အခန်း (၃၆၁-၃၆၃)
Vol. 25 Ch. 361-363
အခန်း (၃၆၁) - ကျင့်ကြံခြင်း၊ အနိုင်ကျင့်ခြင်း (၇)
~ကံကောင်းထောက်မစွာဖြင့်... ယခင်က တာအိုဆရာ ရှုယွီ ထံမှ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ အကြောင်း သတင်းအချက်အလက်များ ရရှိထားခဲ့သည်။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ အကြောင်း အနည်းငယ် သိထားသဖြင့် သူ အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိပေ။
စုယွီသည် သူ၏ သိုလှောင်လက်စွပ် အတွင်းရှိ နေရာလွတ်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် များပြားလှသော အဆောင်လက်ဖွဲ့များ အပြည့်အသိပ်.. စုပုံနေ၏။ သူ ကြိုတင် ပြင်ဆင်ထားခဲ့သော အဆင့် (၂) အဆောင် ထောင်ပေါင်းများစွာနှင့် အဆင့် (၃) အဆင့်နိမ့် အဆောင် ရာပေါင်းများစွာကို ယခုထိ ထုတ်မသုံးရသေးပေ။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က သူ့ကို ဂရုမစိုက်ဘဲ သူ့မိသားစုကို ရက်စက်စွာ ဒုက္ခပေးခဲ့ပုံကို တွေးမိလိုက်သောအခါ...
စုယွီ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“အရင်ဆုံး ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဆီကနေ ချန်ချင်း နဲ့ ရှောင်ချီ ကို သွားကယ်လိုက်မယ်... ပြီးရင်တော့... သူတို့ကို နာကျင်မှု အရသာ ခံစားရအောင် လုပ်ပေးရမယ်”
“အဖွဲ့ခွဲ (၁၈) ခု... ငါ့ရဲ့ အဆောင် ထောင်ပေါင်းများစွာရဲ့ တိုက်ခိုက်မှုကို သူတို့ ခံနိုင်ရည် ရှိပါ့မလား”
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် ကိုးဝိညာဉ် မိစ္ဆာ နန်းတော် တို့၏ ဖမ်းဆီးမှု
ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူ့မှာ နောက်ထပ် တစ်နှစ်ကျော်လောက် အချိန် ကျန်သေးသည်။
စုယွီသည် ဝိညာဉ်လက်ဖက်ရည် ကို မော့သောက်လိုက်ပြီး အခန်းမှ ထွက်ခွာခဲ့သည်။ သူသည် ပါ့ယောက် တောင်တန်း ဈေးကွက် မှ ထွက်ခွာလာစဉ် လူတစ်ယောက်က သူ့နောက်သို့ လိုက်ရန် ကြိုးစားခဲ့သော်လည်း... မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆံပင်ဖြူ အဘိုးအို အသွင် ဆောင်ထားသော သူ၏ ရုပ်သေး သည် ပျောက်ကွယ်သွား၏။
အကယ်၍ သူ၏ ခန္ဓာကိုယ် အစစ်သာ ဖြစ်ခဲ့လျှင်... စုယွီသည် ယခုအချိန်တွင် တာ့ယွဲ့ နယ်မြေ မှ ထွက်ခွာလိမ့်မည် မဟုတ်ပေ။
အကယ်၍ သူသည် ရွှေပုစဉ်း နည်းစနစ် ကို အသုံးပြုပြီး ချန်ချင်း၊ ရှောင်ချီ နှင့် အခြား ဆွေမျိုးသားချင်းများကို လဲလှယ်ကယ်တင်နိုင်မည် ဆိုလျှင်... သည်းခံလိုက်မည် ဖြစ်သည်။ လက်စားချေရန် နှစ်ပေါင်း ရာချီ၊ ထောင်ချီ စောင့်ဆိုင်းရမည် ဆိုလျှင်တောင်မှ စုယွီ သည်းခံနိုင်စွမ်း ရှိသည်။
သို့သော် ယခုအချိန်တွင်မူ... ယွီချန်ချင်း၊ စုချီ နှင့် အခြား ဆွေမျိုးသားချင်းများကို ကယ်တင်ရန် သူ့တွင် စွမ်းရည် မရှိသည် မဟုတ်ပေ။
သူသည် သူရဲဘောကြောင်သူ မဟုတ်သလို... ပြန်လည် တိုက်ခိုက်ရန် မရဲသော လူညံ့ တစ်ယောက်ကဲ့သို့လည်း အသက်မရှင်ပေ။ သူသည် အင်မော်တယ် ဖြစ်ရန် ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားသူ ဖြစ်၏။
အခုလို အခြေအနေမျိုးမှာ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ငါ့ကို အနိုင်ကျင့်လို့ လွယ်မယ် ထင်နေကြတာလား။
“ဝှီး…”
ရုပ်သေး သည် အဆင့်မြင့် ပျံသန်းရေး လွန်းပျံယာဉ် ကို စီးနင်းကာ... ယွင်ကျန်းဂိုဏ်း နယ်မြေ မှ ထွက်ခွာပြီး ခရမ်းရောင် အလင်းတန်း နယ်မြေ ရှိရာ ကောင်းကင်ယံသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည် ပျံသန်းသွား၏။ သူ့တွင် ရုပ်သေး ရှိနေသရွေ့ ဘာကိုမှ ကြောက်ရွံ့စရာ မလိုပေ။
