အခန်း (၇၀၉-၇၁၁)
Vol. 48 Ch. 709-711
အခန်း (၇၀၉) ယဲ့ထျန်းရှင်းအား သင်ကြားပေးခြင်း
လုကျိုးက ဖတ်ရှုလိုက်ပြီးသည့်နောက် လက်ဝေ့လိုက်သည်။ စာရွက်နှစ်ရွက်က မီးတောက်အဖြစ် လောင်ကျွမ်းသွားပြီး ပြာဖြစ်သွားလေသည်။ ထိုပုံကြမ်းများနှင့် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိနိုင်မည့် နည်းလမ်းများက လော့ရှစ်ယင်၏ မှတ်စုများထဲ အဖိုးတန်ဆုံး ဖြစ်၏။ ယခုအခါ သူက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိသွားပြီ ဖြစ်ပြီး ပုံကြမ်းများကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ရာ တခြားအရာများကို အာရုံစိုက်စရာ မလိုတော့ပေ။
လော့ရွမ်းလား ဒါမှမဟုတ် လော့ရှစ်ယင်လား … တကယ့်ကို ခေါင်းကိုက်စရာပဲ...
စာရွက်နှစ်ရွက်ကို မီးရှို့ပစ်ပြီးသည့်နောက် ရှောင်ယွမ်အာနှင့် ခရုလေးအား ကြည့်လိုက်ပြီး ခေါ်လိုက်သည်။
" ခရုလေး "
ခရုလေးက လျှောက်လှမ်းလာ၏။
" မင်း လက်ကိုပေး "
" အို့ "
ယခင်ကဲ့သို့ သူမ၏ လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်းတင်ကာ စမ်းသပ်လိုက်သည်။
တခြားသူများက တိတ်ဆိတ်နေကြ၏။
တခြားသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက ခရုလေး၏ လှုပ်ရှားမှုကို မြင်တွေ့ဖူးကြသည်။ သူက အနီရောင်ကြာ ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။
နန်ကုန်းဝေက ဦးညွှတ်ကာ ပြောလိုက်သည်။
" ကျိချန်းပေ့ ကျုပ်ကိုယ်တိုင်မြင်ခဲ့ရတာပါ။ ဒီမိန်းမငယ်လေးက အနီရောင်စွမ်းအားကို ထုတ်လွှတ်နေတာ။ သူမက..."
တခြားသူများကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
လုကျိုးက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် သူ ထင်ထားသည့်အတိုင်း သူမက နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့်သို့ ရောက်ရှိနေလေပြီ။
သူက တခြားသူများ၏ မျက်နှာအထက် စိတ်ရှုပ်ထွေးသည့်အမူအရာကို မြင်တွေ့သည့်အခါ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
” သူမက ငါ့ရဲ့ ဆယ်ယောက်မြောက် တပည့်ပဲ”
လုကျိုး၏ စကားများက လှိုင်းလုံးတစ်ထောင် မြင့်လာစေသည့် ခဲလုံးတစ်လုံးလို ဖြစ်နေလေသည်။ အာလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီးနောက် ဆွံ့အသွားကြ၏။
ကျန့်ဝမ်ရွှီအကြောင်း ပေါက်ကြားသွားကတည်းက ကျင့်ကြံသူများသည် အနီရောင်ကြာ ကျင့်ကြံသူများအပေါ် မုန်းတီးမှု တချို့ ဖြစ်ပေါ်လာကြသည်။ ထို့အပြင် လုကျိုးက ကမ္ဘာကြီးထံ သရုပ်ပြမှု ဖော်ဆောင်သည့်အခါ ကောင်းကင်လွန်းနှင့် ထိပ်တန်းကျင့်ကြံသူတစ်ယောက်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်။ သူတို့အနေနှင့် အနီရောင်ကြာနှင့် ပတ်သက်သည့်အခါ သတိတကြီးထားသည်က ပုံမှန်သာဖြစ်၏။
သို့သော်လည်း ထိုမိန်းမငယ်လေးက လုကျိုး၏ ဆယ်ယောက်မြောက် တပည့်ဖြစ်နေသည်ကိုမူ မထင်ထားကြပေ။
လုကျိုးက ဆက်ပြောလိုက်သည်။
” သူမက အနီရောင်ကြာ ပိုင်ဆိုင်ထားပေမဲ့ သူမက ငါ့ရဲ့ ကိုးယောက်မြောက် တပည့်လိုပဲ တုံးအပြီးတော့ ရိုးသားတယ်”
" ... "
နေရခက်လိုက်တာ...
ကျိချန်းပေ့ ဆယ်ယောက်မြောက် တပည့်က ရိုးသားပြီး အပြစ်ကင်းတယ်ဆိုတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ ကိုးယောက်မြောက်တပည့်ကတော့ ရိုးသားပြီး အပြစ်ကင်းတယ်ဆိုတဲ့ စကားနဲ့ အလှမ်းဝေးနေသလိုဘဲ...
" နောက်ထပ် မေးစရာရှိသေးလား " လုကျိုးက အားလုံးကို ကြည့်လိုက်သည်။ သူ့စကားဖြင့် သူမအား သိသိသာသာ ထောက်ခံပေးလိုက်ခြင်းဖြစ်၏။ သူ့ရည်ရွယ်ချက်က ရှင်းလင်းလှသည်။ သူမက သူ့တပည့်ဖြစ်သည့်အတွက် မည်သူကမျှ သူမကို မကောင်းသည့် ရည်ရွယ်ချက်မျိုး မထားသင့်ပေ။
အဆုံးသတ်တွင် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက ဦးညွှတ်လိုက်ပြီး နှုတ်ဆတ်လိုက်ကြသည်” ဒသမ သခင်မလေးကို ကြိုဆိုပါတယ် "
လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်ကာ " ခရုလေး မင်းစိတ်ဝိညာဥ်သဏ္ဌာန်ကို ပြ "
" အို့ " ခရုလေးက လက်ဆန့်ထုတ်လိုက်သည့်အခါ အနီရောင် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်က ထွက်ပေါ်လာသည်။ ထိုစိတ်ဝိညာဥ်သဏ္ဌာန်တွင် ပွင့်ချပ်နှစ်လွှာ ရှိနေ၏။
ခရုလေးအကြောင်း မသိထားသည့် ကျင့်ကြံသူများက ထိုအရာနှင့် ပတ်သက်ပြီး မအံ့သြကြပေ။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်လို တပည့်မျိုးဖြင့် မျှော်နန်းသခင်တွင် ပွင့်ချပ်နှစ်လွှာ ကျင့်ကြံသူ တပည့်ကို လက်ခံထားသည်က ဘာမှမမှားယွင်းပေ။
အချုပ်အားဖြင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကမူ အံ့အားသင့်နေကြသည်။ သူတို့က ခရုလေးသည် မျှော်နန်းဆောင်ကို လက်တလောလေးကမှ ဝင်ရောက်လာကြောင်း သိထားကြသည်။ သို့သော်လည်း အချိန်တိုလေးဖြင့် သူမသည် ပွင့်ချပ်နှစ်လွှာအဆင့် ရောက်ရှိခဲ့လေသည်။ ဤသည်က လူသားအနေဖြင့် ရောက်ရှိနိုင်သည့်အရာ ဟုတ်ရောဟုတ်ရဲ့လား။
" ဒါက အနီရောင်ကြာကိုး "
" ဒါက ရွှေရောင်ကြာလိုပါဘဲ။ အရောင်ပဲ ကွဲသွားတာ”
ခရုလေးက စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလိုက်သည်။
" မဆိုးဘူး " လုကျိုးက ကျေကျေနပ်နပ် ပြောလိုက်သည်။
ကျူးဟုန်ကုန်းက သူ့ရှစ်စွင်း၏ စကားကို ကြားသည့်အခါ အနည်းငယ် စိတ်ခုမိသွားသည်။ သူက ပွင့်ချပ်လေးလွှာအဆင့် ရောက်စဥ်အခါက ထွက်သွားဖို့သာ အပြောခံခဲ့ရသည်။ သို့သော် ခရုလေးက ပွင့်ချပ်နှစ်လွှာ ကျင့်ကြံဆင့် ရောက်ရှိနေရုံမျှဖြင့် ချီးကျူးခံရလေသည်။ သူ့ရှစ်စွင်းက မျက်နှာလိုက်လွန်းသည်ဟု ခံစားမိနေသည်။
လုကျိုးက အလောင်းအားကြည့်ကာ ပြောလိုက်သည်။
” ဒါကို ရှင်းလိုက်တော့ "
" နားလည်ပါပြီ "
" တကယ်လို့ တခြားဘာမှမရှိရင် ဒီနေ့တော့ ဒီလောက်ပဲ” လုကျိုးက လက်နောက်ပစ်ကာ အရှေ့ဘက်မျှော်နန်းဆောင်ဆီ လျှောက်လှမ်းသွားသည်။ သူ မထွက်သွားခင် ခေတ္တမျှရပ်တန့်လိုက်ပြီးနောက် ယဲ့ထျန်းရှင်းအား ကြည့်ကာ ပြောလိုက်၏။
