အခန်း (၃၆၄-၃၆၆)
Vol. 25 Ch. 364-366
အခန်း (၃၆၄) - အခွင့်အလမ်းများ၊ ပရမ်းပတာ (၃)
~“အဲ့ဒီ သားရဲရဲ့ အမြီးမှာ အရောင်နှစ်မျိုး ပါတယ်... သူ့ရဲ့ စွမ်းအားက အဆင့် (၁) ထိပ်တန်း နဲ့ အဆင့် (၂) အဆင့်နိမ့် ကြားမှာ ရှိနေတယ်”
“စစ်ယန် မြို့ က ကျင့်ကြံသူတွေ ခန့်မှန်းတာကတော့... ဒီ ထူးဆန်းတဲ့ သားရဲဟာ ရှေးဟောင်း ကောင်းကင်ဖီးနစ် သွေးမျိုးဆက် နဲ့ ဆက်နွယ်မှု ရှိနိုင်တယ် တဲ့... ကောင်းကင်ဖီးနစ် သွေးမျိုးဆက် အနည်းငယ် နိုးထလာတာလည်း ဖြစ်နိုင်တယ် တဲ့”
“ဒါတွေကတော့ ဒေသခံ ကျင့်ကြံသူတွေရဲ့ ထင်မြင်ချက်တွေပါပဲ”
ကောင်းကင် မိုးကြိုး ကြွက် သည် စိတ်လှုပ်ရှားနေပုံ ရပြီး တာအိုရုပ်သေး ကို ကြည့်ကာ မေးမြန်းလိုက်သည်။
“သခင်... ကျွန်တော်ရဲ့ မျိုးဆက်တွေကို ဖူယန် တောင်တန်း ဆီ လွှတ်ပြီး အဲ့ဒီသားရဲကို သွားဖမ်းခိုင်းလိုက်ရမလား”
ကောင်းကင်ဖီးနစ် သွေးမျိုးဆက် ပါဝင်တဲ့ သားရဲ ဟုတ်လား။
ကောင်းကင် မိုးကြိုး ကြွက် သည် ဒီကိစ္စကို အတော်လေး စိတ်ဝင်စားနေ၏။ ကောင်းကင်ဖီးနစ် ဆိုသည်မှာ ရှေးဟောင်း ဒဏ္ဍာရီလာ သတ္တဝါကြီး ဖြစ်သည် မဟုတ်ပါလား။
၎င်း၏ သွေးမျိုးဆက် အနည်းငယ် ပါဝင်နေလျှင်ပင်... အံ့မခန်း ထူးဆန်းသော သားရဲတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။
တာအိုရုပ်သေး မြို့ထဲ မဝင်မီကတည်းက ကောင်းကင် မိုးကြိုး ကြွက် သည် ၎င်း၏ မျိုးဆက်များကို မြို့ထဲသို့ တိတ်တဆိတ် လွှတ်ပြီး သတင်းအချက်အလက်များ စုဆောင်းခိုင်းခဲ့ခြင်း ဖြစ်၏။
နာရီဝက် မကြာမီမှာပင် ကောင်းကင် မိုးကြိုး ကြွက် ပြန်ရောက်လာခဲ့သည်။
တကယ့်ကို ထိရောက်မှု ရှိလှသည်။
“ထူးဆန်းတဲ့ သားရဲ ဟုတ်လား”
တာအိုရုပ်သေး သည် အနည်းငယ် အံ့အားသင့်သွား၏။
တိတိကျကျ ပြောရလျှင် ကောင်းကင် မိုးကြိုး ကြွက် ကိုယ်တိုင်လည်း ထူးဆန်းသော သားရဲ တစ်ကောင်ပါပင်။ သွေးမျိုးဆက် ပြောင်းလဲတိုးတက်လာပြီးနောက် ၎င်း၏ သွေးမျိုးဆက်သည် သာမန်ထက် ထူးခြားလာခဲ့သည်။
ဒီကို ရောက်ရောက်ချင်း ထူးဆန်းသော သားရဲ တစ်ကောင်နှင့် တွေ့ရမည်ဟု သူ မထင်ထားခဲ့ပေ။
သူ စိတ်ဝင်စားသွားပြီး ပြောလိုက်၏။
“သွား... ဖမ်းလာနိုင်မလား သွားကြည့်ချေ”
ကောင်းကင် မိုးကြိုး ကြွက် က အလျင်အမြန် သဘောတူလိုက်သည်။
“ကောင်းပါပြီ သခင်... ဒီမှာ ခဏစောင့်နေပါ... ကျွန်တော် အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်”
ထို့နောက် ကောင်းကင် မိုးကြိုး ကြွက် သည် မိုးကြိုးတန်း တစ်ခုအသွင် ပြောင်းလဲသွားပြီး မြေကြီးထဲသို့ ပျောက်ကွယ်သွား၏။
ကောင်းကင် မိုးကြိုး ကြွက် ထွက်ခွာသွားပြီး မကြာမီမှာပင်... ဧည့်သည် နှစ်ယောက် ရောက်ရှိလာ၏။
တာအိုရုပ်သေး သည် အကာအကွယ် အခင်းအကျင်းကို ပိတ်လိုက်ပြီး တံခါးဖွင့်ပေးလိုက်သည်။
လျူ မိသားစု ခေါင်းဆောင် နှင့် တည်းခိုခန်း ပိုင်ရှင် တို့ ဝင်လာကြခြင်းပင်။
လျူ မိသားစု ခေါင်းဆောင် သည် အသက်ကြီးပုံ မရပေ။ မုတ်ဆိတ်ရှည်ထားသော လူလတ်ပိုင်း အရွယ်၊ ပိန်ပါးပါး၊ အရပ်မရှည်ဘဲ မီးခိုးရောင် ရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ချီစုစည်းခြင်း အဆင့် (၉) သို့ ရောက်ရှိနေသူ ဖြစ်သည်။
အခန်းထဲ ဝင်လာသည်နှင့် လျူ မိသားစု ခေါင်းဆောင် သည် တာအိုရုပ်သေး ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။
“မိတ်ဆွေ... ခင်ဗျားကို ကြည့်ရတာ စိမ်းနေသလိုပဲ... စစ်ယန် မြို့ ကို အရင်က မရောက်ဖူးဘူး ထင်တယ်”
တာအိုရုပ်သေး က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်၏။
“ဒါ ကျွန်တော့်ရဲ့ ပထမဆုံး အကြိမ်ပါ... ဒါပေမဲ့ ကျွန်တော်.. လျူ မိသားစု ကို စော်ကားမိတာမျိုး မရှိဖို့ မျှော်လင့်ပါတယ်”
လျူ မိသားစု ခေါင်းဆောင် က ရယ်မောလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
