← Chapters

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း (၇၀၆) ကံ

မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲသုံးယောက်နှင့် တခြားတပည့်များက သစ်ပင်များကို ပြားပြားဝပ်သွားစေသည့် ဧရာမလက်ဝါးရာကြီးကို မြင်သည့်အခါ ထိတ်လန့်သွားကြသည်။ သူတို့က ဤနေရာသို့ သယ်ယူပို့ဆောင်ရေး ပစ္စည်းနှင့်အတူ ရောက်လာပြီး အနီရောင်မီးတောက်ကို ကျွမ်းကျင်သည့် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူသည် အဆုံးသတ်သွားပြီဖြစ်ကြောင်း သိလိုက်ကြ၏။

မျှော်နန်းသခင်က အခု ဘာလို့ လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှင့်လိုက်တာလဲ …

တခြားသော အနီရောင်ကျင့်ကြံသူတွေက အနီးအနားမှာ ရှိနေခဲ့တာလား

ဒါမှမဟုတ် … သူက ကြွားလုံးထုတ်လိုက်တာလား။

“ဉာဏ်ကောင်းတဲ့ အကြီးအကဲတို့ ဒီလက်ဝါးစည်းတံဆိပ်က ကြီးလွန်းနေတယ်လို့ ထင်မိတယ်လို့ ပြောကြပါဦး” ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

လန်လော့၊ ဖန်လီထန်းနှင့် ကျော့ယွီရှုတို့က လုကျိုး၏ ရွှေကြာကို လေ့လာနေကြသည်။

ဖန်လီထန်းနှင့် လန်လော့တို့က လုကျိုး၏ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို အနီးကပ် မြင်ဖူးထားသူများ ဖြစ်ကြသည်။ သူတို့က အထွတ်အထိပ်သဏ္ဌာန်ကတ်၏ သက်ရောက်မှန်း မသိကြပေ။ ထိုရွှေကြာနှင့် ယှဉ်လိုက်လျှင် လက်ရှိရွှေကြာနှင့် ပွင့်ချပ်များက ပိုကြီးမား၏။ ထို့အပြင် ပွင့်ချပ်များကို ဖြန့်လိုက်သည့်အခါ ပို၍ပင် အားကောင်းလာဟန်ပေါ်သည်။

“အာ …” ဖန်လီထန်းက တုံ့ဆိုင်းသွားသည်။

“ဒီလိုအရာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး …”

လန်လော့က ပြန်ဖြေလိုက်သည်။ “ မင်း မသိဘူးလို့ပဲ ဝန်ခံလိုက်စမ်းပါ။ အငယ်တွေကို ဦးဆောင်လမ်းပြမှားတာလည်း အပြစ်ပဲ ”

တခြားလူများက ထိုအရာကိုကြားသည့်အခါ သူတို့က လန်လော့ထံ လှည့်ကာ ဦးညွှတ်လိုက်ကြသည်။ “ ချန်းပေ့ရဲ့ ရက်ရောမှုကို လေးစားပါတယ်”

ဖန်လီထန်းက မျက်လုံးဝေ့လိုက်သည်။ သူက ဂရုမစိုက်တော့ပေ။

စီးဝူယာ့က ပြောလိုက်၏။ “ တာ့ယန်မှာ ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် နည်းလွန်းတယ်။ ကျုပ်တို့ မသိတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ကျုပ်တို့ သိထားသလောက် ကြည့်ရတာ ဒါက ပွင့်ချပ်ကိုးလွှာအဆင့်က စွမ်းအားတစ်မျိုးဖြစ်ပုံပဲ။ ကြည့်စမ်းပါဦး … ရွှေကြာမီးတောက်နှင့် အနီရောင်ကံမီးတောက်ကြား တူညီမှုမျိုး မြင်မိလား ”

“ ဟုတ်သား … သူတို့က ဆင်တူတယ်။ သူတို့က မီးတောက်ပုံစံနဲ့ ထွက်ပေါ်လာကြတာ။ ဒါပေမဲ့ ဒီရွှေရောင်မီးတောက်က ပိုတောက်ပတယ်။ နှိုင်းယှဉ်ကြည့်လိုက်ရင် အနီရောင်ကြာ မီးတောက်က လေဟုန်ကြားက မီးတောက်နဲ့ တူတယ်” မင်ရှစ်ရင်က ပြောလိုက်သည်။

“စတုတ္ထသခင်လေးကတော့ တကယ်ကို ပါရမီထူးတာပဲ။ ရှင်းပြချက်က နားလည်လွယ်တယ် ”

စီးဝူယာ့က ဝေဟင်အထက်မှ လုကျိုးအား မော့ကြည့်လိုက်သည်။

သူတို့က ရှေ့တိုးတော့မည့်ဆဲဆဲတွင် လုကျိုးက လက်မြောက်လိုက်သည်။ သူက လက်ဝါးချက်ဖြင့် တူညီသည့် နေရာတစ်ခုတည်းဆီ စွန့်ပစ်ခံ ဉာဏ်ပညာငါးကြိမ်ဆက်တိုက် ထုတ်လွှင့်လိုက်သည်။

သစ်ပင်များက ပြိုလဲကုန်၏။

သူတို့အမြင်အာရုံကို ဖုန်မှုန့်များဖြင့် အဟန့်အတား ဖြစ်လာစေသည်။ အားလုံးက အံ့ဩသလို စိတ်ရှုပ်သွားကြသည်။

မျှော်နန်းသခင်က ဘာလုပ်နေတာလဲ …

“ ဒီလိုသိပ်သည်းတဲ့ ကနဦးချီ … သူက အမည်မသိလူနဲ့ အကြာကြီး တိုက်ခိုက်ပြီးတာတောင် စွမ်းအား ဒီလောက်ကျန်နေသေးတာလား ”

“ဒါက ဘာမှမဟုတ်သေးဘူး။ မျှော်နန်းသခင်က အရင်တော်ဝင်မင်းဆရာဟောင်းတစ်ဖြစ်လည်း မဟာမိတ်တိုင်းပြည် ၁၂ ခုရဲ့ ရုပ်သေးဆရာ ကျန့်ဝမ်ရွှီရော၊ တခြားမျိုးနွယ်ရဲ့ အားအကောင်းဆုံးလူတွေနဲ့ တိုက်ခိုက်ခဲ့တာပဲလေ။ အဲဒါတောင် မျှော်နန်းသခင်နဲ့ ရင်ဆိုင်ရတော့ သူတောင် ဘာမှမတတ်နိုင်ဘူး။

ကျန့်ဝမ်ရွှီကို အနိုင်ယူပြီးတော့ မျှော်နန်းသခင်က ကောင်းကင်ကျုံးအရှေ့ဘက်ဆီ မြန်မြန်ဆန်ဆန် ရောက်လာပြီး မဟာမိတ်တိုင်းပြည် ၇ ခုကို ဖျက်ဆီးပစ်ခဲ့တယ်လေ။ သူတို့နှစ်ယောက်လုံးက ပွင့်ချပ်ကိုးလွှာအဆင့်ဆိုပေမဲ့ အင်အားကွာခြားချက်က သိသာတယ်။

ဒါပေမဲ့ ဒီအမည်မသိကျူးကျော်သူ ရောက်လာတော့ မျှော်နန်းသခင်က သရုပ်ပြမှုအတွက် အရေးကြီးဆုံးအနေအထားမှာ ရောက်နေခဲ့တာ။ အဲဒီလူလည်း မျှော်နန်းသခင်နဲ့ ယှဉ်နိုင်ဖို့ အဝေးကြီးလိုနေသေးတယ်ဆိုတာ သိလိုက်ရတာပဲ ” ဖန်ကျုံးက ပြောလိုက်သည်။

တခြားလူများက တအံ့တဩဖြစ်စွာ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေသည်။ သူတို့အမြင်တွင် ထိုစကားများက အပိုပြောနေသည်နှင့် မတူပေ။

………………

မြေပေါ် လက်ဝါးရာငါးကြိမ်ဆက်တိုက် ထုတ်လွှင့်လိုက်ပြီးနောက် လုကျိုးက ဖြည်းဖြည်းချင်း တောက်လောင်နေသည့် ရွှေရောင်မီးတောက်ကို ကြည့်လိုက်သည်။ သူက စွမ်းအားကို စတင်ခံစားလိုက်၏။ ရွှေရောင်မီးတောက် ပေါ်ထွက်လာမှုက ပွင့်ချပ်ကိုးလွှာအဆင့်ပေါ် နားလည်နိုင်စွမ်းအား အသစ်တိုးပွားလာစေသည်။