တာ့ယွဲ့ တောင်တန်း ရှိ လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ လျှို့ဝှက် အပျက်အစီးများ နေရာတွင် ဖြစ်၏။
စုယွီသည် နေ့စဉ် ကျင့်ကြံခြင်း ပြီးဆုံးသွားသောအခါ... သူ၏ ဓာတ်ကြီးငါးပါး ကျင့်စဉ် ကျွမ်းကျင်မှု အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် အဆင့် (၃) ထိပ်တန်း ဝိညာဉ်အရည် တစ်စက်ကို မျိုချလိုက်ပြီး ဆက်လက် ကျင့်ကြံနေလိုက်၏။ သူ၏ ကျင့်ကြံမှု နှုန်းသည် (၀.၀၂) ရာခိုင်နှုန်းခန့် အနည်းငယ် တိုးတက်လာခဲ့သည်။ ၎င်းသည် ရွှေအမြုတေ အဆင့် (၁) တုန်းကထက် ပိုမို မြန်ဆန်နေခြင်း ဖြစ်၏။
ချီသန့်စင်အိုး ၏ အာနိသင်ကို လျှော့တွက်၍ မရပေ။ ဤအရာသည် သာမန် ပစ္စည်းတစ်ခု လုံးဝ မဟုတ်ပေ။
သူသည် ကျွမ်းကျင်မှု မှတ်တမ်းကို ကြည့်လိုက်သည်။
[ကျင့်ကြံခြင်း နည်းစနစ် - ဓာတ်ကြီးငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် (၂)၊ ကျွမ်းကျင်မှု ၅၈.၈၄ ရာခိုင်နှုန်း)]
ဓာတ်ကြီးငါးပါး ကျင့်စဉ် ၏ ကျွမ်းကျင်မှုသည် ထက်ဝက်ကျော် စုဆောင်းမိနေပြီ ဖြစ်ပြီး လျင်မြန်စွာ တိုးတက်နေ၏။
အခြားတစ်ဖက်တွင်... သူ၏ အခြား ကျင့်ကြံခြင်း နည်းစနစ် တစ်ခုဖြစ်သော မိကျောင်းမိစ္ဆာ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် (၁၀၈) ကွက် သည် လွန်ခဲ့သော (၂) နှစ်ကတည်းက ကျွမ်းကျင်မှု (၁၀၀) ရာခိုင်နှုန်း ပြည့်သွားခဲ့ပြီး... အဆင့် (၂၁) သို့ အလိုအလျောက် တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ ၎င်းသည် ရွှေအမြုတေ အဆင့် (၃) နှင့် ညီမျှသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဤ (၂) နှစ်အတွင်း မိကျောင်းမိစ္ဆာ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် (၁၀၈) ကွက် ၏ ကျွမ်းကျင်မှုသည် (၁၅.၇၇) ရာခိုင်နှုန်းသို့ ထပ်မံ ရောက်ရှိလာခဲ့ပြန်သည်။
ကျွမ်းကျင်မှု မှတ်တမ်း မှ စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက်... စုယွီသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ခရမ်းရောင် အလင်းတန်း နယ်မြေ ရှိရာ ဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။
“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့”
သူ စဉ်းစားခန်း ဝင်လိုက်သည်။ တာအိုရုပ်သေး ၏ လှုပ်ရှားမှုသည် သူ၏ ခန္ဓာကိုယ် အစစ်ကို ထိခိုက်မှု မရှိပေ။ သူ၏ လက်ရှိ ဦးစားပေးသည် ကျင့်ကြံခြင်းသာ ဖြစ်သင့်သည်။ သူသည် လေးဆင့်လည်ပတ် ရွှေအမြုတေ ကို သန့်စင်ပြီးပြီ ဖြစ်ရာ... ရွှေအမြုတေ ကို မည်ကဲ့သို့ ဆက်လက် မြှင့်တင်ရမည်နည်း။
အကယ်၍ သူသာ ကိုးဆင့်လည်ပတ် ရွှေအမြုတေ ကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ပြီး... မူလဝိညာဉ် ကို ဖွဲ့စည်းကာ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အဖြစ်သို့ ရောက်ရှိသွားမည် ဆိုလျှင်...
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ခေါင်းဆောင်ကြီးကို ယှဉ်ပြိုင်နိုင်ပါ့မလား။
အခွင့်အလမ်း ကောင်းကောင်း ရှိသည်ဟု စုယွီ.. ခံစားမိသည်။
သို့သော် သူသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ခေါင်းဆောင်ကြီးနှင့် တကယ်တမ်း သေရေးရှင်ရေး တိုက်ပွဲ ဆင်နွှဲရမည် ဆိုလျှင်... အပြည့်အဝ ယုံကြည်မှု မရှိဘဲ လှုပ်ရှားလိမ့်မည် မဟုတ်ပေ။ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြတ်သားသော သတ်ဖြတ်မှုမျိုး ဖြစ်ရမည်။
