← Chapters

အခန်း (၇၂၄-၇၂၆)

Vol. 49 Ch. 724-726

အခန်း (၇၂၄-၇၂၆)

Vol. 49 Ch. 724-726

အခန်း (၇၂၄) - ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း (၃)

~သံလိုက်အိမ်မြှောင် အတွင်းရှိ အပ်တံလေးမှာ တဝီဝီ မြည်ဟည်းလျက် လျင်မြန်စွာ လည်ပတ်နေပြီးနောက် ထိုအသံမှာ တဖြည်းဖြည်း တိတ်ဆိတ်သွား၏။ အပ်တံ၏ အရှိန်မှာ နှေးကွေးသွားပြီး နောက်ဆုံးတွင် မြောက်အရပ်ဆီသို့ တည့်မတ်စွာ ညွှန်ပြနေတော့၏။

နင်ချီက မြောက်အရပ်ဆီသို့ လက်ဝှေ့ယမ်းပြလိုက်ရင်း အမိန့်ပေးလိုက်၏။

“စစ်တပ်ကြီး ..မြောက်ဘက်ကို ချီတက်ကြမယ်”

“ဟုတ်ကဲ့ပါ”

...

နင်ချီ၏ ဦးဆောင်မှုအောက်တွင် နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ ကျင့်ကြံသူများသည် အလယ်အလတ်အဆင့် ဆုံမှတ် (၁) ခုနှင့် အသေးစား ဆုံမှတ် (၁) ခုတို့ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ကြသည်။

ဤ အရှေ့တောင်ဘက် စစ်မြေပြင် ၏ အောက်ပိုင်းနယ်မြေ အတွင်း၌ တောင်နှင့် ပင်လယ် ကမ္ဘာမှ အခြား ဝိညာဉ်နယ်မြေ (၂) ခုမှ ကျင့်ကြံသူများလည်း ရောက်ရှိနေကြ၏။

၎င်းတို့အနက် တစ်ခုမှာ ဖူယောင် နယ်မြေ ဖြစ်ပြီး အခြားတစ်ခုမှာ လန်ယာ နယ်မြေ ပင် ဖြစ်သည်။

ဖူယောင် နယ်မြေ၏ အခြေအနေမှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေနှင့် မတူညီဘဲ ကွဲပြားခြားနားလှသည်။ နက်ရှိုင်းသော သစ္စာတရား နယ်မြေတွင်မူ အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုတည်းကသာ နယ်မြေလုံးဆိုင်ရာ စစ်တပ်ကြီး တစ်ခု ဖွဲ့စည်းရန် အခြား ဂိုဏ်းငယ်များနှင့် ဂိုဏ်းမဲ့ ကျင့်ကြံသူများကို ဦးဆောင် အမိန့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဖူယောင် နယ်မြေ အတွင်း၌မူ အင်မော်တယ် ဂိုဏ်း (၂) ဂိုဏ်း ရှိနေသောကြောင့် အခြား ဂိုဏ်းအသီးသီးမှာ ထိုအင်မော်တယ်ဂိုဏ်း (၂) ခု အနက် တစ်ခုခုထံသို့ ပူးပေါင်းဝင်ရောက်သွားကြပြီး စစ်တပ်ကြီး (၂) ခု အဖြစ် ကွဲထွက်သွားခဲ့၏။

ထိုအထဲတွင် စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းမှာ တစ်ခုအပါအဝင် ဖြစ်သည်။

စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း၏ စစ်တပ်ကို ဦးဆောင်ကာ စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက်လာသူမှာ ဘိုးဘေးကြီး စစ်ခုန်ချင်း၏ မိသားစုဝင် ဖြစ်သော စစ်ခုန်လန် ဆိုသူပင်။

သူသည်လည်း အထွတ်အထိပ် ဘိုးဘေးကြီး တစ်ဦး ဖြစ်၏။ ထို့အပြင် စစ်ခုန် မိသားစုဝင် တစ်ဦးလည်း ဖြစ်နေသောကြောင့် ဤတစ်ကြိမ်တွင် စစ်ခုန်ချင်းက သူ့ကို အရေးကြီးသော တာဝန်တစ်ခု အပ်နှင်းခဲ့ခြင်း ဖြစ်၏။

ယခင်က စစ်ခုန်ချင်းသည် တောင်ပိုင်း အစစ်အမှန်နယ်မြေ ဆီသို့ အစစ်အမှန်ဧကရာဇ် (၄) ပါး စေလွှတ်ကာ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းနှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းတို့ကို ခြေမှုန်းရန် ကြိုးပမ်းခဲ့စဉ်က စစ်ခုန်လန်ကို မစေလွှတ်ခဲ့ပေ။ ထို့ကြောင့်ပင် သူသည် ထိုကပ်ဘေးမှ ကင်းလွတ်ခွင့် ရရှိသွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ စစ်ခုန်လန်သည် စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းနှင့် သူတို့ထံ ပူးပေါင်းလာသော အခြား ဂိုဏ်းငယ်အချို့၏ စစ်တပ်များကို ဦးဆောင်လာရင်း ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ စစ်တပ်နှင့် မထင်မှတ်ဘဲ လာရောက် ဆုံစည်းမိသွားကြ၏။

ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းသည် ဖူယောင် နယ်မြေ အတွင်းရှိ အခြားသော အင်မော်တယ် ဂိုဏ်း တစ်ခု ဖြစ်ပြီး သက်တမ်း အရှည်ကြာဆုံးသော ရှေးဟောင်း အင်မော်တယ် ဂိုဏ်းကြီးလည်း ဖြစ်သည်။

စစ်ခုန်ချင်း အနေဖြင့် သဟဇာတဖြစ်ခြင်း နယ်ပယ် သို့ အဆင့်တက်လှမ်းနိုင်ခဲ့ပြီး စိမ်းပြာ နက်ရှိုင်း ဂိုဏ်းကို အင်မော်တယ် ဂိုဏ်း တစ်ခု ဖြစ်လာစေရန် ဦးဆောင်နိုင်ခဲ့ခြင်းကို ကြည့်လျှင် ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ သဘောထား ကြီးမြတ်မှုကို တွေ့မြင်နိုင်၏။

ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ ခေါင်းဆောင်မှာ ချီခယ်ချင်း ဟု အမည်ရသော အမျိုးသမီး ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းကြီး တည်ထောင်လာခဲ့သည်မှာ နှစ်ပေါင်း သောင်းနှင့်ချီ၍ ကြာမြင့်နေပြီ ဖြစ်ရာ ဤမျှ ခမ်းနားသော ဂိုဏ်းကြီး တစ်ခုတွင် ထင်ပေါ်ကျော်ကြားလာပြီး စစ်တပ်ကြီး တစ်ခုလုံးကို ဦးဆောင်နိုင်ရန်အတွက် သူမတွင် အလွန် ခိုင်မာတောင့်တင်းသော နောက်ခံသမိုင်းကြောင်း ရှိနေရမည် သို့မဟုတ် သူမ၏ ကျင့်ကြံခြင်း စွမ်းအားက လူတိုင်းကို လွှမ်းမိုးနိုင်စွမ်း ရှိနေရမည် ဖြစ်သည်။