သူ့ကျင့်ကြံဆင့်က အထွတ်အထိပ်သဏ္ဌာန်ကတ် ချီးမြင့်ထားသည့် အင်အားထက် ကျော်လွန်နေပြီ ဖြစ်၏။ အထွတ်အထိပ်သဏ္ဌာန်ကတ်၏ သက်ရောက်မှုနှင့် မတူဘဲ သူက ကနဦးချီကို ဂရုမစိုက်ဘဲ စိတ်လိုလက်ရ အသုံးမပြုနိုင်ပေ။ ထို့ကြောင့် မည်သည့်အရာက ပိုကောင်းကြောင်း ပြောဖို့ရာ ခက်လှ၏။

လုကျိုးက ပွင့်ချပ်ကိုးလွှာကို ကြည့်လိုက်သည်။ သူတို့က နဂိုက ပြားကာ ကျယ်ပြန့်လေသည်။ ယခုအခါ သူတို့က ချွန်ထက်သည့် ရွှေရောင်ဓားသွားနှင့်တူနေသည်။ ပုံစံအသစ်က သူ့ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်အား ပို၍ ကြည့်ကောင်းလာစေသည်။

ဖုန်မှုန့်များက ငြိမ်ကျသွားပြီဖြစ်၏။

လက်ဝါးချက်များကို ထုတ်လွှင့်လိုက်ပြီးနောက် လုကျိုးက ငုံ့ကြည့်လာသည်။ ထင်ထားသည့်အတိုင်း မြေပေါ် လက်ဝါးသဏ္ဌာန် လျိုကြီးတစ်ခု ရှိနေ၏။

“ … ”

ပတ်ဝန်းကျင်ကို ဖျက်ဆီးလိုက်သည်က သင့်တော်ဟန်မပေါ်ပေ။

လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်သည်။ ထိုစဉ် သူက အကြီးအကဲများနှင့် သူ့တပည့်များက ကျင့်ကြံသူအုပ်စုအား ဦးဆောင်လာသည်ကို မြင်လိုက်ရသည်။ သူတို့က သူ့ဆီ ပျံသန်းလာနေကြ၏။

အကြီးအကဲသုံးယောက်နှင့် တပည့်များက ဦးဆောင်ပျံသန်းလာစဉ် တခြားလူများက နောက်မှ အစီအစဉ်တကျ လိုက်ပါလာသည်။ ထိုအရာအပြင် တခြားကျင့်ကြံသူများက လေးစားသမှုအနေနှင့် ခပ်နိမ့်နိမ့်သာ ပျံသန်းလာကြ၏။

သူတို့က လုကျိုးရှေ့ ရောက်လာသည့်အခါ ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ် ”

“ရှစ်စွင်းကို ဂါရဝပြုပါတယ် ”

“ကျိချန်းပေ့ကို ဂါရဝပြုပါတယ် ”

ထိုစဉ် လုကျိုး၏ ဆံပင်အနည်းငယ်ကသာ အနက်ရောင် ဖြစ်နေသည်။

ကန့်သတ်ချက်ကို ကျော်လွန်ပြီးသည့်နောက် ရွှေကြာ၏ အသက်ဓာတ်ပါ ထည့်ပေါင်းလိုက်လျှင် သူ့သက်တမ်းက တိုးမြင့်လာခဲ့သည်။ သို့သော်လည်း သူတို့က သက်တမ်းသာ ဆွဲဆန့်လိုက်ခြင်း ဖြစ်၏။ သူတို့က အကြောင်းပြန်လှန်ကတ်လို မဟုတ်ပေ။ ထို့ကြောင့် သူ့သွင်ပြင်အပေါ် သက်ရောက်မှု မရှိပေ။ မည်သို့ပင်ဆိုစေကာမူ အနာဂတ်တွင် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ အကြောင်းပြန်လှန်ကတ်များ သုံးဖို့ မလိုတော့ပေ။ သူတို့ကို သူ့ပုံစံ ပြောင်းပစ်ဖို့ အသုံးပြုနိုင်၏။ ထိုအရာဖြင့် သူ့သွင်ပြင်ကို ပြန်ပြောင်းဖို့ လွယ်ကူလိမ့်မည်။

သူက အားလုံးကို ကြည့်လိုက်ပြီးနောက် တခြားသော ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများ မရှိကြောင်း သတိပြုမိသွားသည်။

“ထကြပါ”

တခြားလူများက လေထဲ ရပ်လိုက်ကြသည်။

လုကျိုးက မေးလိုက်သည်။ “တခြားလူတွေရော ဘယ်ရောက်ကုန်ကြလဲ ”

“ရှစ်စွင်း သူတို့က အမည်မသိလူကြောင့် ဒဏ်ရာရသွားတော့ မလာနိုင်ကြတာပါ”စီးဝူယာ့က ရှင်းပြလိုက်သည်။

“သူတို့အားလုံး ဒဏ်ရာရသွားတာလား” လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။

“ အာ …” စီးဝူယာ့က ထိုစကားများ ကြားသည့်အခါ ရုတ်ခြည်း သဘောပေါက်သွားသည်။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများဖြစ်သည့် ယဲ့ထျန်းရှင်း၊ နန်ကုန်းဝေ၊ ဖုန်းယီကျစ်၊ ချူးနန်၊ ကျန့်ကျစ်ရွေ့၊ ကျူးထျန်းယွမ်၊ ကျိုးယို့ချိုက်တို့အားလုံး ဒဏ်ရာရထားကြသည်။ မဟုတ်သေးဘူး ကျဲခိုက် ရှိနေသေး၏။

သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ထွက်ပေါ်လာကာ “ တစ်ယောက်ယောက် ပြဿနာရှာလိုရှာငြား ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းဆီ ချက်ချင်း သွားလိုက်ပါ့မယ် ”

လုကျိုးက စီးဝူယာ့ မည်သူကို ရည်ညွှန်းနေမှန်း မသိပေ။ သူက သူ့ချီပင်လယ်ထဲ ကနဦးချီ ကျယ်ပြန့်နေသည်ကို ခံစားမိပြီး ပြောလိုက်သည်။ “ကောင်းပြီ”

ထိုသို့ပြောပြီးသည့်နောက် လုကျိုးက မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

တခြားလူများက ထိုအရာကြောင့် အံ့အားသင့်သွားကြသည်။ သူတို့က ရွှေနန်းဥယျာဉ်တောင်ဘက် လှမ်းကြည့်လိုက်ကြ၏။ လုကျိုး မပျောက်ကွယ်သွားခင် လစ်ခနဲသာ မြင်လိုက်ရသည်။

“မျှော်နန်းသခင် … ဒီအပြုအမူက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်လာပြီးတော့ ပုံမှန်ပဲလား”

ဖန်လီထန်းက ထုတ်မေးလိုက်သည်။ သူက ဆွံ့အနေမိ၏။

“ငါက ဘယ်လိုလုပ်သိမှာလဲ” လန်လော့လည်း ဆွံ့အနေမိသည်။

“ဒါက ပုံမှန်မဟုတ်ဘူး။ တိုက်ပွဲပြီးသွားရင် လူတစ်ယောက်က အနားယူသင့်တယ်လေ။ ကနဦးချီကို ဂရုမစိုက်ဘဲ ထုတ်သုံးနေတာက … ကြွားနေတာလား” ဤသည်က ဖန်လီထန်း စဉ်းစားမိသည့်အရာ ဖြစ်၏။

စီးဝူယာ့က အသံကြည်ကြည်လင်လင်ဖြင့် ပြောလိုက်သည်။

“ ကျုပ်တို့တွေလည်း အချိန်ဖြုန်းမနေသင့်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းဆီ မြန်မြန် ပြန်ကြစို့ ”

တခြားလူများကလည်း ခေါင်းညိတ်ကာ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ဖို့ ပြင်ကြသည်။ မကြာမီ သူတို့လည်း မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။

သူတို့ထွက်သွားပြီးနောက် လူလတ်အရွယ် အနီရောင်ကြာ ကျင့်ကြံသူက သစ်ပင်နောက်မှ ထွက်လာသည်။ သူက အသက်လုရှုူနေရ၏။ သူက မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ကာ လျိုအနား ရောက်လာပြီး သွေးဆာမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

