← Chapters

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

Chapter 604: ငါတို့ အလကား လာမိတာပဲ

ရောက်ရှိလာသူ လေးဦးမှာ ဆုန့်ကျိန်းဖေး၊ လျိုယွန့်ထျန်း၊ ကျန်းချန်ဟိန်း နှင့် ဝေကျင်ချန် တို့ ဖြစ်ကြသည်။ သူတို့သည် အပြင်ဘက်တွင် တွန့်ဆုတ်စွာ ရပ်နေသော စွန်းယီဖန်းကို တစ်ချက်ကြည့်လိုက်ရုံနှင့် မြင်တွေ့သွားကြ၏။

ကျန်းချန်ဟိန်းမှ ဟိန်းဟောက်လိုက်သည်။

"စွန်းယီဖန်း… စုန့်ကျုံးနဲ့ လျိုယွမ်ချွိကော ဘယ်မှာလဲ… သူတို့ အထဲကို ဝင်သွားကြပြီလား”

လျိုယွန့်ထျန်း နှာခေါင်းရှုံ့လျက်

"နေလဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး စုန့်ကျုံးနဲ့ လျိုယွမ်ချွိလို လူယုတ်မာတွေကို ကူညီနေတာလား… မင်းရဲ့ ဆရာ့မျက်နှာကိုမှ မထောက်ဘူး"

ဆုန့်ကျိန်းဖေးနှင့် ဝေကျင်ချန်တို့မှာမူ သူ့ကိုကြည့်ကာ ခပ်ပြုံးပြုံးသာ လုပ်နေကြသည်။

စွန်းယီဖန်း ချက်ချင်းပင် တုန်လှုပ်သွားတော့၏။

သူသည် အစီအရင်ပညာရှင် တစ်ဦးဖြစ်သော်လည်း နိဗ္ဗာန်အဆင့် ကျင့်ကြံသူ လေးဦးနှင့် တပြိုင်နက်တည်း ထိပ်တိုက်တွေ့ရသည်မှာ... အနည်းငယ် အခက်တွေ့နိုင်သည့် ကိစ္စပင်။ သူ မြူခိုးများဆီသို့ လက်ညှိုးညွှန်ပြကာ

"စုန့်ကျုံးနဲ့ လျိုယွမ်ချွိတို့က အထဲကို ဝင်သွားကြပြီ"

ဝေကျင်ချန်သည် လှုပ်ရှားနေသော မြူခိုးများကို ကြည့်ကာ စဉ်းစားဟန်ဖြင့်

"မင်း အစီအရင်ကို မဖျက်နိုင်ခဲ့ဘူးလား"

ဆုန့်ကျိန်းဖေးကလည်း အံ့ဩသွားပုံဖြင့်

"ငါမှတ်မိသလောက်ဆိုရင် မိတ်ဆွေစွန်းရဲ့ အစီအရင်ပညာက လော့ရှင်းပင်လယ်ပြင်မှာ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ… ဒီမြူခိုးအစီအရင်လောက်ကို မင်း မဖျက်နိုင်ဘူးလား"

စွန်းယီဖန်းမှာ အနေရခက်စွာ ပြုံးလိုက်ရသည်။ နောက်ဆုံးတွင် သူ လေသံကို နှိမ့်ကာ

"ဒီအစီအရင်က တခြားမြူခိုးအစီအရင်တွေနဲ့ မတူဘူး… အများကြီး ပိုပြီး ရှုပ်ထွေးတယ်… ကျွန်တော့်ရဲ့ ဗဟုသုတ နည်းပါးတာကို ဝန်ခံရပါမယ်… အစီအရင်ကို မဖျက်နိုင်ခဲ့လို့ ကျွန်တော့်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပါပြီ"

ဆုန့်ကျိန်းဖေးနှင့် တခြားသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သိသိသာသာ အံ့ဩသွားကြသည်။ သူတို့ လာခဲ့စဉ်က အဆိုးဆုံး အခြေအနေအတွက်ပင် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သော်လည်း စုန့်ကျုံးတို့ အဖွဲ့ အစီအရင်ကိုပင် မဖျက်နိုင်ခဲ့ကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဒါဆို စုန့်ကျုံးနဲ့ လျိုယွမ်ချွိတို့က အတင်းအကြပ် တိုးဝင်သွားကြတာလား"

ကျန်းချန်ဟိန်းမှ ထပ်မေးသည်။

စွန်းယီဖန်းသည် ဖြစ်ပျက်ခဲ့သမျှကို ဘာတစ်ခုမှ မချန်ဘဲ အကုန်အစင် ပြန်ပြောပြလိုက်၏။

၎င်းကို ကြားပြီးနောက် ဝေကျင်ချန်မှ ထူးဆန်းစွာ ရယ်မောလိုက်ပြီး

"မင်းတို့အားလုံး မြူခိုးတွေကို အကြာကြီး တိုက်ခိုက်နေတာတောင် ဘာမှမဖြစ်ဘဲ နေပြီးမှ ရုတ်တရက်ကြီး လမ်းပွင့်သွားတယ်ပေါ့… ဒါက နည်းနည်း သံသယဖြစ်စရာ ကောင်းတယ်လို့ မထင်ဘူးလား"

စွန်းယီဖန်းလည်း တစ်စုံတစ်ခုကို သတိထားမိသွားပုံရပြီး သူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ဝေကျင်ချန်မှ ဆုန့်ကျိန်းဖေးကို အဓိပ္ပာယ်ပါပါ ကြည့်ကာ

"ညီအစ်ကိုဆုန့်... မင်းရဲ့ ဒီသူငယ်ချင်းလေးကတော့ သာမန်လူ မဟုတ်ဘူးပဲ"

ဆုန့်ကျိန်းဖေး အားရပါးရ ရယ်မောလိုက်ပြီး

"သူ စုန့်ကျုံးရဲ့ အစီအစဉ်ကို လူပုံအလယ်မှာ ဖော်ထုတ်လိုက်ကတည်းက သူဟာ သာမန်လူ မဟုတ်ဘူးဆိုတာ ငါသိထားပြီးသားပါ”

"ဒါဆို ငါတို့က ဘာလုပ်ကြမှာလဲ… ဒီအတိုင်းပဲ ရပ်ကြည့်နေကြမှာလား”

လျိုယွန့်ထျန်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ ဆုန့်ကျိန်းဖေး ခေတ္တစဉ်းစားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် မြူခိုးများအတွင်းမှ ဓားအရှိန်အဝါ တစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ကျားဟိန်းသံ၊ နဂါးအော်သံများမှာလည်း ပျံ့လွင့်လာတော့၏။

မကြာမီမှာပင် မြူခိုးများမှာ ဒီရေကျသွားသကဲ့သို့ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ချင်းရွှမ်ကျွန်း၏ ပုံသဏ္ဌာန်မှာ သူတို့ရှေ့တွင် ပေါ်လာတော့သည်။ ကျွန်း၏ လေ့ကျင့်ရေးကွင်း အလယ်ဗဟိုတွင် ဝတ်ရုံနက်ဝတ် လူငယ်တစ်ဦး တည်ငြိမ်စွာ ရပ်နေသည်။ သူ၏ ခြေရင်းတွင်မူ သက်မဲ့ အလောင်းနှစ်လောင်း ရှိနေ၏။ ၎င်းတို့မှာ အခြားသူမဟုတ်ဘဲ စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့ပင် ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာများစွာ ရှိနေပြီး မျက်လုံးများမှာလည်း မကျေနပ်မှု၊ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်နေကြသည်။ ဤနေရာတွင် သေရလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့သည့်အလားပင်။

ရှန်မိုသည် ပြုံးလျက် လက်နှစ်ဖက်စုကာ "ကျင့်ကြံဖော်အားလုံးကို နှုတ်ခွန်းဆက်သပါတယ်"

ကျန်းချန်ဟိန်းသည် ချက်ချင်း ရှေ့သို့ ပြေးထွက်သွား၏။ သို့သော် သူက ရှန်မိုကို စကားမပြောဘဲ စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့၏ အလောင်းများကို အမြန်စစ်ဆေးလိုက်သည်။ သူတို့ အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ စိတ်ပျက်လက်ပျက်ဖြင့်

