အခန်း (၇၃၃-၇၃၅)
Vol. 49 Ch. 733-735
အခန်း (၇၃၃) - ဆွေးနွေးတိုင်ပင်ခြင်း
~နင်ချီက အနောက်သို့ လှည့်ကာ လူအုပ်ကြီးကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။
"ဖူယောင် နယ်မြေက စစ်တပ် ရောက်လာပြီ... အားလုံး အသင့်ပြင်ထားကြ"
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြပြီး တိုက်ပွဲဝင်ရန် ချက်ချင်း အခင်းအကျင်း နေရာယူလိုက်ကြ၏။
ဓားဘိုးဘေးကြီး မျက်မှောင် အနည်းငယ် ကြုတ်သွား၏။ အသစ် ရောက်လာသူများမှာ ရန်သူများ မဟုတ်ဘဲ အိမ်နီးချင်း ဖူယောင် နယ်မြေမှ စစ်တပ် ဖြစ်နေသည်။
သူတို့ ဘာကိစ္စ လာကြတာလဲ။
ပျားမိစ္ဆာ ဘုရင်မကြီးသည်လည်း နင်ချီ၏ စကားကို သေချာပေါက် ကြားလိုက်ရသည်။ သူမ၏ ညှို့ဓာတ်ပြင်းသော မျက်လုံးလေးများ တဖျတ်ဖျတ် ခတ်သွားပြီး ထိုလူပြောသော စစ်တပ် ရောက်လာသည်အထိ အချိန်ဆွဲထားရမလားဟု ယတိပြတ် မဆုံးဖြတ် နိုင်ဘဲ တွေဝေသွား၏။ ထိုစစ်တပ် ရောက်လာလျှင် သူတို့ နှစ်ဖက်ကြားတွင် ကစားကွက် ဆင်နိုင်မည်ဟု မျှော်လင့်မိလိုက်၏။
သူမသည် ဤနေရာရှိ ဆုံမှတ်ပုလဲ ကို သိမ်းပိုက်ထားသူ ဖြစ်ရာ စစ်တပ် နှစ်ခုစလုံးကို အပြည့်အဝ ခြယ်လှယ် ကစားနိုင်စွမ်း ရှိသည်။
မည်သို့ပင်ဆိုစေ သူမ အနေဖြင့် နင်ချီကို အနိုင်မယူနိုင်သော်ငြားလည်း၊ ဤနေရာရှိ မည်သူကမျှ သူမကို အချိန်တိုအတွင်း အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ဟု ထင်မှတ်ထားတော့၏။
...
နင်ချီ ဦးဆောင်သော နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးသည် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း နှင့် ပျားမိစ္ဆာအုပ်ကြီးတို့အား တိုက်ခိုက်နေစဉ်...
လီတစ်ရာခန့် အကွာအဝေးမှ စစ်တပ်ကြီးတစ်ခုသည် သူတို့ရှိရာ ဆုံမှတ်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ချီတက်လာနေ၏။
လူအုပ်ကြီး၏ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ငွေရောင် စစ်ဝတ်တန်ဆာကို ဆင်မြန်းထားသော အမျိုးသမီး ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး၊ သူမ၏ အရှိန်အဝါမှာ ယောကျာ်းသားများနှင့်ပင် ရင်ပေါင်တန်းနိုင်လောက်အောင် ခန့်ညား ထည်ဝါလှသည်။
သူမ၏ ဘေးတွင် ယောကျာ်း ကျင့်ကြံသူ တစ်ဦးတည်းသာ ရံဖန်ရံခါ စကားအနည်းငယ် ဆိုနေပြီး၊ အခြားသူများ အားလုံးမှာမူ နှုတ်ဆိတ်နေကြ၏။
စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း မှ စစ်ခုန်လန်က လမ်းပြရင်း ပြောလိုက်သည်။
"စီနီယာအစ်မကြီး ချီ... ကျွန်တော် ပြောတဲ့ ဆုံမှတ်ကို ရောက်တော့မယ်ဗျ။ အစစအရာရာ အသင့်ပြင်ထားမှ ရမယ်နော်"
ချီခယ်ချင်းက ချိုလွင်သောအသံ ဖြင့် ပြန်ဖြေလိုက်၏။
"ဒီတိုက်ပွဲမှာ ပါဝင်မယ့် ဖူယောင် နယ်မြေက ကျင့်ကြံသူတွေ အားလုံး ဒီမှာ စုဝေးနေကြပြီလေ။ ပြီးတော့ ပူးပေါင်း တိုက်ခိုက်ရေး အခင်းအကျင်း အတိုင်းလည်း တန်းစီပြီးသားပဲ။ နောက်ထပ် ဘာပြင်ဆင်စရာ လိုသေးလို့လဲ"
"အဲဒါကလေ..."
စစ်ခုန်လန်က စကားကို ခပ်ပေါ့ပေါ့သာ ဆိုလိုက်ခြင်း ဖြစ်သော်လည်း၊ ချီခယ်ချင်းက ဤမျှ တည်ကြည်လေးနက် နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ပိုပြီး ပြင်ဆင်ထားတာ အမြဲတမ်း ကောင်းပါတယ်ဗျာ"
ထိုအခါ၊ ချီခယ်ချင်းက ပြန်လည် ချေပလိုက်သည်။
"ရန်သူကို ရှင်းရှင်းလင်းလင်း မသိရသေးချိန်မှာ ကိုယ့်ကိုယ်ကိုယ်ရော.. ရန်သူကိုပါ သိထားမှ နောက်ထပ် အပြောင်းအလဲတွေ လုပ်လို့ရမှာပေါ့"
ယခင်က စစ်ခုန်လန် သည် သူ၏ လက်အောက်ခံ တပ်မှူးများကို တပ်စုခွဲကာ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း ၏ စစ်တပ်ကြီးထဲသို့ ပေါင်းထည့်ပေးခဲ့ပြီး ဖြစ်ရာ၊ ယခုအခါ ဖူယောင် နယ်မြေ သည် ကျင့်ကြံသူ အားလုံးကို ချီခယ်ချင်း ၏ ကွပ်ကဲမှုအောက်တွင် လုံးလုံးလျားလျား စုစည်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့နောက် စစ်ခုန်လန်က လက်ရှိတွင် ကျယ်ပြန့်သော ကမ္ဘာ မှ စစ်တပ်က သိမ်းပိုက်ထားသော ဆုံမှတ် တစ်ခု အကြောင်း ပြောပြခဲ့ပြီး၊ စစ်တပ် နှစ်ခု ပေါင်းစည်းပြီးနောက် ထိုနေရာသို့ အလျင်အမြန် ချီတက်လာခဲ့ကြခြင်း ဖြစ်သည်။
ဤခရီးစဉ် တစ်လျှောက်တွင် စစ်ခုန်လန် သည် ချီခယ်ချင်း ၏ စရိုက်လက္ခဏာကို တဖြည်းဖြည်း နားလည်လာခဲ့၏။
သံသယ ဝင်တတ်သော်လည်း ယုံကြည်ချက် အပြည့်ရှိသည်။ ရဲရင့်ပြတ်သားပြီး ခေါင်းဆောင်ကောင်း တစ်ယောက်၏ အရည်အချင်းများ ရှိကာ လူတိုင်း၏ ယုံကြည်ကိုးစားမှုကို ရရှိထားသူ...
