အခန်း (၇၈၄-၇၈၆)
Vol. 53 Ch. 784-786
အခန်း (၇၈၄) မိစ္ဆာဝေဟင်မျှော်နန်း၏ ပုံစံ
" ခင်ဗျားတို့က ပြဿနာလာရှာတာလား " တပည့်က အံ့အားသင့်သွားသည်။
ထျန်းပုကျိနှင့် ယောင်ချင်းချွမ်တို့က စစ်ခုန်ပေချန်းနှင့် လုကျိုးတို့အား လှည့်ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးက ပြန်မဖြေပေ။
ထိုစဥ် ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏” ဟုတ်တယ်။ အဲဒါကြောင့် ဒီရောက်နေတာပဲ "
" ... "
မည်သူကမှ ထိုသို့ တဲ့တိုးဆန်ဆန် အဖြေကို မျှော်လင့်မထားကြပေ။
ကျင့်ကြံရေးလောကတွင် အားလုံးကြောက်ရွံ့ရသည့် နဝမမြောက်ဘုံကျောင်းပင် ကိစ္စများ ဆောင်ရွက်သည့်အခါ ဤသို့ တဲ့တိုးမဆန်ပေ။
သို့သော်လည်း ဤသည်က ကွေ့ပတ်ပြောနေသည်ထက် ပို၍ စိတ်လှုပ်ရှားဖို့ ကောင်းလေသည်။
တပည့်၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး သူ့နောက်မှ လူများကို လက်ဝှေ့ကာ ပြောလိုက်၏” ဒီမှာ စောင့်နေ။ ငါ ဂိုဏ်းချုပ်ကို သွားပြီး အကြောင်းကြားလိုက်မယ်”
" ခဏနေအုံး "
တပည့်များက အံ့အားသင့်သွားကြ၏။
ယွီရှန်းရုန်က လှည့်ကြည့်လိုက်ပြီး သူ့ရှစ်စွင်းထံ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
” ရှစ်စွင်း ကျွန်တော် ဒီအသေးအဖွဲ့ကိစ္စကို ကိုင်တွယ်လိုက်ရမလား”
" လုပ်လိုက် "
ယွီရှန်းရုန်က ခေါင်းညိတ်ကာ ပျံသန်းထွက်လာ၏။
စစ်ခုန်ပေချန်းက မေးလိုက်သည်။
”အစ်ကိုလု … အစ်ကိုလုက တပည့်တွေအပေါ်မှာ ယုံကြည်လှချည်လား။ သူတို့တွေ အလွန်အကျွံ ဖြစ်သွားမှာ မစိုးရိမ်ဘူးလား”
" ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပုံစံပဲ " လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။
” ဘာဖြစ်ဖြစ် သူတို့က ငါ့တပည့်တွေပဲလေ”
ခဏအကြာတွင် သူက တခြားတပည့်များအား ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏။
” သွားကြ။ ကောင်းကင် ပြုတ်ကျလာရင်တောင် ငါ ထိန်းပေးထားမယ်”
" ... "
ထိုစကားများက မိစ္ဆာဝေဟင်မျှော်နန်းရှိ တပည့်များ၏ ယုံကြည်ချက်အရင်းအမြစ် ဖြစ်ဟန်ပေါ်သည်။
...
ယွီရှန်းရုန်က ထျန်းပုကျိနှင့် ယောင်ချင်းချွမ်တို့ ရှေ့တွင် ပျံသန်းလာလိုက်သည်။ သူက တိမ်တိုက်တောင်မှ တပည့်များအား ကြည့်ကာ ပြောလိုက်၏။
”ငါတို့က ပြဿနာရှာဖို့ ရောက်နေတာဆိုတော့ တခြားသူတွေကို ဘာလို့ အကြောင်းကြားနေဖို့ လိုအုံးမှာလဲ။ ရှေ့ကနေ လမ်းပြ "
" ခင်ဗျား... "
ချွင်
ယွီရှန်းရုန်၏ သက်တော်ရှည်ဓားက ဓားအိမ်မှ ထွက်ပေါ်လာသည်။
ဝှစ် ဝှစ် ဝှစ်
သူက သက်တော်ရှည်ဓားကို ထိန်းချုပ်လိုက်၏။
ဓားက နေရောင်အောက်တွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး တိမ်တိုက်တောင်ရှိ တပည့်များဆီ ပျံသန်းသွားကာ ဓားအိမ်ဆီ ပြန်လည် ဝင်ရောက်သွားသည်။ ထိုသို့ဖြင့် တပည့်များ၏ ခေါင်းများက ပြတ်တောက်သွား၏။
" လမ်းပြ "
၁၂ဂိုဏ်း၏ တပည့်များက ထိုမြင်ကွင်းကြောင့် ကြောက်လန့်တကြား ဖြစ်သွားကြကာ ပြောသည့်အတိုင်း လုပ်ဆောင်လိုက်ကြသည်။
ရထားလုံးပျံက တပည့်များနောက်မှ ပင်မတောင်ထိပ်ဆီ လိုက်ပါလာ၏။
ထိုစဥ် တိမ်တိုက်ရင်ပြင်ရှိ တပည့်များက သူတို့ မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်နေကြသည်။ သူတို့က ချက်ချင်းဆိုသလို ပျံသန်းလာပြီး ရထားလုံးပျံကို ဝိုင်းထားလိုက်ကြ၏။
ယွီရှန်းရုန်၊ ထျန်းပုကျိနှင့် ယောင်ချင်းချွမ်တို့က ရထားလုံးပျံအတွင်း ပြန်လည်ဝင်ရောက်သွားကြသည်။
တခြားသူများက ထိုအရာကို မြင်သည့်အခါ တအံ့တသြဖြစ်နေကြ၏။
ထျန်းပုကျိနှင့် ယောင်ချင်းချွမ်တို့အတွက် အထူးသဖြင့် မှန်ကန်ပေသည်။ သူတို့က သူများကို အနိုင်ကျင့်ရသည်ကို မခံစားရသည်မှာ မည်မျှကြာမြင့်ပြီမှန်း မသိတော့ပေ။
ယောင်ချင်းချွမ်က နဝမမြောက်ဘုံကျောင်း၏ ဆရာတော်တစ်ပါး ဖြစ်သည့်အတွက် အတိတ်တွင် အနိုင်ကျင့်ခံခဲသည်။ သို့သော်လည်း ထျန်းပုကျိကမူ ကွဲပြား၏။ မိုးမခတစ်ထောင်ဘုရားကျောင်းက တခြားသူများ၏ နှိပ်ကွပ်မှုကို အမြဲလိုလို ခံရလေ့ရှိကာ ထိုပြက်ရယ်မှုများ၏ ပစ်မှတ် ဖြစ်လေ့ရှိသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းလိုမျိုး အားကြီးကြီး ပြုမူနိုင်ဖို့ ဆုတောင်းမိသည်မှာ အမှန်ပင် ဖြစ်၏။
တပည့်များစွာက တိမ်တိုက်ရင်ပြင်ဆီ ပျံသန်းလာကြ၏။
အကြီးအကဲတစ်ယောက်က ခန်းမအတွင်း ဝင်ရောက်လာကာ ပြောလိုက်သည်။
” ဂိုဏ်းချုပ် နဝမမြောက်ဘုံကျောင်းရဲ့ ရထားလုံးပျံက ကျုပ်တို့ အကာအရံထဲ ဝင်ရောက်လာတယ်”
နျဲ့ချင်းယွင်က မျက်မှောင်ကြုတ်လိုက်၏။ သူက ထရပ်ကာ ခန်းမမှ ထွက်လာလိုက်သည်။
" ရဲတင်းလိုက်တာ "
သူက လှုပ်ရှားမှုနှင့်အတူ ဆယ်မီတာအမြင့်တွင် ပေါ်ထွက်လာသည်။
နျဲ့ချင်းယွင်နောက်တွင် မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အကြီးအကဲ ၁၂ဦး ပါလာသည်။ သူတို့က ဖြည်းဖြည်းချင်း ဆင်းသက်လာသည့် ရထားလုံးပျံကို ကြည့်လိုက်ကြ၏။
နျဲ့ချင်းယွင်က အသံကို မြှင့်ကာ ပြောလိုက်သည်။
”စစ်ခုန်ပေချန်း ခင်ဗျားက အတော် သတ္တိကောင်းနေတာပဲ "
"နျဲ့ချင်းယွင် ငါက မင်း ပိုင်နက်ထဲကို လာတာကို မင်းက အခွံထဲမှာ ပုန်းနေတဲ့ လိပ်တစ်ကောင်လို လုပ်နေအုံးမှာလား " ရထားလုံးပျံမှ အသံတစ်သံ ထွက်ပေါ်လာ၏။
ထိုစကားများက တိမ်တိုက်တောင်ရှိ ၁၂ဂိုဏ်း၏ တပည့်များကို ဒေါသထွက်သွားစေသည်။
နျဲ့ချင်းယွင်က လက်ကို ဝှေ့လိုက်သည်။ သူ့အနောက်မှ အကြီးအကဲ ၁၂ ဦးက ပျံသန်းလာပြီး ရထားလုံးပျံဆီ ချီတက်လာကြသည်။
...