နောက်နောင် ဒုက္ခမပေးနိုင်အောင် အမြစ်ပြတ် ရှင်းပစ်ရမည်။
“လက်ရှိ အခြေအနေမှာ... ငါ့ရဲ့ ဓာတ်ကြီးငါးပါး ကျင့်စဉ် က ဒီနှစ်တွေအတွင်း လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက် အပျက်အစီး နေရာက ရှေးဟောင်း စာအုပ်တွေနဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေကို လေ့လာ ပေါင်းစပ်လိုက်ပြီးတဲ့နောက်... ပိုပြီး စွမ်းအား ကြီးလာခဲ့တယ်... တကယ်လို့ ငါ ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို ဆက်လက် ကျင့်ကြံမယ် ဆိုရင်... ရွှေအမြုတေ သန့်စင်မှုမှာ အနည်းငယ် တိုးတက်မှုတွေ ရှိလာမှာ အသေအချာပဲ”
“ဒါပေမဲ့ နည်းနည်းတော့ နှေးတယ်... ကိုးဆင့်လည်ပတ် ရွှေအမြုတေ အဆင့်ကို ဘယ်အချိန်မှ ရောက်မလဲ ဆိုတာ မသေချာဘူး”
ထိုအကြောင်းအရာများကို တွေးတောနေရင်း... စုယွီသည် သူ၏ တာအို နည်းလမ်းများကို မည်ကဲ့သို့ မြှင့်တင်ရမည်ကိုလည်း စဉ်းစားနေခဲ့သည်။ သူသည် ထူးခြားသော သစ်သီးစေ့ တစ်ခုနှင့် အဆောင် သန္ဓေသားလောင်း အချို့ကို ထုတ်ယူလိုက်ပြီး ဆက်လက် ပြုစုပျိုးထောင်လိုက်တော့၏။
အခန်း (၃၆၂) - အခွင့်အလမ်းများ၊ ပရမ်းပတာ (၁)
~နှစ်များစွာ ပြုစုပျိုးထောင်ပြီးနောက်... သစ်စေ့အတွင်းရှိ သက်စောင့်စွမ်းအားသည် အလွန် ကြွယ်ဝလာခဲ့ပြီ ဖြစ်သည်။ သစ်စေ့သည် ကြည်လင်တောက်ပနေပြီး အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေ၏။
သာမန် သစ်စေ့တစ်စေ့မျှသာ ဖြစ်သော်လည်း... ထူးခြားဆန်းပြားသော ရနံ့သင်းပျံ့ပျံ့လေးကို အာရုံခံမိနိုင်သည်။
ယခင်က သစ်စေ့၏ ပြောင်းလဲမှုနှင့် မိမိ၏ ဝိညာဉ်အမြစ် အဆင့်မြင့်တင်မှု ဖြစ်စဉ်များကို ပြန်လည် တွေးတောမိလိုက်သောအခါ... စုယွီသည် လက်ထဲရှိ သစ်စေ့ကို မျှော်လင့်ချက် ကြီးမားသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိ၏။
“ဒီတစ်ခေါက် သစ်စေ့ ကြီးထွားလာရင် ဘာတွေ ဖြစ်လာမလဲ မသိဘူး”
စုယွီ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ဓာတ်ကြီးငါးပါး ချီ စွမ်းအားဖြင့် သစ်စေ့ကို ခေတ္တမျှ ပြုစုပျိုးထောင်ပြီးနောက်... စုယွီသည် သစ်စေ့ကို သူ၏ လက်စွပ်ထဲသို့ ပြန်လည် ထည့်သိမ်းလိုက်သည်။
နေ့စဉ် ကျင့်ကြံခြင်း ပြီးဆုံးတိုင်း... သစ်စေ့ကို ပြုစုပျိုးထောင်ခြင်းနှင့် လက်ထဲရှိ အဆောင် သန္ဓေသားလောင်း များကို ပြုပြင်ခြင်းသည် စုယွီ၏ ပုံမှန် လုပ်ရိုးလုပ်စဉ် ဖြစ်လာခဲ့၏။
သစ်စေ့၏ သက်စောင့်စွမ်းအား ပိုမို အားကောင်းလာသည်နှင့်အမျှ... လက်ထဲရှိ အဆောင် သန္ဓေသားလောင်း များ၏ အရှိန်အဝါသည်လည်း ပိုမို ပြင်းထန်လာ၏။ ဤအခြေအနေကို ကြည့်ပြီး စုယွီ၏ ရင်ထဲတွင် ကျေနပ်ပီတိ ဖြစ်မိသည်။
သစ်ကြားသီး တစ်စုံကို လက်ထဲတွင် ပွတ်သပ်ကစားရင်း... တန်ဖိုးကြီး ရတနာ တစ်ခု အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားရသည်။
အောင်မြင်မှု ခံစားချက် အပြည့်အဝ ရရှိစေ၏။
တစ်နာရီခန့် ကြာပြီးနောက်... စုယွီသည် အဆောင် သန္ဓေသားလောင်း များကို လက်စွပ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။
ထို့နောက် သူသည် လျှို့ဝှက်ခန်းထဲမှ ထွက်ခွာလာပြီး ချင်းယွဲ့ တောင်ထွတ် ၏ အောက်ခြေရှိ ထူထပ်သော တောအုပ်ထဲသို့ သွားရောက်ခဲ့၏။ မြေပြင်အနေအထားကို လေ့လာပြီးနောက်... အခင်းအကျင်း စာရွက်များကို ထုတ်ယူကာ စတင် ခင်းကျင်းလေတော့သည်။
