အခန်း (၁၆၉၃-၁၆၉၅)
Vol. 113 Ch. 1693-1695
အခန်း (၁၆၉၃) ရိုက်ချက်နှစ်ချက်ဖြင့် ဒြပ်မဲ့လေ့လာသူ အထွတ်အထိပ်နှစ်ဦးကို အနိုင်ယူခြင်း
“သူက တော်တော်သန်မာတာပဲ။ ဒီချူးယွင်ဖန်းက ဘယ်ကနေ ဘယ်လို ပေါ်လာတာလဲ”
“ကျုပ်တို့တွေ ဝိုင်းတိုက်ခိုက်ရင်တောင် ဝမ်ကျီမင်ကို အခုလို လွယ်လွယ်ကူကူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
ထိုလက်သီးချက်၏ စွမ်းအင်သည် ဒြပ်မဲ့လေ့လာသူအဆင့် ထူးချွန်တပည့်များ၏ အာရုံကိုပင် ဖမ်းစားနိုင်ခဲ့သည်။ ဤလက်သီးချက်သည် ဒြပ်မဲ့လေ့လာသူတစ်ဦးသာ ထုတ်ဖော်နိုင်သည့် ခွန်အားမျိုးသို့ နီးကပ်နေသည်။
“ချူးယွင်ဖန်းက ဘယ်လိုများ လေ့ကျင့်ထားတာလဲ။ သူက ကျုပ်တို့နဲ့အတူ ကြယ်ကြွေကောင်းကင်ဂိုဏ်းကို ဝင်လာတာ မဟုတ်ဘူးလား။ သူ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကလည်း သန်မာခဲ့တယ်ဆိုပေမယ့် အခုလောက်အထိတော့ မဟုတ်ဘူးလေ။ အခုမှ အချိန်ဘယ်လောက် ကြာသေးလို့လဲ၊ တစ်နှစ်ခွဲပဲ ရှိသေးတာကို”
ချူးယွင်ဖန်း၏ လက်သီးချက်ကြောင့် တပည့်သစ်များ မှင်သက်သွားကြသည်။ ၎င်းတို့ကြားတွင် ဤမျှ အစွမ်းထက်သည့် ဖြစ်တည်မှုမျိုး ရှိနေလိမ့်မည်ဟု လုံးလုံးလျားလျား ထင်မထားခဲ့ကြပေ။ ဤဖြစ်စဥ်ကြောင့် တပည့်ဟောင်းများလည်း တုန်လှုပ်သွားလေသည်။ ယခုနှစ်တွင် အင်အားကြီးမားသည့် လူသစ်နှစ်ဦးရှိကြောင်း ၎င်းတို့ သိကြသော်လည်း ဤမျှသန်မာနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းတို့၏ အမြင်တွင် ဝမ်ကျီမင်၏ ကျင့်ကြံမှုသည် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ တူညီသော မျိုးဆက်တွင် သူ့ကို ယှဉ်နိုင်သူ အနည်းငယ်သာရှိသည်။ သို့သော် အဆုံးသတ်တွင် သူသည် ချူးယွင်ဖန်း၏ လက်သီးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။
ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ဤဖြစ်စဥ်ကြောင့် တပည့်သစ်များ ဂုဏ်ယူ၍ စိတ်သက်သာရာရသွားစေသည်။ ၎င်းတို့၏ ယခင်က စိတ်ဓာတ်ကျနေသည့် အငွေ့အသက်များကို ဖယ်ထုတ်နိုင်သွားလေသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ပြိုင်ဆိုင်မှုများ နေရာအနှံ့တွင် တည်ရှိနေသည်။ တပည့်ဟောင်းအချင်းချင်း၊ တပည့်သစ်အချင်းချင်းနှင့် တပည့်ဟောင်းနှင့် တပည့်သစ်ကြား၌ပင် ပြိုင်ဆိုင်မှုများရှိနေသည်။ တပည့်ဟောင်းများသည် ၎င်းတို့၏ ကျင့်ကြံမှုကို အားကိုးကြ၍ တပည့်သစ်များကို နှိပ်စက်လေ့ရှိကြသည်။ သို့သော် တပည့်သစ်များကြားတွင် ၎င်းတို့ကို ခေါင်းဆောင်နိုင်သူတစ်ဦးပင် မရှိခဲ့ပေ။ ယခုအခါ ချူးယွင်ဖန်းသည် အလွန်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအင်ကို ပြသလိုက်သဖြင့် ဤတပည့်သစ်များ ဂုဏ်ယူဝင့်ကြွားလာကြသည်။
ချူးယွင်ဖန်းသည် ဝမ်ကျီမင်ကို လက်သီးတစ်ချက်တည်းဖြင့် တိုက်ထုတ်ပြီးနောက် အနီရောင်တိုကင်ရှိရာသို့ ချက်ချင်း ပျံသန်းသွားလေသည်။ သူသည် ခဏတာ နှောင့်နှေးသွားခဲ့သော်လည်း အချိန်မီ ရောက်ရှိသွားခဲ့သည်။ အကြောင်းမှာ အနီရောင်တိုကင်ကို လုယူနေကြသည့် တပည့် တစ်ဒါဇင်ခန့်သည် တစ်ဦးကိုတစ်ဦး ထိန်းချုပ်နေကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ အနီရောင်တိုကင်ကို အောင်မြင်စွာ မလုယူနိုင်သေးပေ။
ချူးယွင်ဖန်း ရောက်ရှိလာသည့် အခိုက်အတန့်တွင် ၎င်းတို့အနက် နှစ်ဦးသည် ချက်ချင်း လှည့်လာ၍ သူ့ကို တိုက်ခိုက်ကြသည်။ ၎င်းတို့သည် စွမ်းအင်လှိုင်းနှစ်ခုအဖြစ် ပြောင်းလဲသွား၍ ချူးယွင်ဖန်းထံ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ သို့သော် ချူးယွင်ဖန်းသည် ထိုသူနှစ်ဦးကို ကြည့်ပင်မကြည့်ခဲ့ပေ။ သူသည် လက်ကိုဝှေ့ယမ်း၍ စွမ်းအင်လှိုင်းနှစ်ခုကို သူ၏အိတ်ထဲသို့ ထည့်လိုက်သောအခါ ထိုစွမ်းအင်များ ချက်ချင်းပင် အစအနမကျန်သည်အထိ ပျောက်ကွယ်သွားခဲ့သည်။
