← Chapters

အခန်း (၇၃၀-၇၃၂)

Vol. 49 Ch. 730-732

အခန်း (၇၃၀-၇၃၂)

Vol. 49 Ch. 730-732

အခန်း (၇၃၀) - ပျားမိစ္ဆာဘုရင်မ (အပိုင်း ၂)

~"ဒီအစီအစဉ်က ဖြစ်နိုင်ချေရှိတယ်" နင်ချီက ခပ်ပြုံးပြုံးဖြင့် ဖွင့်ဟဝန်ခံလိုက်သည်။

တာအိုဆရာ ပိုင်ရှန် သည် ယခုအခါ ပေါင်းစည်းခြင်း နယ်ပယ် အစောပိုင်းအဆင့်သို့ ခြေချထားပြီးဖြစ်ကာ စိမ်းပြာရောင် မြူခိုး အဆင့်မြင့်ဂိုဏ်း ၏ အခင်းအကျင်း သခင် တစ်ဦးလည်း ဖြစ်သည်။

သူက ဆက်၍ အကြံပြုလာ၏။

"မဟာမိတ် ခေါင်းဆောင်ကြီး... ကျွန်တော်တို့ အခင်းအကျင်း ကျင့်ကြံသူတွေကလည်း သူတို့ ထွက်မပြေးနိုင်အောင် သင့်တော်တဲ့ အခင်းအကျင်းတစ်ခု စီစဉ်ပေးလို့ရပါတယ်။ အဲဒီ အခင်းအကျင်းကို ကျွန်တော့်ကို ဦးဆောင်ခွင့် ပြုနိုင်မလားဗျ"

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း ရုတ်တရက် ငိုင်သွားကြသည်။ သို့သော် သူ၏ဘေးတွင် သံယောဇဥ်တွယ်လာဟန်ဖြင့် စိမ်းစိမ်းကြည့်နေသော အမျိုးသမီး ကျင့်ကြံသူကို သတိပြုမိသွားချိန်တွင်တော့ အခင်းအကျင်း သခင် ပိုင်ရှန် တစ်ယောက် စိမ်းပြာရောင် မြူခိုး အဆင့်မြင့်ဂိုဏ်း မှ လွတ်မြောက်လိုနေကြောင်း ချက်ချင်း သဘောပေါက်သွားကြတော့၏။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးတွင် သီးသန့် အခင်းအကျင်း ကျင့်ကြံသူ တပ်ဖွဲ့ ရှိသော်လည်း၊ ဂိုဏ်းတိုင်းက သူတို့၏ ကိုယ်ပိုင် ကျင့်ကြံသူများ အခင်းအကျင်းကို ထိန်းသိမ်းရန်အတွက် အခင်းအကျင်း ကျင့်ကြံသူ အချို့ကို ချန်လှပ်ထားတတ်ကြသည်။ ပိုင်ရှန် သည် စိမ်းပြာရောင် မြူခိုး အဆင့်မြင့်ဂိုဏ်း ၏ ဂိုဏ်းချုပ် နှင့် သူ၏ သမီးဖြစ်သူတို့၏ ချုပ်ချယ်မှုအောက်တွင် အမြဲတစေ ပိတ်မိနေခဲ့ပြီး သီးသန့် အခင်းအကျင်း တပ်ဖွဲ့သို့ မဝင်ရောက်နိုင်ခဲ့ပေ။ ယခု သူ၏ စကားက သူတို့နှင့် ကင်းကွာအောင် နေလိုကြောင်း သိသာထင်ရှားလှသည်။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးထဲမှ ယောကျာ်း ကျင့်ကြံသူ အများအပြားကမူ ပိုင်ရှန် ကို အထင်မှားခံခဲ့ရသလို တွေးထင်မိကြသည်။ ဂိုဏ်းချုပ် တစ်ယောက်နှင့် သူ၏ တစ်ဦးတည်းသော သမီးဖြစ်သူ၏ တန်ဖိုးထားမှုကို ရရှိခြင်းက အလွန် ရှားပါးလှသော အခွင့်အရေးကြီး ဖြစ်ပါလျက်နှင့် သူက တန်ဖိုးမထားဟု တွေးကာ ကြိတ်၍ ကဲ့ရဲ့လိုက်ကြ၏။

သို့ဖြစ်သော်ငြားလည်း ပိုင်ရှန် ၏ ပါရမီက အမှန်တကယ်ပင် ထူးချွန်ပြောင်မြောက်လှသည်။ နင်ချီ .. နက်ရှိုင်းသော သစ္စာတရား နယ်မြေ တစ်ခုလုံးကို လောကကို အုပ်စိုး လိုက်သည့် အချိန်မှစ၍၊ အခင်းအကျင်း ကျင့်ကြံသူများသည် နယ်မြေတစ်ခုလုံးတွင် အလွန် အဖိုးတန်လာခဲ့၏။

ဂိုဏ်းတစ်ခုစီ၏ တောင်စောင့် အခင်းအကျင်းကို အဆင့်မြှင့်တင်ခြင်းမှအစ၊ နေရာရွှေ့ပြောင်းရေး အခင်းအကျင်းများ တည်ဆောက်ခြင်းနှင့် ဂိုဏ်းသားများကြား ပူးပေါင်း အခင်းအကျင်းများ ဖန်တီးခြင်းအဆုံး၊ အရာအားလုံးက အခင်းအကျင်း ကျင့်ကြံသူများ၏ ပါရမီကို လိုအပ်ပါသည်။

ထိုအခိုက်အတန့်၌ ပိုင်ရှန် က နင်ချီကို မမှိတ်မသုန် ကြည့်ကာ လျှို့ဝှက် အသံလွှင့်လိုက်၏။

'နင်ချီ... မင်း ငါ့ကို မကူညီဘူးဆိုရင် ငါ ထွက်သွားတော့မှာနော်'

သူ့စကားကို ကြားသောအခါ၊ နင်ချီက ခပ်ဟဟ ရယ်လိုက်ပြီးနောက် အသံထုတ်‌၍ လူသိရှင်ကြား ပြောလိုက်သည်။

"ခင်ဗျား အခင်းအကျင်း ကျင့်ကြံသူ တပ်ဖွဲ့ထဲကို ဝင်လို့ရပါတယ်။ ဦးဆောင်ရမယ့် နေရာအတွက်ကတော့ အရင်ဆုံး သူတို့နဲ့ ပေါင်းစည်းရမယ်။ ခင်ဗျားရဲ့ စွမ်းရည်တွေကို ပြသပြီး အခင်းအကျင်း သခင် တစ်ယောက်အနေနဲ့ အရည်အချင်း ပြည့်မီရဲ့လား ဆိုတာ သက်သေပြရမယ်"

အစပိုင်းတွင် နာကြည်းမှုများ ပြည့်နှက်နေသော ပိုင်ရှန် ၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပသွားပြီး ဝမ်းသာအားရ ဖြစ်သွားတော့၏။

"ကျေးဇူးတင်ပါတယ် မဟာမိတ် ခေါင်းဆောင်ကြီး"

သူသည် စိမ်းပြာရောင် မြူခိုး အဆင့်မြင့်ဂိုဏ်း တည်ရှိရာ နေရာမှနေ၍ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးရှိ သီးသန့် အခင်းအကျင်း ကျင့်ကြံသူ တပ်ဖွဲ့ဆီသို့ တချိုးတည်း.. ထွက်ခွာသွားရာ နိဗ္ဗာန်ဘုံသို့ ရောက်ရှိသွားသည့်နှယ် ခံစားလိုက်ရသည်။

