← Chapters

အခန်း (၆၀၇-၆၀၉)

Vol. 41 Ch. 607-609

အခန်း (၆၀၇-၆၀၉)

Vol. 41 Ch. 607-609

Chapter 607: အစပိုင်းခက်ထန်၍ နောက်ပိုင်း ရိုကျိုးခြင်း

ကျန်းချန်ဟိန်း၏ မျက်နှာမှာ အတော်လေး ညှိုးနွမ်းသွားတော့သည်။

သူသည် ကျင့်ကြံသူ သူငယ်ချင်းများကို လူသားအဆင့် သီးသန့်အခန်းသို့ ခေါ်လာခဲ့ပြီးမှ အခုပြန်ထွက်ခိုင်းနေခြင်းမှာ သူ့ကို အရှက်ခွဲနေခြင်း မဟုတ်ပါလား။

"ညီအစ်ကိုလျို... တစ်ကြိမ်လောက်တော့ ချွင်းချက်အနေနဲ့…" ကျန်းချန်ဟိန်းက လေသံနှိမ့်ကာ တောင်းဆိုရန် ကြိုးစားလိုက်သည်။

သို့သော် သူ "ချွင်းချက်" ဟုပင် ပြော၍မပြီးသေးမီ လျိုရုရှင်းက စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောဆိုလိုက်သည်။

"ချွင်းချက်တွေ ဘာတွေ မလုပ်နိုင်ဘူး… မင်းအတွက် တစ်ခုလုပ်ပေးရင် လူတိုင်းအတွက် လိုက်လုပ်ပေးနေရလိမ့်မယ်… အားလုံးကသာ ငါ့ဆီကနေ ချွင်းချက်တွေ မျှော်လင့်နေကြရင် ငါက ဝမ်ပေါင်ကုန်သည်အသင်းရဲ့ တတိယစီမံခန့်ခွဲသူအဖြစ် ဘယ်လိုလုပ် ဆက်ရှိနေနိုင်တော့မှာလဲ"

ကျန်းချန်ဟိန်း၏ မျက်နှာမှာ ပို၍ပင် ပျက်သွားသည်။

သူ အခုမှ အခြေအနေမှန်ကို မြင်သွားတော့၏။

ဤလူသည် သူတို့၏ အတိတ်က ခင်မင်မှုကို လုံးဝ အရေးမထားတော့ပေ။ သူ ဂရုစိုက်သည်မှာ စိတ်ဝိညာဉ်ကျောက်တုံးသာ ဖြစ်သည်။ ကျန်းချန်ဟိန်းအနေဖြင့် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အလုံအလောက် မထုတ်နိုင်သရွေ့ လျိုရုရှင်း၏ မျက်လုံးထဲတွင် သူသည် လမ်းဘေးမှ ခွေးတစ်ကောင်လောက်ပင် တန်ဖိုးမရှိတော့ပေ။

“သွားကြစို့… ဒီအခန်းက ငါတို့လိုလူတွေ ထိုင်ဖို့ မဟုတ်ပါဘူး"

လျိုယွန့်ထျန်း သက်ပြင်းချရင်း ဆိုသည်။ ဝေကျင်ချန်ကလည်း တည်ငြိမ်စွာပင်

"သီးသန့်အခန်းဆိုတာ အခန်းပါပဲ… ငါတို့က ဘာမှဝယ်မှာမှ မဟုတ်တာ"

ထိုစဉ် ရှန်မိုမှ တည်ငြိမ်စွာဖြင့်

"စီမံခန့်ခွဲသူလျို... ကျွန်တော့်ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး နည်းနည်း ရှိပါတယ်… တစ်ချက်လောက် ကြည့်ပေးပါဦး"

ထိုသို့ပြော၍ သိုလှောင်လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်သည်။

လျိုရုရှင်းသည် ၎င်းမှာ သူစိမ်းလူငယ်လေးတစ်ယောက်ဆီက လာခြင်းဖြစ်သဖြင့် အလေးအနက်မထားသော်လည်း အကျင့်အရ လက်စွပ်ထဲကို တစ်ချက် ကြည့်လိုက်သည်။ ထိုခဏမှာပင် သူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အလွန်အမင်း စိတ်အားထက်သန်သွားတော့၏။

"ကျင့်ကြံဖော်ကလည်း... ဘာလို့ စောစောက မပြောတာလဲ"

"ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေဆိုရင် မြေကမ္ဘာအဆင့် အခန်းအတွက်တောင် လုံလောက်တာပေါ့”

"လာပါ… လာပါ... ကျွန်တော် အခုချက်ချင်းပဲ စီစဉ်ပေးပါ့မယ်"

လျိုရုရှင်းမှာ မျက်နှာတစ်ခုလုံး ပြုံးဖြဲနေတော့သည်။

သူဌေးနတ်မင်းကြီး ရှေ့မှောက် ရောက်လာသကဲ့သို့ပင်။ ရှန်မို လက်ကာပြကာ

"ဒီအတိုင်းပဲ ကောင်းပါတယ်… ဒီမှာပဲ နေပါ့မယ်"

လျိုရုရှင်းမှာ ရယ်မောလျက်

"ကောင်းပါပြီ… ကောင်းပါပြီ... ဒါဆိုလည်း ဒီမှာပဲ နေကြတာပေါ့… ကျွန်တော် အစေခံတွေကို ပစ္စည်းတွေ ချက်ချင်း ယူလာခိုင်းလိုက်ပါ့မယ်… အေးအေးဆေးဆေး နားနေကြပါ… လေလံပွဲက အခုပဲ စတော့မှာပါ"

ထို့နောက် အမြန်ပင် ထွက်ခွာသွားတော့သည်။

ကျန်းချန်ဟိန်း၊ လျိုယွန့်ထျန်း နှင့် ဝေကျင်ချန် တို့သည် ရှန်မို၏ အနားသို့ ဝိုင်းလာကြ၏။

လျိုယွန့်ထျန်းမှ စပ်စုလိုသောလေသံဖြင့်

"မိတ်ဆွေရှန်... မင်းဆီမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပါလာပုံရတယ်"

ကျန်းချန်ဟိန်းသည် လေသံနှိမ့်ကာ

"လျိုရုရှင်းရဲ့ အကြောင်းကို ငါသိသလောက်ဆိုရင် သူ ဒီလောက်အထိ သိသိသာသာ အောက်ကျနောက်ကျ ခံတာမျိုး ရှားတယ်… မိတ်ဆွေရှန်ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး (၂) သန်းထက် အများကြီး ပိုပါလာမှာ သေချာတယ်..."

ရှန်မို ခပ်ပါးပါး ပြုံးလျက်

"ဒါက ကျွန်တော့်ဆရာက မထွက်ခွာခင်မှာ လက်ဆောင်ပေးခဲ့တာပါ… ကျွန်တော် ကိုယ်တိုင် ရှာထားတာ မဟုတ်ပါဘူး"

သူ အကြောင်းပြချက် တစ်ခုကို ပေါ့ပေါ့ပါးပါးပင် ပေးလိုက်သည်။

အမှန်တကယ်တော့ ထိုသိုလှောင်လက်စွပ်မှာ နတ်ဆိုးတံဆိပ်ခတ်ပင်လယ်တွင် ရှိစဉ်က လက်နက်များနှင့် အစီအရင်များအတွက် နေ့စဉ်အသုံးစရိတ်အဖြစ် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သိုလှောင်လက်စွပ် တစ်ကွင်းလျှင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀) သန်း ပါရှိပြီး သူ၏ လက်ထဲတွင် ထိုသို့သော လက်စွပ် ခြောက်ကွင်း ရှိသည်။ ထိုစဉ်က ဝူကျန့်ယွမ်နှင့် လီဟိုင်ထန်းတို့ကို လက်နက်များ အေးအေးဆေးဆေး လုပ်နိုင်ရန် တစ်ယောက်တစ်ကွင်းစီပင် ပေးခဲ့ဖူးသေး၏။

