← Chapters

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁) - ယင်နှင့် ယန်ကို စေစားမယ်…

~နင်ချီ၏ လက်ထဲတွင် ဧရာမ တောင်တန်းကြီး တစ်ခုကို ပင့်မထားရသည့်နှယ် လေးလံသော ခံစားချက်ကြီး ဖိစီးနေ၏။

သူ၏ အထက် ကောင်းကင်ယံဆီမှ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်၏ ကြယ်အလင်းတန်းများသည် ကမ္ဘာ့စွမ်းအား အချို့ကို ချေမှုန်းဖျက်ဆီးပစ်လိုက်ပြီးနောက် နင်ချီရှိရာသို့ တဟုန်ထိုး ဆင်းသက်လာတော့သည်။

ဤအခိုက်အတန့်၌ ဓားဘိုးဘေးကြီး ဖြစ်စေ၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ စစ်တပ်ကြီး ဖြစ်စေ မည်သူမျှ နင်ချီကို ကူညီပေးနိုင်စွမ်း မရှိတော့ချေ။

သူတို့ လုပ်နိုင်သမျှကား ပြင်းပြသော ယုံကြည်မှုများ အပြည့် ပါဝင်နေသည့် မျက်လုံးများဖြင့် နင်ချီကို မမှိတ်မသုန် ငေးကြည့်နေရန်သာ ရှိတော့၏။

နင်ချီက ညာဘက်လက်ထဲမှ ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းကို မြှင့်တင်လိုက်၏။ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်၏ ကြယ်အလင်းတန်းများဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားတော့၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း ထိတ်လန့် အံ့အားသင့်သွားကြသည်။ မဟာမိတ် ခေါင်းဆောင်ကြီးက ဘာကြောင့် သေတွင်းထဲကို ကိုယ်တိုင် ဝင်သွားရသနည်း။

သို့သော်လည်း နောက်တစ်စက္ကန့်တွင်ပင် နင်ချီ၏ လက်ထဲရှိ ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းထဲမှ အဆုံးအစမဲ့သော စွမ်းအင်များ ကောင်းကင်ယံဆီသို့ ပေါက်ကွဲထွက်လာတော့သည်။

ချက်ချင်းပင် ထိုစွမ်းအင်များက ဆင်းသက်လာသော ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်၏ ကြယ်အလင်းတန်းများကို ရိုက်ခတ် ခုခံပစ်လိုက်၏။

ထို့နောက် နင်ချီ၏ ခန္ဓာကိုယ်က အထက်သို့ ဆက်လက် တက်လှမ်းသွားသည်။ ကြယ်အလင်းတန်းများမှာ ကြည်လင်သော ဝိညာဉ်ကျောက်စိမ်း အတွင်းမှ စွမ်းအင်များကြောင့် နောက်သို့ ဆက်တိုက် တွန်းဖယ်ခံလိုက်ရသည်။

ခပ်လှမ်းလှမ်းမှ ကြည့်လိုက်လျှင် နင်ချီသည် ရတနာပုလဲကို ပင့်မကာ ကြယ်အလင်းတန်းများကို တွန်းလှန်ရင်း ကောင်းကင်ဘုံကို အံတုနေသည့် ပြိုင်ဘက်ကင်း စစ်သည်တော်ကြီး တစ်ဦးနှင့် တူနေတော့၏။

အက်ကွဲသံများ ထွက်ပေါ်လာသည်။

ထိုအက်ကွဲသံများက.. စဥ်တိုက် ဆက်တိုက် ထွက်ပေါ်လာလေ၏။

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်က ဤနေရာမှ ထူးခြားမှုကို အာရုံခံမိသွားပုံရ၏။ ပိုမိုများပြားလှသော ကမ္ဘာ့စွမ်းအားများကို ဆက်တိုက် စုပြုံ ကျဆင်းလာစေသည်။

ကောင်းကင်ယံ အထက်ရှိ ကောင်းကင်ကြယ်ကြီးမှာ ပိုမို ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလာ၏။ ၎င်းမှ ထုတ်လွှတ်လိုက်သော ကြယ်အလင်းတန်းများက ပို၍ သိပ်သည်းလာသော်လည်း နင်ချီ၏ တက်လှမ်းနေသော အရှိန်ကိုမူ မတားဆီးနိုင်ခဲ့ပေ။

သူ၏ ဖြူလွှလွှ ဝတ်ရုံများက နှင်းပွင့်များသဖွယ် သန့်စင်နေပြီး အလင်းလုံးကြီးနှင့်အတူ အထက်သို့ တက်ရောက်သွား၏။

သူ၏ လက်ထဲရှိ ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းမှာ အတွင်းနှင့် အပြင်မှ စွမ်းအင်များ ထိတိုက်မှုကို မခံနိုင်တော့သည့်အလား ကွဲအက်ရာများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

နောက်ဆုံးတွင် ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းမှာ လုံးဝ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။ ၎င်း၏ စွမ်းအင်များ အားလုံး အရပ်မျက်နှာ အနှံ့ လွင့်စဉ် ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်နှင့် မြေကြီး ကြားတွင် လေပြင်းများနှင့် တိမ်တိုက်များ ရုတ်တရက် ပြောင်းလဲသွား၏။

ဝေဝါးသော ယင်ယန် ငါး ပုံရိပ်ကြီး တစ်ခု ဧရာမ အရွယ်အစားသို့ ကြီးမားလာပြီး နင်ချီ၏ ဘေးပတ်လည်တွင် အဆက်မပြတ် လည်ပတ်နေတော့သည်။

၎င်းမှာ နယ်မြေများ ပင်လယ်၏ စွမ်းအင်နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ၏ စွမ်းအင်တို့ ပေါင်းစပ် ပေါ်ထွက်လာခြင်းပင် ဖြစ်၏။

ယခင်က ထိုစွမ်းအင် နှစ်ခုကို ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်က ဖိနှိပ်ထားခဲ့သည်။ ၎င်းတို့ အချင်းချင်း အပြန်အလှန် ချေဖျက်နေပြီး ဟန်ချက်ညီနေမှုကြောင့်သာ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်က ဤနေရာကို နေရာယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ နင်ချီက ၎င်းတို့ကို လွှတ်ပေးလိုက်တော့၏။ ဆန့်ကျင်ဘက် စွမ်းအင်များကို သဟဇာတဖြစ်သော စွမ်းအားအဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့၏။

နင်ချီ အနေဖြင့် ထိုစဉ်က သွေးမီးတောက် အင်မော်တယ်ဂိုဏ်းမှ ရွှေရောင်နေမင်း ခန္ဓာသွန်းလုပ်ခြင်း အတတ်ကို ပေးအပ်ခဲ့သော ဝေဝူယာကို ကျေးဇူးတင်ရပေမည်။

