အခန်း (၇၄၈-၇၅၀)
Vol. 50 Ch. 748-750
အခန်း (၇၄၈) အဟန့်အတားစွမ်းအားဆိုတာ ဘာလဲ
ပေ ၂၀၀ မြင့်မားသည့် အနီရောင်ကြာက ကောင်းကင်အထက် ပေါ်ထွက်လာသည့်အခါ နဝမမြောက်ဘုံကျောင်း၏ တပည့်များက မော့ကြည့်လိုက်ကြသည်။ အဆောက်အဦးတိုင်း၏ နေရာအနှံ့ရှိ အားလုံးက လုပ်လက်စကို ရပ်တန့်ကာ မော့ကြည့်လိုက်ကြသည်။ အများစုက ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်တွေ့ဖို့ အခွင့်အရေး မရရှိခဲ့ကြပေ။ ဤသည်က သူတို့ကိုယ်တိုင် ကြုံတွေ့နိုင်သည့် အကြီးမားဆုံး အနုပညာတစ်ခု ဖြစ်၏။
ကျင့်ကြံသူများအတွက် ထိုအရာက သူတို့ ကြိုးစားရမည့်အရာဖြစ်သလို သူတို့၏ ရည်မှန်းချက်လည်း ဖြစ်ပေသည်။
ကံဆိုးစွာဖြင့် ထိုတိုတောင်းလှသည့် အလင်းတန်းက သိပ်မကြာဘဲ မီးပန်းများသဖွယ် ပျောက်ကွယ်သွား၏။
...
မြောက်ဘက်ရှိ မျှော်နန်းဆောင်တွင် ယွီကျန့်ဟိုင်က ထိုပေ ၂၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်သည့်အခါ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ဖို့ ကြိုးစားနေရသည်။ သူက ခေတ္တမျှ ငြိမ်သက်သွား၏။ သူက အားလုံးကို မြင်တွေ့လိုက်ရသည်။ နဝမမြောက်ဘုံကျောင်းက အားကောင်းမှန်းသိထားသော်လည်း သူ မျှော်လင့်ချက်ထက် ကျော်လွန်နေ၏။
သူက လက်နောက်ပစ်ကာ တည်တည်ငြိမ်ငြိမ် မကျန်ရှိနိုင်တော့ပေ။ ထိုအရာကို မြင်တွေ့ပြီးသည့်နောက် ထိုင်ချလိုက်၏။
တပည့်ငယ်လေး တစ်ယောက်က ယွီကျန့်ဟိုင်၏ အခန်းကို သန့်ရှင်းဖို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာသည်။
" ဒါက ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန်လား " ယွီကျန့်ဟိုင်က မေးလိုက်သည်။
" ဟုတ် … ဟုတ်ပါတယ် "
" အဲဒါက ဘယ်သူ့ရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်လဲဆိုတာ သိလား "
တပည့်ငယ်လေးက တံတွေးမျိုချပြီးနောက် ပြန်ဖြေလိုက်သည်” ကျွန်တော် သိတာကတော့ စစ်သူကြီးတစ်ယောက်က လာလည်တယ်ဆိုတာပဲ။ သူက ကျောင်းထိုင်ဆရာနဲ့ သွားတွေ့တာ တူတယ်”
" အဲဒါဆို ဒီလက်ဝါးစည်းတံဆိပ်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ " ယွီကျန့်ဟိုင်က အံ့အားသင့်နေသော်လည်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မေးလိုက်သည်။
" ကျွန်တော် ထင်တာကတော့ ကျောင်းထိုင်ဆရာစစ်ခုန် ဖြစ်မယ်တူတယ်.... " တပည့်ငယ် သိထားသည်က နဝမမြောက်ဘုံကျောင်းရှိ အာဏာအရှိဆုံးသူမှာ စစ်ခုန်ပေချန်းသာ ဖြစ်၏။ သူက စစ်ခုန်ပေချန်းကို တစ်ခါမှ မမြင်တွေ့ဖူးသောကြောင့် ဒီလက်ဝါးစည်းတံဆိပ်ကို မည်သူပိုင်မည်ကို ဘယ်လိုလုပ်သိမည်နည်း။
ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့အနေဖြင့် ဤနေရာမှ လွတ်မြောက်ဖို့ရာ ခက်ခဲမည်ဖြစ်ကြောင်း တွေးလိုက်မိသည်။ သူက လက်သီးဆုပ်လိုက်ပြီး ထိုဧရာမလက်ဝါးချက်ကြီးကို ပြန်တွေးကာ သူ့ဘာသာသူ ရေရွတ်လိုက်သည်။
" ရှစ်စွင်းထက် အားကောင်းနေတာပဲ "
...
" တင်း … ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၅၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
နာရီပိုင်းကြာမြင့်ဟန် ထင်ရပြီးသည့်နောက်တွင် မြင့်မြတ်နန်းဆောင်တစ်ခုလုံးက သုသာန်တစပြင်အလား တိတ်ဆိတ်သွားသည်။
လူအားလုံးက ဝိညာဥ်ပျောက်ဆုံးသွားသည့်အလား ကောင်းကင်ကြီးကိုသာ ကြောင်တောင်တောင် ကြည့်နေကြသည်။ ထိုနေရာတွင် ဘာမှမကျန်ရှိပေ။ ကောင်းကင်က ကြည်လင်ရှင်းလင်းနေ၏။ သူတို့က တိမ်တိုက်ကိုပင် မမြင်ရပေ။ ထို့အပြင် တစ်ခါက ထည်ဝါစွာ တောက်ပခဲ့သည့် အနီရောင်ကြာကိုလည်း မမြင်တွေ့ရပေ။
ချန်ပေကျန်းကို ဘယ်နေရာမှ ရှာမတွေ့ရတော့ပေ။
အားလုံးက တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ သူတို့က တခြားတစ်ယောက်၏ နှလုံးခုန်သံကိုပင် ကြားနေရသလိုမျိုး ခံစားမိနေကြသည်။
လေထုက အင်မတန် လေးလံလာ၏။ သူတို့က ရေအောက်တွင် ဖိနှိပ်ခံရသလိုမျိုး ခံစားမိလိုက်ကြသည်။
စစ်ခုန်ပေချန်းပင် တခြားသူများကဲ့သို့ လန့်ဖြတ်သွား၏။
ဆရာတော် ၅ ပါးကလည်း မျက်တောင်ခတ်လိုက်ကြရသည်။ သူတို့၏ မျက်ရည်က မြင်ကွင်းကို ဝေဝါးသွားစေသည်။ ထိုအရာဖြင့် သူတို့သည် သူတို့နှင့် လောင်ချန်းပေ့ကြားမှ ကွာဟချက်ကို သဘောပေါက်သွားသည်။ သူတို့က လောင်ချန်းပေ့နှင့် ထိပ်တိုက်တွေ့ဆုံဖို့ ကြိုးစားစဥ်အခါက စောစောလေးက မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည်။ ယခုသူတို့က မည်မျှကလေးဆန်ကာ ရယ်ဖို့ကောင်းကြောင်း သဘောပေါက်သွား၏။
ရှားချန်ချိုးနှင့် ထျန်းပုကျိတို့၏ အမူအရာက ပိုမိုစိတ်ဝင်စားဖို့ ကောင်းလှသည်။ နောက်ဆုံးတွင် သူတို့က လောင်ချန်းပေ့သည် အဘယ့်ကြောင့် ယုံကြည်ချက် ရှိနေမှန်း နားလည်သွား၏။ ကျီဖုန်းရှင်း ပြောသည်က မှန်နေနိုင်သည်။ ဤလောင်ချန်းပေ့က တကယ်ကို ပြိုင်ဘက်ကင်း ဖြစ်နေနိုင်သည်။
အားလုံးက မြောက်ပိုင်းမှ မဟာစစ်သူကြီး၏ အင်အားနှင့် အဆင့်အတန်းကို မျက်မြင်ကိုယ်တွေ့မြင်ဖူးကြသည်။ တစ်ခါက သူသည် နယ်ခြားမျိုးနွယ်ဝင် ကျင့်ကြံသူများကို အနိုင်ပိုင်းပြီး သတ်ဖြတ်ရေးနတ်ဘုရားအဖြစ် ကျော်ဇောလာခဲ့သည်။
စစ်ခုန်ပေချန်းအနေနှင့် သူသည် ချန်ပေကျန်းကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ဤသို့တစ်ချက်တည်းဖြင့် ရှင်းရှင်းလင်းလင်း လုပ်ဆောင်နိုင်ပါ့မလား မသေချာပေ။
လုကျိုး၏ တပည့် ၃ယောက်အတွက်မူ သူတို့၏ ရှစ်စွင်းအပေါ် အသိက ထပ်မံ တိုးပွားလာ၏။ သူတို့၏ ရှစ်စွင်းသည် ယခင်ထင် ပိုမိုအားကောင်းလာခဲ့သည်။
ထိုစဥ် ထူးထူးဆန်းဆန်း အနံ့ဆိုးဆိုးတစ်ခုကြောင့် ယောင်ချင်းချွမ်က အသိပြန်ဝင်လာခဲ့သည်။ သူက နှာခေါင်းရှုံ့ကာ ကြမ်းပြင်တွင် ထိုင်နေသည့် ခုံလုကို လှည့်ကြည့်လိုက်သည်။ ခုံလု အောက်ခြေရှိ အခင်းက စိုစွတ်နေ၏။ နဝမမြောက်ဘုံကျောင်းမှ အကြီးအကဲသည် အံ့သြတုန်လှုပ်မှုကြောင့် သူ့ကိုယ်သူ စိုစွတ်စေခဲ့သည်။
စစ်ခုန်ပေချန်းက ပြောလိုက်သည်” သူ့ကို ဆွဲထုတ်ပြီးတော့ သေတဲ့အထိ ရိုက်နှက်လိုက် "
သူက လှည့်ပင် မကြည့်ဘဲ လက်ဝေ့ပြောလိုက်သည်။
" နားလည်ပါပြီ "
" သက် သက်ညှာပေးပါ " ခုံလုက စကားတစ်ခွန်းကို မနည်းပြောလိုက်ရသည်။ သူက ထိန်းမနိုင် သိမ်းမနိုင် တုန်လှုပ်နေ၏။
ကျူးရွှမ်၏ နဖူးမှလည်း ချွေးများစီးကျနေသည်။ သူက ခေါင်းငုံ့ထားကာ တိတ်ဆိတ်နေ၏။
ခုံလုကို ဆွဲထုတ်ပြီးနောက် သိပ်မကြာခင် လေထုထဲ ဆိုးဆိုးရွားရွားအသံများ ထွက်ပေါ်လာသည်။
...
