အခန်း (၃၃၇-၃၃၈)
Vol. 34 Ch. 337-338
အခန်း (၃၃၇) - မြေစောင့်နတ်တံဆိပ် ၊ မြေစောင့်နတ်အာဏာစက် ၊ ထိုက်ရှန်းဖူကျွင်းတံဆိပ် ၊ သိုင်းကျမ်းများကို အဆင့်မြှင့်တင်ခြင်း
"ဟက်..."
မြေစောင့်နတ်မင်းက ခပ်အေးအေး တစ်ချက် ရယ်မောလိုက်သည်။
သို့သော်လည်း ဝမ်အရာရှိ စိတ်ကူးယဉ် ထိတ်လန့်နေသလိုမျိုး နတ်ဘုရားနှင့် လူသား တိုက်ခိုက်သည့်ပွဲ ဖြစ်မလာခဲ့ပေ။
မြေစောင့်နတ်မင်းမှာလည်း လက်တုံ့ပြန် တိုက်ခိုက်မည့် အမူအရာ မရှိချေ။
"ငါ့ရဲ့ ဒီလို ဝိညာဉ်အခြေအနေမျိုးက မကြာခင်မှာပဲ လောကကြီးထဲကနေ ပျောက်ကွယ်သွားတော့မှာပါ။ ဒီလို နောက်ဆုံးအချိန်လေးမှာ မင်းလို တာအိုဆရာလေးနဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ထားလိုက်ပါတော့... ငါ့အပေါ် ညှာတာပေးတဲ့အတွက် လက်ဆောင်တစ်ခု ပြန်ပေးခဲ့ပါ့မယ်"
မြေစောင့်နတ်စင်အတွင်းမှ မှော်အလင်းတန်းတစ်ခု ပျံထွက်လာပြီး လီယန်ချူ၏ လက်ထဲသို့ တိုက်ရိုက်ကျရောက်လာသည်။
လီယန်ချူ သေချာကြည့်လိုက်သောအခါ ရွှေရောင်အလင်းတန်းများ လင်းလက်နေသည့် ရှေးဟောင်းတံဆိပ်တုံးလေးတစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။
တံဆိပ်၏ အောက်ခြေတွင် ရှေးဟောင်းစာလုံး ၄ လုံးကို ထွင်းထုထားသော်လည်း အတော်လေး မှေးမှိန်နေပြီ ဖြစ်သည်။
"ဒါက ဘာလဲ"
လီယန်ချူ မေးလိုက်သည်။
အတော်ကြာသည်အထိ မည်သူမျှ ပြန်မဖြေချေ။
လီယန်ချူ ခေါင်းမော့ကြည့်လိုက်သောအခါ အေးစက်သော အရှိန်အဝါနှင့် အဖိုးအိုအသံ ပိုင်ရှင် ဝင်ပူးနေသည့် ဟိုစန်းဟူမှာ သတိလစ်ကာ လဲကျနေပြီ ဖြစ်သည်။
ထိုအေးစိမ့်သော အငွေ့အသက်များလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
လီယန်ချူ မျက်ခုံးပင့်လိုက်မိသည်။
"ယန်ချူတာအိုဆရာ... အဲ့ဒီ မြေစောင့်နတ်မင်း ထွက်သွားပြီလား "
ဝမ်အရာရှိက မေးသည်။
"အင်း..."
လီယန်ချူ တိတ်ဆိတ်သွားသည် မူလကတည်းက ဤမြေစောင့်နတ်မင်းမှာ ဝိညာဉ်အစအနလေး တစ်ခုမျှသာဖြစ်ပြီး နတ်စင်ပေါ်တွင် အနိုင်နိုင် ကပ်ငြိနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူသည် ဝိညာဉ်အပြီးတိုင် ပျက်သုဉ်းသွားမည့် ဘေးကို ဂရုမစိုက်ဘဲ ဟိုစန်းဟူတို့အဖွဲ့ကို အသေအလဲ ကျိန်စာတိုက် သတ်ဖြတ်ခဲ့သည်။
မည်မျှအထိ နာကျည်းစရာ ရန်ငြိုးများ ရှိနေခဲ့သနည်း။
လီယန်ချူ၏ အကြည့်များမှာ တစ်ခုခုကို ဆင်ခြင်နေပုံရသည်။
ထိုကျိန်စာဖြင့် လူသတ်သည့်အမှုမှာ နတ်ဘုရား၊ သရဲတစ္ဆေများနှင့် ပတ်သက်နေသဖြင့် ရုံးတော်ကလည်း အမှုပိတ်လိုက်ရန် ရာခိုင်နှုန်း များပါသည်။
မြေစောင့်နတ်နှင့် မြို့စောင့်နတ် ကို ကိုးကွယ်ခြင်းမှာ လူထုကြားတွင် တရားဝင် ကိုးကွယ်မှု ဖြစ်နေသဖြင့် ပြင်ပသို့ ပေါက်ကြားသွားပါက ရိုက်ခတ်မှု မကောင်းနိုင်ပေ။