"ဘာလို့ သတ်ပစ်လိုက်ရတာလဲ… ငါ့ရဲ့ ရန်ငြိုးကိုတောင် လက်စားမချေရသေးဘူး"

ရှန်မို ဇဝေဇဝါ ဖြစ်သွား၏။

ဆုန့်ကျိန်းဖေး အားမလိုအားမရ ပြုံးလိုက်ပြီး လျိုယွန့်ထျန်း၊ ဝေကျင်ချန်တို့နှင့်အတူ ရှန်မိုဆီသို့ လျှောက်သွားကာ အခြေအနေများကို ရှင်းပြလိုက်သည်။

ရှင်းပြပြီးနောက် သူသည် ရှန်မိုကို ပထမဆုံးအကြိမ် မြင်ဖူးသူကဲ့သို့ အသေအချာ စိုက်ကြည့်လိုက်ပြီး

"မိတ်ဆွေရှန် မဟုတ်ဘူး… ညီအစ်ကိုရှန်... မင်းက စုန့်ကျုံးနဲ့ လျိုယွမ်ချွိ နှစ်ယောက်လုံးကို သတ်နိုင်လိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး"

"ကြည့်ရတာ မင်းက နိဗ္ဗာန်အဆင့်ကို ခြေတစ်လှမ်းလှမ်းနေရုံတင် မဟုတ်ဘူး… တကယ့် နိဗ္ဗာန်အဆင့်ကို ရောက်နေပြီး ဓမ္မအမှတ်အသားတွေလည်း အများကြီး ရှိနေပုံရတယ်"

လျိုယွန့်ထျန်းကလည်း အားရပါးရ ရယ်မောကာ

"ငါတို့ ဒီအဝေးကြီးအထိ အလကား လာခဲ့ရတာပဲ"

ဝေကျင်ချန်ကလည်း ထူးဆန်းစွာ ရယ်မောရင်း

"ကိစ္စမရှိပါဘူး… ငါတို့ လက်လှုပ်စရာ မလိုတာကပဲ ကောင်းပါတယ်"

ဆုန့်ကျိန်းဖေးမှာ ရှန်မိုကို ကြည့်ရင်း ပို၍ပင် ကျေနပ်လာပြီး သူငယ်ချင်းအတွက် တကယ်ကို ဝမ်းသာနေတော့သည်။

ရှန်မို ပြုံးလျက်

"ဒီရောက်နေတဲ့သူတွေ အားလုံးက သူငယ်ချင်းတွေပဲ… ချင်းရွှမ်ကျွန်းက ပုံမှန်ဆိုရင် တော်တော်လေး တိတ်ဆိတ်နေတတ်တာလေ… အထဲဝင်ပြီး ခဏလောက် ထိုင်ကြပါဦး… အေးအေးဆေးဆေး စကားပြောကြတာပေါ့"

သူ ဖိတ်ခေါ်လိုက်သည်။

လျိုယွန့်ထျန်း ခေါင်းငြိမ့်ပြကာ

"ကောင်းတာပေါ့… ငါလည်း ကျင့်ကြံရာကနေ အပြင်ထွက်လာတာ မကြာသေးဘူး… စကားပြောမယ့်သူ မရှိလို့ စိတ်ညစ်နေတာနဲ့ အတော်ပဲ"

ဝေကျင်ချန်ကမူ ပေါ့ပေါ့ပါးပါးပင်

"ငါကတော့ ဘယ်လိုဖြစ်ဖြစ် ရပါတယ်"

ကျန်းချန်ဟိန်း သက်ပြင်းအသာချကာ

"လျိုယွမ်ချွိ သေသွားပြီဆိုတော့ ငါ့ရဲ့ ဆန္ဒလည်း ပြည့်ဝသွားပါပြီ… ကျင့်ကြံဖော်တွေနဲ့ အတူတူ ထိုင်ပြီး စကားပြောရမှာပေါ့"

စွန်းယီဖန်းသည် အနေရခက်စွာ ပြုံးလျက်

"ကျွန်တော်ကတော့ မနေတော့ပါဘူး… အရင်ပဲ နှုတ်ဆက်ခဲ့ပါရစေ… အားလုံးပဲ ခွင့်ပြုပါဦး… ကံပါရင် ပြန်ဆုံကြတာပေါ့"

သူ ထိုသို့ပြောကာ အနောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။ ဆုန့်ကျိန်းဖေးတို့ သူ့ကို အနောက်မှ လိုက်တိုက်ခိုက်မည်ကို ကြောက်နေသည့်အလားပင်။

"ဒါက ဘာဖြစ်တာလဲ"

ရှန်မို မျက်ခုံးပင့်လိုက်မိ၏။ သူ၏ အစီအရင်ပညာအပေါ် များစွာ ယုံကြည်မှု ရှိလှသည်။ သူသည် တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေသဖြင့် အပြင်ကိစ္စများကို မသိခဲ့ပေ။ စုန့်ကျုံးနှင့် လျိုယွမ်ချွိတို့ အစီအရင်ကို အစွမ်းကုန် တိုက်ခိုက်တော့မှသာ သိရှိခဲ့ပြီး သူတို့ကို ထောင်ချောက်ထဲ ဆွဲခေါ်ရန် အစီအရင်ကို တမင် လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။

ဆုန့်ကျိန်းဖေးက စွန်းယီဖန်း၏ အမှတ်အသားကို ရှင်းပြပေးလိုက်သည်။ နောက်ဆုံးတွင် သူ စနောက်သောလေသံဖြင့်

"သူက စုန့်ကျုံးတို့နဲ့ တစ်ဖွဲ့တည်းလို ဖြစ်နေတာ… ဒါပေမဲ့ စုန့်ကျုံးရဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် လာခဲ့တာပဲ ရှိတယ်… အဲဒါကြောင့် သူ တစ်စက္ကန့်တောင် ထပ်မနေရဲဘဲ ထွက်သွားတာပေါ့"

ရှန်မို မရယ်ဘဲ မနေနိုင်တော့ပေ။

"ဪ... ဒါကြောင့်ကိုး"

ခဏအကြာတွင် သူတို့ (၅) ဦးမှာ ချင်းရွှမ်နန်းတော်၏ ခန်းမဆောင်အတွင်း၌ ထိုင်နေကြသည်။ လျိုယွန့်ထျန်းက

"ဒီစွန်းယီဖန်းက နေလဂိုဏ်းမှာ နာမည်ကြီး အစီအရင်ပညာရှင် တစ်ယောက်ပဲ… အကြီးအကဲ ရှီးမန်က သူ့ကို တပည့်အဖြစ် လက်ခံမယ်ဆိုတဲ့ သတင်းတွေတောင် ထွက်နေတာ… လူငယ်မျိုးဆက်တွေထဲမှာ သူ့ရဲ့ အစီအရင်ပညာက ထိပ်တန်းပဲလေ… နှစ်ပေါင်းတစ်ထောင်လောက် လေ့လာထားတဲ့ အဘိုးကြီးတွေနဲ့ မတွေ့သရွေ့ သူက ဘယ်သူ့ကိုမှ မရှုံးဘူး… မင်းရဲ့ အစီအရင်ကို သူတောင် မဖျက်နိုင်ဘူးဆိုတော့... သူ့ရဲ့ ကျင့်ကြံခြင်းစိတ်ဓာတ်တော့ အတော်လေး ထိခိုက်သွားလောက်ပြီ"

ကျန်းချန်ဟိန်း၊ ဝေကျင်ချန် နှင့် ဆုန့်ကျိန်းဖေးတို့ အားလုံး ရယ်မောလိုက်ကြသည်။ သူတို့၏ စကားဝိုင်းမှာ အလွန်ပင် ချောမွေ့လှသည်။ ဆုန့်ကျိန်းဖေးသည် ဖြောင့်မတ်သူဖြစ်သဖြင့် သူနှင့် မိတ်ဆွေဖြစ်သူများမှာလည်း စိတ်ထားကောင်းသူများသာ ဖြစ်ကြသည်။

ဝေကျင်ချန် ဆိုလျှင်ပင် ဆုန့်ကျိန်းဖေးက သူ့အသက်ကို ကယ်ဖူးသဖြင့် မိတ်ဆွေဖွဲ့ထားခြင်း ဖြစ်၏။