၎င်းကို အသုံးပြု၍ သူသည် နေလ နတ်ဘုရား အတတ်ကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းမှာ သဟဇာတဖြစ်ခြင်း အဆင့်မြင့်ကျင့်စဉ် တစ်ခု ဖြစ်သော်ငြားလည်း ပေါင်းစည်းခြင်း နယ်ပယ်ရှိ သူများပါ အသုံးပြုနိုင်၏။

ထို့အပြင် နင်ချီက တောင်နှင့် ပင်လယ် ကမ္ဘာ့စွမ်းအား အနည်းငယ်ကို အသုံးပြု၍ သွေးကြွစေခဲ့သောကြောင့် ယခုလို အချိန်မျိုးတွင် ဤနည်းစနစ်ကို အသုံးပြုနိုင်ရန် ဖြစ်နိုင်သွားခဲ့သည်။

ထိုက်ယင် နှင့် နေမင်း။ မည်သည့်အရာက အားနည်းပြီး မည်သည့်အရာက အားကြီးသနည်း။ ယင်နှင့် ယန် ပေါင်းစည်းသွားပါက အင်မော်တယ်များကို သတ်ဖြတ်ပြီး ဧကရာဇ်များကိုပင် ခုတ်ထစ်နိုင်စွမ်း ရှိ၏။

ဤနည်းစနစ်ကို နင်ချီ ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သော်ငြားလည်း အလွန်တရာ ချောမွေ့နေခဲ့သည်။ နယ်မြေများ ပင်လယ်၏ စွမ်းအင်နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်တို့ ပေါင်းစပ် ဖွဲ့စည်းထားသော ယင်ယန် ငါးနှင့် တွဲဖက်လိုက်သောအခါ အချိန်ကိုက် ကွက်တိ ဖြစ်သွားတော့၏။

အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး သူ၏ ပတ်လည်တွင် ယင်ယန် ငါးက အဆက်မပြတ် လည်ပတ်နေသည်။ ထိုမြင်ကွင်းက သူ့ကို အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း၏ လျှို့ဝှက်ချက်များကို အပြည့်အဝ ကျွမ်းကျင်ထားသော အင်မော်တယ် အရှင်သခင် တစ်ပါးအလား ထင်မှတ်ရစေသည်။

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်က နင်ချီတွင် ဤကဲ့သို့သော ဝှက်ဖဲ မျိုး ရှိနေမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ အထူးသဖြင့် ဤ ယင်ယန် ငါးမှာ ၎င်းကိုယ်တိုင် ဖန်တီး နှိုးဆွပေးလိုက်သည့်နှယ် ဖြစ်သွားသောကြောင့်ပင်။

နင်ချီသည် ၎င်း၏ စွမ်းအားကို ညင်သာသော်လည်း ထိရောက်စွာ အသုံးချနေခြင်း ဖြစ်သည်။

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်က မည်မျှပင် စုစည်းရန် ကြိုးစားစေကာမူ ၎င်း၏ ကမ္ဘာ့စွမ်းအား ကြယ်အလင်းတန်းများမှာ နင်ချီ၏ စွမ်းအားကို ဆက်လက်၍ မခုခံနိုင်တော့ချေ။

၎င်းတို့သည် နင်ချီ၏ အပေါ်သို့ ကျဆင်းလာလျှင်ပင် သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ ယင်ယန် ငါးက ပြန့်ကျဲသွားစေနိုင်ပြီး တစ်ချိန်တည်းမှာပင် ဝါးမျိုပစ်လိုက်၏။

နောက်ဆုံးတွင် နင်ချီက ကောင်းကင်ခုံး နယ်နိမိတ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားပြီး ခုန်ပေါက်မှု တစ်ချက်တည်းဖြင့် ကောင်းကင်ကြယ်ထံသို့ ရောက်ရှိသွားတော့သည်။

ကောင်းကင်ကြယ် အတွင်းမှ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်၏ အသံ ထွက်ပေါ်လာ၏။

“ငါ မင်းကို မှတ်ထားမယ်... တောင်နဲ့ ပင်လယ် ကမ္ဘာက ကျင့်ကြံသူ...”

နင်ချီက စကားတစ်ခွန်းမျှ ပြန်မပြောပေ။ သူ၏ ဝိညာဉ်လက်ဝါးကြီးကို ဆန့်ထုတ်ကာ ကောင်းကင်ကြယ်ကို ဆွဲနှုတ်ပစ်လိုက်သည်။

သူက ကောင်းကင်ကြယ်ကို ဆွဲနှုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အတွင်းရှိ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်မှာ လုံးဝ ဆုတ်ခွာသွားပြီး အပြစ်အနာအဆာ ကင်းမဲ့သော ဆုံမှတ်ပုလဲ အဖြစ်သို့ ပြန်လည် ပြောင်းလဲသွား၏။

နင်ချီက ၎င်းထဲသို့ တောင်နှင့် ပင်လယ် ကမ္ဘာ့စွမ်းအားများကို ထည့်သွင်းပေးလိုက်သည်။ ဆုံမှတ်ပုလဲမှာ ကောင်းကင်ကြယ် အဖြစ်သို့ တစ်ဖန် ပြန်လည် ပြောင်းလဲသွားပြီး နယ်နိမိတ် နံရံပေါ်တွင် ခိုင်မြဲစွာ တွယ်ကပ်သွားတော့၏။

အသွင်ပြောင်းသွားသော ကောင်းကင်ကြယ်က ကြယ်အလင်းတန်းများကို အောက်ဘက်သို့ ဖြာကျလာစေသည်။

ထိုကြယ်အလင်းတန်းများက နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးအပေါ်သို့ ကျရောက်သွားသောအခါ ဖိနှိပ်ခံထားရမှုများ လျော့ကျသွားပြီး သူတို့၏ စွမ်းအားများကို (၃၀) ရာခိုင်နှုန်းခန့် တိုက်ရိုက် ပြန်လည် ပြည့်ဝလာစေသည်။

နင်ချီ၏ ပတ်လည်ရှိ ယင်ယန် ငါးမှာ အဆက်မပြတ် လည်ပတ်နေဆဲ ဖြစ်သည်။ သူက ကောင်းကင်ခုံးပေါ်မှ နတ်ဘုရား တစ်ပါးအလား၊ မိစ္ဆာ တစ်ကောင်အလား ဆင်းသက်လာရင်း အားလုံးကို လှမ်း၍ ကြိမ်းမောင်းလိုက်သည်။

“မင်းတို့တွေ ဘာရပ်လုပ်နေကြတာလဲ... ယဇ်ပလ္လင်ကို အမြန် တည်ဆောက်ကြစမ်း...”

နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ လူများမှာ သူ၏ စကားကြောင့် သတိပြန်ဝင်လာကြသည်။

နင်ချီကို မော့ကြည့်လိုက်ကြသောအခါ မဟာမိတ် ခေါင်းဆောင်ကြီး၏ ခမ်းနားလှသော ပုံရိပ်ကြီးက သူတို့၏ နှလုံးသားများထဲတွင် ထာဝရ ကမ္ပည်းတင်သွားသည့်နှယ် ခံစားလိုက်ကြရသည်။

ထို့နောက် သူတို့အားလုံး ယခင်က ဗျိုင်းဖြူအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများ ရှိခဲ့သော နေရာသို့ ပျံသန်းသွားကြပြီး ယဇ်ပလ္လင်ကို စတင် တည်ဆောက်ကြတော့၏။

နင်ချီက သူ၏ ပတ်လည်တွင် လည်ပတ်နေသော ယင်ယန် ငါးကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် လက်ဟန်များ ဖွဲ့စည်းလိုက်ရာ ယင်ယန် ငါးမှာ တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ လုံးဝ စုပ်ယူခံလိုက်ရတော့၏။

အခန်း (၇၂၂) - ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း

~နင်ချီ၏ ခန္ဓာကိုယ်ထက်ရှိ ယင်ယန် ငါးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။ သူ၏ ခန္ဓာကိုယ်အတွင်းသို့ လုံးဝ စုပ်ယူခံလိုက်ရပြီး ကိုယ်ပိုင် စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားတော့၏။

နယ်မြေများ ပင်လယ်၏ စွမ်းအင်နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ့စွမ်းအင်တို့ ပါဝင်နေသော ဤယင်ယန် ငါးကို သူ စုပ်ယူနိုင်ခဲ့ခြင်းမှာ ဗျိုင်းဖြူအင်မော်တယ်ဂိုဏ်းမှ လူများနှင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်၏ အကူအညီကြောင့်ပင် ဖြစ်သည်။

အကယ်၍သာ ထိုသူများက ဤစွမ်းအင် နှစ်ခုကို ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းထဲသို့ သိပ်သည်းစွာ ဖိသိပ်ကာ အပြန်အလှန် ချေဖျက်နေသည့် အဆုံးစွန် အခြေအနေတစ်ခုသို့ မရောက်ရောက်အောင် မဖန်တီးပေးခဲ့လျှင် နင်ချီ အနေဖြင့် မည်သို့လုပ်၍ စုပ်ယူနိုင်မည့် အခွင့်အရေး ရနိုင်ပါမည်နည်း။

ယဇ်ပလ္လင် တည်ဆောက်မည့် တာဝန်ကို နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ လူများထံ လွှဲအပ်ထားခဲ့လိုက်သည်။ သူကမူ ဟင်းလင်းပြင်ထဲတွင် မတ်မတ်ရပ်ကာ ခန္ဓာကိုယ် အတွင်းရှိ အခြေအနေကို တိတ်ဆိတ်စွာ အာရုံခံနေလေ၏။

ထိုစွမ်းအင် နှစ်ခုသည် သူ၏ နေလ နတ်ဘုရား အတတ်မှတစ်ဆင့် အပြန်အလှန် ဖြစ်တည်နေသော အခြေအနေသို့ တစ်ဖန် ပြန်လည် ပြောင်းလဲသွားခဲ့သည်။ ယခုအခါ ၎င်းတို့ကို အပြည့်အဝ စုပ်ယူပြီးသွားသောအခါ နင်ချီသည် ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ တက်လှမ်းရန် ပိုမို နီးကပ်လာသည့်နှယ် ခံစားလိုက်ရသည်။

ယခင်က အလယ်အလတ်အဆင့် စည်းမျဉ်း အပိုင်းအစ တစ်ခုကို စုပ်ယူပြီးနောက် ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရန် ခန့်မှန်းခြေ (၁) ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့၏။

သို့သော် ယခု ထိုစွမ်းအင် နှစ်ခုကို စုပ်ယူပြီးနောက်တွင်မူ ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ (၅) ရာခိုင်နှုန်းခန့် တိုးတက်သွားကြောင်း နင်ချီ အာရုံခံမိလိုက်သည်။

တစ်နည်းဆိုရသော် ဤအသေးစား ဆုံမှတ်၏ စွမ်းအင်များသည် အလယ်အလတ်အဆင့် စည်းမျဉ်း အပိုင်းအစ (၅) ခုနှင့် ညီမျှနေခြင်းပင် ဖြစ်သည်။

ဤမျှ ကြီးမားလှသော အကျိုးအမြတ်ကို ရရှိမည်ဟု နင်ချီ ကိုယ်တိုင်ပင် ကြိုတင် ထင်မှတ်မထားခဲ့ချေ။

ကျင့်ကြံခြင်း အဆင့် တိုးတက်လာမှုသည် နင်ချီ ရရှိခဲ့သော အကျိုးအမြတ်များထဲမှ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ဤရန်သူ့နယ်မြေ တစ်ဝက်ကို သိမ်းပိုက်လိုက်ခြင်းက ဤထက်မကသော အရာများကို ဆောင်ကြဉ်းလာပေးခဲ့သည်။

သူသည် နေလ နတ်ဘုရား အတတ်ကို တိတ်ဆိတ်စွာ လည်ပတ်စေလိုက်သည့်အခိုက်၊ ၎င်းအတွင်းရှိ ယင်ယန် သံသရာလည်ခြင်း၏ ရည်ရွယ်ချက်ကို နားလည် သဘောပေါက်သွား၏။

ဤနည်းစနစ်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သော်ငြားလည်း ၎င်းအပေါ် လုံးလုံးလျားလျား အားထားနိုင်သည်။ တသားတည်းဖြစ်ခြင်း နယ်ပယ် သို့မဟုတ် နယ်မြေ အရှင်သခင် ပြီးပြည့်စုံခြင်း အဆင့်သို့ တက်လှမ်းလျှင်ပင် နင်ချီ အနေဖြင့် အခြား မည်သည့် ကျင့်စဉ်မျှ လိုအပ်တော့မည် မဟုတ်ပေ။

ထို့အပြင် ဤကျင့်စဉ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာလေလေ ပိုမို နက်နဲ ကျယ်ပြန့်လာလေလေ ဖြစ်ပြီး ကောင်းကင်ဘုံ လမ်းစဉ် အားလုံးကိုပင် လွှမ်းခြုံထားနိုင်စွမ်း ရှိသည်။