ဦးဆောင်ရမည့် နေရာနှင့် ပတ်သက်၍မူ တာအိုဆရာ ပိုင်ရှန် ထံတွင် ယုံကြည်မှု အပြည့် ရှိနေပါ၏။ နင်ချီ ၏ မျက်နှာသာပေးမှုဖြင့် သူ၏ အခင်းအကျင်း တာအို ကျင့်ကြံခြင်းက အလွန်တရာ ထူးခြား ပြောင်မြောက်နေပြီ ဖြစ်ရာ၊ ခေါင်းဆောင်နေရာကို ရယူရန်မှာ လူတိုင်းကို လက်ခံလာစေရန် တိုက်ပွဲ အနည်းငယ် ထပ်မံ ဆင်နွှဲရုံသာ လိုအပ်တော့သည်။

လူတစ်ယောက်၏ နာကြည်းမှု ပျောက်ကွယ်သွားခြင်းသည် အခြားတစ်ယောက်ထံသို့ ကူးစက်သွားခြင်းပင် ဖြစ်သည်။ စိမ်းပြာရောင် မြူခိုး အဆင့်မြင့်ဂိုဏ်း ၏ ဂိုဏ်းချုပ် နှင့် သူ၏ သမီးဖြစ်သူတို့၏ မျက်လုံးများတွင် ယခုအခါ နာကြည်းချက်များ ပြည့်နှက်နေသော်လည်း သူတို့မှာ အကူအညီမဲ့နေကြသည်။ မဟာမိတ် ခေါင်းဆောင်ကြီး နှင့် ပြဿနာတက်ရန် သူတို့ လုံးဝ စိတ်မကူးရဲကြချေ။

ဧရာမ ခန္ဓာကိုယ်နှင့် သမီးဖြစ်သူက ဖခင်ဖြစ်သူကို အာရုံ ပို့လွှတ်လိုက်သည်။ သူမ၏ နှုတ်ခမ်းများ လှုပ်ရွလာပြီး ငိုယိုကာ တောင်းပန်တော့မည့် အနေအထား ဖြစ်နေ၏။ ဖခင်ဖြစ်သူမှာ ထိုသို့ အကြည့်ခံရသောအခါ နောက်ဆုံးတွင် သက်ပြင်းချလိုက်ပြီး သူ၏ ကာလရှည်ကြာ ခိုင်မာခဲ့သော ဆုံးဖြတ်ချက်များပင် ယိမ်းယိုင်သွားသည့်နှယ် ရှိ၏။

ကွယ်လွန်သွားပြီ ဖြစ်သော သူ၏ ဇနီးသည်ကို အောက်မေ့ သတိရမှုကြောင့်၊ သမီးဖြစ်သူက မိခင်နှင့် တူကာ ကံကောင်းသော ရုပ်ရည်သွင်ပြင် ရှိနေသဖြင့် သူမကို လုံးဝ မပြောင်းလဲစေချင်ခဲ့ပေ။ ယခုမူ အဖိုးတန် သမက်လောင်းကို ဆက်လက် ထိန်းသိမ်းထားရန်အတွက် ဤစည်းမျဉ်းကို ပြောင်းလဲရတော့မည့်ပုံ ပေါ်နေတော့၏။

ရှေ့ဘက်တွင် နင်ချီ က ဆက်ပြောလိုက်သည်။

"မင်းတို့ထဲမှာ တခြား ဖြည့်စွက်ချင်တာ ရှိသေးလား... မရှိတော့ဘူးဆိုရင် တိုက်ခိုက်မယ့် အချိန်ကို သတ်မှတ်ဖို့ ဆက်လုပ်ကြမယ်"

တာအိုဆရာ ပိုင်ရှန် က နောက်သို့ ချာခနဲ လှည့်ထွက် ကာ ပျံသန်းပြန်လာပြီး ပြောလိုက်၏။

"ပျားမိစ္ဆာအုပ်ကြီး က မီးကို ကြောက်တယ်။ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ကလည်း မီးကို ခြယ်လှယ်တဲ့ နေရာမှာ အထူး ကျွမ်းကျင်ကြတယ်လေ။ သူတို့က အကြီးစား မီးတိုက်ခိုက်မှု တစ်ခု လုပ်ပြီးတဲ့ အချိန်ကျမှ ကျွန်တော်တို့ ဝင်လှုပ်ရှားကြတာပေါ့"

နင်ချီ က တည်ကြည်လေးနက်စွာဖြင့် တစ်ခဏမျှ စဉ်းစားခန်း ဝင်လိုက်ပြီး အခြားသူများထံမှ မည်သည့် မှတ်ချက်မျှ ထပ်မံ မထွက်ပေါ်လာသည်ကို မြင်သောအခါ သဘောတူလိုက်သည်။

"ကောင်းပြီလေ"

အမှန်တကယ်တွင် နင်ချီ သည် စနစ်တကျ အကွက်ချ ကြံစည် ထားပြီးသား ဖြစ်သော်ငြားလည်း၊ သူ၏ လက်အောက်ငယ်သားများ တစ်ဟုန်ထိုး တိုးတက် လာစေရန်အတွက် စစ်ပွဲ ဆုံးဖြတ်ချက်များတွင် သူတို့ကို မဖြစ်မနေ ပါဝင်စေခြင်း ဖြစ်၏။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးသည် အနာဂတ်တွင် တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ တို့ကို နှိမ်နင်း သိမ်းပိုက်ရာ၌ အဓိက အုတ်မြစ်ကြီး ဖြစ်သည်။ အကယ်၍ အရာအားလုံးကို သူ ကိုယ်တိုင်ချည်းသာ ဝင်ရောက် စီမံနေမည် ဆိုပါက သူတို့က သူ၏ ခြေလှမ်းများကို မည်သို့လုပ်၍ အမီလိုက်နိုင်မည်နည်း။ ထို့ကြောင့် နင်ချီ က တမင်သက်သက် လုပ်ပိုင်ခွင့်များကို ခွဲဝေပေးထားခြင်း ဖြစ်၏။

ထို့နောက် နင်ချီ က ဆွေးနွေးထားသော ဆုံးဖြတ်ချက်အတိုင်း ပြင်ဆင်ထားကြရန်နှင့် အချိန်မရွေး ဝင်ရောက် တိုက်ခိုက်ရန် အသင့်ပြင်ထားကြရန် လူတိုင်းကို အမိန့်ပေးလိုက်သည်။

စစ်တပ်ကြီးက ရှေ့ဘက်သို့ အာရုံ ပို့လွှတ်လိုက်ကြသည်။ ယခုအခါ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူများသည် ပျားမိစ္ဆာအုပ်ကြီး ကို စတင် ဝန်းရံနေကြပြီ ဖြစ်၏။

မီးတောက်များပမာ နီရဲတောက်ပနေသော ဝတ်ရုံများကို ဆင်မြန်းထားသည့် ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းအလိုက် အပြင်ဘက် ပတ်လည်တွင် တဖြည်းဖြည်း ဖြန့်ကျက် နေရာယူနေကြသည်ကို မြင်တွေ့လိုက်ကြရသည်။ သူတို့က ပျားမိစ္ဆာများ၏ အခင်းအကျင်းကို ရင်ဆိုင်ရန်အတွက် အခင်းအကျင်း တစ်ခုကိုလည်း ဖွဲ့စည်းနေကြ၏။

စစ်တပ်ကြီးကို ဦးဆောင်ကာ နင်ချီ သည် သူတို့၏ အခင်းအကျင်းကို ရန်သူများ၏ အပြင်ဘက်တွင် နေရာချထားလိုက်ပြီး ပုစဉ်းရင်ကွဲကို ဖမ်းမည့် ပုစဉ်း၊ နောက်ကွယ်မှ စောင့်ဖမ်းမည့် ငှက် ( မိမိရှေ့မှ ရန်သူကိုသာ အာရုံစိုက်နေပြီး မိမိနောက်ကွယ်မှ အန္တရာယ်ကို သတိမထားမိခြင်း၊ အခြားသူများ သတ်ပုတ်နေသည်ကို စောင့်ကြည့်ပြီး အချောင်ဝင်နှိုက်ခြင်း) ကဲ့သို့ နောက်ကွယ်မှ အချောင်နှိုက်မည့် ဗျူဟာကို အသုံးပြုလိုက်တော့၏။