” ခဏနေရင် အရှေ့ဘက်မျှော်နန်းဆောင်ဆီ လာခဲ့။ မင်းကို ကုသပေးမယ်”
ထိုအရာကို ကြားပြီး ယဲ့ထျန်းရှင်းသည် လက်ချောင်းများက အနည်းငယ် တုန်ယင်သွားလေသည်။ သူမက သူမရှစ်စွင်း၏ မျက်နှာသာပေးမှုကြောင့် စိတ်လှုပ်ရှားနေမိ၏။ သူမက ဦးညွှတ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်” ဟုတ်ကဲ့ပါ ရှစ်စွင်း "
တခြားသူများက ဦးညွှတ်လိုက်ပြီးနောက် လုကျိုး ထွက်သွားသည်ကို စောင့်ဆိုင်းနေကြသည်။
ကျူးထျန်းယွမ်က လုကျိုး ထွက်သွားသည်ကို ကြည့်နေသည်။ လုကျိုး ထွက်သွားပြီးသည့်နောက်တွင် သူက ကျူးဟုန်ကုန်းအား ပြောလိုက်၏။
” သား အဖေ့ကိုယ်စား မင်းရဲ့ ရှစ်စွင်းဆီ အဖေ့ကို ကုသပေးဖို့ တောင်းဆိုပေးလို့ ရမလား "
" ထားလိုက်ပါ အဖေရာ။ ကျွန်တော်တောင် အဲ့လိုကုသခွင့်မျိုး ရတာမဟုတ်ဘူး " ကျူးဟုန်ကုန်းက ရေရွတ်လိုက်သည်။
" ... "
တချို့သော ကျင့်ကြံသူများက နေရခက်လာသည်ကို တွေ့ကာ ချက်ချင်းထွက်သွားကြသည်။
ထိုစဥျ
နန်ကုန်းဝေက ရပ်တည်ချက်ကို အခိုင်အမာ ပြသသည့်အလား ကျယ်လောင်စွာ ပြောလိုက်၏။
” ငါက အလောင်းကို ရှင်းလိုက်မယ် "
ဖုန်းယီကျစ်ကလည်း မြန်မြန်ဝင်ပြောလိုက်၏” ငါက ကြမ်းပြင်တွေ ရှင်းတာတော်တယ်။ ငါ လုပ်လိုက်မယ်”
ချူးနန်က မျက်လုံးဝေ့ကာ အပေါ်ကို မော့ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်သည်။
” ငါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ထိပ်ကို စစ်ဆေးကြည့်လိုက်မယ်။ စောစောက တုန်ခါသွားတာဆိုတော့ တိုင်လုံးတချို့ ပျက်စီးသွားလောက်ပြီ”
ထိုသို့ ပြောပြီးသည့်နောက်တွင် သူက အနောက်ဘက်နှင့် မြောက်ဘက်မျှော်နန်းဆောင်များဆီ ပျံသန်းသွားလိုက်သည်။ သူက ခိုးကြောင်ခိုးဝှက် အမူအရာဖြင့် ပျက်စီးနေသည့် အရိပ်အရောင်ကိုပင် ရှာဖွေလိုက်သေး၏။
တခြားသော ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများကလည်း ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေကြသည်။
ကျန့်ကျစ်ရွေ့နှင့် လုလျန့်တို့က အကာအရံအား လက်ညှိုးထိုးကာ ပြောလိုက်သည်။
” အကာအရံက အနည်းငယ် ပျက်စီးသွားပြီ။ ငါက ဒဏ်ရာရနေတယ်ဆိုပေမဲ့ ကနဦးချီတချို့ ကျန်သေးတယ်၊ ငါ အကာအရံကို ပြင်လိုက်မယ်”
သူတို့က စကားအဆုံးတွင် နှစ်ဦးသား ကောင်းကင်ဆီ ပျံသန်းသွားကြသည်။
ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် နန်ကုန်းဝေက ပြန်လည်ကျင့်ကြံထားသည့် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ဖြစ်၏။ ထိုစဥ် သူက ကျဲခိုက်၏ အလောင်းကို ရှင်းလင်းရေးကို တာဝန်ယူထားသည်။
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က အဝေးမှ ကြည့်ကာ ကူကယ်ရာမဲ့စွာ လက်ခါလိုက်ကြသည်။ သူတို့က ဘာမှလုပ်စရာမရှိသည့်အတွက် အနည်းငယ် ကြောင်အအဖြစ်နေကြ၏။
" ညီအစ်ကိုကျိုး ငါတို့ အလုပ်တော့ အလုခံရပြီထင်တယ်”
" ငါလည်း သိတယ်။ ငါတောင် နည်းနည်းဖိအား ခံစားနေရတယ်”
" အဟုတ်ပဲ။ သူတို့က ဟန်ဆောင်ထားတဲ့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတွေများလား။ သူတို့က လမ်းမပေါ်က မသေမျိုးတွေနဲ့ မကွဲပြားဘူးလို့ ဘာလို့ခံစားနေမိပါလိမ့်”
" သူတို့က ဟန်ဆောင်နေတာလားတော့ မသိဘူး။ ဒါပေမဲ့ ရှိတာတစ်ခုက တကယ်လို့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတွေက ငါတို့အလုပ်ကို ယူသွားရင် ငါတို့တော့ အခြေအနေဆိုးပြီ”
...
လုကျိုးက ပွင့်ချပ်ကိုးလွှာ အဆင့် ရောက်ရှိပြီးသည့်နောက်တွင် သူ့အတွေ့အကြုံများ သို့မဟုတ် ရွှေရောင်မီးတောက်များအကြောင်း ထုတ်မပြောပေ။ သူတို့က သူ့ကိုယ်ပိုင်လျို့ဝှက်ချက်များနှင့် ဆက်နွယ်နေလေ၏။ သူက အကြောင်းပြန်လှန်ကတ်ကို အသုံးပြုကာ ပွင့်ချပ်ကိုးလွှာ အဆင့်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုစဥ် သူက အိပ်မက်မက်နေသလိုမျိုး ခံစားမိနေသည်။
သူက အရှေ့ဘက်မျှော်နန်းဆောင်သို့ ပြန်ရောက်ရှိလာသည့်အခါ စနစ်အား ဆင့်ခေါ်လိုက်၏။
လက်ကျန်သက်တမ်း - ၂၁၉၀၀၃ ရက်
နှစ် ၆၀၀ ပဲ။ ဒါက အမှန်ပဲ။
ကုသိုလ်ရမှတ် - ၁၄၆၄၀
သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူဖြစ်နေမှန်း သေချာသော်လည်း သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထပ်မံဆင့်ခေါ်ဖို့ မတားဆီးနိုင်ပေ။
ဝှစ်
သူ့ရှေ့တွင် အသေးစားစိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်။ ရွှေရောင်မီးတောက်များက သူ့အား အံ့အားသင့်စေ၏။ ထိုအရာက ပွင့်ချပ်ကိုးလွှာအဆင့်ကို မတက်လှမ်းခင် စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်။
အနီရောင်ကြာတွင် ကံမီးတောက်ရှိပြီး ရွှေရောင်ကြာတွင် ရွှေရောင်မီးတောက် ရှိသော်လည်း ကျန့်ဝမ်ရွှီတွင် ဘာမှမရှိပေ။ ဆိုလိုသည်မှာ လူအားလုံးက ထိုစွမ်းအားကို ရယူနိုင်ခြင်း မဟုတ်ပေ။
သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ရှုစားပြီးနောက် ပြဿနာတစ်ခု ပေါ်ထွက်လာသည်။ သူက ယခုအခါ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်နေဖြစ်၍ သားရဲများကို စွဲဆောင်မိမည်လား။
ကျန့်ဝမ်ရွှီက မန်မန်းများကို စွဲဆောင်မိသောကြောင့် ချုံးချီကို မည်သူက ဆွဲဆောင်ခဲ့သနည်း။
" တစ်ယောက်ယောက်ရှိလား "
" ဟုတ်ကဲ့ အမိန့်ရှိပါ "
" စီးဝူယာ့ကို ဆင့်ခေါ်လိုက် "
" ဟုတ်ကဲ့ "
...
ထိုစဥ် စီးဝူယာ့က ကြောင်အမ်းနေမိသည်။ သူက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများသည် အသေးအဖွဲ့ သန့်ရှင်းရေးများကို လုပ်တာကို ကြည့်နေရင်း ဆွံ့အနေမိ၏။ သူက တခြားသူများနှင့်ယှဥ်လျှင် စကားနည်းသည့်အတွက် သူတို့ကို တားဖို့ ပြောဆိုရသည်မှာ အားစိုက်ထုတ်ရသည်ဟု ခံစားမိနေသည်။
ထို့အပြင် သူတို့က သူတို့၏ လုပ်ငန်းကို ကျွမ်းကျင်လွန်းသည့်အတွက် မိစ္ဆာဝေဟင်မျှော်နန်းက အမှန်တကယ် ရှင်းဖို့ လိုအပ်နေသည်။
သူ့ရှစ်စွင်းက သူ့အား ဆင့်ခေါ်သည်ကို ကြားကာ အရှေ့ဘက်မျှော်နန်းဆောင်သို့ ထွက်လာခဲ့လိုက်၏။
...
