← Chapters

အခန်း (၇၆၆-၇၆၈)

Vol. 52 Ch. 766-768

အခန်း (၇၆၆-၇၆၈)

Vol. 52 Ch. 766-768

အခန်း (၇၆၆) ဆန့်ကျင်ဘက်

" ကျုပ်က သူ့အပေါ် ရန်ငြိုးမထားပါဘူး။ ဝါစဥ်နဲ့ ပတ်သက်တဲ့အခါ ပိုမိုတင်းကြပ်သင့်တယ်လို့ ထင်မိရုံလေးပါ။ ရှေးခေတ်အချိန်ကတည်းက မိသားစုနဲ့ တိုင်းပြည်တွေမှာ စည်းမျဥ်းဆိုတဲ့အရာက ဖယ်ရှားလို့ မရဘူးလေ။ စည်းမျဥ်းတွေ မရှိရင် လူ့အသိုင်းအဝိုင်းကလည်း ပြိုလဲသွားမှာပေါ့။

ကျန့်ရှောင်ရှန်းက ကြယ်ပျံအိမ်တော်ရဲ့ အောက်ခြေစည်းကို ခဏတိုင်း ထိပါးနေတာ။ အဲဒါကြောင့် သူ့ကို အပြစ်ပေးသင့်တယ်။ အကြီးအကဲယဲ့ ခင်ဗျားက တရားမျှတတဲ့ဘက်မှာ ရပ်တည်ချင်တယ်ဆိုတော့ အထင်ကြီးမိပါ့ "

လုကျိုးက မုန့်ချန်းသုံ အယောင်ဆောင်ဖို့ အတွေးကို တစ်ခါမျှမတွေးခဲ့ပေ။ သူက အသွင်အပြင်ကို ပြောင်းလဲလိုက်သော်လည်း သူ လုပ်နေကျ နည်းလမ်းကို မပြောင်းလဲပေ။

ယဲ့ကျန်းက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်၏” အကြီးအကဲမုန့်ပြောတာ မှန်တယ်။ တစ်မိုးအောက်မှာ ဝါစဥ်အရ လေးစားဖို့ စည်းမျဥ်းတွေဆိုတာ လိုအပ်တယ်။ သာမန်လူပဲဖြစ်ဖြစ် ဂိုဏ်းသားသောင်းချီရှိတဲ့ ကြယ်ပျံအိမ်တော်ပဲဖြစ်ဖြစ်ပေါ့”

လုကျိုးကို ပြောထားသည့်အတိုင်း ယဲ့ကျန်းက အင်မတန်ဉာဏ်များသည့်သူ ဖြစ်၏။ လုကျိုးစကားပြောပုံနှင့် သူ့အား ခေါ်ဆိုပုံကို ပြောင်းလဲပြီးသည့်နောက်တွင်ပင် သူက စိတ်အေးအေး ထိန်းထားနိုင်သေးသည်။ သူက များများစားစား မတွေးဘဲ စီးကြောင်းအတိုင်း လိုက်ပါနေ၏။ သူ့ခံစားချက် သို့မဟုတ် မကျေနပ်မှုများကို စိတ်အတွင်းပိုင်း၌သာ မြှုပ်နှံထားသည်။ သူ့လိုမျိုး ငယ်ရွယ်သူတွင် ရှိသင့်သည့် အနေအထားမျိုးတော့ မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ လုကျိုးက မပြောင်းမလဲ ကျန်ရှိကာ မေးလိုက်၏” အကြီးအကဲယဲ့က ကျုပ်ကို တွေ့ဖို့ တောင်းဆိုတာ ဒါကြောင့်လား "

ယဲ့ကျန်းက ပြောလိုက်၏။

" အကြီးအကဲမုန့် ခင်ဗျားက မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်ဖို့ ကျင့်ကြံသူအယောက် ၁၀၀၀ ကို ဦးဆောင်သွားခဲ့တယ်။ တိမ်တိုက်တောင် ၁၂ဂိုဏ်းရဲ့ အဆင့်မြင့် ကျင့်ကြံသူ ရှဲ့ရွှမ်းက ရွှေကြာကျင့်ကြံသူကြောင့် သေဆုံးသွားခဲ့ရတယ်။ အဲ့လိုတွေဖြစ်တုန်းက ခင်ဗျားက ဘယ်မှာရောက်နေတာလဲ "

သူက တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်၏။ သူ့လေသံတွင် အပြစ်တင်နေသည့် အရိပ်အယောင်စိုးစဉ်းမျှ မပါရှိပေ။

လုကျိုးက ပြန်ဖြေလိုက်သည်။

"မိုးမခတစ်ထောင်ဘုရားကျောင်းကို အဆင့်မြင့်ကျင့်ကြံသူတွေက စောင့်ကြပ်နေတာ။ ရှဲ့ရွှမ်းတောင် သူ့အသက်ကို သေဆုံးသွားမှတော့ ကျုပ်က ထွက်ပြေးလာတာ ပုံမှန်ပါပဲ”

သူက ထိုအရာနှင့် ပတ်သက်ပြီး ရှက်ရွံ့သည်ဟု မထင်မိပေ။

မုန့်ချန်းသုံလိုလူမျိုးအတွက် ထွက်ပြေးလာလျှင်ပင် အံ့သြစရာ မဟုတ်ပေ။ အကယ်၍ ယွီရှန်းရုန်သာ ဖမ်းမိလျှင် သူက သေဆုံးမည် ဖြစ်သော်လည်း သူက လုကျိုးဆီ ဆိုက်ဆိုက်မြိုက်မြိုက် ပြေးလာလိမ့်မည်ဟု မည်သူကများ သိမည်နည်း။

ယဲ့ကျန်း၏ စကားပေါ်မှ လုကျိုးသည် ယဲ့ကျန်းက မိုးမခတစ်ထောင်ဘုရားကျောင်းကို သွားသည့် ကျင့်ကြံသူများထဲ သတင်းပေးရှိကြောင်း သိသာလှသည်။ သူက ကျောင်းထိုင် မဟုတ်သော်လည်း ထိုအခြေအနေအားလုံးကို သူ့လက်ထဲက ရေကဲ့သို့ အကုန်လုံးကို သိနေလေ၏။

" အခု ရှဲ့ရွှမ်းက သေသွားပြီ။ တိမ်တိုက်တောင် ၁၂ဂိုဏ်းက စုံစမ်းကြလိမ့်မယ်။ အဲ့အချိန်ကျရင် ဘယ်လိုရှင်းပြရမယ် စိတ်ကူးထားလဲ”

" အကြီးအကဲယဲ့က အစီအစဥ်ရှိမှာ သေချာပါတယ် " လုကျိုးက အကြောက်တရား မရှိပေ။ သူက ပုံမှန်အတိုင်းသာ ပြောလိုက်၏” မိုးမခတစ်ထောင်ဘုရားကျောင်းနဲ့ နဝမမြောက်ကျောင်းဆောင်တို့ရဲ့ ဆက်ဆံရေးအကြောင်းကိုလည်း သိတာပဲ။ ဒါနဲ့ အဲဒါတောင် ခင်ဗျားက သုတ်သင်ရေးတာဝန်ကို ပေးခဲ့တာပဲလေ။ ဘာ့ကြောင့်များလဲ”

ယဲ့ကျန်းက ထိုစကားများကြောင့် ဒေါသမထွက်ပေ။ သူ့အမူအရာက မပြောင်းမလဲ ကျန်ရှိနေပြီး ပြောလိုက်၏။

" ခင်ဗျားပြောတာ မှားနေတယ်။ အိမ်တော်သခင်နဲ့ ကျုပ်က နဝမမြောက်ဘုံကျောင်းဆီ သွားခဲ့တာက စစ်ခုန်ပေချန်းကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ထားလို့ပဲ။ ကျုပ်တို့က အဲဒီအခွင့်အရေးကို ယူပြီးတော့ ကျောက်တုံးတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်ပစ်နိုင်တယ်။ မိုးမခတစ်ထောင်ဘုရားကျောင်းကိုလည်း ရှင်းထုတ်နိုင်လိမ့်မယ်”

မုန့်ချန်းသုံအား ခေါ်ဝေါ်ပုံက ယခုအခါ ပြောင်းလဲသွားပြီဖြစ်၏။

" အခွင့်အရေးကို ဆုပ်ကိုင်ဖို့လား " လုကျိုးက ရယ်လိုက်သည်။

"လုစုန့်၊ လျန်ကျစ်တောက်နဲ့ ရွှမ်းမင်တို့က ကြယ်ပျံအိမ်တော်ရဲ့ ဂိုဏ်သားတွေပဲ။ သူတို့က အလကား သေဆုံးသွားရတာကို အခွင့်အရေး ဖမ်းဆုပ်တယ်လို့ ခေါ်နေတာလား”

ယဲ့ကျန်းက လုကျိုး၏ စကားမှ ပြန်လည်ချေပမှုကို ကြားလေသည်။ သို့သော်လည်း သူက အပြုံးလေးဖြင့် ပြောလိုက်၏။

" သူတို့ သုံးယောက်လုံးက အကျိုးအကြောင်း မခြင်ဆင်ဘဲနဲ့ ကျုပ် ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားခဲ့တာလေ။ သူတို့ သေဆုံးမှုအတွက် သူတို့ဘာသာ သူတို့ပဲ အပြစ်တင်သင့်တယ်။ မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်ဖို့ တာဝန်စေလွှတ်လိုက်တဲ့ ကျင့်ကြံသူ အယောက် ၁၀၀၀ အထဲ အယောက် ၃၀၀ က ကောင်းကင်သိုင်းပညာခုံရုံးက၊ အယောက် ၅၀၀ က တိမ်တိုက်တောင် ၁၂ဂိုဏ်းက၊ အယောက် ၁၅၀ က လေလွင့်ကျင့်ကြံသူတွေနဲ့ လူ ၅၀ ကပဲ ကျုပ်တို့ဘက်က။ နောက်ဆုတ်အမိန့်ပေးလိုက်တာနဲ့ ကျုပ်တို့ အဖွဲ့သား ၅၀လုံးက အသက်ရှင်လျက် ပြန်ရောက်လာကြတယ်။ အဲဒါကြောင့် ကျုပ်တို့ဘက်မှာ ဘာမှသေဆုံးမှု မရှိဘူး”

