အခန်း (၇၈၇-၇၈၉)
Vol. 53 Ch. 787-789
အခန်း (၇၈၇) ရတနာ
တိမ်တိုက်တောင်ကြေးမုံသည် လုကျိုးအပေါ် ထွန်းလင်းတောက်ပချိန်၌ သူ့ကို သိသည့်လူများက မထိတ်လန့်သွားပေ။ သူတို့သည် သူ့ကို ရွှေကြာ၊ အနီရောင်ကြာနှင့် အပြာရောင်ကြာဖြင့်တောင် မြင်တွေ့ခဲ့ဖူးသည်။ သို့သော် သူတို့သည် ကြေးမုံကြောင့် ထုတ်ဖော်မခံရပေ။ ထို့ကြောင့် စစ်ခုန်ပေချန်းနှင့် မိုးမခတစ်ထောင် ဘုရားကျောင်းမှ လူများ၏အမူအရာက မပြောင်းလဲပေ။
ထို့အပြင်က စစ်ခုန်ပေချန်းကလည်း ထိုစဉ်က မြင့်မြတ်နန်းဆောင်အတွင်း၌ လုကျိုး၏ ပွင့်ချပ်ကိုးလွှာအနီရောင်ကြာကို တွေ့ခဲ့ဖူးသည်။ မြောက်ပိုင်း၏ မဟာစစ်သူကြီးကို သတ်ဖြတ်နိုင်သည့်သူက မည်ကဲ့သို့များ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်နေနိုင်မည်နည်း။ သူ့ဘာသာသူ ယုံကြည်ချက်ရှိရှိတွေးလိုက်၏။
အစ်ကိုလုက သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖုံးကွယ်ထားနိုင်တဲ့ နည်းလမ်းတချို့ရှိရမယ်။
တစ်ဖက်တွင်မူ တိမ်တိုက်တောင်မှလူများသည် ယင်းကြောင့် အနည်းငယ် အံ့ဩသွားလေ၏။ ထိုအဖိုးအိုသည် သူ၏မွေးဖွားဇယားချပ်ကို အသက်သွင်းခဲ့သူဟု ဆိုခဲ့သည်။ သို့သော် သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်တောင် မဟုတ်ပေ။ သူက အယောင်ဆောင် တစ်ယောက်ပေလော။
နျဲ့ချင်းယွင်က အတွေ့အကြုံပိုရှိ၏။ အဖိုးအိုသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်မျှသာဆိုလျှင် ပွင့်ချပ်ကိုးလွှာရွှီချန်းကို တစ်ချက်တည်းဖြင့် မည်ကဲ့သို့ အနိုင်ယူနိုင်မည်နည်း။
ထို့နည်းတူ ယဲ့ကျန်းက လုကျိုးကို လျှော့မတွက်ခဲ့ပေ။ သူ့လေ့ကျင့်ရေးအခန်းထဲရှိ အစီအရင်သည် လုကျိုးက ပွင့်ချပ်ကိုးလွှာရွှေကြာရှိကြောင်းပြသနေသည်။ သူ့လေ့ကျင့်ရေးအခန်း၏ အစီအရင်သည် လုကျိုးကို အပြည့်အဝ ဖော်ထုတ်နိုင်စွမ်းမရှိကြောင်း သူနားလည်၏။ သို့သော် တိမ်တိုက်တောင်ကြေးမုံ၌လည်း တူညီသည့်ရလဒ်ရှိနေသည့်အချက်ကို သူပဟေဠိဖြစ်နေမိသည်။ ဒီအဘိုးကြီးက သူ့လေ့ကျင့်ရေးအခန်းထဲ အကြီးအကဲမုန့်အဖြစ် အယောင်ဆောင်ပြီးရောက်လာတဲ့လူနဲ့ တစ်ယောက်တည်း မဟုတ်ဘူးလား။ ဒီအဘိုးကြီးက သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖုံးကွယ်ထားနိုင်တဲ့ ရတနာတစ်ခုခုရှိနေတာလား။ ဒါမှမဟုတ် သူကတစ်ကယ် ပွင့်ချပ်ကိုးလွှာ ရွှေကြာကျင့်ကြံသူတစ်ယောက်ဖြစ်နေရုံပဲလား။ အရာအားလုံးက ဖြစ်နိုင်သည်၊ သူအဆင်ခြင်မဲ့ မလှုပ်ရှားရဲပေ။
သို့သော် ထိုစဉ် အကြီးအကဲတစ်ယောက်က ရှေ့တိုးလာပြီး ကျယ်လောင်စွာပြောလိုက်၏။
“ဂိုဏ်းချုပ် ဒါဘာကို ဆိုလိုတာပါလဲ၊ အကြီးအကဲယဲ့ကျန်းက ကျုပ်တို့ကြားက ပဠိပက္ခကို ဖြေရှင်းဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ဒီကိုရောက်လာတာ၊ ဘာကြောင့်ဒါမျိုးလုပ်ရတာလဲ၊ ပြီးတော့ နဝမဘုံကျောင်းက ရွှေကြာနယ်မြေက နယ်ခြားသားနှစ်ယောက်ကို ဒီခေါ်လာပြီး ကျုပ်တို့ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေတယ်၊ ဒီကိစ္စကို ဘေးချိတ်ထားလို့မရဘူး”
“အမှန်ပဲ၊ ကြယ်ပျံအိမ်တော်နဲ့ ပူးပေါင်းပြီး နယ်ခြားသားတွေကို ရှင်းထုတ်ပစ်သင့်တယ်၊ အကြီးအကဲယဲ့ကျန်းက သဘောထားကြီးတဲ့လူတစ်ယောက်ပဲ၊ ကျုပ်တို့ဂိုဏ်းချုပ်ရဲ့သဘောထားကို စိတ်ထဲမထားဘူးမလား”
တိမ်တိုက်တောင်၏ အကြီးအကဲများက ယဲ့ကျန်းကို အရိုအသေပေးနေကြသည်။
ယဲ့ကျန်းက သူတို့ကို လျစ်လျူရှုထား၏။ သူ၏စိတ်က တိမ်တိုက်တောင်ကြေးမုံပေါ်တွင်သာ ရှိနေခဲ့သည်။
နျဲ့ချင်းယွင်က ယင်းကို လက်မခံနိုင်ပေ။
“မဖြစ်နိုင်တာ ထပ်ပြီးတော့”
အလင်းတိုင်သည် ကျောက်စင်မြင့်ပေါ် ထွန်းလင်းတောက်ပသွားပြီး တိမ်တိုက်တောင်ကြေးမုံသည် ကျောက်မျှော်စင်ပေါ် ရောင်ပြန်ဟပ်သွားလေ၏။
ယင်းသည် ယဲ့ကျန်းအပေါ် ကျရောက်သွားသည်။ အနီရောင်ကြာ ပွင့်ချပ်ကိုးလွှာ လူပုံစံရောင်ခြည်က မှိန်ဖျော့သွားတော့သည်။
တိမ်တိုက်တောင်၏ တပည့်များသည် သူတို့ဂိုဏ်းချုပ် စိတ်ရှုပ်ထွေးနေသည်ဟု သတ်မှတ်လိုက်သည်။ သူဘာလုပ်ရန် ကြိုးစားနေမှန်း မသိတော့ပေ။
ထိုစဉ် နျဲ့ချင်းယွင်က သူ၏တပည့်များသည် ယဲ့ကျန်းဘက်ရောက်သွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူ၏အတွေးများကို လျင်မြန်စွာ စီစစ်လိုက်၏။ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးနောက် သူက မေးလိုက်တော့သည်။
“လောင်ချန်ပေ့လု ကျုပ်ကို ယုံမှာလား”
“ဘာလဲ” လုကျိုးက အမြဲလိုပင်တည်ငြိမ်နေသည်။
“ယဲ့ကျန်းက ချယ်ရီပွင့်တိုင်းပြည်က လူတစ်ယောက်ပဲ၊ သူတို့တွေက ကိုးကောင်ပေါက်လို့ခေါ်တဲ့ မကောင်းဆိုးဝါးကို ကိုးကွယ်တယ်၊ သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်က အဲဒီမကောင်းဆိုးဝါးရဲ့ပုံစံ ကိုးကောင်ပေါက်ပဲ” နျဲ့ချင်းယွင်က ပြောလိုက်၏။
ယဲ့ကျန်းသည် ခေါင်းအနည်းငယ်စောင်းလျက် နျဲ့ချင်းယွင်ကို သူ၏မျက်လုံးထောင့်ကနေ ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုရိပ် ဖျတ်ကနဲ ပေါ်လာသည်။ ပြီးနောက် သူက ပြုံးလျက်ပြောလိုက်တော့၏။
“ဂိုဏ်းချုပ်နျဲ့ ခင်ဗျားက လိမ်တာတော်နေတာပဲ၊ တိမ်တိုက်တောင်ကြေးမုံက ခင်ဗျားတို့ တိမ်တိုက်တောင် ဆယ့်နှစ်ဂိုဏ်းရဲ့ ရတနာတစ်ပါးပဲ၊ ခင်ဗျားရဲ့တပည့်တွေက ခင်ဗျားကို ဘယ်လိုလုပ် ယုံမှာလဲ”
တပည့်များက အကြည့်ချင်းဖလှယ်လိုက်၏။
“ငါမင်းကို ယုံတယ်” လုကျိုး၏ အမူအရာက တည်ငြိမ်နေလျက် ငြိမ်ငြိမ်ဆိမ်ဆိမ် ထိုင်နေသည်။
“ခင်ဗျားယုံတာ ဘာကောင်းလို့လဲ၊ ခင်ဗျားက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်ပဲ၊ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူရဲ့ တည်ရှိမှုမှာ ခင်ဗျားစကားပြောပိုင်ခွင့်မရှိဘူး”
ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူက ပြောလိုက်သည်။
လုကျိုးသည် ထိုလူကို တစ်ချက်သာကြည့်ပြီး ဆိတ်ဆိတ်နေလေ၏။
