုမို၊ ဖူဟန်ယွမ်် နှင့် ကျိဖေးယန် တို့က လူတိုင်း၏ အာရုံကို ဖမ်းစားထားကြပြီ ပင်။
တောအုပ်ထဲတွင် ဖြစ်ပွားနေသော သတ်ဖြတ်မှုများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ဆုမို အာရုံခံမိလိုက်၏။
လော့ဖုန်းမဟာမိတ်အဖွဲ့မှ လူများသည် သုံးပါး အစွန်းရောက်ဂိုဏ်းသားများ နေရာတွင် အစားထိုး ဝင်ရောက်နေရာယူလိုက်ကြပြီး ဧရိယာတစ်ခုလုံးကို တင်းကျပ်စွာ ပိတ်ဆို့လိုက်ကြလေပြီ။
“ခေါင်းဆောင်ဆု က ဒီမှာပဲ စောင့်နေမလား... ဒါမှမဟုတ် ဝင်နွှဲမလား”
ချီလင်ဓားသမားက ရုတ်တရက် သူ၏ ဓားရှည်ကြီးကို ဆွဲထုတ်လိုက်ရင်း ပြုံးကာ မေးလိုက်ခြင်းပါ။
“လူတိုင်းက ဒီအစီအစဉ် ဖြစ်မြောက်အောင် အပင်ပန်းခံ ကြိုးစားထားကြတာ... ကျွန်တော်က ဘာကိစ္စ ဝင်ပြီး စွက်ဖက်ရမလဲ”
“အခုချိန်က အားလုံးရဲ့ စွမ်းရည်တွေကို ထိုင်ကြည့်ရမယ့် အချိန်ပဲ... ကျွန်တော် ဒီကနေပဲ စောင့်ကြည့်ပြီး ကွပ်ကဲပေးပါ့မယ်”
“ကောင်းပြီလေ”
ချီလင်ဓားသမားက ဟားတိုက် ရယ်လိုက်၏။
“မင်း ရှိနေမှတော့ စိတ်ချရတာပေါ့ကွာ... ယန်ကြီးက မင်းတို့ကို ကလေးတွေလို သဘောထားပြီး ဒီကိစ္စတွေထဲ မပါစေချင်တာ... တကယ်တော့ သူ မှားသွားတာပဲ”
သူ၏ အတွေးက ယွီလင်းရှင်းနှင့် အနည်းငယ် ကွဲပြားသည်။ ယွီလင်းရှင်းက ဆုမိုနှင့် ယန်ရှောင်ယွင်ကို အကာအကွယ် ပေးထားသော ယန်ရီဇီ၏ အစီအစဉ်ကို ဖျက်ဆီးမိသလို ဖြစ်သွားသဖြင့် အပြစ်ရှိစိတ် ခံစားနေ၏။ ထို့ကြောင့် ဆုမိုနှင့် ယန်ရှောင်ယွင်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် ချီလင်ဓားသမား၏ အမြင်တွင်မူ... ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် သိုင်းပညာရော ဉာဏ်ရည်ပါ ထက်မြက်သူများ ဖြစ်ကြ၏။ အထူးသဖြင့် ဆုမို၏ စွမ်းရည်မှာ အံ့မခန်းပင် မဟုတ်ပါလော။
ဒီလို သိုင်းပညာရှင် တစ်ယောက် သူတို့ဘက်မှာ ရှိနေခြင်းက ကြီးမားသော အားဖြည့်မှုတစ်ခု ဖြစ်စေသည်။ မတော်တဆ အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်ရလေအောင် ဒီနေရာကနေ စောင့်ကြည့် ကွပ်ကဲပေးခြင်းက အသင့်လျော်ဆုံးပင်။
ထိုသို့ တွေးလိုက်မိချိန်မှာပင်... ဘိုးဘေး ခန်းမဆောင် အတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
“အုန်း…”
ထို့နောက် ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ဆက်လက် ထွက်ပေါ်လာပြီး အရာအားလုံးကို ဗြောင်းဆန်သွားစေတော့သည်။
“ဝရော..ဝရော”
မြေပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဘိုးဘေး ခန်းမဆောင် တည်ရှိရာ မြေနေရာသည် ကမ္ဘာမြေကြီး အသက်ရှူလိုက်သကဲ့သို့ နိမ့်လိုက်မြင့်လိုက် ဖြစ်သွားသည်။
ပြင်းထန်သော စုပ်ယူမှုကြီး တစ်ခု ဖြစ်ပေါ်လာပြီးနောက် ချက်ချင်းပင် ပေါက်ကွဲထွက်သွားခြင်း ဖြစ်၏။
မြေကြီးများ ပြိုကျကာ ကျောက်တုံးကြီးများ ပြုတ်ကျကုန်ပြီး ကြီးမားနက်ရှိုင်းသော တွင်းကြီးတစ်ခု ပေါ်ပေါက်လာသည်။
လူသားဂိုဏ်းချုပ် ဦးဆောင်သော အနက်ရောင်ဝတ် လူများအားလုံး ထိုတွင်းကြီးထဲတွင် အစအနမကျန် ပျောက်ကွယ်သွားကြတော့၏။
ထိုအဖြစ်အပျက်ကြောင့် ရှိသမျှလူအားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။
ကျိလေ ရတနာဆောင်ထဲတွင် ရှိနေသော ကောင်းကင်ဂိုဏ်းချုပ်သည် မျက်မှောင်ကြုတ်လိုက်မိ၏။ သို့သော် သူ စကားမပြောနိုင်ခင်မှာပင် တောအုပ်ထဲမှ လူရိပ်အချို့ ခုန်ထွက်လာပြီး သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာသည်ကို တွေ့လိုက်ရသည်။
ဒီအချိန်ရောက်မှတော့ သူ ကျော့ကွင်းထဲ မိသွားပြီ ဆိုတာကို ဘယ်လိုလုပ် သဘောမပေါက်ဘဲ နေပါ့မည်လဲ။
သို့သော် သိုင်းပညာရှင် အများအပြားက သူ၏ ခန္ဓာကိုယ်ကို ချီစွမ်းအင်များဖြင့် ချိန်ရွယ်ထားကြပြီ ဖြစ်ရာ ထွက်ပြေးရန် လမ်းမရှိတော့ပေ။
သူသည် မထီမဲ့မြင် ပြုသလို နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရေရွတ်လိုက်၏။
“မိုက်မဲတဲ့ ပိုးကောင်မွှားကောင်တွေ”
ထိုစကားသံ ဆုံးသည်နှင့် တပြိုင်နက် ပလ္လင်ထမ်း လေးယောက်သည် ရုတ်တရက် လေပေါ်သို့ ခုန်တက်လိုက်ကြသည်။
သူတို့ တစ်ယောက်ချင်းစီ၏ သိုင်းပညာမှာ ထိပ်တန်းအဆင့်တွင် ရှိနေကြ၏။ သိုင်းလောကတွင် တစ်ကိုယ်တော် ခရီးနှင်ပါက အချိန်တိုအတွင်း နာမည်ကျော်ကြားလာနိုင်သည့် အရည်အချင်းမျိုး ရှိကြသည်။
သို့သော် ယခုအချိန်တွင်မူ သူတို့သည် ကျိလေ ကောင်းကင်နန်းတော် ဒုတိယ နန်းတော်သခင်၏ ပလ္လင်ထမ်းများသာ ဖြစ်ကြ၏။
လေထဲသို့ ရောက်သည်နှင့် သူတို့သည် မိမိတို့၏ သိုင်းကွက်များကို ထုတ်သုံးပြီး ပျံသန်းလာသော လူရိပ် (၄) ခုကို လျင်မြန်စွာ ရင်ဆိုင်လိုက်ကြသည်။
ထိုအထဲမှ ခေါင်းဆောင် ဖြစ်သူမှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ယန်ရီဇီ ဖြစ်သည်။ သူ၏ လက်နှစ်ဖက်သည် အလင်းနှင့် အရိပ်ကို ခွဲခြားလိုက်သကဲ့သို့ လှုပ်ရှားလိုက်၏။ မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်းကို အသုံးမပြုဘဲ လက်ဝါး တစ်ချက် ရိုက်ထုတ်လိုက်ရုံဖြင့် ပလ္လင်ထမ်း၏ ခံစစ်ကို ချက်ချင်းပင် ဖြိုခွင်းလိုက်၏။