နင်ချီ ကိုယ်တိုင်ကမူ အလယ်ဗဟိုရှိ ပျားအုံကြီး၏ အထက်တွင် လျှို့ဝှက် ပေါ်လာခဲ့သည်။

ဓားဘိုးဘေးကြီး သည်လည်း စစ်တပ်ကြီးထံမှ ထွက်ခွာလာပြီး သူနှင့် ဆက်လက် ပူးပေါင်းရန် အသင့်ပြင်ထားလိုက်၏။

ဓားဘိုးဘေးကြီး က ပျားအုံကြီးကို ခုတ်ပိုင်းမည်။ နင်ချီ က ပျားမိစ္ဆာ ဘုရင်မကြီးကို ဖမ်းဆီးမည်။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးမှာ အသက်ရှူဖို့ပင် မေ့သွားကြပြီး အကောင်းဆုံး အခွင့်အရေး ပေါ်ပေါက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြတော့၏။

အချိန်များက တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။ အောက်ဘက်တွင်မူ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူများနှင့် ပျားမိစ္ဆာအုပ်ကြီး တို့၏ တိုက်ပွဲမှာ ပိုမို ပြင်းထန်လာပြီး နှစ်ဖက်စလုံးတွင် အသေအပျောက် အထိအခိုက်များ အလွန် များပြားလာတော့၏။

မီးလျှံငှက် အင်မော်တယ်ဂိုဏ်း က တည်ဆောက်ထားသော အခင်းအကျင်းမှာ နောက်ဆုံးတွင် လုံလောက်သော စွမ်းအားများ စုစည်းမိသွားပုံ ရ၏။ ထိုစဉ် အတွင်းဘက်မှ လူတစ်ယောက်က ညာသံပေးလိုက်၏။

"မီးလျှံငှက် နတ်ဘုရားမီးတောက် ကောင်းကင် လောင်ကျွမ်းခြင်း အခင်းအကျင်းကို အသက်သွင်းကြ"

"နားလည်ပါပြီ.."

အသံများက ပြိုင်တူ လွှတ်ခနဲ တုံ့ပြန်လိုက်ကြ၏။

အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်း မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူ အားလုံးသည် အနီရဲရဲ မီးတောက်များထဲတွင် လွှမ်းခြုံသွားပြီး လေထုမှာ အလွန်တရာ ပူပြင်းလာတော့၏။ ဧရာမ ကောင်းကင်နှင့် မြေကြီး မီးဖိုကြီး တစ်ခုကို ရင်ဆိုင်နေရသည့်အလား နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးပင်လျှင် ထိုအပူရှိန်ကို ခံစားလိုက်ကြရ၏။

ဤမျှနှင့် မပြီးသေးပေ။ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူ အားလုံး၏ ခန္ဓာကိုယ်များမှ မီးတောက် အတောင်ပံများ ထွက်ပေါ်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် မီးလျှံငှက်၏ နတ်ဘုရား ပုံသဏ္ဌာန် ဖန်တီးမည့်အစား၊ ထိုအတောင်ပံများက သူတို့၏ ပတ်လည်တွင် လွင့်ဝဲနေပြီး သူတို့၏ ခြေအောက်သို့ ဆင်းသက်သွားကာ မီးစက်ဝိုင်း တစ်ခုအဖြစ် ပြောင်းလဲသွား၏။

လူတစ်ဦးစီ၏ ခြေအောက်ရှိ မီးစက်ဝိုင်းသည် တဖြည်းဖြည်းနှင့် သော့ခလောက်ပုံစံ ဓမ္မကွင်း လေးကွင်းအဖြစ် ကွဲထွက်သွားပြီး တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်သွားကြရာ၊ နောက်ဆုံးတွင် စက်ဝိုင်းများ အားလုံး တစ်ခုနှင့်တစ်ခု ပေါင်းစပ် ချိတ်ဆက်သွားကြတော့၏။

ထိုအခါ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးသည် ထိုမီးဖိုကြီးက အနီရဲရဲ နေမင်း စက်ပြားကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေကြီးထဲမှ ထိုးထွက်လာသည့်နှယ် ခံစားလိုက်ကြရသည်။ လှိုင်းထနေသော မီးတောက်များက မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူများ နေရာယူထားသော နယ်မြေ တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားပြီး အလယ်ဗဟိုဆီသို့ ဖိသိပ် ဝင်ရောက်လာကြ၏။

အလယ်ဗဟိုရှိ ပျားမိစ္ဆာအုပ်ကြီး မှာ သူတို့၏ အတောင်ပံအား ဖြန့်ကျက် ကာ အသည်းအသန် ခတ်နေကြပြီး အလွန်တရာ စိုးရိမ် ပူပန်နေကြပုံ ရ၏။

ရုတ်တရက် ပျားအုံကြီးထဲမှနေ၍ ဝိညာဉ်အာရုံ တစ်ခုက ပျားမိစ္ဆာများ အားလုံးထံသို့ ပျံ့နှံ့သွား၏။ ပျားမိစ္ဆာများ၏ အခင်းအကျင်းမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။ သူတို့က ပန်ကာရွက်များနှင့် ဆင်တူသော အသေးစား အခင်းအကျင်းများအဖြစ် တစ်စုလျှင် (၆) ကောင်စီ စနစ်တကျ ပြန်လည် ဖွဲ့စည်းလိုက်ကြသည်။

ထို့နောက် ပျားမိစ္ဆာများ၏ အသေးစား အခင်းအကျင်း အုပ်စုများ အားလုံး ပေါင်းစပ်သွားပြီး ပိုမို ကြီးမားသော အခင်းအကျင်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

မူလဝိညာဉ် နယ်ပယ် ရှိ ပျားမိစ္ဆာများတွင် အတောင်ပံ (၂) ဖက်သာ ရှိပြီး၊ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် တွင် (၄) ဖက်၊ ပေါင်းစည်းခြင်း နယ်ပယ် တွင် (၆) ဖက် ရှိကြသည်။

သို့သော် ဤအခိုက်အတန့်တွင် ပျားမိစ္ဆာများသည် သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းကို မမူဘဲ ကိုယ်တွင်း စွမ်းအားများ တဟုန်ထိုး မြင့်တက်လာကြ၏။

ချက်ချင်းပင် သူတို့၏ နောက်ကျောများတွင် အတောင်ပံ အစုံလိုက် ထွက်ပေါ်လာကြ၏။ တဝီဝီ မြည်ဟည်းလျက် ဒေါသတကြီး အတောင်ခတ်နေကြတော့သည်။

ရက်စက်ကြမ်းကြုတ်သော မီးတောက်ကြီးများ နီးကပ်လာသည်နှင့်အမျှ၊ ပြင်းထန်လှသော အပူရှိန်ကလည်း လွှမ်းမိုး ဝင်ရောက်လာတော့၏။

အခန်း (၇၃၁) - ပျားမိစ္ဆာဘုရင်မ (အပိုင်း ၃)

~ပျားမိစ္ဆာအုပ်ကြီးက သူတို့၏ အတောင်ပံများကို အသည်းအသန် ခတ်လိုက်ကြသည်။ အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ ဖြစ်သွားပြီး အသည်းထိတ်ဖွယ် နတ်ဘုရား လေပြင်း အခင်းအကျင်းကြီး တစ်ခု အံ့သြဖွယ် ဖန်တီးကာ အပြင်ဘက်သို့ ယပ်ခတ် ထုတ်လွှတ်လိုက်၏။