ချီခယ်ချင်း တွင် တကယ်ကို သူမ၏ ကိုယ်ပိုင် အရည်အချင်းများ ရှိနေကြောင်း ဝန်ခံရပေမည်။
ဤကဲ့သို့သော သူ၏ ဦးဆောင်မှုအောက်တွင် စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူများကို သွားရောက် ပူးပေါင်းခိုင်းခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဟုတ်ရဲ့လားဟု စစ်ခုန်လန် ရုတ်တရက် သံသယ ဝင်သွားမိသည်။
သို့သော် ဤကဲ့သို့သော လူမျိုးက ခြယ်လှယ်ရ ပိုလွယ်ကူသည် ဆိုသည့် အချက်ကိုတော့ စစ်ခုန်လန် လက်ခံထား၏။
မကြာမီမှာပင် သူတို့၏ စစ်တပ်ကြီးသည် ဆုံမှတ် ၏ လီတစ်ရာ အတွင်းသို့ ရောက်ရှိလာခဲ့ပြီး ဝိညာဉ်အာရုံ စွမ်းအားကို အသုံးပြု၍ ထို ဆုံမှတ် ၏ အခြေအနေကို ပိုင်းခြား သိမြင်နိုင်လာကြတော့၏။
စစ်ခုန်လန်က ရှေ့သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"စီနီယာအစ်မကြီး ချီ... အဲဒီဘက်က လီတစ်ရာ အတွင်းမှာ ဆုံမှတ်ရဲ့ နေရာကို အာရုံခံလို့ ရနေပြီဗျ"
ချီခယ်ချင်းက ခေါင်းညိတ်ပြလိုက်သည်။
သူတို့၏ ဝိညာဉ်အာရုံများကို ချက်ချင်း ဖြန့်ကျက်လိုက်ကြ၏။
ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် စစ်ခုန်လန်က ညည်းတွားလိုက်သည်။
"ဒုက္ခပဲ... အဲဒီမှာ တိုက်ပွဲက ပိုပြင်းထန်လာပြီ... စီနီယာအစ်မကြီး ချီ... ကျွန်တော်တို့ မြန်မြန် သွားမှ ဖြစ်မယ်"
ထိုစကားကို ကြားလိုက်ရသည်နှင့် ချီခယ်ချင်းက သူမ၏ နောက်ကွယ်ရှိ စစ်တပ်ကြီးကို ချက်ချင်း အမိန့်ပေးလိုက်၏။
"ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ (၁၀) ယောက် ကျန်ခဲ့ပြီး စစ်တပ်ကို အမြန်ဆုံး ခေါ်လာခဲ့။ ကျန်တဲ့ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ အားလုံး ငါ့နောက်က လိုက်ခဲ့ကြ"
"နားလည်ပါပြီ.."
ချီခယ်ချင်း သည် သူမ၏ စစ်တပ်ကြီးကို ကြိုတင် ပြန်လည် ဖွဲ့စည်းထားပြီး ဖြစ်ကာ၊ အခြေအနေ အမျိုးမျိုးနှင့် ကြုံလာပါက မည်သို့ တုံ့ပြန်ရမည်ကို ဇာတ်တိုက် လေ့ကျင့်ထားပြီး ဖြစ်သည်။
အသစ် ပေါင်းစည်းလာသော စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း စစ်တပ်သည်ပင် တပ်စုခွဲခံထားရသော်လည်း၊ စစ်တပ်အတွင်းရှိ အခင်းအကျင်း အသီးသီးကို ဦးဆောင်သော တပ်မှူးများ၏ အမိန့်ပေးမှုအောက်တွင် စနစ်တကျ လှုပ်ရှား တုံ့ပြန်နိုင်နေကြပြီ ဖြစ်သည်။
စစ်တပ်ကြီး တစ်ခုလုံးက ကြိုတင် ပရိုဂရမ် ဆွဲထားသော စက်ရုပ်ကြီး တစ်ရုပ်အလား အခြေအနေနှင့် လိုက်လျောညီထွေ ချက်ချင်း တုံ့ပြန်နိုင်စွမ်း ရှိနေကြ၏။
ထို့ကြောင့် သူမ၏ လက်အောက်ရှိ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ (၇၉) ယောက်သည် ချက်ချင်း ပျံသန်း ထွက်ခွာလာကြပြီး၊ ချီခယ်ချင်း နှင့် စစ်ခုန်လန် တို့နှင့်အတူ ဆုံမှတ် တည်ရှိရာသို့ အမြန်ဆုံး ချီတက်သွားကြတော့၏။
ထိုလူ (၈၁) ယောက်သည် ပျံသန်းနေစဉ်အတွင်း သူတို့၏ ဝိညာဉ်အာရုံများကို ဆက်လက် ဖြန့်ကျက်ထားကာ လီတစ်ရာ နယ်နိမိတ် အတွင်းရှိ ဆုံမှတ် ၏ အခြေအနေကို စူးစမ်း ထောက်လှမ်းနေကြသည်။
သူတို့က အခြေအနေကို ရှာဖွေတွေ့ရှိပြီးနောက် ရှေ့ပြေး တပ်ဖွဲ့ကို စေလွှတ်လိုက်သည့် အချိန်မှစ၍၊ အမိန့်ပေးပြီး စက္ကန့်အနည်းငယ် အတွင်းမှာပင် ဆုံမှတ် ၏ အခြေအနေမှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့တော့၏။
အစပိုင်းတွင် ဧရာမ နေမင်းကြီး တစ်စင်းအလား ထိုးထွက်လာသော မီးတောက်ကြီးများက ဟင်းလင်းပြင် တစ်ခုလုံးကို လင်းထိန်သွားစေသည်ကို သူတို့ အာရုံခံမိလိုက်ကြသည်။
ထိုအထဲတွင် ကျင့်ကြံသူများနှင့် ကြမ်းကြုတ်သားရဲများ၏ အရှိန်အဝါက ဟုန်းဟုန်းတောက်နေပြီး တိုက်ပွဲ အထွတ်အထိပ်သို့ ရောက်နေကြောင်း ထင်ရှားလှ၏။
သို့သော် မကြာမီမှာပင် အလယ်ဗဟိုမှ နတ်ဘုရား လေပြင်းများ တိုက်ခတ်လာပြီး သိပ်သည်းနေသော မီးတောက်များကို အပြင်ဘက်သို့ လွင့်စင်သွားစေသည်။
ကျင့်ကြံသူများနှင့် ကြမ်းကြုတ်သားရဲများ၏ အရှိန်အဝါမှာလည်း ချက်ချင်းပင် တစ်ဝက်ခန့် မှေးမှိန်သွားတော့၏။
ထို့နောက် ရုတ်တရက် ဆိုသလိုပင် အနက်နှင့် အနီရောင် စပ်နေသော မီးတောက်ကြီး တစ်ခုက ကြယ်တံခွန်ပမာ အလယ်ဗဟိုဆီသို့ တဟုန်ထိုး ကျဆင်းလာ၏။
ဆုံမှတ် ၏ အလယ်ဗဟိုတွင် ကြမ်းကြုတ်သားရဲများ၏ အရှိန်အဝါမှာ ထက်ဝက်ကျော်ခန့် ပျောက်ကွယ်သွားတော့သည်။
စစ်ခုန်လန်၏ မျက်နှာသွင်ပြင် ပြောင်းလဲသွားပြီး ပျံသန်းနေရင်း သူ၏ဘေးရှိ ချီခယ်ချင်းကို ပြောလိုက်၏။
"တစ်ခုခုတော့ လွဲနေပြီ စီနီယာအစ်မကြီး ချီ... တတိယ အဖွဲ့ တစ်ဖွဲ့ ဝင်ပါလာပုံရတယ်ဗျ"
ချီခယ်ချင်းကလည်း ထိုအချက်ကို သဘာဝကျကျပင် အာရုံခံမိထားပြီး ဖြစ်သည်။
