← Chapters

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

Chapter 601: ဘာလို့ သူ့အပေါ် အရမ်းကောင်းနေတာလဲ

ဆုန့်ကျိန်းဖေးမှ

"ဒါ တကယ်ကို ပင်လယ်အောက်မီးတောင်ပဲဗျ”

သူ အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်သည်။

"ဒီကျွန်းမှာ ပင်လယ်အောက်မီးတောင် ရှိနေပြီဆိုတော့ သူ့ရဲ့တန်ဖိုးက အမြင့်ဆုံးအဆင့်ကို ချက်ချင်း ခုန်တက်သွားပြီ"

သူက အံ့ဩတကြီးဖြင့် ဆက်ပြောလေ၏။

"တောင်ပိုင်းကျွန်းစုမှာရှိတဲ့ ဒီလိုပင်လယ်အောက်မီးတောင်တွေဟာ နှစ်ပေါင်းသောင်းနဲ့ချီပြီး စိတ်ဝိညာဉ်အဆီအနှစ်တွေကို စုစည်းထားတာဆိုတာ ခင်ဗျား နားလည်ထားရမယ်… အခု ဒီတစ်ခုကတော့ ဘယ်သူမှ မထိရသေးတာ သိသာတယ်… အထဲမှာ စစ်မှန်တဲ့ မြေကမ္ဘာမီးလျှံ အဆီအနှစ်တွေ ရှိနေမှာလည်း သေချာတယ်… မိတ်ဆွေရှန်... ခင်ဗျားတော့ ကံထူးပြီဗျာ"

သူသည် မနေနိုင်ဘဲ လက်မထောင်ပြလိုက်ပြီး

"ကျွန်တော်ကတော့ ခင်ဗျားကို ရမ်းရွေးနေတာလို့ ထင်နေတာ… ဘယ်သူက ထင်မှာလဲ… တကယ့်ကို ကံကြမ္မာပဲဗျာ”

ရှန်မိုမှာ ခပ်တိုးတိုး ရယ်လိုက်ပြီး

"ခဏလေး အာရုံခံမိတာပါ… ကျွန်တော်လည်း ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ထားပါဘူး"

ဆုန့်ကျိန်းဖေးမှ တဟားဟား ရယ်မောလိုက်ပြီး ရှန်မိုအတွက် စိတ်ရင်းဖြင့် ဝမ်းသာနေတော့သည်။ ရှိထျန်းဟောက်မှ ဘာတုံ့ပြန်မှုမျှ မပြသည်ကို မြင်သောအခါ သူက

"ရှိညီလေး... ဘာလို့ ဒီလောက်တိတ်ဆိတ်နေရတာလဲ"

သူ စနောက်လိုက်၏။

ရှိထျန်းဟောက်သည် သူ၏မျက်လုံးထဲမှ အေးစက်သော အရိပ်အယောင်ကို အမြန်ဖုံးကွယ်လိုက်ပြီး လိုက်ဖက်ညီစွာဖြင့်ပင် အားရပါးရ ရယ်မောလိုက်လေ၏။

"ဂုဏ်ယူပါတယ်… မိတ်ဆွေရှန်... တကယ့်ကို ကောင်းတဲ့နေရာကို ရွေးလိုက်တာပဲ… ဒီနေရာက ကျွန်တော့်ရဲ့ ချိုလုံကျွန်းနဲ့လည်း သိပ်မဝေးဘူး… ကျွန်တော်တို့ အဆက်အသွယ် မပြတ်ကြစို့"

ရှန်မိုမှာ ပြုံးလျက်

"ဒါက တကယ်ကို ကောင်းတာပေါ့"

ရှန်မိုနှင့် ရှိထျန်းဟောက်တို့ အဆင်ပြေပြေ ရှိနေသည်ကို မြင်ရသည့်အတွက် ဆုန့်ကျိန်းဖေးမှာ ပို၍ပင် ကျေနပ်သွားတော့သည်။

"ဒီကျွန်းလေးက နာမည်မရှိသေးဘူး… မိတ်ဆွေရှန်ပဲ နာမည်ပေးလိုက်ပါလား… ခင်ဗျား ဆုံးဖြတ်ပြီးရင် ကျွန်တော် သတင်းပို့ပေးမယ်… ကျွန်းသခင် အမှတ်တံဆိပ် ရောက်လာပြီဆိုရင် ခင်ဗျားက တရားဝင် ကျွန်းသခင် ဖြစ်လာပြီ"

ရှန်မိုမှ အသာအယာ ခေါင်းငြိမ့်လိုက်သည်။

သူ ခေတ္တမျှ စဉ်းစားပြီးနောက်

"ချင်းရွှမ်ကျွန်းလို့ပဲ ခေါ်ကြရအောင်"

"နာမည်ကောင်းပဲဗျာ”

ဆုန့်ကျိန်းဖေးမှ အကြိမ်ကြိမ် ခေါင်းညိတ်ကာ ထောက်ခံ၏။

"မိတ်ဆွေရှန်... ကျွန်တော် လွင့်မျောနေသော တိမ်တိုက်ကျွန်းကို အခု ပြန်လိုက်ဦးမယ်… မကြာခင်မှာ ကျင့်ကြံသူတွေနဲ့ အလုပ်သမားတွေ ရောက်လာလိမ့်မယ်… ခင်ဗျားရဲ့ ဂူဗိမာန် တည်ဆောက်ရေးကို ကျွန်တော်ပဲ စီစဉ်ပေးပါ့မယ်"

ရှန်မို ပြုံးလျက် လက်နှစ်ဖက်စုကာ

"ဒါဆိုရင် ကျွန်းသခင်ဆုန့်ရဲ့ စေတနာကို ကျွန်တော် ဝမ်းမြောက်စွာ လက်ခံရမှာပေါ့"

သူကိုယ်တိုင်လည်း တည်ဆောက်နိုင်သော်လည်း တောင်ကို ထွင်းထုရုံမျှသာဆိုလျှင် ကြမ်းတမ်းပြီး သာမန်မျှသာ ဖြစ်ပေလိမ့်မည်။

ဆုန့်ကျိန်းဖေးက ကူညီချင်နေသဖြင့် သူကလည်း ငြင်းပယ်ခြင်း မပြုတော့ပေ။

ရှိထျန်းဟောက်မှာမူ သူတို့နှစ်ဦး ပိုမိုရင်းနှီးလာသည်ကို မြင်ရသည့်အခါ စိတ်ထဲမှ မနာလိုမှုများဖြင့် တောက်လောင်နေတော့သည်။

ဆုန့်ကျိန်းဖေးက ဘာလို့ သူ့အပေါ် ဒီလောက်တောင် ကောင်းနေရတာလဲ။

ငါက အရင်ရောက်နေတာလေ။

...

ရက်အနည်းငယ်အကြာ။

ချင်းရွှမ်ကျွန်းပေါ်တွင် ခန့်ညားထည်ဝါပြီး ရှေးကျသော ပုံစံရှိသည့် နန်းတော်တစ်ခုကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားခဲ့သည်။ ကျင့်ကြံဆောင်များ၊ ဆေးဖော်ဆောင်များ၊ ကျမ်းစာဆောင်များ၊ လေ့ကျင့်ရေးကွင်းများ... အရာအားလုံး စုံလင်ပြီး လက်ရာမှာလည်း သေသပ်လှသည်။ ရှန်မိုပင်လျှင် အပြစ်ပြောစရာ တစ်ကွက်မျှ မရှိချေ။

ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် ရှန်မိုသည် ကျွန်းပတ်ပတ်လည်တွင် အကြီးစား စည်းရုံးခြင်း အစီအရင်များကို ကိုယ်တိုင် ပြုလုပ်လိုက်သည်။ ဝိညာဉ်စုစည်းခြင်း အစီအရင်၊ ဝိညာဉ်လမ်းညွှန် အစီအရင်၊ မြူခိုးအစီအရင်နှင့် ဓားအရှိန်အဝါ အစီအရင်များမှာ မရှိမဖြစ် လိုအပ်လှသည်။ မိမိ၏ ကျင့်ကြံမှုနည်းလမ်းများကို အခြားသူများ အလွယ်တကူ မြင်တွေ့သွားမည်ကို မည်သူမျှ မလိုလားကြပေ။