(၁၅) မိနစ်ခန့် ကြာပြီးနောက်... ရိုးရှင်းသော အဆင့် (၂) အဆင့်နိမ့် သတိပေး အခင်းအကျင်း တစ်ခု ခင်းကျင်းပြီးစီးသွား၏။
“ဝုန်း…”
စုယွီ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့်... အခင်းအကျင်းသည် ချက်ချင်း အသက်ဝင်သွားပြီး... ပေ (၁၀၀) ပတ်လည်ရှိ တောအုပ်အတွင်းသို့ မမြင်ရသော စွမ်းအင်လှိုင်းများ ပျံ့နှံ့သွား၏။ အခင်းအကျင်း အတွင်းရှိ လှုပ်ရှားမှု မှန်သမျှကို သူ ရှင်းလင်းစွာ အာရုံခံနိုင်သည်။
ဤ သတိပေး အခင်းအကျင်းတွင် ရန်သူကို တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း... ရန်သူ၏ ပုန်းအောင်းရာ နေရာကို ဖော်ထုတ်ပေးနိုင်ပြီး မိမိဘက်မှ တုံ့ပြန်ရန် အချိန်လုံလောက်စွာ ရရှိစေသည်။
ဤ ကာလအတွင်း စုယွီသည် ချင်းယွဲ့ တောင်ထွတ် ၏ အောက်ခြေတွင် အခင်းအကျင်းများ မရေမတွက်နိုင်အောင် ခင်းကျင်းခဲ့ပြီး ဖြစ်သည်။
အဆင့် (၁) အဆင့်နိမ့်၊ အလယ်အလတ်စား၊ အဆင့်မြင့် အခင်းအကျင်းများ များပြားလှ၏။
ယခုအခါ သူသည် အဆင့် (၂) အဆင့်နိမ့် အခင်းအကျင်းများကို ချင်းယွဲ့ တောင်ထွတ် ပေါ်တွင် တဖြည်းဖြည်း စတင် ခင်းကျင်းနေပြီ ဖြစ်သည်။
သတိပေး အခင်းအကျင်းများအပြင်... ပိတ်လှောင် အခင်းအကျင်းများ၊ ပုံရိပ်ယောင် အခင်းအကျင်းများနှင့် သတ်ဖြတ်ခြင်း အခင်းအကျင်းများကိုပါ ထည့်သွင်း ခင်းကျင်းထားသည်။
အရေအတွက် အတိအကျ ဆိုလျှင် ရာချီ ရှိနေလောက်ပါပြီ။
“အခင်းအကျင်းတွေကို တစ်ခုချင်းစီ ခင်းကျင်းတာအပြင်... ပေါင်းစပ် ခင်းကျင်းတဲ့ နည်းလမ်းလည်း ရှိသေးတယ်... ဒါက အရမ်း နက်နဲဆန်းကြယ်တယ်... ယွင်ကျန်းဂိုဏ်း ရဲ့ တောင်ကာကွယ်ရေး အခင်းအကျင်း လိုမျိုးပေါ့... ပင်မတောင်ထွတ် (၃၆) လုံးမှာ အဆင့် (၃) အဆင့်မြင့် တောင်ကာကွယ်ရေး အခင်းအကျင်း တစ်ခုစီ ရှိပြီး... အဲ့ဒါတွေကို ချိတ်ဆက်ပြီး ပေါင်းစပ် အခင်းအကျင်းကြီး တစ်ခု ဖန်တီးထားတာ”
ရိုးရှင်းသော အဆင့် (၂) အဆင့်နိမ့် သတိပေး အခင်းအကျင်း ၏ အရှိန်အဝါကို အာရုံခံရင်း စုယွီ စဉ်းစားခန်း ဝင်နေ၏။
“အဲ့ဒီလို ပေါင်းစပ်ထားလို့ပဲ... အဆင့် (၃) အထွတ်အထိပ် တောင်ကာကွယ်ရေး အခင်းအကျင်း ရဲ့ စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့တာ... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တွေတောင် သတိထားပြီး ဆုတ်ခွာသွားရလောက်အောင် စွမ်းအားကြီးမားခဲ့တာ”
“ဒါပေမဲ့... အဲ့ဒီအဆင့် ရောက်ဖို့ ဆိုရင်... ဖြည်းဖြည်းချင်း သွားမှ ရမယ်... အခင်းအကျင်း တစ်ခုချင်းစီကို သေချာ နားလည်သဘောပေါက်ပြီးမှ... ဘယ်လို ပေါင်းစပ်ရမလဲ ဆိုတာ စဉ်းစားရမယ်”
အတွေးများကို စုစည်းလိုက်ပြီး... စုယွီသည် အခင်းအကျင်းကို ကြည့်ကာ သုံးသပ်လိုက်သည်။
“ဒီနေရာက မြေပြင်အနေအထားက မနေ့ကထက် ပိုကောင်းတယ်... အခင်းအကျင်း ပုံစံတူ ခင်းကျင်းရင်တောင်မှ... ဒီနေရာမှာ သတိပေး အခင်းအကျင်း ရဲ့ ဖုံးကွယ်နိုင်စွမ်းက ပိုကောင်းနေတယ်”
ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီသည် သတိပေး အခင်းအကျင်းကို ဖျက်သိမ်းလိုက်ပြီး အနည်းငယ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ ပြန်လည် ခင်းကျင်းလိုက်သည်။
သူသည် ပြုပြင်ပြောင်းလဲမှု အမျိုးမျိုးနှင့် ၎င်းတို့၏ သက်ရောက်မှုများကို နားလည်သဘောပေါက်ရန် ကြိုးစားနေ၏။
နောက်တစ်နေ့တွင်...