ထိုစဉ် စစ်ခုန်ပေချန်းက လက်မြှောက်လိုက်တော့သည်။ သူက လက်နှစ်ချောင်းကို ညွှန်လျက် စွမ်းအင်ဓားက သူ၏ခေါင်းပေါ်၌ ဖွဲ့တည်လာသည်။ စွမ်းအင်ဓားက သက်တံကဲ့သို့ အရောင်စုံ၏။ ဝှီကနဲ ထွက်ပေါ်လာပြီးနောက် ၎င်းသည် အကြီးအကဲ၏ ရင်ဘတ်ကို ထိုးစိုက်သွားတော့သည်။
“မင်း” အကြီးအကဲ၏ မျက်လုံးက ပြူးကျယ်သွားတော့၏။ သူ့ရဲ့ ရင်ဘတ်ရှိအပေါက်မှ လတ်လတ်ဆတ်ဆတ်သွေးများ ပန်းထွက်လာတော့သည်။ အလွန်လျင်မြန်စွာပဲ သူက အသက်ရှုရပ်သွားပြီး နောက်ပြန်လဲကျသွားလေ၏။
ကျန်သည့်သူများက ထိတ်လန့်သွားကြတော့၏။
“မိစ္ဆာအိုကြီး”
စစ်ခုန်ပေချန်းက ခေါင်းခါလျက် အေးတိအေးစက်ပြောလိုက်သည်။
“သူက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ပဲလေ၊ ဒီနေရာမှာ ဘယ်လိုလုပ် အရိုအသေမဲ့ ပြုမူရဲတာလဲ၊ အစ်ကိုလု အစ်ကို့လက်တွေ အညစ်ပတ်ခံဖို့ မလိုပါဘူး၊ ကျုပ်သူ့ကို ဖြေရှင်းလိုက်ပြီ”
“…”
အသုံးမဝင်တဲ့ပေါက်ကရစကားတွေပဲ၊ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူက ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ
တိမ်တိုက်တောင် ဆယ့်နှစ်ဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များသည် စစ်ခုန်ပေချန်းကြောင့် ဒေါသထွက်သွား၏။
ယဲ့ကျန်းက ဆိတ်ဆိတ်သာနေလေ၏။ ကိစ္စရပ်များသည် သူ၏အစီအစဉ်အတိုင်း ဖြစ်လာလေပြီ။
နျဲ့ချင်းယွင်က ပြောလိုက်သည်။ ”သူသေသင့်တယ်”
“ဂိုဏ်းချုပ်”
တိမ်တိုက်တောင်၏ အဖွဲ့ဂိုဏ်းသားများက မှင်တက်သွားသည်။ သူတို့ဂိုဏ်းချုပ်သည် အပြင်လူနှင့် အဘယ်ကြောင့် ရပ်တည်ရသနည်း။ နျဲ့ချင်းယွင်က တပည့်များနှင့် အကြီးအကဲများကို သိမ်းကြုံးကြည့်လိုက်သည်။
“ငါက မင်းတို့ရဲ့ ဂိုဏ်းချုပ်ဆိုတာ မမေ့နဲ့၊ ကိုယ့်ဆန္ဒအတိုင်း လုပ်ရဲတဲ့သူတိုင်း ငါကိုယ်တိုင်သတ်မယ်”
သတ်ဟူသည့် စကားလုံးကို ပြောချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုရိပ်များ ပေါ်ထွက်လာသည်။ ဤနည်းဖြင့် သူ၏ပြောကြားချက် အာနိသင်က အံ့ဩစရာကောင်းနေတော့သည်။
တိမ်တိုက်တောင်တပည့်များသည် အဆင်ခြင်မဲ့စွာ မပြုမူရဲ၊ မပြောရဲတော့ချေ။ ထို့အပြင် သူတို့က ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ကို စစ်ခုန်ပေချန်းက သတ်တာလည်း မြင်ခဲ့ပြီးဖြစ်သည်။
“ယဲ့ကျန်းက သူ့တစ်ဘဝလုံး အဲဒီမကောင်းဆိုးဝါးကို ကိုးကွယ်ခဲ့တာ၊ သူဖမ်းခဲ့တဲ့ ကျင့်ကြံသူတွေကို သတ်ပြီး သူတို့ရဲ့ ကျင့်ကြံဆင့်တွေကို ယူပြီး ကိုးကောင်ပေါက်ဆီကို အစာကျွေးတယ်” နျဲ့ချင်းယွင်က ပြောလိုက်၏။
လူအများစုက မျက်နှာထက်တွင် မယုံနိုင်သည့် အမူအရာများရှိနေ၏။
ယဲ့ကျန်းက လက်ခုပ်တီးလျက် ပြုံးလိုက်ကာ ပြောလိုက်တော့သည်။
“အံ့ဩဖို့ကောင်းတဲ့ပြောကြားချက်ပဲ”
“ဘယ်နေရာမှာ ရပ်ရမယ်မှန်း မင်း သိမယ်လို့ ထင်နေတာ၊ ဒါပေမဲ့ မင်းဘက်ကို တိမ်တိုက်တောင်ရဲ့ အကြီးအကဲတွေ ဆွဲယူဖို့ ရှဲ့ရွှမ်းကို သုံးလိမ့်မယ်လို့ မထင်ထားဘူး၊ ပြီးတော့ ငါ့ရဲ့နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် တပည့်သုံးယောက်ကို သတ်ခဲ့တယ်၊ ယဲ့ကျန်း တော်လောက်ပြီ”
နျဲ့ချင်းယွင်က သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
ဝှစ်
နျဲ့ချင်းယွင်၏ ပေနှစ်ရာခန့်မြင့်သော စိတ်ဝိညာဉ်သည် တိမ်တိုက်စင်မြင့်ပေါ်၌ ပေါ်လာပြီး တိမ်တိုက်တောင်ဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် သူ၏လုပ်နိုင်စွမ်းကို ပြသနေသည်။ သူတစ်ယောက်တည်း မလုပ်နိုင်မှန်း သိနေ၏။
“မိစ္ဆာကြီး စစ်ခုန် ကျုပ်တို့တွေ ခိုက်ရန်ဖြစ်ပွားခဲ့တာ မှန်တယ်၊ ခင်ဗျားကျုပ်ကို ယုံရင် ကျုပ်နဲ့ပူးပေါင်း၊ ယဲ့ကျန်းကို ဒီကမ္ဘာပေါ်ကနေ ဖယ်ရှားပစ်မယ်”
နျဲ့ချင်းယွင် မည်သို့ပင်ကြည့်စေကာမူ အခြေအနေသည် နဝမဘုံကျောင်းနှင့် ကြယ်ပျံအိမ်တော်တို့က တိမ်တိုက်တောင်ကို သူတို့ကြားထဲ ခွဲခြားလိုက်ပုံနှင့် တူနေ၏။ နဝမဘုံကျောင်းက မတိုက်ခိုက်ပဲ သူပြိုလဲသွားဖို့သာ မျှော်လင့်ရသည်။
စစ်ခုန်ပေချန်းက ပြောလိုက်၏။
“အားလုံးက အစ်ကိုလုအပေါ် မူတည်နေတယ်”
နျဲ့ချင်းယွင်က လုကျိုးကို ကြည့်လိုက်သည်။
ဒီလိုအချိန်မှာတောင် စစ်ခုန်ပေချန်းက ဒီအဘိုးကြီးကို လေးစားနေသေးတယ်၊ ဘာကြောင့်လဲ။
ထိုစဉ်လုကျိုးက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။
ယင်းကို မြင်သောအခါ မိုးမခတစ်ထောင် ဘုရားကျောင်း၏ အဖွဲ့သားများနှင့် နဝမဘုံကျောင်းကလည်း ထရပ်လိုက်၏။
လုကျိုးသည် တည်တည်ငြိမ်ငြိမ် မုတ်ဆိတ်သပ်လျက် ယဲ့ကျန်းကို ကြည့်လိုက်သည်။
“နျဲ့ချင်းယွင်က အမှန်အတိုင်းပြောနေတာလားဆိုတာ ကျုပ်လည်း သိချင်တယ်”
“ဟမ်”
ယဲ့ကျန်းက မျက်မှောင်အနည်းငယ်ကြုတ်လျက် မော့ကြည့်လိုက်တော့သည်။
လုကျိုးက လက်ဖဝါးဖြန့်လိုက်၏။ သူ၏လက်ထဲတွင် ရွှေရောင်ထိုက်ရွှီကြေးမုံက ပေါ်လာတော့သည်။ သူက ကနဦးချီကို ကြေးမုံထဲထည့်လိုက်သည်။ ကြေးမုံက သူ၏လက်ထဲတွင် မြည်ဟည်းလာတော့သည်။
မကြာမီ၌ ရွှေရောင်အလင်းသည် ရွှေရောင်ထိုက်ရွှီကြေးမုံမှ ပြန့်ကားလာပြီးနောက် ယဲ့ကျန်းပေါ် ကျရောက်သွားသည်။
ဒီပြိုင်ဖက်ကင်းအဆင့်လက်နက်က လှည့်ကွက်ရှိလောက်တယ်။
ဝှီး
ယဲ့ကျန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာတော့သည်။
ယဲ့ကျန်းနှင့်အနီးဆုံးတွင် မတ်တပ်ရပ်နေသော တိမ်တိုက်တောင်အကြီးအကဲများနှင့် တပည့်များက ကြောက်လန့်မှုကြောင့် မျက်လုံးပြူးကျယ်ကုန်ကြကာ အလိုလိုနောက်ဆုတ်မိကြသည်။
“အဲဒါဘာလဲ”
ကျန်သည့်သူများရှေ့၌ ပေါ်လာသည့်အရာက ထူထဲသော လည်ပင်းကိုးခုဖြင့် ဦးခေါင်းရှစ်ခုရှိသည့် ကိုးကောင်ပေါက် စိတ်ဝိညာဉ်သဏ္ဌာန်ပဲဖြစ်သည်။
လူတိုင်းသည် ထိုမြင်ကွင်းကြောင့် ကြောက်လန့်ပြီး နောက်ဆုတ်သွားကြသည်။