အလယ်ဗဟိုတွင် ရုတ်တရက် ပေါ်လာသော အနက်-အနီ မီးတောက်ကြီးက တတိယ အဖွဲ့အစည်း၏ လက်ချက် ဖြစ်နေသည်မှာ ထင်ရှားလှသည်။
ဤအခိုက်အတန့်တွင် သူတို့သည် နှစ်လီခန့်သာ ပျံသန်းရသေးသော်လည်း၊ သူတို့ ဖြန့်ကျက်ထားသော ဝိညာဉ်အာရုံကမူ နှစ်ကီလိုမီတာခန့် ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူတို့၏ ဝိညာဉ်အာရုံ ထောက်လှမ်းနိုင်စွမ်း အကန့်အသတ် အတွင်းမှ အချို့သော အခြေအနေများကို ပိုင်းခြား သိမြင်နိုင်စွမ်း ရှိနေကြတော့သည်။
အနက်-အနီ မီးတောက်ကြီး ကျဆင်းလာပြီးချိန်မှစ၍ တိုက်ပွဲ ဖြစ်ပွားရာ နေရာ၏ အစွန်အဖျားတွင် စစ်တပ်ကြီး တစ်ခု လျှို့ဝှက် ပေါ်ပေါက်လာခဲ့၏။
ချီခယ်ချင်း နှင့် အခြားသူများက ထိုအဖွဲ့သည် တိုက်ပွဲ၏ ဗဟိုချက်ရှိ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများနှင့် နယ်မြေများ ပင်လယ် မှ ကြမ်းကြုတ်သားရဲများကို ဝန်းရံထားလိုက်ပြီ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်ကြသည်။
ထို့အပြင် ထိုအဖွဲ့က ဤမျှ နီးကပ်သော အကွာအဝေးတွင် ပေါ်လာသော်ငြားလည်း ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများနှင့် နယ်မြေများ ပင်လယ် မှ ကြမ်းကြုတ်သားရဲများက လုံးဝ သတိမထားမိခဲ့ခြင်းမှာ အသစ်ပေါ်လာသော ထိုစစ်တပ်ကြီးက အပြင်းစား ကိုယ်ယောင်ဖျောက် အခင်းအကျင်း တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားစွာ ပြသနေ၏။
ချီခယ်ချင်းက သူမ၏ ပျံသန်းမှု အရှိန်ကို မြှင့်တင်လိုက်ရင်း တစ်ချိန်တည်းမှာပင် အသံလွှင့်ကာ မေးလိုက်သည်။
"အဲဒီ စစ်တပ်က ဘယ်အင်အားစုကလဲ ဆိုတာ မှတ်မိတဲ့သူ ရှိလား"
သူမ၏ နောက်ကွယ်ရှိ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ အားလုံးက ခေါင်းခါပြလိုက်ကြပြီး ထိုစစ်တပ်ထဲမှ မည်သူ့ကိုမျှ မမြင်ဖူးကြောင်း ဖွင့်ဟဝန်ခံကြ၏။
စစ်ခုန်လန် ပင်လျှင် လောလောဆယ် မည်သည့်အရာကိုမျှ ပိုင်းခြား မသိမြင်နိုင်သေးချေ။
သူတို့ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း မှ အစစ်အမှန်ဧကရာဇ် လေးပါးကို သတ်ဖြတ်ခဲ့သော နင်ချီ က ထိုစစ်တပ်ကြီးကို ဦးဆောင်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
ပထမအချက်မှာ နင်ချီက ယခုအထိ ကိုယ်ထင် မပြသေးခြင်းကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ သည် မကြာသေးမီကမှ ပြန်လည် ပေါ်ပေါက်လာခြင်းကြောင့် ပင်။
စစ်ခုန်လန်၏ အသိစိတ်ထဲတွင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ သည် တောင်ပိုင်း အစစ်အမှန်နယ်မြေ နှင့် ပေ့ရွှမ် နယ်မြေ တို့ မကြာသေးမီကမှ ပေါင်းစပ်သွားခြင်းကြောင့် ဖြစ်ပေါ်လာသော ရလဒ် တစ်ခုသာ ဖြစ်ပြီး၊ သူတို့ထံတွင် အင်မော်တယ် ဂိုဏ်း တစ်ခုပင် မရှိသေးချေ။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ စစ်တပ်ကြီးသည် ဤစစ်မြေပြင်နယ်မြေ အတွင်း၌ အားအနည်းဆုံး အင်အားစု ဖြစ်နေမည်မှာ သေချာလှသည်။
ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများနှင့် နယ်မြေများ ပင်လယ် မှ ကြမ်းကြုတ်သားရဲများကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရဲသည့် ရှေ့ဘက်ရှိ စစ်တပ်ကြီးမှာ မည်သို့လုပ်၍ နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ စစ်တပ်ကြီး ဖြစ်နိုင်ပါမည်နည်း။
အခန်း (၇၃၄) - ဆွေးနွေးတိုင်ပင်ခြင်း (အပိုင်း ၂)
~စစ်ခုန်လန်၏ ခေါင်းထဲတွင် အတွေးများ ချာချာလည်နေပြီး တစ်ခဏမျှ စဉ်းစားခန်း ဝင်ပြီးနောက် ပြောလိုက်၏။
"အဲဒီ စစ်တပ်က ဘယ်အင်အားစုကလဲ ဆိုတာ ကျွန်တော် မသိပေမဲ့... သေချာတာ တစ်ခုကတော့ တောင်နဲ့ ပင်လယ် ကမ္ဘာက ကျင့်ကြံသူတွေ ဖြစ်ရမယ်ဗျ"
စစ်ခုန်လန်၏ စကားက ဘာမှမသိရခြင်းထက်စာလျှင် တော်သေးသည်ဟု ဆိုရမည် ဖြစ်သော်လည်း၊ အခြေအနေကို အနည်းငယ် အနေရခက်သော တိတ်ဆိတ်မှုဆီသို့ တွန်းပို့လိုက်၏။
ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများနှင့် နယ်မြေများ ပင်လယ်မှ ကြမ်းကြုတ်သားရဲများကို တစ်ပြိုင်နက်တည်း ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းရှိသော အင်အားစု တစ်ခုသည် သေချာပေါက် သူတို့ တောင်နဲ့ ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများသာ ဖြစ်ပေလိမ့်မည် မဟုတ်ပါလော။
"ဒီ စစ်မြေပြင်နယ်မြေ ထဲမှာ ငါတို့ ဖူယောင် နယ်မြေက လွဲရင်၊ တောင်နဲ့ ပင်လယ် ကမ္ဘာက တခြား ဘယ်ဝိညာဉ်နယ်မြေတွေများ ဝင်လာနိုင်ချေ ရှိလဲ"
ချီခယ်ချင်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