ဤအရာများအားလုံး ပြီးဆုံးသွားမှသာ ရှန်မိုသည် စိတ်အေးလက်အေး နားနိုင်တော့သည်။ သူသည် သိုလှောင်လက်စွပ်အတွင်းမှ ပုံသဏ္ဌာန်မမှန်သော မြေကမ္ဘာမီးလျှံ အဆီအနှစ် သုံးခုကို ထုတ်ယူကာ ကျိုယိုရေခဲမီးလျှံ၊ နေမင်းအဆီအနှစ်မီးလျှံ နှင့် ထာဝရမီးလျှံ တို့ကို ပေးလိုက်သည်။ မြေကမ္ဘာမီးလျှံ အဆီအနှစ်သည် ဓမ္မရုပ်ပွားတော်များ လောင်ကျွမ်းမှုကို အရှိန်မြှင့်ပေးနိုင်သည်။ ၎င်းတို့ကို ချင်းရွှမ်ကျွန်းအောက်ရှိ ပင်လယ်အောက်မီးတောင်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

ရှန်မိုသည် အစိတ်အပိုင်းအချို့ကိုသာ ယူထားခြင်းဖြစ်သည်။ မီးတောင်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင်မူ အများအပြား ကျန်ရှိနေသေးသည်။ သူ၏ ခန့်မှန်းချက်အရ သူ၏ကျင့်ကြံမှု ဓမ္မအမှတ်အသား ၃၀ အထိ ရောက်အောင် ထောက်ပံ့ပေးရန် လုံလောက်လှသည်။

ထို့နောက် ရှန်မိုသည် ကျောက်ပြားကို ထုတ်ယူလိုက်သည်။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ နဂါးအက္ခရာများမှာ နဂါးငယ်လေးများ ကနေသကဲ့သို့ ကွေ့ကောက်နေကြသည်။ ၎င်းကို ကြည့်လိုက်လျှင်ပင် ခေါင်းမူးနောက်သွားစေနိုင်သည်။ သာမန်ကျင့်ကြံသူများဆိုလျှင် ဘာမှ နားလည်မည်မဟုတ်သလို လမ်းမှားသို့ပင် ရောက်သွားနိုင်ပေသည်။ သို့သော် ရှန်မို၏ နားလည်နိုင်စွမ်းဖြင့်ဆိုလျှင် အနည်းငယ် ကြည့်လိုက်ရုံနှင့်ပင် စာလုံးအချို့ကို ဝေဝေဝါးဝါး သိရှိနိုင်ခဲ့သည်။ အချိန်တစ်ခု ပေးလိုက်မည်ဆိုလျှင် ပလက်တီနမ် နဂါးလက်သီး၏ လျှို့ဝှက်ချက်များကို သေချာပေါက် ဖော်ထုတ်နိုင်မည်ဟု သူ ယုံကြည်နေသည်။

"ငါ ကူးကျိုးကနေ ရုတ်တရက်ကြီး ထွက်လာခဲ့တာ၊ နှုတ်တောင် မဆက်ခဲ့ရဘူး... ဆရာနဲ့ တခြားသူတွေ အခု ဘယ်လိုနေကြမလဲ မသိဘူး..."

အချိန်အတော်ကြာ လေ့လာပြီးနောက် ရှန်မိုက မော့ကြည့်ကာ သတိရဟန်ဖြင့် ရေရွတ်လိုက်မိသည်။

တစ်ချိန်တည်းမှာပင်။

တောင်ပိုင်းကျွန်းစု၊ ထိုက်ဖိန် ပင်လယ်ပြင်။ ငြိမ်သက်နေသော ပင်လယ်ပြင်ထက်တွင် ပင်လယ်ပျော်ငှက်အုပ်များမှာ အေးအေးလူလူ ပျံသန်းနေကြပြီး တစ်ခါတစ်ရံတွင် ငါး၊ ပုစွန်များဖမ်းရန် ရေထဲသို့ ငုပ်လျှိုးနေကြသည်။ ရုတ်တရက် ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။

လူရိပ်တစ်ခုမှာ လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ပင်လယ်ထဲသို့ စောက်ထိုးကျလုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သူက အချိန်မီ တုံ့ပြန်နိုင်ခဲ့သည်။ မျက်နှာနှင့် ရေပြင် ထိလုနီးပါးတွင် လေထဲ၌ ကိုယ်ကို ပြန်လည် ထိန်းလိုက်နိုင်သည်။

ထိုသူမှာ အေးစက်သော မျက်နှာထားရှိသည့် ချောမောသော လူငယ်လေးတစ်ဦး ဖြစ်သည်။ နက်မှောင်သော ပင်လယ်ရေပြင်နှင့် တစ်လက်မအကွာတွင် မျက်နှာရောက်နေသော်လည်း သူ၏ အမူအရာမှာ အပြောင်းအလဲ မရှိပေ။ ထိုလူငယ်သည် အသက်ကို ပြင်းပြင်းရှူကာ ခပ်တိုးတိုးဖြင့် အသံဖြင့် ရေရွတ်လိုက်သည်။

"ဒါက မဟာကောင်းကင်နဲ့မြေကမ္ဘာပေါ့"

"စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆကတော့ ကုကျိုး ကောင်းကင်နဲ့မြေကမ္ဘာထက် အများကြီး သာလွန်တာပဲ"

ဤလူမှာ ယဲ့ယန် ဖြစ်သည်။

စောစောက သူသည် လေဟာနယ်ပျံသန်းယာဉ်ကို ပြုပြင်နေစဉ် ဒဏ်ရာရနေသော လေဟာနယ် စိတ်ဝိညာဉ်သားရဲတစ်ကောင်ကို မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လေဟာနယ် စိတ်ဝိညာဉ်သားရဲများသည် လေဟာနယ်အတွင်း၌ မွေးဖွားကြီးပြင်းကြပြီး သဘောထား နူးညံ့ကာ လေဟာနယ်၏ အပင်စားသတ္တဝါများနှင့် တူလှသည်။

ယဲ့ယန် သူ့ကို ကုသပေးပြီးနောက် ထိုသားရဲမှာ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ထို့နောက် သူ ထိုသားရဲ၏ ခန္ဓာကိုယ်အတွင်း၌ ပုန်းအောင်းကာ လေဟာနယ်ကို ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်လေ၏။

သို့သော် လေဟာနယ်မှာ သဘာဝအတိုင်းပင် ပရမ်းပတာနိုင်လှသည်။ ကံကောင်းခြင်းကြီးမားသူပင်လျှင် မည်သည့်အချိန်တွင်မဆို ဘေးဒုက္ခနှင့် ကြုံတွေ့နိုင်ပေသည်။

ယဲ့ယန်မှာ လေဟာနယ် ဒီရေ၏ တိုက်ခတ်ခြင်းကို ခံရကာ မူလလမ်းကြောင်းမှ ဝေးကွာသွားခဲ့၏။ လေဟာနယ်သားရဲမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ ထို့ကြောင့် ယဲ့ယန်သည် သူ့ကို စွန့်ပစ်ခဲ့ပြီး ပျက်စီးလုနီးပါး ဖြစ်နေသော သူ၏ ပျံသန်းယာဉ်ဖြင့်သာ ဆက်လက် ခရီးနှင်ခဲ့သည်။

ကံကောင်းစွာဖြင့် သူ၏ ကံကြမ္မာမှ ကူညီခဲ့သည်။ အန္တရာယ်များသော်လည်း နောက်ဆုံးတွင် ခရီးလမ်းမှာ ချောမွေ့ခဲ့၏။ နောက်ဆုံးတွင် သူ လေဟာနယ် ဝဲဂယက်တစ်ခုကို တွေ့ရှိခဲ့လေသည်။ ၎င်းကို ဖြတ်ကျော်ပြီးနောက် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်၏။