ယခုကာလအတွင်း အတော်များများ အသုံးပြုခဲ့သော်လည်း သူသည် ကုကျိုး ကောင်းကင်နှင့် မြေကမ္ဘာတွင် တာအို ရွေးချယ်ခံရသူ ဖြစ်လာပြီးနောက် တိုက်ပွဲဝင်အမှတ်များ မလိုတော့ဘဲ တာအို ဆန္ဒထံမှ တိုက်ရိုက် တောင်းခံနိုင်ခဲ့သည်။ ထို့ကြောင့် ထိုသိုလှောင်လက်စွပ် ခြောက်ကွင်းမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ပြန်လည် ပြည့်နှက်သွားခဲ့ပြန်၏။ သူတော်စင်အဆင့် အစီအရင်ကို ထိန်းသိမ်းထားရခြင်း မဟုတ်သရွေ့ ဤကျောက်တုံးများမှာ မည်သည့်အခြေအနေအတွက်မဆို လုံလောက်လှသည်။

စောစောက လျိုရုရှင်း အရမ်း အာရုံမစိုက်မိစေရန် ရှန်မိုသည် လက်စွပ်ထဲမှ ကျောက်တုံးအချို့ကို ဖယ်ထုတ်လိုက်ပြီး ငါးသန်းခန့်သာ ချန်ထားခဲ့ခြင်း ဖြစ်၏။

ထိုမျှနှင့်ပင် လျိုရုရှင်းကို အလွန်အမင်း ယဉ်ကျေးပျူငှာသွားစေရန် လုံလောက်ခဲ့သည်။

သူ လိုချင်သည်မှာ တရားမျှတသော ဆက်ဆံမှုသာ ဖြစ်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် မိတ်ဆွေရှန်… ဒီကျေးဇူးကို ငါ မှတ်ထားပါ့မယ်"

ကျန်းချန်ဟိန်းမှ လေးနက်စွာ ပြောလိုက်သည်။

သူသည် ရှန်မိုကို အထင်ကြီးလေးစားသော မျက်လုံးများဖြင့် ကြည့်နေတော့၏။ လျိုယွန့်ထျန်းနှင့် ဝေကျင်ချန်တို့ကလည်း ရှန်မိုကို လက်နှစ်ဖက်စုကာ နှုတ်ဆက်ကြသည်။ သူတို့လည်း ရှန်မို၏ ကျေးဇူးတင်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

သူတို့၏ နယ်မြေများတွင် ဒေသခံအာဏာပိုင်များ ဖြစ်ကြသော်လည်း ရှန်မိုသာ မရှိလျှင် တခြား နိဗ္ဗာန်အဆင့်တစ်ပိုင်း ကျင့်ကြံသူများကဲ့သို့ပင် ပြည့်နှက်နေသော ပွဲကြည့်စင်များတွင် တိုးဝှေ့ထိုင်ရမည်ဖြစ်ရာ အရှက်ရစရာ ကောင်းလှပေလိမ့်မည်။

ရှိထျန်းဟောက်မှာမူ ရှန်မိုကို အကဲခတ်နေပြီး သူ၏မျက်လုံးထဲတွင် လောဘအရိပ်အယောင်အချို့ ဖြတ်ပြေးသွား၏။

ခဏအကြာတွင် နုပျိုလှပသော မိန်းကလေးတစ်ဦး ဝင်လာပြီး သစ်သီးဗန်းများ ချပေးကာ အမွှေးတိုင်များ ထွန်းပေးသည်။ ဝန်ဆောင်မှုမှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှ၏။

အတိုချုပ်ပြောရလျှင် စိတ်ဝိညာဉ်ကျောက်တုံးသာ အလုံအလောက်ရှိပါက လျိုရုရှင်းကိုယ်တိုင်ပင်လျှင် လူကိုယ်တိုင် လာရောက် ဝန်ဆောင်မှု ပေးပေလိမ့်မည်။

ကျန်းချန်ဟိန်း နှာခေါင်းရှုံ့လျက် ထိုင်ချလိုက်ပြီး

"ရတနာမဟာမိတ်မှာ ငွေနံ့က တစ်နေ့ထက်တစ်နေ့ ပိုပြင်းလာတာပဲ"

လျိုယွန့်ထျန်း ခေါင်းခါကာ

"ကိစ္စမရှိပါဘူး… ငါတို့က လာကြည့်တာရယ်… သာမန်ရတနာအချို့ ဝယ်တာရယ်ပဲ လုပ်မှာပါ… ကောင်းကင်အဆင့် ထိပ်တန်းပစ္စည်းတွေအတွက်ကတော့ ငါတို့ရဲ့ ငွေကြေးနဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး"

ရှိထျန်းဟောက်လည်း ခေါင်းငြိမ့်ပြ၍

"နေသွေးဓားဂိုဏ်းနဲ့ ငါးမိုးကြိုးတောင်ဂိုဏ်းတွေ ရောက်နေတာဆိုတော့ သူတို့ကပဲ တကယ့် အကြီးအကျယ် သုံးမယ့်သူတွေပေါ့… ရတနာဆောင်ရဲ့ အဝင်ဝကို ကြည့်လိုက်… အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ရောက်လာကြပြီ"

ရှိထျန်းဟောက် ဝင်ပေါက်ကို သတိထားမိခြင်း ဖြစ်၏။

လူတိုင်း လှမ်းကြည့်လိုက်ကြရာ လျိုရုရှင်း ဦးဆောင်သောအဖွဲ့တစ်ဖွဲ့မှာ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။

"အဲဒါ ငါတို့ရဲ့ ကျွန်းသခင်ကြီးပဲ"

လျိုယွန့်ထျန်းက တိုးတိုးလေး ပြောလိုက်သည်။

ရှန်မို အသာအယာ ခေါင်းငြိမ့်ပြ၏။

ရှေ့ဆုံးမှ နဂါးတစ်ကောင်ကဲ့သို့ ခန့်ညားစွာ လျှောက်လှမ်းလာပြီး သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများရှိသူမှာ နဂါးပုန်းကျွန်း၏ ကျွန်းသခင်ကြီး ရင့်ထျန်းဟောက်ပင် ဖြစ်သည်။ သူ၏ အနောက်တွင် ပါလာသော ကျင့်ကြံသူများမှာလည်း သူ၏ ယုံကြည်ရသော လက်ရုံးများ ဖြစ်ပုံရသည်။ နဂါးပုန်းကျွန်း၏ ကျွန်းသခင်ကြီး ကိုယ်တိုင် လာရောက်ခြင်းဖြစ်သဖြင့် ရတနာမဟာမိတ်ကလည်း အပြည့်အဝ ဧည့်ခံကာ ကောင်းကင်အဆင့် သီးသန့်အခန်းကို တိုက်ရိုက် စီစဉ်ပေးလိုက်သည်။

မကြာမီမှာပင် နောက်ထပ် အဖွဲ့သုံးဖွဲ့ ထပ်မံရောက်ရှိလာသည်။

ပထမအဖွဲ့မှာ အဖြူအမည်း ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ကျင့်ကြံသူ အများစုမှာ ကျောတွင် ဓားနှစ်လက်ကို လွယ်ထားကြသည်။ ထိုအထဲတွင် ရှန်မိုသည် ရင်းနှီးသော မျက်နှာတစ်ခုဖြစ်သည့် စွန်းယီဖန်း ကိုပင် တွေ့လိုက်ရသေး၏။ ၎င်းတို့အားလုံး နေလဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြသည်မှာ ထင်ရှားလှသည်။ သို့သော် ဦးဆောင်လာသူမှာ အမျိုးသားတစ်ဦး ဖြစ်သဖြင့် ဂိုဏ်းချုပ် ယွဲ့ပိုင်ဖုန်း ကိုယ်တိုင် လာရောက်ခြင်း မဟုတ်ကြောင်း သိသာသည်။

ဒုတိယအဖွဲ့တွင် လူနှစ်ဦးသာ ပါဝင်သည်။ သူတို့သည် အနီရင့်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် အနီရောင် နေမင်းပုံကို ထိုးထား၏။ သူတို့၏ အမူအရာမှာ အေးစက်လှပြီး သူတို့ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူတို့မှာ ကိုင်တွယ်ရခက်မည့်သူများဖြစ်ကြောင်း သိနိုင်သည်။ ၎င်းတို့မှာ ထိုက်ဖိန်ပင်လယ်ပြင်၏ အရှင်သခင် နေသွေးဓားဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

