အခန်း (၇၆၃-၇၆၅)
Vol. 51 Ch. 763-765
အခန်း (၇၆၃) ငါ့ကိုအမှန်တိုင်းဖြေ
မုန့်ချန်းသုံက ကြက်သီးများထသွားတော့သည်။ သူက တုန်ယင်သွားကာ ထရပ်လိုက်ပြီးနောက် နောက်ကိုလှည့်ကြည့်လိုက်၏။ ဝတ်ရုံဖြူဝတ်ထားလျက် မုတ်ဆိတ်သပ်နေသော အဖိုးအိုက သူကိုကြည့်နေတာကို တွေ့လိုက်ရ၏။
မုန့်ချန်းသုံက အရူးတစ်ယောက်မဟုတ်ပေ။ သူသည် ယဲ့ကျန်း၏လက်အောက်၌ အကြီးအကဲတစ်ယောက်ဖြစ်နိုင်သည့် အရည်အချင်းသည် သူ၏စွမ်းရည်ကို သက်သေပြထားတာပဲဖြစ်သည်။ထို့ကြောင့် သူသည် သူ့တွေ့ခါစလူကို အထင်သေးတတ်သော အဆင့်နိမ့်အမှားများ လုပ်မှာမဟုတ်ပေ။ အဖိုးအိုသည် ကနဦးချီကို အသုံးမပြုသည့်တိုင် အဖိုးအို၏ခွန်အားက နက်နဲသည်ဆိုတာ သူအာရုံခံမိ၏။ အဖိုးအို၏ကိုယ်နေဟန်ထား ၊ အပြုအမူ၊ မျက်လုံးထဲရှိ အကြည့်တို့အရ ညတွင်းချင်းရရှိနိုင်သည့် အရာမဟုတ်။ သူ၏တည်ရှိမှုက ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း ပြသနေသည်။ သူကရင်ထဲရှိထိတ်လန့်မှုကို အမြန်ဖိနှိပ်ကာ မေးလိုက်တော့သည်။
“ မင်းဘယ်သူလဲ “
လုကျိုးက ခေါင်းအသာခါလိုက်လေ၏။ သူက အေးစက်စက်ပြောလိုက်သည်။
“ ငါက မေးနေတာ မင်းမဟုတ်ဘူး “
“ငါဒေါသမထွက်တတ်ဘူးများ ထင်နေလား။ ငါနာမည်ကိုမေးလို့ရတယ်လို့ မင်းကို ဘာကများ တွေးမိစေတာလဲ “
“ ခင်ဗျားက မေးခွန်းမေးလိုက်တာလား “ မုန့်ချန်းသုံက သတိထားလျက်ပြောလိုက်သည်။
“ မင်းဘယ်သူလဲ “ လုကျိုးက ပြန်မေးလိုက်၏။
“ကျုပ်က ဖြတ်သွားရင်း အနားယူနေတဲ့ သစ်ခုတ်သမားတစ်ယောက်ပါပဲ။ အနားယူလို့ဝပါပြီ“
မုန့်ချန်းသုံက ပြန်ပြောလိုက်သည်။
“ သစ်ခုတ်သမားလား “
မျက်လုံးများသည် စိတ်ဝိညာဉ်၏ပြတင်းပေါက်များဖြစ်သည်။ သူ၏နက်ရှိုင်းသောအကြည့်က မုန့်ချန်းသုံဆီ ရောက်သွားချိန်တွင် မုန့်ချန်းသုံက ထိုအဖိုးအို၏ မျက်လုံးသည် သူ၏စိတ်နှလုံးကို ဖောက်မြင်နိုင်သည်ဟု ခံစားလိုက်ရ၏။
သစ်ခုတ်သမားတစ်ယောက် ကွန်ဖြူးရှပ်ဝတ်ရုံကို ဝတ်ပြီး သန့်ရှင်းတဲ့ခြေထောက်ရှိမယ်တဲ့လား။ ဒါအပြင် သစ်ခုတ်သမားတစ်ယောက်က မိုးမခတစ်ထောင်တောင်နောက်မှာ ဘာလုပ်နေတာလဲ။ တောင်က မတ်စောက်လွန်းတယ်လေ။ လုကျိုးသည် မုန့်ချန်းသုံကို စူးရှသောအကြည့်များဖြင့် စိုက်ကြည့်လိုက်၏။
ငါ့ကိုများ အရူးလို့ မှတ်နေတာလား။ မုန့်ချန်းသုံသည် သူ၏ဆင်ခြေက မယုံနိုင်စရာကောင်းလွန်းနေမှန်း သတိပြုမိ၏။ သူက အလိုလိုပင် နောက်တစ်လှမ်းဆုတ်လိုက်မိသည်။
“ ဆရာကြီး ကျုပ်ခုချက်ချင်းထွက်သွားပါ့မယ်” သူပြောပြီး လှည့်ထွက်သွားရန်ပြင်လိုက်သည်။
“ မင်းထွက်သွားလို့ရမယ်များ ထင်နေလား “ လုကျိုးသည် သူ့လက်ဝါးဖြင့်ရိုက်ချလိုက်၏။
တောက်ပသော ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် မုန့်ချန်းသုံဆီသို့ ဝင်ရောက်သွားလေ၏။
ဘန်း ဘန်း ဘန်း
လက်ဝါးစည်းတံဆိပ်သည် သစ်ပင်ပေါင်းများစွာကို ဖြတ်ကျော်သွားပြီးနောက် မုန့်ချန်းသုံ၏ရင်ဘတ်ကို ထိမှန်သွား၏။
မုန့်ချန်းသုံက လုကျိုးကို အထိတ်တလန့်ကြည့်လိုက်သည်။
“ ရွှေကြာနယ်ခြားသားလား “
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ၏ လက်ဝါးစည်းတံဆိပ်ကို ခံနိုင်ရည်ရှိသည့်သူသည် ခမ်းနားသောကျင့်ကြံသူဖြစ်သည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။
လုကျိုးက မုတ်ဆိတ်သပ်လျက်ရှေ့သို့လျှောက်လာ၏။
“ မင်း ဘာကိုဆန့်ကျင်နေမိမှန်း သိမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းဘာမှမခံစားရအောင် အညံ့ခံလိုက်ဖို့ အကြံပေးမယ်”
မိုးမခတစ်ထောင်ဘုရားကျောင်း၌ သူထက်အားမနည်းသော ကျင့်ကြံသူတစ်ယောက်ရှိနေလိမ့်မည်ဟု မုန့်ချန့်းတုံမထင်ထားပေ။
ငယ်ရွယ်သည့် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူနှစ်ယောက်သည် သူ့ကိုထွက်ပြေးစေရန် လုံလောက်ပြီး ဖြစ်သည်။
မုန့်ချန်းသုံက သူဘာသာသူတွေးလိုက်၏။
အန္တရာယ်အများဆုံးနေရာက ဘေးအလုံခြုံဆုံးတဲ့လား၊ ကောင်းရောပဲ။ ဒီလိုနဲ့ ငါက ကျားခံတွင်းဝကို တည့်တည့်ဝင်မိတာကို ။
မုန့်ချန်းသုံက လက်ဝါးနှစ်ဖက်ကိုပူးကပ်လိုက်သည်။ သူက ဂါထာတစ်ခုကို စတင်ရွတ်ဆိုလိုက်ရာ သူ့နား၌ စွမ်းအင်များ ရစ်ဝဲလာတော့သည်။ လှုပ်ရှားမှု ဝေဝါးဝါးများပေါ်လာပြီးနောက် မီးခိုးများလွင့်ပြယ်သွားချိန် သူ့ကိုမတွေ့ရတော့ချေ။
လုကျိုးသည် လက်နောက်ပစ်ထားလျက်ရှေ့သို့ ဆက်လျှောက်သွား၏။ သူက ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ကျင့်ကြံသူတစ်ယောက်သည် သူ့ကိုယ်သူ ကိုယ်ယောင်မဖျောက်နိုင်။ ခမ်းနားသော ကျင့်စဉ်ဖြင့်တောင် မဖျောက်နိုင်။
ထွက်ပြေးခြင်းနည်းလား။
လုကျိုးသည် သူနားရှိမြင့်မားလှသော သစ်ပင်များကို ရှာဖွေလိုက်၏။ သူကမုတ်ဆိတ်သပ်ကာ သူ၏နားရွက်သည် အပြာရောင်သန်းလာတော့သည်။ သူ၏နားထဲ နှလုံးခုန်သံကိုထပ်ကြားလိုက်ရ၏။
လုကျိုးသည် သူ့၏လက်ကို တည်ငြိမ်စွာ လှုပ်ရှားလိုက်တော့သည်။
လက်ဝါးစည်းတံဆိပ်သည် သူ့ရှေ့ရှိ မီတာငါးဆယ်ကျော် အကွာတွင်ရှိသော သစ်ပင်ဆီရောက်သွား၏။
ဘန်း
လက်ဝါးစည်းတံဆိပ်သည် ဧရာမသစ်ပင်ကို ထက်ခြမ်းခြမ်းလိုက်သည်။
မုန့်ချန်းသုံက လွှင့်ထွက်သွားပြီး သွေးတစ်ဗွက်အန်တော့၏။
“ မဖြစ်နိုင်တာ “ မုန့်ချန်းသုံက မျက်မှောင်ကျုံ့မိသွားသည်။သူသည် ပြင်းထန်သည့် နာကျင်မှုကို တောင့်ခံလျက် လက်သင်္ကေတ များဖွဲ့တည်လိုက်သည်။