ချန်ပေကျန်း၏ လက်အောက်ငယ်သား နှစ်ယောက်က ထိုမြင်ကွင်းကို ကြောင်အမ်းနေကြသည်။ သူတို့က ရုတ်ချည်း အသိဝင်လာကာ အားလုံးကို ကြည့်လိုက်ကြ၏။
စစ်ခုန်ပေချန်းက သာမန်လူ မဟုတ်ပေ။ သူက ဤသို့ မမျှော်လင့်ထားသည့် အဖြစ်အပျက်မျိုးကို ရင်ဆိုင်သည့်အခါ သူ့ကိုယ်ပိုင်နည်းလမ်း ရှိ၏။ သူက တည်ငြိမ်နေကာ ပြောလိုက်သည်” သူတို့ကို သတ်လိုက် "
" နားလည်ပါပြီ " ဆရာတော် ၄ပါးက တစ်ပြိုင်နက် တိုက်ခိုက်လိုက်ပြီးနောက် ထိုနှစ်ဦးကို ဆွဲထုတ်သွားကြသည်။
မြင့်မြတ်နန်းဆောင်တွင် အရှုပ်များ မရှိတော့ပေ။
စစ်ခုန်ပေချန်းက ဖြည်းဖြည်းချင်း လှည့်လာ၏။ သူက ဆံပင်ဖြူစွတ်နေသည့် လူအိုကြီးကို မြင်လိုက်ရသည်။ သူက လက်မြှောက်ကာ လက်နှစ်ဖက်ယှက်လိုက်၏။ သူက လူအိုကြီးကို အဘယ့်ကြောင့် အလေးအနက် မထားဘဲ နေရမည်နည်း။
လုကျိုးက စစ်ခုန်ပေချန်းအား တစ်ချက်သာ ကြည့်လိုက်သည်။ ထို့နောက် သူက ဘေးဘက်ရှိ ထိုင်ခုံပေါ် ဝင်ထိုင်လိုက်၏။
အနည်းဆုံးတော့ ငါသူ့ကို ပြသခဲ့တယ်...
စစ်ခုန်ပေချန်းကလည်း သိနေသည်။
လုကျိုးက မြင့်မြတ်နန်းဆောင်အတွင်း ဝင်ရောက်လာစဥ်အခါက သူက လုကျိုးကို အာရုံမစိုက်ဘဲ အလေးအနက် မဆက်ဆံခဲ့ပေ။ ထို့ကြောင့် သူက ဧည့်သည်အပေါ် ရိုင်းပျခဲ့မိ၏။ သူ့ဧည့်သည်က ယခုလို သဘောထားမျိုး ရှိနေသည်မှာ နားလည်နိုင်လေသည်။ သူက လှေကားဆီ မသွားဘဲ လုကျိုးနှင့် မျက်နှာဆိုင် ဝင်ထိုင်လိုက်သည်။
အမျိုးသမီးအစေခံများက သတိတကြီးဖြင့် မြင့်မြတ်နန်းဆောင်ကို သန့်ရှင်းနေကြသည်။ သိပ်မကြာခင် သူတို့က အမှိုက်များကို ရှင်းထုတ်သွားကြ၏။ အပျက်အစီးများက နောက်တစ်ရက်တွင် ပြန်လည်ပြင်ဆင်ရမည်။
အတိတ်တွင် စစ်ခုန်ပေချန်းကို မည်သူကများ ဤသို့ ဆက်ဆံရဲမည်နည်း။
ကျန်ရှိနေသည့်သူများက ကြည့်လိုက်ကြသော်လည်း ဘာမှမပြောရဲကြပေ။
လုကျိုးက မုတ်ဆိတ်သပ်ကာ စစ်ခုန်ပေချန်းအား ကြည့်လိုက်ပြီး မေးလိုက်သည်” ခင်ဗျားက နဝမမြောက် ဘုံကျောင်းရဲ့ ကျောင်းထိုင်လား "
စစ်ခုန်ပေချန်းက ခေါင်းညိတ်ကာ " ခင်ဗျားရဲ့ အံ့ဖွယ်နည်းစနစ်တွေက တကယ့်ကို အမြင်ကျယ်စေခဲ့ပါတယ် "
" အဲဒါ ဘာမှမဟုတ်ပါဘူး "
စစ်ခုန်ပေချန်းက သက်ပြင်းချကာ ပြောလိုက်သည်” ခင်ဗျားက သူ့ကို သတ်လိုက်တဲ့ကိစ္စကို နန်းတော်က လွှတ်ပေးမှာ မဟုတ်လောက်ဘူး "
" အဲဒါက နဝမမြောက်ဘုံကျောင်းရဲ့ ပြဿနာပဲလေ။ အဲ့လူက ရန်လိုနေတာ။ သူ့ကို မရှင်းထုတ်ပစ်ချင်ဘူးလား”
" ကျုပ် အလိုရှိတာက တစ်ခု။ တကယ်တမ်း သူ့ကို ရှင်းထုတ်ပစ်ချင်တာက နောက်တစ်ခုပေါ့။ နဝမမြောက်ဘုံကျောင်းက အရင်ကလို မဟုတ်တော့ဘူးလေ။ ကျုပ်တို့က မလိုအပ်သရွေ့ ရန်သူများများ မဖန်တီးချင်ဘူး” စစ်ခုန်ပေချန်းက ပြောလိုက်သည်။
" ဒါပေမဲ့ ကျုပ်ကို ရင်ဆိုင်ရဲအောင် ခင်ဗျားက သတ္တိကောင်းနေတာလား " လုကျိုးက စစ်ခုန်ပေချန်းအား စိုက်ကြည့်လိုက်သည်။
စစ်ခုန်ပေချန်းက မျက်မှောင်ကြုတ်လိုက်၏။ ချန်ပေကျန်း၏ သေဆုံးမှုက ဒုက္ခများစွာ ဖြစ်လာမည်ဖြစ်သော်လည်း နဝမမြောက်ဘုံကျောင်းအနေဖြင့် ဤသို့သော ပညာရှင်မျိုးကို အဘယ်ချိန်က ဆန့်ကျင်ရဲမည်နည်း။
ထိုစဥ် ကျူးရွှမ်က ဒူးထောက်ကာ ဦးညွတ်လိုက်ပြီး ပြောလိုက်သည်။
" ကျောင်းထိုင် ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ညီအစ်ကိုယွီက လောင်ချန်းပေ့ရဲ့ တပည့်မှန်း မသိခဲ့ဘူး။ ကျွန်တော် တကယ်ကို မသိခဲ့တာပါ။ ကျွန်တော်တို့ တိုက်ခိုက်တုန်းက နားလည်မှု ရခဲ့ပြီးတော့ သူ့ကို ဧည့်သည်အနေနဲ့ ဖိတ်ကြားခဲ့တာပါ။ သူ့ကို ဒီမှာ ကောင်းကောင်းနေရအောင်လည်း လုပ်ပေးထားတယ်။ ကျောင်းထိုင်ဆရာ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ လောင်ချန်းပေ့ ကျုပ်ကို သက်ညှာပေးပါ”
ဘန်း
ကျူးရွှမ်က နဖူးဖြင့် ဦးတိုက်လိုက်သည်။ သူက တခြားသူများ ကြောက်ရွံ့လေးစားရသည့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်၏။ သို့သော် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ရှေ့တွင် သူက အမြှီးယမ်းကာ သက်ညှာဖို့သာ တောင်းဆိုနိုင်သည်။
ဘယ်အရာက အဟန့်အတား စွမ်းအား ဖြစ်မည်နည်း။
မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ပြချင်တာ ဖြစ်၏။
စစ်ခုန်ပေချန်းက ဇာတ်ကြောင်းကို နားလည်သွားသည်။ သူက ပြောလိုက်၏” ကောင်းပြီ။ လောင်ချန်းပေ့ရဲ့ တပည့်ကို ချက်ချင်းလွှတ်ပေးလိုက် "
" ဟုတ် ဟုတ် .. ဟုတ်ကဲ့ ချက်ချင်းလွှတ်ပေးလိုက်ပါ့မယ် " ကျူးရွှမ်က တုန်ယင်နေမိ၏။
ကျူးရွှမ် ထွက်သွားပြီးသည့်နောက်တွင် စစ်ခုန်ပေချန်းက လက်နှစ်ဖက်ယှက်ကာ လုကျိုးအား ပြောလိုက်သည်” အရင်က ကျုပ်တို့ ဧည့်ဝတ်မကျေတာအတွက် တောင်းပန်ပါတယ် "
စစ်ခုန်ပေချန်း၏ သဘောထားအပြောင်းအလဲကို မျက်မြင်ကြုံတွေ့ပြီးသည့်နောက်တွင် လုကျိုးက ကျေနပ်နေမိသည်။ ထို့ကြောင့် သူက ပြောလိုက်၏” ကျုပ်က သဘောထားသေးတဲ့သူ မဟုတ်ပါဘူး "