ထို့နောက် လက်ချောင်းများကို ကွေးညွတ်ကာ ပလ္လင်ထမ်း၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေတော့သည်။
အခန်း (၂၈၅) - မျက်လှည့်ပညာများ (အပိုင်း - ၂)
~သူသည် လေထဲတွင် ရှိနေစဉ်မှာပင် ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး အရှိန်အဟုန်ဖြင့် ပလ္လင်ထမ်းကို ကျိလေ ရတနာဆောင် ထဲသို့ အဟုန်ပြင်းစွာ ပစ်လွှင့် လိုက်၏။
“မီးစုန်းတစ်ကောင်က လမင်းကြီးကို လာပြိုင်နေပါလား”
ကျိလေ ရတနာဆောင် အတွင်းမှ ကောင်းကင်ဂိုဏ်းချုပ်၏ ကျားသံ မကွဲ၊ မသံ မကွဲ အသံ ထွက်ပေါ်လာပြီးနောက် လိုက်ကာစများ လှုပ်ခတ်သွားသည်။
မျက်စိဖြင့် မမြင်နိုင်သော အတွင်းအား လှိုင်းလုံးကြီးတစ်ခု ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာ၏။
လေထဲမှ ပလ္လင်ထမ်းသည် နာကျင်စွာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ ခန္ဓာကိုယ်သည် ဝုန်းခနဲ အပိုင်းပိုင်း အစစ ကွဲထွက်သွားလေတော့သည်။
သွေးစက်များသည် အတွင်းအား အရှိန်အဟုန်ဖြင့် တွန်းကန်အားကြောင့် ယန်ရီဇီ ရှိရာဘက်သို့ မိုးစက်မိုးပေါက်များအလား ပြင်းထန်စွာ ပျံသန်းလာကြ၏။
“ဟွန်း...”
လေထဲတွင် ရှိနေသော ယန်ရီဇီသည် အေးစက်စွာ နှာမှုတ်လိုက်၏။ မည်သည့် လက်ဟန်ခြေဟန်မှ မလုပ်ဘဲ ခန္ဓာကိုယ်ကို တစ်ချက် တုန်ခါလိုက်ရုံဖြင့် လေထဲမှ ပျံသန်းလာသော သွေးစက်များသည် ရုတ်တရက် ရပ်တန့်သွားပြီး မလှုပ်မယှက် ဖြစ်သွားကြ၏။
ထို့နောက် သူက လက်မောင်းကို ဆန့်တန်းလိုက်ရာ သွေးစက်များသည် ပုတီးစေ့များ သီကုံးထားသကဲ့သို့ တန်းစီသွားကြပြီး ကျိလေ ရတနာဆောင်ဆီသို့ မြှားတစင်းပမာ တစ်ဟုန်ထိုး ပြန်လည် ပျံသန်းသွားကြလေတော့သည်။
သို့သော် ကျိလေ ရတနာဆောင်၏ ရှေ့တွင် မျက်စိဖြင့် မမြင်နိုင်သော လေနံရံတစ်ခု ကာဆီးထားသကဲ့သို့ ဖြစ်နေသည်။
သွေးစက်များသည် ထိုနေရာတွင် ရပ်တန့်သွားပြီး သွေးဘောလုံးကြီး တစ်ခုအဖြစ် စုစည်းသွားကြ၏။ သွေးဘောလုံး၏ တစ်ဖက်ခြမ်းသည် ပုံပျက်ရှုံ့တွသွားပြီး မမြင်နိုင်သော အားတစ်ခု၏ တားဆီးခြင်းကို ခံနေရသည်။
ထိုအချိန်တွင် ယန်ရီဇီသည် အနီးသို့ ရောက်ရှိလာပြီး အဝေးမှနေ၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
လေထဲတွင် ရှိသော အတွင်းအား နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားပြီး ကွဲအက်သံကြီး တစ်ခု ထွက်ပေါ်လာ၏။
ခွမ်း...