ဝှစ်
အနီရောင်အလင်း ဖျတ်ခနဲပေါ်လာပြီးနောက် မုန့်ချန်းသုံသည် ထပ်မံပျောက်ကွယ်သွားသည်။
လုကျိုးက ရှေ့သို့လျှောက်သွားတော့သည်။သူက နှလုံးခုန်သံကို ရှင်းရှင်းလင်းလင်းကြားနိုင်၏။ သူက လက်ဝါးကို အောက်သို့ရိုက်ချလိုက်သည်။
လက်ဝါးစည်းတံဆိပ်က မြေပြင်ပေါ်ကျရောက်သွားတော့သည်။
ဘန်း
မြေအောက်မှ ညည်းတွားသံ သဲ့သဲ့ပေါ်လာသည်။
သစ်ခုတ်သမား ထိသွားသလားဟု လုကျိုးတွေးနေမိသည်။ သူက မုတ်ဆိတ်သပ်လျက် လေသံအတက်အကျမရှိ ပြောလိုက်တော့သည်။
“ တစ်မိုးအောက်မှာ ငါ့ဆီကနေ ဘယ်သူမှမလွတ်မြောက်နိုင်ဘူး”
ထိုပြောကြားချက်သည် မုန့်ချန်းသုံ၏စိတ်နှလုံးကို ချောက်ခြားသွားစေ၏။ သူကလက်ဝါးနှစ်ဖက်ကို ရိုက်ချပြီး မြေကြီးမှ ခုန်ထွက်လာ၏။ ဖုန်မှုန့်များက သူတို့မြင်ကွင်းကို ဟန့်တားလိုက်သည်။
မုန့်ချန်းသုံသည် သစ်ပင်ပေါင်းဒါဇင်ချီကို ဖြတ်ကျော်လျက်ထွက်ပြေး၏။
လုကျိုး၏ကာကွယ်ရေးစွမ်းအင်သည် မြေဆီပေါ်၌ရှိနေသေးဆဲဖြစ်သည်။ သူက လက်ဝါးဖြင့် ထပ်ရိုက်ချလိုက်တော့၏။ သူ၏ခမ်းနားသော မဟာနည်းစနစ်ကို ထုတ်ဖော်ပြီးနောက် မုန့်ချန်းတုံးကို လိုက်မှီလာသည်။ မုန့်ချန်းသုံ၏လျင်မြန်ဖျက်လတ်မှုနှင့် ထွက်ပြေးခြင်းနည်းက လူအများစုထက် သာလွန်မှန်း သူသတိပြုမိသည်။ မုန့်ချန်းသုံက မြေအောက်နှင့် သစ်ပင်ထဲတွင် ပုန်းနိုင်စွမ်းရှိသည်။ ထို့အပြင် လက်ဝါးရိုက်ချက်နှစ်ချက် အရိုက်ခံရပြီးနောက် မုန့်ချန်းသုံက သူ၏လျင်မြန်မှုကို ထိန်းထားနိုင်သေးဆဲ ဖြစ်၏။ သူသည်လည်း အတော်လေးအံ့ဩသွားမိသည်။
ထိုစဉ် လက်ဝါးစည်းတံဆိပ်သည် မုန့်ချန်းသုံ၏နောက်ကျောကိုထိသွား၏။ သူက သွေးထပ်အန်ကာ မှောက်ရက်လဲကျသွားတော့သည်။
မြန်ဆန်သောလှုပ်ရှားမှုဖြင့် လုကျိုးသည် မုန့်ချန်းသုံရှေ့၌ပေါ်လာ၏။
မုန့်ချန်းသုံက လှည့်လာပြီး လုကျိုးကို စိုက်ကြည့်နေသည်။ သူက အသံတိုးသဲ့သဲ့ဖြင့် ပြောလိုက်တော့သည်။
“ခင် ခင်ဗျား ဒါဘယ်လိုလုပ်လိုက်တာလဲ “ သူသည် ထွက်ပြေးနိုင်ရန်နည်းကို ရှာဖွေနေဆဲ နောက်ဆုတ်လိုက်၏။
“ မင်းနာမည်က ဘာလဲ “ လုကျိုးက မုန့်ချန်းသုံကို ငုံ့ကြည့်လိုက်သည်။
” မင်းထွက်ပြေးဖို့ ထပ်ကြိုးစားရင်မင်းကိုသတ်မယ်”
လုကျိုး၏ခြေထောက်အောက်၌ ရွှေကြာဖူးပွင့်လာသည်။ လေထဲ၌ရွှေရောင်မီးတောက်မီးလျှံများ ပေါ်ထွက်လာသော်ငြား တစ်စက္ကန့်သာကြာ၏။
“ ရွှေ ရွှေရောင် ကံ ကံစွမ်းအား “ မုန့်ချန်းသုံ၏မျက်လုံးများ ပြူးကျယ်သွားတော့၏။ သူ၏စိတ်အခြေနေသည် ယခုအခြေနေ၌ ပြိုလဲသွားပုံရသည်။ သူက ဖြူဖျော့သော မျက်နှာထားဖြင့်မြေပြင်ပေါ် ထိုင်ချမိနေသည်။ သူ့စိတ်ထဲ၌ ဆိုရိုးစကားတစ်ခုကိုတွေးမိသွား၏။ ကောင်းကင်ဘုံသို့ သွားရာလမ်းကခက်ခဲပြီး ငရဲသို့သွားရာလမ်းက ချောမွေ့တယ်။
မုန့်ချန်းသုံက ချောင်းဟန့်လိုက်သည်။ သူသည်ထွက်ပြေးချင်ရုံသာရှိ၏။ ဤအဖိုးအိုနှင့်ရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိသလို တိုက်ခိုက်ရန် ရည်ရွယ်ချက်လဲမရှိ။ ရွှေရောင်ကံမီးတောက်ကိုမြင်ပြီးချိန်၌ သူသည် ခုခံလိုစိတ်အလုံးစုံမရှိတော့ပေ။ အဆုံးကျသူပြန်ပြောလိုက်၏။
“ ကြယ်ပျံအိမ်တော်ရဲ့ မုန့်ချန်းသုံပါ”
“မိုးမခတစ်ထောင်ဘုရားကျောင်းကို အမြစ်ပြတ်သုတ်သင်ဖို့ ကျင့်ကြံသူတွေကို ဒီနေရာဆီ ဦးဆောင်လာတာလား”
“ ဟုတ်ပါတယ်”
“ နဝမဘုံကျောင်းရဲ့ စစ်ခုန်ပေချန်းက ငါ့ဆီ စာတစ်စောင်ပို့ထားတယ်။ ကြယ်ပျံအိမ်တော်ရဲ့သခင် ချန်ထျန်းတုနဲ့ ယဲ့ကျန်းက နဝမဘုံကျောင်းကို သွားလည်မယ်တဲ့ ဒါအမှန်ပဲလား “ လုကျိုးကမေးလိုက်၏။
“ ဟုတ်ပါတယ်”
“ ချန်ထျန်းတုနဲ့ ယဲ့ကျန်းက ဘယ်လောက်အစွမ်းထက်လဲ “ လုကျိုးကမေးလိုက်သည်။
“အိမ်တော်သခင်က ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်ဆိုတော့ “ မုန့်ချန်းသုံက ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီးနောက် ခေါင်းငုံ့ကာဆက်ပြောလိုက်သည်။
“ ယဲ့ကျန်းက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပါ “
လုကျိုး၏မျက်လုံးက လှုပ်ရှားသွားလျက်အသံမြှင့်ကာ ပြောလိုက်သည်။
“ ငါလူလိမ်တွေကို သဘောမကျဘူး “
မုန့်ချန်းသုံသည် လေသံထဲမှာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကိုခံစားမိသည်။ သူက မြန်မြန်ပြောလိုက်၏။
“ အမှန်တိုင်းပြောနေတာပါ၊ အဲဒါ အဲဒါ ယဲ့ကျန်းရဲ့ခွန်အားက နက်နဲတယ်”
“ နက်နဲတာလား “
“ယဲ့ကျန်းက ကြယ်ပျံအိမ်တော်ရဲ့ မဟာအကြီးအကဲတစ်ယောက်။ သူက သတိထားပြီး တွက်ချက်တတ်တဲ့လူ။ သူကိုယ်သူ ဖုံးကွယ်တဲ့နေရာမှာ တော်တယ်။ သူကအများကို ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်လို့ ပြောထားပေမဲ့ သူရဲ့ခွန်အား အစစ်အမှန်ကို ဘယ်သူမှ မသိဘူး “ မုန့်ချန်းသုံက ပြောလိုက်၏။
“ ယဲ့ကျန်းက လူပေါင်းရာချီကို ဦးဆောင်ပြီး လွမ်ကိုဖြေရှင်းနိုင်ခဲ့တာ။ အဲ့ဒီအကြောင်းကြားမိတယ်” လုကျိုးကပြောလိုက်၏။
မုန့်ချန်းသုံကပြောသည်။
“ တကယ်ပဲ အဲဒါ မှန်တယ်။ ဒါပေမဲ့ ယဲ့ကျန်က သူရဲ့ခွန်အားကို ဖုံးကွယ်ထားတာဖြစ်လောက်တယ်။ သူက အစောကတည်းက ကံမီးတောက်ကို တတ်ကျွမ်းပြီးပြီ။ သူ့ဘာသူ လွမ့်ကိုသတ်နိုင်တာ။ ရေနက်ဆန်းကြယ်ဂူဆီ အဖွဲ့အုပ်စုလိုက်ကြီးနဲ့ ဘာကြောင့်ဦးဆောင်သွားရမှာလဲ”