တိုက်ခိုက်ခဲ့သည့် တပည့်နှစ်ဦးသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ အဆုံးတွင် ၎င်းတို့သည် ဒြပ်မဲ့လေ့လာသူ အထွတ်အထိပ် ကျင့်ကြံသူများဖြစ်ကြ၍ တစ်ဦးအကြောင်းတစ်ဦး ကောင်းစွာ သိကြသည်။ ၎င်းတို့နှစ်ဦး ပူးပေါင်းလိုက်လျှင် ဒြပ်မဲ့လေ့လာသူတစ်ဦးကိုပင် ရင်ဆိုင်ရဲကြသည်။ ယခုအခါ ၎င်းတို့နှစ်ဦး တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သော်လည်း ချူးယွင်ဖန်းကို အနည်းငယ်မျှ မထိခိုက်နိုင်ခဲ့ပေ။ ပြီးနောက် ချူးယွင်ဖန်း၏ အကြည့်သည် ၎င်းတို့နှစ်ဦးထံ ကျရောက်လာသည်။
“မကောင်းတော့ဘူး”
၎င်းတို့သည် ရှေးဟောင်းကမ္ဘာ၏ ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင် စိုက်ကြည့်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခံစားချက်သည် ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များကို ထောင်မတ်လာစေသည်။ ၎င်းတို့နှစ်ဦးလုံးသည် ဒြပ်မဲ့လေ့လာသူ အထွတ်အထိပ်များဖြစ်ကြသဖြင့် ၎င်းတို့၏ ပထမဆုံး အာရုံခံစားမှုကို အလွန်ယုံကြည်ကြသည်။
၎င်းတို့သည် လှည့်၍ ထွက်ပြေးရန် ကြိုးစားသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ထံ ရောက်ရှိလာပြီဖြစ်သည်။ သူသည် ရွှေရောင်ငှက်ကြီးတစ်ကောင်ကဲ့သို့ ၎င်းတို့ထံသို့ ပျံသန်းလာသည်။ သူ၏ အရှိန်သည် နှေးကွေးသည်ဟု ထင်မှတ်ရသော်လည်း လှုပ်ရှားလိုက်သည့်အခါ လျှပ်စီးကဲ့သို့ မြန်ဆန်နေသောကြောင့် လွင့်ပျံနေသော အရိပ်တစ်ခုကဲ့သို့ပင် ထင်မှတ်ရစေသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထိုတပည့်နှစ်ဦးထံ သက်ရောက်လာသည်။
၎င်းတို့နှစ်ဦးမှလွဲလျှင် အခြားမည်သူမျှ ဤကြောက်မက်ဖွယ် ဖိအားကို မခံစားခဲ့ရပေ။ ချူးယွင်ဖန်း၏ အရှိန်အဝါအပေါ် ထိန်းချုပ်နိုင်စွမ်းသည် ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အရှိန်အဝါသည် သူ သတ်မှတ်ထားသော အတိုင်းအတာအတွင်း၌သာ ထွက်ပေါ်လာ၍ အပြင်သို့ အနည်းငယ်မျှပင် ပြန့်လွင့်သွားခြင်း မရှိပေ။ တပည့်နှစ်ဦးသည် အနောက်သို့ ဆုတ်ခွာလိုကြသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို အခွင့်အရေး မပေးခဲ့ပေ။ ထိုအခါ တပည့်နှစ်ဦးသည် ချူးယွင်ဖန်းကို ချက်ချင်းပင် ပြန်လည်တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့သည် အဆုံးတွင် ဒြပ်မဲ့လေ့လာသူ အထွတ်အထိပ် ကျင့်ကြံသူများဖြစ်ကြသဖြင့် ရိုးရှင်းသူများ မဟုတ်ကြပေ။ ဤအခြေအနေသို့ ရောက်ရှိလာသည့်အခါ ၎င်းတို့သည် စိတ်ကိုတင်း၍ ချူးယွင်ဖန်းကို တန်ပြန်တိုက်ခိုက်လိုက်ကြသည်။
တပည့်နှစ်ဦးသည် ဓားများကို ဝှေ့ယမ်း၍ ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော ဓားအလင်းတန်းနှစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။ ထိုဓားအလင်းတန်းများသည် အသံထက်မြန်ဆန်သော အရှိန်အဝါဖြင့် ချူးယွင်ဖန်းကို လွှမ်းခြုံသွားလေသည်။ သို့သော် ချူးယွင်ဖန်းသည် လှည့်မကြည့်ဘဲ လက်ဖြင့် ဓားအလင်းတန်းနှစ်ခုကို ဖမ်းဆွဲလိုက်ကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။
‘သူ ရူးနေတာလား။ ငါတို့ရဲ့ ဓားအလင်းတန်းတွေကို လက်ဗလာနဲ့ ဖမ်းနိုင်မယ်လို့ တကယ် ထင်နေတာလား’ တပည့်နှစ်ဦးက တွေးလိုက်ကြသည်။
သို့သော် ၎င်းတို့တွင် ဆက်လက်တွေးတောရန် အချိန်မရှိခဲ့ပေ။ ၎င်းတို့၏ ဓားအလင်းတန်းများ အရွယ်အစား ကြီးမားလာ၍ ချူးယွင်ဖန်းကို ပိုင်းဖြတ်ရန် ဟန်ပြင်လိုက်သည်။ မျှော်လင့်မထားဘဲ ချူးယွင်ဖန်းသည် ၎င်းတို့၏ ဓားအလင်းတန်းများကို လက်နောက်ပြန် ဖမ်းဆွဲပြီးနောက် ထိုဓားအလင်းတန်းများတွင် ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှု ရှိနေသကဲ့သို့ ချေမှုန်းပစ်လိုက်သည်။
ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်နှင့် မိုးကြိုးကိုယ်ခန္ဓာတို့၏ ကြောက်မက်ဖွယ် စွမ်းအင်များကို ယခုအချိန်တွင် အမှန်တကယ် ပြသလာသည်။ ဟွာရှန်းယွမ်တွင် မည်မျှ ထူးခြားသော ခန္ဓာကိုယ်ရှိသည်ကို ချူးယွင်ဖန်း မသိသော်လည်း မိမိနှင့် နှိုင်းယှဉ်လိုက်လျှင် မည်သည့် ထူးခြားသော ခန္ဓာကိုယ်မျိုးမဆို အသုံးဝင်မည် မဟုတ်ပေ။
မိုးကြိုးကိုယ်ခန္ဓာသည် မိုးကြိုးနှင့် လျှပ်စီးများကို ထိန်းချုပ်နိုင်သည့် မွေးရာပါ စွမ်းရည်ရှိ၍ မိုးကြိုးအပေါ် ခုခံနိုင်စွမ်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို ဆေးဧကရာဇ်ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မဟာတာအိုဆီ တိုက်ရိုက်ဦးဆောင်ပေးသည့် ခန္ဓာကိုယ် တည်ဆောက်မှု နည်းပညာတစ်ခုဖြစ်သည်။ ၎င်းသည် မရီးဒျန်အဆင့်မှ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ပြောင်းလဲသွားသည့်အတွက် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် အသန်မာဆုံးသော ခန္ဓာကိုယ် ကျင့်စဥ်များနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။
‘ဒါက ဘယ်လို ဖြစ်နိုင်လဲ’
တပည့်နှစ်ဦး၏ စိတ်ထဲတွင် စကားစုတစ်စု ပေါ်ပေါက်လာသည်။
‘ပြိုင်ဘက်ကင်း ခန္ဓာကိုယ်’
ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ ကျင့်ကြံထားသောအခါ ခေါ်ဝေါ်သည့် ဝေါဟာရဖြစ်သည်။ ၎င်းသည် ဒြပ်မဲ့အဆင့်တွင် တည်ရှိနိုင်မည် မဟုတ်ပေ။ ၎င်းတို့၏ နှလုံးအိမ်များ တုန်လှုပ်သွားသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့အရှေ့သို့ ရောက်ရှိလာ၍ လက်ဖဝါးဖြင့် နှစ်ချက်ရိုက်ချလာသည်။
ဘန်း
ဘန်း
အလွန်ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခုနှင့်အတူ ၎င်းတို့နှစ်ဦး ကြိုးပြတ်သွားသော စွန်များကဲ့သို့ လွင့်ထွက်သွားကြသည်။ သွေးများ နေရာအနှံ့သို့ လွင့်စင်သွား၍ လေထုထဲ၌ပင် ပျက်သုဥ်းတော့မည့်ဟန်ရှိသည်။ ပြီးနောက် ၎င်းတို့သည် အလင်းတန်းနှစ်ခု၏ ခေါ်ဆောင်မှုဖြင့် ပြိုင်ကွင်းအတွင်းမှ ထွက်ခွာသွားကြသည်။
ရိုက်ချက် နှစ်ချက်ဖြင့် ဒြပ်မဲ့လေ့လာသူ အထွတ်အထိပ် ကျင့်ကြံသူနှစ်ဦးကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်းသည် မည်မျှတုန်လှုပ်ဖွယ်ကောင်းသနည်း။ ချူးယွင်ဖန်း၏ ကြမ်းတမ်းလှသော တိုက်ခိုက်ရေးစွမ်းရည် လူသားပုံသဏ္ဌာန်ရှိ ရှေးဟောင်းကမ္ဘာ၏ ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ကဲ့သို့ ထင်မှတ်ရစေသည့်အတွက် တိုက်ပွဲကို ကြည့်ရှုနေသည့် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏တပည့်များ လုံးလုံးလျားလျား မှင်သက်သွားကြသည်။ ယခုအချိန်တွင် သူ၏ တိုက်ခိုက်ရေး စွမ်းအင်သည် အမှန်တကယ်ပင် အံ့အားသင့်ဖွယ် အဆင့်သို့ ရောက်ရှိနေကြောင်း ၎င်းတို့အားလုံး အတည်ပြုနိုင်ခဲ့ကြသည်။
အခန်း (၁၆၉၄) ချူးယွင်ဖန်း၏ တုန်လှုပ်ဖွယ်ရာ စွမ်းပကား
"ချူးယွင်ဖန်းက သန်မာလိုက်တာ"
"သူက ဒြပ်မဲ့အဆင့်မှာပဲ ရှိသေးတာမဟုတ်ဘူးလား ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ"
"တကယ့်ကို ကြောက်စရာကောင်းတာပဲ။ လူ့အသွင်ဆောင်ထားတဲ့ သားရဲကြီးတစ်ကောင်အတိုင်းပဲ"
"သူ့ကို ဘယ်သူမှ မတားနိုင်လောက်ဘူး"
ပွဲကြည့်စင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အချင်းချင်း ရူးသွပ်စွာ တိုက်ခိုက်နေကြသော ပြိုင်းကွင်းအတွင်းရှိ ပြိုင်ပွဲဝင်တိုင်း ချူးယွင်ဖန်း၏ ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်များကြောင့် ထိတ်လန့်သွားကြသည်။ အထူးသဖြင့် အနီရောင်တိုကင်ပြားဆီ ပျံသန်းနေကြသော ထိပ်တန်းကျင့်ကြံသူ တစ်ဒါဇင်ခန့်သည် ချက်ချင်း ရပ်တန့်သွားကာ သူ့ကို သတိကြီးစွာ ကြည့်လိုက်ကြသည်။
ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်သည် လူတိုင်းကို မှင်သက်သွားစေသောကြောင့် လူတိုင်းသည် သူ့ကို အဓိကရန်သူအဖြစ် ချက်ချင်း သတ်မှတ်လိုက်ကြသည်။ အကယ်၍ ယခင်က ၎င်းတို့ကြားရှိ ပြိုင်ပွဲသည် မျှတနေခဲ့လျှင် ချူးယွင်ဖန်းသည် သမိုင်းမတင်မီခေတ်က သားရဲကြီးတစ်ကောင်ကဲ့သို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ဤဖြစ်စဥ်သည် ၎င်းတို့၏ဟန်ချက်ညီမှုကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ ထို့ကြောင့် လူတိုင်း ချူးယွင်ဖန်းကို ဘုံရန်သူအဖြစ် သတ်မှတ်လိုက်ကြသည်။
"တိုက်ကြစို့" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်နှင့် ထိုထိပ်တန်းကျင့်ကြံသူများအားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့၏ ပစ်မှတ်သည် ချူးယွင်ဖန်းဖြစ်၏။
ဘုံး
ခဏအတွင်းပင် ကောင်းကင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ဒြပ်မဲ့လေ့လာသူအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူ တစ်ဒါဇင်ခန့် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်းဖြစ်သည့်အတွက် ကြောက်မက်ဖွယ် သိုင်းကွက်မျိုးစုံသည် ချူးယွင်ဖန်းထံ အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။ အခြားသော အတွင်းစည်းတပည့်များသည် ထိုတိုက်ခိုက်မှုများကို ရှောင်တိမ်းနေကြသည်။ ၎င်းတို့သည် ဤလူများနှင့် ယှဉ်ပြိုင်ရန် မဝံ့ရဲကြပေ။ ၎င်းတို့သည်လည်း အတွင်းစည်းတပည့်များဖြစ်သော်လည်း ဤကျင့်ကြံသူများ၏ စွမ်းအင်သည် ၎င်းတို့ကို နှိမ်နင်းရန် လုံလောက်ပေသည်။ ဤကျင့်ကြံသူများအနက် တစ်ဦးချင်းစီတွင် ၎င်းတို့ကို အပိုင်းပိုင်းဖြစ်သည်အထိ ချေမှုန်းနိုင်သော စွမ်းရည်များရှိကြသည်။ ဤသို့ အင်အားကြီးမားသူများသာလျှင် နောက်ဆုံးကျန်ရှိမည့် နေရာဆယ်ခုအတွက် ယှဉ်ပြိုင်ရန် အရည်အချင်းရှိကြသည်။
"ဟားဟားဟား၊ အားလုံးကို ကြိုဆိုပါတယ်"
ချူးယွင်ဖန်းသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ လူအုပ်ထဲသို့ ခုန်ဝင်သွားကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
"အံ့ဖွယ်လက်သီးရှစ်ချက်"
ကမ္ဘာလောကတစ်ခုလုံး တုန်လှုပ်သွားဟန်ရှိသည်။ ကြီးမားသော ပုံရိပ်ကြီးရှစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၍ အရပ်မျက်နှာအနှံ့သို့ စတင်တိုက်ခိုက်လေသည်။ ချူးယွင်ဖန်းသည် တစ်ဖက်မှ ကျင့်ကြံသူတစ်ဒါဇင်နှင့် ရင်ဆိုင်ရာတွင် အနည်းငယ်မျှ စိုးရွံ့ကြောက်ရွံ့ခြင်းမရှိဘဲ တိုက်ခိုက်လိုက်သည်။
ဘုံး
ပြင်းထန်သော ပေါက်ကွဲမှုများအပြီးတွင် ချူးယွင်ဖန်းသည် ဝိုင်းရံတိုက်ခိုက်မှုကြားတွင် မတုန်မလှုပ် မတ်တပ်ရပ်နေဆဲဖြစ်ကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ဒြပ်မဲ့လေ့လာသူအဆင့် ပြိုင်ပွဲဝင်များသည် ကြောက်မက်ဖွယ် စွမ်းအင်များ ထုတ်ဖော်ခဲ့ကြသည်။ ဧရာမလှိုင်းလုံးကြီးများကဲ့သို့ ထိုစွမ်းအင်များ ဝိုင်းပတ်စီးဆင်းနေသော်လည်း ချူးယွင်ဖန်းသည် ပင်လယ်ထဲရှိ ကျောက်ဆောင်တစ်ခုကဲ့သို့ မားမတ်စွာ ရပ်တည်နေသည်။ ဒီရေများ မည်မျှပြင်းထန်စွာ ရိုက်ခတ်နေပါစေ သူ့ကို မတုန်လှုပ်နိုင်ခဲ့ပေ။
သူသည် တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့နိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ အရှိန်အဝါသည် လျော့ပါးမသွားသည့်အပြင် တိုက်ခိုက်လေ ပို၍ သန်မာလာခဲ့သည်။ ဒြပ်မဲ့ကျွမ်းကျင်အဆင့် အထူးချွန်ဆုံး တပည့်များပင် ဤကြောက်မက်ဖွယ် မြင်ကွင်းကို မျက်လုံးများ ပြူးကျယ်စွာ စိုက်ကြည့်နေမိသည်။ ၎င်းတို့ကိုယ်တိုင်ပင် ဒြပ်မဲ့လေ့လာသူအဆင့် တစ်ဒါဇင်ကျော်၏ တိုက်ခိုက်မှုကို လျစ်လျူရှုရန် မဖြစ်နိုင်ပေ။