“ဒီတော့ ဒါက ကိုးကောင်ပေါက်ပဲ၊ ကိုးကောင်ပေါက်မကောင်းဆိုးဝါးက အသက်ကိုးသက်ရှိတယ်လို့ ကောလာဟလရှိတယ်၊ ဒီစိတ်ဝိညာဉ်သဏ္ဌာန်ကို ကျင့်ကြံချင်တဲ့ကျင့်ကြံသူတွေက ကိုးကောင်ပေါက်ရဲ့သွေးကိုသောက်ပြီး သူ့ရဲ့အဆီအနှစ်ကိုစုပ်ယူ တစ်ဘဝတာလုံး ကိုးကွယ်ရမယ်၊ ထောင်မတ်နေတဲ့ ခေါင်းတိုင်းက အသက်တစ်သက်ကို ကိုယ်စားပြုတယ်၊ အဆင့်တူကျင့်ကြံသူတွေကို ဝါးမြိုပြီး ဦးခေါင်းအရေအတွက်ကို မြှင့်တင်နိုင်တယ်၊ သူ့ရဲ့ခေါင်းတစ်လုံးက ပြင်းပြင်းထန်ထန် ထိခိုက်ထားတယ်ဆိုတော့ သူတစ်ကြိမ်သေပြီးပြီလို့ ဆိုလိုတာပဲ၊ ဒါပေမဲ့ ခေါင်းနှစ်လုံးက ညွှတ်ကျနေတယ်၊ ဆိုလိုတာက သူ့မှာ အသက်ခြောက်သက်ရှိတယ်”
ကမ္ဘာပေါ်၌ ဗဟုသုတရှိသည့်လူ ပြတ်လပ်ခြင်းမရှိပေ။ မုန့်ချန်းသုံ၏ မျက်နှာထက်၌ ကြောက်လန့်နေသော အမူအရာကို တွေ့ရပေသည်။ ယဲ့ကျန်းသည် အသတ်မခံခဲ့ရသည့် အကြောင်းအရင်းကို သူနောက်ဆုံးတော့ သဘောပေါက်သွားလေ၏။ ယဲ့ကျန်းက အချိန်မှန်ကို စောင့်နေပုံပေါ်သည်။
“အသက်ခြောက်သက်လား”
ကျန်သည့်သူများက တုန်ယင်သွားကြသည်။
ယဲ့ကျန်း၏ အမူအရာက ရေခဲတမျှအေးစက်နေလေ၏။ သူက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏အစီအစဉ်ထဲ၌ ယင်းကို ကြိုမမြင်ခဲ့ပေ။ သူက ရွှေရောင်ထိုက်ရွှီကြေးမုံကို ကိုင်ထားသောလုကျိုးကို ကြည့်ပြီးပြောလိုက်၏။
“ခင်ဗျားက မပါးနပ်ဘူးပဲ ဟုတ်တယ်မလား”
လုကျိုးသည် သူ၏ရွှေရောင်ထိုက်ရွှီကြေးမုံကို ပြန်ရုတ်သိမ်းလျက် တည်ငြိမ်စွာပြောလိုက်သည်။
“မင်းကို ပြောသားပဲ၊ မင်းက ရွံ့ရှာစရာကောင်းပါတယ်လို့”
…
အခန်း (၇၈၈) မွေးဖွားဇယား၏ စွမ်းအား
အစကတည်းက ယဲ့ကျန်းသည် နျဲ့ချင်းယွင် အပေါ် အာရုံစိုက်မှု မရှိပေ။ သူက နျဲ့ချင်းယွင်အပေါ် များများစားစား ထင်မှတ်မထားသည်ဟု ပြောသည်က သင့်တော်လိမ့်မည်။ သူက ခေါင်းအသာယမ်းပြီး ပြောလိုက်၏။
" ခင်ဗျားက ကိုယ်ပိုင် စိတ်ဆန္ဒတွေနဲ့ မျက်ကန်းဖြစ်နေတဲ့ အရူးကလွဲပြီး ဘာမှမဟုတ်ဘူး။ အလကား အထင်ကြီးမိခဲ့တာပဲ”
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။ ” မင်းက ငယ်ပါသေးတယ် "
နောက်စက္ကန့်ပိုင်းလေးအတွင်း လုကျိုးက မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်အနေဖြင့် စစ်ခုန်ပေချန်းက တခြားသူများရှေ့ ရပ်ကာ ပြောလိုက်၏။ ” အားလုံး ငါနဲ့ နီးနီးကပ်ကပ် နေကြ "
ယဲ့ကျန်းက ဘာမှမပြောဘဲ နောက်ဆုတ်လိုက်၏။ ” အခုပဲ "
ထိုအမိန့်ဖြင့် မိုးကုတ်စက်ဝန်းအတွင်း ပုန်းအောင်းနေကြသည့် ကျင့်ကြံသူများက ထွက်ပေါ်လာကြသည်။
နောက်စက္ကန့်ပိုင်းလေးအတွင်း လုကျိုးက ယဲ့ကျန်းရှေ့ ပေါ်ထွက်လာ၏။ သူက လက်ဝါးချက်ကို ထုတ်ဖော်လိုက်ပြီး " မင်းဆီမှာ အသက်ဘယ်လောက်ရှိလဲ ကြည့်ရအောင် "
သူ့လက်ချောင်းက အပြာရောင် တောက်ပလာ၏။ စွန့်ပစ်ခံ ဉာဏ်ပညာစာလုံးက သူ့လက်ချောင်းကြား ထွက်ပေါ်လာသည်။
သင်္ကေတများက တောက်ပလာ၏။
" အပြာရောင်စည်းတံဆိပ်လား " ယဲ့ကျန်းက အလန့်တကြားဖြစ်သွားကာ လက်ကို မြှောက်၍ ကာကွယ်လိုက်သည်။
ဘန်း
လက်ဝါးစည်းတံဆိပ်က ယဲ့ကျန်း၏ လက်မောင်းပေါ် ကျရောက်သွားသည်။ သူက တူဖြင့် အထုခံလိုက်ရသလို ခံစားလိုက်ရပြီး လေထဲ နောက်ဆုတ်လိုက်ရသည်။
တခြားသူများကလည်း အံ့အားသင့်သွားကြ၏။
နျဲ့ချင်းယွင်၏ မျက်နှာအထက်လည်း အံ့အားသင့်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။
" အား ... "
တိမ်တိုက်တောင်ကြေးမုံက ထိုလူအိုကြီးသည် ပွင့်ချပ်ကိုးလွှာ ရွှေကြာကျင့်ကြံသူဖြစ်ကြောင်း ထုတ်ဖော်ခဲ့၏။ ထိုသို့ဆိုလျှင် သူက သူ့ရန်သူများကို ထပ်ခါထပ်ခါ မည်သို့အနိုင်ယူနိုင်မည်နည်း။
ထိုစဥ် အကြီးအကဲ ၄ယောက်က တိမ်တိုက်ရင်ပြင်ပေါ်ပျံသန်းလာသည်။
ဘန်း ဘန်း ဘန်း
နေရာအနှံ့ အုတ်အုတ်ကျက်ကျက် ဖြစ်လာသည်။
တိမ်တိုက်တောင်၏ အတွင်းရေး ပဋိပက္ခများက အထွတ်အထိပ်သို့ ရောက်လာဟန်ပေါ်သည်။
တိမ်တိုက်တောင် ၁၂ဂိုဏ်းမှ တပည့်များက မည်သူက မိတ်ဆွေလဲ မည်သူက ရန်သူလဲ မသိကြတော့ပေ။ သူတို့မြင်တွေ့နေသည်က သူတို့၏ လူများသည် အချင်းချင်း တိုက်ခိုက်နေကြခြင်း ဖြစ်၏။
စစ်ခုန်ပေချန်းက ပြောလိုက်သည်။ ” ယွီကျန့်ဟိုင် ယွီရှန်းရုန် အနောက်ဘက်ကို တာဝန်ယူလိုက် "
" ကောင်းပြီ " လုကျိုး၏ ပထမနှင့် ဒုတိယတပည့်များက အနောက်ဘက်ပိုင်းသို့ ဝင်ကာ သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်များကို ထုတ်ဖော်လိုက်သည်။
ဝှစ်
ဝှစ်
ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဥ်သဏ္ဌာန် ၂ခုက တိမ်တိုက်တောင်၏ တပည့်များအား လွင့်စဉ်သွားစေသည်။
" ယောင်ချင်းချွမ် ကျောင်ကျန်းဟယ် ဘေးဘက် တာဝန်ယူလိုက် "
" ဟုတ်ကဲ့ " ဆရာတော် ၂ပါးကလည်း သူတို့၏ နေရာများအလိုက် လှုပ်ရှားကာ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်ကြသည်။
ဝှစ်
ဝှစ်
ပွင့်ချပ်ကိုးလွှာ အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန် ၂ခုက ဘေးဘက်မှ ကာရံထား၏။
စစ်ခုန်ပေချန်းက ရှေ့မှ မားမားမတ်မတ် ရပ်နေသည်။ သူက နျဲ့ချင်းယွင်အား ကြည့်ကာ ပြောလိုက်၏” နျဲ့ချင်းယွင် မင်း အခက်တွေ့နေတဲ့ အချိန်မှာ ရိုက်မချဘူး။ ဒါပေမဲ့ မျှမျှတတ လုပ်တာကောင်းလိမ့်မယ်။ တကယ်လို့ မင်းမှာ အချိန်ရှိရင် ဒီအရှုပ်အထွေးကို ဖြေရှင်းသင့်တယ်”
နျဲ့ချင်းယွင်က စစ်ခုန်ပေချန်း၏ ထောက်ပံ့မှုကို တောင်းဆိုခဲ့သော်လည်း သူတို့ဂိုဏ်း ၂ခုကြားမှ ပဋိပက္ခက တစ်ညတည်းဖြင့် ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။ စကားအနည်းငယ်ဖြင့် ဖြေရှင်းနိုင်သည့် အရာလည်း မဟုတ်ပေ။ အကယ်၍ နျဲ့ချင်းယွင်က သူတို့အား လျစ်လျူရှုပြီး မဟာတိမ်တိုက်အစီအရင်ကို အသုံးပြုခဲ့ပါက အခြေအနေသည် ကောင်းမည်မဟုတ်ပေ။ သတိထားသည်က ပို၍ ကောင်းပေသည်။
နျဲ့ချင်းယွင်က လက်နှစ်ဖက်ယှက်ကာ " ကျေးဇူးပါ။ ဒီဟာကို ပြန်ဆပ်ပါ့မယ်”
သူ့အတွက် သူဒုက္ခရောက်နေသည့်အချိန် ရိုက်မချခြင်းက အကောင်းဆုံး အကူအညီ ဖြစ်၏။