ထိုစကားကိုကြားသောအခါ လုကျိုးသည် မုန့်ချန်းသုံကို ကြည့်ပြီးပြောလိုက်၏။
“ မင်းကသူ့ကိုသိပ်သဘောမကျတဲ့ပုံပဲ “
“ ကျုပ်က ယဲ့ကျန်းရဲ့ ကိစ္စရပ်တွေဆောင်ရွက်တဲ့ နည်းလမ်းကို ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး။ အတိတ်တုန်းက သူက ကျုုပ်ကို ဖယ်ရှားချင်ခဲ့တာ။ ဒါပေမဲ့ မြင့်မားမတ်စောက်တောင်တန်းထဲမှာ နေနေလိမ့်မယ်လို့ သူမထင်ခဲ့ဘူးလေ “ မုန့်ချန့်တုံကပြောလိုက်၏။
“ဒီတော့ မင်းက ကြယ်ပျံအိမ်တော်ဆီကို ပြန်ပြေးမဲ့အစား မိုးမခတစ်ထောင်ဘုရားကျောင်းဆီ ထွက်ပြေးလာပြီး ဆန့်ကျင်ဘက်လုပ်ဖို့ ကြိုးစားနေတာလား။ ဒါပေမဲ့ မင်းအနှေးနဲ့ အမြန်ပြန်ဖို့လိုမှာပဲ”
လုကျိုးက ပြောလိုက်၏။
“ ဒီ ဒီကိစ္စပြီးရင် ကျုပ်အနားယူတော့မယ်”
မုန့်ချန်းသုံ၏လေသံက တောင်းပန်တိုးလျိုမှုများ ပြည့်နေ၏။
“ ရိုးရိုးသားသား ဖြေနေတာပါ။ ကျေးဇူးပြုပြီး ကျုုပ်ကို ချမ်းသာပေးပါ ဆရာကြီး ။ ဒီနေ့မြင်ခဲ့သမျှ ဘယ်သူ့ကိုမှ မပြောပါဘူး “
လုကျိုးက မုတ်ဆိတ်သပ်လျက် မုန့်ချန်းသုံကို ကြည့်လိုက်သည်။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်သည်။
“ မင်း အသက်ရှင်ချင်ရင် ငါမေးတာကို မှန်မှန်ကန်ကန်ဖြေ”
မုန့်ချန်းသုံ၏မျက်နှာပေါ်၌ ရှုပ်ထွေးသည့် အမူအရာပေါ်လာ၏။ သူက ကျောမတ်ကာ ပြောလိုက်တော့၏။
“ ဟုတ်ကဲ့ “
“ ကျန့်ဝမ်ရွှီကို သိလား “
“ ကျန့်ဝမ်ရွှီက ကြယ်ပျံအိမ်တော်ရဲ့ အကြီးအကဲတစ်ယောက်ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက သူကကောင်းကင်သိုင်းခုံရုံးရဲ့ သုတေသနချဲ့ထွင်မှုထဲ ဝင်ခဲ့ပြီး ရေနက်ဆန်းကြယ်ဂူထဲမှာ ပျောက်သွားတာ “
မုန့်ချန်းသုံသည် သူပြောပြီးချိန်၌ လုကျိုးမျက်မှောင်ကျုံ့နေတာကို မြင်သောအခါ အမြန်ထပ်ထည့်ပြောလိုက်၏။
“ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ကျန့်ဝမ်ရွှီရဲ့ အသက်ကျောက်တုံးကွဲသွားတယ် “
“ ဒါပဲလား” လုကျိုးမေးလိုက်၏။
“ ဟုတ်ပါတယ် အမှန်တိုင်းပြောနေတာပါ “
လုကျိုး၏အသံသည် တိုးသွားပြီး ခြောက်ခြားဖွယ်ကောင်းလာတော့သည်။
“ သလင်းကရော “
“ အမ် “ မုန့်ချန်းသုံ၏ ခန္ဓာကိုယ်သည် အားလျော့သွားပြီး သူ့၏စိတ်တို့ ဗလာကျင်းသွားတော့သည်။
…
အခန်း (၇၆၄) မင်းတို့ ငါ့ကို လျှော့တွက်နေတာပဲ
ကမ္ဘာတွင် မှတ်ဉာဏ်သလင်းကျောက်နှင့် ပတ်သက်ပြီး နားလည်နိုင်ဆုံး လူ ၃ဦးသာ ရှိသည်။ သလင်းကျောက်ပိုင်ရှင်၊ သလင်းကျောက်ကို ယူဆောင်လာသည့် ကျန့်ဝမ်ရွှီနှင့် သလင်းကျောက်ကို အချိန်အတော်ကြာ လေ့လာခဲ့သည့် မုန့်ချန်းသုံတို့သာ ဖြစ်သည်။
ကျန့်ဝမ်ရွှီ၏ အသက်ကျောက်တုံးက ကြေမွသွားပြီဖြစ်ရာ ဤရွှေကြာကျင့်ကြံသူက မည်သူဖြစ်မည်နည်း။
" ခင်ဗျားက ရွှေကြာနယ်မြေကလား " မုန့်ချန်းသုံက သလင်းကျောက်အကြောင်း မပြောလိုပေ။ ထိုအရာက သူ့အနေနှင့် အသက်ရှင်နိုင်ခြေရှိသည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပေသည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။
” ကျန့်ဝမ်ရွှီ မသေခင် ငါ့သလင်းကျောက်ကို အနီရောင်ကြာနယ်မြေဆီ ပို့လိုက်တယ်။ ငါက အဆုံးမဲ့ပင်လယ်ကို ဖြတ်ပြီးတော့ ဒါကို လာရှာတာ။ ငါ့အပိုင်ကို ပြန်ယူတာ ဘာမှားလို့လဲ "
မုန့်ချန်းသုံက နှလုံးခုန်မြန်လာကာ အော်ပြောလိုက်၏။
” ခင်ဗျားက သလင်းကျောက်ပိုင်ရှင်လား "
လုကျိုးက မုန့်ချန်းသုံအား ကြည့်ကာ မေးလိုက်သည်။
” ငါ့သလင်းကျောက်က ဘယ်မှာလဲ "
မုန့်ချန်းသုံက တံတွေးမျိုချလိုက်၏။ သူ့မျက်နှာအထက် အံ့အားသင့်သည့် အမူအရာမျိုး ရှိနေကာ " ယဲ့ကျန်းက သလင်းကျောက်ရဲ့ အရေးပါပုံကို သိထားတယ်။ ကျွန်တော် သလင်းကျောက်ကို လေ့လာတိုင်း သူက တပည့်တွေ လွှတ်ပြီးတော့ ကူညီပေးတယ်။ တရားဝင်တော့ တပည့်တွေက ကျုပ်ကို ကူညီဖို့ ရောက်လာတာဆိုပေမဲ့ သူတို့က ကျုပ်ကို စောင့်ကြည့်ဖို့ ရောက်လာကြတာ။ ဒီလိုအခြေအနေမျိုးမှာ သလင်းကျောက်ကို ဘယ်လိုလုပ် ယူလာနိုင်မှာလဲ။ အဲဒါက မြင့်မြတ်မတ်စောက်တောင်ပေါ်က ကျုပ်အခန်းထဲမှာ ရှိတယ်"
လုကျိုးက ခေါင်းညိတ်လိုက်၏။
ဒီလိုဆိုရင် ငါပဲ ကြယ်ပျံအိမ်တော်ဆီ သွားယူလိုက်မယ်...
မုန့်ချန်းသုံက ရှေ့တိုးလာကာ ပြောလိုက်သည်။
” အခု ခင်ဗျားရဲ့ မေးခွန်းကို ရိုးရိုးသားသား ဖြေပြီးပြီဆိုတော့ သွားလို့ရပြီလား”
မုန့်ချန်းသုံက လှည့်တော့မည့်ဆဲဆဲတွင် လုကျိုးက ခေါင်းအသာယမ်းကာ " ငါ့သလင်းကျောက်ကို ယူပြီးတာနဲ့ မင်းကို လွှတ်ပေးမယ်။ မင်းက ငါ့ကို ညာနေတာလားဆိုတာ ဘယ်လိုလုပ်သိရမှာလဲ "
" ... "
ထို့နောက် လုကျိုးက အံ့ဖွယ်စွမ်းအား ပါဝင်ဟန်ပေါ်သည့် လက်ကို မြှောက်လိုက်သည်။
မုန့်ချန်းသုံ၏ အရေပြားထက် ကြက်သီးများ ထလာကာ လုကျိုး၏ လက်က သူ့ဝိညာဥ်ကိုပင် ဖမ်းဆုပ်နိုင်စွမ်းရှိသည်ဟု ခံစားမိသွားသည်။
မိစ္ဆာဘုန်းကြီးလက်ဝါးစည်းတံဆိပ်က မုန့်ချန်းသုံ၏ စွမ်းအင်ဗဟိုချက်နှင့် ချီပင်လယ်ပေါ် ကျရောက်လာကာ စွမ်းအားစည်းတံဆိပ်များ ထွက်ပေါ်လာသည်။ ထိုသို့ဖြင့် မုန့်ချန်းသုံ၏ ကျင့်ကြံဆင့်ကို စည်းပိတ်ပြီးသား ဖြစ်သွားသည်။ ထို့နောက် သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် မုန့်ချန်းသုံအား လင်းယုန်က ကြက်တစ်ကောင်ကို ချီသွားသကဲ့သို့ သယ်လာလိုက်သည်။
...