သူသည် တကယ်တော့ နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း နတ်ဆိုးကျင့်ကြံသူများသည် လွတ်လပ်မှုကိုသာ မြတ်နိုးကြသူများ ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် တရားသောကျင့်ကြံသူများဟု ဟန်ဆောင်ပြီး ကွယ်ရာတွင် ယုတ်မာနေသူများထက်စာလျှင် သူတို့က အများကြီး ပို၍ တော်သေးသည်။

ရှန်မိုသည် သူတို့နှင့် စကားပြောရင်း သူတို့၏ ကံကြမ္မာစနစ်များကို လေ့လာကာ သူတို့သည် မိတ်ဆွေဖွဲ့ရန် ထိုက်တန်သူများဖြစ်ကြောင်း သိရှိလိုက်ရ၏။

"မိတ်ဆွေရှန်ရယ်... တကယ့်ကို ထူးခြားတာပဲ… ဒီလောက် ငယ်ငယ်လေးနဲ့ နိဗ္ဗာန်အဆင့်ကို ရောက်နေတဲ့အပြင် အစီအရင်ပညာရှင်လည်း ဖြစ်နေသေးတယ်"

လျိုယွန့်ထျန်းမှ အားကျစွာ ဆိုသည်။

ကျန်းချန်ဟိန်းသည် ရှန်မိုကို အနီးကပ် စစ်ဆေးကာ

"မင်း သက်တမ်းက ငါးရာတောင် မပြည့်သေးဘူးလို့ ငါ ထင်တယ်… ဘယ်ဂိုဏ်းကလဲ… ဒီလောက် ပါရမီရှိတဲ့သူဆိုရင် စောစောစီးစီး နာမည်ကြီးနေမှာပဲ"

ဆုန့်ကျိန်းဖေးမှာ တစ်စုံတစ်ခုကို သတိရသွားပုံဖြင့်

"အထွတ်အထိပ်နယ်ပယ်က ပုဂ္ဂိုလ်ကြီးအချို့ဟာ ဂိုဏ်းတွေမှာ မနေချင်ဘဲ လောကအနှံ့ လှည့်လည်သွားလာတတ်ကြတယ်လို့ ငါ ကြားဖူးတယ်… ပါရမီရှိတဲ့ လူငယ်တွေနဲ့ တွေ့တဲ့အခါမှာ သူတို့က အချိန်ပေးပြီး သင်ကြားပေးတတ်ကြတယ်တဲ့… ရှန်ကျင့်ကြံဖော်... မင်းကော အဲဒီလိုလူတွေထဲက တစ်ယောက်များ ဖြစ်မလား"

သူ ရုတ်တရက် မေးလိုက်သည်။

လျိုယွန့်ထျန်း၊ ကျန်းချန်ဟိန်း နှင့် ဝေကျင်ချန် တို့မှာ အနည်းငယ် မှင်တက်သွားကြပြီး ရှန်မိုကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သူတို့လည်း ထိုကဲ့သို့သော သတင်းများကို ကြားဖူးကြပေသည်။ အမှန်တကယ်ပင် အထွတ်အထိပ်နယ်ပယ်မှ ပညာရှင်ကြီးအချို့မှာ လှည့်လည်သွားလာရင်း တပည့်မွေးတတ်ကြ၏။

ကျန်းချန်ဟိန်း ရယ်မောကာ

"ဒါက ကောင်းကင်အင်းကျမ်းဂိုဏ်းက အင်းကျမ်းဘုရင်ငယ်ရဲ့ အဖြစ်အပျက်နဲ့ အတော်တူတာပဲ… သူက ဒီလော့ရှင်းပင်လယ်ပြင်က သာမန် တစ်ကိုယ်တော် ကျင့်ကြံသူလေးပဲ… နေလဂိုဏ်းကို ဝင်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ အမြဲတမ်း ငြင်းပယ်ခံခဲ့ရတယ်… ဒါပေမဲ့ သူ့မှာ အင်းကျမ်းပညာနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ပါရမီရှိတော့ အပြင်မှာ လှည့်လည်နေတဲ့ ကောင်းကင်အင်းကျမ်းဂိုဏ်းက အကြီးအကဲတစ်ယောက်က သူ့ကို တပည့်အဖြစ် ခေါ်သွားခဲ့တာ… နှစ်ပေါင်း သုံးရာအတွင်းမှာတင် သူ နိဗ္ဗာန်အဆင့်ကို ရောက်သွားခဲ့တယ်လေ… အခုဆိုရင် သူ အတွင်းပင်လယ်ကို ရောက်နေပြီး ဂိုဏ်းအကြီးအကဲတွေရဲ့ အချစ်ဆုံးတပည့် ဖြစ်နေပြီ"

Chapter 605: (၁၀) နှစ်တစ်ကြိမ် လေလံပွဲ

ကျန်းချန်ဟိန်း စကားပြောပြီးနောက် ဆုန့်ကျိန်းဖေးနှင့် လျိုယွန့်ထျန်းတို့ တဆက်တည်း သက်ပြင်းချရင်း ထောက်ခံလိုက်ကြသည်။

ဤကဲ့သို့သော ပါရမီရှင်တစ်ဦးမှာ လော့ရှင်းပင်လယ်ပြင်၊ သူတို့၏ ဘေးနားမှာတင် ပေါ်ထွက်လာခြင်း ဖြစ်သဖြင့် သူတို့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြတော့သည်။ ရှန်မိုမှာမူ မသိမသာ ရယ်လိုက်မိသည်။

အားလုံး တစ်ဖက်သတ်ပင် ဇာတ်လမ်းကို အကုန်လျှောက်တွေးနေကြခြင်း ဖြစ်သည်။

ထိုအခြေအနေကို အနည်းငယ် မျှော်လင့်မထားသလို ရယ်လည်းရယ်ချင်စရာ ကောင်းလှသည်။ သို့သော် ရှန်မို သူတို့ကို ပြန်လည်ရှင်းပြရန် အစီအစဉ်မရှိပေ။

သူတို့ ထင်ချင်သလိုသာ ဆက်ထင်ပါစေတော့။ အမှန်အတိုင်းဆိုလျှင် သူသည် အသက်တစ်ရာကျော်ရုံနှင့် နိဗ္ဗာန်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ရာ ၎င်းကိုသာ သူတို့ သိသွားပါက အလွန်အမင်း တုန်လှုပ်သွားကြပေလိမ့်မည်။

ဆုန့်ကျိန်းဖေးမှာ ပြုံးလျက်

"မိတ်ဆွေရှန်... ခင်ဗျား အရင်က ဘယ်မှာကျင့်ကြံခဲ့လဲ… ဘယ်သူ့ရဲ့ တပည့်လဲဆိုတာ ကျွန်တော်တို့ကို ပြောပြပါဦး… ကျွန်တော်တို့ ဗဟုသုတ တိုးရအောင်လို့ပါ"

ရှန်မို ခေါင်းခါပြကာ

"ကျွန်တော့်ဆရာက ပြောဖူးတယ်… ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့်က ဒီလောက်နိမ့်နေသေးရင် သူ့နာမည်ကို ပြင်ပလူတွေကို ပြောခွင့်မရှိဘူးတဲ့"

အားလုံး မျက်ခုံးအသာ ပင့်လိုက်ကြသည်။ "ဒါဆိုရင်တော့ မိတ်ဆွေရှန်ရဲ့ ဆရာက တကယ့်ကို မာနကြီးပြီး နက်နဲတဲ့ ပညာရှင်ကြီး ဖြစ်မှာပဲ" "ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်… အထွတ်အထိပ်နယ်ပယ်က ပုဂ္ဂိုလ်ကြီး ဖြစ်ဖို့ များတယ်"

"နောင်ကျရင် မိတ်ဆွေရှန် ကျင့်ကြံမှု အောင်မြင်လို့ အတွင်းပင်လယ်ကို သွားတဲ့အခါကျရင် ကျွန်တော်တို့ကို မမေ့ပါနဲ့ဦး"

သူတို့သည် အားကျစိတ်များ ရောယှက်နေသော လေသံများဖြင့် အားရပါးရ ရယ်မောလိုက်ကြသည်။ ရှန်မိုကမူ အပြုံးဖြင့်သာ တုံ့ပြန်ခဲ့၏။

