← Chapters

အခန်း (၇၃၆-၇၃၈)

Vol. 50 Ch. 736-738

အခန်း (၇၃၆-၇၃၈)

Vol. 50 Ch. 736-738

အခန်း (၇၃၆) - မင်းကိုယ်မင်း အထင်ကြီးနေတာပဲ...

လုကျိုး၏ အမူအရာက မပြောင်းမလဲ တည်ရှိနေသည်။ သူက မုတ်ဆိတ်ကို သပ်ကာ ပြောလိုက်၏။

” အချင်းချင်း ဖျက်ဆီးမှုလား။ မင်းက ကိုယ့်ဘာသာကို အထင်ကြီးနေတာ မဟုတ်ဘူးလား”

ဒီဘုန်းကြီးက ဖာ့ခုံးရဲ့ လမ်းစဥ်အတိုင်း လိုက်ဖို့ ကြိုးစားနေတာလား...

အကယ်၍ တခြားသူသာ ထိုစကားကို ပြောခဲ့ပါက တခြားသော ဘုန်းကြီးများသည် ဒေါသတကြီးဖြင့် တုတ်မြှောက်ကာ ထိုသူအား သတိမေ့သည့်အထိ ရိုက်နှက်ပြီး ကျောင်းဆောင်မှ လွှင့်ပစ်ကြလိမ့်မည်။ သို့သော်လည်း ဤဧည့်သည်က အလွယ်တကူ ရင်ဆိုင်နိုင်မည့်သူ မဟုတ်ပေ။ သူက အသံလှိုင်းနည်းစနစ်တစ်ခုဖြင့် မိုးကြိုးကိုယ်တော် ၁၂ ပါးကို ဖယ်ရှားပစ်နိုင်ခဲ့သည်။

ဤသည်က သွေးနေမင်းကျောင်းတော်ရှိ ဘုန်းကြီးအများစု လုပ်နိုင်သည့်အရာ မဟုတ်ပေ။ သို့သော် ကံမီးတောက် ကျွမ်းကျင်သူ နှစ်ယောက်ဖြင့် သူတို့သည် ကမ္ဘာတစ်ဝှမ်း ကျော်ကြားလာခဲ့၏။ တာ့ထန်ရှိ ဂိုဏ်းအားလုံးက သူတို့အား သတိထားကြသည်။

သို့သော်လည်း လူအိုကြီးက ကျောင်းထိုင်အဖြစ် သတ်မှတ်ခံရပြီးသည့်နောက်တွင် သူတို့၏ ဒေါသကို ဝှက်ထားဖို့သာ တတ်နိုင်လေသည်။

" ဒကာကြီးက ကံမီးတောက်ကို ကျွမ်းကျင်လား " ဖာ့ဟွာက မေးလိုက်သည်။

လုကျိုးက ရေတွင်းအိုကြီးသဖွယ် တည်ငြိမ်နေလေ၏။ သူက ဖာ့ဟွာအား မထူးမခြားနား ကြည့်လိုက်သည်။

ဖာ့ဟွာက ထိုမေးခွန်သည် အနည်းငယ် ရန်လိုကြောင်း ခံစားမိကာ ရှင်းပြလိုက်၏” ခင်ဗျားက ကံမီးတောက်ကို ကျွမ်းကျင်နေတယ်ဆိုရင် ဒီဟာက ဘယ်လောက် အားကောင်းတယ်ဆိုတာကို သိမှာပါ။ တကယ်လို့ ကံမီးတောက်က ချီသွေးကြောရှစ်ခုထဲ ရောက်ရှိသွားပြီး ချီပင်လယ်ကို လောင်ကျွမ်းစေခဲ့ရင် ဒဏ်ရာအပြင်းအထန် ရရှိနိုင်တယ်။

ကံမီးတောက် မရှိတဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက ကံမီးတောက် ရှိတဲ့သူထက် ပိုအားနည်းတယ်။ အဲ့ဒါအပြင် ကံမီးတောက် မရှိတဲ့သူတွေက ကံမီးတောက် ရှိတဲ့သူတွေကို ရှောင်ရှားကြတယ်။ ကျုပ်က နှစ် ၈၀၀ ကျော် မဆုတ်မနစ် ကျင့်ကြံလာပြီးတော့ အနီရောင်ကြာ ကံမီးတောက်ကို ရရှိခဲ့တယ်”

ဝှစ်

ဖာ့ဟွာက လက်ဖွင့်လိုက်သည့်အခါ အနီရောင်ကြာက ထွက်ပေါ်လာသည်။ လေထဲတွင် အနီတောက်တောက် မီးတောက်များက သွေးဖြင့် ပြုလုပ်ထားသည့်အလား မြင့်တက်လာသည်။ သူတို့က ထိုမြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်နေကြ၏။

ဘုန်းကြီးများက ထိုမီးတောက်ကို ကြောက်ရွံ့လေးစားကြသည်။ ထိုမီးတောက်က သွေးနေမင်းကျောင်းဆောင်သည် ယနေ့အထိ ခိုင်ခိုင်မာမာတည်ရှိနေရသည့် အကြောင်းအရင်းလည်း ဖြစ်၏။ သူတို့က ဤကျောင်းဆောင်၏ ယုံကြည်ချက်လည်း ဖြစ်ပေသည်။

မိန့်ခွန်းစွမ်းအားက ဘယ်လိုဖြစ်သွားတာလဲ...

အကြောင်းအရင်း မည်မျှပင် ရှိစေကာမူ လူများစွာက ပထမဆုံး အားကိုးအားထားပြုကြလိမ့်မည်။ ကမ္ဘာမြေ သို့မဟုတ် တခြားကမ္ဘာ ဖြစ်စေကာမူ လူတစ်ယောက်က သူတို့၏ ရန်သူကို ခြိမ်းခြောက်ကာ စည်းမျဥ်းအတိုင်း လိုက်လံနာခံလိုပါက လုံလောက်သည့် အင်အားမျိုးကို ပြသရမည်။

ဖာ့ဟွာက လက်ဆုပ်လိုက်သည့်အခါ အနီရောင်ကြာ ကံမီးတောက်က ပျောက်ကွယ်သွားသည်။ သူ့မျက်နှာထက် ရင်းနှီးဖွယ် အပြုံးမျိုး တည်ရှိနေပြီး လက်အုပ်ချီကာ ပြောလိုက်၏။

” အော်မီတော်ဖော် "

လုကျိုးက အနည်းငယ် မကျေနပ်သည့် အမူအရာဖြင့် မေးလိုက်သည်။

” ဖာ့ခုံးနှင့် ယှဥ်ရင် ဘယ်သူက ပိုအားနည်းလဲ "

ဖာ့ဟွာက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်” တကယ်လို့ ကျုပ်တို့ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် ရှစ်တိဖာ့ခုံးနဲ့ လက်ရည်တူလောက်ပဲ။ တကယ်လို့ ကျုပ်တို့ အကြာကြီးတိုက်ပြီးတော့ ဇင်နည်းစနစ်တွေပါ ထုတ်သုံးမယ်ဆိုရင်တော့ ကျုပ်က ဖာ့ခုံးထက် ပိုပြီးတော့ အားကောင်းပါတယ်”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူက ဖာ့ဟွာအား ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။

” ကျုပ်က ဖာ့ခုံးကို သတ်နိုင်တယ်ဆိုတော့ ခင်ဗျားကိုလည်း သတ်နိုင်တယ်။ ခင်ဗျားက သူ့ထက် အသက်တစ်သက် ပိုရှိလို့လား "

" ... "

မဟာခွန်အားခန်းမက သုဿန်တစပြင်အလား တိတ်ဆိတ်သွားသည်။

ဘုန်းကြီးများက မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေကြ၏။

ဖာ့ဟွာက သူ့အမြင်ကိုပင် မယုံနိုင်ပေ။ သူက ပုတီးကို မစိပ်နိုင်တော့ဘဲ တုန်လှုပ်သွားမိ၏။

” ဒကာကြီးက ဖာ့ခုံးကို သတ်ခဲ့တာလား "

ဘုန်ကြီးများက ထရပ်ကာ လုကျိုးအား ရန်သူတော်သဖွယ် ကြည့်လာကြသည်။

လုကျိုး၏ အမူအရာက မပြောင်းမလဲ တည်ရှိစေဆဲ ဖြစ်ကာ သူ့မျက်နှာအထက် အပြောင်းအလဲကိုပင် မမြင်ရပေ။ စိတ်ထဲတွင် သူက အံ့အားသင့်နေမိ၏။ ထိုဘုန်းကြီးများက ဖာ့ခုံးသည် ရွှေကြာနယ်မြေအတွင်း လုပ်ခဲ့သည့်အရာကို များများစားစား သိဟန်မပေါ်ပေ။ ထို့ကြောင့် သူက လေသံအတက်အကျ မရှိ မေးလိုက်၏။

" ဖာ့ခုံး ဖြစ်ခဲ့တာတွေကို မသိဘူးလား "

" ကျုပ်က ကျောင်းထိုင် ဆိုပေမဲ့ ရှစ်တိဖာ့ခုံးကို မထိန်းချုပ်နိုင်ဘူး။ ကျုပ် သိထားတာက သူက ကောင်းကင်သိုင်းပညာခုံရုံးနဲ့ ဆက်ဆံရေးကောင်း ရှိတယ်ဆိုတာပဲ။ သူက တုန်လှုပ်စရာကောင်းတဲ့ တစ်စုံတစ်ခု ပြုလုပ်မယ်ဆိုပြီးတော့ ပြောခဲ့တာ။ ဒါပေမဲ့ သူ ပြန်ရောက်မလာဘူးလို့တော့ ထင်မထားမိဘူး”

သူ့စကားအဆုံးတွင် ထရပ်လိုက်သည်။ သူ့မျက်နှာအထက် ပင်ပန်းနွမ်းနွယ်သည့် အရိပ်အရောင်နှင့်အတူ စိတ်ဓာတ်တက်ကြွသည့် အရိပ်အရောင်ကိုပါ မြင်နေရသည်။ သူက မေးလိုက်သည်” ဒကာကြီးက ရွှေကြာနယ်မြေကလား "

ထိုစကားကို ကြားပြီးသည့်နောက်တွင် ဘုန်းကြီးများကလည်း ထရပ်လိုက်ကြပြီး တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားသည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ထိုဘုန်းကြီးများ၏ တုံ့ပြန်မှုကို လျစ်လျူရှုထားလေသည်။ သူကပြောလိုက်၏” ကျုပ် ရောက်ကတည်းက ရည်ရွယ်ချက်ကို ပြောခဲ့ပြီးသားပဲ။ ခင်ဗျားတို့ အားလုံး လုပ်ဖို့ လိုတာက ကျုပ်မေးခွန်းကို ဖြေပေးဖို့ပဲ”

