အခန်း (၁၆၉၀-၁၆၉၂)
Vol. 113 Ch. 1690-1692
အခန်း (၁၆၉၀) သူရဲကောင်းများ စုစည်းခြင်း
"ဒီနှစ် ပြိုင်ပွဲမှာ ဝမ်ယိဖန် ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ထားတယ်လို့ ကျုပ်ကြားတယ်။ ချန်ပီယံကတော့ ယွီဝမ်ရှင်းဖြစ်ဖို့ များနေပြီပဲ။ ဆုတွေကလည်း တကယ့်ကို အံ့မခန်းပဲလေ"
"ဟာ... ဒီလူတွေရဲ့ ပါရမီက ကြောက်စရာကောင်းလွန်းတယ်။ ဒါ့အပြင် သူတို့က တပည့်ရင်းတွေရဲ့ အသိအမှတ်ပြုမှုကိုတောင် ရရှိထားကြတာ။ တပည့်ရင်းတွေသာ ဝင်ပါလာရင် သူတို့ ရွေးချယ်ထားတဲ့သူကလွဲလို့ တခြားဘယ်သူမှ ချန်ပီယံဖြစ်လာမှာ မဟုတ်ဘူး"
လူတိုင်းက တက်ကြွစွာ ဆွေးနွေးနေကြသော်လည်း လူအများ မျှော်လင့်ချက်ထားသူသည် ယွီဝမ်ရှင်းဖြစ်သည်။ ထူးချွန်သော ပါရမီ မရှိပါက အတွင်းစည်းတပည့်တစ်ဦးအနေဖြင့် တပည့်ရင်းတစ်ဦး၏ အာရုံစိုက်မှုကို ရရှိရန် ခဲယဉ်းလှသည်။ ထို့ပြင် ၎င်းတို့သည် အလွန်ပါရမီထူးသူများဖြစ်သည့်အပြင် တပည့်ရင်းများ၏ အပြည့်အဝ ပျိုးထောင်မှုကိုပင် ရရှိထားကြရာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကို မည်သူမျှ မသိနိုင်ပေ။ အတိတ်က အခြေအနေများအရ ထိုကဲ့သို့သော တပည့်မျိုး ပါဝင်နေသရွေ့ ချန်ပီယံသည် တခြားသူတစ်ယောက်ဖြစ်ရန် မဖြစ်နိုင်သလောက် နည်းပါးပေသည်။
"ယွီဝမ်ရှင်းက ဂိုဏ်းထဲဝင်လာတာ သုံးနှစ်ပဲ ရှိသေးတာကို ပထမဆုံးအကြိမ်နဲ့တင် ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်မှာတော့ပေါ့"
"တပည့်ဟောင်းတွေက ဘာများ အရေးပါလို့လဲ။ အခု တပည့်သစ်တွေက ပိုပိုပြီး သန်မာလာကြပြီ။ ထိပ်တန်းဆယ်ယောက် စာရင်းတောင် ပြောင်းလဲသွားမလား မသိဘူး။ ဒီနှစ် တပည့်သစ်တွေထဲမှာ ထူးထူးခြားခြား အစွမ်းထက်တဲ့ လူနှစ်ယောက်ရှိတာ ခင်ဗျားတို့မသိဘူးလား။ ဟွာရှန်းယွမ်က ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လို့ ပြောကြပြီး သူ့ရဲ့ ကျင့်စဉ်အဆင့်က တန်တူကျင့်ကြံသူတွေကြားမှာတောင် ပြိုင်ဘက်ကင်းပဲ။ တချို့ဆိုရင် သူက ပထမနှစ်မှာတင် ထိပ်တန်းဆယ်ယောက်စာရင်းထဲ ဝင်နိုင်တယ်လို့ ပြောနေကြတာ။ နောက်ပြီး အရင်တစ်သုတ်ရဲ့ ထိပ်တန်းဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ စုဟုန်ချင်းကို အနိုင်ယူခဲ့တဲ့ ချူးယွင်ဖန်းလည်း ရှိသေးတယ်။ စုဟုန်ချင်းရဲ့ ကျင့်စဉ်က တော်တော်လေး နက်ရှိုင်းပေမယ့် သူ အလွယ်တကူ ရှုံးသွားတာလေ"
"ဟုတ်တယ်။ စုဟုန်ချင်းကတော့ သိက္ခာကို အဖတ်ဆယ်လို့ မရအောင်ဖြစ်သွားပြီ။ သူ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စိတ်ပါမှာတောင် မဟုတ်တော့ဘူး။ ကျုပ်ထင်တာတော့ ဒီတစ်ကြိမ် သူ အရှက်တကွဲဖြစ်ခဲ့ရတာကို လက်စားချေဖို့အတွက် ဒြပ်မဲ့ကျွမ်းကျင်အဆင့်ရောက်အောင် သီးသန့်ကျင်ကြံပြီး အစွမ်းကုန် ကြိုးစားတော့မယ် ထင်တယ်"
"မှန်တယ်၊ သူတို့တွေက ဒြပ်မဲ့ကျွမ်းကျင်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့ပေမယ့် တမင် အဆင့်မတက်ဘဲနေနေကြတာ။ သူတို့က အရင်ဆုံး အခြေခံခိုင်မြဲအောင် လေ့ကျင့်ချင်ကြတာ။ အခု စုဟုန်ချင်းတော့ ဆက်ပြီး သည်းခံနေမှာ မဟုတ်တော့ဘူး။ ချူးယွင်ဖန်း သက်ရှိထင်ရှား ရှိနေသရွေ့ သူ မျက်နှာပန်း ပြန်ရမှာမဟုတ်ဘူး"
"ဒါပေမယ့် ကျုပ်ကြားတာတော့ ချူးယွင်ဖန်းက ဒြပ်မဲ့လေ့လာသူအဆင့်ကိုတောင် မရောက်သေးဘူးဆိုပဲ"
"တကယ်လို့ အဲဒါသာ အမှန်ဆိုရင်တော့ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းသွားပြီ။ စီနီယာဝမ်ယိဖန် မျက်စိကျနေတဲ့ ယွီဝမ်ရှင်း၊ ထူးခြားတဲ့ ခန္ဓာကိုယ်ရှိပြီး အံ့အားသင့်စရာ ကံကောင်းမှုတွေ ကြုံတွေ့ထားတဲ့ ဟွာရှန်းယွမ်၊ နောက်ပြီး ဒြပ်မဲ့လေ့လာသူအဆင့်ကိုတောင် မရောက်သေးဘဲ စုဟုန်ချင်းကို ချေမှုန်းခဲ့တဲ့ ချူးယွင်ဖန်း။ ဒီတစ်သုတ်က တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ"