“ဒါပေါ့... မရှိပါဘူးဗျာ... ဒါပေမဲ့ ခင်ဗျား ဖူယန် တောင်တန်း ကို သွားဖို့ စစ်ယန် မြို့ ကို ရောက်လာတယ်လို့ ကြားမိလို့ပါ... ကံမကောင်းတာက မကြာသေးမီက တောင်တန်းထဲမှာ မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပြီး... ကြမ်းတမ်းတဲ့ ထူးဆန်းတဲ့ မိစ္ဆာသားရဲ တစ်ကောင် သောင်းကျန်းနေတယ်လေ... အခြေခံတည်ဆောက်ခြင်း အဆင့် မဟုတ်တဲ့ ဘယ်သူမဆို ဝင်သွားရင် အသေပဲ ဗျ”
“ကျုပ်က ဒီကိစ္စကို လာသတိပေးတာပါ... အရေးတကြီး ကိစ္စ မဟုတ်ရင် လောလောဆယ် ဖူယန် တောင်တန်း ထဲ မဝင်တာ အကောင်းဆုံးပါပဲ”
တာအိုရုပ်သေး က အံ့အားသင့်သွားဟန်ဆောင်ပြီး မေးလိုက်၏။
“တကယ်ကြီးလား ဗျာ”
“ကြွပါ... အထဲဝင်ပါဦး”
ပြောရင်း သူတို့ကို အခန်းထဲ ဝင်ပြီး ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ လျူ မိသားစု ခေါင်းဆောင် နှင့် တည်းခိုခန်း ပိုင်ရှင် တို့သည် တုံ့ဆိုင်းမနေဘဲ ဝင်ထိုင်လိုက်ကြသည်။ သူတို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ တာအိုရုပ်သေး ၏ အထောက်အထားကို စုံစမ်းရန် ဖြစ်သဖြင့်... စကားများများ ပြောလေ ပိုကောင်းလေ ဖြစ်သည်လေ။
သို့သော် သူတို့နှစ်ဦး ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက်... တာအိုရုပ်သေး ၏ မျက်နှာထား တည်ငြိမ်သွား၏။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ... ကြောက်မက်ဖွယ် ကောင်းသော အခင်းအကျင်း တစ်ခု အခန်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။
တစ်ခဏတာမျှ လျူ မိသားစု ခေါင်းဆောင် နှင့် တည်းခိုခန်း ပိုင်ရှင် တို့ ကြောင်အ သွားကြသည်။
“ဘာ...”
သူတို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော တာအိုရုပ်သေး က ပြုံးလိုက်ပြီး ပြောလိုက်သည်။
“လျူ မိသားစု ခေါင်းဆောင် ကို ဒီမှာ တွေ့ရတာ အံ့ဩစရာပဲ... အဆင်ပြေတာနဲ့ လျူ မိသားစု ခေါင်းဆောင် ဆီက ပစ္စည်းတစ်ခုလောက် ငှားချင်လို့ပါ”
လျူ မိသားစု ခေါင်းဆောင် သည် အခန်းကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ် အခင်းအကျင်း အရှိန်အဝါကို ခံစားလိုက်ရပြီး... ဦးရေပြားများ ထုံကျင်သွားကာ ကျောချမ်းသွား၏။
သူ တံတွေး တစ်ချက် မျိုချလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
“စီနီယာ... ဘာလိုချင်လို့ပါလဲ... ပြောသာ ပြောပါ ခင်ဗျာ”
သောက်ကျိုးနည်း... ငါ့ရှေ့က ဒီလူက ချီစုစည်းခြင်း အဆင့် လုံးဝ မဟုတ်ဘူး။
ပြီးပြီ...
ပြဿနာ အကြီးကြီး တက်ပြီ။
တာအိုရုပ်သေး သည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ... ချီ စွမ်းအား တစ်ခု ပေါက်ကွဲထွက်လာပြီး တည်းခိုခန်း ပိုင်ရှင်၏ ခေါင်းကို ပိုင်းဖြတ်လိုက်တော့၏။ ထို့နောက် လျူ မိသားစု ခေါင်းဆောင် ကို ကြည့်ပြီး ပြောလိုက်သည်။
“လျူ မိသားစု ခေါင်းဆောင် ရဲ့ ဝိညာဉ်ကို ငှားချင်လို့ပါ”
“ငါ... ငါ မင်းနဲ့ တိုက်ခိုက်မယ်”
တည်းခိုခန်း ပိုင်ရှင် အသတ်ခံလိုက်ရသည်ကို မြင်သောအခါ... လျူ မိသားစု ခေါင်းဆောင် သည် လွတ်လမ်းမရှိတော့မှန်း သိလိုက်၏။
ဒေါသ၊ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ ပေါင်းစပ်သွားပြီး သူ၏ ချီ စွမ်းအားများ အားလုံးကို ထုတ်ဖော်လိုက်သည်။
တာအိုရုပ်သေး ထံသို့ ချုပ်နှောင်ခြင်း သိုင်းကွက် တစ်ခု ပစ်လွှတ်လိုက်ပြီး... တစ်ချိန်တည်းမှာပင် ဓားတစ်ချောင်းကို ဆင့်ခေါ်ကာ အခင်းအကျင်းကို ခုတ်ပိုင်းပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။
သို့သော် သူ၏ ချုပ်နှောင်ခြင်း သိုင်းကွက် ပေါ်လာသည်နှင့် တစ်ပြိုင်နက်... တာအိုရုပ်သေး ၏ အမိန့်ပေးမှုအောက်တွင် ထို ချီ စွမ်းအားများ ချက်ချင်း ပြိုကွဲပျက်စီးသွား၏။
ထို့အပြင် သူ၏ အလယ်အလတ်စား မှော်ဓားလက်နက် သည်လည်း တာအိုရုပ်သေး ၏ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားကြောင့် လေထဲတွင် တောင့်တင်း ရပ်တန့်သွား၏။
"ဘုန်း..."