မဟာခွန်အားခန်းမ၏ ဒုတိယတိုင်လုံးနောက်တွင် သင်္ကန်းခြုံထားသည့် ဘုန်းကြီးတစ်ပါးက လက်ဝါးချက်ဖြင့် တိုက်ခိုက်လာသည်။ သူက အနီရောင်စွမ်းအားကို လွှင့်ကာ လက်ကို ဓားသဖွယ် လှုပ်ရှားလာသည်။ သူက ခုန်ထွက်လာပြီး လုကျိုးဆီ ဦးတည်လာ၏။

" ဗုဒ္ဓတောင် ခင်ဗျားကို ဒီနေ့ ကယ်နိုင်မှာ မဟုတ်ဘူး ... "

ဘုန်းကြီးများက ထိတ်လန့်သွားကာ နောက်ဆုတ်လိုက်ကြသည်။ သူတို့က ဇင်လက်ဝါးခန်းမ၏ ပထမဆရာတော်သည် ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု ထင်မထားမိပေ။ ကျောင်းဆောင်က စည်းမျဥ်းမရှိဘဲ မလည်ပတ်နိုင်ပေ။ ကျောင်းဆောင်၏ ကိစ္စများကို ဇင်လက်ဝါးခန်းမ၏ ဟွေ့နန်က ကိုင်တွယ်ဖြေရှင်းလေ့ရှိ၏။

လုကျိုးက ထိုင်လျက်သာ ကျန်ရှိနေသေး၏။ သူက နည်းနည်းလေးမျှ မလှုပ်ရှားပေ။ လက်ဝါးချက် သူ့အပေါ် ကျရောက်လာတော့မည့်ဆဲဆဲတွင် သူက အင်္ကျီလက်ကို ဝေ့ယမ်းလိုက်၏။ ထို့နောက် သူက ယင်ကောင်တစ်ကောင်ကို ခြောက်လန့်သလိုမျိုးသာ ဖြစ်နေသည်။

ဗုဒ္ဓမဟာ မိုးကြိုးဘီးလက်ဟန်သင်္ကေတ

ဘန်း

အနီးကပ် တိုက်ခိုက်မှုတွင် ရွှေရောင်လက်ဝါးနှင့် အနီရောင်လက်ဝါးချက်တို့က ထိပ်တိုက်ရင်ဆိုင်မိသွားကြသည်။

ရလဒ်ကိုမူ သံသယ ဖြစ်စရာ မလိုပေ။ ဇင်လက်ဝါးခန်းမ၏ ဆရာတော် ဟွေ့နန်က နောက်ပြန်လဲကျသွားပြီး သူ့အနီရောင် လက်ဝါးချက်က ဖျက်ဆီးခံလိုက်ရသည်။

ဘုန်းကြီးများက ထိုလက်ဝါးချက်ကို ကြည့်နေရင်း တအံ့တသြဖြစ်နေကြသည်။

ကျယ်လောင်စွာ ပေါက်ကွဲမှုနှင့်အတူ ဟွေ့နန်က မဟာခွန်အားခန်းမ၏ ဒုတိယတိုင်လုံးဆီ ဝင်တိုက်မိသွားသည်။ သူက သူလာခဲ့သည့်အတိုင်း လွင့်ထွက်သွား၏။

မဟာခွန်အားခန်းမ၏ တိုင်လုံးက ချက်ချင်းဆိုသလို အက်သွားသည်။ သို့သော်လည်း ထိုအရာက ပျက်စီးသွားလျှင်ပင် အလွယ်တကူ ကြေမွမသွားပေ။

ဘုန်ကြီးများက သူတို့၏ အံ့အားသင့်မှုမှ ပြန်လည်မနိုးထနိုင်ကြသေးပေ။

မဟာခွန်အားခန်းမက တိတ်ဆိတ်သွားသည်။

ဤသို့သော ခြားနားမှုမျိုးက အင်အားကွာဟချက်မှသာ မွေးဖွားနိုင်ခြင်း ဖြစ်၏။

အနီရောင်လက်ဝါး အင်အားက သိသိသာသာ အားနည်းနေဟန်ပေါ်သည်။

ဟွေ့နန်က သွေးအန်လိုက်ရသည်။

လုကျိုးက ဘာမှမဖြစ်သကဲ့သို့ ဆက်လက်ပြုမူနေသည်။ သူက တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် မုတ်ဆိတ်သပ်လိုက်၏။

ဘုန်းကြီးများက ဆွံ့အနေကြသည်။ ဟွေ့နန်၏ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့်ကပင် ထိုလူအိုကြီးဆီမှ တစ်ချက်ပင် မခံနိုင်ပေ။

ထိုစဥ် ဖာ့ဟွာ၏ မျက်နှာအထက် မှုန်မှိုင်းမှိုင်း အမူအရာမျိုး ထွက်ပေါ်လာပြီး " ရွှေရောင်လက်ဝါးစည်းတံဆိပ် မဟာမိုးကြိုးဘီးလက်ဟန်လား "

" ထိုင်ပါ " လုကျိုးက လက်ဟန်ပြလိုက်သည်။ ဖာ့ဟွာက ဧည့်သည်ဖြစ်ကာ သူက အိမ်ရှင်လိုမျိုး ဖြစ်၏။

ဖာ့ဟွာက သူ့ကိုယ်သူ ထိန်းချုပ်ကာ ထိုင်လိုက်သည်။

လုကျိုးက ပြောလိုက်၏” ဗုဒ္ဓဘာသာရဲ့ ကရုဏာက အားလုံးအပေါ် သက်ရောက်မှု ရှိပါတယ်။ ကျုပ်က သူ့အသက်ကို ချမ်းသာပေးခဲ့တယ်။ ခင်ဗျားတို့ ကျေနပ်ရဲ့လား”

" ကျုပ်က အတင့်ရဲကောင်း အတင့်ရဲနေတာ ဖြစ်နိုင်ပေမဲ့ ကျုပ်လည်း စမ်းကြည့်ချင်တယ်” ဖာ့ဟွာက ပြောလိုက်သည်။ သူက တုံ့ပြန်မှုကို မစောင့်တော့ဘဲ စားပွဲခုံကို ရိုက်ကာ ခြေမွှပစ်လိုက်သည်။ ထို့နောက် သူက လုကျိုးဆီ ပြေးဝင်သွား၏။ သူ့လက်ဝါးချက်တွင် မီးတောက်ဖြင့် လွှမ်းခြုံထားသည်။

လုကျိုးက ထိုင်လျက်သာ တည်ရှိနေပြီး လက်တစ်ဖက်သာ မြောက်လိုက်သည်။

လက်ဝါးနှစ်ခုက ထိပ်တိုက်ရင်ဆိုင် တွေ့သွားကြသည်။

ဘန်း

ဖာ့ဟွာ၏ လက်ဝါးက အနီရောင် မီးတောက် ရှိနေစဥ် လုကျိုး၏ လက်ဝါးက ဗလာဖြစ်၏။

ဘုန်းကြီးများက ထိုအရာကို မြင်ကာ စိတ်အေးသွားကြသည်။

မည်သူကမှ စွမ်းအင် မရှဘဲ ကံမီးတောက်ကို ရင်မဆိုင်ရဲကြပေ။ ဤရိုးရှင်းလှသည့် လက်ဝါးချက်က အားကောင်းသော ပွင့်ချပ်ကိုးလွှာ တိုက်ကွက် ဖြစ်၏။ မိုးကြိုးကိုယ်တော် ၁၂ ပါးနှင့် ဆရာတော် သုံးပါးပင် အလွယ်တကူ မခံယူနိုင်ပေ။

ဖာ့ဟွာက သူ့လက်ဝါးအထက် အေးစက်စက် တုံ့ပြန်မှုကို ခံစားမိလိုက်သည်။ သူက ငုံ့ကြည့်လိုက်သည့်အခါ ရွှေရောင်လက်ဝါးစည်းတံဆိပ် ထွက်ပေါ်မလာခင် အပြာဖျော့ဖျော့ကို မြင်လိုက်ရ၏။

ဘန်း

" ကျောင်းထိုင် "

ဖာ့ဟွာက လွင့်စင်ထွက်သွားသည်။ သူက လေထဲတွင် ကျွမ်းထိုးလိုက်ပြီးသည့်နောက်တွင် လက်ကို ပြန်လည် ဆန့်ထုတ်လိုက်၏။

" ကံကြမ္မာ မီးတောက် မိုးကြိုးလက်ဝါး "

လုကြိုးက လက်မြှောက်လိုက်သည်။

သူတို့၏ လက်ဝါးက ထပ်မံ တွေ့ဆုံသွားကြပြန်သည်။

ဤတစ်ကြိမ် ကမ္ဘာဦးချီ ပြိုင်ပွဲဖြစ်၏။

ဖာ့ဟွာ၏ လက်ဝါးအထက်မှ မီးတောက်သည် ပိုမိုတောက်ပလာသည်။

ကျွတ် ကျွတ်

မဟာခွန်အားခန်းမက အချိန်မရွေးပြိုလဲသွားတော့မည့်ဟန် ပေါ်နေသည်။

ရုတ်ခြည်းဆိုသလို ဖာ့ဟွာ၏ ခြေထောက်အောက်တွင် အနီရောင်ကြာပန်းတစ်ခု ပွင့်လန်းလာ၏။ ထိုအရာကို မီးတောက်များဖြင့် လွှမ်းခြုံထားသည်။ ပွင့်ချပ်ကိုးလွှာက ကြောက်မက်ဖွယ် မြင်ကွင်းမျိုး ဖြစ်နေပြီး တစ်ချိန်တည်းဆိုသလို စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ဖြည်းဖြည်းချင်း မြင့်တက်လာသည်။

လုကျိုးက တွေးလိုက်သည်။

ဒီမြင်းငတုံးက ငါ့ကို အသေရိုက်ချက်ကတ် အသုံးပြုရအောင် ဖိအားပေးနေတာလား။ ဒီကတ်တွေက စျေးကြီးလွန်းတယ်။ ဒီလို မြင်းငတုံးပေါ်မှာ သုံးဖို့ မတန်ဘူး...

လုကျိုးက သူ့ကောင်းကင်ကျမ်းစွမ်းအားကို အသုံးပြုဖို့ ရွေးချယ်လိုက်သည်။

အတိတ်ဘဝ၏ စွမ်းအား...

ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်

သူ့လက်ဝါးက အပြာရောင်နှင့် ရွှေရောင် တောက်ပလာသည်။ သူက ထူးခြားအံ့ဖွယ် စွမ်းအား၏ သုံးပုံတစ်ပုံကို ထုတ်လွှင့်လိုက်၏။

ဝှစ်

လေထဲတွင် ထူးဆန်းသည့် ပဲ့တင်သံတစ်ခု ထွက်ပေါ်လာသည်။

ဖာ့ဟွာက သူ့လက်သည် ထုံထိုင်းသွားပြီး ကျိုးတော့မည့် အန္တရာယ်ကိုပါ ခံစားမိလိုက်သည်။ သူက တုန်ယင်လာပြီး လက်ကို မြန်မြန်ဆန်ဆန် ရုတ်သိမ်းလိုက်သည်။

ဘန်း

ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်၏ စွမ်းအားက ဖာ့ဟွာ၏ လက်ဝါးမှတစ်ဆင့် ရင်ဘတ်အထိ ရောက်ရှိသွားသည်။ သူက လွင့်စင်သွားပြီး သွေးတစ်ပွက် အန်လိုက်ရ၏။

ဘန်း

ဖာ့ဟွာက တိုင်လုံးနှင့် တိုက်မိသွားသည်။

ဝုန်း

ဖာ့ဟွာက မဟာခွန်အားခန်းမ၏ နံရံကိုပင် ဖောက်သွားပြီး ခန်းမအပြင်ဘက် လွင့်စင်သွားသည်။

မဟာခွန်အားခန်းမထဲတွင် တိတ်ဆိတ်မှု ပြန်လည်ကြီးစိုးသွား၏။

လုကျိုးက လက်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက ဒဏ်ရာရဟန် မပေါ်ပေ။ ဤလက်ဝါးချက်ပေါ် မူတည်၍ သူသည် ကံမီးတောက်ရှိသည့် အနီရောင်ကြာ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူကို သတ်ဖို့ သူ့ထူးခြားအံ့ဖွယ်စွမ်အား တစ်ဝက်ကို ထုတ်သုံးဖို့ လိုကြောင်းပြောနိုင်လေ၏။

သူက ဖာ့ခုံးနှင့် တိုက်ခိုက်ခဲ့စဥ်အခါက ဖာ့ခုံးကို ကောင်းကင်လွန်းဖြင့် ကာကွယ်ပေးထားသည်။ သူ့ထူးခြားအံ့ဖွယ်စွမ်းအား၏ လေးပုံတစ်ပုံက ကောင်းကင်လွန်းကို မချိုးဖောက်နိုင်ခဲ့ပေ။ ထိုအတွေ့အကြုံမှတစ်ဆင့် ကံကြမ္မာမီးတောက်ရှိသည့် အနီရောင်ကြာ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူသည် မည်မျှအားကောင်းကြောင်း သိသာလှသည်။

" ကျောင်းထိုင် " ဘုန်ကြီးများက ခန်းမထဲမှ ထွက်သွားကြသည်။ ခဏအကြာတွင် သူတို့က ဖာ့ဟွာကို ခန်းမအတွင်း သယ်ဆောင်လာကြ၏။

ဖာ့ဟွာ၏ မျက်နှာအထက် ဖုန်မှုန်များ သွေးများဖြင့် ညစ်ပတ်နေသည်။ သူ့ဝတ်ရုံပင် စုတ်ပြတ်သွား၏။

လုကျိုးက ဘုန်းကြီးများကို ကြည့်ကာ ပြောလိုက်သည်။

” နောက်ထပ် ဘယ်သူ ပြဿနာ ရှိသေးလဲ "

သူ့မေးခွန်းက ခန်းမထဲ ပျံ့နှံ့သွားသည်။

လုကျိုးက ရန်သူ၏ ဘုရင်ကို အထိနာအောင် လုပ်ဖို့ တွေးထားခဲ့မိသည်။ အကယ်၍ သူသာ ဖာ့ဟွာကို အနိုင်ယူနိုင်ပါက တခြားသူများက သူ့အား ခုခံရဲမည် မဟုတ်ပေ။ သူက ဆက်လက်ပြောလိုက်၏။

” ပြဿနာ ရှိတဲ့သူ ရှေ့ထွက်ခဲ့ "

မည်သူမှ ရှေ့မထွက်ကြပေ။

ဖာ့ဟွာက အပြင်းအထန် ချောင်းဆိုးလာသည်။ လုကျိုး၏ လုပ်ဆောင်ချက်က သူ့မှန်းဆချက်ထက် ကျော်လွန်နေ၏။ တကယ်တော့ လုကျိုး၏ အင်အားက သူ့အတွက် အကျိုးအကြောင်း မသင့်ပေ။ သူတို့က ကံကြမ္မာမီးတောက် ကျွမ်းကျင်သူများ ဖြစ်သော်လည်း သူတို့ကြားမှ ကွာခြားချက်သည် ဤမျှ မဖြစ်သင့်ပေ။

သူ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်လာသည့် သမိုင်းတစ်လျှောက်တွင် သူက ယနေ့ကဲ့သို့ တစ်ခါမှ မရှုံးနိမ့်ဖူးပေ။ သူက ချောင်းဆိုးပြီးသည့်နောက်တွင် ပြောလိုက်၏” အားလုံး ထိုင်ကြ "

သူတို့က မည်သို့ မထိုင်ဘဲ နေရဲမည်နည်း။

လုကျိုးက မုတ်ဆိတ်သပ်ကာ ဒဏ်ရာရနေသည့် ဖာ့ဟွာအား ကြည့်လိုက်သည်။ သူ့ထူးခြားအံ့ဖွယ် စွမ်းအား၏ သုံးပုံတစ်ပုံသည် ဖာ့ဟွာကို ဒဏ်ရာများ ပေးနိုင်ခဲ့၏။ အကယ်၍ ပွင့်ချပ်ရှစ်လွှာအပေါ် အသုံးပြုလျှင် ထူးခြားအံ့ဖွယ် စွမ်းအား၏ သုံးပုံတစ်ပုံက သူတို့အား အမှုန့် ဖြစ်သွားစေလိမ့်မည်။ ကံကြမ္မာမီးတောက်က အမှန်တကယ် အားကောင်းလှ၏။

" ဒကာကြီး .. ဒကာကြီးက ဘာသိချင်ချင် ကျုပ်ပြောပြပါ့မယ် " ဖာ့ဟွာက ပြောလိုက်သည်။

လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးသည့်နောက် " ဘာလို့ စောစောစီးစီး မပြောတာလဲ "

ဖာ့ဟွာက ဤထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် တခြားသော ရည်ရွယ်ချက်မျိုး မရှိတော့ပေ။

တခြားသော ဘုန်းကြီးများကလည်း ဘာမှ ဝင်မပြောရဲကြပေ။

ရှောင်ယွမ်အာက ပါးစပ်ပိတ်ကာ ရယ်မောလိုက်၏။ သူက ဖာ့ဟွာအား လက်ညှိုးထိုးကာ ပြောလိုက်သည်။

” ရှင်က တော်တော်လေးကို မာတာပဲ။ ရှစ်စွင်းရဲ့ လက်ဝါးချက်အောက်မှာ အသက်ရှင်နိုင်တဲ့သူဆိုတာ နေ့တိုင်း မြင်ရတာ မဟုတ်ဘူး”

" ... "

" ဘာကြည့်နေတာလဲ။ ဒါအမှန်အတိုင်း ပြောနေတာ” ရှောင်ယွမ်အာက နည်းနည်းလေးမှ မကြောက်ပေ။ သူမက တခြားဘုန်းကြီးများ၏ အကြည့်ကို ပြန်ကြည့်လိုက်၏။

ဘုန်ကြီးများက ဘာမှ မပြောရဲဘဲ တုန်လှုပ်နေဆဲသာ ဖြစ်သည်။

လုကျိုးက ဖာ့ဟွာအား ကြည့်ကာ မေးလိုက်၏။

” ကျုပ်အပြင် တခြားရွှေကြာ ကျင့်ကြံသူတွေကို မြင်မိသေးလား "

…

အခန်း (၇၃၇) မင်းကိုယ်စား သတ်ပေးမယ်

ဖာ့ဟွာသည် ကျန်သည့်သူများကို ထွက်သွားရန် အချက်ပြလိုက်၏။

“ကျောင်းထိုင်ဆရာတော်” မိုးကြိုးကိုယ်တော် ဆယ့်နှစ်ပါးနှင့် ဆရာတော် သုံးပါးက မထွက်သွားပေ။

ဟွေ့နန်သည် တစ်ချက် အရိုက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ ဖြူဖျော့နေတော့သည်။

“ ထွက်သွား” ဖာ့ဟွာက ခက်ထန်စွာ ပြောလိုက်သည်။

ဘုန်းကြီးများသည် ရွေးချယ်စရာမရှိဘဲ လှည့်ထွက်သွားရ၏။

လုကျိုးသည် ရွှေကြာကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ၏ အထောက်အထားပေါ်သွားမှာကိုတောင် စိုးရိမ်ပူပန်ခြင်းမရှိပေ။ သို့သော် ဖာ့ဟွာက သူ၏တပည့်များကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။

မဟာခွန်အားခန်းမဆောင်မှ ဘုန်းကြီးများထွက်သွားပြီးနောက် ဖာ့ဟွာသည် သက်ပြင်းချလိုက်တော့၏။

“ ခင်ဗျားကို အမှန်တိုင်းပြောရမယ်ဆိုရင် ရှစ်တိဖာ့ခုံးရဲ့ လုပ်ရပ်ကို သဘောမတူဘူး။ ကောင်းကင်သိုင်းခုံရုံးက စီမံနေတဲ့ တခြားကမ္ဘာအကြောင်းသုတေသနကိုလည်း ကိုယ်တော် ဆန့်ကျင်ခဲ့တာ။ ဗုဒ္ဓက ကရုဏာတရားရှိတယ် ပြီးတော့ သတ္တဝါအားလုံးက ညီတူမျှတူပဲ။ ဘာကြောင့်များ သန်မာသူက အားနည်းသူကို နင်းချေရမှာလဲ။ ရွှေကြာနယ်မြေရဲ့တည်ရှိမှုအကြောင်း လူတော်တော်များများ မသိကြဘူး။ အဲ့ဒီအကြောင်းသိသွားတဲ့အချိန် ဆန့်ကျင်နိုင်ဖို့ အားလုံးလုပ်ခဲ့တဲ့ ဖာ့ခုံးက ခေါင်းမာလွန်းတယ်။ သူသေသွားတာကို အံ့လဲအံ့ဩမိတယ် မအံ့လည်းမအံ့ဩဘူး”