အတွင်းစည်းတပည့်နှင့် အပြင်စည်းတပည့် အများအပြားသည် အတွင်းစည်းတပည့် ပြိုင်ပွဲဝင်များနှင့် ပတ်သက်၍ အားလပ်ချိန်များတွင် ထိုသို့ မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြသည်။ ခြံဝင်းအတွင်းရှိ ချူးယွင်ဖန်းသည် ခေါင်းလောင်းသံကို ကြားသောအခါ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
'တစ်လတောင် ကုန်သွားပြီလား။ ငါ နောက်ထပ် အဆင့်တက်ဖို့ နည်းနည်းပဲ လိုတော့တာကို' ချူးယွင်ဖန်းက အနည်းငယ် နှမြောတသဖြစ်မိသွားသည်။ အဆင့်ဖြတ်ကျော်ရန် အခွင့်အရေးသည် မိမိ ရှေ့မှောက်၌ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဒြပ်မဲ့အဆင့်မှ ဒြပ်မဲ့လေ့လာသူအဆင့်သို့ ကူးပြောင်းရန် နီးစပ်နေပြီဖြစ်သည်။ သူသည် ဒြပ်မဲ့အဆင့် ကျင့်စဉ်ဖြင့် အတွင်းစည်းတပည့် ပြိုင်ပွဲကို ဝင်ပြိုင်ရဲသည့် ပထမဆုံးသော တပည့်တစ်ဦးဖြစ်ပေလိမ့်မည်။
'ကောင်းပြီ၊ အချိန်တန်ပြီ။ ကြယ်ကြွေကောင်းကင်းဂိုဏ်းကို ရောက်တာ နှစ်လောက်ရှိပြီဆိုတော့ လူတိုင်း ကျုပ်အကြောင်း သိသွားအောင် ပြရတာပေါ့' ချူးယွင်ဖန်းသည် မတ်တတ်ရပ်ပြီးနောက် အလင်းတန်းတစ်ခုကို စီးနင်းလျက် ကောင်းကင်ယံရှိ ကြီးမားသော အလင်းတံခါးဆီ ဦးတည်သွားလေသည်။
ချူးယွင်ဖန်းသည်သာ ကောင်းကင်ယံကို ဖြတ်ကျော်နေသည့် မရေတွက်နိုင်သော အလင်းတန်းများအနက်တစ်ခုဖြစ်သည်။ ချူးယွင်ဖန်းသည် လူမသိအောင် နေထိုင်သဖြင့် မည်သူမျှ သတိပြုမိကြမည် မဟုတ်ပေ။ သူသည် မကြာမီ တံခါးဝကို ဖြတ်ကျော်လိုက်သောအခါ ၎င်းနောက်ကွယ်ရှိ ကြီးမားသော ပြိုင်ကွင်းကြီးနှင့်အတူ ၎င်းကို ဝန်းရံထားသည့် ထိုင်ခုံတန်းများကို တွေ့လိုက်ရသည်။ ထိုထိုင်ခုံများပေါ်တွင် မသဲမကွဲ လူရိပ်များရှိနေသည်။ သာမန်လူများသည် တစ်ခုခုဖြင့် ကာဆီးခံရသကဲ့သို့ ၎င်းတို့၏မျက်နှာကို မမြင်တွေ့နိုင်ကြသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို မြင်တွေ့နေရသည်။ ထိုလူများသည် ဂိုဏ်း၏ ထူးချွန်တပည့်များဖြစ်ကြသည်။
ထိုသူတစ်ဦးချင်းစီသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့သည် ပြိုင်ပွဲဝင်မည့် ထောင်ပေါင်းများစွာသော အတွင်းစည်းတပည့်များကို မြင့်မြတ်သောအဆင့်မှ ကြည့်ရှုနေကြသည်။ သို့သော် ပြိုင်ပွဲဝင်များအနက် နောက်ဆုံးတွင် ချန်ပီယံတစ်ဦးတည်းသာ ရှိမည်ဖြစ်၍ အနည်းငယ်သော တပည့်များသာ ထင်ရှားကျော်ကြားလာပေလိမ့်မည်။
လူအနည်းငယ်သာ ထူးချွန်တပည့် အသိုင်းအဝိုင်းသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီကြသည်။ ဒြပ်မဲ့လေ့လာသူအဆင့်နှင့် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သည် ခြေတစ်လှမ်းသာ ကွာခြားသည်ဟု ထင်မှတ်ရသော်လည်း လူတိုင်း ထိုအဆင့်ကို မကျော်ဖြတ်နိုင်ကြပေ။
စုဟုန်ချင်းကဲ့သို့သော တပည့်များသည် အဆင့်ဖြတ်ကျော်နိုင်ခြေ မြင့်မားစေရန်အတွက် ၎င်းတို့၏ အခြေခံကို အဆက်မပြတ် သွေးနေကြသည်။ သို့သော်လည်း အဆင့်ဖြတ်ကျော်မည်ဟု အာမခံချက် မရှိပေ။ ဒြပ်မဲ့လေ့လာသူအဆင့်၏ အထွတ်အထိပ်ထက် ကျော်လွန်၍ အလွန်ခိုင်မာသော အခြေခံရှိသူများသာ ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းနိုင်ကြသည်။
ထို့ကြောင့် ဤထူးချွန်တပည့်များသည် အတွင်းစည်းတပည့်များကို အထက်စီးမှ ကြည့်နိုင်သည့် အခွင့်အရေးရှိနေကြခြင်းဖြစ်သည်။ ၎င်းတို့သည်လည်း ဤနေရာမှတစ်ဆင့် နဂါးတံခါးဝကို ကျော်ဖြတ်ကာ ဂိုဏ်းမှ တန်ဖိုးထားရသည့် ထူးချွန်တပည့်များ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