တတိယအဖွဲ့တွင် လူငါးဦး ပါဝင်၏။ သူတို့၏ ဝတ်စားဆင်ယင်မှုမှာ အနည်းငယ် ပေါ့ပေါ့ပါးပါးရှိပြီး အချို့မှာ ခရမ်းရင့်ရောင် ဝတ်ရုံ၊ အချို့မှာ အပြာရင့်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သို့သော် သူတို့အားလုံး၏ ရင်ဘတ်တွင် မိုးကြိုးခေါ်ယူနေသော တောင်တစ်တောင် ပုံသဏ္ဌာန် အမှတ်အသား ရှိသည်။ သူတို့မှာ ငါးမိုးကြိုးတောင်ဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ပုံရလေ၏။

ဗဟုသုတ ကြွယ်ဝသော လျိုယွန့်ထျန်းက ပြုံးလျက်

"ငါးမိုးကြိုးတောင်ဂိုဏ်းက ဖွဲ့စည်းပုံ သိပ်မတင်းကျပ်ဘဲ တောင်ထိပ် ငါးခုခွဲထားတယ်လို့ ငါကြားဖူးတယ်… ဒီငါးယောက်ကတော့ ခရမ်းရောင် လျှပ်စီးတောင်ထိပ် နဲ့ အလင်းလိုက်တောင်ထိပ်က ဖြစ်မှာပဲ"

အားလုံးကလည်း ဗဟုသုတအသစ် ရသွားသဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။

ထိုစဉ်မှာပင် ရတနာဆောင်အတွင်းရှိ မီးများမှာ ရုတ်တရက် မှောင်သွားပြီး လင်းလက်နေသော မီးရောင်တစ်ခုသည် စင်မြင့်အလယ်ဗဟိုသို့ ကျရောက်လာ၏။

ဗိုက်ပူပူနှင့် ဖော်ရွေသောပုံစံရှိသည့် ကျင့်ကြံသူတစ်ဦးမှာ ထိုနေရာတွင် ရပ်နေသည်။ ကြည့်ရသည်မှာ ဘေးကင်းပုံပေါ်သော်လည်း ဤလူမှာ ရတနာမဟာမိတ်၏ မဟာမိတ်အရှင် ဝမ်ချန်ဖူ ပင် ဖြစ်သည်။

သူသည် လော့ရှင်းပင်လယ်ပြင်တစ်ခုလုံးတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဟု ဆိုကြလေ၏။

"အားလုံးပဲ လာရောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်… ကျွန်တော် ဝမ် အနေနဲ့ အားလုံးကို ကြိုဆိုရတာ ဂုဏ်ယူမိပါတယ်"

"ကျင့်ကြံဖော်အားလုံးက အပိုစကားတွေကို နားထောင်ချင်ကြမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်… ဒါကြောင့် လိုရင်းပဲ တရားဝင် ကြေညာပေးပါရစေ… မဟာလေလံပွဲကြီးကို အခုပဲ စတင်လိုက်ပါပြီ”

ဝမ်ချန်ဖူ စကားပြောပြီးနောက် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အနီရောင်ဝတ် အမျိုးသမီးတစ်ဦး စင်ပေါ်သို့ လျှောက်လှမ်းလာသည်။

သူ၏ အနီရောင် ဝတ်စုံမှာ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေပြီး လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။

ဝမ်ချန်ဖူက စင်မြင့်ကို ကျိုးဟုန်း ထံသို့ လွှဲပြောင်းပေးကာ အောက်သို့ ဆင်းသွားသည်။ ရတနာမဟာမိတ်၏ မဟာမိတ်အရှင်ဖြစ်သဖြင့် သူသည် အမြဲတမ်း စင်ပေါ်တွင် နေစရာ မလိုသော်လည်း ဤဆယ်နှစ်တစ်ကြိမ် မဟာလေလံပွဲကြီး၏ အရေးပါမှုကြောင့် သူကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။

ကျိုးဟုန်းမှ နွေးထွေးစွာ ပြုံးပြကာ

"ပထမဆုံး ပစ္စည်းကို ထုတ်လိုက်ကြရအောင်"

ထိုအခါ နုပျိုသော မိန်းကလေး (၂) ဦးသည် လင်ဗန်းတစ်ခုကို စင်ပေါ်သို့ လက်နှစ်ဖက်ဖြင့် မ,ယူလာကြသည်။

၎င်းကို အနီရောင် အဝတ်ဖြင့် ဖုံးအုပ်ထားသဖြင့် အထဲတွင် ဘာရှိမှန်း မသိနိုင်ပေ။

Chapter 608: ကြက်သွေးရောင် မီးလျှံလှံ

ကျိုးဟုန်းမှာ ပြုံးလိုက်ပြီး

"ဒီပထမဆုံး လေလံပစ္စည်းရဲ့ နာမည်ကို ခင်ဗျားတို့ထဲက အချို့ ကြားဖူးကြမှာပါ… အဲဒါကတော့ အထွတ်အထိပ် ချင်းစူး အသုံးပြုခဲ့ဖူးတဲ့ လက်နက်တွေထဲက တစ်ခုဖြစ်တဲ့ ကြက်သွေးရောင် မီးလျှံလှံပဲ ဖြစ်ပါတယ်"

"ကြက်သွေးရောင် မီးလျှံလှံဟာ ကောင်းကင်အဆင့် ထိပ်တန်း စိတ်ဝိညာဉ်လက်နက်တစ်ခုဖြစ်ပြီး အနိမ့်ဆုံး လေလံဈေးကတော့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၈) သိန်း ဖြစ်ပါတယ်… တစ်ကြိမ် တိုးဈေးဟာ တစ်သောင်းထက် မနည်းရပါဘူး"

ခန်းမတစ်ခုလုံး ချက်ချင်းပင် ဆူညံသွားတော့သည်။ ပထမဆုံး လေလံပစ္စည်းကတင် ဤမျှ အလေးအနက်ထားရမည့် ပစ္စည်းမျိုး ဖြစ်နေသည် မဟုတ်ပါလား။

အဝေးမှနေ၍ ရှန်မို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းအသာငြိမ့်မိသည်။

ထိုအနီရောင်လှံအတွင်းမှ စီးဆင်းနေသော စိတ်ဝိညာဉ်အဆီအနှစ်နှင့် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်တို့ကို သူ ခံစားမိ၏။ ၎င်းကို အထွတ်အထိပ် ချင်းစူး တကယ် အသုံးပြုခဲ့ခြင်း ရှိ၊ မရှိကိုမူ သူ မသိပေ။ သို့သော် ၎င်းမှာ သံသယဖြစ်ဖွယ်မရှိသော ကြောက်မက်ဖွယ် လက်နက်ကောင်းတစ်ခုပင်။ အကယ်၍ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးသာ ထိုအရာကို ရရှိခဲ့လျှင် ဓမ္မအမှတ်အသား ဆယ်ခုစာခန့် ကွာဟချက်ကို အသာလေး အဖတ်ဆယ်နိုင်ပေလိမ့်မည်။

သို့သော် ရှန်မို၏ မျက်လုံးထဲတွင်မူ ၎င်းမှာ ပုံမှန်အဆင့်မျှသာ ရှိသည်။

ပထမအချက်မှာ သူ လက်ရှိအသုံးပြုနေသော ရှေးဟောင်း ဟင်းလင်းပြင်ဓား နှင့် အောက်ခြေမဲ့ ချောက်နက် နတ်လှံ ကဲ့သို့သော သိုင်းပညာများမှာ ဤလှံရှည်နှင့် ကိုက်ညီမှု မရှိပေ။ သူ အဓိက လိုအပ်သည်မှာ ဓား သို့မဟုတ် လှံသာ ဖြစ်သည်။ အကယ်၍ ဤလှံရှည်ကို အတင်းအကျပ် အသုံးပြုမည်ဆိုလျှင် သူ၏ လက်ရှိသိုင်းပညာများကို လက်ဗလာဖြင့် အသုံးပြုသည်ထက်ပင် စွမ်းအား ပိုနည်းသွားနိုင်ပေသည်။

