အခန်း (၃၃၉-၃၄၀)
Vol. 34 Ch. 339-340
၃၃၉) - စားပွဲလှန်ပြီ တိုးဝင်တိုက်ခိုက်ခြင်း ၊ သရဲကျွန်များ
သာမန်လူတစ်ယောက်သာ ဤကဲ့သို့သော သရဲမင်္ဂလာဆောင်၊ သရဲမြို့နယ်မျိုးနှင့် ကြုံရပါက နောက်ဆုံးရလဒ်မှာ ထိုမိစ္ဆာများ၏ အသည်း၊ နှလုံး၊ အဆုပ်၊ ကျောက်ကပ်တို့ကို ဝါးမြိုခြင်းခံရကာ မချိမဆံ့ သေဆုံးရရုံသာ ရှိသည်။
ဟွမ်တာအိုဆရာ၏ အခြေအနေမျိုးမှာမူ အလွန်ပင် တည်ငြိမ်ရင့်ကျက်လှသည်ဟု ဆိုရမည်။
သူသည် လှုပ်ရှားမှုမပြုဘဲ ငြိမ်နေကာ၊ စည်ကားသိုက်မြိုက်နေသော မင်္ဂလာပွဲ၌ တစ်သားတည်းဖြစ်အောင် နေထိုင်ရင်း အားနည်းချက်ကို အခွင့်ကောင်းယူ ရှာဖွေနေခြင်း ဖြစ်သည်။
သရဲပုံပြင် အတော်များများတွင်လည်း ဤကဲ့သို့ပင် ရေးသားလေ့ရှိကြသည်။
"လီတာအိုဆရာ... ညနက်လာတဲ့အခါမှာ ဒီနေရာက ယင်ဓာတ်အထွတ်အထိပ်ကနေ ယန်ဓာတ် အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ အဲ့ဒီအချိန်မှာ သက်ရှိဓာတ် အနည်းငယ် ပေါ်ပေါက်လာလိမ့်မယ်၊ အဲ့ဒါက ကျွန်တော်တို့ ဒီကနေ ထွက်ပြေးဖို့ အကောင်းဆုံး အခွင့်အရေးပဲ "
ဟွမ်တာအိုဆရာက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်သည်။
ဂေါ်ဝေးမှာမူ မျက်နှာတစ်ပြင်လုံး တင်းမာနေ၏။
သူသည် အဆင့်မရှိသော သိုင်းလောကသား တစ်ဦးမျှသာ ဖြစ်ပြီး သွေးလေစီးဆင်းမှုမှာလည်း ရောထွေးညစ်ညမ်းနေသဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဘာမှမတတ်နိုင်ဘဲ အသေခံရုံသာ ရှိသည်။
"ညရောက်လို့ သရဲတွေက ပိုပြီးတော့ ကြမ်းလာရင်ရော ဘယ်လိုလုပ်မလဲ"
လီယန်ချူက မေးလိုက်သည်။
"စိတ်ချပါ လီတာအိုဆရာ၊ ကျုပ်က ရှန်ရှောင်းဂိုဏ်းရဲ့ တကယ့်အမွေခံပဲဗျ။ ကျုပ်ဆီမှာ အသက်ဘေးကြုံရင် သုံးဖို့ လျှို့ဝှက်အတတ်ပညာ အချို့ ရှိပါသေးတယ်"
ဟွမ်တာအိုဆရာက ရင်ဘတ်ထဲမှ အဆောင်စက္ကူ နှစ်ရွက်ကို ထုတ်၍ လီယန်ချူကို ကမ်းပေးလိုက်သည်။
ရှန်ရှောင်းဂိုဏ်း...လီယန်ချူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသည်။
၈ ပုံ ၉ ပုံမှာတော့ ကိုယ့်ဘာသာ ဘွဲ့တပ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း တစ်ချိန်က ပျက်စီးနေသော တာအိုကျောင်းတွင် အတူတူ ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ဖူးသူ အချင်းချင်း ဖြစ်သဖြင့် လီယန်ချူ၏ မျက်နှာတွင် အထင်အမြင်သေးသည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြသခဲ့ပေ။
သူသည် ပတ်ဝန်းကျင်ရှိ ရန်ကျားမြို့နယ်မှ ရွာသားများကို မသိမသာ အကဲခတ်လိုက်သည်။
"သရဲဆိုတာ လူထက်တောင် ပါးနပ်သေးတယ်ဆိုတဲ့ စကားပုံကို ခင်ဗျား ကြားဖူးမှာပေါ့။ ခင်ဗျားရဲ့ အကြံအစည်တွေက ဒီရွာသားတွေရဲ့ သရဲမျက်လုံးထဲကနေ လွတ်မယ် မထင်ဘူး"
ဟွမ်တာအိုဆရာ၏ လက်များ တုန်ယင်သွားသည်။
ဂေါ်ဝေးမှာမူ မျက်နှာ ပို၍ ပျက်သွား၏။
သူတို့နှစ်ဦး သရဲရွာထဲ မှားဝင်မိပြီး ယခုအချိန်အထိ အသက်ရှင်နေရခြင်းမှာ အရည်အချင်း မြင့်မား၍ မဟုတ်ဘဲ ကံကောင်းနေခြင်းကြောင့်သာ ဖြစ်သည်။
"လီတာအိုဆရာ... ခင်ဗျားအမြင်အရဆိုရင် ဒါကို ဘယ်လိုလုပ်သင့်သလဲ"
ဟွမ်တာအိုဆရာက အသံတိုးတိုးဖြင့် မေးသည်။
ရုတ်တရက်