ရှဲ့ရွှမ်းနှင့် ဖြေရှင်းပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က မိုးမခတစ်ထောင်ဘုရားကျောင်းဆီ ပြန်လာလိုက်၏။
သိပ်မကြာခင် ယွီရှန်းရုန်ကလည်း ပြန်ရောက်လာသည်။
တခြားသူများက ထွက်လာကာ သူတို့ပြန်ရောက်လာမှုအပေါ် ကြိုဆိုလိုက်ကြသည်။
" ဘယ်လိုလဲ "
ယွီရှန်းရုန်က ခေါင်းခါကာ " လူ ၂၀၀ပဲ ကျန်တယ်။ ခေါင်းဆောင်က စစ်ရှစ်တိလိုပဲ … သူက ထွက်ပြေးသွားတယ်”
ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို ပြက်ရယ်မပြုပေ။ သူတို့ နှစ်ဦးက တစ်ဦးနှင့် တစ်ဦး ယှဥ်ပြိုင်နေခဲ့ကြရာ ယွီကျန့်ဟိုင်၏ နည်းစနစ်က ကြီးကျယ်ခမ်းနားသော်လည်း လူတစ်ယောက်ယောက်ကို လိုက်ဖမ်းသည့်အခါ ယွီရှန်းရုန်နှင့် မယှဥ်နိုင်ပေ။ ယွီရှန်းရုန်ကို ကောင်းကောင်း သိထား၏။ ယွီရှန်းရုန်၏ စွမ်းရည်ဖြင့် ထိုသူကို လိုက်မဖမ်းနိုင်လျှင် တခြားသူများက ထိုသူကို ဖမ်းနိုင်မည့် အခွင့်အရေး မရှိပေ။
ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။
” ရှစ်စွင်းသာ ဒီမှာ ရှိနေရင် အဲဒီလူက ထွက်ပြေးနိုင်မှာ မဟုတ်ဘူး "
" ဟုတ်တယ်။ လုချန်းပေ့ဆိုရင် သူ့ကို ဖမ်းနိုင်မှာ " ရှားချန်ချိုးကပါ ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ပြောလိုက်၏။
” ရှစ်မေ့ … အဲ့လိုမပြောသင့်ဘူး။ ရှစ်စွင်းက အသက်ကြီးနေပြီ။ ကိစ္စအားလုံးအတွက် သူ့ကို ဒုက္ခပေးနေတာ မဖြစ်သင့်ဘူး”
" အို့ "
ရှားချန်ချိုးက လက်ချကာ တပည့်လေးယောက်ရှေ့ လက်နှစ်ဖက်ဆန့်လိုက်ပြီးနောက် ပြောလိုက်သည်။
”မင်းတို့က ဒါကို မသိသေးတဲ့ပုံပဲ ခေါင်းဆောင်က မုန့်ချန်းသုံလေ။ သူက ကြယ်ပျံအိမ်တော်ရဲ့ ဒုတိယအကြီးအကဲပဲ။ သူ့တိုက်ခိုက်ရေးက သာမန်လောက်ဆိုပေမဲ့ လွတ်မြောက်ရေးနည်းစနစ်နဲ့ အစီအရင်တွေမှာ ကျွမ်းကျင်တယ်။
သူက ကွန်ဖြူးရှပ်၊ တာအိုနဲ့ ဗုဒ္ဓဘာသာဂိုဏ်းတွေရဲ့ လွတ်မြောက်ရေး လမ်းစဥ်တွေကိုပါ ကျွမ်းကျင်ထားတယ်။ လုချန်းပေ့ မလှုပ်ရှားသရွေ့ ကျုပ်တို့ မဖမ်းနိုင်တာ ပုံမှန်ပါပဲ”
ယွီရှန်းရုန်က ရှားချန်ချိုးဘက် လှည့်ကြည့်ကာ " ကြယ်ပျံအိမ်တော်ရဲ့ ဒုတိယအကြီးအကဲတဲ့လား "
" ဟုတ်တယ် "
" ကောင်းပြီ။ အဲ့ဒါဆို ကျုပ် ကြယ်ပျံအိမ်တော်ဆီ သွားပြီးတော့ သူ့ကို ဖမ်းလိုက်မယ်” ယွီရှန်းရုန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
" ... "
ရှားချန်ချိုးက အလျင်စလို ပြောလိုက်၏။
” ညီအစ်ကိုယွီ မလုပ်သင့်ဘူး။ ကြယ်ပျံအိမ်တော်က ဂိုဏ်းအသေးလေး မဟုတ်ဘူး။ မြင့်မြတ်မတ်စောက်တောင်က ပေ ၁ သိန်းမြင့်မားပြီးတော့ မထိုးဖောက်နိုင်တဲ့ ကာကွယ်မှုတွေ ရှိတယ်။ ပြီးတော့ ယဲ့ကျန်းလိုမျိုး ကျင့်ကြံသူအပြင် တောင်ခြေမှာ တပည့်တစ်သောင်းလည်း ရှိသေးတယ်။ တကယ်လို့ သွားမယ်ဆိုရင်... "
သူက ခေတ္တရပ်လိုက်ပြီးသည့်နောက်တွင် ထောင်ချောက်အတွင်း ကျဆင်းသွားသလို ဖြစ်မည် ဟူသောစကားကို ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။
” လုချန်းပေ့ သွားရင်တော့ အဆင်ပြေလိမ့်မယ် "
ထိုစဥ် ရှောင်ယွမ်အာက ပြောလိုက်သည်” ရှစ်စွင်းလား "
သူက တောင်အနောက်မှ ပျံသန်းလာနေသည့် လုကျိုးကို လက်ညှိုးထိုးကာ ပြောလိုက်၏။
ရှားချန်ချိုးက လုကျိုးနှင့် အတူပါလာသည့်သူကို မြင်သည့်အခါ အံ့အားသင့်သွားသည်။ သူက အလျင်အမြန် စိတ်ထိန်းကာ မျှော်လင့်ထားသည့်အမူအရာမျိုးဖြင့် ပြောလိုက်သည်။
"ကြယ်ပျံအိမ်တော်ရဲ့ ဒုတိယအကြီးအကဲ မုန့်ချန်းသုံလား။ ကြည့်ရတာ ခင်ဗျားက နေရာ မှားယွင်းသွားတဲ့ပုံပဲ”
မိုးမခတစ်ထောင်ဘုရားကျောင်း၏ အကြီးအကဲများက တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။
ယွီကျန့်ဟိုင်နှင့် တခြားသူများကလည်း လုကျိုးကို ကြည့်လိုက်ကြ၏။ သူတို့က မုန့်ချန်းသုံအား စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
ဒါက လွတ်မြောက်ရေးနည်းစနစ်တွေမှာ ကျွမ်းကျင်တယ်ဆိုတဲ့ အကြီးအကဲလား...
လုကျိုးက တရားမျှတရေးခန်းမဆောင်ရှေ့ ဆင်းသက်လိုက်ပြီးသည့်နောက်တွင် မုန့်ချန်းသုံအား တွန်းလွှတ်လိုက်သည်။
မုန့်ချန်းသုံက မြေပြင်ပေါ် ပြုတ်ကျလာ၏။
ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။
" သူက လွတ်မြောက်ရေးနည်းစနစ်တွေမှာ ကျွမ်းကျင်တော့လည်း ဘာဖြစ်လဲ။ ရှစ်စွင်းက သူ့ကို ဖမ်းမိတာပဲ မဟုတ်ဘူးလား”
မုန့်ချန်းသုံက ထိုစကားကြောင့် မျက်နှာပူမိလာသည်။
ရှားချန်ချိုးက ဦးညွတ်ကာ ပြောလိုက်၏။
” လုချန်းပေ့ လှုပ်ရှားတယ်ဆိုကတည်းက ဒီလို ထင်ထားပြီးသားပါ။ သူက တောင်ပံပေါက်ရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”
မုန့်ချန်းသုံက မိုးမခတစ်ထောင်ဘုရားကျောင်း၏ ကျောင်းထိုင်ရှားချန်ချိုးက လုကျိုးကို လေးလေးစားစား အမူအရာဖြင့် ဆက်ဆံနေသည်ကို မြင်သည့်အခါ အနည်းငယ် အံ့အားသင့်သွားသည်။
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က ဦးညွှတ်ကာ " ရှစ်စွင်း "
ရှစ်စွင်းတဲ့လား...