ပြိုင်ကွင်း၏ ထောင့်တစ်နေရာတွင် သိုင်းပညာပေါင်းစုံနှင့် နတ်စွမ်းအင်များ ကောင်းကင်အနှံ့သို့ ပျံနှံ့နေကာ မှော်လက်နက်မျိုးစုံမှ ထွက်ပေါ်လာသော အလင်းတန်းများလည်း ပျံဝဲနေသည်။ ပြီးနောက် ချူးယွင်ဖန်း မည်မျှ ကြောက်စရာကောင်းသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ သူသည် ထိုမှော်လက်နက်များကို လက်ဗလာဖြင့် ရင်ဆိုင်နေခြင်းဖြစ်၍ ထိုမှော်လက်နက်များကို လက်ဗလာဖြင့် ပေါ့လျော့စွာ ရိုက်ထုတ်နိုင်ခဲ့သည်။
ဤဖြစ်စဥ်သည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။ အခြားသူများသည် တိုက်ခိုက်ရာတွင် ရန်သူ၏မှော်လက်နက်များကို တုံ့ပြန်ရန်အတွက် ၎င်းတို့၏ကိုယ်ပိုင်မှော်လက်နက်များကို အားကိုးလေ့ရှိသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကဲ့သို့ လက်ဗလာဖြင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် အမှန်တကယ် သန်မာလွန်းလှသည်။ ၎င်းတို့သည် ဤမျှကြမ်းတမ်းသော တိုက်ခိုက်မှုမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဘန်း
ဘန်း
ဘန်း
မှော်လက်နက်မျိုးစုံသည် ချူးယွင်ဖန်း၏ ရိုက်ထုတ်မှုကြောင့် လွင့်ထွက်သွားပြီးနောက် အက်ကွဲသွားကြသဖြင့် ထိုဒြပ်မဲ့လေ့လာသူအဆင့် အထွတ်အထိပ်သို့ ရောက်နေသော အတွင်းစည်းတပည့်များ နာကျင်စွာ ညီးညူနေကြသည်။ ၎င်းတို့သည် ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် ချူးယွင်ဖန်းကို ကြည့်လိုက်ကြသည်။ ထိုအချိန်မှသာ ချူးယွင်ဖန်းသည် မွန်းစတားတစ်ကောင်ဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်သွားကြသည်။
‘သူက လူရော ဟုတ်ရဲ့လား’
မှော်လက်နက်များကို ကိုယ်ခန္ဓာဖြင့် ခုခံရုံတင်မကဘဲ မှော်လက်နက်များကို ပျက်စီးသွားသည်အထိ ပြုလုပ်နိုင်သူမျိုးကို ၎င်းတို့ တစ်ခါမှ မမြင်တွေ့ဖူးပေ။ ဤသည်မှာ အံ့ဖွယ်ဖြစ်စဥ်ဖြစ်ပေသည်။ ဤမှော်လက်နက် တစ်ခုစီတွင် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဝိညာဥ်များရှိကြသည်။ ထို့အပြင် ဤကျင့်ကြံသူများသည် ထိုလက်နက်များကို သန့်စင်ရန် အလွန်အားစိုက်ထုတ်ခဲ့ရသည်။ အနည်းငယ် ပွန်းပဲ့သွားခြင်းဖြင့်ပင် ၎င်းတို့ကို အလွန်အမင်း နာကျင်စေသည်။
သို့သော်လည်း ၎င်းတို့သည် ဤအဆင့်အထိ ရောက်လာခဲ့ပြီဖြစ်သည့်အတွက် တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ သို့သော် ၎င်းတို့ မတုံ့ပြန်နိုင်မီတွင် ၎င်းတို့အားလုံးကို တိုက်ခိုက်နေသည့် ပုံရိပ်များ ပျောက်ကွယ်သွားသည်။ ချူးယွင်ဖန်းသည် ခရမ်းရောင် အလင်းတန်းတစ်ခုနှင့်အတူ ပျောက်ကွယ်သွားပြီးနောက် နောက်တစ်စက္ကန့်တွင် ပြိုင်ပွဲဝင်တစ်ဦး၏ အရှေ့တွင် ပြန်လည်ပေါ်ပေါက်လာသည်။
ဘုံး
ထိုအတွင်းစည်းတပည့်သည် လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားလေသည်။ ထိုတပည့်သည် သွေးတစ်ပွက် အန်ထွက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပြိုင်းကွင်းအတွင်းမှ ပျောက်ကွယ်သွားသည်။ ပွဲကြည့်ပရိသတ်များအားလုံး အသက်ရှူပင် မှားသွားကြသည်။ ချူးယွင်ဖန်းသည် ထိုတပည့်ကို လက်သီးတစ်ချက်တည်းနှင့် လွင့်ထွက်သွားသည်အထိ တိုက်ခိုက်ပြီးနောက် ခေတ္တမျှ ရပ်တန့်မနေခဲ့ပေ။ ချူးယွင်ဖန်းသည် တောင်တန်းချုပ်နှောင်ချိပ်စည်းကို ပစ်လွှတ်လိုက်ရာ ကြီးမားလှသော ပုံရိပ်ယောင် ထိုက်တောင်ကြီးသည် တပည့်နှစ်ဦးအပေါ်သို့ ပြုတ်ကျလာသည်။
ဘုံး
ဘုံး
မိုးချိန်းသံကဲ့သို့ ပေါက်ကွဲသံနှစ်သံ ထွက်ပေါ်လာပြီးနောက် ထိုတပည့်နှစ်ဦးသည်လည်း လွင့်ထွက်သွားကာ အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲပျောက်ကွယ်သွားပြန်သည်။ ဒြပ်မဲ့လေ့လာသူအဆင့် အထွတ်အထိပ်ရှိ နောက်ထပ်အတွင်းစည်းတပည့်နှစ်ဦး ပြိုင်ပွဲမှ ထွက်ခွာသွားရပြန်သည်။