နတ်ဘုရား လေပြင်းနှင့် မီးတောက်များ ထိတိုက်မိသွားတော့သည်။

မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများသည် ပျားမိစ္ဆာများ ဤမျှ ကြောက်ခမန်းလိလိ ဉာဏ်ရည်မြင့်မားနေမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။ သူတို့က မီးလျှံငှက် နတ်ဘုရားမီးတောက်ကို အသုံးပြု၍ တစ်ဖက်လူကို ဖိနှိပ်ထားသော်ငြားလည်း၊ ရန်သူက နတ်ဘုရား လေပြင်းကို ထုတ်လွှတ်ကာ မီးလျှံငှက် နတ်ဘုရားမီးတောက်ကို ပြန်လည် ချေဖျက်နိုင်ခဲ့၏။

ချက်ချင်းပင် ပျားအုပ်ကြီးဆီသို့ တဟုန်ထိုး တက်လာသော နတ်ဘုရားမီးတောက်များမှာ တွန်းလှန် ဖယ်ရှားခံလိုက်ရတော့၏။

ခပ်လှမ်းလှမ်းမှ ကြည့်လိုက်လျှင် အလယ်ဗဟိုမှ လေပြင်းများ တိုက်ခတ်နေသော မီးဖိုကြီး တစ်ခုနှင့် တူနေပြီး၊ လေက မီးကို အားဖြည့်ပေးကာ အပြင်ဘက်သို့ မီးစက်ဝိုင်းများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများသည် မီးကို ခြယ်လှယ်နိုင်ကြသော်လည်း၊ ကျင့်ကြံသူ အားလုံးက မီးတောက်များထဲတွင် အထိအခိုက်မရှိ နေနိုင်ကြသည်တော့ မဟုတ်ပေ။

သူတို့ စုပေါင်း ထုတ်လွှတ်ထားသော နတ်ဘုရားမီးတောက်များက အဟုန်ပြင်းစွာ နောက်ပြန် ရိုက်ခတ်လာသောအခါ၊ ကျင့်ကြံခြင်း အဆင့်နိမ့်ပါးသော သူများ အနေဖြင့် မည်သို့လုပ်၍ ခံနိုင်ရည် ရှိပါမည်နည်း။

ရုတ်တရက် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ အစွန်အဖျားရှိ မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ အချို့မှာ ဒဏ်ကို မခံနိုင်တော့ဘဲ ဝေဒနာကို မအောင့်နိုင်တော့ဘဲ သွေးများ ဝေါ့ခနဲ အန်ချကာ ပြင်းထန်စွာ ဒဏ်ရာရသွားကြ၏။

သူတို့၏ အလယ်ဗဟိုရှိ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကျင့်ကြံသူများမှာလည်း ဧရာမ ဖိအားကြီးကို ခံစားရကာ မျက်နှာများ နီရဲလာကြ၏။

ရှေ့တန်းရှိ မီးခြယ်လှယ်ခြင်း အတတ်တွင် အကျွမ်းကျင်ဆုံးသော ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများသာ အနည်းငယ် အခြေအနေ ကောင်းနေသေးသည်။

ပျားမိစ္ဆာအုပ်ကြီး ဘက်တွင်လည်း အထိအခိုက် ကင်းနေသည်တော့ မဟုတ်ချေ။ လောင်ကျွမ်းနေသော မီးတောက်များက သူတို့အနီးသို့ မကပ်နိုင်သော်ငြားလည်း၊ အုပ်စုထဲရှိ အားနည်းသော မိစ္ဆာများသည် ပြင်းထန်လှသော အပူရှိန်ကို အရှုံးပေးလိုက်ရပြီး ဟင်းလင်းပြင်ထဲမှ ပြုတ်ကျကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျ သွားပြီး အလိုအလျောက် မီးလောင်ကျွမ်းသွားကြတော့၏။

အလယ်အလတ်အဆင့် ကျင့်ကြံခြင်း ရှိသော ပျားမိစ္ဆာများမှာမူ ကိုယ်တွင်း အစိုဓာတ်များ ပြင်းထန်စွာ အငွေ့ပျံသွားပြီး အချို့မှာ အပြင်ပန်း အရေခွံများပင် ခြောက်သွေ့ ကျွမ်းကင်သွား၏။ သူတို့၏ ပါးလွှာပြီး မီးလောင်လွယ်သော အတောင်ပံများမှာ မကြာခဏ မီးစွဲလောင်ကာ မီးတောက်များကို ပိုမို ပြန့်ပွားစေခဲ့သည်။

သူတို့ နှစ်ဖက်၏ တိုက်ပွဲမှာ နှစ်ဖက်စလုံး နောက်ဆုတ်၍ မရသလို လက်လွှတ်၍လည်း မရတော့သည့် အခြေအနေသို့ ရောက်ရှိနေတော့၏။ သူတို့က သည်းကြီးမည်းကြီးတိုက်ခိုက် နေကြသည်။

ထိုအခိုက်အတန့်၌ နင်ချီက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်ပြီး ယခင်က စနစ်တကျ အကွက်ချ ကြံစည် ထားသော အစီအစဉ်ကို အနည်းငယ် ပြုပြင် ပြောင်းလဲလိုက်၏။

အကြောင်းမူကား သူတို့၏ အစောပိုင်း အစီအစဉ်တွင် ပျားမိစ္ဆာများ လေကို ခြယ်လှယ်နိုင်စွမ်း ရှိသည်ဆိုသည့် အချက်ကို ထည့်သွင်း စဉ်းစားထားခဲ့ခြင်း မရှိသောကြောင့်ပင်။

ချက်ချင်းပင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးထဲမှ မီးသဘာဝ ကျင့်ကြံသူ တစ်စု ထွက်ပေါ်လာကြသည်။ ထိုအထဲတွင် နဂါးနက်ကြီးလည်း အပါအဝင် ဖြစ်၏။

သူတို့က ကြယ်တံခွန်ပမာ အနက်နှင့် အနီရောင် စပ်နေသော ကောင်းကင် မီးတောက်များကို အဟုန်ပြင်းစွာ ပစ်လွှင့် လိုက်ရာ ပျားအုပ်ကြီး၏ အလယ်ဗဟိုဆီသို့ တည့်မတ်စွာ ကျရောက်သွား၏။

ပျားမိစ္ဆာများသည် ကောင်းကင် မီးတောက်များ ကျဆင်းလာသည်ကို မြင်လိုက်ရသောအခါ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ လက်ချက်ဟုသာ အထင်မှားသွားကြတော့၏။

ကောင်းကင် မီးတောက်များက အလယ်ဗဟိုကို ရိုက်ခတ်သွားရာ၊ အပြင်ဘက်မှ မီးတောက်များကို နတ်ဘုရား လေပြင်းဖြင့် ခုခံနေရသော သူတို့အနေဖြင့် သူတို့အလယ်တွင် ရုတ်တရက် ပေါ်လာသော ဧရာမ မီးတောက်ကြီးကို မည်သို့လုပ်၍ တွန်းလှန်နိုင်ပါတော့မည်နည်း။

ချက်ချင်းပင် အသနားခံ ငိုကြွေးသံပမာ တဝီဝီ အသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ပျားမိစ္ဆာများမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြ၏။ သေခြင်းအငွေ့အသက်တို့ကို သူတို့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံ သွားတော့၏။