သူ့မျက်နှာအထက် မယုံကြည်နိုင်သည့် အမူအရာမျိုး ပေါ်ထွက်လာပြီး ရေရွတ်လိုက်သည်။

“တာ့ယန်ရဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက ကံမီးတောက်ကို ကျွမ်းကျင်သွားပြီ။ သူက တကယ်ကို ဖုံးကွယ်ထားခဲ့တာပဲ …”

သူက ဆက်လက် ရေရွတ်လိုက်သည်။ “ ရွှေရောင်မီးတောက်က အနီရောင်ကြာ ကံမီးတောက်နဲ့ အတူတူပဲလား ”

ထိုစဉ် လူလတ်အရွယ် အမျိုးသားက ခက်ခက်ခဲခဲ ထရပ်လိုက်ရသည်။ သူက လက်ဝါးသဏ္ဌာန်လျိုကို ဖြတ်ကျော်ကာ နောက်ထပ် လက်ဝါးချက်ရာဆီ ရောက်လာသည်။

သူက လက်ဝါးချက် တည်ရှိရာအထက် ပျံသန်းရင်း ဖာ့ခုံးဘာကျန်ခဲ့ကြောင်း မြင်လိုက်ရသည်။ သူ မြင်လိုက်ရသည်ကား တစစီဖြစ်နေသည့် ဘုန်းကြီးဝတ်ရုံသာ ဖြစ်၏။

“ သွေးနေမင်းကျောင်းဆောင်ရဲ့ ကံမီးတောက် ပညာရှင် ဖာ့ခုံးလား ”

သူက နဖူးမှ ချွေးကို သုတ်လိုက်ပြီး သစ်ပင်များကြား ဝင်ရောက်ပျောက်ကွယ်သွားသည်။

……………..

ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းအတွင်း

ကျဲခိုက်က အဆိပ်မိနေသည့် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများအား ကြည့်ကာ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ “ ယစ်မူးနွေလေပြေအဆိပ်ရဲ့ သက်ရောက်မှုက အသက်ဝင်လာတော့မှာ။ ခင်ဗျားတို့တွေ ကျုပ်ကို ဆန့်ကျင်ချင်တုန်းလား …”

ထို့နောက် သူက လေထဲ ပျံဝဲနေသည့် ရှောင်ယွမ်အာနှင့် ခရုလေးကို ကြည့်လိုက်ကာ “ကောင်မလေး မင်းအတွက် ဘာက အကောင်းဆုံးလဲဆိုတာ သိရင် ဒီကနေ ဖယ်နေ … မင်း အဆိပ်မမိတာ အံ့ဩမိပေမဲ့ ပွင့်ချပ်ရှစ်လွှာအဆင့်မှ မဟုတ်တာ ဘာဖြစ်တုန်း။ အဲမှာနေပြီး ကြည့်နေလိုက် ”

ကျဲခိုက် စကားအဆုံးတွင် သူက နန်ကုန်းဝေနှင့် ဖုန်းယီကျစ်ဆီ ရောက်လာကာ ကန်လိုက်သည်။

“မင်း …” နန်ကုန်းဝေက ကျဲခိုက်အား စိုက်ကြည့်လိုက်သည်။

နန်ကုန်းဝေနှင့် တခြားလူများက တိုက်ခိုက်နိုင်စွမ်း မရှိတော့ကြောင်း အတည်ပြုလိုက်ပြီးနောက် ကျဲခိုက်က စိတ်အေးသွားသည်။

သူက ခန်းမကျယ်ထဲ ရပ်ကာ လက်ဝေ့လိုက်သည်။ သူ့လက်ထဲ ဖန်ပုလင်းငယ်တစ်ခု ပျံသန်းလာသည်။ သူက တခြားလူများကို ဝေ့ပြလိုက်ရင်း “ယစ်မူးနွေလေပြေအဆိပ်က ဒီလောက်ပဲ။ ဒါက အဖိုးတန်ပေမဲ့ ခင်ဗျားတို့အားလုံးအပေါ် သုံးလိုက်ရတော့ တန်သား … ”

ထို့နောက် သူက အဆို့ကို ဖယ်ကာ ကျူးထျန်းယွမ်အား ကြည့်လိုက်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အစ်ကိုကျူး ကျုပ်စိတ်ရှည်မှုက ကန့်သတ်ချက်နဲ့နော်။ မှတ်စုကို ထုတ်ပေးလိုက် … ဒါက နောက်ဆုံးအကြိမ်ပြောတာပဲ ”

…

အခန်း (၇၀၇) ပွင့်ချပ်ကိုးလွှာအဆင့်အောက်က လူတိုင်းက အမှိုက်တွေပဲ

ကျဲခိုက်၏ အကြည့်များက သတ်ဖြတ်ငွေ့နှင့် တောက်ပလာသည်။

ယစ်မူးနွေလေပြေ၏ သက်ရောက်မှုက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူအားလုံးက တိုက်ခိုက်နိုင်စွမ်း ပျောက်ဆုံးသွားကြလေပြီ။ စောစောလေးကလိုမျိုး သေသည်အထိ တိုက်ခိုက်ဖို့ရာ မဖြစ်နိုင်တော့ပေ။

ကျူးထျန်းယွမ်၏ အသက်ရှူနှုန်းက ဖြည်းဖြည်းချင်း နှေးကွေးလာ၏။ သူက မော့ကြည့်ပြီး အားပါးတရ ရယ်မောလိုက်ကာ " နောက်ကျသွားပြီ... ငါက...အံ့ဖွယ်မြို့တော်ကို ဘာလို့ရောက်လာတာလဲဆိုတာကို သိလား "

သူက ချောင်းဆိုးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်” အဲဒီမှတ်စုက အစ်ကိုကျိဆီ ပေးလိုက်ပြီ။ တကယ်လို့ မင်းဆီမှာ သတ္တိရှိရင် သူ့ဆီက ပြန်တောင်းပေါ့”

ကျဲခိုက်က မျက်မှောင်ကြုတ်သွားလေသည်။ ဤသည်က သူ မဖြစ်ချင်ဆုံး ရလဒ်တစ်ခု ဖြစ်၏။ သူ့နှလုံးသားထဲ ဒေါသမီးတောက်များ တောက်လောင်ကာ ပြောလိုက်သည်။

” မှတ်စုကို ငါလက်ထဲ မရနိုင်မှတော့ မင်းတို့ အားလုံးကို ငရဲ ပို့ရုံကလွဲပြီး မရှိတော့ဘူး”

ကျူးထျန်းယွမ်က ခေါင်းခါလိုက်သည်။ သူက စကားအများစုကို ကြားဖူးသော်လည်း မည်သည့်စကားကမှ ကျဲခိုက်၏ စကားလောက် ရွံရှာဖွယ် မကောင်းပေ။

ကျဲခိုက်က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူအားလုံးကို ရန်စထားပြီးသား ဖြစ်သည့်အတွက် မည်သို့ပင်ဆိုစေကာမူ သူတို့အား အသက်ရှင်သန်ခွင့် ပေးမည် မဟုတ်ပေ။ သူက ကျူးထျန်းယွမ်ဆီ ရောက်ရှိလာသည်။

ထိုစဥ် မိစ္ဆာဝေဟင်မျှော်နန်းအထက်တွင် ရှောင်ယွမ်အာက အော်ပြောလိုက်၏။

” ဟေး "

" ဟမ် " ကျဲခိုက်က လှည့်ကြည့်လိုက်သည့်အခါ ခရုလေးက လန်ထျန့်ကျောက်စိမ်းပုလွေအား မှုတ်နေသည်ကို မြင်လိုက်ရသည်။

ကျောက်စိမ်းပုလွေမှ အနီရောင်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကျဲခိုက်ဆီ လေဓားချက်များ ကျရောက်လာသည်။

အသံလှိုင်းနည်းစနစ်လား...