ရဲမက်များနှင့် ဖမ်းဆီးရေးမှူးများကမူ လီယန်ချူ၏ အတတ်ပညာ မြင့်မားမှုကိုသာ ချီးကျူးနေကြပြီး အတွင်းရေး အမှန်ကိုမူ မသိကြချေ။
လီယန်ချူသည် တာအိုကျောင်းသို့ ချက်ချင်း ပြန်လာခဲ့သည်။
ဆရာဖြစ်သူ ချန်ထားခဲ့သော ထူးဆန်းထွေလာ မှတ်တမ်းများနှင့် တာအိုကျမ်းစာများကို ပြန်လည် တိုက်ဆိုင်စစ်ဆေးကြည့်သော်လည်း မည်သည့်အဖြေမျှ မရရှိခဲ့ပေ။
နောက်ဆုံးတွင်... မက်မွန်သားဓားကို လွယ်၊ ယင်ယန်ရှစ်ကွက်ပါသော အိတ်ကို လွယ်ကာ အပြင်မှ အလုပ်ကိစ္စပြီး၍ ပြန်လာသော နတ်ဆရာကြီး ရောက်လာတော့သည်။
လီယန်ချူက ထိုရှေးဟောင်းတံဆိပ်ကို ထုတ်ပြလိုက်ရာ နတ်ဆရာကြီးမှာ တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားသည်။
"ဒါက မြေစောင့်နတ်တံဆိပ် ပဲ"
"ဒါကို မင်း ဘယ်က ရလာတာလဲ "
လီယန်ချူက ဝမ်အရာရှိကို ကူညီရင်း မြေစောင့်နတ်မင်းနှင့် တွေ့ခဲ့သည့် အဖြစ်အပျက်များကို ပြောပြလိုက်သည်။
နတ်ဆရာကြီး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"ဝေမြို့ရဲ့ မြေစောင့်နတ်မင်းလား "
နတ်ဆရာကြီးသည် ထိုတံဆိပ်ကို လက်ထဲတွင် ဆုပ်ကိုင်ထားရာ တံဆိပ်ထံမှ ဆန်းကြယ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
"ဒါက အဲ့လောက်တောင်... ထူးခြားလို့လား "
လီယန်ချူ မေးလိုက်သည်။
လွယ်လွယ်ကူကူ ရလာခဲ့သဖြင့် လီယန်ချူမှာ ၎င်းကို သာမန် ပစ္စည်းလေးတစ်ခုဟုသာ ထင်နေခြင်း ဖြစ်သည်။
နတ်ဆရာကြီးက သူ့ကို တစ်ချက် မျက်စောင်းထိုးကာ ဖြည်းဖြည်းချင်း ရှင်းပြသည်။
"ဒီလို မြေစောင့်နတ်တံဆိပ် ဆိုတာက တောင်စောင့်နတ်၊ မြေစောင့်နတ်တွေရဲ့ အာဏာပိုင် သက်သေခံ လက်မှတ်ပဲ။ ဒါကို သုံးပြီးတော့ အနီးနားက အမွှေးနံ့သာ အရှိန်အဝါတွေကို စုစည်းပြီး နတ်ဘုရားလမ်းစဉ် ကို ကျင့်ကြံလို့ ရတယ်"
"နတ်ဘုရားလမ်းစဉ်"
လီယန်ချူ အံ့အားသင့်သွားသည်။
"ဒီမြေစောင့်နတ်၊ တောင်စောင့်နတ် ဆိုတာတွေက တကယ်ကြီးလား ဘွဲ့အမည်တစ်ခုပဲ မဟုတ်ဘူးလား "
နတ်ဆရာကြီးက ဆက်လက်ရှင်းပြသည်။
"မြေစောင့်နတ်၊ တောင်စောင့်နတ် ဆိုတာက နယ်မြေဒေသရဲ့ တောင်တန်း မြေနဂါးတွေရဲ့ အသိအမှတ်ပြုမှုကို ရရသလို၊ နတ်ဘုရားအာဏာစက်ရဲ့ အဆင့်မြှင့်တင်မှုကိုလည်း ရရှိမှ ဖြစ်တာ"
" မူလကတော့ လူတော်လူကောင်းတွေ သေဆုံးပြီးတဲ့နောက် ဝိညာဉ်နတ်ဘုရား အဖြစ် ပြောင်းလဲသွားပြီး ကုသိုလ် နဲ့ အမွှေးနံ့သာ အရှိန်အဝါတွေကို စုစည်းပြီး ရွှေကိုယ်ထည် တည်ဆောက်ကြတာပေါ့။ ဒါပေမဲ့ အခုခေတ်မှာတော့ မူလလမ်းစဉ်တွေ ပြတ်တောက်နေပြီး မှတ်တမ်းတွေကလည်း အချိန်တွေကြားမှာ ပျောက်ကွယ်ကုန်ပြီဆိုတော့ အတိအကျ သိဖို့ ခက်တယ်..."