မုန့်ချန်းသုံက ထိုသူနှစ်ယောက် မည်မျှအားကောင်းသည်ကို အမှတ်ရသွားသည်။
သူက ဒီပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူနှစ်ယောက်ရဲ့ ဆရာလား။
" ရှစ်စွင်း သူ့ကို ဘယ်လို ဖမ်းမိခဲ့တာလဲ " ခရုလေးက မေးလိုက်သည်။
လုကျိုးက ကြီးကြီးကျယ်ကျယ် မဟုတ်သကဲ့သို့ ပြန်ဖြေလိုက်၏။
” သူက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူဆိုတော့ သူ့ကို ဖမ်းရတာက အသေးအဖွဲပါ”
" ... "
မုန့်ချန်းသုံက ထိုစကားကို ကြားသည့်အခါ မျက်နှာက နီရဲလာသည်။
" သူ့ရဲ့ ကျင့်ကြံဆင့်ကို စည်းပိတ်ထားပြီးပြီ။ သူ့ကို ပိတ်လှောင်ထားလိုက်။ အပြင်လူတွေကို သူ့တည်နေရာအကြောင်း မသိစေနဲ့။ ငါ တစ်စုံတစ်ခုကို ယူဖို့ ကြယ်ပျံအိမ်တော်ဆီ သွားရမယ်”
လုကျိုးက ပြောလိုက်သည်။
ထိုစကားကို ကြားကာ မုန့်ချန်းသုံက မြေပြင်ပေါ် ထထိုင်လိုက်၏။ သူက ခေါင်းအသာယမ်းကာ သက်ပြင်းချလျက် ပြောလိုက်သည်။
” ဆရာကြီး ကျုပ်ပြောမယ်။ မြင့်မြတ်မတ်စောက်တောင်နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ "
" အို့ " လုကျိုးက မုတ်ဆိတ်သပ်ကာ မုန့်ချန်းသုံအား ကြည့်လိုက်သည်။
" မြင့်မြတ်မတ်စောက်တောင်ကနေ ဘယ်သူကမှ ပြန်မလာနိုင်ကြဘူး။ ကျုပ် ဒီထက်ပြောဖို့ မလိုတော့ဘူး” မုန့်ချန်းသုံက အဝေးကို လှမ်းကြည့်လိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။
” မင်းက ငါ့ကို အထင်သေးနေတာပဲ "
ရှားချန်ချိုးက နဝမမြောက်ဘုံကျောင်းနှင့် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်အမှတ်ရသွား၏။ သူက စိတ်ထဲတွင် တွေးလိုက်မိသည်။
လောင်ချန်းပေ့က ယခင်နည်းဟောင်းအတိုင်း လုပ်တော့မှာလား...
" ကျုပ်လည်း ကြယ်ပျံအိမ်တော်ဆီ လိုက်ခဲ့ပါ့မယ် " ရှားချန်ချိုးက ပြောလိုက်သည်။
" ကျုပ်ရောပဲ " ထျန်းပုကျိကပါ ဝင်ပြော၏။
ယွီကျန့်ဟိုင်နှင့် ဟွီရှန်းရုန်တို့ကပါ တစ်ပြိုင်နက် ပြောလိုက်ကြသည်။
” ကျွန်တော်တို့လည်း ကြယ်ပျံအိမ်တော်ကို လိုက်ချင်တယ် "
မုန့်ချန်းသုံအား ရှားချန်ချိုးအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူက ရှားချန်ချိုး ရိုကျိုးနေပုံကို မြင်သည့်အခါ အံ့အားသင့်မိ၏။ သူက အံ့အားသင့်ရာမှ ပြန်အသိဝင်လာသည့်အခါ ပြောလိုက်သည်။
” အသုံးမဝင်ဘူး "
ရှားချန်ချိုးက မျက်မှောင်ကြုတ်လိုက်၏။ သူက မုန့်ချန်းသုံအား ကြည့်ကာ ပြောလိုက်သည်။
” မင်း ပါးစပ်ပိတ်ထား။ ချန်ပေကျန်းနဲ့ စစ်ခုန်ပေချန်းတောင် လုချန်းပေ့ရှေ့မှာ မမောက်မာရဲဘူး”
မုန့်ချန်းသုံက အံ့အားသင့်သွား၏။ သူက ချန်ပေကျန်း၏ သေဆုံးမှုနှင့် ယဲ့ကျန်းသည် အားလုံးကို နောက်ဆုတ်ဖို့ အရေးတကြီး အမိန့်ပေးခဲ့သည်ကို ပြန်လည်တွေးမိသွားသည်။ သူ့အနေဖြင့် ထိုနှစ်ခုကြားမှ ဆက်နွယ်မှုကို ပြောနေဖို့ မလိုတော့ပေ။ သူ့အရေပြားတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထလာကာ နောက်ကျောပင် ချွေးများ စိုရွဲလာ၏။
" သူ့ကို ပိတ်ထားလိုက်။ အကြီးအကဲတွေကို စောင့်ကြည့်ခိုင်းထားလိုက် "
" ဟုတ်ကဲ့ " မိုးမခတစ်ထောင်ဘုရားကျောင်း၏ အကြီးအကဲနှစ်ယောက်က မုန့်ချန်းသုံအား ခေါ်ဆောင်သွားသည်။
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
” ငါ့ဘာသာငါ သွားမယ်။ မင်းတို့ အားလုံးဒီမှာ နေခဲ့ "
" ရှစ်စွင်း တစ်ယောက်တည်း သွားမလို့လား " ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အံ့အားသင့်နေကြသည်။
" စိတ်ပူနေဖို့ မလိုဘူး။ ငါ ဘာလုပ်နေတယ်ဆိုတာကို သိတယ်” လုကျိုးက ပျံသန်းထွက်သွားသည်။
တခြားသူများက ဦးညွှတ်ကာ " လုချန်းပေ့ ဘေးကင်းကင်းသွားပါ "
လုကျိုးက သူတို့၏ မြင်ကွင်းမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။
ကျီဖုန်းရှင်းက အနည်းငယ် စိုးရိမ်မိကာ " လုချန်းပေ့က တစ်ယောက်တည်းသွားတာ အန္တရာယ်များမနေဘူးလား "
ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ရှောင်ယွမ်အာနှင့် တခြားသူများဆီမှ အဖြေကို မစောင့်ဘဲ ရှားချန်ချိုးက ပြောလိုက်သည်။
” ဘာမှ စိတ်ပူနေစရာမလိုဘူး။ လုချန်းပေ့ ကိုယ်တိုင် လှုပ်ရှားမှတော့ ပြဿနာ ကြီးကြီးမားမား ရှိမှာ မဟုတ်ဘူး”
" ဒါပေမဲ့ ယဲ့ကျန်းက အတော်လေး ဉာဏ်များတယ်လို့ ကြားတယ်” ကျီဖုန်းရှင်းက ပြောလိုက်သည်။
" ချင်းက သက်တမ်းရင့်လေ ပိုစပ်လေဆိုတဲ့ စကားရှိတယ်မလား။ မင်းတို့က ငယ်ပါသေးတယ်။ တစ်ရက်ကျရင် နားလည်လာလိမ့်မယ်” ထိုစကားများကို ပြောပြီးသည့်နောက်တွင် ရှားချန်ချိုးက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို နှုတ်ဆက်ပြီးနောက် ထွက်လာလိုက်သည်။
တခြားသူများကမူ ကြောင်အမ်းလျက် ကျန်ရှိနေ၏။
...
လုကျိုးက မိုးမခတစ်ထောင်ဘုရားကျောင်းမှ ထွက်လာပြီးသည့်နောက် စီးတော်သားရဲ လစ်ဟာမှုကိုသာ ညည်းတွားနေမိသည်။ နေ့စဥ်နေ့တိုင်းက သူ့အတွက် တစ်နှစ်မက ကြာမြင့်သလို ခံစားနေရ၏။
သူ့တွင် ရှိနေသည့် အချိန်နှင့် စနစ်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့စီးတော်သားရဲက လမ်းတွင် ရှိနေဆဲ ဖြစ်၏။
ထို့နောက် သူက အသွင်ပြောင်းကတ်ကို ထုတ်ကာ ခြေမွှပစ်လိုက်သည်။ သူက မုန့်ချန်းသုံ၏ ပုံစံအတိုင်း အတုခိုးလိုက်၏။ သူ့မျက်နှာက ဖြည်းဖြည်းချင်း မုန့်ချန်းသုံအသွင် ပြောင်းလဲသွားသည်။
ထို့နောက် သူက အချိန်မဖြုန်းတော့ဘဲ မြင့်မြတ်မတ်စောက်တောင်ဆီ ပျံသန်းလာလိုက်သည်။
...