ပုလွေ၏ သံစဥ်က လျင်မြန်နေသော်လည်း ထိန်းချုပ်နိုင်စွမ်းက အတော်လေး ထူးခြားလှသည်။ ခရုလေးက သူမ၏ ချီဖြင့် အသံကို ကောင်းမွန်စွာ ထိန်းချုပ်ထားလေ၏။

ဝှစ် ဝှစ် ဝှစ်

အသံလှိုင်းနည်းစနစ်၏ တိုက်ကွက်က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများကို ရှောင်ရှားကာ ကျဲခိုက်ဆီ ကျရောက်သွားသည်။

ဝှစ်

ကျဲခိုက်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

ဘန်း ဘန်း ဘန်း

ကျဲခိုက်က လေဓားသွားများကို အာရုံခံမိလေ၏။ သူက သူ့ကိုယ်သူ မဟာနည်းစနစ်ဖြင့် လေထဲတွင် ပျံသန်းကာ ရှောင်ယွမ်အာနှင့် ခရုလေးဆီပြေးဝင်သွားလိုက်သည်။

ရှောင်ယွမ်အာက ခရုလေးအား ဆွဲကာ သူမ၏ ကြယ်ခုနှစ်သွယ်တိမ်တိုက် ကိုယ်ဖော့သိုင်းဖြင့် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလိုက်သည်။

" သေလိုက်တော့ " ကျဲခိုက်က ချုပ်တည်းမထားဘဲ ကြက်ပေါက်စကို လိုက်နေသည့် လင်းယုန်တစ်ကောင်လိုမျိုး လိုက်ဖမ်းလေသည်။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်က မိစ္ဆာဝေဟင်မျှော်နန်းအထက် ဖြတ်သန်းသွားသည့်အခါ ရုတ်ခြည်းဆိုသလို အသံတစ်သံကို ကြားလိုက်ရသည်။

ဤသည်က စွမ်းအားပဲ့တင်သံ ဖြစ်သည်။

ကျဲခိုက်က ချက်ချင်းဆိုသလို ရပ်တန့်လိုက်ပြီး အကာအရံအလွန်ကို ကြည့်လိုက်သည်။ သူ မြင်လိုက်ရသည်က ပေ ၁၅၀ မြင့်မားသည့် မီးတောက်နေသော ရွှေကြာကြီးသည် သူ့ဆီ ပြေးဝင်လာသည်ကို ဖြစ်သည်။ သူ့ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ကျရောက်လာလေ၏။

ဘန်း

ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်သည် ကျဲခိုက်၏ ရှေ့တွင် ရပ်နေပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ အပေါ်တွင် လွှမ်းမိုးထားသည်။

ကျဲခိုက်က ထိုမီးတောက်ရွှေကြာကြောင့် လွင့်စဉ်သွားပြီး သွေးအန်လိုက်ရသည်။ ထိုစဥ် သူက အကြောက်တရားများ လွှမ်းခြုံသွားလေ၏။

သူ့အတွင်းအင်္ဂါများအား ကြေမွသွားစေသည့် ရင်ဘတ်အပေါ် သက်ရောက်မှုကြီး ရှိလာသည်။ သူ့ချီပင်လယ်က လှုပ်ခါသွားသည်ကိုလည်း ခံစားမိလိုက်သည်။ သူ့ပေ ၁၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်က ပေ ၁၅၀ စိတ်ဝိညာဥ်သဏ္ဍန်ရှေ့တွင် ညွှန်းဆိုဖို့ရာ အရေးမပါသလို ဖြစ်နေသည်။ သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်ရုံမှ အပ ရွေးချယ်စရာ မရှိပေ။

လောင်ကျွမ်းနေသည့် ရွှေကြာနှင့် ပွင့်ချပ်များက လွှမ်းမိုးနိုင်ဖွယ် အငွေ့အသက်မျိုး ထုတ်လွှတ်နေသည့်အတွက် ကျဲခိုက်အား ကြောက်ရွံ့လာစေသည်။

" မိစ္ဆာအိုကြီးကျိလား " ကျဲခိုက်က မြေပြင်ပေါ် မသက်ဆင်းခင် ပြောလိုက်သည်။

လုကျိုးက မီးတောက်ရွှေကြာဖြင့် ဆင်းသက်လာသည့်အခါ လက်နှစ်ဖက်ကို ရှေ့တိုးလိုက်ပြီး မိစ္ဆာဘုန်းကြီး လက်ဟန်စည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။ ထိုအရာက ကျဲခိုက်အား နဂါးလက်သည်းကဲ့သို့ စွဲစွဲမြဲမြဲ ကိုင်စွဲထားပြီး ဆွဲခေါ်သွားသည်။

ဤသို့ဖြင့် တိုက်ပွဲက အဆုံးသတ်သွားလေသည်။

တခြားသော ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများက စိတ်အားတက်ကြွလာကြသည်။ သူတို့က မီးတောက်ရွှေကြာကို မြင်သည့်အခါ တအံ့တသြဖြင့် အံ့အားသင့်သွားကြသည်။

" ကျိချန်းပေ့ ပြန်ရောက်လာတာ ကြိုဆိုပါတယ် "

အားလုံးက ခက်ခက်ခဲခဲဖြင့် မတ်တတ်ရပ်လိုက်ကြသည်။

ကျူးထျန်းယွမ်နှင့် ယဲ့ထျန်းရှင်းတို့ကသာ ထိုင်လျက် ကျန်ရှိနေသူများ ဖြစ်၏။ သူတို့က လုကျိုးအား စိတ်သက်သာရာရသွားသည့် ဖြူဖျော့နေသော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။

ကျူးထျန်းယွမ်က ရယ်မောလိုက်ပြီး " အစ်ကိုကျိ နိုင်မယ်ဆိုတာကို သိနေတယ် "

" ရှစ်စွင်း... " ရှောင်ယွမ်အာနှင့် ခရုလေးတို့က အဝေးတစ်နေရာမှ ပျံသန်းလာကြသည်။

" ရှစ်စွင်း အဲဒီလူဆိုးကို သေတဲ့အထိ မြန်မြန်ရိုက်ပစ်။ သူက ရှစ်စွင်း မရှိတုန်း အားလုံးကို အဆိပ်ခတ်ခဲ့တာ” ရှောင်ယွမ်အာက ကျဲခိုက်အား လက်ညှိုးထိုးကာ ပြောလိုက်သည်။

ကျဲခိုက်၏ အကြည့်များက အကြောက်တရားဖြင့် တုန်လှုပ်နေလေ၏။

လုကျိုးက လက်ဝေ့လိုက်သည့်အခါ ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်က ပျောက်ကွယ်သွားသည်။

" မင်း ထိခိုက်ထားသေးလား " လုကျိုးက မေးလိုက်သည်။

ရှောင်ယွမ်အာက ပြောလိုက်၏။

” သူက တပည့်ကို လိုက်မဖမ်းနိုင်ပါဘူး။ တပည့်က အဆင်ပြေတယ်။ တခြားသူတွေကတော့ ကံမကောင်းဘူး”

ထို့နောက် သူမက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်လည်ပြောပြလိုက်သည်။

လုကျိုးက ရှောင်ယွမ်အာ၏ စကားများကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေလေ၏။ ယခုအခါ သူက နားလည်သွားလေပြီ။ ထို့နောက် သူက မြေပြင်ပေါ်မှ လူများကို ကြည့်ကာ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။

ဤသည်က ကောင်းကင်ကျမ်း၏ ကုသရေးစွမ်းအား ဖြစ်သည်။

လုကျိုးက ဘယ်ဘက်လက်ဆီမှ အပြာရောင်ကြာကို ထုတ်လွှတ်လိုက်သည်။ အပြာရောင်ကြာက တခြားသူများဆီ ကျရောက်လာပြီး ဖြည်းဖြည်းချင်း ကြီးမားလာသည်။ အသက်ဓာတ်က မိစ္ဆာဝေဟင်မျှော်နန်းရှိ ရင်ပြင်တစ်ခုလုံးကို ပြည့်နှက်သွားလေ၏။

တခြားသူများက သူတို့၏ ခန္ဓာကိုယ်သည် အားပြည့်ကာ ပြန်လည်ကောင်းမွန်လာသည်ကို ခံစားမိလိုက်ကြသည်။ သူတို့၏ ဒဏ်ရာများက ပိုမိုကောင်းမွန်လာပြီး အဆိပ်သည်လည်း ပြေပျောက်သွားလေသည်။

ဒဏ်ရာအပြင်းထန်ဆုံး ရရှိထားသည့် ကျူးထျန်းယွမ်နှင့် ယဲ့ထျန်းရှင်းတို့ပင် သူတို့၏ ဒဏ်ရာအများစုက ချက်ချင်းဆိုသလို ကောင်းမွန်လာကြသည်။

ထိုစဥ် ဒဏ်ရာရရှိထားသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများ၏ ချီသွေးကြောများက အပြာရောင်ကြာ၏ အသက်ဓာတ်ဖြင့် သူတို့က အလျင်အမြန် ကောင်းမွန်လာကြသည်။ အဆိပ်အများစုက ကောင်းကင်ကျမ်း၏ စွမ်းအားဖြင့် ပြေပျောက်သွားကြသည်။

ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက စိတ်သက်သာရာ ရသွားကြသည်။ ပွင့်ချပ်လွှာများက မြေပြင်ပေါ် လွှမ်းခြုံထားပြီးနောက် ဖြည်းဖြည်းချင်းဆီ ပျောက်ကွယ်သွားသည်။ လုကျိုးက သူ့ထူးခြားအံ့ဖွယ်စွမ်းအားကို ချုပ်တည်းမထားပေ။ သူက ကုသရေးနည်းစနစ်ထဲ အရာအားလုံးကို ထည့်သွင်းထား၏။

တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို တစ်ခုခုလုပ်ပေးရင် ငါက ဆယ်ဆပြန်ပေးဆပ်မယ်...