"ဒါတင်မကဘူး၊ အခုခေတ်မှာ မြေစောင့်နတ် ဆိုတာတွေက တောတောင်ထဲက မြေခွေး၊ မြွေ၊ ယုန် စတဲ့ မိစ္ဆာတွေက သူတို့ဘာသာ နတ်ဘုရားလို့ သတ်မှတ်နေကြတာတွေ များတယ်။ အတုအယောင်တွေ အရမ်းပေါနေတာ။ မင်းသတ်လိုက်တဲ့ ဖေးယွန်းမြို့နယ်က ဟူကျင်းပေါင် ဆိုရင်လည်း အတုအယောင် မြေစောင့်နတ်ပဲ။ သူ့ဘာသာ ဘုရားကျောင်းဆောက်ပြီး အမွှေးနံ့သာနံ့တွေကို လိမ်ညာစုဆောင်းနေတာ"
"ဒါပေမဲ့ ရှေးဟောင်းမှတ်တမ်းတွေအရ စစ်မှန်တဲ့ မြေစောင့်နတ်ဆိုတာ ဖုတယ်ကျန့်ရှန် ဆိုတဲ့ ကောင်းချီးပေးနတ်မင်းတွေ ဖြစ်ပြီး မြေစောင့်နတ်တံဆိပ် အစစ်အမှန် ရှိကြတယ်။ တန်ခိုးစွမ်းအားလည်း အရမ်းကြီးမားကြတယ်။ မင်းလက်ထဲမှာ ရှိနေတဲ့ ဒီတစ်ခုကတော့ တကယ့် မြေစောင့်နတ်တံဆိပ် အစစ် ပဲ "
နတ်ဆရာကြီး၏ စကားကြောင့် လီယန်ချူ မျက်လုံးများ တောက်ပသွားသည်။
"ဒါဆို... ကျုပ်က အခု ဝေမြို့ရဲ့ မြေစောင့်နတ်မင်း ဖြစ်သွားပြီပေါ့ အဲ့ဒီ အဆင့်မြှင့်တင်ထားတဲ့ အရာရှိနတ်ဘုရားမျိုးလား "
လီယန်ချူမှာ အံ့သြနေမိသည်။
သူ မသိသည်မှာ... အမှန်စင်စစ်တွင် သူသည် မြေစောင့်နတ် အာဏာစက်ကို အမှန်တကယ် ရရှိနိုင်ခဲ့သော်လည်း ကြားထဲတွင် လွဲချော်မှု အချို့ ရှိသွားခဲ့ခြင်း ဖြစ်သည်။
နတ်ဆရာကြီးက မကျေမနပ်ဖြင့် ဆိုသည်။
"ဘာတွေ လာပြီး အကောင်းတွေးနေတာလဲ တူတော်မောင်ရဲ့... ဒါက ဒီလောက် မလွယ်ဘူး။ အသေးစိတ်ကိုတော့ ငါလည်း မသိဘူး၊ ဒါတွေက အရမ်းကို ရှေးကျလွန်းတယ်"
နတ်ဆရာကြီးသည် လီယန်ချူနှင့် စတွေ့စဉ်က အလွန်ပင် ရင်းနှီးဖော်ရွေစွာ ခေါ်ဝေါ်ခဲ့သည်။
ထိုစဉ်က ခံစားချက်မှာ လီယန်ချူသည် ရွှမ်ချိန်တာအိုဆရာ၏ တပည့်မဟုတ်ဘဲ သူ၏ လူချင်းကွဲနေသော သားအရင်းအလားပင်။
သို့သော်လည်း အခု သူတို့နှစ်ဦး ရင်းနှီးလာသောအခါတွင်မူ...
လီယန်ချူကို "တူတော်မောင်" ဟုသာ ခေါ်တော့ပြီး အရင်ကလို ကြင်နာတတ်သော ပုံစံမျိုးလည်း မပြတော့ပေ။
လီယန်ချူမှာ နှုတ်ခမ်းမဲ့လိုက်မိသည်။
အမှန်ပင်... ရင်းနှီးမှုဆိုတာ သူစိမ်းတွေအတွက်ပဲ ထားရှိတာကိုး။
သူသည် ပို၍ ပို၍ နတ်ဘုရားအရှိန်အဝါ ထွက်ပေါ်လာသော်လည်း တစ်ဖက်တွင်လည်း ပို၍ ပို၍ လူ့ဘဝနှင့် နီးစပ်လာသော ဤတာအိုဆရာကြီးကို ပြန်လည် တိုင်ပင်ဆွေးနွေးခဲ့သည်။
သူသည် ချွင်းဖုန်း စားသောက်ဆိုင်မှ စားဖိုမှူးကြီး၏ လက်ရာကောင်းများကို ထုတ်ယူလိုက်သည်။
ဝက်လက်ပေါင်း၊ တောကြက်ဖုတ်၊ ငါးချဉ်စပ်၊ ပုစွန်ထုပ်ဆီပြန် နှင့် အနှစ် ၂၀ သက်တမ်းရှိ နုယော်ဟုန် အရက်
"ဦးလေး.. ဒါက ကျုပ်က တူတစ်ယောက်အနေနဲ့ ကန်တော့တာပါ၊ အေးအေးဆေးဆေး သုံးဆောင်ပါဦး"
ဟု လီယန်ချူက ဆိုသည်။
နတ်ဆရာကြီးမှာ မျက်ခုံးပင့်သွား၏။
ဆွဲဆောင်မှုရှိသော ဟင်းနံ့များကြောင့် သူ့မှာ အစားအသောက် အလွန်စားချင်စိတ် ပေါ်လာသည်။
လီယန်ချူ ထွက်သွားပြီးနောက် နတ်ဆရာကြီးသည် တူကိုကိုင်ကာ စားသောက်တော့သည်။
တာအိုကျင့်ကြံသူ အရှိန်အဝါ လုံးဝမရှိဘဲ သိုင်းလောကသားတစ်ဦးကဲ့သို့ အားရပါးရ စားသောက်နေသည်။
သူသည် အရက်ကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက်လိုက်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါက ဝေမြို့ထဲမှာ ပုန်းကွယ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး "
သူသည် လီယန်ချူ ထွက်သွားရာဘက်သို့ ခေါင်းမော့ကြည့်ရင်း ပြုံးလိုက်မိသည်။
"တူတော်မောင်... ငါ မင်းကို မလိမ်ပါဘူး၊ အဲ့ဒါက မြေစောင့်နတ်တံဆိပ် ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ အဆင့်အတန်းကတော့ အရမ်း မြင့်လွန်းနေတာပေါ့"