ယခုအခါ သူတို့ အတောင်ပံ ခတ်လေလေ၊ အတွင်းဘက်ရှိ မီးတောက်များက ပို၍ အဟုန်ပြင်းစွာ လောင်ကျွမ်းလေလေ ဖြစ်နေပြီး သူတို့ အနေဖြင့် မည်သို့မျှ ယပ်ခတ် ဖယ်ရှားပစ်၍ မရတော့ချေ။

နောက်ဆုံးတွင် ပေါင်းစည်းခြင်း နယ်ပယ် နှင့် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ရှိ ပျားမိစ္ဆာ အများအပြားသည် ပျားအုံကြီးဆီသို့ လုံးလုံးလျားလျား ဆုတ်ခွာသွားကြတော့သည်။

သူတို့က တစ်နေရာတည်းတွင် စုပြုံသွားကြပြီး ပျားအုံကြီး အတွင်းရှိ ပျားမိစ္ဆာ ဘုရင်မကြီးကို အသေခံ ကာကွယ်ရန် သံန္နိဋ္ဌာန်ချလိုက်ကြ၏။

အပြင်ဘက်ရှိ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများမှာလည်း ဤမြင်ကွင်းကို ကြည့်ကာ ရုတ်တရက် ငိုင် သွားကြတော့၏။

ဤအချိန်အထိ ဤမီးတောက်များက ဘယ်ကနေ ရောက်လာမှန်း သူတို့ မသိကြသေးပေ။ 'နောက်ထပ် အဖွဲ့တစ်ဖွဲ့များ ရောက်လာတာလား...'

လူတိုင်း အံ့အားသင့် မှင်သက်နေစဉ်မှာပင်၊ မြေကြီးက သိမ့်သိမ့်ခါသွားအောင်လှုပ်ယမ်းခြင်း ကို ခံစားလိုက်ကြရပြီး မြေကြီးထဲမှ မရေမတွက်နိုင်သော မြေလှံများ တချွန်ချွန် ထိုးထွက်လာတော့၏။

သူတို့ မြေပြင်ပေါ်တွင် ချခင်းထားသော မီးစက်ဝိုင်း အခင်းအကျင်းမှာ ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရ၏။

“ဒုက္ခပဲ... ရန်သူတွေ ရှိတယ်... ကောင်းကင်ပေါ် မြန်မြန် ပျံတက်ကြ”

လူတစ်ယောက်က လွှတ်ခနဲ အော်ဟစ် သတိပေးလိုက်ရာ၊ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ အားလုံး ကောင်းကင်ပေါ်သို့ ပျံတက်သွားကြ၏။

သူတို့ မြေပြင်မှ ခွာလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ အသက်သွင်းထားသော မီးလျှံငှက် နတ်ဘုရားမီးတောက် ကောင်းကင် လောင်ကျွမ်းခြင်း အခင်းအကျင်း မှာ လုံးဝ ပျက်စီးသွားတော့သည်။

မီးလျှံငှက် နတ်ဘုရားမီးတောက်များ အားလုံး စွမ်းအင်ရင်းမြစ် ပြတ်တောက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

ထိုအချိန်မှာပင် နှင်းမုန်တိုင်းထဲတွင် ရစ်ပတ်နေသော မရေမတွက်နိုင်သည့် ရေခဲချွန်များ၊ ရေခဲဘောလုံးများ၊ ရေခဲလှံများ၊ ရေခဲမြှားများနှင့် ရေခဲတုံးများသည် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများထံသို့ တဟုန်ထိုး ကျဆင်းလာတော့သည်။

တစ်ချိန်တည်းမှာပင် မြေပြင်တစ်ခုလုံး ရေခဲများ ဖုံးလွှမ်းသွားပြီး အပူချိန်မှာ ဆောင်းရာသီ ရောက်ရှိလာသည့်နှယ် ရုတ်ချည်း ထိုးကျသွား၏။

အလွန်အမင်း ပူပြင်းမှုမှ အလွန်အမင်း အေးခဲမှုသို့ ကူးပြောင်းသွားခြင်းက မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူများအတွက်ရော အလယ်ဗဟိုရှိ ပျားမိစ္ဆာအုပ်ကြီး အတွက်ပါ ခံနိုင်ရည်ရှိရန် အလွန် ခက်ခဲလှသည်။

အားနည်းသော သို့မဟုတ် ဒဏ်ရာရနေသော သူများစွာမှာ ချက်ချင်းပင် အသက်ပျောက်သွားကြတော့၏။

“ဘယ်သူလဲ... အခုချက်ချင်း ထွက်ခဲ့စမ်း”

မီးလျှံငှက် အင်မော်တယ်ဂိုဏ်း အတွင်းရှိ အထွတ်အထိပ် ဘိုးဘေးကြီး များသည် သူတို့၏ ခန္ဓာကိုယ်များမှ မီးတောက်များကို တစ်ဖန် ပြန်လည် ထုတ်လွှတ်လိုက်ကြပြီး စိမ့်ဝင်နေသော အအေးဒဏ်ကို ခုခံကာ ကျဆင်းလာသော ရေခဲတိုက်ခိုက်မှုများကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ကြသည်။

သို့သော် ချက်ချင်း ဆိုသလိုပင် ရေခဲနှင့် လေများ ရောနှောနေသော ရေလှိုင်းလုံးကြီးများက မြေပြင် တစ်ခုလုံးအပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်လာတော့၏။

မျက်တောင် တစ်ခတ်စာ အချိန်အတွင်း မီးလျှံငှက် အင်မော်တယ်ဂိုဏ်း နှင့် ပျားမိစ္ဆာအုပ်ကြီး နှစ်ဖက်စလုံးမှ အများအပြား မျိုးတုံး သေဆုံးသွားကြသည်။

ရေလှိုင်းများထဲတွင် ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲနေပြီး စက်ဝိုင်းပုံ ရေအကျဉ်းထောင်များ အဖြစ် ဖွဲ့စည်းကာ သို့မဟုတ် လှိုင်းလက်ဝါးကြီးများ အဖြစ် အသွင်ပြောင်းကာ အသက်ရှင် ကျန်ရစ်နေသော လူများနှင့် မိစ္ဆာများကို ပိတ်လှောင်၊ ညှစ်ခြေ၊ ဖမ်းဆုပ်ကာ သတ်ဖြတ်နေတော့၏။

ထိုအထဲတွင် ဧရာမ ရေလှိုင်းကြီးများကို ဖောက်ထွက်နိုင်ခဲ့သူ အနည်းငယ်မှာ ရေထဲမှ ခေါင်းပြူထွက်လာရုံသာ ရှိသေးသည်။

အရောင်အသွေး စုံလင်လှသော မိုးကြိုးပစ်ခတ်မှုများ သို့မဟုတ် စည်းမျဉ်း နတ်ဘုရား ချည်နှောင်မှုများသည် ပင်လယ်ထဲတွင် ကူးခတ်နေသော နတ်နဂါးများအလား ရေထဲတွင် ဟိုဟိုဒီဒီ ဖြတ်သန်း ပစ်ခတ်နေကြ၏။

တဖြောင်းဖြောင်း အသံများနှင့်အတူ မိုးကြိုးစက်ကွင်းများက ထိုကျင့်ကြံသူများကို ရိုက်ခတ်သွားသည်။

ချက်ချင်းပင် လူတိုင်း ထုံကျဉ်သွားကြပြီး သူတို့၏ မူလဝိညာဉ် များပင် ထုံအသွားကြကာ ရေဖြင့် ဖွဲ့စည်းထားသော လှိုင်းလက်ဝါးကြီးများ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး နောက်တစ်ကြိမ် အသတ်ခံလိုက်ကြရပြန်၏။

ဤသို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသော တိုက်ခိုက်မှု သံသရာအောက်တွင် နှစ်ဖက်စလုံး၏ အင်အားစုများမှာ အများစု မျိုးတုံး ပျက်စီးသွားကြတော့သည်။