" ... "

လုကျိုးက ယဲ့ကျန်းသည် ကိစ္စအားလုံးကို ထိန်းချုပ်ပြီး ကြိုးကိုင်နိုင်စွမ်းရှိကြောင်း ဝန်ခံရပေမည်။ အပေါ်ယံတွင် ထိုမိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်ဖို့ တာဝန်ယူထားသည့်သူက မုန့်ချန်းသုံ ဖြစ်၏။ သို့သော် အမှန်တွင် ယဲ့ကျန်းကသာ နောက်ကွယ်မှာ ကြိုးကိုင်နေခြင်း ဖြစ်သည်။ သူက အမှန်တကယ် ဉာဏ်များလှ၏။

ယဲ့ကျန်းက ဆက်ပြောလိုက်သည်။

" ဒါပေမဲ့ ကျုပ် သိချင်မိသား။ အကြီးအကဲမုန့်က ဘယ်လိုများ လွတ်မြောက်ခဲ့တာလဲ”

" ကျုပ်က လွတ်မြောက်ရေး နည်းစနစ်တွေမှာ ကျွမ်းကျင်တယ်လေ။ ထွက်ပြေးဖို့က လွယ်ကူပါတယ်"

လုကျိုးက ပြန်ဖြေလိုက်၏။

ယဲ့ကျန်းက ခေါင်းညိတ်ကာ " အကြီအကဲမုန့် နဝမမြောက်ဘုံကျောင်းမှာ အိမ်တော်သခင်နဲ့ ကျုပ်ဆီမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မမေးတော့ဘူးလား”

လုကျိုး၏ စိတ်ထဲ တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ သူက ယဲ့ကျန်းသည် တစ်ခုခုသိနေသည်ဟု ခံစားချက် ရရှိနေ၏။ ယဲ့ကျန်းက စကားဝိုင်းတစ်ခုလုံးတွင် တုံ့ပြန်ခဲသည့်အတွက် ခန့်မှန်းရခက်ခဲသည်။

မည်သို့ပင်ဆိုစေကာမူ လုကျိုး၏ အမူအရာကလည်း မပြောင်းမလဲ ကျန်ရှိနေ၏။ သူ မှတ်မိသည့်တစ်ခုတည်းသောအရာမှာ အကြွင်းမဲ့အင်အားရှေ့ ရင်ဆိုင်ရသည့်အခါ လှည့်ကွက်များက အသုံးမဝင်ပေ။

" အကြီးအကဲယဲ့ ပြောချင်တယ်ဆိုရင် နားထောင်ပေးပါ့မယ်” လုကျိုးက ပြောလိုက်သည်။

ယဲ့ကျန်းက လက်မြှောက်လိုက်၏။

လေ့ကျင့်ရေးခန်း၏ နှစ်ဖက်လုံးမှ သစ်သားတံခါးများက ကျွီခနဲ မြည်အောင် ပိတ်သွားကြသည်။

" ခိုးနားထောင်မှာကို စိုးရိမ်နေတာလား "

လေ့ကျင့်ရေးအခန်းက အလယ်အလတ်တောင်ထိပ်၏ ဇာတ်ကြောင်းငါးခု ခြံဝန်းအတွင်း တည်ရှိလေသည်။ ထိုအရာက ယဲ့ကျန်းအပိုင်ဖြစ်ကာ မည်သူကများ ခိုးနားထောင်ရဲမည်နည်း။

ယဲ့ကျန်းက ပြောလိုက်၏” အချိန်တွေက မတူတော့ဘူး "

သူက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ့ကွန်ဖြူးရှပ်ဝတ်ရုံက သူနှင့် အနည်းငယ် ချောင်နေလေ၏။ သူ့ခန္ဓာကိုယ်မှ ပိန်ပိန်ပါးပါး အရိပ်ထွက်ပေါ်နေသည်။ သူက ဆက်ပြောလိုက်၏။

" အိမ်တော်သခင်နဲ့ ကျုပ်က နဝမမြောက်ဘုံကျောင်းဆီ သွားပြီးတော့ စစ်ခုန်ပေချန်းက အမှန်အတိုင်း ပြောတာလားဆိုတာကို သွားကြည့်ခဲ့ကြတယ်။ ပြီးတော့ ချန်ပေကျန်းရဲ့ သေဆုံးမှုကိုရောပေါ့”

" အို့ " လုကျိုးက အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။

" စစ်ခုန်ပေချန်းက ဓားလမ်းစဥ်အသစ်ကို ကျွမ်းကျင်သွားပေမဲ့ သူက ချန်ပေကျန်းကို သတ်ဖို့ သတ္တိလည်းမရှိသလို စွမ်းဆောင်ရည်လည်း မရှိဘူး။ အဲဒါက နန်းတော်ရဲ့ အမျက်ဒေါသကို လှုံ့ဆော်သလိုသာ ဖြစ်သွားလိမ့်မယ်။ နဝမမြောက်ဘုံကျောင်းက သတိကြီးကြီးထားနေတာ။ ဆရာတော် ၅ပါးကလည်း ကံမီးတောက်ကို ကျွမ်းကျင်ကြတာ မဟုတ်ဘူး။ အဲဒါကြောင့် အမည်မသိ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကပဲ ချန်ပေကျန်းကို သတ်တာဖြစ်နိုင်တယ်” ယဲ့ကျန်းက လက်နောက်ပစ်ကာ ပြောလိုက်၏။

" ခင်ဗျား ပြောတာ အချက်အလက်ကျသား” လုကျိုးက ပြန်ဖြေလိုက်သည်။

" စစ်ခုန်ပေချန်း ပြောတာကတော့ အဲဒီအဆင့်မြင့် ကျင့်ကြံသူရဲ့ မျိုးရိုးက လုတဲ့။ သူက ချန်ပေကျန်းကို သတ်ဖို့ စွမ်းအားရှိတယ်။ ကြည့်ရတာ မိုးမခတစ်ထောင်ဘုရားကျောင်းမှာ ရှိနေပုံပဲ”

ယဲ့ကျန်းက ဆက်ပြောလိုက်သည်” မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်ဖို့ သွားကြတဲ့ တပည့်တွေက ပွင့်ချပ်ကိုးလွှာ ရွှေကြာကျင့်ကြံသူနှစ်ယောက်ကို မြင်ခဲ့ရတယ်လို့ ပြန်ပြီးတော့ တင်ပြထားကြတယ်။ အကြီးအကဲမုန့်ရော မြင်ခဲ့မိသေးလား”

" မြင်ခဲ့တယ် " လုကျိုးက ပြောလိုက်၏။

" ကောင်းပြီ " ယဲ့ကျန်းက ခေါင်းညိတ်လိုက်သည်။ သူက သူ့နေရာသူ ပြန်ထိုင်လိုက်ပြီးနောက် တင်ပျဥ်ခွေထိုင်လိုက်သည်။

"ဒီလိုဆိုရင် အကြီးအကဲမုန့်ကို နှစ်ခု လုပ်စေချင်တယ် "

လုကျိုးက တိတ်ဆိတ်ကာ ယဲ့ကျန်းက မည်သို့ လှည့်စားဦးမလဲဟု စောင့်ကြည့်နေသည်။

ယဲ့ကျန်းက ပြောလိုက်၏။

"ပထမဦးဆုံး ကြယ်ပျံအိမ်တော်က တတ်စွမ်းတဲ့ ဂိုဏ်းသားတွေကို မဆုံးရှုံးချင်ဘူး။ တကယ်လို့ တရားဝင်ကိစ္စမဟုတ်ရင် ဒီမှာပဲ ဆက်နေသင့်တယ်။

ဒုတိယအနေနဲ့ မှတ်ဉာဏ်သလင်းကျောက်က အရေးကြီးတယ်။ ကောင်းကင်သိုင်းပညာခုံရုံးကို သလင်းကျောက်ကို သူတို့ဆီ ပေးမယ်လို့ သတင်းပို့ထားပြီးပြီ။ အဲ့လိုဆိုတော့ အကြီးအကဲမုန့်က ဒုက္ခများစရာ မလိုတော့ဘူး။ ဘယ်လိုထင်လဲ” သူ့စကားအဆုံးတွင် လုကျိုး၏ အဖြေကို စောင့်ဆိုင်းနေ၏။

လုကျိုးက ပြန်ဖြေဖို့ အလျင်မလိုပေ။ သူက ခေတ္တမျှ တွေးလိုက်ပြီးသည့်နောက် " သလင်းကျောက်ကိုပဲ ပေးလိုက်စေချင်တာလား "

သူက မုန့်ချန်းသုံအပေါ် ယဲ့ကျန်း၏ သဘောမကျမှုနှင့် ပတ်သက်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။ ထိုအရာနှင့် ပတ်သက်ပြီး သံသယဝင်စရာ ကောင်းသည်ဟု ခံစားချက် ရရှိနေသည်။

မုန့်ချန်းသုံကို ဒီလောက်ကြာကြာ ဘာလို့ သူ့နားမှာ ခေါ်ထားရတာလဲ။ သူက မုန့်ချန်းသုံကိုတောင် ကာကွယ်ဖို့ ကြိုးစားနေသေးတယ်။....

