အခန်း (၁၆၈၄-၁၆၈၆)
Vol. 113 Ch. 1684-1686
အခန်း (၁၆၈၄) ချူးယွင်ဖန်း ဘယ်တော့မှ ပြန်မလာစေရဘူး
တစ်နည်းအားဖြင့် ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ အကြိမ်ပေါင်း တစ်ရာကျော်မက ဘေးကင်းစွာ ဝင်ထွက်နိုင်ခဲ့ခြင်းဖြစ်ကာ ၎င်းဖြစ်စဉ်အနက် အခြားလူများ၏ လိုက်လံရှာဖွေမှုကို မထည့်တွက်ရသေးပေ။ ချူးယွင်ဖန်းသည် ထိုသူများ၏ လိုက်လံဖမ်းဆီးမှုကို မည်သို့ ရှောင်တိမ်းခဲ့သည်ကို မည်သူမျှ မသိကြပေ။ အလိုရှိဆုံးစာရင်းတွင် ပါဝင်သော ရက်စက်ကြမ်းကြုတ်သူအချို့သည် ထိပ်တန်းတပည့်များပင် မကိုင်တွယ်နိုင်သူများဖြစ်ကြသည်။ ၎င်းတို့၏ ပစ်မှတ်ထားခြင်းကို ခံရပါက သေဆုံးရပေလိမ့်မည်။ သို့သော်လည်း ချူးယွင်ဖန်း၏ တည်နေရာကို မည်သူမျှ မရှာတွေ့နိုင်ကြရာ၊ အားနည်းသော ကျင့်ကြံသူများဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် သူ့ကို ရှာတွေ့နိုင်လျှင် အသတ်ခံလိုက်ရရုံသာရှိသည်။
"အသုံးမကျလိုက်တာ၊ မင်းတို့အားလုံး နည်းနည်းမှ အသုံးမကျဘူး။ ဒါလေးကိုတောင် မင်းတို့ မလုပ်နိုင်ဘူးလား" ဝမ်ယိဖန်က ဒေါသတကြီး ပြောလိုက်သည်။
"ချူးယွင်ဖန်းက ဒီလောက်အကောင်ကြီးတာကို မင်းတို့ မတွေ့ဘူးလား။ မင်းတို့ မျက်စိတွေ ကန်းနေကြတာလား"
“စီနီယာဝမ်၊ ကျွန်တော်တို့ သူ့ကိုရှာဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် အမြဲတမ်း တစ်လှမ်းနောက်ကျသွားတာပါ။ ချူးယွင်ဖန်းက အရမ်းသတိကြီးပြီး ကျွန်တော်တို့လူတွေလည်း လမ်းခုလတ်မှာတင် ခဏခဏ ပျောက်သွားကြတာပါ” တပည့်ဖြစ်သူက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
ဝမ်ယိဖန်ထံ လာရောက်ပူးပေါင်းသော တပည့်အရေအတွက်သည် များပြားလှသည်။ ထိုလူများအနက် အတွင်းစည်းတပည့်များနှင့် ထိပ်တန်းတပည့်များပင် ပါဝင်သည်။ ၎င်းတို့သည် လူအင်အား မနည်းလှသော်လည်း လွန်ခဲ့သော နှစ်လအတွင်း ချူးယွင်ဖန်း၏ ဆက်တိုက် သတ်ဖြတ်မှုကြောင့် ၎င်းတို့၏ အရေအတွက်သည် များစွာ လျော့ကျသွားခဲ့သည်။ ယခုအခါ လူတိုင်းသည် ချူးယွင်ဖန်းကို ကျားဂူသဖွယ် သတ်မှတ်နေကြသည်။ ၎င်းသည် ပြန်လမ်းမရှိသော ခရီးတစ်ခုသာဖြစ်သည်။ သာမန်အတွင်းစည်းတပည့်များနှင့် ထိပ်တန်းတပည့်များပင် ချူးယွင်ဖန်း၏ လက်ထဲတွင် ကျဆုံးသွားရသည်။ ပျောက်ဆုံးသွားသော တပည့်များသည် ချူးယွင်ဖန်းနှင့် ပတ်သက်နေကြောင်း ရှင်းလင်းသော သတင်းအချက်အလက်ဟူ၍ မရှိပေ။ တစ်ကြိမ်နှစ်ကြိမ်ဖြစ်လျှင် ကိစ္စမရှိသော်လည်း ဤမျှ အကြိမ်ရေ များပြားလာသောအခါ အထုံထိုင်းဆုံးလူပင် ၎င်းတို့အားလုံး ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားရခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။
ချူးယွင်ဖန်း မည်သို့လုပ်ဆောင်ခဲ့သည်ကို မသိကြသော်လည်း ချူးယွင်ဖန်းသည် အံ့ဖွယ်တိမ်တိုက်တောင်ထိပ်၏ တပည့်များနှင့် သူ့ကို လိုက်ဖမ်းနေသော အခြားကျင့်ကြံသူများကို နတ်ဆိုးတစ်ကောင်သဖွယ် ဝါးမျိုနေဟန်ရှိသည်။ လူတိုင်းက ဤတာဝန်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် မြင်လာကြကာ မည်သူမျှ လက်မခံလိုကြတော့ပေ။ ၎င်းတို့သည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် အသတ်ခံရမည်ကို ကြောက်ရွံ့နေကြသည်။ လူအများစုသည် သေခြင်းတရားကို မကြောက်ရွံ့ကြသော်လည်း ဤကဲ့သို့ ထူးဆန်းသော နည်းလမ်းဖြင့် သေဆုံးရခြင်းကိုမူ လူတိုင်း အကြောက်ရွံ့ဆုံးဖြစ်သည်။
ဝမ်ယိဖန်သည် ထိုသို့ကြားသောအခါ သူ၏ အသက်ရှူနှုန်းများ မြန်ဆန်လာသည်။ ချူးယွင်ဖန်းကို ကိုင်တွယ်ခြင်းသည် သူ ခန့်မှန်းထားသည်ထက် ပို၍ ခက်ခဲနေသည်။ သူသည် ချူးယွင်ဖန်းကို အလေးမထားခဲ့ပေ။ ဝမ်ယိဖန်၏ စိတ်ထဲတွင် ချူးယွင်ဖန်းသည် ယီယွင်ယောင်၏ ခွေးတစ်ကောင်ဖြစ်၍ သူ အမှန်တကယ် ပစ်မှတ်ထားချင်သူသည် ယီယွင်ယောင်ဖြစ်သည်။ ချူးယွင်ဖန်းသည် အရံတာဝန်တစ်ခုသာဖြစ်၏။ သို့သော်လည်း ဤဆက်တိုက် ကျရှုံးမှုများကြောင့် ချူးယွင်ဖန်းအပေါ် တဖြည်းဖြည်း အာရုံစိုက်လာမိသည်။ ဝမ်ယိဖန်သည် မလှုပ်ရှားပါက အခြေအနေကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ကြောင်း ဝေဝါးစွာ ခံစားနေရသည်။