ထိုစဉ် သူ၏ စိတ်ထဲ၌ အသံနှစ်ခု ထွက်ပေါ်လာသည်။ လင်းတုန်းထျန်းသည် မဲ့ပြုံးပြုံးကာ

"မဟာကောင်းကင်နဲ့မြေကမ္ဘာကို ရှန့်ရွှမ် ကောင်းကင်နဲ့မြေကမ္ဘာလို့လည်း ခေါ်ကြတယ်… ငါတို့ နောက်ဆုံးတော့ ရောက်လာပြီပဲ… အဲဒီရှန်မိုဆိုတဲ့ကောင်ကတော့ ကုကျိုးမှာ ကျန်နေခဲ့မှာ သေချာတယ်"

ရှောင်ဖန် တည်ငြိမ်စွာဖြင့်

"ရှန်မိုကတော့ လေဟာနယ်စွမ်းအားကို နားလည်အောင် ကြိုးစားနေတုန်း ဖြစ်မှာပဲ… လေဟာနယ်ကို ဖြတ်ကျော်နိုင်ဖို့ဆိုတာ သူ အချိန်အတော်ကြီး ပေးရဦးမှာပါ"

ယဲ့ယန်မှာ ခပ်ပါးပါး ပြုံးလိုက်သည်။

"လေဟာနယ်ပျံသန်းယာဉ် ဖြစ်ဖြစ်၊ လေဟာနယ် စိတ်ဝိညာဉ်သားရဲ ဖြစ်ဖြစ် ဒါတွေက သာမန်လူတစ်ယောက် ရနိုင်တဲ့အရာတွေ မဟုတ်ဘူး… ရှန်မိုမှာ ပါရမီ နည်းနည်း ပိုကောင်းရင်ကောင်းမယ်… ဒါပေမဲ့ သူ့ရဲ့ ကံကြမ္မာကတော့ သာမန်ပါပဲ… သူကတော့ လေဟာနယ်စွမ်းအားကို နားလည်ဖို့အတွက်ပဲ အားလုံးကို ပုံအောထားရမှာပဲ… သူ လေဟာနယ်ကို ဖြတ်ကျော်နိုင်စွမ်း ရလာတဲ့အချိန်ကျရင် ငါက နိဗ္ဗာန်အဆင့်ကို ရောက်နေလောက်ပြီ"

လင်းတုန်းထျန်းနှင့် ရှောင်ဖန်တို့ကလည်း သဘောတူကြောင်း ခေါင်းငြိမ့်ကြသည်။

ရှောင်ဖန်မှ လေသံနှိမ့်ကာ

"မင်းရဲ့ ကတိကို မမေ့နဲ့ဦး… အခွင့်အရေး ရတာနဲ့ သူ့ကို သတ်ရမယ်… မင်းသာ သူ့ကို သတ်ပေးရင် ငါ မင်းရဲ့ ကျင့်ကြံမှုကို အစွမ်းကုန် ကူညီပေးမယ်"

ယဲ့ယန် အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သည်။ လက်ရှိတွင် လင်းတုန်းထျန်း၊ ရှောင်ဖန် နှင့် လင်းဟူ တို့၏ ဝိညာဉ်များမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေကြသည်။ ဝိညာဉ်ပုံစံဖြင့် ကျင့်ကြံနေကြသော်လည်း သူတို့သည် ယဲ့ယန်၏ အစွမ်းကို တိုးတက်အောင် ကူညီပေးနိုင်ကြ၏။

သို့သော် သူ ထိုသုံးဦးလုံးကို မထိန်းချုပ်နိုင်ပေ။ အကောင်းဆုံးနည်းလမ်းမှာ သူတို့၏ ဆန္ဒများကို ဖြည့်ဆည်းပေးပြီး အပြန်အလှန် အကျိုးရှိအောင် ပူးပေါင်းဆောင်ရွက်ခြင်းပင် ဖြစ်သည်။

"မင်းတို့ သတိမပေးရင်တောင် သူ့ကို ငါကိုယ်တိုင် သတ်ဖို့ ရည်ရွယ်ထားပြီးသားပါ"

ယဲ့ယန်မှ လေးနက်စွာ ဆိုသည်။

"ငါ ရှန်မိုရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတာ ကြာပါပြီ… ဒါပေမဲ့ အခု ငါ ရှန့်ရွှမ် ကောင်းကင်နဲ့မြေကမ္ဘာကို ရောက်လာပြီ… ဒီကျယ်ပြောလှတဲ့ ကမ္ဘာကြီးထဲမှာ ရှန်မိုရဲ့ တားဆီးမှုသာ မရှိရင် ငါ့ရဲ့ အစွမ်းအစက အကန့်အသတ် မရှိဘူး… နိဗ္ဗာန်အဆင့်ရေ... ငါ လာနေပြီ"

ယဲ့ယန်၏ မျက်လုံးထဲတွင် စူးရှသော အရိပ်အယောင်တစ်ခု လက်သွားသည်။

ထို့နောက် သူ လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ ပျံသန်းထွက်ခွါသွားတော့၏။

မကြာမီမှာပင် ကြီးမားသော ကျွန်းကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ကျွန်းပေါ်တွင် ကျင့်ကြံသူများစွာ အလုပ်ရှုပ်နေကြပြီး အလွန်ပင် စည်ကားဝပြောလှသည်။ ယဲ့ယန်သည် သတင်းအချက်အလက် မေးမြန်းရန်အတွက် အမျိုးသမီးကျင့်ကြံသူ တစ်ဦးကို အေးအေးဆေးဆေး တားလိုက်သည်။ သူ၏ ချောမောသော မျက်နှာနှင့် အေးစက်သော အမူအရာတို့ကြောင့် အထင်ကြီးစရာ ဖြစ်ရန် လွယ်ကူလှသည်။

ထိုအမျိုးသမီးမှာ သူ သိသမျှကို အကုန်အစင် ပြောပြလိုက်တော့သည်။

ယဲ့ယန် တွေးတောမိသည်။

"ဒါဆို ဒါက တောင်ပိုင်းကျွန်းစု၊ ထိုက်ဖိန် ပင်လယ်ပြင်ပေါ့… ပြီးတော့ ဒါက ထိုက်ဖိန်ကျွန်း… ဒီပင်လယ်ပြင်မှာ တစ်ခုတည်းသော အင်အားကြီးအဖွဲ့က နေသွေးဓားဂိုဏ်းပေါ့… ဒီနေရာမှာ ကျင့်ကြံချင်တယ်ဆိုရင်တော့ ငါ နေသွေးဓားဂိုဏ်းကို ဝင်ရမှာပဲ"

Chapter 602: ဓမ္မရုပ်ပွါးတော် (၄၂) ခု

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်တာအချိန်များ ကုန်ဆုံးသွားခဲ့သည်။ ထိုတစ်နှစ်ပတ်လုံး ရှန်မိုသည် ချင်းရွှမ်ကျွန်းမှ တစ်ဖဝါးမှ အပြင်သို့ မထွက်ခဲ့ပေ။ အချိန်တိုင်းကို ကျင့်ကြံခြင်း၌သာ မြှုပ်နှံထားခဲ့လေ၏။ တစ်ခါတစ်ရံတွင် ပလက်တီနမ် နဂါးလက်သီးကို အာရုံစိုက် လေ့လာပြီး တစ်ခါတစ်ရံတွင်မူ လေဟာနယ် နတ်ဆိုးနှိမ်နင်းရေး ဓားရှင်ကျမ်းစာကို လေ့ကျင့်သည်။ ကံကောင်းထောက်မစွာဖြင့် ကုကျိုး ကောင်းကင်နဲ့မြေကမ္ဘာမှ မထွက်ခွာမီကပင် ထိုကျမ်းစာ၏ အပြည့်အစုံကို လဲလှယ်ယူခဲ့ပြီးဖြစ်သည်။ မဟုတ်လျှင် ဆဋ္ဌမမြောက်အဆင့်တွင် ရှေ့ဆက်မရဘဲ အကျပ်ရိုက်နေပေလိမ့်မည်။