စကားဝိုင်းမှာ ဆက်သွားရင်း ခဏအကြာတွင် အကြောင်းအရာမှာ ပြောင်းလဲသွားသည်။ တောင်ပိုင်းကျွန်းစုရှိ မည်သည့်ကျင့်ကြံသူမျှ ရှောင်လွှဲ၍မရသော ကိစ္စတစ်ခုဆီသို့ ဦးတည်သွားတော့သည်။

၎င်းမှာ ချင်းစူး အထွတ်အထိပ်၏ ဂူဗိမာန်ပင် ဖြစ်သည်။ သူတော်စင်အဆင့်အောက်တွင် အင်အားအကြီးဆုံး ဖြစ်ခဲ့ဖူးသူ၏ ဂူဗိမာန်မှာ ကျင့်ကြံသူ အမြောက်အမြား ရှာဖွေလိုသော နေရာတစ်ခု ဖြစ်နေဆဲပင်။

လျိုယွန့်ထျန်း ရယ်မောကာ

"...ကောလာဟလတွေအရတော့ ချင်းစူးအထွတ်အထိပ်က သူ မသေခင်မှာ ရွှေစာမျက်နှာတစ်ခု ချန်ထားခဲ့တယ်တဲ့… အဲဒီထဲမှာ ဂူဗိမာန်ရှိတဲ့ နေရာအတိအကျ ပါတယ်လို့ ပြောကြပေမဲ့ အစစ်လား အတုလားဆိုတာတော့ ဘယ်သူမှ မသိဘူး"

ကျန်းချန်ဟိန်း ခေါင်းငြိမ့်၏။

"ငါလည်း အဲဒီအတိုင်း ကြားဖူးတယ်… အတွင်းပင်လယ်က ထိပ်တန်းအင်အားစုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကတည်းက အဲဒီရွှေစာမျက်နှာကို လိုက်ရှာနေကြတာ… ငါ့အထင်တော့ သူတို့ အတော်များများ စုမိနေလောက်ပြီ"

ဝေကျင်ချန် အေးစက်စွာ နှာခေါင်းရှုံ့လျက်

"သူတို့ စာမျက်နှာတွေ အကုန်စုမိရင်တောင် အဲဒီဂိုဏ်းကြီးတွေက သူတို့အချင်းချင်းပဲ ဂူဗိမာန်ကို ဖွင့်ကြမှာပေါ့.. ငါတို့နဲ့ ဘာဆိုင်လို့လဲ"

ရှန်မို အသာအယာ ခေါင်းငြိမ့်လိုက်သည်။ ရွှေယင်ဂူ နှင့် ကောင်းကင်အင်းကျမ်းဂိုဏ်း ကဲ့သို့သော ထိပ်တန်းအင်အားစုများသည် နေလဂိုဏ်း သို့မဟုတ် နဂါးပုန်းကျွန်း ကဲ့သို့သော ဂိုဏ်းများနှင့် ဘယ်တော့မှ ပူးပေါင်းမည်မဟုတ်ပေ။ ပူးပေါင်းရန် နေနေသာသာ သူတို့ လှည့်တောင် ကြည့်ကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုထိပ်တန်းအင်အားစုတိုင်းတွင် ချွင်းချက်မရှိ သူတော်စင်အဆင့် ဘိုးဘေးများ ရှိကြသောကြောင့် ဖြစ်သည်။

ထိုစဉ် ဆုန့်ကျိန်းဖေးမှ ရုတ်တရက်

"ဒါနဲ့... နောက်တစ်ပတ်ခွဲနေရင် လော့ရှင်းပင်လယ်ပြင်ရဲ့ ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မဟာလေလံပွဲကြီး ရှိတယ်… အဲဒါကို ငါတို့ အတူတူ သွားကြည့်ကြရင် ဘယ်လိုလဲ… မထင်မှတ်ထားတဲ့ ရတနာတွေ ရနိုင်တယ်လေ"

အားလုံး စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးကြတော့သည်။ ရှန်မိုသည်လည်း ဤလေလံပွဲအကြောင်းကို အမြန်ပင် သိရှိလိုက်ရသည်။

ရတနာမဟာမိတ်သည် အမြဲတမ်း ကြားနေဝါဒကို ကျင့်သုံးပြီး ကုန်သွယ်ရေးကိုသာ အဓိက လုပ်ဆောင်သော အင်အားစုဖြစ်သည်။ ဤလေလံပွဲကို ရတနာမဟာမိတ်က ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး ပုံမှန်လေလံပွဲငယ်များကို လစဉ် ကျင်းပလေ့ရှိသည်။ အဆိုပါ ပွဲများတွင် အများအားဖြင့် မြေကမ္ဘာအဆင့် ထိပ်တန်းရတနာများသာ ပါဝင်ပြီး ကောင်းကင်အဆင့် အနိမ့် သို့မဟုတ် အလယ်အလတ် ရတနာ အနည်းငယ်သာ ပါတတ်သည်။ ကံကောင်းလွန်းမှသာ ကောင်းကင်အဆင့် အဆင့်မြင့် သို့မဟုတ် ထိပ်တန်းရတနာများကို တွေ့နိုင်၏။

သို့သော် မဟာလေလံပွဲကြီးမှာမူ ဆယ်နှစ်မှ တစ်ကြိမ်သာ ကျင်းပခြင်း ဖြစ်သည်။ ရတနာမဟာမိတ်သည် လွန်ခဲ့သော ဆယ်နှစ်အတွင်း စုဆောင်းထားသမျှသော ရှားပါးရတနာအားလုံးကို ဤပွဲတွင် ထုတ်ပြလေ့ရှိသည်။ ပါဝင်မည့်ပစ္စည်းများ၏ အနိမ့်ဆုံးသတ်မှတ်ချက်မှာ ကောင်းကင်အဆင့် အလယ်အလတ် ရတနာ ဖြစ်ရမည်။ ယခင် မဟာလေလံပွဲများတွင် သူတော်စင်အဆင့် ရတနာများပင် ထွက်ပေါ်ခဲ့ဖူးသည်။ ထို့ကြောင့် မဟာလေလံပွဲတိုင်းသည် လော့ရှင်းပင်လယ်ပြင် တစ်ခုလုံးမှ ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ရုံသာမက အနီးနားရှိ ထိုက်ဖိန်ပင်လယ်ပြင်နှင့် မိုးကြိုးဒေါသပင်လယ်ပြင် တို့မှ ကျင့်ကြံသူများပါ လာရောက်ကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုက်ဖိန်ပင်လယ်ပြင်တွင် နေသွေးဓားဂိုဏ်းမှာ အကြွင်းမဲ့ အာဏာပိုင်စိုးထားသဖြင့် အကြီးစားလေလံပွဲများကို စိတ်မဝင်စားပေ။ မိုးကြိုးဒေါသပင်လယ်ပြင်မှာမူ မကြာခဏ ကောင်းကင်မိုးကြိုးများ ပစ်ခတ်ခြင်းနှင့် အဆက်မပြတ် မငြိမ်မသက်ဖြစ်မှုများကြောင့် ကျင့်ကြံသူများမှာ ကြမ်းတမ်းခက်ထန်ကြသည်။ ထိုနေရာရှိ အင်အားစုများမှာ အကျိုးထက် အန္တရာယ် ပိုများသော အကြီးစားလေလံပွဲမျိုးကို မကျင်းပလိုကြပေ။

ထို့ကြောင့် ပတ်ဝန်းကျင်ဒေသများမှ ကျင့်ကြံသူများမှာ လော့ရှင်းပင်လယ်ပြင်သို့ စုပြုံလာကြခြင်းမှာ သဘာဝပင် ဖြစ်သည်။

လျိုယွန့်ထျန်း ခပ်ပါးပါး ပြုံးလျက်

"ရတနာမဟာမိတ်ထဲက ငါ့သူငယ်ချင်းတစ်ယောက် ပြောပြချက်အရတော့ ဒီမဟာလေလံပွဲမှာ ချင်းစူးအထွတ်အထိပ်ရဲ့ အမွေအနှစ် ရတနာတစ်ခု ပါလာလိမ့်မယ်တဲ့"