ဝိုင်းတစ်ခုတွင် ထိုင်နေသော အမျိုးသားတစ်ဦး၏ ဦးခေါင်းမှာ အရက်တိုက်နေစဉ် ဘေးလူက မတော်တဆ တွန်းလိုက်သဖြင့် ပြုတ်ထွက်သွားသည်။ "ဂလုံ" ဟု အသံမြည်ကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။
ထိုပြတ်နေသော ခေါင်းမှာ မြေပြင်ပေါ်၌ပင် အရက်မူးနေသည့် စကားများကို အဆက်မပြတ် ရေရွတ်နေဆဲ ဖြစ်သည်။
ခြံဝင်းတစ်ခုလုံးရှိ လူများမှာ ထိုအခြင်းအရာကို မမြင်ချင်ယောင်ဆောင်ကာ စကားလက်ဆုံ ကျနေကြသော်လည်း ဟွမ်တာအိုဆရာနှင့် ဂေါ်ဝေးတို့မှာမူ ထိပ်ပြောင်အောင် ကြောက်လန့်သွားကြပြီး ရင်ထဲတွင် အေးစိမ့်သော အငွေ့အသက်များ ဆိမ့်တက်လာသည်။
လီယန်ချူ၏ မျက်နှာကမူ ပုံမှန်အတိုင်းပင်။
သူသည် ဟွမ်တာအိုဆရာ နားမလည်နိုင်သော စကားတစ်ခွန်းကို ပြောလိုက်သည်။
"ကျုပ် ငယ်ငယ်က ထိတ်လန့်စရာ ရုပ်ရှင်တွေ ကြည့်တဲ့အခါ ဇာတ်လိုက်မင်းသား၊ မင်းသမီးတွေက ထွက်မပြေးနိုင်ဘဲ တောက်လျှောက် ကြိုးစားရင်း တစ်ယောက်ပြီး တစ်ယောက် သေကုန်ကြတာပဲ "
"ကျုပ် စဉ်းစားမိတာက သူတို့ကို ဘာလို့ ပြန်မချကြတာလဲ လူသေရင်လည်း သရဲဖြစ်တာပဲ မဟုတ်လား "
ဟွမ်တာအိုဆရာမှာ နယ်လှည့်တာအိုဆရာ ဖြစ်သဖြင့် အရပ်ရပ်မှ စကားပုံများကို နားလည်သော်လည်း ထိတ်လန့်စရာ ရုပ်ရှင် ဆိုသည့် စကားလုံးကိုမူ မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။
သို့သော်လည်း လီယန်ချူ၏ နောက်ဆုံးစကားကိုမူ သူ သေချာကြားလိုက်ရ၏။
သို့သော်... သူ နားမလည်နိုင်သေးပေ။
ယခုကဲ့သို့သော အချိန်မျိုးတွင် ထိုစကားကို ပြောနေခြင်းမှာ... ဤတာအိုဆရာလေးက တိုက်ရိုက်ပဲ စားပွဲလှန်ပြီး တိုးဝင်တိုက်ခိုက် (မိုက်မိုက်ကန်းကန်း ဝင်ချ) တော့မှာ မဟုတ်ဘူးလား
"ခင်ဗျား စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး။ ဒါက တစ်ခြံလုံး အပြည့် သရဲတွေလေဗျာ။ မြို့နယ်တစ်ခုလုံးကို သရဲနယ်မြေ ဖြစ်အောင် လုပ်နိုင်တယ်ဆိုကတည်းက ဒီထဲမှာ အရမ်းအစွမ်းထက်တဲ့ မိစ္ဆာတစ်ကောင် ပုန်းနေမှာ သေချာတယ် "
ဟု ဟွမ်တာအိုဆရာက အသည်းအသန် တားလိုက်သည်။
"စင်မြင့်ငယ်လေးတင်ပါ၊ မစိုးရိမ်ပါနဲ့ "
လီယန်ချူက သူတို့နှစ်ဦးကို ပြုံးပြလိုက်သည်။
ထို့နောက် လှည့်ထွက်ကာ ဘေးလူ၏ ခေါင်းကို တိုက်မိခဲ့သော ထိုလူငယ်ဆီသို့ လျှောက်သွားသည်။
"ဟေ့ "
ဟွမ်တာအိုဆရာက အသံတိုးတိုးဖြင့် လှမ်းခေါ်ရင်း ခြေဆောင့်ကာ ပူပန်နေမိသည်။
လူငယ်တွေက တကယ်ကို စိတ်မရှည်ကြဘူး၊ ဒီမြို့နယ်က သရဲတွေက အရမ်းကြမ်းတာကို... ခင်ဗျား ဒီလိုလုပ်ရင် ထူးကဲတဲ့ ထိတ်လန့်စရာတွေ ဖြစ်လာတော့မှာပေါ့
သို့သော်... သူ လီယန်ချူကို လှမ်းဆွဲရန် မမီလိုက်ခင်မှာပင်၊ မျက်ခုံးကောင်း၊ မျက်လုံးကောင်းနှင့် ချောမောခန့်ညားသော ထိုတာအိုဆရာလေးက ထိုရန်ကျားရွာသား၏ ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ခေါင်းမှာ တန်းကွဲထွက်သွားတော့သည်။
"အရက်သောက်ရင် သောက်၊ ဟန်ဆောင်ပန်ဆောင်နဲ့ သရဲလုပ်ပြပြီး မင်းအဖေကို ခြောက်နေတာလား "
ဟု လီယန်ချူက ဆဲဆိုလိုက်သည်။
တစ်ကွင်းလုံး တိတ်ဆိတ်သွားသည် သေလူများကဲ့သို့ တိတ်ဆိတ်သွားခြင်း ဖြစ်သည်။
ဟွမ်တာအိုဆရာ: "..."