ထိုစဥ် ယဲ့ကျန်းက လုကျိုး၏ လက်ဝါးချက်ကြောင့် နောက်ဆုတ်လိုက်ရသည်ကို အံ့အားသင့်နေဟန် ပေါ်သည်။ သူက ခန္ဓာကိုယ်ကို ထိန်းညှိကာ ခပ်နိမ့်နိမ့် ပျံသန်းလိုက်၏။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်” ခင်ဗျားက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ မဟုတ်ဘူးလား "
" ဒါက အရေးမကြီးဘူး။ အရေးကြီးတာက နောက်နှစ် ဒီရက်မှာ မင်းရဲ့ သေနေ့နှစ်ပတ်လည်ပဲ။ ကောင်လေး မင်းက လောဘကြီးလွန်းတယ်”
လုကျိုးက ထပ်မံ လှုပ်ရှားလိုက်သည်။ သူက လက်ကို မြှောက်လိုက်သည့်အချိန် အပြာရောင်အလင်းတန်း တောက်ပလာပြီး နောက်ထပ် စွန့်ပစ်ခံ ဉာဏ်ပညာ ထွက်ပေါ်လာသည်။
ယဲ့ကျန်းက အေးစက်စက် ပြောလိုက်၏” လူအိုကြီး ကျုပ်တို့တွေ နောက်ဆုံးမှာ ဘယ်သူက ရယ်နိုင်မယ်ဆိုတာ မသိသေးပါဘူး”
ဝှစ်
ယဲ့ကျန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်က ထွက်ပေါ်လာသည်။ ထိုအရာက အနီရောင်တောင်ပလာ၏။ ခေါင်း ၆ခေါင်းရှိသည့် စိတ်ဝိညာဥ်သဏ္ဌာန်က လုကျိုးဆီ ပြေးဝင်လာသည်။
သဘာဝကို သိမြင်ခြင်း
ဗုဒ္ဓ၏ ဈာနမုဒြာ
လုကျိုး၏ အနားတွင် အလင်းစက်ဝန်းများ ပေါ်ထွက်လာပြီး ရွှေရောင် ဈာနမုဒြာဝန်းကျင်တွင် ရွှေရောင်မီးတောက် တောက်ပလာသည်။
ဝုန်း ဝုန်း ဝုန်း ဝုန်း
ယဲ့ကျန်း၏ စိတ်ဝိညာဥ်သဏ္ဌာန်က လုကျိုး၏ မုဒြာနှင့် ထိပ်တိုက်တွေ့ကာ လှိုင်းတွန့်များ ထွက်ပေါ်လာစေသည်။
" ကံစွမ်းအား ဗုဒ္ဓဈာနမုဒြာလား " စစ်ခုန်ပေချန်းက ထိုမြင်ကွင်းကို မြင်သည့်အခါ စိတ်လှုပ်ရှား လာမိ၏” အစ်ကိုလုက ဂိုဏ်းအားလုံးရဲ့ နည်းစနစ်တွေ အကုန်လုံး ကျွမ်းကျင်နေတယ်ဆိုတာ အမှန်ပဲကို "
ထိုစဥ် ကျင့်ကြံသူများစွာက အဘက်ဘက်မှ ပျံသန်းလာကြသည်။
" ကြယ်ပျံအိမ်တော်နဲ့ ကောင်းကင်သိုင်းပညာခုံရုံးက ကျင့်ကြံသူတွေ ရောက်လာပြီ " နျဲ့ချင်းယွင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်” တိမ်တိုက်တောင်တပည့်တွေ ကျောက်မျှော်စင်နားမှာ စုစည်းကြ။ အမိန့်အတိုင်း မလိုက်နာတဲ့သူတွေကို ရန်သူအဖြစ် သတ်မှတ်မယ်”
သူ့အသံက ရင်ပြင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
တပည့်ခြောက်ထောင်ကျော်က တစ်ပြိုင်နက် ပျံသန်းကာ ကျောက်မျှော်စင်ဆီ ပျံသန်းသွားကြသည်။
အကြီးအကဲ ၅ယောက်ကသာ ပျံသန်းသွားကြ၏။
နျဲ့ချင်းယွင်က သူသည် တည်ငြိမ်မှု ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း သိလေသည်။
ကျန်ရှိနေသည့် အကြီးအကဲနှင့် တပည့်များက ယဲ့ကျန်းကို ထောက်ခံမှန်း သိသာလှသည်။
နျံချင်းယွင်က ထိုအရာသည် လက်ခံနိုင်၏။ အနည်းဆုံးတော့ အများစုက အသက်ကိုးသက် စိတ်ဝိညာဥ်သဏ္ဌာန်ကို မြင်တွေ့ပြီးသည့်နောက်တွင် အသိစိတ်ဝင်လာကြသည်။
" ဂိုဏ်းချုပ် "
တခြားသူများက နျဲ့ချင်းယွင် အနောက်ဘက် ဆင်းသက်လာကြ၏။
နျဲ့ချင်းယွင်က ဘာမှမပြောဘဲ လက်ကို မြှောက်လိုက်သည်။
အားလုံးကို လွှမ်းခြုံသွားသည့် အလင်းစက်ဝန်းတစ်ခု ထွက်ပေါ်လာကာ စည်းတံဆိပ်မြောက်မြားစွာ ကျဆင်းလာ၏။
" ဘယ်သူမှ ဒီနေရာက ထွက်မသွားရဘူး "
တိမ်တိုက်ရင်ပြင်ပေါ်တွင် ကျင့်ကြံသူများစွာက ပစ်မှတ် ပျောက်ဆုံးသွားကြသည်။
ထိုစဥ် လုကျိုးကသာ တစ်ဦးတည်းသော ပစ်မှတ် ယဲ့ကျန်း ရှိ၏။
ဈာနမုဒြာက ပျောက်ကွယ်သွားသည်။
လုကျိုးက အလျင်မလိုဘဲ ရှေ့တိုးလိုက်သည်။
နျဲ့ချင်းယွင်က ကောင်းကောင်းလုပ်ဆောင်ခဲ့၏။ ယခုအခါ လူများက မိတ်ဆွေနှင့် ရန်သူကွဲပြားသွားပြီဖြစ်ကာ အုတ်အော်သောင်းတင်းဖြစ်စရာ မလိုတော့ပေ။
ထိုစဥ် လုကျိုးက ရန်သူဘက်ရောက်ရှိနေသည့် တစ်ဦးတည်းသောသူ ဖြစ်၏။
" ကောင်းကင်သိုင်းပညာခုံရုံး ရောက်လာပြီ။ ခုခံတဲ့သူ အားလုံးသေရမယ်”
ချပ်ဝတ်ကျင့်ကြံသူတစ်ယောက်က တိမ်တိုက်ရင်ပြင်ကို အပေါ်မှ ငုံ့ကြည့်ကာ ပြောလိုက်သည်။
" ကြယ်ပျံအိမ်တော်လည်း ရောက်လာပြီ။ ငါတို့နောက်ကို လိုက်တဲ့သူက ကြီးပွားကြွယ်ဝပြီးတော့ ဆန့်ကျင်တဲ့သူတွေက ပျောက်ကွယ်သွားရမယ် "
နှစ်ဖက်လုံးမှ ကျင့်ကြံသူ အယောက်ငါးထောင် တက်လှမ်းလာကြသည်။
လုကျိုးက သူသည် ဘာမှမကြားသကဲ့သို့ ပြုမူနေပြီး ဆက်လက်ရှေ့တက်ကာ ယဲ့ကျန်းကိုသာ အာရုံစိုက်ထားသည်။
ယဲ့ကျန်းက တိုက်ခိုက်ရင်း နောက်ဆုတ်နေ၏။ သူက လုကျိုး၏ မျက်ဝန်းမှ သတ်ဖြတ်လိုစိတ်ကို မြင်နိုင်သည်။ ထို့အပြင် လူအိုကြီးက သူ့ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေမှန်း သိသာလှ၏။ သူက သင်္ကေတစည်းတံဆိပ်များစွာကို ပစ်ခတ်ရင်း ပြောလိုက်၏” လူအိုကြီး ခင်ဗျားက အခုအဝိုင်းခံထားရပြီးကို ဘာလို့ခေါင်းမာနေရတာလဲ "
အနီရောင်ကွန်ဖြူးရှပ် သင်္ကေတစည်းတံဆိပ်များက စွမ်းအားပေါက်ကွဲမှုတွေ ထွက်ပေါ်လာစေသည်။
လုကျိုးက တည်တည်ငြိမ်ငြိမ် ကျန်ရှိနေ၏။ သူက မုတ်ဆိတ်သပ်ကာ တခြားလက်တစ်ဖက်ကမူ ရှေ့ကို ဆန့်ထုတ်လိုက်ပြီး လက်ဝါးချက်ထုတ်လွှတ်လိုက်သည်။
စွန့်ပစ်ခံ ဉာဏ်ပညာ
လက်ဝါးစည်းတံဆိပ်က ယခင်ထက် ပိုမိုကြီးမား၏။
" ဒီလို တူညီတဲ့တိုက်ကွက်က ၂ခါ အလုပ်ဖြစ်မယ်များ ထင်နေလား။ ခင်ဗျားက တုံးလွန်းသွားပြီ” ယဲ့ကျန်းက စိတ်ဝိညာဥ်သဏ္ဌာန်ကို ချက်ချင်းရုတ်သိမ်းလိုက်၏။ သူက လက်ဝါးကို ရှေ့ဆက်တွန်းလိုက်သည်။ သူ့လက်ဝါးတွင် ချုပ်နှောင်ရေး စည်းတံဆိပ်များ ပေါ်ထွက်လာပြီး စွန့်ပစ်ခံ ဉာဏ်ပညာကို ချုပ်နှောင်ဖို့ ကြိုးစားနေ၏။ သို့သော်လည်း စွန့်ပစ်ခံ ဉာဏ်ပညာက သူ့အပေါ် ကျရောက်လာသည့်အခါ လူအမြင့်လောက် ကြီးထွားလာသည်။
ဘန်း
ယဲ့ကျန်းက သွေးအန်လိုက်ရပြီး နောက်ဆုတ်လိုက်ရသည်။ သူ့ခြေထောက်အောက်တွင် မြေချိုင့်ရာကိုပင် မြင်ရလေ၏။
လုကျိုးက ရှေ့တိုးလာကာ " ကောင်လေး ငါက မင်းထက် ထမင်းပိုစားလာတာပါ "
ယဲ့ကျန်း၏ နှလုံးသားထဲ အကြောက်တရားတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတောင် ငါရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို အလွယ်တကူ တွန်းလွှတ်နိုင်တာမဟုတ်ဘူး ....