စစ်ခုန်ပေချန်းက ပြုံးလိုက်သည်။ သူက ခေါင်းညိတ်ကာ လုကျိုး၏ ဖြစ်ရပ်ကို အမှတ်ရသွားပြီး မေးလိုက်သည်” ဆရာကြီးက ချန်ပေကျန်းကို အနိုင်ယူနိုင်လောက်အောင် အားကောင်းတယ်ဆိုတော့ မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်တာလား သိပါရစေ”
…
အခန်း (၇၄၉) မွေးဖွားဇယားချပ်
စိမ်းသက်နေသော အသုံးအနှုန်းကို ကြုံတွေ့ရချိန်၌ လုကျိုး၏ အအမူအရာသည် ပြောင်းလဲမှုမရှိပေ။ သူ၏အတွေးများကို ထုတ်ပြ၍မရ။ ဦးနှောက်ကစားပြီးနောက် စစ်ခုန်ပေချန်းသည် သူ့ကို သူ့ထက်သာလွန်သည့် အကျော်အမော်တစ်ယောက်အဖြစ် ရှုမြင်နေပြီဆိုတာ သိသာ၏။ မွေးဖွားဇယားချပ်သည် ပွင့်ချပ်ကိုးလွှာ အဆင့်၏ ကံမီးတောက်ကဲ့သို့ပင် ပွင့်ချပ်ဆယ်လွှာအဆင့်၏ စွမ်းအားတချို့ဖြစ်ရမည်။
လုကျိုးသည် ခေါင်းလည်းမညိတ်၊ ခေါင်းလည်း မခါပေ။
စစ်ခုန်ပေချန်းက လုကျိုးတိတ်ဆိတ်နေတာကိုမြင်သောအခါ သူက ပြောလိုက်လေ၏။
“အသက်ရှင်နေသေးတဲ့အချိန် မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်တဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့ရတာပဲ၊ နှစ်ပေါင်းနှစ်ထောင် ကုန်လွန်သွားခဲ့ပြီ၊ ဘယ်သူမှ မအောင်မြင်ခဲ့ဘူး”
လုကျိုးသည် ဇဝေဇဝါဖြစ်သွား၏။
စစ်ခုန်ပေချန်းက ထပ်ပြောလိုက်သည်။
“နဝမဘုံကျောင်းကို တခြားသူတွေက နှစ်ပေါင်းများစွာ ကြောက်လန့်ခဲ့တယ်၊ နန်းတော်နဲ့ ကောင်းကင်သိုင်းခုံရုံးက နဝမဘုံကျောင်းကို ချေမှုန်းဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့တာ၊ ဆရာကြီးကြောင့်သာ မဟုတ်ရင် ချန်ပေကျန်းက နောက်ထပ်အကြောင်းအရင်းရှာတွေ့သွားမှာပဲ”
ယခုတစ်ခေါက် ချန်ပေကျန်းအသုံးပြုသည့် အကြောင်းပြချက်သည် ရွှေကြာဖြစ်သည်။ နဝမဘုံကျောင်းသည် နန်းတော်နှင့် ကောင်းကင်သိုင်းခုံရုံးကို စိန်ခေါ်နိုင်သေးသော်ငြား တလောကလုံးကို ဆန့်ကျင်ပြီး ရပ်တည်နိုင်စွမ်းတော့ ကင်းမဲ့သည်။
ရွှေကြာသည် နဝမဘုံကျောင်းကို ချေမှုန်းနိုင်ရန် အကောင်းဆုံးဆင်ခြေဆိုတာ ငြင်းဆန်နိုင်ဖွယ်မရှိပေ။
လုကျိုးသည် တည်ငြိမ်စွာပြောလိုက်၏။
“ခင်ဗျားရဲ့ ကျင့်ကြံဆင့်နဲ့ ချန်ပေကျန်းကို အနိုင်ယူဖို့ ဘာပြဿနာမှ ရှိမယ်မထင်ဘူး၊ ဘာကြောင့် ဘာမှမလုပ်တာလဲ”
“အကြောင်းအရင်းနှစ်ခုရှိတယ်၊ ကျုပ်အသက်အရွယ်က တိုက်ပွဲအကြာကြီး တိုက်ခွင့်မပေးနိုင်ဘူး၊ ချန်ပေကျန်းက အသက်တစ်ထောင်တောင် မပြည့်သေးဘူး၊ သူကငယ်ရွယ်ပြီး အားအင်ပြည့်တယ်၊ နောက်ထပ်က ဒါက နဝမဘုံကျောင်းပဲ၊ အတားအဆီးမရှိ တကယ်တိုက်ခိုက်ကြမယ်ဆိုရင် မီးစာထဲ ကျုပ်ရဲ့တပည့်တွေ ပါသွားမှာ ကျိန်းသေတယ်”
“ခင်ဗျားက အရာအားလုံးကို တွေးထားတာပဲ”
လုကျိုးသည် ဤလူကို လျော့မတွက်ရဲပေ။ စစ်ခုန်ပေချန်းသည် နဝမဘုံကျောင်း၏ ဘုံကျောင်းသခင်ဖြစ်နေသောကြောင့် သာမန်လူတစ်ယောက်မဟုတ်တာ ကျိန်းသေသည်။ ကျိထျန်းကျောက်ဆီမှ နှစ်ပေါင်းတစ်ထောင် မှတ်ဉာဏ်မရှိခဲ့လျှင် သူသည် ဤအခြေအနေ၌ ပြဿနာများ ဖြစ်စေလိမ့်မည်။
အချိန်အတော်ကြာအတွက် စစ်ခုန်ပေချန်းကို ကျန်သည့်သူများက အမြဲတစေ ကြောက်ရွံ့ခဲ့ရသည်။ နောက်ဆုံး၌ ဟန်ပန်အအမူအရာနှင့် ခွန်အားအရာတွင် သူ့ကို မရှုံးသည့်သူ တစ်ယောက်သာ ရှိသည်။
“လောင်ချန်ပေ့ ဘယ်လိုများ ခေါ်သင့်သလဲ”
သူသည် လုကျိုးကို သူတို့မဟာမိတ်အဖြစ်ရအောင် ကြိုးစားနေတာ သိသာ၏။
လုကျိုးက မော့ကြည့်ပြီး ခဏတာစဉ်းစားလိုက်၏။ သူက မုတ်ဆိတ်သက်ကာ ပြောလိုက်တော့သည်။
“ကျုပ်မျိုးရိုးနာမည်က လု”
ယွီရှန်းရုန်၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့က တုံးအသူများ မဟုတ်ပေ။ သူတို့ရှစ်စွင်း၏ ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်သွားသည်။ သူတို့က နယ်ခြားမြေတွင် ရှိနေတာဖြစ်ပြီး သူသည် နာမည်တူကို အသုံးပြုနေ၏။
ရှစ်စွင်းကတော့ ထင်တဲ့အတိုင်းပဲ၊ အားလုံးကို တွေးထားတာ
စစ်ခုန်ပေချန်းသည် စဉ်းစားလိုက်ကာ မျိုးရိုးလုအမည်ဖြင့် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ကို ရှာဖွေလိုက်သည်။ သူဘာမှ ရှာမတွေ့ပေ။ သို့သော် ယင်းကို ထူးဆန်းသည်ဟု မထင်ပေ။ သိုသိုသိပ်သိပ်နေသည့် အကျော်အမော်များရှိတာ သဘာဝကျ၏။ သူကနှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့ပြီး ရေတွင်းထဲရှိ ဖားတစ်ကောင် မဟုတ်ပေ။
“ညီအကိုလု ကျုပ်တို့ကို ပွင့်ချပ်ကိုးလွှာ အနီရောင်ကြာ ပြသခဲ့တယ်၊ မင်းရဲ့နယ်ပယ်ကို ကွယ်ဝှက်ထားဖို့ ရည်ရွယ်နေတာလား”
ထိုမေးခွန်းကို မေးပြီးနောက် သူမေးတာ သိသာလွန်းနေသည်ဟု ခံစားမိသည်။ ဤလူသည် စစ်ခုန်ပေချန်းကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်းရှိသူဖြစ်သည်။ သူ၏ဒသမမြောက်ပွင့်ချပ်ကို ဖုံးကွယ်ထားတာ သဘာဝကျသည်။