ချီခယ်ချင်းမှာမူ ဒုတိယအချက်နှင့် ကိုက်ညီနေသူ ဖြစ်၏။

ယခုအခါ ဤဂိုဏ်းကြီး နှစ်ခု ပေါင်းစည်းမိသွားခြင်းမှာ လုံးဝ မထင်မှတ်ထားသော ကိစ္စရပ် တစ်ခုပင် ဖြစ်နေသည်။

စစ်ခုန်လန်က ချီခယ်ချင်းကို ဦးညွှတ်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့် နှုတ်ဆက်လိုက်၏။

“ဂျူနီယာ စစ်ခုန်လန်က ကျောက်စိမ်းအလင်း ဂိုဏ်းက စီနီယာအစ်မကြီး ချီ ကို ဂါရဝပြုပါတယ် ခင်ဗျာ”

ချီခယ်ချင်း၏ မျက်နှာထားမှာ အနည်းငယ် အေးစက်တည်ငြိမ်နေသည်။

သူမ၏ နောက်ကွယ်ရှိ စစ်တပ်ကြီးမှာလည်း လေးနက်ခမ်းနားသော အငွေ့အသက်များ လွှမ်းခြုံနေ၏။ စွမ်းအား အရည်အသွေး မညီမညာ ဖြစ်နေသော စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းဘက်နှင့် လုံးဝ ကွာခြားလှသည်။

စစ်ခုန်လန်၏ နှိမ့်ချသော ကိုယ်နေဟန်ထားကို ကြည့်ရင်း ချီခယ်ချင်းက အေးစက်စက် ဆိုလိုက်၏။

“ဪ... စိမ်းပြာ နက်ရှိုင်း ဂိုဏ်းက ဂျူနီယာ စစ်ခုန် ကိုး... မင်းက စစ်တပ်ကြီး တစ်ခုလုံးကို ဦးဆောင်ပြီး ငါတို့ဆီ လာပူးပေါင်းရတဲ့ ရည်ရွယ်ချက်က ဘာများလဲ”

ချီခယ်ချင်း၏ စကားထဲတွင် စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းကို သတိပေးလိုက်သော အရိပ်အယောင်များ ပါဝင်နေသည်။

ဖူယောင် နယ်မြေ အတွင်း ရှိနေစဉ်က သူတို့သည် စစ်မြေပြင်နယ်မြေ ထဲသို့ အတူတကွ ဝင်ရောက်လာခဲ့ကြခြင်း မဟုတ်ပေ။ ယခုမှသာ လာရောက် ပေါင်းစည်းကြသည် ဖြစ်ရာ တစ်ဖက်လူတွင် အကျိုးအမြတ် တစ်ခုခု ရယူရန်အတွက် မဟာမိတ်ဖွဲ့လိုသော ရည်ရွယ်ချက် ရှိနေသည်မှာ ထင်ရှားလှ၏။

ချီခယ်ချင်း အနေဖြင့် စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း အပေါ် ရန်ငြိုးရန်စ ကြီးကြီးမားမား မရှိသော်ငြားလည်း အထင်အမြင်သေးမှု အချို့တော့ ရှိနေခဲ့သည်။

စစ်ခုန်ချင်း အနေဖြင့် သဟဇာတဖြစ်ခြင်း နယ်ပယ် သို့ အဆင့်တက်လှမ်းနိုင်ခဲ့ခြင်းမှာ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ သဘောထား ကြီးမြတ်မှုကြောင့်သာ ဖြစ်သည်။

သို့သော် စစ်ခုန်ချင်းသည် သူတို့ထံသို့ တစ်ခေါက်မျှ လာရောက် ဂါရဝပြုခဲ့ခြင်း မရှိဘဲ ဝိညာဉ်ကမ္ဘာ စစ်ပွဲ မတိုင်မီ ညချမ်းတွင်ပင် ဖူယောင် နယ်မြေမှ ဂိုဏ်းအချို့ကို သိမ်းသွင်းကာ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းကို အံတု ယှဉ်ပြိုင်လိုသည့် အကြံအစည်များ ရှိနေပုံရ၏။

ထို့ကြောင့်ပင် ချီခယ်ချင်းက မည်သည့် အားနာမှုမျှ မရှိဘဲ ဒဲ့ဒိုး ပွင့်လင်းစွာ ထောက်ပြလိုက်ခြင်း ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ စစ်ခုန်လန်၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွား၏။

သူသည် စစ်ခုန် မိသားစုဝင် တစ်ဦး ဖြစ်သည့်အလျောက် ဘိုးဘေးကြီး၏ ရည်ရွယ်ချက်များနှင့် လိုအပ်ချက်များကိုသာ ပိုမို ဦးစားပေး စဉ်းစားရမည် ဖြစ်သည်။

ဘိုးဘေးကြီး စစ်ခုန်ချင်း က ဘာကို လိုချင်နေသနည်း။

စစ်ခုန်လန် အနေဖြင့် ရမ်းဆပြီး ခန့်မှန်းကြည့်လျှင်ပင် သိနိုင်သည်။ ပထမအချက်မှာ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းကို ပိုမို ကျယ်ပြန့်လာစေရန် ဖြစ်ပြီး ၎င်းအတွက် လမ်းကြောင်း (၂) သွယ် ရှိ၏။

ပထမ လမ်းကြောင်းမှာ ဖူယောင် နယ်မြေ အတွင်းရှိ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း၏ ဩဇာအာဏာကို ချဲ့ထွင်ရန် ဖြစ်ပြီး ၎င်းအတွက် ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ အင်အားကို အလိုအလျောက် အားနည်းသွားစေရန် လုပ်ဆောင်ရမည် ဖြစ်သည်။

ဒုတိယ လမ်းကြောင်းမှာ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း၏ ဩဇာအာဏာကို အခြားသော ဝိညာဉ်နယ်မြေများဆီသို့ ဖြန့်ကြက်ရန်ပင် ဖြစ်၏။

ထို ဒုတိယ လမ်းကြောင်းမှာ ဘိုးဘေးကြီး၏ အခြားသော အတွေးတစ်ခုနှင့် တိုက်ဆိုင်စွာပင် ချိတ်ဆက်နေသည်။

ဘိုးဘေးကြီးသည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ အကန့်အသတ်မဲ့ ဓားဂိုဏ်း အပေါ် အမြဲတစေ ရန်ငြိုးဖွဲ့ထားခဲ့၏။

စစ်ခုန်ချင်း က စစ်မြေပြင်နယ်မြေ အတွင်း၌ အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို ခြေမှုန်းရန် တိုက်ရိုက် အမိန့်ပေးခဲ့ခြင်း မရှိသော်ငြားလည်း စစ်ခုန်လန်၏ ကိုယ်ပိုင် အသိစိတ်က အလွန် မြင့်မားနေခဲ့သည်။ သေချာပေါက် သူသည် စစ်မြေပြင်နယ်မြေ အတွင်း၌ ဘိုးဘေးကြီး၏ ဆန္ဒများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးလိုလှ၏။

'တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က အချင်းချင်း သတ်ဖြတ်ခြင်းကို တားမြစ်ထားတယ် ဆိုပေမယ့်လည်း... ငါ့အနေနဲ့ သူတစ်ပါး လက်ငှားပြီး အေးအေးဆေးဆေး သတ်ခိုင်းလို့ ရနေတာပဲလေ...'