လုကျိုးသည် ဖာ့ဟွာကို တအံ့တဩ စိုက်ကြည့်လိုက်၏။ ဖာ့ဟွာ၌ ထိုသို့အတွေးမျိုးရှိလိမ့်မည်ဟု သူမထင်ထားပေ။ ကမ္ဘာလောကကြီး၏ ခိုးဆိုးလုယက်သူတို့သည် သတ္တဝါအားလုံးတူညီသည် ဟုသော စကားကိုပြောမှာ မဟုတ်။ ထို့အပြင်လူတိုင်းသည် တူညီသည်ဟူသော အဓိပွာယ်ကိုယ်စီရှိကြ၏။ အဆုံးကျ သူ ခေါင်းညိတ်ပြီး မေးလိုက်တော့သည်။

“ ရွှေကြာနယ်မြေအကြောင်း ခင်ဗျားဘယ်လောက်သိလဲ”

“ကျုပ်သိသမျှက ရွှေကြာနယ်မြေက အားနည်းတယ်ဆိုတာပဲ။ ဖာ့ခုံး ရှိနေသေးတုန်းက အဲ့လိုပြောခဲ့တာ ဖာ့ခုံးနဲ့ကျုပ်က တွေ့တာရှားတယ်။ ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက် စကားပြောလေ့မရှိဘူး။ ကောင်းကင်သိုင်းခုံရုံးက တခြားကမ္ဘာတွေကို သုတေသန လုပ်နေပြီး သိပ်မကြာခင်တုန်းက ရွှေကြာနယ်မြေကိုရှာဖွေတွေ့ရှိခဲ့တာ။ စုံစမ်းစစ်ဆေးဖို့ သူတို့တချို့တလေ လွှတ်ခဲ့တယ်။ ဖာ့ခုံးက ကောင်းကင်သိုင်းခုံရုံးနဲ့ပူးပေါင်းခဲ့တာ။ သူက ရွှေကြာနယ်မြေက အသန်မာဆုံးလူကိုသတ်ဖြတ်ဖို့ တာဝန်ယူထားတယ်”

ဖာ့ဟွာသည် ပြောပြီးနောက် ရင်ဘတ်ကို ဖိကာ ချောင်းဆိုးလိုက်၏။

“ ခင်ဗျား ဒါကို ကန့်ကွက်တယ်ဆိုမှတော့ ဖာ့ခုံးကို ဘာကြောင့်မတားခဲ့တာလဲ” လုကျိုးက မေးလိုက်၏။

ဖာ့ခုံးက လေးလံစွာ သက်ပြင်းချက်လိုက်ပြန်၏။

“ ဒကာကြီး ဒါကို မသိလောက်ပေမဲ့ ကောင်းကင်သိုင်းခုံရုံးရဲ့ သခင်က ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်လေ”

သူသည် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူအကြောင်း ထည့်ပြောချိန်တွင် သူ၏မျက်လုံးထဲ၌ လေးစားကြောက်ရွံ့ရိပ် တစ်စွန်းတစ်စကို တွေ့ရသည်။ ထို့အပြင် ကူကယ်ရာမဲ့ တချို့လည်း ရှိနေသည်။

လုကျိုး၏စိတ်ထဲ တစ်စုံတစ်ခုက မွှေနှောက်သွားလေ၏။ အနီကြာနယ်မြေသို့ ရောက်ရှိချိန်မှ စပြီး သူရရှိလိုက်သည့် အရေးကြီးဆုံး သတင်းအချက်အလက်အပိုင်းအစ ဖြစ်သည်။ ဤအချက်အလက်ဖြင့် သူသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့် စိတ်တိုင်းကျ လုပ်နိုင်တော့မှာ မဟုတ်ဟု ဆိုလိုသည်။ သူသည် ယခုအချိန်၌ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ကို မဆန့်ကျင့်နိုင်ပေ။ တစ်ချိန်ထဲတွင် သူဇဝေဇဝါဖြစ်သွား၏။ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူ ရှိနေလျှင် သူတို့သည် ကောင်းကင်လွန်းထဲသို့ အစွမ်းအထက်ဆုံး ကျင့်ကြံသူများကို အဘယ်ကြောင့်မပို့ရသနည်း။ ယင်းက ပိုကောင်းသည့်အစီအစဉ် မဟုတ်ပါလော။

ဖာ့ဟွာသည် လုကျိုးအတွေးနစ်နေတာ မြင်သောအခါ မေးလိုက်၏။

“ဖာ့ခုံးက ဒကာကြီးကို တကယ်တိုက်ခိုက်ခဲ့တာလား”

“ ကျုပ်မှာ လိမ်တတ်တဲ့ အကျင့်မရှိဘူး” လုကျိုးက ပြောလိုက်သည်။

ဖာ့ဟွာက ခေါင်းခါပြီးပြောလိုက်တော့၏။

“ ဝဋ်နဲ့ အပြစ်ကြွေး... လက်စားချေဖို့ ရောက်လာတယ်ဆိုမှတော့ ဒကာကြီးကို ကိုယ်တော် ဘာမှပြောစရာ မရှိတော့ပါဘူး”

“ ကျုပ်ရဲ့မေးခွန်းတွေအားလုံးကို မဖြေရသေးဘူးနော်”

လုကျိုးသည် ဖာ့ဟွာကို တစ်ချက်ကြည့်ပြီး‌နောက်ထရပ်ကာ လက်နောက်ပစ်လျက် လမ်းလျှောက်နေလိုက်၏။

“ တခြားရွှေကြာကျင့်ကြံသူတွေကို ပြောတာလား”

ထိုမေးခွန်းကိုမေးပြီးနောက် ဖာ့ဟွာသည် မသေချာမရေရာသည့် ပုံဖြင့်ပြောလိုက်သည်။

“ လွန်ခဲ့တဲ့လတွေတုန်းက မိုးမခတစ်ထောင်ဘုရားကျောင်းမှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုနဲ့ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကြား မဟာတိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ ကောလာဟလတွေ ရှိတယ်”

“ မိုးမခတစ်ထောင် ဘုရားကျောင်းလား”

လုကျိုးသည် ဖာ့ဟွာကို လှည့်ကြည့်လိုက်သည်။

“ကောလာဟလတစ်ခုပါပဲ။ နဝမဘုံကျောင်းရဲ့ မဟာအကြီးအကဲက သူ့ရတနာလေးထောင့်သေတ္တာနဲ့ ရွှေကြာကျင့်ကြံသူနှစ်ယောက်ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ကောင်းကင်သိုင်းခုံရုံးနဲ့ ကြယ်ပျံအိမ်တော်တို့က ရှေ့ထွက်လာပြီး ကောလာဟလတွေကို ပယ်ဖျက်ပေးခဲ့တယ်။ ကောလာဟလက အမှန်လားဆိုတာတော့ မသိဘူး” ဖာ့ဟွာကပြောလိုက်၏။

“ ကောင်းကင်သိုင်းခုံရုံးရဲ့ လှုပ်ရှားတဲ့ပုံကို ကျုပ် နားလည်သဘောပေါက်ထားပုံအရ ကောလာဟလသာ မှန်လောက်တယ်”

လုကျိုးသည် မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်တော့သည်။

သူ၏မှတ်ညဏ်ထဲ၌ မိုးမခတစ်ထောင်ဘုရားကျောင်းနှင့်နဝမဘုံဘုရားကျောင်းအကြောင်း စွဲထင်အောင် စွဲမှတ်ထားသည်။ အနီရောင်ကြာနယ်မြေထဲ၌ သူ၏တပည့်နှစ်ယောက်က သိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့သည့် အသိပေးချက်များစွာ ရခဲ့တာကို သူပြန်တွေးလိုက်၏။ သူတို့က သိုင်းပညာရှင်များနှင့် တိုက်ခိုက်ချိန်၌ စိတ်ဝိညာဉ်သဏ္ဌာန်များ ပေါ်ထွက်လာတာ အံ့သြစရာတော့ မဟုတ်ပေ။ သို့သော် ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်သည် ထိုအရေးကိစ္စကို အဘယ်ကြောင့်များ လျှို့ဝှက်ထားချင်သနည်း။

“ နဝမဘုံကျောင်းရဲ့မဟာအကြီးအကဲက ဒီနှစ်ယောက်ကို သူ့ဘာသာသူ တိုက်ခိုက်တာလား” လုကျိုးက မေးလိုက်၏။

“ ဒကာကြီး နဝမ ဘုံကျောင်းကို လျှော့မတွက်သင့်ဘူး၊ သူတို့တွေက ကောင်းကင်သိုင်းခုံရုံးလောက် အစွမ်းထက်တယ်။ မဟာအကြီးအကဲကျူးရွှမ်က လွန်ခဲ့တဲ့ငါးဆယ်တုန်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ချိုးဖျက်တက်နိုင်ဖို့ အနီးစပ်ဆုံးလူလို့ ပြောတယ်။ သူက ရွှေကြာကျင့်ကြံသူနှစ်‌ယောက်နဲ့ တိုက်ခိုက်နေတုန်း ပွင့်ချပ်ကိုးလွှာအဆင့်ကိုတက်သွားပြီး နှစ်ယောက်လုံးကို ဖိနှိမ့်ခဲ့တာ “ ဖာ့ဟွာက ပြောလိုက်၏။

ရှောင်ယွမ်အာသည် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူမက လက်သီးလက်မောင်းတန်းလျက် ဒေါသတကြီး ပြောလိုက်သည်။

“ ရှစ်စွင်း အခုနဝမဘုံကျောင်းကို သွားကြရအောင် တပည့်ရဲ့ရှစ်ရှိုးတွေကို အနိုင်ကျင့်ရိုက်ရဲတဲ့သူတွေကို ပြရမယ်”

‘ရှစ်ရှိုးတွေလား’ ဖာ့ချိုးသည် ရှောင်ယွမ်အာ၏ စကားကိုကြားသောအခါ ထိတ်လန့်သွား၏။ သူရှေ့ရှိ အဘိုးအိုကိုကြည့်ပြီးနောက် ထပ်မံလေ့လာလိုက်သည်။ ထိုအဘိုးအိုသည် စာပေကျမ်းဂန် နှံ့စပ်သော ပညာတတ်တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သူ၏အပြုမူများက အတွေ့အကြုံရှိပုံပေါ်၏။ ရုတ်တရက် သူက သဘောပေါက်သွားကာ အထိတ်တလန့် မေးလိုက်တော့သည်။

“ တပည့်တွေကို ရှာဖို့ ဒီရောက်လာတာလား ဒကာကြီး”