မြင့်မြတ်မတ်စောက်တောင်
တောင်များက ကောင်းကင်ဆီ ထိုးထွင်းနေသည့် လက်ငါးချောင်းသဖွယ် ဖြစ်နေသည်။
အလယ်ခေါင်က မြင့်မြတ်မတ်စောက်တောင်၏ အမြင့်ဆုံးတောင်ထိပ် ဖြစ်၏။ ထို့နေရာက ယဲ့ကျန်းနှင့် အိမ်တော်သခင် နေထိုင်ရာနေရာ ဖြစ်သည်။
တခြားနေရာများကမူ အကြီးအကဲများနှင့် ပင်မတပည့်များ နေထိုင်ရာ ဖြစ်သည်။
မြင့်မြတ်မတ်စောက် တောင်ဝန်းကျင်တွင် အိုဟောင်းကာ ရိုးရှင်းသည့် အဆောင်အဦးများ ပတ်လည်ဆောက်ထားသည်။ ကျင့်ကြံသူများက မြင့်မြတ်မတ်စောက်တောင်မှ ရံဖန်ရံခါ ပျံသန်းထွက်လာကြ၏။
ထိုစဥ် လုကျိုးက တောင်နိမိတ်အတွင်း ပေါ်ထွက်လာသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် ဆက်လက် ပျံသန်းလာခဲ့၏။
သူက သူ့ဦးတည်ချက်နှင့် နီးကပ်လာသည့်အခါ လူတစ်ယောက်က သူ့ဆီ ချဉ်းကပ်လာပြီး " အကြီးအကဲမုန့်က အဆင်ပြေနေတာပဲ။ အကြီးအကဲယဲ့က အကြီးအကဲကို ရှာဖို့ အဖွဲ့လွှတ်လိုက်ပြီ”
…
အခန်း (၇၆၅) လူတစ်ယောက်၏စွမ်းအား
လုကျိုးသည် ထိုလူကို မျက်နှာအမူအရာမပြောင်းလဲဘဲ ကြည့်လိုက်လေ၏။
ငါသူ့ကို မသိဘူး၊ ငါပေါ်သွားရင် သူတို့တွေက ငါ့ကို သေချာပေါက် အုပ်စုဖွဲ့တိုက်ခိုက်လိမ့်မယ်၊ ဒါအန္တရာယ်များတယ်။
လုကျိုးသည် ကြယ်ပျံအိမ်တော်နားရှိ အဆောက်အဦများကို ကြည့်လိုက်လေ၏။ သူတို့၏ မတူညီသောအမြင့်များသည် လှိုင်းသဏ္ဌာန်ဆင်တူပြီး တောင်ထွတ်ငါးခုရှိသည်။ ထိုတောင်ထွတ်များကို မမြင်နိုင်ပေ။ သူတို့အားလုံးက မြင့်မားပြီး နဝမဘုံကျောင်းထက် အလွန်မြင့်ပုံပေါ်သည်။ ခေါက်ချိုးညီခြင်း ကင်းမဲ့သော အလှတရားတစ်မျိုးဖြစ်၏။
လုကျိုးက ပြောလိုက်သည်။
“ငါ အဆင်ပြေပါတယ်”
“အဆင်ပြေတာလား” တပည့်က သူ့ခေါင်းကို ကုပ်လိုက်သော်ငြား များများစားစား မတွေးခဲ့ပေ။ သူက ပြောလိုက်လေ၏။
“အကြီးအကဲမုန့် ကျေးဇူးပြုပြီး ဒီလမ်းကြွပါ”
“ဘာတွေ ဒီလောက်လောနေတာလဲ”
“ကျွန်တော်မသိဘူး၊ အကြီးအကဲဘာသာ မေးရမှာ” သူသည် သာမန်တပည့်တစ်ယောက်သာ ဖြစ်သည်။ ယဲ့ကျန်းနှင့် ကျန်သည့်သူများ၏ အရေးကိစ္စကို မည်ကဲ့သို့ သိနိုင်မည်နည်း။
လုကျိုးသည် စစ်ခုန်ပေချန်း၏ စာလွှာကို မှတ်မိသွား၏။ ထိုလူနှစ်ယောက်သည် ကြယ်ပျံအိမ်တော်သို့ ပြန်လာနိုင်သည် ဆိုသောကြောင့် စစ်ခုန်ပေချန်းက အသားစီးမရခဲ့တာ သိသာ၏။
“လမ်းပြပေး”
“ဟမ်၊ လမ်း လမ်းပြပေးရမှာလား” ထိုတပည့်က ခေါင်းထပ်ကုပ်ပြန်သည်။
“ထားလိုက်တော့”
ထိုစဉ် တောင်ခြေရှိ ကြယ်ပျံအိမ်တော်၏ တပည့်များက မော့ကြည့်လိုက်တော့သည်။
“အကြီးအကဲမုန့်က ထင်တဲ့အတိုင်းပဲ၊ မိုးမခတစ်ထောင်ဘုရားကျောင်းက အမြစ်ပြတ် သုတ်သင်ရေးတာဝန်ကနေ အကြီးအကဲမုန့်က ရှင်သန်လာတယ်”
“အကြီးအကဲမုန့်ရဲ့ လွတ်မြောက်ရေးကျင့်စဉ်နည်းလေးက တကယ်ကောင်းတာပဲ၊ အကြီးအကဲယဲ့က သူတောင် အကြီးအကဲမုန့်ကို မဖမ်းနိုင်လောက်ဘူးလို့ ပြောခဲ့တာ အံ့ဩစရာကောင်းလိုက်တာ”
“ဟေ့ အကြီးအကဲမုန့်က အခုနတုန်းက ပျံသန်းလာတဲ့အချိန် ပိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေတဲ့ပုံပေါ်တယ်လို့ မထင်ဘူးလား”
လုကျိုးသည် မြင့်မြတ်မတ်စောက်တောင်တန်းဆီ ပျံသန်းသွားစဉ် သူသည် အသေရိုက်ချက်ကတ်များကို အသုံးပြုသင့်သလားဟု စတင်တွေးတောနေပြီဖြစ်သည်။ ကြယ်ပျံအိမ်တော်၏ ခွန်အားကို ပိုနားလည်သဘောပေါက်လျှင် ကောင်းလိမ့်မည်။ ကြယ်ပျံအိမ်တော်၏ ခွန်အားသည် ကောလာဟလထဲက ပြောသည့်အတိုင်း သူတို့၏ခွန်အားသည် အဓိကအားဖြင့် အိမ်တော်သခင်နှင့် ယဲ့ကျန်းတို့ဆီတွင်သာ ရှိပါက သူသည် သူ့စိတ်တိုင်းကျ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ အုပ်စုတိုက်ပွဲများနှင့် ရေရှည်တိုက်ပွဲများက သူ့အတွက် အသာစီးမရစေသော်ငြား ယဲ့ကျန်းကို သတ်ရန် ပြဿနာမရှိဟု သူယုံကြည်ချက်ရှိသည်။
တကယ်ပင် မြင့်မြတ်မတ်စောက်တောင်သည် မြင့်လှပေ၏။ လုကျိုးသည် တောင်ဆီသို့ ပျံသန်းနေစဉ် လမ်းတစ်ဝက်၌ အနိမ့်အမြင့်ကြား ကွာဟချက်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ လေထဲ၌ အစီအရင်သွေးကြောဖျော့ဖျော့ကို သူမြင်နိုင်၏။ ထိုသွေးကြောများ၏ စွမ်းအားသည် သူတို့အရှိန်အဝါအရ သာမန်အစီအရင်များထက် ပိုသန်မာတာကို သူအာရုံခံနိုင်၏။
သူသည် ဒုတိယတောင်ထွတ်ကို ငုံ့ကြည့်နေစဉ် နားထဲအသံတစ်သံ ရောက်လာ၏။
“အကြီးအကဲမုန့် ဒီလမ်းပါ”
ကွန်ဖြူးရှပ်စာသင်သားသည် သူ့ဆီသို့ ပျံသန်းလာပြီးနောက် သူ့ရှေ့၌ ပျံဝဲနေကာ အရိုအသေပေးပြီး နှုတ်ဆက်လိုက်၏။
လုကျိုးက ပျံသန်းသွားတော့သည်။
ကွန်ဖြူးရှပ်ကျောင်းသားက ဒုတိယတောင်ထွတ်ရှေ့ရှိနေရာကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“အကြီးအကဲမုန့် အဆင်ပြေနေမယ်မှန်း သိသားပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် တာအိုသွေးကြောတွေ ရှိတဲ့နေရာ၊ ဂရုစိုက်သင့်တယ်”
လုကျိုးသည် ပြန်မပြောပဲ မေးလိုက်လေ၏။
“ဒါဘာလဲ”
“အကြီးအကဲယဲ့က ခင်ဗျားကို ဒီမှာစောင့်ခိုင်းဖို့ ပြောထားပါတယ်၊ သူပြန်ရောက်လာတာနဲ့ သူ့ဆီ ခေါ်လာခိုင်းထားတာပါ” ကွန်ဖြူးရှပ်ကျောင်းသားက ပြော၏။
သူ၏ စကားများသည် လေးစားမှုရှိနေသော်ငြား လေသံနှင့် အမူအရာသည် ဝင့်ကြွားမှုရှိနေသည်။
လုကျိုးသည် မုန့်ချန်းသုံ၏စကားများကို ပြန်တွေးလိုက်သည်။ အမှန်တကယ်ပင် ထိုလူနှစ်ယောက်၏ ဆက်ဆံရေးက ကောင်းပုံမရ။ သူသည် စိတ်ထဲသက်ပြင်းချလိုက်မိ၏။ မုန့်ချန်းသုံသည် ကြယ်ပျံအိမ်တော်၏ အကြီးအကဲတစ်ယောက်ဖြစ်သော်ငြား တပည့်တစ်ယောက်ထက် နိမ့်နေပုံပေါ်သည်။