ဝမ်ယိဖန်သည် ယီယွင်ယောင်ကြောင့် တိုက်ရိုက် မတိုက်ခိုက်နိုင်သော်လည်း သူ၏ အမြင်တွင် ချူးယွင်ဖန်းသည် တွားသွားနေသော ဖားပြုတ်တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် မည်သူ့ကိုမျှ မထိခိုက်စေနိုင်သော်လည်း သူ့ကို မြင်တွေ့ရခြင်းသည် ရွံရှာဖွယ်ကောင်းလှသည်။
"ချူးယွင်ဖန်းကို သတ်ပစ်ရမယ်" ဝမ်ယိဖန်၏ မျက်လုံးများထဲတွင် သတ်လိုစိတ်များ လင်းလက်လာခဲ့ရာ မည်သူကိုမဆို ဝါးမျိုပစ်နိုင်သည့် ရက်စက်သော သားရဲတစ်ကောင်နှင့် ဆင်တူနေသည်။ "ယွီဝမ်ရှင်းကို ခေါ်ခဲ့"
"ဟုတ်ကဲ့၊ စီနီယာဝမ်" တပည့်ဖြစ်သူသည် အလျင်အမြန် ထွက်သွားခဲ့သည်။
ခဏအကြာတွင် အသက်နှစ်ဆယ်အရွယ် ခန့်ညားသော အမျိုးသားတစ်ဦး လျှောက်လှမ်းလာသည်။
"စီနီယာဝမ်ကို ဂါရဝပြုပါတယ်" ထိုအမျိုးသားက ဝမ်ယိဖန်ကို ဦးညွှတ်လိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှု အခြေအနေတွေ ဘယ်လိုရှိလဲ" ဝမ်ယိဖန်က ပြုံးလျက် မေးလိုက်သည်။
"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာဝမ်၊ ကျွန်တော် ဒီနေ့ပဲ သီးသန်းကျင့်ကြံရာကနေ ထွက်လာခဲ့တာပါ၊ ဒြပ်မဲ့ကျွမ်းကျင်အဆင့်ကို ရောက်ဖို့ တစ်လှမ်းပဲ လိုပါတော့တယ်" ယွီဝမ်ရှင်းက လက်သီးဆုပ်လျက် အရိုအသေပေးကာ ပြောလိုက်သည်။
"သိပ်ကောင်းတယ်၊ ကျုပ်နဲ့ လာပူးပေါင်းတဲ့ တပည့်တွေထဲမှာ မင်းရဲ့ ပါရမီက အကောင်းဆုံးပဲ၊ ပြီးခဲ့တဲ့ အကြိမ်က အတွင်းစည်းတပည့် ပြိုင်ပွဲမှာ မင်းကို ဝင်မပါခိုင်းခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ ကျုပ် မင်းကို ဝင်ပြိုင်စေချင်တယ်" ဝမ်ယိဖန်က ပြောလိုက်သည်။
ယွီဝမ်ရှင်းသည် အံ့အားသင့်ကာ ဝမ်းမြောက်သွားသည်။ မိမိကဲ့သို့ အစစ်အမှန်တပည့်တစ်ဦးကို အမှီပြုနေရသူများသည် အလွန်များပြားလှသည်။ အစစ်အမှန်တပည့်များသည် မတူညီသော အဖွဲ့အစည်းများနှင့် ဂိုဏ်းခွဲများမှ ဆင်းသက်လာခြင်းဖြစ်သည်။ အနာဂတ်တွင် ထိုအစစ်အမှန်တပည့်များသည် ရာထူးကြီးများ ပိုင်ဆိုင်ကာ ဂိုဏ်းခေါင်းဆောင်များပင် ဖြစ်လာနိုင်သည်။ ၎င်းတို့သည် ထိုအစစ်အမှန်တပည့်များ၏ နောက်ကွယ်မှ ပင်မအဖွဲ့ဝင်များဖြစ်လာနိုင်သည့်အတွက် ၎င်းတို့၏ အနာဂတ် ဂုဏ်ကျက်သရေသည် အကန့်အသတ်မရှိ များပြားပေလိမ့်မည်။
ထို့ကြောင့် ယွီဝမ်ရှင်းသည် ဝမ်ယိဖန်၏ စကားကို မငြင်းဆန်ဝံ့ပေ။ သူသည် ယခင်အတွင်းစည်းတပည့် ပြိုင်ပွဲတွင် မပါဝင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင် ကွဲပြားခြားနားပေသည်။ သူ၏ ကျင့်ကြံမှုသည် ဒြပ်မဲ့အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်ပြီဖြစ်၍ ဒြပ်မဲ့ကျွမ်းကျင်အဆင့်နှင့် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။ သူသည် ထိုအဆင့်ကို ချိုးဖျက်နိုင်သည်နှင့် ထိပ်တန်းတပည့်တစ်ဦးဖြစ်လာနိုင်ပေလိမ့်မည်။ မှန်သည်၊ ထိပ်တန်းတပည့် ဖြစ်လာပြီးနောက်တွင်ပင် ဝမ်ယိဖန် အရှေ့တွင် ရိုင်းစိုင်းစွာ ပြုမူဝံ့မည် မဟုတ်ပေ။ ထိပ်တန်းတပည့်နှင့် အစစ်အမှန်တပည့်ကြားက ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခြားနားပေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာဝမ်" ယွီဝမ်ရှင်းက ပြောလိုက်သည်။
ဝမ်ယိဖန်က ခေါင်းညိတ်လိုက်သည်။