ထိုအရာများကို မြင်လိုက်ရသောအခါ လျူ မိသားစု ခေါင်းဆောင် သည် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွား၏။ သူ၏ မျက်နှာထား မှိုင်တွေနေပြီး တာအိုရုပ်သေး ကို မိစ္ဆာကောင် တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေမိသည်။
သူနှင့် တာအိုရုပ်သေး ကြားရှိ စွမ်းအား ကွာခြားချက် မည်မျှ ကြီးမားကြောင်း သူ လုံးဝ မသိခဲ့ပေ။
“ဝေါ…”
တာအိုရုပ်သေး သည် လက်ကို ဆန့်ထုတ်လိုက်ပြီး လျူ မိသားစု ခေါင်းဆောင် ကို ဆွဲယူလိုက်ကာ ချီ စွမ်းအားများကို ချိတ်ပိတ်လိုက်သည်။ သူ၏ လက်တစ်ဖက်ကို လျူ မိသားစု ခေါင်းဆောင် ၏ ခေါင်းပေါ်သို့ တင်လိုက်သည်။ လျူ မိသားစု ခေါင်းဆောင် ၏ မျက်နှာတွင် အဆုံးမရှိသော ကြောက်ရွံ့မှုများ ပေါ်လွင်နေ၏။
နောက်ဆုံး သူ မြင်လိုက်ရသည့်အရာမှာ အိုမင်းပြီး ပိန်လှီသော တာအိုရုပ်သေး ပင် ဖြစ်သည်။
တာအိုရုပ်သေး သည် ဝိညာဉ် ရှာဖွေခြင်း လျှို့ဝှက် နည်းစနစ်အား စတင်လိုက်သည်နှင့် လျူ မိသားစု ခေါင်းဆောင် သတိလစ်မေ့မြောသွား၏။
သူ့ရင်ထဲတွင် နာကျည်းမှုများ ပြည့်နှက်နေ၏။
ဟို တည်းခိုခန်း ပိုင်ရှင် ကောင်စုတ်... ဘာကိစ္စ ငါ့ကို လာခေါ်ရတာလဲ။ အခုတော့ နှစ်ယောက်စလုံး သွားပြီ။
ခဏကြာသောအခါ...
ဝိညာဉ် ရှာဖွေခြင်း လျှို့ဝှက် နည်းစနစ် ၏ ဒဏ်ကို မခံနိုင်တော့ဘဲ... လျူ မိသားစု ခေါင်းဆောင် ၏ ဝိညာဉ် ကွဲကြေသွားပြီး အသက်ရှူ ရပ်တန့်သွား၏။
တာအိုရုပ်သေး သည် မီးသိုင်းကွက် တစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်သုံးလိုက်ပြီး အလောင်းနှစ်လောင်းစလုံးကို မီးရှို့ဖျက်ဆီးလိုက်သည်။ ခြေရာလက်ရာ လုံးဝ မကျန်စေရပေ။
အခန်းကို ရှင်းလင်းပြီးနောက်... သူသည် ထိုင်ချလိုက်ပြီး လျူ မိသားစု ခေါင်းဆောင် ၏ စိတ်ထဲမှ ရရှိလိုက်သော ချီမြစ် အဖွဲ့ခွဲ အကြောင်း သတင်းအချက်အလက်များကို ပြန်လည် သုံးသပ်ကြည့်လိုက်၏။
ဒီမြို့အကြောင်း သတင်းအချက်အလက်တွေက ကောင်းကင် မိုးကြိုး ကြွက် ပြောပြတာတွေနှင့် အတော်လေး တူညီနေ၏။ ထို့အပြင် မြို့ထဲက လျူ မိသားစု နှင့် ဓားတစ်ရာ အင်မော်တယ် မြို့တော် က နာမည်တူ လျူ မိသားစု ကြီးတို့ကြားမှာ နက်ရှိုင်းသည့် ဆက်နွယ်မှုတွေ ရှိနေတာကိုလည်း သိလိုက်ရသည်။
ဓားတစ်ရာ အင်မော်တယ် မြို့တော် က လျူ မိသားစု ရဲ့ အကာအကွယ်ကို ရယူဖို့အတွက် လက်ထပ်ထိမ်းမြားမှုတွေတောင် ပြုလုပ်ထားကြသေး၏။
အခန်း (၃၆၅) - အခွင့်အလမ်းများ၊ ပရမ်းပတာ (၄)
~စစ်ယန် မြို့ သည် ချီမြစ် အဖွဲ့ခွဲ နယ်မြေ၏ အစွန်းတစ်ဖက်နှင့် ဇီကွမ်း နယ်မြေ ၏ အစွန်းတစ်ဖက်တွင် တည်ရှိသည်။
လျူ မိသားစု ခေါင်းဆောင် သည် ချီမြစ် အဖွဲ့ခွဲ ၏ အတွင်းရေး ကိစ္စများကို နက်နက်နဲနဲ မသိရှိသော်လည်း... ချီမြစ် အင်မော်တယ် မြို့တော် တည်ရှိရာ နေရာနှင့် စစ်ယန် မြို့ လက်အောက်ခံ ဖြစ်သော ဓားတစ်ရာ အင်မော်တယ် မြို့တော် ၏ အခြေအနေများကို သိရှိထားသည်။