သာမန် အစစ်အမှန်တပည့်များသည် ဤအဆင့်ရှိ ပြိုင်ပွဲကို ဂရုစိုက်မည် မဟုတ်သော်လည်း ထူးချွန်တပည့်များက ထိုသို့ မဟုတ်ပေ။ ၎င်းတို့အနက် အများအပြားသည် ပါဝင်ဆင်နွှဲရန် အပြေးအလွှား ပြန်လာခဲ့ကြသည်။ ပြိုင်ပွဲတွင် လူကြိုက်များသော ပြိုင်ပွဲဝင်များစွာရှိသော်လည်း ၎င်းတို့၏ အရည်အချင်းသည် အစစ်အမှန်တပည့်များ ရွေးချယ်ထားသော နောက်လိုက်များကဲ့သို့ မသန်မာကြပေ။
ထိုလူများသည် ကြီးမားသော ကွင်းပြင်ကြီးထဲတွင် စုဝေးထိုင်နေကြသော်လည်း လူကျပ်နေပုံ မပေါ်ပေ။ ချူးယွင်ဖန်း၏ အကြည့်များ အတွင်းစည်းတပည့်များဆီသို့ ရောက်သွားသောအခါ ထိုထောင်ပေါင်းများစွာသော တပည့်များသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းတို့နက် အလယ်အလတ်အဆင့် ဒြပ်မဲ့လေ့လာသူအဆင့် များပါဝင်ကြသော်လည်း အရေအတွက်သည် မများပြားလှပေ။ အများစုသည် နှောင်းပိုင်း ဒြပ်မဲ့လေ့လာသူအဆင့်များဖြစ်ကြ၍ အထွတ်အထိပ်အဆင့် ဒြပ်မဲ့လေ့လာသူအဆင့် ကျင့်ကြံသူများပင် အတော်အတန် ပါဝင်ကြသည်။ ထိုသူများသည် ၎င်းတို့၏ အစွမ်းကို ဖုံးကွယ်ထားကြသော်လည်း ချူးယွင်ဖန်း၏ အမြင်အာရုံမှ မည်သို့မျှ ဖုံးကွယ်နိုင်မည်နည်း။
၎င်းတို့အနက် ချူးယွင်ဖန်းသည် ဟွာရှန်းယွမ်ကို ချက်ချင်း တွေ့ရှိသွားသည်။ သူသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ လူအုပ်ကြားထဲတွင် တစ်ယောက်တည်း ရပ်တန့်နေသည်။ မည်သူမျှ သူနှင့် နီးနီးကပ်ကပ် မနေဝံ့ဘဲ ခပ်ခွာခွာ ရပ်နေကြသည်။ အခြားတစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် သတ်ဖြတ်လိုစိတ် ပြင်းပြသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည် လူငယ်တစ်ဦးသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေကြောင်း မြင်တွေ့လိုက်ရသည်။ ထိုလူငယ်သည် သူ၏ သတ်ဖြတ်လိုစိတ်ကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သားကောင်ကို စိုက်ကြည့်နေသကဲ့သို့ စိန်ခေါ်လိုသော အရိပ်အမြွက်များ ပါရှိနေသည်။
ချူးယွင်ဖန်းက ထိုလူငယ်၏ အကြည့်ကို တုံ့ပြန်ကြည့်လိုက်သော်လည်း အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။ ဤလူငယ်၏ အရှိန်အဝါသည် သာမန် ဒြပ်မဲ့လေ့လာသူ အထွတ်အထိပ်အဆင့်ထက် များစွာ သန်မာသောကြောင့် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုအပ်ပေသည်။ ဤလူသည် ယွီဝမ်ရှင်းသာဖြစ်ပေလိမ့်မည်။
အခန်း (၁၆၉၁) ထူးခြားသော ပြိုင်ပွဲ စတင်ခြင်း
"မင်းတော့ အသေပဲ"
ချူးယွင်ဖန်း၏ နားထဲတွင် ရုတ်တရက် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ သူ လိုက်ကြည့်လိုက်ရာ အေးစက်သော ခြိမ်းခြောက်မှုကို ပြုလုပ်လိုက်သူသည် ယွီဝမ်ရှင်းဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် ချူးယွင်ဖန်းကို စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် စကားပြောနေခြင်းဖြစ်သည်။
"ခင်ဗျားက ကျုပ်ကို သတ်ချင်လို့လား။ ခင်ဗျားမှာ ဒီလိုအရည်အချင်းမျိုး မရှိသေးဘူး" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဟုတ်လား။ မင်းမှာ နောက်ဆုံး ပြောစရာစကားရှိရင် မြန်မြန် ပြောထားခဲ့ဦး။ ပြိုင်ပွဲ စတဲ့အခါ ပြောဖို့ အခွင့်အရေးရတော့မှာ မဟုတ်ဘူး" ယွီဝမ်ရှင်းက လှောင်ပြောင်လိုက်သည်။
သူ၏ အကြည့်များသည် ရက်စက်မှုနှင့် အေးစက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ဝမ်ယိဖန်၏ အမိန့်ဖြစ်နေသည့်အပြင် သူကိုယ်တိုင်သည်လည်း ချူးယွင်ဖန်းကို မုန်းတီးနေသည်။ ယခုနှစ်တွင် သူသည် ချန်ပီယံဖြစ်ရန် ဆုံးဖြတ်ထားကြောင်း လူတိုင်း သိကြသော်လည်း ချူးယွင်ဖန်းသည် အလွန် သတ္တိကောင်းစွာဖြင့် ချန်ပီယံနေရာကို ယှဥ်ပြိုင်ရန် ဟွာရှန်းယွမ်နှင့် သီးသန့် သဘောတူညီချက်ပင် ပြုလုပ်ခဲ့သည်။ ချူးယွင်ဖန်းသည် သူ့ကို လျစ်လျူရှု့ခဲ့ခြင်းဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် ကောင်းကင်နှင့် မြေကြီး၏ ထုထည်ကို မသိနားမလည်သော ကလေးတစ်ဦးသာဖြစ်သည်။ ချူးယွင်ဖန်းသည် ပြုံးလိုက်ပြီးနောက် ယွီဝမ်ရှင်းကို အာရုံမစိုက်တော့ပေ။