လုကျိုးသည် မေးခွန်းကို မဖြေပေ။ အဖြေက သိသာနေတာပဲ မလား။
“ကျုပ်ကို မေးခွန်းတွေအများကြီးမေးပြီးတော့ကျေနပ်သွားပြီလား”
စစ်ခုန်ပေချန်းက အနည်းငယ် အံ့အားသင့်သွားသည်။ သူရိုင်းပြလွန်းနေမှန်း သဘောပေါက်သွား၏။ နောက်ထပ်လူတစ်ယောက်ကို မေးခွန်းများ ဆက်တိုက်မေးခြင်းသည် အထူးသဖြင့် ဧည်သည်တစ်ယောက်ကို မေးခြင်းက မယဉ်ကျေးရာ ရောက်၏။
“ခွင့်လွှတ်ပေးပါ ညီအကိုလု ကျုပ်တောင်းပန်ပါတယ်”
လုကျိုးသည် တစ်ကိုယ်တည်းနေထိုင်လာခဲ့တာ အတော်ကြာခြင်းကြောင့် ဖြစ်ဟန်တူသည်။ သူ့ထက်အသက်ကြီးသည့် တစ်စုံတစ်ယောက်က သူ့ကို ထိုသို့ခေါ်သည့်အချိန်၌ အနေခက်မှုကို မခံစားရပေ။
သူက ငါ့ကို ဒီလိုခေါ်တာ ပြဿနာမရှိရင် ငါလက်ခံလိုက်မှာပေါ့၊ ဒါဘာမှ မမှားဘူးလေ
“လူတွေက စစ်ခုန်ပေချန်းက ရှားပါးပြီး ပါရမီရှိတဲ့ ကျင့်ကြံသူတစ်ယောက်၊ ပွင့်ချပ်ဆယ်လွှာအကျော်အမော် တစ်ယောက်လို့ ပြောကြတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက လူဦးရေ သုံးသိန်းကျော်ပါတဲ့ သန်မာတဲ့ နယ်ခြားမျိုးနွယ်တပ်ဖွဲ့ကို ရင်ဆိုင်တိုက်ခိုက်ခဲ့တာတဲ့၊ လောကကြီးမှာ မင်းကျော်ကြားတဲ့ မေးခွန်းတွေအများကြီး မေးနေတယ်ဆိုတော့ မင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြသင့်တာပေါ့၊ ကြည့်ရအောင်” လုကျိုးက ပြောလိုက်၏။
စစ်ခုန်ပေချန်းသည် လုကျိုး၏ ဆိုလိုရင်းကို သဘောပေါက်သည်။ သူတို့ ပူးပေါင်းတော့မည်ဖြစ်သောကြောင့် အခြေအနေကို မေးစမ်းတာ သဘာဝကျသည်။ သူ၏မျက်နှာထက်၌ အပြုံးဖျော့ဖျော့ ချက်ချင်းပေါ်လာ၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်တော့သည်။
“ဒါတွေက ချီးကျူးစကားတွေပါပဲ၊ သူတို့က ချဲ့ကားနေတာ၊ ကျုပ်ရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်ချင်တယ်ဆိုရင် ညီအစ်ကိုလုအတွက် စီစဉ်ပေးရမှာပေါ့”
ကျန်သည့်လူများက စစ်ခုန်ပေချန်းကို ကြည့်လိုက်၏။ သာမန်အချိန်ကာလအတွင်း ၎င်းကို ကြည့်ရန် မည်သူ၌အခွင့်အရေးရှိမည်နည်း။ မည်သူက ထိုသို့တောင်းဆိုရဲမည်နည်း။ ကျူးရွှမ်သည် ယွီကျန့်ဟိုင်ကို ခန်းမထဲခေါ်လာချိန်၌ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်နေတာဖြစ်သည်။
“ဘုံကျောင်းသခင် သူ့ကို ဒီခေါ်လာပါပြီ”
ကျူးရွှမ်က ပြောပြီးနောက် မြေပြင်ပေါ် ဒူးထောက်ချလိုက်၏။ ယွီကျန့်ဟိုင်သည် ဤနေရာသို့ လာနေစဉ် မှင်တက်နေသည်။ သူသည် စိုးရိမ်ပူပန်နေသော အအမူအရာဖြင့် ကျူးရွှမ်က သူ့ဆီရောက်လာပြီး သူ့ကို ဤနေရာသို့ခေါ်လာတာကို တွေ့လိုက်ရ၏။ သူခန်းမထဲဝင်ပြီး မော့ကြည့်လိုက်သည်။ သူကြောက်ရွွံ့ရပြီး သူအလေးစားရဆုံး သူ၏ရှစ်စွင်းမှလွဲရင် မည်သူကများ ထိုသို့တတ်နိုင်ဦးမည်နည်း။ သူက မျက်လုံးအပြူးသားဖြင့် ချက်ချင်းတုန်ယင်သွား၏။ အမြန်ရောက်လာကာ ဒူးထောက်လျက် အရိုအသေပေးလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”
ဆရာနှင့် တပည့်များသည် နောက်ဆုံးတော့ ပြန်စုစည်းပြီဖြစ်၏။ ယင်းသည် လောကကြီးပြောင်းပြန်လှန်သွားသလို ခံစားရသည်။သူတို့ တာ့ယန်တွင်ရှိနေသေးပါက ထိုကဲ့သို့စိတ်ခံစားချက်များစွာ ပြည့်နေမှာ မဟုတ်ပေ။ သူချောက်နက်ထဲ ဆင်းသက်လာချိန်၌ သေရန်ပြင်ဆင်ထားပြီးသားဖြစ်သည်။ - စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်တွေ့ချိန်၌ သူ၏ရှစ်စွင်းကို ထပ်တွေ့ရတော့မှာ မဟုတ်သလို မိစ္ဆာဝေဟင်မျှော်နန်းသို့လည်း ပြန်ဖို့မဖြစ်နိုင်တော့ဟု ထင်ခဲ့သည်။ သူ၏ရှစ်စွင်း ဤနေရာတွင် ရှိနေလိမ့်မည်ဟု မထင်ထားပေ။
လုကျိုးက ယွီကျန့်ဟိုင်ကို ကြည့်လိုက်၏။ ခါတိုင်းလိုပင် သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းအသက်ရှင်သရွေ့ပေါ့ ထားလိုက်တော့”
“တာ့ရှစ်ရှိုး” ရှောင်ယွမ်အာနှင့် ခရုလေးကို ယွီကျန့်ဟိုင်ကို နှုတ်ခွန်းဆက်လိုက်သည်။
ယွီကျန့်ဟိုင်က ထရပ်ပြီး စိတ်အားထက်သန်စွာပြောလိုက်၏။
“မင်္ဂလာပါ ရှောင်ရှစ်မေ့တို့”
စိတ်ဝိညာဉ်သဏ္ဌာန်ကို သရုပ်ပြတော့မည့် စစ်ခုန်ပေချန်းက ဖြတ်ပြောလိုက်တော့သည်။
“ဒီတော့ ကျူးရွှမ်က အစ်ကိုလုရဲ့ တပည့်ကို တကယ်ကောင်းကောင်းမွန်မွန်ဆက်ဆံတာပဲ”
ယွီကျန့်ဟိုင်က မှင်တက်သွား၏။
အစ်ကိုလုလား၊ ဒီအဖိုးကြီးက ဘာကြောင့်ဒီလောက် ယဉ်ကျေးနေတာလဲ၊ ကျူးရွှမ်လိုလူက ဘာကြောင့် ဒူးထောက်ပြီး အရိုအသေပေးနေရတာလဲ။
စစ်ခုန်ပေချန်းက ပြောလိုက်၏။
“ဟုတ်တယ်မလား၊ အစ်ကိုလုကို မတောင်းပန်တော့ဘူးလား”
ကျူးရွှမ်သည် တံခါးကနေ တွားသွားလာပြီးနောက် လုကျိုးရှေ့၌ ရပ်တန့်လိုက်ကာ အရိုအသေပေးလိုက်၏။
စစ်ခုန်ပေချန်းက ခေါင်းညိတ်လိုက်သည်။ သူက လုကျိုးကို ကြည့်ပြီး ပြောလိုက်၏။