ယဲ့ကျန်းက ပြုံးလိုက်၏။ သူက လုကျိုးရှေ့တွင် လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ " အဲ့ဆိုရင် အကြီးအကဲမုန့်ကိုပဲ ဒုက္ခပေးရတော့မယ်”

" သလင်းကျောက်ကို အဲ့လောက်တောင် လိုချင်နေတာလား”

ယဲ့ကျန်းက အပြုံးဖြင့် ပြောလိုက်၏” အမှန်တိုင်း ပြောရရင် သလင်းကျောက်က ကျုပ်အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူး။ တကယ်လို့ ကောင်းကင်သိုင်းပညာခုံရုံးက လိုချင်တယ်ဆိုရင်တော့ ပေးလိုက်ရုံပဲ။ ဒါပေမဲ့ ခင်ဗျား သိမ်းထားချင်တယ်ဆိုရင်တော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ရောင်းရင်း ဘာပြောချင်လဲ”

သူက ရောင်းရင်းဟု သုံးလိုက်စဥ်အခါက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ့ရှေ့တွင် ထိုင်နေသည့်သူက တကယ့်မုန့်ချန်းသုံ မဟုတ်မှန်းသိနေသည်မှာ သိသာလှ၏။ သူက လုကျိုးကို စိုက်ကြည့်လိုက်ပြီး လုကျိုး၏ မျက်နှာအထက် ပျာယာခတ်သွားသည့် အရိပ်အယောင်ကို စောင့်မျှော်နေသည်။

ယဲ့ကျန်း၏ မျှော်လင့်ချက်နှင့် ကွဲလွဲစွာ လုကျိုးက တည်တည်ငြိမ်ငြိမ်သာ ကျန်ရှိနေ၏။ သလင်းကျောက်က သူ့လက်အတွင်း ရောက်ရှိနေပြီးသားဖြစ်ကာ အခြေအနေမည်သို့ ဖြစ်စေကာမူ ဂရုမစိုက်ပေ။ ထို့အပြင် သူက ယဲ့ကျန်းနှင့် တွေ့ဆုံလိုက်သရွေ့ ယဲ့ကျန်းသည် ရင်ဆိုင်ဖို့ ခက်ခဲကြောင်း သိလိုက်၏။

သူက ပြောလိုက်သည်။

” မင်းက အမြင်ကောင်း ရှိသားပဲ "

ယဲ့ကျန်းက ပြုံးလိုက်၏။

” ကျုပ်ရဲ့ လေ့ကျင့်ရေးအခန်းထဲ ဝင်ကတည်းက ခင်ဗျားက တကယ့် မုန့်ချန်းသုံ မဟုတ်မှန်းသိလိုက်တယ်”

လုကျိုးက အနည်းငယ် အံ့အားသင့်သွားမိသည်။ ယဲ့ကျန်းက သူ့စကားဝိုင်းမှတစ်ဆင့် သူ့ကို အယောင်ဆောင်ဟု သိရှိသွားသည်မှာ ပုံမှန်သာ ဖြစ်သည်။ ပြောရလျှင် သူက သူ့ဇာစ်မြစ်ကို ဖုံးကွယ်ထားဖို့ အားစိုက်ထုတ်မှု မလုပ်ခဲ့ပေ။ သို့သော်လည်း ယဲ့ကျန်းက သူ့ရုပ်ဖျက်ထားမှုကို မြန်မြန်ဆန်ဆန် သိသွားသည်ကို အနည်းငယ် အံ့အားသင့်နေမိ၏။

" အကြီးအကဲမုန့်က အစောပိုင်း ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူပဲ ရှိသေးတယ်။ သူဒီအခန်းထဲကို ဝင်မယ်ဆိုရင် သူ့အရှိန်အဝါက တည်ငြိမ်မှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က အကြီးအကဲမုန့်ထက် ပိုသာနေတယ်” ယဲ့ကျန်းက ပြောလိုက်၏။

ယဲ့ကျန်းက ဒေါသမထွက်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ယဲ့ကျန်းက ဆက်ပြောလိုက်သည်” တစ်မိုးအောက်မှာ ရုပ်ပြောင်းရုပ်လွဲ ကျွမ်းကျင်တဲ့သူတွေ အများကြီးပဲ။ ခင်ဗျားက သွင်ပြင်ကို ပြောင်းလိုက်ပေမဲ့ ခင်ဗျားရဲ့ ပြောဆိုပုံ လှုပ်ရှားပုံတွေကို မပြောင်းလဲခဲ့ဘူး။ အဲဒါကြောင့် ခင်ဗျားဇာစ်မြစ် ပေါက်ကြားသွားမှာကိုလည်း စိုးရိမ်စရာ မလိုဘူးလို့ ပြောနိုင်တာပဲ။ ခင်ဗျားက ဒီကို သလင်းကျောက် ယူရုံပဲ ရောက်လာတာ”

လုကျိုးက ခေါင်းညိတ်လိုက်၏” ဉာဏ်ကောင်းတဲ့သူတွေက တူညီတဲ့ အားနည်းချက်မျိုး ရှိကြတာပဲ။ မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းနေတယ်။ မင်းကလည်း ဒီဟာနဲ့ ပတ်သက်ပြီး ခြွင်းချက် မဟုတ်ပါ့လား”

ယဲ့ကျန်းက မငြင်းဆန်ပေ။ သူက ခေါင်းညိတ်လိုက်၏။ သူက လက်ဝှေ့လိုက်သည့်အခါ လေ့ကျင့်ရေးအခန်းမှ ရှုခင်းရေးဆွဲထားသည့် ပန်းချီကားလေးချပ်အပေါ် သွေးကြောများ ထွက်ပေါ်လာသည်။ သူတို့က စီးဆင်းနေသည့် ရေသဖွယ် ဖြစ်၏။

" နဝမမြောက်ဘုံကျောင်းက အရင်ကလို မဟုတ်တော့ဘူး။ ဘာလို့ ခေါင်းမာနေရတာလဲ။ ကြယ်ပျံအိမ်တော်က နေ့ဖက်က နေ့မင်းကြီးလို ဖြစ်နေပြီ။ ကျုပ်တို့က တစ်ရက်မှာ တာ့ထန်ရဲ့ အကြီးမားဆုံးဂိုဏ်း ဖြစ်လာမှာ အသေအချာပဲ။ ဘာလို့ ကျုပ်တို့နဲ့တူတူ လက်တွဲမလုပ်ရတာလဲ”

" မင်းတို့နဲ့ လက်တွဲလုပ်ရမှာလား " လုကျိုးက ယဲ့ကျန်းအား ကြည့်လိုက်သည်။

" သလင်းကျောက်ကို ကျုပ်ရဲ့ စိတ်သဘောထားကို ပြတဲ့အနေနဲ့ သိမ်းထားလိုက်ပေါ့ "

ယဲ့ကျန်းက ပြောလိုက်ပြီးနောက် လက်ဝါးကို ပေါင်ပေါ်တင်လိုက်သည်။

” တကယ်လို့ ခင်ဗျား ပြန်သွားရင် လုချန်းပေ့ကိုလည်း တင်ပြလိုက်ပါဦး။ မိတ်ဆွေတွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိတဲ့သူတွေကပဲ လေးစားမှုကို ရရှိနိုင်တာ။ ဒီဟာကို ခင်ဗျားတို့ မလှုပ်ရှားခင် အရင်တွေးကြည့်ဖို့မျှော်လင့်တယ်”

လုကျိုးက ယဲ့ကျန်း၏ ကျင့်ကြံဆင့်နှင့် ဉာဏ်များမှုတို့သည် ရင်ဆိုင်ဖို့ရာ ခက်ခဲသည့် တစ်ခုတည်းသော အချက်ဖြစ်ကြောင်း တွေးလိုက်မိသည်။ ယဲ့ကျန်းနှင့် စကားစမြည်းပြောပြီးသည့်နောက်တွင် ယဲ့ကျန်းက အင်မတန် ရည်မှန်းချက် မြင့်မားကာ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်မျိုး ရှိကြောင်း သိလိုက်ရသည်။

သူတို့ကိုယ်သူတို့ ကိစ္စအသေးလေးတွေမှာ မချုပ်ထိန်းနိုင်တဲ့သူက ကိစ္စအကြီးကြီးကို ပျက်စီးစေမှာပဲ။ ကွန်ဖြူးရှပ် ပညာရှင် တစ်ယောက်ဆိုတဲ့ အတိုင်းပဲ။...

" မုန့်ချန်းသုံက အခု အကျဉ်းသားဖြစ်နေပြီ။ ကြယ်ပျံအိမ်တော်မှာ ကျန်တာက မင်းနဲ့ အိမ်တော်သခင်ပဲ။ အပေါ်ယံမှာတော့ မင်းက နဝမမြောက်ဘုံကျောင်းနဲ့ မယှဥ်နိုင်ဘူးပေါ့။ အဲဒါကို ဘာလို့ပူးပေါင်းမှုလို့ ခေါ်နေသေးတာလဲ " လုကျိုးက မေးလိုက်သည်။

" ကျုပ် တစ်ယောက်တည်းက လုံလောက်တယ် " ယဲ့ကျန်းက ပြောလိုက်သည်။ ထိုသို့ ပြောပြီးသည့်နောက်တွင် ပန်းချီကားလေးခုက ရေများသဖွယ် စီးဆင်းလာသည်။

မှိန်ဖျဖျ ကမ္ဘာဦးချီက လေထုအတွင်း ထွက်ပေါ်လာ၏။

လုကျိုးက လေထဲမှ တာအိုသွေးကြောများ စီးဆင်းနေသည်ကို မြင်လိုက်ရသည်။

တာအိုသွေးကြောက လှည့်ပတ်ကာ ပတ်ဝန်းကျင်က ပိုမိုတောက်ပလာ၏။

ယဲ့ကျန်းက လက်ဖြန့်လိုက်သည်။

လုကျိုးနောက်တွင် အသေးစား စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာ၏။ သူ့ပွင့်ချပ်ကိုးလွှာ ရွှေကြာက ဖြည်းဖြည်းချင်းစီ ပွင့်လန်းလာသည်။ သူက ပန်းချီများကို ထပ်မံ ကြည့်လိုက်၏။ ဤလေ့ကျင့်ရေးအခန်းက ပန်းချီကားလေးချပ်ကို အစီအရင်အဖြစ် အသုံးပြုထားလေသည်။