စစ်ခုန်လန်က ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့ရဲ့ ဖူယောင် နယ်မြေက တောင်နဲ့ ပင်လယ် ကမ္ဘာရဲ့ အရှေ့တောင်ဘက်မှာ ရှိတာလေ။ စစ်မြေပြင်နယ်မြေ တစ်ခုစီက သူ့ရဲ့ တူညီတဲ့ အရပ်မျက်နှာမှာရှိတဲ့ ဝိညာဉ်နယ်မြေတွေက ကျင့်ကြံသူတွေကိုပဲ စုပ်ယူခေါ်ဆောင်လာတာ။ ဒါကြောင့် ဖူယောင် နယ်မြေနဲ့ နီးစပ်တဲ့ ဝိညာဉ်နယ်မြေတွေက ဒီ စစ်မြေပြင်နယ်မြေ ထဲကို ဝင်လာနိုင်တယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်"
နောက်ဆုံးတော့၊ စစ်ခုန်လန်မှာ.. အနည်းငယ် အသုံးဝင်မည့် စကားတစ်ခွန်းကို ပြောထွက်လာခဲ့တော့၏။
ထိုအခါ၊ ချီခယ်ချင်းက တိုးညှင်းစွာ ညည်းတွားလိုက်သည်။
"ဖူယောင် နယ်မြေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဝိညာဉ်နယ်မြေတွေက... အရှေ့ဘက်မှာ မကြာသေးခင်ကမှ ပြန်ပေါ်လာတဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရှိတယ်၊ အနောက်ဘက်မှာ လန်ယာ နယ်မြေ၊ မြောက်ဘက်မှာ ထိုက်အာ နယ်မြေ၊ တောင်ဘက်မှာ ဖုန်လိုင် နယ်မြေ... ရှေ့က ကျင့်ကြံသူတွေက ဘယ်နယ်မြေက လာတာများလဲ"
"နက်ရှိုင်းသော သစ္စာတရား နယ်မြေကတော့ သေချာပေါက် မဟုတ်ဘူးဗျ"
စစ်ခုန်လန်က ပြတ်သားစွာ ပြောလိုက်၏။
တဆက်တည်း၌၊ သူက ရှေ့သို့ အာရုံ ပို့လွှတ်လိုက်သည်။ သူ၏ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားဖြင့် ဆုံမှတ်ရှိ မြင်ကွင်းအချို့ကို လှမ်း၍ အကဲခတ်နိုင်စွမ်း ရှိလေ၏။
"ဘယ်သူပဲ ဖြစ်ဖြစ်လေ... သူတို့ အဲဒီဆုံမှတ်ကို မသိမ်းပိုက်ရသေးသရွေ့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိနေသေးတာပဲ"
ချီခယ်ချင်းလည်း.. ထိုစကားကို သဘောတူကြောင်း အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
သူတို့သည် အရှိန်မြှင့်ကာ ရှေ့သို့ ဆက်လက် ပျံသန်းလာခဲ့ကြသည်။ ဝိညာဉ်အာရုံဖြင့် စကားအနည်းငယ် ဖလှယ်လိုက်သည့် အချိန်တိုလေး အတွင်းမှာပင် သူတို့သည် (၅) လီခန့် ခရီးပေါက်လာခဲ့တော့၏။
ဤအခိုက်အတန့်တွင် ရှေ့ဘက်ရှိ တိုက်ပွဲ အခြေအနေက တစ်ဖန် ပြောင်းလဲသွားပြန်သည်။
အသစ် ပေါ်လာသော ထိုစစ်တပ်ကြီးသည် လေဆင်နှာမောင်းများနှင့် ရောနှောနေသော မရေမတွက်နိုင်သည့် ရေခဲတိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်လွှတ်ကာ အလယ်ဗဟိုရှိ အင်အားစု နှစ်ခုလုံးကို ဝင်ရောက် တိုက်ခိုက်နေသည်ကို သူတို့ အာရုံခံမိလိုက်ကြ၏။
ဤတိုက်ခိုက်မှု လှိုင်းအပြီးတွင် အသက်ရှင် ကျန်ရစ်နေသော ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများနှင့် နယ်မြေများ ပင်လယ်မှ ကြမ်းကြုတ်သားရဲများမှာ နောက်ထပ် တစ်ဝက်ခန့် မျိုးတုံး သေဆုံးသွားကြပြန်သည်။
ချီခယ်ချင်းနှင့် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ (၈၁) ယောက်စလုံး၏ မျက်နှာထားများ တင်းမာသွားကြတော့၏။
အသစ် ပေါ်လာသော ဤစစ်တပ်ကြီး၏ တိုက်ခိုက်မှုများက အလွန်တရာ ထက်မြက် ပြတ်သားလှပြီး နှစ်ဖက်စလုံး၏ အားနည်းချက်များကိုသာ တည့်တည့်မတ်မတ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။
သူတို့ နောက်ထပ် (၅) လီခန့် ရှေ့သို့ ဆက်တက်လာခဲ့ကြသည်။
တိုက်ပွဲမြေပြင်တွင် ကောင်းကင်ထက် မြင့်မားသော ဧရာမ ရေလှိုင်းကြီးများ ရိုက်ခတ်လာသည်ကို တွေ့လိုက်ရ၏။
ထိုအထဲရှိ သက်စောင့်စွမ်းအင်များမှာ အစွမ်းအထက်ဆုံး သူများသာ ကျန်ရစ်တော့၏။
ချက်ချင်းပင် တိုက်ပွဲ အခြေအနေက နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွားပြန်သည်။ အသည်းထိတ်ဖွယ် မိုးကြိုးစွမ်းအားများ ဟိုဟိုဒီဒီ ဖြတ်သန်း ပစ်ခတ်လာပြီး ဧရာမ ရေလှိုင်းကြီးများထဲသို့ ပေါင်းစပ် ဝင်ရောက်သွားတော့၏။
(၁၈၀) လီခန့် အကွာအဝေးမှပင် ချီခယ်ချင်းနှင့် အခြားသူများသည် မိုးကြိုး မြည်ဟည်းသံများကို တဝုန်းဝုန်း ကြားနေရ၏။
အလယ်ဗဟိုရှိ အင်အားစု နှစ်ခုလုံး၏ သက်စောင့်စွမ်းအင် အများစုမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သူတို့၏ ဝိညာဉ်အာရုံက ထောက်လှမ်း သိရှိလိုက်ရသည်။
ယခုအခါ သူတို့သည် ထိုဆုံမှတ်ဆီသို့ ရောက်ရန် (၈၀) လီသာ လိုတော့၏။
ရှေ့သို့ ပျံသန်းနေရင်း သူတို့၏ ကိုယ်နေဟန်ထားများ အလိုအလျောက် အနည်းငယ် နှေးကွေး တုံ့ဆိုင်းသွားကြ၏။
သို့သော် ရှေ့ဆုံးမှ ခေါင်းဆောင် ဖြစ်သူ ချီခယ်ချင်းက အရှိန်မလျှော့သေးသည်ကို မြင်လိုက်ရသောအခါ သူတို့ ချက်ချင်း ပြန်လည် လိုက်ပါသွားကြရသည်။
လူတစ်ယောက်က သိလိုစိတ်အား ထုတ် မေးလိုက်သည်။
"စီနီယာအစ်မကြီး ချီ... ဟိုဘက်က လူတွေက အဲဒီဆုံမှတ်က ရန်သူတွေကို အကုန် ရှင်းပစ်လိုက်ပြီ ထင်တယ်... ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ လိုသေးလို့လား"