" တော်သင့်ပြီ "
ကောင်းကင်သိုင်းပညာခုံရုံးမှ လူများစွာက ပျံသန်းလာကြသည်။ သုံးမြှောင်ခရင်းခွ ကိုင်ဆောင်ထားသည့်သူက ပြောလိုက်သည်” ကျုပ်က ကောင်းကင်သိုင်းပညာခုံရုံးရဲ့ ခေါင်းဆောင် ချန်းဖန်းလော့ပဲ "
ကောင်းကင်သိုင်းပညာခုံရုံး၏ အဖွဲ့သားများက လေထဲပျံသန်းလာသည့်အခါ သူတို့၏ အနေအထားက ချက်ချင်းပြောင်းလဲသွားသည်။
ချန်းဖန်းလော့၏ ခရင်းခွထိပ်ဖျားက အနက်ရောင်သင်္ကေတများဖြင့် တောက်ပလာ၏။
" အစ်ကိုလု အဲ့မှာ ကြည့်လိုက်အုံး။ အဲဒါက ပြိုင်ဘက်ကင်းအဆင့် လက်နက်ပဲ”
လုကျိုးက ယဲ့ကျန်းကိုသာ ကြည့်နေ၏။ သူက မျက်တောင်ပင် မခတ်ပေ။ သူက ဆင်းသက်လာသည့် ခရင်းခွကို အာရုံခံမိသည့်အခါ ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက မိုးကြိုးကတ်ကို အသက်သွင်းလိုက်၏။
ချက်ချင်းဆိုသလို ကောင်းကင်ဘုံမှ မိုးကြိုးချက် ဆင်းသက်လာတော့မည့်အလား ဖြစ်လာသည်။
ဝုန်း
ထိုအရာက ချန်းဖန်းလော့ဆီ သေစေလောက်သည့် တိကျမှုမျိုးဖြင့် ကျရောက်လာ၏။
ချန်းဖန်းလော့၏ အားပြင်းပြင်း တိုက်ကွက်ကို လုကျိုးက အလွယ်တကူ ဖယ်ရှားနိုင်လိုက်သည်။
သူက လွင့်စဉ်သွားသည့်အခါ သူ့အပေါင်းအပါများဖြင့် ဝင်တိုက်မိသွားပြီး အနေအထား ပျက်သုန်းသွားစေသည်။
စစ်ခုန်ပေချန်း၊ နျဲ့ချင်းယွင်နှင့် တခြားသူများ " ... "
ဒါပဲလား။
လုကျိုးက သူ့ဆီ ပျံသန်းလာနေသည့် ကျင့်ကြံသူထောင်ချီကို ကြည့်ပင်မကြည့်ပေ။ သူက ပြောလိုက်၏။ ” ငါ့ကိစ္စမှာ ဘယ်သူဝင်ရှုပ်ရဲလဲ "
ကျင့်ကြံသူများက ကြောင်အမ်းသွားကြသည်။
ယဲ့ကျန်း၏ စိတ်ထဲ လေးလံလာပြီး လက်ချောင်းများက တုန်တုန်ယင်ယင် ဖြစ်လာ၏။
ဒါက မွေးဖွားဇယားချပ်စွမ်းအားလား။ မဟုတ်သေးဘူး။ မွေးဖွားဇယားချပ်က ဒီလိုအလုပ်လုပ်တာ မဟုတ်ဘူး။ ဒါမဖြစ်နိုင်ဘူး။ ...
ယဲ့ကျန်းက လက်ဝါးကို ပူးကပ်လိုက်ပြီး စာရွက်အဆောင်များစွာကို ထုတ်ယူလိုက်သည်။
ထိုအရာက လုကျိုးအား လျိုကောကို သတိရသွားစေသည်။ လျိုကော၏ နည်းလမ်းက အနီရောင်ကြာနယ်မြေဆီမှ ဆင်းသက်လာခြင်း ဖြစ်၏။ ဤနည်းစနစ်ကို ဤနေရာတွင် မြင်တွေ့ရသည်မှာ မအံ့သြမိပေ။
ယဲ့ကျန်းက မြေပေါ် ရပ်လိုက်သည်။ သူ့လက်ဝါးကြားရှိ အဆောင်များက လောင်ကျွမ်းသွားပြီး လုကျိုးဆီ ပစ်လွှတ်လိုက်၏။
အဆောင်များက လှည့်ပတ်ကာ နဂါးတစ်ကောင်လို ရစ်ခွေလာသည်။
" ထားလိုက်တော့။ အခု ကျုပ်ရဲ့ စွမ်းအားအစစ်အမှန်ကို မြင်ရမဲ့အချိန်ပဲ” ယဲ့ကျန်းက ပြောလိုက်သည်။
…
အခန်း ( ၇၈၉ ) မင်း ငါပြောတာ နားလည်လား
ယဲ့ကျန်းက လေထဲ ပျံသန်းလိုက်လေ၏။ သူက မီးတောက်မီးလျှံများ လွှမ်းနေသည့် အဆောင်များ၏ အားဖြည့်မှုဖြင့် သူ၏ လက်ဖဝါးသည် ပူလောင်သော အနီရောင်ဓားသွားများပမာ ဖြစ်နေတော့သည်။
အဆောင်တွေက ကံမီးတောက် အသေးစားတွေလား။ ယဲ့ကျန်းရဲ့ အရှိန်အဝါက ရုတ်တရက် သိပ်သည်းသွားတယ်။ သူက အချိန်မရွေး ပွင့်ချပ်ဆယ်လွှာ အဆင့်ကို ရောက်သွားနိုင်တာ။
စစ်ခုန်ပေချန်းသည် အနည်းငယ် မှင်တက်သွား၏။ သူက မြေပြင်ပေါ်မှ ခုန်တက်ပြီး ကောင်းကင်ထဲ ခုန်ဝင်လိုက်သည်။ သူသည် ပွင့်ချပ်ဆယ်လွှာကြာ၏ အရွယ်အစားကို တိုးမြှင့်လိုက်၏၊
ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်၏ တပည့်များ ၊ တိမ်တိုက်တောင်ဂိုဏ်း၏ တပည့်များကလည်း မှင်တက်သွားကြသည်။
“ အကိုလု ခင်ဗျားအတွက်အဆင့်ကို ရှင်းလင်းပေးမယ် “ စစ်ခုန်ပေချန်းသည် ဧရာမကြိုးကြာက ၎င်း၏ တောင်ပံကို ဖြန့်လိုက်သည့် ပမာ သူ၏ လက်နှစ်ဖက်ကို ဖြန့်ကားလိုက်တော့သည်။
တိမ်တိုက်တောင်၏ အလင်းတိုင်က စွမ်းအင်ဓားအဖြစ် အသွင်ပြောင်းလဲသွားကာ ရွာသွန်းလာတော့သည်။
ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်မှ လူများသည် ရွာသွန်းလာသော စွမ်းအင်ဓားများကို ခုခံကာကွယ်နေရသည်။ သူတို့က လုကျိုးကို ချုံခိုတိုက်ခိုက်ရန် အချိန်မရှိ။ သူတို့သည် ကာကွယ်ရေးစွမ်းအင်တိုင်များ အသက်သွင်းရုံသာ တတ်နိုင်သည်။
ထိုစဉ် ယဲ့ကျန်း၏ တိုက်ခိုက်မှုများက လုကျိုးဆီ ရောက်လုနီးပါး ဖြစ်သွားသည်။ အနီရောင် ပူလောင်လက်ဝါး ဓားသွားများက ဆံခြည်တစ်မျှင်စာသာ ကွာဝေးတော့သည့် အချိန်၌ သူက လက်ဗလာကို မြှောက်လိုက်သည်။ နည်းစနစ်များ မပါရှိပေ။
ဘန်း
မီးလက်ဝါးသည် လုကျိုး၏ လက်ဝါးကို ရိုက်မိသွားသည်နှင့် ရွှေရောင် မီးတောက်၊ မီးလျှံများက အရှေ့သို့ ပေါက်ကွဲထွက်လာသည်။
ယင်းက ကံစွမ်းအား အားပြိုင်ပွဲ ဖြစ်နေ၏။
မြေပြင်ပေါ် အားနည်းစွာ လဲကျသွားသော ကောင်းကင်သိုင်းခုံရုံး၏ ခေါင်းဆောင်က သူ၏ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားလျက် ကျန်လက်တစ်ဖက်ဖြင့် သုံးခွမှိန်းကို ကိုင်ထားလေ၏။ မြင်ကွင်းကို ကြည့်နေစဉ် သူ၏ မျက်လုံး၌ အထင်သေးမှုများ ပြည့်နေသည်။
ယဲ့ကျန်း၏ တိုက်ခိုက်မှုက အမှန်တကယ် ကျရောက်သွား၏။ သူက ပြုံးလိုက်တော့သည်။
“ မင်းက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ တစ်ယောက်ပဲ ဆိုတာ သေချာတယ် “
“ အော် “ လုကျိုး၏ ကျန်လက်တစ်ဖက်က နောက်ပစ်ထားဆဲ ဖြစ်သည်။ သူရဲ့ အမူအရာက တည်ငြိမ်နေ၏။
ယဲ့ကျန်းသည် လေထဲ ပျံဝဲကာ လက်ဝါးနှစ်ခုကို ပူးကပ်လိုက်တော့သည်။ မီးလက်ဝါးတစ်ဝိုက်တွင် ကံမီးတောက်က လွှမ်းခြုံထားလျက် လုကျိုး၏ လက်ဝါးကို တွန်းချလိုက်၏။
“ ကျုပ်က လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာတုန်းက ပွင့်ချပ်ဆယ်လွှာအဆင့်ကို ရောက်နိုင်ခဲ့တယ်။
ငါ့ရဲ့နယ်ပယ်ကို ဖိနှိပ်ထားဖို့ ကြိုးစားေနရတာ ဘာအတွက်ကြောင့်လဲ ဆိုတာ သိလား” ယဲ့ကျန်းက အထင်တစ်သေး ပြောလိုက်၏။
“ ဒါက ငါနဲ့ ဘာဆိုင်လို့လဲ “ လုကျိုးကလည်း သူ၏ ကံမီးတောက်ကို မြှင့်တင်နေသည်။ သူသည် ကံမီးတောက်ကို ကျင့်ကြံချိန်မှ စပြီး ၎င်းကို အပြည့်အဝ တစ်ခါမှ အသုံးမပြုခဲ့ဖူးပေ။ ယခုက သူစမ်းသပ်ရန် အခွင့်အရေးကောင်း တစ်ခုဖြစ်သည်။
ရွှေရောင်မီးတောက်နှင့် အနီရောင် မီးတောက်တို့ တစ်ခုနှင့်တစ်ခု လောင်မျိုက်နေ၏။ သူတို့သည် ညီတူမျှတူ ဖြစ်နေသည်။
အနီရောင်မီးတောက်သည် ပိုတောက်ပစွာ လောင်ကျွမ်းမည့် အလားအလာကို ပြသနေ၏။ အဆောင်များကြောင့် ဖြစ်နိုင်သည်။ အဆောင်တစ်ခု လွင့်ပျံလာချိန်တွင် အနီရောင် ကံမီးတောက်က အနည်းငယ် သိပ်သည်း သွားလေ၏။