မှန်ကန်စွာ အသုံးချနိုင်ပါက ဤစစ်မြေပြင်နယ်မြေတွင်လည်း ကြီးမားလှသော စွမ်းအားများကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

ယခုလေးတင် နင်ချီ စုပ်ယူလိုက်သော စွမ်းအင် နှစ်ခုကဲ့သို့ပင် ဤစစ်မြေပြင်နယ်မြေ၌ မရေမတွက်နိုင်သော ဆုံမှတ်များ ရှိနေသေး၏။

ဆုံမှတ် တစ်ခုစီတိုင်းအတွက် တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများ ဖြစ်စေ၊ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများ ဖြစ်စေ နယ်မြေတစ်ခုကို အပြည့်အဝ သိမ်းပိုက်နိုင်ရန် ၎င်းဒေသအတွင်းရှိ အခြား စွမ်းအင် နှစ်ခုကို ဖိနှိပ်ထားရမည် ဖြစ်သည်။

၎င်း၏ အဓိပ္ပာယ်မှာ နင်ချီသည် နေလ နတ်ဘုရား အတတ်ကို အသုံးပြု၍ ဆုံမှတ်တိုင်းမှ ပိုလျှံနေသော စွမ်းအင်များကို စုပ်ယူနိုင်သည် ဟူ၍ပင်။

ထိုအချက်ကို တွေးမိလိုက်သောအခါ နင်ချီ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားတော့၏။

စစ်မြေပြင်နယ်မြေသည် အခြားသူများအတွက် အသက်နှင့် သေခြင်း လွန်ဆွဲရသော နေရာတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ နင်ချီအတွက်မူ နေရာတိုင်းတွင် အခွင့်အရေးများ ပြည့်နှက်နေသော မြေဆီလွှာ တစ်ခုပင် ဖြစ်နေတော့၏။

ဆုံမှတ်များမှ ပိုလျှံနေသော စွမ်းအင်များကို စုပ်ယူခြင်းသည် စစ်မြေပြင်နယ်မြေထံမှ အချောင်နှိုက် အမြတ်ထုတ်နေခြင်းနှင့် တူသည်။ ဆုံမှတ်များကို အမှန်တကယ် သိမ်းပိုက်ပြီးသွားသောအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ထံမှလည်း အကျိုးအမြတ်များကို ဆက်လက် ရယူနိုင်ဦးမည် ဖြစ်၏။

ရှေ့ဆက်ရမည့် တိုက်ပွဲများတွင်လည်း ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများထံမှ အကျိုးအမြတ် ခေါင်းပုံဖြတ်နိုင်သေးသည်။

စစ်မြေပြင်နယ်မြေကြီးသည် သူ၏ အချောင်နှိုက် အမြတ်ထုတ်မှုများအတွက် ပြည့်စုံလွန်းသော နေရာကောင်းကြီး တစ်ခုပင် ဖြစ်တော့၏။

အကယ်၍သာ ဤအထဲမှ နေရာအချို့ကို အစစ်အမှန်သိုင်း ကမ္ဘာ ဝါးမျိုနိုင်ရန် ဖဲ့ထုတ်ပေးနိုင်မည် ဆိုပါက ပို၍ပင် ကောင်းမွန်သေးသည်။

အောက်ဘက်တွင်မူ နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ ကျင့်ကြံသူများက ယဇ်ပလ္လင်ကို အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် တည်ဆောက်နေကြတော့၏။

နင်ချီက ဤနေရာရှိ ပိုလျှံနေသော စွမ်းအင်များကို စုပ်ယူလိုက်သောကြောင့် ပထမဆုံး ဆုံမှတ်ကို သိမ်းပိုက်စဉ်ကကဲ့သို့ သူတို့ အသည်းအသန် ရုန်းကန်နေရန် မလိုအပ်တော့ချေ။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကို ဆင့်ခေါ်ရန်အတွက် ကျန်ရှိနေသော စွမ်းအင်များကိုသာ ဖိနှိပ်ထားရန် လိုအပ်တော့၏။

သို့ဖြစ်၍ ကြည်လင်သော ဝိညာဉ်ကျောက်စိမ်းကို ယဇ်ပလ္လင်ထက်သို့ တင်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြယ်ထံမှ ကြယ်အလင်းတန်း တစ်ချက် အောက်ဘက်သို့ ပစ်ဆင်းလာကာ မြေကမ္ဘာကြယ်နှင့် တိုက်ရိုက် ချိတ်ဆက်သွားတော့၏။

ဤနေရာရှိ ဖိနှိပ်မှု စွမ်းအားများ လုံးဝ ပျောက်ကွယ်သွားသည်ကို အားလုံး ခံစားလိုက်ကြရသည်။ တစ်ချိန်တည်းမှာပင် ခမ်းနားကြီးကျယ်လှသော ကမ္ဘာ့ဆန္ဒတော် တစ်ခုက တိတ်ဆိတ်စွာ ဆင်းသက်လာသည်။

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်က ဤနေရာတွင် အရေးနိမ့်သွားသည်ကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က မည်သို့လုပ်၍ အာရုံမခံမိဘဲ နေပါမည်နည်း။ ၎င်း ဆင်းသက်လာသည်နှင့် ချက်ချင်းပင် ချီးကျူးစကား ဆိုလာ၏။

“မင်းတို့တွေ ဒီရန်သူ့နယ်မြေ တစ်ဝက်ကို သိမ်းပိုက်နိုင်ခဲ့တာ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုပဲ”

“မင်းတို့ကို အခု အသေးစား စည်းမျဉ်း အပိုင်းအစ (၁၅) ခုနဲ့ အလွန်သေးငယ်တဲ့ စည်းမျဉ်း အပိုင်းအစ (၅၀) ချီးမြှင့်လိုက်တယ်”

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ယခင်က အလယ်အလတ်အဆင့် ဆုံမှတ်ကို သိမ်းပိုက်ခဲ့စဉ်က တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် အလယ်အလတ်အဆင့် စည်းမျဉ်း အပိုင်းအစ (၁၀) ခုသာ ပေးအပ်ခဲ့ပြီး၊ အပိုရရှိသော အသေးစား စည်းမျဉ်း အပိုင်းအစ (၂၀) မှာ ရန်သူကို အနိုင်ယူခြင်းမှ ရရှိလာခဲ့ခြင်း ဖြစ်၏။

သို့သော် ယခု ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများလက်ထဲမှ အသေးစား ဆုံမှတ် တစ်ခုကို လုယူသိမ်းပိုက်လိုက်သည့်အခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ထံမှ ရရှိသော ဆုလာဘ်မှာ သိသိသာသာကို ထက်ဝက်ခန့် ပိုများနေသည်။