ထိုစဥ် တိမ်တိုက်တောင်၏ တခြားတစ်ဘက်တွင်
ယဲ့ကျန်းက ရထားလုံးပျံငယ်အတွင်း ထိုင်နေလေ၏။
ကျန့်ရှောင်ရှန်းက ဦးညွတ်ကာ ပြောလိုက်သည်။
” ရှစ်စွင်း သူတို့က မကြာခင် တိုက်ခိုက်ကြတော့မယ် "
" အရမ်းကောင်းတယ် "
" ရှစ်စွင်းရဲ့ နည်းဗျူဟာတွေက တကယ့်ကို အမြင်ကျယ်စေခဲ့တယ်။ သူတို့ အဖွဲ့ ၃ဖွဲ့က ဘယ်လိုပဲ လှုပ်ရှားရှား ရှစ်စွင်းကပဲ အကျိုးအမြတ် ရလိမ့်မယ် " ကျန့်ရှောင်ရှန်းက ဝင်ပြောလိုက်သည်။
" ဒါက ဘာမှဂုဏ်ယူနေစရာ မဟုတ်ဘူး။ တစ်ဖက်လူကို တိုက်ပွဲတိုက်စရာ မလိုဘဲ အားနည်းအောင် လုပ်တာက အမြဲလိုလို နည်းလမ်းကောင်းပဲ။ ဒါပေမဲ့ လူအိုကြီးလုက ပေါ်ထွက်လာလိမ့်မယ်လို့ ထင်မထားမိဘူး” ယဲ့ကျန်းက ပြောလိုက်သည်။
" ကျွန်တော်တို့တွေ ဒီအခွင့်အရေးကို သိမ်းပိုက်ပြီးတော့ မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်လိုက်ကြမလား "
" မလိုဘူး " ယဲ့ကျန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်” အရင်ဆုံး မိုးမခတစ်ထောင် ဘုရားကျောင်းထဲက လူတွေက ပါမွှားတွေ။ ဒုတိယအနေနဲ့ ငါက လုမျိုးရိုးနဲ့ အလုပ်တွဲလုပ်ချင်တယ်။ တတိယအနေနဲ့ သူတို့က ဒီကို လာရဲအောင် သတ္တိကောင်းတယ်ဆိုတော့ ငါက ကြားထဲကနေ အကျိုးအမြတ် ဝင်ယူပေးရမှာပေါ့။ ဒီနည်းနဲ့ဆိုရင် ငါက မိုးမခတစ်ထောင်ဘုရားကျောင်းကို ရှင်းထုတ်နိုင်လိမ့်မယ်”
" ရှစ်စွင်း ဒါက တကယ့်ကို အကြံအစည်ကောင်းပဲ။ ကျွန်တော်တော့ အများကြီး သင်ယူခဲ့ရပါတယ်”
...
တိမ်တိုက်တောင်၏ ၁၂ဂိုဏ်းမှ အကြီးအကဲများက လက်ဟန်စည်းတံဆိပ်များကို အဆင်သင့်ပြင်ကာ ပျံသန်းလာကြသည်။
" ထွက်သွားစမ်း " မိုးခြိမ်းလုမတတ် အသံလှိုင်းနည်းစနစ်တစ်ခု ထွက်ပေါ်လာကာ အကြီးအကဲများက မိုးကြိုးချက်ဖြင့် ထိမှန်သလိုမျိုး ခံစားရပြီး လွင့်စဉ်သွားသည်။ သူတို့က မျက်နှာပင် သွေးလျော့သွားသကဲ့သို့ ဖြူဖျော့သွား၏။
နျဲ့ချင်းယွင်က ရထားလုံးပျံကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်၏။
စစ်ခုန်ပေချန်းက ဒီလို အားကောင်းတဲ့ အသံလှိုင်းနည်းစနစ်ကို ဘယ်တုန်းက ကျွမ်းကျင်သွားတာလဲ …
ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူက သူ့အကြီးအကဲတွေကို နှင်ထုတ်ဖို့ မခက်ခဲပေမဲ့ ဤမျှ မလွယ်ကူသင့်ပေ။
စစ်ခုန်ပေချန်း၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
” နျဲ့ချင်းယွင် မင်းက ငါ့ကို ရန်စထားပေမဲ့ ငါက ဘာမှရန်ကြွေး မထားခဲ့ဘူး။ ဒါပေမဲ့ မင်းက အစ်ကိုလုကိုတောင် ရန်စရဲတယ်လို့ ထင်နေတာလား”
" အစ်ကိုလုလား " နျဲ့ချင်းယွင်က ပို၍ စိတ်ရှုပ်ထွေးသွားမိသည်။ ထိုစဥ် သူက ရထားလုံးပျံမှ စစ်ခုန်ပေချန်းနှင့်အတူ ထွက်လာသည့် မသေမျိုးအရှိန်အဝါ ရှိသည့် လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သူက အနောက်ဘက်တွင် ဓားမော့ အသုံးပြုသူ၊ ဓားသမားတစ်ယောက်နှင့် မိန်းကလေး ၂ယောက်ကိုပင် မြင်လိုက်ရသည်။ သိပ်မကြာခင် ရထားလုံးပျံမှ တခြားသူများကလည်း ဆင်းလာကြ၏။
သူတို့က နျဲ့ချင်းယွင်နှင့် ရင်ဘောင်တန်းကာ ရပ်နေသည်။
နျဲ့ချင်းယွင်က စစ်ခုန်ပေချန်းနှင့် သမိုင်းကြောင်းရှည်ကြီး ရှိခဲ့ဖူးသည်။ ထို့ကြောင့် သူက ဆရာတော် ၉ ပါးနှင့် ရင်းနှီး၏။ သူက အဖွဲ့ကို မြင်လိုက်သည့်အခါ ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့မှ လွဲ၍ တခြားသူများက သူစိမ်းဖြစ်ကြောင်း သိလိုက်ရသည်။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် စစ်ခုန်ပေချန်းအနားရှိ လူအိုကြီးဆီမှ ထွက်ပေါ်နေသည့် ထူးခြားအံ့ဖွယ် အငွေ့အသက်ကို ခံစားမိလေသည်။ သူက လက်နှစ်ဖက်ယှက်ကာ မေးလိုက်၏။
” ခင်ဗျားက ... "
လုကျိုးက နျဲ့ချင်းယွင်ကို ပြန်မဖြေပေ။ ထို့အစား သူက မေးလိုက်သည်။
” ယဲ့ကျန်းက ဘယ်မှာလဲ "
" ယဲ့ကျန်းက ဒီမှာ မရှိပါဘူး။ တကယ်လို့ သူ့ကို တွေ့ချင်ရင် ကြယ်ပျံအိမ်တော်ဆီ သွားသင့်တယ်”
နျဲ့ချင်းယွင်က ထိုလူအိုကြီးဆီမှ ရန်လိုမှုကို ခံစားမိလေသည်။ စစ်ခုန်ပေချန်းက သူ့အား အဖော်ပြုလာသည့်အတွက် ထိုလူအိုကြီးက မရိုးရှင်းမှန်း သိသာလှ၏။
" မင်းလုပ်လိုက် " လုကျိုးက လက်တစ်ဖက်ကို နောက်ပစ်ကာ လက်တစ်ဖက်ဖြင့် မုတ်ဆိတ်သပ်လိုက်ပြီး ပြောလိုက်သည်” ငါက ကွေ့ပတ်ပြောရတာကို သဘောမကျဘူး။ နားလည်လား”
" ... "
ဒီလေသံ၊ ဒီအပြုအမူ၊ ဒီအငွေ့အသက်မျိုး...