"မင်းက ပါရမီရှိတဲ့လူလေ၊ ကျုပ်က ဘာလို့ မင်းကို ပြိုင်ပွဲမဝင်ဖို့ တားရမှာလဲ။ ပြီးခဲ့တဲ့ အခေါက်က မင်းရဲ့ကျင့်ကြံဆင့်က ပြိုင်ပွဲဝင်မယ့်လူတွေနဲ့ မမှီသေးဘူး၊ ဒီတော့ ပြိုင်ပွဲဝင်နေလည်း အဓိပ္ပာယ်မရှိဘူး။ နာမည်ကြီးချင်ရင် တစ်ချက်တည်းနဲ့ လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်ရမယ်ဆိုတဲ့ စကားပုံအတိုင်း ဂိုဏ်းကလူတွေ မင်းကို အထင်ကြီးစေချင်ရင် မင်း သေချာပေါက် ချန်ပီယံဖြစ်ရမယ်"
"ကျွန်တော့်ရဲ့ ကျင့်ကြံမှုတွေကို အပင်ပန်းခံ ကူညီပေးခဲ့တာတွေကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး၊ စီနီယာဝမ်" ယွီဝမ်ရှင်းက သူ၏ သစ္စာရှိမှုကို အလျင်အမြန် ဖော်ပြလိုက်သည်။
ဝမ်ယိဖန်သည် ကျေနပ်စွာ ပြုံးလိုက်သည်။ "အတွင်းစည်းတပည့် ပြိုင်ပွဲမှာ အနိုင်ရဖို့က အရေးကြီးတယ်၊ ဒါပေမယ့် လူတစ်ယောက်ကို အထူးသတိထားစေချင်တယ်။ သူ့နာမည်က ချူးယွင်ဖန်း၊ သူက လိမ္မာပါးနပ်ပြီး တော်တော်လေးလည်း သန်မာတယ်၊ အတွင်းစည်းတပည့် ပြိုင်ပွဲမှာ မင်း သူ့ကို သတ်ပေးရမယ်"
ယွီဝမ်ရှင်းသည် ထိုသို့ကြားသောအခါ ထိတ်လန့်သွားသည်။ သူ ကျင့်ကြံခြင်းတွင် နစ်မြုပ်ထားသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်၍ ဝမ်ယိဖန်က သူ့ကို ယခုအချိန်မှ ခေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဝမ်ယိဖန်သာ မခေါ်ထုတ်ခဲ့လျှင် သူသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိချိန်မှ ထွက်လာပေလိမ့်မည်။ ထို့ကြောင့် သူသည် ချူးယွင်ဖန်းနှင့် ပတ်သက်၍ မသိထားသော်လည်း ဝမ်ယိဖန်၏ ဤသို့အလေးအနက်ထားနေပုံအရ ချူးယွင်ဖန်းသည် ကိုင်တွယ်ရခက်ခဲသူတစ်ဦးဖြစ်ပေလိမ့်မည်။
"ကျွန်တော် နားလည်ပါပြီ၊ စိတ်မပူပါနဲ့ စီနီယာဝမ်။ သူက စီနီယာ့ကို စော်ကားထားမှတော့ ကျွန်တော့်ရဲ့ ရန်သူပါပဲ၊ သူ့ကို တွေ့တာနဲ့ ကျွန်တော် လုံးဝလွှတ်ပေးမှာ မဟုတ်ပါဘူး" ယွီဝမ်ရှင်းက ပြောလိုက်သည်။
ယွီဝမ်ရှင်းသည် ယုံကြည်မှုရှိသော အမူအရာမျိုး ပြသလာသည်။ သူသည် အခြားအရာဆိုလျှင် ယုံကြည်မှု မရှိနိုင်သော်လည်း အတွင်းစည်းတပည့် ပြိုင်ပွဲဟူသည် လက်ဖဝါးကို လှန်မှောက်ခြင်းကဲ့သို့ လွယ်ကူပေလိမ့်မည်။ သူသည် ဤကျင့်ကြံမှု အဆင့်အတွင်း မည်သူမျှ သူ့ကို မယှဉ်နိုင်ကြောင်း အခိုင်အမာ ယုံကြည်ထားသည်။ ထိပ်တန်းတပည့်များနှင့် မတွေ့ဆုံသရွေ့ သာမန်အတွင်းစည်းတပည့်များသည် သူ့အရှေ့တွင် သေဆုံးရုံသာရှိသည်။
"ကောင်းပြီ။ မင်းကို နတ်ဖြတ်ဓား ပေးလိုက်မယ်၊ မင်း သူ့ကို သတ်ပြီးတာနဲ့ အခြားဟာတွေ ထပ်ပေးဦးမယ်" ဝမ်ယိဖန်က ပြောလိုက်သည်။
ဝမ်ယိဖန်သည် လက်ချောင်းကို တောက်လိုက်သည်နှင့် ယွီဝမ်ရှင်း၏ စိတ်ထဲသို့ အလင်းတန်းတစ်ခု တိုးဝင်သွားသည်။ ယွီဝမ်ရှင်းသည် မျက်လုံးများကို မှိတ်လိုက်သည်။ ထိုအခါ သူ၏ စိတ်ထဲတွင် တောက်ပနေသော ဓားတစ်လက်ကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် သူ အလွန်တောင်းတနေသော နတ်ဖြတ်ဓားဖြစ်ပေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာဝမ်၊ ချူးယွင်ဖန်း အသက်ရှင်လျက် ပြန်မလာနိုင်ဖို့အတွက် အတွင်းစည်းတပည့် ပြိုင်ပွဲမှာ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"
အခန်း (၁၆၈၅) ဒြပ်မဲ့အဆင့်အထွတ်အထိပ်
ကျင့်ကြံခြင်း၌ အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးသွားလေ့ရှိသည်။ မျက်စိတစ်မှိတ်အတွင်း နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့သည်။ တောင်မြစ်ပန်းချီကားအတွင်း၌ ချူးယွင်ဖန်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ အရှိန်အဝါသည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွား၍ ၎င်းကို အတွင်း၌သာ ထိန်းချုပ်ထားသည်။ ဤသည်မှာ ဒြပ်မဲ့အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အခြေအနေဖြစ်သည်။
ကောင်းကင်နတ်ဆိုးဆေးလုံးကို ဝါးမျိုပြီးနောက် သူ၏အင်အားသည် များစွာတိုးတက်လာခဲ့သည်။ အရေးကြီးဆုံးမှာ တာအိုအပေါ် နားလည်သဘောပေါက်မှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းများ တိုးလာရုံသာမကဘဲ ကျင့်ကြံမှုအဆင့်သည်လည်း အပြစ်ပြောစရာမရှိသည်အထိ ပြီးပြည့်စုံသွားသည်။