သောက်ကျိုးနည်း... အခုခေတ် လူငယ်တွေက ဒီလောက်တောင် သတ္တိကောင်း (ခေါင်းမာ) ကြတာလား
ခြံဝင်းအတွင်းရှိ ရွာသားအားလုံး၊ ယောက်ျား၊ မိန်းမ၊ ကြီးငယ်မရွေး လီယန်ချူကို စူးစိုက်ကြည့်လိုက်ကြသည်။
ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းသော သတို့သမီး၏ မျက်ဝန်းများမှာ အလွန်ပင် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေပြီး အသံမှာလည်း အက်ရှကာ ထူးဆန်းသွား၏။
"နင်က ဘာလို့ ငါ့ရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးတာလဲ "
သူမ၏ ကိုယ်ပေါ်မှ ယင်ဓာတ်မှာ အလွန်ပင် ထူထပ်လှပြီး အလွန်အမင်း ကြမ်းတမ်းနေသည်။
ဝတ်ဆင်ထားသော မင်္ဂလာဝတ်စုံနီကြောင့်ပင် ထိုသရဲမ၏ အရှိန်အဝါထဲတွင် ပြင်းထန်သော သေခြင်းအငွေ့အသက် များ ဖုံးလွှမ်းနေသည်။
"ချွတ် "
ကျန့်ကျောင်းဓား မှာ အိမ်မှ သုံးလက်မခန့် ထွက်ပေါ်လာသည်။
တောက်ပသော ဓားအလင်းတန်း တစ်ခုက လေထုကို ဖြတ်သန်းသွား၏ သရဲသတို့သမီးမှာ တစ်ချက်တည်းဖြင့် နှစ်ခြမ်းကွဲသွားကာ ထိုပြင်းထန်လှသော ဓားအရှိန်အဝါအောက်တွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
"ဘယ်သူ့ကို လာ ဟောက်နေတာလဲ "
လီယန်ချူ၏ လေသံမှာ အေးစက်လှသည်။
ဤတစ်ကြိမ်တွင်မူ ယင်လေကြမ်းများ တိုက်ခတ်လာ၏ အေးချမ်းနေသော ခြံဝင်းအတွင်း၌ ကောင်းကင်သို့ ထိုးတက်နေသော သရဲအရှိန်အဝါများ ပြည့်နှက်သွားသည်။
ဆူပွက်နေသော ဆီအိုးထဲသို့ ရေအေးလောင်းထည့်လိုက်သကဲ့သို့ တမဟုတ်ချင်း ပေါက်ကွဲသွားတော့သည်။
ရန်ကျားမြို့နယ်မှ ရွာသားအားလုံးမှာ လူသားအရေခွံ အတုအယောင်များကို ဆွဲခွာလိုက်ကြသည်။
မျက်ဝန်းများမှာ ထူးဆန်းနေပြီး လီယန်ချူကို ဝိုင်းအုံ တိုက်ခိုက်လာကြသည်။
ကောင်းကင်၊ မြေကြီး မသိသော ထိုတာအိုဆရာလေးကို အရှင်လတ်လတ် ဝါးမြိုပစ်ရန် ကြံစည်နေကြခြင်း ဖြစ်သည်။
ဟွမ်တာအိုဆရာ၏ မျက်နှာမှာ အကြီးအကျယ် ပျက်သွားပြီး လက်ထဲမှ အဆောင်စက္ကူများမှာလည်း တုန်ယင်နေသည်။
မူလက သရဲ နှစ်ကောင်၊ သုံးကောင်ဆိုလျှင် သူ ရင်ဆိုင်ရဲသော်လည်း၊ ယခုအခါ တစ်ခြံလုံးရှိ သရဲများမှာ သောင်းကျန်းနေကြပြီ ဖြစ်သည်။
ထို့ပြင် နာကျည်းမှုများကလည်း ပွက်ပွက်ဆူနေသဖြင့် သူ၏ အိုမင်းနေသော ခန္ဓာကိုယ်မှာ ခဏချင်းအတွင်း အစုတ်စုတ်အပြတ်ပြတ် အဆွဲခံရတော့မည်မှာ သေချာသည်။
"သောက်ကျိုးနဲပါကွာ ... တကယ်ပဲ ဒီလူငယ်နဲ့တော့ အကြံတူလို့ မရဘူး "
ဟွမ်တာအိုဆရာသည် နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
စိတ်ထဲတွင်တော့ ဒေါသနှင့် ဝမ်းနည်းမှုများ ရောပြွမ်းနေ၏။
ဤမျှ များပြားလှသော သရဲများကြားတွင် ဘာကို ရုန်းကန်နေဦးမှာလဲ၊ ခုခံမှုကို စွန့်လွှတ်လိုက်ပြီး ပိုပြီးတော့ ခန့်ညားတဲ့ ပုံစံလေးနဲ့ပဲ အနားယူလိုက်တာက ပိုကောင်းပါလိမ့်မည်။
လူသားတစ်ဦး၏ အတွေးမှာ အလွန်ပင် မြန်ဆန်လှသည်။
ဟွမ်တာအိုဆရာ၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ဆဲဆိုနေသော်လည်း၊ လက်တွေ့တွင် ထိုမိစ္ဆာများမှာ လီယန်ချူ၏ အနားသို့ ရောက်ရုံသာ ရှိသေးသည်။
"နေသာတဲ့ နေ့ခင်းကြောင်တောင်မှာ သရဲတွေ သောင်းကျန်းနေတာ... ဒါက လူ့လောကလား၊ ဒါမှမဟုတ် ငရဲပြည်လား "
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လှသည်။
"ချွင်"
ရှေးဟောင်းဓားကိုယ်ထည်ပေါ်မှ ဆန်းကြယ်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။
တစ်ခဏချင်းအတွင်းမှာပင် ပြင်ပသို့ ရိုက်ခတ်သွား၏။
အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော ပြင်းထန်သည့် အရှိန်အဝါများ ပါဝင်နေသည်။
ဘုန်း
ထိုဆန်းကြယ်သော တုန်ခါမှုမှာ ပတ်ဝန်းကျင်ရှိ မိစ္ဆာအားလုံးကို သန့်စင်ဖယ်ရှားပစ်လိုက်သည်။
၎င်းတို့မှာ လုံးဝ ဥဿုံ ပျောက်ကွယ်သွားသည်ပတ်ဝန်းကျင်မှာ တမဟုတ်ချင်း ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
ဟွမ်တာအိုဆရာမှာ မျက်နှာပေါ်သို့ ပူနွေးသော လေတစ်ခု တိုးဝှေ့လာသည်ကို ခံစားလိုက်ရပြီး နှလုံးမှာလည်း ဒိန်းဒိန်းတုန် ခုန်နေသည်။
မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်သောအခါ ခြံဝင်းတစ်ခုလုံးမှာ ဗလာကျင်းနေပြီး၊ ပြင်းထန်သော သရဲများအားလုံးမှာ လီယန်ချူ၏ ဓားတစ်ချက်အောက်တွင် ချေမှုန်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။
"အမေ့ "
"ဒီတာအိုဆရာလေးက... ငယ်ရုပ်ဖမ်းထားတဲ့ တာအိုလောကက အကြီးအကဲ တစ်ယောက်လား "
ဟွမ်တာအိုဆရာ၏ မျက်လုံးများမှာ တောက်ပသွားသည်။
ဂေါ်ဝေးမှာလည်း အလွန်အမင်း အံ့အားသင့်နေ၏။ သူသည် သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် (သိုင်းအဆင့် မမြင့်သော်လည်း) အမြင်မှာမူ အလွန်ပင် စူးရှလှသည်။
သူသည် ထိုဓားကွက်၏ ကြမ်းတမ်းပြင်းထန်မှုကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။
"အမလေး... သောက်ကျိုးနည်း "
"လန်းလိုက်တာ"
သိုင်းသမားတစ်ယောက်၏ ခံစားချက်ဖော်ပြပုံမှာ ဤမျှ ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။
သူတို့နှစ်ဦးမှာ ချီးကျူးစကား မပြောရသေးခင်မှာပင်၊ နားထဲသို့ မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထပ်မံ ကြားလိုက်ရပြန်သည်။
"မင်းက ဘယ်သူပဲဖြစ်ဖြစ်၊ ငါ့ရှေ့ကို ထွက်လာခဲ့စမ်း။ မဟုတ်ရင် မင်းရဲ့ ဒီသရဲနယ်မြေတစ်ခုလုံးကို မီးခိုးအလား ပျောက်ကွယ်သွားအောင် ငါ လုပ်ပစ်မယ် "
ဤမျှ မျှော်လင့်ချက်ကင်းမဲ့သော သရဲမြို့နယ်ထဲတွင်၊ ထိုကဲ့သို့သော ရဲရင့်ပြတ်သားသည့် အသံမှာ နားစည်ကို တုန်ခါသွားစေသည်။
တစ်ခဏချင်းအတွင်းမှာပင် မြို့နယ်တစ်ခုလုံးမှာ အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး၊ ရွာသားအားလုံး၏ မျက်လုံးများမှာ ထူးဆန်းသွားကာ ဤခြံဝန်းကြီးဆီသို့ ရေလှိုင်းများအလား တိုးဝင်လာကြတော့သည်။
"ဒုန်း"
လီယန်ချူသည် သူ၏ သန်မာလှသော ရုပ်ခန္ဓာဖြင့် ခြံစည်းရိုး နံရံကို တိုက်လိုက်ရာ အပေါက်ကြီး တစ်ခု ဖြစ်သွားသည်။
ဖုန်မှုန့်များ တလိပ်လိပ် တက်လာသည်
ဟွမ်တာအိုဆရာမှာ ကြောင်အမ်းကာ ကြည့်နေမိသည်။
ဤသူက တာအိုအကြီးအကဲ လုံးဝ မဟုတ်နိုင်တော့ပေ ထိုမျှ ကြောက်စရာကောင်းသော ခွန်အားမျိုးက...
ထို့ပြင် ရန်သူက တံခါးဝသို့ မရောက်လာသေးခင်မှာပင် ထိုတာအိုဆရာလေးက ခြံစည်းရိုးကို ကိုယ်တိုင် အရင်ဖြိုချလိုက်ခြင်း ဖြစ်သည်။
တစ်မြို့နယ်လုံးက သရဲကျွန် တွေကို လုံးဝ ဂရုမစိုက်သည့် အမူအရာပင် ဖြစ်၏။
ရန်ကျားမြို့နယ်အပေါ်ရှိ ယင်ဓာတ်များမှာ လိပ်ပြာတက်နေသော တိမ်မည်းကြီးများအဖြစ် စုစည်းသွားပြီး၊ ထိုတိမ်မည်းများကြားမှ မြင်ရသူကို တုန်လှုပ်စေမည့် သွေးစက်များ စိမ့်ထွက်လာနေတော့သည်။
အခန်း (၃၄၀) - အရှိန်အဝါ လာမလုပ်နဲ့ ၊ အလောင်းပျိုးထောင်ရာမြေ ၊ မင်းရဲ့လက်ထဲမှာ ငရဲပြည် ခန်းမဆယ် ဆောင်ရဲ့ တံဆိပ်လက်မှတ် ပါလာတာမှမဟုတ်ရင်
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ယင်လေကြမ်းများ တိုက်ခတ်နေပြီး၊ စူးရှလှသော သရဲအော်ဟစ်သံများနှင့် ဝံပုလွေဟောင်သံများ ထွက်ပေါ်နေသည်။
"ဝူး... ဝူး... ဝူး..."