လုကျိုးသည် ဖာ့ဟွာကို မဖြေခဲ့ပေ။ ထိုအစား သူက ပြန်မေးလိုက်၏။

“ သိပြီးသားဆိုရင် အစောတုန်းက ကျုပ်မေးတာ ဘာကြောင့် မဖြေလဲ”

စိတ်ထဲ၌ သူဘာသာသူ တွေးလိုက်သည်။ ‘နာကျင်မှုကို ခံစားပြီးမှပဲ အညံ့ခံချင်တော့တယ်’

သွေးနေမင်းကျောင်းတော်ကို ဝင်ရောက်ပြီးနောက် လုကျိုးသည် ထိုဘုန်းကြီးအိုက ကြမ်းတမ်းခက်ထန်သောလူ မဟုတ်ကြောင်းပြောနိုင်၏။ထိုဘုန်းကြီးအိုသည် သူ၏အချိန်ကို ဆွဲပြီး သူသည် အခွင့်ကောင်းကို စောင့်တတ်ကာ ရှေ့တိုးရမည့်အချိန် နောက်ဆုတ်ရမည့်အချိန်ကို သိတာဖြစ်နိုင်သည်။ သူသည် ကံမီးတောက် ရှိတာကြောင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့တာမဟုတ်။ သူက သူ့ပိုင်နက်အားသာချက်ရှိတာကြောင့် ရွေးချယ်ခဲ့တာလဲ မဟုတ်ပေ။ ထိုအဘိုးအိုက ညဏ်ရှိတာ သိသာ၏။

ဖာ့ဟွာသည် သူ၏အင်္ကျီလက်ဖြင့် နှပ်ခမ်းထောင့်စွန်းမှ သွေးများကိုသုတ်ပြီးနောက် ပြောလိုက်သည်။

“ ဒကာကြီး အဲဒီနောက်ဆုံး လက်ဝါးရိုက်ချက်မှာ ကျုပ်ခွန်းအားတစ်ဝက်ကိုပဲ သုံးခဲ့တယ် “

“ မင်းရဲ့ခွန်အားကို တမင်တကာ ထိန်းချုပ်ထားတာလား”

လုကျိုးက ဇဝေဇဝါဖြစ်သွား၏။

“ ဆရာတော်သုံးပါးကို တွေ့သားပဲ။ လက်ဝါးဇင်ခန်းမရဲ့ ပထမဆရာတော်ဟွေ့နန်က ဒဏ်ရာရထားတာ ကျန်တဲ့နှစ်ယောက်က အနောက်ခန်းမရဲ့ ပထမဆရာတော်ဟွေ့ကျွယ်၊ အနက်ရောင်ခန်းမက ဟွေ့ရှန်း “

ယခုအချိန်၌ သူက အသံတိုးကာ ကနဦးချီကို သုံးကာလုကျိုးပြောလိုက်၏။

“ သူတို့သုံးယောက်က နန်းတော်ကပဲ”

လုကျိုးက မျက်လုံးအပြူးသားဖြင့်ကြည့်လိုက်သည်။

“ အဲ့ဒီသုံးယောက်က ခင်ဗျားကိုစောင့်ကြည့်ဖို့ ဒီကိုလွှတ်ထားခံရတယ်လို့ ပြောတာလား”

“တစ်မိုးအောက်မှာ ဂိုဏ်းတွေ အများကြီးပဲ၊ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်က အကြေးခွံထိပ်ဖျားမှာဆိုရင် ကံမီးတောက် အသုံးပြုနိုင်သူက တစ်သက်မှာ တစ်ယောက်ပဲ။ ရေမြေ့အရှင်မှာ လှည့်ကွက်တစ်ခု၊ နှစ်ခု မရှိခဲ့ဘူးဆိုရင် ပင်လယ်လေးခုက ဘယ်လိုလုပ် ငြိမ်းချမ်းနိုင်ပါ့မလဲ။ နန်းတော်မှာ သူ့နည်းသူ့ဟန် ရှိပြီးသား။ သွေးနေမင်းကျောင်းတော်မှာ ကံမီးတောက် အသုံးပြုသူနှစ်ယောက် ရှိတယ်ဆိုပေမဲ့ တစ်ကမ္ဘာလုံးကို ဆန့်ကျင်ဖို့ မဖြစ်နိုင်ဘူး”

ဖာ့ဟွာက ပြောလိုက်၏။

“ ခင်ဗျားရဲ့ ကျင့်ကြံစဉ်နဲ့ နယ်မြေတွေကို အုပ်စိုးတဲ့ အဆင့်မြင့်အရာရှိတစ်ယောက် ဘာကြောင့်မလုပ်ခဲ့တာလဲ။ ဒါမှမဟုတ် ခင်ဗျားလှည့်လည်သွားလာနိုင်တာပဲ ဘယ်သူကခင်ဗျားလမ်းမှာ တားနိုင်မှာလဲ” လုကျိုးက မေးလိုက်၏။

“ အရာရှိတစ်ယောက်ဖြစ်ဖို့ စိတ်မဝင်စားဘူး။ နန်းတော်ကအင်အားကြီးပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို အထက်တန်းလွှာတွေက ထိန်းချုပ်ထား‌သေးတာ။ အထက်တန်းလွှာက အဓိကဂိုဏ်းတွေက လာတာပဲ။ သူတို့တွေက တစ်‌ယောက်ကိုတစ်ယောက်စစ်ဆေးကြည့်နေတာ။ ဒါက ဧကရာဇ်ရဲ့ အလုပ်လုပ်ပုံ။ ဒါ့အပြင် သွေးနေမင်းကျောင်းတော်က ကိုယ်တော့်နှလုံးသားနဲ့ အနီးစပ်ဆုံးပဲ။ ဒီကျောင်းတော်ကို စွန့်ပစ်ပြီး ကုန်းမြေပေါ် လှည့်လည်သွားလာဖို့ဆိုတာ မတတ်နိုင်ဘူး” ဖာ့ဟွာသည် စိတ်ခံစားချက်များနှင့် ပြောလိုက်၏။

လုကျိုးသည် အနီရောင်ကြာနယ်မြေအကြောင်း သိတာ နည်းသေးသည်ဟု ခံစားမိသည်။ အနီရောင်ကြာနယ်မြေရှိ အာဏာရုန်းကန်မှုသည် မရိုးရှင်းပေ။ တကယ်တော့ တာ့ယန်ထက်တောင် ပိုပြီးရှုပ်ထွေးလောက်သည်။ သူသည် ဖာ့ဟွာနှင့်ကြာကြာစကားပြောဖို့လိုအပ်သည်။

ထိုစဉ် မဟာခွန်အားခန်းမဆောင်မှ အသံများပေါ်ထွက်လာ၏။

“ ကျောင်းထိုင်ဆရာတော်”

လုကျိုးနှင့် ဖာ့ဟွာက လှည့်ကြည့်လိုက်သည်။

သူတို့က သွေးနေမင်းကျောင်းတော်၏ အနောက်ခန်းမနှင့် အနက်ရောင်ခန်းမ၏ ဟွေ့ကျွယ်နှင့် ဟွေ့ရှန်းတို့ဖြစ်သည်။ ဖာ့ဟွာ၏အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ မေးလိုက်တော့သည်။

“ ဘာဖြစ်တာလဲ”

“ ဆရာတော်... ဟွေ့နန်က အခြေအနေ ပြင်းထန်နေပါတယ်”

“ သိပြီ”

ဖာ့ဟွာသည် ခဲရာခဲဆစ် ထရပ်လိုက်၏။ ယင်းကို မြင်သောအခါ ဟွေ့ကျွယ်နှင့်ဟွေ့ရှန်းက ရောက်လာပြီး ဖာ့ဟွာကို ကူတွဲပေးလိုက်၏။ ယခု လုကျိုးက အာရုံစိုက်ခံထားရပြီး ဤလူများသည် ဖာ့ဟွာကို စောင့်ကြည့်နေပုံ ပေါ်သည်။

စိတ်ဝင်စားစရာပဲ မထင်မှတ်ထားတာက...

ဟွေ့ကျွယ်သည် ရင်ဘတ်ရှေ့လက်ထားလျက် လုကျိုးကို ပြောလိုက်၏။

“ ဒကာကြီး ဒကာရဲ့ ဇာစ်မြစ်က ဘာပဲဖြစ်ဖြစ် ကျောင်းထိုင်ဆရာတော်ကို ထိတ်လန့်အောင် လုပ်ပြီးနောက် ဒေါသတချို့ ပေါက်ကွဲပြီးပြီလို့ ယုံကြည့်ပါတယ်။ မကျေမချမ်းဖြစ်မှုတွေလည်း လျော့ပါးသွားဖို့ ယုံကြည်ပါတယ်။ တစ်ညနားနေချင်စိတ် ရှိပါသလား။ ဒါမှ ကျောင်းထိုင်ဆရာတော် နေကောင်းလာပြီးရင် သူနဲ့ စကားပြောနိုင်မှာ”

လုကျိုးသည် ဟွေ့ကျွယ်၏ စကားအဓိပ္ပာယ်ကို နားလည်၏။ သူက ခေါင်းခါကာ ပြောလိုက်တော့သည်။

“ မဟုတ်ဘူး၊ မလိုဘူး၊ ကျေးဇူးပါပဲ လုပ်စရာရှိသေးတယ်”

ပြီးနောက် သူသည် ဖာ့ဟွာကို ကြည့်ပြီးပြောလိုက်၏။

“ ခင်ဗျားရဲ့ ကျင့်ကြံဆင့်ကြောင့် ခင်ဗျားကို မသတ်ခဲ့ဘူး။ ကျုပ်ကိစ္စတွေ ဖြေရှင်းပြီးတာနဲ့ ခင်ဗျားကို လာရှာမယ်”

“ဖာ့ဟွာ”

လုကျိုးသည် ရှောင်ယွမ်အာနှင့် ခရုလေးကို အချက်ပြလိုက်၏။

မိန်းကလေးနှစ်ယောက်က တုံ့ပြန်ကာ လိမ်လိမ်မာမာဖြင့် နောက်ကလိုက်လာပြီး မဟာခွန်အားခန်းမထဲမှ ထွက်သွားလိုက်တော့၏။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်းကနေ သူတို့သုံးယောက်သည် နှစ်လှမ်းမျှသာ လှမ်းရသေးစဉ် မိုးကြိုးကိုယ်တော်ဆယ့်နှစ်ပါးနှင့် ဘုန်းကြီးအပါးတစ်ထောင်သည် မဟာခွန်အားခန်းမကို ဝိုင်းထားလေ၏။