ဒုတိယအချက်မှာ ကောင်းကင်အဆင့် ထိပ်တန်း စိတ်ဝိညာဉ်လက်နက်များနှင့် ပတ်သက်၍ သူ အထူးအဆန်း မဖြစ်တော့ခြင်းပင်။ သူ၏ လက်ထဲတွင် ကောင်းကင်ဖွင့်ဓား၊ မြေခွဲဝတ်စုံ၊ ထိုက်ယီ နတ်ဆိုးဝတ်စုံ နှင့် ကောင်းကင်သတ်ဓားကျမ်းတို့ ရှိနေသည်။ ထိုပစ္စည်း အားလုံးနီးပါးတွင် လက်နက်ဝိညာဉ်များ ရှိကြ၏။ ထို့အပြင် တစ်ခုချင်းစီကို သူ အသေအချာ ပြုစုပျိုးထောင်ထားသဖြင့် သူနှင့် တစ်သားတည်း ဖြစ်နေကြပြီ ဖြစ်သည်။ ထိုလက်နက်များထဲမှ မည်သည့်အရာက ဤကြက်သွေးရောင် မီးလျှံလှံထက် နိမ့်ပါးနေပါသနည်း။ အကယ်၍ ၎င်းမှာ သူတော်စင်အဆင့် စိတ်ဝိညာဉ်လက်နက်သာ ဖြစ်ခဲ့လျှင် ရှန်မိုအနေဖြင့် အလေးအနက် အာရုံစိုက်မိကောင်း စိုက်မိပေလိမ့်မည်။ သို့သော် ကောင်းကင်အဆင့် ထိပ်တန်းမျှသာ ဖြစ်သဖြင့် အလွန်ဆုံးမှ လှမ်းကြည့်မိရုံသာ တန်ဖိုးရှိသည်။

သို့သော် ကျန်းချန်ဟိန်း၊ လျိုယွန့်ထျန်း၊ ဝေကျင်ချန် နှင့် ရှိထျန်းဟောက် တို့အတွက်မူ ဤကြက်သွေးရောင် မီးလျှံလှံမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှ၏။ ကောင်းကင်အဆင့် ထိပ်တန်း လက်နက်တစ်ခုကို တစ်သက်တွင် ဘယ်နှစ်ကြိမ် ဆုံတွေ့နိုင်ပါမည်နည်း။ ကံမကောင်းစွာဖြင့် ကြက်သွေးရောင် မီးလျှံလှံ၏ ဈေးနှုန်းမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သန်းကို အမြန်ပင် ကျော်လွန်သွားခဲ့သည်။ သူတို့မှာ မတတ်နိုင်သဖြင့် သက်ပြင်းချကာ ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြပေ။

နောက်ဆုံးတွင် ကြက်သွေးရောင် မီးလျှံလှံကို ငါးမိုးကြိုးတောင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသန်း နှစ်သိန်း ငါးသောင်းဖြင့် ဝယ်ယူသွားခဲ့သည်။

၎င်း၏ ပေါ်ထွက်လာမှုက ခန်းမတစ်ခုလုံးရှိ လူများ၏ စိတ်အားထက်သန်မှုကို လုံးဝ မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ကျိုးဟုန်းသည် လေလံပွဲ၏ သဘောသဘာဝကို ကောင်းစွာ နားလည်ပြီး ပတ်ဝန်းကျင် အခြေအနေကို မည်သို့ လှုံ့ဆော်ရမည်ကိုလည်း ကျွမ်းကျင်လှသည်။ သူ၏ ပြောဆိုပုံအရ မြေပြင်ပေါ်က သာမန်ကျောက်ခဲကလေး တစ်လုံးပင်လျှင် သူတော်စင်တစ်ဦး၏ လမ်းစဉ်တွင် အသုံးပြုခဲ့သည့် ဓားသွေးကျောက်တစ်ခုအလား ထင်မှတ်ရစေ၏။

မကြာမီမှာပင် ဒုတိယမြောက် ပစ္စည်း၊ တတိယမြောက်၊ စတုတ္ထမြောက်... စသည်ဖြင့် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းထွက်သွားကြသည်။ စိတ်ဝိညာဉ်ကျောက်တုံးများမှာ ရတနာမဟာမိတ်ထံသို့ ရေလိုလားလား စီးဝင်နေတော့၏။ ဝမ်ချန်ဖူနှင့် ရတနာမဟာမိတ်မှ ပညာရှင်များမှာ ကောင်းကင်အဆင့် သီးသန့်အခန်းတွင် အေးအေးဆေးဆေး ထိုင်ရင်း ပါးစပ်မစိနိုင်အောင် ပြုံးနေကြသည်။ ရတနာမဟာမိတ်မှာ ရောင်းရသမျှ ပစ္စည်းတိုင်းမှ ကော်မရှင်ခ ရယူခြင်းဖြင့် အကျိုးအမြတ် ရရှိခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ကြက်သွေးရောင် မီးလျှံလှံကို သုံးသန်းကျော်ဖြင့် ရောင်းရလျှင် မဟာမိတ်အဖွဲ့အနေဖြင့် အနည်းဆုံး သုံးသိန်းခန့်ကို ကော်မရှင်အဖြစ် ရရှိမည် ဖြစ်သည်။ စိတ်ဝိညာဉ်ကျောက်တုံးများ အဆက်မပြတ် စီးဝင်နေသည်ကို မြင်ရသဖြင့် သူတို့ ဝမ်းသာနေကြခြင်းမှာ သဘာဝပင်။

သိပ်မကြာခင်မှာပင် လေလံပွဲမှာ အလယ်ပိုင်း အဆင့်သို့ ရောက်ရှိလာသည်။ ဤအဆင့်ရှိ ပစ္စည်းများမှာ အရည်အသွေးနှင့် ဆွဲဆောင်မှု သိသိသာသာ နိမ့်ကျသွား၏။

၎င်းမှာ ကျိုးဟုန်း၏ တမင် စီစဉ်ထားမှု ဖြစ်သည်။

အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခုပြီးလျှင် သာမန်ပစ္စည်းတစ်ခု။

တောက်ပသော အရာတစ်ခုပြီးလျှင် အေးစက်သော အရာတစ်ခု။

ဤကဲ့သို့ မျှော်လင့်ချက်များကို အတက်အကျ ပြုလုပ်ပေးခြင်းမှာ လူအုပ်၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းထားနိုင်ပြီး လေလံပွဲကို ချောမွေ့စွာ လည်ပတ်စေရန် နည်းဗျူဟာတစ်ရပ်ပင် ဖြစ်သည်။

"...၄၅ ခုမြောက် ပစ္စည်း… ဒါကတော့ ကျောက်ပြားနှစ်ချပ် ဖြစ်ပါတယ်… ရောင်းချသူရဲ့ ပြောကြားချက်အရ သူဟာ ပင်လယ်ရေအောက် ချောက်နက်တစ်ခုကို စူးစမ်းရှာဖွေရင်း မတော်တဆ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်… ဒီကျောက်ပြားပေါ်မှာ နဂါးပုံသဏ္ဌာန် အမှတ်အသားတွေ ထွင်းထုထားပါတယ်… ဒီကျောက်ပြားကို ဆောင်ထားတဲ့သူနဲ့ တွေ့ရင် ပင်လယ်သားရဲတွေက ရှောင်ရှားသွားကြတယ်လို့ သိရပါတယ်"

"ကျွန်မတို့ ရတနာမဟာမိတ်ရဲ့ စမ်းသပ်ချက်တွေအရ ဒီကျောက်ပြားတွေဟာ နဂါးမျိုးနွယ်နဲ့ ဆက်နွှယ်နေဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာပါတယ်… အဲဒီထဲမှာ နဂါးမျိုးနွယ်ရဲ့ လျှို့ဝှက်ချက်တွေ… ကျင့်စဉ်တွေ ဒါမှမဟုတ် သိုင်းပညာတွေ ပါဝင်နေနိုင်ပါတယ်… ဟုတ်ပါတယ်… နဂါးမျိုးနွယ်ရဲ့ သာမန် မှတ်တမ်းတွေလည်း ဖြစ်နေနိုင်တာပေါ့… ဒါကို ရှင်တို့ အဖြေထုတ်နိုင်မလား ဆိုတာကတော့ ကိုယ့်ကံတရားအပေါ်မှာပဲ မူတည်ပါလိမ့်မယ်"