တိမ်တိုက်တောင်၏ ၁၂ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များက သူတို့ ဂိုဏ်းချုပ်အပေါ် ပြုမူသည့် လုကျိုး၏ ဆက်ဆံပုံကြောင့် ဒေါသထွက်သွားကြသည်။
အကြီးအကဲများက ထပ်မံ ပျံသန်းလာကြ၏။ သူတို့က စကားပြောတော့မည့်ဆဲဆဲတွင် နျဲ့ချင်းယွင်က လက်ဟန်ပြကာ တားလိုက်သည်။
” နောက်ဆုတ်ကြ "
" ဂိုဏ်းချုပ် "
" ငါ ပြောနေတယ် နောက်ဆုတ်ကြ။ ငါ့အမိန့်က အခုအဓိပ္ပာယ်မရှိဘူးလား” နျဲ့ချင်းယွင်းက ဂိုဏ်းချုပ်ဖြစ်ရသည့် အကြောင်းအရင်းလည်း ရှိပေသည်။
အကြီးအကဲ ၁၂ယောက်က သတိထားကာ နောက်ဆုတ်လိုက်ကြ၏။
နျဲ့ချင်းယွင်က စစ်ခုန်ပေချန်း၏ မျက်ဝန်းမှ အပြုံးကို မြင်လိုက်ရသည်။ သူက တည်တည်ငြိမ်ငြိမ် ထိန်းကာ လက်နှစ်ဖက်ယှက်ကာ မေးလိုက်သည်။
” ဆရာကြီး ခင်ဗျားက ယဲ့ကျန်းအတွက် ရောက်လာတာလား "
" ယဲ့ကျန်းက ငါ့ကို စကားပြောဖို့ ဒီကို ဖိတ်ထားတယ်။ မင်းက အဲဒါကို မသိဘူးလား” လုကျိုးက မေးလိုက်သည်။
နျဲ့ချင်းယွင်က ပြန်ဖြေလိုက်၏။
” အဲ့ကိစ္စကို ကျုပ်တကယ် မသိထားတာပါ "
ရှားချန်ချိုးက ပြောလိုက်သည်။
” ရှဲ့ရွှမ်းက မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်ဖို့ တပည့်တွေကို ဦးဆောင်လာခဲ့တယ်။ ခင်ဗျားက အဲဒါကို ဘယ်လိုရှင်းပြမှာလဲ "
နျဲ့ချင်းယွင်က ထိုစကားကို ကြားပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်” ခင်ဗျားက ဘယ်သူလဲ "
" မိုးမခတစ်ထောင်ဘုရားကျောင်းရဲ့ကျောင်းထိုင် ရှားချန်ချိုး " ရှားချန်ချိုးက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ သူက အားကောင်းသည့်သူ နောက်ခံရှိထားသည်မှာ တကယ်ကို ခံစားချက်ကောင်းလှသည်။
ဘေးဘက်မှ အကြီးအကဲတစ်ယောက်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
” အဲ့ဆိုတော့ ခင်ဗျားက အဲဒီအားနည်းတဲ့ ကျောင်းထိုင်ကိုး။ ခင်ဗျားက ဂိုဏ်းချုပ် စကားပြောနေတုန်း ဖြတ်ပြောခွင့် မရှိဘူး”
မိုးမခတစ်ထောင်ဘုရားကျောင်းက အားနည်းလွန်းလှ၍ မည်သူကမဆို ပြက်ရယ်ပြုနိုင်သည်။
အားကောင်းဆုံးလူကသာ ရှင်သန်နိုင်သည်ဟူသော ကမ္ဘာတွင် ရှေးခေတ်အချိန်ကတည်းက ဤသို့သော သဘောတရားကနေ လွတ်မြောက်မည့်သူ မည်သူများ ရှိမည်နည်း။
…
အခန်း ( ၇၈၅ ) လွှမ်းမိုးမှု တည်ထောင်ခြင်း
“သူ့ကို ရိုက် “ လုကျိုးသည် စကားပြောချိန်တွင် တည်ငြိမ်နေပြီး ထူးမခြားနားအသံဖြင့် တိမ်တိုက်တောင်ဆယ့်နှစ်ဂိုဏ်း၏ အကြီးအကဲကို မကြည့်ခဲ့ပေ။
ပြီးနောက် တစ်စုံတစ်ယောက်က အကြီးအကဲဆီ တက်သွားကာ ဝေဝါးသော လှုပ်ရှားမှုတစ်ရပ် ပေါ်လာသည်။ ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့၏။
အကြီးအကဲသည် ယင်းကို များများစားစား မတွေ့ခဲ့ပေ။ သူသည် တိုက်ခိုက်လာသူကို စွမ်းအင်လှိုင်းဖြင့် တွန်းထုတ်ရန် ကြိုးစားခဲ့၏။ သို့သော် ထိုပုံရိပ်သည် သူ၏တိုက်ခိုက်မှုကို ဆန်းကြယ်စွာ ကျော်ဖြတ်သွားပုံရသည်။ ၎င်းသည် စွမ်းအင်ကို ရှောင်လျက် သူ့ရှေ့၌ ပေါ်လာတော့သည်။
ဖြန်း
အကြီးအကဲသည် မျက်နှာပေါ် ဖြတ်ရိုက်ခံလိုက်ရပြီး သူက လည်ထွက်သွား၏။ သူ၏ ပါးက ယောင်ကိုင်းနေပြီ ဖြစ်သည်။
ထိုပုံရိပ်က မူလနေရာသို့ ပြန်ရောက်သွားပြီးနောက် လေထဲတွင် ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့သည်။
အပြစ်ပေးလိုက်သူက ယွီကျန့်ဟိုင်ပဲ ဖြစ်သည်။
“ …… “
ဤနေရာသည် မိုးမြေကို တုန်လှုပ်စေသော အဓိကဂိုဏ်းကြီး တိမ်တိုက်တောင် ဆယ့်နှစ်ဂိုဏ်းပဲ ဖြစ်သည်။ အကြီးအကဲ ဆယ့်နှစ်ယောက်လုံးက လေးစားခံရသူများ ဖြစ်၏။
ဆိုရိုးစကား ရှိသည့်အတိုင်း ခွေးကိုမရိုက်ခင် သခင်ကို ထည့်တွေးတာ အကောင်းဆုံး ဖြစ်သည်။သို့သော်ငြား ဧည့်သည်များသည် အကြီးအကဲကို ရိုက်ချိန်၌ ထိုသို့ မစဉ်းစားပုံရ၏။
နျဲ့ချင်းယွင်သည် ထိုသို့ ဖြစ်ပျက်သွားတာကို မတားခဲ့ပေ။ သူက သူ့ရှေ့တွင် ရပ်နေသော လုကျိုးနှင့် စစ်ခုန်ပေချန်းကို အာရုံစိုက်နေ၏။ ထို့အပြင် ဤဧည့်သည်များသည် သူ့လူများကို ဆန့်ကျင်ပြီး လှုပ်ရှားလိမ့်မည်ဟု သူမထင်ထားပေ။
“ ဂိုဏ်းချုပ် “ အကြီးအကဲက သူ့မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်းလျက် သူ၏ရင်ထဲ၌ အမျက်ဒေါသ မီးလျှံများ တောင်လောင်နေ၏။
“ ပါးစပ်ပိတ်ထား “ နျဲ့ချင်းယွင်က ပြောပြီး ကျောတွင် လက်တစ်ဖက် နောက်ပစ်ထားကာ မတ်တပ်ရပ်လိုက်သည်။ သူက သူ့ရင်ထဲ၌ ပေါ်ထွက်လာသော မကျေမချမ်း ဖြစ်မှုများကို ဖိနှိပ်ထားရန် ကြိုးစားလိုက်၏။
အကြီးအကဲဆယ့်နှစ်ယောက်သည် စိတ်တိုသွားပုံပေါ်ကာ နောက်ဆုတ်သွား၏။
လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။
“ ရှားချန်းချိုးက ငါ့ဘက်ကပဲ။ ရှားချန်းချိုးကို စော်ကားရင် ငါ့ကို စော်ကားနေတာပဲ။ ငါမင်းကို အပြစ်ပေးလိုက်တာအတွက် စောဒက တက်စရာရှိလား”
အကြီးအကဲက ပါးကို ကိုင်ထားလျက် ဆိတ်ဆိတ် နေလေ၏။ ထိုအဖိုးအိုပြောတာ အဓိက ကျသည်။
နျဲ့ချင်းယွင်က လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။
“သူ့ကိုယ်စား တောင်းပန်ပါတယ် လောင်ချန်းပေ့။ ကျုပ်တို့တွေ တိမ်တိုက်စင်မြင့်ဆီ သွားသင့်ပြီလား။ သေရည်ပြင်ထားလိုက်” သူက တစ်ဖက်သို့လှည့်ကာ တိမ်တိုက်စင်မြင့်ဆီသို့ သွားရန် ဖိတ်ခေါ်သည့် သဏ္ဌာန် ပြုမူလိုက်သည်။