ထိုစဉ် ဟွေ့နန်နှင့် ဟွေ့ရှန်တို့က ဖာ့ဟွာကို တွဲထုတ်လာ၏။ ဖာ့ဟွာက ခက်ထန်စွာ ပြောလိုက်တော့သည်။

“နောက်ဆုတ်ကြ သူတို့တွေက နှောက်ယှက်တဲ့သူတွေမဟုတ်ဘူး” ဘုန်းကြီးများက နောက်ဆုတ်သွားသည်။ သို့သော် ဟွေ့နန်က ရုတ်တရက်ပြောလိုက်၏။

“ ဆရာတော် သူတို့တွေက နယ်ခြားရွှေကြာကျင့်ကြံသူတွေပဲ ဆရာတော်မထင်ဘူးလား”

အစက အဝေးကို လျှောက်သွားပြီဖြစ်သော လုကျိုးသည် ရုတ်တရက် ရပ်တန့်လိုက်၏။ သူက လက်နောက်ပစ်ထားလျက် ဖာ့ဟွာရှေ့ရှိ ဘုန်းကြီးနှစ်ပါးကို ကြည့်လိုက်သည်။ သူက

“ မင်းတို့ရဲ့ ဗုဒ္ဓက သက်ညှာမှုရှိတာ ကျိန်းသေတယ်။ သူက အကောင်းအဆိုးကို ခွဲခြားနိုင်တယ်။ ဖာ့ဟွာ မင်း တစ်ယောက်ယောက်ကို သတ်ခဲ့ဖူးလား”

“ အောမီတော်ဖော် သွေးနေမင်းကျောင်းတော်ရဲ့ ဝိနည်းအရ သတ်ခွင့်မရှိပါဘူး။ တကယ်တော့ သတ်ဖြတ်ခြင်းက အကြီးမားဆုံးပြစ်မှုပဲ။ ကောင်းမှုကုသိုလ်တွေထဲအားလုံးထဲမှာ အသက်ချမ်းသာပေးဖို့က ပထမဆုံးပဲ”

ဖာ့ဟွာပြောပြီးနောက် လုကျိုးသည် ထူးမခြားပြောလိုက်သည်။

“ ဒီလိုဆိုမှတော့ ခင်ဗျားကိုယ်စား သတ်ပေးမယ်”

မြန်ဆန်သည့်လှုပ်ရှားမှုပေါ်လာ၏။

မဟာနည်းစနစ်

လုကျိုး၏ခြေထောက်အောက်၌ ရွှေကြာတစ်ပွင့်ဖူးပွင့်လာကာ ပွင့်ချပ်ကိုးလွှာက လှည့်ပတ်နေ၏။

ကျန်သည့်ဘုန်းကြီးများသည် ရွှေကြာနား၌လှည့်ပတ်နေသော ရွှေရောင်မီးတောက်များကိုမြင်သောအခါ ကြောက်လန့်သွားသည်။

လုကျိုးသည် လက်ဝါးနှစ်ဖက်လုံးဖြင့် ရိုက်ချလိုက်၏။

အတိတ်ဘဝ၏စွမ်းအား

ကြောက်ရွံ့ခြင်းမဲ့ ရွှေရောင်မဟာတံဆိပ်တော်နှစ်ခု ပေါ်ထွက်လာသည်။ ယခုအချိန်၌ ဟွေ့နန်နှင့် ဟွေ့ရှန်တို့သည် နောက်ဆုံးတော့ ထိုလက်ဝါးစည်းတံဆိပ်နှစ်ခုသည် သူတို့နှစ်ယောက်ကို ရည်ရွယ်မှန်း သဘောပေါက်သွား၏။

ဝှစ် ဝှစ်

ဘုန်းကြီးနှစ်ပါးသည် သူတို့၏အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။ တစ်ချိန်ထဲတွင် သူတို့ကိုယ်သူတို့ ကာကွယ်ရန် လက်ကို မြှောက်လိုက်၏။

ဖုန်း ဖုန်း ဖုန်း

လေထဲ၌ ပေါက်ကွဲသံများ ဆက်တိုက်ပေါ်လာပြီးနောက် တစ်ပြိုင်နက်တည်းတွင် ဟွေ့ကျွယ်နှင့် ဟွေ့ရှန်၏လက်ကို ထိသွားကိုထိသွားပုံပေါ်၏။ နှစ်ယောက်လုံး နောက်ပြန်လန်သွားကာ သွေးအန်တော့သည်။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူနှစ်ယောက်သည် ကံမီးတောက်နှင့် ထူးကဲစွမ်းအားဖြင့် ပွင့်ချပ်ကိုးလွှာရွှေကြာ ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခံနိုင်ရည်ရှိမည်နည်း။

ဘန်း ဘန်း

ဟွေ့ကျွယ်သည် ဘယ်ဘက်ခြမ်းရှိ ဧရာမတိုင်လုံးနှင့်တိုက်မိပြီး ဟွေ့ရှန်က မဟာခွန်အားခန်းမရှေ့ရှိ တိုင်လုံးနှင့်တိုက်မိသွား၏။ သူတို့နှစ်ယောက်လုံးက ကျောက်တိုင်များထဲ နစ်ဝင်သွားသည်။

ပထမ အပိုဒ်ကို ရွတ်ဆိုလိုက်သည်။

သန့်စင်သော ရွှံ့မြေမှ ကြာပွင့်သည် လောကကြီး၏ အလေးချိန်နှင့် ဗုဒ္ဓကို သယ်ဆောင်လာသည်။

ဒုတိယ စာပိုဒ်ကို ရွတ်ဖတ်လိုက်၏။

ဗုဒ္ဓ ပုလဲကဲ့သို့ တောက်ပခြင်း

ပုလဲကဲ့သို့တောက်ပသောဗုဒ္ဓသည် သမာဓိရရှိပြီး ညဏ်အလင်းပွင့်ခဲ့၏။

ဂျွတ်

စကားလုံးများ အက်ကွဲကာ လဲပြိုကျသွားသည်။

ဟွေ့ကျွယ်နှင့် ဟွေ့ရှန်သည် ချက်ချင်းသေဆုံးသွားလေ၏။

…

အခန်း (၇၃၈) ပွင့်ချပ်ကိုးလွှာ ယွီရှန်းရုန်

ကာရန်ညီသည့် နှစ်ကြောင်းကဗျာကို ရွှေရောင်မင်နှင့် ဆေးခြယ်ထားပြီး ဘုတ်ပြားပေါ်တွင် ရေးသားထားသည်။ ရာသီဥတုက ထိုရွှေရောင်စကားလုံးများကို မဖျက်ဆီးနိုင်သော်လည်း ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ၏ စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ သူတို့က စာရွက်တစ်ရွက်ပမာ ကျိုးပဲ့လွယ်နေသည်။

အနီရောင်ကြာနယ်မြေက ရွှေရောင်မင်ဖြင့် ရေးသားခဲ့ပြီး သူတို့၏ ဗုဒ္ဓက ရွှေရောင်ခန္ဓာ ရှိလေသည်။ ဆိုလိုသည်မှာ သူတို့က အနီရောင်ရွှေခန္ဓာ မဟုတ်ပေဘူးလား။

မိုးကြိုးကိုယ်တော် ၁၂ ပါး၏ အကြည့်များက ဒေါသဖြင့် တောက်လောင်လာသည်။

ထိုစဥ် လေထဲတွင် ဝဲပျံနေသည့် ဘုန်းကြီးအယောက် ၁၀၀၀ က ဘာပြောရမှန်းမသိတော့ဘဲ ဆွံ့အသွားကြသည်။

ကျောင်းထိုင်ဖာ့ဟွာပင် အံ့အားသင့်သွားသည်။ သူ့ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည့် ပုံစံ ကြည့်၍ သိသာနိုင်သည်။

ကောင်းကင်ဘုရင်ခန်းမအရှေ့တွင် တုတ်များ ကိုင်စွဲထားသည့် ဘုန်းကြီးများကလည်း မဟာခွန်အားခန်းမရှေ့တွင် သုံးတန်းတန်း၍ ရပ်ထားလေသည်။ ယင်ကောင်တစ်ကောင်ပင် သူတို့အား ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း မည်သူကမှ လက်တစ်ချောင်းပင် မမြှောက်ရဲကြပေ။

မည်သူကများ လုပ်ရဲမည်နည်း။

သူတို့က ဒေါသထွက်နေသော်လည်း လုကျိုး ခြေထောက်အောက်မှ ပွင့်ချပ်ကိုးလွှာ ရွှေကြာ မီးတောက်ကြောင့် အံ့အားသင့်နေကြသည်။

" သန့်စင်မြေ ကြာပွင့်က ကမ္ဘာကြီးနဲ့ ဗုဒ္ဓရဲ့ အလေးချိန်ကို သယ်ဆောင်ထားတယ်။ တကယ့်ကို ကဗျာကောင်းပဲ” လုကျိုးက လက်နောက်ပစ်ကာ ပြောလိုက်သည်။ ထို့နောက် သူ့ရွှေကြာက ပျောက်ကွယ်သွားသည်။

" ကျောင်းထိုင် " ဘုန်းကြီးများက တစ်ပြိုင်နက်ခေါ်လိုက်ကြသည်။

ကျောင်းထိုင်က အမိန့်ပေးသည်နှင့် သွေးနေမင်းကျောင်းတော်မှ ဘုန်ကြီးများက သေသည်အထိ တိုက်ခိုက်ကြလိမ့်မည်။ ကျောင်းဆောင်၏ နာမည်ဂုဏ်ပုဒ်ကို ဘယ်လိုဖြစ်ဖြစ် ကာကွယ်ပေးရမည်။ ထို့အပြင် ကျောင်းထိုင်က အနီရောင်ကြာ ကံမီးတောက် ကျွမ်းကျင်သူများထဲမှ တစ်ဦး ဖြစ်၏။

အကယ်၍ ကျောင်းထိုင်သာ သူ့အင်အားကုန်သုံး၍ ပွင့်ချပ်ကိုးလွှာ နယ်ခြားမျိုးနွယ်ဝင်နှင့် တိုက်ခိုက်ခဲ့လျှင် ဘုန်ကြီးများက သူနှင့်အတူ ပူးပေါင်းနိုင်သည်။ ထိုအရာဖြင့် သူတို့သည် အောင်မြင်နိုင်ခြေ ရှိ၏။

ဘုန်းကြီး အုပ်စုက ဗြဟ္မာတေးသံကို ရွတ်ဖတ်ဖို့ ပြင်ဆင်ထားကြသည်။ သူတို့ လိုအပ်သည်က ကျောင်းထိုင်ဆီမှ အမိန့်သာဖြစ်၏။