ကျိုးဟုန်း ပြုံးလိုက်ပြီး

"အနိမ့်ဆုံး လေလံဈေး… ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၃) သောင်း ဖြစ်ပါတယ်… တစ်ကြိမ် တိုးဈေးဟာ တစ်ထောင်ထက် မနည်းရပါဘူး"

ခန်းမအတွင်းရှိ ကျင့်ကြံသူများမှာ အချင်းချင်း တီးတိုးပြောဆိုနေကြသော်လည်း မည်သူမျှ ဈေးမပေးကြပေ။

နဂါးမျိုးနွယ်၏ စာသားများကို နားလည်နိုင်သော ကျင့်ကြံသူမှာ အလွန်ပင် ရှားပါးလှသည်။ တစ်ယောက်ယောက်က နားလည်ပြီး ဤကျောက်ပြားနှစ်ချပ်ကို ဝယ်ယူခဲ့လျှင်ပင် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်နှစ်ကျော်အထိ အဖြေထုတ်ခဲ့ပြီးမှ ၎င်းမှာ ပျင်းနေသော နဂါးတစ်ကောင် ရေးထားသည့် နေ့စဉ်မှတ်တမ်းမျှသာ ဖြစ်နေပါက များစွာ ရှုံးဆုံးမည် မဟုတ်ပါလား။ စိတ်ဝိညာဉ်ကျောက်တုံး (၃) သောင်းဆိုသည်မှာလည်း နည်းသော ပမာဏ မဟုတ်ပေ။

နိဗ္ဗာန်အဆင့် ကျင့်ကြံသူများအတွက် အသုံးစရိတ်မှာ နေရာတိုင်းတွင် ရှိနေရာ ဤကဲ့သို့သော အရာမျိုးအတွက် အဖိုးတန် ဥစ္စာဓနများကို မဖြုန်းတီးနိုင်ကြပေ။

ထို့ကြောင့် ကျိုးဟုန်းတစ်ယောက် အသံမြှင့်ကာ ကြေညာနေသော်လည်း ဈေးပေးမည့်သူမှာ အလွန်ပင် နည်းပါးနေသည်။ သုံးသောင်းမှ သုံးသောင်းခွဲသို့ ရောက်ရန်ပင် အတော်လေး အချိန်ယူလိုက်ရသည်။ ကျိုးဟုန်း၏ အမူအရာမှာ အနည်းငယ် ပျက်သွား၏။ သူသည် ဝမ်ပေါင်ကုန်သည်အသင်း၏ ဒုတိယစီမံခန့်ခွဲသူ နေရာကို ထူးချွန်သော လေလံတင်ပညာဖြင့် ရယူခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ဤကျောက်ပြားနှစ်ချပ် ရောင်းမထွက်ခြင်းမှာ သု့အတွက် အနည်းငယ် အရှက်ရစရာ ဖြစ်နေသည်။

သီးသန့်အခန်းအတွင်းမှာမူ ရှန်မိုသည် ရှိထျန်းဟောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် အခန်းအတွင်းရှိ ကြေးခေါင်းလောင်းလေးကို ပေါ့ပေါ့ပါးပါးပင် တီးလိုက်၏။ ဤခေါင်းလောင်းမှာ သီးသန့်အခန်းများမှ ဈေးပေးလိုလျှင် အချက်ပေးရသော အရာဖြစ်သည်။

"(၅) သောင်း… ငါ ယူမယ်… ဒါက စီမံခန့်ခွဲသူကျိုးကို အကူအညီပေးတာလို့ပဲ သဘောထားလိုက်ပါ"

ရှန်မို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

သူ၏ အသံမှာ ခေါင်းလောင်းမှတစ်ဆင့် ရတနာဆောင်တစ်ခုလုံးသို့ ပျံ့လွင့်သွား၏။ ကျိုးဟုန်းမှာ နောက်ဆုံးတွင် သက်ပြင်းချကာ စိတ်အေးသွားရတော့သည်။

သူ ရှန်မို၏ သီးသန့်အခန်းဘက်သို့ ကျေးဇူးတင်သော အကြည့်တစ်ချက်ပင် ကြည့်မိသေးသည်။ တခြား ကျင့်ကြံသူများမှာမူ ထူးခြားသည်ဟု မထင်ကြပေ။ ကျိုးဟုန်း၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အလှကြောင့် အမျိုးသားကျင့်ကြံသူများကြားတွင် သူ့ကို စိတ်ဝင်စားသူ များပြားလှသည်။ လူသားအဆင့် သီးသန့်အခန်းထဲမှ လူတစ်ယောက်အတွက် စိတ်ဝိညာဉ်ကျောက်တုံး (၂) သန်းခန့် အနည်းဆုံး ရှိမည်ဖြစ်ရာ စိတ်ဝိညာဉ်ကျောက်တုံး (၅) သောင်း အကုန်အကျခံပြီး ကျိုးဟုန်းကို မျက်နှာသာပေးခြင်းမှာ ဘာဆန်းပါသနည်း။

ရှန်မို ပေးလိုက်သောဈေးမှာ မြင့်လည်းမမြင့်သလို နိမ့်လည်းမနိမ့်လှပေ။ မည်သူမျှ သူ့ကို လာရောက် မပြိုင်ကြပေ။ သုံးကြိမ်တိုင်တိုင် ဈေးခေါ်ပြီးနောက် ကျိုးဟုန်းက ထိုကျောက်ပြားနှစ်ချပ်ကို ရှန်မိုအား ရောင်းချလိုက်ကြောင်း အမြန်ပင် ကြေညာလိုက်သည်။

လျိုယွန့်ထျန်း ခေါင်းကုတ်ရင်း

"မိတ်ဆွေရှန်... မင်း စီမံခန့်ခွဲသူကျိုးကို စိတ်ဝင်စားနေတာလား"

ကျန်းချန်ဟိန်း ရယ်မောကာ

"လှပတဲ့ အမျိုးသမီးကို လူကြီးလူကောင်းတစ်ယောက်က စိတ်ဝင်စားတာ ဘာဆန်းလို့လဲ"

"ဒါပေမဲ့လည်း မိန်းကလေးတစ်ယောက်အတွက် စိတ်ဝိညာဉ်ကျောက်တုံး (၅) သောင်း သုံးတာကတော့ နည်းနည်း ဖြုန်းတီးရာ ရောက်သလိုပဲ"

ဝေကျင်ချန်မှ တိုးတိုးလေး ပြောသည်။

ရှန်မိုကမူ အပြုံးဖြင့်သာ တုံ့ပြန်ခဲ့၏။

သို့သော် ရှိထျန်းဟောက်မှာမူ အံကြိတ်နေတော့သည်။

ဤနှစ်များအတွင်း သူ ကြိုးစားပမ်းစား စုဆောင်းထားသော စိတ်ဝိညာဉ်ကျောက်တုံး (၈) သိန်းကျော် ရှိသည်။

ထိုကျောက်ပြားပေါ်က အမှတ်အသားများသည် နဂါးမျိုးနွယ်၏ သိုင်းပညာတစ်ခု ဖြစ်ကြောင်း သူ သေချာပေါက် သိနေ၏။ မည်သည့်အဆင့် ရှိသည်ကိုသာ သူ အတိအကျ မသိရသေးခြင်း ဖြစ်သည်။ ထိုသို့ မသေချာမှုကြောင့် သူ ဈေးပေးရန် တွန့်ဆုတ်နေစဉ်မှာပင် ရှန်မိုက ဝင်ရောက် ဝယ်ယူသွားခဲ့ခြင်း ဖြစ်သည်။ မိမိပိုင်ဆိုင်ရမည့်အရာကို တစ်ယောက်ယောက်က လုယူသွားသကဲ့သို့ ခါးသီးသော ခံစားချက်ကို သူ ခံစားလိုက်ရ၏။