တပည့်အများစုသည် သူတို့ဂိုဏ်းချုပ်၏ လုပ်ရပ်ကို နားမလည်ပေ။ သို့သော် သူတို့က နာခံရုံမှလွဲ ရွေးချယ်စရာ မရှိပေ။
လုကျိုးသည် တိမ်တိုက်စင်မြင့်ကို တစ်ချက်ကြည့်လိုက်၏။ သူက လက်နောက်ပစ်ထားလျက် တိမ်တိုက်စင်မြင့်ဆီသို့ ပျံသန်းသွားတော့သည်။
ကျန်သည့်သူများသည် သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာ၏။ ရှားချန်းချိုးသည် အဖွဲ့ထဲရှိ နောက်ဆုံးလိုက်လာသည်။ သူက ကျောမတ်မတ်ထားလျက် တိမ်တိုက်တောင် အကြီးအကဲကို ကြိမ်းမောင်းလိုက်၏။
ခံစားရကောင်းလိုက်တာ။
ထျန်းပုကျီက ဆွံအစွာ ခေါင်းခါလိုက်တော့သည်။ သူက အမြန် သတိပေးလိုက်တော့၏။
” ဂိုဏ်းချုပ်ရဲ့ မိုးမခတစ်ထောင် ဘုရားကျောင်းက သေးပေမဲ့ ဂိုဏ်းချုပ်က ဘုရားကျောင်းသခင် ဖြစ်နေသေးတုန်းပဲလေ။ တပည့်ပေါင်းတစ်ထောင် မော်ကြည့်ရတဲ့သူ။ မြို့ထဲမှာ လူရမ်းကားလို မပြုမူလို့ မရဘူးလား “
မြင့်မားသော တောင်တန်းများ၊ မတ်စောက်သော ကုန်းမြင့်တန်းများ ဝန်းရံထားသည့် တိမ်တိုက်စင်မြင့်ပေါ်တွင်ဖြစ်သည်။
တောအုပ်ထဲတွင် ဝါးပင်များ ပြည့်နေသည်။ ရှုမျှော်ခင်းနှင့် အမိုးမဲ့စင်မြင့်က မိတ်ဆွေ၊ သူငယ်ချင်းများနှင့် စားတော်ပွဲ တည်ရန်အတွက် အံ့ဖွယ်နေရာတစ်ခုဖြစ်သည်။
အကြီးအကဲ၏ ဝါစဉ် ကို ထည့်မတွေးပဲ လူတိုင်းက နေရာယူလိုက်သည်။
နျဲ့ချင်းယွင် ထိုင်ပြီးနောက် အကြီးအကဲဆယ့်နှစ်ယောက်က သူ့နောက်တွင် မတ်တပ်ရပ်နေ၏။
“ ဆရာကြီးကို ဘယ်လိုခေါ်သင့်လဲ “ နျဲ့ချင်းယွင်က မေးလိုက်သည်။
စစ်ခုန်ပေချန်းက အရင်ဆုံး မိတ်ဆက်ပေးလိုက်၏။
“ နျဲ့ချင်းယွင် ကောင်းကောင်းနားထောင်။ မင်းရှေ့မှာ ရပ်နေတဲ့ ဒီလူက သူ့ရဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ခဲ့တဲ့ တစ်မိုးအောက်က တစ်ဦးတည်းသော သူပဲ။ သူက လုချန်းပေ့ပဲ “
နျဲ့ချင်းယွင်သည် သူတို့အတွက် သေရည်ငှဲ့ပေးရန် ပြင်နေတာ ဖြစ်၏။ ထိုစကားကို ကြားသောအခါ လေထဲ၌ သူ၏ လက်က တောင့်ခဲသွားသည်။ လုကျိုးကို ကြည့်မိချိန် သူ၏ မျက်နှာထက်၌ ထိတ်လန့်နေသော အမူအရာကို မြင်နိုင်သည်။
မွေးဖွားဇယားချပ်သည် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူများအားလုံး စိတ်ဝင်စားသော မဟာအကန့်အသတ် ဖြစ်သည်။ ယခုအချိန်ထိတိုင် မည်သူကမှ သူတို့၏ မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်ပေ။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ချင်သည့် သူများနှင့် ဆန်းကြယ်ကောင်းကင် အကျော်အမော်တစ်ယောက် ဖြစ်လာချင်သူများအတွက် သူတို့သည် သူတို့မွေးဖွားဇယားချပ်ကို အသက်သွင်းရမည်။
နျဲ့ချင်းယွင်က စစ်ခုန်ပေချန်း၏ စကားနောက်ရှိ သွယ်ဝိုက်ပြောဆိုမှုကို သဘောပေါက်သည်။ လုကျိုးကို သူအမည်တပ် ခေါ်ဝေါ်ပုံကလည်း ချက်ချင်း ပြောင်းလဲသွား၏။ သူ၏ အမူအရာဆို ယခု ကြောက်ရွံ့လေးစားမှုပုံ ပေါက်နေပြီ ဖြစ်သည်။
နောက်တွင် ရပ်နေသော အကြီးအကဲ ဆယ့်နှစ်ယောက်ကလည်း ထိတ်လန့်သွားလေ၏။
တိမ်တိုက်တောင်သည် ပွင့်ချပ်ဆယ်လွှာ သိုင်းပညာရှင်ကို မကြောက်ပေ။ သူတို့အဖို့ အခြားသော ဂိုဏ်းများကို အရိုအသေပေးရန် မလိုအပ်ချေ။ သို့သော် မွေးဖွားဇယားချပ်ကို အသက်သွင်းထားသည့် သိုင်းပညာရှင်တစ်ရပ်အတွက်မူ မတူညီတော့ပေ။
ဖြန်း
သေရည်သည် စားပွဲပေါ် စီးကျသွား၏။ နျဲ့ချင်းယွင်က အာရုံချက်ချင်း ပြန်ကပ်လိုက်သည်။ သူက ကရားကို ငုံ့လိုက်၏။ ပြီးနောက် သူက ဘေးသို့ အနည်းငယ် ခေါင်းစောင်းပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။
“ အစောတုန်းက ဘုရားကျောင်းသခင်ရှားကို စော်ကားခဲ့တာ ဘယ်သူလဲ “
အကြီးအကဲ ဆယ့်တစ်ယောက်က ညာဘက်၏ အဆုံးတွင် ရပ်နေသော တစ်စုံတစ်ယောက်ကို လှည့်ကြည့်လိုက်၏။ ထိုအကြီးအကဲ၏ အမည်က ရွှီချန်းဖြစ်သည်။
ရွှီချန်းသည် သူ့ရင်ထဲ၌ မကောင်းတာ တစ်ခုခုကို ခံစားမိပြီး အနည်းငယ် တုန်ယင်သွား၏။ သူက ကြောက်ကြောက်ရွံ့ရွံ့ ပြောလိုက်တော့သည်” အဲ အဲ့တာက ကျုပ်ပါ “
“ သူ့ကို ခေါ်သွားပြီး ကြိမ်ဒဏ် အချက် ( ၃၀ ) ပေးလိုက်။ သူ့ရဲ့ ကျင့်ကြံစဉ်ကို စည်းပိတ်ပြီး တောင်နောက်မှာ ချုပ်ထားလိုက်။ ငါဘာမှ မပြောမချင်း သူ့ကို ဘယ်သူမှ လွှတ်ပေးခွင့်မရှိဘူး” နျဲ့ချင်းယွင်၏ အမူအရာက တင်းမာ ခက်ထန်နေသည်။
တပည့်များက ဇဝေဇဝါ ဖြစ်ကုန်၏။ သူတို့တွေဝေနေကာ ဘာလုပ်ရမယ်မှန်းမသိ ဖြစ်သွားတော့သည်။
ယင်းကို နျဲ့ချင်းယွင် မြင်သောအခါ သက်ပြင်းချ လိုက်တော့သည်။
” ဒါက အမိန့် ဖီဆန်တာလား “
အကြီးအကဲ ဆယ့်နှစ်ယောက်က ထိုစကားကို ကြားသောအခါ ချက်ခြင်း လန့်သွား၏။
ရွှီချန်းက အံ့ကြိတ်ကာ ပြောလိုက်တော့သည်။
“ ပြစ်ဒဏ်ကို လက်ခံပါတယ် “ သူက မြေပြင်ပေါ် ဒူးထောက်လျက် ကန်တော့ပြီး လိမ်လိမ်မာမာ ထွက်သွားတော့သည်။
ရှားချန်းချိုးသည် ယင်းကို မြင်သောအခါ ပိုမတ်မတ် ထိုင်လိုက်လေ၏။ သူ့တစ်ဘဝလုံး၌ ဂုဏ်သရေအရှိဆုံး အခိုက်အတံ့ ဖြစ်လောက်သည်။ မိုးမခတစ်ထောင်ဘုရားကျောင်းသည် အထင်သေးခံ၊ အနိုင်ကျင့်ခံရန် မလိုအပ်တော့ပေ။
ထိုစဉ် နျဲ့ချင်းယွင်က လက်ကို အနည်းငယ် မြှောက်လိုက်၏။ သူ့ရှေ့တွင် သေရည်ခွက်ကို မြှောက်ကိုင်ထားကာ တလေးတစား ပြောလိုက်တော့၏။
“ အကိုလု တိမ်တိုက်တောင်ရဲ့ ဂိုဏ်းချုပ်တစ်ယောက်နေနဲ့ ရွှီချန်းကိုယ်စား တောင်းပန်ပါတယ်”