ဓားတစ်ရာ အင်မော်တယ် မြို့တော် တွင် ရွှေအမြုတေ အဆင့် ရှိသူ မည်သူမျှ မရှိပေ။ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ မိသားစု အနည်းငယ်သာ ရှိပြီး... အသန်မာဆုံးမှာ အခြေခံတည်ဆောက်ခြင်း အဆင့် နှောင်းပိုင်း ကျင့်ကြံသူများသာ ဖြစ်၏။
စစ်ယန် မြို့ မှ ကျင့်ကြံခြင်း မိသားစုများ အားလုံးသည် ဓားတစ်ရာ အင်မော်တယ် မြို့တော် ၏ လက်အောက်ခံ ဖြစ်ကြပြီး... ချီမြစ် အဖွဲ့ခွဲ ၏ အထက်ပိုင်း အဆင့်ဆင့် အုပ်ချုပ်ပုံနှင့် ပတ်သက်၍ သိပ်မရင်းနှီးကြပေ။
သို့သော် ဓားတစ်ရာ အင်မော်တယ် မြို့တော် သည် ချီမြစ် အင်မော်တယ် မြို့တော် ၏ လက်အောက်ခံ ဖြစ်ပြီး... ချီမြစ် ကောင်စီ ၏ အမိန့်များကို နာခံရသည်။
တာအိုရုပ်သေး သည် သူ၏ စိတ်ထဲရှိ သတင်းအချက်အလက်များကို စုစည်းလိုက်ပြီး မျက်လုံးများ ပိုမို အေးစက်လာ၏။
“ကြည့်ရတာ ဓားတစ်ရာ အင်မော်တယ် မြို့တော် ကို ခရီးတစ်ခေါက် သွားရတော့မယ် ထင်တယ်... အရင်ဆုံး ချီမြစ် အင်မော်တယ် မြို့တော် အကြောင်း သေချာ နားလည်အောင် လုပ်ပြီးမှ... ချန်ချင်း နဲ့ ရှောင်ချီ အကြောင်း သတင်းအစအန ရှိမရှိ စုံစမ်းရမယ်”
လျူ မိသားစု ခေါင်းဆောင် သည် ချီစုစည်းခြင်း အဆင့် (၉) သာ ရှိသော ကျင့်ကြံသူ အသေးစားလေး ဖြစ်သဖြင့်... ဓားတစ်ရာ အင်မော်တယ် မြို့တော် အကြောင်း တစ်စိတ်တစ်ပိုင်းသာ သိရှိလေ၏။
ပိုမို ဝေးကွာသော ချီမြစ် အင်မော်တယ် မြို့တော် နှင့် ပတ်သက်၍မူ... တည်နေရာ အကြမ်းဖျင်းလောက်သာ သိရှိထားသည်။
အခြား နေရာများ အကြောင်းကိုမူ ဘာမှ မသိပေ။
သို့သော် အနည်းဆုံးတော့ ဇီကွမ်း နယ်မြေ အတွင်း စတင် လုပ်ဆောင်ရမည့် အစပျိုး အမှတ်တစ်ခု ရရှိသွားပြီ ဖြစ်သည်။ သူ့အား အသေခံလိုက်ရတာ အလဟဿ မဖြစ်ပါချေ။
နေရာအနည်းငယ်ကလွဲလျှင် ဇီကွမ်း နယ်မြေ တစ်ခုလုံးကို လွတ်လပ်စွာ သွားလာနိုင်ပြီ ဖြစ်သည်။
သို့သော် မည်ကဲ့သို့ ဝင်ရောက်မည်၊ ယွီချန်ချင်း နှင့် စုချီ တို့ကို ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သတိမထားမိစေဘဲ မည်ကဲ့သို့ ကယ်ထုတ်မည် ဆိုသည်ကို စဉ်းစားရဦးမည်။
ခေါင်းပြတ်နေသော ယင်ကောင် တစ်ကောင်လို သတင်းအချက်အလက် မရှိဘဲ ပရမ်းပတာ လုပ်ဆောင်၍ မရပေ။ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ပင်မဌာနချုပ်ကို တိုက်ရိုက် ဝင်ရောက်စီးနင်းရန်လည်း မဖြစ်နိုင်ပေ။
ယွီချန်ချင်း နှင့် စုချီ တို့က ထိုနေရာတွင် မရှိဘဲ အခြားနေရာ တစ်ခုခုတွင် ရှိနေလျှင် ဘယ်လို လုပ်မလဲ။
ဒါကြောင့် အရင်ဆုံး စုံစမ်းစစ်ဆေးပြီး အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရမည်... ပြီးမှ ဘာဆက်လုပ်မလဲ ဆုံးဖြတ်ရမည်။
“ဓားတစ်ရာ အင်မော်တယ် မြို့တော် ကနေ စပြီး ချီမြစ် အင်မော်တယ် မြို့တော် ဆီ သွားမယ်... ချီမြစ် အဖွဲ့ခွဲ နယ်မြေ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရပြီး... ချန်ချင်း နဲ့ ရှောင်ချီ တို့ ပင်မဌာနချုပ်မှာ ရှိနေတာ သေချာပြီ ဆိုမှ... ပင်မဌာနချုပ်ဆီ သွားမယ်”
တာအိုရုပ်သေး သည် ဆုံးဖြတ်ချက် ချလိုက်တော့၏။
တစ်ချိန်တည်းမှာပင်...