ဤတစ်နှစ်တာအတွင်း ဆုန့်ကျိန်းဖေးလည်း အကြိမ်အနည်းငယ် လာရောက်လည်ပတ်ခဲ့သည်။ ပထမတစ်ခေါက်မှာ ကျွန်းသခင် အမှတ်တံဆိပ်ကို လာပို့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မူ ရှန်မိုအတွက် ကျင့်ကြံရေး ရတနာအမျိုးမျိုးကို သီးသန့် လာရောက်ပေးအပ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိ မြေကမ္ဘာမီးလျှံ အဆီအနှစ်၊ တစ်ခါတစ်ရံ နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိ အဆီအနှစ်များကို ယူဆောင်လာပေးခဲ့၏။ ထိုအရာများက သူ၏ ဓမ္မရုပ်ပွားတော်များ လောင်ကျွမ်းမှုနှင့် ဓမ္မအမှတ်အသားများ ထွက်ပေါ်လာမှုကို များစွာ အရှိန်မြှင့်ပေးခဲ့သည်။ တစ်ဖက်တွင်မူ ရှိထျန်းဟောက်မှာ တစ်ခါမျှ ပေါ်မလာခဲ့ပေ။

"ဟူး..."

ရှန်မိုသည် အိပ်ရာမှထကာ သူ၏ နတ်ဘုရားနန်းတော်အတွင်းသို့ အာရုံခံကြည့်လိုက်သည်။

မပြတ်မတောက် ရရှိနေသော မြေကမ္ဘာမီးလျှံ အဆီအနှစ်များကြောင့် တစ်နှစ်အတွင်း သူ၏ ဓမ္မရုပ်ပွားတော်များမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ သူ၏ ဓမ္မအမှတ်အသား အရေအတွက်မှာလည်း သိသိသာသာ များပြားလာခဲ့၏။

ရှေးဦးဆင်ရိုင်း ရုပ်ပွားတော် - ၁၅ ခု။

မသေမျိုးမြစ် ရုပ်ပွားတော် - ၁၂ ခု။

မီးလျှံ ကောင်းကင်မျက်လုံး ရုပ်ပွားတော် - ၁၅ ခု။

စုစုပေါင်း ၄၂ ခု ရှိနေပြီဖြစ်သည်။

ဆုန့်ကျိန်းဖေး၏ ရှင်းပြချက်များအရ ရှန်မိုသည် နိဗ္ဗာန်အဆင့် ကျင့်ကြံသူများအကြားရှိ အစွမ်းအဆင့်အတန်းများကို ခန့်မှန်းမိသွား၏။ ဓမ္မအမှတ်အသား ၃၀ ရှိလျှင် ပြင်ပပင်လယ်ရှိ ဒေသ ၁၈ ခုလုံးတွင် လွတ်လပ်စွာ သွားလာနိုင်ပြီး မည်သည့် ဂိုဏ်းကြီးများတွင်မဆို အကြီးအကဲ သို့မဟုတ် ဂုဏ်ထူးဆောင်ရာထူးများကို အလွယ်တကူ ရရှိနိုင်သည်။ ဓမ္မအမှတ်အသား (၆၀) ဆိုသည်မှာ ပြင်ပပင်လယ်၏ အမြင့်ဆုံး ထိပ်သီးနေရာတွင် ရပ်တည်နေခြင်းဖြစ်၏။

နဂါးပုန်းကျွန်း၏ ကျွန်းသခင်ကြီး၊ နေလဂိုဏ်းမှ ဂိုဏ်းချုပ် ယွဲ့ပိုင်ဖုန်း နှင့် ရတနာမဟာမိတ်မှ မဟာမိတ်အရှင် ဝမ်ချန်ဖူ တို့မှာ ဓမ္မအမှတ်အသား (၆၀) ဝန်းကျင်စီ ရှိကြသည်။

ထို့ထက်ကျော်လွန်၍ ဓမ္မအမှတ်အသား (၇၀) ရှိပါက အတွင်းပင်လယ်တွင် နေရာတစ်နေရာအတွက် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသွားပြီဖြစ်၏။ ရွှေယင်ဂူ၊ ကောင်းကင်အင်းကျမ်းဂိုဏ်း၊ သွေးနတ်ဘုရား နတ်ဆိုးနန်းတော်၊ မီးလျှံနဂါးနန်းဆောင် နှင့် ဝိညာဉ်ပေါင်းစုံ သန့်စင်သောမြေကဲ့သို့သော ထိပ်တန်းအင်အားစုများတွင်ပင် ဓမ္မအမှတ်အသား (၇၀) ရှိသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးကို အထူးရိုသေစွာ ဆက်ဆံကြပေလိမ့်မည်။

၈၀၊ ၉၀ နှင့် ၁၀၀ အထိ ရှိသောသူများနှင့် ပတ်သက်၍မူ ဆုန့်ကျိန်းဖေး ပြောပြချက်အရ ရွှေယင်ဂူ၏ ဂူသခင်မှာ အနည်းဆုံး ၈၀ ရှိရမည်ဖြစ်ပြီး မဟာဂူသခင်ကြီးမှာမူ အထွတ်အထိပ်နယ်ပယ်မှ ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

ရှန်မိုတွင် ယခု (၄၂) ခု ရှိနေပြီဖြစ်ရာ ပြင်ပပင်လယ်တွင် အင်အားအကြီးဆုံး မဟုတ်သော်လည်း ထိပ်တန်းအဆင့်တွင် ပါဝင်နေပြီဖြစ်၏။ နဂါးပုန်းကျွန်း ကျွန်းသခင်ကြီးကဲ့သို့သော ပုဂ္ဂိုလ်များနှင့် မတွေ့သရွေ့ သူသည် အဟန့်အတားမရှိ သွားလာနိုင်သည်။ အကယ်၍ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံခဲ့လျှင်ပင် ရှန်မိုသည် အသက်ရှင်လျက် လွတ်မြောက်နိုင်သည့် အစွမ်းရှိသည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေသည်။

"စုန့်ကျုံးနဲ့ လျိုယွမ်ချွိတို့က ဘာလို့ လက်စားလာမချေကြသေးတာလဲ… သူတို့ ကြောက်နေတာလား… ဒါမှမဟုတ် တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာလား"

ရှန်မိုသည် အခြားသော ဖြစ်နိုင်ခြေတစ်ခုကို တွေးမိရင်း မျက်ခုံးအသာ ပင့်လိုက်မိ၏။

…

လွင့်မျောနေသော တိမ်တိုက်ကျွန်း။

ဆုန့်ကျိန်းဖေးသည် သူ၏ အဆောင်အတွင်း၌ တိတ်ဆိတ်စွာ ကျင့်ကြံနေစဉ် ရုတ်တရက် ကျောက်တံခါးကြီးကို ခေါက်သံ ထွက်ပေါ်လာသည်။ "ကျွန်းသခင်... အရေးကြီးကိစ္စ ရှိလို့ပါ”

ဆုန့်ကျိန်းဖေးမှာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကာ

"ဘာကိစ္စလဲ”

သူ လေသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

အပြင်ဘက်ရှိ ကျင့်ကြံသူမှ တိုးတိုးလေး ပြန်ဖြေ၏။

"စုန့်ကျုံးနဲ့ လျိုယွမ်ချွိတို့ကို စောင့်ကြည့်ခိုင်းထားတဲ့ ကိစ္စပါ… သူတို့က ဒီတစ်နှစ်လုံး ဘာမှမလုပ်ဘဲ ငြိမ်နေခဲ့ကြပါတယ်… လျိုယွမ်ချွိက ချင်းရွှမ်ကျွန်းကို တစ်ခါဖြတ်သွားပြီး မိတ်ဆွေရှန်ဆီကို ဝင်ဖို့ ကြိုးစားခဲ့ပါသေးတယ်… ဒါပေမဲ့ အစီအရင်တွေထဲမှာ လမ်းပျောက်ပြီး နောက်ဆုံးတော့ ပြန်ထွက်သွားခဲ့တယ်… ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးရက်က သူတို့နှစ်ယောက်ဟာ နေလဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ကို ဖိတ်ခေါ်ပြီး ချင်းရွှမ်ကျွန်းဆီ တိုက်ရိုက် ဦးတည်သွားနေကြပါပြီ"