စစ်ခုန်လန်က နှုတ်ခမ်းတစ်ဖက် ကွေးတက်သွားလျက် လျှို့ဝှက် ကြံစည်တွေးတောနေတော့သည်။

အခန်း (၇၂၅) - ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းမှ မိတ်ဟောင်းဆွေဟောင်း

~စစ်ခုန်လန်သည် သူတစ်ပါး ဓားငှား၍ လူသတ်လိုသော ရည်ရွယ်ချက်ဖြင့် စနစ်တကျ အကွက်ချ ကြံစည်နေခဲ့သည်။ သူ.. ပထမဆုံး အသုံးချရန် ပစ်မှတ်ထားလိုက်သည်က ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းပင် ဖြစ်သည်။

[ဘာသာပြန်သူ မှတ်ချက် - သူတစ်ပါး ဓားငှား၍ လူသတ်ခြင်း ဆိုသည်မှာ မိမိကိုယ်တိုင် ဝင်မပါဘဲ သူတစ်ပါးကို အသုံးချ၍ ရန်သူကို ရှင်းလင်းခြင်း ဖြစ်ပါသည်]

သို့ဖြစ်၍ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ စစ်တပ်ကြီးနှင့် ဆုံတွေ့လိုက်ရသောအခါ သူက အလွန် နှိမ့်ချသော ဟန်ပန်ဖြင့် ချော့မော့ပြောဆိုကာ ချဉ်းကပ်သွားလေ၏။

ဦးဆောင်လာသူမှာ ချီခယ်ချင်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ စစ်ခုန်လန်၏ မျက်နှာပေါ်မှ ခပ်ပြုံးပြုံး အမူအရာက ပိုမို နက်ရှိုင်းသွားတော့၏။

ချီခယ်ချင်း၏ ဂုဏ်သတင်းကို စစ်ခုန်လန် ကြားဖူးနေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းတွင် ဤအမျိုးသမီးက ဂန္ထဝင် တစ်ယောက်ပင် ဖြစ်သည်။

သူမသည် အညတရ ဘဝမှ ဆင်းသက်လာသူ ဖြစ်ပြီး မည်သူမှ မသိသော ရွာငယ်လေး တစ်ရွာမှ လာခဲ့သည်ဟု ဆိုကြသည်။

သူမ၏ ကလေးဘဝသည် အလွန်တရာ ဆင်းရဲနွမ်းပါးလှသည်။ သူမ အသက် (၁၆) နှစ် အရွယ်သို့ ရောက်သောအခါ သူမ၏ မွေးရပ်မြေကို ရန်သူ့စစ်သည်များက ဝင်ရောက် ကျူးလွန်ခဲ့ကြပြီး မီးရှို့၊ လူသတ်၊ လုယက်မှုများကို ထင်တိုင်းကြဲ လုပ်ဆောင်ခဲ့ကြ၏။

မွေးရပ်မြေကို ကာကွယ်ရန်အတွက် ချီခယ်ချင်းက မားမားမတ်မတ် ရပ်တည်ခဲ့ပြီး ရန်သူ့စစ်သည် (၁၀) ယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်။

ထို့နောက် ရွာသူရွာသားများကို ဦးဆောင်ကာ ရွာထဲတွင် သောင်းကျန်းနေသော ရန်သူ့စစ်သည်များကို မောင်းထုတ် နှိမ်နင်းခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ချီခယ်ချင်း၏ ရွာလေးသည် စစ်တပ်ကြီး တစ်ခု၏ ဝင်ရောက် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး နောက်ဆုံးတွင်တော့ ပျက်စီးခြင်း ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။

သို့သော် ချီခယ်ချင်း တစ်ယောက်တည်းသာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ သူမသည် မည်သို့ မည်ပုံ ရရှိခဲ့မှန်း မသိသော ကျင့်ကြံခြင်း လမ်းစဉ်မှ မှော်အတတ်ကို ဖော်ဆောင်ကာ လမ်းတစ်လျှောက် တဖြည်းဖြည်း ပိုမို အစွမ်းထက်လာခဲ့၏။

ထို့နောက် ချီခယ်ချင်းသည် သူမ၏ ရွာကို ဖျက်ဆီးခဲ့သော ရန်သူ့နိုင်ငံအား တစ်ကိုယ်တော် သွားရောက် တိုက်ခိုက်တော့၏။

သူမသည် ရန်သူ့စစ်သည် မြောက်မြားစွာကို သတ်ဖြတ်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ရန်သူ့စစ်တပ်ထဲမှ ကျင့်ကြံသူများ သည်းသည်းမည်းမည်း ခြေရာခံလိုက်လာခြင်းကို ခံလိုက်ရသည်။

ချီခယ်ချင်းမှာ အင်အား မမျှသဖြင့် သူတို့၏ ဖမ်းဆီးခံလိုက်ရ၏။

သူတို့က ချီခယ်ချင်းကို အတင်းအကျပ် ကျွန်ပြုလိုကြသော်လည်း သူမက အသေခံမည်ဟု ကြုံးဝါးကာ လုံးဝ အလျှော့မပေးခဲ့ပေ။ ထို့ကြောင့် သူမကို အကျဉ်းချထားလိုက်ကြသည်။

သူတို့၏ ခြယ်လှယ်မှုကို မခံလိုသော သူမ၏ စိတ်ဆန္ဒကြောင့် ဝိညာဉ်အလင်းတန်း တစ်ခုက သူမအပေါ်သို့ ဖြာကျလာခဲ့ပြီး ကျင့်စဉ်ကို ပြောင်းပြန်လှန်ကာ ကျင့်ကြံနိုင်စေခဲ့သည်။

သူမ၏ လှပသော ဆံကေသာများသည် တစ်ညတည်းနှင့် ဖြူဆွတ်သွားခဲ့ပြီး သူမ၏ ကျင့်ကြံခြင်း စွမ်းအားမှာလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့ကာ သူမကို ဖမ်းဆီးထားသူများ အားလုံးကို မျိုးတုံး သတ်ဖြတ်ပစ်နိုင်ခဲ့၏။

ထိုနိုင်ငံ အတွင်း၌ အမျိုးသမီး မိစ္ဆာမ တစ်ပါး၏ ဒဏ္ဍာရီများ ဟိုးလေးတကျော် ဖြစ်လာခဲ့ပြီး လောကကို ကိုင်လှုပ်မတတ် ဆူညံသွားခဲ့တော့သည်။

နောက်ပိုင်းတွင် ချီခယ်ချင်းသည် ရန်သူ၏ ဧကရာဇ် မြို့တော်ဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားပြီး တော်ဝင်ဆွေမျိုးများ အားလုံးကို မျိုးတုံးသတ်ဖြတ်ကာ စစ်တပ်အရာရှိ အားလုံးကိုပါ အဆုံးစီရင်ခဲ့သည်။ ထို့နောက် ရန်သူ့နိုင်ငံ တစ်ခုလုံးကို အပြီးတိုင် ဖျက်ဆီးပစ်ကာ လက်စားချေလိုက်၏။

သူမ၏ ကိုယ်ပိုင် နိုင်ငံမှ ဧကရာဇ်ကမူ ထိုအခြေအနေကို အခွင့်ကောင်းယူကာ လောဘသားကောင် ပီပီ သူမ၏ ဂုဏ်သတင်းကို အသုံးချပြီး ပြိုလဲသွားသော ရန်သူ့နိုင်ငံကို သိမ်းပိုက်လိုခဲ့သည်။

သို့သော် ချီခယ်ချင်းက လုံးဝ ငြင်းဆန်ခဲ့ပြီး စကားတစ်ခွန်းတည်းသာ ချန်ရစ်ခဲ့၏။

"သေမျိုးလောကမှာ နောက်ထပ် စစ်ပွဲတွေ မရှိစေရဘူး!"