သို့သော် ဤကိစ္စအတွက်နှင့် သူ ရှန်မိုကို ရန်မစရဲပေ။ ပထမအချက်မှာ ရှန်မိုက ချမ်းသာပြီး အင်အားကြီးသူ ဖြစ်သဖြင့် နောင်တစ်ချိန်တွင် သူ အကူအညီ လိုကောင်း လိုနိုင်သည်။ ဒုတိယအချက်မှာ ထိုသိုင်းပညာ၏ အဆင့်ကို သူ မသေချာသေးခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ၎င်းမှာ မြေကမ္ဘာအဆင့်မျှသာ ဖြစ်နေပါက ရှန်မို ယူသွားခြင်းမှာ သူ့အတွက် ဆုံးရှုံးမှု မဟုတ်ပေ။

ရှန်မိုကတော့ ရှိထျန်းဟောက်၏ စိတ်ထဲမှ အတွေးများကို အကုန်မြင်နေရသည်။ ဤလူသည် အကျပ်အတည်းနှင့် မတွေ့သရွေ့ မည်သူနှင့်မျှ မျက်နှာပျက်ခံမည့်သူ မဟုတ်ပေ။ သို့သော် အကျိုးစီးပွား အကြီးအကျယ် ပါလာလျှင်မူ သူငယ်ချင်းကိုပင် အမြန်ဆုံး သစ္စာဖောက်မည့်သူ ဖြစ်သည်။

ဤဖြစ်ရပ်ပြီးနောက် လေလံပွဲမှာ ဆက်လက် လည်ပတ်နေသည်။

ပစ္စည်းများ တစ်ခုပြီးတစ်ခု စင်ပေါ်သို့ တက်လာပြီး နေသွေးဓားဂိုဏ်း၊ ငါးမိုးကြိုးတောင်ဂိုဏ်း၊ နဂါးပုန်းကျွန်း နှင့် နေလဂိုဏ်း တို့ရှိရာ ကောင်းကင်အဆင့် သီးသန့်အခန်းများဆီမှ မယုံနိုင်စရာ ဈေးနှုန်းကြီးများ ထွက်ပေါ်လာနေတော့သည်။

Chapter 609: ဒါက ရွှေယင်ဂိုဏ်းမလား

မသိလိုက်မသိဘာသာဖြင့်ပင် အချိန် ၆ နာရီခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုစဉ် ကျန်းချန်ဟိန်းသည် ဝမ်ချန်ဖူတစ်ယောက် ရတနာဆောင်၏ အဝင်ဝဘက်သို့ အပြေးအလွှား သွားနေသည်ကို ရုတ်တရက် သတိပြုမိသွားပြီး အံ့ဩသွားတော့သည်။

"ဟင်… ဝမ်ချန်ဖူ တစ်ကျော့ပြန် ပေါ်လာပြန်ပြီ… သူကိုယ်တိုင် ထွက်ကြိုရလောက်တဲ့ ဧည့်သည်က ဘယ်သူများလဲ"

"ရတနာမဟာမိတ်ရဲ့ မဟာမိတ်အရှင်ကိုယ်တိုင် ထွက်ပြီး အရိုအသေပေး ကြိုဆိုရအောင် အဲဒီလူက ဘယ်လောက်တောင် အရှိန်အဝါကြီးလို့လဲ"

ရှန်မိုကတော့ ဘယ်သူရောက်လာသလဲဆိုသည်ကို ခန့်မှန်းမိပြီးသားဖြစ်သော်လည်း လှည့်ကြည့်လိုက်မိသည်။

သူသည်လည်း ရွှေယင်ဂူ၏ အရှင်သခင်မှာ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သိလိုစိတ် ရှိနေ၏။

လူတိုင်း အဝင်ဝဘက်သို့ လှမ်းကြည့်လိုက်ကြရာ ဝမ်ချန်ဖူနှင့် ဝမ်ပေါင်ကုန်သည်အသင်းမှ ကျင့်ကြံသူများသည် လူသုံးဦးကို ခြံရံလျက် အတွင်းသို့ ခေါ်ဆောင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသုံးဦးစလုံးမှာ လှပသော အမျိုးသမီးများ ဖြစ်ကြသည်။ ရှေ့ဆုံးမှ လျှောက်လာသော အမျိုးသမီးနှစ်ဦးမှာ တစ်ပုံစံတည်းတူသော အမြွှာများဖြစ်ပြီး ကျော့ရှင်းကာ ဆွဲဆောင်မှုရှိလှသည်။ သူတို့၏ အကြည့်တိုင်းမှာ ညှို့ယူဖမ်းစားနိုင်စရာ ကောင်းလှသလို အစွမ်းမှာလည်း လျှော့တွက်၍မရပေ။ သို့သော် သူတို့မှာ လမ်းရှင်းပေးသူများသာ ဖြစ်ကြောင်း ထင်ရှားသည်။

သူတို့နောက်မှ လိုက်ပါလာသော အမျိုးသမီးမှာမှ တကယ့် အရှင်သခင် အစစ်အမှန် ဖြစ်၏။

သူသည် ပါးလွှာသော မျက်နှာဖုံးပုဝါကို ဆင်မြန်းထားသဖြင့် သူ၏ လှပသော မျက်နှာကို ဖုံးကွယ်ထားသည်။ သို့သော် ပေါ်လွင်နေသော မျက်ခုံးနှင့် မျက်ဝန်းအစုံမှာတင် မည်သည့်အမျိုးသားကိုမဆို ရူးသွပ်သွားစေနိုင်လောက်အောင် အလွန်အမင်း လှပလွန်းလှ၏။ သူသည် ပွယောင်းသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော်လည်း လှုပ်ရှားလိုက်တိုင်း ဆွဲဆောင်မှုရှိပြီး ရင့်ကျက်သော ကိုယ်လုံးကိုယ်ပေါက်မှာ အထင်အသား ပေါ်လွင်နေသည်။ နိုင်ငံတစ်ခုလုံးကို မှောက်လှန်နိုင်လောက်သော အလှပိုင်ရှင်ကို စိတ်မဝင်စားသော ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ ထိုနေရာတွင် မရှိပေ။

သို့သော် ကျင့်ကြံသူများမှာ ထိုအမျိုးသမီးသုံးဦး၏ ဝတ်ရုံပေါ်တွင် ထိုးထားသော အမှတ်အသားကို မြင်လိုက်ရသည့်အခါတွင်မူ... သူတို့၏ သာယာလိုသော စိတ်အစဉ်များမှာ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။ ၎င်းမှာ အနက်ရောင် တောင်ထိပ်တစ်ခုဖြစ်ပြီး တောင်ထိပ်ပေါ်တွင် ကြောက်မက်ဖွယ် ဦးခေါင်းခွံအချို့ ရှိနေသည်။

လျိုယွန့်ထျန်းက အလန့်တကြား ရေရွတ်လိုက်သည်။

"ဒါ... ဒါက ရွှေယင်ဂူရဲ့ အမှတ်အသား မဟုတ်လား"

ရွှေယင်ဂူ။

ဤစကားလုံး သုံးလုံးသည် လူတိုင်း၏ နှလုံးသားပေါ်သို့ တောင်ကြီးတစ်တောင် ပိကျလာသကဲ့သို့ ခံစားလိုက်ရစေသည်။

ကျန်းချန်ဟိန်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း

"ဒါ ဖြစ်နိုင်ပါ့မလား… ရွှေယင်ဂူက လူတွေ ဘာလို့ အပြင်ပင်လယ်ကို ရောက်လာတာလဲ"

ဝေကျင်ချန်ကလည်း မျက်မှောင်ကြုတ်လျက်

"ရွှေယင်ဂူက အတွင်းပင်လယ်မှာပဲ အမြဲလှုပ်ရှားတာ မဟုတ်လား… ရတနာမဟာမိတ် ကျင်းပတဲ့ လေလံပွဲလောက်ကို သူတို့က ဘာလို့ ဂရုစိုက်နေတာလဲ"