လုကျိုးသည် သေရည်ခွက်ကို တစ်ချက်ကြည့်လိုက်၏။ သူသည် စိတ်ဝင်စားပုံ မရပေ။ သူက သေရည်သောက်လေ့ မရှိ။ ထိုအစား ယွီကျန့်ဟိုင်က သေရည်ခွက်ကို ကောက်ယူပြီး ပြောလိုက်တော့သည်။
“ ကျုပ် ခင်ဗျားနဲ့ သောက်မယ်”
ကမ်းပေ့ လုပ်ပြီးနောက် ယွီကျန့်ဟိုင်က ခွက်ကို မြေပြင်ပေါ် ပစ်ခွဲလိုက်၏။
” ခွက်က သေးလွန်းတယ်။ လန်းဆန်းဖို့ မလုံလောက်ဘူး “
ခွက်က ကျယ်လောင်စွာ ကွဲသွားလေ၏။
မည်သူကမှ ယွီကျန့်ဟိုင်ကို သူ၏ အပြုမူအတွက် ရှုံ့ချခြင်း မရှိပေ။
ပြီးနောက် ယွီကျန့်ဟိုင်သည် သေရည်ကရားကို ကောက်ယူပြီး သောက်လိုက်၏။ ခဏအကြာတွင် သူသောက်ပြီးသွားတော့သည်။ လုကျိုး မလှုပ်ရှားတာကို နျဲ့ချင်းယွင် မြင်သောအခါ သူသည် အနေခက်ပြီး တစ်ငုံသောက်လိုက်ရတော့သည်။ တစ်ဖက်သူက မိမိ၏ ကမ်းပေ့လုပ်ခြင်းကို ငြင်းဆန်လျှင် တစ်ဖက်သူက မိမိကို ထည့်တွေးစဉ်းစားပေးခြင်း မရှိကြောင်း နားလည်သဘောပေါက်ထားရမည်။
ထိုစဉ် အကြီးအကဲတစ်ယောက်က ထိုသို့သော ဆက်ဆံမှုမျိုးကို သည်းခံနိုင်စွမ်း မရှိတော့ပေ။ သူက ထရပ်လျက် အခဲမကြေစွာ ပြောလိုက်တော့သည်။
“ ချန်ပေ့စစ်ခုန် ခင်ဗျားရဲ့ စကားကို ကျုပ်တို့ ဘာကြောင့် ယုံသင့်တာလဲ။ ကျုပ်တို့တွေကို လိမ်ရလွယ်တဲ့ ကလေးတွေလို့ များ မှတ်နေလား”
တိမ်တိုက်တောင် တပည့်များသည် အကြီးအကဲကို မော့ကြည့်လိုက်၏။
စစ်ခုန်ပေချန်းက ပြောလိုက်သည်” ငါ လိမ်ညာဖို့ လိုအပ်လို့လား “
“ ဒါက ဘာမှတော့ မဟုတ်ပေမဲ့ စိတ်ပညာတစ်ခုပဲ။ ခင်ဗျားကို အကြီးအကဲတစ်ယောက်အနေနဲ့ လေးစားတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ မွေးဖွား ဇယားချပ်ကို အသက်သွင်းဖို့ ဘယ်လောက်ခက်ခဲလဲ ဆိုတာ ခင်ဗျား သိသင့်တယ်”
အကြီးအကဲ ချောင်ကျစ်သည် ဂိုဏ်းချုပ်ဘက်လှည့်ပြီး နျဲ့ချင်းယွင်ကို ပြောလိုက်၏။
“ ဂိုဏ်းချုပ် ကျုပ်ရဲ့ ရိုင်းပျမှုအတွက် ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ တိမ်တိုက်တောင်အတွက် ဒီမေးခွန်းကို မေးရမယ်”
နျဲ့ချင်းယွင်သည် ချောင်ကျစ်ကို မတားခဲ့ပေ။ ဆိုရလျှင် သူသည်လည်း သံသယ ဝင်နေသည်။ စစ်ခုန်ပေချန်း လိမ်ရန် မလိုအပ်တာ မှန်ပေ၏။ သိုသော် စိတ်ဗျူဟာ တစ်ခု ဖြစ်နိုင်သေးသည်။
ထိုစဉ် လုကျိုးက မော့ကြည့်လာ၏။ ချောင်ကျစ်ကို တစ်ချက်မှ မကြည့်ဘဲ နျဲ့ချင်းယွင်ကို ပြောလိုက်သည်။ သူက နျဲ့ချင်းယွင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်တော့သည်။
“ငါက ယဲ့ကျန်းအတွက်နဲ့ မင်းဆီက ဖြေရှင်းချက်ယူဖို့ ဒီရောက်လာတာ။ မင်းနဲ့ မွေးဖွားဇယားချပ်အကြောင်း ဆွေးနွေးဖို့ ရောက်လာတာ မဟုတ်ဘူး”
ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်” အမှန်ပဲ “
ချောင်ကျစ်က ပြောလိုက်သည်။
” ဒီနေရာမှာ ယဲ့ကျန်းမရှိဘူးလို့ ကျုပ်တို့ ပြောပြီးသားပဲ။ ခင်ဗျားက ဘာဖြေရှင်းချက် လိုချင်နေတာလဲ”
လုကျိုးသည် ချောင်ကျစ်ကို ကြည့်လိုက်၏။
” ငါမလာခင်က ကွေ့ဝိုက်ပြောရတာ သဘောမကျဘူးလို့ ရှင်းရှင်းလင်းလင်း ပြောပြီးသား “
“ ဒီလိုဆိုမှတော့ ကျုပ်ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်။ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်တဲ့ ခင်ဗျားရဲ့ ခွန်အားကို ကျေးဇူးပြုပြီး ပြပေးပါ” ချောင်ကျစ်က ပြောလိုက်၏။
ကျန်သည့် အကြီးအကဲများက ခေါင်းညိတ်လိုက်တော့သည်။ စစ်ခုန်ပေချန်း၏ ပြောကြားချက်ကို သူတို့ စဉ်းစားနေတာ သဘာဝ ကျသည်။
စစ်ခုန်ပေချန်းက ခေါင်းခါလိုက်၏။
” နျဲ့ချင်းယွင် မင်းက အရူးတစ်သိုက်ကို ပျိုးထောင်ထားတာပဲ။ ငါက ဒီကို လာပြီး ငါ့ကိုယ်ငါ ဆိုးရွားတဲ့ပုံ ပေါ်အောင် ဘာကြောင့် လိမ်ရမှာလဲ “
နျဲ့ချင်းယွင်က ယခုဆို တွေဝေနေပြီ ဖြစ်သည်။ စစ်ခုန်ပေချန်း ပြောတာက အဓိက ကျသည်။
သိုသော် ထိုစဉ် ချောင်ကျစ်က ရုတ်တရက် ရှေ့တိုးပြီး မကျေမချမ်းပြောလိုက်၏။
“ ကျုပ်ကို ခွင့်လွှတ်ပေးပါ “
ထိုစဉ် ယွီကျန့်ဟိုင်က သူ၏ လက်ဝါးကို မြှောက်လိုက်သည်” ဒါကို ကျွန်တော် ဖြေရှင်းလိုက်မယ် “
သူသည် ရှေ့သို့တက်သွားတော့သည်။
လူနှစ်ယောက်၏ လက်ဝါးချင်း တိုက်မိသွား၏။
ဘန်း
ယင်းက စွမ်းအင် ပေါက်ကွဲမှု ဖြစ်သည်။ နှစ်ယောက်လုံးက တစ်ပြိုက်နက်တည်း နောက်သို့ လွှင့်ထွက်သွားကာ တစ်ယောက်ကို တစ်ယောက် အကွာအဝေး တစ်ခုကနေ စိုက်ကြည့်နေသည်။ နှစ်ယောက်လုံးက သူတို့ပြိုက်ဘက်၏ ခွန်အားကြောင့် ထိတ်လန့်နေမိသည်။
ချောင်ကျစ်က မျက်မှောင်ကျုံ့လျက်ပြောလိုက်တော့သည်။
” ရွှေရောင်စွမ်းအင် စည်းတံဆိပ်။ ဒီတော့ မင်းက နယ်ခြားသားပဲ “
တိမ်တိုက်တောင် ဆယ့်နှစ်ဂိုဏ်း၏ တပည့်များသည် အရပ်မျက်နှာ အနှံ့ကနေ အရှိန်ပြင်းပြင်းဖြင့် ရောက်လာသည်။
ကျင့်ကြံသူသောင်းချီက တိမ်တိုက်စင်မြင့်ပေါ် ဆင်းသက်လာ၏။ အများစုက လေထဲ ပျံဝဲနေကြကာ ယွီကျန့်ဟိုင်ကို ကြည့်လိုက်တော့သည်။
နျဲ့ချင်းယွင်က ယင်းကို မထင်မှတ်ထားပေ။ သို့သော် သူက အဆင်ခြင်မဲ့စွာ ပြုမူရဲသည်။ သူက လက်ဝှေ့ယမ်းစွာ ပြောလိုက်တော့၏။
” မင်းတို့ရဲ့ အပြုအမူကို သတိထား “
တပည့်များက မြေပြင်ပေါ် ဆင်းသက်ကာ ဘေးထွက်ရပ်လိုက်လေ၏။
နျဲ့ချင်းယွင်က ပြောလိုက်လေ၏” ချောင်ကျစ် နောက်ဆုတ် “
သိုသော်ငြား ချောင်ကျစ်က ပြောလိုက်၏။