"မင်း တစ်သက်လုံး ကျင့်ကြံနေရင်တောင် ဝေမြို့ရဲ့ မြေစောင့်နတ်မင်း ဖြစ်လာမှာ မဟုတ်ဘူး"
နတ်ဆရာကြီး၏ မျက်ဝန်းများမှာ ပိုမိုတောက်ပလာပြီး ဆဲဆိုသံ တစ်ခု ထွက်ပေါ်လာသည်။
"ဘာလို့လဲဆိုတော့... သောက်ကျိုးနည်း... အဲ့ဒါက ထိုက်ရှန်းဖူကျွင်းတံဆိပ် ဖြစ်နေလို့ပဲ "
ထိုက်ရှန်းဖူကျွင်း
သို့မဟုတ် ထိုက်ရှန်းနတ်ဘုရား
ချန်နိုင်ငံ ၏ ဒဏ္ဍာရီများအရ သူသည် ငရဲပြည် ဆယ်ပါး ၏ အထက်လူကြီး အကြီးအကဲ ဖြစ်သည်။
ဤအရာ၏ နောက်ခံမှာ ကြောက်စရာကောင်းလောက်အောင် ကြီးမားလှပေသည်။
လုံဟူရှန်းတောင်မှ နတ်ဆရာကြီးပင်လျှင် ခုနက ဘာကြောင့် စိတ်လှုပ်ရှားသွားရသလဲဆိုသည်မှာ အဆန်းမဟုတ်တော့ပေ။
"ဒီကောင်လေးက ဇာတာ အရမ်းမာတာပဲ၊ ဒါမှမဟုတ် အခု ကံကြမ္မာတွေ ပြောင်းလဲသွားပြီလား ငါကိုယ်တိုင်တောင် ဘာလို့ တွက်ချက်လို့ မရတာလဲ "
နတ်ဆရာကြီးက ခေါင်းခါလိုက်၏။
လီယန်ချူ၏ နေ့ရက်များမှာ ငြိမ်းချမ်းစွာ ပြန်လည် ကုန်ဆုံးသွားသည်။
နေ့စဉ် တာအိုကျင့်ခြင်း၊ သိုင်းကျင့်ခြင်း၊ ဆေးဖော်ခြင်း၊ အဆောင်ရေးခြင်း၊ မှော်လက်နက်များကိုသန့်စင်ခြင်း လုပ်ခြင်း၊ လက်ဖက်ရည်ဆိုင်သွားခြင်း၊ ပုံပြောသူများ၏ စကားကို နားထောင်ခြင်းတို့ဖြင့် ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေသည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏ တာအိုအဆင့်မှာလည်း ပိုမိုမြင့်မားလာသည်။
ယင်ယန်ထိုက်ကျိ ကျင့်စဉ် ကို အောင်မြင်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
သူ၏ လက်ထဲတွင် လျိုရင်သီး၊ ဗောဓိဆေးလုံး၊ ချင်းမုသစ်နွယ်ပင်၊ ချင်းချန်းတောင်မှ နတ်ဆေးလုံး စသည့် ကြွယ်ဝသော အရင်းအမြစ်များ ရှိနေသဖြင့် တိုးတက်မှုမှာ အလွန်ပင် မြန်ဆန်လှသည်။
သူသည် သူ၏ သိုင်းပညာများကို ပြန်လည် ပေါင်းစပ် ညှိနှိုင်းလိုက်ပြီး သူကျင့်ကြံထားသော သိုင်းကျမ်း ၃ အုပ်ကို ထုတ်ယူလိုက်သည်။
"အဆင့်မြှင့်တင်မယ် "
ကုသိုလ်မှတ် ၁,၀၀၀ ကုန်ဆုံးသွားသည်။
လျိုယန်ဓားသိုင်း ကို အဆင့်မြှင့်တင်ခြင်း အောင်မြင်သွားသည်။
ထိုဓားသိုင်းကို ပြီးခဲ့သည့်အကြိမ်က အဆင့်မြှင့်စဉ်ကလည်း ကုသိုလ်မှတ် ၁,၀၀၀ ကုန်ဆုံးခဲ့သည်။
လီယန်ချူသည် ဓားသိုင်းတစ်ခုလုံးမှာ မူလ ဓားကွက် ၁၂ ကွက်အဖြစ်သို့ ပြန်လည် ရိုးရှင်းသွားသည်ကို တွေ့လိုက်ရသည်။
သူ့မျက်လုံးများ တောက်ပသွား၏။
"အဆင့်မြှင့်တင်မယ် "
ကုသိုလ်မှတ် ၁,၀၀၀ ထပ်မံကုန်ဆုံးသွားသည်။
ဓားကွက် ၆ ကွက် ဖြစ်သွားပြန်သည်
ဓားသိုင်းတစ်ခုလုံးမှာ နောက်တစ်ကြိမ် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်သကဲ့သို့ ပြောင်းလဲသွားကာ အစွမ်းမှာ သိသိသာသာ တိုးတက်လာသလို၊ လေ့ကျင့်ရန် ခက်ခဲမှုမှာလည်း ပိုမို မြင့်မားလာသည်။
လီယန်ချူသည် အသက်ပြင်းပြင်းရှူကာ ဆက်လက်၍ အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်သည်။
"အဆင့်မြှင့်တင်မယ် "
ကုသိုလ်မှတ် ၁,၀၀၀ ကုန်ဆုံးသွားသည်။
လဖိုယန်ဓားသိုင်း သည် ဓားကွက် ၃ ကွက်တည်းသာ ကျန်တော့သည်။
ခုတ်ခြင်း ပိုင်းခြင်း ရိုက်ချခြင်း
လီယန်ချူသည် ဆက်လက်၍ အဆင့်မမြှင့်တော့ပေ။
ထိုသိုင်းကျမ်းမှာ ၃ ကြိမ်ဆက်တိုက် အဆင့်မြှင့်တင်ခဲ့ပြီး ဖြစ်ကာ ကုသိုလ်မှတ် ၃,၀၀၀ ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။