…

အခန်း (၇၆၇) ယဲ့ကျန်း၏ လျှို့ဝှက်ချက် အပိုင်း ၁

“လေ့ကျင့်ရေးအခန်းထဲဝင်ပြီးတော့ အာရုံထင်မှားမှုအားလုံး ပျောက်ကွယ်သွားလိမ့်မယ်” ယဲ့ကျန်းက သူ့လက်ဖဝါးကို ဖြန့်လိုက်ရာ တာအိုသွေးကြောများ ပျောက်ကွယ်သွားတော့သည်။

“ကျုပ်ရဲ့ လေ့ကျင့်ရေးအခန်းထဲမှာ ကျုပ်ကအရှင်သခင်ပဲ”

လုကျိုးက ယဲ့ကျန်းကို ကြည့်လိုက်လေ၏။ ယဲ့ကျန်းသည် သူ၏ခွန်အားကို ပြသရန် ကြိုးစားနေတာ သိသာသည်။ ယင်းက ယဲ့ကျန်း၏ စိတ်ရင်းစစ်မှန်သည်ဟူသော အတူတကွ ပူးပေါင်းဆောင်ရွက်မှုအတွက် ဖြစ်သည်။ သူက ယဲ့ကျန်းကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားတော့သည်။

“အရှင်သခင်လား”

ယဲ့ကျန်းက လေသံအတက်အကျမရှိ ပြောလိုက်၏။

“လမ်းစဉ်က နှလုံးသားမှာ တည်ရှိတယ်၊ လမ်းစဉ်က ကောင်းကင်ဘုံပဲ၊ နှလုံးသားကို သိခြင်းက လမ်းစဉ်ကိုသိပြီး ကောင်းကင်ကိုသိတာပဲ၊ ခင်ဗျားရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြပါ လူကြီးမင်း”

လုကျိုးသည် ဖန်တီးရာအားလုံး၏ သွင်ပြင်အစစ်အမှန်ကို ထုတ်ဖော်ပြသနိုင်သော ရွှေရောင်ထိုက်ရွှီကြေးမုံဟူသည့် ရတနာတစ်ခုရှိသည်။ ယဲ့ကျန်းသည် လေ့ကျင့်ရေးအခန်းထဲ၌ တာအိုသွေးကြောများဖြင့် ယင်းကို ဆွဲထုတ်နိုင်စွမ်း ရှိလိမ့်မည်ဟု မထင်ထားပေ။ သို့သော် သူ၏ရွှေကြာသာလျှင် ပေါ်ပေါက်ခဲ့ပြီး ကံမီးတောက် မဟုတ်ပေ။ ယဲ့ကျန်းသည် ထိုမျှယုံကြည်ချက်ရှိပြီး အကြီးအကဲလုဆီ သတင်းပါးစေချင်နေတာ အံ့ဩစရာမရှိပေ။

လေ့ကျင့်ရေးအခန်းသည် ခဏတာ တိတ်ဆိတ်သွား၏။ လုကျိုးက ပြောလိုက်သည်။

“သလင်းကို လိုချင်ရင် မင်းရဲ့ခွင့်ပြုချက် မလိုအပ်ဘူး၊ ငါယူသွားချင်ရင် ဘယ်သူမှငါ့ကို မတားနိုင်ဘူး၊ အလုပ်တွဲလုပ်ဖို့အတွက်က ငါငြင်းရင်ရော”

ယဲ့ကျန်းက ခေါင်းခါလိုက်လေ၏။

“ဉာဏ်ကောင်းတဲ့လူတစ်ယောက်က အခြေအနေကို လိုက်လျောညီထွေပြုမူတတ်တယ်၊ လက်ရှိအခြေအနေကို နားမလည်တဲ့လူတွေက တုံးအတဲ့လူတွေပဲ၊ အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ ဝေးကွာတဲ့ခရီးကို နှင်လာခဲ့ရပြီးပြီ၊ ဘာကြောင့်များ ရန်သူရှာမှာလဲ၊ ကျုပ်ရဲ့ ပြောကြားချက်ကို ငြင်းစရာအကြောင်းမရှိဘူး ဆရာကြီး”

လုကျိုးသည် ယဲ့ကျန်းပြောတာကို ထောက်ခံ၏။ ပုံမှန်အခြေအနေအောက်တွင် ယဲ့ကျန်းနှင့် ပူးပေါင်းဆောင်ရွက်ရန်က အကြံကောင်းတစ်ခုဖြစ်သည်။ သူကမထူးမခြားနား ပြောလိုက်၏။

“မင်းမှားသွားပြီ”

“ဟမ်” ယဲ့ကျန်းသည် စိတ်ရှုပ်ထွေးသွားတော့သည်။

“မင်းက ကိစ္စရပ်များစွာကို အစီအစဉ်ချပြီး တွက်ချက်ခဲ့တယ်၊ ဒါပေမဲ့ မင်းတစ်ခု မှားယွင်းတွက်ချက်ခဲ့တယ်” လုကျိုးက ပြောလိုက်၏။ သူသည် ခဏတာရပ်တန့်ပြီးနောက် ထပ်ပြောလိုက်၏။

“မင်းဒေါသထွက်နေတယ်”

ယဲ့ကျန်း၏အပြုံးက မှိန်ဖျော့သွားသည်။

”ဒါက အကြောင်းအရင်းလား”

“အကြောင်းပြချက်ကောင်းတစ်ခုပဲလေ” လုကျိုးက ပြောလိုက်သည်။

ယဲ့ကျန်းသည် သူက လက်အုပ်ထပ်ချီလိုက်သည်။ ပတ်ဝန်းကျင်ရှိ တာအိုသွေးကြောများသည် ရေကဲ့သို့ စီးဆင်းလာပြီး ဝေ့တက်လာ၏။

လေထဲတွင် ဆူညံသံများ ပေါ်ထွက်လာသည်။ တာအိုသွေးကြောများသည် တစ်စုံတစ်ခုကြောင့် ရောင်ပြန်ဟပ်နေပုံပေါ်သည်။ သူတို့ခွန်အားသည် ယခင်ကနှင့်ယှဉ်လျှင် ပိုအစွမ်းထက်လာပုံရ၏။

“အမှန်အတိုင်းပြောရရင် အရင်တုန်းက ကျုပ်သလင်းကို လေ့လာခဲ့ဖူးတယ်၊ ကံဆိုးတာက ကျုပ် အားသုံးခဲ့တာကြောင့် နည်းနည်းလေး ထိခိုက်သွားတယ်” ယဲ့ကျန်းက ပြောလိုက်၏။

လုကျိုးက မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ ယဲ့ကျန်း၏ အစောပိုင်းကလုပ်ရပ်များသည် လုကျိုးကို စပ်ဖျင်းဖျင်းဖြစ်စေရုံမျှသာဆိုလျှင် သလင်းကို ထိခိုက်စေခဲ့သော သူ့လုပ်ရပ်သည် သူ၏အောက်ခြေစည်းကို ထိပါးလာပြီဖြစ်၏။ သူဆုံးဖြတ်ချက် ပြတ်သားစွာ တွေးလိုက်တော့သည်။

ဒီလူက နောက်ကျ မဟာပြဿနာအရင်းအမြစ်တစ်ခုဖြစ်လာမှာ ကျိန်းသေတယ်၊ သူ့ကို အသက်ရှင်ခွင့်မပေးနိုင်ဘူး။

“ခင်ဗျားရဲ့ အကြောင်းပြန်ချက်က ကျုပ်ကို စိတ်မပျက်စေခဲ့ပေမဲ့ ချန်ပေ့လု၏ အကြောင်းပြန်ချက်ကို ကျုပ်ကြားချင်သေးတယ်၊ သလင်းကို ဒီမှာထားခဲ့ပါဆရာ၊ ဒါဆို ခင်ဗျားထွက်သွားလို့ရမယ်”

ယဲ့ကျန်း၏လေသံက တည်ငြိမ်နေသည်။ သူသည် စိုးစဉ်းမျှ စိတ်ပျက်နေပုံမပေါ်၊ အစကတည်းက သူသည် သူ့ရှေ့မှလူကို သလင်းဖြင့်ထွက်သွားခွင့်ပေးရန် မရည်ရွယ်ထားပေ။ အရာအားလုံးက စမ်းသပ်မှုသာ ဖြစ်၏။ အစစ်အမှန်ယှဉ်ပြိုင်မှုက အခုမှ စတင်မှာဖြစ်သည်။

လုကျိုးသည် ယဲ့ကျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“တော်လောက်ပြီ” သူသည် ဖြည်းဖြည်းချင်း ရပ်လိုက်သည်။ ယဲ့ကျန်းကို ဖျော်ဖြေရန် မစီစဉ်ထားပေ။ သူထရပ်လိုက်သည်နှင့် အနီရောင်မျဉ်းများနှင့် ပေါင်းစည်းထားသည့် ပန်းချီကားက ပေါ်ထွက်လာသည်။ ထို့အပြင် သူတို့သည် မျက်စိကျိန်းလောက်သော အရှိန်ဖြင့် ပေါင်းစည်းနေတာ ဖြစ်သည်။ လေ့ကျင့်ရေးအခန်းထဲရှိ အစီအရင်သွေးကြောများကနေ ထွက်သွားတော့မယောင်ဖြစ်နေ၏။ ယင်းက ပြိုင်စံရှားအစီအရင်သွေးကြောဖြစ်သည်။