စုယွီသည် ထူထပ်သော တောအုပ်ထဲသို့ ပြန်လာခဲ့သည်။ သတိပေး အခင်းအကျင်း ၏ ဘေးနားတွင်... သူ ယမန်နေ့ညက ပြုလုပ်ထားသော အခင်းအကျင်း အောက်ခြေများကို အသုံးပြု၍ အဆင့် (၂) အဆင့်နိမ့် တိုက်ခိုက်ရေး အခင်းအကျင်း တစ်ခုကို စတင် ခင်းကျင်းလိုက်သည်။
သူသည် တိုက်ခိုက်ရေး အခင်းအကျင်းကို အသက်သွင်းပြီး ၎င်း၏ စွမ်းအားကို ကိုယ်တိုင် ခံစားကြည့်သည်။ ထို့နောက် ဖြုတ်လိုက်၊ တပ်လိုက် အကြိမ်ကြိမ် ပြုလုပ်ကာ လေ့လာနေ၏။
လက်တွေ့ လုပ်ဆောင်မှသာ စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ သူ၏ အခင်းအကျင်း ပညာရပ် စွမ်းရည် တိုးတက်လာစေရန်... အကြိမ်ကြိမ် ခင်းကျင်းပြီး ၎င်းတို့၏ ရှုပ်ထွေးနက်နဲမှုများနှင့် လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်ရန် လိုအပ်သည်။
ညနေစောင်းမှသာ စုယွီသည် သူ၏ ခြံဝင်းသို့ ပြန်ရောက်လာ၏။
ညနေတိုင်း လန်ရှီး နှင့် လန်ကုန်း ညီအစ်မ နှစ်ယောက်သည် ချက်ပြုတ်ရေး တာဝန်ယူကြသည်။ သူတို့သည် ချင်းယွဲ့ တောင်ထွတ် ပေါ်မှ အရသာရှိသော ဝိညာဉ်အစားအစာများကို ရှာဖွေပြီး ဟင်းလျာများ ချက်ပြုတ်ကြသည်။
စုယွီ၊ ယွီခယ်အာ၊ လော့ချင်းယာ၊ လန်ရှီးနှင့် လန်ကုန်း တို့ (၅) ဦးသည် ညစာ အတူတူ စားကြသည်။
ညစာ စားပြီးနောက်... သူတို့သည် ရှေ့ခြံဝင်း ထဲသို့ ထွက်လာကြပြီး မီးဖိုဘေးတွင် ဝိုင်းဖွဲ့ထိုင်ကာ လက်ဖက်ရည် သောက်ရင်း ချင်းယွဲ့ တောင်ထွတ် ၏ လသာသာ ညရှုခင်းကို ခံစားကြသည်။
ဤကဲ့သို့သော သာမန် နေ့ရက်များသည် ပျင်းစရာ မကောင်းသလို ပင်ပန်းနွမ်းနယ်ခြင်းလည်း မရှိပေ။
အနည်းဆုံးတော့ စုယွီ၊ ယွီခယ်အာ နှင့် အခြားသူများသည် ချင်းယွဲ့ တောင်ထွတ် ပေါ်ရှိ ဘဝကို ကျေနပ်နေကြပါသည်။
သူတို့၏ ကျင့်ကြံခြင်း အဆင့်များ တည်ငြိမ်စွာ တိုးတက်လာသည်နှင့်အမျှ... အခင်းအကျင်း၊ သားရဲထိန်းချုပ်ခြင်း၊ ဆေးဖော်ခြင်း၊ အဆောင်ရေးဆွဲခြင်း နှင့် ရုပ်သေးပညာ စွမ်းရည်များလည်း တိုးတက်လာကြ၏။ အကြောင်းမှာ ဤနေရာတွင် အရင်းအမြစ်များ လုံလောက်စွာ ရှိနေသောကြောင့် ဖြစ်သည်။
ဤနေရာတွင် နေထိုင်ပြီး ကျင့်ကြံခြင်းဖြင့်... သူတို့သည် ဆယ်စုနှစ်များစွာ၊ ရာစုနှစ်များစွာ ကြာသည်အထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး နေထိုင်နိုင်ကြပေမည်။
*
ဇီကွမ်း နယ်မြေ (ခရမ်းရောင် အလင်းတန်း နယ်မြေ) တွင် ဖြစ်၏။
တည်နေရာ အတိအကျမှာ တာ့ယွဲ့ နယ်မြေ ၏ အနောက်မြောက်ဘက်တွင် ဖြစ်သည်။ ဤနယ်မြေသည် တာ့ယွဲ့ နယ်မြေ ထက် အနည်းငယ် သေးငယ်သော်လည်း... တာ့ယွဲ့ နယ်မြေ မှ ဇီကွမ်း နယ်မြေ သို့ သွားရောက်ရာတွင် မြေပြင်အမြင့် တဖြည်းဖြည်း မြင့်တက်လာသည်ကို ရှင်းလင်းစွာ ခံစားရ၏။
ယှဉ်ကြည့်လိုက်လျှင် တာ့ယွဲ့ နယ်မြေ တည်ရှိရာ နေရာသည် အနည်းငယ် နိမ့်ကျနေသည်ကို တွေ့ရသည်။
ဘာကြောင့် ကုန်းမြေ ဖြစ်လာလဲ ဆိုတာ မသိရသော်လည်း... ဒီနေရာက ရှေးဟောင်းခေတ်တုန်းက ရေကန်ကြီး တစ်ခု ဖြစ်ခဲ့သည် ဆိုတာတော့ သေချာပါ၏။
တာ့ယွဲ့ နယ်မြေ နှင့် ဇီကွမ်း နယ်မြေ တို့၏ နယ်စပ်သို့ ရောက်ရှိလာသောအခါ... တာအိုရုပ်သေး သည် ပျံသန်းရေး လွန်းပျံယာဉ် ထဲမှ ထွက်လာ၏။ လက်ကို ဝှေ့ယမ်းလိုက်ပြီး လွန်းပျံယာဉ်ကို သိမ်းဆည်းလိုက်သည်။ သူ၏ အေးစက်သော မျက်လုံးများက ရှေ့မှ အဆုံးမရှိသော တောင်တန်းများကို စူးစိုက်ကြည့်လိုက်သည်။ သူသည် အောက်ဘက်ရှိ ထူထပ်သော တောအုပ်ထဲသို့ ဆင်းသက်လိုက်ပြီး... ထွက်ပြေးလွတ်မြောက်ခြင်း သိုင်းကွက် ကို အသုံးပြုကာ ဇီကွမ်း နယ်မြေ အတွင်းသို့ ခိုးဝင်သွား၏။
အကြောင်းမှာ ဇီကွမ်း နယ်မြေ ၏ ကျင့်ကြံခြင်း လောကသည် တာ့ယွဲ့ နယ်မြေ နှင့် မတူညီသောကြောင့် ဖြစ်သည်။ တာ့ယွဲ့ နယ်မြေ တွင် တာ့ယွဲ့ နန်းတော် က လွှမ်းမိုးထားသော်လည်း... အခြား ကျင့်ကြံခြင်း အင်အားစုများကို လုံးဝ ရှင်းလင်းပစ်ခြင်း မရှိပေ။
ခိုင်ယန် နန်းတော်၊ ယွင်ကျန်းဂိုဏ်း နှင့် ကျန်းမြို့တော် မှ ချင်မိသားစု ကဲ့သို့သော အင်အားစုများ ရှိနေသေး၏။
သို့သော် ဇီကွမ်း နယ်မြေ ၏ ကျင့်ကြံခြင်း လောကတွင်မူ... ကျင့်ကြံခြင်း အင်အားစု တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ပင် ဖြစ်သည်။
ဤနေရာတွင် ကျင့်ကြံသူများသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သို့ ဝင်ရောက်ခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ လမ်းမရှိပေ။