ယဲ့ကျန်းသည် သူ၏ ကံမီးတောက်ကို ထိန်းသိမ်းထားလျက် ပြောလိုက်သည်။
“ ဘာကြောင့်လဲဆိုတော့ ပွင့်ချပ်ဆယ်လွှာ အဆင့်မှာ ငါရဲ့ ကိုးကောင်ပေါက်ကို အားဖြည့်ပေးနိုင်တဲ့သူ များများစားစား မရှိဘူး ”
“ မင်းက ကျင့်ကြံသူတစ်ယောက်ကို ဝါးမျိုလိုက်တိုင်း အသက်တစ်သက် ရတယ်။ ဒါတောင်မှ အသက်ခြောက်သက်ပဲ ရှိသေးတာ။ မင်းရဲ့ ကိုးကောင်ပေါက် သူရဲ့ အကန့်အသတ်မရှိတာ မဟုတ်တဲ့ပုံပဲ “ လုကျိုးက ပြောလိုက်၏။
“ တကယ်ပဲပေ့ါ ဒါပေမဲ့ “ ယဲ့ကျန်း ခန္ဓာကိုယ်နားတစ်ဝိုက်ရှိ မီးတောက်များက သိပ်သည်းသွားတော့သည်။ သူက မှုန်မှိုင်းသော လေသံဖြင့် ပြောလိုက်၏။
” ကိစ္စမရှိဘူး “
ယဲ့ကျန်း၏ ကိုးကောင်ပေါက် စိတ်ဝိညာဉ်သဏ္ဌာန်က ထပ်မံပေါ်လာသည်။ ကနဦးချီနှင့် ကံမီးတောက်က ရုတ်တရက် ပိုသန်မာလာ၏။ သူ၏ ကျင့်ကြံစဉ်က တိုးတက်လာတော့သည်။ ကိုးကောင်ပေါက် စိတ်ဝိညာဉ်သဏ္ဌာန်အောက်တွင် အနီရောင်ကြာက လျှင်မြန်စွာ စတင် လည်ပတ်လာတော့သည်။
“ ပွင့်ချပ် ဖူးပွင့်တာလား “
စစ်ခုန်ပေချန်း၊ ယွီကျန့်ဟိုင် နှင့် နျဲ့ချင်းယွင်တို့က မြင်သက်သွားကြသည်။ သူတို့အားလုံးက ထူးချွန်သော ကျင့်ကြံသူများ ဖြစ်၏။ သို့သော်ငြား ယဲ့ကျန်းကို မြင်သည့်အချိန်တွင် သူတို့ထက် ပိုအစွမ်းထက်တဲ့သူ ရှိသေးတာကို နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။
ယဲ့ကျန်းသည် လုကျိုးရှေ့၌ သူ၏ ပွင့်ချပ်ကို စတင် ဖူးပွင့်အောင် လုပ်နေသည်။ ရွှေကြာနယ်မြေ၌ ယင်းကို မည်သူက လုပ်ရဲမည်နည်း။
လုကျိုးက သူ၏ ရွှေကြာကို တစ်ချက်ကြည့်ပြီး ထူးမခြားနား ပြောလိုက်သည်။
“ မောင်ရင် ငါ့ကို နားလည်ရဲ့လား “
“ ကျုပ် နားလည်စရာ မလိုဘူး။ ဒီလက်ဝါးရိုက်ချက်ကို အခြေခံကြည့်ရင် ခင်ဗျားက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ တစ်ယောက်ပဲဆိုတာ ကျိန်းသေတယ် “
ကံမီးတောက်နှင့် အဆောင်များသည် လုကျိုး၏ လမ်းကြောင်းကို ဟန့်တား ထားသည်။
ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော်၏ ဂိုဏ်းသားများက ဘေးတစ်ဖက်တစ်ချက်စီ၌ ပျံဝဲနေသည်။
သူတို့က ထိုမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေ၏။
စစ်ခုန်ပေချန်းက အင်မတန် ထိတ်လန့်တုန်လှုပ်နေသည်။ လုကျိုး၏ ခွန်အားကို သူကောင်းစွာ သိသည်။ သူသည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ပွင့်ချပ်ဆယ်လွှာ ချန်ပေချန်းကို သတ်နိုင်ခဲ့သည်။ သို့သော်ငြား ပွင့်ချပ်ကိုးလွှာ ယဲ့ကျန်းက သူနှင့် အချိန်ကြာမြှင့်စွာ ရင်ဆိုင်နိုင်စွမ်း ရှိနေသည်။
“ အစ်ကိုလု ကျုပ်ကူညီပေးမယ် “ စစ်ခုန်ပေချန်းက ကောင်းကင်ထဲရှိ စွမ်းအင်ဓားများကို ပြန်ရုပ်သိမ်းလျက် သူ့နောက်ကို ကြည့်လိုက်သည်။
“ ဒါကို မင်းတို့ လေးယောက်ဆီ အပ်ထားလိုက်ပြီ “
ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ယောင်ချင်းချွမ် နှင့် ကျောက်ကျန်းဟယ်တို့က နံရံလေးဖက် ဖွဲ့တည်လိုက်သည်။ ယင်းက များစွာသော ကျင့်ကြံသူများ ရှိနေသော တိမ်တိုက်တောင် ဖြစ်သည်။ သူတို့သည် ဖြစ်လာနိုင်သည့် တိုက်ခိုက်သူတိုင်းကို သတိထား ကာကွယ်ရမည်။
“ မလိုဘူး “ လုကျိုးက အသံ့မြှင့် ပြောလိုက်သည်။
ရှောင်ယွမ်အာက မော့ကြည့်ပြီး ပြောလိုက်သည်။
” ထိုင်ပြီး ပွဲသာ ကြည့်နေလိုက်ပါ။ ကျွန်မရဲ့ ရှစ်စွင်းက သူနဲ့ ဆော့ကစားနေရုံပဲ “ ပြီးနောက် သူမက လက််မြှောက်ပြီး လက်ချောင်းလေးများ ချိုးကာ စတင် ရေတွက်တော့သည်”အသက်ခြောက်သက် ဆိုလိုတာက လက်ဝါးရိုက်ချက် ခြောက်ချက်လိုအပ်တာပဲ “
“ …….. “
ယဲ့ကျန်း၏ အနီရောင်ကြာသည် ယခင်ကထက် ပိုမြန်ဆန်စွာ လည်ပတ်လာတော့သည်။
ထိုပွင့်ချပ် ဖူးပွင့်သောနည်းသည် ရွှေကြာကျင့်ကြံသူများက ပွင့်ချပ်ကိုးလွှာ အဆင့်ကို ချဉ်းကပ်ချိန်၌ ကြုံတွေ့ရသည့် နည်းနှင့် ဆင်တူသည်။
လုကျိုးသည် ၎င်းကို ခဏတာ ကြည့်လိုက်၏။ အနီရောင်ကြာ၏ ပွင့်ချပ်များက ကြီးမားလာပြီး မြေပြင်ပေါ် လွှမ်းလာတော့သည်။
ယဲ့ကျန်းက အသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။ ” နောက်ဆုတ် “
သူလက်အုပ်ချီထားသော မီးလက်ဝါးမှ ခွန်အားသည် အဆပေါင်း များစွာ တိုးလာတော့သည်။
လုကျိုးသည် မြေပြင်ကနေ တွန်းထုတ်ခံရပြီး နောက်သို့ ပျံသန်းလိုက်ရသည်။ ယဲ့ကျန်းသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ရှေ့သို့ ချီတက်လာ၏။ ” နောက်ထပ်ဆုတ် “
သူလက်ဝါးမှ ဖိအားသည် လုကျိုးကို နောက်သို့ ထပ်မံတွန်းနေသည်။
ကျန်သည့်သူများသည် ယင်းကို မျက်မြင်တွေ့သောအခါ အထိတ်တလန့် ထုတ်ပြောလိုက်၏။
နျဲ့ချင်းယွင်က ယင်းကို ကြည့်ပြီး ခေါင်းခါကာ ပြောလိုက်တော့သည်။
“ မိစ္ဆာကြီးစစ်ခုန် ဒါက မင်းပြောတဲ့ မွေးဖွားဇယားချပ်လား “
စစ်ခုန်ပေချန်းက ပြောလိုက်၏။
” စိတ်ရှည်စမ်းပါ “
နျဲ့ချင်းယွင်သည် လုကျိုးက ချန်ပေချန်းကို လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် သတ်ခဲ့တာကို သူကဲ့သိူ့ မြင်တွေ့ခဲ့တာ မဟုတ်ပေ။
လုကျိုးနှင့်ပတ်သက်၍ နျဲ့ချင်းယွင် သဘောပေါက်တာ ဘာမှမရှိပေ။ ထိုစဉ် လုကျိုသည် တိမ်တိုက်စင်မြင့်၏ အစွန်းဆီသို့ အနီရောင်ကြာမီးတောက်ေကြာင့် တွန်းပို့ခံနေရသည်။ သူနောက်ဆက်ဆုတ်မည် ဆိုလျှင် သူသည် ခမ်းနားသော အစီအရင် အပြင်သို့ ရောက်သွားလောက်သည်။ ထိုစဉ် လုကျိုးက ခြေဆောင့်နင်းလိုက်ရာ မြေပြင်က အက်ကွဲသွားတော့သည်။
ဘန်း
လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သူသည် ယဲ့ကျန်းကို ရင်ဆိုင်ရာ၌ နောက်သို့ တွန်းခံလိုက်ရသည်။
ယဲ့ကျန်းသည် သူ၏ ကနဦးချီကို မြှင့်တင်လိုက်သည်။ သူ၏ ကံမီးတောက်က ဆယ်ပေထိအောင် မြှင့်တက်လာ၏။
” နောက်ဆုတ် “
လုကျိုးက နည်းနည်းလေးတောင် မရွှေ့ပေ။ သူက အနီရောင်ကြာနယ်မြေထဲ၌ ပွင့်ချပ်ဖူးပွင့်သော နည်းလမ်းကို စောင့်ကြည့်နေသည်။
ထိုစဉ် ယဲ့ကျန်းက တစ်စုံတစ်ခု လွဲချော်နေတာကို ခံစားမိ၏။ သူ၏ လက်ဖဝါးထဲ စွမ်းအင်ပမာဏကို မြှင့်တင်လိုက်သည်။
ဗွီး
