အခန်း (၇၉၉-၈၀၁)
Vol. 54 Ch. 799-801
အခန်း (၇၉၉) သစ္စာဖောက်နှင့် ဝေးဝေးနေခြင်း၊ ကုန်းမြေဆီ ငြိမ်းချမ်းမှု သယ်ဆောင်လာခြင်း အပိုင်း ၂
ယဲ့ရှောင်က လျင်မြန်သည်။ သူသည် ညအမှောင်ယံတွင် ပုံရိပ်ယောင်ပမာ လှုပ်ရှားခဲ့သည်။ သူသည် သူ၏ လျင်မြန်ဖျတ်လတ်မှုနှင့် အရှိန်ကို အမြဲတစေ ဂုဏ်ယူဝင့်ကြွားခဲ့၏။ သို့သော် အဘိုးအိုရှေ့၌ အားနည်းသည်ဟု ခံစားလိုက်ရသည်။
လင်းယုန်တစ်ကောင်သည် ကြက်တစ်ကောင်ကို မဖမ်းခင် ကြက်က ထွက်ပြေးရန် အခွင့်အရေးရှိသေးသည်။ သို့သော်ငြား ယဲ့ကျန်းက ထိုအခွင့်အရေးတောင်မရှိ။ သူ၏ခေါင်းကို ငွေပန်းကန်ပြားပေါ်တင်ပြီး သူ့ရှေ့ရှိ အဘိုးအိုအား ဆက်သနေသည့်ပမာ ခံစားရသည်။ လုကျိုးသည် ယဲ့ရှောင်၏လည်ပင်းကို ဆုပ်ကိုင်လျက် မျက်နှာသေဖြစ်နေသည်။
မကြာမီ၌ ယဲ့ရှောင်၏အသက်ရှုနှုန်းက တစ်ဖြည်းဖြည်းချင်း ဖျော့လာပြီး သူ၏မျက်နှာသည် ဖြည်းဖြည်းချင်း ခရမ်းရောင် သန်းလာတော့သည်။ သူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်ငြား အချိန်ကြာအသက်မရှုနိုင်လျှင် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်တော့မှာ မဟုတ်ပေ။ ထိုအရာအပြင် အဘိုးအို၏ကနဦးချီနှင့် စွမ်းအင်သည် သူ့ကိုဖိနှိပ်ထားပြီး သူယခင်က မတွေ့ကြုံဖူးသည့်နည်းကို ခံစားရစေသည်။ သူ၏ ရင်ဘတ်ပေါ် ကတ်တီတစ်ထောင် အလေးတုံးဖိထားသည့်ပမာ ခံစားလိုက်ရ၏။
“ဆရာကြီး သူကကျုပ်ရဲ့ ကိုယ်ပိုင်သက်တော်စောင့်ပါ ကျေးဇူးပြုပြီး သက်ညှာပေးပါ” လီယွင်ကျန်းက အမြန်ပြောလိုက်တော့သည်။
လုကျိုးသည် လီယွင်ကျန်းကို တစ်ချက်ကြည့်ပြီးမေးလိုက်တော့၏။
“မင်းက တာ့ထန်ရဲ့လက်ရှိဧကရာဇ်လား”
“အမ်.. ကျုပ်.. ကျုပ်..ထင်တာပဲ”
“ထင်တာပဲဆိုတာ ဘာလဲ၊ မင်းဟုတ်လား မဟုတ်ဘူးလား” လုကျိုးက ပြောပြီး စိတ်ရှုပ်ထွေးသွားသည်။