ကျန်ရှိသော ကျင့်ကြံသူများမှာ မျက်ခုံးပင့်သွားကြပြီး သိသိသာသာ စိတ်ဝင်စားသွားကြ။ ချင်းစူးအထွတ်အထိပ်၏ ရတနာ။

ချင်းစူးအထွတ်အထိပ်မှာ အထွတ်အထိပ်နယ်ပယ်မှ စစ်မှန်သော နဂါးတစ်ကောင်ဖြစ်ပြီး သူတော်စင်အဆင့်အောက်တွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း လူတိုင်း သိကြသည်။ သူ အသုံးပြုခဲ့သော ရတနာတိုင်းမှာ ချွင်းချက်မရှိ အစွမ်းထက်ပြီး အသုံးဝင်လှသည်။ ထို့အပြင် ချင်းစူးအထွတ်အထိပ် အသုံးပြုခဲ့သော သာမန်ပစ္စည်းတစ်ခုပင်လျှင် အဖိုးမဖြတ်နိုင်ပေ။ ၎င်းသည် ချင်းစူးအထွတ်အထိပ်၏ ဂူဗိမာန်နှင့်ပင် ဆက်နွှယ်နေနိုင်ပေသည်။ အကယ်၍ ၎င်းကို အသုံးပြုပြီး ဂူဗိမာန်ကို ရှာတွေ့နိုင်ခဲ့လျှင်... တကယ့်ကို ကံထူးခြင်းပင်။

ထို့ကြောင့် သူတို့အဖွဲ့မှာ နောက်တစ်ပတ်ခွဲအကြာတွင် ရတနာမဟာမိတ်၏ အကြီးဆုံးကျွန်းဖြစ်သော ဝမ်ပေါင်ကျွန်းသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

"ဒါနဲ့... ငါ့မှာ ရှိထျန်းဟောက် လို့ ခေါ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိသေးတယ်… သူက နဂါးမျိုးနွယ်တွေအကြောင်း အတော်လေး နှံ့စပ်တယ်… သူ့ကိုပါ ဖိတ်လိုက်ဦးမယ်"

ဆုန့်ကျိန်းဖေး ပြုံးလျက် ဆိုသည်။

ကျန်းချန်ဟိန်းမှာ ခေါင်းငြိမ့်လိုက်ပြီး

"ပိုကောင်းတာပေါ့… သူက နဂါးတွေအကြောင်း သိတယ်ဆိုရင် လေလံပွဲမှာ ပုန်းကွယ်နေတဲ့ ရတနာတွေကို ရှာတွေ့ဖို့ ကူညီပေးနိုင်လိမ့်မယ်"

…

တစ်ပတ်ခွဲအကြာ။

လွင့်မျောနေသော တိမ်တိုက်ကျွန်း။

ဆုန့်ကျိန်းဖေးသည် ဝမ်ပေါင်ကျွန်းသို့ အတူမသွားမီ အားလုံးကို လွင့်မျောနေသော တိမ်တိုက်ကျွန်းတွင် အရင်စုရန် စီစဉ်ထားခြင်း ဖြစ်သည်။

ရှန်မိုကလည်း ကန့်ကွက်ခြင်း မရှိပေ။ သို့သော် သူ ရောက်ရှိသွားသည့်အခါ လျိုယွန့်ထျန်းနှင့် တခြားသူများမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါနေကြသည်ကို တွေ့ရသည်။

"ဘာဖြစ်လို့လဲ"

ရှန်မို ဇဝေဇဝါဖြင့် မေးလိုက်သည်။

လျိုယွန့်ထျန်းက အားမလိုအားမရ ပြုံးကာ "ကျွန်းသခင်ဆုန့်က ငါတို့ကို ဒီမှာစုခိုင်းပြီး သူကိုယ်တိုင်ကတော့ ရုတ်တရက် တရားထူးရသွားလို့ မသွားနိုင်တော့ဘူးတဲ့”

အကျိုးအကြောင်း မေးမြန်းကြည့်ရာ လွန်ခဲ့သော နှစ်ရက်က ဆုန့်ကျိန်းဖေးမှာ ရုတ်တရက် အသိဉာဏ်ပွင့်သွားပြီး အရေးကြီးသော အခြေအနေတစ်ခုတွင် တံခါးပိတ်ကျင့်ကြံနေရကြောင်း သိရသည်။ အကယ်၍ အောင်မြင်သွားပါက ဓမ္မအမှတ်အသား ၃ ခု မှ ၅ ခု အထိ တပြိုင်နက် ထွက်ပေါ်လာနိုင်သည်။

ဆုန့်ကျိန်းဖေး၏ မိတ်ဆွေများအနေဖြင့် ရှန်မိုနှင့် တခြားသူများသည် သူ၏ကျင့်ကြံမှုကို မနှောင့်ယှက်လိုကြပေ။ ထို့အပြင် ရှန်မိုသည် လျိုယွန့်ထျန်း၊ ကျန်းချန်ဟိန်း နှင့် ဝေကျင်ချန် တို့နှင့်လည်း ရင်းနှီးနေပြီဖြစ်ရာ ဆုန့်ကျိန်းဖေး မပါခြင်းမှာ ပြဿနာ မဟုတ်ပေ။

"ငါတို့ လူတစ်ယောက် လိုနေသေးတယ်… ကျွန်းသခင်ဆုန့် ပြောထားတဲ့ ချိုလုံကျွန်းက ကျွန်းသခင်ငယ်လေးလေ"

ဝေကျင်ချန် ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။

"တစ်ယောက်ယောက် ရောက်လာပြီထင်တယ်"

ကျန်းချန်ဟိန်း ကောင်းကင်ယံသို့ ကြည့်ကာ ပြောသည်။ ရှန်မိုလည်း လှမ်းကြည့်လိုက်ရာ အဝေးမှ ပျံသန်းလာသော ရှိထျန်းဟောက်ကို မြင်တွေ့လိုက်ရသည်။

ရှိထျန်းဟောက်သည် အဖွဲ့ကို အနည်းငယ် ကြည့်လိုက်ပြီး

"ကျင့်ကြံဖော်အားလုံးကို နှုတ်ခွန်းဆက်ပါတယ်… ကျွန်းသခင်ဆုန့်ကော ဘယ်မှာလဲ"

လျိုယွန့်ထျန်းမှ ဆုန့်ကျိန်းဖေး၏ အခြေအနေကို ရှင်းပြလိုက်သည်။

ရှိထျန်းဟောက် ချက်ချင်းပင် အနေခက်သွား၏။ ရှန်မိုမှလွဲ၍ ဤအဖွဲ့ထဲတွင် သူ မည်သူ့ကိုမှ မသိပေ။ သူသည် ပေါင်းသင်းဆက်ဆံရေး ကောင်းသူဖြစ်သော်လည်း လုံးဝ သူစိမ်းများဖြစ်နေသော အဖွဲ့ထဲတွင် ဝင်ဆံ့ရန် ခက်ခဲလှသည်။ ကံကောင်းထောက်မစွာဖြင့် လျိုယွန့်ထျန်းမှာ သဘောထားပွင့်လင်းသူဖြစ်ပြီး ရှိထျန်းဟောက်၏ အနေခက်မှုကို သတိပြုမိသဖြင့်

"ငါတို့ အားလုံးက သူငယ်ချင်းတွေပဲ… အားနာစရာ မလိုပါဘူး… ကျင့်ကြံဖော်ရှိ က နဂါးမျိုးနွယ်တွေအကြောင်း အတော်လေး သိတယ်လို့ ကြားတယ်… လေလံပွဲမှာ ရတနာတွေ ရှာတွေ့ဖို့ ကူညီပေးနိုင်မှာပါ"

သူ နွေးထွေးစွာ ဆိုလိုက်သည်။

ကျန်းချန်ဟိန်းနှင့် ဝေကျင်ချန်တို့ကလည်း ထိုစကားကို ခေါင်းငြိမ့် ထောက်ခံကြသည်။

ဆုန့်ကျိန်းဖေးမှ ရှိထျန်းဟောက်ကို ထိုသို့ မိတ်ဆက်ပေးထားသဖြင့် သူတို့ကလည်း သဘာဝကျကျပင် ယုံကြည်ကြသည်။