ရန်သူ့ လက်တွင်းမှ ဆုံမှတ်များကို လုယူသိမ်းပိုက်ခြင်းက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ထံမှ ပိုမိုများပြားသော ဆုလာဘ်များကို ရရှိစေကြောင်း ရှင်းလင်းသွားတော့၏။

အပေါ်ယံတွင်မူ နင်ချီသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ထံမှ ဆုလာဘ်များကို အသာတကြည် လက်ခံလိုက်၏။

လျှို့ဝှက်စွာဖြင့်မူ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ အသံက နင်ချီ၏ စိတ်ထဲတွင် ဟိန်းထွက်လာသည်။

“မင်းက နယ်မြေအရှင်သခင် တစ်ယောက်အနေနဲ့ ကျယ်ပြန့်တဲ့ ကမ္ဘာ့ဆန္ဒတော်ကို တွန်းလှန်နိုင်ခဲ့တယ်။ မင်းအတွက် ကမ္ဘာ့စွမ်းအား (၂၀) မျှင် ချီးမြှင့်လိုက်တယ်”

ဤတစ်ကြိမ်တွင် နင်ချီက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကို ထွက်ခွာသွားခွင့် မပြုတော့ဘဲ တက်ကြွစွာ ဆက်သွယ်ပြောဆိုလိုက်သည်။

“အရှင်... ဒီလို ရန်သူ့နယ်မြေ တစ်ဝက်တွေကို သိမ်းပိုက်တဲ့အခါ အောင်မြင်ဖို့အတွက် အရှင်ရဲ့ ကမ္ဘာ့စွမ်းအားကို သုံးရပါတယ်။ ကျွန်တော်တို့ကို နည်းနည်းလောက် ထပ်ပြီး ချီးမြှင့်ပေးလို့ မရဘူးလားဗျ”

'အရှင်' ဆိုသည်မှာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က နယ်မြေအရှင်သခင်များကို ခေါ်ဝေါ်စေသည့် ဂုဏ်ပုဒ်ပင် ဖြစ်သည်။

နင်ချီ၏ အသံကို ကြားလိုက်ရသောအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ပင် သိသိသာသာ အံ့အားသင့်သွား၏။

တောင်နှင့် ပင်လယ် ကမ္ဘာ တစ်ခုလုံးတွင် မိမိနှင့် ဆက်သွယ်နိုင်သူ အလွန် နည်းပါးလှပြီး၊ မိမိနှင့် စည်းကမ်းချက်များ ညှိနှိုင်းရဲသူ ဆိုသည်မှာ ပို၍ပင် ရှားပါးလှသည်။

သို့သော်လည်း နင်ချီမှာ ခန့်အပ်ခံထားရသော နယ်မြေအရှင်သခင် တစ်ဦး ဖြစ်နေခြင်းနှင့် ဤတိုက်ပွဲက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်အတွက် အမှန်တကယ်ပင် ဂုဏ်သိက္ခာ တက်စေခဲ့ခြင်းတို့ကို ထည့်သွင်း စဉ်းစားလိုက်၏။

ပထမဆုံးအကြိမ် အဖြစ် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် နင်ချီနှင့် အပြန်အလှန် စကားပြောဆိုလာတော့၏။

“ဆုလာဘ်တွေ ခွဲဝေပေးတာက ငါ အရှင်ရဲ့ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်တာပဲ။ မင်းက ဘယ်လိုလုပ်ပြီး ထပ်တောင်းရဲရတာလဲ”

နင်ချီက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ တည်ရှိမှုကို တိတ်ဆိတ်စွာ အာရုံခံကြည့်လိုက်သည်။

ယခင်က ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်ကို အာရုံခံမိစဉ်က ၎င်း၏ အမည်နှင့် လိုက်ဖက်စွာ အဆုံးအစမဲ့ ကျယ်ပြန့်လှသော ခံစားချက်မျိုးကို ရရှိခဲ့သည်။

၎င်းနှင့် ဆန့်ကျင်ဘက် အနေဖြင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် အာဏာစက်နှင့် ငြင်းပယ်၍မရသော အမိန့်ပေးမှု ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

နင်ချီက အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ ပြောလိုက်သည်။

“အရှင်... ဒီရန်သူ့နယ်မြေ တစ်ဝက်ကို သိမ်းပိုက်ဖို့အတွက် အရှင် ချီးမြှင့်ထားတဲ့ ကမ္ဘာ့စွမ်းအား (၁၀) မျှင်ကို ကျွန်တော် သုံးစွဲခဲ့ရတာ အရှင်လည်း အာရုံခံမိမယ်လို့ ယုံကြည်ပါတယ်”

“အခု ကျွန်တော့်ကို အမျှင် (၂၀) ပြန်ချီးမြှင့်ပေမယ့် နောင်ကျရင် ကျယ်ပြန့်တဲ့ ကမ္ဘာက ကျင့်ကြံသူတွေ သိမ်းပိုက်ထားတဲ့ အလယ်အလတ်အဆင့် ရန်သူ့ဆုံမှတ် တစ်ဝက်တွေ ဒါမှမဟုတ် ကြီးမားတဲ့ ရန်သူ့ဆုံမှတ် တစ်ဝက်တွေကို ကျွန်တော် ဘယ်လိုလုပ်ပြီး သိမ်းပိုက်ရပါ့မလဲ။ ရန်သူ့နယ်မြေ တစ်ဝက်တွေတောင် ဒီလောက် ခက်ခဲနေတာ... ကျယ်ပြန့်တဲ့ ကမ္ဘာ့ဆန္ဒတော် လုံးဝ သိမ်းပိုက်ထားတဲ့ နယ်မြေတွေဆိုရင် ပြောနေစရာတောင် မလိုတော့ဘူးပေါ့ဗျာ”

နင်ချီ၏ တည်ငြိမ်ပြီး ယုတ္တိကျလှသော စကားပြောဆိုပုံကို မြင်လိုက်ရသောအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ပင် တစ်ခဏမျှ တိတ်ဆိတ်စွာ တွေဝေသွား၏။

ထိုအခိုက်အတန့်တွင် ၊ ဟင်းလင်းပြင်ထဲတွင် မျောလွင့်နေသော နင်ချီမှာ ရုတ်တရက် မူလနေရာမှ ကင်းကွာသွားပြီး အခြား နေရာလွတ် တစ်ခုဆီသို့ ရောက်ရှိသွားသည့်နှယ် ခံစားလိုက်ရတော့သည်။

အခန်း (၇၂၃) - ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း (အပိုင်း ၂)