လုကျိုးက စီးဝူယာ့ကို ကြည့်ကာ ပြောလိုက်သည်။
” မင်းကို ကိစ္စနှစ်ခုကြောင့် ဆင့်ခေါ်လိုက်တာ။ ပထမတစ်ခုက တာ့ယန်ရဲ့ စီရင်စုကိုးခုထဲက အပြောင်းအလဲကို စောင့်ကြည့်ထား။ အထူးသဖြင့် သားရဲတွေရဲ့ လှုပ်ရှားမှုကိုပဲ။ ဒုတိယအနေနဲ့ တာ့ယန်ထဲမှာ နောက်ထပ် အနီရောင်ကြာ ကျင့်ကြံသူတွေ ရှိနေဦးမယ်လို့ ငါ ထင်တယ်။ သူတို့ကို မျှားခေါ်ဖို့ ကြံလိုက်ဦး”
" ကျွန်တော် နားလည်ပါပြီ " စီးဝူယာ့က ပြန်ဖြေလိုက်သည်။
" မင်းက အခုတလော အတော်လေးကို အလုပ်ရှုပ်နေတာ။ ဒါပေမဲ့ ကျင့်ကြံရေးကို မလစ်ဟင်းစေဖို့ သတိထားဦး” လုကျိုးက ပြောလိုက်သည်။
" ရှစ်စွင်းရဲ့ စကားကို မှတ်ထားပါ့မယ်”
" အဲ့ဒါဆို ဒီလောက်ပဲ "
ထို့နောက် စီးဝူယာ့က အခန်းတွင်းမှ ထွက်ခွာလာသည်။
...
လုကျိုးက တရားထိုင်လိုက်၏။ သူက ကောင်းကင်ကျမ်းစွမ်းအားကို အသုံးပြုထားကာ ယခုတွင် ထူးခြားအံ့ဖွယ်စွမ်းအား မရှိသည့်အတွက် တစ်စုံတစ်ခုလိုအပ်နေသလို ခံစားမိနေသည်။
...
ထိုစဥ် မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်က ကမ္ဘာကြီးထံ ဟောပြောပို့ချသည့်သတင်းက တောမီးလို ပျံ့နှံ့သွားလေသည်။
...
နေ့တစ်ဝက် ကုန်ဆုံးသွားပြီးသည့်နောက် နေဝင်သွားသည့်အခါ
ထိုစဥ် ယဲ့ထျန်းရှင်းက အရှေ့ဘက်မျှော်နန်းဆောင်ဆီ ရောက်ရှိလာသည်။
” ယဲ့ထျန်းရှင်းက တွေ့ခွင့်တောင်းပါတယ် "
လုကျိုးက မျက်လုံးဖွင့်ကာ ပြောလိုက်၏။
” ဝင်ခဲ့ "
ယဲ့ထျန်းရှင်းက တံခါးကို ဖွင့်ကာ အခန်းတွင်း ဝင်ရောက်လာသည်။ သူမက တိုက်ပွဲအတွင်း ဒဏ်ရာအပြင်းအထန် ရရှိထားသောကြောင့် အခြေအနေကောင်းဟန် မပေါ်ပေ။ ဖယောင်းတိုင်အလင်းရောင်တွင် သူမက ပိုမို ဖြူဖျော့နေလေ၏။ သူမ၏ ဆံပင်အဖြူရောင်ကို ထည့်ပေါင်းလိုက်သည့်အခါ အသက်ဓာတ် လစ်ဟာနေ၏။
လုကျိုးက သူမအား ကုသရေးစွမ်းအားဖြင့် နေ့ဖက်အခါက ကုသပေးခဲ့သည်။ ထိုစွမ်းအားက ဒဏ်ရာရရှိသည့်လူများကြားတွင် ပျံ့နှံ့သွားခဲ့၏။
သူက သူနှင့် ၃ မီတာအကွာရှိ ထိုင်ခုံအား ညွှန်ပြကာ ပြောလိုက်သည်။
” ထိုင် "
" ကျွန်မ မထိုင်ရဲပါဘူး”
သူမက သူမ၏ ရှစ်စွင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ဖို့ မထိုက်တန်ဘူးဟု ခံစားနေမိသည်။
" မင်းကို ထိုင်လို့ ပြောရင် ထိုင်လိုက် " လုကျိုးက အသံအတက်အကျမရှိ ပြောလိုက်သည်။
" နားလည်ပါပြီ " ယဲ့ထျန်းရှင်းက ရိုရိုကျိုးကျိုး ဝင်ထိုင်လိုက်သည်။
လုကျိုးက သူမအား ကြည့်ကာ ပြောလိုက်၏။
” မင်းအမှားကို သိလား "
ယဲ့ထျန်းရှင်းက ချက်ချင်းဆိုသလို တုန်လှုပ်သွားပြီး " တပည့်အမှား လုပ်မိပါတယ်။ တပည့်က ဝန်ထုပ်ဝန်ပိုး ဖြစ်စေမိပြီ "
ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်အနေနှင့် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူသည် ဝန်ထုပ်ဝန်ပိုးအဖြစ် ယူဆနိုင်သည်။
လုကျိုးက ခေါင်းခါလိုက်ပြီး ယဲ့ထျန်းရှင်း၏ နားလည်နိုင်စွမ်းသည် ယခင် ကျိထျန်းတောက်၏ အပြုအမူအပေါ် မူတည်ကြောင်း သိလိုက်သည်။
" မင်း အမှား လုပ်မိတယ်ဆိုတာကို ပြောနေတာ။ ဘာမှစိတ်လှုပ်ရှားဖို့ မလိုဘူး” လုကျိုးက ပြောလိုက်သည်။
ယဲ့ထျန်းရှင်းက နားမလည်သည့် အမူအရာမျိုးဖြင့် ခေါင်းအသာ မော့လာသည်။
…
အခန်း (၇၁၀) ပြိုင်ဘက်ကင်းအဆင့် မာယာကျော့ကွင်း
မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်ပြီးကတည်းက ယဲ့ထျန်းရှင်းက သူမ၏ ရှစ်စွင်းနှင့် မျက်နှာချင်းဆိုင် စကားပြောဖို့ အခွင့်အရေး မရခဲ့ပေ။ သူမ၏ မှတ်ဉာဏ်များပေါ် မူတည်၍ သူမသည် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်မလာခင်ကတည်းက ကောင်းကောင်းမွန်မွန် မပြောခဲ့ဖူးပေ။ ဒဏ္ဍာရီလာမျိုးနွယ်က ကြမ်းတမ်းသည့် ကံတရားမျိုးရှိပြီး တခြားသူများ၏ သုတ်သင်မှုကို ခံခဲ့ရသည်။
သူမက တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်ပြီး အမြစ်မဲ့အပင်ကဲ့သို့ လျှောက်သွားရင်း ဘဝကို ခက်ခက်ခဲခဲ ကုန်ဆုံးခဲ့သည်။ ယခုအခါ သူမက ဘယ်မှသွားစရာ မရှိပေ။ မိစ္ဆာဝေဟင်မျှော်နန်းကသာ သူမ၏ တစ်ခုတည်းသော နေရာ ဖြစ်၏။ ထို့အပြင် တစ်ရက်တာ ဆရာဖြစ်လျှင် တစ်သက်တာ ဖခင်ဟူသော ဆိုရိုးစကားရှိသည် မဟုတ်ပါလော။
ယဲ့ထျန်းရှင်းက အမှားအတွက် အပြစ်ရှိစိတ်ရှိနေဆဲဖြစ်ကာ သူမက ရှစ်စွင်းဆီမှာ မျက်နှာသာမှု မတောင်းခံရဲပေ။
သူမက တည်တည်ငြိမ်ငြိမ် မျက်နှာထားမျိုးရှိနေသည့် သူမ၏ ရှစ်စွင်းဖြစ်သူအား ကြည့်ကာ ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။
” ရှစ်စွင်း ကျေးဇူးပြုပြီး သင်ကြားပေးပါ "
လုကျိုးက ပြောလိုက်သည်။
" မင်းကို လှိုင်းပြာကျင့်စဥ်ကို သင်ကြားပေးခဲ့တာက ဘယ်အချိန်ကို ရှေ့တက်ပြီး ဘယ်အချိန်ကို နောက်ဆုတ်ရမယ်ဆိုတာ သိတဲ့ ရေနဲ့ တူအောင်လို့ပဲ။ ရေလိုမျိုး မင်းက သန့်စင်မှုတွေ မသန့်စင်မှုတွေနဲ့ အတူတကွ တည်ရှိပြီးတော့ အသားကျဖို့လည်း သင်ယူရမယ်။ မင်းကို မာယာကျော့ကွင်း ပေးလိုက်တာက အဆုံးသတ်သင့်တဲ့ သူတွေကို အဆုံးသတ်ပြီးတော့ ကောင်းကောင်းမွန်မွန် အသုံးပြုတတ်လာအောင်လို့ပဲ "
ယဲ့ထျန်းရှင်း၏ စိတ်နှလုံးသားက အနည်းငယ် တုန်ရင်သွားသည်။
လုကျိုးက ဆက်ပြောလိုက်၏။ " အနီရောင်ကြာနယ်မြေက ဘုန်းကြီးဖာ့ခုံးက ကံမီးတောက်ကို ကျွမ်းကျင်နေတဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူပဲ။ တကယ်လို့ မင်းသာ ဂရုမစိုက်ဘူးဆိုရင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ နားလည်ရဲ့လား”