ဧရာမ ရေလှိုင်းကြီးများ ပြန်လည် ငြိမ်သက်သွားသောအခါ အတွင်းပိုင်းရှိ မြင်ကွင်းက ထင်ရှားလာ၏။

မြေပြင်တစ်ခုလုံး ရွှံ့ဗွက်များ၊ နောက်ကျိနေသော အခြေအနေသို့ ရောက်ရှိသွား၏။

ထိုအထဲတွင် ကျင့်ကြံသူနှင့် ပျားမိစ္ဆာ အနည်းငယ်သာ အသက်ရှင် လွတ်မြောက်ခဲ့သည်။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး အတွင်းရှိ အခြား ကျင့်ကြံသူများက နောက်ထပ် ပေါင်းစပ် တိုက်ခိုက်မှု တစ်ခုကို တစ်ဖန် ထုတ်လွှတ်လိုက်ပြီး အသက်ရှင် ကျန်ရစ်နေသူများအား တိုက်ခိုက်လိုက်ကြသည်။

ဤတိုက်ခိုက်မှု လှိုင်းအပြီးတွင် အထွတ်အထိပ် ဘိုးဘေးကြီး အနည်းငယ်သာ အသက်ရှင် ကျန်ရစ်တော့၏။

သို့သော် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး မှ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများ အားလုံးက ပြိုင်တူ ဝင်ရောက် တိုက်ခိုက်လိုက်ကြရာ အထွတ်အထိပ် ဘိုးဘေးကြီး များပင်လျှင် ဤဆက်တိုက် တိုက်ခိုက်မှုများအောက်တွင် အသီးသီး အသက်ပျောက် သွားကြရတော့သည်။ သူတို့၏ ခန္ဓာကိုယ်လည်း ပျော့ခွေ၍ လဲကျ သွားကြတော့၏။

နောက်ဆုံးတွင် အလယ်ဗဟိုရှိ ပျားအုံကြီး တစ်ခုသာ ကျန်ရစ်ခဲ့တော့၏။

လူအုပ်ကြီးက ၎င်းကို မတိုက်ခိုက်ဘဲ သူတို့၏ တိုက်ခိုက်မှုများကို ရုပ်သိမ်းထားလိုက်ကြသည်။

ဤအခိုက်အတန့်တွင် ပျားအုံကြီးမှာ ပျားမိစ္ဆာ အလောင်းများဖြင့် ဖုံးလွှမ်းနေပြီး ရံဖန်ရံခါ လစ်ဟနေသော နေရာများမှတစ်ဆင့် မီးလောင်ကျွမ်းထားသော ဒဏ်ရာများနှင့် ရေစားထားသော အရာများကို တွေ့မြင်နေရကာ တစ်အုံလုံး အပေါက်အပြဲများ ဖြစ်နေတော့၏။

သို့သော် အတွင်းပိုင်းရှိ သက်စောင့်စွမ်းအင်မှာ ပင်လယ်သမုဒ္ဒရာကြီးအလား ကြီးမား ကျယ်ပြန့်နေဆဲ ဖြစ်ပြီး သိပ်များများစားစား လျော့ကျသွားခြင်း မရှိချေ။

နင်ချီက ဓားဘိုးဘေးကြီး ကို လက်ဟန်ပြလိုက်သည်။

ဓားဘိုးဘေးကြီး က ချက်ချင်းပင် သူ၏ ဓားကို ကိုင်ဆောင်ကာ ခုတ်ချလိုက်ရာ ဓားရောင်တစ်ချက်ဝင်းလက် သွားပြီး ဟင်းလင်းပြင်ကို ခွဲခြမ်းကာ မျက်တောင်တစ်ခတ် အတွင်း ပျားအုံကြီးထံသို့ ရောက်ရှိသွား၏။

ပျားအုံကြီးက မှေးမှိန်စွာ တောက်ပသွားသော်လည်း တစ်ခဏမျှသာ ခုခံနိုင်လိုက်ပြီး ဓားအလင်းတန်း၏ ခုတ်ပိုင်းမှုအောက်တွင် ထက်ပိုင်း ကွဲသွားတော့၏။

၎င်းထဲမှ မည်းမည်းသဏ္ဍာန် အရိပ်တစ်ခု ရိပ်ခနဲ ပြေးထွက်လာပြီး အနီးဆုံးတွင် ရှိနေသော နင်ချီ နှင့် ဓားဘိုးဘေးကြီး ထံသို့ မရေမတွက်နိုင်သော ပုံရိပ်ယောင် နတ်ဘုရား အပ်များကို ပစ်လွှတ်လိုက်သည်။

ဓားဘိုးဘေးကြီး က ဓားတစ်ချက်တည်းဖြင့် ၎င်းတို့ကို ဖျက်ဆီးပစ်လိုက်၏။

နင်ချီက ဓာတ်ကြီးငါးပါး စည်းမျဉ်း စွမ်းအားမျှင် ကို ထုတ်လွှတ်လိုက်ပြီး ဧရာမ လက်ဝါးကြီး တစ်ခုအဖြစ် အသွင်ပြောင်းကာ ကြိမ်းမောင်းလိုက်သည်။

“ဖိနှိပ်စမ်း”

သူ့ထံသို့ ပစ်လွှတ်လာသော ပုံရိပ်ယောင် နတ်ဘုရား အပ်များ အားလုံး တုံ့ခနဲရပ်လိုက်သည်။ အချိန်ကို ရပ်တန့်လိုက်သည့်အလား လေထဲတွင် ခဲသွားကြတော့၏။

အခန်း (၇၃၂) - ပျားမိစ္ဆာဘုရင်မ (အပိုင်း ၄)

~ထိုအခါမှသာ ပုံရိပ်ယောင် နတ်ဘုရား အပ်များကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။

အပ်ပုံရိပ် ရာပေါင်းများစွာ ရှိနေပြီး၊ အတိုအရှည်၊ အထူအပါး အမျိုးမျိုး ကွဲပြားကာ အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားတွင် တစ်လှည့်စီ ပြောင်းလဲနေကြ၏။

အပါးလွှာဆုံး အပ်များမှာ ဝိညာဉ်အာရုံဖြင့်ပင် ဖမ်းယူရန် ခက်ခဲလုမတတ် သေးငယ်လှပြီး၊ အထူထဲဆုံး အပ်များမှာမူ လှံတံကြီးများအလား ကြီးမားလှသည်။

ခြွင်းချက်မရှိ ထို ပုံရိပ်ယောင် နတ်ဘုရား အပ်များ အားလုံးတွင် အဆိပ်ရည်များ စိမ့်ထွက်ကာ တလက်လက် တောက်ပနေ၏။

လူတိုင်းက ၎င်းတို့ကို ဝိညာဉ်အာရုံဖြင့် စူးစမ်း ကြည့်လိုက်သောအခါ သူတို့၏ မူလဝိညာဉ် များမှာ စူးခနဲ နာကျင်သွားသလို ခံစားလိုက်ကြရသည်။

သာမန် မျက်စိဖြင့် ကြည့်မည်ဆိုပါက သူတို့၏ မျက်လုံးများကို အပ်ဖြင့် အထိုးခံရသည့်နှယ် စူးရှသွားကာ လူတိုင်းကို မျက်နှာ ကွက်ခနဲ ပျက် သွားစေပြီး အလွန်တရာ ထိတ်လန့်သွားစေတော့၏။

'ဒီ ပျားမိစ္ဆာ ဘုရင်မကြီးက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား...'