ဤသည်မှာ သူအမြဲတစေ မျှော်လင့်ခဲ့ရသည့်အရာဖြစ်သည်။ ဆေးဧကရာဇ်သည် သူ၏ အဓိကစွမ်းအင်ကို သိုင်းပညာဘက်တွင် မမြှုပ်နှံခဲ့သောကြောင့် ကျင့်ကြံခြင်းလမ်းစဉ်၌ အားနည်းချက်ရှိခဲ့သည်။ ဆေးဖော်စပ်မှုဖြင့် ဆေးဧကရာဇ်တစ်ပါး ဖြစ်လာခြင်းသည် ကွဲပြားခြားနားသော လမ်းစဉ်တစ်ခုဟု ဆိုနိုင်သည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းတွင် ဟာကွက်များရှိခဲ့၍ သိုင်းပညာဖြင့် ဧကရာဇ်ဖြစ်လာသူများကဲ့သို့ အနှိုင်းမဲ့ မဖြစ်ခဲ့ပေ။
ချူးယွင်ဖန်းသည် ထိုအမှားမျိုးကို အစွမ်းကုန် ရှောင်ရှားရန် ကြိုးစားနေခြင်းဖြစ်သည်။ သူ၏ကျင့်ကြံမှုသည် ဒြပ်မဲ့အဆင့်အထွတ်အထိပ်သို့ ရောက်ရှိလာသည်နှင့်အမျှ သူ၏ တိုက်ခိုက်နိုင်စွမ်းသည်လည်း ဒြပ်မဲ့လေ့လာသူအဆင့် အထွတ်အထိပ်သို့ မြင့်တက်သွားသည်။ ယခုအချိန် သူ၏ရုပ်ရည်တွင် ပြောင်းလဲခြင်းမရှိသော်လည်း ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင်များ စီးဆင်းနေသည်။ ၎င်းသည် စစ်မှန်သော အထွတ်အထိပ်အခြေအနေဖြစ်သည်။
"အတွင်းစည်းတပည့် ပြိုင်ပွဲလား။ မဖြစ်မနေ အနိုင်ရစေရမယ်" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။ သူသည် ထိုပြိုင်ပွဲတွင် အနိုင်ရရန် သန္နိဋ္ဌာန်ချထားသည်။ သူ၏ လက်ရှိအခြေအနေအရ မည်သူမျှ သူ့ကို တားဆီးနိုင်မည်မဟုတ်ပေ။
နတ်ဘုရားတစ်ပါး လမ်းပိတ်ထားလျှင်ပင် သတ်ပစ်မည်ဟူသော စိတ်ဓာတ်မျိုးရှိနေသည်။ ယခုအခါ သူသည် အခြားအရာတစ်ခုကို စဉ်းစားနေသည်။ ဤသည်မှာ ဒြပ်မဲ့လေ့လာသူအဆင့်သို့ တိုးတက်ရမည့် နည်းလမ်းဖြစ်သည်။ အကယ်၍ ဒြပ်မဲ့အဆင့်သည် သဘာဝနိယာမတရားများ၏ ခြေရာလက်ရာအချို့ကို ဝေဝါးစွာ စတင်နားလည်သည့် အဆင့်ဆိုလျှင် ဒြပ်မဲ့လေ့လာသူအဆင့်သည် စစ်မှန်သော နားလည်မှု၏ အစပျိုးမှုဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိလျှင် အရာအားလုံး ပို၍ ရှင်းလင်းလာပေလိမ့်မည်။ ထိုအချိန်၌ သူ၏ တိုက်ခိုက်နိုင်စွမ်းသည် အထူးချွန်ဆုံးတပည့်များနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်ဖြစ်သည်။
အထူးချွန်ဆုံးတပည့်များသည် သာမန်အတွင်းစည်းတပည့်များနှင့် ကွာခြားသည်။ ၎င်းတို့သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ စစ်မှန်သော ကျောရိုးများဖြစ်ကြသည်။ တစ်ဦးချင်းစီ၏ တိုက်ခိုက်နိုင်စွမ်းသည် သာမန်တပည့်များထက် များစွာ သာလွန်သည်။ ၎င်းတို့သည် ဂိုဏ်း၏ နယ်မြေချဲ့ထွင်မှုများတွင် စစ်မှန်သော အင်အားစုများဖြစ်သည်။ ဂိုဏ်းအတွင်း၌ ထိုတပည့်များကို တွေ့ရခဲသည့် အကြောင်းရင်းမှာ ၎င်းတို့သည် ကြီးမြတ်သောတရှအတွက် အမှုထမ်းရန် ပြင်ပသို့ ထွက်ခွာသွားကြရသောကြောင့်ဖြစ်သည်။
၎င်းသည် ကြီးမြတ်သောတရှကို စတင်တည်ထောင်စဉ်က ဂိုဏ်းအသီးသီးမှ ပြုလုပ်ခဲ့သော သဘောတူညီချက်ဖြစ်သည်။ သာမန်အပြင်စည်းနှင့် အတွင်းစည်းတပည့်များကို လျစ်လျူရှုထားနိုင်သော်လည်း အထူးချွန်ဆုံးတပည့်များသည် အင်ပါယာအတွက် အမှုထမ်းကြရပေလိမ့်မည်။ အင်ပါယာ တည်ငြိမ်ခြင်းသည် ဂိုဏ်းများ တည်ငြိမ်ခြင်းနှင့် ထပ်တူကျသည်။ အင်ပါယာအတွက် အမှုထမ်းခြင်းဖြင့် ကြီးမြတ်သောတရှ၏ ဂိုဏ်းများနှင့် သက်ရှိအားလုံးကို ကာကွယ်ပေးရာရောက်သည်။
အခြေခံအားဖြင့် ၎င်းတို့သည် နန်းတော်တွင် အရာရှိများအဖြစ် ဝင်ရောက်လုပ်ကိုင်ကြသည့်အပြင် စစ်တပ်များကို ဦးဆောင်၍ တိုက်ပွဲဝင်လေ့ရှိကြသည်။ ထို့ကြောင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် အင်အားအကောင်းဆုံး တပည့်များဖြစ်သည့် အစစ်အမှန်တပည့်များနောက်တွင် အတွင်းစည်းတပည့်များရှိကြသည်။