စစ်ယန် မြို့ နှင့် မလှမ်းမကမ်းရှိ ဖူယန် တောင်တန်း အတွင်း၌... စစ်ယန် မြို့ မှ အဓိက ကျင့်ကြံခြင်း မိသားစု (၄) ခုမှ လူများသည် မီးတောင် ချော်ရည် ဧရိယာကို ပိတ်ဆို့ထားပြီး မည်သူ့ကိုမျှ ဝင်ထွက်ခွင့် မပေးပေ။
သူတို့သည် ယခင်က တွေ့ရှိခဲ့သော ထူးဆန်းသော သားရဲ၏ ခြေရာများကို ရှာဖွေရန် မြေအောက် မီးတောင် ချော်ရည် ဂူထဲသို့ လူများ စေလွှတ်လိုက်ကြသည်။
သူတို့သည် ဤနေရာတွင် ရှာဖွေနေသည်မှာ ကြာပြီ ဖြစ်ပြီး... ထူးဆန်းသော သားရဲ ပုန်းအောင်းနေနိုင်သည့် နေရာများကို တဖြည်းဖြည်း ကျဉ်းမြောင်းအောင် လုပ်ဆောင်လာခဲ့ကြ၏။
နောက်ဆုံးတွင်... မြေအောက် ပေ (၁၀၀) အနက်ရှိ ချော်ရည် ဂူတစ်ခု အတွင်း၌... အဓိက ကျင့်ကြံခြင်း မိသားစု (၄) ခုမှ လူများသည် ထူးဆန်းသော သားရဲ၏ ခြေရာကို တွေ့ရှိသွားကြသည်။ သူတို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်... ပုန်းအောင်းနေသော သားရဲသည် အနီရောင် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ရှေ့ရှိ အလွန် ပူပြင်းသော ချော်ရည်ပြင် ပေါ်မှ ဖြတ်ကျော် ထွက်ပြေးသွား၏။
၎င်းသည် ငှက်နှင့် တူသော သတ္တဝါ တစ်ကောင် ဖြစ်ပြီး... (၆) ပေခန့် ရှည်လျားသော အနီရောင် အမွှေးအတောင်များ ရှိကာ ဖီးနစ်ငှက်နှင့် ဆင်တူသည်။ ခရမ်းရောင်နှင့် စိမ်းပြာရောင် အမြီးအတောင်များသည် အထူးခြားဆုံး ဖြစ်သည်။
ထို ထူးဆန်းသော သားရဲကို မြင်လိုက်ရသောအခါ အဓိက ကျင့်ကြံခြင်း မိသားစု (၄) ခုမှ လူများသည် အတိုင်းမသိ ဝမ်းသာသွားကြပြီး... သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေတော့၏။
“ဒီ ထူးဆန်းတဲ့ သားရဲက... တကယ့်ကို တူလိုက်တာ”
“တကယ်လို့ ငါတို့က ဒါကို ကောင်းကင်ဖီးနစ် လို့ ပြောရင်တောင် ယုံမယ့်လူတွေ ရှိလောက်တယ်”
“မြန်မြန်... လှုပ်ရှားပြီး ဖမ်းချုပ်လိုက်ကြ”
ကျင့်ကြံသူ (၁၀) ယောက်ကျော် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး အလျင်အမြန် လှုပ်ရှားလိုက်ကြ၏။ ဖမ်းချုပ်ရန် အထူး ပြုလုပ်ထားသော မှော်ကိရိယာ နှစ်ခု လေထဲသို့ ပျံတက်သွား၏။ သံကြိုးတစ်ချောင်းသည် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားပြီး ထူးဆန်းသော သားရဲ၏ ထွက်ပြေးလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ကြေးခေါင်းလောင်း ပုံသဏ္ဍာန် အခြား ကိရိယာ တစ်ခုသည် သားရဲ ရှိရာသို့ တည့်တည့် ဖိချလိုက်သည်။
အခြား ကျင့်ကြံသူများသည် အမျိုးမျိုးသော ချုပ်နှောင်ခြင်း သိုင်းကွက်များကို ထုတ်သုံးကြပြီး... အချို့က ချုပ်နှောင်ခြင်း အခင်းအကျင်းများကိုပါ ထုတ်ဖော်ကာ ထူးဆန်းသော သားရဲကို ဖမ်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေကြ၏။
“ကျွီ...”
ထိုအခြေအနေကို တုံ့ပြန်သည့် အနေဖြင့် ထူးဆန်းသော သားရဲသည် ဒေါသတကြီး စူးရှစွာ အော်လိုက်သည်။ တဆက်တည်း၌၊ ၎င်း၏ နှုတ်သီးကို ကျယ်လောင်စွာ ဖွင့်လိုက်ပြီး... ရုတ်တရက် ကြောက်မက်ဖွယ် လိမ္မော်ရောင် မီးတောက်များ မှုတ်ထုတ်လိုက်သည်။ မီးတောက်၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ရှိနေသော ကျင့်ကြံသူများ အားလုံး မျက်နှာပျက်သွားကြရ၏။
မီးတောက် ပေါ်လာသည်နှင့် တစ်ပြိုင်နက်... လောင်ကျွမ်းနေသော အပူရှိန်ကြောင့် လူတိုင်း အရှင်လတ်လတ် မီးရှို့ခံနေရသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။ သူတို့ အထိတ်တလန့် အော်ဟစ်လိုက်ကြသည်။
“မဖြစ်ဘူး... ဒုက္ခပဲ”
သံကြိုး ကိရိယာ နှင့် ကြေးခေါင်းလောင်း ကိရိယာ ကို ထိန်းချုပ်ထားသော ကျင့်ကြံသူများသည် သူတို့၏ ကိရိယာများကို ကပျာကယာ ပြန်ခေါ်လိုက်ကြ၏။
ထူးဆန်းသော သားရဲသည် ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်းသာအားရ ဖြစ်သွားကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
ရုတ်တရက် ခရမ်းရောင် မိုးကြိုး တစ်ခု ၎င်း၏ ရှေ့တွင် ဖြစ်ပေါ်လာ၏။ ကြောက်မက်ဖွယ် အရှိန်အဝါသည် ချော်ရည် ဂူတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွား၏။
"ဘုန်း..."
ထူးဆန်းသော သားရဲ ပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင်... မိုးကြိုးတန်း ပစ်ချလိုက်ပြီး ၎င်းကို ကောင်းကင်မှ ရိုက်ချလိုက်သည်။ အမွှေးအတောင်များ နေရာအနှံ့ လွင့်စင်သွားပြီး... ၎င်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မိုးကြိုးနှင့် လျှပ်စီးများ ဝန်းရံနေ၏။ ထူးဆန်းသော သားရဲသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခန္ဓာကိုယ် တောင့်တင်းသွားကာ မလှုပ်ရှားနိုင်တော့ပေ။
မိုးကြိုး တစ်ချက်တည်းနှင့် မေ့မြောသွားခြင်း ဖြစ်သည်။
၎င်း၏ အသားအရေ ထူထဲမှုကြောင့်သာ တော်တော့သည်။ မဟုတ်လျှင် ထိုမိုးကြိုး တစ်ချက်တည်းနှင့် ကြက်ကင် ဖြစ်သွားလောက်ပေပြီ။
ထိုအခိုက်အတန့်တွင်... ကြောက်မက်ဖွယ် မိစ္ဆာသားရဲ အရှိန်အဝါများသည် အရပ်မျက်နှာ အသီးသီးမှ လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှိမ့်ဝင်လာကြသည်။
ခရမ်းရောင် ကြွက်မိစ္ဆာများသည် နေရာအနှံ့မှ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာကြသည်။ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှ၏။
“ကျွီ... ကျွီ... ကျွီ...”