"ဒါဆို ထွက်ကြစို့"

ကျန်းချန်ဟိန်းမှ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ ထို့နောက် အားလုံး သဘောတူပြီး ဝမ်ပေါင်ကျွန်းသို့ သွားရန် ပြင်ဆင်လိုက်ကြ၏။

"ကျွန်းသခင်ဆုန့်အတွက် ကျွန်တော် မက်ဆေ့ခ်ျတစ်ခု ချန်ထားခဲ့မယ်"

ရှန်မိုက ပြုံးလျက် ဆိုသည်။

"ကောင်းတာပေါ့… ဒါဆို သူလည်း စိတ်ပူစရာ မလိုတော့ဘူး"

လျိုယွန့်ထျန်းမှ ခေါင်းညိတ်သည်။

ရှန်မိုသည် ဆုန့်ကျိန်းဖေး၏ ယုံကြည်ရဆုံးသော လက်အောက်ငယ်သားတစ်ဦးထံသို့ သွားကာ သူ ကြိုတင်ပြင်ဆင်ထားသော ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ပေးအပ်လိုက်သည်။

"ကျွန်းသခင်ဆုန့် ကျင့်ကြံရာကနေ ထွက်လာတာနဲ့ ဒီကျောက်စိမ်းပြားကို သူ့ဆီ ချက်ချင်းပေးလိုက်ပါ… ဒါက သူ့ရဲ့ အသက်နဲ့ သက်ဆိုင်တယ်"

၎င်းကို ကြားသည့်အခါ ထိုလူငယ်၏ မျက်နှာမှာ လေးနက်သွားပြီး ကျောက်စိမ်းပြားကို အမြန် လက်ခံလိုက်သည်။

"စိတ်ချပါ မိတ်ဆွေရှန် ကျွန်တော် သေချာပေါက် ပေးလိုက်ပါ့မယ်"

သူသည် ဆုန့်ကျိန်းဖေးအပေါ် အလွန် သစ္စာရှိသူဖြစ်သည်။ ဆုန့်ကျိန်းဖေး သေသွားပါက သူလည်း ကောင်းစားမည် မဟုတ်ပေ။

ရှန်မိုမှာ အသာအယာ ခေါင်းငြိမ့်ပြပြီးနောက် နောက်ဆုံးတွင် လှည့်ထွက်သွားတော့သည်။

Chapter 606: ဝမ်ပေါင်ကျွန်းသို့ ရောက်ရှိခြင်း

လော့ရှင်း ပင်လယ်ပြင်သည် အလွန်ပင် ကျယ်ပြောလှပြီး ကျွန်းကလေးများမှာ ကောင်းကင်ယံမှ ကြယ်ပွင့်များအလား ပျံ့ကြဲတည်ရှိနေကြသည်။ ၎င်း၏ ပုံသဏ္ဌာန်မှာ ယေဘုယျအားဖြင့် တြိဂံပုံစံနှင့် တူညီ၏။

မြောက်ဘက်အစွန်ဆုံးတွင် နဂါးပုန်းကျွန်း၊ အနောက်တောင်ဘက်တွင် နေလဂိုဏ်း နှင့် အရှေ့တောင်ဘက်တွင် ရတနာမဟာမိတ် တို့က အသီးသီး နေရာယူထားကြသည်။ ဤအင်အားစုကြီး သုံးခုသည် လော့ရှင်း ပင်လယ်ပြင်တစ်ခုလုံးကို ခွဲဝေအုပ်ချုပ်ထားကြခြင်း ဖြစ်၏။

နဂါးပုန်းကျွန်းနှင့် နေလဂိုဏ်းတို့မှာမူ အမြဲတစေ ပဋိပက္ခများ ရှိနေကြပြီး ဆက်ဆံရေး သိပ်မကောင်းလှပေ။ သို့သော် ရတနာမဟာမိတ်မှာမူ အမြဲတမ်း ကြားနေဝါဒကို ကျင့်သုံးကာ နှစ်ဖက်စလုံးနှင့် ကုန်သွယ်မှု ပြုလုပ်လေ့ရှိသည်။ လွင့်မျောနေသော တိမ်တိုက်ကျွန်းမှ ဝမ်ပေါင်ကျွန်းသို့ ခရီးစဉ်မှာ ခရီးအကွာအဝေး လီပေါင်း တစ်သန်းနီးပါး ရှိသည်။ ၎င်းမှာ ကျင့်နိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးမှ တောင်ဘက်အစွန်ဆုံးအထိ အကွာအဝေး၏ နှစ်ဆ သို့မဟုတ် သုံးဆခန့်နှင့် ညီမျှသည်။ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးအတွက်ပင် သုံးရက်မှ ငါးရက်အထိ ကြာမြင့်ပေလိမ့်မည်။ ထို့အပြင် လမ်းခရီးတွင် မုန်တိုင်းများ၊ မိုးကြိုးဘေးအန္တရာယ်များ သို့မဟုတ် ပင်လယ်သားရဲကြီးများနှင့် မတွေ့ဆုံပါစေနှင့်ဟု ဆုတောင်းရပေဦးမည်။ မဟုတ်လျှင် ခရီးစဉ်မှာ ပိုကြာသွားမည့်အပြင် အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။

သို့သော် ရှိထျန်းဟောက် အတူပါလာသောကြောင့်လား၊ သို့မဟုတ် ရှန်မို၏ ကိုယ်ပိုင်ကံကောင်းမှုကြောင့်လားမသိဘဲ သူတို့အဖွဲ့မှာ ဘာအန္တရာယ်မှ မကြုံဘဲ ဝမ်ပေါင်ကျွန်းသို့ ဘေးကင်းစွာ ရောက်ရှိခဲ့ကြသည်။ ၎င်းမှာ ခန့်မှန်းထားသည်ထက် တစ်ရက်နှင့် တစ်ဝက်ခန့်ပင် စောနေသေး၏။ ဝမ်ပေါင်ကျွန်းသည် ရတနာမဟာမိတ် လက်အောက်ရှိ အကြီးဆုံးကျွန်းဖြစ်ပြီး တိုက်ငယ်တစ်ခုခန့်ပင် ကျယ်ဝန်းလှသည်။

"မိတ်ဆွေရှန်က ငယ်ငယ်ကတည်းက သူ့ဆရာ့ဆီမှာပဲ ကျင့်ကြံနေခဲ့တာဆိုတော့ အပြင်လောကနဲ့ အဆက်အသွယ် သိပ်မရှိဘူး… ရတနာမဟာမိတ်အကြောင်းလည်း သိပ်သိမှာမဟုတ်ဘူး"

ရှန်မို ပတ်ဝန်းကျင်ကို လေ့လာနေသည်ကို မြင်သောအခါ လျိုယွန့်ထျန်းမှ ပြုံးလျက် ဆိုလိုက်သည်။

ရှန်မို ခေါင်းငြိမ့်ပြကာ

"ဟုတ်ပါတယ်… ကျွန်တော်က နဂါးပုန်းကျွန်းအကြောင်းပဲ အပေါ်ယံလေး သိတာပါ… နေလဂိုဏ်းနဲ့ ရတနာမဟာမိတ်အကြောင်းဆိုရင်တော့ ဘာမှမသိသလောက်ပါပဲ"

လျိုယွန့်ထျန်းက ကျန်းချန်ဟိန်းဘက်သို့ လက်ညှိုးညွှန်ပြကာ

"ကျင့်ကြံဖော်ကျန်းက နဂါးပုန်းကျွန်းကို မဝင်ခင်တုန်းက ရတနာမဟာမိတ်မှာ ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးတယ်… သူက အကုန်သိတယ်"

