← Chapters

ကန်ထုတ်ခံရခြင်း

Vol. 10 Ch. 971

ကန်ထုတ်ခံရခြင်း

Vol. 10 Ch. 971

လျှပ်စီးတိမ်တိုက်သခင်အမြွှာညီငယ်သည် ကျရောက်လာသည့် ပြင်းထန်သော လက်သီးချက်အား ကြောက်လန့်ရန်ပင် အချိန်မရှိလိုက်ဘဲ သူ၏ခန္ဓာကိုယ် ဖျက်စီးခံလိုက်ရတော့သည်။

သူ၏ယင်ယန်နတ်ဝိညာဥ်က အပြင်ထွက်လာပြီး ကြောင်တောင်တောင်မျက်ဝန်းများဖြင့် အပျက်အစီးများအား စိုက်ကြည့်နေသည်။ ထိုအခိုက်အတန့်တွင် နတ်အဆင့်ကျင့်ကြံသူများထက် များစွာသာလွန်သော နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်း ပေါ်ပေါက်လာ၏။ ၄င်းသည် ဧရာမလက်ကြီးအသွင်ဖြင့် ဆင်းသက်လာကာ ယင်ယန်နတ်ဝိညာဥ်ကို ဖမ်းဆုပ်လိုက်သည်။

ပိုင်ရှောင်ချန်း၏ ပြင်းထန်သောတိုက်ကွက်သည် ဧရာမလက်ကြီးကြောင့် လွင့်ပျယ်သွားစဥ် နားမခံသာသော အသံကြီးတစ်သံ မည်သည့်နေရာကမသိ ပဲ့တင်ထပ်လာတော့သည်။

" ပိုင် ရှောင် ချန်း "

ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံကြီးအလား သူ၏နာမည်ကို တစ်ခွန်းစီခေါ်လိုက်သည့်အသံကြီး ဟိန်းထွက်လာသည်။ ရှိသမျှလူတိုင်း၏ စိတ်များအတွင်း စကားလုံးများ ပဲ့တင်ထပ်နေစဥ်မှာပင် ဧရာမပုံရိပ်ကြီးတစ်ခု ကောင်းကင်ယံတွင် ပေါ်ပေါက်လာသည်။

၎င်းသည်ကား ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျနေသော လျှပ်စီးဘိုးတော်ကြီးကို ကိုင်ဆောင်ထားသည့် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးဖြစ်ပေသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူက ပတ်ဝန်းကျင်ရှိ ကောင်းကင်စိတ်ဆန္ဒကို မောင်းထုတ်ပြီး သူသာလျှင် တစ်လောကလုံး၏ အကြီးအမှူး ဖြစ်စေလိုက်သည်။

ပိုင်ရှောင်ချန်းသည် သူ၏စကားလုံးများကိုကြားလိုက်ရပြီး ပတ်ဝန်းကျင်အပေါ် သက်ရောက်နေသော ဖိအားကို ခံစားလိုက်ရသောအခါ သူ၏ရင်ထဲတွင် ဒေါသအရှိန်အဟုန်တို့ လွင့်ပါးသွားပြီး နက်ရှိုင်းသော စိတ်လှုပ်ရှားမှုများ အစားထိုးဝင်ရောက်လာတော့သည်။

" မျောက်အိုကြီးက အသုံးမကျလိုက်တာ" သူက စိတ်ထဲတွင် မြည်တွန်တောက်တီးလိုက်သည်။

" နည်းနည်းလောက် ထပ်ပြီး အချိန်မဆွဲနိုင်ဘူးလား။ အခုလေးတင် ငါသွားတော့မှာလေ၊ အခုတော့ ငါ ဘာလုပ်ရတော့မလဲ၊ ချောင်ပိတ်ပြီ "

ပိုင်ရှောင်ချန်းမှာ ခေါင်းနပန်းကြီးလျက် ရပ်နေစဥ် လျှပ်စီးတိမ်တိုက်သခင်က သူ့အခြားခန္ဓာကိုယ်၏ ယင်ယန်နတ်ဝိညာဥ်အန္တရာယ်ကင်း၊ မကင်း နှစ်ခါစစ်ဆေးလိုက်ပြီးနောက် လက်နှစ်ဖက်ကို ယှက်၍ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးအား လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