တပည့်အယောက် ၁၀၀၀ ကလည်း ဖာ့ဟွာကို ကြည့်လိုက်ကြသည်။

ဖာ့ဟွာက ဟွေ့ရှန်းနှင့် ဟွေ့ကျွယ်တို့ကို ကြည့်လိုက်သည်။ သူက ခေါင်းအသာယမ်းကာ ပြောလိုက်၏။

” ဒကာကြီး ကျုပ်ကို ဒီလို ခက်ခဲတဲ့ အခြေအနေမျိုးကို ဘာလို့ဖြစ်စေခဲ့တာလဲ”

ကုသိုလ်ရမှတ် ၅၀၀၀ သတိပေးချက် ရရှိလာသော်လည်း လုကျိုး၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။

" ခင်ဗျားအတွက် ခင်ဗျား ပြဿနာကို ဖြေရှင်းပေးလိုက်တာလေ။ ကျုပ်ကို ကျေးဇူးတောင် တင်ရဦးမှာ” လုကျိုးက ပြောလိုက်၏။

" သူတို့က အစောပိုင်း ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတွေပဲ ရှိပါသေးတယ်။ သူတို့က ငယ်သေးတော့ ကျုပ် သူတို့ကို ထိန်းချုပ်နိုင်ပါတယ်။ အခု သူတို့က သေသွားကြပြီ။ ကျုပ်ဆီမှာ ပြဿနာရှိနေတုန်းပဲ။ ဒကာကြီး ကျုပ်ကို သတ်လိုက်တာ ကောင်းမယ်” ဖာ့ဟွာက နာကျင်သည့် အရိပ်အရောင်ဖြင့် ပြောလိုက်သည်။

ပွင့်ချပ်ကိုးလွှာ ကံမီးတောက် ပညာရှင်က ဒီလောက်စိုးရိမ်နေရင် နန်းတော်က ထည့်စဥ်းစားရမဲ့ အင်အားစု ဖြစ်ပုံပဲ... တကယ့်လို့ ကောင်းကင်သိုင်းပညာခုံရုံးက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူရှိနေရင် နန်းတော်မှာလည်း တစ်ယောက်ရှိဖို့ အခွင့်အရေးများတယ်။ ကြည့်ရတာ ငါ မဆင်မခြင် ပြုမူမိသွားတဲ့ပုံပဲ...

လုကျိုးက ထိုသို့ တွေးလိုက်မိသော်လည်း ဖာ့ဟွာကို ပြောလိုက်သည်။

" အဲဒါက ခင်ဗျား ပြဿနာလေ။ ခင်ဗျားရဲ့ လူ ဖာ့ခုံးက ကျုပ်ကို တိုက်ခိုက်ခဲ့တယ်။ ကျုပ်က အဲဒါတောင် မဖြေရှင်းရသေးဘူး။ ခင်ဗျားက ကျုပ်မေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေပြီးတာကို မြင်ပြီးတော့ ခင်ဗျား အသက်ကိုတော့ ချမ်းသာပေးလိုက်မယ်။ တကယ်လို့ ခင်ဗျားစကားထဲမှာ မမှန်တာတစ်ခုခု ပါနေခဲ့ရင် ခင်ဗျားကို သတ်ပစ်မယ်”

ဖာ့ဟွာက လုကျိုး၏ စကားများကြောင့် ဆွံ့အသွားလေသည်။ သူက နာကျင်ခံစားနေရသော်လည်း လုကျိုး၏ စကားများက မီးထဲ ဆီလောင်းထည့်လိုက်သလို ဖြစ်၏။

တခြားသော ဘုန်းကြီးများကလည်း ဆွံ့အနေကြသည်။ သွေးနေမင်းကျောင်းဆောင်၏ ကျောင်းထိုင်သည် ရှားပါးလှသည့် ပွင့်ချပ်ကိုးလွှာ ကံကြမ္မာမီးတောက် ကျင့်ကြံသူ ဖြစ်သော်လည်း ထိုလူအိုကြီး ရှေ့တွင် အငယ်တစ်ယောက်သဖွယ် ပြောဆိုခံနေရသည်။

ထို့အပြင် ဟွေ့ကျွယ်နှင့် ဟွေ့ရှန်းတို့၏ အလောင်းများက မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်၏။

ကျောင်းထိုင်က ဘာလုပ်မှာလဲ...

" ကျောင်းထိုင် " ဘုန်းကြီးများက ထပ်မံအော်ခေါ်လိုက်ကြသည်။ တစ်ချိန်တည်းဆိုသလို သူတို့က လက်အုပ်ချီလိုက်ကြ၏။

လုကျိုးက သူတို့အား လှည့်ကြည့်ကာ " မင်းတို့က သေချင်လို့လား”

ကနဦးချီ အသုံးပြုခြင်း မရှိဘဲ ထိုလျှို့ဝှက်ဆန်းကြယ် လူအိုကြီး၏ အသံက ဘုန်းကြီးများအပေါ် ကျရောက်လာကာ သူတို့အား အသက်ရှူဖို့ပင် အခက်တွေ့လာစေသည်။ သူတို့က ကျောင်းထိုင်ကို အလောတကြီး ပြောကာ စိတ်အားတက်ကြွနေခဲ့ကြ၏။ သွေးနေမင်းကျောင်းဆောင်၏ ဘုန်းကြီးများသည် သေခြင်းတရားကို မကြောက်ကြပေ။ သို့သော်လည်း ဤအားကောင်းလှသည့် လူအိုကြီးနှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ မာနများက ကြေမွသွား၏။

" နောက်ဆုတ်ကြ ရုတ်ရုတ်သဲသဲ ဖြစ်စေတဲ့လူ အကုန်လုံး နှင်ထုတ်ခံရမယ်” ဖာ့ဟွာက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ဘုန်းကြီးများက သက်ပြင်းချကာ ဆင်းသက်လိုက်ကြ၏။

တစ်ချိန်တည်းဆိုသလို ကောင်းကင်ဘုရင်ခန်းမအနားရှိ ဘုန်းကြီးအုပ်စုကလည်း လမ်းဖယ်ပေးလိုက်ကြသည်။

လုကျိုးက မုခ်ခုံးပေါ်မှ ရေးထွင်းထားသည့် သွေးကြောများကို ကြည့်လိုက်သည်။ သူက သူတို့အကြောင်း သိချင်နေမိ၏။ သူတို့က မြို့တံတိုင်းပေါ်တွင် ရေးထားသည့်အရာများနှင့် ဆင်တူနေဟန် ပေါ်သည်။ သို့သော်လည်း ဤအရာက ပိုမိုအသေးစိတ်ကျကာ ကျော့ရှင်းနေသည်။

သွေးနေမင်းကျောင်းဆောင်၏ ကောင်းကင်အထက်တွင် သားရဲများကို တားဆီးထားသည့် ပိုက်ကွန်လို အကာအရံတစ်ခုကို မြင်လိုက်ရသည်။

လုကျိုးက ယခုအခါ မှတ်မိသွား၏။ ထိုသွေးကြောများက လင်းရှင်းတစ်ယောက် အိမ်ရှေ့စံဆီမှ ရရှိထားသော ချပ်ဝတ်ပေါ်မှ သွေးကြောများနှင့် တူညီနေသည်။ ကောင်းကင်သိုင်းပညာခုံရုံးမှ ရွှေကြာနယ်မြေဆီ စေလွှတ်ထားသော အနီရောင်ကြာ ကျင့်ကြံသူသည်လည်း ထိုသွေးကြောများရှိသည့် ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သည်။

ဤအရာက လူသားနေထိုင်ရာ နေရာကို ကာကွယ်ပေးထားသည့် အဆင့်မြင့် စွမ်းအားလား...

လုကျိုးက လက်နောက်ပစ်ကာ လှည့်လိုက်သည်။ သူက ဖာ့ဟွာအား ကြည့်ကာ ပြောလိုက်၏။

” ခင်ဗျားက ကျုပ်ကို တိုက်ခိုက်တုန်းက အင်အားတစ်ဝက်ကို သုံးခဲ့ပေမဲ့ ကျုပ်က သုံးပုံတစ်ပုံပဲ ထုတ်သုံးရသေးတာ”

ဖာ့ဟွာ၏ စိတ်ထဲ အကြောက်တရား လွှမ်းခြုံသွားလေသည်။ သူက အသိပြန်ဝင်လာသည့်အခါ လုကျိုးက လေထဲ ရောက်ရှိနေပြီ ဖြစ်၏။

လုကျိုးက သူ့ဝန်းကျင်တွင် စွမ်းအင် အလွှာတစ်ခု ဖန်တီးလိုက်သည်။ သူ့နောက်တွင် ရှောင်ယွမ်အာနှင့် ခရုလေးတို့လည်း လိုက်ပါလာ၏။

သွေးနေမင်းကျောင်းဆောင်၏ ဘုန်းကြီးအယောက် ၁၀၀၀ က မတားဆီးရဲကြပေ။

လုကျိုး၏ လက်ဝါးက ရွှေရောင်တောက်ပနေသည်။

ဤသည်က ခုခံလို့မရသည့် အားကောင်းသည့် ဖိအားတစ်မျိုးက ဘုန်းကြီးများအပေါ် ဝန်ထုပ်ဝန်ပိုးကြီးသဖွယ် ကျရောက်လာသည်။

ဘုန်းကြီးများက အစီအရင် သွေးကြောများကို ပြန်ရုပ်သိမ်းလိုက်သည့်အခါ ဖိအားက ပျောက်ကွယ်သွားသည်။ လုကျိုးက သွေးနေမင်းကျောင်းတော်နှင့် သွေးနေမင်းတောင်မှ ထွက်ခွာသွားသည်။

ဘုန်းကြီးများက အဖြစ်အပျက်ကို နားမလည်ခဲ့ပေ။

ထိုစဥ် မိုးကြိုးကိုယ်တော် ၁၂ ပါးက ရှေ့တိုးလာပြီး " ကျောင်းထိုင် ကျုပ်တို့တွေ ကောင်းကင်သိုင်းပညာခုံရုံးကို ချက်ချင်းအကြောင်းကြားသင့်တယ်။ နယ်ခြားမျိုးနွယ်က ကျုပ်တို့ ဘုန်းကြီးတွေကို သတ်ခဲ့တယ်။ နယ်ခြားမျိုးနွယ်က သွေးစွန်းထားပြီးဆိုတော့ ကျွန်တော်တို့တွေ ပြန်ပြီးတော့ လက်စားချေသင့်တယ်”