သေမျိုး ဧကရာဇ်သည် သူမ၏ ရည်ရွယ်ချက်ကို နားမလည်ခဲ့သော်လည်း သူမ၏ အမိန့်ကိုမူ မလွန်ဆန်ရဲခဲ့ချေ။

နှစ်ပေါင်း (၁၀၀) ကြာပြီးနောက် ချီခယ်ချင်းသည် ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ အစစ်အမှန် အမွေခံ တစ်ဦး ဖြစ်လာခဲ့သည်။

သူမသည် သူမ၏ အယူအဆများကို စတင် ဖြန့်ဝေခဲ့သော်လည်း ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း အတွင်း၌ပင် သူမကို ဆန့်ကျင်သူများ အများအပြား ရှိနေခဲ့၏။

အကြောင်းမူကား ကျင့်ကြံသူ အများအပြားမှာ သေမျိုး မင်းဆက်များ၏ ထောက်ပံ့မှုကို ခံယူထားကြပြီး ၎င်းတို့ကြားရှိ အကျိုးစီးပွားများမှာ အလွန် ကြီးမားနေသောကြောင့်ပင် ဖြစ်သည်။

သို့သော် ချီခယ်ချင်းက လုံးဝ လက်မလျှော့ခဲ့ပေ။ ရှေ့သို့သာ ဆက်လက် ချီတက်ခဲ့ပြီး နှစ်ပေါင်းများစွာတိုင် သူမ၏ လမ်းကြောင်းပေါ်ရှိ အတားအဆီး မှန်သမျှကို တစ်ခုပြီးတစ်ခု ခုတ်ထစ် ရှင်းလင်းပစ်ခဲ့၏။

ထိုအချိန်မှစ၍ ဖူယောင် နယ်မြေ အတွင်း၌ သေမျိုး မင်းဆက်များ ဆိုသည်မှာ မရှိတော့ချေ။ သေမျိုးများ အားလုံး ငြိမ်းချမ်းမှုကို ခံစားရပြီး မည်သည့် ကျင့်ကြံသူမှ သေမျိုးလောက အတွင်းသို့ ဝင်ရောက် စွက်ဖက်ခွင့် မရှိတော့ပေ။

ချီခယ်ချင်း၏ ဂုဏ်သတင်းကြောင့် မရေမတွက်နိုင်သော သေမျိုး ပါရမီရှင်များသည် ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းဆီသို့ စီးဆင်း ဝင်ရောက်လာကြသည်။ ထို့ကြောင့် ဂိုဏ်းသည် ပါရမီရှင်များ လုံးဝ ပြတ်လပ်သွားခြင်း မရှိတော့ဘဲ ဖူယောင် နယ်မြေ တစ်ခုလုံးတွင် လောကကို အုပ်စိုးသည့် အနေအထားကို ထိန်းသိမ်းထားနိုင်ခဲ့၏။

နောက်ပိုင်းတွင် ချီခယ်ချင်းသည် ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်လာခဲ့သည်။

သူမ၏ တပည့်များမှာ များသောအားဖြင့် မည်သည့် နောက်ခံ သို့မဟုတ် ဩဇာအာဏာမှ မရှိကြသော ပါရမီရှင်များသာ ဖြစ်ကြသည်။

စစ်ခုန်လန်သည် သူ၏ စိတ်ထဲတွင် ချီခယ်ချင်း၏ ဂန္ထဝင် အဖြစ်အပျက်များကို ပြန်လည် တွေးတောနေမိသည်။ ပါရမီနှင့် စရိုက်လက္ခဏာပိုင်းတွင် ယောကျာ်း ကျင့်ကြံသူများထက် လုံးဝ မနိမ့်ကျသော ဤအမျိုးသမီး ကျင့်ကြံသူကို သူ လေးစားမိပြီး သူမနှင့် သဘောထား တိုက်ဆိုင်နိုင်မည်ဟု ခံစားမိလိုက်၏။

ထို့ကြောင့် စစ်ခုန်လန်က ချီခယ်ချင်းကို ပြောလိုက်သည်။

"စီနီယာအစ်မကြီး ချီ ရှိနေတဲ့အတွက်ကြောင့်သာ အခုဆို ဖူယောင် နယ်မြေထဲက သေမျိုးလောကမှာ ငြိမ်းချမ်းနေတာပါ။ ကျွန်တော်က စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းက ဖြစ်ပေမဲ့ စီနီယာအစ်မကြီး ချီ ကို အရမ်း လေးစားမိတယ်ဗျ"

ချီခယ်ချင်းက မျက်လုံးပင့်ကာ သူ့ကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်၏။

"လိုရင်းကိုပဲ ပြောစမ်းပါ"

စစ်ခုန်လန်၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင် အနည်းငယ် ပေါ်လာပြီးနောက် ပြောလိုက်၏။

"ကျွန်တော်တို့ရဲ့ ဘိုးဘေးကြီးက ကျွန်တော့်ကို မှာထားဖူးတယ်ဗျ... စစ်မြေပြင်နယ်မြေ ထဲကို ဝင်ရောက်လာရင် စီနီယာအစ်မကြီး ချီ ကို ရှာပြီး အစ်မကြီး ဦးဆောင်တဲ့အတိုင်း လိုက်နာရမယ်တဲ့"

ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ နောက်ကွယ်ရှိ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းမှ လူအများအပြားမှာ နားမလည်နိုင်စွာဖြင့် ရုတ်တရက် ငိုင်သွားကြတော့၏။

'ဘိုးဘေးကြီးက တကယ်ပဲ အဲဒီလို ပြောခဲ့တာလား... ဘာလို့ ငါတို့တွေ မသိခဲ့ရတာလဲ...'