အဘယ်ကြောင့်ဆိုသော် သာမန်အထူးချွန်ဆုံးတပည့်များတွင် တာဝန်ဝတ္တရားများရှိနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဂိုဏ်းသို့ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ခန့်မျှ ပြန်မလာနိုင်ခြင်းသည် သာမန်ကိစ္စဖြစ်သည်။ ရုတ်တရက် အပြင်ဘက်ခြံဝင်းအတွင်းမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၍ ချူးယွင်ဖန်း၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်သည်။ သူသည် တောင်မြစ်ပန်းချီကားအတွင်းမှ ထွက်လာခဲ့သည်။ ပြီးနောက် ခြံဝင်းအပြင်ဘက်သို့ ထွက်လာ၍ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ကောင်းကင်တစ်ခုလုံးတွင် ပျံသန်းနေသော အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ သို့သော် အများစုသည် အရှေ့ပိုင်းဒေသမှ လာရောက်ကြည့်ရှုကြသော အပြင်စည်း၊ အတွင်းစည်းတပည့်များဖြစ်ကြသည်။ အဓိက ဇာတ်ဆောင်သည် လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။ လူငယ်သည် လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်မတ်ရပ်ကာ ချူးယွင်ဖန်းကို အထက်မှ ငုံ့ကြည့်နေသည်။
"မင်းက ချူးယွင်ဖန်းလား" ချူးယွင်ဖန်း ထွက်လာခြင်းကို မြင်သောအခါ ထိုလူငယ်က မျက်ခုံးပင့်၍ မေးလိုက်သည်။
"ဟုတ်တယ်၊ ခင်ဗျားက ဘယ်သူလဲ" ချူးယွင်ဖန်းက ပြန်မေးလိုက်သည်။
"ကျုပ်နာမည်က စုဟုန်ချန်းပဲ" ထိုလူငယ်သည် ချူးယွင်ဖန်းကို စိုက်ကြည့်လျက် ပြောလိုက်သည်။
"သူကို။ သူ ဘယ်တုန်းက ပြန်ရောက်တာလဲ၊ အတွင်းစည်းတပည့် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ပြန်လာတာလား"
"ဒါပဲ ဖြစ်ရမယ်၊ စုဟုန်ချန်းက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ကြီးမြတ်တဲ့တရှ တစ်ခွင် လှည့်လည်သွားလာနေတာလို့ ပြောကြတာပဲ။ အခု သူပြန်လာပြီဆိုတော့ ပြိုင်ပွဲဝင်ဖို့ပဲ ဖြစ်မှာပေါ့"
"ဟုတ်တယ်၊ သူပြန်လာတယ်ဆိုရင်တော့ ချန်ပီယံရဖို့အတွက်ပဲ ဖြစ်ရမယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းကတောင် သူက ထိပ်တန်းဆယ်ယောက်ထဲမှာ ပါခဲ့တာ။ အခုဆို အနိုင်ရဖို့ အခွင့်အရေးတွေ ပိုများတာပေါ့"
လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ဝါရင့် အတွင်းစည်း၊ အပြင်စည်းတပည့် အများအပြားသည် စုဟုန်ချန်းနှင့်ပတ်သက်၍ ကြားဖူးကြသည်။ သူ၏ ခွန်အားသည် အလွန်ထူးခြားသည်။ လွန်ခဲ့သော သုံးနှစ်က ပြိုင်ပွဲတွင် သူသည် အဆင့် ၁၀ အတွင်း ပါဝင်ခဲ့သည်။ ထိုကဲ့သို့သော လူမျိုးသည် အလွန်စွမ်းအားကြီးသည်ဟု ဆိုနိုင်သည်။ ကြီးမြတ်သောတရှတွင် သုံးနှစ်ကြာ လှည့်လည်သွားလာပြီးနောက် သူ၏ အင်အားသည် ပို၍ ကြောက်မက်ဖွယ်ကောင်းနေမည်မှာ သေချာသည်။ စုဟုန်ချန်းသည် သူ၏ အရှိန်အဝါကို ထုတ်မပြသေးသော်လည်း သာမန်အတွင်းစည်းတပည့်များထက် များစွာ သာလွန်သော ဖိအားများကို ထုတ်လွှတ်နေသည်။ သူသည် အထူးချွန်ဆုံးတပည့်ဖြစ်လာရန် လက်တစ်ကမ်းသာ လိုအပ်ပေသည်။
အချို့သောသူများသည် ကြီးမားသော ရည်မှန်းချက်များရှိကြရာ အနာဂတ်တွင် အစစ်အမှန်တပည့်များဖြစ်လာရန် သို့မဟုတ် ထိုထက်မက တိုးတက်လာရန် မျှော်မှန်းကြကြောင်း လူအများ နားလည်ကြသည်။ ထို့ကြောင့် ဒြပ်မဲ့လေ့လာသူအဆင့်တွင် အခြေခံခိုင်မာရန် အထူးအရေးကြီးသဖြင့် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ အလောတကြီး မဖြတ်ကျော်ကြပေ။ ယင်းအစား ၎င်းတို့၏ ကျင့်ကြံမှုကို အပြစ်အနာအဆာကင်းမဲ့၍ အခြေခံခိုင်မာစေရန် အထပ်ထပ်အခါခါ လေ့ကျင့်ကြသည်။ စုဟုန်ချန်းသည်လည်း ထိုသို့ပင် ဖြစ်သည်။ သူ ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ တက်ရောက်သွားသည်နှင့် တစ်ပြိုင်နက် နှစ်အနည်းငယ်အတွင်း ထိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။ သူသည် အနာဂတ်တွင် အစစ်အမှန်တပည့်တစ်ဦး ဖြစ်လာရန် လွယ်ကူပေလိမ့်မည်။