” ဂိုဏ်းချုပ် သူတို့လှည့်ကွက်ထဲ ကျုပ်တို့ ကျသွားလို့ မဖြစ်ဘူး။ လုချန်ပေ့ဆီကနေ တစ်ချက် အရိုက်ခံဖို့ ဆန္ဒရှိပါတယ်။ ကျုပ်မှားသွားခဲ့ရင် အပြစ်ပေးခံမယ်။”
“ မင်းက ငါ့ရှစ်စွင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး “ ယွီကျန့်ဟိုင်က ပြောလိုက်၏၊
ထိုစဉ် လုကျိုးက ပြောလိုက်တော့သည်။
” နောက်ဆုတ် “
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။ သူသည် သူ့နေရာကို ပြန်သွားကာ ဆက်သောက်နေသည်။
လုကျိုးက ချောင်ကျစ်ကို ကြည့်လိုက်၏။
“ မင်းရဲ့ ကျင့်ကြံစဉ်က ဘာလဲ “
“ မထင်မရှားပါပဲ။ ကျုပ်က တိမ်တိုက်တောင်ဆယ့်နှစ်ဂိုဏ်းရဲ့အကြီးအကဲတွေထဲက တစ်ယောက်။ ကျုပ်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ချောင်ကျစ်”
ချောင်ကျစ်က လက်သီးဆုပ်မိုးလိုက်၏။
“ ဒါဆို မင်းဘာကို ကျွမ်းကျင်သလဲ “
“ကျုပ် ငယ်ရွယ်စဉ်ကတည်းက တာအို စည်းတံဆိပ်တွေကို ကျင့်ကြံခဲ့တယ်။ တိမ်တိုက်တောင်ရဲ့ မြှောက်ပိုင်းက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ရှစ်ယောက်ကို ရင်ဆိုင်ပြီး ကံကောင်းပြီး အနိုင်ယူနိုင်ခဲ့တယ်”
ချောင်ကျစ်က စိတ်ခံစားချက်ပါပါ ပြောလိုက်၏။
လုကျိုးသည် မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။ “ မင်းရဲ့ ရဲစွမ်းသတ္တိရှိမှု အတွက် မင်းကို ချီးကျူးတယ်”
ပြီးနောက် သူ၏ လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။
စွမ်းအင် စည်းတံဆိပ်တစ်ခုက ချောင်ကျစ်ဆီ ရောက်သွားသည်။
ချောင်ကျစ်သည် စွမ်းအင် စည်းတံဆိပ် ရုတ်တရက် ပေါ်ပေါက်လာကို ကြည့်နေ၏။ ၎င်း၏ ခြေထောက်အောက်တွင် ပေါက်ကာ ပေါ်လာပြီးနောက် များစွာသော တာအိုစည်းတံဆိပ်များကို ထုတ်လွှတ်လိုက်သည်။ သူက သူ့ကိုယ်သူ အနီရောင် စွမ်းအင်ဖြင့် ရစ်ပတ်ထားလျက် ပျံသန်းလိုက်တော့သည်။ ထိုသို့တိုင် စွမ်းအင် စည်းတံဆိပ်များက သူ့ဆီမရောက်ခင် ဘုံကိုးဘုံမှ မိုးကြိုးနှင့် လျှပ်စီးများ ဆင်းသက်လာ၏။
ဘန်း
ချောင်ကျစ်က ထိမှန်သွားတော့သည်။
သူ့နားရှိ စွမ်းအင် စည်းတံဆိပ်တို့သည် သက်ရောက်အားကြောင့် ဖန်ကွဲစကဲ့သို့ ချက်ခြင်းပင် တစ်စစီ ကွဲထွက်သွား၏။ သူက သွေးအန်လိုက်ရသည်။
ချောင်ကျစ်သည် တစ်ရာခိုင်နူန်း မုချ သတ်ဖြတ်မှု စွမ်းရည်မဟုတ်ပဲ ဆယ်ရာခိုင်နှုန်း ပြင်းထန်သည့် ထိခိုက်မှု ရသွား၏။
ထောက်
ချောင်ကျစ်က မြေပြင်ပေါ် ပြုတ်ကျသွားသည်။
ကျန်သည့်သူများက ထိတ်လန့်သွားတော့သည်။
လုကျိုးလှုပ်ရှားတာကို မျက်မြင်တွေ့လိုက်ရသည့်သူများမှ အပ လူတိုင်းက ထိတ်လန့်သွားတော့သည်။
သူတို့အားလုံး သူတို့ရှေ့ရှိ မြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေ၏။
ချောင်ကျစ်က အားနည်းလိုက်တာ။
လုကျိုးသည် မုတ်ဆိပ်သပ်လျက် ဘာမှ မဖြစ်ခဲ့သလို ပြုမူနေသည်။
တိမ်တိုက်စင်မြင့်ပေါ်သို့ ဖော်ပြရန် ခက်ခဲသော မွန်းကြပ်ဖွယ် ဖိအားက ကျရောက်လာတော့သည်။
မည်သူကမှ အသံမထွက်ရဲချေ။
နျဲ့ချင်းယွင်က လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။ သူက လွှဲရမ်းချက် တစ်ချက်တည်းနှင့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တာ။ ငါတောင် ဒါမျိုး မလုပ်နိုင်ဘူး။ သူက မွေးဖွားဇယားချပ်ကို တစ်ကယ် အသက်သွင်းထားတာလား။
သုသာန် တစ်စပြင် ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
နာရီပေါင်းများစွာ ကြာသွားသည်ဟု ထင်မှတ်ရပြီးနောက် တိမ်တိုက်စင်မြင့်၏ မြောက်ဘက်ခြမ်း ကောင်းကင်ကနေ လက်ခုပ်သံ ပေါ်ထွက်လာ၏။
“ ကောင်းလိုက်တဲ့ အကွက် လုချန်းပေ့ “
တိမ်တိုက်တောင်၏ တပည့်များက တစ်ညီတစ်ညွှတ်တည်း လှည့်ကြည့်လိုက်ကြသည်။
“ ကြယ်ပျံအိမ်တော်ရဲ့ ယဲ့ကျန်းလား “
…
အခန်း (၇၈၆) ယဲ့ကျန်း၏ တကယ့်ခန္ဓာကိုယ်အစစ်
နောက်ဆုံးတွင် ယဲ့ကျန်းလည်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
လုကျိုးက ပုံမှန်အတိုင်း ရှိနေသည်။ သူက ဒဏ်ရာအပြင်းအထန် ရထားသည့် ချောင်ကျစ်ကိုပင် ချမ်းသာမပေးခဲ့ပေ။ သူက ထိုသို့ ပစ်မှတ်ကို ရိုက်နှက်ခြင်းက အသားကျနေပြီဖြစ်၍ ဘာခံစားချက်မှ ဖြစ်ပေါ်မလာတော့ပေ။ သူ့တွင် စိန်ခေါ်မှု မရှိလေရာ မည်သည့်ခံစားချက် ဖြစ်ရမည်နည်း။
သူက ထုံထိုင်းနေလေပြီ။
နျဲ့ချင်းယွင်က ချက်ချင်းဆိုသလို လှည့်ကာ ပြောလိုက်၏။
” ယဲ့ကျန်း မင်းက ဒီမှာ ပေါ်လာသေးတယ်လား "
ယဲ့ကျန်းက ကျန်းရှောင်ရှန်းအား ခေါ်လာပြီး ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ သူက ဝတ်ရုံကို ပြင်လိုက်ပြီး ထိုင်ချလိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ သူက ပြုံးလိုက်ပြီး " ကျုပ် တောင်းပန်ပါတယ်။ လုချန်းပေ့ကို စာနဲ့ ဖိတ်ကြားထားပေမဲ့ ဂိုဏ်းချုပ်နျဲ့ကို အကြောင်းကြားဖို့ မေ့နေတယ်။ ခွင့်လွှတ်ပေးမယ်မလား”
နျဲ့ချင်းယွင်၏ စိတ်ထဲကမူ ယဲ့ကျန်းအား ကျိန်ဆဲနေမိ၏။
သူက သဘောထားကွဲလွဲရအောင် ဘယ်လို လုပ်ရမယ်ဆိုတာကို သိသားပဲ။
နျဲ့ချင်းယွင်က ချောင်ကျစ်အား ကြည့်လိုက်သည်။ ထို့နောက် သူက မျှော်လင့်မထားသည့် အမိန့်အား ပေးလိုက်၏” ချောင်ကျစ် ငါ့အမိန့်ကို မနာခံမှုနဲ့ မင်းကို သေမိန့်ချလိုက်ပြီ "
သေမိန့်တဲ့လား...