ဟွာရှန်းယွမ်သည် ချူးယွင်ဖန်းထံ လျှောက်လာ၍ အကြံပေးလိုက်သည်။
"ခဏနေရင် အခြအနေတွေ ရှုပ်ထွေးလာလိမ့်မယ်။ မသေစေနဲ့" ဟွာရှန်းယွမ်သည် ကောလာဟလအချို့ကို ကြားသိထားကြောင်း ချူးယွင်ဖန်း နားလည်လိုက်သည်။ အမှန်တကယ်တွင် ဝမ်ယိဖန်သည် ထိုကိစ္စကို ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ပေ။ သူကဲ့သို့ အစစ်အမှန်တပည့်တစ်ဦးသည် အတွင်းစည်းတပည့်တစ်ဦးကို ကိုင်တွယ်ရာတွင် ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင်နေရပါက ဟာသတစ်ခုဖြစ်သွားပေလိမ့်မည်။
"စိုးရိမ်စရာ မလိုပါဘူး" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အဲဒီလိုကြားရတာ ဝမ်းသာပါတယ်။ ကျုပ်သာ ခင်ဗျားရဲ့ နောက်ဆုံးပြိုင်ဘက်ဖြစ်လာမှာမို့လို့ တခြားလူတွေလက်ထဲမှာ မသေစေနဲ့" ဟွာရှန်းယွမ်သည် ချူးယွင်ဖန်းကို တစ်ချက်စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။
ချူးယွင်ဖန်းအရှေ့သို့ လူရိပ်တစ်ခု ရုတ်တရက် ရောက်ရှိလာသည်။ ထိုလူသည် ယုချူးယွမ်ဖြစ်၍ တစ်လကြာ ပြင်းထန်သော ကျင့်ကြံမှုများ ပြုလုပ်ပြီးနောက် ယုချူးယွမ်သည် ဒြပ်မဲ့လေ့လာသူအဆင့်၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူသည် အတွင်းစည်းတပည့်များအနက် အတော်အတန် သန်မာသူတစ်ဦးဖြစ်လာခဲ့သည်။ အနည်းဆုံးလျှင် အောက်ခြေ၌သာရှိနေသော မူလအခြေအနေထက် များစွာ သာလွန်လာခဲ့သည်။
"ဂါရဝပြုပါတယ်၊ စီနီယာချူး" ယုချူးယွမ်က ပြောလိုက်သည်။
ချူးယွင်ဖန်းက ခေါင်းညိတ်ပြပြီးနောက် ပြောလိုက်သည်။
"ခဏနေရင် ကြိုးစားပြီး ဝင်ပြိုင်ကြည့်၊ တတ်နိုင်သမျှ အမြင့်ဆုံးရအောင် ကြိုးစား"
ချူးယွင်ဖန်းသည် အတွင်းစည်းတပည့်များကို လေ့လာကြည့်ရှု့လိုက်သည်။ ၎င်းတို့အားလုံးသည် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အင်းအားစုအစစ်အမှန် မဟုတ်သေးကြောင်း သူ သိနေသည်။ ထူးချွန်သော ပါရမီရှင် အများအပြားသည် ယခုနှစ် ပြိုင်ပွဲကို ရှောင်တိမ်းခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုနှစ် ပြိုင်ပွဲတွင် ဝမ်ယိဖန် အထူးတလည် မြှင့်တင်ပေးထားသော ယွီဝမ်ရှင်းကို လမ်းဖွင့်ပေးထားသောကြောင့်ဖြစ်သည်။ လူအများအပြားသည် နောက်တစ်ကြိမ်ကျင်းပမည့် အတွင်းစည်းတပည့် ပြိုင်ပွဲတွင်သာ ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ကြပုံပေါ်သည်။
"ဟုတ်ကဲ့ပါ စီနီယာချူး" ယုချူးယွမ်က ပြောလိုက်သည်။
ထူးချွန်တပည့်အချို့သည်လည်း သူ့ကို ကြည့်နေကြကြောင်း ချူးယွင်ဖန်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။ ၎င်းတို့သည် သူနှင့်ပတ်သက်သည့်အကြောင်းကို ဆွေးနွေးနေကြခြင်းဖြစ်နိုင်သည်။
"အဲဒါ ချူးယွင်ဖန်းလား။ စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဒြပ်မဲ့အဆင့်ပဲ ရှိသေးတာကို ပြိုင်ပွဲမှာ ပါဝင်ရဲတယ်လား။ ကျုပ် မျက်စိနဲ့သာ တပ်အပ် မမြင်ခဲ့ရင် ဒီလို သေရေးရှင်ရေး မသိတဲ့သူ ရှိနေမယ်လို့ ယုံကြည်မှာမဟုတ်ဘူး"
"ဟားဟားဟား သူ့ကို လျှော့မတွက်နဲ့ဦး။ သူက ဒြပ်မဲ့အဆင့်ပဲ ရှိသေးပေမယ့် စုဟုန်ချန်းကို အနိုင်ယူနိုင်ခဲ့တာ။ သူ့ရဲ့ ကျင့်ကြံမှုက ဒြပ်မဲ့လေ့လာသူအဆင့်ရဲ့ အထွက်အထိပ် ကျင့်ကြံသူတစ်ယောက်အောက် နိမ့်ကျမှာ မဟုတ်ဘူး"
"အဲဒါက အရေးမကြီးပါဘူး။ သူသာ အဲဒီအဆင့်ကို မကျော်ဖြတ်နိုင်ရင် ကျုပ်တို့နဲ့ တန်းတူတပည့်တစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ အတွင်းစည်းတပည့်နဲ့ ထူးချွန်တပည့်ကြားမှာ တစ်ဆင့်တည်း ကွာခြားတယ်လို့ ထင်ရပေမယ့် တကယ်တမ်း ခြားနားချက်က နည်းတာ မဟုတ်ဘူး"