"ဟုတ်တယ်၊ ကျုပ်က ချူးယွင်ဖန်းပဲ" ချူးယွင်ဖန်းက ခပ်အေးအေး ပြန်ပြောလိုက်သည်။
"မင်း ဒီနှစ်ပြိုင်ပွဲမှာ ဟွာရှန်းယွမ်နဲ့ လောင်းကြေးထပ်ထားတယ်လို့ ကျုပ် ကြားတယ်" စုဟုန်ချန်းက ချူးယွင်ဖန်းကို မေးလိုက်သည်။
"ဟုတ်တယ်" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
စုဟုန်ချန်းက လှောင်ရယ်ကာ ပြောလိုက်သည်။
"မင်းတို့လို လူသစ်တွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ထုထည်ကို မသိကြဘူးပဲ။ အတွင်းစည်းတပည့် ပြိုင်ပွဲကို ကစားစရာလို့ ထင်နေတာလား။ ဒါမှမဟုတ် မင်းရဲ့ မျိုးစေ့တပည့်ဆိုတဲ့ ဂုဏ်ပုဒ်ကို အားကိုးနေတာလား။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရတဲ့သူတွေထဲမှာ ဘယ်သူကများ မျိုးစေ့တပည့် မဖြစ်ခဲ့ဖူးလို့လဲ"
"ဒါတွေက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ဒါတွေက ကျုပ်နဲ့ မဆိုင်ဘူး။ ဒါပေမယ့် နောက်ဖြစ်မယ့်အရာကတော့ ကျုပ်နဲ့ ဆိုင်တယ်။ မင်းဆီမှာ ဆင့်ကဲပြောင်းလဲမှု ဆေးရှိတယ်လို့ ကျုပ် ကြားတယ်" စုဟုန်ချန်းက ခပ်အေးအေး ဆက်လိုက်ပြောသည်။
"အဲဒါကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းနဲ့ ကျုပ်ကို ရောင်းလိုက်"
"လာနောက်နေတာလား။ စိတ်တော့မရှိပါနဲ့၊ ကျုပ် ခင်ဗျားကို မရောင်းနိုင်ဘူး" ချူးယွင်ဖန်းက အေးစက်စွာ ရယ်လိုက်သည်။
ဆင့်ကဲပြောင်းလဲမှုဆေးလုံး၏ တန်ဖိုးနှင့် နှိုင်းယှဉ်လျှင် ဝိညာဉ်ကျောက်တုံး နှစ်သိန်းဆဟူသည် လုယူခြင်းနှင့် ထူးမခြားနားပေ။ ပြီးနောက် ချူးယွင်ဖန်းက လှည့်ထွက်သွားသည်။
"မရောင်းဘူး ဟုတ်လား။ ဒီကိစ္စက မင်းသဘောနဲ့ မင်းလုပ်လို့ရတာ မဟုတ်ဘူး။ မင်းလို တပည့်အသစ်တစ်ယောက်က ဆင့်ကဲပြောင်းလဲမှုဆေးကို ကာကွယ်နိုင်မယ်လို့ ထင်နေတာလား။ ကျုပ် အကြံပေးလိုက်မယ်၊ အဲဒါကို အခုချက်ချင်း ကျုပ်ကို ပေးလိုက်။ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်" စုဟုန်ချန်း၏ မျက်နှာအမူအရာ နက်မှောင်သွား၍ ချူးယွင်ဖန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"ခင်ဗျားက အတွင်းစည်းတပည့်တစ်ယောက်ပါ။ ခင်ဗျားနောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ကျုပ် မသိပေမယ့် ခင်ဗျားက ခွေးတစ်ကောင်ထက် မပိုဘူး" ချူးယွင်ဖန်းက လှောင်ရယ်ကာ ပြောလိုက်သည်။
အခန်း (၁၆၈၆) စုဟုန်ချင်းကို ချက်ချင်းအနိုင်ယူခြင်း
ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ အထူးသဖြင့် ထူးချွန်တပည့်အများအပြားသည် သူ၏ ဆင့်ကဲပြောင်းလဲမှုဆေးကို လောဘတက်စွာ စောင့်ကြည့်နေကြကြောင်း သူ သိသည်။ ဤဆေးလုံးသည် ထူးချွန်တပည့်များကို ပြန်လည်မွေးဖွားလာသကဲ့သို့ပင် အစစ်အမှန်တပည့်ဖြစ်လာနိုင်ခြေကို မြင့်တက်စေနိုင်သည်။ ဤဆေးသည် အစစ်အမှန်တပည့်များအတွက်ပင် အသုံးဝင်လှရာ မည်မျှများပြားသောလူများက ၎င်းကို မျက်စိကျနေမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။
သို့သော် လူတိုင်းသည် အချင်းချင်း ကြောက်ရွံ့ကာ ဂိုဏ်း၏စည်းကမ်းများကို ဂရုစိုက်နေကြသောကြောင့် ချူးယွင်ဖန်းကို တိုက်ရိုက်မတိုက်ခိုက်ဘဲ အခြေအနေကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ယခုမူ မစောင့်ဆိုင်းနိုင်သူတစ်ဦး ပေါ်ထွက်လာခဲ့ရာ ၎င်းသည် စုဟုန်ချင်းဖြစ်သည်။ စုဟုန်ချင်း ပေါ်ပေါက်လာသော်လည်း သူသည် အသုံးချခံသက်သက်သာဖြစ်ကြောင်း ချူးယွင်ဖန်း သိသည်။
စုဟုန်ချင်းသည် အတွင်းစည်းတပည့်တစ်ဦးသာ ဖြစ်သည်။ သူသည် အတွင်းစည်းတပည့်များအနက် ထိပ်တန်းတပည့်ဖြစ်သော်လည်း ထူးချွန်တပည့် သို့မဟုတ် အစစ်အမှန်တပည့်များနှင့် နှိုင်းယှဉ်လျှင် အသုံးမဝင်ပေ။ ထို့ကြောင့် သူသည် တစ်ဦး သို့မဟုတ် လူတစ်စု၏ ကိုယ်စားလှယ်အဖြစ်သာ ရောက်လာခြင်းဖြစ်သည်။ အချို့လူများသည် ကိုယ်တိုင်ထွက်မလာနိုင်သဖြင့် စုဟုန်ချင်းကို စေလွှတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် စုဟုန်ချင်းသည် သူတစ်ပါး၏ ခွေးတစ်ကောင်သာဖြစ်သည်ဟု ချူးယွင်ဖန်းက ဆိုလိုက်ခြင်းဖြစ်သည်။