ကျန်းချန်ဟိန်းကလည်း ခေါင်းငြိမ့်လျက် ရှန်မိုကို အကျဉ်းချုံး ရှင်းပြလိုက်သည်။

"ရတနာမဟာမိတ် ဆိုတာက ကုန်သည်အသင်းကြီး ၂၆ ခုနဲ့ တခြား အသင်းငယ်ပေါင်း ၂၀၀ ကျော်နဲ့ စုဖွဲ့ထားတာပါ… ရတနာမဟာမိတ်ရဲ့ တကယ့် အာဏာအစစ်အမှန်က အဲဒီ အသင်းကြီး ၂၆ ခုရဲ့ အသင်းဥက္ကဋ္ဌတွေ လက်ထဲမှာ ရှိတာ… ဟို စုန့်ကျုံး ဆိုတဲ့လူက အသင်းငယ်လေး တစ်ခုရဲ့ ဥက္ကဋ္ဌလောက်ပဲ… ရတနာမဟာမိတ်ရဲ့ မဟာမိတ်အရှင် ဝမ်ချန်ဖူ ကတော့ အကြီးဆုံးဖြစ်တဲ့ ဝမ်ပေါင်ကုန်သည်အသင်းရဲ့ ဥက္ကဋ္ဌပေါ့… ဒီဝမ်ပေါင်ကျွန်းက အဲဒီအသင်းရဲ့ အခြေစိုက်စခန်းနဲ့ သူတို့ စတင်အောင်မြင်ခဲ့တဲ့ နေရာပဲ"

"ရတနာမဟာမိတ်က နဂါးပုန်းကျွန်းတို့၊ နေလဂိုဏ်းတို့နဲ့ မတူဘူး… သူတို့က အရမ်းချမ်းသာပေမဲ့ စုစည်းမှု မရှိဘူး၊ အကျိုးအမြတ်တစ်ခုတည်းကိုပဲ ကြည့်ကြတာ… အကျိုးအမြတ်ရှိရင် ရတနာမဟာမိတ် ကျင့်ကြံသူတွေက အုံနဲ့ကျင်းနဲ့ ဝိုင်းလာကြပြီး အမြတ်မရှိရင်တော့ ချက်ချင်း လူစုခွဲသွားကြတာပဲ"

ကျန်းချန်ဟိန်းမှ လက်ကို ဝှေ့ယမ်းပြကာ

"ဒါကြောင့်လည်း ငါ ရတနာမဟာမိတ်ကနေ ထွက်လာခဲ့တာ… အဲဒီနေရာက သဲအိမ်လိုပဲ ဘာမှခိုင်မာမှု မရှိဘူး… ဒါကြောင့် ငါ နဂါးပုန်းကျွန်းကို ဝင်ဖို့ ရွေးချယ်ခဲ့တာပေါ့"

၎င်းကို ကြားပြီးနောက် ရှန်မို စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ ကုန်သည်များဖြင့် စုဖွဲ့ထားသော အင်အားစုမှာ အမှန်တကယ်ပင် စုစည်းမှု အားနည်းပေလိမ့်မည်။ အားလုံး ဝဝလင်လင် စားနိုင်လောက်အောင် အမြတ်အစွန်းများနေသရွေ့ အတွင်းပိုင်းက ပြဿနာများကို ဖုံးကွယ်ထားနိုင်သော်လည်း ခွဲဝေစရာ အမြတ်အစွန်း နည်းပါးသွားလျှင် ပြိုကွဲသွားဖို့မှာ အချိန်တစ်ခုသာ လိုပေလိမ့်မည်။

"ဟိုးရှေ့မှာ မြင်ရတဲ့ အဆောက်အအုံက ဝမ်ပေါင်ကျွန်းရဲ့ ရတနာဆောင်ပဲ… လေလံပွဲ ကျင်းပမယ့်နေရာပေါ့… သွားကြစို့… ငါ့မှာ ရတနာမဟာမိတ်ထဲက သူငယ်ချင်းအချို့ ရှိသေးတယ်… သူတို့ကနေတစ်ဆင့် ငါတို့အတွက် အဆင်ပြေအောင် စီစဉ်ပေးနိုင်လိမ့်မယ်"

ကျန်းချန်ဟိန်းမှ ပြုံးလျက် ဆိုသည်။

ရှန်မိုနှင့် တခြားသူများလည်း သူ၏နောက်မှ လိုက်သွားကြ၏။

ရတနာဆောင်သို့ ရောက်သည့်အခါ ရှန်မို မော့ကြည့်လိုက်ပြီး အဆောက်အအုံ၏ ခမ်းနားထည်ဝါမှုကို မြင်တွေ့ကာ မှင်တက်သွားရသည်။ ဝင်ပေါက်တွင် ရွှေအစစ်များဖြင့် ဖုံးအုပ်ထားပြီး ငွေရောင်သားရဲရုပ်များ ထွင်းထုထားသော ကြီးမားသည့် ကျောက်တိုင်ကြီးနှစ်တိုင် ရှိသည်။ ပိုးထည်ဝတ်စုံ ခမ်းနားစွာ ဝတ်ဆင်ထားသော အစေခံများမှာလည်း ဝမ်ပေါင်အသင်း၏ ဂုဏ်သရေရှိ ဧည့်သည်တော်များကို ကြိုဆိုရန် အလုပ်ရှုပ်နေကြလေ၏။

သူတို့မှာ သာမန်လူများမဟုတ်ဘဲ အနည်းဆုံး မြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် ဤရတနာဆောင်တွင်မူ သူတို့မှာ အစေခံမျှသာ ဖြစ်၏။

ဝင်ပေါက်တွင် လူများဖြင့် စည်ကားကာ ဆူညံနေသော်လည်း လူတိုင်းမှာ စိတ်ရှည်လက်ရှည်ဖြင့် တန်းစီဝင်ရောက်နေကြသည်။ အဝတ်အစား ခမ်းနားစွာ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးမှာ တံခါးဝတွင် ရပ်ကာ လူအုပ်ကို ကြီးကြပ်နေ၏။ သူသည် ကျန်းချန်ဟိန်းကို မြင်သောအခါ အံ့ဩသွားပုံရသည်။

"ညီအစ်ကိုကျန်း… မင်း ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ"

ကျန်းချန်ဟိန်း သူ့ကိုမြင်သည်နှင့် ပြုံးရွှင်သွားကာ

"ညီအစ်ကိုလျို... ဒီနေ့ မင်း တာဝန်ကျနေလိမ့်မယ်လို့ ငါ မထင်ထားဘူး"

သူတို့နှစ်ဦးမှာ အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ကျန်းချန်ဟိန်းက အဖွဲ့နှင့် မိတ်ဆက်ပေးလိုက်သည်။ "ဒါက လျိုရုရှင်း… ဝမ်ပေါင်ကုန်သည်အသင်းရဲ့ တတိယမြောက် စီမံခန့်ခွဲသူပေါ့… ငါ ရတနာမဟာမိတ်မှာ ဂုဏ်ထူးဆောင် အကြီးအကဲ လုပ်တုန်းက စီမံခန့်ခွဲသူလျိုနဲ့ သူငယ်ချင်းဖြစ်ခဲ့တာလေ"

လျိုရုရှင်း အားရပါးရ ရယ်မောကာ

"မင်းတို့အားလုံးက ညီအစ်ကိုကျန်းရဲ့ သူငယ်ချင်းတွေပဲ မဟုတ်လား… တန်းစီနေစရာ မလိုပါဘူး… ငါနဲ့အတူ လိုက်ခဲ့ကြ… ငါ မင်းတို့အတွက် သီးသန့်အခန်း စီစဉ်ပေးမယ်… အပြင်က လူအုပ်ကြီးထဲမှာ တိုးနေစရာ မလိုတော့ဘူးပေါ့"

သူ ပြောပြောဆိုဆိုနှင့် ကျန်းချန်ဟိန်းနှင့် တခြားသူများကို လမ်းပြခေါ်ဆောင်သွားသည်။

လျိုရုရှင်း၏ ဦးဆောင်မှုဖြင့် သူတို့သည် တန်းစီနေသော လူအုပ်ကို ကျော်ဖြတ်ကာ ရတနာဆောင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ခဲ့ကြ၏။ ခမ်းနားသော အဆောက်အအုံအတွင်းသို့ ရောက်သည့်အခါ ရှန်မိုသည် အတွင်းပိုင်းမှာ ထင်ထားသည်ထက်ပင် ပိုမိုကြီးမားကြောင်း သိရှိလိုက်ရသည်။ ရတနာဆောင်၏ အလယ်ဗဟိုတွင် ကြီးမားသော စက်ဝိုင်းပုံ လေလံစင်မြင့်တစ်ခု ရှိပြီး အနောက်ဘက်သို့ ဆက်ထားသော လမ်းတစ်ခု ရှိသည်။ ၎င်းကို ဝန်းရံလျက် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသော ပွဲကြည့်စင်များ ရှိသည်။ ထို့ထက် ပိုမြင့်သော နေရာတွင်မူ သီးသန့်အခန်း (၃) ခု ရှိ၏။ ထိုနေရာများမှာ ဂုဏ်သိက္ခာရှိပြီး ငွေကြေးတတ်နိုင်သူများသာ ထိုင်ခွင့်ရှိသော နေရာများ ဖြစ်ကြောင်း ထင်ရှားလှသည်။