ဆုန့်ကျိန်းဖေးသည် ချက်ချင်း ထရပ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွား၏။

သူသည် ဖြောင့်မတ်ပြီး သူငယ်ချင်းများအပေါ် သစ္စာရှိသူဖြစ်သော်လည်း လက်စားမချေတတ်သူတော့ မဟုတ်ပေ။ ရှန်မိုက စုန့်ကျုံးတို့၏ ထောင်ချောက်ကို ဖော်ထုတ်ပေးခဲ့ကတည်းက သူတို့ လက်စားချေလာမည်ကို ဆုန့်ကျိန်းဖေး ကြိုတင်တွေးဆထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူ လူလွှတ်၍ တိတ်တဆိတ် စောင့်ကြည့်ခိုင်းထားခြင်း ဖြစ်လေသည်။

ယခုမူ တကယ် ဖြစ်လာခဲ့ပြီ။

ဆုန့်ကျိန်းဖေး အစောပိုင်းက စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့ကို အရေးမယူခဲ့ခြင်းမှာ လျိုယွမ်ချွိ၏ အဆင့်အတန်းကြောင့် ဖြစ်သည်။

ထိုအမျိုးသမီးသည်လည်း သူကဲ့သို့ပင် နဂါးပုန်းကျွန်း၏ ကျွန်းသခင်တစ်ဦး ဖြစ်နေသည်။ အကယ်၍ သူ စောစောစီးစီး အရေးယူလိုက်ပါက နဂါးပုန်းကျွန်း၏ ပြည်တွင်းရေး အရှုပ်တော်ပုံအဖြစ် အခြားသူများက မြင်သွားနိုင်ပြီး ကျွန်းသခင်ကြီးက ကြားဝင်စွက်ဖက်ကာ ငြိမ်းချမ်းရေးအတင်းလုပ်ခိုင်းပေလိမ့်မည်။

ယခုမူ သူ အခွင့်အရေး ရပြီဖြစ်သည်။ စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့သည် နေလဂိုဏ်းမှ ပုဂ္ဂိုလ်ကိုပင် ဖိတ်ခေါ်ပြီး ချင်းရွှမ်ကျွန်းဆီ ဦးတည်သွားနေခြင်းမှာ ရှန်မိုကို ဒုက္ခပေးရန် ကြံစည်နေခြင်းမှာ ထင်ရှားလှ၏။ ရှန်မို၏ သူငယ်ချင်းတစ်ဦးအနေဖြင့် သူ မည်သို့ ငြိမ်နေနိုင်မည်နည်း။

"နားလည်ပြီ… မင်း သွားလို့ရပြီ"

ဆုန့်ကျိန်းဖေး သူ့လက်ကို ဝှေ့ယမ်းပြလိုက်ရာ ကျင့်ကြံသူမှာ ချက်ချင်း ထွက်ခွာသွားသည်။

"သူတို့မှာ သူငယ်ချင်းတွေ ရှိတယ်ဆိုတော့... ငါ့မှာကော မရှိဘူးလား"

ဆုန့်ကျိန်းဖေးမှာ နှာခေါင်းရှုံ့လိုက်ပြီး ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။

"လျိုကြီး... ငါ ဆုန့်ကျိန်းဖေးပါ… ဟိုတုန်းက စုန့်ကျုံးရဲ့ လှည့်စားမှုကို မင်း ခံခဲ့ရတယ် မဟုတ်လား… အခု လက်စားချေဖို့ အခွင့်အရေး ရပြီ… ငါ့ရဲ့ လွင့်မျောနေသော တိမ်တိုက်ကျွန်းကို လာခဲ့ပါ… ငါတို့ အတူတူ သွားကြမယ်"

"ညီအစ်ကိုကျန်း... မင်း ရှိလား… မင်းရဲ့သားကို လျိုယွမ်ချွိက အဆိပ်ခတ်ပြီး အတင်းအကျပ် ကာမကျင့်စဉ် ကျင့်ခိုင်းခဲ့လို့ မင်းသားလေးခမျာ တစ်သက်လုံး မိန်းမတွေကို စိတ်မဝင်စားတော့တာကို မင်း မကျေနပ်တာ ငါသိတယ်… အခု သူ့ကို ရှင်းပစ်ဖို့ ငါကူညီပေးနိုင်တယ်"

"ညီအစ်ကိုဝေလား… ငါ ဆုန့်ကျိန်းဖေးပါ… လူသတ်ပြီး ရတနာလုချင်လား… ကောင်းပြီ… လွင့်မျောနေသော တိမ်တိုက်ကျွန်းကို လာခဲ့… အားလုံး စုံတာနဲ့ ငါတို့ အတူတူ ထွက်ကြမယ်"

လူသုံးဦးကို ဆက်တိုက် ဆက်သွယ်ပြီးနောက် ဆုန့်ကျိန်းဖေး ရပ်လိုက်သည်။

စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့မှာ သူ့ကိုသာမက အခြားသူများကိုလည်း လှည့်စားခဲ့ကြသူများ ဖြစ်သည်။ ယခု အခွင့်အရေး ရလာသဖြင့် ထိုကျင့်ကြံသူများလည်း သေချာပေါက် လာကြပေလိမ့်မည်။

နာရီဝက်ခန့်အကြာတွင် ကျင့်ကြံသူ သုံးဦးသည် ဆုန့်ကျိန်းဖေး၏ ကျွန်းသို့ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြ၏။ ပထမတစ်ဦးမှာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လျိုယွန့်ထျန်း ဖြစ်ပြီး နဂါးပုန်းကျွန်း၏ ကျွန်းသခင်တစ်ဦး ဖြစ်သည်။ ဒုတိယတစ်ဦးမှာ ဆံပင်ဖြူသော်လည်း သန်မာထွားကြိုင်းသော ကျန်းချန်ဟိန်း ဖြစ်ပြီး သူသည်လည်း ကျွန်းသခင်တစ်ဦး ဖြစ်၏။ တတိယတစ်ဦးမှာမူ ပါးချိုင့်ဝင်နေပြီး ရက်စက်သောအသွင်ရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူ ဝေကျင်ချန် ဖြစ်လေသည်။ သူတို့ သုံးဦးလုံးမှာ ဆုန့်ကျိန်းဖေးနှင့် အစွမ်းတူညီကြပြီး ဓမ္မအမှတ်အသား (၂၀) ဝန်းကျင်စီ ရှိကြသည်။

"ညီအစ်ကိုကျန်း... ရောက်လာပြီပဲ… မင်းကို စောင့်နေတာ"

ဆုန့်ကျိန်းဖေးမှ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

ကျန်းချန်ဟိန်း လေးနက်စွာ ခေါင်းငြိမ့်လျက်

"အားနာစရာတွေ ပြောမနေနဲ့တော့… ငါ ဒီတစ်ခါ လာတာ လျိုယွမ်ချွိကို သတ်ဖို့ပဲ… သူက ကျွန်းသခင် အတော်များများကို စိတ်ပျက်အောင် လုပ်ခဲ့ပြီးပြီ… ကျွန်းသခင်ကြီးကိုလည်း ငါ အကြောင်းကြားပြီးပြီ… သူကတော့ မျက်စိမှိတ်ပေးထားလိမ့်မယ်"

ဆုန့်ကျိန်းဖေး မျက်ခုံးပင့်လျက်

"ကောင်းတယ်… ဒါ ငါကြားချင်တဲ့ စကားပဲ"

လျိုယွန့်ထျန်းသည် အေးအေးဆေးဆေးပင်

"စုန့်ကျုံးကလည်း သေသင့်တဲ့လူပဲ… သူက သက်တမ်းကုန်တော့မယ့် အခြေအနေကို အသုံးချပြီး လူတိုင်းကို လိမ်လည်နေတာ"