“အစ်ကိုလု ကျူးရွှမ်က ငယ်ပါသေးတယ်၊ သူက ထိန်းချုပ်မှုဘယ်လိုပြသရမှန်း မသိဘူး၊ ကျုပ်အတွက် သူ့ကို အသက်ချမ်းသာပေးနိုင်မလား”
“ချန်ပေ့ ကျူးရွှမ်က မှားမှန်းသိပါပြီ ကျေးဇူးပြုပြီး သက်ညှာပေးပါ” ကျူးရွှမ်က ခေါင်းခါလိုက်၏။
ယွီကျန့်ဟိုင်က ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။
လုကျိုးသည် ကျူးရွှမ်ကို ကြည့်ပြီးပြောလိုက်သည်။
“စစ်ခုန်ပေချန်းအတွက် မင်းအသက်ကို ချမ်းသာပေးလိုက်မယ်၊ ဒါပေမဲ့ မင်းရဲ့လေးထောင့်သေတ္တာကို အပြစ်ဒဏ်အနေနဲ့ သိမ်းလိုက်မယ်၊ ဒါကိုမင်းလက်ခံလား”
ကျူးရွှမ် “…”
သူ၏စိတ်သည် ဗလာကျင်းသွားသည်။ လေးထောင့်သေတ္တာသည် သူအသက်တမျှ တန်ဖိုးထားရသည့် ပစ္စည်းဖြစ်သည်။ သူနှင့်အတူ ယှဉ်တွဲကာ ရန်သူများစွာကို အနိုင်ယူရန် ကူညီပေးခဲ့သည်။ သူသည် လေးထောင့်သေတ္တာကြောင့် ပွင့်ချပ်ကိုးလွှာအဆင့်သို့ အောင်မြင်စွာ ရောက်ခဲ့တာ ဖြစ်သည်။ နောင်ကျ သူသည် နဝမဘုံကျောင်း၏ လေးစားခံ ပထမဆရာတော်များထဲမှ တစ်ပါးဖြစ်လာနိုင်သည်။ သူ၏အနာဂတ်နှင့် အလားအလာက အကန့်အသတ်မဲ့၏။ စစ်ခုန်ပေချန်းသည် ထိုအကြောင်းအရင်းကြောင့် သူ၏အသက်ကို ကယ်တင်ရန် ကြိုးစားနေတာလည်း ဖြစ်သည်။ လေးထောင့်သေတ္တာမရှိလျှင် မည်သို့ဖြစ်မည်နည်း။
“လေးထောင့်သေတ္တာက ပြိုင်ဖက်ကင်းအဆင့် ရတနာဖြစ်ပြီး ထိတ်လန့်ဖွယ် ခုခံမှုရှိတယ်ဆိုပေမဲ့ တိုက်ခိုက်ရေးစွမ်းအား မရှိပါဘူး၊ သဘောကျတယ်ဆို အစ်ကိုလု ယူလိုက်ပါ”
စစ်ခုန်ပေချန်းက ပြောလိုက်၏။ စိတ်ထဲတွင်မူ သူကဇဝေဇဝါဖြစ်သွားတော့သည်။
အစ်ကိုလုက သူရဲ့ကျင့်ကြံဆင့်နဲ့ လေးထောင့်သေတ္တာလိုမျိုး အသုံးမဝင်တဲ့လက်နက်ကို ဘာကြောင့်လိုအပ်မှာလဲ၊ သူက ကျူးရွှမ်ကို အပြစ်ပေးဖို့ ဒါကို အသုံးပြုဖို့ ရည်ရွယ်နေတာဖြစ်နိုင်တယ်
ကျူးရွှမ် “…”
လုကျိုးသည် မျက်နှာထားတင်းတင်းဖြင့် သူ့ဘာသာသူ တွေးလိုက်သည်။ ငါကလည်း တိုက်ခိုက်ခံရရုံပဲ တတ်နိုင်တဲ့ ပစ္စည်းကို မကြိုက်ပါဘူး
စစ်ခုန်ပေချန်းက ထပ်ပြောလိုက်သည်။
“မင်း အစ်ကိုလုကို ကျေးဇူးမတင်ဘူးလား”
“ကျေးဇူးပါ ချန်ပေ့၊ ကျေးဇူးပါ အစ်ကိုလု”
“ဟမ်”
“ကျေးဇူးပါ ချန်ပေ့၊ ကျွန်တော့်ရဲ့ အသုံးမကျတဲ့ - ပါ” ကျူးရွှမ်က သူ့ဘာသာသူ ရိုက်လိုက်၏။ သူအင်မတန် ကြောက်ရွံ့နေကာ စိုးရိမ်စိတ်လှုပ်ရှားနေသောကြောင့် စကားတောင် ကောင်းကောင်းမပြောနိုင်တော့ပေ။
ကျန်သည့်သူများက မှင်တက်သွားသည်။
“မင်းသွားလို့ရပြီ” စစ်ခုန်ပေချန်းက ပြောလိုက်တော့သည်။
“ ဟုတ် ဟုတ် ဟုတ်”
ကျူးရွှမ်သည် တလေးတစား ဆုတ်ခွာသွားသည်။ သူသည် ပွင့်ချပ်ကိုးလွှာ သိုင်းပညာရှင်တစ်ယောက်၏ အငွေ့အသက်မျိုး မရှိတော့ပေ။ ယင်းက ယွီကျန့်ဟိုင်ကို ထိတ်လန့်သွားစေသည်။ နဝမဘုံကျောင်း၌ နေထိုင်ခဲ့သည့် အချိန်၌ ကျူးရွှမ်သည် မြင့်မားသည့် ဟန်ပန်သာ အမြဲတစေ ပြုမူလေ့ရှိသည်။ သူ၏ မျက်လုံးများက အမြဲတစေ အထက်စီးဆန်၏။ ယခုအချိန်တွင် ကျူးရွှမ်၏ပုံရိပ်က အပြည့်အဝဖျက်ဆီးခံလိုက်ရတော့သည်။
တာ့ယန်တွင် ဖြစ်စေ၊ အနီရောင်ကြာနယ်မြေတွင်ဖြစ်စေ သူတို့သည် အသွေးအသားများဖြင့် တည်ဆောက်ထားသော လူသားများသာ ဖြစ်၏။ မည်သူကမျှ လူသားများ၏ အားနည်းမှုကို မကျော်လွှားနိုင်ပေ။
ယွီကျန့်ဟိုင်က ထိတ်လန့်နေ၏။ အစောတုန်းက ထိတ်လန့်ဖွယ် မြင်ကွင်းကို ပြန်တွေးမိပြီး အလျင်စလို ပြောလိုက်သည်။
“ရှစ်စွင်း အစောတုန်းက ပေနှစ်ရာ လက်ဝါးစည်းတံဆိပ်ကို တွေ့လိုက်တယ်၊ အဲဒါက”
“တာ့ရှစ်ရှိုး ရှစ်စွင်းကလွဲရင် ဒီလိုစွမ်းအားကို ကမ္ဘာကြီးမှာ ဘယ်သူကများ လုပ်နိုင်မှာလဲ” ရှောင်ယွမ်အာက ခိုးခိုးခစ်ခစ် ရယ်မောလျက် ပြောလိုက်သည်။
ထင်တဲ့အတိုင်း အဲဒါ ရှစ်စွင်းပဲ
စစ်ခုန်ပေချန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အစ်ကိုလုက မွေးဖွားဇယားချပ်ကို တတ်ကျွမ်းသွားပြီ၊ သူ့မှာ ဒီလိုစွမ်းအားရှိတာ ထိတ်လန့်စရာ မဟုတ်ဘူး”
ယွီကျန့်ဟိုင်က ဇဝေဇဝါဖြင့် မေးလိုက်၏။
“မွေးဖွားဇယားချပ်ဆိုတာ ဘာလဲ”
လုကျိုးသည် အခက်တွေ့သွား၏။ သူကိုယ်တိုင်တောင် မသိပေ။ သူ၏တပည့်လေးက မေးလိုက်ရာ သူ့ပြဿနာရပ်များကို ဖြေရှင်းပြီးသားဖြစ်သွား၏။ ဤနေရာကို သူလာရောက်ရခြင်းက အချည်းနှီး မဟုတ်တော့ပေ။
…
အခန်း (၇၅၀) - အသက်ရှည်ခြင်းလမ်းစဥ်
လူသားများက သိလိုစိတ်ပြင်းပြသည့် သတ္တဝါများ ဖြစ်သည့်အတွက် လုကျိုးကလည်း ခြွင်းချက် မဟုတ်ပေ။ သူက စစ်ခုန်ပေချန်းသည် စောစောလေးက မွေးဖွားဇယားချပ်အကြောင်း ပြောသည်ကို ကြားစဥ်က ဘာလဲဟု စဥ်းစားနေမိခဲ့သည်။ အစပိုင်းတွင် သူက ဤနေရာမှ ထွက်လာပြီးသည့်နောက်တွင် ရှားချန်ချိုးကို မေးဖို့ရာ ပြင်ဆင်ထားသည့်၏။ သို့သော်လည်း ယွီကျန့်ဟိုင်က သူ့အတွေးကို ထုတ်မေးလာခဲ့သည်။
စစ်ခုန်ပေချန်း... ငါ့တပည့်ရဲ့ မေးခွန်းကို ဖြေဖို့ ငြင်းဆန်မှာလား...