တိမ်တိုက်တောင်၏ အကြီးအကဲများနှင့် တပည့်များက တုန်လှုပ်သွားကြသည်။
ချောင်ကျစ်က ဂိုဏ်းချုပ်၏ အမိန့်ကို ဖီဆန်ခဲ့သော်လည်း သေမိန့်ချလောက်သည့် အရာမျိုးတော့ မဟုတ်ပေ။
ယဲ့ကျန်း၏ မျက်ဝန်းအထက် အံ့အားသင့်သွားသည့် အမူအရာများ ရှိသွားသော်လည်း တည်တည်ငြိမ်ငြိမ် ပြန်ထိန်းလိုက်ကာ ပြုံးလိုက်သည်။
ချောင်ကျစ်က ရင်ဘတ်ကို ဖိနှိပ်ရင်း သွေးကို သုတ်လိုက်သည်။
သူက ပြောလိုက်၏။ ” ခ ခ ခင်ဗျား ခင်ဗျားက ကျုပ်ကို ကယ်ခဲ့တယ်လေ "
သူက လက်မြှောက်ကာ နျဲ့ချင်းယွင်နှင့် ယဲ့ကျန်းတို့အား လက်ညှိုးထိုးဖို့ ကြိုးစားနေသည်။
နျဲ့ချင်းယွင်က ပြောလိုက်သည်။ ” သူ့ကို ခေါ်သွားကြ "
" ဟုတ်ကဲ့ "
တပည့်နှစ်ဦးက သူ့အမိန့်ကို နာခံသည်။
ယဲ့ကျန်းက ကျယ်လောင်စွာ ပြောလိုက်၏။ ” ဂိုဏ်းချုပ်နျဲ့က ဘာလို့ ဒီလောက် စိတ်ဆိုးနေရတာလဲ။ သူ့ကို သတ်လိုက်တာ ဘာမှကိစ္စက ဖြစ်လာမှာ မဟုတ်ဘူး”
" ငါ ဘာလို့သတ်တယ်ဆိုတာကို မင်းလည်း ကောင်းကောင်းသိပါတယ် "
နျဲ့ချင်းယွင်က ပြောလိုက်၏။ သူ သီးသန့်ကျင့်ကြံရာမှ ထွက်လာကတည်းက အကြီးအကဲ ၁၂ယောက်နှင့် ဆက်တိုက် ဆက်သွယ်ခဲ့သည်။ တိမ်တိုက်တောင်ပေါ် သူ့လွှမ်းမိုးမှု ကျဆင်းနေသည်ကို ခံစားမိသည်မှာ သိသာလှသည်။ နမူနာအားဖြင့် မိုးမခတစ်ထောင်ဘုရားကျောင်းကို သုတ်သင်ဖို့ ရှဲ့ရွှမ်းအား မည်သူက အခွင့်ပေးလိုက်သနည်း။ ထိုအရာအပြင် ကြယ်ပျံအိမ်တော်ဆီသွားသည့် နတ်ဝိညာဥ်ဝဋ်ကြွေးချေ ကျင့်ကြံသူအယောက် ၃၀က ပျောက်နေဆဲ ဖြစ်သည်။ ထိုလက္ခဏာအားလုံးက တစ်ယောက်ယောက်သည် တိမ်တိုက်တောင်ကို လွှမ်းမိုးနေကြောင်း ပြသနေ၏။ ထိုလူက တခြားသူ မဟုတ်ဘဲ ယဲ့ကျန်းသာ ဖြစ်၏။ ထို့ကြောင့် သူက တခြားသူများကို သတိပေးသည့်အနေဖြင့် ချောင်ကျစ်အား သတ်လိုက်ခြင်း ဖြစ်သည်။
ယဲ့ကျန်းက မထူးမခြားနား ပြောလိုက်သည်။
” ခင်ဗျား စိတ်ပျော်တယ်ဆိုရင်လည်း ပြီးတာပါပဲ "
နျဲ့ချင်းယွင်က ယဲ့ကျန်းအား အာရုံမစိုက်တော့ပေ။ ထို့အစား သူက လုကျိုးဆီ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
” လုချန်းပေ့ ဒါက တကယ့်ကို အံ့သြဖို့ ကောင်းတဲ့ နည်းစနစ်တွေပဲ။ ကျုပ်တော့ အံ့သြမိပါတယ်။ ချောင်ကျစ်က ခင်ဗျားကို အပြစ်ပြုမိတော့ ကျုပ်က အပြစ်ပေးလိုက်ပါပြီ။ ဒါက ကျေနပ်စေမယ်လို့ မျှော်လင့်ပါတယ်”
ယဲ့ကျန်းက လုကျိုးကို လက်နှစ်ဖက်ယှက်လိုက်ပြီးနောက် ပြောလိုက်သည်။ ” လုချန်းပေ့ ကျုပ်တို့ ထပ်တွေ့ပြန်ပြီ "
လုကျိုးက မုတ်ဆိတ်သပ်ကာ ယဲ့ကျန်းအား ကြည့်လိုက်၏။ သူက အသေရိုက်ချက်ကတ်ကို ထုတ်ကာ ယဲ့ကျန်းအား သတ်ပစ်ချင်နေသည်။ သို့သော်လည်း ယဲ့ကျန်းသည် မည်သို့သော မကောင်းဆိုးဝါး ဖြစ်မည်မှန်း မသိသေးခင် အသေရိုက်ချက်ကတ်ကို အသုံးပြုသည်က တုံးအကြောင်း သိထားလေသည်။
ယဲ့ကျန်းက လုကျိုး၏ မျက်နှာအထက် တုန်လှုပ်သည့် အမူအရာကို မြင်တွေ့ရဖို့ မျှော်လင့်နေမိ၏။ သို့သော်လည်း သူက စိတ်ပျက်ဖို့ ကံကြမ္မာဖန်လာခဲ့သည်။
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။ ” မင်း မလာဘူးလို့ ထင်နေတာ "
ယဲ့ကျန်းက ပြောလိုက်သည်” ကျုပ် လာရမှာပေါ့။ ကျုပ်က ဒီနေရာကို ဖိတ်ကြားခဲ့တဲ့သူပဲလေ။ ကျုပ်က လမ်းမှာ ကိစ္စလေးတချို့ရှိလို့ပါ။ အဲဒါကြောင့် နောက်ကျနေခဲ့တာ။ အားလုံး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
စစ်ခုန်ပေချန်းက သဘောမတူစွာ ပြောလိုက်သည်။ ” ယဲ့ကျန်း မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ "
ယဲ့ကျန်းက ပြောလိုက်သည်။ ” ကျုပ်က ဒီကို တရားမျှတမှု လာယူတာလေ "
" တရားမျှတမှု လာယူတာတဲ့လား "
တခြားသူများက ယဲ့ကျန်း၏ စကားကြောင့် စိတ်ရှုပ်ထွေးသွားကြသည်။
ယဲ့ကျန်းက ပြောလိုက်၏။
” တိမ်တိုက်တောင်ရဲ့ ရှဲ့ရွှမ်းက မိုးမခတစ်ထောင်ဘုရားကျောင်းကို သူ့ဘာသာသူ သုတ်သင်ဖို့ လုပ်ခဲ့တယ်။ လုချန်းပေ့နဲ့ ကျောင်းထိုင်ရှားတို့ဆီကို ရှင်းပြချက် ပေးသင့်တယ်မလား”
နျဲ့ချင်းယွင်က သူ့စိတ်ထဲ ဒေါသလှိုင်း ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။ သူက ယဲ့ကျန်းအား ကြည့်ကာ ပြောလိုက်၏” နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက မင်း မဟုတ်ဘူးလား "
" ဂိုဏ်းချုပ်နျဲ့ ခင်ဗျား ဘယ်လောက်ပဲ လွတ်အောင် ပြောပြော ရှဲ့ရွှမ်းက မိုးမခတစ်ထောင်ဘုရားကျောင်းကို ရင်ဆိုင်ခဲ့တာကတော့ အမှန်တရားပဲ။ အကြီးအကဲမုန့်ရော ဘာပြောချင်သေးလဲ” ယဲ့ကျန်းက သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် မုန့်ချန်းသုံအား လှမ်းကြည့်လိုက်သည်။
မုန့်ချန်းသုံက တိတ်ဆိတ်နေ၏။
ဝုန်း
နျဲ့ချင်းယွင်က ဝိုင်ခွက်ကို မြှောက်ကာ ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ သူက အော်ပြောလိုက်၏” ယဲ့ကျန်း ချန်ထျန်းတု ဒီမှာ ရှိနေတယ်ဆိုရင်တောင် ငါ့ကို ဒီလိုမျိုး မစွပ်စွဲရဲဘူး။ မင်းက ဘယ်လိုတောင် လုပ်ရဲနေတာလဲ”
" အဲဒါက ပြဿနာဖြေရှင်းနိုင်တယ်ဆိုရင် ထပ်ပြီးတော့ ဖန်ခွက်တွေကို ခွဲလို့ ရပါတယ် "
နျဲ့ချင်းယွင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက လှုပ်ရှားတော့မည့်ဆဲဆဲတွင် မြောက်ဘက်ရှိ ကောင်းကင်ယံထဲ ကျင့်ကြံသူအုပ်စုကို မြင်လိုက်ရသည်။
ယဲ့ကျန်း
ယဲ့ကျန်းက နျဲ့ချင်းယွင်၏ ဒေါသကို လျစ်လျူရှုထားကာ လုကျိုးထံ လက်နှစ်ဖက်ယှက်လိုက်ပြီး " လုချန်းပေ့ ကျုပ်တို့ခြားက အမုန်းတရားကို မြှုပ်နှံနိုင်ဖို့ မျှော်လင့်ပါတယ်”
လုကျိုးက ယဲ့ကျန်းအား ကြည့်ကာ မုတ်ဆိတ်သပ်လိုက်ပြီး " အမုန်းတရားကို မြှုပ်နှံရမှာတဲ့လား "
ယဲ့ကျန်းက သူသည် စကားမှားပြောသွားကြောင်း သိကာ ပြောလိုက်၏” လုချန်းပေ့ ခင်ဗျားက မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ခဲ့တယ်။ ကျုပ်က ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ခဲ့မိပါတယ်။ ကျုပ်က ရှုံးနိမ့်မှုကို နှိမ့်ချစွာ လက်ခံပါတယ်”