ပြီးနောက် ချူးယွင်ဖန်းသည် တောင်ပေါ်မှ ဆင်းလာသည့် ရက်စက်သော ကျားတစ်ကောင်ကဲ့သို့ ပြိုင်ပွဲဝင်တပည့်များကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။ အစဉ်အမြဲ မြင့်မြတ်လှပါသည်ဟူသော ဤတပည့်များသည် ချူးယွင်ဖန်း၏ သိုင်းကွက် တစ်ကွက်ကိုပင် မခုခံနိုင်ကြချေ။ ၎င်းတို့သည်အားလုံးသည် သိုင်းကွက် တစ်ကွက်တည်းဖြင့် လွင့်ထွက်သွားကြရာ ခဏအတွင်း ထိပ်တန်းဆယ်ဦး နေရာအတွက် ယှဉ်ပြိုင်နေသည့် ဒါဇင်ခန့်သော တပည့်အားလုံး ရှင်းထုတ်ခံလိုက်ရသည်။
ခဏအတွင်း ပြိုင်ကွင်းတစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားသည်။ လူတိုင်း ဆွံ့အမှင်သက်နေကြသည်။ ချူးယွင်ဖန်းသည် အမှန်တကယ် ကြမ်းတမ်း၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဒြပ်မဲ့လေ့လာသူအဆင့် အထွတ်အထိပ်ရှိ အတွင်းစည်းတပည့် တစ်ဒါဇင်ကျော်သည် ချူးယွင်ဖန်းကို တားဆီးရန် သို့မဟုတ် ဒဏ်ရာရအောင် ပြုလုပ်နိုင်စွမ်းပင် မရှိခဲ့ပေ။ ချူးယွင်ဖန်းနှင့် ဤတပည့်များ၏ ကျင့်စဥ်များ အလွန်ကွာခြားနေခြင်းကို အတုံးအဆုံးလူပင် မြင်တွေ့နိုင်သည်။
"သူက တော်တော်သန်မာတာပဲ… သူ ဒြပ်မဲ့ကျွမ်းကျင်အဆင့်ကို ရောက်နေပြီလား"
အခန်း (၁၆၉၅) ပြိုင်ဘက်ကင်းသူ
တစ်စုံတစ်ယောက်သည် တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ လူတိုင်း ဆွံ့အစွာ ငေးငိုင်နေကြသည်။ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်း၏ အံ့မခန်း တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ကြောက်လန့်တုန်လှုပ်နေကြသည်။ ဒြပ်မဲ့လေ့လာသူအဆင့်တွင် ချူးယွင်ဖန်းနှင့် ယှဥ်ပြိုင်နိုင်မည့် ပြိုင်ဘက်မရှိတော့ပေ။ ဤအချက်သည် လူတိုင်းကို တုန်လှုပ်သွားစေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပေ။ အင်အားကြီးမားသော အရှင်သခင်ဟူသည် အဘယ်နည်း။ ဤသည်မှာ အင်အားကြီးမားသော အရှင်သခင်ဖြစ်ပေသည်။
ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်ကြောင့် အထူးချွန်ဆုံးတပည့်များ မျက်မှောင်ကြုတ်သွားကြသည်။ ၎င်းတို့ကိုယ်တိုင်ပင် ချူးယွင်ဖန်းကဲ့သို့ မလုပ်ဆောင်နိုင်ကြချေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းတို့သာ ထိုနေရာတွင် ရှိနေခဲ့ပါက ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကြောင့် ကျရှုံးရပေလိမ့်မည်။ အခြားရလဒ်ဟူ၍ ရှိနိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် အလွန်အမင်း သန်မာလွန်းလှသည်။ ၎င်းတို့အားလုံးသည် အားနည်းနေခြင်း မဟုတ်ဘဲ ချူးယွင်ဖန်းသည် မွန်းစတားတစ်ကောင်ဖြစ်နေခြင်းဖြစ်သည်။
"သူ ဒြပ်မဲ့လေ့လာသူအဆင့်ကို မရောက်သေးဘူး မဟုတ်လား။ ဒါတောင် အခုကတည်းက ဒီလောက်တောင် ကြောက်စရာကောင်းနေရင် အဆင့်ဖြတ်ကျော်သွားရင် ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းလိုက်မလဲ" ထူးချွန်တပည့်တစ်ဦးက တုန်လှုပ်စွာ ပြောလိုက်သည်။ သူသည် ဖြစ်ပျက်သွားသော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို ယခုထိ မယုံကြည်နိုင်သေးပေ။
"အတွင်းစည်းတပည့်တွေထဲ ဒီလိုအရှင်သခင်အဆင့် ပုဂ္ဂိုလ်မျိုး မပေါ်ထွက်လာတာ ဘယ်လောက်တောင် ကြာပြီလဲ။ ဒီလိုလူမျိုးသာ လမ်းခုလတ်မှာ ရုတ်တရက် မသေသွားခဲ့ရင် သေချာပေါက် တပည့်အရင်းအဖြစ် ချီးမြှောက်ခံရလိမ့်မယ်"
"သူက တပည့်အရင်းဖြစ်လာရုံနဲ့ ရပ်သွားမှာမဟုတ်ဘူး။ အခုတောင် သူ ဒြပ်မဲ့လေ့လာသူအဆင့်ကို မရောက်သေးဘူး။ သူသာ တပည့်အရင်းဖြစ်လာရင် ချက်ချင်း တပည့်အရင်းတွေထဲမှာ ထူးချွန်ထင်ရှားသူ ဖြစ်လာလိမ့်မယ်။ သာမန်လူတွေတောင် နှိုင်းယှဉ်လို့မရတဲ့ ကျွမ်းကျင်သူဖြစ်လာမှာ"