အခြားမြောက်ပိုင်းသား နတ်အဆင့်ကျင့်ကြံသူများအားလုံး စိတ်သက်သာရာရကာ အသက်ရှူလိုက်ကြတော့သည်။ ပိုင်ရှောင်ချန်းက လွန်စွာကြီးကျယ်ခမ်းနားသော ခွန်အားကို ပြသခဲ့သည်ဖြစ်ရာ သူတို့ အံ့သြတုန်လှုပ်သွားခဲ့ရသည်။ သူတို့က လက်များယှက်၍ ဂါဝရပြုလိုက်စဥ် ညစ်ပတ်ပေရေနေသော ဖုန်းချန်သည်လည်း ဂါဝရပြုရန် သလင်းကျောက်ခေါင်းတလားမှ စိတ်လှုပ်ရှားစွာ ထွက်လာလေသည်။

ပိုင်ရှောင်ချန်းက နောက်ဆုတ်ကာ အခြေအနေကိုဖြေရှင်းရန် နည်းတစ်နည်းအား ဖြစ်ညှစ်စဥ်းစားနေသည်။ ထိုအချိန်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးမှာ ဒေါသကိုလည်း မထိန်းနိုင်တော့ဘဲ ခေါင်းလည်း ကိုက်လာသည်။ အမှန်တွင် ယခုအခြေအနေ၌ သူ ခိုကိုးရာမဲ့နေတော့သည်။

အခြေခံအားဖြင့် ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ သူ ဘာမှမတတ်နိုင်ပေ။ တုလင်ဖေးကြောင့်မဟုတ်ဘဲ ကောင်းကင်ဧကရာဇ်ကြောင့် ဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းကိုယ်တိုင်ပင် မသိနိုင်သည့် ပိုင်ရှောင်ချန်းအပေါ် သတိပြုမိလိုက်သော သက်သေရှိသည်။ ထိုသက်သေညွှန်ပြနေသည့် သုံးသပ်ချက်များနှင့် နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီး သတိထားနေသည့် အခြားကိစ္စများအပေါ် အခြေခံ၍ ကောင်းကင်ဧကရာဇ်က ပိုင်ရှောင်ချန်းအတွက် အရေးကြီးသော အစီအစဥ်တစ်ခုရှိကြောင်း အရိပ်အမြွက်ဖော်ပြနေသည်။

ထိုထင်မြင်ချက်များကြောင့် သူသည် ပိုင်ရှောင်ချန်းကို ထိခိုက်အောင်လုပ်၍မရကြောင်း သိသည်။ ထို့အပြင် ပိုင်ရှောင်ချန်းကို အကျဥ်းချပြန်လျှင်လည်း ဆိုးကျိုးသာဖြစ်စေမည်ဖြစ်ကြောင်း သူသိသည်။ ပိုင်ရှောင်ချန်းက မိုးကြိုးအကျဥ်းထောင်ကို ဖျက်စီးခဲ့ပြီး လျှပ်စီးဘိုးဘေးကြီးအား လွှတ်ပေးမိလုနီးပါး ဖြစ်အောင်လုပ်ခဲ့သည် မဟုတ်ပါလော။

ခေါင်းဆောင်ကြီးမှာ သူ့ကို အကျဥ်းမချရဲတော့သည့်နောက် အမှန်တရားအား သိသွားတော့သည်။ ယခုအခါ ပိုင်ရှောင်ချန်းက သတိပေးချက် တစ်စုံတရာမရှိဘဲ ကပ်ဘေးဆိုက်အောင်လုပ်နိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။ သို့ဖြစ်၍ အကောင်းဆုံးအရာကား သူ့ကို ဝေးဝေးပို့ထားရန်သာ ဖြစ်သည်။

" သောက်ကျိုးနည်းကွာ၊ ဒီကပ်ဘေးမိစ္ဆာကြီးကို ဂိုဏ်းထဲမှာ ထားဖို့ ငါ ဘယ်လိုလုပ် သဘောတူခဲ့မိတာတုန်း။ ဒီကောင်က အိပ်ထဲက အချိန်မရွေးပေါက်ကွဲနိုင်တဲ့ လျှပ်စီးမိုးကြိုးတစ်ခုလိုပဲ "

နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်၏။ သူ့ဘဝတစ်လျှောက်လုံးတွင် ပိုင်ရှောင်ချန်းကဲ့သို့ စိတ်ပျက်စရာကောင်းသည့် လူတစ်ယောက်ကို ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရဖူးပေ။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်နေတော့သည်။ သူက ရင်တဒိန်းဒိန်းခုန်လျက် ပြဿနာမှ လွတ်အောင် အသည်းအသန်စဥ်းစားသည့်တိုင် စဥ်းစားမရပေ။နောက်ဆုံးတွင် သူက အားတင်းလိုက်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူကို မော့ကြည့်ကာ တွန့်ဆုတ်တွန့်ဆုတ် ပြောလိုက်သည်။

" ဟေး ဟိုက အစ်ကိုကြီးနတ်ဘုရားတစ်ပိုင်း၊ ဟို....ကျုပ်နဲ့ ဖေးဖေးရဲ့ မင်္ဂလာပွဲတက်ချင်လား "

ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားနေသည့်တိုင် ဉာဏ်နီဉာဏ်နက်များလှသည်။ သူ၏ စာကြောင်းလေးတစ်ကြောင်းက အရေးကြီးသောကိစ္စသုံးရပ်ကို ထင်ရှားပေါ်လွင်စေသည် မဟုတ်ပါလော။

ပထမအချက်က သူနှင့် တုလင်ဖေးအကြား ရင်းနှီးသောပတ်သက်မှု၊ ထို့ပြင် သူတို့က နောင်ကျလျှင် လက်ထပ်နိုင်လောက်မည်ဟူ၍…

ဒုတိယ ကောင်းကင်ဧကရာဇ်က သူ့ယောက္ခမဖြစ်လာမည်ဟူ၍…

တတိယ သူက အခြေအနေကို အေးဆေးဖြစ်စေချင်သည်ဟူ၍…

ထိုသုံးချက်အနက် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူက မည်သည်အားရွေးသည်ကို အရေးမကြီးပေ။ ပိုင်ရှောင်ချန်းက အံ့ဩစရာကောင်းသောလှည့်ကွက်တစ်ခုကို ကစားပြခဲ့ခြင်းသာ ဖြစ်သည်။

ပိုင်ရှောင်ချန်း၏စကားလုံးများကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးက ခေါင်းမော့ပြီး ပိုင်ရှောင်ချန်းကို မမှိတ်မသုန်ကြည့်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်း၍ စိတ်တိုနေသောလေသံဖြင့် အော်ဟစ်လိုက်သည်။

" ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှာ ငါ မင်းကို ထပ်မြင်ရရင် မင်း ကောင်းကင်ဧကရာဇ်ရဲ့ သမက်မကလို့ ဘာကြီးဖြစ်နေပါစေ ဂရုမစိုက်ဘူး။ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်။ အခုထွက်သွားစမ်း "

သူ၏စကားလုံးများက မိုးခြိမ်းသံအလား ထစ်ခြုန်းမြည်ဟည်းသွား၏။ အထူးသဖြင့် နောက်ဆုံးနှစ်ကြောင်း။ ကောင်းကင်နှင့်မြေကြီးမှာ ပြင်းထန်စွာ တုန်လှုပ်လာကာ ပြင်းထန်သော အားကြီးတစ်ခုသည် ပိုင်ရှောင်ချန်းကို ရစ်ပတ်ကာ လေပေါ်မြှောက်၍ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းအပြင်သို့ ပစ်ပေါက်လိုက်လေတော့သည်။