~ဤနေရာလွတ်သည် စစ်မြေပြင်နယ်မြေထဲမှ သီးသန့် ဖဲ့ထုတ်ထားသော ဟင်းလင်းပြင် တစ်ခုနှင့် တူလှပြီး နင်ချီမှာ ထိုအထဲသို့ ဆွဲသွင်းခံလိုက်ရခြင်း ဖြစ်သည်။

နင်ချီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဤနေရာလွတ်မှာ အခန်းတစ်ခန်းစာခန့်သာ ကျယ်ဝန်းကြောင်း တွေ့လိုက်ရ၏။ အထက်၊ အောက်၊ တောင်၊ မြောက်၊ အရှေ့၊ အနောက် ဟူသော အရပ်ခြောက်မျက်နှာစလုံးတွင် ရေပြင်အလား လှိုင်းဂယက်များ ထနေသော စိတ်ကူးယဉ် နံရံများ ရှိနေပြီး လှိုင်းလုံးပုံစံများ အဆက်မပြတ် ဖြစ်ပေါ်နေ၏။

'တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ငါ့ရှေ့မှာ ကိုယ်ထင်ပြတော့မလို့လား...'

နင်ချီက စိတ်ထဲမှ လျှို့ဝှက် မှတ်ချက်ပြုလိုက်သည်။

သူ၏ ရှေ့တည့်တည့်ရှိ နံရံပေါ်မှ လှိုင်းဂယက်များမှာ တဖြည်းဖြည်း နှေးကွေးသွားပြီး နောက်ဆုံးတွင် လုံးဝ ငြိမ်သက်သွားတော့၏။

နံရံကြီးက ဖောက်ထွင်း၍ မြင်ရသော ရေခဲတုံးကြီး တစ်တုံးအလား တဖြည်းဖြည်း ပြောင်းလဲသွားပြီး ၎င်းအပေါ်တွင် မှုန်ဝါးဝါး လူပုံရိပ်တစ်ခု ပေါ်လာလေ၏။

“မင်း ဆက်ပြီးတော့ ရန်သူ့နယ်မြေ တစ်ဝက်တွေနဲ့ ရန်သူ့နယ်မြေ အပြည့်တွေကို သိမ်းပိုက်နိုင်ဖို့ ယုံကြည်ချက် ရှိရဲ့လား”

မှုန်ဝါးဝါး ပုံရိပ်က မေးမြန်းလိုက်သည်။

နင်ချီက မဆိုင်းမတွ ပြန်လည် ဖြေကြားလိုက်၏။

“အရှင်ကသာ လုံလောက်တဲ့ ကမ္ဘာ့စွမ်းအားတွေ ချီးမြှင့်ပေးမယ်ဆိုရင် ကျွန်တော် ယုံကြည်ချက် အပြည့် ရှိပါတယ်ဗျ”

မှုန်ဝါးဝါး ပုံရိပ်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆိုလာသည်။

“ဘယ်လောက်ဆို လုံလောက်မှာလဲ... ငါအရှင်က ကြီးမြတ်သော စစ်မြေပြင်နယ်မြေ ကိုးခုလုံးကို စောင့်ရှောက်နေရတာ။ လူတိုင်းကသာ ငါအရှင်ဆီကနေ ကမ္ဘာ့စွမ်းအားတွေ လုံလုံလောက်လောက် ခွဲဝေပေးဖို့ တောင်းဆိုနေကြမယ်ဆိုရင် ငါအရှင်က မင်းတို့ကို ဘာလုပ်ဖို့ လိုတော့မှာလဲ... ငါအရှင် ကိုယ်တိုင် စစ်မြေပြင်ထဲ ဝင်တိုက်လိုက်တာကမှ ပိုကောင်းဦးမယ်”

နင်ချီက နံရံပေါ်ရှိ မှုန်ဝါးဝါး ပုံရိပ်ကို တိတ်ဆိတ်စွာ အာရုံခံကြည့်လိုက်၏။

ယခင်က ခံစားခဲ့ရသော ခမ်းနားကြီးကျယ်လှသည့် ဆန္ဒတော်နှင့် နှိုင်းယှဉ်လျှင် ဤပုံရိပ်က အနည်းငယ် ပိုမို ပီပြင်နေပြီး လူသားဆန်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ သို့သော်လည်း ဤအရာက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ စိတ်ကူးယဉ် ပုံရိပ်ယောင် တစ်ခုသာ ဖြစ်နေမည်လား။

“ကျွန်တော် မေးခွန်းတစ်ခုလောက် မေးချင်ပါတယ်”

နင်ချီက ခပ်အေးအေးပင် ဆိုလိုက်၏။

“လွတ်လွတ်လပ်လပ် မေးနိုင်တယ်”

“အရင်က ကျယ်ပြန့်တဲ့ ကမ္ဘာက ကျင့်ကြံသူ တစ်ယောက်ဆီကနေ သူတို့ရဲ့ နယ်မြေအရှင်သခင်တွေလည်း စစ်မြေပြင်နယ်မြေထဲ ဝင်လာပြီဆိုတာ ကျွန်တော် သိခဲ့ရတယ်။ အကယ်လို့ သူတို့မှာလည်း ကျယ်ပြန့်တဲ့ ကမ္ဘာ့ဆန္ဒတော်က ချီးမြှင့်ထားတဲ့ ကမ္ဘာ့စွမ်းအားတွေ ပါလာမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လို တုံ့ပြန်ရမလဲ”

ဤကဲ့သို့သော အခြေအနေများကို ဝိညာဉ်ကမ္ဘာ စစ်ပွဲ မစတင်မီက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ဘက်မှ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

၎င်းသည် ဆုပေးဒဏ်ပေး စနစ်ကိုသာ ကြေညာခဲ့ပြီး မည်မျှ များပြားသော အခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်းကို အသေးစိတ် မရှင်းပြခဲ့ချေ။ ၎င်းအနေဖြင့် သာမန် ကျင့်ကြံသူများကို ဂရုမစိုက်သည်မှာ သိသာလှသည်။

နင်ချီကဲ့သို့သော နယ်မြေအရှင်သခင်များသာလျှင် ၎င်းနှင့် ဆက်သွယ်နိုင်စွမ်း ရှိပြီး အချိန်တန်သောအခါမှသာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က သူတို့ကို အခြေအနေ အရပ်ရပ်အား ရှင်းလင်းစွာ အသိပေးလာမည် ဖြစ်သ၏။

သို့သော်လည်း ထင်ရှားသည့် အချက်မှာ နင်ချီသည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ၏ အရှင်သခင် ဖြစ်နေစေကာမူ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်အတွက်မူ သူ၏ အရေးပါမှုမှာ သိပ်မကြီးမားလှပေ။