သူတို့က ဟင်းလင်းပြင်ထဲတွင် ဝဲပျံနေသော ပျားမိစ္ဆာ ဘုရင်မကြီးထံသို့ အာရုံ ပို့လွှတ်လိုက်ကြရာ၊ ပထမဆုံး မျက်စိထဲ ဝင်လာသည်က ကြည်လင်တောက်ပနေသော အတောင်ပံ ခြောက်စုံပင် ဖြစ်ပြီး အလွန် လှပ သေသပ်လှသည်။

သူမ၏ ခန္ဓာကိုယ်ကို ဆက်လက် ကြည့်လိုက်သောအခါ လူတိုင်း၏ သူငယ်အိမ်များ အလိုအလျောက် ကျုံ့ဝင်သွားကြတော့၏။

ဤ ပျားမိစ္ဆာ ဘုရင်မကြီးမှာ အမှန်တကယ်ပင် အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ် ရှိနေတော့၏။

သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းမှာ အလွန်တရာ ဆွဲဆောင်မှု ရှိလှပြီး၊ ပျားတစ်ကောင်ကဲ့သို့ သေးသွယ်သော ခါးလေးနှင့် ကျောက်စိမ်းကဲ့သို့ ချောမွေ့သော တင်ပါးများ ရှိကာ၊ တစ်ကိုယ်လုံးကို ကျောက်စိမ်းဖြင့် ထုဆစ်ထားသည့်နှယ် ပြစ်မျိုးမှဲ့မထင် လှပနေ၏။

အရေးကြီးသော အစိတ်အပိုင်းများတွင်သာ အဝါရောင်နှင့် အနက်ရောင် အဓိက ပါဝင်သော အရောင်စုံ အကြေးခွံများဖြင့် ဖုံးအုပ်ထား၏။

သူမ၏ ခြေတံများမှာ သွယ်လျရှည်လျားပြီး လက်မောင်း ခြောက်ဖက် ပါရှိကာ အားလုံးက နှင်းပွင့်များသဖွယ် ဖြူဖွေး သန့်စင်နေသည်။

သူမ၏ မျက်နှာကို ကြည့်လိုက်လျှင် အရောင်အသွေး စုံလင်လှသော ဆံပင်ရှည်ကြီးများက လှိုင်းလုံးများအလား ဖြာကျနေပြီး ဆံပင်မျှင် တစ်ချောင်းစီတိုင်းက ကြည်လင် တောက်ပနေကာ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အများအပြားကို ဖုံးကွယ်ပေးထား၏။

သူမ၏ မျက်လုံးကြီးများက ရေလှိုင်းလေးများအလား တဖျပ်ဖျပ် လက်နေပြီး၊ နှာတံလေးမှာ ချွန်သွယ်ကာ နှုတ်ခမ်းလေးများက နီရဲ တောက်ပနေ၏။

သူမ၏ နဖူးပေါ်ရှိ အာရုံခံ နှာမောင်း နှစ်ခုသာလျှင် ဆံပင်များကြားတွင် ပုန်းကွယ်လျက် အမွှေးမျှင်လေးများအလား ယိမ်းနွဲ့နေ၏။

ပျားမိစ္ဆာ ဘုရင်မကြီး၏ ဤသို့ ရင်သပ်ရှုမောဖွယ် အလှတရားကို မြင်လိုက်ရသောအခါ၊ ထိုနေရာရှိ ယောကျာ်း ကျင့်ကြံသူ အများအပြားနှင့် အချို့သော အမျိုးသမီး ကျင့်ကြံသူများပင်လျှင် သူမ၏ ဆွဲဆောင်မှုအောက်တွင် မျောပါသွားကြတော့၏။

သို့သော် ဓားဘိုးဘေးကြီး ကမူ ကျောက်ရုပ်ကြီးပမာဖြစ် ကာ လုံးဝ ယိမ်းယိုင်သွားခြင်း မရှိချေ။

နင်ချီ၏ ဓာတ်ကြီးငါးပါး စည်းမျဉ်း စွမ်းအားမျှင် များသည် ဧရာမ လက်ဝါးကြီး တစ်ခုအဖြစ် အသွင်ပြောင်းကာ သူမကို ဖိနှိပ်ရန် ဆက်လက် ဆန့်ထွက်သွား၏။

ပျားမိစ္ဆာ ဘုရင်မကြီး၏ အတောင်ပံ ခြောက်စုံမှာ ဟင်းလင်းပြင်ထဲတွင် တဖျတ်ဖျတ် လှုပ်ရှားနေပြီး နင်ချီ၏ ဧရာမ လက်ဝါးကြီးကို ကိုယ်ကိုယိမ်းနွဲ့ကာ ရှောင် တိမ်းနေတော့၏။

သူမ၏ ကိုယ်ဖော့ပညာ မှာ အလွန်တရာ လျှို့ဝှက် ဆန်းကြယ်လှပြီး၊ ကောင်းကင်ဘုံ လမ်းစဉ်နှင့် သဟဇာတ ဖြစ်နေသယောင် ရှိကာ နင်ချီ၏ ဖမ်းဆုပ်မှုများမှ တစ်ကြိမ်ပြီး တစ်ကြိမ် လွတ်မြောက်သွား၏။

ပို၍ အံ့သြစရာ ကောင်းသည်မှာ သူမ နေရာရွှေ့လိုက်တိုင်း အစစ်အမှန်နှင့် တူသော ကိုယ်ပွား တစ်ခုကို ဖန်တီးနိုင်စွမ်း ရှိနေခြင်းပင်တည်း။

တဖြည်းဖြည်းနှင့် ဟင်းလင်းပြင်ထဲတွင် ပျားမိစ္ဆာ ဘုရင်မကြီး ခြောက်ယောက် ပေါ်လာပြီး လူတိုင်းကို နောက်တစ်ကြိမ် မျက်စိလည်သွားစေတော့၏။

ပျားမိစ္ဆာ ဘုရင်မကြီး ခြောက်ယောက်က ပူးပေါင်းလိုက်ကြပြီး လေဟာနယ်ကို ခွဲခြမ်းကာ လေဓားသွားများ ဖန်တီးလိုက်ပြီး နင်ချီထံသို့ တပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြ၏။

သူမရှေ့ရှိ စစ်တပ်ကြီး၏ အဓိက အူတိုင်မှာ နင်ချီ ဖြစ်ကြောင်း သူမ အကဲခတ်မိပြီး ဖြစ်သည်။

ထို့အပြင် ဤစစ်တပ်ကြီးက သူမကို တိုက်ခိုက်မည့် ရည်ရွယ်ချက် မရှိကြောင်းကိုလည်း သူမ သဘောပေါက်ထား၏။

ထို့ကြောင့် နင်ချီကို အနိုင်ယူနိုင်သရွေ့ သူမ လွတ်မြောက်ရန် အခွင့်အရေး ရှိနေသေးသည်ဟု ယုံကြည်ထား၏။

မရေမတွက်နိုင်သော လေဓားသွားများသည် ထောင့်ပေါင်းစုံမှ ဝင်ရောက်လာကြသည်။ အချို့က ပေါ်ပေါ်တင်တင် လာကြပြီး အချို့က ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်လျက် တည့်တည့်မတ်မတ် သို့မဟုတ် ကောက်ကျစ် စဉ်းလဲစွာဖြင့် လေဆင်နှာမောင်း တစ်ခုအလား နင်ချီကို ဝန်းရံလာကြတော့၏။

နင်ချီက အချိန်အတော်ကြာ အသုံးမပြုဖြစ်ခဲ့သော ကျောက်စိမ်း နွေးထွေးသော မီးခိုးငွေ့ နည်းစနစ် ကို အသက်သွင်းလိုက်ရာ သူ၏ ကိုယ်ပတ်လည်တွင် သက်တံ့ရောင် အလင်းကွင်း ခုနစ်ထပ်က ဆပ်ပြာပူဖောင်းလေးများအလား ဝန်းရံသွားပြီး သူ့ကို အကာအကွယ် ပေးထားလိုက်၏။

လေဓားသွားများ အားလုံးက အလင်းကွင်းကို ရိုက်ခတ်သွားပြီး ပူဖောင်း ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။

သို့သော် ထိုတိုက်ခိုက်မှုများက အလင်းကွင်းကို အနည်းငယ် တုန်ခါသွားစေရုံမျှသာ ရှိပြီး လုံးဝ ထိုးဖောက်ဝင်ရောက် နိုင်ခြင်း မရှိချေ။

"ဟူး..."