မချိတင်ကဲ အော်သံတစ်သံနှင့်အတူ သူက လေဟုန်ခွင်း၍ အဝေးသို့ ပျံထွက်သွားလေတော့သည်။

မြောက်ပိုင်းသားများမှာ အတန်ငယ်စိတ်ပျက်သွားသော်လည်း တချိန်တည်းမှာပင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။ သူတို့က ပိုင်ရှောင်ချန်းကို ရွံမုန်းသည့်တိုင် ကြောက်ကြသေးသည်။ ထိုလူများထဲတွင် လျှပ်စီးတိမ်တိုက်သခင်လည်း ပါဝင်လေသည်။ သူတို့ခံစားနေရသည့် ခါးသီးမှုများအပြင် လူအများစုမှာ ဘယ်သောအခါမှ ချုပ်ချယ်မနှိပ်စက်သင့်သော ပိုင်ရှောင်ချန်းအပေါ်သို့ ချုပ်ချယ်နှိပ်စက်မှုများထားခဲ့သည့်အတွက် နောင်တရနေကြလေသည်။

" သူက တကယ့်ကို ခြေထောက်ပေါက်နေတဲ့ကပ်ဆိုးကြီးပဲ။ သူ့ အစွမ်းထက်ဆုံး နတ်ဘုရားသိုင်းက ကပ်ဘေးဖြစ်စေနိုင်တဲ့အစွမ်းပဲ။ ငါတို့ အားလုံးက အစကတည်းက တကယ့်အရူးတွေပါကွာ။ ဒီလိုကောင်မျိုးကို ဂိုဏ်းထဲမှာ ဘယ်တော့မှ နေခွင့်မပေးခဲ့သင့်ဘူး "

လျှပ်စီးတိမ်တိုက်သခင်မှာ ခါးခါးသီးသီးရယ်လိုက်ပြီး သက်ပြင်းတွင်တွင်ချနေသော်လည်း တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည်ကြောင့် အလွန်တရာတုန်လှုပ်နေသည်။

ထို့အပြင် လျှပ်စီးတိမ်တိုက်ဘိုးအေကျင့်စဥ်နှင့်ပတ်သက်၍ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးက လျှပ်စီးဘိုးဘေးကြီးအား အချုပ်ချထားသည့်အချက်သည် လျှပ်စီးတိမ်တိုက်သခင်အား မည်သို့ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်သွားစေတော့သည်။

လျှပ်စီးဘိုးဘေးကြီးမှာ အခြေအနေမဟန်သော်လည်း သတိတော့မလစ်သေးပေ။ သူ၏မျက်နှာပေါ်ရှိ ရှုံ့တွနေသော အပြုံးက အမှန်တရားကို ဖော်ပြနေလေသည်။ သိသာစွာပင် သူသည် ဂိုဏ်းထဲ ဖြစ်ပွားခဲ့သော ဆူညံပွက်လောက်ရိုက်ကာပရမ်းပတာဖြစ်မှုများအားလုံးကို အလွန်ကျေနပ်နေသည်။

" ဒါဆို အဲဒီကလေးနာမည်က ပိုင်ရှောင်ချန်းလား" လျှပ်စီးဘိုးဘေးကြီးက ပြောသည်။

" မဆိုးဘူး။ လုံးဝမဆိုးဘူး။ သူက ဒီကမ္ဘာပေါ်မှာ တစ်နေ့တခြား အောင်မြင်လာဦးမှာပဲ "

သူက ကျယ်လောင်စွာ ရယ်လိုက်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးက လျှပ်စီးဘိုးဘေးကြီးကို လျစ်လျူရှုလိုက်ပြီး ထိုအစား နတ်အဆင့်ကျင့်ကြံသူများထံ လှည့်လိုက်သည်။

" မင်းက ကြီးကျယ်မြင့်မြတ်တဲ့ စွမ်းအားကြီး နတ်အဆင့်ကျင့်ကြံသူအဖွဲ့ အကုန်လုံးပေါင်းပြီး ပိုင်ရှောင်ချန်းကို တိုက်ခိုက်ကြတာတောင် စိတ်ပျက်စရာအခြေအနေနဲ့ အဆုံးသတ်သွားတယ်တဲ့လား။ အသုံးမကျတဲ့ အရူးကောင်တွေ"

နတ်အဆင့်ကျင့်ကြံသူများအား အနည်းငယ် ထပ်မံကျိန်ဆဲပြီးနောက် သူက မျက်နှာထားတင်းတင်းနှင့် လှည့်လိုက်ပြီး လျှပ်စီးဘိုးဘေးကြီးကို သူနှင့်အတူ သလင်းကျောက်ခေါင်းတလားထဲသို့ ပြန်ဆွဲခေါ်သွားလေသည်။