ယဲ့ကျန်းက တစ်ခါအသတ်ခံရပြီးသည့်နောက်တွင် သူ၏ နာကျည်းချက်များကို မျိုသိပ်နိုင်စွမ်း ရှိ၏။ သူက ဘယ်အချိန်ရှေ့တိုးပြီး ဘယ်အချိန်နောက်ဆုတ်ရမည်ကို ကောင်းကောင်းသိထားသည်။ သူက ဉာဏ်များသည့်သူမှန်း သံသယဖြစ်စရာ မလိုပေ။
" ငါ့ကို ဖိတ်ကြားလိုက်တဲ့ အကြောင်းအရင်းက ဒါအတွက်လား " လုကျိုးက မေးလိုက်၏။
ယဲ့ကျန်းက သူ့စောစောက စကားများကို ပြန်ပြောလိုက်သည်” အရင်ဦးဆုံး မိုးမခတစ်ထောင်ဘုရားကျောင်းက တရားမျှတအောင် လုပ်ပေးဖို့ ရောက်လာတာပါ။ ရှဲ့ရွှမ်းက သေသွားပြီဆိုပေမဲ့ တိမ်တိုက်တောင်က ရှင်းပြချက် ပေးသင့်တယ်။ ဒုတိယအနေနဲ့ ကြယ်ပျံအိမ်တော်က လုချန်းပေ့နဲ့ အတူတကွ အလုပ်တွဲလုပ်ချင်ပါတယ်။ မုန့်ချန်းသုံနဲ့ ပတ်သက်ပြီးတော့ အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါ့မယ်”
နျဲ့ချင်းယွင်က ထိုစကားများကို ကြားသည့်အခါ ပြောလိုက်၏။
” တပည့်တို့ အမိန့်ကို နာခံကြ။ အစီအရင်ကို အသက်သွင်းလိုက် "
အကြီးအကဲဆယ်ယောက်ထဲမှ လေးယောက်ကသာ ပျံသန်းထွက်သွားကြသည်။ တပည့်အယောက် ၁သောင်းအနက် တစ်ဝက်ကသာ အစီအရင်ဗဟိုချက်ဆီ ပျံသန်းသွားပြီး အသက်သွင်းလိုက်ကြသည်။
ယဲ့ကျန်းက အရာအားလုံး သူ့တွက်ချက်ထားမှုအောက် ရှိနေသလိုမျိုး သေရည်လောင်းထည့်လိုက်ပြီး ပြောလိုက်သည်။ ” နျဲ့ချင်းယွင် ခင်ဗျား စိတ်ငြိမ်ငြိမ်ထားဖို့ အကြံပြုတယ် "
နျဲ့ချင်းယွင်က အရူး မဟုတ်ပေ။ သူက ထင်ထားပြီးသား ဖြစ်၏။ တိမ်တိုက်တောင် ၁၂ ဂိုဏ်း၏ တစ်ဝက်ကျော်က ယဲ့ကျန်း၏ လွှမ်းမိုးမှုအောက် ကျရောက်နေလေပြီ။
" ယဲ့ကျန်း … ငါက မင်းကို နားမလည်ဘူးလို့များ ထင်နေလား " နျဲ့ချင်းယွင်က ရုတ်တရက် အသံမြင့်ပြောလိုက်သည်။ ” တိမ်တိုက်တောင်ကြေးမုံ ယူခဲ့ "
" ဟုတ်ကဲ့ "
တပည့်ဒါဇင်ချီက တိမ်တိုက်ရင်ပြင်မှ အစီအရင်ဗဟိုချက်ကို အသက်သွင်းနေကြသည်။ သူတို့ဆီမှ အလင်းတိုင်လုံးတစ်ခု ထွက်ပေါ်လာပြီးနောက် မိုးထိလုမတတ် မြင့်မားသည့် အလင်းတန်း ထွက်ပေါ်လာ၏။
စစ်ခုန်ပေချန်းက ခေါင်းခါကာ " ယဲ့ကျန်းက တကယ့်ကို ဉာဏ်များတဲ့သူပဲ။ အစ်ကိုလုသာ ဒီမှာ မရှိရင် တိမ်တိုက်တောင်ရဲ့ ၁၂ဂိုဏ်းတော့ ဝါးမျိုခံရတော့မှာပဲ။ ကြည့်ကြပါအုံး”
လုကျိုးက တောင်ထိပ် ၁၂ခုတွင် ပုန်းအောင်းနေသည့် ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်၏။
စစ်ခုန်ပေချန်းက ထပ်ပြောလိုက်သည်” ယဲ့ကျန်းက ဆင်ကို ဝါးမျိုချင်တဲ့ မြွေတစ်ကောင်လိုမျိုးပဲ။ ကျုပ်တို့တွေ သေချာဂရုစိုက်သင့်တယ်။ ယဲ့ကျန်းကို လျော့မတွက်သင့်ဘူး”
" ခင်ဗျားက ကြောက်နေတာလား " လုကျိုးက ရေပြင်လို တည်ငြိမ်နေ၏။
" ကျုပ် စစ်ခုန်ပေချန်းက အဆုံးထိ ဒီမှာ ရှိမယ် "
ထိုစဥ် တိမ်တိုက်တောင်ကြေးမုံက ရင်ပြင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။
နျဲ့ချင်းယွင်က တိမ်တိုက်တောင်၏ အကြီးအကဲများနှင့် တပည့်များအား ပြောလိုက်၏” မင်းတို့ မျက်လုံးကို ဖွင့်ပြီးတော့ ယဲ့ကျန်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲဆိုတာ သေချာကြည့်ကြ "
" တိမ်တိုက်တောင်အစီအရင်၏ တိမ်တိုက်တောင်ကြေးမုံက မြူများကို လွင့်စဉ်သွားစေကာ လမင်းကို ထွက်ပေါ်လာစေတယ်” တစ်ယောက်က ပြောလိုက်၏။
လုကျိုးနှင့် စစ်ခုန်ပေချန်းက ထိုစကားကို ကြားသည့်အခါ သူတို့စိတ်ထဲ တစ်စုံတစ်ခု ဖြစ်ပွားလာသလို ခံစားမိလိုက်ကြသည်။ သူတို့က ယဲ့ကျန်းကို တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြ၏။
ကောင်းတယ်။ ငါက ရွှေရောင်ထိုက်ရွှီကြေးမုံကို သုံးစရာမလိုတော့ဘူးပဲ...
ယဲ့ကျန်းအပေါ် အလင်းတန်း ကျရောက်လာသည့်အခါ သူ့နောက်တွင် အသေးစား စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။ အနီရောင်ကြာပွင့်နှင့် အနီရောင် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခုဖြစ်ပြီး ပွင့်ချပ်ကိုးလွှာရှိကာ လူသားအသွင် ဖြစ်၏။
" ဟမ် " နျဲ့ချင်းယွင်က မျက်မှောင်ကြုတ်လိုက်ပြီး " ဒါကဘာလဲ "
ယဲ့ကျန်းက ပြုံးနေဆဲ ဖြစ်၏။ ကွန်ဖြူးရှပ်ဝတ်စုံ ဝတ်ဆင်ထားသည့် သူ့ခန္ဓာကိုယ်က လောကီရေးရာကိစ္စများနှင့် မပတ်သက်သည့်သူအလား ထင်မှတ်ရစေသည်။
" ဂိုဏ်းချုပ်နျဲ့က ဘာလုပ်နေတာလဲ "
အလင်းက အားလုံးအပေါ် ဖြာကျသွားကာ သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်များကို ထုတ်ဖော်လာသည်။
တိမ်တိုက်တောင်၏ အကြီးအကဲဆယ်ဦးအနက် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ၄ ယောက်နှင့် ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ၆ ယောက်ရှိသည်။
တိမ်တိုက်တောင် ဂိုဏ်းချုပ် နျဲ့ချင်းယွင်က ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ ဖြစ်၏။
အလင်းတန်းက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ဆီ ဆက်လက်တောက်ပလာသည်။
" ပွင့်ချပ်ကိုးလွှာရွှေကြာလား။ သူတို့က တကယ့်ကို နယ်ခြားမျိုးနွယ်ပဲ။ ငါ့အမြင်တွေ မှားနေတယ်ထင်နေတာ”
အလင်းတန်းက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူဖြစ်သည့် စစ်ခုန်ပေချန်းအပေါ် ဖြာကျလာသည်။
တိမ်တိုက်တောင်ကြေးမုံက လုကျိုးအပေါ် ဖြာကျလာသည့်အခါ အားလုံးက မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။ အားလုံးက မွေးဖွားဇယားချပ်ကို အသက်သွင်းထားနိုင်သူသည် မည်သို့သော စိတ်ဝိညာဥ်သဏ္ဌာန်ကို ပိုင်ဆိုင်ထားလဲဟု သိချင်နေကြ၏။
ပွင့်ချပ်ကိုးလွှာရွှေကြာလား...
ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် ယဲ့ကျန်း၏ သေရည်ခွက် ကိုင်ထားသည့် လက်က တုံ့ဆိုင်းသွား၏။ သူက မျက်မှောင်ကြုတ်ကာ အံ့အားသင့်သွားသည်။