စစ်ခုန်လန် တစ်ယောက် ဘာကို ကြံစည်နေတာလဲဟု သူတို့ မသင်္ကာ ဖြစ်လာကြသည်။

သို့ဖြစ်သော်ငြားလည်း သူ၏ အစွမ်းထက်မြက်လှသော ခွန်အားနှင့် ဘိုးဘေးကြီးနှင့် ဆွေမျိုးတော်စပ်နေသော နောက်ခံတို့ကြောင့် မည်သူကမျှ အသံထွက်၍ မကန့်ကွက်ရဲကြချေ။

စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းသည် ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းကဲ့သို့ ပွင့်လင်းမြင်သာမှု မရှိပေ။ ဆုံးဖြတ်ချက် အားလုံးက ဘိုးဘေးကြီးနှင့် သူ၏ မိသားစု အပေါ်တွင်သာ ဗဟိုပြုနေပြီး အခြားသူများ အားလုံးက မည်သည့် ငြင်းဆန်မှုမျှ မရှိဘဲ နာခံကြရသည် မဟုတ်ပါလော။

ရှေ့ဘက်ရှိ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ စစ်တပ်ကြီးထဲမှ လူအများအပြားကလည်း စစ်ခုန်လန်ကို အံ့အားသင့်သော အကြည့်များဖြင့် အကဲခတ်နေကြ၏။

အကယ်၍ သူ ပြောသလိုသာ တကယ် ဟုတ်မှန်နေခဲ့လျှင် စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းက ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းဆီသို့ ဘာကြောင့် တိုက်ရိုက် မလာခဲ့ကြသနည်း။

ချီခယ်ချင်း၏ အေးစက်လှသော အကြည့်များက စစ်ခုန်လန် တစ်ကိုယ်လုံးကို အပြည့်အဝ လွှမ်းခြုံထားလိုက်၏။

စစ်ခုန်လန်သည် အထွတ်အထိပ် ဘိုးဘေးကြီး တစ်ပါး ဖြစ်နေစေကာမူ ချီခယ်ချင်း၏ အကြည့်အောက်တွင် ဤအမျိုးသမီးနှင့် သူ မယှဉ်နိုင်သလို ရှင်းပြ၍မရသော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။

၎င်းမှာ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ သာလွန် မြင့်မားလှသော ကျင့်စဉ်များကြောင့်သာ ဖြစ်မည်ဟု သူ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ရတော့၏။

ချီခယ်ချင်းက စစ်ခုန်လန်ကို မမှိတ်မသုန်ကြည့်ကာ စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။

စစ်ခုန်လန်သည် အသားအရေ ဖြူဖွေးကာ အထက်တန်းကျ၍ ရုပ်ဖြောင့်လှသည်။ သူ စကားပြောလိုက်သည့် အခါတိုင်း သူ၏ မျက်နှာပေါ်တွင် နွေဦးရာသီ၏ နွေးထွေးမှုများ ပြည့်နှက်နေသည့်နှယ် ရှိပြီး ကြည့်ကောင်းသော ရုပ်ရည်သွင်ပြင် ရှိလေည်။

သူ၏ ဤရုပ်ရည်သွင်ပြင်က ထိုနေရာရှိ အမျိုးသမီး ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်ထားနိုင်ပြီး သူတို့က သူ့ကို ခိုးကြည့်နေကြသဖြင့် ယောကျာ်း ကျင့်ကြံသူ အများအပြား၏ မနာလို ဝန်တိုမှုများကိုပင် မီးမွှေးပေးလိုက်သလို ဖြစ်နေ၏။

သို့သော် ချီခယ်ချင်းမှာမူ ထိုသူများထဲတွင် မပါဝင်ခဲ့ပေ။ သူမက တည်ကြည်လေးနက်သော လေသံဖြင့် ပြတ်သားစွာ မေးလိုက်သည်။

"ဒါ တကယ်ပဲလား..."

စစ်ခုန်လန်က ချက်ချင်းပင် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ရင်း...

"သေချာပေါက် တကယ်ပါပဲဗျာ... စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းရဲ့ စစ်တပ်တင် မကပါဘူး... တခြား ဝိညာဉ်နယ်မြေတွေက စစ်တပ်တွေတောင်မှ စီနီယာအစ်မကြီး ချီ လို တရားမျှတတဲ့သူ တစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါမှသာ စစ်မြေပြင်နယ်မြေ အတွင်းမှာ တောင်နဲ့ ပင်လယ် ကမ္ဘာ အတွက် ဆုံမှတ်တွေကို ပိုပြီး အများကြီး သိမ်းပိုက်ပေးနိုင်မှာလေ..."

ဤစကားက ချီခယ်ချင်း၏ မျက်နှာထားကို အနည်းငယ် ပိုမို ကြည့်ကောင်းလာစေသည်မှာ အမှန်ပင်။

ချီခယ်ချင်းသည် သူမ၏ တစ်သက်တာ ကာလပတ်လုံး သာမန် ကျင့်ကြံသူများ မလုပ်ရဲသော အရာများကို ပြောင်ပြောင်တင်းတင်း အံတု လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ဤ စစ်မြေပြင်နယ်မြေ ထဲသို့ ရောက်ရှိလာချိန်တွင်လည်း သူမ၏ ရင်တွင်း၌ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ဂိုဏ်းစစ်တပ်များ အားလုံးကို ဦးဆောင် ကွပ်ကဲလိုသော ရည်ရွယ်ချက် အမှန်တကယ် ရှိနေခဲ့သည်။

သူမ အနေဖြင့် တောင်နှင့် ပင်လယ် ကမ္ဘာ အတွက် ပိုမိုများပြားသော ဆုံမှတ်များကို သိမ်းပိုက်ပေးနိုင်ရန် စစ်တပ်ကြီးကို ဦးဆောင်နိုင်စွမ်း ရှိသည်ဟုလည်း အခိုင်အမာ ယုံကြည်ထား၏။

သူမ၏ နောက်ကွယ်ရှိ စစ်တပ်ကြီးထဲတွင် ဖူယောင် နယ်မြေ အတွင်းမှ ကျင့်ကြံသူ (၇၀) ရာခိုင်နှုန်း ပါဝင်နေသည်။

ကျန်ရှိသော (၃၀) ရာခိုင်နှုန်းကမူ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းထံ သစ္စာခံထားကြသူများ ဖြစ်ပြီး ထိုသူများ အားလုံးနီးပါးမှာ အသစ် ထွန်းပေါက်လာသော ဂိုဏ်းများသာ ဖြစ်ကြသည်။

ထို (၇၀) ရာခိုင်နှုန်းမှာမူ အမြစ်တွယ် ခိုင်မာနေပြီးသား ရှေးဟောင်း ဂိုဏ်းကြီးများ ဖြစ်ကြပြီး ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းကို အလွန်တရာ အသိအမှတ်ပြု လေးစားကြသူများ ဖြစ်၏။

ယခုအခါတွင်မူ ချီခယ်ချင်း တစ်ယောက် စစ်ခုန်လန်၏ စကားအောက်တွင် ပါသွားသယောင် ရှိနေသည်ကို မြင်လိုက်ရသောအခါ လူအများအပြားမှာ အပေါ်ယံတွင် ဘာမှ မပြောရဲကြသော်လည်း လျှို့ဝှက် အသံလွှင့်ကာ အချင်းချင်း ဆက်သွယ် ပြောဆိုနေကြတော့၏။

အခန်း (၇၂၆) - နက်ရှိုင်းသော မိန်းမပျို ဂိုဏ်းမှ မိတ်ဟောင်းဆွေဟောင်း (အပိုင်း ၂)