နတ်အဆင့်ကျင့်ကြံသူများမှာ အပြစ်တင်မှုအား တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ခံနေကြသည်။ ထို့နောက် သူတို့က အားကိုးရာမဲ့သော အကြည့်များ ဖလှယ်လိုက်ကြသည်။

" အာ ဘာဖြစ်ဖြစ်။ အနည်းဆုံးတော ကန်ထုတ်ခံလိုက်ပြီပဲ "

" ဒီကောင် ပိုင်ရှောင်ချန်းက တကယ့်ကောင်ပဲ။ သူ့လိုလူကို ငါ ဘယ်တုန်းကမှ မမြင်ဖူးဘူး။ ထောင်ချခံထားရတာတောင်မှ ကျင့်ကြံခြင်းအခြေခံအဆင့်တက်သွားသေးတယ် "

" ကျုပ်ဖြင့် အသက်ရှင်သမျှ ကာလတစ်လျှောက်လုံး သူ့ကို မမြင်ချင်တော့ဘူး။ ခင်ဗျားသိလား။ ခင်ဗျားတို့အားလုံး ကျုပ်နားမှာ သူ့အကြောင်းဘယ်တော့မှ မပြောစမ်းနဲ့"

နတ်အဆင့်ကျင့်ကြံသူများသာ ထိုသို့တုံ့ပြန်ကြသူများမဟုတ်။ ရာဇသံတိမ်လွှာနှင့် ရာဇသံမိုးကြိုးမှ ဂိုဏ်းသားများအားလုံး သက်ပြင်းချလိုက်ကြပြီး ပိုင်ရှောင်ချန်းအား ဖိနှိပ်ချုပ်ချယ်ရန် မကြိုးစားခဲ့သင့်ကြောင်း ပြန်တွေးလိုက်ကြတော့သည်။ ထိုစဥ်က သူတို့သည် နဂါးဆိုသော ပိုင်ရှောင်ချန်းက မြောက်ပိုင်းရောက်ပြီးနောက် တီကောင်ထက်မပိုခဲ့သည်ကို ဝင့်ဝင့်ကြွားကြွား လှောင်ပြောင်ရယ်မောခဲ့ကြသည်။

သို့သော် ယခု ပိုင်ရှောင်ချန်းက မြောက်ပိုင်းသားများအား သူ၏အပြုအမူများကို ပြသခဲ့ကာ ကျယ်လောင်ပြတ်သားသော သတိပေးချက်များ ပို့လိုက်သည်။ သူက တီကောင်တစ်ကောင် ဖြစ်လျှင်ဖြစ်မည်… သို့သော် သူက မြောက်ပိုင်းတစ်ခုလုံးကို ဆူညံပွက်လောရိုက်သွားအောင် လုပ်နိုင်သေးသည်။ နောက်ဆုံးတွင် လူတိုင်းမှာ အခြေခံအားဖြင့် တူညီသောအရာတစ်ခုကို တွေးနေကြလေပြီ။

" အဲဒီ ခြေထောက်ပေါက်နေတဲ့ ကပ်ဆိုးကြီး ဒီကို ဘယ်တော့မှ ပြန်မလာတာ အကောင်းဆုံးပဲ "

မြောက်ပိုင်းသားများသည် ပိုင်ရှောင်ချန်းကြောင့် စိတ်မောလူမောသက်ပြင်းချနေကြစဥ် သူကား ကြယ်ပျံကြီးအလား လေဟုန်ခွင်း၍ ပျံသန်းနေလေသည်။ နောက်ဆုံးတွင် ဂိုဏ်းမှ အတော်လေး ဝေးကွာသည့် ရေခဲပြင်သို့ ရောက်ရှိသွားတော့သည်။

ရေခဲများ ကြေမွသွားပြီး သူ ကျရောက်လာခြင်းကြောင့် ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်း ဖြစ်သွားသည်။ နောက်ဆုံးတွင် သူသည် စုတ်ပြတ်နေသော အဝတ်အစားများနှင့် ဆံပင်များရှုပ်ပွနေလျက် လေးဖက်ထောက် ထွက်လာတော့သည်။