သူမက လရောင်တောအုပ်မှ မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်လာသည့်အခါ လျိုကောနှင့် တိုက်ပွဲကို ခုခံနိုင်ခဲ့သည်။ သို့သော်လည်း ဖာ့ခုံးက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူကို သတ်နိုင်စွမ်း ရှိထားသည့်အတွက် သူမက သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေလေသည်။ ဤသည်က တကယ် ရူးမိုက်လွန်းလှ၏။
ယဲ့ထျန်းရှင်းက ဦးညွှတ်လိုက်ပြီးနောက် ပြောလိုက်သည်။
” ရှစ်စွင်း သင်ကြားခဲ့တာတွေကို မမေ့ပါဘူး။ ကျွန်မ အတိတ်ကို ပြန်လည်သုံးသပ်ပြီးတော့ ပြန်လည်ပြင်ဆင်ချင်ရုံပါ”
" မင်းကို ထပ်လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီဆိုကတည်းက အတိတ်ကို လက်လွှတ်ပြီးပြီ။ တကယ်လို့ မင်းက အတိတ်မှာ ကျန်ရစ်နေဦးမယ်ဆိုရင် နောင်အနာဂတ်မှာ ဘယ်လိုလုပ် တိုးတက်လာနိုင်မှာလဲ”
ယဲ့ထျန်းရှင်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ သူမ၏ ရှစ်စွင်းသည် သူမအပေါ် မျှော်လင့်ချက်များစွာ ရှိလိမ့်မည်ဟု မထင်ထားမိပေ။
နောက်ဆုံးတွင် လုကျိုးက သူမအား ဆင့်ခေါ်သည့်အကြောင်းရင်းကို ပြောလိုက်သည်။
” မင်း လက်ကိုပေး "
" ဟုတ်ကဲ့ "
သူမက ဒဏ္ဍာရီလာမျိုးနွယ် ဖြစ်သည့်အတွက် သူမ၏ လက်ကောက်ဝတ်က သေးသွယ်ကာ နှင်းသဖွယ် ဖြူဆွတ်နေသည်။ သို့သော်လည်း ထိုအရာက သူမ မကုသနိုင်သည့် ဒဏ်ရာများကြောင့်လည်း အပါအဝင် ဖြစ်၏။
လုကျိုးက သူမ၏ သွေးကြောပေါ် လက်နှစ်ချောင်းတင်လိုက်ပြီး ကနဦးချီအား သူမ၏ ထူးခြားအံ့ဖွယ် ချီသွေးကြောနှင့် ချီပင်လယ်ဆီ ပို့ဆောင်ပေးလိုက်သည်။ သူ၏ တိကျစွာ ထိန်းချုပ်မှုဖြင့် ကနဦးချီက ယဲ့ထျန်းရှင်း၏ ခန္ဓာကိုယ်ရှိ အခြေအနေကို အလွယ်တကူ စစ်ဆေးနိုင်လာ၏။
လုကျိုးက သူမနှင့် လျိုကောတို့ တိုက်ပွဲကြားမှ သက်ရောက်မှု တချို့ကိုလည်း ခံစားမိလိုက်သည်။ သူမ၏ အသက်ဓာတ်က အားနည်းသည့်ဘက် ရောက်ရှိနေပြီး ပြန်လည်ကောင်းမွန်ဖို့ အချိန်လိုအပ်နေသည်။
လုကျိုးက သူမ၏ လက်ကောက်ဝတ်မှ လက်ဖယ်လိုက်ပြီးသည့်နောက် ပြောလိုက်သည်” မင်းက သက်တမ်း ဆုံးရှုံးထားတယ်။ တကယ်လို့ ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် မင်း၏ ကျင့်ကြံဆင့် အတွက် အကူအညီဖြစ်မှာ မဟုတ်ဘူး”
" ကျွန်မက ပွင့်ချပ်ရှစ်လွှာ အဆင့်ရောက်တာနဲ့တင် ကျေနပ်နေပါပြီ "
ယဲ့ထျန်းရှင်းအနေနှင့် သူမသည် အစကတည်းက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ဖြစ်လာဖို့ မျှော်လင့်မထားမိပေ။ သူမက ချန်းဟွမ်နဲ့ တွေ့ဆုံခဲ့ရသည်က ကံကြမ္မာကောင်းတစ်ခုသာ ဖြစ်၏။ ထို့အပြင် သူမက ဆက်လက် တိုးတက်ဖို့ရာ ပါရမီရှိမည်ဟု မထင်မိပေ။
ဤအခြေအနေတွင် သူမ၏ တွေးခေါ်ပုံက မင်ရှစ်ရင်နှင့် တူညီလေသည်။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ဖြစ်လာရခြင်းက သူတို့အတွက် အားကောင်းလွန်းနေပြီဖြစ်ရာ သူတို့က လေးစားမှုတချို့ကိုလည်း ရယူနိုင်သည်။ သူမအနေဖြင့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်အတွက် အရာအားလုံးကို စတေးဖို့ အကြောင်းအရင်း မရှိပေ။
သို့သော်လည်း ယခုမူ အခြေအနေက ကွဲပြားသွားလေပြီ။
လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
”ကောင်းကင်ဘုံအောက်မှာ အပြောင်းလဲကြီး ဖြစ်လာလိမ့်မယ်။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့်က လုံလောက်မယ်လို့ မထင်ဘူး”
" ရှစ်စွင်းက ဘာကိုပြောချင်တာပါလဲ " ယဲ့ထျန်းရှင်းက နားမလည်စွာဖြင့် မေးလိုက်၏။
" မင်းက ကျန့်ဝမ်ရွှီအကြောင်း ဘယ်လောက်သိထားလဲ " လုကျိုး ထပ်မေးလိုက်သည်။
" ကျွန်မ အံ့ဖွယ်မြို့တော်မှာ ရှိတုန်းက ရှစ်ကျဲကျောင်းယွဲ့ဆီကနေ သူ့အကြောင်းကို ကြားဖူးပါတယ်။ ရှစ်စွင်း ပြောတဲ့ ကပ်ဘေးက တကယ်လား။ အနီရောင်ကြာနယ်မြေက တာ့ယန်ကို ကျူးကျော်လာမှာလား။ ရှစ်စွင်း ပြောတဲ့ အပြောင်းလဲကြီးဆိုတာက အဲဒါများလား " ယဲ့ထျန်းရှင်းက မေးလိုက်သည်။
လုကျိုးက ခေါင်းညိတ်ပြလိုက်၏။ သူက လက်နောက်ပစ်ကာ အသာထရပ်ကာ ပြောလိုက်သည်။
“ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ရောက်လာပေမဲ့ သူတို့က မောက်မာပြီးတော့ စိတ်ကြီးဝင်နေကြတယ်။ သူတို့ကလွဲရင် တခြားတပည့်တွေကြားမှာ မင်းတစ်ယောက်တည်းကပဲ ပွင့်ချပ်ရှစ်လွှာအဆင့်ကို အရင်ဦးဆုံး ရောက်လာတဲ့သူ။
ငါက ကမ္ဘာကြီးဆီ ဟောပြောပို့ချခဲ့ပေမဲ့ တာ့ယန်မှာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ရှိလာဖို့ ကြာဦးမယ်။ တကယ်လို့ ငါသာ မရှိရင် မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ "
ယဲ့ထျန်းရှင်းက သူမ၏ ရှစ်စွင်းအား တအံ့တသြ ကြည့်လိုက်သည်။ သူမအပေါ် ရှစ်စွင်း၏ မျှော်လင့်ချက်ကို သိသည့်အခါ အနည်းငယ် အံ့အားသင့်မိ၏။
လုကျိုးက ဆက်ပြောလိုက်သည်။
” မင်းက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့် ရောက်နေမှတော့ ဒီအခွင့်အရေးကို ဖမ်းဆုပ်သင့်တယ်”
" ကျွန်မ နားလည်ပါပြီ " ယဲ့ထျန်းရှင်းက ဦးညွှတ်လိုက်သည်။
လုကျိုးက လှည့်လိုက်ပြီး ယဲ့ထျန်းရှင်းနှင့် မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။
”မင်းက လှိုင်းပြာကျင့်စဥ်ကိုလည်း ကျွမ်းကျင်ပြီးသွားပြီ။ ဒါနဲ့လည်း အတော်လေး ရင်းနှီးပြီးသားဖြစ်နေပြီဆိုတော့ တစ်ခါတစ်ရံမှာ ရေခဲတောင်လို ပြုမူပြီးတော့ တစ်ခါတစ်ရံမှာ ပွက်ပွက်ဆူတဲ့ ပင်လယ်လိုမျိုး ကျင့်ကြံသင့်တယ်။
ပြီးတော့ ကြေးမုံတစ်ချပ်လိုမျိုး တည်ငြိမ်နေသင့်တယ်။ စာအုပ်တစ်အုပ်ကို အကြိမ်တစ်ရာဖတ်တယ်ဆိုရင် အဓိပ္ပာယ်ကို နားလည်လာမှာပဲ။ အခုကစပြီးတော့ မင်း ဒီနည်းလမ်းကို ထပ်ခါတလဲလဲ လေ့ကျင့်ရမယ်။ အပျင်းကြီးမနေနဲ့တော့”