ထူးချွန်တပည့်များ အံ့အားသင့်နေကြသည်။ ချူးယွင်ဖန်းသည် မကြာမီ ၎င်းတို့နှင့် ရင်ဘောင်တန်းနိုင်လိမ့်မည်ဟု ၎င်းတို့၏ ပင်ကိုယ်သိစိတ်က ပြောနေသည်။ သူသည် ဤပြိုင်ပွဲ၏ အနိုင်ရရှိသူ ဧကန်မုချ ဖြစ်လာပေလိမ့်မည်။ ၎င်းတို့နှင့် တစ်တန်းတည်း ရပ်တည်နိုင်ရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။ ချန်ပီယံမဖြစ်ခဲ့လျှင်ပင် သူ၏ စွမ်းဆောင်ရည်အရ ၎င်းတို့နှင့် တန်းတူအဆင့်တွင် တည်ရှိရန် ပြဿနာမရှိနိုင်ပေ။
မည်သို့ပင် ကြည့်ရှုစေကာမူ ဒြပ်မဲ့အဆင့်မှ ဒြပ်မဲ့လေ့လာသူအဆင့်သို့ တက်လှမ်းခြင်းသည် ဒြပ်မဲ့လေ့လာသူအဆင့်မှ ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းခြင်းထက် များစွာ ပို၍လွယ်ကူပေသည်။ ကျင့်ကြံခြင်းလမ်းစဉ်သည် မြင့်မားလာလေ ပိုမိုကျဉ်းမြောင်း ခက်ခဲလာလေဖြစ်သည်။ ဤသည်မှာ မပြောင်းလဲသော နိယာမတစ်ခုဖြစ်သည်။ ပြိုင်ကွင်းပြင်ပရှိ အတွင်းတပည့်များနှင့် အပြင်စည်းတပည့်များ ဆွံ့အသွားကြသည်။ တပည့်သစ်တစ်ယောက်သည် ဤမျှသန်မာနိုင်လိမ့်မည်ဟု ၎င်းတို့ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ အထူးသဖြင့် ချူးယွင်ဖန်းနှင့်အတူ မျိုးစေ့တပည့်များဖြစ်လာခဲ့ကြသည့် တပည့်သစ်များသည် ယခုအချိန်တွင် ခံစားချက်မျိုးစုံ ခံစားနေရသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို အဆင့်တစ်ခုမျှဖြင့် ဖြတ်ကျော်သွားခြင်း မဟုတ်ဘဲ ၎င်းတို့သည် သူ၏ နောက်မီးကိုပင် မမြင်နိုင်တော့ပေ။
"ကျုပ်တို့ထဲမှာ ဒီလို မွန်းစတားတစ်ယောက် ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ကျုပ်တို့အသုတ်ထဲကနေ တပည့်အရင်းတစ်ယောက် ပေါ်ထွက်လာတော့မှာပဲ"
တပည့်သစ်များ ဤအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် သုံးနှစ်တစ်ကြိမ် တပည့်သစ်များ ခေါ်ယူသော်လည်း အသုတ်တိုင်းမှ အစစ်အမှန်တပည့်တစ်ဦး ပေါ်ထွက်လာရန် မသေချာပေ။ အမှန်တကယ်တွင် နှစ်သုတ် သို့မဟုတ် သုံးသုတ်ခန့်မှ အစစ်အမှန်တပည့်တစ်ဦးသာ ပေါ်ထွက်လေ့ရှိသည်။
၎င်းတို့အသုတ်မှ အစစ်အမှန်တပည့်တစ်ဦး ပေါ်ထွက်လာပါက ဤတပည့်များအတွက် ဂုဏ်ယူစရာဖြစ်ပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်းသည် ၎င်းတို့အုပ်စု၏ ကျောရိုးတစ်ခုဖြစ်လာပေလိမ့်မည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင်ဖြစ်စေကာမူ အုပ်စုဖွဲ့၍ စုပေါင်းနေထိုင်ခြင်းသည် လူသားတို့၏ ပင်ကိုယ်ဗီဇဖြစ်သည်။ ဤအချိန်တွင် ချူးယွင်ဖန်းက အနီရောင်တိုကင်ကို ဆုပ်ကိုင်၍ လေထုထဲသို့ မြှောက်ပြလိုက်သည်။ မည်သူမျှ ၎င်းကို လုယူရန် မဝံ့ရဲကြချေ။
အခြားနေရာများတွင်မူ ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ အဝါရောင်တိုကင်တစ်ခုအတွက် လူငါးဦး ခြောက်ဦးခန့်ပင် တိုက်ခိုက်နေကြသည်။ အခြေအနေသည် အလွန်အမင်း အန္တရာယ်များလှသည်။ ချူးယွင်ဖန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ယုချူးယွမ်ကို တွေ့ရှိသွားသည်။ သူသည် အခြားအသော တွင်းစည်းတပည့်အများအပြားနှင့် အဝါရောင်တိုကင်တစ်ခုကို တိုက်ခိုက်နေသည်။ ဤလူများအနက် ယုချူးယွမ်၏ ကျင့်ကြံမှုသည် အားအနည်းဆုံးဖြစ်သည်။ ထို့ကြောင့် ယုချူးယွမ်သည် သွေးအန်လုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။ အခြားသူများသည် အားအနည်းဆုံးဖြစ်သော ယုချူးယွမ်ကို ဦးစွာ ဖယ်ရှားရန် ကြိုးပမ်းနေကြသည်။ ၎င်းတို့အားလုံးသည် နှောင်းပိုင်း ဒြပ်မဲ့လေ့လာသူအဆင့် ကျင့်ကြံသူများဖြစ်ကြသော်လည်း ယုချူးယွမ်သည် ဤအဆင့်သို့ ရောက်ရှိခါစ ကျင့်ကြံသူဖြစ်သောကြောင့် သူ၏ စွမ်းအင်သည် အခြားသူများနှင့် နှိုင်းယှဉ်လျှင် အလွန်အားနည်းနေသည်။
"ချီးပဲ။ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ" ယုချူးယွမ်သည် အံကြိတ်၍ ကျိန်ဆဲလိုက်သည်။