ထိုအချိန်တွင် ထူးချွန်တပည့်များသည် ပွဲကြည့်စင်ပေါ်၌ တီးတိုးပြောနေကြရာ ၎င်းတို့ ဆွေးနွေးမှု၏ပစ်မှတ်သည် ချူးယွင်ဖန်းဖြစ်သည်။ များပြားလှသော အတွင်းစည်းတပည့်များအနက် ချူးယွင်ဖန်း၊ ဟွာရှန်းယွမ်နှင့် ယွီဝမ်ရှင်းတို့သည် အာရုံစိုက်မှုကို အခံရဆုံးသော ပြိုင်ပွဲဝင်များဖြစ်ကြသည်။ ၎င်းတို့တွင် အခြားသော အတွင်းစည်းတပည့်များ မနှိုင်းယှဉ်နိုင်သည့် အကြောင်းပြချက်အမျိုးမျိုး ရှိနေကြသည်။
"ချန်ပီယံကတော့ ယွီဝမ်ရှင်းပဲ ဖြစ်လောက်တယ်။ တခြားသူတွေကတော့ အလှမ်းဝေးပါသေးတယ်"
"မှန်တယ်၊ ဝမ်ယိဖန်က သူ့အပေါ် အကြီးအကျယ် လောင်းကြေးထပ်ထားတာ"
"ကျုပ်တော့ အဲဒီလို မထင်ဘူး။ ဟွာရှန်းယွမ်က သာမန်လူ မဟုတ်ဘူး။ သူ့နဲ့ကျင်စဥ်တူတဲ့ လူတွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ။ သူက ယွီဝမ်ရှင်းနဲ့ ယှဉ်နိုင်လောက်တယ်"
"ကျွတ်၊ ကျွတ်... ဒီချူးယွင်ဖန်းနဲ့ ဟွာရှန်းယွမ်က ဒီနှစ်မှ ရောက်လာတဲ့ လူသစ်တွေလေ။ လူသစ်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး အစွမ်းထက်လာကြတာပဲ"
လူတိုင်း ဆွေးနွေးနေကြစဉ် ထူးချွန်တပည့်များထဲမှ လူရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာသည်။ ချူးယွင်ဖန်းက သေချာစိုက်ကြည့်လိုက်သောအခါ ဝင်ခွင့်စာမေးပွဲတွင် တွေ့ဆုံခဲ့သည့် ဖန်းယွီမှတစ်ပါး အခြားလူ မဟုတ်ကြောင်း မြင်တွေ့လိုက်ရသည်။ သို့သော် ယခင်နှင့် နှိုင်းယှဉ်ပါက ဖန်းယွီ၏ ခွန်အားသည် ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းလာသည်။ ထိုစဉ်က ဖန်းယွီသည် ဒြပ်မဲ့လေ့လာသူအဆင့်၏ အထွက်အထိပ်၌သာ ရှိခဲ့သော်လည်း ယခုအခါ သူသည် လုံးလုံးလျားလျား ခန့်မှန်း၍မရသော ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေသည်။
ဖန်းယွီသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်ရှိ ထူးချွန်တပည့်တစ်ဦးဖြစ်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ချူးယွင်ဖန်း သတိရသွားသည်။ သူသည် ယခင်က ပြင်းထန်သော ဒဏ်ရာကြောင့်သာ ကျင့်ကြံမှုအဆင့်များ ဒြပ်မဲ့လေ့လာသူအဆင့်သို့ ခေတ္တ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ယခုအခါ သူသည် သူ၏ ပုံမှန်ကျင့်စဥ်သို့ ပြန်ရောက်သွားလေသည်။
"တိတ်ကြတော့"
ဖန်းယွီ၏ အသံသည် ခေါင်းလောင်းကဲ့သို့ ကျယ်လောင်လှ၍ ကွင်းပြင်တစ်ခုလုံး ငြိမ်သက်သွားသည်။
"အတွင်းစည်းတပည့် ပြိုင်ပွဲကနေ ကြိုဆိုပါတယ်။ ဒီပြိုင်ပွဲကို တစ်နှစ်တစ်ကြိမ် ကျင်းပတာဖြစ်ပြီး ဂျူနီယာတွေရဲ့ အောင်မြင်မှုတွေကို စမ်းသပ်တာလည်း ဖြစ်တယ်။ ဒါဟာ ဂိုဏ်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပဲ။ တစ်ချိန်တည်းမှာ ကျုပ်တို့တွေ ရှေ့ဆက် လေ့ကျင့်ပေးဖို့အတွက် အထူးချွန်ဆုံးတပည့်တွေကို ရွေးချယ်တာလို့လည်း ဆိုရမယ်။ မင်းတို့သာ ထိပ်တန်း အယောက် ၅၀၀ ထဲ ဝင်မယ်ဆိုရင် ဆုတွေ ရလိမ့်မယ်။ ထိပ်တန်း အယောက် ၁၀၀ ကတော့ ဆုတွေ ပိုများမှာဖြစ်သလို၊ ထိပ်တန်း ၁၀ ယောက်ထဲ ဝင်တဲ့သူတွေကတော့ ဂိုဏ်းကနေ အထူးလေ့ကျင့်မှုတွေနဲ့ တခြားဆုတွေကို ရလိမ့်မယ်။ လူတိုင်း အဲဒါတွေကို ကြားဖူးကြမယ်လို့ ထင်ပါတယ်၊ ဒါကြောင့် အသေးစိတ်ကိုတော့ ထပ်မပြောတော့ဘူး" ဖန်းယွီက တည်ငြိမ်စွာ ပြောလိုက်သည်။
"ပြိုင်ပွဲ စတင်ဖို့ အချိန်ရောက်ပြီ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ နည်းနည်း ကွာခြားချက် ရှိလိမ့်မယ်။ ကွင်းထဲမှာ တိုကင် အခု ၅၀၀ ပေါ်လာလိမ့်မယ်။ အဲဒီထဲမှာ ၁၀ ခုက အနီရောင် တိုကင်တွေဖြစ်ပြီး ကျန်တာတွေကတော့ အဝါရောင် တိုကင်တွေ။ အနီရောင် တိုကင် ရတဲ့လူတွေက ထိပ်တန်း ၁၀ ယောက်စာရင်းထဲကို တိုက်ရိုက် ဝင်ရောက်နိုင်လိမ့်မယ်"