ဝေကျင်ချန်ကမူ ဇီးကွက်တစ်ကောင်ကဲ့သို့ ထူးဆန်းစွာ ရယ်မောလိုက်သည်။

"ငါ့အတွက်တော့ ဘာမှ အရေးမကြီးဘူး… ညီအစ်ကိုဆုန့်က ငါ့အသက်ကို ကယ်ခဲ့ဖူးတယ်… သူသတ်ချင်တဲ့လူကို ကူသတ်ပေးရမှာက ငါ့တာဝန်ပဲ"

ဆုန့်ကျိန်းဖေး ခေါင်းငြိမ့်လိုက်ပြီး

"ငါကြားတာတော့ စုန့်ကျုံးနဲ့ လျိုယွမ်ချွိတို့က နေလဂိုဏ်းက ပညာရှင်တစ်ယောက်ကို ဖိတ်ထားတယ်… သူတို့ ချင်းရွှမ်ကျွန်းကို ဦးတည်သွားနေကြပြီ… အဲဒီကျွန်းရဲ့ ကျွန်းသခင်က ရှန်မို လို့ ခေါ်တယ်… ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲလေ"

ထို့နောက် သူ ရှန်မိုမှ သူတို့ကို မည်သို့ ဖော်ထုတ်ပေးခဲ့ကြောင်း ပြန်ပြောပြလိုက်သည်။

လျိုယွန့်ထျန်းနှင့် တခြားသူများကလည်း သဘောကျစွာ ခေါင်းညိတ်ကြသည်။

"တကယ့် လူငယ်ကောင်းပဲ… ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ နိဗ္ဗာန်အဆင့်ကို ခြေတစ်လှမ်းလှမ်းနေပြီဆိုတော့... ဒီလို ပါရမီနဲ့ စိတ်ထားရှိတဲ့သူကို မိတ်ဖွဲ့သင့်ပါတယ်… ငါတို့ စုန့်ကျုံးတို့ကို အောင်မြင်ခွင့် ပေးလို့မဖြစ်ဘူး… အခုပဲ ထွက်ကြစို့"

ဆုန့်ကျိန်းဖေးမှ လေးနက်စွာ ခေါင်းငြိမ့်လိုက်ပြီး

"ဟုတ်တယ်… သူတို့ ကျွန်းရဲ့ အကာအကွယ် အစီအရင်ကို တိုက်ခိုက်နေလောက်ပြီ… သူတို့ အကြံမအောင်ခင် ငါတို့ အမြန်သွားကြရအောင်"

ထို့နောက် သူတို့ လေးဦးသည် အလင်းတန်း (၄) တန်းအဖြစ် ပြောင်းလဲကာ ချင်းရွှမ်ကျွန်းဆီသို့ တိုက်ရိုက် ပျံသန်းသွားကြတော့သည်။

Chapter 603: စက္ကန့် (၅၀) တောင် ခံမှာ မဟုတ်ဘူး

ချင်းရွှမ်ကျွန်း။

စုန့်ကျုံး၊ လျိုယွမ်ချွိနှင့် အရပ်ရှည်ရှည် ပါးပါးလျလျ ကျင့်ကြံသူတစ်ဦးတို့သည် လေထဲတွင် ရပ်တန့်နေကြ၏။ တတိယမြောက် ကျင့်ကြံသူသည် အဖြူအမည်း ရောယှက်နေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဘယ်ဘက်ရင်ဘတ်တွင် နေမင်းပုံနှင့် ညာဘက်ရင်ဘတ်တွင် လပြည့်ဝန်းပုံတို့ကို ထိုးထားသည်။

စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့နှစ်ဦးလုံးမှာ ထိုသူ၏နောက်တွင် ခပ်လှမ်းလှမ်းမှ ရပ်နေကြသဖြင့် သူသည်သာ ဦးဆောင်သူဖြစ်ကြောင်း သိသာလှ၏။

သူတို့၏ရှေ့တွင်မူ အဆက်မပြတ် လှုပ်ရှားနေသော မြူခိုးအစီအရင်တစ်ခု ရှိနေသည်။ ဤမြူခိုးအစီအရင်မှာ ချင်းရွှမ်ကျွန်းနှင့် ပတ်ဝန်းကျင် ပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး အလွန်ပင် ကျယ်ဝန်းလှသည်။ မည်သည့်ကျင့်ကြံသူမဆို ဤမြူခိုးများသည် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ အစီအရင်တစ်ခုမှ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ထို့ကြောင့် ပြဿနာမရှာချင်သူ မည်သူမဆို ဤနေရာကို ဝေးဝေးမှ ရှောင်ကွင်းသွားကြလိမ့်မည်။ အခြားသူတစ်ယောက်၏ အစီအရင်အတွင်းသို့ မိုက်မိုက်ကန်းကန်း ကျူးကျော်ဝင်ရောက်မည့်သူမှာ မရှိသလောက်ပင်။

လျိုယွမ်ချွိက တိုးညင်းသော အသံဖြင့်

"မိတ်ဆွေစွန်း... ဒီအစီအရင်က တကယ့်ကို ထူးဆန်းတယ်… ပထမတစ်ချက် ကြည့်လိုက်ရင်တော့ သာမန်မြူခိုးအစီအရင်နဲ့ ဘာမှမခြားနားသလိုပဲ… ဒါပေမဲ့ ကျွန်မ အထဲကို ဝင်ကြည့်တဲ့အခါမှာ ဘာကိုမှ နားမလည်နိုင်တော့ဘူး… ဝင်ပေါက်ကိုလည်း ရှာမတွေ့တော့ဘူး… အထဲမှာ ပုန်းကွယ်နေတဲ့ ဓားအရှိန်အဝါ အစီအရင်ကြောင့် သေမလိုတောင် ဖြစ်ခဲ့ရတယ်"

စုန့်ကျုံးက နှာခေါင်းရှုံ့လျက်

"ဒါက မင်းရဲ့ အစီအရင်ပညာက အားနည်းပြီး အပေါ်ယံပဲ ရှိလို့ပေါ့… မိတ်ဆွေစွန်းက နေလဂိုဏ်းမှာ ထိပ်တန်း အစီအရင်ပညာရှင်တွေထဲက တစ်ယောက်ပဲ… သူ မမြင်ဖူးတဲ့ သူတော်စင်အဆင့်အောက် အစီအရင်ဆိုတာ မရှိဘူး”

စွန်းယီဖန်းမှာ ခပ်ပါးပါး ပြုံးလျက်

"မိတ်ဆွေစုန့်က ကျွန်တော့်ကို မြှောက်ပြောလွန်းနေပါပြီ… အစီအရင်လောကက ကျယ်ပြောပြီး အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာပါ… ကျွန်တော် မကြုံဖူးသေးတဲ့ ရှေးဟောင်းအစီအရင်တွေ အများကြီး ရှိပါသေးတယ်"

လျိုယွမ်ချွိလည်း ရယ်မောကာ

"မိတ်ဆွေစွန်းက နေလဂိုဏ်းရဲ့ အလွန်အမင်း ရိုသေလေးစားခြင်းခံရတဲ့ အကြီးအကဲ ရှီးမန် ရဲ့ တပည့်အဖြစ် လက်ခံခြင်း ခံရတော့မယ်လို့ ကျွန်မ ကြားထားတယ်နော်… အကြီးအကဲ ရှီးမန်က ထိပ်တန်း အစီအရင် ပညာရှင်ကြီး တစ်ယောက်ပဲ… အခုဆိုရင် သူတော်စင်အဆင့် အစီအရင်တွေကိုတောင် လေ့လာနေပြီလို့ ပြောကြတယ်… အကယ်၍ သူသာ အောင်မြင်သွားရင် ကျွန်မတို့ လော့ရှင်း ပင်လယ်ပြင်မှာ ပထမဆုံး သူတော်စင်အဆင့် အစီအရင်ပညာရှင် ဖြစ်လာမှာပဲ… အဲဒီအခါကျရင် မိတ်ဆွေစွန်းက သူတော်စင်အဆင့် အစီအရင်ပညာရှင်ရဲ့ တပည့် ဖြစ်လာမှာပေါ့… ကျွန်မတို့နှစ်ယောက်ကိုလည်း နောင်ကျရင် စောင်မပေးပါဦး"