သွေးဘောလုံးကြီးသည် ပုတီးစေ့များ ပြတ်ထွက်သွားသကဲ့သို့ အရပ်မျက်နှာ အနှံ့သို့ သည်းကြီးမည်းကြီး ပေါက်ကွဲလွင့်စင်သွားသည်။
အချို့သော သွေးစက်များသည် အနီးအနားရှိ သုံးပါး အစွန်းရောက်ဂိုဏ်း၏ အနက်ရောင်ဝတ် လူများအပေါ်သို့ ကျရောက်သွားပြီး ရင်ဘတ်များကို ထိုးဖောက်သွားကြ၏။
အချို့ကတော့ ပတ်ဝန်းကျင်ရှိ အပျက်အစီးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး သေးငယ်သော အပေါက်လေးများသာ ကျန်ရစ်ခဲ့သည်။ မြေကြီးပေါ်သို့ ကျရောက်သော သွေးစက်များသည်လည်း ချိုင့်ခွက်များကို ဖြစ်ပေါ်စေပြီး ကြည့်ရသည်မှာ ကြက်သီးထဖွယ် ကောင်းလှသည်။
ယန်ရီဇီသည် ထိုသွေးစက်များကြားမှ ဖြတ်သန်းသွားပြီး လက်ဝါးဖြင့် ထပ်မံ တွန်းထုတ်လိုက်၏။ တဝီဝီ မြည်သံများနှင့်အတူ ကျိလေ ရတနာဆောင်၏ လိုက်ကာစများသည် တမဟုတ်ချင်း အပိုင်းပိုင်းအစစ စုတ်ပြဲသွားလေတော့သည်။
ထိုအခါမှ ပလ္လင်ထက်တွင် မှီထိုင်နေသော အထက်တန်းကျ၍ လှပချောမော သည့် အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။
တောက်ပသော ဝတ်စုံများသည် သူမ၏ ခန္ဓာကိုယ်ကို လုံလောက်အောင်ပင် ဖုံးကွယ်မထားနိုင်ပေ။ သူမ၏ လော့ဖုန်းမျက်ဝန်းများသည် အမျက်ဒေါသနှင့် အပြစ်တင်လိုစိတ်များ ရောထွေးနေပြီး လက်တစ်ဖက်ကို မြှောက်ကာ လက်ဝါးချင်း ပြန်လည် တိုက်ခိုက်လိုက်၏။
သူမ၏ လက်ဝါးနှင့် ယန်ရီဇီ၏ လက်ဝါးတို့ လေထဲတွင် ထိပ်တိုက် တွေ့ဆုံသွားကြ၏။
ဝုန်း...
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး လက်ဝါးချင်း ထိတွေ့သော နေရာမှ လေလှိုင်းများ အထပ်ထပ် ဖြစ်ပေါ်လာ၏။
ကျိလေ ရတနာဆောင်၏ လိုက်ကာစ အပိုင်းအစများသည် လေပွေမုန်တိုင်းကဲ့သို့ လှည့်ပတ် လွင့်ပျံသွားကြ၏။
သူတို့နှစ်ဦး၏ လက်ဝါးချင်း ထိတွေ့ထားစဉ် အတွင်းအား ပြိုင်ဆိုင်နေကြချိန်တွင် ကူပိရန် သည် ရုတ်တရက် အခြားလက်တစ်ဖက်ဖြင့် ပလ္လင်လက်ရမ်းကို ဖိချလိုက်၏။
တမဟုတ်ချင်း ဆိုသလို အနီရောင် ပိုးသားစများသည် မြွေများကဲ့သို့ လေထဲတွင် ကခုန်ထွက်ပေါ်လာပြီး ယန်ရီဇီကို သည်းကြီးမည်းကြီး ရစ်ပတ်လိုက်ရာ ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်သွားသည်။
“ကျင်းဟုန် ဖေးရွှယ်.. သိုင်းကွက်ကတော့ ကောင်းပါရဲ့... ဒါပေမဲ့ ဒီလို နူးညံ့အိစက်တဲ့ ပိုးသားတွေကို ရှင် ဘယ်လို ဖောက်ထွက်မလဲ ကြည့်ရသေးတာပေါ့”
ကူပိရန်က ပြောရင်းဆိုရင်း နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ခြေထောက်တစ်ဖက်ကို မြှောက်ကာ ကန်ထုတ်လိုက်၏။