ယဲ့ကျန်း၏ ကံမီးတောက်သည် ရွှေရောင် မီးတောက်၊ မီးလျှံများကို စတင်ဖိနှိပ်နေပြီ ဖြစ်သည်။ ညည်းသံတစ်ချက်ဖြင့် ယဲ့ကျန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပိုမို ကြီးထွားလာတော့သည်။ ခေါင်းသုံးလုံးက သူတို့၏ သွေးသံရဲရဲ အစွယ်များဖြင့် လုကျိုးကို ကိုက်ရန် ကြိုးစားနေသည်။
ကျန်သည့်သူများက ယင်းကို မြင်ပြီး ထိတ်လန့်သွားကြသည်။ လှုပ်ရှားနေသော စိတ်ဝိညာဉ်သဏ္ဌာန်သည် သာမာန်ထက် ကျော်လွန်ပြီး ဖြစ်၏။ သို့တိုင် ယဲ့ကျန်းက သက်ရှိလူတစ်ယောက်ကို ဝါးမျိုရန် စိတ်ဝိညာဉ်သဏ္ဌာန်ကို အသုံးပြုနေသည်။ တိုက်ခိုက်ရန်အတွက် နည်းလမ်း ခြောက်ခု ရုတ်တရက်တည်ရှိလာ၏။
တိမ်တိုက်တောင် တပည့်များက သူတို့မျက်လုံးကို ကာထားလိုက်၏။ ထိုကဲသို့ သွေးထွက်သံယို မြင်ကွင်းကို သူတို့ မကြည့်နိုင်ပေ။
ယဲ့ကျန်က အထင်တသေး မေးလိုက်၏။
“ ဒါပဲလား “
ဝှစ်
ခေါင်းခြောက်လုံးက လှုပ်ရှားတော့မည့် အချိန်တွင် လုကျိုးက သူ့လက်ဝါးကို ဖြန့်လိုက်တော့သည်။ လုံးဝိုင်းနေသော ရွှေရောင် အရံအတားက သူ့ရှေ့၌ ပေါ်လာ၏။ ရွှေရောင်စည်းတံဆိပ်က ထိုက်ကျိသဏ္ဌာန် ဖွဲ့တည်လိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ခေါင်းခြောက်ခေါင်းမှ တိုက်ခိုက်မှုသည် ဟန့်တားခံလိုက်ရသည်။
“ မင်း တတ်နိုင်တာ အကုန်လုပ်ပြီးပြီ။ ငါကတော့ ဘာမှမလုပ်ရသေးဘူး “ လုကျိုးက မျက်နှာသေဖြင့် ပြောလိုက်တော့သည်။
“ ဟမ် “
ယဲ့ကျန်းက စိတ်လေသွားတော့သည်။
အမှန်တကယ်တွင် လုကျိုးက သူ၏ ပွင့်ချပ်ကိုးလွှာ ကံမီးတောက် စွမ်းအားကိုသာ အားကိုးရုံဖြင့် ယဲ့ကျန်းကို တိုက်ခိုက်နိုင်လိမ့်မည်ဟု ခံစားခဲ့မိသည်။ ပြဿနာက ယဲ့ကျန်းသည် သူတိုက်ခိုက်နေစဉ် ပိုမိုပြီး ဖြတ်လက်တက်ကြွ လာတာပဲ ဖြစ်သည်။ ယဲ့ကျန်းကို ပွင့်ချပ်ဖူးပွင့်ခွင့် ပေးခဲ့ပါက သူ့ကို ဖြေရှင်းရန် ခက်ခဲသွားလိမ့်မည်။ သူက အသေရိုက်ချက်ကတ်များ ထပ်မသုံးနိုင်တော့ပေ။ ထို့ကြောင့် လုကျိုး၏ လက်ေချာင်းများက အပြာရောင် အလင်းဖြင့် ထပ်မံတောက်ပလာတော့သည်။ အတိတ်ဘဝ၏ စွမ်းအား။
ဘန်း
ယဲ့ကျန်းက လေထဲ လွှင့်ထွက်သွားပြီး နောက်ပြန်လန်သွားသည်။ သူ၏ ကိုးကောင်ပေါက် စိတ်ဝိညာဉ်သဏ္ဌာန်သည်လည်း နောက်ကျွမ်းပစ်သွားတော့၏။
လုကျိုးက လေထဲ ခုန်တက်လိုက်သည်။ သူက ပျံဝဲနေစဉ် ယဲ့ကျန်းကို ငုံ့ကြည့်လိုက်၏။ သူက နောက်ထပ် အပြာရောင် လက်ဝါးစည်းတံဆိပ်ကို ထုတ်သုံးလိုက်သည်။
တာအိုကိုးပါး ဖြတ်တောက်ခြင်း လက်ဟန်
ကြယ်ပျံအိမ်တော်ပေါ်ရှိ မြင်ကွင်းက ပြန်သရုပ်ပေါ်လာတော့သည်။
ယဲ့ကျန်းက တုန်လှုပ်နေ၏။ ဘာတွေ ဖြစ်နေတာလဲ ။
သူက သူ၏အနီရောင်ကြာကို ကြည့်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ဖိအားပေးလိုက်သည်။ သူက ယခုဆို ပွင့်ချပ်ဖူးပွင့်သည့် အရေးပါသော အဆင့်ကို ရောက်နေတာ ဖြစ်သည်။ ယင်းကို သူတောင့်ခံထားရမည်။ သူက လက်ဝါးနှစ်ဖက်ကို လျင်မြန်စွာ ပူးကပ်ပြီး ကံမီးတောက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။
တစ်ချိန်ထဲတွင် အဆောင်များက လေထဲ ပျံ့လွှင့်လာတော့သည်။
လုကျိုး၏ တာအိုကိုးပါး ဖြတ်တောက်ခြင်း လက်စည်းတံဆိပ်က ကျရောက်လာ၏။
ဘန်း ဘန်း ဘန်း
လုကျိုးသည် သူ၏ ပထမဦးဆုံး လက်ဝါးရိုက်ချက် သုံးချက်ဖြင့် အဆောင်များကို ဖျက်ဆီးခဲ့ပြီး နောက်ထပ် လက်ဝါးရိုက်ချက် သုံးချက်သည် ယဲ့ကျန်း၏ ကံမီးတောက်ကို ချုပ်ငြိမ်းစေကာ နောက်ဆုံးသော လက်ဝါးရိုက်ချက် သုံးချက်က ယဲ့ကျန်းကို ထိမှန်သွားတော့၏။
ဘန်း ဘန်း ဘန်း
ယဲ့ကျန်း၏ မျက်လုံးက သွေးနီရောင် သန်းနေသည်။ သူက သွေးအန်လျက် နောက်သို့ ယိုင်သွားတော့သည်။ သူက အော်ပြောလိုက်တော့၏။” ခင်ဗျား ဘာကို စောင့်နေတာလဲ “
ကောင်းကင်သိုင်းခုံရုံးမှ လူသုံးယောက်ကို အမြန်ဦးဆောင်လျက် ခေါင်းဆောင်နည်းပြ ချန်းဖန်းလော့နှင့် ကျန်သည့် လေးယောက်က လုကျိုးရှေ့သို့ ပျံသန်းလာတော့သည်။ သူတို့အားလုံးက သူတို့၏ အစွမ်းထက်ဆုံး ကျင့်စဉ်များကို ထုတ်သုံးလိုက်သည်။
ပြိုင်ဘက်ကင်းအဆင့် လက်နက်လား။ လုကျိုးသည် သုံးခွမှိန်း နှင့် ၎င်း၏ ထိပ်ပေါ်ရှိ အနက်ရောင် သင်္ကေတများကို တစ်ချက်ကြည့်လိုက်၏။
အခုငါ အထွတ်အထိပ်အသွင်ကတ် သုံးသင့်ပြီလား။
အဆုံးကျ လုကျိုးသည် ထိုအကြံဉာဏ်ကို ပယ်ဖျက်လိုက်သည်။ သူက ဆင်းသက်လာပြီးနောက် မိုးကြိုးသွားကတ် ၇ ကတ်ကို ထုတ်လိုက်သည်။ မိုးကြိုးသွားကတ်များကို ပိုကာကတ်များကဲ့သို့ ပစ်ထုတ်လိုက်၏။
ထိတ်လန့်ဖွယ် မိုးကြိုးများက ထပ်မံ ပေါ်လာတော့သည်။
ချန်ဖန်းလော့က မျက်မှောင်ကျုံ့လိုက်လေ၏။
“ ထပ်ပြီးတော့လား “
သူသည် မိုးကြိုးကို ကာရန် သူ၏ သုံးခွမှိန်းကို မြှောက်ကိုင်လိုက်သည်။
ဖုန်း
မိုးကြိုးသွားက ချန်ဖန်းလော့ကို ထိသွားသည်။
ကျန်သည့်ခြောက်ယောက်က ကံဆိုးပြီး မြေပြင်ပေါ်တွင် ထိမှန်သွားတော့သည်။ သူတို့ထဲမှ သုံးယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီး ကျန်သည့် သုံးယောက်က ဒဏ်ရာ အနည်းအကျင်း ရသည်။
“ တင် ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၄၀၀၀။ နယ်မြေအပို ကုသိုလ်မှတ် ၁၀၀၀ “
“ တင်း ပြိုင်ဘက်ကင်းအဆင့်လက်နက် လေအေး သုံးခွမှိန်းကို ယူလိုပါသလား “
“ ယူမယ် “
ကံကောင်းလိုက်တာ။ လုကျိုးသည် သူ့ဘာသာသူ တွေးလိုက်၏။
ခေါင်းဆောင်ချန်း ကျန်သည့်သူများက အထိတ်တလန့် လှမ်းအော်လိုက်၏။ ချန်းဖန်းလော့၏ ကျင့်စဉ်သည် ကျန်သည့် သူများထက် ပိုနက်နဲ၏။ အဘယ်ကြောင့် သူကအသတ်ခံရပြီး ကျန်သည့်သူများက ဒဏ်ရာသာ ရသနည်း။
ယဲ့ကျန်းက စိတ်ရှုပ်ထွေးသွားတော့သည်။ သူတို့နှစ်ယောက်လုံးသည် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူများဖြစ်၏။ ထိုသို့တိုင် နှစ်ယောက်ကြားရှိ ကွာဟချက်က ကြီးမားလှပေသည်။
ယဲ့ကျန်းသည် ထိတ်လန့်ဖွယ်ကျင့်စဉ်များကို ထုတ်မသုံးခဲ့ပေ။
ခေါင်းဆောင်ချန်းက ယဲ့ကျန်းထက် အားမနည်းဘူး။ ဒါပေမဲ့ သူက တစ်ချက်တည်းနဲ့ ဘာကြောင့် အသတ်ခံလိုက်ရလိုက်ရတာလဲ။
လုကျိုးက ခေါင်းခါလိုက်တော့သည်။ သူက ကံဆိုးရုံပဲ။
လုကျိုးက မြေပြင်ပေါ် ဆင်းသက်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။
“ အားနည်းလိုက်တာ “
“ ……….”