စွန်းယီဖန်း၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အသွင်ပေါ်လာသော်လည်း နှိမ့်ချစွာပင်

"ဪ... မဟုတ်တာပဲ… ကျွန်တော့်ဆရာကသာ တော်တာပါ… ကျွန်တော်ကတော့ ဆရာ့ဆီကနေ အပေါ်ယံ ဗဟုသုတလေးတွေပဲ ရထားတာပါ… ဒါပေမဲ့ ကောင်လေးတစ်ယောက် ခင်းကျင်းထားတဲ့ အစီအရင်လောက်ကိုတော့ ကျွန်တော် ဖျက်ဆီးနိုင်မယ်လို့ ယုံကြည်ပါတယ်"

စုန့်ကျုံးမှာ အကြိမ်ကြိမ် ခေါင်းငြိမ့်ရင်း

"အဲဒီကလေးက သွေးကြွနေတဲ့ လူငယ်လေးတစ်ယောက်ပါပဲ… ကြည့်ရတာ သက်တမ်း သုံးလေးရာလောက်ပဲ ရှိဦးမယ်… သူ့ရဲ့ အစီအရင်ပညာက မိတ်ဆွေစွန်းနဲ့ ယှဉ်လို့မရပါဘူး"

စွန်းယီဖန်း လက်ကို ဝှေ့ယမ်းပြကာ

"ခင်ဗျားတို့နှစ်ယောက် ဒီမှာပဲ စောင့်နေကြ… ကျွန်တော် ဒီအစီအရင်ကို ဘယ်လို ဖျက်ဆီးပြမလဲဆိုတာ ကြည့်နေလိုက်"

သူ ထိုသို့ပြောပြီး မြူခိုးများအတွင်းသို့ တစ်ဦးတည်း တိုးဝင်သွားတော့သည်။

စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့မှာ လက်နှစ်ဖက်ကို နောက်ပစ်ကာ မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေကြသည်။

စုန့်ကျုံး ပြုံးလျက်

"ခန့်မှန်းကြည့်စမ်း… စွန်းယီဖန်းက အစီအရင်ကို ဖျက်ဖို့ ဘယ်လောက်ကြာမယ် ထင်လဲ"

လျိုယွမ်ချွိ လက်ညှိုးတစ်ချောင်း ထောင်ပြကာ

"စက္ကန့် (၁၀၀) ထက် မပိုပါဘူး"

သူ ရယ်မောကာ ပြန်ငြင်းပြန်သည်။

"မဟုတ်ဘူး… မဟုတ်ဘူး… ငါပြောတာကတော့ စက္ကန့် (၅၀) ထက်တောင် မပိုဘူး… မင်း မသိသေးတာက… လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စွန်းယီဖန်းဟာ ကောင်းကင်အဆင့် အလယ်အလတ် အစီအရင်များစွာကို ကျွမ်းကျင်စွာ ခင်းကျင်းနိုင်၊ ဖျက်ဆီးနိုင်နေပြီ"

လျိုယွမ်ချွိ အံ့ဩသွားပုံဖြင့်

"ဒါကြောင့်လည်း ခင်ဗျားက ဒီလောက်အထိ ယုံကြည်မှု ရှိနေတာကိုး"

စုန့်ကျုံး အေးစက်စွာ ရယ်မောလိုက်ပြီး

"အဲဒီကလေး ရှိထျန်းဟောက်က ငါ့ကို တိတ်တဆိတ် သတင်းပို့လာတယ်… ဒီချင်းရွှမ်ကျွန်းအောက်မှာ ပင်လယ်အောက်မီးတောင် ရှိနေပြီး မြေကမ္ဘာမီးလျှံ အဆီအနှစ်တွေ အများကြီး ရှိနေတယ်တဲ့… မြူခိုးအစီအရင် ပျက်သွားတာနဲ့ ငါတို့ အတူတူ ဝင်ကြမယ်… စွန်းယီဖန်းကို မြေကမ္ဘာမီးလျှံ အဆီအနှစ်အကြောင်း မသိစေနဲ့… ပြီးရင် ငါတို့နှစ်ယောက်ပဲ တစ်ဝက်စီ ခွဲယူကြမယ်လေ"

သူ တိုးတိုးလေး ပြောလိုက်သည်။

လျိုယွမ်ချွိကလည်း လိုက်ဖက်ညီစွာ ရယ်မောရင်း "ဆုန့်ကျိန်းဖေးနဲ့ အဲဒီရှန်မိုကတော့ သူငယ်ချင်း ရွေးတာ တကယ်ကို ညံ့တာပဲ… စုန့်ကြီး... ရှိထျန်းဟောက်ကတော့ မဆိုးပါဘူး… သူ့ကိုလည်း ငါတို့အဖွဲ့ထဲ ခေါ်ဖို့ စဉ်းစားသင့်တယ်"

စုန့်ကျုံး အနည်းငယ် ခေါင်းငြိမ့်ကာ

"သူကတော့ မဆိုးပါဘူး… ဒါပေမဲ့ သူက မြေခွေးအိုလေးလိုပဲ လည်လွန်းတယ်… ငါတို့ သတိမထားရင် ငါတို့ကိုပါ ပြန်ရောင်းစားမယ့်လူစားမျိုးနော်… သူ့ကို သတိထားပြီး သုံးရမယ်"

လျိုယွမ်ချွိကလည်း သဘောတူကြောင်း ခေါင်းငြိမ့်ပြ၏။

စုန့်ကျုံးမှ ရုတ်တရက် ရေရွတ်မိလေသည်။

"စက္ကန့် (၁၀၀) ကျော်သွားပြီ မဟုတ်လား”

လျိုယွမ်ချွိလည်း လန့်သွားပြီး

"ဟုတ်တယ်... ဘာလို့ ဘာမှမထူးခြားသေးတာလဲ"

သူတို့နှစ်ဦးမှာ လှုပ်ရှားနေသော မြူခိုးများကို စိုက်ကြည့်ရင်း ဘာဖြစ်နေသည်ကို နားမလည်နိုင်ဘဲ ဖြစ်နေကြသည်။

သူ ဘာလို့ ပြန်ထွက်မလာသေးတာလဲ။

စွန်းယီဖန်းက အစီအရင်ပညာရှင် မဟုတ်ဘူးလား။

စက္ကန့် (၁၀၀) မကတော့ဘဲ (၂၀၀) မျှပင် ရှိနေပြီဖြစ်သည်။

သူတို့နှစ်ဦး ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် မြူခိုးများမှာ ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားလာပြီး အတွင်း၌ ရက်စက်သော သားရဲကြီးများ ဟိန်းဟောက်နေသကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ထို့နောက် ဓားသံများ စူးရှစွာ ထွက်ပေါ်လာပြီး လူရိပ်တစ်ခုမှာ အပြင်ဘက်သို့ အတင်းအကြပ် လွင့်ထွက်လာ၏။ သူ့ဝတ်ရုံမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း သွေးများ စိုရွှဲနေသည်။ အသေအချာ ကြည့်လိုက်သည့်အခါ ၎င်းမှာ သူတို့၏ အစီအရင်ပညာရှင် စွန်းယီဖန်းပင် ဖြစ်သည်။

စုန့်ကျုံး မှင်တက်သွားပြီး

"မိတ်ဆွေစွန်း... ခင်ဗျား..."