ကြွက်အော်သံများသည် ချော်ရည် ဂူတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
အဓိက ကျင့်ကြံခြင်း မိသားစု (၄) ခုမှ ကျင့်ကြံသူ (၁၀) ယောက်ကျော် - “...”
သူတို့ မိုးကြိုးပစ် မခံရပါ။
သို့သော်၊ ယခုချိန်မှာတော့... သူတို့ဟာ ကြောက်မက်ဖွယ် အရှိန်အဝါများ ရှိသော ကြွက်အုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံထားရပြီ ဖြစ်သည်။
အနိမ့်ဆုံး ကြွက်မိစ္ဆာမှာပင် မိုးကြိုး အရှိန်အဝါများ ရှိနေသဖြင့်... သူတို့ ကြက်သီးမွေးညှင်း ထသွားကြပြီး တောင့်တင်းသွားကာ မလှုပ်ရဲကြတော့ပေ။
ထိုအထဲမှ ဧရာမ ကြွက်မိစ္ဆာကြီး အနည်းငယ်၏ အရှိန်အဝါသည် ပိုမို ခြိမ်းခြောက်မှု ရှိနေ၏။
အဆင့် (၂) မိစ္ဆာသားရဲတွေ…
ဘာတွေ ဖြစ်ကုန်တာလဲ။
'ဘယ်လို ဖြစ်ရတာလဲ... ဒီ ကြောက်စရာကောင်းတဲ့ ကြွက်မိစ္ဆာတွေ ဖူယန် တောင်တန်း ထဲ ဘယ်တုန်းက ရောက်လာကြတာလဲ'
အဓိက ကျင့်ကြံခြင်း မိသားစု (၄) ခုမှ ကျင့်ကြံသူ (၁၀) ယောက်ကျော်သည် စိတ်ဓာတ်ကျသွားကြပြီး ကြောက်ရွံ့မှုများ လွှမ်းမိုးသွား၏။ ခြေဖဝါးမှ ဦးခေါင်းအထိ အေးစက်မှုများ ပျံ့နှံ့သွားပြီး... ခန္ဓာကိုယ်များ အေးခဲသွားကာ အားလုံး မှင်သက်နေကြသည်။
အဆိုးဆုံးကတော့... သူတို့ အခု မိစ္ဆာသားရဲ ရာပေါင်းများစွာနဲ့အတူ ဂူထဲမှာ ပိတ်မိနေကြပြီပင်တည်း။
အခန်း (၃၆၆) - အခွင့်အလမ်းများ၊ ပရမ်းပတာ (၅)
~ကောင်းကင် မိုးကြိုး ကြွက် အုပ်စု ထွက်ပေါ်လာကြလေ၏။ အဆင့် (၂) ထိပ်တန်း ကောင်းကင် မိုးကြိုး ကြွက် တစ်ကောင်သည် မိုးကြိုးပစ်ခံထားရသဖြင့် လဲလျောင်းနေသော သားရဲကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အဓိက ကျင့်ကြံခြင်း မိသားစု (၄) ခုမှ ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူ (၁၀) ယောက်ကျော်ကို ဆက်လက် ကြည့်ရှုလိုက်၏။
"ဘုန်း..."
နောက်တစ်စက္ကန့်တွင်...
၎င်း၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် အဆုံးမဲ့သော မိုးကြိုးများ ကောင်းကင်မှ ကျဆင်းလာခဲ့သည်။ အဓိက ကျင့်ကြံခြင်း မိသားစု (၄) ခုမှ လူများသည် မိုးကြိုးစွမ်းအားအောက်တွင် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားကြရရှာသည်။
၎င်း၏ ဉာဏ်ရည်သည် နိမ့်ပါးခြင်း မရှိပေ။
“ကျွီ... ကျွီ... ကျွီ...”
“သားရဲကို ယူသွားကြ”
“ခြေရာလက်ရာ အားလုံးကို ဖျက်ဆီးပစ်ကြ”
၎င်း၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင် မိုးကြိုး ကြွက်များ စတင် လှုပ်ရှားကြတော့၏။ ခြေရာလက်ရာ အားလုံးကို ရှင်းလင်းပြီးနောက်... ကြွက်အုပ်စုသည် သားရဲကို ယူဆောင်လျက် ပြန်လည် ဆုတ်ခွာသွားကြသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုနေရာသည် လူသူကင်းမဲ့သွားလေတော့၏။
“မြန်မြန်... မြန်မြန်... သားရဲ ပေါ်လာပြီ ဟေ့”
“ဟင်... လူတွေ ဘယ်ရောက်ကုန်တာလဲ... သားရဲကော... ဘယ်ရောက်ကုန်ကြတာလဲ”
“ထူးဆန်းလိုက်တာ... မြန်မြန် ရှာကြစို့”
အခြား မိသားစုဝင်များ ဆူညံသံကြား၍ ရောက်ရှိလာကြသောအခါ ဘာမှ မတွေ့ရပေ။ ပတ်ဝန်းကျင် တစ်ဝိုက် ရှာဖွေသော်လည်း အချည်းနှီးသာ ဖြစ်နေသဖြင့် သူတို့ စိုးရိမ်ပူပန်လာကြပြီး အခြားနေရာများကို ဆက်လက် ရှာဖွေကြသည်။
ရက်အနည်းငယ် ကြာမှသာ လူဦးရေ စစ်ဆေးကြည့်သောအခါ လူအတော်များများ ပျောက်ဆုံးနေကြောင်း သိလိုက်ရ၏။
သူတို့သည် မည်သည့် မသမာမှုကိုမျှ သံသယ မဝင်ခဲ့ကြပေ။ သားရဲက ရက်စက်လွန်းသဖြင့် လူ (၁၀) ယောက်ကျော်ကို ဝါးမြိုသွားသည်ဟုသာ ကျိန်ဆဲလိုက်ကြသည်။
ခဏကြာသောအခါ...