ကျန်သည့်သူများက အပူချိန်ရှိနေသော်ငြား တုန်ယင်ကုန်ကြသည်။ ကောင်းကင်သိုင်းခုံရုံးထဲတွင် ယခုအချိန်၌ မည်သူကမှ မလှုပ်ရှားရဲပေ။ သူကို ယခု မည်သူက ရန်စရဲမည်နည်း။
ယဲ့ကျန်းသည် မယုံနိုင်ပဲ မျက်လုံး ပြူးကျယ် သွားတော့သည်။ သူ၏ ဆင်ခြင်တုံတရားက သူ့ကို ထွက်ပြေးရန် နှိုးဆော်နေကာ သူသည် လည်း တောင်ထွတ် ဆယ့်နှစ်ခုဆီသို့ လျှင်မြန်စွာ ပျံသန်းသွားတော့သည်။
လုကျိုး၌ မိုးကြိုးသွားနှစ်ကတ် ရှိသေးသည်။ သူက တည်ငြိမ်စွာ လက်ဝါးထုတ်လိုက်၏။
မိုးကြိုးသွားတစ်ခုက ယဲ့ကျန်းကို ထိမှန်သွား၏။
ဖုန်း
ယဲ့ကျန်းက လဲကျသွားလေ၏။ သူသည် သွေးထပ်အန်တော့သည်။
စစ်ခုန်ပေချန်းက ခေါင်းညိတ်လိုက်၏။ ” အဘိုးကြီးနျဲ့ မင်း အခု ကျေနပ်သွားပြီလား “
“ သူက တကယ် ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ဆိုရင် ဒါမျိုးဆောင်ရွက်နိုင်တာအံ့ဩစရာ မဟုတ်ဘူး “
“ ဒါဆို မင်း ဘာကြောင့် ယဲ့ကျန်းကို မသတ်တာလဲ။ မင်း ဘာကြောင့် မလုပ်နိုင်တာလဲ“
စစ်ခုန်ပေချန်းက ပြောလိုက်၏။
“ …………”
ဝှစ်
စိတ်ဝိညာဉ်သဏ္ဌာန်သည် နောက်ထပ် ဆယ်ပေခန့် ပိုမြင့်လာသည်။
လုကျိုးက သူထူးကဲစွမ်းအား၏ သုံးပုံတစ်ပုံကို သုံးခဲ့ပြီးပြီဆိုတာ ခံစားမိသည်။ ဤအတိုင်း ဆက်သွားနေလျှင် သူသည် အထွတ်အထိအသွင်ကတ်ကို သုံးစွဲရန် လိုလာလိမ့်မည်။ သူ၏ မဟာနည်းစနစ်ကို ထုတ်ဖော်ပြီးနောက် ယဲ့ကျန်းနားကပ်လိုက်၏။
“ မင်း ပွင့်ချပ်ဖူးပွင့်တဲ့ ဖြစ်စဉ်ကို အခု ရပ်လိုက်သင့်ပြီ “
ယဲ့ကျန်းက ရုတ်တရက် အော်ပြောလိုက်သည်” ခင်ဗျားပဲ ရပ်မှာ ။ ကိုယ့်ကိုကိုယ် ဖောက်ခွဲခြင်း “
စိတ်ဝိညာဉ်သဏ္ဌာန်၏ ဦးခေါင်းများထဲမှတစ်ခေါင်းက ရုတ်တရက် နိမ့်ကျသွားတော့သည်။ ကျန်သည့် ခေါင်းများက နောက်သို့ ကျုံ့သွားကာ ညိုးကျသွားတော့၏။
ကနဦးချီက စုဝေးလာတော့သည်။
ထိုနေရာရှိ ကျင့်ကြံသူများက ချက်ချင်း နောက်ဆုတ်သွားကြ၏။
ကိုးကောင်ပေါက် စိတ်ဝိညာဉ်ရှေ့၌ လုကျိုးတစ်ယောက်သာ ရှိသည်။ သူက ပြင်းထန်သော အဖျက်စွမ်းအား ရှေ့မှောက်၌ မယိမ်းမယိုင် ရပ်နေသည်။ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်တောင် ပွင့်ချပ်ကိုးလွှာ ကံမီးတောက် အသုံးပြုသူ၏ မိမိကိုယ်ကို ဖျက်ဆီးခြင်း စွမ်းအားမှ ရိုက်ချက်မှုကို ခံရဲမှာ မဟုတ်ပေ။ လုကျိုးက လက်ဖဝါး ဖြန့်လိုက်ပြီး စင်းလုံးချောကတ်ကို ချေမွလိုက်သည်။
ပေတစ်ရာ့ငါးဆယ်ခန့် မြင့်မားသော ရွှေရောင်ဗုဒ္ဓခန္ဓာသည် သူ့ရှေ့၌ ပေါ်လာ၏။
ဖုန်း
စွမ်းအင်ကို လုကျိုးက တားထားလိုက်သည်။
“ ရွှေရောင် ဗုဒ္ဓခန္ဓာ ဒါက ပွင့်ချပ် ကိုးလွှာ အဆင့်ပဲ။ သူဘယ်လိုလုပ် ရပ်နေနိုင်သေးတာလဲ”
တစ်စုံတစ်ယောက်က ထုတ်ဖော် ပြောလိုက်၏။
လှမ်းကြည့်မိစဉ် သူတို့မျက်လုံးများ ပြူးထွက်ကျလုနီးပါး ဖြစ်သွား၏။
စစ်ခုန်ပေချန်းက အထင်ကြီးနေတော့သည်။ သူက ပြောလိုက်တော့သည်။
”တွေ့ပြီလား။ အစ်ကိုလုက သူ့ကျင့်ကြံဆင့်ကို တမင်တကာ ဖိနှိပ်ထားတာ။ သူ့ရဲ့ ပွင့်ချပ်ကိုးလွှာအဆင့်နဲ့ ယဲ့ကျန်းကို ချေမှုန်းနေတာပဲ”
“………….”
“ ငါမင်းကို ရှင်းပြရင်တောင် မင်းနားမလည်ဘူး။ ကြွက်တစ်ကောင်ကို ဖမ်းဖို့ ကြောင်တစ်ကောင်ကို လေ့လာခဲ့ဖူးရဲ့လား သိချင်မိတယ်။ ပုံမှန်ဆိုရင် ကြောင်က သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ကြွက်ကို ချက်ချင်း မသတ်ဘူး။ အဲဒီအစား ကြွက်နဲ့ ခဏတဖြုတ် ဆော့ကစားမှာ” စစ်ခုန်ပေချန်းက ပြောလိုက်၏။
“ …………. “
စစ်ခုန်ပေချန်း၏ စကားများသည် လက်ခံယုံကြည်နိုင်စရာ ကောင်း၏။ ကျန်သည့်သူများသည် ထိုအလင်း၌ တိုက်ပွဲကို စတင်မြင်လာနိုင်ပြီ ဖြစ်သည်။
ယဲ့ကျန်းသည် သူ့ကိုယ်သူ ဖောက်ခွဲပြီးနောက် စွမ်းအင်များ တစ်ဖြည်းဖြည်းချင်း လျော့ပါးသွားတော့သည်။
ဆယ်စက္ကန့်ခန့် ကြာပြီးနောက် လုကျိုး၏ ရွှေရောင်ဗုဒ္ဓခန္ဓာက လွင့်ပါးသွားတော့သည်။
“ ဦးခေါင်း ငါးခေါင်းပဲ ကျန်မယ်။ သူအသက်တစ်သက် ဆုံးရှုံးသွားရပြီ “ တစ်စုံတစ်ယောက်က ပြောလိုက်သည်။
သူ၏ အမြင်အာရုံ ရှင်းလင်းသွားသည့် အချိန်တွင် ယဲ့ကျန်းက ထိုနေရာ၌ လုကျိုးက တည်ငြိမ်စွာ ရပ်နေလျက် မုတ်ဆိပ်သပ်ကာ ဘာမှမဖြစ်ခဲ့သည်ပမာ သူ့ဆီသို့ ရှေ့တိုးလာတာကို တွေ့လိုက်ရသည်။ ထိုစဉ် နောက်ဆုံး၌ သူပျာယာခတ်လာလေ၏။
“ ခင်ဗျား “
အနီရောင်ကြာနယ်မြေ၌ နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် ယဲ့ကျန်းသည် ပျာယာခတ်တာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူ့အသက်တစ်သက်ကို စတေးခဲ့သော်ငြား လုကျိုးကို ဒဏ်ရာ ရအောင်တော့ မလုပ်နိုင်ခဲ့ပေ။
ယဲ့ကျန်းက ညည်းတွားလျက် သွေးတစ်ပွက် အန်လိုက်ရ၏။ ယင်းက သူ့ကိုယ်သူ ဖျက်ဆီးခြင်းအတွက် ပေးဆပ်လိုက်ရသော တန်ကြေးဖြစ်သည်။
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ မင်းကိုယ်မင်း ထပ်ဖျက်ဆီးလို့ ရတယ်။ အသက်ငါးသက် ရှိသေးတာပဲ “
“ ခင်ဗျားက ဘယ်သူလဲ “
“ အခုအချိန်မှ နောက်ကျလွန်းသွားပြီ မလား “
လုကျိုးက နီးကပ်စွာ လှမ်းလာလေ၏။ သူတို့နားရှိ ကျင့်ကြံသူများ၊ တိမ်တိုက်တောင်၏ တပည့်များ၊ ကောင်းကင်သိုင်းခုံရုံးနှင့် ကြယ်ပျံအိမ်တော် မှလူများအပါအဝင် အားလုံးက တိတ်ဆိတ်နေသည်။ ထိုအဖိုးအိုက သူ၏ ရန်သူဆီ ဖြည်းဖြည်းချင်း ရှေ့ဆက်သွား၏။
ကနဦးချီ မရှိ။ ထိုသို့တိုင် သူ၏ လှုပ်ရှားမှုက သူတို့၏ နှလုံးသွေးကြောများပေါ် ဖြတ်နင်းနေပုံရသည်။
သူက အစွမ်းထက်လိုက်တာ။
ယဲ့ကျန်း၏ ယုံကြည်ချက်များသည် လုကျိုး၏ ထိတ်လန့်ဖွယ် ဆောင်ရွက်ချက်ကြောင့် အပြည့်အဝ ပျက်ပြားသွားရတော့သည်။
ယဲ့ကျန်းသည် သူတို့ တိုက်ပွဲမစခင် လုကျိုုး၏ တည်ငြိမ်သောမေးခွန်းကို ပြန်သတိရသွားသည်။
“ မင်း ငါ့ကို နားလည်လား “ အဖြေက ရှင်းလင်းသည်။ သူနားမလည်ပေ။