စစ်ခုန်ပေချန်းက ထိုသို့ အသေးအဖွဲ့မေးခွန်းမျိုးကို ငြင်းဆန်မည် မဟုတ်ပေ။ တကယ်တော့ သူက ပိုမို စိတ်အား ပြင်းပြလာ၏။ ယခု သူက သူ့ကိုယ်သူ အာရုံဆွဲဆောင်နိုင်မည့် အခွင့်အရေး ရလာပြီဖြစ်ကာ မွေဖွားဇယားချပ် ပညာရှင်ရှေ့တွင် မွေးဖွားဇယားချပ်အကြောင်း ပြောပြနိုင်လေပြီ။ သူက ယွီကျန့်ဟိုင်၏ မေးခွန်းကို ဖြေဖို့ရာ ပျော်ရွှင်သည်ထက်ပင် ပိုနေသေး၏။
" လူသားတွေ စတင်ကျင့်ကြံကတည်းက သူတို့တွေက ကောင်းကင်ဘုံအလိုဆန္ဒကို ဆန့်ကျင်နေခဲ့တာ။ ကျုပ်တို့တွေက အခက်အခဲတွေကို ကျော်လွှားပြီးတော့ စွမ်းအားတွေ ရယူပြီးတော့ သက်တမ်းတွေကို ဆွဲဆန့်ခဲ့ကြတယ်။ မွေးဖွားမယ်၊ နာမကျန်းဖြစ်မယ်၊ သေဆုံးမယ် ဆိုတာက သံသရာ တစိတ်တပိုင်းတစ်ခုပဲ။
ဒါပေမဲ့ အားကောင်းတဲ့ ကျင့်ကြံသူတွေက ဖျားနာမှုကို ရှောင်လွဲပြီး အသက်ကြီးရင့်ခြင်း ဖြစ်စဥ်ကို လျော့ချနိုင်ကြတယ်။ အဲဒါကြောင့် ကျင့်ကြံရေးလမ်းစဥ်က အသက်ရှည်လမ်းစဥ်အဖြစ် အသိများကြတယ် " စစ်ခုန်ပေချန်းက ပြောလိုက်သည်။
ထို့နောက် သူက ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက်တွင် လုကျိုးထံ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏” တကယ်လို့ ကျုပ်အမှားလုပ်မိရင် ပြောပေးပါ "
လုကျိုးက ခေါင်းအသာညိတ်လိုက်ပြီးသည့်နောက်တွင် စစ်ခုန်ပေချန်းအား ဆက်ပြောဖို့ လက်ဟန်ပြလိုက်သည်။
စစ်ခုန်ပေချန်းက ဆက်ပြောလိုက်၏” ခန္ဓာဖွဲ့တည်ခြင်းအဆင့်ကနေ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်အထိ ကျင့်ကြံသူတွေက သက်တမ်းနှစ် ၅၀၀ ရရှိနိုင်ကြတယ်။ နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့်မှာ ပွင့်ချပ်တစ်လွှာစီက ကျင့်ကြံသူကို နှစ်သန်း ၁၀၀ စီ ချီးမြှင့်ပေးနိုင်တယ်။ ပွင့်ချပ်ရှစ်လွှာကနေ ကိုးလွှာအထိက ကျင့်ကြံသူအနေနဲ့ သက်တမ်းနှစ် ၂၀၀ ရရှိနိုင်တယ်”
နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့် မတိုင်ခင် ကျင့်ကြံဆင့် အားလုံးက ရွှေကြာနယ်မြေနှင့် အတူတူသာဖြစ်၏။ ရွှေကြာနယ်မြေတွင် နတ်ဝိညာဥ်ဝဋ်ကြွေးချေဆင့် ရောက်ရှိပြီးသည့်နောက်တွင့် ပွင့်ချပ်တစ်လွှာခြင်းစီက သက်တမ်းနှစ် ၅၀ စီ ချီးမြှင့်လာလိမ့်မည်။ ပွင့်ချပ်ကိုးလွှာ ထွက်လာပြီးသည့်နောက်တွင် ရွှေကြာပွင့်ရှိသည့်သူများက ပွင့်ချပ်တစ်လွှာချင်းစီအတွက် နှစ် ၅၀ ချီးမြှင့်ခံရမည်ဖြစ်၏။ ထို့ကြောင့် ရွှေကြာနယ်မြေရှိ လူများကိုလည်း ပွင့်ချပ်လွှာများက နှစ် ၁၀၀ ပေးနိုင်သည်။
" ပွင့်ချပ်ကိုးလွှာကနေ ဆယ်လွှာအထိကိုတော့ ကျင့်ကြံသူတွေက နှစ် ၅၀၀ ရရှိနိုင်တယ် "
ယွီကျန့်ဟိုင်က နားမလည်၍ မေးလိုက်သည်။
" ကျူးရွှမ် ပြောတော့ ကျင့်ကြံသူတွေက နှစ် ၃၀၀ အထိပဲ နေနိုင်တယ်ဆို "
သူက သေသေချာချာ တွက်ချက်ပြီးသည့်နောက်တွင် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူများသည် နှစ် ၂၀၀၀ မျှသာရှိကြောင်း သိလိုက်ရပြီး နှစ် ၃၀၀၀ မဟုတ်ပေ။
စစ်ခုန်ပေချန်းက ယွီကျန့်ဟိုင်အား ကြည့်ကာ ပြောလိုက်၏” ဒါက နတ်ဘုရားတွေ ချမှတ်ထားတဲ့ တားမြစ်ချက်က ထူးကဲတယ်။ ကျန်ရှိနေတဲ့ နှစ် ၁၀၀၀ ကိုတော့ အသက်ဓာတ် နှလုံးသားဆီကနေ ရယူနိုင်တယ်။ အဲဒါကြောင့် ကျင့်ကြံသူတွေ တစ်ယောက်ရဲ့ ကန့်သတ်ချက်က နှစ် ၃၀၀၀ ပဲ”
" အဲ့ဆိုရင် မွေးဖွားဇယားချပ်ကရော ဘာနဲ့သက်ဆိုင်တာလဲ”
" ကောင်လေး … ကန့်သတ်ချက်က ဘာလို့ နှစ် ၃၀၀၀ ဖြစ်နေတယ်ဆိုတာကို တွေးကြည့်ဖူးလား။ အဲဒီအရာက ငါတို့ရဲ့ သက်တမ်းကို ရှည်လျားစေတယ်ဆိုတော့ ကျင့်ကြံရေးက ကောင်းကင်အလိုဆန္ဒကို သွေဖယ်ပြီးသား ဖြစ်နေပြီလေ”
ယွီကျန့်ဟိုင်က ခေါင်းအသာခါလိုက်၏။
စစ်ခုန်ပေချန်းက ပြောလိုက်သည်” မွေးဖွားဇယားကို အစပျိုးခြင်းက ဘဝရဲ့ ကန့်သတ်ချက်ကို ကျော်လွှားနိုင်တယ်။ လွန်ခဲ့တဲ့ နှစ် ၂သန်း လောက်က သူ့မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့တဲ့ သူတစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူက အဲဒီအချိန်ကတည်းက ပျောက်ကွယ်သွားခဲ့တယ်။ အဲဒါကြောင့် အဲဒီကတည်းက ဘယ်သူကမှ မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်ကြတော့ဘူး”
သူက ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက် ဆက်ပြောလိုက်သည်” ထောင်ချီကန့်သတ်လေပွေကို ဖွဲ့စည်းဖို့ရာ မွေးဖွားဇယားချပ်က အုတ်မြစ်ပဲ "
လုကျိုးမှလွဲ၍ မသိသည့်သူများက ထိုအရာကို ကြားသည့်အခါ ခေါင်းညိတ်လိုက်ကြသည်။
" တကယ်လို့ ကျုပ် ပြောတာ တစ်ခုခုလိုအပ်နေတယ်ဆိုရင် ထပ်ပြောလို့ ရပါတယ်”
လုကျိုး၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေပြီး မေးခွန်းကို ပြန်မဖြေပေ။
ဒီနှစ် ၁၀၀၀ မြေခွေးအိုကြီးက ငါ့အတွက် ထောင်ချောက်ဆင်နေတာ မဟုတ်မှန်း ဘယ်လိုလုပ်သိမှာလဲ။ ငါ့ပါးစပ်ကို ပိတ်ထားသရွေ့ အမှားလုပ်မိမှာ မဟုတ်ဘူး။ ...