စစ်ယန် မြို့ အပြင်ဘက်ရှိ စွန့်ပစ်ထားသော တောအုပ်တစ်ခု အတွင်း၌ ဖြစ်၏။
တာအိုရုပ်သေး သည် ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ပြန်လည် ခေါ်ဆောင်လာသော သားရဲကို ကြည့်လိုက်သည်။ ထို သားရဲသည် ကြည့်လိုက်လျှင် ဝိညာဉ်ကြက် တစ်ကောင်နှင့် တူနေ၏။ ၎င်း၏ အရှိန်အဝါသည် မပြင်းထန်လှဘဲ အဆင့် (၁) ထိပ်တန်း မိစ္ဆာသားရဲ တစ်ကောင်သာ ဖြစ်သည်။
သို့သော် ဤ သားရဲသည် မီးကို ထိန်းချုပ်နိုင်စွမ်း ရှိသော အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ရှေးဟောင်း ဘိုးဘေး သွေးမျိုးဆက် တစ်ခု နိုးထလာပုံ ရ၏။
စုယွီသည် ကောင်းကင်ဖီးနစ် နှင့် ဆက်နွယ်သော 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' ဟု ခေါ်သော မီးဓာတ်ကြီး ဝိညာဉ်အမြစ် ကျင့်စဉ်ကို လေ့ကျင့်ဖူးသည်။ ၎င်းကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန်အတွက် ကောင်းကင်ဖီးနစ် ၏ သွေးအနှစ်သာရ နှင့် အခြား ရတနာများ လိုအပ်သည်။
ထို့ကြောင့် စုယွီသည် ကောင်းကင်ဖီးနစ် ၏ အရှိန်အဝါနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေ၏။
သူသည် ထို သားရဲကို အချိန်ကြာမြင့်စွာ စိုက်ကြည့်လိုက်ပြီးနောက်... ကောင်းကင်ဖီးနစ် နှင့် ဆင်တူသော သွေးမျိုးဆက် အရိပ်အယောင် အနည်းငယ်ကို တွေ့ရှိလိုက်သည်။
သို့သော် အလွန် မှေးမှိန်လွန်းနေ၏။
ရှေးဟောင်း စာအုပ်များအရ ကောင်းကင်ဖီးနစ် သည် စွမ်းအားကြီး ဒဏ္ဍာရီလာ သတ္တဝါကြီး ဖြစ်သည်။
သူ့ရှေ့မှ သားရဲသည် ထို သွေးမျိုးဆက် အနည်းငယ်ကို နိုးထလာရုံသာ ရှိသေးပြီး... စွမ်းအားများ မပေါ်လွင်သေးပေ။
လောလောဆယ်တော့ 'ဝိညာဉ်ကြက်' အဆင့်သာ ရှိသေးသော်ငြား၊ အလားအလာ အရ ကြည့်လျှင်... ဤ သားရဲသည် ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ထက်ပင် သာလွန်နိုင်ခြေ ရှိ၏။
“ကျွီ...”
မိုးကြိုးပစ်ခံထားရသဖြင့် ထုံကျင်ဝေဝါးနေသော သားရဲသည် တဖြည်းဖြည်း သတိပြန်လည်လာသည်။ တာအိုရုပ်သေး ကို မြင်လိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။ အသံသည် ကြည်လင်ပြတ်သားပြီး အထွတ်အထိပ် အုပ်စိုးသူ၏ အရှိန်အဝါ အနည်းငယ် ပါဝင်နေ၏။
ဘေးနားတွင် ရှိနေသော ကောင်းကင် မိုးကြိုး ကြွက် ဘုရင် သည် ထိုအော်သံကြောင့် အလိုအလျောက် ကြောက်ရွံ့သွားပြီး ခန္ဓာကိုယ် တစ်ခုလုံး ကျောချမ်းသွားသည်။
သဘာဝ ရန်သူနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ ခံစားရ၏။
ကောင်းကင် မိုးကြိုး ကြွက် ဘုရင် သည် သားရဲကို မယုံနိုင်စွာ စိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။
“ဒီအသံက... သခင်... ဒါ... ဒါ တကယ်ပဲ ကောင်းကင်ဖီးနစ် သွေးမျိုးဆက် နိုးထလာတာလား”
အဆင့် (၁) သားရဲလေး တစ်ကောင်က သူ့ကို ကြောက်ရွံ့အောင် လုပ်နိုင်တယ် ဟုတ်လား။
တာအိုရုပ်သေး သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။
“ကောင်းကင်ဖီးနစ် သွေးမျိုးဆက် နည်းနည်းပါးပါး ပါဝင်နေပုံ ရတယ်... ဒါပေမဲ့ အရမ်း မှေးမှိန်လွန်းတယ်... မဟုတ်ရင် သူ မွေးဖွားလာတာ ဒီလောက် တိတ်ဆိတ်ငြိမ်သက်နေမှာ မဟုတ်ဘူး”
“ဒါပေါ့... ကောင်းကင်ဖီးနစ် သွေးမျိုးဆက် နည်းနည်းလေး ပါဝင်ရင်တောင်မှ ဒါက ထူးခြားတဲ့ သားရဲ တစ်ကောင်ပဲ”
“ဟား ..ဟား.. ဟား... ကောင်းတယ်... မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ... ပြန်ရောက်ရင် အဆင့် (၃) ထိပ်တန်း ဝိညာဉ်အရည် အစက် (၁၀၀) ဆုချမယ်”