~စစ်တပ်ကြီး အတွင်း၌ အလွန် ထူးခြားသော အဖွဲ့တစ်ဖွဲ့ ရှိနေ၏။ ထိုအဖွဲ့မှာ အမျိုးသမီး ကျင့်ကြံသူများဖြင့်သာ ဖွဲ့စည်းထားပြီး တစ်ဦးချင်းစီတိုင်းက ပန်းတစ်ရာ ပွင့်လန်းနေသည့်အလား လှပတောက်ပနေကြ၏။

အနီးအနားရှိ အခြားသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် ဤသို့ တစ်ပြေးညီ လှပနေသော အမျိုးသမီး ကျင့်ကြံသူ အုပ်စုကြီးကို မြင်လိုက်ရသောအခါ နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း မှ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြပြီး မကြာခဏ ခိုးကြည့်တတ်ကြသည်။

ထို အမျိုးသမီး ကျင့်ကြံသူများ၏ မျက်နှာလေးများမှာ ပြိုင်ဘက်ကင်းလောက်အောင် လှပချောမောနေကြသော်လည်း သူတို့၏ အမူအရာများကမူ ရေခဲတမျှ အေးစက်နေကြ၏။ ပတ်ဝန်းကျင်ရှိ ယောကျာ်း ကျင့်ကြံသူများကို အဆိပ်ပြင်းသော မြွေဟောက်များနှင့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများကို ကြည့်သည့်အလား စိမ်းစိမ်းကြည့်နေတတ်ကြသည်။

ထိုအခါ ယောကျာ်း ကျင့်ကြံသူများမှာ ရှက်ရွံ့သွားကြပြီး အများစုက အကြည့်များကို ရုပ်သိမ်းသွားကြသည်။ သို့ဖြစ်သော်ငြားလည်း အချို့ကမူ ရေခဲတမျှ အေးစက်သော အလှတရား၏ ဖမ်းစားမှုအောက်တွင် ရုန်းမထွက်နိုင်ဘဲ ဆက်လက် ငေးမောနေကြဆဲပင်။

အထူးသဖြင့် သူတို့အားလုံး အလွန်အမင်း မနာလို ဝန်တို ဖြစ်နေရသူ တစ်ဦး ရှိ၏။ သူကတော့ နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း အတွင်းရှိ တစ်ဦးတည်းသော ယောကျာ်းလေး ဖြစ်သည့် အစိမ်းရောင် ဝတ်ရုံရှင် ကျင့်ကြံသူပင် ဖြစ်သည်။ ပန်းတစ်ရာ အလယ်က တစ်ဦးတည်းသော ယောကျာ်းလေး မဟုတ်ပါလော။

ကောလာဟလများအရ သူသည် နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း ၏ ယခင် သူတော်စင်မလေး ပြင်ပ၌ ရရှိခဲ့သော ကလေး ဖြစ်ပြီး ဂိုဏ်းသို့ ပြန်လည် ခေါ်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ယခင် သူတော်စင်မလေးသည် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့သော်ငြားလည်း ဤကလေး၏ အံ့မခန်း ပါရမီကြောင့် ဂိုဏ်းက လက်ခံထားရခြင်း ဖြစ်သည်ဟု ပြောစမှတ် ပြုကြသည်။

အစိမ်းရောင် ဝတ်ရုံရှင် ကျင့်ကြံသူကမူ ထိုရန်လိုသော အကြည့်များကို ရှေးဟောင်း ရေခဲကန်ကြီး တစ်ခုအလား အေးစက်လှသော မျက်လုံးများဖြင့် တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။

ထို ကြောက်မက်ဖွယ် မျက်လုံးများကို မြင်လိုက်ရသောအခါ လူအများအပြားမှာ ကျောချမ်းသွားကြပြီး အလိုအလျောက် အကြည့်လွှဲသွားကြတော့၏။

သို့သော် လုံးဝ မကြောက်မရွံ့ဘဲ ဆက်ကြည့်နေသူ အနည်းငယ် ရှိနေသေးသည်။ ထိုအခါ အစိမ်းရောင် ဝတ်ရုံရှင်က ဓားရောင်တစ်ချက်ဝင်းလက်သွားအောင် ဓားကို ဆွဲထုတ်လိုက်၏။ သူ၏ ဓားအရှိန်အဝါက ငြိမ်သက်နေသော သမုဒ္ဒရာကြီး တစ်ခုအလား နက်ရှိုင်း ကျယ်ပြောလှသဖြင့် ထိုအနည်းငယ်သော သူများပင် ခြေလှမ်းများ နောက်ဆုတ်သွားကြရ၏။

“ဆရာ... တကယ် မိုက်တယ်နော်”

အစိမ်းရောင် ဝတ်ရုံရှင်၏ ဘေးတွင် ရပ်နေသော တောက်ပသည့် ပုံရိပ်လေး တစ်ခုက သူ့ထံသို့ အသံလွှင့်ကာ လှမ်းပြောလိုက်သည်။

သူမကား နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း ၏ လက်ရှိ သူတော်စင်မလေး ဖြစ်ပြီး သေရည်သောက်ခြင်းကို အလွန် နှစ်သက်သူ ဖြစ်သည်။ ဂိုဏ်းချုပ်က သူမကို တံခါးပိတ် ကျင့်ကြံရန် မကြာခဏ အပြစ်ပေးလေ့ ရှိသော်လည်း သူမကမူ လုံးဝ နောင်တရဟန် မပြတတ်ချေ။

သူမက အခြားသူ မဟုတ်၊ အစစ်အမှန်သိုင်း ကမ္ဘာ မှ ဝင်စားလာသူ ယဲ့ချင်းဟယ် ပင် ဖြစ်သည်။ ထို အစိမ်းရောင် ဝတ်ရုံရှင်မှာလည်း တာအိုဆရာ လုံရှန်း ပင် ဖြစ်တော့သတည်း။

“ချင်းဟယ်... နောက်တစ်ခါ ဒီလို ကိစ္စမျိုးတွေ ဆိုရင် မင်းက သူတော်စင်မလေး တစ်ယောက် အနေနဲ့ ဝင်ရှင်းတာ ပိုကောင်းမယ်... ငါ တကယ်ကြီး လုပ်ချင်စိတ် မရှိလို့ပါကွာ”

တာအိုဆရာ လုံရှန်း က အသံလွှင့်ကာ ပြန်လည်ချေပလိုက်သည်။

“ဟီးဟီး... အဲဒါတော့ မဖြစ်နိုင်ဘူးလေ ဆရာရဲ့... ဆရာက အခု နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း ရဲ့ လမ်းစဉ် စောင့်ရှောက်သူ ဖြစ်နေပြီ မဟုတ်လား... ဆရာ ဝမ်းသာသင့်တာပေါ့... ဟိုလူတွေဆို ဆရာ့နေရာမှာ အစားထိုး ဝင်ချင်လွန်းလို့ သွားရည်ကျနေကြတာ ဆရာ မမြင်ဘူးလား”

“မင်းရဲ့ ပေါက်ကရ စကားတွေ ရပ်လိုက်စမ်းပါ”