ပျားမိစ္ဆာ ဘုရင်မကြီးက တိုးညှင်းစွာ သက်ပြင်းချလိုက်ပုံ ရ၏။

သူမက မွှေးပျံ့သော လေငွေ့တစ်ခုကို မှုတ်ထုတ်လိုက်ရာ လေထုထဲတွင် လူတိုင်းကို နတ်သုဒ္ဓါ သောက်သုံးလိုက်ရသည့်နှယ် ခံစားသွားရစေသည့် ရနံ့တစ်ခု ပျံ့နှံ့သွားသည်။

ထို့နောက်၊ ပျားပုံရိပ် ခြောက်ခုစလုံး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ဟင်းလင်းပြင်ထဲတွင် မိစ္ဆာ တစ်ကောင်တည်းသာ ကျန်ရစ်တော့၏။

"ကျွန်မ လက်နက်ချပါရစေလား ရှင်"

ပျားမိစ္ဆာ ဘုရင်မကြီးက ချိုလွင်သောအသံ ဖြင့် မေးလိုက်သည်။

ပျားမိစ္ဆာ ဘုရင်မကြီးက အလိုအလျောက် အညံ့ခံလိုက်သည်ကို မြင်သောအခါ လူတိုင်းက နင်ချီကို မမှိတ်မသုန်ကြည့် လိုက်ကြတော့၏။

နင်ချီသည် ဟင်းလင်းပြင်ထဲတွင် ဝဲပျံနေပြီး ခုနစ်ရောင်ခြယ် အလင်းတန်းများ လွှမ်းခြုံထားကာ သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော အင်မော်တယ် တစ်ပါးအလား ခန့်ညား ထည်ဝါလှပေသည်။

သူက ပျားမိစ္ဆာ ဘုရင်မကြီး၏ စကားကို ပြန်လည် မတုံ့ပြန်ဘဲ ရုတ်တရက် ခေါင်းလှည့်ကာ အရပ်မျက်နှာ တစ်ခုဆီသို့ အာရုံ ပို့လွှတ်လိုက်၏။

သူ၏ အာရုံခံမှုထဲတွင် တပ်ဖွဲ့တစ်ခု အနီးအနားသို့ ရောက်ရှိလာပြီး သူတို့ဆီသို့ ဦးတည် လာနေကြောင်း ထောက်လှမ်း သိရှိလိုက်ရသည်။

နဂါးနက်ကြီးက နင်ချီ၏ ဘေးသို့ ခွေးတစ်ကောင်အလား အမြီးနှံ့ကာ ပြေးသွားပြီး ပျားမိစ္ဆာ ဘုရင်မကြီးကို ကြိမ်းမောင်းလိုက်၏။

"ဆုံမှတ်ပုလဲ ကို ပေး... မင်းရဲ့ မူလဝိညာဉ် ကို ဆက်သလိုက်... ဒါဆို သခင်က မင်းကို အသက်ချမ်းသာ ပေးကောင်း ပေးလိမ့်မယ်"

ပျားမိစ္ဆာ ဘုရင်မကြီး၏ ဆွဲဆောင်မှုရှိသော မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဤ နဂါးနက်ကြီးထံမှ ထွက်ပေါ်နေသော အရှိန်အဝါကို သူမ အာရုံခံမိသည်။ သူမနှင့် ဇာစ်မြစ်တူ နယ်မြေများ ပင်လယ် မှ လာသော သတ္တဝါ တစ်ကောင် ဖြစ်နေသည် မဟုတ်ပါလော။

ဤနဂါးနက်ကြီးသည်လည်း သူမရှေ့ရှိ အင်မော်တယ် အလား ထင်မှတ်ရသော လူငယ်လေး၏ ယဉ်ပါးအောင် ဆုံးမခြင်းကို ခံထားရပြီ ဖြစ်ကြောင်း သူမ ချက်ချင်း သဘောပေါက်သွားတော့၏။

နဂါးနက်ကြီးမှာ နဂါးမျိုးနွယ်ဝင် ဖြစ်ပြီး နဂါးစစ်စစ်များအောက် တစ်ဆင့် နိမ့်သော်လည်း၊ ကျင့်ကြံခြင်း စွမ်းအားပိုင်းတွင်မူ ပျားမိစ္ဆာ ဘုရင်မကြီးက သူ့ထက် ပိုမို အစွမ်းထက်၏။

သူမသည် သဟဇာတဖြစ်ခြင်း နယ်ပယ် သို့ တက်လှမ်းရန် ခြေတစ်လှမ်းဝက်သာ လိုတော့ပြီး သူမ၏ မှော်စွမ်းရည်များက အလွန်တရာ အံ့မခန်း ဖြစ်သည့်အလျောက်၊ မိမိ၏ မူလဝိညာဉ် ကို လုံးဝ မအပ်နှင်းလိုချေ။

နင်ချီက လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဖူယောင် နယ်မြေ က စစ်တပ် ရောက်လာပြီ... အားလုံး အသင့်ပြင်ထားကြ"

ထိုစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြပြီး တိုက်ပွဲဝင်ရန် ချက်ချင်း အခင်းအကျင်း နေရာယူလိုက်ကြ၏။

ဓားဘိုးဘေးကြီး မျက်မှောင် အနည်းငယ် ကြုတ်သွား၏။ အသစ် ရောက်လာသူများမှာ ရန်သူများ မဟုတ်ဘဲ အိမ်နီးချင်း ဖူယောင် နယ်မြေ မှ စစ်တပ် ဖြစ်နေလေသည်။

သူတို့က ဘာကိစ္စ လာကြတာလဲ။

ပျားမိစ္ဆာ ဘုရင်မကြီးသည်လည်း နင်ချီ၏ စကားကို သေချာပေါက် ကြားလိုက်ရသည်။ သူမ၏ ညှို့ဓာတ်ပြင်းသော မျက်လုံးလေးများ တဖျတ်ဖျတ် ခတ်သွားပြီး ထိုလူပြောသော စစ်တပ် ရောက်လာသည်အထိ အချိန်ဆွဲထားရမလားဟု ယတိပြတ် မဆုံးဖြတ် နိုင်ဘဲ တွေဝေသွား၏။ ထိုစစ်တပ် ရောက်လာလျှင် သူတို့ နှစ်ဖက်ကြားတွင် ကစားကွက် ဆင်နိုင်မည်ဟု မျှော်လင့်မိလိုက်၏။

ပျားမိစ္ဆာ ဘုရင်မကြီးသည် ဤနေရာရှိ ဆုံမှတ်ပုလဲ ကို သိမ်းပိုက်ထားသူ ဖြစ်ရာ စစ်တပ် နှစ်ခုစလုံးကို အပြည့်အဝ ခြယ်လှယ် ကစားနိုင်စွမ်း ရှိသည်။

မည်သို့ပင်ဆိုစေ သူမ အနေဖြင့် နင်ချီကို အနိုင်မယူနိုင်သော်ငြားလည်း၊ ဤနေရာရှိ မည်သူကမျှ သူမကို အချိန်တိုအတွင်း အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ဟု ထင်မှတ်ထားတော့၏။

All Chapters