“သလင်းကို ထားခဲ့ပြီးမှ မင်းထွက်သွားလို့ရမယ်” ယဲ့ကျန်းက ပြောလိုက်သည်။

လုကျိုးက လက်ဖဝါးကို သာမန်ကာလျှံကာဖြန့်လိုက်၏။

ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် ယဲ့ကျန်းဆီ တိုးဝင်သွားတော့၏။

ယဲ့ကျန်း၏ပုံရိပ်သည် ပျောက်ကွယ်သွားသည်။ လက်ဝါးစည်းတံဆိပ်က လေထုကိုသာ ထိသွားပြီး လှုပ်ရှားနေသောမျဉ်းများကို မထိသွားပေ။

“ဒီလေ့ကျင့်ရေးအခန်းထဲမှာ ကျုပ်က အရှင်သခင်ပဲ”

တဝီဝီမြည်သံသည် ယခုအချိန်၌ ပိုတောင် ကျယ်လောင်လာ၏။ လုကျိုးသည် ယဲ့ကျန်း၏ပုံရိပ်က ပိုဝေဝါးလာတာကို သတိပြုမိသည်။ ခဏအကြာတွင် ယဲ့ကျန်းသည် လုကျိုးအနောက်၌ ပေါ်လာ၏။ သူက ကျောမတ်မတ်ရပ်နေလျက် မျက်နှာပေါ်တွင် တည်ငြိမ်သည့် အမူအရာရှိနေသည်။ သူက လက်ဖြန့်ထုတ်လျက် ပြောလိုက်သည်။

“သလင်း”

“အစီအရင်လား” လုကျိုးသည် သူ့နားရှိ တာအိုသွေးကြောများကို ကြည့်လိုက်သည်။

“ဒါက ကျုပ်ရဲ့လေ့ကျင့်ရေးအခန်းပဲ၊ အကြွင်းမဲ့ကောင်းကင် အစီအရင်ပါဝင်တယ်၊ ဒီအစီအရင်ထဲမှာ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က ပိုကောင်းလေ ကျုပ်က ပိုအစွမ်းထက်လာလေပဲ”

“ပိုသန်မာတဲ့ရန်သူနဲ့ ရင်ဆိုင်ရတဲ့အချိန် ပိုသန်မာလာတယ်၊ စိတ်ဝင်စားစရာပဲ” လုကျိုးက ခေါင်းညိတ်လိုက်၏။

“ဒီနေရာမှာ သလင်းကို မထားခဲ့နိုင်ဘူး”

ယဲ့ကျန်းက ခေါင်းထပ်ခါလိုက်သည်”ခင်ဗျား ကျုပ်အကြောင်းဘာမှမသိဘူးပဲ”

ရှုမျှော်ခင်း ပန်းချီကားများဆီမှ သူတို့ပတ်ဝန်းကျင်၌ ချက်ချင်းပေါ်လာသည့် အနီရောင်သင်္ကေတစည်းတံဆိပ်တို့သည် လူ့သွေးများဖြင့် ဖန်တီးထားသည်ဟု ထင်မှတ်ရသည်။

လုကျိုးသည် ခြေထောက်ကားလိုက်၏။

လူတစ်ယောက်၏ သဘာဝကိုတွေ့မြင်ခြင်း၊ ဗုဒ္ဓဒါယနမုဒ္ဒြာ

ရွှေရောင်စက်ဝိုင်းများပေါ်လာပြီးနောက် အနီရောင်သင်္ကေတစည်းတံဆိပ်များကို ဟန့်တားထား၏။

ယဲ့ကျန်းသည် ရူ ဟူသောသင်္ကေတဆီ လှစ်ကနဲသွားလိုက်၏။ သူသည် နေရာတိုင်းကို သွားနိုင်ပုံရသည်။

ထင်ယောင်ထင်မှားဖြစ်မှုလား၊ အစကတည်းကနေ ငါစကားပြောနေတဲ့လူက ယဲ့ကျန်းမဟုတ်ပဲ ပုံရိပ်ယောင်လား၊ ငါမှားယွင်းတွက်ချက်ခဲ့မိတဲ့ပုံပဲ

လုကျိုးသည် ထိုသို့ တွေးနေသော်ငြား ပြာယာမခတ်သွားပေ။ ဤနေရာကနေ ထွက်သွားရန် သူသည် လုံလောက်အောင် သန်မာနေပြီးသား ဖြစ်၏။

“စိတ်ဝိညာဉ်သဏ္ဌာန်”

လုကျိုး၏ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ပေါ်ပေါက်လာချိန်တွင် ၎င်း၏အမြင့်နှင့်အရွယ်အစားသည် ဖိနှိပ်ခံလိုက်ရ၏။ သာမန်လူကြီးတစ်ယောက်ကဲ့သို့သာ ကြီးသည်။ ယင်းသည် ကံမီးတောက်တောင် မရှိပေ။

ယခုက ယင်းသည် အကြွင်းမဲ့ကောင်းကင်အစီအရင်၏ အာနိသင်များထဲမှတစ်ခုကြောင့်ဖြစ်သည်။ ယင်းသည် ရန်သူက အားကောင်းချိန်တွင် အသုံးပြုသူကို ပိုအစွမ်းထက်စေ၏။ ယင်းသည် အဆုံးသတ်ဆယ်ပါးအစီအရင်ထက် သာလွန်သည်။ အဆုံးသတ်ဆယ်ပါးအစီအရင်သည် ဝင်ပေါက်ထွက်ပေါက်အားလုံးကို ပိတ်ထားပြီး ကနဦးချီကို ဖြတ်တောက်ပစ်တာပဲဖြစ်သည်။ သို့သော် အစီအရင်ကို အသုံးပြုသူကလည်း ကန့်သတ်ခံလိုက်ရမည်။ အကြွင်းမဲ့ကောင်းကင်အစီအရင်ကမူ ထိုကဲ့သို့ ကန့်သတ်ချက်မရှိပေ။ ထို့အပြင် အသုံးပြုသူကို ခွန်အား မြှင့်တင်ပေးကာ ရန်သူကို အားနည်းစေ၏။

ယဲ့ကျန်းသည် လုကျိုးရှေ့ မီတာတစ်ဝက်ခန့်၌ ပေါ်လာသည်။ သူ၏ကွန်ဖြူးရှပ်ဝတ်ရုံက ခန္ဓာကိုယ်ပေါ်တွင် လျော့ရဲရဲဖြစ်နေသည်။

လုကျိုးသည် ပြာယာမခတ် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

လက်ဝါးစည်းတံဆိပ်တစ်ခုက ပျံ့လွင့်သွားပြီး ယဲ့ကျန်းကို ထိသွား၏။

ယဲ့ကျန်း၏ ခန္ဓာကိုယ်သည် အနီလှိုင်းဖြင့် ဂယက်ထသွားပြီး သူသည် ရွှေရောင်လက်ဝါးစည်းတံဆိပ်ကို စုပ်ယူလိုက်သည်။ တစ်ချိန်တည်းတွင် သူ့၏အရှိန်အဝါသည် ပိုသန်မာလာတော့သည်။ သူက လက်နောက်ပစ်ထားလျက် အမူအရာက ပြောင်းလဲမှုမရှိပေ။

“ကျုပ်ခင်ဗျားကို ပြောပြီးသားပဲ၊ ခင်ဗျား ကျုပ်အကြောင်းဘာမှမသိဘူး”

လုကျိုးက သဘောပေါက်သွားသည်။ သူသည် စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းလျက် သဘာဝကို ရှုမြင်ခြင်း၊ ဈာနမုဒြာကို ဖယ်လိုက်၏။ သူ၏ကနဦးချီလည်း မှိန်ဖျော့ ပျောက်ကွယ်သွားသည်။ နောက် စွမ်းအားဗဟိုချက်၏ ချီပင်လယ်ကို ချိတ်ပိတ်ကာ ထူးကဲချီသွေးကြောရှစ်ခုကို ပိတ်ဆို့လိုက်၏။

ထိုလုပ်ရပ်များဖြင့် အနီရောင်မျဉ်းများ၊ အနီရောင်အလင်းနှင့် လေ့ကျင့်ရေးအခန်းထဲရှိ သင်္ကေတစည်းတံဆိပ်များက တဖြည်းဖြည်းချင်း မှိန်ဖျော့သွားတော့သည်။

“ဟင်”

ယဲ့ကျန်းက လက်ခုပ်တီးလိုက်၏။

“ခင်ဗျားက အကြွင်းမဲ့ကောင်းကင် အစီအရင်ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ နားလည်တဲ့ ပထမဆုံးလူပဲ၊ အလိုလေး ဒါနဲ့သာဆိုရင် ခင်ဗျားက ကြက်တစ်ကောင်ကို လည်ပင်းညှစ်သတ်ဖို့ စွမ်းအားတောင် ကျန်တော့မှာ မဟုတ်ဘူး”

လုကျိုးသည် ဆိတ်ဆိတ်သာနေလျက် ရှေ့တိုးသွားသည်။ သူက လက်ကိုရှေ့သို့ဆန့်ထုတ်ကာ တွန်းထုတ်လိုက်၏။ သူသည် ယခုသေမျိုးတစ်ယောက်နှင့်မခြားတော့ပေ။

ယဲ့ကျန်းသည် လက်နောက်ပစ်ထားလျက် ရပ်နေသေးဆဲဖြစ်သည်။ သူမလှုပ်ရှားပေ။ လုကျိုးက ကနဦးချီမရှိပဲ သူ့အဝတ်ကို ထိတောင်ထိနိုင်မှာမဟုတ်တာ သူသေချာသိသည်။

နတ္ထိမှမြစ်ဖျားခံပြီး အရာအားလုံးမှ ရောက်ရှိလာသည်။ သံသရာတွင် နေထိုင်သူအားလုံး ၎င်းကို သင်ယူနေ၏။