"မင်းက သေချင်နေတာပဲ"
စုဟုန်ချင်းသည် ချက်ချင်းပင် အလွန် ဒေါသထွက်သွားသည်။ သူ၏ နတ်စွမ်းအင်များ ပွက်လောရိုက်လာ၍ မိုးခြိန်းသံပမာ ဟိန်းထွက်လာသည်။ ၎င်းသည် သူကျင့်ကြံထားသော လျှပ်စီးခန္ဓာကိုယ်သိုင်းပညာဟူသည့် အထူးကျင့်စဉ်တစ်ခုဖြစ်သည်။ သူ၏ ကျင့်ကြံမှုတစ်ခုလုံးသည် ဤပညာရပ်အပေါ် အခြေခံထားသည်။ သူ၏အသံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်တုန်ခါမှုများသည် ချူးယွင်ဖန်းဆီ လှိုင်းလုံးကြီးများသဖွယ် ပြေးဝင်သွားသည်။ သို့သော် ထိုတုန်ခါမှုများသည် ချူးယွင်ဖန်းနှင့် ထိတွေ့ခါနီးတွင် အစအနမရှိ ပျောက်ကွယ်သွား၍ သူ့ကို မည်သည့်ထိခိုက်မှုမျှ မပေးစွမ်းနိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် စုဟုန်ချင်းကို လှည့်ကြည့်၍ ပြောလိုက်သည်။
"ခင်ဗျား ကိုယ့်ကိုယ်ကို သက်သေဖို့လုပ်နေတာလား"
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ချူးယွင်ဖန်း၏ သတ္တိသည် အလွန်ထူးခြားလှသည်။ အခြားသူများသာဆိုလျှင် စုဟုန်ချင်းကို ရင်ဆိုင်ရန် သတ္တိရှိမည်မဟုတ်ပေ။ အတွင်းစည်းတပည့်များအနက် စုဟုန်ချင်းသည် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် အလိုရှိပါက ထူးချွန်တပည့်တစ်ဦးပင် ချက်ချင်း ဖြစ်လာနိုင်သည်။
စုဟုန်ချင်းက ချူးယွင်ဖန်းကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ယခုတစ်ကြိမ်တွင် သူသည် ချူးယွင်ဖန်းကို ယခင်ကဲ့သို့ အထင်အမြင်မသေးတော့ပေ။ ချူးယွင်ဖန်းသည် ဒြပ်မဲ့အဆင့်တွင်သာ ရှိနေပုံရသော်လည်း သူ၏ အသံလှိုင်းတိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ပုံကိုကြည့်လျှင် သာမန်အတွင်းစည်းတပည့် မဟုတ်ကြောင်း သိရှိနိုင်သည်။
"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းဆိုတာ ဈေးကောင်းတစ်ခုပါ။ အရှက်မရှိတဲ့လူ မဖြစ်ချင်စမ်းပါနဲ့" စုဟုန်ချင်းက လှောင်ပြောင်လိုက်သည်။
"ကျုပ်က အရှက်မဲ့တယ် ဟုတ်လား" ချူးယွင်ဖန်းသည် စုဟုန်ချင်း၏ အပြုအမူကြောင့် ချက်ချင်း ဒေါသထွက်သွားသည်။
"ကျုပ် ခင်ဗျားကို အရင်ဆုံး ဖမ်းပြမယ်"
စုဟုန်ချင်းက စတင်တိုက်ခိုက်လိုက်သည်။ သူ၏လက်ထဲတွင် လျှပ်စီးကြောင်းများ ဝင်းလက်နေသော အပြာရောင်ဓားရှည်ကြီးတစ်လက် ထွက်ပေါ်လာပြီးနောက် ချူးယွင်ဖန်းကို ရုတ်တရက် ခုတ်ချလိုက်သည်။
ဘုံး
ကြောက်မက်ဖွယ်ကောင်းသော အပြာရောင် လျှပ်စီးနဂါးကြီးတစ်ကောင် ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းသည် အစစ်အမှန်နဂါးတစ်ကောင်ကဲ့သို့ပင် အသက်ဝင်လှသည်။ ပြီးနောက် ဓားချက်သည် ချူးယွင်ဖန်းအပေါ် ကျရောက်လာသည်။ ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို လင်းထိန်သွားစေကာလူတိုင်း၏ မျက်နှာပေါ်သို့ အလင်းပြန်လာသည်။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ သိုင်းကွက်လဲ။ စုဟုန်ချင်းက ဒီသိုင်းကွက်တစ်ခုတည်းနဲ့တင် ချန်ပီယံမဖြစ်ရင်တောင် ထိပ်ဆုံးဆယ်ဦးနေရာကို ဝင်လောက်တယ်"
"သူက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ထိပ်ဆုံးဆယ်ဦးနေရာ ဝင်ခဲ့တာ မဟုတ်ဘူးလား။ ဒီဓားချက်က တော်တော်ကြောက်စရာကောင်းတာပဲ"
"အခု သူက ပထမနေရာကို မှန်းနေတာ။ ဒါပေမယ့် ပထမနေရာကို မှန်းနေတဲ့သူတွေက အများကြီးဆိုတော့ ဒီတစ်ကြိမ် အထက်လူကြီးတွေက အထူးဆုတစ်ခု ပေးဖို့ စီစဥ်နေတယ်လို့ ကျုပ် ကြားတယ်"