လျိုရုရှင်းက ရှန်မိုနှင့် အဖွဲ့ကို တတိယတန်းရှိ အခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားသည်။ အထဲသို့ ဝင်လိုက်သည်နှင့် အပြင်ဘက်ရှိ ပွဲကြည့်စင်များနှင့် များစွာ ကွာခြားလှကြောင်း ရှန်မို သတိပြုမိလိုက်သည်။ အတွင်းပိုင်း အပြင်အဆင်မှာ ကျော့ရှင်းပြီး သေသပ်လှသည်။ ပရိဘောဂအားလုံးကို နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိ ပုလဲသစ်သားများဖြင့် ပြုလုပ်ထားပြီး ကျောက်မျက်ရတနာ အမျိုးမျိုး စီခြယ်ထားသည်။ စင်မြင့်ဘက်သို့ မျက်နှာမူထားသော နံရံမှာ တစ်ဖက်မြင် ဖန်သားပြင်ဖြင့် ပြုလုပ်ထားသဖြင့် လေလံစင်မြင့်ကို ရှင်းလင်းစွာ မြင်နိုင်သော်လည်း အပြင်လူများမှာမူ အခန်းအတွင်းကို မမြင်နိုင်ပေ။

ရှန်မိုသည် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိသည်။ ရတနာမဟာမိတ်သည် စီးပွားရေး လုပ်တတ်လှသည်ဟု သူ တွေးမိလိုက်၏။ လော့ရှင်း ပင်လယ်ပြင်တွင် အချမ်းသာဆုံး အင်အားစု ဖြစ်လာခြင်းမှာ မထူးဆန်းပေ။

"ကောင်းကင်အဆင့်နဲ့ မြေကမ္ဘာအဆင့် သီးသန့်အခန်းတွေက အကုန်ပြည့်နေပြီဆိုတော့ မင်းတို့အတွက် လူသားအဆင့် အခန်းပဲ စီစဉ်ပေးနိုင်တော့မယ်"

လျိုရုရှင်းမှ နွေးထွေးစွာ ဆိုသော်လည်း သူ၏ အပြုံးမှာ အနည်းငယ် ဟန်ဆောင်မှု ပါနေသလို ရှန်မို ခံစားရသည်။ သူက သူငယ်ချင်းဖြစ်၍ ပြုံးနေခြင်းထက် သူတို့ဆီက ရမည့် ငွေကြေးကို ကြည့်၍ ပြုံးနေခြင်းနှင့် ပိုတူနေသည်။

ကျန်းချန်ဟိန်း လက်နှစ်ဖက်စုကာ

"ကျေးဇူးတင်ပါတယ် ညီအစ်ကိုလျို… လူသားအဆင့် အခန်းဆိုရင်ပဲ လုံလောက်ပါပြီ"

လျိုရုရှင်း ထပ်မံပြုံးပြပြီး

"ဒါပေမဲ့ စည်းကမ်းအရတော့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ပြရလိမ့်မယ်… ဒါက စည်းကမ်းမို့လို့ ငါလည်း လျှော့ပေးလို့ မရဘူး… အဲဒါ... ဘယ်သူ တာဝန်ယူမှာလဲမသိဘူး"

ကျန်းချန်ဟိန်း ခေါင်းငြိမ့်ပြလိုက်သည်။

သူသည် ရတနာဆောင်၏ စည်းကမ်းများကို ကောင်းစွာ သိရှိထားသူဖြစ်သဖြင့် သိုလှောင်လက်စွပ် တစ်ကွင်းကို ချက်ချင်း ထုတ်ပေးလိုက်သည်။

"အထဲမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၅) သိန်း ရှိတယ်"

လျိုရုရှင်း ခေါင်းခါပြကာ

"ငါးသိန်းလား… မလောက်ဘူးလေ… အခု အနိမ့်ဆုံး သတ်မှတ်ချက်က တက်သွားပြီ"

ကျန်းချန်ဟိန်း၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး "အခု ဘယ်လောက်အထိ ဖြစ်သွားတာလဲ"

လျိုရုရှင်း လက်နှစ်ချောင်း ထောင်ပြကာ

"(၂) သန်း"

၎င်းကို ကြားသည့်အခါ လျိုယွန့်ထျန်း၊ ဝေကျင်ချန် နှင့် ရှိထျန်းဟောက် တို့၏ မျက်နှာများမှာလည်း အနေခက်သွားကြသည်။ သူတို့တွင် ရှိသော ရတနာများမှာ အဖိုးတန်လှသော်လည်း စိတ်ဝိညာဉ်ကျောက်တုံး နှစ်သန်းအထိ အမြဲတမ်း ဆောင်ထားလေ့ မရှိကြပေ။ ပုံမှန်အားဖြင့် ခရီးသွားရန်အတွက် (၃-၄) သိန်းဆိုလျှင်ပင် အလုံအလောက် ရှိနေပြီဖြစ်သည်။ အဓိကအားဖြင့် သူတို့မှာ အလွန်ရှားပါးသော ရတနာများကို ဝယ်ယူရန် မဟုတ်ဘဲ လာရောက်လေ့လာရန်သာ ဖြစ်သည်။

လျိုရုရှင်း၏ အပြုံးမှာ အနည်းငယ် ပျောက်ကွယ်သွားပြီး

"ဒါဆိုရင်တော့ ခက်ပြီ... မင်းတို့မှာ စိတ်ဝိညာဉ်ကျောက်တုံး အလုံအလောက် မရှိရင် လူသားအဆင့် အခန်းကို ငါ ပေးလို့မရတော့ဘူး"

ကျန်းချန်ဟိန်းမှာ အနေရခက်စွာဖြင့်

"အရင်က (၅) သိန်းပဲ မဟုတ်လား… ဘာလို့ ရုတ်တရက်ကြီး တက်သွားရတာလဲ"

လျိုရုရှင်းမှ ရယ်မောကာ

"ထိုက်ဖိန်ပင်လယ်ပြင်ကနေ နေသွေးဓားဂိုဏ်းနဲ့ မိုးကြိုးဒေါသပင်လယ်ပြင်ကနေ ငါးမိုးကြိုးတောင်ဂိုဏ်းတို့ရဲ့ ကိုယ်စားလှယ်တွေ လွှတ်ထားကြလို့ပဲ… လာတဲ့သူတွေ များလာတော့ ဈေးကလည်း တက်သွားတာပေါ့… စိတ်မရှိပါနဲ့ ညီအစ်ကိုကျန်း"

လျိုယွန့်ထျန်း ရေရွတ်လိုက်မိသည်။

"ဪ... ဒါကြောင့်ကိုး..."

ထိုဂိုဏ်းကြီးနှစ်ခုမှာ လော့ရှင်းပင်လယ်ပြင်၏ လေလံပွဲများသို့ လာခဲလှသည်။ သူတို့ လာရောက်ခြင်းနှင့်အတူ သူတို့၏ ဒေသများမှ အခြားသော ဂိုဏ်းများပါ ပါလာကြမည်ဖြစ်ရာ သီးသန့်အခန်း ရရှိရန်မှာ ယခင်ထက် များစွာ ပိုမို ခက်ခဲသွားခြင်း ဖြစ်၏။

"စုပေါင်းတာတောင် မလောက်ဘူးလား”

လျိုရုရှင်း၏ အပြုံးမှာ လုံးဝ ပျောက်ကွယ်သွားပြီး

"ဒါဆိုရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး… မင်းတို့ကို ပြန်ထွက်သွားပေးဖို့ပဲ တောင်းဆိုရတော့မယ်"

သူ အေးစက်စွာ ဆိုလိုက်တော့သည်။

All Chapters