လူတိုင်း ဆူညံပွက်လောရိုက်သွားကြသည်။ ယခုနှစ်၏ စည်းမျဉ်းများသည် ယခင်နှစ်များနှင့် အလွန်ကွဲပြားနေသောကြောင်း ၎င်းတို့အားလုံး အံ့အားသင့်သွားကြသည်။ ယခင်ကမူ အနိုင်အရှုံးကို အဆင့်ဆင့် ဆုံးဖြတ်ပြီးမှသာ အဆုံးတွင် ထိပ်တန်း ၁၀ ယောက်ကို သတ်မှတ်ခြင်းဖြစ်သည်။ ယခုမူ လူတိုင်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ရမည့်ပုံပေါ်သည်။ အင်အားအကြီးဆုံး ပြိုင်ပွဲဝင်များသည် အနီရောင် တိုကင် ၁၀ ခုအတွက် တိုက်ခိုက်ကြမည်ဖြစ်၍ ကျန်ထောင်ပေါင်းများစွာသော ပြိုင်ပွဲဝင်များသည် အဝါရောင် တိုကင်များအတွက် တိုက်ခိုက်ကြရမည်ဖြစ်သည်။ တိုကင် မရရှိသော ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲမှ ထွက်ခွာကြရပေလိမ့်မည်။
ရှုပ်ထွေးသော တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မည်ဟု ဟွာရှန်းယွမ်က အဘယ်ကြောင့် ပြောခဲ့ရသည်ကို ချူးယွင်ဖန်း ချက်ချင်း နားလည်သွားသည်။ ၎င်းသည် ကျွမ်းကျင်မှုချင်း ယှဉ်ပြိုင်ခြင်းထက် ပို၍ မြန်ဆန်မည်ဖြစ်သော်လည်း အခက်အခဲသည် အဆပေါင်းများစွာ ပိုမို မြင့်တက်သွားမည်မှာ သေချာသည်။ အနိုင်ရရှိသူသည် အတော်ဆုံးထဲက အတော်ဆုံးတပည့်သာဖြစ်ပေလိမ့်မည်။
"တိတ်ကြ။ ပြိုင်ပွဲ စတော့မယ်"
ဖန်းယွီသည် အခြား မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ သူ၏ အကြည့်သည် မိမိထံတွင် ခေတ္တ ရပ်တန့်သွားကြောင်း ချူးယွင်ဖန်း ခံစားလိုက်ရသည်။ ပြီးနောက် အလင်းတန်းများစွာသည် ကောင်းကင်ယံသို့ ပျံသန်းထွက်ပေါ်လာသည်။ ၎င်းတို့အနက် အများစုသည် ရွှေရောင်အလင်းတန်းများဖြစ်သော်လည်း ၁၀ ခုသည် ကြက်သွေးရောင် တိုကင်များဖြစ်ကြသည်။ ထိုအခါ လူတိုင်း စတင် လှုပ်ရှားလိုက်ကြသည်။
အခန်း ၁၆၉၂ ချူးယွင်ဖန်း၏ ထိတ်လန့်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်
ယခုနှစ် အတွင်းစည်းတပည့်ပြိုင်ပွဲသည် ပုံမှန်ထက် ပိုမိုပြင်းထန်ကြောင်း လူတိုင်းသိကြသည်။ ဤသည်မှာ တစ်ဦးချင်းပြိုင်ပွဲ မဟုတ်ဘဲ လူအများတစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဆုလာဘ်များသည်လည်း ပုံမှန်ထက် ပို၍မြင့်မားပေသည်။ ကြီးမားလှသော ကွင်းပြင်ကြီးအတွင်း၌ အလင်းတန်းများ ကောင်းကင်သို့ ပျံသန်းသွားကြ၍ လွင့်စင်လာသော တိုကင်ပြားများကို လှမ်းဖမ်းနေကြသည်။ ထိုတိုကင်ပြားများသည် လေထုထဲ၌ ဝဲပျံနေကြသည်။ အတွင်းစည်းတပည့် ထောင်ပေါင်းများစွာ စတင်တိုက်ခိုက်ကြသည်နှင့် အမျိုးမျိုးသော လက်ဖဝါးရိပ်ကြီးများ ကောင်းကင်ယံသို့ ချက်ချင်းပင် ဖြတ်သန်းသွားကြသည်။
ချူးယွင်ဖန်းသည် ထိုလူများကြားတွင် တိုက်ခိုက်ရန် အလျင်မလိုသေးဘဲ ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်သည်။ သူသည် အနီရောင်တိုကင်တစ်ခုကို မြင်လိုက်ရသည့်အခါ အလင်းတန်းတစ်ခုကို စီးနင်း၍ ၎င်းထံသို့ ပျံသန်းသွားလေသည်။ တစ်ချိန်တည်းမှာပင် အခြားသော တပည့်ဒါဇင်ခန့်သည်လည်း ထိုအနီရောင်တိုကင်ရှိရာသို့ ဦးတည်နေကြသည်။ ၎င်းတို့တစ်ဦးချင်းစီသည် အလွန်အမင်း အားကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ ထိုထိတ်လန့်ဖွယ်ရာ အရှိန်အဝါများသည် ဝန်းကျင်ရှိ ရှောင်တိမ်းရန် အချိန်မမီလိုက်သော အတွင်းစည်းတပည့်များကို တွန်းထုတ်ပစ်သည့် အရောင်အဝါနယ်မြေတစ်ခု ဖြစ်ပေါ်သွားစေသည်။
ဤလူများသည် ဒြပ်မဲ့လေ့လာသူအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူများဖြစ်ကြ၍ ဤအဆင့်သို့ ရောက်ရှိနေသူများသာ အနီရောင်တိုကင်ပြားများကို လုယူဝံ့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနီရောင်တိုကင်ပြားသည် ထိပ်တန်း (၁၀) ယောက်စာရင်းကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။
"ချူးယွင်ဖန်း၊ မင်းရဲ့ ကံကောင်းမှုတွေ ဒီမှာပဲ အဆုံးသတ်ပြီ"