ချီခယ်ချင်းက ပြန်ဖြေလိုက်၏။
"တစ်ဖက်လူက ယဇ်ပလ္လင် မတည်ဆောက်ရသေးသရွေ့ ..ငါတို့မှာ အခွင့်အရေး ရှိနေသေးတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ လူအများအပြား အံ့အားသင့်သွားကြတော့သည်။
ရှေ့မှ စစ်တပ်သည်လည်း တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများသာ ဖြစ်၏။
အကယ်၍ ထိုသူများက ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများနှင့် နယ်မြေများ ပင်လယ်မှ ကြမ်းကြုတ်သားရဲများကို ရှင်းလင်းပြီးချိန်မှ သူတို့က အနီးကပ် ချဉ်းကပ်သွားမည် ဆိုပါက... ဒါက.. ဘဝတူ ကမ္ဘာမှ ကျင့်ကြံသူများထံမှ လုယက်ခြင်းနှင့် အတူတူပင် ဖြစ်မနေဘူးလော။
ကျင့်ကြံသူများ လောကတွင် ဤကဲ့သို့သော ကိစ္စများမှာ အဆန်းတကြယ် မဟုတ်သော်ငြားလည်း၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများ အချင်းချင်း သတ်ဖြတ်ရန်... ရှင်းလင်းစွာ အသိပေးထားခဲ့ပြီး ဖြစ်သည်။
ချီခယ်ချင်းက သူတို့၏ အတွေးများကို သဘာဝကျကျ ရိပ်မိသွားပြီး ဆက်ပြောလိုက်၏။
"စိတ်မပူပါနဲ့... ငါက ဖြစ်နိုင်ချေ တစ်ခုကို ပြောပြရုံပါ။ အဲဒီရောက်ရင်လည်း ငါတို့က သူတို့နဲ့ ဆုံမှတ် လုချင်မှ လုမှာပါ... ရိုးရိုး တွေ့ဆုံလိုက်တာကလည်း ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ"
ထိုစကားကို ကြားလိုက်ရမှသာ သူမ၏ နောက်မှ လိုက်ပါလာသော ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများ စိတ်အေးသွားကြတော့၏။
သူတို့အမြင်တွင် ရှေ့ဘက်ရှိ တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများသည် အသည်းထိတ်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားကြသည်။
ကိုယ်ယောင်ဖျောက်နိုင်စွမ်း ဖြစ်စေ၊ ရန်သူ၏ အားနည်းချက်ကို ပစ်မှတ်ထားသော ဆက်တိုက် တိုက်ခိုက်မှုများ ဖြစ်စေ... ဤစစ်တပ်သည် စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း ပင်လျှင် ဝင်မလုရဲသော ဆုံမှတ်ကို အလွယ်တကူ သိမ်းပိုက်သွားခဲ့ပြီ မဟုတ်ပါလော။
အကယ်၍ သူတို့က ထိုအဖွဲ့နှင့် ရန်သူ ဖြစ်သွားမည် ဆိုပါက လုံးဝ ပညာမဲ့ရာ ကျပေလိမ့်မည်။
ထိုအခိုက်အတန့်၌ သူတို့သည် အသည်းထိတ်ဖွယ် ဓားအလင်းတန်း တစ်ခု ကျဆင်းလာသည်ကို အာရုံခံမိလိုက်ကြ၏။
ထိုတိုက်ပွဲမြေပြင်တွင် အသည်းထိတ်ဖွယ် မိစ္ဆာသားရဲကြီး တစ်ကောင် ပေါ်လာသည်။
ထို့အပြင် တစ်ဖက် စစ်တပ်ထဲမှ ခေါင်းဆောင် ဖြစ်ဟန်တူသူကလည်း ကိုယ်ထင်ပြလာပြီး ထိုမိစ္ဆာသားရဲကြီးနှင့် ရင်ဆိုင် တိုက်ခိုက်နေ၏။
လူတိုင်း၏ ဝိညာဉ်အာရုံက ထိုမိစ္ဆာသားရဲကြီးကို ရင်ဆိုင်နေသော ကျင့်ကြံသူထံသို့ စူးစိုက် ရောက်ရှိသွားကြတော့သည်။
ပျံသန်းနေသော စစ်ခုန်လန်.. တုံ့ခနဲ ရပ်လိုက်သည်။ သူ၏ မျက်လုံးများက မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားပြီး နှလုံးသားမှာ သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားရ၏။
'မဖြစ်နိုင်ဘူး... ဘယ်လိုလုပ် သူ ဖြစ်နေရတာလဲ'
သူက စိတ်ထဲမှ လျှို့ဝှက် အော်ဟစ်နေသော်ငြားလည်း၊ သူ၏ သိမ်မွေ့သော ခန္ဓာကိုယ် တုံ့ပြန်မှုများက အနီးအနားရှိ ချီခယ်ချင်း၏ မျက်စိအောက်မှ မလွတ်ကင်းနိုင်ခဲ့ချေ။
ချီခယ်ချင်းက သူ့ကို အမြဲတစေ အကဲခတ်နေခဲ့သည်လား။
ချီခယ်ချင်းက လှမ်းမေးလိုက်သည်။
"ဂျူနီယာ စစ်ခုန်... ဟိုဘက်က လူကို မင်း သိနေပုံ ရတယ်နော်"
စစ်ခုန်လန်၏ မျက်နှာ ကွက်ခနဲ ပျက် သွားပြီး မျက်လုံးများ ဟိုဟိုဒီဒီ ရွေ့လျားသွားကာ စကားလုံးများကို ခေါင်းထဲတွင် စီစဉ်နေရတော့၏။
နင်ချီကို မှတ်မိသွားပြီးနောက်တွင်၊ ရှေ့မှ စစ်တပ်ကြီးသည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူများ ဖြစ်ကြောင်း သူ နောက်ဆုံးတော့ သဘောပေါက်သွားခဲ့တော့သည်။
သို့သော် ဒါက အရမ်း ကြောက်စရာ ကောင်းလွန်းနေ၏။
ယခင်တစ်ကြိမ် သူတို့ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းက တောင်ပိုင်း အစစ်အမှန်နယ်မြေ ၏ ဂိုဏ်းရေးရာ ကိစ္စများတွင် ဝင်ပါခဲ့စဉ်က၊ တောင်ပိုင်း အစစ်အမှန်နယ်မြေ ၌ ဖြစ်စေ၊ ပေ့ရွှမ် နယ်မြေ ၌ ဖြစ်စေ... အစွမ်းထက်သော ဂိုဏ်းအင်အားစုများ မရှိခဲ့ကြချေ။
ထို့ကြောင့်ပင် ယူဟွာ အဆင့်မြင့်ဂိုဏ်း နှင့် ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း တို့က သူတို့ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း ထံသို့ အကူအညီ တောင်းရန် လူလွှတ်ခဲ့ကြခြင်း မဟုတ်ပါလော။