အခန်း (၃၃၈) - သိုင်းပညာဖြင့် တာအိုသို့ဝင်ခြင်း ၊ အရာဝတ္ထုစေခိုင်းခြင်းအတတ် ၊ သွေးစိမ့်သော ကျောက်လိပ်ပြာ ၊ ရန်ကျားမြို့နယ် ၊ သရဲမင်္ဂလာဆောင်
လီယန်ချူသည် ထိုဓားကွက် ၃ ကွက်ကို အရင်ဆုံး ကျွမ်းကျင်အောင် လေ့ကျင့်နိုင်သည်။
ထို့နောက် သူသည် ဟွန့်ယွမ်ကျင့်စဉ် နှင့် ထျန်းကန်းလက်ဝါး ဟူသော သိုင်းကျမ်းနှစ်စောင်ကိုလည်း အဆင့်မြှင့်တင်လိုက်သည် ၎င်းတို့ကိုလည်း တစ်ဆက်တည်း ၃ ကြိမ်စီ အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။
ဟွန့်ယွမ်ကျင့်စဉ် မှာမူ အဆင့်များ လျော့မသွားဘဲ ပို၍ပင် တိုးလာသဖြင့် လီယန်ချူ အနည်းငယ် အံ့အားသင့်သွားရသည်။
ယခုအခါ ၎င်းမှာ အဆင့် ၃၂၀ အထိ ရောက်ရှိသွားပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးသည့် အကာကွယ်အရှိန်အဝါ ၏ ခံစစ်စွမ်းအားမှာ ပိုမိုတောင့်တင်းခိုင်မာလာခဲ့သည်။
ထျန်းကန်းလက်ဝါး မှာမူ မူလအတိုင်း ၃၆ ကွက်အဖြစ် ပြန်လည်ရောက်ရှိသွားပြီး ခန့်ညားထည်ဝါကာ ကြမ်းတမ်းပြင်းထန်လှသော အရှိန်အဝါများ ပြည့်နှက်နေ၏။
သိုင်းပညာ၏ ပြင်ပအရှိန်အဝါ ကို ထုတ်ဖော်နိုင်သော မဟာသိုင်းပညာရှင် တစ်ဦးအနေဖြင့် လီယန်ချူ၏ သိုင်းပညာပါရမီမှာ အလွန်မြင့်မားလှပေသည်။
"ဒီအတိုင်းသာ ဆက်ကျင့်သွားမယ်ဆိုရင် ငါတကယ်ပဲ သိုင်းပညာနဲ့ နတ်ဘုရားတွေကို ရင်ဆိုင်နိုင်တဲ့၊ ဟင်းလင်းပြင်ကိုတောင် ချေဖျက်နိုင်တဲ့ ဒဏ္ဍာရီထဲက နယ်ပယ်ကို ရောက်သွားနိုင်တယ်"
ဟု လီယန်ချူ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သူသည် ထိုသိုင်းကျမ်း ၃ အုပ်ကို နေ့စဉ်မပြတ် လေ့ကျင့်နေခဲ့သည်။
ထိုကျင့်စဉ်များ အထွတ်အထိပ်သို့ ရောက်သွားချိန်တွင် သူ၏ ရုပ်ခန္ဓာမှာ မည်မျှအထိ သန်မာထောက်ခံလာမည်ကို သူ အတော်ပင် မျှော်လင့်နေမိ၏။
တစ်နေ့တွင် လီယန်ချူသည် ခြံဝင်းအတွင်း၌ တာအိုအတတ်သစ်တစ်ခုကို လေ့ကျင့်နေသည်။
၎င်းမှာ အရာဝတ္ထုစေခိုင်းခြင်းအတတ် ပင် ဖြစ်သည် အမည်အတိုင်းပင် အရာဝတ္ထုများကို စိတ်ဖြင့် ထိန်းချုပ်စေခိုင်းနိုင်သော အတတ်ဖြစ်ပြီး မှော်လက်နက်များကို သုံး၍ ရန်သူကို သတ်ဖြတ်နိုင်သည်။
လီယန်ချူသည် ဝိညာဉ်စွမ်းအား တောင့်တင်းသဖြင့် ယခုအခါ မှော်လက်နက် နှစ်ခုကို တစ်ပြိုင်နက် စေခိုင်းနိုင်နေပြီ ဖြစ်သည်။
သူသည် နေ့စဉ်မပြတ် ကြိုးစားလေ့ကျင့်ရာ ယနေ့တွင် အရာဝတ္ထုစေခိုင်းခြင်းအတတ်ကို သုံး၍ ကျန့်ကျောင်းဓား နှင့် ရှစ်ခွင်မှန် တို့ကို ခြံဝင်းအတွင်း၌ ဟိုမှသည်းမှ ပျံသန်းစေနေသည်။
ပြင်ပမှ ခြေသံများကို ကြားလိုက်ရသဖြင့် သူသည် မျက်ဝန်းတစ်ချက် လှုပ်ရှားလိုက်ကာ အတတ်ပညာကို ချက်ချင်းရပ်တန့်၍ လက်နက်များကို သိမ်းဆည်းလိုက်သည်။
ဆိုင်ရှင်မ မှာ လီယန်ချူထံ ရောက်လာပြီး စိုးရိမ်ပူပန်သော အမူအရာဖြင့် ဆိုသည်။
"ဖန့်ချင်းလန် တစ်ခုခုဖြစ်နေပြီ ထင်တယ် "
လီယန်ချူ အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ "
ဖန့်ချင်းလန်မှာ ပြန်မလာသည်မှာ ကြာပြီဖြစ်သည်။
သို့သော်လည်း လုံဟူရှန်းတောင်မှ နတ်ဆရာကြီး ပြောပြချက်အရ သူမမှာ သာမန်သိုင်းလောကသား မဟုတ်ဘဲ အမွှေးနံ့သာနံ့ ခံယူထားသော လှည့်လည်သွားလာသည့် နတ်ဘုရား တစ်ဦး ဖြစ်သည်။
ထို့ကြောင့် အလွယ်တကူ ဘေးဒုက္ခကြုံရန် မဖြစ်နိုင်ပေ။
"သူမ မသွားခင်က ကျောက်လိပ်ပြာလေး တစ်ခု ချန်ထားခဲ့တယ်၊ အန္တရာယ်ကြုံရရင် အဲ့ဒီ ကျောက်လိပ်ပြာလေးက ကွဲသွားလိမ့်မယ်လို့ ပြောခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ပါဦး..."