သူမသည် ကျိလေ ကောင်းကင်နန်းတော်၏ ဒုတိယ နန်းတော်သခင် ဖြစ်သည့်အလျောက် ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်ထားပြီး လှုပ်ရှားမှုတိုင်းသည် တပ်မက်စိတ်ကို ဖြစ်ပေါ်စေနိုင်သည်။
သို့သော် လူအများစုသည် သူမ၏ သိုင်းပညာ ရက်စက်ကြမ်းကြုတ်မှုကို မေ့လျော့နေတတ်ကြ၏။
ယန်ရီဇီမှာ အနီရောင် ပိုးသားလုံးကြီးထဲတွင် ပိတ်မိနေပြီး ခေါင်းတစ်လုံးသာ ပြူထွက်နေသည်။ ကောင်းကင်ဂိုဏ်းချုပ်နှင့် အတွင်းအား ပြိုင်ဆိုင်နေရဆဲ ဖြစ်သဖြင့် ယခုကန်ချက်ကို ကာကွယ်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် ထူးဆန်းစွာပင် ကူပိရန်၏ ခြေထောက်သည် လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။ သူမသည် ရုတ်တရက် ခေါင်းကို လှည့်လိုက်ပြီး အဝေးတစ်နေရာသို့ လက်လှမ်းလိုက်၏။
“ဝီ…”
လေထဲတွင် ဓားမြည်သံ သဲ့သဲ့ ထွက်ပေါ်လာ၏။
သူမ သတိမထားမိလိုက်သော အချိန်တွင် သူမ၏ နောက်ကျောဘက်မှ ဓားတစ်လက် ထိုးဖောက်ဝင်ရောက် လာခြင်း ဖြစ်သည်။
ဓားကို ကိုင်ဆောင်ထားသော လက်များမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည်။ မော့ကြည့်လိုက်သောအခါ အထက်တန်းကျ၍ လှပချောမော သော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြန့်နက်ရှိုင်းနေပြီး ဓားချက်တိုင်းတွင် အာဃာတများကို ထည့်သွင်းထားသည်။
“ယွီဝိညာဉ် သတ်ဖြတ်ခြင်း သိုင်း.. ယွီမိသားစုရဲ့ လက်ကျန် မျိုးဆက်ကိုး... ဒီလို ထောင်ချောက်မျိုး ဆင်ထားတာ မဆန်းပါဘူး”
ကူပိရန်က မဲ့ပြုံးတစ်ချက် ပြုံး လိုက်၏။
“နင် တစ်ယောက်တည်းနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေလား”
ထိုစကားကို ကြားလိုက်ရသောအခါ ယန်ရီဇီရော ယွီလင်းရှင်းပါ မျက်နှာ ပျက်ယွင်းသွားကြ၏။
“ဝူး…’’
ထိုအချိန်မှာပင် အပေါ်စီးမှ အေးစက်သော ဓားရောင်တစ်ခု ကျဆင်းလာ၏။ (၃) မီတာခန့် ရှည်လျားသော ဓားရောင်ကြီးသည် ပြင်းထန်စွာ ရိုက်ခတ်လာ၏။
ချီလင်ဓားသမား ရောက်ရှိလာခြင်းပင်။
ကူပိရန်သည် ရုတ်တရက် မော့ကြည့်လိုက်ပြီး သူမ၏ လော့ဖုန်းမျက်ဝန်းများတွင် အဆုံးမဲ့သော နူးညံ့ကြင်နာမှုများ ပြည့်နှက်သွားသည်။
“ရှင်လည်း ကျွန်မကို သတ်ချင်တာလားဟင်”
ထိုအခိုက်အတန့်တွင် သူမ၏ အသံသည် နူးညံ့ချိုသာပြီး မိန်းကလေးဆန်သော လေသံအဖြစ် ပြောင်းလဲသွား၏။ ယခင်က ကျားသံ၊ မသံ ခွဲခြားမရသော အသံမျိုး မဟုတ်တော့ဘဲ ကြားရသူ၏ နှလုံးသားကို ယိမ်းယိုင်သွားစေနိုင်သော ညို့ဓာတ်ပြင်းသည့် အသံ ဖြစ်နေသည်။