အခြေအနေသည် ဤမျှဆိုးရွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ဤကဲ့သို့သော စမ်းသပ်မှုနည်းလမ်းမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ၎င်းတို့သည် နေရာတစ်ခု ရရှိရန်အတွက် တိုကင်တစ်ခုကို ကိုယ်ပိုင်စွမ်းအင်ဖြင့် လုယူနေရသည်။ ပို၍ဆိုးရွားသည်မှာ လူအများအပြားသည် အုပ်စုဖွဲ့ထားကြခြင်းဖြစ်သည်။ ၎င်းတို့သည် တိုက်ပွဲစတင်သည်နှင့် လျင်မြန်စွာ စုစည်း၍ အုပ်စုဖွဲ့ တိုက်ခိုက်နေကြသည်။
ယုချူးယွမ်သည်သာ တစ်ဦးတည်းဖြစ်နေသည်။ အုပ်စုနှစ်ခုသည် ဤတိုကင်တစ်ခုအတွက် ယှဥ်ပြိုင်တိုက်ခိုက်နေကြသည်။ သူသည် တစ်ယောက်တည်းဖြစ်သည့်အပြင် အားအနည်းဆုံးဖြစ်နေသည်။ အားအနည်းဆုံးဖြစ်သည့်အတွက် လူတိုင်းက သူ့ကို ဦးစွာ အပြတ်ရှင်းရန် ကြိုးစားနေကြသည်။ ဤအခိုက်အတန့်တွင် ယုချူးယွမ်အတွက် အခြားရွေးချယ်စရာ မရှိတော့ပေ။ တစ်ကိုယ်တည်းဖြစ်နေသည့် အားနည်းချက်သည် ယခုအခါ ထင်ရှားပေါ်လွင်နေသည်။
"သူ့ကို အရင် ရှင်းပစ်လိုက်ကြ" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
လူတိုင်းသည် ယုချူးယွမ်ထံ လှံများဖြင့် ချိန်ရွယ်လိုက်ကြသည်။ ခဏအတွင်းပင် ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုပေါင်းစုံသည် ယုချူးယွမ်ရှိရာသို့ ရောက်ရှိလာသည်။
ဘန်း
ဤတိုက်ခိုက်မှုများ ယုချူးယွမ်အပေါ် ကျရောက်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိစေတော့မည့်ဖြစ်သည်။ ယုချူးယွမ်သည် ကာကွယ်ရေးအလင်းတန်းကြောင့် ပြိုင်ကွင်းအပြင်ဘက်သို့ ရောက်ရှိတော့မည့်အချိန်တွင် ကောင်းကင်ယံမှ ဧရာမလက်ဖဝါးကြီးတစ်ခု ဆင်းသက်လာကာ တိုက်ခိုက်မှုအားလုံးကို ဖမ်းဆုပ်လိုက်သည်။ ပြီးနောက် ဤလက်ဖဝါးကြီးသည် ရုတ်တရက် ရိုက်ချလာသည့်အတွက် ယုချူးယွမ်ကို တိုက်ခိုက်နေသော တပည့်များအားလုံး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ပြိုင်ကွင်းအပြင်ဘက်သို့ လွင့်ထွက်သွားကြသည်။
ယုချူးယွမ်သည် ဤမြင်ကွင်းကြောင့် ကြောက်လန့်တုန်လှုပ်သွားသည်။ ဤတိုက်ခိုက်မှုသည် မည်သည့်နေရာမှ ရောက်လာသည်ကို သူ မသိသော်လည်း ဤလက်ဖဝါးကြီးသည် သူ့ကို ရှောင်ကွင်းခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ဆက်လက်မစဉ်းစားနိုင်မီ ပြင်းထန်သော စုပ်ယူအားတစ်ခုက သူ့ကို ဆွဲယူလာကြောင်း ခံစားလိုက်ရသည်။ သူ့မျက်လုံးများ ဝေဝါးသွားပြီးနောက် ခဏအကြာတွင် လူတစ်ယောက်၏ နံဘေးတွင် ပေါ်ပေါက်လာခဲ့သည်။ သေချာကြည့်လိုက်သောအခါ ထိုလူသည် ချူးယွင်ဖန်းမှတစ်ပါး အခြားလူ မဟုတ်ပေ။
ချူးယွင်ဖန်းက သူ့ကို ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ယုချူးယွမ် နားလည်သွားသည်။ သို့မဟုတ်ပါက သူသည် ဧကန်မုချ ဖယ်ရှားခံရပေလိမ့်မည်။ ယုချူးယွမ်သည် သူ၏ ဒဏ်ရာများကို ဖိနှိပ်ပြီးနောက် ချူးယွင်ဖန်းကို ကျေးဇူးတင်စကားပြောလိုက်သည်။
"ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာချူး"
"ရပါတယ်။ ဒဏ်ရာတွေကို အရင်ကုလိုက်ဦး" ချူးယွင်ဖန်းသည် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ယုချူးယွမ်၏ လက်ထဲသို့ ဆေးလုံးတစ်လုံး ကျရောက်လာသည်။ ၎င်းသည် ကုသဆေးဖြစ်သည်။
ယုချူးယွမ်သည် သူ၏ လက်ထဲတွင် အဝါရောင်တိုကင်တစ်ခုရှိနေကြောင်း မြင်လိုက်ရသဖြင့် အလွန်အမင်း ဝမ်းသာသွားသည်။ သို့သော်လည်း ချူးယွင်ဖန်း၏ လက်ထဲတွင် အနီရောင်တိုကင်တစ်ခုရှိနေသကြောင်း မြင်တွေ့လိုက်ရသောအခါ ပို၍ပင် အံ့အားသင့်သွားသည်။ ချူးယွင်ဖန်းသည် ထိပ်တန်းဆယ်ယောက်စာရင်းထဲသို့ ဝင်သွားပြီဟူသော အဓိပ္ပာယ်ဖြစ်သည်။
ဤအချက်သည် ယုချူးယွမ်ကို အနည်းငယ် မူးဝေသွားစေသည်။ ချူးယွင်ဖန်းသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူ သိထားသော်လည်း ချူးယွင်ဖန်းသည် ဤမျှလျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။