လုကျိုး၏လက်ဝါးသည် ယဲ့ကျန်းကို ထိတော့မည့်အချိန်တွင် သူ၏ထူးကဲအံ့ဖွယ်စွမ်းအားက ပေါ်ထွက်လာ၏။

ယဲ့ကျန်းသည် သူ၏ရင်ဘတ် ထုနှက်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရသည်။ သူ့မျက်လုံးက ပြူးကျယ်သွားပြီး ထိတ်လန့်သည့် အမူအရာပေါ်လာ၏။ နောက်ကျသွားလွန်းပြီဖြစ်သည်။

ဘန်း

ယဲ့ကျန်းသည် အမြှောက်ဆန်ပမာ နောက်သို့လွင့်ထွက်သွားလေ၏။

ဘန်း

ယဲ့ကျန်းသည် လေ့ကျင့်ရေးအခန်း၏ ရူ ဟူသော စကားလုံးကို တိုက်မိသွားပြီး သစ်သားတံခါးကို ဖြတ်ကျော်သွားကာ ခြံဝန်းထဲလွင့်ထွက်သွားပြီးနောက် တစ်ပင်တည်းသော ချယ်ရီပင်အောက်သို့ ပြုတ်ကျသွားသည်။ ယခုအချိန်၌ အကြောက်တရားများ ကြီးစိုးလာ၏။ သူသည် သူ့ကြောင့်ဖြစ်ပေါ်ခဲ့သည့် လူပုံသဏ္ဌာန်အပေါက်ကို ကြည့်ပြီး အကြောက်တရားများ ကြီးစိုးလာတော့သည်။

လုကျိုးက အေးအေးလူလူလျှောက်လာ၏။ ပြီးနောက် စွေ့ကနဲ လှုပ်ရှားကာ ယဲ့ကျန်းရှေ့ ရောက်လာသည်။ ပြီးနောက်သူသည် နောက်ထပ်လက်ဝါးရိုက်ချက်ကို သုံးလိုက်၏။

ယဲ့ကျန်းသည် ဖြစ်ပျက်နေတာကို နားမလည်ပေ။

အကြွင်းမဲ့ကောင်းကင်အစီအရင်က အာနိသင်ဆုံးရှုံးသွားတာလား။

လုကျိုးသည် သူ၏ချီပင်လယ်နှင့် ထူးကဲချီသွေးကြောရှစ်ကြောကို ချိပ်ပိတ်ခဲ့တာကို သူတွေ့ခဲ့ရသည်။ လုကျိုးက ထိုကဲ့သို့နည်းစနစ်တစ်ခုကို သုံးနေနိုင်ရသည့် အကြောင်းအရင်းကို သူနားမလည်နိုင်ပေ။

လက်ဝါးစည်းတံဆိပ်သည် ယဲ့ကျန်းကို အငိုက်မိသွားစေပြန်သည်။ သူက နောက်သို့လွင့်ထွက်သွားကာ ခြံဝန်းနှင့်တိုက်မိသွားပြီး တောင်ထွတ်ဆီ လွင့်ထွက်သွား၏။ သူသည် လက်ဝါးစည်းတံဆိပ်ကို အမြန်သုံးကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ ပေတစ်ရာ့ငါးဆယ်ခန့် မြင့်မားသည့် အနီရောင်ကြာစိတ်ဝိညာဉ်သဏ္ဌာန်သည် မြင့်မြတ်မတ်စောက်တောင်တန်း၏ မြောက်ဘက်ခြမ်းကို လင်းထိန်သွားစေသည်။

တပည့်ပေါင်း ထောင်ချီက မော့ကြည့်လာ၏။ ကံမီးတောက်က လောင်ကျွမ်းနေပြီး ကောင်းကင်ကို နီစွေးနေစေသည်။ ၎င်းသည် နေနှင့်လပမာ တောက်ပနေ၏။

ယဲ့ကျန်းသည် မော့မကြည့်တော့ပေ။ သူက လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပြီး ကွန်ဖြူးရှပ်သင်္ကေတများက သူ့နားတစ်ဝိုက်တွင် ပေါ်လာ၏။ ထိုက်ကျိသည် အသွင်နှစ်ခုကို ထုတ်လုပ်ပေးပြီး အသွင်နှစ်ခုသည် ဖြစ်စဉ်လေးခုကို မြင့်တက်စေကာ ဖြစ်စဉ်လေးခုသည် ပါ့ကွားကို မြင့်တက်စေလျက် ပါ့ကွားသည် ကံကြမ္မာကို ဖွဲ့ဆိုသည်။ ထောင်ချီသော သင်္ကေတစည်းတံဆိပ်တို့ ပေါ်ထွက်လာလေ၏။

ထိုစဉ် ယဲ့ကျန်းပေါ်မှ အသံတစ်သံပေါ်ထွက်လာသည်။

“မောင်ရင် မသိကျိုးကျွံပြုထားတဲ့လူက မင်းပဲ”

လုကျိုးသည် သူ့လက်ထဲရှိ အသေရိုက်ချက်ကတ်ကို ခြေမွကာ လက်ဝါးကို ရိုက်ချလိုက်၏။ သူ၏လက်ဝါးသည် ရွှေရောင်အလင်းဖြင့်တောက်ပနေတော့သည်။

တာအိုကိုးပါးဖြတ်တောက်ခြင်း လက်စည်းတံဆိပ်၊ တစ်ခုတည်းသော စိန်စည်းတံဆိပ်၊ မဟာလေကြောင်း ရတနာစည်းတံဆိပ်၊ အပြင်စက်ဝိုင်းဆန်းကြယ်စည်းတံဆိပ်၊ အတွင်းစကားလုံးရှစ်လုံးစည်းတံဆိပ်၊ ကြောက်ရွံ့ခြင်းမဲ့ တံဆိပ်တော်၊ ဗိမာန်စည်းတံဆိပ်၊ ပါ့ကွားစည်းတံဆိပ်၊ မှော်ဘူးသီးခြောက်စည်းတံဆိပ်၊ နေလစည်းတံဆိပ်တို့ ကျရောက်လာ၏။

ငါက ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက်ကို တာအိုအကွက်တွေနဲ့ ဖိနှိပ်နေတဲ့အချိန် ရာရာစစ ရိုင်းပြရဲတယ်ပေါ့

ဘန်း

ပထမဆုံးလက်ဝါးစည်းတံဆိပ်သည် အနီရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဓားပူပူသည် ထောပတ်ကို လှီးဖြတ်သွားသည့်ပမာ ဖြတ်တောက်သွားလေ၏။

ယဲ့ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ညည်းတွားလျက် သွေးတစ်ပွက်အန်၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ပြန်ရုတ်သိမ်းကာ ထွက်ပြေးရန် ကြိုးပမ်းလိုက်သည်။

ဒုတိယမြောက် လက်ဝါးစည်းတံဆိပ်သည် ယဲ့ကျန်းဆီ တိတ်တဆိတ် ချဉ်းကပ်သွားပြီး သူ့ကို မှတ်သားထား၏။

ဘန်း

၎င်းသည် ယဲ့ကျန်း၏ ရင်ဘတ်ပေါ် ကျရောက်သွား၏။

နောက်ထပ် လက်ဝါးစည်းတံဆိပ်နှစ်ခုသည် လိုက်ပါလာပြီး ယဲ့ကျန်း၏ ရင်ဘတ်ပေါ် ဆက်တိုက်ကျရောက်ကာ သူ့ကို ပေအမြင့်တစ်သိန်းကနေ ပြုတ်ကျသွားစေ၏။

ဖုန်း

လက်ဝါးစည်းတံဆိပ်ငါးခုသည် မြေပြင်ကို ရိုက်ချသွား၏။

“တင် ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ ဆုလာဘ် ကုသိုလ်မှတ် ၄၅၀၀”

“နယ်မြေအပိုမရှိဘူးလား” လုကျိုးက ဇဝေဇဝါဖြစ်သွားတော့သည်။

သူက အနီရောင်ကြာနယ်မြေက မဟုတ်ဘူးလား

သို့သော် ယခုက ဤကိစ္စကို စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။ လုကျိုးသည် သူ၏ထူးကဲ ချီသွေးကြော ရှစ်ခုနှင့် ချီပင်လယ်ကို ပြန်ဖွင့်ကာ သူ၏ကျင့်ကြံဆင့်ကို ပြန်လည်ရယူလိုက်သည်။

ထိုစဉ် ကြယ်ပျံအိမ်တော်၏ တပည့်ပေါင်းများစွာက သူ့ဆီသို့ ပျံသန်းလာကြပြီဖြစ်သည်။

…

အခန်း (၇၆၈) ယဲ့ကျန်း၏ လျှို့ဝှက်ချက် အပိုင်း ၂

လက်ရှိအခြေအနေပေါ်မူတည်၍ အသေရိုက်ချက်ကတ်ကို အသုံးပြုမှုက လုကျိုးအတွက် ဆုံးရှုံးမှုကြီး ဖြစ်နေသည်။ သို့သော်လည်း ယဲ့ကျန်းက နောင်အနာဂတ်တွင် ခြိမ်းခြောက်မှုကြီးအဖြစ် ကြီးထွားလာမည်ကို စဥ်းစားလိုက်ရင် တစ်ခါတည်း အမြစ်ဖြတ်ထားသည်က အကောင်းဆုံးအပြုအမူ ဖြစ်၏။

လုကျိုးက အလယ်တောင်ထိပ်၏ မြောက်ဘက်အခြမ်းတွင် ပျံသန်းနေ၏။

တာအို ကိုးပါး ဖြတ်တောက်ခြင်း လက်ဝါးစည်းတံဆိပ်က ထိုနေရာရှိ တပည့်များအား ဆွဲဆောင်သွားသည်။

ထိုအရာက အလယ်တောင်ထိပ်တွင် ရှိနေသည့် ကြယ်ပျံအိမ်တော်၏ အိမ်တော်သခင် ချန်ထျန်းတု၏ အာရုံကိုလည်း ဖမ်းစားသွား၏။ သူက မြင့်မြတ်မတ်စောက်တောင်ဆီ အသံလှိုင်းဖြင့် အော်ပြောလိုက်သည်” အစီအရင်ကို အသက်သွင်းကြ "

လေထုထဲ စွမ်းအင်ပဲ့တင်ထပ်မှု အသံက ထွက်ပေါ်လာသည်။ တစ်ချိန်တည်းဆိုသလို တောင်ထိပ် ၅ခုမှ အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်များစွာကလည်း ပေါ်ထွက်လာကြသည်။

ပေ ၁၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်များစွာက လေ့ကျင့်ရေးအခန်းဆီ အလျင်အမြန် ပျံသန်းလာနေကြ၏။

အလယ်တောင်ထိပ်အထက်တွင် ထူးခြားသည့် စွမ်းအားတစ်ခုက ထွက်ပေါ်လာဟန်ပေါ်သည်။

ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ...