" နားလည်ပါပြီ "
" တင်း ယဲ့ထျန်းရှင်းအား သင်ကြားပေးတဲ့အတွက် ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါတယ် "
လုကျိုးက ထိုသတိပေးချက် ရရှိသည့်အခါ အနည်းငယ် အံ့အားသင့်သွားမိ၏။ ဤသည်က ဆုလာဘ်ကြီး ဖြစ်၏။ သူက ဆရာတစ်ယောက်အနေဖြင့် အကြံဉာဏ်ပေးကာ မိစ္ဆာဝေဟင်မျှော်နန်းကို အားကောင်းစေရုံမျှသာဖြစ်၏။ ဤနည်းဖြင့် သူက သူ့အင်အားကိုလည်း တိုးမြှင့်နိုင်လိမ့်မည်။
" မလှုပ်နဲ့ " လုကျိုးက လက်ဝေ့လိုက်သည့်အခါ အပြာရောင် ကြာပန်း ပေါ်ထွက်လာသည်။ ဤသည်က သူ နေ့တစ်ဝက်တာ တရားထိုင်ပြီးသည့်နောက်တွင် ရရှိလာသည့် ထူးခြားအံ့ဖွယ်စွမ်းအား ဖြစ်၏။ ထိုလက်ဝါးချပ်အတွင်း အရာအားလုံး ပါဝင်နေသည်။
အပြာရောင်ကြာ ဆင်းသက်လာသည့်အခါ ယဲ့ထျန်းရှင်းအပေါ် အာရုံစိုက်ထားလိုက်သည်။ ထိုကြာပန်း ပွင့်လန်းလာသည့်အခါ ယဲ့ထျန်းရှင်းက ထရပ်လိုက်မိ၏။ သူမက သူမလက်နှင့် ခန္ဓာကိုယ်အား ကြည့်ကာ မယုံကြည်နိုင်ဖွယ် ဖြစ်နေမိသည်။
အပြာရောင်ကြာက သူမ၏ကြာနှင့် တူညီဟန်ပေါ်သော်လည်း ထိုစွမ်းအင်က သူမ၏ ချီသွေးကြောများကို အာဟာရဖြည့်ပေးပြီး သူမ၏ ဒဏ်ရာများက ပိုမိုကောင်းမွန်လာကြောင်း ခံစားမိလိုက်သည်။ ထိုအရာအပြင် သူမ၏ ချီပင်လယ်သည်လည်း ယခင်ထက် ပိုမိုချောမွေ့စွာ စီးဆင်းနေလေ၏။
သိပ်မကြာခင် အပြာရောင်စွမ်းအားက ပျောက်ကွယ်သွားသည်။
ယဲ့ထျန်းရှင်းက ဦးညွှတ်လိုက်ပြီးနောက် ကျေးဇူးတင်စွာ ပြောလိုက်သည်။
” ရှစ်စွင်းကို ကျေးဇူးတင်ပါတယ် "
လုကျိုးက သူမအားကြည့်ကာ လက်ဆန့်လိုက်ပြီး " မာယာကျော့ကွင်း "
ယဲ့ထျန်းရှင်းက တုံ့ဆိုင်းမနေဘဲ မာယာကျော့ကွင်းကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ပေးလိုက်သည်။
လုကျိုးက လက်ဝေ့လိုက်ပြီး ပြောလိုက်၏။
” ငါက မင်းဆရာပဲ။ မင်းကို သင်ကြားပေးပြီးတော့ ဘေးကင်းအောင် လုပ်ပေးရမှာ ငါ့တာဝန်”
ယဲ့ထျန်းရှင်းက ထိုစကားကို ကြားသည့်အခါ အံ့အားသင့်သွားသည်။ သူမက ချက်ချင်းထွက်ခွာ မသွားသေးဘဲ လက်နှစ်ဖက်မြှောက်ကာ ကိုးကွယ်သည့်ဟန် ပြုမူလိုက်သည်” ရှစ်စွင်းအပေါ် ထားတဲ့ ကတိကို တည်အောင် လုပ်ပါ့မယ်”
ထို့နောက် ယဲ့ထျန်းရှင်းက ရိုရိုကျိုးကျိုး မတ်တတ်ရပ်ပြီးနောက် အခန်းတွင်းမှ ထွက်ခွာသွားသည်။
လုကျိုးက ထိုင်ခုံဆီ လျှောက်လှမ်းလာပြီး မာယာကျော့ကွင်းကို ကောက်ယူလိုက်ကာ ထိုင်ချလိုက်သည်။
သူ ယဲ့ထျန်းရှင်းကို တပည့်အဖြစ် ပထမဆုံးလက်ခံစဥ်အခါက သူမသည် ဉာဏ်ကောင်းပြီး ကောင်းကောင်းမွန်မွန် ပြုမူတတ်သည့် ကလေးတစ်ယောက်ဖြစ်ကြောင်း အမှတ်ရလိုက်သည်။ သူမအား မာယာကျော့ကွင်း ပေးခဲ့သည့်အကြောင်းရင်း တစ်ချက်လည်း ဖြစ်၏။
လုကျိုးက လက်ဝေ့လိုက်သည့်အခါ တောက်ပကျောက်တုံး တစ်ခု ပေါ်ထွက်လာသည်။ ထိုတောက်ပကျောက်တုံးက မီးတောက်တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားစဥ် မာယာကျော့ကွင်းအား ထိုမီးတောက်ထဲ ပစ်ထည့်လိုက်သည်။
ယခင်အတွေ့အကြုံပေါ်မူတည်၍ လုကျိုးသည် ဖြစ်စဥ်နှင့် ရင်နှီးနေပြီးသား ဖြစ်သည့်အတွက် အာရုံများများ မစိုက်တော့ပေ။ ထိုစဥ် သူက စနစ်အား ကြည့်ကာ အသုံးပြုပစ္စည်းများ၏ စျေးနှုန်းကို စစ်ဆေးကြည့်လိုက်သည်။
သူ ထင်ထားသည့်အတိုင်း ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်ကို ရောက်ရှိပြီးသည့်နောက်တွင် တန်ကြေးက အနည်းငယ် မြှင့်မားလာသည်။ အသေရိုက်ချက်ကတ်နှင့် ပြစ်ချက်မဲ့ကတ်တို့က ယခုအခါ ကုသိုလ်ရမှတ် တစ်သောင်းခွဲစီ ဖြစ်နေပြီး စျေးအချိုဆုံး မိုးကြိုးသွားကတ်ပင် ကုသိုလ်ရမှတ် ငါးထောင် တက်နေလေပြီ။
ကံကောင်းစွာဖြင့် သူ့တွင် ထူးခြားအံ့ဖွယ် စွမ်းအားနှင့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့် ရှိထားသည်။ သူက ယခုအခါ အသုံးပြုပစ္စည်းများ အပေါ် အနည်းငယ် မှီခိုဖို့သာ လိုသည်။ သူ့အနေဖြင့် လက်ထဲတွင် အနည်းငယ်မျှ ရှိထားရုံလောက်ဖြင့်လုံလောက်နေလေပြီ။
...
အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားကာ နောက်တစ်ရက် မနက်ခင်းသို့ ရောက်ရှိလာသည်။
လုကျိုးက ဆူဆူညံညံအသံ ကြားသည့်အတွက် မျက်လုံးဖွင့်ကာ စစ်ဆေးကြည့်လိုက်သည်။
မာယာကျော့ကွင်းက ယခုအခါ အနီရောင် သမ်းနေလေ၏။ ထို့နောက် မူလပုံစံ ပြန်ပြောင်းသွားသည်။ ကျော့ကွင်း၏ ဓားသွားတစ်လျှောက်တွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ထိုအရာဖြင့် တောက်ပကျောက်တုံး၏ စွမ်းအားသည် ကုန်ဆုံးသွားလေသည်။
" တင် … ပြိုင်ဘက်ကင်းအဆင့် မာယာကျော့ကွင်းကို ရရှိပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် တစ်ထောင်ရရှိပါတယ်။ ပိုင်ရှင်- ယဲ့ထျန်းရှင်း။ အသုံးမပြုခင် ပြန်လည်သန့်စင်ဖို့ လိုအပ်ပါတယ်”
လုကျိုးက လက်ဝေ့လိုက်သည့်အခါ မာယာကျော့ကွင်းက သူ့လက်အတွင်း ကျရောက်လာသည်။
" အပြင်မှာ တစ်ယောက်ယောက် ရှိလား "
" မျှော်နန်းသခင် အမိန့်ရှိပါ "
" ဒီမာယာကျော့ကွင်းကို ယဲ့ထျန်းရှင်းဆီ ပေးလိုက် " သူက လက်ဝေ့လိုက်သည့်အချိန် မာယာကျော့ကွင်းက တံခါးမှ ပျံသန်းထွက်ခွာသွားသည်။
လရောင်ဆွတ်နန်းဆောင်မှ အမျိုးသမီးကျင့်ကြံသူက ယဲ့ထျန်းရှင်း၏ လက်အောက်ငယ်သားဟောင်း ဖြစ်သည်။ ထို့ကြောင့် သူမက လက်နက်ကို မှတ်မိလေသည်။ သို့သော် သူမက အပြောင်းအလဲကို မပြောနိုင်သော်လည်း လက်နက်သည် ပြောင်းလဲသွားကြောင်း ခံစားမိလေသည်။ သူမက ရှေ့တိုးကာ မာယာကျော့ကွင်းကို ယူကာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ နားလည်ပါပြီ "
...