သူက မိစ္ဆာဝေဟင်မျှောနန်း၏ မျှော်နန်းသခင်နှင့် ကိုက်ညီသည့် အပြုအမူမျိုးကို လုပ်ဆောင်လိုက်သည်။

တခြားသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက ထရပ်လိုက်ပြီး သူ့အား ကျေးဇူးတင်ကြသည်။

" ကျိချန်းပေ့ ကျုပ်တို့ကို ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

" ကျိချန်းပေ့ကို ကျေးဇူးတင်ပါတယ် "

လုကျိုးက လှည့်လိုက်ပြီးနောက် တုန်ယင်နေသည့် ကျဲခိုက်အား ကြည့်ကာ မေးလိုက်သည်။

” အဆိပ်ဖြေဆေးက ဘယ်မှာလဲ "

ကျဲခိုက်က သူ့ခါးမှ ပုလင်းငယ်အား ထိုးပြကာ သူ့မျက်ဝန်းမှ မျက်ရည်များ စီးကျလုနီးပါး ဖြစ်နေလေသည်။

ရှောင်ယွမ်အာက ပျံသန်းလာပြီး ထိုပုလင်းငယ်အား ယူကာ လုကျိုးဆီ ပေးလိုက်သည်။

လုကျိုးက အနံ့ခံကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ " လိုလိုမယ်မယ် အဆိပ်ဖြေဆေး သောက်လိုက်ကြ "

သူ့ကုသရေးစွမ်းအားက အဆိပ်အများစုကို ပယ်ပျောက်နိုင်သော်လည်း အဆိပ်ဖြေဆေး ရှိနေလေရာ ဖြုန်းတီးဖို့ မသင့်တော်ပေ။ သူက ပုလင်းငယ်အား တခြားသူများဆီ ပစ်ပေးလိုက်သည်။

ကျူးထျန်းယွမ်က ဖမ်းလိုက်၏။ သူက အနံ့ကို ရှူလိုက်ပြီးနောက် ခေါင်းညိတ်ကာ " ဒါက တကယ့်ကို ဖြေဆေးပဲ။ ကျဲခိုက် မင်းက ရှေးဟောင်းသူတော်စင်ဂိုဏ်းအတွက် အရှက်ရစရာပဲ”

" သက် … သက် သက် သက် … သက်ညှာပေးပါ " ကျဲခိုက်က လက်ဝေ့ကာ ပြောလိုက်သည်။

” ကျိ ကျိချန်းပေ့ ဒါက နားလည်မှုလွဲတာပါ။ ကျိချန်းပေ့က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဆိုတော့ ကျွန်တော်က ကောင်းကင်ဘုံက စိန်ခေါ်ဖို့ သတ္တိရှိနေရင်တောင် ကျိချန်းပေ့ကို ဘယ်လိုလုပ် စိန်ခေါ်ရဲပါ့မလဲ "

လုကျိုးက မထူးမခြားနား ပြောလိုက်သည်။

”မင်းက မင်းရဲ့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့်နဲ့ ငါ့တပည့် ပွင့်ချပ်ခုနစ်လွှာ ကျင့်ကြံသူကို အနိုင်ကျင့်ထားတာလေ။ တရားမျှတအောင် ငါလည်း ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်နဲ့ တိုက်ခိုက်သင့်တာပေါ့။ တကယ်လို့ မင်း နိုင်ရင် လွှတ်ပေးမယ်”

" ... "

ကျဲခိုက်က ပြောရင်းဖြင့် ကြက်သီးများ ထလာလေသည်။

ထိုစကားများကို ကြားကာ တခြားသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက လုကျိုး၏ စကားသည် အဓိပ္ပာယ်ရှိကြောင်း ခေါင်းညိတ်လိုက်ကြသည်။

ကျဲခိုက်က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ဖြစ်ရက်နှင့် ပွင့်ချပ်ခုနစ်လွှာ ကျင့်ကြံသူကို လိုက်လံဖမ်းဆီးခဲ့သည်။ ယခုတွင် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရဖို့ သူ့အလှည့် ရောက်လာလေပြီ။

သူ့သတ္တိက ဘယ်ရောက်သွားပြီလဲ။

ကျဲခိုက်က အောက်ငုံ့လိုက်ပြီးနောက် သူ့မျက်ဝန်းတွင် သွေးဆာမှုတချို့ ဖြတ်ပြေးသွားသည်။ သူက ကျူးထျန်းယွမ်နှင့် တခြားသူများကို ကြည့်ကာ အံကြိတ်လိုက်ပြီးနောက် ထွက်ပြေးတော့သည်။

ဘန်း

ကျဲခိုက်က အဝေးမရောက်ခင် ပေ ၁၅၀ မြင့်မားသည့် ပွင့်ချပ်ကိုးလွှာ ရွှေကြာကြီးက လျှပ်စီးလို အလျင်ဖြင့် သူ့ရှေ့တွင် ပေါ်ထွက်လာသည်။

ဤအရာနှင့် ပတ်သက်ပြီး သံသယဖြစ်စရာ မရှိပေ။

လုကျိုးက တည်ငြိမ်လျက်ဖြင့် ကျဲခိုက်အား ဖမ်းဆီးလိုက်သည်။

ကျဲခိုက်က နာကျင်မှုကို တောင့်ခံထားရင်း သူ့ချီပင်လယ်အား လောင်ကျွမ်းလိုက်သည်။ သူက ထိုလှုပ်ရှားမှုများဖြင့် အနောက်ဘက်သို့ ပြေးထွက်သွား၏။

ဝှစ်

စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို ပွင့်ချပ်ကိုးလွှာ ရွှေကြာ စိတ်ဝိညာဥ်သဏ္ဌာန်က ကျဲခိုက်ရှေ့တွင် မျက်စိတစ်မှိတ်အတွင် ပြန်လည်ပေါ်ထွက်လာ၏။

ဘန်း

ကျဲခိုက်က လွင့်စဉ်သွားပြီး တခြားသူများရှေ့ ပြုတ်ကျလာသည်။

လုကျိုးကမူ မထူးမခြားနား ကျန်ရှိနေသေးသည်။

ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်မှ ထုတ်လွှတ်နေသည့် ရွှေအလင်းတန်းနှင့် တောက်လောင်နေသည့် ရွှေကြာတို့က ကျဲခိုက်အား ခုခံလိုမှုများအား ပျောက်ဆုံးသွားစေသည်။ ထိုအရာဖြင့် သူသည် စိတ်လွှတ်သွားဟန်ပေါ်၏။ ဤတစ်ကြိမ် သူက မရှောင်တော့ပေ။ ထို့အစား သူက သူနှင့်အနီးဆုံး ဖြစ်သည့် ယဲ့ထျန်းရှင်းဆီ ပြေးသွားကာ

" ကျိချန်းပေ့ ဒါက ခင်ဗျားက ကျုပ်ကို အတင်းဖိအား ပေးခဲ့တာဘဲ။ ကျုပ် သေရမယ်ဆိုရင် တစ်ယောက်ယောက်ကိုတော့ ဆွဲခေါ်သွားရမယ်”

ယဲ့ထျန်းရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

ထိုစဥ် ကျဲခိုက်က ခုန်ပြီး စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်ဖို့ ပြင်ဆင်ထားသည်။

ဝေါ

သို့သော် ကျဲခိုက်က ခြေမကြွခင် လုကျိုးက ကောင်းကင်မှ ဆင်းသက်လာပြီး ကျဲခိုက်၏ ကျောပေါ် ကျရောက်လာသည်။

ကျဲခိုက်က မြေပြင်ပေါ် ပြားပြားဝပ်သွားလေ၏။ သူ့ချီပင်လယ်က ကြေမွသွားကာ ကနဦးချီပင် သူ့ဆီမှ ထွက်သွားပြီး ပတ်ဝန်းကျင်သို့ ပြန်ရောက်ရှိသွားသည်။

" တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် "