အမျိုးသမီးတစ်ဦး ငိုကြွေးနေသကဲ့သို့လည်း ကြားနေရရာ၊ စိတ်ကို တုန်လှုပ်ချောက်ချားစေပြီး ကြက်သီးမွေးညင်းများ ထစေသည်။
ဤယင်လေမှာ လူတို့၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာကို တိုက်စားနိုင်စွမ်းရှိသဖြင့် အလွန်ပင် ယုတ်မာကောက်ကျစ်လှသည်။
ရုတ်တရက်
ရန်ကျားမြို့နယ်၏ ယင်လေများမှာ တမဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။
နတ်ဘုရားဒဏ္ဍာရီထဲက ရတနာ
လေငြိမ်ပုတီး
လီယန်ချူသည် ထိုရတနာကို တိုက်ရိုက်အသုံးပြုလိုက်ရာ၊ တစ်မြို့နယ်လုံးရှိ ယင်လေများမှာ အမြစ်ပြတ် ငြိမ်သက်သွားခဲ့သည်။
လေရပ်သွားသဖြင့် "ဝူးဝူး" ဟု အော်ဟစ်ငိုကြွေးနေသော အမျိုးသမီးအသံများမှာလည်း အရှိန်သေသွားရ၏။
ထိတ်လန့်စရာရုပ်ရှင်များတွင် လေတိုက်သဖြင့် မီးအိမ်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခြင်း၊ ပြတင်းပေါက်နှင့် တံခါးများ တဖုန်းဖုန်း မြည်နေခြင်း၊ လေသံနှင့် သရဲသံများ ရောထွေးနေခြင်းတို့မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ယင်လေက သစ်ရွက်ခြောက်များကို လွင့်စင်စေပြီး စွန့်ပစ်ထားသော ခြံဝင်းထဲတွင် ပျံဝဲနေခြင်း... လေ ဆိုသည်မှာ ထိတ်လန့်စရာရုပ်ရှင်များတွင် မပါမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခု မဟုတ်ပါလား။
သို့သော် ယခုအခါ ခြံဝင်းအတွင်း၌ လေတစ်ချက်မျှ မတိုက်တော့ပေ။
ဟွမ်တာအိုဆရာမှာ မျက်နှာကြွက်သားများပင် လှုပ်ခါသွားသည်။
ဆံပင်တစ်ပင်မျှပင် မလှုပ်တော့သော ထိုသရဲကျွန်မိစ္ဆာများကို ကြည့်ရင်း ပြောမပြတတ်အောင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် ဟွမ်တာအိုဆရာသည် သူ၏ တစ်သက်တာတွင် မေ့ပျောက်နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရပြန်သည်။
တရားမျှတသော အရှိန်အဝါများ ပြည့်နှက်နေပြီး အလွန်အမင်း ချောမောခန့်ညားသော ထိုတာအိုဆရာလေးသည် ရှေးဟောင်းကြေးအိုးတစ်လုံးကို ကိုင်မြှောက်လိုက်ရာ၊ တစ်ခဏအတွင်းမှာပင် ကောင်းကင်အပြည့် မီးကျီးကန်း များမှာ အိုးထဲမှ ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။
၎င်းတို့သည် ပတ်ဝန်းကျင်ရှိ မိစ္ဆာအားလုံးကို ဝါးမြိုပစ်လိုက်ကြသည်။
မီးကျီး ကျီးကန်းအိုး
၎င်းမှာ အတုအယောင်မျှသာ ဖြစ်ပြီး မီးနတ်ဘုရား ရော်ရွှမ် လက်ထဲမှ အစစ်အမှန်မဟုတ်သော်လည်း၊ ဟော့တယ်ကျုံးဂိုဏ်း ၏ အဖိုးတန်ရတနာဖြစ်သဖြင့် ကြောက်မက်ဖွယ်ရာ စွမ်းပကားများ ရှိနေဆဲပင်။
ရန်သူတွေကို ရှင်းထုတ်ဖို့ တကယ်ကို သင့်တော်တဲ့ မှော်လက်နက်ပဲ ဟု လီယန်ချူ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
မီးကျီး ကျီးကန်းအိုးမှာ သရဲအသေးအမွှားလေးများနှင့် မိစ္ဆာအငယ်စားလေးများကို နှိမ်နင်းရန် တကယ့်ကို အစွမ်းထက်လှသည်။
အလွန်ပင် သင့်လျော်လှ၏ အဖွဲ့လိုက် ပျက်စီးမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပေသည်။
သူသည် ရန်ကျားမြို့နယ်အတွင်းရှိ သရဲအားလုံးကို သတ်ဖြတ်ပစ်လိုက်သော်လည်း၊ နောက်ကွယ်မှ လက်မဲကြီးမှာ ပေါ်မလာသေးပေ။
အသန်မာဆုံးသော သရဲမှာပင် ထိုမြို့နယ်၏ ယခင်က ယင်ယန်ဆရာ သာ ဖြစ်သည်။
ဤမြို့နယ်ကို မိစ္ဆာနှိမ်နင်းရန် လာရင်း သေဆုံးသွားခဲ့သော အမှန်တရားလမ်းစဥ် မှ ပုဂ္ဂိုလ်များ၊ ဥပမာ ဘုန်းကြီးအိုကြီး တစ်ပါးထက်ပင် ထိုယင်ယန်ဆရာသရဲက ပို၍ သန်မာနေသေးသည်။