ချီလင်ဓားသမားသည် သူမကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ရာ... ဤမျှ ချစ်စရာ ကောင်းသော မိန်းကလေး တစ်ယောက်ကို သူ ဘယ်လိုလုပ် ရက်ရက်စက်စက် သတ်ဖြတ်နိုင်ပါ့မလဲဟု တွေးမိလိုက်၏။
ထိုအတွေးကြောင့် သူ၏ သတ်ဖြတ်လိုစိတ်သည် သုံးပုံတစ်ပုံခန့် လျော့ကျသွားရသည်။
ကံကောင်းထောက်မစွာပင် မိသားစုပိုင် ယွီဝိညာဉ် သတ်ဖြတ်ခြင်း သိုင်းသည် သူ၏ ခန္ဓာကိုယ်ထဲတွင် အလျင်အမြန် လှည့်ပတ်သွားပြီး စိတ်အာရုံကို ရှင်းလင်းသွားစေသည်။
သို့သော် အဆင့်မြင့် သိုင်းပညာရှင်များ၏ တိုက်ပွဲတွင် တဒင်္ဂ အချိန်လေးသည်ပင် အဆုံးအဖြတ် ပေးနိုင်ပေသည်။ ထိုခေတ္တမျှ တုံ့ဆိုင်းသွားသည့် အချိန်လေးအတွင်း ကူပိရန်၏ လက်ဝါးမှ အတွင်းအား တစ်ချက် တုန်ခါသွားပြီး ယွီလင်းရှင်းမှာ ဦးစွာပထမ လွင့်စင်ထွက်သွားရသည်။
ထို့နောက် သူမသည် လက်ချောင်းလေး တောက်လိုက်ရုံဖြင့် ချီလင်ဓားသမား၏ ဓားရောင်ကို တိုက်ရိုက် ရိုက်ခတ်လိုက်၏။
“ချွင်…”
ဓားရောင်သည် ဖန်ကွဲစများအလား ပြိုကွဲသွားပြီး အတွင်းအားများသည် အဟန့်အတားမရှိ ထိုးဖောက်ဝင်ရောက်သွားကြ၏။ လေထဲတွင် ရှိနေသော ချီလင်ဓားသမားမှာ သွေးများ ဝေါ့ခနဲ အန်ချ လိုက်ရပြီး နောက်သို့ လွင့်စင်သွားလေတော့သည်။
ထို့နောက် ကူပိရန်သည် အချိန်ကြာမြင့်စွာ ပြင်ဆင်ထားသော ကန်ချက်ဖြင့် ယန်ရီဇီကို ပစ်မှတ်ထားလိုက်၏။
သို့သော် ထိုအချိန်မှာပင် တရှဲရှဲ မြည်သံများနှင့်အတူ ယန်ရီဇီသည် သူ့ကို ရစ်ပတ်ထားသော အနီရောင် ပိုးသားလုံးကြီးကို ဖျက်ဆီးလိုက်နိုင်ပြီ ဖြစ်သည်။
သူသည် လက်ချောင်းနှစ်ချောင်းကို ထိုးထုတ်လိုက်ရာ နဂါးဟိန်းသံကြီး တစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
လက်ချောင်းကို လှံသဖွယ် အသုံးပြုလိုက်ခြင်း ဖြစ်ပြီး...မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်း မှတစ်ပါး အခြား မဟုတ်ပေ။
ထိုလက်ချောင်းသိုင်း ထွက်ပေါ်လာသည်နှင့် ကူပိရန်ပင်လျှင် ထိပ်တိုက် ရင်ဆိုင်ရဲခြင်း မရှိဘဲ နောက်သို့ ကပျာကယာ ဆုတ်ခွာလိုက်ရသည်။
ယန်ရီဇီက သူမကို လွတ်မြောက်ခွင့် မပေးဘဲ မျက်တောင်တစ်ခတ် စာ အတွင်း အနီးကပ် တိုက်ခိုက်လိုက်သည်။
ယွီလင်းရှင်းသည် မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် ကိုယ်ကို လှည့်ကာ ရှေ့သို့ ပြန်လည် တိုးဝင်လာ၏။
ချီလင်ဓားသမားသည်လည်း ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ပြီး ၇ ပေ နက်မှောင်အလင်းဓားကို ဝှေ့ယမ်းကာ ထပ်မံ တိုက်ခိုက်လိုက်လေတော့သည်။