အခန်း (၃၆၃) - အခွင့်အလမ်းများ၊ ပရမ်းပတာ (၂)
~တသီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦးအဖြစ် ရွေးချယ်မည် ဆိုလျှင်တော့ တစ်မျိုးပေါ့။
သို့သော်၊ ဇီကွမ်း နယ်မြေ မှာ တသီးပုဂ္ဂလ ကျင့်ကြံသူ အဖြစ် နေထိုင်ရတာက ကျွဲနွားတွေ၊ မြင်းတွေနှင့် ဘာမှ မခြားပါချေ။
ခက်ခဲကြမ်းတမ်းသော အလုပ်တွေကို လုပ်ရသော်လည်း... ပြန်ရလိုက်သည့် အရင်းအမြစ်ကတော့ ပြောပလောက်အောင် မရှိလှပါ။
တာ့ယွဲ့ နယ်မြေ နှင့် ဇီကွမ်း နယ်မြေ ကြားရှိ နယ်စပ်တောင်တန်းများကို ကျော်ဖြတ်ပြီးနောက်... စုယွီ၏ တာအိုရုပ်သေး သည် ကျင့်ကြံသူများ နေထိုင်ရာ မြို့ငယ်လေး တစ်ခုသို့ ရောက်ရှိလာ၏။
အခြေခံတည်ဆောက်ခြင်း အဆင့် ရှိသော မိသားစု ဘိုးဘေး အနည်းငယ်ကလွဲလျှင်၊ ချီစုစည်းခြင်း အဆင့် (၉) ရှိသော တသီးပုဂ္ဂလ ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူသည် ဤမြို့ငယ်လေးတွင် ထိပ်တန်း ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်နေ၏။ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ကွပ်ကဲမှုအောက်တွင်... အဖွဲ့ခွဲ (၁၈) ခု ရှိပြီး အားလုံးသည် မဟာမိတ် ခေါင်းဆောင်ကြီး၏ အမိန့်ကို နာခံကြရသည်။
သို့သော် ဤ အဖွဲ့ခွဲ (၁၈) ခုသည် တစ်ခုနှင့်တစ်ခု လက်အောက်ခံ မဟုတ်ကြပေ။
အဖွဲ့ခွဲ တစ်ခုစီတွင် ကိုယ်ပိုင် နယ်မြေနှင့် အရင်းအမြစ် ဧရိယာများ ရှိကြပြီး... သူတို့၏ ကျင့်ကြံသူများကို သီးခြား ထောက်ပံ့ပေးကြသည်။ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ကြ၏။
အဖွဲ့ခွဲ အချင်းချင်း ဆက်ဆံရေးကလည်း ထင်သလောက် သဟဇာတ မဖြစ်လှပေ။
ယွင်ကျန်းဂိုဏ်း နှင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခမျိုးသည်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ အဖွဲ့ခွဲ (၁၈) ခု ကြားတွင်လည်း အမြဲတမ်း ဖြစ်ပွားလေ့ ရှိသည်။
အရင်းအမြစ် နယ်မြေများနှင့် အခွင့်အလမ်းများကို လုယူခြင်းသည် သူတို့အကြား ပဋိပက္ခ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်း တစ်ခု ဖြစ်သည်။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ အဖွဲ့ခွဲများ အောက်တွင်... မရေမတွက်နိုင်သော အင်မော်တယ် မြို့တော် များနှင့် ကျင့်ကြံခြင်း မြို့ငယ်လေးများ ရှိကြ၏။
ဤ မြို့ကြီး၊ မြို့ငယ်များ အတွင်းတွင် ကြီးမားသော ကျင့်ကြံခြင်း အင်အားစုများ မရှိကြဘဲ... သီးခြား ကျင့်ကြံခြင်း မိသားစုများနှင့် တသီးပုဂ္ဂလ ကျင့်ကြံသူ အနည်းငယ်သာ ရှိကြသည်။
ဤ ကျင့်ကြံခြင်း မိသားစုများ အားလုံးသည် သက်ဆိုင်ရာ အဖွဲ့ခွဲ ခေါင်းဆောင်များ၏ ကွပ်ကဲမှုအောက်တွင် ရှိကြ၏။
တာအိုရုပ်သေး သည် လျူ ကျင့်ကြံခြင်း မိသားစု ပိုင်ဆိုင်သော တည်းခိုခန်း တစ်ခုတွင် တည်းခိုလိုက်သည်။ တည်းခိုခန်း ပိုင်ရှင်သည် ချီစုစည်းခြင်း အဆင့် (၅) ရှိသော အဘိုးအို တစ်ဦး ဖြစ်၏။ သူသည် တာအိုရုပ်သေး ထံမှ သတင်းအချက်အလက်များကို ရံဖန်ရံခါ စုံစမ်းရန် ကြိုးစားလေ့ ရှိသည်။
နောက်ဆုံးတွင် သူသည် သတင်းအချက်အလက် အချို့ကို ရရှိသွားခဲ့၏။
လင် ဟု အမည်ရပြီး 'သွေးရောင် အရိပ် တာအိုရုပ်သေး' ဟု လူသိများသော ဤ ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူသည် အင်မော်တယ် မြို့တော်၊ ကျဆင်းနေသော ကျင့်ကြံခြင်း မိသားစု တစ်ခုမှ ဆင်းသက်လာသူ ဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူ.. စစ်ယန် မြို့ငယ်လေး သို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ အနီးအနားရှိ ဖူယန် တောင်တန်း သို့ သွားရောက် လည်ပတ်ရန် ဖြစ်သည်။
တာအိုရုပ်သေး အခန်းထဲသို့ ဝင်ရောက် အနားယူသွားသောအခါ... တည်းခိုခန်း ပိုင်ရှင်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏။
'ဖူယန် တောင်တန်း ကို လာတာလား'
'ဖူယန် တောင်တန်း မှာ ထူးဆန်းတဲ့
သားရဲ တစ်ကောင် ပေါ်နေတယ် ဆိုတဲ့ သတင်းက အင်မော်တယ် မြို့တော် အထိ ရောက်သွားပြီလား'
'ငါ ဒီသတင်းကို မိသားစု ခေါင်းဆောင် ဆီ အမြန် သွားပို့မှ ဖြစ်မယ်'
တည်းခိုခန်း ပိုင်ရှင်သည် ဝန်ထမ်းများကို မှာကြားစရာ ရှိတာ မှာကြားပြီး... မိသားစု ခေါင်းဆောင်ထံသို့ အလျင်အမြန် ပြန်သွား၏။
အခန်းထဲတွင်...