ကျဲခိုက်က မဟာနည်းစနစ်ကို ထုတ်သုံးခဲ့သည်။ သို့သော်လည်း သူနှင့် လုကျိုး၏ ကျင့်ကြံဆင့်ကြားမှ ကွာခြားချက်သည် မိုးမြေလောက် ကြီးမားနေလေ၏။

လုကျိုးက သူ့အပြုအမူဖြင့် ပွင့်ချပ်ကိုးလွှာအဆင့်အောက်ရှိလူတိုင်းသည် အမှိုက်သရိုက်ဖြစ်ကြောင်း ပြသခဲ့သည်။

လုကျိုးက သူ့ချီပင်လယ်အတွင်းရှိ ကနဦးချီအား အကဲဖြတ်လိုက်သည်။ သူ့တွင် ပမာဏ အလုံအလောက် ရှိထားလေသည်။ ပွင့်ချပ်ရှစ်လွှာမှ ထွက်ပေါ်နေသည့် စွမ်းအားများက တည်ငြိမ်သွားပြီး သူ့ချီပင်လယ်ကလည်း တည်ငြိမ်သွားသည်။

" ... "

တခြားသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက ကျဲခိုက်ကို မြင်သည့်အခါ တံတွေးမျိုချလိုက်မိကြသည်။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူနှင့် တိုက်ခိုက်နေသည်မှာ ပုရွက်ဆိတ်က သစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေသည်နှင့် တူသည်။ ကျဲခိုက်က သူ့အင်အားကို မသိပေ။ ဤသည်က ပွင့်ချပ်ကိုးလွှာအဆင့် စွမ်းအား ဖြစ်၏။ ဤသည်ဖြင့် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများသည် ပွင့်ချပ်ကိုးလွှာကို ရောက်ဖို့ ပိုမို စိတ်အားတက်ကြွလာကြသည်။

ဤတစ်ကြိမ် လုကျိုးက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ရုပ်သိမ်းပြီးနောက် တခြားသူများရှေ့ မက်တတ်ရပ်လိုက်သည်။ သူက ကျဲခိုက်အား မကြည့်တော့ပေ။

" မင်းတို့က ငါ့ကိုအလေးအနက် ဆက်ဆံရင် ငါကလည်း ကြင်ကြင်နာနာ ဆက်ဆံမယ်။ ငါက အကောင်းအဆိုးကြားမှာ ခွဲခြားတတ်တယ်”

မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်အပြင်ဘက်တစ်ခုလုံး တိတ်ဆိတ်သွားသွားသည်။ တခြားသူများက ဦးညွှတ်လိုက်ကြ၏။

" ကျိချန်းပေ့ရဲ့ သမာသမတ်ကျမှုကို ကျုပ်တို့ လေးစားမိပါတယ် "

" အဲ့ဒီအရှက်မဲ့တဲ့ မိစ္ဆာကျဲခိုက်က သူနဲ့ တန်တာရသွားတာပဲ "

ထိုစဥ် မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲများ တပည့်များနှင့် တခြားသော တာ့ယန် ကျင့်ကြံသူများက အဖွဲ့လိုက် ပြန်လည်ရောက်ရှိလာကြသည်။

လုကျိုးက တာ့ယန် ကျင့်ကြံသူများအား လှည့်ကြည့်လိုက်ကြသည်။

ဤသည်က ကျင့်ကြံသူ အယောက် ၁၀၀ ထက်ပိုလေသည်။ အကာအရံအတွင်း မဝင်ရောက်နိုင်သည့် ကျင့်ကြံသူများကို ထည့်တွက်လိုက်လျှင် အယောက်ထောင်ချီ ရှိ၏။ သူတို့က လေထဲတွင် ပျံသန်းရင်း တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။

" ကျိချန်းပေ့ရဲ့ သရုပ်ပြမှုနှင့် သင်ကြားမှုအတွက် ကျေးဇူးတင်ပါတယ် "

…

အခန်း (၇၀၈) ကျန်ရှိနေသော မှတ်စုများနှင့် ပုံကြမ်းများ

တခြားသူများက လုကျိုးကို ထပ်မံကိုးကွယ်လာကြသည်။ သူတို့က ကမ္ဘာကြီးထံ ဟောပြောပို့ချပေးသည့် သူ့ရက်ရောမှုအတွက် ကျေးဇူးတင်နေကြသည်။ သူတို့က ပွင့်ချပ်ကိုးလွှာအဆင့်ရောက်ဖို့ အလားအလာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လက်ရှိ အားလုံးက သူ၏သရုပ်ပြမှုဆီမှ တစ်စုံတစ်ခု သင်ယူခဲ့ကြရသည်။

" တင်း လူအယောက်တစ်ထောင်ဆီက ကိုးကွယ်ခံရတဲ့အတွက် ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါတယ် "

ထိုသတိပေးချက်ကို ကြားပြီးသည့်နောက်တွင် လုကျိုးက ချုပ်တည်းမထားတော့ပေ။ သူက မြေပြင်မှ အသာကြွကာ အကာအရံမှ ချက်ချင်းထွက်လာလိုက်သည်။

တခြားသူများက ထိုအရာကြောင့် နားမလည်နိုင်ဖြစ်သွားကြ၏။

ဝှစ်

လေထဲတွင် ဆူညံသည့် အသံတစ်ခု ထွက်လာပြီး ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွင်ပေါ်လာသည်။ ထိုအရာက ရွှေရောင်အလင်းဖြင့် တောက်ပနေ၏။ နေဝင်မှုကပင် သူ၏ အလင်းရောင်ကို ပျောက်ကွယ်သွားအောင် မလုပ်ဆောင်နိုင်ပေ။

တခြားသော ကျင့်ကြံသူများက အဝေးမှ ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဥ်သဏ္ဌာန်ကို လှမ်းကြည့်နေရင်း တအံ့တသြ ဖြစ်နေကြသည်။

စိတ်ဝိညာဥ်သဏ္ဌာန်၏ အောက်တွင် ဓားသွားနှင့်တူသည့် ရွှေရောင်ပွင့်ချပ်ကိုးလွှာက ရွှေကြာကို ဝေ့ပတ်နေသည်။ ပို၍ကြောက်ဖို့ ကောင်းသည့်အချက်မှာ ပွင့်ချပ်ကိုးလွှာ၏ ထိပ်ဖျားတွင် ရွှေရောင်မီးတောက်များ ရှိနေခြင်း ဖြစ်၏။ ထို့အပြင် ယခင်က မည်သူကမျှ ထိုသို့ တောက်လောင်နေသည့် ကြာပန်းမျိုး မမြင်ဖူးကြပေ။

ကျင့်ကြံသူများက လေထဲတွင် ဝဲပျံရင်း တအံ့တသြ ကြည့်နေကြသည်။

ရွှေနန်းဥယျာဥ်တောင်အောက်ရှိ ကျင့်ကြံသူများက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေကြသည်။

သူတို့အတွက် ဤတောက်လောင်နေသည့် ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်က ကမ္ဘာကြီးတွင် အလှုပ်ရှားနိုင်ဆုံး အနုပညာတစ်ခုဖြစ်၏။

လူတော်တော်များများက ထိုအနုပညာနောက်လိုက်ဖို့ ဘဝတစ်သက်တာလုံး မြှုပ်နှံထားကြသည်။

" တင် လူအယောက်နှစ်ထောင်ဆီမှ ကိုးကွယ်ယုံကြည်ခြင်းခံရတဲ့အတွက် ကုသိုလ်ရမှတ် နှစ်ထောင် ရရှိပါတယ် "

လုကျိုးက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ပြရခြင်း၏ သက်ရောက်မှုကို ကျေနပ်နေမိသည်။

တချိန်တည်းဆိုသလို လုကျိုး၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်ထွက်လာ၏။ ယခု သူက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ပြီဖြစ်ရာ စီရင်စုကိုးခုလုံးထံ သွား၍ စိတ်ဝိညာဥ်သဏ္ဌာန်ကို ကြွားသင့်သည် မဟုတ်ဘူးလား။

သူက အချိန်ကန့်သတ်ချက်မရှိသည့်အတွက် ပို၍ပင် နေလို့ကောင်းလာသည်။

သို့သော်လည်း သူ့ချီပင်လယ်က အပိုစွမ်းအား မထုတ်လွှတ်နိုင်သောကြောင့် သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထိန်းထားဖို့ သူ့ကိုယ်ပိုင်စွမ်းအားကိုသာ သုံးစွဲနေရသည်။