ကွန်ဖြူးရှပ်ကျောင်းသားသည် သခင့်ခွန်အားကို အားကိုးပြီး ခြိမ်းခြောက်တတ်သည့် ခွေးတစ်ကောင်ပမာ မောက်မာထောင်လွှားပြီး ဇီဇာကြောင်လှပေ၏။
လုကျိုးက တည်တည်ငြိမ်ငြိမ် မုတ်ဆိတ်သပ်လျက် ပြောလိုက်တော့သည်။
“ငါအလျင်စလို ပြန်လာရတာ၊ အဝတ်အစားသွားလဲလိုက်ဦးမယ်”
ကွန်ဖြူးရှပ်ကျောင်းတော်သားက လုကျိုးပြောသည့်ပုံကို ကြားလိုက်ရချိန်၌ အနည်းငယ် ထိတ်လန့်အံ့အားသင့်သွားသည်။ ပြီးနောက် သူအမြန်ပြောလိုက်၏။
“ကျွန်တော် ဒီမှာစောင့်နေမယ်”
“ဟုတ်ပြီ”
လုကျိုးသည် ဒုတိယတောင်ထွတ်ဆီ ပျံသန်းသွားပြီးနောက် တောင်ထွတ်ပေါ်ရှိ ခမ်းနားထည်ဝါသော ခြံဝန်းထဲသို့ ဝင်လိုက်သည်။
တပည့်ပေါင်းများစွာက သူ့ကိုမြင်ချိန်၌ အရိုအသေပေးကြသော်ငြား သူသည် သူတို့ကို ဖြတ်ကျော်သွားစဉ် ဆိတ်ဆိတ်သာ နေလေ၏။
လုကျိုးက အခန်းထဲဝင်သွားပြီးနောက် တပည့်များထဲမှ တစ်ယောက်သည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အကြီးအကဲမုန့်ကို တစ်ယောက်တည်းထားလိုက်၊ သုတ်သင်ရေးတာဝန်က ကျရှုံးသွားတယ်ဆိုတော့ သူစိတ်ဓာတ်ကျနေမှာပဲ”
ကျန်သည့်တပည့်များက ခေါင်းညိတ်လိုက်ကြသည်။
အခန်းထဲတွင် လုကျိုးက စာအုပ်စင်ဆီ လျှောက်သွားပြီး စစ်ဆေးကြည့်လိုက်၏။ သူသည် ဘယ်ဘက်အပေါ်ထောင့်၌ ယိုယွင်းနေသော သေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။
မုန့်ချန်းသုံပြောသည့်အတိုင်းပင် အန္တရာယ်အများဆုံးနေရာက ဘေးအကင်းဆုံးဖြစ်၏။ ဤနေရာသည် အရေးကြီးပစ္စည်းများထားသည့်နေရာဟု မထင်ရပေ။ သို့သော်ငြား မှတ်ဉာဏ်သလင်းထားသည့်နေရာ ဖြစ်နေသည်။
ထိုယိုယွင်းနေသော သေတ္တာကို လက်လှမ်းမှီသည့်နေရာတွင် ထားရှိပြီး ဖုံးကွယ်ခြင်းတောင် မပြုထားပေ။ မည်သို့ပင်ဆိုစေ ၎င်း၏အမြင့်က အတော်ပဲဖြစ်၏။ သေတ္တာထဲကို မြင်နိုင်မှာမဟုတ်ပေ။
လုကျိုးက သေတ္တာကို ဖွင့်ပြီး သလင်းကို ကောက်ယူလိုက်၏။ ထိကြည့်လိုက်ချိန် အေးစက်နေသည်။ ရင်းနှီးနေသော ခံစားချက်က သူ့စိတ်ထဲ ဝင်ရောက်လာတော့၏။ ဤနည်းဖြင့် သလင်းသည် သူ့သလင်း၏ တခြားအပိုင်းဆိုတာ အတည်ပြုပြီးသွားပြီဖြစ်သည်။ ပြီးနောက်သူ၏ အင်္ကျီလက်ထဲ ၎င်းကို ထည့်လိုက်သည်။
ယခုသူ၏ သလင်းကို ရပြီးပြီဖြစ်သောကြောင့် နောက်တစ်ပိုင်းက ခက်ခဲတော့မည်ဟု မထင်ပေ။
“အကြီးအကဲမုန့်”
အခန်းအပြင်မှ အသံတစ်သံပေါ်ထွက်လာ၏။
တစ်ယောက်ယောက်က ငါ့ကို စောင့်ကြည့်နေတာလား။
မုန့်ချန်းသုံသည် သူ့သလင်းများကို လေ့လာစဉ်၌ သူ့ကိုကူညီပေးရန် ပို့ထားသည့်တပည့်များရှိသည်ဟု ပြောခဲ့သည်။ သူတို့က နံရံပေါ်ရှိ အကြားနှင့်အမြင်တို့ဖြစ်သည်။
လုကျိုးသည် သူ့ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး - အပြာရောင်အလင်းတောက်ပလာကာ ကောင်းကင်ကျမ်းစာ၏ စွမ်းအားကို ထုတ်ဖော်လိုက်၏။
“အဲဒီသက်ကြားအိုကြီး မုန့်ချန်းသုံက ဒီလိုကိစ္စဖြစ်ပြီးတဲ့နောက် အသက်ရှင်လျက် နေနေနိုင်သေးတာ ကံကောင်းတာပဲ”
“သူက ငါတွေ့ဖူးသမျှထဲ အသုံးမကျဆုံး ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေထဲက တစ်ယောက်ပဲ၊ အကြီးအကဲယဲ့တစ်ယောက်တည်းနဲ့ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူဆယ်ယောက်ကို တိုက်ခိုက်နိုင်တာ”
သူ၏အကြားစွမ်းအားအကျယ်အဝန်းကို အလယ်တောင်ထွတ်ဆီထိ ဖြန့်လိုက်သည်။
“အကြီးအကဲယဲ့ မုန့်ချန်းသုံ ပြန်လာပါပြီ၊ သူက အခုသူ့ရဲ့အခန်းထဲမှာပါ၊ အကြီးအကဲကို တွေ့ဖို့ မကြာခင် ဒီရောက်လာပါလိမ့်မယ်”
“ငါသိပြီ”
လုကျိုးက စွမ်းအားကိုရုတ်သိမ်းလိုက်၏။ သူက တံခါးကိုကြည့်လိုက်သည်။ တစ်ဖက်လူက တံခါးခေါက်နေသေးဆဲဖြစ်၏။
“အကြီးအကဲမုန့်”
လုကျိုးက တံခါးဖွင့်လိုက်ရာ ကွန်ဖြူးရှပ်စာသင်သားကို တွေ့လိုက်ရသည်။
ကွန်ဖြူးရှပ်စာသင်သားက ပြုံးပြီးပြောလိုက်၏။
“အကြီးအကဲမုန့် သွားရမဲ့ကိစ္စ မေ့နေမယ်ထင်လို့၊ ကျေးဇူးပြုပြီး ဒီလမ်းကို ကြွပါ”
လုကျိုး၏ အမူအရာသည် ပြောင်းလဲမှုမရှိ လက်မြှောက်ပြီး ရိုက်ချလိုက်တော့သည်။
ဖြန်း
ကွန်ဖြူးရှပ်စာသင်သားသည် လုကျိုးက သူ့ကို ရုတ်တရက်တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ လက်ဝါးသည် သူ၏ပါးပေါ်ကျရောက်လာ၏။ လက်ဝါးရာက သူ၏မျက်နှာပေါ်၌ ချက်ချင်း အထင်းသားပေါ်လာပြီး စူးရှသည့်နာကျင်မှုက ပါလာ၏။ သူက ထိတ်လန့်သွားတော့သည်။
“အကြီးအကဲမုန့်” ကွန်ဖြူးရှပ်စာသင်သားသည် သူ၏လက်ဖြင့် ပါးကို ကိုင်ထားလျက် မျက်လုံးအပြူးသားဖြစ်နေလေ၏။
ဒုတိယတောင်ထွတ်ရှိ ခြံဝင်းထဲတွင်ရှိသော တပည့်များက စုဝေးလာပြီး ရုတ်ရုတ်သဲသဲဖြစ်ရပ်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ သူတို့အားလုံး မယုံနိုင်ဖြစ်နေ၏။ မုန့်ချန်းသုံက တစ်စုံတစ်ယောက်ကို ရိုက်တာကို သူတို့ယခင်က တစ်ခါမှ မတွေ့ဖူးပေ။ တစ်စုံတစ်ယောက်ကို ရိုက်မည်ဆိုလျှင်တောင် ထိုသူသည် သူရိုက်သင့်သည့်သူ မဟုတ်။ ဆိုရလျှင် ဤကွန်ဖြူးရှပ်စာသင်သားသည် ယဲ့ကျန်း၏ တိုက်ရိုက်တပည့် ကျန့်ရှောင်ရှန်းပဲဖြစ်သည်။
လုကျိုးသည် ကျန့်ရှောင်ရှန်းကို ကြည့်ကာ မထူးမခြားနားပြောလိုက်သည်။
“မင်းက တပည့်တစ်ယောက်ပဲကို ရာရာစစ အကြီးအကဲတစ်ယောက်ကို အမိန့်ပေးရဲတယ်လား”
သူသည် အကြီးအကဲဟူသည့် စကားလုံးကို ဖိပြောလိုက်၏။ သူ၏လေသံနှင့် ဟန်ပန်အမူအရာသည် မုန့်ချန်းသုံနှင့် ကွဲပြားနေသည်။