သူတို့ ဆရာတပည့် နှစ်ဦးသည် ဖူယောင် နယ်မြေ သို့ ဝင်စားလာခဲ့ကြပြီးနောက် နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း သို့ အသီးသီး ဝင်ရောက်ခဲ့ကြသည်။ သို့သော် ကံကြမ္မာ၏ အလှည့်အပြောင်းတွင် ယဲ့ချင်းဟယ်က တာအိုဆရာ လုံရှန်း ၏ စီနီယာအစ်မကြီး ဖြစ်သွားခဲ့ပြီး တာအိုဆရာ လုံရှန်း မှာမူ ဂျူနီယာ ညီငယ်လေး ဖြစ်သွားခဲ့ရ၏။

အစစ်အမှန်သိုင်း ကမ္ဘာ တွင် မူလက ဆရာနှင့် တပည့် ဖြစ်ခဲ့သော်လည်း ယခုအခါ စီနီယာအစ်မကြီးနှင့် ဂျူနီယာညီငယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ရာ တာအိုဆရာ လုံရှန်း အနေဖြင့် အလွန်တရာ အကြံအိုက်ကာ ခေါင်းခဲရသည်မှာ သဘာဝပင် ဖြစ်၏။ ထို့ကြောင့်ပင် လွန်ခဲ့သော နှစ်များအတွင်း သူ၏ အမူအရာများမှာ အမြဲတစေ အေးစက်ခက်ထန်နေခဲ့ခြင်း ဖြစ်သည်။

နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း ၏ တစ်ဦးတည်းသော ယောကျာ်း ကျင့်ကြံသူ ဖြစ်နေသဖြင့် အခြား အမျိုးသမီး ကျင့်ကြံသူများမှာ အစပိုင်းတွင် သူ့အပေါ် သံသယ ဝင်ခဲ့ကြသည်။ သို့သော် သူ၏ ဤအေးစက်တည်ငြိမ်သော အပြုအမူများကြောင့် လူတိုင်းက သူ့ကို ပိုမို အထင်ကြီး လေးစားလာခဲ့ကြ၏။ ထိုအကြောင်းများကြောင့်ပင် တာအိုဆရာ လုံရှန်း ကို နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း ၏ ဂိုဏ်းချုပ် က လမ်းစဉ် စောင့်ရှောက်သူ အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ယခင်တစ်ကြိမ် နင်ချီ က သူ့ကို ဆက်သွယ်လာစဉ်က သူ၏ ခံစားချက်များ ပေါက်ကွဲထွက်သွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော စကားတစ်ခွန်းကို ချန်ရစ်ခဲ့ဖူးသည်။

'ကိုးလေး... မင်း စောင့်ကြည့်နေလိုက်...'

ထိုစကားကြောင့် နင်ချီ မှာ နေ့ဝက်ခန့် ရယ်နေခဲ့ရ၏။

ယဲ့ချင်းဟယ် သည် နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း ၏ သူတော်စင်မလေး ဖြစ်သည့်အလျောက် အပြင်ပန်းတွင် တာအိုဆရာ လုံရှန်း ကို ဂျူနီယာ ညီငယ် ဟု ခေါ်ဝေါ်ပြီး၊ သူကလည်း သူမကို စီနီယာအစ်မကြီး ဟု ပြန်လည် ခေါ်ဝေါ်ရသည်။ သို့သော် အသံလွှင့်၍ လျှို့ဝှက် ဆက်သွယ်ရာတွင်မူ ယဲ့ချင်းဟယ် က သူ့ကို ဆရာ ဟုသာ လေးစားစွာ ဆက်လက် ခေါ်ဝေါ်ဆဲပင် ဖြစ်သည်။

အကယ်၍ ထိုသို့သာ မဟုတ်ခဲ့လျှင် တာအိုဆရာ လုံရှန်း သည် အစစ်အမှန်သိုင်း ကမ္ဘာ ကဲ့သို့ပင် သူ၏ ဆရာ တစ်ယောက်၏ ဩဇာအာဏာကို ထုတ်သုံးကာ ဆုံးမပေလိမ့်မည်။

နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း သည် ဖူယောင် နယ်မြေ အတွင်း၌ အထူးခြားဆုံးသော ဂိုဏ်းကြီး ဖြစ်သည်။ ဖူယောင် နယ်မြေ အတွင်း ဖြစ်ပျက်နေသမျှ မည်သည့် ကိစ္စမဆို သူတို့၏ မျက်စိအောက်မှ သေချာပေါက် လွတ်ကင်းနိုင်မည် မဟုတ်ချေ။

စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း သည် ယခင်က နယ်မြေကျော်ဖြတ်ကာ အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို ခြေမှုန်းရန် ကြိုးစားခဲ့ဖူးသည်။ ထိုဂိုဏ်းမှာ နင်ချီ ၏ လက်ရှိ ဂိုဏ်း မဟုတ်ပါလော။ ထို့ကြောင့် တာအိုဆရာ လုံရှန်း နှင့် ယဲ့ချင်းဟယ် တို့ အနေဖြင့် မည်သို့လုပ်၍ စိုးရိမ်ပူပန်မှု မရှိဘဲ နေနိုင်ပါမည်နည်း။

ထို့ကြောင့် စစ်ခုန်လန် တစ်ယောက် ချီခယ်ချင်း အနီးသို့ ချဉ်းကပ်သွားသည်နှင့် တစ်ပြိုင်နက် သူတို့ နှစ်ဦးမှာ မနေနိုင်တော့ဘဲ စကားစမြည် ပြောဆိုလိုက်ကြ၏။

ယဲ့ချင်းဟယ်က အသံလွှင့်ကာ မေးလိုက်၏။

“ဆရာ... စစ်ခုန်လန် က ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း ရဲ့ စစ်တပ်ကြီးဆီ လာပူးပေါင်းတာ ဘာရည်ရွယ်ချက် ရှိမယ်လို့ ထင်လဲ”

တာအိုဆရာ လုံရှန်း က ပြန်လည် ဖြေကြားလိုက်သည်။

“သူ့ရည်ရွယ်ချက်ကိုတော့ ငါ မသိဘူး... ဒါပေမဲ့ ချီခယ်ချင်း တစ်ယောက် သူ့စကားတွေအောက်မှာ တကယ်ပဲ မျောပါသွားမှာကို ငါ စိုးရိမ်နေတာ”

“အဲဒီလိုတော့ မဖြစ်လောက်ပါဘူး ဆရာရယ်... ကိုးလေးနဲ့ ဆရာ့ကို ဖယ်လိုက်ရင် စီနီယာအစ်မကြီး ချီ က ကျွန်မ တတိယမြောက် အလေးစားဆုံး သူပဲ... သူက ကြီးမြတ်တဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့တာလေ... စစ်ခုန်လန် လောက်နဲ့ ဘယ်လိုလုပ် မျောပါသွားနိုင်မှာလဲ”

“မင်း ပြောတာလည်း ယုတ္တိရှိသားပဲ”