ထိုစဥ် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက ဤသို့ပွင့်ချပ်ကိုးလွှာ ရွှေကြာကို မမြင်ဖူးကြပေ။ သူတို့က ပွင့်ချပ်ထိပ်ဖျားမှ မီးတောက်ကို မြင်သည့်အခါ ပို၍ပင် တအံ့တသြ ဖြစ်လာကြ၏။ ဤသည်က ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများအတွက် ပို၍ပင် မှန်ကန်လေသည်။

သူတို့က သူတို့၏ ခေါင်းဆောင် ယွင်ထျန်းလော့ အသက်ရှင်စဥ်က ပြောခဲ့သည့်အရာကို အမှတ်ရလိုက်ကြသည်။ သူက သူကိုယ်တိုင် အဆင့်မတက်လှမ်းနိုင်သည့်အတွက် ပိုမို ဉာဏ်ကောင်းသည့်သူထံ အခွင့်အရေးပေးသည်က ပိုမို ကောင်းမွန်ကြောင်း ပြောပြခဲ့သည်။

" ကျိချန်းပေ့က သရုပ်ဖော်ပြနေတာပဲ " နန်ကုန်းဝေက ပြောလိုက်သည့်အတွက် အားလုံးက လက်ရှိအခြေအနေသို့ ပြန်လည်အသိဝင်လာကြသည်။

" ကောင်းကင်လွန်းနဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာတောင် ဒီလိုမျိုး သရုပ်ဖော်နိုင်သေးတယ်။ သူ့ရဲ့ သမာသမတ်ကျမှုကတော့ တကယ်ကို အံ့သြစရာပါပဲ "

တခြားသူများက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

လုကျိုးက သူ့ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် အကာအရံအတွင်း ပြန်လည်ဝင်ရောက်လာကာ ဖြည်းဖြည်းချင်း ဆင်းသက်သာသည်။

သူက နန်ကုန်းဝေအား ကြည့်ကာ မေးလိုက်၏။

” ကောင်းကင်လွန်းလား "

နန်ကုန်းဝေအား ဦးညွှတ်ကာ ပြောလိုက်သည်။

" ကျိချန်းပေ့ ကောင်းကင်လွန်းက လူနဲ့ တိုက်ခိုက်နေတုန်းက ကျဲခိုက်က အဲ့ဒီပစ္စည်းရဲ့ နာမည်ကို ထုတ်ဖော်ခဲ့တယ် "

" ကျဲခိုက်က အဲ့ဒီအကြောင်းတွေကို ဘယ်လိုလုပ် သိတာလဲ " လုကျိုးက မေးလိုက်သည်။

ကျူးထျန်းယွမ်က ဖြေချင်သော်လည်း သူက သူ့ဒဏ်ရာများနှင့် အခက်တွေ့နေလေ၏။ သူက ချောင်းဟန့်ကာ ပြောလိုက်၏။

" အစ်ကိုကြီးကို ပေးတဲ့ မှတ်စုကို မှတ်မိသေးလား "

လုကျိုးက ကျူးထျန်းယွမ်အား ကြည့်လိုက်သည်။

ကျူးထျန်းယွမ်က ဆက်ပြောပြလိုက်၏။

" အဲ့ဒီမှတ်စုကနေ စာရွက်တော်တော်များများ အဖြဲခံထားရတယ်လေ။ တချို့က စာရေးသူကိုယ်တိုင်က ဖြဲထားပြီးတော့ တချို့က ကျဲခိုက်က ဖြဲထားတာ။ အဲ့ဒီအချိန်တုန်းက ရှေးဟောင်းသူတော်စင်ဂိုဏ်းက အပြင်ဘက်ရော အတွင်းရော ပြဿနာတွေ တက်နေတာဆိုတော့ ကျဲခိုက်က သူ့ရဲ့လူတွေနဲ့ ပေါင်းပြီးတော့ ဂိုဏ်းချုပ် ဖြစ်လာချင်ခဲ့တာလေ။ အဲ့ဒါကြောင့် သူက ကျွန်တော်အခန်းထဲကို ခိုးဝင်ပြီးတော့ ဒီပစ္စည်းကို ယူခဲ့တာပဲ။

ဒါပေမဲ့ ကျွန်တော် သူ လုပ်ခဲ့တာကို သတိထားမိတဲ့အချိန် ပြန်ယူခဲ့တယ်။ သူက စာရွက်အချို့ကို ဖြဲထားလိမ့်မယ်လို့တော့ ထင်မထားမိဘူး”

မှတ်စုအကြောင်းပြောသည့်အခါ စီးဝူယာ့က ထွက်လာပြီး မေးလိုက်၏ " ဖြဲထားတဲ့ စာရွက်တွေကို ဖတ်ဘူးလား "

ကျူးထျန်းယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်” အရှင်းဆုံးပြောရရင် ဖြဲထားတဲ့ စာရွက်တွေမှာ ဘာရေးထားတယ်ဆိုတာကို နားမလည်ဘူး။ ပြီးတော့ အများစုကို မေ့နေသလောက်ဘဲ။ မှတ်မိတာဆိုလို့ ရှုပ်ထွေးနေတဲ့ ပုံစံတွေပါတဲ့ ပုံကြမ်းတချို့ ရှိတယ်ဆိုတာဘဲ။ အဲ့ဒီမှာ အစီအရင်သွေးကြောတွေ အကြောင်း ပါသေးတယ်။ ကောင်းကင်လွန်းက အဲ့ဒီထဲက တစ်ခုပဲ”

တခြားသူများက အံ့အားသင့်သွားကြသည်။

စီးဝူယာ့က တခြားသူများနှင့်စာလျှင် အသေးစိတ် မြင်တတ်၏။ ကျူးထျန်းယွမ်၏ အဖြေကို ကြားပြီးသည့်နောက်တွင် သူက ကောက်ချက်ချလိုက်သည်။

" ဒီလူက လွန်ခဲ့တဲ့ ရာစုနှစ်ကတည်းက ရွှေကြာနယ်မြေဆီ လာနိုင်ဖို့ သယ်ယူပို့ဆောင်ရေးကို ဖန်တီးနေတာ ဖြစ်လောက်တယ်။ အနီရောင်ခေါင်းတလားက ဒီသယ်ယူပို့ဆောင်ရေးအတွက် အကြမ်းဖျင်းပုံစံပဲ။ ကောင်းကင်လွန်းကတော့ အဆင့်မြင့်ပေမဲ့လို့ တစ်ယောက်ပဲ သယ်ဆောင်နိုင်တယ်။ အနီရောင်ကြာ ကျင့်ကြံသူတွေက ဒီလောက်နဲ့ ရပ်တန့်သွားမှာ မဟုတ်ဘူး။ နှစ်၃၀၀ ကြာပြီးတဲ့နောက်မှာ သူတို့ဆီမှာ ပိုမိုကြီးမားတဲ့ ကောင်းကင်လွန်းတွေ ရှိနေလောက်ပြီ "

" ကောင်းကင်လွန်းကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူတို့တွေ တာ့ယန်မှာ ခြေချတာနဲ့ နှိမ်နှင်းပစ်ကြတာပေါ့” ဖန်ကျုံးကပြောလိုက်သည်။

" အပြောက လွယ်တယ်။ အနီရောင်ကြာ ကျင့်ကြံသူတွေက မလွယ်ဘူး။ သူတို့ထဲက လူတွေက အနီရောင်မီးတောက်ကို ကျွမ်းကျင်တဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတောင် ဖြစ်နေနိုင်တယ်။ ပွင့်ချပ်ဆယ်လွှာ ဆယ့်တစ်လွှာနှင့် အလွှာတစ်ရာထိ ရှိရင် ဘယ်လိုလုပ်မှာလဲ” မင်ရှစ်ရင်က ဝင်ပြောလိုက်၏။

တွမ့်မူရှန်းက မင်ရှစ်ရင်အား ကြည့်လိုက်သည်။

စစ်ရှစ်တိက တာဝန်တွေမှာဆိုရင် တကယ်ကို အားကိုးလို့ ရတယ်။ ဒါပေမဲ့ သူက တခြားသူတွေကို အပြစ်ပြောရတာကို သဘောကျလွန်းတယ်။ ပွင့်ချပ်အလွှာတစ်ရာကျင့်ကြံသူကို အသာထား ဆယ်လွှာတောင် မတွေ့ဖူးသေးဘဲနဲ့များ...