မည်သို့ပင်ဆိုစေ နက်ရှိုင်းသော သစ္စာတရား နယ်မြေသည် တောင်နှင့် ပင်လယ် ကမ္ဘာကြီး အတွင်းရှိ ချောင်ကျကျ ဝိညာဉ်နယ်မြေ တစ်ခုသာ ဖြစ်နေသောကြောင့်ပင်တည်း။

မှုန်ဝါးဝါး ပုံရိပ်က နင်ချီ၏ မေးခွန်းကို တိုက်ရိုက် မဖြေဆိုဘဲ အမိန့်ပေးလိုက်သည်။

“မင်းမှာ တခြား မေးစရာ မေးခွန်းတွေ ရှိသေးရင် တစ်ခါတည်း မေးလိုက်ပါ”

နင်ချီလည်း၊ ဤကိစ္စအပေါ် သိပ်ဂရုမစိုက်ဘဲ နောက်ထပ် မေးခွန်းနှစ်ခုကို ဆက်တိုက် မေးလိုက်၏။

“အကယ်လို့ ရန်သူ့ဘက်က နယ်မြေအရှင်သခင်တွေက စစ်မြေပြင်နယ်မြေထဲမှာ သူတို့ရဲ့ ဝိညာဉ်နယ်မြေ စွမ်းအားကို ထုတ်သုံးနိုင်တယ်ဆိုရင် အရှင် ပေးထားတဲ့ ကမ္ဘာ့စွမ်းအား ဆယ်ဂဏန်းလောက်က ရန်သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ကျွန်တော်တို့က ဘယ်လို ချိုးဖျက်ရမလဲ”

“အရှင်ရဲ့ လက်အောက်မှာ ဝိညာဉ်နယ်မြေ ရာနဲ့ချီပြီး ရှိတယ်လေ။ ကျွန်တော့်ရဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ တည်ရှိနေတဲ့ ဒီစစ်မြေပြင်နယ်မြေထဲမှာရော တောင်နှင့် ပင်လယ် ကမ္ဘာက ဝိညာဉ်နယ်မြေ ဘယ်နှခုလောက် ရှိနေတာလဲဗျ”

မှုန်ဝါးဝါး ပုံရိပ်က နင်ချီကို စေ့စေ့စပ်စပ် အကဲခတ်နေပုံ ရသည်။

လူတစ်ယောက် မေးမြန်းလိုက်သော မေးခွန်းများက သူတို့ မည်သို့ တွေးတောနေကြောင်းကို ဆုံးဖြတ်ပေးနိုင်ပြီး သူတို့၏ အမြော်အမြင် ကြီးမားမှုနှင့် စိတ်သဘောထား ကြီးမြတ်မှု အတိုင်းအတာကိုလည်း တိုင်းတာနိုင်၏။

သေချာသည်မှာ ဤသို့ဖြစ်ရန်အတွက် ထိုက်တန်သော စွမ်းအားလည်း လိုအပ်သည်။ ထို့သို့မဟုတ်ပါက တိုင်းပြည်ရေးရာများကို ဆွေးနွေးနေသော သာမန် ပြည်သူပြည်သားများနှင့်သာ တူနေပေလိမ့်မည်။ သူတို့က ယုတ္တိကျကျနှင့် အချက်ကျကျ ပြောဆိုနိုင်သော်ငြားလည်း လက်တွေ့ ပါဝင်ပတ်သက်နိုင်စွမ်း မရှိသောကြောင့် လေထဲ တိုက်အိမ်ဆောက်ခြင်း သက်သက်သာ ဖြစ်သွားမည် မဟုတ်ပါလော။

သို့သော် နင်ချီကမူ ကွဲပြားခြားနားသည်။ ရန်သူ့နယ်မြေ တစ်ဝက်ကို သိမ်းပိုက်ပေးနိုင်ခဲ့ခြင်းကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ထံမှ မျက်နှာသာပေးမှု အချို့ကို ရရှိခဲ့တော့၏။

ထို့ကြောင့်သာ သူသည် ဤကဲ့သို့ သီးသန့် ဆက်သွယ် ပြောဆိုခွင့် ရရှိသော ဟင်းလင်းပြင် နေရာတစ်ခုကို ပိုင်ဆိုင်ခွင့် ရရှိလာခြင်း ဖြစ်သည်။

မှုန်ဝါးဝါး ပုံရိပ်က ဖြေကြားလာ၏။

“မင်းရဲ့ နောက်ဆုံး မေးခွန်းကို ငါအရှင် အရင် ဖြေမယ်။ ဒီ အရှေ့တောင်ဘက် စစ်မြေပြင် ထဲမှာ စုစုပေါင်း ဝိညာဉ်နယ်မြေ (၉) ခု ချထားပေးတယ်”

“ဒါပေမဲ့ မင်းတို့ အချင်းချင်း တွေ့ဆုံနိုင်ဖို့ကတော့ သေချာပေါက် မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အရှေ့တောင်ဘက် စစ်မြေပြင် ကိုလည်း အထက်၊ အလယ် နဲ့ အောက် နယ်မြေတွေဆိုပြီး ထပ်ခွဲထားလို့ပဲ”

“မင်းရဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေက အောက်ပိုင်းနယ်မြေထဲမှာ ရှိတယ်။ ပြီးတော့ အိမ်နီးချင်း ဖူယောင် နယ်မြေ နဲ့ လန်ယာ နယ်မြေ တွေလည်း ဒီဒေသထဲမှာပဲ ရှိကြတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ နင်ချီ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ လည်ပတ်သွားတော့၏။

ယခုအခါ စစ်မြေပြင်နယ်မြေ အတွင်းရှိ အခြေအနေကို သူ ရှင်းလင်းစွာ နားလည် သဘောပေါက်သွားတော့၏။ စစ်မြေပြင်နယ်မြေကိုလည်း ဒေသ သုံးခု အဖြစ် ထပ်မံ ခွဲခြားထားခြင်း ဖြစ်သည်။ သူတို့၏ နက်ရှိုင်းသော သစ္စာတရား နယ်မြေမှာ အောက်ပိုင်းနယ်မြေ အတွင်း၌ ရှိနေသောကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က သိပ်ပြီး အာရုံစိုက်မနေခြင်းမှာလည်း မဆန်းတော့ချေ။