“ဆရာ... စီနီယာအစ်မကြီး ချီ က ကျွန်မတို့ နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း ကို အထင်ကြီးတယ်... ကျွန်မ ကြားဖူးတာတော့ သူက ကျွန်မတို့ ဂိုဏ်း အခက်အခဲ ကြုံရတဲ့ အကြိမ်ပေါင်းများစွာမှာ နောက်ကွယ်ကနေ လျှို့ဝှက် ကူညီ ထောက်ပံ့ပေးခဲ့ဖူးတယ်တဲ့”

သူမ စကား ကြောင့်၊ တာအိုဆရာ လုံရှန်း မှာ ငိုင်သွားပြီးနောက် မေးလိုက်၏။

“ဒီကိစ္စကို ဘာလို့ ငါ မသိရတာလဲ”

“ဟီးဟီး... ဒါက သူတော်စင်မလေး နဲ့ ဂိုဏ်းချုပ် နှစ်ယောက်တည်းသာ သိတဲ့ လျှို့ဝှက်ချက်လေ... ဆရာက လမ်းစဉ် စောင့်ရှောက်သူ ဆိုပေမဲ့ ယောကျာ်းလေး တစ်ယောက် ဖြစ်နေတော့ သဘာဝအရ တချို့ကိစ္စတွေကို ဆရာ့ဆီကနေ လောလောဆယ် ဖုံးကွယ်ထားရမှာပေါ့”

“ဒါဆို အခုကျမှ ဘာလို့ ငါ့ကို လာပြောနေရသေးလဲ... ချင်းဟယ်... ငါတို့က အစစ်အမှန်သိုင်း ကမ္ဘာ က လာခဲ့သူတွေ ဆိုပေမဲ့ ဘယ်နေရာ ရောက်ရောက် ယုံကြည်စိတ်ချရတဲ့ သူတွေ အဖြစ် နေထိုင်ရမယ်နော်”

ယဲ့ချင်းဟယ် တစ်ယောက် ဆွံ့အသွားရ၏။ သူမ၏ ဆရာက သူမကို တမင်သက်သက် ဆုံးမစကား ပြောနေသည့်နှယ် အမြဲတစေ ခံစားနေရသည်။

သူတို့ နှစ်ဦးစလုံး၏ ကျင့်ကြံခြင်း စွမ်းအားများမှာ ပေါင်းစည်းခြင်း နယ်ပယ် သို့ ခြေချခါစ အဆင့်တွင် ရှိနေကြတော့၏။

နင်ချီ နှင့် အရင်းနှီးဆုံး သူများ ဖြစ်သည့်အလျောက် သူတို့သည် နင်ချီ၏ အထူး ဂရုစိုက် စောင့်ရှောက်မှုများကို သဘာဝကျကျ ရရှိခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ အစစ်အမှန်သိုင်း ကမ္ဘာ မှ အခြား ဝင်စားသူများထက် များစွာ သာလွန်နေခဲ့ခြင်း ဖြစ်၏။

သူတို့ နှစ်ဦးစလုံးက ရှေ့သို့ အာရုံ ပို့လွှတ်လိုက်ကြသည်။

စစ်ခုန်လန်၏ ချော့မော့ပြောဆိုသော စကားလုံးများ အောက်တွင် ချီခယ်ချင်း တစ်ယောက် တစ်ခဏမျှ ယိမ်းယိုင် မျောပါသွားသည့်နှယ် ထင်ရ၏။

သို့သော် မကြာမီမှာပင် ချီခယ်ချင်း က စစ်ခုန်လန် ကို ရုတ်တရက် မေးခွန်း ထုတ်လိုက်သည်။

“ငါ့စစ်တပ်ထဲကို ဝင်ချင်ရင် မင်းက ငါ့ရဲ့ အမိန့်တိုင်းကို နာခံရမယ်... အဲဒီလို လုပ်နိုင်လား”

ထိုစကားကို ကြားလိုက်ရသောအခါ သူမ မျောပါသွားပြီဟု ထင်မှတ်နေခဲ့သူများ အားလုံး သက်ပြင်းချကာ စိတ်အေးသွားကြတော့၏။ စစ်ခုန်လန်၏ မျက်လုံးများကမူ ကောက်ကျစ်စွာ ဟိုဟိုဒီဒီ ရွေ့လျားသွား၏။

ချီခယ်ချင်း သည် သူ၏ ကွပ်ကဲမှု အာဏာကို လာသိမ်းယူရန် ကြိုးစားနေခြင်း ဖြစ်သည် မဟုတ်ပါလော။ သို့သော် သူသာ သူ၏ စစ်တပ်ကို ဆက်လက် ဦးဆောင်ခွင့် ရနေသရွေ့ မည်သည့် ပြဿနာမှ မရှိနိုင်ပေ။

ထို့ကြောင့် စစ်ခုန်လန် က ချက်ချင်း ပြန်ဖြေလိုက်၏။

“ဒါပေါ့ဗျာ... သေချာပေါက် လုပ်နိုင်တာပေါ့”

သူရဲကောင်းဆန်လှသော ချီခယ်ချင်း ၏ မျက်နှာမှာ ရုတ်တရက် သရော်ပြုံး ယှက်သန်းသွား၏။ ထိုအပြုံးတွင် အမျိုးသမီး တစ်ဦး၏ နူးညံ့သိမ်မွေ့မှုမျိုး လုံးဝ မပါဝင်ဘဲ ရက်စက်မည့်ဟန် ရှိသော အပြုံး အငွေ့အသက် အချို့သာ ပါဝင်နေတော့၏။

“ကောင်းပြီလေ... ဒါဆို၊ မင်းရဲ့ အင်အားစုတွေကို ငါ့စစ်တပ်ထဲ ပေါင်းထည့်လိုက်တော့... ငါ့ရဲ့ တပ်မှူးတွေက မင်းတို့ကို လိုလိုလားလား လက်ခံပေးကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်”

စစ်ခုန်လန်၏ မျက်နှာ ကွက်ခနဲ ပျက်သွားရပြီး ကပျာကယာ .. မေးလိုက်သည်။

“စီနီယာအစ်မကြီး ချီ... ဒါက သိပ်မဟန်ဘူး ထင်တယ်နော်”

သူ့ရည်ရွယ်ချက်က ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း၏ စစ်တပ်ကြီးထဲ ပူးပေါင်းဝင်ရောက်ပြီး သူတို့၏ အင်အားကို အသုံးချရန်သာ ဖြစ်သည်။

သူ၏ ကိုယ်ပိုင် အင်အားစုများအပေါ် ကွပ်ကဲမှု အာဏာ ဆုံးရှုံးခံရန် မဟုတ်ချေ။ အကယ်၍ သူ၏ အင်အားစုများသာ ကစဉ့်ကလျား ဖြစ်သွားခဲ့လျှင် သူက မည်သို့လုပ်၍ ဦးဆောင်နိုင်တော့မည်နည်း။

“ဒါက ငါ့ရဲ့ စည်းမျဉ်းပဲ... ဝင်မယ်ဆိုလည်း ဝင်... မဝင်ဘူး ဆိုရင်လည်း လမ်းလာပိတ်မနေနဲ့”

ချီခယ်ချင်း က အထက်စီးမှနေ၍ ပြတ်သားစွာ ကြိမ်းမောင်းလိုက်တော့၏။

All Chapters