နေရာတွင်ရှိနေသော တပည့်များက မုန့်ချန်းသုံကို အထိတ်တလန့်ကြည့်လိုက်ကြသည်။ ဒါက သူတို့သိတဲ့ အကြီးအကဲမုန့်ဟုတ်သေးရဲ့လား။ နောက်ဆုံးတော့ သူရဲ့နေရာမှာ ရပ်တည်လာပြီလား။ အကြီးအကဲယဲ့ကို သူဘယ်လိုရှင်းပြမှာလဲ။ သူတို့အားလုံးက တိတ်ဆိတ်နေသည်။ ကွန်ဖြူးရှပ်စာသင်သားကို မည်သူကမှ ရှုတ်ချခြင်းမပြုကြပေ။
သို့သော် ကွန်ဖြူးရှပ် စာသင်သားသည် ယဲ့ကျန်း၏သဘာဝပင်ကိုစရိုက်ကို အမွေဆက်ခံထားပုံ ပေါ်သည်။ သူက အမြန်တည်ငြိမ်သွားသည်။ သူက အရိုအသေပေးလျက် လက်သီးဆုပ်မိုးကာ ပြောလိုက်သည်။
“ကျွန်တော်အမှားလုပ်မိပါတယ်၊ အကြီးအကဲယဲ့က စကားပြောဖို့ အကြီးအကဲမုန့်ကို ဖိတ်ခိုင်းလိုက်တာပါ” သူ၏လေသံသည် ယခုတွင် လေးစားရိုကျိုးမှုများ ရှိနေ၏။ မောက်မာထောင်လွှားမှုများ ပျောက်ကွယ်သွားပြီဖြစ်သည်။
“လမ်းပြပေး” လုကျိုးက ပြောလိုက်သည်။
ကျန့်ရှောင်ရှန်းသည် အပြင်ဘက်သို့ ပျံသန်းသွားချိန် သူ၏မျက်နှာပေါ်၌ မှုန်မှိုင်းသောအမူအရာက ပေါ်လာ၏။
သူတို့နှစ်ယောက်သည် အလယ်တောင်ထွတ်ပေါ်ရှိ ခြံဝင်းနားရှိ လေ့ကျင့်ရေးအခန်းသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။
လုကျိုးသည် လေ့ကျင့်ရေးအခန်းအပြင်ဘက်ရှိ ချယ်ရီပင်များကိုကြည့်ပြီး စိတ်ထဲ တအံ့တဩ တွေးမိသွား၏။ မြင့်မြတ်မတ်စောက်တောင်တန်းမှာ တစ်နှစ်ပတ်လုံးအေးစက်နေတာ၊ ဒီနေရာမှာ ချယ်ရီတွေ ဘာကြောင့်ပွင့်နေတာလဲ။
လေ့ကျင့်ရေးအခန်း၏ ဗိသုကာပုံစံသည် လုကျိုးကို ကမ္ဘာမြေ၏နိုင်ငံတစ်ခုကို အမှတ်ရသွားစေသည်။
သစ်သားတံခါးပွင့်လာလေ၏။
“အကြီးအကဲမုန့် ဒီလမ်းပါ”
လုကျိုးသည် လေ့ကျင့်ရေးအခန်းထဲ ဝင်သွားလိုက်သည်။ အမိုးဖွင့်ပုံစံ လေ့ကျင့်ရေးအခန်းသည် သူ၏မှတ်ဉာဏ်ထဲရှိ နိုင်ငံတစ်ခုကို အမှတ်ရသွားစေသည်။ ထိပ်တွင် နေကာခေါင်မိုးရှိနေပြီး အဝါရောင်သစ်သားချပ်ရှိနေ၏။ လေ့ကျင့်ရေးအခန်း၏အလယ်၌ အဆင့်မြင့်သစ်သားဖြင့် တည်ဆောက်ထားကာ နံရံပေါ်၌ ပန်းချီကားများစွာ ချိတ်ဆွဲထားသည်။
ထိပ်ပေါ်ရှိနေကာခေါင်မိုးသည် လေ့ကျင့်ရေးအခန်းကို မလင်းစေပေ။ ထိုအစား အလင်းနှင့်အမှောင်ကြား ဆန့်ကျင်ဘက်ဖြစ်စေပြီး ဤနေရာကို ဆန်းကြယ်သောသွင်ပြင် ဖြစ်ပေါ်စေ၏။
ပင်မခန်းမတွင် လူ ဟူသောစကားလုံးကို ချိတ်ဆွဲထား၏။
လူ စကားလုံးရှည်၌ ကြယ်ပျံအိမ်တော်၏ မဟာအကြီးအကဲ၊ အိမ်တော်သခင်နှင့် အာဏာ တူညီလုနီးပါးရှိသော ယဲ့ကျန်း ထိုင်နေလေ၏။
ထိုမျှငယ်ရွယ်သည့်သူက ကြယ်ပျံအိမ်တော်၏ မဟာအကြီးအကဲတစ်ယောက်ဆိုတာ မှန်းဆကြည့်ရန် ခက်ခဲလှပေသည်။
“အကြီးအကဲမုန့် ဒီမှာပါ”
ကွန်ဖြူးရှပ်စာသင်သားက သေချာအောင်ကြည့်ပြီးမှ သူ၏ရှစ်စွင်းကို နှုတ်ဆက်ချိန်၌ သူနာကျင်နေသည့်ပုံ ပြလိုက်၏။ ယဲ့ကျန်းက မျက်လုံးဖွင့်ပြီး သူ့တပည့်ကို တစ်ချက်ကြည့်လိုက်သည်။ သူကတည်ငြိမ်စွာ မေးလိုက်လေ၏။
“မင်းရဲ့မျက်နှာ ဘာဖြစ်တာလဲ”
ကျန့်ရှောင်ရှန်းက ဟန်ဆောင်တော့သည်။
“ကျွန်တော်ခံသင့်ပါတယ်၊ အကြီးအကဲမုန့်ကို မတော်တဆ စော်ကားမိလို့ပါ”
ထိုစကားကို ကြားသောအခါ ယဲ့ကျန်းသည် မုန့်ချန်းသုံကို ကြည့်လိုက်၏။ သူ၏အကြည့်က သူတို့ဘာသာ စကားပြောနေပုံပေါ်သည်။
အကြည့်ချင်းဆုံသွားခိုက် လုကျိုးသည် ခံစားချက်မျိုးစုံကို မြင်လိုက်ရ၏။ တည်ငြိမ်မှု၊ သတ်ဖြတ်လိုခြင်း၊ ထိတ်လန့်မှုနှင့် မယုံနိုင်မှုတို့ ဖြစ်သည်။
“ကျေးဇူးပြုပြီး ထိုင်ပါ” ယဲ့ကျန်းသည် လက်မြှောက်လိုက်၏။
လုကျိုးသည် ယခုအချိန်တွင် ယဲ့ကျန်းကို သတ်ရန်အသေရိုက်ချက်ကတ် သုံးလိုက်ပါက ဘာဖြစ်မလဲဆိုတာ သိချင်မိသည်။ သို့သော်ငြား သူသည် အလျင်မလိုပေ။ ထို့ကြောင့် တည်တည်ငြိမ်ငြိမ်လျှောက်သွားပြီး ယဲ့ကျန်းနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။
ယဲ့ကျန်းသည် သူ့ကို တောင်းပန်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်တော့သည်။
“ကျန့်ရှောင်ရှန်းကိုယ်စား တောင်းပန်ပါတယ်၊ တပည့်တစ်ယောက်က သူ့နေရာကို သိသင့်တယ်၊ အကြီးတစ်ယောက်ကို ဘယ်လိုလုပ် မလေးမစားပြုနိုင်ပါ့မလဲ”
လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူပြောလိုက်သည့်အရာက ယဲ့ကျန်းနှင့် သူ့တပည့်ကို ထိတ်လန့်သွားစေသည်။
“ကလေးကို သင့်တော်အောင် မပျိုးထောင်တာက အဖေရဲ့ အမှားပဲ၊ တပည့်ကို မှန်ကန်စွာ မသွန်သင်တာက ဆရာရဲ့အမှား၊ ဉပမာကောင်းတစ်ရပ်အနေနဲ့ ဆရာတိုင်း ရှစ်စွင်းတိုင်းက ဒါကိုသိသင့်တယ်”
သို့သော် ထိတ်လန့်မှုက စက္ကန့်ပိုင်းမျှသာ ကြာပုံရသည်။ ယဲ့ကျန်းက ခမ်းနားသော သွင်ပြင်ဖြင့်ပြောလိုက်၏။
“အကြီးအကဲမုန့်ပြောတာ အဓိကကျပါတယ်၊ ကျန့်ရှောင်ရှန်း မင်းဘာအမှားလုပ်ခဲ့လဲသိလား”
အစက ကျန့်ရှောင်ရှန်းသည် သူ၏ဆရာက သူ့အတွက်ရပ်တည်ပေးမည်ဟု ယူဆခဲ့သည်။ လက်ရှိအခြေအနေက သူ့ကို စိတ်တိုစေ၏။ သူက ဟန်ဆောင်ကာ ပြောလိုက်တော့သည်။
“အကြီးအကဲမုန့်ရဲ့ ခြံဝင်းထဲ ခွင့်ပြုချက်မရှိဘဲ သွားခဲ့မိပြီး အကြီးအကဲမုန့်ကို ရန်စခဲ့မိပါတယ်”
“မင်းက အကြီးအကဲယဲ့ရဲ့ တိုက်ရိုက်တပည့် ဒီတော့ မင်းရဲ့အမှားက ပိုတောင်ဆိုးတယ် မင်းဘာပြောမလဲ အကြီးအကဲယဲ့” လုကျိုး၏ လေသံက တည်ငြိမ်နေသည်။
“အကြီးအကဲမုန့် ပြောခဲ့သလိုပဲ သူ့ကို ဆွဲထုတ်ပြီး ကြိမ်ဒဏ်အချက်သုံးဆယ်ပေးလိုက်၊ တစ်လလောက် အကျဉ်းချခံထားရမယ်” ယဲ့ကျန်းက လက်ဝှေ့ယမ်းလိုက်သည်။
ကျန့်ရှောင်ရှန်းသည် လေပြင်းတစ်ချက်ဝှေ့တိုက်သွား၏။ ဖုန်း ဟူသောမြည်သံဖြင့် သူသည် လေ့ကျင့်ရေးအခန်းအပြင်ဘက်သို့ လွင့်ထွက်သွားသည်။
“ခွင့်လွှတ်ပေးပါ ရှစ်စွင်း ကျွန်တော့်ကို ခွင့်လွှတ်ပါ ရှစ်စွင်း”
ယဲ့ကျန်းက ပြုံးပြီးမေးလိုက်တော့သည်။
“ဒါကို ကျေနပ်ပါရဲ့လား အကြီးအကဲမုန့်”