အကာအကွယ် အခင်းအကျင်း တစ်ခု ခင်းကျင်းလိုက်ပြီးနောက်... တာအိုရုပ်သေး သည် လက်သီးဆုပ် အရွယ်အစားရှိသော အဆင့် (၃) ဝိညာဉ်သတ္တုရိုင်း တစ်တုံးကို ထုတ်ယူလိုက်သည်။ သူသည် ရုပ်သေး ဝိညာဉ် ၏ စွမ်းရည်ကို အသုံးပြု၍ ဝိညာဉ်သတ္တုရိုင်း၏ အနှစ်သာရကို စုပ်ယူကာ ခန္ဓာကိုယ်ကို ပြုပြင်ရင်း... နောက်တစ်ဆင့် ဘာလုပ်ရမလဲ ဆိုသည်ကို စဉ်းစားနေ၏။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ တွင် အဖွဲ့ခွဲ (၁၈) ခု ရှိပြီး... တစ်ခုနှင့်တစ်ခု မကျေနပ်မှုများ၊ ပဋိပက္ခများ ရှိနေကြသော်လည်း... အနှစ်သာရအားဖြင့် ဇီကွမ်း နယ်မြေ တွင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ တစ်ခုတည်းသာ ရှိသည်။ ထို့ကြောင့် ထိုးဖောက်ဝင်ရောက်ရန် မလွယ်ကူလှပေ။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ လူများမှလွဲ၍... တသီးပုဂ္ဂလ ကျင့်ကြံသူ အနည်းငယ်သာ လှည့်လည်သွားလာနေကြသည်။ သူစိမ်းတစ်ယောက် ပေါ်လာသည်နှင့် ဒေသခံ ကျင့်ကြံခြင်း မြို့ငယ်များ သို့မဟုတ် အင်မော်တယ် မြို့တော် များ၏ အာရုံစိုက်မှုကို အလွယ်တကူ ရရှိစေနိုင်လေ၏။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သို့ ဝင်ရောက်ပြီး အဆင့်အတန်း တစ်ခု ရယူနိုင်မှသာ အဆင်ပြေနိုင်ပေမည်။
“အခု အဓိက ပြဿနာက နှစ်ခု ရှိတယ်... တစ်ခုက ချန်ချင်း နဲ့ ရှောင်ချီ ဘယ်မှာ ရှိနေလဲ ဆိုတာ ငါ လုံးဝ မသိဘူး... နောက်တစ်ခုက ငါ့မှာ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေပြစရာ အထောက်အထား မရှိဘူး”
“သံသယ မဖြစ်စေဘဲ ချန်ချင်း နဲ့ ရှောင်ချီ အကြောင်း သတင်းအချက်အလက်တွေကို စုံစမ်းရမယ်”
စဉ်းစားနေရင်း... တာအိုရုပ်သေး ၏ ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာ၏။
ဟုတ်သားပဲ...
ငါ ကောင်းကင် သိုင်းကျမ်း မျှော်စင် ကို မေ့နေတာပဲ။
ဇီကွမ်း နယ်မြေ မှာလည်း ကောင်းကင် သိုင်းကျမ်း မျှော်စင် ရှိတာပဲ။
“ဒါပေမဲ့... အမှတ်အသား အမိန့်ပြား က ငါ့ဆီမှာ မရှိဘူးလေ”
တာအိုရုပ်သေး တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
အကယ်၍ အမိန့်ပြား သာ ရှိခဲ့လျှင်... သူသည် ကောင်းကင် သိုင်းကျမ်း မျှော်စင် ၏ အထောက်အထားဖြင့် ဇီကွမ်း နယ်မြေ တွင် လွတ်လပ်စွာ သွားလာနိုင်ပေမည်။ အထောက်အထား လုံးဝ မရှိဘဲ သွားလာနေခြင်းက ပိုပြီး အာရုံစိုက်ခံရစေနိုင်ပြီး သံသယ ဖြစ်ဖွယ် ကောင်းနေ၏။
‘ထားလိုက်ပါတော့...