ထို့နောက် နင်ချီက သူတို့ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း မှ ပေါင်းစည်းခြင်း သခင်ကြီး လေးပါးကို သတ်ဖြတ်ခဲ့ပြီးနောက်၊ ဘိုးဘေးကြီး စစ်ခုန် က နယ်မြေကျော်ဖြတ်ကာ ထိုတစ်ဖက်လူကို မျိုးတုံး သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း သခင်ကျန့်ရွှမ် ဟု ခေါ်သော လူတစ်ယောက်၏ တွန်းလှန် ဖယ်ရှားခြင်းကို ခံခဲ့ရသည်။
ထိုအချိန်မှစ၍ သူတို့ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း သည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ ကိစ္စများတွင် လုံးဝ ဝင်ရောက် မစွက်ဖက်တော့ချေ။
ထိုအချိန်မှ ဝိညာဉ်ကမ္ဘာ စစ်ပွဲ စတင်သည့် အချိန်အထိ ဆယ်စုနှစ် အနည်းငယ်သာ ကြာမြင့်ခဲ့သေး၏။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ ပြန်လည် ပေါ်ပေါက်လာခြင်းနှင့်အတူ နင်ချီက နက်ရှိုင်းသော သစ္စာတရား နယ်မြေ တစ်ခုလုံးကို သေချာပေါက် စုစည်းသွားလိမ့်မည်ဟု သူတို့ ခန့်မှန်းထားခဲ့ကြသည်။
သို့သော် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရှိ ကျင့်ကြံသူများ၏ ယေဘုယျ အရည်အသွေးမှာ သူတို့ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း ထက် များစွာ နိမ့်ကျနေဆဲပင် ဖြစ်၏။
ယခုတစ်ကြိမ် စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက်လာပြီးနောက် စစ်ခုန်လန် အနေဖြင့် နင်ချီနှင့် တစ်ယောက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်ရန် လုံးဝ မတွေးရဲခဲ့ပေ။ သူတစ်ပါး ဓားငှား၍ လူသတ်ကာ ဘိုးဘေးကြီး၏ နာကြည်းချက် အချို့ကို ဖြေဖျောက်ပေးရန်သာ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
အခန်း (၇၃၅) - ဆွေးနွေးတိုင်ပင်ခြင်း (အပိုင်း ၃)
~သူ၏ အသိစိတ်ထဲတွင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ စစ်တပ်အင်အားမှာ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း ဦးဆောင်သော စစ်တပ်နှင့် လုံးဝ နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ယခု သူ၏ မျက်စိရှေ့မှောက်ရှိ မြင်ကွင်းက စစ်ခုန်လန် ၏ ယုံကြည်ချက် အားလုံးကို အပြည့်အဝ ချေဖျက်ပစ်လိုက်တော့၏။
စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း ပင်လျှင် ယခင်က ဤ ဆုံမှတ် ကို အလွယ်တကူ မသိမ်းပိုက်ရဲဘဲ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း ၏ အကူအညီကို ယူပြီးမှသာ လာရောက်ရဲခဲ့သည်။ သို့သော် ယခုအခါ ဤ ဆုံမှတ် မှာ နင်ချီ ဦးဆောင်သော စစ်တပ်၏ သိမ်းပိုက်ခြင်းကို ခံရတော့မည် မဟုတ်ပါလော။
ဤအဖြစ်အပျက်ကြောင့် စစ်ခုန်လန် အနေဖြင့် မည်သို့လုပ်၍ မအံ့သြဘဲ နေနိုင်ပါမည်နည်း။
သူသည် သူတစ်ပါး ဓားငှား၍ လူသတ်မည့် အကြံအစည်ကို လုံးဝ မမေ့သေးချေ။ ချီခယ်ချင်း ၏ အမေးကို ရင်ဆိုင်ရချိန်တွင် စစ်ခုန်လန် သည် အချိန်အတော်ကြာ စဉ်းစားခန်း ဝင်ပြီးနောက်မှသာ ပြန်လည် ဖြေကြားလိုက်၏။
"စီနီယာအစ်မကြီး ချီ... ကျွန်တော် အဲဒီလူကို မြင်လိုက်ရမှပဲ ဒီစစ်တပ်က ဘယ်အင်အားစုကလဲ ဆိုတာ မှတ်မိသွားတာပါဗျ"
"ဘယ်သူလဲ" ဟု ချီခယ်ချင်း က မေးလိုက်သည်။
သူမ၏ နောက်ကွယ်ရှိ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ (၇၉) ယောက်ကလည်း နားစွင့်နေကြ၏။
စစ်ခုန်လန် က ဆက်ပြောလိုက်၏။
"အဲဒီ မိစ္ဆာသားရဲကြီးနဲ့ တိုက်ခိုက်နေတဲ့ သူက နက်ရှိုင်းသော သစ္စာတရား နယ်မြေ က အကန့်အသတ်မဲ့ ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ် နင်ချီ ပဲဗျ။ သူ ကိုယ်တိုင် ထွက်လာမှတော့ ဒီစစ်တပ်ကြီးကလည်း နက်ရှိုင်းသော သစ္စာတရား နယ်မြေ က ကျင့်ကြံသူတွေ ဖြစ်ရမှာပေါ့"
"ဘာ..."
ချီခယ်ချင်း နှင့် အခြားသူများ အားလုံး ရုတ်တရက် မှင်သက်သွားကြတော့သည်။
ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း သည် ဖူယောင် နယ်မြေ ၏ သက်တမ်း အရှည်ကြာဆုံး အင်မော်တယ် ဂိုဏ်းကြီး ဖြစ်သည့်အလျောက်၊ နှစ်ပိုင်းကွဲသွားသော အိမ်နီးချင်း နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို မည်သည့်အခါကမျှ အရေးတယူ ဂရုစိုက်လေ့ မရှိခဲ့ချေ။
သို့သော် ယခု စစ်ခုန်လန် ပြောစကားအရ သူတို့ရှေ့မှ စစ်တပ်ကြီးမှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူများ ဖြစ်နေသည်တဲ့လား။
ချီခယ်ချင်း က ရှေ့သို့ အာရုံ ပို့လွှတ်လိုက်ရာ မိစ္ဆာသားရဲနှင့် နင်ချီ ၏ တိုက်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်ပုံရကြောင်း သတိပြုမိလိုက်သည်။ နင်ချီ က သူတို့ ချဉ်းကပ်လာသည်ကို သတိထားမိသွားဟန်ဖြင့် လှည့်ကြည့်နေတော့၏။
...