ဆိုင်ရှင်မက ကျောက်လိပ်ပြာလေးကို ထုတ်ပြလိုက်ရာ မူလက ကြည်လင်နေသော ကျောက်သားပေါ်တွင် မြင်ရသူကို တုန်လှုပ်စေမည့် နီရဲသော သွေးစက်များ စိမ့်ထွက်နေသည်ကို တွေ့ရသည်။
လီယန်ချူ၏ မျက်နှာမှာ တည်သွားသည်။
၎င်းမှာ မကောင်းသော နိမိတ်ပင် ဖြစ်သည်။
"ကျုပ် အခုချက်ချင်း ထွက်သွားပြီး သူမကို ကျိုရွှမ်တောင်မှာ သွားရှာလိုက်မယ်"
ဟု လီယန်ချူက ဆိုသည်။
ရန်ကျားကျေးရွာ
၎င်းကို ရန်ကျားမြို့နယ် ဟုလည်း ခေါ်ကြပြီး ပေဖုန်းမြို့နယ် ကျိုရွှမ်တောင်၏ အနောက်ဘက်တွင် တည်ရှိသည်။
ရွာတွင် အိမ်ခြေ ၅၀၀၊ ၆၀၀ ခန့်ရှိကာ ၇ ပုံ ၈ ပုံမှာ ရန် မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။
လီယန်ချူသည် မနက်အစောက ထွက်လာခဲ့ရာ ညနေစောင်းတွင် ရောက်ရှိလာခဲ့သည်။
တိမ်စီးနည်း နှင် နတ်ခန္ဓာအတတ် ကို အသုံးပြုသဖြင့် ရွာထိပ်သို့ အလျင်အမြန် ရောက်ရှိလာခြင်း ဖြစ်သည်။
ကျောက်လိပ်ပြာပေါ်တွင် ဖန့်ချင်းလန်၏ အငွေ့အသက်များ ကျန်ရှိနေသဖြင့် သူသည် ခြေရာခံအတတ်ကို သုံး၍ ထိုနေရာအထိ လိုက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဤနေရာသို့ ရောက်သောအခါ ထိုအရှိန်အဝါမှာ ဝေဝါးသွားပြီး ဆက်လက်ခြေရာခံ၍ မရတော့ပေ။
ကလေးငယ် အချို့မှာ သစ်ပင်ကို ပတ်၍ ဆော့ကစားနေကြပြီး ကြည်လင်သော ရယ်သံလေးများ ထွက်ပေါ်နေသည်။
အသက်အနည်းငယ် ကြီးပုံရသော ကလေးငယ်တစ်ဦးမှာ လူစိမ်းကို မြင်သောအခါ အနားသို့ တိုးလာပြီး
"ခင်ဗျားက ဘယ်သူလဲ၊ ဘယ်ကို သွားမှာလဲ"
ဟု မေးလိုက်သည်။
လီယန်ချူက ပြုံး၍ ပြန်ဖြေလိုက်သည်။
"ငါ့နာမည် လီ ပါ၊ မြောက်ဘက်ကနေ လာတာ။ သံဓားတစ်ချောင်း လွယ်ထားတဲ့ လှလှပပ အမကြီးတစ်ယောက်ကို လာရှာတာပါ"
ဘေးနားမှ မိန်းကလေးငယ်လေးမှာ ဝမ်းသာအားရ ဆိုသည်။
"ဖန့် အမကြီးကို လာရှာတာလား "
"ဟုတ်တယ်၊ မင်းသူ့ကို မြင်ခဲ့လို့လား "
"ဖန့် အမကြီးက လွန်ခဲ့တဲ့ လခွဲကတည်းက ဒီကနေ ထွက်သွားပြီလေ"
လီယန်ချူ ထိုစကားကို ကြားသောအခါ ကြောင်သွားရသည်။
သူသည် အိတ်ထဲမှ သကြားလုံး အချို့ကို ထုတ်ယူ၍ ကလေးများကို ဝေပေးလိုက်သည်။
ခြေရာခံအတတ်က ဤနေရာမှာတင် ပြတ်တောက်သွားရခြင်းမှာ အကြောင်းရင်း ရှိရမည်။
ဖန့်ချင်းလန်က ဘာလို့ ထွက်သွားရမှာလဲ
သူသည် ဝိညာဉ်မျက်စိအတတ် ကို အသုံးပြု၍ မျက်လုံးထဲတွင် မန္တန်အလင်းတန်းများဖြင့် ရွာကို ကြည့်လိုက်သည်။
မူလက အေးချမ်းသာယာပြီး ထမင်းချက်မီးခိုးများ ထွက်ပေါ်နေသော မြင်ကွင်းမှာ ပျောက်ကွယ်သွားကာ ပြိုပျက်နေသော အုတ်ပုံများသာ ကျန်တော့သည်။
ထူထပ်လှသော ယင်ဓာတ်အရှိန်အဝါ နှင့် သေခြင်းအငွေ့အသက် များမှာ ကောင်းကင်ယံတွင် တိမ်မည်းကြီးများအလား စုဖွဲ့နေသည်။
ရွာထိပ်မှ ကလေးငယ်များကို ငုံ့ကြည့်လိုက်သောအခါ လွင့်မြောနေသော ဝိညာဉ်ခန္ဓာများသာ ဖြစ်နေတော့သည်။
ခုနက လီယန်ချူကို ပြုံးပြခဲ့သော မိန်းကလေးငယ်မှာ ဦးခေါင်းတစ်ခြမ်းမှာ အကိုက်ခံထားရသလို ပျောက်နေပြီး ဝမ်းဗိုက်တွင်လည်း ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခု ရှိနေသည်။