အမျိုးသမီးကျင့်ကြံသူက အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်လာပြီးနောက် တောင်ဘက်မျှော်နန်းဆောင်ဆီ သွားလိုက်သည်။ ခဏအကြာတွင် သူမက ယဲ့ထျန်းရှင်း၏ အခန်းအပြင်ဘက်သို့ ရောက်ရှိလာ၏။ သူမက ဦးညွှတ်ကာ ပြောလိုက်သည်။
” နန်းဆောင်သခင်မ လက်နက် ရလာပါပြီ "
ပြန်ဖြေကြားမှု မရှိပေ။
ခဏအကြာတွင် တံခါးက ကျွီခနဲ ပွင့်လာပြီး ယဲ့ထျန်းရှင်းက အခန်းမှ ထွက်လာသည်။
သူမက ပြောလိုက်သည်။
” အခုကစပြီး ငါ့ကို နန်းဆောင်သခင်မလို့ ခေါ်စရာ မလိုတော့ဘူး။ မင်းက ငါ့ရဲ့ လက်အောင်ငယ်သားဆိုရင်တောင် ကိစ္စမရှိဘူး”
" ဟုတ်ကဲ့ပါ "
" ငါတို့က ညီအစ်မတွေဆိုတော့ မင်းတို့ကို ငါ သိတယ်။ ဒါပေမဲ့ ငါက အခု မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တစ်ယောက် ဖြစ်နေပြီ။ လရောင်ဆွတ်နန်းဆောင်အကြောင်းကို မေ့ထားလိုက်တော့။ နားလည်ရဲ့လား”
" ဟုတ်ကဲ့ "
ယဲ့ထျန်းရှင်းက မာယာကျော့ကွင်းကို ကြည့်လိုက်သည်။
ထိုအရာကို မြင်တွေ့သည်နှင့် သူမ၏ အကြည့်များက တောက်ပလာကာ " ငါ့ရဲ့ မာယာကျော့ကွင်းက...”
…
အခန်း (၇၁၁) ကြယ်ပျံအိမ်တော်က စာရင်းလာရှင်းခြင်း
ယဲ့ထျန်းရှင်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှု တစွန်းတစတွေ့လိုက်ရ၏။ သူမ၏ အမြင်တွင် ဤကမ္ဘာပေါ်၌ ဤလက်နက်ကို နားအလည်ဆုံးမှာ သူမပဲဖြစ်သည်။ သူမသည် ပြောင်းလဲမှု စိုးစဉ်းမျှကို အာရုံခံနိုင်ပေရာ ကျော့ကွင်း၏ အသွားတောက်လျှောက် စီးဆင်းနေသည့် ရောင်ခြည်များဆို ပိုတောင် အာရုံခံနိုင်ပေ၏။ သူမ မှင်သက်သွားတော့သည်။
အမျိုးသမီးကျင့်ကြံသူသည် သူမ လက်ကို မြင့်မြင့်မြှောက်ထားလျက် မဝံ့မရဲပြောလိုက်သည်။
"ဆဋ္ဌမသခင်မလေး”
ယဲ့ထျန်းရှင်းသည် အမျိုးသမီး ကျင့်ကြံသူက သူမကို အမည်အခေါ်အဝေါ်အသစ်ဖြင့် ခေါ်လိုက်တာကို ကြားသည့်အချိန်၌ သူမသည် ပစ္စပ္ပုန်သို့ ပြန်ရောက်လာလေ၏။ သူမက ကျေနပ်စွာပြုံးလျက် မာယာကျော့ကွင်းကို ယူလိုက်၏”ကျေးဇူးပါပဲ”
“သခင်မလေး ပြုံးတာကို မတွေ့ရတာ အတော်ကြာခဲ့ပြီ”
ယဲ့ထျန်းရှင်းသည် ထိုစကားများကို ကြားသောအခါ ရုတ်တရက်မှင်တက်သွားတော့သည်။ သူမ အတိတ်တုန်းက ဖြစ်ရပ်များကို ပြန်တွေးမိသွား၏။ အမှန်တကယ်ပင် သူမ မပြုံးခဲ့တာ အတော်ကြာပြီဖြစ်ပုံရသည်။
ဘဝသည် အိပ်မက်တစ်ခုပမာ အတိတ်ရှိအရာရာသည် လေးလံလွန်းသဖြင့် သူမ အသက်မရှုနိုင် ဖြစ်ခဲ့ရသည်။ မည်သည့်အချိန်မှ စတင်ခဲ့မှန်းမသိ။ သို့သော် သူမသည် မည်သို့ ပြုံးရမည်မှန်း သိသူတစ်ယောက်ဆိုတာ မေ့လုနီးပါးဖြစ်သွားခဲ့သည်။ တစ်စုံတစ်ယောက်နှင့် အပြန်အလှန် စကားပြောဆိုရခြင်းသည် သူမကို နွေဦးလေပြေဖြင့် ပွတ်သပ်ခြင်းခံရသည့်ပမာ ခံစားလိုက်ရ၏။
“ငါ့ရဲ့ရှစ်စွင်းက ဒီဟာကို ငါ့ဆီယူလာခိုင်းလိုက်တာလား”
“အင်း ... မျှော်နန်းသခင်က လက်နက်ကို မနက်စောစော ပို့ခိုင်းလိုက်တာပါ”
ယဲ့ထျန်းရှင်းသည် သူမ၏ လက်ဖဝါးပေါ်၌ ကနဦးချီတချို့ကို လှည့်ပတ်လိုက်၏။ သူမ၏ ကနဦးချီသည် မာယာကျော့ကွင်းကို ထိသွားချိန်၌ အသွားတောက်လျှောက်ရောင်ခြည်တို့သည် ယခင်ကထက်ပိုချောမွေ့စွာ စီးဆင်းလာတော့သည်။ သိပ်သည်းလှသော စွမ်းအင်ဓားသွားများက ကျော့ကွင်းနားတဝိုက် လည်ပတ်နေ၏။
“ဒါက ကောင်းကင်အဆင့်ထက် ကျော်လွန်တယ်” ယဲ့ထျန်းရှင်းက ထိတ်လန့်သွားသည်။
ယဲ့ထျန်းရှင်းသည် အဆင့်မြင့်တင်ထားသော လက်နက်နှင့် သူမကိုသူမ အသားကျရန် ပြုလုပ်ကာ တောင်ဖက်မျှော်နန်း၌ စတင်လေ့ကျင့်တော့သည်။
ထိုစဉ် တွမ့်မူရှန်း၊ မင်ရှင်ရင်၊ စီးဝူယာ့နှင့် ကျန်သည့်သူများက ထွက်လာ၏။ သူတို့သည် မာယာကျော့ကွင်းရှိ ပြောင်းလဲမှုကို မြင်သောအခါ အားလုံး၏မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာပေါ်လာသည်။
“အဲဒါ ပြိုင်ဘက်ကင်းအဆင့် မာယာကျော့ကွင်းတစ်ခုပဲ” စီးဝူယာ့က ပြောလိုက်၏။
“ရှစ်စွင်းက ဘက်လိုက်တယ်” ကျူးဟုန်ကုန်းသည် သတ္တုတုံးများနှင့်တူသည့် သူ၏လက်ဝှေ့အိတ်ကို ကြည့်လိုက်၏။
စီးဝူယာ့က ပြောလိုက်၏”မင်းရဲ့လက်ဝှေ့အိတ်က ကောင်းကင်အဆင့်လက်နက်ပဲလေ။ မင်း မကျေနပ်ဘူးလား”
“သူတို့နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးတာကြောင့် သူတို့ကို မနှိုးထစေသေးဘူး” ကျူးဟုန်ကုန်းက အခဲမကြေလေသံဖြင့် ပြောလိုက်သည်။
“စိတ်ရှည်ရှည်ထား။ မင်းရဲ့ ကျင့်ကြံဆင့်ကို မှန်မှန်လေးမြှင့်တင်။ မင်း ပွင့်ချပ်ရှစ်လွှာအဆင့်ကို ရောက်တာနဲ့ ရှစ်စွင်းက မင်းကို ထိန်းချုပ်ထားမှာမဟုတ်ဘူး”
တွမ့်မူရှန်းသည် အစက အားကျနေခဲ့တာဖြစ်သည်။ သို့သော် ကျူးဟုန်ကုန်း ပုန်းကာဝှက်ကာ ကိုင်ထားသော လက်ဝှေ့အိတ်ကို ကြည့်မိချိန်၌ သူ ခံစားရတာ ပိုကောင်းသွားသည်။ သူ၏လက်နက်သည် ပြိုင်ဘက်ကင်းအဆင့်လက်နက် မဟုတ်သော်ငြား အနည်းဆုံးတော့ ဖွက်ထားစရာ သွင်ပြင်မဟုတ်ပေ။ ကြည့်လိုက်သည်နှင့် နယ်ရှင်လှံက ပိုမိုက်ပြီး ပိုကောင်းပုံပေါ်သည်။ ထိုအတွေးတစ်ချက်ဖြင့် သူ၏ အင်္ကျီလက်ကို ကိုင်လျက် လှံပေါ်ရှိ နဂါးအဆောင်ကို မှုတ်လျက် ကောင်းကောင်းပွတ်တိုက်လိုက်တော့သည်။ ထိုသို့ပြုလုပ်ပြီးနောက် သူသည် နယ်ရှင်လှံကို ပခုံးပေါ်ထမ်းတင်ကာ ပြောလိုက်တော့သည်။