" ရှစ်စွင်း ကျွန်တော် ကောင်းကင်လွန်းရဲ့ အစိတ်အပိုင်းတွေကို စုစည်းပြီးသွားပြီ။ ကျွန်တော်တို့တွေ ပြန်လည်ပြင်ဆင်နိုင်လောက်တယ်" စီးဝူယာ့က ပြောလိုက်သည်။

" ကောင်းပြီ။ မင်းဆီ အပ်ထားလိုက်မယ်”

" ဟုတ်ကဲ့ ရှစ်စွင်း "

လုကျိုးက အခြေအနေကောင်းဟန် မပေါ်သည့် ကျူးထျန်းယွမ်အား ကြည့်ကာ မေးလိုက်သည်။

” မင်းရော ဘယ်လိုနေသေးလဲ "

ကျူးထျန်းယွမ်က လက်ဝေ့လိုက်ပြီး " ဒါက ခြစ်ရာလောက်ပါဘဲ။ ကိစ္စမရှိပါဘူး။ ရက်နည်းနည်းလောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ။ ဒါနဲ့ ကျုပ်ရဲ့ တုံးအတဲ့သားရော ဘယ်ရောက်နေတုံး "

သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းကို ရှာမတွေ့ပေ။ တခြားကျင့်ကြံသူများက ဘေးပတ်လည်ကို ကြည့်လိုက်ကြ၏။

ထိုစဥ် တောင်အောက်ဆီ ပျံသန်းလာသည့် ကျူးဟုန်ကုန်းကို မြင်လိုက်ရသည်။

ကျူးဟုန်ကုန်းက ဒဏ်ရာအပြည့်ဖြစ်နေသည့် ကျူးထျန်းယွမ်ကို မြင်သည့်အခါ တုန်လှုပ်မိသွားသည်။ သူ့အဖေက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူ ဖြစ်လေရာ မည်သို့များ ဒဏ်ရာရရှိသွားသနည်း။ သူ့အဖေကို မိစ္ဆာဝေဟင်မျှော်နန်းတွင် မည်သူကများ ထိခိုက်အောင် လုပ်ရဲသနည်း။

သူ့ရှစ်စွင်းလား...

တခြားသူများ ကျူးဟုန်ကုန်းအား မေးခွန်းမမေးခင် ကျူးဟုန်ကုန်းက ပြောလာသည်။

” အဖေ့ဒဏ်ရာတွေက ကောင်းသား "

ကျူးထျန်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။ သူက အသိစိတ်ပြန်ဝင်လာသည့်အခါ သူ့သားအား ဆူငေါက်လိုက်၏။

” မင်းက အားယားနေတာလား။ မင်းရှစ်စွင်းက ဒီမှာရှိတယ်ဆိုတာနဲ့ မင်းကို လက်မရွယ်ဘူးလို့များ ထင်နေလား "

သူက ရှေ့တိုးလာကာ ကျူးဟန်ကုန်း၏ နားရွက်အား ဆွဲလိုက်သည်။

တွမ့်မူရှန်းက မြေပြင်ပေါ်တွင် လဲနေသည့် ကျဲခိုက်အား လက်ညှိုးထိုးကာ ပြောလိုက်၏။

” တရားခံက ဒီမှာ "

ကျူးဟုန်ကုန်းက ကျဲခိုက်အား ကြည့်လိုက်ပြီးသည့်နောက်တွင် အံ့အားသင့်သွားသည်။

ထို့နောက် ရှောင်ယွမ်အာက ဖြစ်ပျက်ခဲ့သည့်ကိစ္စများအား ပြန်လည်ပြောပြလေသည်။

ရှောင်ယွမ်အာ၏ စကားကို ကြားပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းက ဒေါသတကြီးဖြင့် ပြေးကာ ကျဲခိုက်၏ အလောင်းကို ထိုးနှက်နေသည်။

" ... "

တခြားသူများက သူ့အား ဆွံအစွာ ကြည့်နေကြ၏။

အလောင်းအား လက်သီးဖြင့် ထိုးပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းက မေးလိုက်သည်။

” ဒါက ဘာကြီးလဲ "

" ယစ်မူးနွေလေပြေ... ငါတို့ အဆိပ်တစ်သောင်းဂိုဏ်းမှာ ဒီအဆိပ်မျိုး ရှိတယ်။ ငါတို့ ပါရမီရှင်တွေရဲ့ အားထုတ်မှုနဲ့ နှစ်များစွာ လေ့ကျင့်ပြီးတဲ့နောက်မှာ ဒီဟာက ငါတို့ရှိတာ အကုန်ပဲ”

အဆိပ်တစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ် လုလျန့်က ပြောလိုက်သည်။

" ဒါက ဘာလဲ " ကျူးဟုန်ကုန်းက ကျဲခိုက်၏ အလောင်းဆီမှ အဆောင်တချို့ကို ထုတ်လိုက်သည်။

" အဆောင်တွေလား "

" ဒါက အဆောင် မဟုတ်ဘူး။ ကြည့်ရအောင် " စီးဝူယာ့က လက်ဆန့်လိုက်သည်။

ကျူးဟုန်ကုန်းက နာနာခံခံဖြင့် အဆောင်များအား စီးဝူယာ့၏ လက်ထဲ ထည့်ပေးလိုက်သည်။

စီးဝူယာ့က ဖတ်ကြည့်ပြီးသည့်နောက်တွင် အံ့အားသင့်သွားသည်။

” ဒါတွေက လော့ရှစ်ယင် ချန်ထားခဲ့တဲ့ ကောင်းကင်လွန်း၊ ရေလွန်းနဲ့ ကောင်းကင်ရထားလုံးတို့ရဲ့ ပုံကြမ်းတွေပဲ။ ရှစ်စွင်း ကြည့်ကြည့်ပါဦး”

လုကျိုးက ပုံကြမ်းများကို ကြည့်လိုက်သည်။ သူက ထိုပုံကြမ်းများကို နားမလည်သောကြောင့် စီးဝူယာ့ဆီ ပြန်ပေးကာ မှတ်စုကိုသာ ဖတ်ရှုလိုက်၏။

တချို့စာရွက်များတွင် ရေးသားထားသည်မှာ ကောင်းကင်လွန်းက အောင်မြင်နိုင်ခြေ အမြင့်မားဆုံး ဖြစ်သော်လည်း လုပ်ဆောင်နိုင်စွမ်းက နိမ့်ကျလွန်းသည်။ သို့သော်လည်း လူသားများကို တစ်ဘက်ဆီရောက်ဖို့ ကူညီပေးနိုင်လေသည်။

ငါ့လူတွေက ဒီနေရာက အားနည်းတဲ့လူတွေဆီ လာကူညီပြီးတော့ ရွှေကြာရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်အောင် လုပ်ပေးနိုင်ရင် ကောင်းမှာဘဲ။ ငါက ဒီသယ်ယူပို့ဆောင်ရေးနဲ့ အိမ်ပြန်နိုင်မလား ကြည့်ရမယ်။

သူတို့တွေက ငါ့ကို အရူးတစ်ယောက်လို ဆက်ဆံတာတော့ အတော်လေးဆိုးဝါးတာပဲ။ ငါ မှန်တယ်ဆိုတာကို ငါပဲ သိတယ်...

ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် လုကျိုးက မှတ်စုကို အမှတ်ရသွားသည်။ သူက ပုံကြမ်းများကို ကြည့်လိုက်သော်လည်း ထိုအစိတ်အပိုင်းများထဲတွင် ပွင့်ချပ်ကိုးလွှာအကြောင်း လေ့လာမှုများက ဖျက်ဆီးခံထားရသည်။

ထို့နောက် နောက်ဆုံးစာပိုဒ်နှစ်ခုတွင် ရေးသားထားသည်မှာ

ငါက ငါ့နာမည်အဟောင်းကို ပြန်သုံးလို့ မရတော့ဘူး။ ငါ ပြန်ရောက်တဲ့အခါ ဇာစ်မြစ်ကို ဖုံးကွယ်ထားမှ ဖြစ်မယ်။ ကျန့်ဝမ်ရွှီ ပေါ်ထွက်လာတာက ငါ့အစီအစဥ်တွေ အကုန် ပျက်ပြားသွားစေတယ်။ သူက ငါ့လိုမျိုးတူညီတဲ့ သယ်ယူပို့ဆောင်ရေး ဘယ်လိုလုပ် ရှိနေရတာလဲ။

ငါက လော့ရွှမ်း မဟုတ်ဘူး။ ငါက အရူးတစ်ယောက်လည်း မဟုတ်ဘူး။

All Chapters