ယွီကျန့်ဟိုင်က ပြောလာသည်။
” ထောင်ချီကန့်သတ်လေပွေက ဒီမှာမရှိတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ "
စစ်ခုန်ပေချန်းက သိချင်စွာ မေးလိုက်သည်” အစ်ကိုလု … ခင်ဗျားက ရွှေကြာကျင့်ကြံသူ ၂ယောက်ကို ခင်ဗျားရဲ့ တပည့်တွေအဖြစ် ဘာလို့လက်ခံခဲ့တာလဲ "
သူက လုကျိုး၏ ဇစ်မြစ်ကို သံသယမဖြစ်မိပေ။ သူက လုကျိုး၏ အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်ကို သူကိုယ်တိုင် မြင်တွေ့ထားရသည် မဟုတ်ပါလော။ တခြားသူများ ပြသထားသည့် သက်သေများမှလွဲ၍ သူ့ကောက်ချက်ချမှုက မလွဲမှားနိုင်ပေ။ စစ်ခုန်ပေချန်းကဲ့သို့သော ကြီးမြတ်သည့် ကျင့်ကြံသူအများစုက အာဏာရှင်ကဲ့သို့ ဖြစ်၏။
လုကျိုးက ပြန်ဖြေလိုက်သည်။
" ဒီနှစ်ယောက်က သူတို့ ငယ်စဥ်ကတည်းက ကျုပ်နဲ့တူတူ ရှိနေခဲ့တာ။ သူတို့က အင်မတန် ထူးချွန်နေတော့ တပည့်အဖြစ် လက်ခံခဲ့တာ။ အစပိုင်းတော့ ကျုပ်က ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံတာလေ။ ဗုဒ္ဓဘာသာဆိုရိုးမှာ အသက်အားလုံးက တူညီပြီးတော့ ညီတူညီမျှ ဆက်ဆံသင့်တယ်ဆိုတဲ့ စကားရှိတယ် မဟုတ်ဘူးလား။ အဲဒါကြောင့် ရွှေကြာတွေ အနီရောင်ကြာတွေဆိုတာ ကွာဟချက် မရှိပါဘူး။ ကျုပ်ဆီမှ ရွှေကြာကျင့်ကြံသူကို တပည့်အဖြစ်ရှိရုံတင် မကဘူး။ အနီရောင်ကြာ ကျင့်ကြံသူကိုလည်း တပည့်အဖြစ် ရှိတယ်”
သူက ခေတ္တမျှရပ်တန့်ပြီးသည့်နောက် ခရုလေးအား လှမ်းခေါ်လိုက်သည်” ခရုလေး ဒီလာခဲ့ဦး "
ခရုလေးက ရောက်လာသည်။
အစကနေ ယခုအထိ စစ်ခုန်ပေချန်းက လုကျိုး၏ တပည့်များကို အာရုံမစိုက်မိခဲ့ပေ။ သူ့အတွက် လုကျိုး၏ သဘောထားက အရေးကြီးဆုံး ဖြစ်၏။ ခရုလေးက သူ့အနား ချဉ်းကပ်လာသည့်အခါ သူ့အကြည့်များက တောက်ပသွားသည်။ သူမ၏ တောက်ပနေသည့်မျက်ဝန်းသည် ရေပြင်ကဲ့သို့ ကြည်လင်နေသည်ကို မြင်လိုက်ရ၏။ သူမ၏ သွင်ပြင်နှင့် လိုက်ဖက်ညီနေသည်။ ပို၍ အရေးကြီးသည်က သူမ၏ အရှိန်အဝါသည်လည်း ရေပြင်နှင့် တူညီနေသည်။ သူမက ရှားပါးသည့် ပါရမီရှင် ကျင်ကြံသူ ဖြစ်ကြောင်းပြောနိုင်လေ၏။
" မင်းရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ပြလိုက် " လုကျိုးက ပြောလိုက်သည်။
" အို့ " ခရုလေးက အနည်းငယ် နေရခက်သွား၏။ မည်သို့ပင်ဆိုစေကာမူ သူမက ကနဦးချီကို နာနာခံခံလှည့်ပတ်ကာ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းလိုက်သည်။
သိပ်မကြာခင် အနီရောင် ပွင့်ချပ်နှစ်လွှာ ဒုက္ခမိုင် ၁၀၀ ရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်က အားလုံးရှေ့မှာ ပေါ်ထွက်လာသည်။
ထိုစဥ် ပထမဆရာတော် ၅ပါးက အလုပ်ပြီးစီးသည့်နောက် ခန်းမအတွင်း ဝင်ရောက်လာကာစ ဖြစ်၏။ သူတို့က နှုတ်ဆက်တော့မည့်ဆဲဆဲတွင် ခရုလေး၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်လိုက်ရသည်။
ကျယ်ပြောကာ တိတ်ဆိတ်သည့် မြင့်မြတ်နန်းဆောင်အတွင်း စိတ်ဝိညာဥ်သဏ္ဌာန်၏ အသံက နားမကလောစေပေ။ ထို့အစား သာယာဖွယ် ကောင်း၏။ ခရုလေးက လန်ထန်းကျောက်စိမ်းပုလွေကို တီးမှုတ်သည့် အချိန်ကလိုမျိုး ဖြစ်သည်။ သူမ၏ အပြုံးနှင့် မျက်မှောင်ကြုတ်မှုကပင် သာယာနာပျော်ဖွယ် ဖြစ်နေသည်။ သူမက သံဇဥ်နှင့် မွေးဖွားလာဖို့ ကံကြမ္မာဖန်လာဟန်ပေါ်သည်။
စစ်ခုန်ပေချန်းက စိတ်ဝိညာဥ်သဏ္ဌာန်ကို ကြည့်ကာ တအံ့တသြရေရွတ်လိုက်၏” သူမက ငယ်ငယ်လေးပဲ ရှိသေးတာကို ပွင့်ချပ်နှစ်လွှာအဆင့် ရောက်သွားပြီလား။ သူမက အနာဂတ်မှာ တကယ့်ကို ကြီးမြတ်တဲ့ ကျင့်ကြံသူဖြစ်ဖို့ ကံကြမ္မာဖန်လာတာပဲ”
သို့သော်လည်း ခရုလေးက သူ့စကားများကို သဘောမတူပေ” ကျိုးရှစ်ကျဲနဲ့ ယှဥ်လိုက်ရင် ကျွန်မက ဘာမှမဟုတ်ပါဘူး။ ကျိုးရှစ်ကျဲက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်တော့မှာလေ”
" ... "
တခြားသူများက ခရုလေးဆီမှ တခြားမိန်းကလေးဖြစ်သည့် ရှောင်ယွမ်အာဆီ အကြည့်ရောက်သွားကြသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။
” ဒီလေးယောက်က ကျုပ်တပည့်တွေပါ "
ကျီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့ ဖြစ်၏။
ကျူးရွှမ်က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့လို့ ပညာရှင် ၂ယောက်၏ ဆရာသည် မည်သို့သောလူမျိုးဖြစ်မည်ကို အမြဲတမ်း စဥ်းစားနေမိခဲ့သည်။ ထိုလူအိုကြီးနှင့် တွေ့ဆုံပြီးသည့်နောက်တွင် အဖြေက ရှင်းလင်းသွား၏။
လုကျိုးက ထပ်ပြောလိုက်သည်။
” ဒီကမ္ဘာက လူတွေက ထောင်ချီကန့်သတ်လေပွေကို မဖွဲ့စည်းနိုင်ဘူးလို့ ပြောတယ်မလား။ ခင်ဗျားရော ကြိုးစားကြည့်ပြီးသွားပြီလား "
စစ်ခုန်ပေချန်းက ခေါင်းညိတ်ကာ ပြောလိုက်၏” ကျုပ်က အကြိမ်အများကြီး ကြိုးစားပြီးသွားပြီ။ ဒါပေမဲ့ တစ်ခါမှ မအောင်မြင်ဘူး။ တကယ်လို့ ကျုပ်အသက်ရှင်နေတုန်း ထောင်ချီကန့်သတ်လေပွေကိုသာ မြင်ရမည်ဆိုရင် ကျုပ် သေရမည်ဆိုရင်တောင် နောင်တ မရှိတော့ပါဘူး”
ဆရာတော်များက ထိုစကားများကို ကြားသည်နှင့် ဒူးတစ်ဖက်ထောက်ကာ တစ်ပြိုင်နက် ပြောလိုက်ကြသည်။
” ကျောင်းထိုင်က ကောင်းကင်ဘုံလောက် အသက်ရှည်ရှည် နေရမှာပါ "
" ဒီကမ္ဘာမှာ ဘယ်သူကမှ ထာဝရမနေနိုင်ဘူး။ အသက်ရှည်ခြင်းလမ်းစဥ်က ဘယ်နေရာမှာ အဆုံးသတ်သွားမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး” စစ်ခုန်ပေချန်းက ပြောလိုက်သည်။