ယခင်က ဤသရဲနယ်မြေဖြစ်နေသော မြို့နယ်အတွင်း၌ ပြင်းထန်သော တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ဖူးသည်။
သို့သော်လည်း အမှန်တရားလမ်းစဥ်က သူများ အားလုံးသေဆုံးကာ သရဲအရှိန်အဝါများ၏ ဝါးမြိုခြင်းကို ခံလိုက်ရခြင်းဖြင့်သာ ဇာတ်သိမ်းခဲ့ရသည်။
လီယန်ချူသည် ဟွမ်တာအိုဆရာနှင့် ဂိုဏ်းခွဲခေါင်းဆောင် ဂေါ်ဝေးတို့ကို ခေါ်ဆောင်ရင်း တစ်မြို့နယ်လုံးရှိ သရဲများကို အတင်းအဓမ္မ သတ်ဖြတ်ရှင်းလင်းပစ်လိုက်သည်။
သို့သော်လည်း သရဲမြို့နယ်တစ်ခုလုံးရှိ ထူးဆန်းသော ယင်ဓာတ်များဖြင့် ဖွဲ့စည်းထားသည့် နယ်ပယ် မှာ ပျောက်ကွယ်မသွားသေးပေ။
ဆိုလိုသည်မှာ သရဲတံတိုင်း မှာ ရှိနေဆဲပင်။
"ဒီသရဲနယ်မြေကို ထိန်းသိမ်းထားတဲ့ လူ ဒါမှမဟုတ် ပစ္စည်းတစ်ခုခု ရှိနေရမယ် "
လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်။
ဤနယ်ပယ်ကို ဖျက်ဆီးရန်အတွက် နောက်ကွယ်က ခိုင်းစေသူကို ရှာရမည်၊ သို့မဟုတ်ပါက နယ်ပယ်ကို လည်ပတ်နေစေသည့် အဓိကဗဟိုချက် ကို ရှာတွေ့ရမည်ဖြစ်သည်။
ဤအချက် နှစ်ချက်လုံးမှာ အလွန်ပင် ခက်ခဲလှ၏။
မိစ္ဆာမလေး ယွန်းနျန်း မှာမူ ကျားနဂါး ရွှေအမြုတေထဲတွင် ကျင့်ကြံနေသည်။
သူမမှာ မိစ္ဆာအရှိန်အဝါကို ရှာဖွေရာတွင် ထူးခြားသော အာရုံခံစားမှု ရှိသော်လည်း၊ သရဲနယ်မြေအတွက်မူ အာမခံချက် မရှိပေ။
လီယန်ချူ စိတ်ကူးတစ်ခု ရလိုက်ကာ လက်ကို လှမ်းဖမ်းလိုက်ရာ ရှေးဟောင်းတံဆိပ်တုံးတစ်ခု လက်ထဲသို့ ရောက်လာသည်။
နတ်ဘုရားအလင်းတန်းများ တလက်လက် တောက်ပနေပြီး အောက်ခြေတွင် ထွင်းထုထားသော ရှေးဟောင်းစာလုံးများမှာ ဝေဝါးနေသည်။
မြေစောင့်နတ်တံဆိပ်
ထိုမြေစောင့်နတ် မှာ မြင့်မြတ်သော နတ်ဘုရားတစ်ပါး ဖြစ်ပြီး တစ်နယ်တစ်ကျေး၏ အမွှေးနံ့သာနံ့ကို ခံယူနေသူ ဖြစ်သော်လည်း၊ သူ ပေါ်လာစဉ်က ယင်လေများ တိုက်ခတ်ခြင်း၊ ကျိန်စာဖြင့် လူသတ်ခြင်းတို့ကို ကြည့်ရသည်မှာ နတ်မဖြစ်ခင်က တရားသောလမ်းစဉ်မှ လာခဲ့ပုံမရပေ။
လီယန်ချူသည် ထိုတံဆိပ်တုံးကို ထုတ်ယူလိုက်ခြင်းမှာ မြေကြော၏ အင်အားကို အသုံးပြု၍ သရဲနယ်မြေ၏ ဗဟိုချက်ကို ရှာတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် ဖြစ်သည်။
ဤကဲ့သို့ လေထဲမှ ပစ္စည်းကို လှမ်းယူလိုက်သော အတတ်ကို မြင်သောအခါ ဟွမ်တာအိုဆရာနှင့် ဂေါ်ဝေးတို့မှာ အံ့သြမဆုံး ဖြစ်သွားကြတော့သည်။
"ဒီလောက် ငယ်ငယ်လေးနဲ့ တကယ့်နတ်ဘုရားပါလား"
ဟု ဂေါ်ဝေးက မနေနိုင်ဘဲ ရေရွတ်မိသည်။
လီယန်ချူသည် သူ၏ စိတ်အာရုံ အနည်းငယ်ကို တံဆိပ်တုံးထဲသို့ ထည့်လိုက်ရာ၊ ၎င်းမှတစ်ဆင့် ဤဒေသ၏ မြေကြောကို ခံစားသိရှိနိုင်သလို ဖြစ်လာသည်။
ဆန်းကြယ်သော အရှိန်အဝါတစ်ခု မြေစောင့်နတ်တံဆိပ်မှ ထွက်ပေါ်လာသည်။
"အဆင်ပြေနိုင်တယ် "
လီယန်ချူ၏ မျက်လုံးများ တောက်ပသွားကာ၊ ခန္ဓာကိုယ်အတွင်းရှိ တာအိုစွမ်းအား များကိုလည်း တံဆိပ်တုံးထဲသို့ ထည့်ပေးလိုက်သည်။
၎င်းမှာ အလွန်ရိုးရှင်းပြီး ကြမ်းတမ်းလှသော မှော်လက်နက် အသုံးပြုနည်းပင် ဖြစ်သည်။
သို့သော်လည်း သူ မသိသည်မှာ... ဤမြေစောင့်နတ်တံဆိပ် ဆိုသည်မှာ သက်ဆိုင်ရာ ဒေသတစ်ခုတည်း၌သာ အသုံးဝင်ခြင်း ဖြစ်သည်။
မြေစောင့်နတ်တစ်ပါးသည် မိမိ၏ နယ်မြေသတ်မှတ်ချက်အတွင်း၌သာ မြေကြော၏ အသိအမှတ်ပြုမှုကို ရရှိပြီး သတင်းအချက်အလက် ရှာဖွေခြင်း၊ မြေလျှိုခြင်း စသည့် တန်ခိုးများကို သုံးနိုင်ခြင်း ဖြစ်သည်။
ခေတ္တကြာသော် လီယန်ချူသည် စိတ်ပျက်စွာဖြင့် မျက်လုံးဖွင့်လိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"မရဘူးပဲ..."