ကျန်သောကလေးများမှာလည်း ဦးခေါင်းပြတ်နေသူ၊ အင်္ဂါမစုံသူများဖြင့် သေဆုံးပုံမှာ အလွန်ပင် ရင်နာစရာ ကောင်းလှသည်။
လီယန်ချူက ဝိညာဉ်မျက်စိအတတ်ကို ပိတ်လိုက်သောအခါ အရာအားလုံးမှာ မူလအတိုင်း အေးချမ်းသွားပြန်သည်။
နားထဲတွင် ဗုံသံ၊ မောင်းသံများ သဲ့သဲ့ ကြားလိုက်ရသဖြင့်
"ဒါ ဘယ်အိမ်က မင်္ဂလာဆောင်နေတာလဲ"
ဟု မေးလိုက်သည်။
ထိုကလေးကြီးက ရယ်မောရင်း ဆိုသည်။
"ဒါ မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်က ဖုန်းအစ်ကို မိန်းမယူနေတာလေ၊ လာ... ကျုပ် လိုက်ပြမယ်"
လီယန်ချူက ပြုံး၍ သဘောတူလိုက်ကာ ကလေးများနောက်သို့ လိုက်၍ သတို့သားအိမ်သို့ ဝင်လာခဲ့သည်။
ဤနေရာတွင် မီးအိမ်နီများ၊ မင်္ဂလာစာတမ်းများ၊ ဖယောင်းတိုင်နီများနှင့် အလွန်ပင် စည်ကားသိုက်မြိုက်နေအောင် ပြင်ဆင်ထားသည်။
ဆွေမျိုးမိတ်သင်္ဂဟ များစွာမှာလည်း အလုပ်များနေကြ၏။
တာအိုဆရာအိုကြီး တစ်ဦးမှာ ဝိုင်းတွင် ထိုင်နေပြီး အိမ်ရှင်နှင့် ရင်းနှီးစွာ စကားပြောနေသည်။
ဘေးနားတွင် ခန့်ညားသော လူလတ်ပိုင်း တစ်ဦး ရှိနေသည်။
သူတို့နှစ်ဦးမှာ လီယန်ချူ ဝင်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားပြီး အချင်းချင်း ကြည့်လိုက်ကြသည်။
တာအိုဆရာအိုကြီးက အိတ်ထဲမှ ပုလင်းငယ်လေးကို ထုတ်ကာ မျက်လုံးပေါ်သို့ အရည်ကြည် အချို့ ခတ်လိုက်သည်။
ထို့နောက် လီယန်ချူကို ကြည့်ကာ လူလတ်ပိုင်းအမျိုးသားကို ခေါင်းငြိမ့်ပြလိုက်သည်။
ခြံဝင်းအတွင်း၌ မင်္ဂလာစားပွဲ ၂၀ ကျော် ခင်းကျင်းထားပြီး လူများလည်း အတော်လေး ပြည့်နေပြီ ဖြစ်သည်။
တာအိုဆရာအိုကြီးက ဘေးကလူကို တစ်ခုခု ပြောလိုက်ပြီးနောက် ထရပ်ကာ လီယန်ချူထံ လျှောက်လာသည်။
လူလတ်ပိုင်း အမျိုးသားကလည်း နောက်မှ ကပ်လိုက်လာသည်။
"ညီလေး... မင်းက ဘယ်လိုဖြစ်ပြီး ဒီ ရန်ကျားမြို့နယ်ထဲကို ရောက်လာရတာလဲ"
ဟု တာအိုဆရာအိုကြီးက အသံတိုးတိုးဖြင့် မေးလိုက်သည်။
လီယန်ချူ မျက်ခုံးပင့်လိုက်မိသည်။
ဝိညာဉ်မျက်စိဖြင့် ကြည့်လိုက်ရာ ထိုနှစ်ဦးမှာ လူအစစ်များ ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
တာအိုဆရာအိုကြီးက သူ ဘာမှမပြောသေးခင်မှာပင် အင်္ကျီစကို ဆွဲ၍ ဘေးသို့ ခေါ်သွားတော့သည်။
စကားပြောကြည့်ရာမှ ထိုနှစ်ဦး၏ နာမည်ကို သိလိုက်ရသည်။
တာအိုဆရာအိုကြီးမှာ ဟွမ် မျိုးနွယ်ဖြစ်ပြီး လှည့်လည်သွားလာနေသော တာအိုဆရာတစ်ဦး ဖြစ်သည်။
လူလတ်ပိုင်းမှာ ဂေါ်ဝေး ဖြစ်ပြီး ဖူဝေလုံခြုံရေးဂိုဏ်း မှ ဂိုဏ်းခွဲခေါင်းဆောင် ဖြစ်သည်။
သူတို့အဖွဲ့မှာ ကုန်ပစ္စည်း ပို့ဆောင်ရင်း ဤရန်ကျားမြို့နယ်သို့ ဝင်လာမိခြင်း ဖြစ်သည်။
ဤရွာသားတွေ အကုန်လုံးက သရဲတွေ ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ ကံကောင်းထောက်မစွာဖြင့် ဟွမ်တာအိုဆရာက ပါးနပ်သဖြင့် အခြေအနေကို ရိပ်မိကာ အမြန်ထွက်ပြေးခဲ့ကြသည်။
သို့သော်လည်း...