လူရိပ်တစ်ခု ကောင်းကင်ကို ဖြတ်သန်းလာ၍ ချူးယွင်ဖန်းကို ပိတ်ဆို့လိုက်သည်။ သူသည် ကြည့်ကောင်းသော ရုပ်ရည်အသွင်အပြင်ရှိ၍ အလယ်အလတ် ကိုယ်ခန္ဓာ အရွယ်အစားနှင့် ထက်မြက်သော အကြည့်များရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။
"ခင်ဗျားက ဘယ်သူလဲ" ချူးယွင်ဖန်းက မေးလိုက်သည်။
"ကျုပ်နာမည်က ဝမ်ကျီမင်" ချူးယွင်ဖန်းကို တားဆီးနေသည့် အမျိုးသားက ပြောလိုက်သည်။
"ကျုပ် သူငယ်ချင်း စုဟုန်ချန်းကို မင်း အလစ်တိုက်ခိုက်ပြီး ပြိုင်ပွဲမှာ မပါဝင်နိုင်အောင် လုပ်ခဲ့တယ်လို့ ကျုပ် ကြားတယ်။ သူ့အတွက် ကျုပ် တရားမျှတမှု ပြန်ရှာပေးရမယ်”
ချူးယွင်ဖန်းသည် ခေတ္တမျှ မှင်သက်သွားသည်။ ဤအမျိုးသားသည် စုဟုန်ချန်း၏ မိတ်ဆွေဖြစ်ကြောင်း သူ ချက်ချင်းပင် နားလည်လိုက်သည်။ သို့သော် စုဟုန်ချန်းသည် ဝမ်ကျီမင်ထံ အမှန်တရားကို မပြောပြခဲ့ပေ။ ချူးယွင်ဖန်းက ချောင်းမြောင်းတိုက်ခိုက်သည်ဟူသော စကားများသည် မိမိ အရှက်သိက္ခာကို ဖုံးကွယ်ရန် ဆင်ခြေပေးခဲ့ခြင်းသာဖြစ်သော်လည်း ဝမ်ကျီမင်သည် ၎င်းကို ယုံကြည်နေခဲ့သည်။
"ဝမ်ကျီမင်က ချူးယွင်ဖန်းကို ချက်ချင်း ရှာတွေ့သွားလိမ့်မယ်လို့ မထင်ထားဘူး။ စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ။ ကျင့်ကြံမှုအပိုင်းအရ ဝမ်ကျီမင်က စုဟုန်ချန်းထက် ပိုပြီးခိုင်မာတယ်။ ချူးယွင်ဖန်း သူ့ကို လွယ်လွယ်နဲ့ အနိုင်ရမှာ မဟုတ်ဘူး"
"ပိုအရေးကြီးတာက သတိမထားရင် တိုကင် (၁၀) ခုလုံး ဆုံးရှုံးသွားနိုင်တယ်။ ကျင့်ကြံမှု အမြင့်ဆုံးလူကပဲ အနီရောင်တိုကင် (၁၀) ခုကို ရလိမ့်မယ်ဆိုပြီး ဘယ်သူတပ်အပ် ပြောနိုင်မှာလဲ။ နည်းဗျူဟာနဲ့ နည်းလမ်းတွေကိုလည်း ဂရုစိုက်ရမှာ"
ပြိုင်ကွင်းအပြင်ဘက်ရှိ အတွင်းစည်းနှင့် အပြင်စည်းတပည့်များစွာသည် မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြသည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့် ပြိုင်ကွင်းထဲက ပါရမီရှင်များကဲ့သို့ မမြင့်မားသော်လည်း ၎င်းတို့တွင် နည်းဗျူဟာပိုင်းဆိုင်ရာ အမြော်အမြင်များ ရှိကြသည်။ ချူးယွင်ဖန်းသည် ယခုပြိုင်ပွဲတွင် မျက်စိအကျဆုံး တပည့်များအနက် တစ်ဦးဖြစ်သည်။ သူ၏ ခွန်အားကြောင့်သာမကဘဲ သူ၏ ထူးခြားမှုကြောင့်လည်းဖြစ်ပေသည်။ သူသည် ဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်ကပင် တပည့်အသစ်များကြားတွင် အထူးခြားဆုံးဖြစ်ခဲ့သည်။ ချူးယွင်ဖန်းသည် ရွှေအမတေပြီးပြည့်စုံအဆင့်တွင် ရှိနေစဉ် မျိုးစေ့တပည့် (၁၀) ဦးအနက် တစ်ဦးဖြစ်လာခဲ့သည်။
ပြိုင်ကွင်းအပြင်ဘက်ရှိ တပည့်သစ်များစွာသည် ဖန်သားပြင်မှတစ်ဆင့် ချူးယွင်ဖန်းကို မနာလိုစွာ စောင့်ကြည့်နေကြသည်။ သူသည် ၎င်းတို့နှင့်အတူ ဂိုဏ်းထဲသို့ တစ်ချိန်တည်း ဝင်လာခဲ့သော်လည်း ၎င်းတို့အားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန်ပင် သတ္တိမရှိချိန် ချူးယွင်ဖန်းက ပြိုင်ပွဲဝင်နိုင်ပြီဖြစ်သည်။ မျိုးစေ့တပည့်များသာလျှင် ဤပြိုင်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိသည်။ သို့သော် ချူးယွင်ဖန်းနှင့် ဟွာရှန်းယွမ်တို့မှလွဲ၍ ကျန်မျိုးစေ့တပည့်များသည် ဤအတွင်းစည်းတပည့်များအတွက် သာမန်မျှသာဖြစ်သည်။ ထိုတပည့်များအတွက် ထိပ်တန်းအယောက် (၅၀၀) စာရင်းဝင်ရန်ပင် အလွန်ခက်ခဲလှသည်။
ဤအချိန်တွင် ၎င်းတို့အားလုံး စိတ်ပျက်အားငယ်မှုများ ခံစားလိုက်ရသည်။ ၎င်းအချင်းချင်းကြားရှိ ကွာခြားချက်သည် များပြားလွန်းလှသည်။ ၎င်းတို့သည် ပါရမီရှင်များဖြစ်လျှင်ပင် ချူးယွင်ဖန်းနှင့် ဟွာရှန်းယွမ်တို့သည် ဒဏ္ဍာရီလာ မွန်းစတားများဖြစ်ကြသည်။ လူသားများအနေဖြင့် မွန်းစတားများကို မည်သို့မှ ယှဉ်နိုင်မည်နည်း။