စွန်းယီဖန်းသည် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေသဖြင့်

"ဒီအစီအရင်က တကယ်ကို ထူးဆန်းတယ်… ငါ တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံမျိုးပဲ… မြူခိုးအစီအရင်ကို ဖျက်ဆီးတဲ့ ပုံမှန်နည်းလမ်းတွေနဲ့ လုပ်တာ မအောင်မြင်တဲ့အပြင် အထဲက သတ်ဖြတ်ခြင်း အစီအရင်ကိုပါ နှိုးဆွလိုက်သလို ဖြစ်သွားတယ်… ငါ့မှာ တခြားနည်းလမ်း မရှိရင် အထဲမှာတင် သေသွားလောက်ပြီ”

သူသည် စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့ကို စိုက်ကြည့်ကာ

"သေချာလို့လား… အဲဒါကို တကယ်ပဲ လူငယ်လေးတစ်ယောက်က ခင်းကျင်းထားတာလား… ဒီအစီအရင်ရဲ့ ရှုပ်ထွေးမှုက ကောင်းကင်အဆင့် ထိပ်တန်းအစီအရင်တွေနဲ့ ယှဉ်လို့ရနေပြီ”

စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်မှုများကို မြင်တွေ့နေရသည်။

ကောင်းကင်အဆင့် ထိပ်တန်းအစီအရင် ဟုတ်လား။

မဖြစ်နိုင်တာ။

ရှန်မိုက ကလေးတစ်ယောက်ပဲ ရှိသေးတာ။

သူက ဘယ်လိုလုပ် ကောင်းကင်အဆင့် ထိပ်တန်းအစီအရင်ကို ခင်းကျင်းနိုင်မှာလဲ။

သို့သော် သက်သေက မျက်စိရှေ့တွင်ပင် ရှိနေသည်။ စွန်းယီဖန်းပင် မဖျက်နိုင်မှတော့ သူတို့ ယုံကြည်ရုံမှတစ်ပါး အခြားမရှိတော့ပေ။

စွန်းယီဖန်းသည် လေသံနှိမ့်ကာ

"အခုတော့ နည်းလမ်းတစ်ခုပဲ ကျန်တော့တယ်… အတင်းအကြပ် တိုက်ခိုက်ပြီး ဖျက်ဆီးဖို့ပဲ… ငါတို့ သုံးယောက် ပေါင်းလိုက်ရင် အစီအရင်ရဲ့ အကာအကွယ်ကို ဖောက်ထွက်နိုင်လိမ့်မယ်"

စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့ကလည်း

"ကောင်းပြီ"

သူတို့ သုံးဦးသည် ချက်ချင်းပင် သူတို့၏ ဓမ္မရုပ်ပွားတော်များကို ထုတ်ဖော်လိုက်ကြသည်။ စုန့်ကျုံး၏ ဦးခေါင်းထက်တွင် ကြီးမားသော မိကျောင်းကြီးတစ်ကောင်၊ လျိုယွမ်ချွိ၏ ဦးခေါင်းထက်တွင် စိမ်းလန်းသော မိုးမခပင်တစ်ပင် နှင့် စွန်းယီဖန်း၏ ဦးခေါင်းထက်တွင်မူ လှေရှည်တစ်စင်းတို့ ပေါ်လာကြသည်။ သူတို့ တစ်ဦးပြီးတစ်ဦး ကိုယ်ခံပညာများကို ထုတ်ဖော်ကာ စိတ်ဝိညာဉ်စွမ်းအင်များကို မြူခိုးများဆီသို့ ပစ်လွှတ်လိုက်ကြသည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုများမှာ ပင်လယ်ထဲသို့ ကျောက်တုံးပစ်ချလိုက်သကဲ့သို့ပင် ဘာသံမှ မထွက်ဘဲ ပျောက်ကွယ်သွားတော့သည်။

သို့သော် အလျှော့မပေးဘဲ အစီအရင်ကို အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အထိ ဆက်တိုက် တိုက်ခိုက်နေကြ၏။ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များမှာ ဆယ်ပုံ ခုနစ်ပုံ၊ ရှစ်ပုံခန့် ကုန်ဆုံးသွားပြီဖြစ်သော်လည်း မြူခိုးများမှာမူ ပါးလွှာသွားသည့် အရိပ်အယောင်မျှပင် မပြချေ။ ထိုအခါ စွန်းယီဖန်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးထွက်လုနီးပါး ဖြစ်သွားသည်။ သူသည် ဓမ္မအမှတ်အသား (၂၀) ရှိသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့မှာလည်း သူ့ထက် အစွမ်းမနိမ့်ကြပေ။

ဤမျှ အစွမ်းရှိသောသူ သုံးဦး ပေါင်းပြီး အစွမ်းကုန် တိုက်ခိုက်တာတောင် အစီအရင်ကို မဖျက်နိုင်ဘူးလား။

သူ၏ စောစောက ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိသာလှသည်။ ဤအရာသည် အမှန်တကယ်ပင် ကောင်းကင်အဆင့် ထိပ်တန်းအစီအရင် ဖြစ်နေသည်။ စွန်းယီဖန်း ချက်ချင်းပင် တွန့်ဆုတ်သွားတော့၏။ ဤကဲ့သို့သော အစီအရင်မျိုးကို ခင်းကျင်းနိုင်သူမှာ အသက် နှစ်ရာ၊ သုံးရာရှိသည့် ကောင်လေးတစ်ယောက် ဖြစ်နိုင်မည်ဟု သူ မယုံကြည်တော့ပေ။ ဤကဲ့သို့သော ကျင့်ကြံသူနှင့် ရန်သူဖြစ်ရခြင်းမှာ ပညာရှိရာမကျပေ။ သူ၏ဆရာမှာ အစွမ်းထက်သော်လည်း ဆရာဖြစ်သူက သူ၏တပည့်ကို အကြောင်းမဲ့ ပြဿနာရှာခိုင်းမည် မဟုတ်ပေ။

"ငါ မယုံဘူး… နောက်တစ်ခါ”

စုန့်ကျုံး ဟိန်းဟောက်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို လက်သီးတစ်ချက်အတွင်း ပုံအောထည့်လိုက်သည်။ မိကျောင်းကြီး အော်ဟစ်ကာ လက်သီးလေတိုက်ခတ်သံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားတော့၏။ နောက်ဆုံးတွင် သူ မြူခိုးများကို ဖောက်ထွက်နိုင်ခဲ့ပြီး ကျွန်း၏ ပုံသဏ္ဌာန်အချို့ကို မြင်တွေ့လိုက်ရတော့သည်။

၎င်းကို မြင်သည့်အခါ စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့လည်း ဝမ်းသာအားရဖြင့် ချက်ချင်းပင် အထဲသို့ တိုးဝင်သွားကြတော့သည်။ စွန်းယီဖန်းမှာမူ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် အထဲသို့ လိုက်မသွားဘဲ အပြင်တွင်သာ ကျန်ရစ်ခဲ့၏။

တစ်ခုခု မှားနေသလို သူ ခံစားနေရသည်။

သတိထားသည်က အကောင်းဆုံးပင်။ အကယ်၍ စုန့်ကျုံးတို့ ပြောသလို ရှန်မိုက လူငယ်တစ်ယောက်ပဲဆိုလျှင် သူတို့နှစ်ယောက်တည်းနှင့်ပင် ကိုင်တွယ်နိုင်လိမ့်မည်ဖြစ်ရာ စွန်းယီဖန်းအနေဖြင့် စုန့်ကျုံး၏ ကျေးဇူးကို ဆပ်ပြီးသား ဖြစ်ပေလိမ့်မည်။ သို့သော် ရှန်မို တကယ်ပဲ အစွမ်းထက်နေပါက အထဲဝင်သွားခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် တူပေလိမ့်မည်။

အပြင်မှာ နေခြင်းကသာ အန္တရာယ်အကင်းဆုံး ရွေးချယ်မှုပင်။

ထိုစဉ် သူ၏နောက်ကွယ်မှ လူအချို့ ချဉ်းကပ်လာသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။ သူ ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ ကောင်းကင်ယံမှ အလင်းတန်း (၄) ခုသည် သူတို့ဆီသို့ တပြိုင်နက်တည်း ပျံသန်းလာနေသည်ကို မြင်တွေ့လိုက်ရတော့၏။

All Chapters