လုကျိုးက ကျန့်ဝမ်ရွှီ၏ စကားကို ပြန်လည်အမှတ်ရသွား၏။ မည်သူကမှ ထာဝရအသက်မရှည်နိုင်ပေ။
စစ်ခုန်ပေချန်း၏ စကားအဆုံးတွင် သူက လက်နှစ်ဖက်ယှက်ပြီးသည့်နောက် လက်ဝါးဖြန့်လိုက်သည်။ သူ့လက်ဝါးအထက် အသေးစား စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။
" ခင်ဗျားရဲ့ သုံးသပ်ချက်လေး ကြားပါ့ရစေ "
သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်က တူညီလှ၏။ တခြားသော မျိုးနွယ်များမှလွဲ၍ တာ့ယန်နှင့် တာ့ထန် ကျင့်ကြံသူများသည် လူသားအသွင် စိတ်ဝိညာဥ်သဏ္ဌာန်မျိုး ရှိကြသည်။
ဆရာတော် ၅ပါးကလည်း သူတို့၏ ကျောင်းထိုင်ကို ကြည့်လိုက်ကြသည်။ သူတို့က ကျောင်းထိုင်သည် စိတ်ဝိညာဥ်သဏ္ဌာန်ကို အကြောင်းအရင်းမရှိဘဲ ထုတ်ပြသည်ကို တခါမျှ မမြင်ဖူးကြပေ။ သူတို့ ကျောင်းထိုင်လိုမျိုး အားကောင်းသည့်သူမျိုးက ထိုလူအိုကြီးရှေ့တွင် ကျောင်းသားတစ်ယောက်လို ပြုမူပြီး အမှားအမှန်အပြင်ခံရဖို့ စောင့်ဆိုင်းနေသည်။ သိုသော်လည်း သူတို့က အံ့သြတုန်လှုပ်ဖွယ် လက်ဝါးချက်ကို အမှတ်ရလိုက်မိသည့်အခါ သိပ်မအံ့သြမိတော့ပေ။
အားလုံးက သူတို့ ကျွမ်းကျင်သည့် ပညာရပ်မျိုး ရှိကြသည်။ အားကောင်းသည့်သူများက ဝါစဉ် ပိုကြီးကြ၏။ သူတို့က လုကျိုး၏ နက်နဲသည့် ကျင့်ကြံဆင့်ကို သက်သေခံပြီးသွားလေပြီ။ ယခုအချိန်တွင် ထုတ်ပြောနေဖို့ မလိုအပ်တော့ပေ။
လုကျိုးအနေဖြင့် ပွင့်ချပ်ဆယ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန်ကို အနီးကပ်မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ အနီရောင် စိတ်ဝိညာဥ်သဏ္ဌာန်၏ အောက်ခြေတွင် အနီရောင်ကြာပန်းက ပွင့်လန်းနေ၏။ ပွင့်ချပ်ဆယ်လွှာက အနီရောင်ကြာဝန်းကျင်တွင် လှည့်ပတ်ကာ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ကြာပန်း၏ အလယ်က သွေးတောက်လိုမျိုး နီရဲနေစဥ် အပြင်ပိုင်းအလွှာက အနီရောင်ကောင်းကင်ကဲ့သို့ အနည်းငယ် ဖျော့တော့နေသည်။ ထို့နောက် ဓားသွားနှင့်တူသည့် ကြာပွင့်ချပ်ဆယ်လွှာက ထက်ရှနေ၏။
မြင့်မြတ်နန်းဆောင်က တိတ်ဆိတ်နေသည်။ အားလုံးက ကြီးမြတ်သည့် ကျင့်ကြံသူနှစ်ဦး ကျင့်ကြံရေးလမ်းကြောင်း ဆွေနွေးသည်ကို လေးလေးစားစား ကြည့်နေကြသည်။ ဦးနှောက်ပါသည့်သူများက ဤနေရာတွင် အကြောင်းအရင်း မရှိဘဲ စကားပြောမည် မဟုတ်ပေ။ ထို့အပြင် သူတို့က ဤစကားဝိုင်းမှ ဉာဏ်အလင်း ပွင့်လာနိုင်မည်ကို မည်သူကများ သိမည်နည်း။
ခဏအကြာတွင် ယွီကျန့်ဟိုင်က တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်သည်။ သူက အနီရောင်ကြာကို ကြည့်ကာ မေးလိုက်၏” ကျင့်ကြံသူတွေက မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးတဲ့နောက်မှာ နှစ် ၃၀၀၀ အထက် နေနိုင်မှာလား "
စစ်ခုန်ပေချန်းက ခေါင်းညိတ်လိုက်၏” မွေးဖွားဇယားချပ်တစ်ခုကို အသက်သွင်းတာက ကျင့်ကြံသူတွေကို နှစ် ၅၀၀ ပေးတယ်လို့ ပြောကြတယ် "
" မွေးဖွားဇယားချပ် တစ်ခုထပ် ပိုပြီး ရှိနေတာလား " ယွီကျန့်ဟိုင်က ထိုစကားကြောင့် အံ့အားသင့်သွားသည်။
" အဲဒါက မင်းဆရာကို မေးကြည့်သင့်တယ်။ ငါက နှစ်အများကြီး ကျင့်ကြံခဲ့ပေမဲ့ မွေးဖွားဇယားချပ်အကြောင်းကို အခုထိ နားမလည်သေးဘူး။ မင်းဆရာရှေ့မှာ ငါ့ရဲ့ မပြောပလောက်တဲ့ အသိဉာဏ်ကို ထုတ်မပြရဲပါဘူး " စစ်ခုန်ပေချန်းက အလေးအနက် ပြောလိုက်သည်။
သူက ယွီကျန့်ဟိုင်၏ မေးခွန်းကို ဖြေဖို့ရာ ပျော်ရွှင်ခဲ့သည်မှာ ထိုမေးခွန်းက ဤနေရာကို ဦးဆောင်လာမည်မှန်း မျှော်လင့်ထား၍ ဖြစ်သည်။ သူက လုကျိုးဆီမှ မွေးဖွားဇယားချပ်နှင့် ပတ်သက်ပြီး အသိအမြင်တချို့ ရယူလိုသည်။ ယခုအချိန်ထိ လုကျိုးက မွေးဖွားဇယားချပ်နှင့် ပတ်သက်ပြီး တိတ်ဆိတ်နေ၏။
သို့သော်လည်း သူက မအံ့သြမိပေ။ မွေးဖွားဇယားချပ်က အရေးကြီးပြီး တခြားသူများကို အလွယ်တကူ သင်ပေးနိုင်သည့် အရာမျိုး မဟုတ်ပေ။
ယွီကျန့်ဟိုင်က သူ့ရှစ်စွင်းဘက် လှည့်ကြည့်ကာ မေးလိုက်သည်” ရှစ်စွင်း မွေးဖွားဇယားချပ်က ဘယ်လောက်ရှိနေတာလဲ "
" ... "
အရင်ဆုံး စကားကောင်းကောင်းသုံးပြီးတော့ ယေဘုယျအဖြေပဲ ပေးထားတာပေါ့...
လုကျိုးက မုတ်ဆိတ်သပ်ကာ ယွီကျန့်ဟိုင်အား ကြည့်လိုက်ပြီး ပြောလိုက်သည်။
" ကျင့်ကြံသူတိုင်းမှာ မတူညီတဲ့ ပါရမီဆိုတာ ရှိတယ်။ သူတို့ တစ်ဘဝလုံး ကြိုးစားရင်တောင် မွေးဖွားချပ်ကို အသက်မသွင်းနိုင်တဲ့သူတွေလည်း ရှိတယ်။ ပြီးတော့ မွေးဖွားဇယားချပ်ကို ဘာမှမလုပ်လိုက်ရဘဲနဲ့ အောင်အောင်မြင်မြင် အသက်သွင်းနိုင်တဲ့သူတွေလည်း ရှိတယ်။
အဲဒါက ပွင့်ချပ် ထွက်လာသလိုမျိုး အတူတူပဲ။ တချို့က အကောင်းဆုံး ကြိုးစားပေမဲ့ ပွင့်ချပ်သုံးလွှာ ဒါမှမဟုတ် ငါးလွှာအထိပဲ ရောက်ရှိနိုင်တာမျိုး တချို့ကကျတော့ လွယ်လွယ်ကူကူနှင့် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိသွာနိုင်တာမျိုးပဲ”
သူက ထိုမေးခွန်းကို ဖြေပြီးသည့်နောက်တွင် စစ်ခုန်ပေချန်းဘက် လှည့်ကြည့်ကာ မေးလိုက်၏” ဒါနဲ့ ဒီနှစ် ၂၀၀၀ကျော်အတွင်းမှာ ဘယ်သူကမှ မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်ခဲ့ဘူးဆိုတာ ဘယ်လိုလုပ်သိလဲ "