အမှန်တကယ်တော့ နင်ချီ သည် ဖူယောင် နယ်မြေ စစ်တပ်ကြီး လီတစ်ရာ အကွာအဝေးတွင် ရှိနေစဉ်ကတည်းက သူတို့၏ တည်ရှိမှုကို အာရုံခံ ထောက်လှမ်းမိပြီး ဖြစ်သည်။
သို့သော် သူ ဘာမှ ထုတ်မပြောခဲ့ပေ။
မည်သို့ပင်ဆိုစေ သူတို့သည် ဤ ဆုံမှတ် ကို သိမ်းပိုက်ရန် တိုက်ပွဲ အစီအစဉ်ကို ကြိုတင် ဆွေးနွေးထားပြီး ဖြစ်သည် မဟုတ်ပါလော။
အကယ်၍ သူက ချဉ်းကပ်လာသော စစ်တပ်အကြောင်းကို ကြိုတင် ပြောပြလိုက်မည် ဆိုပါက ပြဿနာများ ပိုမို ရှုပ်ထွေးသွားပြီး နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ လူများအတွက် တိုက်ပွဲမစမီ ပိုမို တွေဝေသွားစေမည် မဟုတ်လော။
ထို့ကြောင့်ပင် သူက မီးလျှံငှက် အင်မော်တယ်ဂိုဏ်း နှင့် ပျားမိစ္ဆာအုပ်ကြီးကို အပြည့်အဝ ရှင်းလင်းပြီးမှသာ ဤအကြောင်းကို ထုတ်ပြောခဲ့ခြင်း ဖြစ်၏။
ယခုအခါ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးမှာ အောင်ပွဲ အရှိန်အဟုန် ရနေပြီ ဖြစ်ရာ မည်သူပဲ လာလာ သူတို့ လုံးဝ ကြောက်ရွံ့မည် မဟုတ်တော့ချေ။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးသည် သူတို့၏ မဟာ အခင်းအကျင်းကြီးကို ပြန်လည် ဖွဲ့စည်းလိုက်ပြီး ချဉ်းကပ်လာသော အင်အားစုဆီသို့ ဓားဦး လှည့်ထားလိုက်ကြသည်။
တိုက်ပွဲမြေပြင်ပေါ်တွင် တစ်ကောင်တည်း အသက်ရှင် ကျန်ရစ်နေသော ပျားမိစ္ဆာ ဘုရင်မကြီး ကိုမူ သူတို့ လုံးဝ အရေးမစိုက်တော့ချေ။ မဟာမိတ် ခေါင်းဆောင်ကြီး ရှိနေသရွေ့ ဤ ပျားမိစ္ဆာ ဘုရင်မကြီးကို အလွယ်တကူ နှိမ်နင်း နိုင်မည်ဟု ယုံကြည်ထားကြသည်။
နင်ချီ ၏ အကြည့်များက ပျားမိစ္ဆာ ဘုရင်မကြီး အပေါ်သို့ တစ်ဖန် ပြန်လည် ကျရောက်သွား၏။
ပျားမိစ္ဆာ ဘုရင်မကြီး တွင် ဆွဲဆောင်မှု အပြည့်ရှိသော ခန္ဓာကိုယ် ရှိနေပြီး၊ အကယ်၍ သူမ၏ မျက်နှာပေါ်မှ အာရုံခံ နှာမောင်းလေး နှစ်ခုနှင့် လက် ခြောက်ဖက်၊ ထို့အပြင် ညှို့ဓာတ်ပြင်းလှသော အရှိန်အဝါများသာ မရှိခဲ့လျှင် မည်သူကမျှ သူမကို နယ်မြေများ ပင်လယ် မှ မိစ္ဆာသားရဲ တစ်ကောင်ဟု ထင်မှတ်နိုင်မည် မဟုတ်ချေ။
ဤအခိုက်အတန့်တွင် ပျားမိစ္ဆာ ဘုရင်မကြီး သည်လည်း ချဉ်းကပ်လာသော စစ်တပ်ကို အာရုံခံမိပြီး သူမ၏ ညှို့ဓာတ်ပြင်းသော မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်ထွက်လာ၏။ ပြင်ပမှ နှောင့်ယှက်သူများ ရောက်ရှိလာခြင်းက သူမအတွက် အခွင့်အရေးသစ်များ ယူဆောင်လာပေးမည်ဟု တွေးထင်နေပုံ ရ၏။
နင်ချီ က တည်ငြိမ်စွာဖြင့် စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။
"လက်နက်ချမလား... သေမလား"
ပျားမိစ္ဆာ ဘုရင်မကြီး က နင်ချီ ကို အာရုံ ပို့လွှတ်လိုက်ရာ၊ ရှေးဟောင်း ရေတွင်းပျက်ကြီး တစ်ခုအလား နက်ရှိုင်းပြီး အေးစက်လှသော သူ၏ မျက်လုံးများဆီသို့ အလိုအလျောက် ဆွဲငင်ခံလိုက်ရသည်။
သူမ၏ ညှို့ဓာတ်များက ထိုနေရာရှိ ကျင့်ကြံသူ အများအပြားကို ယိမ်းယိုင်သွားစေခဲ့သော်လည်း နင်ချီ ၏ အကြည့်ကမူ သူမကို ပြန်လည် ဖမ်းစားသွားခဲ့တော့၏။
ပျားမိစ္ဆာ ဘုရင်မကြီး ၏ စိတ်အာရုံသည် ရုတ်တရက် အထူး ဟင်းလင်းပြင် တစ်ခုဆီသို့ ဆွဲသွင်းခံလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။
ဤနေရာမှာ သီးခြား စကြာဝဠာ တစ်ခု ဖြစ်ပြီး သူမက မြေပြင်အထက်တွင် ဝဲပျံနေကာ ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်၏။
ကောင်းကင်ခုံး အထက်တွင် နင်ချီ ၏ ပုံရိပ်ကြီး ပေါ်ထွက်လာသည်ကို သူမ မြင်တွေ့လိုက်ရသည်။
ရက်စက် ကြမ်းကြုတ်လှသော ကောင်းကင်ဘုံ မျက်လုံး တစ်စုံက သူမကို အထက်စီးမှ ငုံ့ကြည့်နေပြီး ပျားမိစ္ဆာ ဘုရင်မကြီး ၏ စိတ်ဆန္ဒများမှာ အဆုံးအစမဲ့ ကျုံ့ဝင်သွားသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမ၏ အသိစိတ်ထဲတွင် နင်ချီ ၏ စိတ်ဆန္ဒများက အဆုံးအစမဲ့ ကြီးမား ကျယ်ပြန့်လာတော့၏။
သူ၏ အကြည့်တစ်ချက်အောက်တွင် စကြာဝဠာ တစ်ခုလုံး ဖြစ်တည် ပျက်သုဉ်းသွားနိုင်ပြီး၊ နောက်ထပ် အကြည့်တစ်ချက်အောက်တွင် ခေတ်ကာလများစွာ ကုန်လွန်သွားနိုင်၏။
ပျားမိစ္ဆာ ဘုရင်မကြီး သည် အဆုံးအစမဲ့သော ချောက်ကမ်းပါးကြီးထဲသို့ ပြုတ်ကျနေသည့်နှယ် ခံစားလိုက်ရပြီး ဤကမ္ဘာကြီးတွင် သူမ မှီခိုအားထားစရာ ဘာတစ်ခုမှ မရှိတော့သလို ခံစားလိုက်ရသည်။ သူမ၏ အထွတ်အထိပ် ဘိုးဘေးကြီး စွမ်းအားများမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့၏။
သူမက သာမန် ပျားတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ဤပိတ်လှောင်နေသော စကြာဝဠာထဲမှ လုံးဝ ရုန်းမထွက်နိုင်တော့သည့်နှယ် ဖြစ်သွားတော့သည်။
*ဝုန်း...*
ပျားမိစ္ဆာ ဘုရင်မကြီး ၏ မျက်စိရှေ့ရှိ စကြာဝဠာကြီး ပြိုကွဲသွားပြီး မဟာ လမ်းစဉ်၏ နတ်ဘုရား အသံတော်ကြီးက သူမ၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။
"လက်နက်ချမလား... သေမလား"
ပျားမိစ္ဆာ ဘုရင်မကြီး က အသိစိတ် လွတ်သွားသည့်နှယ် အလိုအလျောက် ညည်းတွားလိုက်၏။