လျိုယွန့်ထျန်းမှ အသေအချာ ပြောလိုက်သည်။ "မမှားနိုင်ပါဘူး… ဒါ ရွှေယင်ဂူရဲ့ အမှတ်အသား အစစ်ပဲ… ပြီးတော့ အဲဒီ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသမီးက အဲဒီဂူထဲမှာ ရာထူးမနိမ့်ဘူး… ကြည့်ဦး... ရှေ့က အမြွှာညီအစ်မတွေရဲ့ ရင်ဘတ်က အမှတ်အသားမှာ ဦးခေါင်းခွံ ၃ ခုပဲ ရှိတယ်… ဒါပေမဲ့ ဟိုအမျိုးသမီးရဲ့ အနက်ရောင်တောင်ထိပ်ပေါ်မှာတော့ ဦးခေါင်းခွံ ၇ ခုတောင် ရှိတာ”

ကျန်းချန်ဟိန်း လေသံနှိမ့်ကာ မေးလိုက်၏။

"ဦးခေါင်းခွံ ၇ ခုက ဘာကို ဆိုလိုတာလဲ"

"ဂူအရှင်သခင်ပေါ့… ရွှေယင်ဂူရဲ့ အရှင်သခင် ၁၈ ပါးထဲက တစ်ဦး ဖြစ်ဖို့ များတယ်”

လျိုယွန့်ထျန်းမှ လေးနက်စွာ ပြောလိုက်သည်။

ရှူး—!

သီးသန့်အခန်းအတွင်းတွင် အသက်ရှူသံပြင်းပြင်းများ ထွက်ပေါ်လာသည်။

ရွှေယင်ဂူ၏ အရှင်သခင်တစ်ဦးဆိုသည်မှာ အနည်းဆုံး ဓမ္မအမှတ်အသား ၈၀ ခန့် ရှိသူ ဖြစ်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဘာကြောင့် ဤနေရာသို့ ရောက်လာရသနည်း။

ရှန်မိုမှာ ရှိထျန်းဟောက်ကို တိတ်တဆိတ် အကဲခတ်လိုက်သည်။ ထိုလူ၏ အကြည့်များမှာ ဝေဝါးနေပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

ရွှေယင်ဂူမှ အရှင်သခင် ဘာကြောင့် ရောက်လာသလဲဆိုသည်ကို သူ သေချာပေါက် သိနေပုံရသည်။

လျိုယွန့်ထျန်းမှ ခန့်မှန်းလိုက်သည်။

"လေလံပွဲမှာ ပါတဲ့ ရတနာတစ်ခုခုက ဒီဂူအရှင်သခင်ကို ဆွဲဆောင်လိုက်တာလား"

ကျန်းချန်ဟိန်း မျက်မှောင်ကြုတ်ကာ

"ဒါက ယုတ္တိမရှိဘူး… ရွှေယင်ဂူရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် သူတို့ တစ်ခုခု လိုချင်ရင် ဝမ်ချန်ဖူဆီကို လူတစ်ယောက်လွှတ်ပြီး စကားတစ်ခွန်း ပြောလိုက်ရုံပဲ… တစ်နာရီအတွင်းမှာ ဝမ်ချန်ဖူက အဲဒီပစ္စည်းကို သူ့လက်ထဲ အရောက် လာပို့ပေးမှာ"

ဝေကျင်ချန်ကလည်း ထောက်ခံလိုက်၏။

"ဟုတ်တယ်… ဒီဂူအရှင်သခင်က ရုတ်တရက် ပေါ်လာတာဆိုတော့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဘယ်သူမှ မမှန်းနိုင်ဘူး… ကြည့်ဦး... ဝမ်ချန်ဖူတင် မကဘူး… နဂါးပုန်းကျွန်း၊ နေလဂိုဏ်း၊ နေသွေးဓားဂိုဏ်းနဲ့ ငါးမိုးကြိုးတောင်ဂိုဏ်းက ကျင့်ကြံသူတွေပါ ထွက်ကြိုနေကြတာ… သူတို့လည်း အံ့ဩသွားပုံရတယ်"

ထိုစဉ်မှာပင် ရင့်ထျန်းဟောက်မှ လူတိုင်း သိချင်နေသော မေးခွန်းကို မေးလိုက်သည်။

သူ အားရပါးရ ရယ်မောကာ ထိုအမျိုးသမီးကို အဝေးမှနေ၍ ဦးညွှတ် နှုတ်ဆက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့်

"ကျွန်တော်က နဂါးပုန်းကျွန်းရဲ့ ကျွန်းသခင်ကြီး ရင့်ထျန်းဟောက် ပါ… ဂူအရှင်သခင်ကို နှုတ်ခွန်းဆက်ပါတယ်… ဒီနေ့ ဘာကိစ္စများ ရှိလို့ ဒီကို လာရောက်ရတာလဲဆိုတာ သိခွင့်ရှိမလား"

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ လူတိုင်း၏ မျက်လုံးများမှာ ထိုလှပသော အမျိုးသမီးဆီသို့ ရောက်သွားကြသည်။ အတွင်းပင်လယ်မှ ဤပုဂ္ဂိုလ်ကြီးက မည်သို့ တုံ့ပြန်မည်ကို လူတိုင်း သိချင်နေကြသည်။

ရွှေယင်ဂူဆိုသည်မှာ အတွင်းပင်လယ်ရှိ အင်အားကြီး ငါးခုထဲတွင် အာဏာအရှိဆုံးနှင့် အကြမ်းတမ်းဆုံးဂိုဏ်းအဖြစ် နာမည်ကြီးသည်။ မည်သည့်ကိစ္စတွင်မှ ဝင်မပါဘဲ လောကပြင်ပတွင် နေထိုင်သော ဝမ်ရှန့် သန့်စင်နယ်မြေမှလွဲ၍ ရွှေယင်ဂူက မည်သည့်အင်အားစုကိုမျှ ကြောက်လေ့မရှိပေ။

ထိုအမျိုးသမီး၏ ဆွဲဆောင်မှုရှိသော အလှအပနောက်ကွယ်တွင် လူသတ်၍ အလောင်းကို ရုပ်အလောင်းလက်နက်အဖြစ် ပြုလုပ်ခြင်း၊ ဝိညာဉ်ကို ထုတ်ယူခြင်း စသည့် အလုပ်များကို လက်တစ်ဖျစ်စာအတွင်းမှာပင် လုပ်နိုင်စွမ်း ရှိသည်။

အမျိုးသမီးသည် ခြေလှမ်းများကို အနည်းငယ် တုန့်ဆိုင်းလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

"အပြင်ပင်လယ်က ဂိုဏ်းငယ်လေးတစ်ခုက ရွှေယင်ဂူရဲ့ လုပ်ရပ်တွေကို မေးခွန်းထုတ်ရဲတယ်ပေါ့"

၎င်းကို ကြားသည့်အခါ ရင့်ထျန်းဟောက်၏ မျက်နှာမှာ နီမြန်းသွားလိုက်၊ ဖြူဖျော့သွားလိုက် ဖြစ်သွားသည်။ သို့သော် သူ နောက်ထပ် စကားတစ်ခွန်းမျှ မပြောရဲတော့ဘဲ ပြန်ထိုင်လိုက်ရုံသာ တတ်နိုင်တော့၏။

တခြား ကျင့်ကြံသူများမှာမူ ဤမြင်ကွင်းကို ကြည့်ပြီး တီးတိုးရယ်မောနေကြသည်။ အထူးသဖြင့် နေလဂိုဏ်းမှ ကျင့်ကြံသူအချို့မှာ ရင့်ထျန်းဟောက် အရှက်ရသွားသည်ကို မြင်ရသည်မှာ သူတို့ ကျင့်ကြံမှုအဆင့် တက်သွားသည်ထက်ပင် ပို၍ ဝမ်းသာနေကြပုံရ၏။