ချက်ချင်းဆိုသလိုပင် သူ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး၊ မြေစောင့်နတ်တံဆိပ်မှာ နယ်မြေကန့်သတ်ချက် ရှိရမည်ဆိုသည်ကို သဘောပေါက်သွားတော့သည်။
"ငါ အများကြီး တွေးမိသွားတာပဲ။ ဒီပစ္စည်းရဲ့ စီရင်ပိုင်ခွင့်က ဘယ်လိုလုပ် ဒီလောက်အထိ မြင့်မှာလဲ။ ဝေမြို့ ကနေ ကျိုရွှမ်တောင်အထိ ရောက်လာတာကို အလုပ်ဖြစ်နေပါ့မလား "
လီယန်ချူ နဖူးကို အသာအယာ ပွတ်လိုက်မိသည်။
၎င်းမှာ ဝေမြို့က မြို့ဝန်ကို ကျိုရွှမ်တောင်က ပြည်သူတွေကို စီရင်ဖို့၊ အသက်ရှင်သေဆုံးမှုကို ဆုံးဖြတ်ဖို့ ခိုင်းနေသလို ဖြစ်နေသည်။
"ငါ တကယ်ကို အများကြီး တွေးမိသွားတာပဲ။ ဒါက မြေစောင့်နတ်တံဆိပ်ထဲက VIP အဆင့်မှ မဟုတ်တာ၊ ဘယ်လိုလုပ် ဒီလောက် ကျယ်ပြန့်တဲ့ နယ်မြေကို စီရင်နိုင်မှာလဲ "
သူသည် တံဆိပ်တုံးကို ပြန်သိမ်းရန် ပြင်လိုက်သည်။
ရန်ကျားမြို့နယ်၏ အပြင်ဘက် ၁၀ တိုင်ခန့်အကွာ၊ တောင်ပတ်လည် ဝိုင်းနေပြီး မြစ်များ ဝန်းရံထားသော နေရာတစ်ခုတွင်... ရှေးဟောင်း ရေကန်ကြီးတစ်ခု ရှိနေသည်။
ကန်ရေမှာ အသည်းခိုက်မတတ် အေးစက်လှသည်။
သေခြင်းအငွေ့အသက် များမှာလည်း ဒြပ်သားတစ်ခုအလား ထူထပ်လှ၏။
ဤနေရာတွင် မူလက မြစ်ရေစီးဆင်းနေသဖြင့် အမြဲတမ်း ရှင်သန်နေသော ရေအဖြစ် ရှိခဲ့သော်လည်း၊ တစ်စုံတစ်ယောက်က ဖုန်းရွှေ ကို ပြောင်းလဲပစ်လိုက်သဖြင့် ရေသေကန်ကြီး ဖြစ်သွားရသည်။
သေခြင်းအငွေ့အသက်များက ဝန်းရံနေပြီး မပြယ်လွင့်ဘဲ စုစည်းနေသဖြင့် သဘာဝအလျောက် ဖြစ်တည်လာသော အလောင်းပျိုးထောင်ရာမြေ တစ်ခု ဖြစ်လာခဲ့သည်။
ဝတ်စုံနွမ်းလေး ဝတ်ထားသော လယ်သမားအိုကြီး တစ်ဦးသည် ကန်စပ်တွင် တင်ပျဉ်ခွေထိုင်နေသည်။
လက်က မန္တန်အမှတ်အသား များ ပြုလုပ်ထားပြီး တာအိုဘာသာ၏ အစစ်မှန်ဆုံးသော အသက်ရှူကျင့်စဉ်ကို လေ့ကျင့်နေသည်။
သို့သော် သူ အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်းမှာ ထူထပ်လှသော အလောင်းစိမ်းအရှိန်အဝါ များမှာ ကန်ရေထဲမှ ထွက်ပေါ်လာပြီး လယ်သမားအိုကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ထူးဆန်းသော သံသရာတစ်ခုအဖြစ် လည်ပတ်နေသည်။
သူသည် ဤသေခြင်းအငွေ့အသက်များ ပြည့်နှက်နေသော အလောင်းပျိုးထောင်ရာကန်ကို အသုံးပြု၍ ကျင့်ကြံနေခြင်း ဖြစ်သည်။
ကြာမြင့်စွာ ကျင့်ကြံပြီးနောက် သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ထိုမျက်လုံးအစုံမှာ အလွန်ပင် နောက်ကျိနေပြီး လောကကြီး၏ မကောင်းမှုအားလုံး စုစည်းနေသကဲ့သို့ပင်။
"ဘယ်သူလဲ... ငါ့ရဲ့ သရဲနယ်မြေကို ဘယ်သူက ဖျက်ဆီးဖို့ ကြိုးစားနေတာလဲ "
သူ၏ နောက်ကျိသော မျက်လုံးများထဲမှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
သို့သော်လည်း သူသည် နက်ရှိုင်းလှသော ကန်ရေပြင်ကို ငုံ့ကြည့်လိုက်ပြီး ခဏတာ စဉ်းစားကာ မျက်လုံးပြန်မှိတ်၍ ဆက်လက်ကျင့်ကြံနေတော့သည်။
ကန်ရေ၏ အောက်ခြေတွင်မူ ခံစားချက်မရှိဘဲ အေးစက်လှသော မျက်လုံးတစ်စုံက သူ့ကို ပြန်လည်စိုက်ကြည့်နေသကဲ့သို့ ရှိသည်။
လယ်သမားအိုကြီးက အသက်ရှူကျင့်စဉ်ကို ပြန်လည်စတင်လိုက်ရင်း
"သူ့ဘာသာ လုပ်ပါစေဦး၊ ဒီသရဲနယ်မြေက အလွန်အမင်း ယင်ဓာတ်ထူထပ်တဲ့ နေရာပဲ၊ ဘယ်သူမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး "
"ငရဲပြည်က ယန်လော် ကိုယ်တိုင် ရောက်မလာသရွေ့ပေါ့လေ..."