"ကျွန်မ... ကျွန်မ လက်နက်ချပါ့မယ် ရှင်"
ထိုစကားကို ပြောပြီးနောက်တွင်မှ သူမ၏ အသိစိတ်များက လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာတော့သည်။
ထို့နောက် နင်ချီ ကို နောက်တစ်ကြိမ် အာရုံ ပို့လွှတ်လိုက်သောအခါ သူမ အလိုအလျောက် ခေါင်းငုံ့သွားမိ၏။
နင်ချီ က ခပ်အေးအေးပင် ဆိုလိုက်၏။
"မင်းရဲ့ မူလဝိညာဉ် မူလအစ စွမ်းအားကို အသက် သုံးရှိုက် အတွင်း မဆက်သဘူး ဆိုရင်... စောစောက တခြား ပျားမိစ္ဆာတွေလိုပဲ မင်းလည်း သေရလိမ့်မယ်"
ပျားမိစ္ဆာ ဘုရင်မကြီး ၏ ရင်အုပ်များ နိမ့်ချည် မြင့်ချည် ဖြစ်သွားပြီး သူမ လုံးဝ အချိန်မဆွဲရဲတော့ချေ။
ဤလူငယ်လေး၏ စောစောက အကြည့်တစ်ချက်... မည်သည့် နတ်ဘုရား နည်းစနစ် မျိုးမှန်း မသိသော်လည်း သူမကို အပြည့်အဝ ဖိနှိပ် ချုပ်ချယ်သွားခဲ့တော့၏။
သူမ၏ မျက်ခုံး နှစ်ခုကြားမှ ပုံရိပ်ယောင် မူလဝိညာဉ် အလင်းတန်း တစ်ခု ပစ်ထွက်လာပြီး သူမ၏ ပုံစံငယ်လေး တစ်ခုအဖြစ် အသွင်ပြောင်းကာ နင်ချီ ထံသို့ ပျံသန်းသွားသည်။
နင်ချီ က သူ၏ မူလဝိညာဉ် စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ထိုအလင်းတန်းကို ဖမ်းဆုပ်ကာ သူ၏ မျက်ခုံး နှစ်ခုကြားသို့ ဖိကပ်လိုက်၏။
ချက်ချင်းပင် သူနှင့် ပျားမိစ္ဆာ ဘုရင်မကြီး ကြားတွင် အသက်နှင့် သေခြင်း စာချုပ် တစ်ခု ချုပ်ဆိုပြီးသွားတော့၏။
ဤအရာမှာ နင်ချီ က စစ်မြေပြင်နယ်မြေ အတွင်း ယဉ်ပါးအောင် ဆုံးမလိုက်သော ဒုတိယမြောက် နယ်မြေများ ပင်လယ် မှ မိစ္ဆာသားရဲပင် ဖြစ်သည်။
"မင်းမှာ နာမည် ရှိလား" ဟု နင်ချီက မေးလိုက်သည်။
ပျားမိစ္ဆာ ဘုရင်မကြီး က ပြန်ဖြေလိုက်၏။
"ကျွန်မ နာမည် ဖုန်းပိုင်ဟွာ ပါ သခင်"
"ဒါဆို ဆုံမှတ်ပုလဲ ကို ဘာလို့ အခုထိ မအပ်လာသေးတာလဲ"
ဖုန်းပိုင်ဟွာ က ချက်ချင်း ပါးစပ် ဟလိုက်ရာ ဤနေရာရှိ ဆုံမှတ်ပုလဲ က သူမ၏ ပါးစပ်ထဲမှ ပျံထွက်လာပြီး အဆက်မပြတ် ကြီးမားလာကာ နောက်ဆုံးတွင် နင်ချီ ၏ လက်ထဲသို့ ရောက်ရှိသွားတော့၏။
နင်ချီ က ခေါင်းညိတ်လိုက်ပြီး
"မင်းနဲ့ နဂါးနက်ကြီး... အခင်းအကျင်း နေရာယူထားကြ။ ရန်သူကို ရင်ဆိုင်ဖို့ အသင့်ပြင်ထား"
"နားလည်ပါပြီ.. ရှင်"
နဂါးနက်ကြီး က ခွေးတစ်ကောင်အလား ခေါင်းနှင့် အမြီးကို ခါရမ်းကာ နင်ချီ ၏ ဘေးတွင် လာရပ်ပြီး ပြောလိုက်သည်။
"သခင်... ပျားမိစ္ဆာ မှာတောင် နာမည် ရှိနေတာ... ကျွန်တော့်မှာ မရှိသေးဘူးလေ။ နာမည်လေး တစ်ခုလောက် ပေးပါဦး"
နင်ချီ က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး...
"မင်းကို အမည်းလေး လို့ပဲ ခေါ်မယ်"
နဂါးနက်ကြီး... "..."
[ဘာသာပြန်သူ မှတ်ချက် - နဂါးနက်ကြီးက အထင်ကြီးလောက်စရာ နာမည်တစ်ခု မျှော်လင့်နေသော်လည်း နင်ချီက ခွေးနာမည်ကဲ့သို့ သာမန် နာမည်တစ်ခုသာ ပေးလိုက်သောကြောင့် ဆွံ့အသွားခြင်းပါ။]
ဖုန်းပိုင်ဟွာ ကို သိမ်းသွင်းပြီးနောက်တွင် နင်ချီ အနေဖြင့် ဤ ဆုံမှတ် ကို အပြည့်အဝ သိမ်းပိုက်လိုက်ပြီဟု သတ်မှတ်လိုက်၏။
သူက ဆုံမှတ်ပုလဲ ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူ၏ ဝိညာဉ်ချီ များကို ချက်ချင်း ပို့သွင်းပေးလိုက်သည်။
ဆုံမှတ်ပုလဲ မှာ ချက်ချင်းပင် ကောင်းကင်ကြယ် အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ခုံး နယ်နိမိတ် ဆီသို့ ပစ်ထွက်သွားတော့၏။
ကြယ်အလင်းတန်းများ ဖြာကျလာသည်နှင့်အမျှ ထိုနေရာရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူများ၏ ဖိနှိပ်ခံထားရသော စွမ်းအားများမှာ (၃၀) ရာခိုင်နှုန်းခန့်.. မြန်ဆန်စွာ ပြန်လည် ပြည့်ဝလာကြ၏။
"စစ်တပ်ထဲကနေ အဖွဲ့တစ်ဖွဲ့ ခွဲထုတ်ပြီး ယဇ်ပလ္လင်ကို တည်ဆောက်ကြ"
"နားလည်ပါပြီ.. ခင်ဗျာ"
ယခင်က ယဇ်ပလ္လင် နှစ်ကြိမ် တည်ဆောက်ခဲ့ဖူးသော အတွေ့အကြုံ ရှိထားသဖြင့်၊ နင်ချီ က နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးထဲမှ အခင်းအကျင်း ကျင့်ကြံသူများနှင့် လက်နက် ကျင့်ကြံသူများ ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို အထူး ရွေးချယ်ကာ ယဇ်ပလ္လင် တည်ဆောက်ရန် တာဝန်ပေးလိုက်သည်။
သူတို့က ရှေ့သို့ ထွက်လာကြပြီး ကောင်းကင်ကြယ် ၏ အောက်တည့်တည့်တွင် ယဇ်ပလ္လင်ကို စတင် တည်ဆောက်ကြ၏။
သူတို့၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လှပြီး လုံးဝ အားစိုက်ထုတ်စရာ မလိုဘဲ တည်ဆောက်နေကြသည်။
အချိန်တိုလေး အတွင်းမှာပင် ယဇ်ပလ္လင်ကြီး ပြီးစီးသွားပြီး နောက်ဆုံးအဆင့် အနေဖြင့် ထိပ်ဆုံးတွင် ကြည်လင်သော ဝိညာဉ်ကျောက်စိမ်း ကို တင်ရန်သာ ကျန်တော့၏။
ထိုကျောက်စိမ်းကို တင်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြယ် ကို အပြည့်အဝ အသက်ဝင်လာစေမည် ဖြစ်ပြီး၊ ကြယ်အလင်းတန်းများကတစ်ဆင့်.. ဤနေရာရှိ ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအင်များနှင့် နယ်မြေများ ပင်လယ် ၏ စွမ်းအင်များကို စုစည်းပေးမည် ဖြစ်သည်။