“သွားလိုက်ကြရအောင် ငါ့ကောင်တို့ ... ငါ သွားကျင့်ကြံတော့မယ်”
နောက်ထပ်နှစ်ရက်အကြာတွင် စီရင်စုကိုးစုမှ ကျင့်ကြံသူများသည် မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်သွားကြကုန်၏။
တစ်ဖက်တွင်မူ လုကျိုးသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်သုံးသပ်ရာ၌ အပြည့်အဝ အာရုံစိုက်နေ၏။ သူ့ကို မည်သူမှ မနှောင့်ယှက်ကြချေ။
မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းချုပ်မှ လောကကြီးဆီ သရုပ်ပြမှုသည် ဤနှစ်ရက်အတွင်း လူပြောများသည့် သတင်းဖြစ်သွားခဲ့သည်။
အံ့ဖွယ်မြို့တော်ရှိ နားနေစခန်းတစ်ခုတွင် ဖြစ်သည်။
“အဲဒါကို ကျုပ်မျက်လုံးနဲ့ ကျုပ်တွေ့ခဲ့တာ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့သခင်က နဝမမြောက်ပွင့်ချပ် ဖူးပွင့်ဖို့ နည်းလမ်းကို သရုပ်ပြနေတာ။ သူရဲ့ ရွှေကြာက လောင်ကျွမ်းနေရောပဲ”
“လောင်ကျွမ်းနေတဲ့ ရွှေကြာလား။ ဒါကို ကြားရတာ တတိယအကြိမ်ပဲ။ အမှန်ပဲလား”
“ကောင်းကင်ဘုံကို ကျိန်ဆိုရဲပါရဲ့။ ကျုပ် လိမ်ပြောခဲ့မယ်ဆိုရင် ကျုပ် မွေးလာမယ့်သားက မပါပါစေနဲ့”
“ဟုတ်ပြီ ... ဟုတ်ပြီ ခင်ဗျားကို ယုံတယ်” လူငယ်တစ်ယောက်က တောင်းပန်သည့်ဟန်ဖြင့် လက်ဖက်ရည်တစ်ငုံ သောက်ကာ ကျင့်ကြံသူများ ဝင်ထွက်သွားလာနေတာကို ကြည့်နေ၏။ သူသည် မည်သူ့ကိုမှ ပြဿနာမရှာ။
“သူ သရုပ်ပြနေတုန်း နှောင့်ယှက်မှုတစ်ခု ရှိခဲ့တယ်။ အနီရောင်ကြာ ကျင့်ကြံသူတစ်ယောက်က ဘယ်ကမှန်းမသိပေါ်ထွက်လာပြီး ဂိုဏ်းချုပ်ကို တိုက်ခိုက်တယ်လေ။ အဲ့ဒီအချိန်မှာ မျှော်နန်းသခင်က သရုပ်ပြမှုရဲ့ အရေးကြီးတဲ့ အချိန်ထဲ ရောက်နေတာ။ တိုက်ခိုက်ဖို့ ဖိအားပေးခံရတယ်လေ။ သူတို့ အချိန်အတော်ကြာ တိုက်ပြီး တောင်တန်းတွေကော မြစ်တွေကော အပျက်အစီးတွေ ကျန်ခဲ့ရောပေါ့။ အနီရောင်ကြာ ကျင့်ကြံသူရဲ့ကြာက မီးတွေ တောက်လောင်နေပြီး သူ့မှာ နက်နဲတဲ့ ကျင့်ကြံဆင့်ရှိတယ်။ ဒါပေမဲ့ သူက မျှော်နန်းသခင်ရဲ့ လက်ဝါးရိုက်ချက်ကြောင့် ပြားကပ်နေအောင် အရိုက်ခံလိုက်ရတာလေ”
“အနီရောင်ကြာ ကျင့်ကြံသူတွေက ချီးတွေပဲ။ သူတို့တွေက ဘာမှမဟုတ် အမှိုက်တွေပဲ။ သူတို့တွေက ရာရာစစ တာ့ယန်ကို ကျူးကျော်ရဲတယ်ပေါ့”
ဤနည်းဖြင့် သူတို့သည် ပိုတောင်ဖာ့ခုံးကို စော်ကားပြောဆိုကြပြန်၏။
ခဏအကြာတွင် တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်၏”ပြဿနာက အဲ့ဒီမျှော်နန်းသခင်တစ်ယောက်ပဲ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ။ ဒါက လုံလောက်ဖို့ လိုသေးတယ်။ မော့မျိုက မန်မန်းတွေ၊ ယီစီရင်စုက ချုံးချီနဲ့ ပွင့်ချပ်ကိုးလွှာအနီရောင်ကြာ ကျင့်ကြံသူ သူတို့အားလုံးကို မျှော်နန်းသခင်တစ်ယောက်ပဲ အနိုင်ယူခဲ့တာ။ ငါတို့တွေ ဘယ်အချိန်ကျမှ ဒုတိယမြောက် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ရှိလာမှာလဲ။ အခုနောက်ပိုင်း သားရဲတွေ ပေါ်လာတာ ပိုများလာပြီ”
“ဂိုဏ်းသုံးဂိုဏ်းက ဖြစ်နိုင်ခြေ အမြင့်ဆုံးရှိတာပဲ။ ငါထင်တာ တကယ်တော့ ကျောင်းတော်နှစ်ခုနဲ့ သမာသမတ်ဂိုဏ်းနဲ့ ဖူးပွင့်အင်အားစု၊ ကြည်လင်ရေဘုရားကျောင်း၊ မိုးပြာနဂါးဂိုဏ်းတို့ကလည်း မြန်မြန်ဆန်ဆန်တိုးတက်လာမှာ။ ဂိုဏ်းကြီးဆယ်ဂိုဏ်းရဲ့ ခေတ်ကာလက လွန်သွားပြီ။ သုံးနှစ်အတွင်း ဒုတိယမြောက် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပေါ်လာမှာ ကြိမ်းသေတယ်”
“သုံးနှစ်က ရှည်ကြာလွန်းတယ်” ကျန်သည့်သူများက သက်ပြင်းချလိုက်၏။
လူရွယ်သည် လက်ဖက်ရည်ခွက်များစွာ သောက်ပြီးနောက် လှည့်ထွက်သွားတော့၏။ သူသည် လူသူ ကင်းမဲ့သည့်နေရာ ရောက်သောအခါ လေထဲခုန်ထွက်ပြီး တာ့ယန်၏ တောင်ဖက်ပိုင်းဆီသို့ သွားလိုက်သည်။
ဤရက်ပိုင်းအတွင်း သူသိထားပုံအရ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ အမြင့်ဆုံးပေါ်ထွက်လာနိုင်သည့် အင်အားစုသည် ဂိုဏ်းသုံးဂိုဏ်းဖြစ်သည်။
သူသည် ပထမဆုံးပွင့်ချပ်ကိုးလွှာကျင့်ကြံသူကို မတားမြစ်နိုင်သောကြောင့် ဒုတိယမြောက် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ ပေါ်ပေါက်လာမှာကို တားမြစ်ရမည်။
အနီရောင်ကြာနယ်မြေရှိ ကောင်းကင်သိုင်း ခုံရုံးတွင် ဖြစ်သည်။
“အကြီးအကဲချိုး ... သွေးနေမင်း ကျောင်းတော်က အကြောင်းပြန်လာပါတယ်။ သူတို့ရဲ့ ဝိနေယျခန်းမရဲ့ ပထမကျောင်းခေါင်းဆောင် ဆရာတော်ဖာ့ခုံး သေသွားပါပြီ” တပည့်က တလေးတစား သတင်းပို့လိုက်၏။