ဖာ့ဟွာက ထိုဘုန်းကြီးအား ခက်ထန်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သူက လက်အုပ်ချီလိုက်ပြီး ပြောလိုက်၏။

” ငါ့အမိန့်မရှိဘဲ ဘယ်သူမှ မလှုပ်ရှားကြနဲ့ "

" အမ် " ဘုန်းကြီးများက နားမလည်နိုင်ဖြစ်သွားကြသည်။

ဖာ့ဟွာက လက်နှစ်ဖက် ပူးလိုက်သည့်အခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်ကြာ ကံကြမ္မာမီးတောက်က ပိုမိုတောက်ပ လာသည်။ သူက မီးတောက်နှင့် လွှမ်းခြုံထားသလိုမျိုး ဖြစ်နေ၏။

ကံကြမ္မာ မီးတောက်မှ အလင်းရောင်အောက်တွင် ဘုန်းကြီးများက နောက်ဆုတ်လိုက်ကြသည်။

" အော်မီတော်ဖော " ကံကြမ္မာမီးတောက်နှင့် အနီရောင်စွမ်းအင်က ဟွေ့ကျွယ်နှင့် ဟွေ့ရှန်းတို့၏ အလောင်းပေါ် ကျရောက်သွား၏။

အလောင်းများက မီးရှို့ခံလိုက်ရပြီး ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားကြသည်။

ဖာ့ဟွာက ဟွေ့နန်အကြောင်း တွေးမိလိုက်သည်။

ဆရာတော်ကြီးသုံးပါးထဲ ဇင်လက်ဝါးခန်းမဆောင်၏ ပထမဆရာတော်သာ ကျန်ရှိတော့သည်။ ဟွေ့နန်က အရာအားလုံးကို သိထားတယ်။ ငါ သားမသတ် လမ်းစဥ်ကို ချိုးဖောက်ရတော့မှာလား...

...

ထိုစဥ် မိုးမခတစ်ထောင်ဘုရားကျောင်းနှင့် မိုင် ၁၀၀ ဝေးကွာသည့် တောင်ထိပ်တစ်ခုပေါ်တွင်

ယွီရှန်းရုန်က သူ့သက်တော်ရှည်ဓားကို သယ်ဆောင်ရင်း တောင်ပေါ်မှ နေဝင်သည်ကို ကြည့်နေလေသည်။ သူက ဤတောင်ထိပ်ပေါ်ရှိနေသည်မှာ သုံးရက်တာ ကြာမြင့်ပြီဖြစ်ကာ ပွင့်ချပ်ကိုးလွှာအဆင့်ကို တည်ငြိမ်သွားပြီ ဖြစ်၏။

သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်ကာ ပွင့်ချပ်ကိုးလွှာ လှည့်ပတ်နေသည်ကို ကြည့်လိုက်သည်။

" ငါ့သက်တမ်းက နှစ် ၁၀၀ ပဲ တိုးလာတာလား "

ပွင့််ချပ်ရှစ်လွှာအဆင့်နှင့် ယှဥ်လိုက်လျှင် အပိုပွင့်ချပ်တစ်လွှာနှင့် စိတ်ဝိညာဥ်သဏ္ဌာန်၏ အမြင့်အပြင် ထူးထူးခြားခြား ပြောင်းလဲမှု မရှိပေ။

ကျီဖုန်းရှင်းဆီမှ အနီရောင်ကြာ ကျင့်ကြံသူများသည် နှစ် ၁၀၀၀ သက်တမ်းဖြင့် ကန့်သတ်မခံထားရကြောင်း သိခဲ့ရသည်။ ပွင့်ချပ်တစ်လွှာမှ ပွင့်ချပ်ရှစ်လွှာအထိ အနီရောင်ကြာ ကျင့်ကြံသူများသည် သက်တမ်းနှစ် ၁၀၀ ကို ရရှိကြသည်။ ပွင့်ချပ်ရှစ်လွှာမှ ကိုးလွှာအဆင့်ကြားတွင် အနီရောင်ကြာ ကျင့်ကြံသူများက သက်တမ်းနှစ် ၂၀၀ ကို ရရှိကြ၏။

ယွီရှန်းရုန်က နားမလည်နိုင် ဖြစ်နေမိသည်။ သူက စတင်ကျင့်ကြံစဥ်ကတည်းက သူ ရရှိခဲ့သည့် နှစ်ပမာဏသည် တခြားသူများနှင့် ယှဥ်လိုက်လျှင် အမြဲတမ်းလိုလို နည်းနေလေ့ရှိ၏။ သူက ပွင့်ချပ်ကိုးလွှာအဆင့်ဖြင့် ကန့်သတ်ချက်ကို ကျော်လွှားနိုင်ခဲ့သည်။

သို့သော်လည်း သူက နှစ် ၁၀၀ မျှသာ ရရှိလိုက်ခြင်း ဖြစ်၏။ သူက ထိုအရာနှင့် ပတ်သက်ပြီး အနည်းငယ် အံ့အားသင့်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ သူ့အတွေ့အကြုံကြောင့် ထိုအံ့အားသင့်မှုက သူ့မျက်နှာအထက် ပေါ်ထွက်မလာပေ။

" ဘာမှ မရတာထက်စာရင်တော့ ကောင်းပါတယ် "

နှစ် ၁၀၀ က ဘာမှ မရသည်ထက်စာလျှင် ပိုကောင်းပေသည်။

သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းပြီးသည့်နောက်တွင် တောင်အထက် ဝေဟင်ထဲ ပျံဝဲနေသည့် သားရဲများနှင့် နေဝင်သည်ကို ကြည့်နေလိုက်သည်။ သူက ခပ်ယဲ့ယဲ့ပြုံးကာ " ဒီနေ့တော့ ငါ့ပစ်မှတ်က မင်းပဲ "

ဓားသမားကောင်းတစ်ယောက်က ကျင့်ကြံဆင့် တိုးတက်လာပြီးသည့်နောက်တွင်ပင် သူ့ဓားရေးကို ဆက်လက် လေ့ကျင့်နေရမည် ဖြစ်၏။

ယွီရှန်းရုန်က လေထဲတွင် ပုံရိပ်များစွာ ချန်ထားခဲ့ပြီး ပျောက်ကွယ်သွားကာ တောင်နှင် တောအုပ်ထဲရှိ ငှက်များက သူ့ပစ်မှတ် ဖြစ်လာကြသည်။

...

မိုးမခတစ်ထောင် တောင်ခြေတွင်

ပြန်လည်မွန်းမံထားသည့် ရှုမျှော်ဆောင်လေးအတွင်း

ဝူဝူနှင့် ကျီဖုန်းရှင်းတို့က အဝေးသို့ လှမ်းကြည့်နေကြသည်။

" ရှစ်ရှိုး .. အစ်ကိုကြီးက နဝမဘုံကျောင်းဆီ သွားပြီးတော့ သူ့အစ်ကိုကြီးကို ကယ်မယ်လို့ ထင်လား " ဝူဝူက စိုးရိမ်နေမိသည်။

ကျီဖုန်းရှင်းက ခေါင်းခါကာ သက်ပြင်းချကာ ပြောလိုက်၏။

” သူတို့ကို ထွက်ပြေးဖို့ ပြောသားပဲ။ ဒါပေမဲ့ သူတို့က နားမထောင်ကြဘူး။ အခု သူတို့က သူနဲ့ တိုက်ခိုက်ရုံတင် မကဘူး...အစ်ကိုအကြီးဆုံးအတွက်လည်း ကိစ္စတွေက သိပ်ကောင်းမယ်လို့ မထင်မိဘူး။ သူအခု ခံစားနေရလောက်ပြီ။ သူ ကြိမ်ဒဏ်တွေ တုတ်တွေနဲ့ အရိုက်ခံနေရလောက်တယ်။ သူတို့က သူ့လက်ချောင်းတွေတောင် ချိုးပစ်လောက်တယ်... "

" ညီမကို အဲ့လိုမခြောက်ပါနဲ့ " ဝူဝူက ပြောလိုက်သည်။

ကျီဖုန်းရှင်းက ထပ်မံ သက်ပြင်းချလိုက်ပြီးနောက် " ငါတို့တွေ ကျူးရွှမ်ကို ယုံလို့ မဖြစ်ဘူး။ သူက အကြီးအကဲတစ်ဦးပဲလေ။ သူက ဘယ်လို ဆုံးဖြတ်ချက်မျိုးကို ချနိုင်မှာမလို့လဲ။ အစ်ကိုအကြီးဆုံးက ရွှေကြာကျင့်ကြံသူလေ။ နယ်ခြားမျိုးနွယ်တစ်ယောက် …

ဖြစ်နိုင်တာက … တော်ပြီ တော်ပြီ ငါရပ်လိုက်တော့မယ်။ သူ့ဓားအရည်အချင်းနဲ့ အစ်ကိုကြီးက နဝမဘုံကျောင်းဆီ တကယ်ဦးတည်သွားမှာကို စိုးရိမ်မိနေတယ်။ အဲ့အချိန်ကျရင် ကိစ္စတွေက ပိုဆိုးရွားသွားလိမ့်မယ်”

ဝူဝူက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

” ညီမ နဝမမြောက်ဘုံကျောင်းဆီ သွားပြီးတော့ တောင်းဆိုလိုက်ရမလား "

" မဟုတ်ဘူး။ မင်းက နဝမမြောက်ဘုံကျောင်းကို လျော့တွက်လွန်းတယ်။ အဲ့ဒါက မင်းကို တစ်ကိုယ်လုံး စားပစ်လိုက်လိမ့်မယ်။ အစ်ကိုကြီးက သူ့ဆရာကို အမြဲလိုလို ချီးကျူးနေခဲ့တာ။ ဒါပေမဲ့ အဲ့ဒီလူအိုကြီး ဒီမှာ ရှိနေရင်တောင် နဝမမြောက်ဘုံကျောင်းက နောက်ဆုတ်မှာ မဟုတ်ဘူး”

ထိုစဥ် ကောင်းကင်ကို ကြည့်နေသည့် ဝူဝူက ပြောလိုက်၏။

” တစ်ယောက်ယောက် ဒီကို ရောက်လာပြီ "

ဆံပင် ဖြူစွတ်နေသည့် လူအိုကြီးနှင့် မိန်းမငယ် ၂ဦးက သူတို့ဆီ ပျံသန်းလာနေ၏။

ကျီဖုန်းရှင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

” ဒီမှာ ခဏစောင့်နေ။ ငါ ဆရာတော်ကို သွားပြီးတော့ အကြောင်းကြားလိုက်မယ်”

All Chapters