သူက မခံမရပ်နိုင်ဖြစ်လျက် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းရှိရာဘက်ကို ပြန်ကြည့်လိုက်သည်။ အဆုံးသတ်တွင် သူ သက်ပြင်းချလိုက်လေသည်။

" ခင်ဗျား ကျုပ်ကို ထွက်သွားစေချင်ရင် ပါးစပ်နဲ့ ပြောပေါ့။ ချီးမလို့ ကျုပ်ကျင့်ကြံခြင်းအခြေခံကို ချုပ်နှောင်ပြီး ကျုပ်ကို လေထဲပစ်ပေါက်ရလား "

သူ ပြောနိုင်သည်မှာ ထိုမြောက်ပိုင်းသားများအားလုံးက လုံးဝတရားလွန်ပြီး ကလိမ်ကကျစ်ကျသူများဖြစ်သည်။ သူတို့က လူယုတ်မာများဖြစ်ကြပြီး အထူးသဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးပင်။ သူက အားလုံးအထဲ အဆိုးဆုံးဖြစ်သည်။

" အာ၊ ထားလိုက်တော့။ သူတို့က ငါ့ကို မရှိစေချင်ရင်လဲ ရတယ်။ အရင်ကတည်းက သူတို့သာ ငါ့ကို မချုပ်ချယ်ခဲ့ရင် ငါ ထွက်သွားပြီးပြီ "

သူက သက်ပြင်းချလျက် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းတွင် သူလုပ်ဆောင်ခဲ့သည့်အရာအားလုံးကို ပြန်တွေးလိုက်ပြီး သူ့ကိုယ်သူ အတော်လေး ဂုဏ်ယူသွားလေသည်။

" ဟမ့်၊ ငါ အခု ဘယ်လောက် အံ့သြစရာကောင်းလဲ သိသွားပြီမလား။ ပိုင်ရှောင်ချန်းကိုများ ပဋိညာဥ်ငါးချက်နဲ့ ချုပ်ချယ်ရဲတယ်ပေါ့ "

သူသည် ချုပ်ချယ်မှုများမှ လွတ်လပ်သွားခြင်းအတွက် လွန်စွာစိတ်လှုပ်ရှားနေလျက် အေးစက်သောလေများကို တစ်ရှိုက်ရှူသွင်းလိုက်သည်။ ၄င်းက အံသြဖွယ်ကောင်းလောက်အောင် အေးချမ်းသော ခံစားချက်တစ်ခုပင် ဖြစ်သည်။

" ကဲ ဒီနေရာမှာ ဘယ်သူကမှ ငါ့ကို ဘာလုပ်ရမယ် ဘာညာမပြောနိုင်ဘူးဆိုတော့ ငါ ငွေစန္ဒာပန်းပင်လေးကို ပြန်စိုက်လို့ရပြီမလား "

သူ အလုပ်လုပ်နေသည့် ရေခဲသစ်ရွက်က တစ်ဝက်သာပြီးသေးသည် မဟုတ်ပါလော။ ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူက ယာယီအင်မော်တယ်ဂူတစ်လုံးထွင်းရန် နေရာကောင်းတစ်နေရာရှာလိုက်သည်။ သူက ၄င်းအား အတန်ငယ်စီမံပြင်ဆင်ပြီးနောက် သူ၏ငွေစန္ဒာပန်းပွင့်အစေ့ကို ထုတ်ပြီး မြေပြင်မှာ တွင်းတူးလိုက်သည်။

" ငွေစန္ဒာပန်းလေး၊ ကလေးလေး၊ အခုဒီမှာ ဘာလုပ်ရမယ် ဘာညာပြောမယ့်သူ မရှိဘူး။ တတ်နိုင်သမျှ မြန်မြန်ကြီးလာကွာ "

သူသည် မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပနေလျက် ငွေစန္ဒာပန်းပင်အစေ့ကို တွင်းထဲထည့်လိုက်သည်။

All Chapters