ခန်းမကျယ်ထဲတွင် အကြီးအကဲချိုးက မီတာတစ်ဒါဇင်ခန့်ကျယ်သော ပဒုမ္မာစင်မြင့်ပေါ်၌ ထိုင်နေ၏။ သူ၏ မျက်လုံးက အနည်းငယ်မှိတ်ထားသည်။ သတင်းကြားသောအခါ သူ မျက်လုံးကို အနည်းငယ်ဖွင့်လိုက်လေ၏။
ဖာ့ခုံးသည် ကံမီးတောက်ကို ကျင့်ကြံပြီးသည့် အနီရောင်ကြာနယ်မြေမှ ပွင့်ချပ်ကိုးလွှာ အကျော်အမော် တစ်ယောက်ဖြစ်သည်။ သို့သော် သူ အသတ်ခံရသေး၏။ သို့သော် ယင်းက သူ မှန်းဆတာထက် ကျော်လွန်နေသည်။
“အခြားတစ်ဖက်ကနေ ရောက်လာတဲ့သူတွေ ဘယ်လောက်များများ အသက်ရှင်လျက် ရှိနေသေးလဲ” အကြီးအကဲချိုးက မေးလိုက်၏။
“တစ်ယောက် ကျန်ပါတယ်။ ဒါပေမဲ့ သူ့ကျင့်ကြံဆင့်က မမြင့်ဘူး။ သူ လုပ်နိုင်မယ်လို့ မထင်ဘူး”
တပည့်မော့ပုရန်က ပြောလိုက်၏။
“စိတ်မပူနဲ့ ... ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်က နက်နဲလွန်းရင် သူက အဆင်အခြင်မဲ့ ဆောင်ရွက်နိုင်ခြေ များတယ်။ ဖာ့ခုံးက သာဓကကောင်းတစ်ခုပဲ။ ဖာ့ခုံးက ကံမီးတောက်ကို တတ်ကျွမ်းတယ်။ ယဲ့ကျန်းက သူ့အတွက် ပြိုင်ဘက်တောင် မဟုတ်လောက်ဘူး။ ဖာ့ခုံးလို အကျော်အမော်တစ်ယောက်က ဘာမှ ထိခိုက်အောင် မလုပ်နိုင်ခင် အသက်ဆုံးရှုံးသွားတယ်ဆိုရင် ငါတို့တွေ ရွှေကြာနယ်မြေက လူတွေကို လျော့တွက်လွန်းအားကြီးသွားပြီဆိုတာ သိရမှာပဲ။" အကြီးအကဲချိုးက ပြောလိုက်၏။
“အားလုံးဆုံးရှုံးရတာထက် ငါတို့ဆီ သတင်းပြန်ပို့နိုင်တာက ပိုကောင်းတယ်။ ရွှေကြာနယ်မြေရဲ့ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူက ထူးကဲလှတယ်။ ဒီကောင်းကင်လွန်းက ငါတို့လူတွေကို သေတွင်းထဲ ပို့မိမှာကိုပဲ စိုးရိမ်မိတာ။ ကောင်းကင်လွန်းရဲ့ အခြေအနေက ဘယ်လိုလဲ”
“အနည်းဆုံးတော့ နောက်ထပ်လဝက်လိုပါတယ် အကြီးအကဲ” မော့ပုရန်က ပြန်ပြောလိုက်၏။
“ကောင်းကင်ရထားလုံးရောက်မလာခင် တခြားသူတွေကို ရွှေကြာနယ်မြေဆီ ထပ်မပို့နဲ့”
“နားလည်ပါပြီ”
အနီရောင်ကြာနယ်မြေရှိ မိုးမခတစ်ထောင် ဘုရားကျောင်းထဲတွင် ဖြစ်သည်။
ယွီကျန့်ဟိုင်က လက်နောက်ပစ်ထားလျက် ယွီရှန်းရုန်က လက်ပိုက်ထားသည်။ သူတို့နှစ်ယောက်လုံးသည် ရှုမျှော်ဆောင်အပြင်ဖက်ရှိ ကျီဖုန်းရှင်းကို ကြည့်လိုက်ကြ၏။
“ဓားမော့နဲ့ တိုက်ခိုက်တာ အကောင်းဆုံးပဲ။ မင်းရဲ့ ခြေထောက်ကိုလှုပ်၊ ခွန်အားကို မင်းရဲ့လက်ကောက်ဝတ်မှာထည့် မင်းက မိန်းကလေးတစ်ယောက်လို လွှဲယမ်းနေတာပဲ။ မင်း ဘာမှ မစားခဲ့ဘူးလား” ယွီကျန့်ဟိုင်က ပြောလိုက်၏။
ထိုစဉ် ကျီဖုန်းရှင်းက သူ၏ဘယ်လက်တွင် ဓားမော့ကို ကိုင်ကာ ညာလက်တွင် ဓားတစ်လက်ကိုင်ထား၏။ လိုက်ဖက်ညီခြင်း မရှိပေ။
ယွီရှန်းရုန်က ပြောလိုက်သည်။
"ဓားနဲ့တိုက်ခိုက်တာက အကောင်းဆုံးပဲ။ ဒါက အရှိန်၊ တိကျမှု၊ ကြမ်းကြုတ်မှုပဲ။ သေချာကြည့်ထား ... မင်း လှုပ်ရှားတာ မျောက်မောင်းမ တစ်ကောင်လိုပဲ။ ဘာဖြစ်နေတာလဲ မင်း ကောင်းကောင်း မအိပ်ခဲ့ဘူးလား” ဝူဝူက ပါးစပ်ကာလျက် ရယ်မောလိုက်တော့သည်။
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
"ဒီကိုလာ ... ဘယ်လိုလုပ်လဲဆိုတာ မင်းကို ပြမယ်။ မင်းရဲ့လှုပ်ရှားမှုက ဓားမော့ကို သုံးတဲ့အချိန် ကြီးကြီးမားမားဖြစ်သင့်တယ်။ မင်းရဲ့ဝင့်ကြွားတဲ့ ဟန်ပန်က အရေးကြီးတယ်။ ပြီးတော့ မင်းရဲ့ အရည်အချင်း ဒါက ယောက်ျားတစ်ယောက်ကျင့်ကြံသင့်တဲ့ပုံစံပဲ"
“ဘယ်စွမ်းရည်မဆို သတ်ဖြတ်နိုင်တဲ့ဟာက ကောင်းမွန်တဲ့ ဓားသိုင်းပဲ။ လူတောင်မသတ်နိုင်တဲ့ အခြေအနေမှာ ယောက်ျားတစ်ယောက်ရဲ့ ဓားမော့သိုင်းလို့ မင်း ဘယ်လိုလုပ် ပြောနိုင်မှာလဲ"
ယွီရှန်းရုန်က အထင်တသေးပြောလိုက်၏။
“...”
ကျီဖုန်းရှင်းသည် မခံစားနိုင်တော့ပေ။ သူက လက်နက်များကို ဘေးသို့ချလျက် ပြောလိုက်တော့သည်”ချန်းပေ့တို့ ကျွန်တော်က ဓားမော့နဲ့ ကိုက်ညီလား။ ဓားနဲ့ကိုက်ညီလား”
“ဓားမော့”
“ဓား”
ကျီဖုန်းရှင်း “...”
တပည့်နှစ်ယောက်သည် ဓားမော့နှင့် ဓား၏ ကောင်းကျိုးဆိုးကျိုးများအကြောင်း ဆက်လက် အငြင်းပွားနေစဉ် သူတို့ဆီသို့ ကြီးမားသည့် ရထားလုံးပျံတစ်စင်း ဦးတည်လာလေသည်။ ရထားလုံးပျံက မီတာတစ်ရာရှည်ကာ မီတာတစ်ဒါဇင်ခန့်ကျယ်သည်။ အားလုံးက အညိုရောင်ဖြစ်၏။ ကျင့်ကြံသူရာချီက ရထားလုံးပျံ၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ဝန်းရံပျံသန်းနေတာကို တွေ့ရသည်။ ရထားလုံးပျံပေါ်၌ အလံတစ်ခုရှိ၏။ အလံပေါ်ရှိ စကားလုံးသုံးလုံးက သူတို့မျက်စိကို ဖမ်းစားသွားတော့သည်။ ‘ကြယ်ပျံအိမ်တော်’
ဝူဝူသည် အလံပေါ်ရှိ စကားလုံးများကို မြင်သောအခါ ပြောလိုက်တော့သည်”အစ်ကိုကြီးတို့ကြယ်ပျံအိမ်တော်က လူတွေ ဒီရောက်လာပြီ”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က ရထားလုံးပျံကို ကြည့်ပြီးပြောလိုက်၏။
“ကျောက်ခဲ၊ စာရွက်၊ ကတ်ကြေး ... အနိုင်ရသူက ပထမဆုံးလှုပ်ရှားရမယ်။ မင်း ဘာပြောမလဲ”
“ခင်ဗျားက ကျုပ်ပြောမဲ့ဟာကို ပြောသွားတာပဲ။" ယွီရှန်းရုန်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။