"ဟဲဟဲ "
လယ်သမားအိုကြီး၏ စိတ်ထဲတွင် စိုးရိမ်မှု တစ်စက်မျှ မရှိတော့ပေ။
ဤဘက်တွင်မူ...
လီယန်ချူ၏ မျက်လုံးများ ပြောင်းလဲသွားသည်။
လက်ထဲမှ ငြိမ်သက်နေသော မြေစောင့်နတ်တံဆိပ်မှာ ရုတ်တရက် ပြင်းထန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာပြန်သည်။
ရှေးဟောင်းဆန်လှသည်
ကျယ်ပြောလှသည်
"ဘာဖြစ်တာလဲ "
လီယန်ချူ ကြောင်သွားရသည်။
ထို့နောက် ဤနေရာရှိ ယင်ဓာတ်များမှာ အလွန်ပင် လျင်မြန်သော အရှိန်ဖြင့် ဤမြေစောင့်နတ်တံဆိပ်ဆီသို့ စုပြုံတိုးဝင်လာတော့သည်။
တိတိကျကျ ပြောရလျှင် ဤတံဆိပ်တုံးကြီးက ယင်ဓာတ်များကို စုပ်ယူနေခြင်း... ဝါးမြိုနေခြင်း ဖြစ်သည်။
လီယန်ချူ၏ မျက်လုံးများ တောက်ပသွားသည်။
"ဒါ ဘာဖြစ်တာလဲ "
"ဒါက ယင်ဓာတ်တွေကို စုပ်ယူတဲ့ နတ်လက်နက်ကြီးလား "
သူသည် မယုံနိုင်ဘဲ မျက်လုံးအပြူးသား ဖြစ်သွားရသည်။
မြေစောင့်နတ်တံဆိပ်က ယင်ဓာတ်များကို စုပ်ယူသည့် အရှိန်မှာ ပို၍ ပို၍ မြန်လာသည်။
အောက်ခြေမရှိသော တွင်းကြီးတစ်ခုကဲ့သို့ပင် လီယန်ချူသည် ဤတံဆိပ်တုံး၏ ဆန်းကြယ်မှုကို အံ့သြနေသလို၊ ရန်ကျားမြို့နယ်အတွင်းရှိ ယင်ဓာတ်များမှာ ဤမျှအထိ ထူထပ်လှသည်ကိုလည်း အံ့အားသင့်နေမိသည်။
မြေစောင့်နတ်တံဆိပ်သည် ယင်ဓာတ်များကို စုပ်ယူကာ ဆန်းကြယ်သော အရှိန်အဝါတစ်ခုအဖြစ် ပြောင်းလဲ၍ တံဆိပ်တုံးအတွင်း၌ သိုလှောင်ထားလိုက်သည်။
အောက်ခြေရှိ ရှေးဟောင်းစာလုံးများမှာလည်း တဖြည်းဖြည်းနှင့် ပိုမို ကြည်လင်လာ၏။
လီယန်ချူသည် ဤမထင်မှတ်ထားသော အပြောင်းအလဲအတွက် ဝမ်းသာသွားကာ ငြိမ်၍ စောင့်ကြည့်နေလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ရေသေကန်ရှေ့မှ လယ်သမားအိုကြီးမှာ မျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင်စရာ ကောင်းလောက်အောင် တုန်လှုပ်သွားတော့သည်။
"တစ်စုံတစ်ခုက ဒီနေရာရဲ့ ယင်ဓာတ်တွေကို ဝါးမြိုနေတာလား"
ချက်ချင်းဆိုသလိုပင် သူ၏ မျက်နှာတွင် ရက်စက်ပြတ်သားသော အမူအရာ ပေါ်လာသည်။
"ကောင်းပြီလေ"
"မင်း စုပ်ချင်တယ်ဆိုရင် ငါ ပိုပြီးတော့ မြန်အောင် ကူညီပေးမယ်၊ မင်းကို အဝစားပြီး သေသွားအောင် လုပ်ပေးမယ် မင်း တကယ်ပဲ ဝါးမြိုနိုင်မလား ကြည့်ကြတာပေါ့ "
"မင်းကိုယ်မင်း ငရဲပြည်ခန်းမ ဆယ်ဆောင် ရဲ့ တံဆိပ်လက်မှတ်ကို ကိုင်ပြီး ကိုယ်တိုင်ရောက်လာတယ်လို့ ထင်နေတာလား "
လယ်သမားအိုကြီးက အေးစက်စွာ ရယ်မောလိုက်တော့သည်။