နဂါးပုန်းကျွန်းသည် လော့ရှင်းပင်လယ်ပြင်၏ အင်အားကြီး (၃) ခုထဲမှ တစ်ခု ဖြစ်သော်လည်း အမြဲတမ်း ရွှေယင်ဂူ၏ အမိန့်ကို နာခံခဲ့ရခြင်း ဖြစ်သည်။ ရင့်ထျန်းဟောက်၏ နောက်ကွယ်တွင် ရွှေယင်ဂူမှ ဂူအရှင်သခင်တစ်ဦး ကျောထောက်နောက်ခံ ရှိသည်ဟု ကောလာဟလများ ရှိခဲ့ဖူးသည်။

ထို့ကြောင့်သာ သူ ဤဒေသတွင် အခိုင်အမာ ခြေကုပ်ယူနိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုရောက်လာသော ဂူအရှင်သခင်မှာမူ စိတ်တိုနေပုံရသည်။

သူသည် နဂါးပုန်းကျွန်း၏ ကျွန်းသခင်ကြီးကိုပင် မျက်နှာသာ မပေးခဲ့ပေ။

မကြာမီမှာပင် ဝမ်ချန်ဖူ၏ လမ်းပြမှုဖြင့် ထိုအမျိုးသမီးသည် ကောင်းကင်အဆင့် သီးသန့်အခန်းသို့ တိုက်ရိုက် ဝင်ရောက်သွား၏။ ဝမ်ချန်ဖူသည် ရေခဲတောင်ကဲ့သို့ အေးစက်နေသော ဤဂူအရှင်သခင်ကို အနည်းငယ်မျှပင် ပေါ့ဆ၍ မဆက်ဆံရဲဘဲ အကောင်းဆုံး အခန်းကို စီစဉ်ပေးလိုက်သည်။ အကယ်၍ ယင်းစန်းဟွာက သူ့ကို ထွက်သွားခိုင်းခြင်း မရှိပါက သူ အခန်းထဲတွင် ကိုယ်တိုင် လက်ဖက်ရည် ငှဲ့ပေးနေရပေလိမ့်မည်။

သီးသန့်အခန်းအတွင်းမှာမူ ယင်းစန်းဟွာသည် နူးညံ့သော တရားထိုင်ဖျာပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေသည်။ ချန်ယွီ နှင့် လော့ယန် တို့က ဘေးတစ်ဖက်တစ်ချက်တွင် ဂရုတစိုက် ရပ်နေကြ၏။ ယင်းစန်းဟွာက သူတို့နှစ်ဦးကို စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

အစောပိုင်းက သူ လွင့်မျောနေသော တိမ်တိုက်ကျွန်းတွင် ရွှေစာမျက်နှာကို လိုက်ရှာနေစဉ် ထိုစာမျက်နှာပေါ်မှ စိတ်ဝိညာဉ်အာရုံ အမှတ်အသားကို ခံစားမိရုံသာ ရှိသေးသည်။ ဤမိန်းကလေး နှစ်ဦး ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဒုတိယဂူအရှင်သခင်သည် သတင်းအသစ် ရထားကြောင်း၊ ရတနာမဟာမိတ် ကျင်းပမည့် ဤမဟာလေလံပွဲတွင် ယခင်က တစ်ခါမှ မမြင်ဖူးသော ရွှေစာမျက်နှာတစ်ခု နောက်ဆုံးပစ္စည်းအဖြစ် ပါလာနိုင်ကြောင်း သူတို့က ပြောခဲ့ကြသည်။ သို့သော် ကောင်းကင်အင်းကျမ်းဂိုဏ်းကလည်း ဤသတင်းကို သိရှိသွားသဖြင့် သူတို့ဘက်က လူလွှတ်ထားဖို့ များသည်။ ဒုတိယဂူအရှင်သခင်က သူ့ကို ထိုရွှေစာမျက်နှာ နှစ်ခုစလုံးကို ဂူအတွင်းသို့ ပြန်ယူလာရန် အမိန့်ပေးထား၏။ ကောင်းကင်အင်းကျမ်းဂိုဏ်းမှ ကျင့်ကြံသူများ ပေါ်လာနိုင်သဖြင့် သူကိုယ်တိုင် လေလံပွဲသို့ အရင်လာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ အရင်က ရွှေစာမျက်နှာကို ပြန်လည်ယူဆောင်မည့် ကိစ္စကိုမူ ခေတ္တ ဆိုင်းငံ့ထားရတော့မည် ဖြစ်သည်။

"ဂူအရှင်သခင်... ကောင်းကင်အင်းကျမ်းဂိုဏ်းက ကျင့်ကြံသူတွေ ပေါ်မလာသေးဘူး… သူတို့က ကျွန်မတို့ ဒီမှာရှိနေတာ သိလို့ တမင် ပုန်းနေတာလား မသိဘူး"

လော့ယန် တိုးတိုးလေး ပြောလိုက်သည်။

"ရိုးရိုးလေးပဲလေ… ဘယ်သူပဲ နောက်ဆုံး လေလံပစ္စည်းကို ရရ၊ ငါတို့က အတင်းအကျပ် တောင်းယူလိုက်မှာပေါ့"

ချန်ယွီက မထီမဲ့မြင် ဆိုသည်။

ရွှေယင်ဂူသည် အမြဲတမ်း ဤကဲ့သို့ပင် အာဏာဖြင့် ဗိုလ်ကျလေ့ရှိ၏။ ဂူအရှင်သခင် တစ်ဦးအနေဖြင့် ယင်းစန်းဟွာသည် လေလံပစ္စည်းကို အတင်းအကျပ် တောင်းဆိုနိုင်သည်။

မည်သူက သူမကို ဆန့်ကျင်ရဲပါမည်နည်း။ အလွန်ဆုံးရှိမှ လူတွေ ပါးစပ်ပိတ်သွားအောင် တခြား ရတနာတစ်ခုခုကို ပြန်ပေးလိုက်ရုံသာ ရှိသည်။

ယင်းစန်းဟွာ သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးမှိတ်ကာ နားနေလိုက်သည်။ ဤအမျိုးသမီးနှစ်ဦးမှာ သူ ရွှေယင်ဂူ၏ ၁၈ ပါးမြောက် ဂူအရှင်သခင် ဖြစ်လာပြီးနောက် ဒုတိယဂူအရှင်သခင်က လွှတ်လိုက်သောသူများ ဖြစ်သည်။ နှစ်ဦးစလုံးမှာ အစွမ်းထက်ကြပြီး အပြင်ပင်လယ်တွင်ဆိုလျှင် ကိုယ့်နယ်မြေနှင့်ကိုယ် ခေါင်းဆောင်လုပ်နိုင်သူများ ဖြစ်သည်။ သို့သော် ယင်းစန်းဟွာ ကောင်းစွာ သိထားသည်မှာ သူတို့သည် ဒုတိယဂူအရှင်သခင်မှ သူ့ ဘေးနားတွင် ထားခဲ့သော နားနှင့် မျက်လုံးများသာ ဖြစ်ကြသည်။

အကြောင်းရင်းမှာ ရိုးရှင်းပါသည်။

သူသည် ပထမဂူအရှင်သခင်၏ တိုက်ရိုက်တပည့် ဖြစ်သောကြောင့်ပင်။

ပထမဂူအရှင်သခင်၏ သက်တမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး ဒုတိယဂူအရှင်သခင်မှာမူ အားအင်အပြည့်ဖြင့် အာဏာအရှိဆုံး ဖြစ်နေကာ ရာထူးဆက်ခံရန် အနီးစပ်ဆုံး လူ ဖြစ်သည်။ ထိုသို့သော အချိန်တွင် ပထမဂူအရှင်သခင်က သူ့ကို (၁၈) ပါးမြောက် ဂူအရှင်သခင်အဖြစ် ရုတ်တရက် မြှင့်တင်ပေးလိုက်ခြင်းမှာ ဒုတိယဂူအရှင်သခင်ကို ပြန်လည် ထိန်းညှိရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထင်ရှားလှ၏။

ထို့ကြောင့် ဒုတိယဂူအရှင်သခင်က သူမကို မျက်စိစပါးမွေးစူးနေခြင်းမှာ သဘာဝပင် ဖြစ်လေသည်။

All Chapters