လူတိုင်းက အားတက်သရော ဆွေးနွေးနေကြသည်။ အပြင်စည်းတပည့်များ မဆိုနှင့် အတွင်းစည်းတပည့်များအနက်ပင် ထိုသိုင်းကွက်ကို ခံနိုင်ရည်ရှိသူ အလွန်နည်းပါးသည်။ သူသည် ဤသို့သော ခွန်အားဖြင့်ဆိုလျှင် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အတွင်းစည်းတပည့်များကြားတွင် ချန်ပီယံဖြစ်လာနိုင်ခြေရှိသည်။ စုဟုန်ချင်းသည် လွန်ခဲ့သော သုံးနှစ်က ထိပ်ဆုံးဆယ်ယောက်ထဲတွင်သာ ပါဝင်ခဲ့ခြင်းကို ကြည့်လျှင် အတွင်းစည်းတပည့်များအနက် ကျွမ်းကျင်ပညာရှင် မည်မျှများပြားမည်ကို ခန့်မှန်းနိုင်သည်။ ၎င်းတို့အနက် သိုဝှက်ထားသော နဂါးများ တိမ်းအောင်းနေသော ကျားများ တည်ရှိနေသည်ဟု ဆိုနိုင်ကာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ချူးယွင်ဖန်း ရှုံးနိမ့်တော့မည်ဟု လူတိုင်းထင်နေချိန်၌ သူသည် တည်ငြိမ်သော အမူအရာဖြင့် ပေါ့လျော့စွာ လှမ်းဖမ်းလိုက်သည်။ သူ၏လက်ဖဝါးသည် လျှပ်စီးများအတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်သွား၍ နဂါး၏လည်ပင်းကို ဆုပ်ကိုင်ကာ အားစိုက်ညှစ်လိုက်သည်။
ဘုံး
လျှပ်စီးနဂါးကြီး ကြေမွသွား၍ ချူးယွင်ဖန်းသည် အနည်းငယ်မျှ မထိခိုက်သွားခဲ့ပေ။ လျှပ်စီးနဂါးသည် ဝေဟင်ထက်တွင် ပေါက်ကွဲသွား၍ ချူးယွင်ဖန်းသည် လျှပ်စီးစွမ်းအင်များအားလုံးကို အစအနမကျန်သည်အထိ ဝါးမြိုလိုက်သည်။ စုဟုန်ချင်း၏ အင်အားကြီး သိုင်းကွက်ကို ဝါးမြိုပြီးနောက် ချူးယွင်ဖန်းသည် အေးစက်စက်အပြုံးဖြင့် စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်း၏ ခွန်အားသည် ထင်မှတ်ထားသည်ထက် များစွာသာလွန်နေကြောင်း စုဟုန်ချင်း နားလည်သွားသည်။ ၎င်းသည် ထူးချွန်တပည့်တစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းနေသည်။
"ကျုပ်အလှည့်ပဲ" ချူးယွင်ဖန်းက လှောင်ရယ်ကာ လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။ "တောင်တန်းချုပ်နှောင်ချိပ်စည်း"
တောင်တန်းချုပ်နှောင်ချိပ်စည်းသည် ဝေဟင်ထက်တွင် ထွက်ပေါ်လာ၍ နတ်တောင်တန်းကြီးတစ်ခုအသွင် ပုံဖော်ဖြစ်တည်လာသည်။ ပြီးနောက် ထိုတောင်တန်းကြီးသည် စုဟုန်ချင်းအပေါ်သို့ ဖိချလာသည်။ စုဟုန်ချင်းသည် အလွန်တုန်လှုပ်သွားပြီးနောက် ဒေါသထွက်သွားသည်။ ပြီးနောက် သူ၏ဓားဖြင့် လျှပ်စီးနဂါးတစ်ကောင်ကို ထပ်မံထုတ်လွှတ်လိုက်ရာ ၎င်းသည် နတ်တောင်ကြီးဆီ ပျံသန်းသွားလေသည်။
ဘုံး
လျှပ်စီးနဂါးနှင့် နတ်တောင်တန်းကြီးတို့ တိုက်မိသွားကြသည်။ လျှပ်စီးနဂါးသည် ခဏအတွင်း အပိုင်းပိုင်းပြတ်ကာ ကြေမွပျက်စီးသွားသည်။ ၎င်းသည် နတ်တောင်တန်းကြီးကို မခုခံနိုင်ခဲ့ပေ။ ချူးယွင်ဖန်း၏ နတ်တောင်တန်းကြီးသည် အရှိန်အဟုန်မပျက်ဘဲ ဆက်လက်ကျဆင်းကာ စုဟုန်ချင်းအပေါ် ကျရောက်သွားသည်။
ဘန်း
စုဟုန်ချင်း ချက်ချင်းပင် လွင့်ထွက်သွားသည်။ သူသည် သွေးများ အန်ထွက်လာခဲ့ရာ ကောင်းကင်ယံတစ်ခုလုံးတွင် သွေးမိုးများ ရွာသွန်းသကဲ့သို့ ပျံနှံ့သွားသည်။ သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသောအခါ တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။ စုဟုန်ချင်းသည် ခန္ဓာကိုယ်တစ်ခုလုံး သွေများဖြင့် နီရဲလျက်ရှိသည်။ ကြောက်မက်ဖွယ် သက်ရောက်မှုကြောင့် သူ၏အရေပြားများ စုတ်ပြဲကုန်ကာ သွေးများ စိမ့်ထွက်နေသည်။ ခန္ဓာကိုယ်အတွင်းရှိ အရိုးများစွာ ကျိုးကြေသွား၍ အတွင်းကလီစာများပင် ဒဏ်ရာရရှိသွားသည်။
၎င်းသည် ရိုးရှင်းသော တောင်တန်းချုပ်နှောင်ချိပ်စည်းတစ်ခုဖြစ်သော်လည်း လူတိုင်း ချန်ပီယံလောင်းအဖြစ် မျှော်လင့်ထားသော စုဟုန်ချင်းသည် မလှုပ်ရှားနိုင်သည်အထိ ဒဏ်ရာရရှိသွားခဲ့သည်။ အကယ်၍ ဤသည်မှာ အသက်အသေခံ တိုက်ပွဲတစ်ခုဆိုလျှင် စုဟုန်ချင်းသည် ပွဲချင်းပြီး သေဆုံးသွားပေလိမ့်မည်။ နှစ်ဦးနှစ်ဖက်ကြားရှိ အဆင့်အတန်းသည် လုံးလုံးလျားလျား မတူညီကြပေ။ ဤသိုင်းကွက်ကြောင့် လူတိုင်း မှင်သက်သွားကာ ချူးယွင်ဖန်းအပေါ်ထားရှိသော ၎င်းတို့၏အမြင်များ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။