ငါ့ဆီမှာ အသေရိုက်ချက်ကတ် ၁ကတ်ပဲရှိတယ်။ တကယ်လို့ ငါသူ့ကို အဆုံးအစွန်အထိ တိုက်ခိုက်မယ်ဆိုရင်တော့ အခွင့်အရေးရနိုင်တယ်။ ဒါပေမဲ့ ဒီတောင်ထိပ် ၅ခုရဲ့ အစီအရင်က ထူးဆန်းတယ်။...

လုကျိုးက မြင့်မြတ်မတ်စောက်တောင်ထိပ်တွင် နေသည်က အကျိုးရှိလိမ့်မည်ဟု မထင်ပေ။ သို့သော်လည်း သူက သူ့ဆီ ဦးတည်လာနေသည့် ကုသိုလ်ရမှတ်များကို မြင်သည့်အခါ နေဖို့ရာသာ ရည်ရွယ်လိုက်၏။

ဝှစ် ဝှစ် ဝှစ်

တာအိုသွေးကြောအစီအရင်က ဖွဲ့စည်းလာသော်လည်း လုကျိုး၏ ထူးခြားအံ့ဖွယ် စွမ်းအားကို ကန့်သတ်ထားခြင်းမရှိပေ။

ထားလိုက်ပါတော့။ ငါ ဒီကနေ ထွက်သွားသင့်ပြီ...

လုကျိုးက အတိတ်ဘဝ၏ စွမ်းအားကို ထပ်မံ ထုတ်သုံးလိုက်သည်။ သူ့ထူးခြားအံ့ဖွယ်စွမ်းအားဖြင့် သူသည် မဟာနည်းစနစ်ကို ထုတ်သုံးကာ မြောက်ဘက်ဆီ ဦးတည်ရွေ့လျားလိုက်၏။

ထိုစဥ် ယဲ့ကျန်း ကျရောက်ရာ နေရာသို့ တပည့်အယောက် ၁၀၀၀ ရောက်ရှိလာကြသည်။

ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန်များစွာက ကောင်းကင်အထက်မှ မြောက်ဘက်ဆီ ပျံသန်းသွားသည့် အပြာရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ ဤသည်က နေဝင်ခြင်းကြောင့်လား သို့မဟုတ် ညနေပိုင်း မြူခိုးကြောင့်လား မသိသော်လည်း အများစုက ကောင်းကောင်းမမြင်လိုက်ရပေ။

" တစ်ယောက်ယောက် ကျူးကျော်လာပြီ။ သူတို့နောက် လိုက်ကြ”

ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဥ်သဏ္ဌာန် ၅ခုက အပြာရောင် အလင်းတန်းနောက်သို့ လိုက်ဖမ်းကြသည်။

ထိုစဥ် အဆင့်မြင့် ကျင့်ကြံသူများစွာက သူတို့နောက်မှ လိုက်ပါလာကြ၏။

တခြားသော တပည့်များအတွက်မူ သူတို့က ယဲ့ကျန်း လဲလျောင်းရာ မြေတွင်းနားသို့ ရောက်ရှိလာကြသည်။

" ဘာဖြစ်တာလဲ "

ရုတ်ရုတ်သည်းသည်းဖြစ်မှုက ကြီးမားလွန်းသည့်အတွက် သူတို့က အလျင်အမြန် ရောက်ရှိလာသည့်အခါ ဝေဝေဝါးဝါး ပုံရိပ်တစ်ခု၊ ဧရာမ လက်ဝါးစည်းတံဆိပ်များနှင့် ယဲ့ကျန်း၏ ပြုတ်ကျလာသည့် အနီရောင် စိတ်ဝိညာဥ်သဏ္ဌာန်ကိုသာ မြင်လိုက်ရသည်။

" ငါ့မျက်လုံးတွေက လှည့်စားနေတာ မဟုတ်ရင် ကောင်းကင်ကနေ ရိုက်ချခံလိုက်ရတဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက … အကြီးအကဲယဲ့လို့ ထင်တယ်”

" မဖြစ်နိုင်ဘူး။ အကြီးအကဲယဲ့က ရိုက်ချလိုက်တာပဲ ဖြစ်မယ်”

ထိုစဥ် မြင့်မြတ်မတ်စောက်တောင်ပေါ်ရှိ အစီအရင်များက ပြီးပြည့်စုံသွားပြီဖြစ်ကာ တစ်နေရာလုံးကို လွှမ်းခြုံထားသည်။

တာအိုသွေးကြောများက ကောင်းကင်အထက် လွှမ်းမိုးသွား၏။

ထိုစဥ် မြေတွင်းအစွန်းရှိ တပည့်တစ်ဦးက ပြောလိုက်သည်” ဒီမှာ ဘယ်သူမှ မရှိဘူး "

လူသားပုံစံမြေတွင်းမှလွဲ၍ မည်သူကမှ ဘာမှမမြင်ရပေ။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အနီရောင်ကြာကျင့်ကြံသူက ကောင်းကင်ကနေ ပြုတ်ကျလာတာကို မြင်လိုက်ရတယ်။ အနီရောင်ကြာ ကျင့်ကြံသူဆိုတာ သေချာတယ်” တပည့်တစ်ယောက်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

တခြားတပည်များကလည်း စိတ်ရှုပ်ထွေးနေကြ၏။

တချို့က မြေတွင်းအတွင်း ခုန်ဆင်းလိုက်သော်လည်း ဘာမှရှာမတွေ့ကြပေ။

" ထူးဆန်းလိုက်တာ။ ဘာလို့ ဘယ်သူမှ မရှိရတာလဲ”

" အဲဒါဆို အလယ်တောင်ထိပ်ကနေ ပျံသန်းသွားတာက အကြီးအကဲယဲ့များ ဖြစ်နေမလား "

တခြားသူများကလည်း ထိပ်လန့်သွားကြသည်။

နတ်ဝိညာဥ်ဝဋ်ကြွေးချေ ကျင့်ကြံသူ အများစုက အလယ်တောင်ထိပ်ဆီ ပျံသန်းလာကြပြီး ခြံဝန်းရှေ့ ဆင်းသက်လိုက်ကြသည်။

သူတို့က လူသားအသွင် အပေါက်ကြီး၊ သစ်သားနံရံပေါ်ရှိ အပျက်အစီးများနှင့် ချယ်ရီသစ်ပင်ကို မြင်လိုက်ရသည်။

တပည့်များက လေ့ကျင့်ရေးအခန်းသို့ မြန်မြန်ဝင်ကာ ဦးညွှတ်လိုက်ကြ၏” အကြီးအကဲယဲ့ကို ဂါရဝပြုပါတယ် "

သို့သော်လည်း သူတို့က တိတ်ဆိတ်မှုနှင့်သာ စောင့်ကြိုခြင်း ခံလိုက်ရသည်။

သူတို့က စိတ်ရှုပ်ထွေးနေကြ၏။ အကြီးအကဲယဲ့၏ ကျင့်ကြံဆင့်ဖြင် ရုတ်ရုတ်သည်းသည်းဖြစ်သည်ကို လွတ်သွားစရာ အကြောင်းမရှိပေ။ သူတို့က သတ္တိစုစည်းကာ လေ့ကျင့်ရေးအခန်းနား သွားလိုက်ကြသည်။

အလယ်တောင်ထိပ်တွင် စည်းမျဉ်းများရှိ၏။ တိုက်ရိုက်တပည့်မှလွဲ၍ ယဲ့ကျန်း၏ ခွင့်ပြုချက်ဖြင့် မည်သူကမျှ လေ့ကျင့်ရေးအခန်းနား ချဉ်းကပ်ခွင့် မရှိပေ။ ထို့ကြောင့် တပည့်များက လေ့ကျင့်ရေးအခန်းနား ရောက်လာသည့်အခါ အင်မတန် သတိထားထားကြသည်။

ထိုစဥ် ဘေးတံခါးတစ်ခု ရုတ်ခြည်း ပွင့်လာ၏။ ထိုသူက ယဲ့ကျန်း၏ တိုက်ရိုက်တပည့် ကျန့်ရှောင်ရှန်း ဖြစ်၏” ထွက်သွားကြ "

တပည့်များက ကြောင်အမ်းသွားကြသည်။ သူတို့က ပုံမှန်ဆိုလျှင် ကျန့်ရှောင်ရှန်းကို မေးခွန်းထုတ်ကြမည်မဟုတ်ပေ။ သူတို့က အလျင်အမြန် ဦးညွှတ်လိုက်ပြီးသည့်နောက် ထွက်သွားကြ၏။

" မင်းတို့ကို ပြောမယ်။ ငါ့ဆရာရဲ့ လေ့ကျင့်ရေးအခန်းကို ကျူးကျော်လာတဲ့သူတိုင်း အပြင်းအထန် ပြစ်ဒဏ်ပေးခံရမယ် " ကျန့်ရှောင်ရှန်းက ခက်ထန်စွာ ပြောလိုက်သည်။

တခြားသူက တုန်တုန်ယင်ယင်ဖြင့် ထွက်သွားကြ၏။

ကြယ်ပျံအိမ်တော်၏ တပည့်များ ထွက်သွားပြီးသည့်နောက်တွင် ကျန့်ရှောင်ရှန်းက လေ့ကျင့်ရေးအခန်းသို့ ဝင်ရောက်ကာ တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်သည်။ သူ့မျက်နှာက ချွေးများထွက်လာ၏။

သူက မှုန်မှိုင်းမှိုင်းအမူအရာဖြင့် ရေရွတ်လိုက်သည်” မုန့်ချန်းသုံက ငါ့ဆရာကို သတ်နိုင်စွမ်း ရှိနေတာလား "

...