အကယ်၍သာ သူသည် နယ်မြေအရှင်သခင် တစ်ဦး မဟုတ်ခဲ့လျှင် သို့မဟုတ် ရန်သူ့နယ်မြေ တစ်ဝက်ကို သိမ်းပိုက်ပေးနိုင်ခဲ့ခြင်း မရှိလျှင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် အနေဖြင့် သူ့ကို အဖက်လုပ်မည်ပင် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ တောင်နှင့် ပင်လယ် ကမ္ဘာကြီးမှာ အလွန်တရာ ကျယ်ပြောလှပြီး ဝိညာဉ်နယ်မြေ ရာပေါင်းများစွာ ရှိနေ၏။ ထို ဝိညာဉ်နယ်မြေ တစ်ခုစီတိုင်းတွင်လည်း ဂိုဏ်းပေါင်း ဆယ်ဂဏန်းမက ရှိနေကြသေးသည်။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ အမြင်တွင် ဂိုဏ်းများမှ ကျင့်ကြံသူ အများစုမှာ ကျယ်ပြန့်သော ကမ္ဘာမှ လူများ၏ အင်အားကို ဖြုန်းတီးပစ်ရန် အသုံးပြုသော အမြောက်စာများသာ ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ထိုအမြောက်စာများကို ၎င်းအနေဖြင့် ပိုမိုများပြားသော သတင်းအချက်အလက်များ ထုတ်ဖော် မပြောပြသည်မှာလည်း သဘာဝကျလှသည်။

မှုန်ဝါးဝါး ပုံရိပ်က တစ်ဖန် စကားဆိုလာပြန်၏။

“မင်း မေးခဲ့တဲ့ တခြား မေးခွန်းတွေကိုတော့ ငါအရှင် လောလောဆယ် ဖြေကြားပေးမှာ မဟုတ်ဘူး။ မင်းမှာ လုံလောက်တဲ့ စွမ်းအားတွေ ရှိလာပြီး စစ်မြေပြင်နယ်မြေ ထဲက ဆုံမှတ်တွေကို ပိုပြီး သိမ်းပိုက်နိုင်လာတဲ့ အခါကျရင်တော့ အခြေအနေပေါ် မူတည်ပြီး မင်းကို အသိပေးဖို့.. စဉ်းစားပေးမယ်”

“ဒါပေမဲ့ မင်းက တကယ်ပဲ ရန်သူ့နယ်မြေ တစ်ဝက်တွေနဲ့ ရန်သူ့နယ်မြေတွေကို သိမ်းပိုက်ချင်တဲ့ စိတ်ဆန္ဒ အပြည့်အဝ ရှိနေတယ်ဆိုရင်တော့ ငါအရှင်နဲ့ အချိန်မရွေး ဆက်သွယ်နိုင်မယ့် ပစ္စည်းတစ်ခုကို ချီးမြှင့်ပေးလိုက်မယ်။ ပြီးရင် မင်းကို ကမ္ဘာ့စွမ်းအားတွေ ထပ်ငှားပေးဖို့.. စဉ်းစားပေးမယ်”

သူ၏ ရှေ့တည့်တည့်ရှိ နံရံဆီသို့ ကြည့်လိုက်သောအခါ မှုန်ဝါးဝါး ပုံရိပ်သည် ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားသည်ကို နင်ချီ မြင်တွေ့လိုက်ရသည်။ သို့သော်လည်း စက်ဝိုင်းပုံစံ အမှတ်အသား တစ်ခုကိုမူ နံရံပေါ်တွင် ချန်ရစ်ထားခဲ့၏။

နင်ချီက ရှေ့သို့ တစ်လှမ်း တက်သွားပြီး ထိုအရာကို ဆွဲဖြုတ်ကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။

ဤ စက်ဝိုင်းပုံစံ အမှတ်အသားကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရပေ။

သတ္တုလည်း မဟုတ်သလို သစ်သားလည်း မဟုတ်ချေ။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အထက်ဘက်၌ တောင်တန်းများ၊ အောက်ဘက်၌ ရေပြင်များ ပါဝင်သော ပုံစံတစ်ခုကို ထွင်းထုထားပြီး တောင်နှင့် ပင်လယ် ပုံရိပ်နှစ်ခုမှာ အပြန်အလှန် သဟဇာတဖြစ်စွာ ပေါင်းစပ်နေ၏။

‘'ချွတ်...'

ကြည်လင်ပြတ်သားသော အသံတစ်သံက သူ လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကြောင်း သတိပေးလိုက်သည့်နှယ် ထွက်ပေါ်လာသည်။

နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ စစ်တပ်ကြီးရှိရာသို့ အာရုံ ပို့လွှတ်လိုက်သောအခါ သူတို့ အားလုံးက ယခင်က ရပ်နေသည့် ကိုယ်နေဟန်ထားများ အတိုင်းပင် ရှိနေကြသေးသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်နှင့် စကားပြောဆိုခဲ့သော အချိန်မှာ မျက်တောင်တစ်ခတ်စာ အခိုက်အတန့်လေး အတွင်း၌သာ ဖြစ်ပျက်သွားခဲ့ပြီး အချိန် လုံးဝ မကုန်ဆုံးသွားကြောင်း နင်ချီ ချက်ချင်း နားလည်လိုက်၏။

သူက လက်ထဲရှိ တောင်နှင့် ပင်လယ် အမှတ်အသားကို လေထဲသို့ ပေါ့ပေါ့ပါးပါးလေး မြှောက်တင်လိုက်ရာ ၎င်းက လေထဲတွင် အကြိမ်အနည်းငယ် လည်ပတ်သွားပြီးနောက် သူက ပြန်လည် ဖမ်းဆုပ်လိုက်သည်။

ဤအခိုက်အတန့်တွင် နင်ချီ၏ မျက်နှာထားထက်၌ လျှို့ဝှက်နက်နဲသော အပြုံးရိပ် တစ်ခု စွန်းထင်းနေ၏။

ကောင်းလေစွ။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်နှင့် အစစ်အမှန် ဆက်သွယ်နိုင်ရန် သူ ခြေတစ်လှမ်း ပိုမို နီးကပ်သွားခဲ့ပြီ ဖြစ်ပါသည်။

သူ၏ အမိန့်ကို စောင့်ဆိုင်းနေကြသော နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို ကြည့်ရင်း နင်ချီက ဝိညာဉ်ရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်ကာ ဝိညာဉ်စွမ်းအင်များ သွင်းနှံပေးလိုက်၏။

ထိုအခါ သံလိုက်အိမ်မြှောင် အတွင်းရှိ ဝိညာဉ်ဓားဖြင့် ပြုလုပ်ထားသော အပ်တံလေးမှာ ချက်ချင်းပင် 'ချွင်' ခနဲ မြည်ဟည်းသွားပြီး သံလိုက်အိမ်မြှောင် အတွင်း၌ အဆက်မပြတ် စတင် လည်ပတ်နေတော့သည်။

All Chapters