ဒါက သိပ်ကြီးမားတဲ့ ပြဿနာ မဟုတ်ပါဘူး။
ဒါဆိုရင် ချန်ချင်း နဲ့ ရှောင်ချီ အကြောင်း သတင်းအချက်အလက်တွေကို ဘယ်လို ရှာဖွေမလဲ’
တာအိုရုပ်သေး ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားပြီး စဉ်းစားခန်း ဝငိလိုက်၏။
“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ပင်မဌာနချုပ်က လူတစ်ယောက်ကို ရှာရမယ်... သူက ရာထူး အတော်အတန် ကြီးမားပြီး အတွင်းရေး တချို့ကို သိထားတဲ့သူ ဖြစ်ရမယ်... သူ့ကို ဖမ်းမိတာနဲ့ ဝိညာဉ် ရှာဖွေခြင်း နည်းလမ်းကို သုံးပြီး သဲလွန်စ ရတဲ့အထိ ရှာဖွေပစ်မယ်”
“ဟုတ်ပြီ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ချီမြစ် အဖွဲ့ခွဲ လည်း ရှိသေးတာပဲ... အဲ့ဒီက လူတွေလည်း တစ်ခုခု သိနိုင်တယ်”
သူ ဝင်ရောက်လာသော နေရာသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ချီမြစ် အဖွဲ့ခွဲ နယ်မြေ ဖြစ်၏။
သို့သော် သူသည် ဤနေရာနှင့် ပတ်သက်ပြီး သိပ်မသိပေ။
ချီမြစ် အဖွဲ့ခွဲ ၏ အင်မော်တယ် မြို့တော် ဘယ်နေရာမှာ ရှိလဲ၊ နယ်မြေ အကျယ်အဝန်း ဘယ်လောက် ရှိလဲ၊ ချီမြစ် အဖွဲ့ခွဲ ခေါင်းဆောင်ကြီးရဲ့ အောက်မှာ ဘယ်သူတွေ ရှိလဲ ဆိုတာတွေကို သူ ဘာမှ မသိပေ။
ဇီကွမ်း နယ်မြေ နှင့် မရင်းနှီးသောကြောင့်... သူ ရောက်ရောက်ချင်း ဒီ ကျင့်ကြံခြင်း မြို့ငယ်လေးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူ၏ အစီအစဉ်မှာ ချီမြစ် အဖွဲ့ခွဲ ၊ သို့မဟုတ် ဇီကွမ်း နယ်မြေ အကြောင်းကို အရင်ဆုံး လေ့လာပြီးမှ... ယွီချန်ချင်း နှင့် စုချီ တို့ကို ကယ်တင်မည့် နည်းလမ်းကို ရှာဖွေရန်ပင်။
ထိုအချိန်တွင်... အခန်းထဲ၌ မိုးကြိုး အလင်းတန်း တစ်ခု ပေါ်လာ၏။ ကောင်းကင် မိုးကြိုး ကြွက် ပြန်ရောက်လာပြီ ဖြစ်သည်။
၎င်းသည် တာအိုရုပ်သေး ၏ ဘေးနားသို့ ရောက်ရှိလာပြီး ရိုသေစွာဖြင့် အစီရင်ခံသည်။
“သခင်... ဒီမြို့နာမည်က စစ်ယန် မြို့ ပါ... ဒီမှာ ကျင့်ကြံခြင်း မိသားစု (၄) ခု ရှိပါတယ်... လျူ မိသားစု၊ လီ မိသားစု၊ လော့ မိသားစု နဲ့ ဟူ မိသားစု ပါ... သူတို့အားလုံးက ချီမြစ် အဖွဲ့ခွဲ ရဲ့ ဓားတစ်ရာ အင်မော်တယ် မြို့တော် လက်အောက်ခံတွေပါ... နှစ်တိုင်း သူတို့ရဲ့ အရင်းအမြစ် နယ်မြေက ရရှိတဲ့ ဝင်ငွေရဲ့ (၆၀) ရာခိုင်နှုန်းကို ဓားတစ်ရာ အင်မော်တယ် မြို့တော် ဆီ ဆက်သရပါတယ်... ကျန်တဲ့ အပိုင်းကိုမှ သူတို့ ပိုင်ဆိုင်ခွင့် ရှိတာပါ”
“ဒါ့အပြင်... နှစ်တိုင်း ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ တပည့် ရွေးချယ်ပွဲမှာ ပါဝင်ဖို့ သူတို့ရဲ့ မျိုးဆက်သစ်တွေကို ရွေးချယ်ပေးရပါတယ်... အနည်းဆုံး လူတစ်ယောက်တော့ အရွေးခံရမှ ဖြစ်မှာပါ... မဟုတ်ရင် သူတို့ရဲ့ အရင်းအမြစ် နယ်မြေ ဝေစုကို ဆက်လက် ရရှိတော့မှာ မဟုတ်ပါဘူး”
“လက်ရှိ စစ်ယန် မြို့ မှာ ကျင့်ကြံသူ (၆၈၃) ယောက် ရှိပါတယ်... (၄) ယောက်က အခြေခံတည်ဆောက်ခြင်း အဆင့် ရှိပြီး... ကျန်တဲ့သူတွေက ချီစုစည်းခြင်း အဆင့်တွေပါ... သာမန် ပြည်သူလူထု (၇၅,၀၀၀) ခန့် ရှိပါတယ်”
စကားကို ခေတ္တ ရပ်နားပြီးနောက် ကောင်းကင် မိုးကြိုး ကြွက် က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။
“ဒါနဲ့ သခင်... စစ်ယန် မြို့ နားက ဖူယန် တောင်တန်း မှာ ထူးဆန်းတဲ့ သားရဲတစ်ကောင် ပေါ်လာတယ် လို့လည်း ကြားခဲ့ရပါတယ်”
“အဲ့ဒီ သားရဲက မီးကို ထိန်းချုပ်နိုင်တယ် တဲ့... မီးတောင်အောက်က ချော်ရည် ဂူတစ်ခုထဲမှာ ပုန်းအောင်းနေတယ် လို့ ဆိုပါတယ်... ပုံစံက ငှက်နဲ့ တူပြီး ဝိညာဉ်ကြက် တစ်ကောင်လိုလိုပါပဲ”