ထိုစဥ် မြင့်မြတ်မတ်စောက်တောင်ရှိ မြောက်ဘက်ရှိ တောအုပ်အတွင်း

နေရောင်ကို သစ်ပင်များက ကာဆီးထားသည်။ ယခုအခါ ပိုမိုမှောင်လာပြီဖြ စ်၏။

သစ်ပင်ကြီးအောက်တွင် ယဲ့ကျန်းက သူ့ကိုယ်သူ လက်တစ်ဖက်ဖြင့် ထောက်ကာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူက ပြင်းထန်စွာ အသက်လုရှူနေရင်း သစ်ပင်ကို မှီထားလိုက်၏။ သူက မော့ကြည့်လိုက်သည့်အခါ ကြယ်ပျံအိမ်တော်ရှိ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက လုကျိုးနောက်မှ လိုက်လာသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း ယခုအခါ ရှာမတွေ့တော့ပေ။

" ခင်ဗျားက ဘယ်သူလဲ " ယဲ့ကျန်းက ဖြည်းဖြည်းချင်းချင်း တည်ငြိမ်သွားပြီ ဖြစ်၏။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့ကွန်ဖြူးရှပ်ဝတ်ရုံပေါ်မှ ဖုန်များကို ဖယ်ရှားလိုက်သည်။

ယခုအခါ သန့်ရှင်းသွားပြီ ဖြစ်၏။ ထို့နောက် သူက မတ်မတ်ထိုင်လိုက်သည်။ ထိုသို့ဆိုလျှင်ပင် သူ့ဝတ်ရုံမှာ သွေးများ စွန်းထင်းနေလေ၏။ အကြောင်းရင်းတချို့ကြောင့် သွေးများက သူ့အား စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သူက ထိုအရာကို ဖယ်ရှားကာ လွင့်ပစ်လိုက်၏။

ဝှစ်

သူ့ကံမီးတောက်က ပေါ်ထွက်လာကာ သူ့ဝတ်ရုံကို ပြာဖြစ်သွားစေသည်။ သူက အဖြူရောင်ဝတ်စုံနှင့်သာ ကျန်ရှိတော့၏။

သူက ဝတ်စုံကို သပ်သပ်ရပ်ရပ်ပြင်ပြီးသည့်နောက်တွင် တည်ငြိမ်သွားလေ၏။ ထို့နောက် သူက တင်ပျဥ်ခွေထိုင်ကာ အသက်ရှူနှုန်းကို ပုံမှန်ဖြစ်အောင် လုပ်လိုက်သည်။

...

ထိုစဥ် မြင့်မြတ်မတ်စောက်တောင်၏ အစီအရင်မှ ထွက်လာပြီးသည့်နောက် လုကျိုးက မြောက်ဘက်ဆီ ဦးတည်ကာ တောအုပ်တစ်ခုအတွင်း ဝင်ရောက်လိုက်သည်။ သူက ဆက်လက် မပျံသန်းတော့ပေ။ ထို့အစား တောအုပ်အတွင်း ကျန်ရှိနေ၏။

သိပ်မကြာခင် ကြယ်ပျံအိမ်တော်မှ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ၅ယောက်က သူ့အား အမှီလိုက်လာကာ ဝိုင်းထားကြ၏။

" ခင်ဗျားက ဘယ်သူလဲ။ ကြယ်ပျံအိမ်တော်ဆီ ဘယ်လို ကျူးကျော်လာရဲတာလဲ”

လုကျိုးက ဖြည်းဖြည်းချင်း သူတို့ကို လှည့်ကြည့်လိုက်သည်။

၅ယောက်က အံ့အားသင့်သွားကြ၏။

" အကြီးအကဲမုန့်လား "

" မင်းတို့က ငါ့ကို လိုက်ဖမ်းတာလား "

လုကျိုး၏ အမူအရာ၊ စကားပြောဆိုပုံ၊ အကြည့်နှင့် အပြုအမူတို့က မုန့်ချန်းသုံနှင့် ကွဲပြားနေသည်။

" မုန့်ချန်းသုံ ဒါက ဘာသဘောလဲ။ ဒီလို အနှောင့်အယှက် လုပ်ပြီးတဲ့နောက်မှာ အကြီးအကဲယဲ့ဆီကို ဘယ်လိုရှင်းပြမှာလဲ”

" အကြီးအကဲမုန့် အလယ်တောင်ထိပ်ရဲ့ မြောက်ဘက်က ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန်က ခင်ဗျားဟာမလား။ ဘာလို့ အဲ့လို လုပ်ခဲ့တာလဲ”

၅ယောက်က လုကျိုးအား မေးခွန်းထုတ်လာကြသည်။

လုကျိုး၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေ၏။ သူ့သဘောထားက ယဲ့ကျန်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။

သူက လက်မြှောက်လိုက်ပြီးသည့်နောက်တွင် လေထဲတွင် ရွှေရောင်လက်ဝါးစည်းတံဆိပ်များ ထွက်ပေါ်လာ၏” မင်းတို့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတွေက ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့ "

ကျင့်ကြံသူ ၅ယောက်က အံ့အားသင့်သွားကြသည်။

လုကျိုးက ရှေ့တိုးလာ၏။ သူ့ခြေလှမ်းတိုင်းတွင် ခြေထောက်အောက်မှ ရွှေကြာမှ ပွင့်ချပ်တစ်လွှာ ထွက်ပေါ်လာသည်။ သိပ်မကြာခင် ပွင့်ချပ်ကိုးလွှာက ရွှေရောင်မီးတောက်နှင့်အတူ တောက်ပလာသည်။

" ရွှေကြာ ကံစွမ်းအားပဲ။ သွားပြီ သွားပြီ။ ထွက်ပြေးကြ”

လုကျိုးက ထိုလူများက သူ့ထံ သူတို့အသက်များ လိုလိုလားလား ပေးအပ်လာမည်ကို ငြင်းဆန်မည် မဟုတ်ပေ။

ယဲ့ကျန်းကို ဒဏ်ရာပေးကာ ထွက်ပြေးသွားသည့် တစ်စုံတစ်ယောက်နောက် လိုက်ဖမ်းသည်ဟု တွေးခဲ့ကြသည့် ၅ယောက်က အဘက်ဘက်သို့ ထွက်ပြေးကြသည်။

ဘန်း

ရွှေရောင်စည်းတံဆိပ်တစ်ခုက ကျင့်ကြံသူတစ်ခုစီ ကျရောက်သွားကာ သူ့အား ပြုတ်ကျသွားစေသည်။ သူက လေထဲတွင် အလျင်အမြန် ကျွမ်းထိုးလိုက်ပြီးသည့်နောက် မော့ကြည့်လိုက်သည့်အခါ မမေ့နိုင်သည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။

လုကျိုးက ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ရွှေရောင် ကံမီးတောက်က ဝင့်ဝင့်စွားစွား တောက်ပနေ၏။ လေထဲတွင် ထူးကဲသည့် လေးနှင့်မြှား ထွက်ပေါ်လာသည်။ သူက လေးနှင့် မြှားကို လက် ၅ချောင်းဖြင့် ကိုင်ဆောင်ထားပြီး တခြားလက်ကမူ ကြိုးကို ဆွဲလိုက်သည်။ လေးက အပြာရောင်အလင်းတန်းဖြင့် တောက်ပသွားပြီးနောက် မီးတောက်ပါ ထွက်ပေါ်လာသည်။

ဝှစ် ဝှစ် ဝှစ် ဝှစ်

စွမ်းအင်မြှားလေးခုက တည်နေရာလေးခုသို့ ပစ်လွှတ်လိုက်သည်။

လုကျိုးက ချုပ်တည်းမထားပေ။ သူက ထူးခြားအံ့ဖွယ် စွမ်းအားတစ်ဝက်ကို အသုံးပြုပြီး စွမ်းအင်မြှားလေးခုထံ ပိုင်းခြားပေးခဲ့သည်။ တစ်ချိန်တည်းဆိုသလို သူက ကံမီးတောက်ဖြင့် လွှမ်းခြုံထားလိုက်၏။ သူ့ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်ပါ ထည့်ပေါင်းလိုက်လျှင် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများက ထိုမြှားကို ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။

လုကျိုးက ကျင့်ကြံသူများကို မကြည့်တော့ပေ။ သူ့စိတ်ဝိညာဥ်သဏ္ဌာန်နှင့် လေးအဖြစ် ပြောင်းသွားသည့် အမည်မဲ့က ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းဆိုသလို ရွှေကြာမီးတောက်နှင့် အပြာရောင် အလင်းတန်းကလည်း ပျောက်ကွယ်သွား၏။ နောက်ဆုံးတွင် သူက မူလသွင်ပြင်သို့ ပြန်ရောက်ရှိသွားသည်။

မီတာ ၁၀၀ အဝေးတွင် ရွှေရောင်လက်ဝါး စည်းတံဆိပ်ဖြင့် ထိမှန်ထားသည့် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ဦးကသာ ထိုအမျိုးသားအား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေလေသည်။

All Chapters