သူတို့ ဘယ်ကိုပဲ ပြေးပြေး၊ ညရောက်လျှင် ဤထူးဆန်းသော ရွာထဲသို့သာ ပြန်ပြန်ရောက်နေတော့သည်။
လမ်းခရီးတွင်လည်း အန္တရာယ်များလှသဖြင့် ဖူဝေဂိုဏ်းမှ လူများမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ကြပြီး ယခုတော့ ဂေါ်ဝေးနှင့် ဟွမ်တာအိုဆရာ နှစ်ယောက်တည်းသာ ကျန်တော့ခြင်း ဖြစ်သည်။
သူတို့ ဆက်မပြေးဝံ့တော့ဘဲ အခြေအနေကို စောင့်ကြည့်နေစဉ် လီယန်ချူနှင့် ဆုံခြင်း ဖြစ်သည်။
ဟွမ်တာအိုဆရာက နွားမျက်ရည်ကို သုံး၍ လီယန်ချူမှာ လူအစစ်ဖြစ်ကြောင်း အတည်ပြုပြီးမှ စကားလာပြောခြင်း ဖြစ်သည်။
လီယန်ချူက ဖန့်ချင်းလန်၏ အကြောင်းကို မေးကြည့်ရာ၊ သူတို့ ရွာထဲ စဝင်ကာစက ဖန့်ချင်းလန်ကို မြင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမ ပျောက်ကွယ်သွားသဖြင့် ပြန်မတွေ့ရတော့ကြောင်း ပြောပြကြသည်။
လီယန်ချူ စဉ်းစားခန်း ဝင်သွားရသည်။
ရွာက သရဲလေးတွေက ဖန့်ချင်းလန် လွန်ခဲ့တဲ့ လခွဲကတည်းက ထွက်သွားပြီလို့ ပြောပေမဲ့၊ ဟွမ်တာအိုဆရာတို့ကတော့ လွန်ခဲ့တဲ့ ၇ ရက်လောက်ကမှ မြင်ခဲ့တယ်လို့ ပြောနေကြသည်။
စားပွဲဝိုင်းများမှာ ဆူညံကာ အလွန်စည်ကားနေသော်လည်း၊ သူတို့ ၃ ဦးမှာမူ ကြမ်းပြင်ပေါ်တွင် ထိုင်နေကြပြီး ဤရွာနှင့် လုံးဝ အံမဝင်သကဲ့သို့ ဖြစ်နေသည်။
ထိုနေရာက သရဲရွာလေ... ဘယ်သူက အစားအသောက်တွေကို စားရဲမှာလဲ
လီယန်ချူသည် သတို့သမီးကို လှမ်းကြည့်လိုက်သည်။
ရုပ်ရည်မှာ သန့်ပြန့်ပြီး အသားအရည် အနည်းငယ် ညိုသော်လည်း၊ ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းကာ ကျေးလက်အမျိုးသမီးများ၏ မူလအလှတရား ရှိနေသည်။
ဤရန်ကျားမြို့နယ်က သရဲရွာဆိုမှတော့ ယခုကိစ္စမှာ သရဲမင်္ဂလာဆောင် မဟုတ်ပါလား
လီယန်ချူနှင့် ဟွမ်တာအိုဆရာတို့ အချင်းချင်း ကြည့်လိုက်ကြပြီး အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လီယန်ချူတွင် အသွင်ပြောင်းအတတ် ရှိသဖြင့် သရဲမြင်လျှင် သရဲ၊ မိစ္ဆာမြင်လျှင် မိစ္ဆာအဖြစ် မြင်အောင် ဖျက်ထားနိုင်သည်။
ထို့ကြောင့် သူသည် ဝိုင်းကြားထဲတွင် လူစိမ်းအဖြစ် သိပ်သတိမထားမိပေ။
သို့သော်လည်း... ဟွမ်တာအိုဆရာနှင့် ဂေါ်ဝေးတို့ သတိမထားမိသည့် အချိန်များတွင် ရန်ကျားရွာသားများမှာ သူတို့နှစ်ဦးကို သေမတတ် စိုက်ကြည့်နေကြသည်ကို လီယန်ချူ သတိထားမိလိုက်သည်။
တစ်ရွာလုံး၏ အငွေ့အသက်မှာ ကြက်သီးထဖွယ်ရာ ကောင်းလောက်အောင် ထူးဆန်းနေတော့သည်။