ထိုစကားကို ကြားသောအခါ ကောင်းကင် မိုးကြိုး ကြွက် ဘုရင် ၏ မျက်လုံးများ အရောင်လက်သွားပြီး သွားရည်များ ကျလုနီးပါး ဖြစ်သွား၏။
အကျိုးအမြတ် ရရှိမည်ကို သိလိုက်ရသဖြင့် ကောင်းကင် မိုးကြိုး ကြွက် ဘုရင် သည် တာအိုရုပ်သေး ကို ချက်ချင်း မြှောက်ပင့်ပြောဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်... ကျေးဇူးတင်ပါတယ် သခင်... ဟဲ ဟဲ ဟဲ”
အဆင့် (၃) ထိပ်တန်း ဝိညာဉ်အရည် သည် ၎င်း၏ သွေးမျိုးဆက်ကို သန့်စင်ရန်အတွက် အလွန် အသုံးဝင်ပေသည်။
၎င်းသည် တာအိုရုပ်သေး ကို အမြဲတမ်း ပူဆာနေခဲ့ပြီး ထို ဝိညာဉ်အရည် ကို ရရှိရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့၏။
သခင်မလေး ယွီခယ်အာ၊ လော့ချင်းယာ၊ လန်ရှီး နှင့် လန်ကုန်း တို့ကိုပင် ဝိညာဉ်သစ်သီးများနှင့် ဆေးဝါးများ ဆက်သပြီး မျက်နှာလိုမျက်နှာရ လုပ်ခဲ့သည်။
ရည်ရွယ်ချက်ကတော့ သူမတို့ဆီက ဝိညာဉ်အရည် တစ်စက်၊ နှစ်စက်လောက် ရလိုရငြားပေါ့။
ဤ သားရဲကို ဖမ်းဆီးရမိပြီးနောက် တာအိုရုပ်သေး သည် ကျေနပ်အားရသွား၏။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှေးဟောင်း သစ်သား နန်းတော် ကို ဆင့်ခေါ်ကာ ကောင်းကင် မိုးကြိုး ကြွက် ဘုရင် နှင့် အခြား ကြွက်များ အပါအဝင် အဆင့် (၁) ထိပ်တန်း သားရဲကိုပါ ဝင်ရောက်စေလိုက်သည်။
“ပြန်ခေါ်သွားမယ်... ဒီကောင်လေးက အနာဂတ်မှာ အများကြီး အောင်မြင်လာနိုင်တယ်”
ကောင်းကင် မိုးကြိုး ကြွက် ဘုရင် နှင့် အဖွဲ့ကို ပြန်လည် သိမ်းဆည်းပြီးနောက်... တာအိုရုပ်သေး သည် စစ်ယန် မြို့ မှ တိတ်တဆိတ် ထွက်ခွာလာပြီး ဓားတစ်ရာ အင်မော်တယ် မြို့တော်သို့ ဦးတည် သွားရောက်လိုက်သည်။
တစ်ချိန်တည်းမှာပင်... စစ်ယန် မြို့ ရှိ လျူ မိသားစု သည် သူတို့၏ မိသားစု ခေါင်းဆောင် သေဆုံးသွားကြောင်း လုံးဝ မသိရှိကြသေးပေ။
ဖူယန် တောင်တန်း တွင်လည်း အဓိက ကျင့်ကြံခြင်း မိသားစု (၄) ခုမှ ကျင့်ကြံသူများသည် သူတို့၏ လူ (၁၀) ယောက်ကျော် ပျောက်ဆုံးနေကြောင်းနှင့် သူတို့ ရှာဖွေနေသော သားရဲ ပျောက်ကွယ်သွားကြောင်း မသိရှိကြသေးပေ။
လဝက် ကြာပြီးနောက်...
ဓားတစ်ရာ အင်မော်တယ် မြို့တော် ၏ အရှေ့တောင်ဘက် ထောင့်ရှိ အင်မော်တယ် စံအိမ်တော် တစ်ခု၏ နက်ရှိုင်းသော လျှို့ဝှက်ခန်း အတွင်း၌... တာအိုရုပ်သေး သည် ဆံပင်ဖြူ အဘိုးအို တစ်ဦး၏ ခေါင်းပေါ်သို့ လက်တင်လိုက်၏။ သူသည် အစွမ်းထက်သော ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ပြီး ရွှေပုစဉ်း လျှို့ဝှက် နည်းစနစ် ဖြစ်သော 'ဝိညာဉ် ရှာဖွေခြင်း' အသုံးပြုလိုက်သည်။
ဤ အခြေခံတည်ဆောက်ခြင်း အဆင့် (၈) ကျင့်ကြံသူသည် ဓားတစ်ရာ အင်မော်တယ် မြို့တော် ရှိ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ ချီမြစ် မျိုးဆက် သံတမန် တစ်ဦး ဖြစ်သည်။
သူ၏ နာမည်မှာ ရွှီကျိန်း ဖြစ်ပြီး... ဓားတစ်ရာ အင်မော်တယ် မြို့တော် ရှိ အဓိက ကျင့်ကြံခြင်း မိသားစုကြီး တစ်ခုဖြစ်သော ရွှီ မိသားစု ၏ ဘိုးဘေး ဟုလည်း လူသိများသည်။
ရွှီ အင်မော်တယ် စံအိမ်တော် တွင် အစောင့်အကြပ် ထူထပ်ပြီး ကျင့်ကြံသူ အများအပြား ရှိနေသော်လည်း... တံခါးပိတ် ကျင့်ကြံနေသော သူတို့၏ ဘိုးဘေးကြီးသည် တစ်ပါးသူ၏ လက်ထဲသို့ ကျရောက်သွားကြောင်း ယခုအချိန်အထိ မည်သူမျှ သတိမထားမိကြပေ။
(၁၅) မိနစ်ခန့် ကြာပြီးနောက်...
ရွှီ မိသားစု ဘိုးဘေးအိုကြီး၏ အရှိန်အဝါ ပျောက်ကွယ်သွားပြီး သူ၏ ဝိညာဉ် လုံးဝ ပြိုကွဲပျက်စီးသွားလေတော့၏။