နောက်တစ်ခဏတွင် ဝမ်ကျီမင်သည် ချူးယွင်ဖန်းကို စတင်တိုက်ခိုက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြီးမားလှသော လက်ဖဝါးကြီးတစ်ခု ကောင်းကင်ကို ဖြတ်သန်းပြီးနောက် ချူးယွင်ဖန်းအပေါ်သို့ ကြိတ်ဆုံကြီးတစ်ခုကဲ့သို့ ကျဆင်းလာသည်။ ဤလက်ဖဝါးကြီတွင် စစ်မှန်သော သိုင်းစွမ်းအင်များ ပါဝင်နေသည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ထူးခြားသော သိုင်းပညာဖြစ်သည့် မဟာကြယ်ကြွေကောင်ကင်ဖမ်းဆီးသူဖြစ်သည်။ ဤသည်မှာ ဂိုဏ်း၏ ထူးခြားသော သိုင်းပညာတစ်ခုဖြစ်၍ ဒြပ်မဲ့အဆင့်အထက် ကျင့်ကြံသူများသာ အသုံးပြုနိုင်သည်။ ၎င်း၏ စွမ်းအင်သည် ကျင့်ကြံသူ၏ ကျင့်စဥ်ပေါ်မူတည်၍ ကွဲပြားခြားနားလေ့ရှိသည်။ ဝမ်ကျီမင်၏ လက်ထဲတွင်မူ ၎င်းသည် အမှန်တကယ်ပင် အင်အားကြီးမားလှသည်။
"ဒီလှုပ်ရှားမှု တစ်ခုတည်းနဲ့တင် ဝမ်ကျီမင်ရဲ့ အစွမ်းက ဒြပ်မဲ့လေ့လာသူအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုတာ သက်သေပြနေတာပဲ"
မြင့်မြတ်လှပါသော ဒြပ်မဲ့လေ့လာသူအဆင့် လက်ရွေးစင်တပည့်များပင် ဤလှုပ်ရှားမှုကို မြင်တွေ့ရသည့်အခါ အထင်ကြီးသွားကြသည်။ သာမန်အတွင်းစည်းတပည့်များသည် ၎င်းတို့အတွက် စိတ်ဝင်စားစရာ မဟုတ်သော်လည်း ဤထိပ်တန်းလေ့လာသူများသည် ကွဲပြားခြားနားကြသည်။ ၎င်းတို့သည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်း၍ ၎င်းတို့နှင့် တန်းတူ လက်ရွေးစင်တပည့်များဖြစ်လာနိုင်သည့် အလားအလာရှိကြသည်။ ထို့ကြောင့် လူတိုင်းက အာရုံစိုက်နေကြသည်။
သို့သော်လည်း ထိုအချိန်တွင် ချူးယွင်ဖန်း၏ အရှိန်အဝါသည်လည်း အမြင့်ဆုံးသို့ မြင့်တက်လာ၍ သူ၏ လက်သီးကို ဝှေ့ယမ်းလိုက်သည်။ တခဏချင်း ချူးယွင်ဖန်း၏ နောက်ကျောဘက်၌ အသူရကာယ်တစ်ပါး ပေါ်ပေါက်လာသည်။ ၎င်းသည် ကောင်းကင်ယံရှိ လက်ဖဝါးကြီးကို ချက်ချင်း ဆွဲဖြဲပစ်ပြီးနောက် ဝမ်ကျီမင်ကို အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်သည်။
ဘန်း
ဝမ်ကျီမင်သည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ အနောက်သို့ လွင့်စဉ်သွားကာ သွေးများ အန်ထုတ်နေသည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရသွား၍ ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းအကာအကွယ်တစ်ခု ပေါ်ပေါက်လာ၍ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝန်းရံလိုက်သည်။ ဤသည်မှာ တပည့်များ အသတ်မခံရစေရန် ပြုလုပ်ပေးထားသည့် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကာကွယ်ရေး ဖွဲ့စည်းပုံဖြစ်သည်။ ၎င်းသည် တပည့်တစ်ဦး အန္တရာယ်ရှိလာသည့်အခါ အပြင်သို့ ချက်ချင်း ပို့ဆောင်ပေးမည်ဖြစ်သည်။
"သိုင်းကွက်တစ်ကွက်တည်းနဲ့လား... ဝမ်ဇီမင် တကယ် ရှုံးသွားတာလား"
ဤမြင်ကွင်းကို ကြည့်နေသူများ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ဝမ်ကျီမင်နှင့် ချူးယွင်ဖန်းတို့၏ တိုက်ပွဲသည် အလွန်ပြင်းထန်လိမ့်မည်ဟု လူတိုင်း ထင်မှတ်ထားခဲ့သည်။ ဝမ်ကျီမင်သည် ဒြပ်မဲ့လေ့လာသူ အထွတ်ထိပ်တစ်ဦးဖြစ်၍ ချူးယွင်ဖန်းသည် လူအများ အာရုံစိုက်နေသော တပည့်သစ်တစ်ဦးဖြစ်သည်။ လူအများ၏ အမြင်တွင် ၎င်းတို့နှစ်ဦးလုံး၏ ခွန်အားသည် ထူးခြားသော်လည်း ချူးယွင်ဖန်းသည် ဝမ်ကျီမင်အောက် အားနည်းမည်ဟု ယူဆခဲ့ကြသည်။ သို့သော် ဝမ်ကျီမင်သည် ချူးယွင်ဖန်း၏ သိုင်းတစ်ကွက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။
"ဒါက... ဒါက..."
လူတိုင်း ဆွံ့အသွားကြသည်။ ၎င်းတို့ သိထားသော အချက်အလက်များအရ ဝမ်ကျီမင်သည် သိုင်းပညာနှင့် ကျင့်ကြံမှုအဆင့်တွင် အသာစီးရနေသင့်သည်။
"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ လက်သီးချက်လဲ။ ဒါက ဘယ်လို လက်သီးသိုင်းပညာလဲ။ အဲဒီထဲမှာ တာအို အရိပ်အမြွက်တချို့တောင် မြင်လိုက်ရသလိုပဲ"
"ဒါက ကျုပ်တို့ဂိုဏ်းရဲ့ သိုင်းပညာနဲ့ မတူဘူး" လူများစွာသည် ထိတ်လန့်တကြား ဆွေးနွေးနေကြသည်။