လီယွင်ကျန်းက လုကျိုးကို ဖြေရာမှာ အရှက်ရနေမိသည်။ အမှန်တကယ်တော့ သူသည် ဧကရာဇ်တစ်ပါး ဖြစ်၏။ သို့သော် သူသည် အင်ပါယာကို အုပ်စိုးရန် အာဏာမရှိသော ရုပ်သေးဧကရာဇ်ကဲ့သို့ ဖြစ်နေ၏။ ညီလာခံတွင် သူ၏အမြင်ကို တစ်ခါမှ မတောင်းခံသောအရာရှိများကိုတောင် လိုက်လျောရသည်။ သူက အမည်ခံဧကရာဇ်တစ်ပါးသာ ဖြစ်သည်။ ယင်းကို ထုတ်ပြောရန် မည်ကဲ့သို့မရှက်ဘဲ နေမည်နည်း။ ဤကဲ့သို့ပုံစံဖြင့် အသက်ရှင်နေထိုင်ရတာကို သူမည်ကဲ့သို့ မချင့်မရဲ မဖြစ်ဘဲ နေမည်နည်း။
အဆုံးကျ လီယွင်ကျန်းသည် သက်ပြင်းချပြီး ပြောလိုက်၏။
“ကျုပ်.. ကျုပ်က လက်ရှိဧကရာဇ်ပါ”
လုကျိုးက ပြောလိုက်၏။
“ထူးဆန်းလိုက်တာ”
“ယဲ့ရှောင်က သစ္စာရှိတယ်၊ သူ့အသက်ကို ကျုပ်အတွက် မစွန့်လွှတ်ခင် နှစ်ခါစဉ်းစားမှာ မဟုတ်ဘူး၊ သူက ကျုပ်ရဲ့အယုံကြည်ရဆုံး လက်အောက်ငယ်သားတွေထဲက တစ်ယောက်ပဲ၊ သက်ညှာပေးဖို့ မျှော်လင့်ပါတယ် ဆရာကြီး” လီယွင်ကျန်းက ပြောလိုက်၏။
“ယုံကြည်ရတဲ့ လက်အောက်ငယ်သားလား” လုကျိုးသည် တုန်ယင်နေသော ယဲ့ရှောင်ကိုကြည့်လိုက်၏။
“လီယွင်ကျန်း အရင်တုန်းက မင်းငါ့ကို ရွှေဆံထိုးမပေးခင် တစ်စုံတစ်ယောက်က ရွှေဆံထိုး ယူသွားခဲ့လား”
“ဘာကြောင့် ဒါကို မေးတာပါလဲ ဆရာကြီး၊ ယဲ့ရှောင်ကလွဲရင် တခြားလူတွေ အဲဒါကို မထိဖူးဘူး”
လီယွင်ကျန်းက ပြောလိုက်၏။
ယဲ့ရှောင်သည် ထိုစကားကို ကြားသောအခါ တုန်ယင်သွား၏။ တစ်ချိန်တည်းတွင် သူ၏မျက်လုံးထဲ အကြောက်တရား ပေါ်လာတော့သည်။
လုကျိုးက ခေါင်းခါလိုက်၏။
”လူငယ်လေး မင်းငယ်လွန်းသေးတယ်၊ လူတွေရဲ့စိတ်နှလုံးကို နားလည်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ မင်းမသိဘူး”
လုကျိုးသည် ယဲ့ရှောင်၏လည်ပင်းကို ဖျစ်ညှစ်လိုက်သည်။
ယဲ့ရှောင်က ပတ်ဝန်းကျင်ရှိ တစ်စုံတစ်ယောက် သတိပြုမိစေရန် ဆူညံသံတချို့ထွက်အောင် ရုန်းကန်နေသည်။
“ဆရာကြီး သူ့ကို ထိခိုက်အောင် လုပ်လို့မရဘူး” လီယွင်ကျန်းက ထိတ်လန့်သွားလေ၏။
လုကျိုးသည် လီယွင်ကျန်း၏စကားကို လျစ်လျူရှုထားလျက် ပိုအားပြင်းစွာ ဆုပ်ကိုင်လိုက်သည်။
“ဆရာကြီး ခင်ဗျား” လီယွင်ကျန်းက စိတ်ပျက်အားငယ်စွာ အော်လိုက်၏။
လုကျိုးသည် သူ၏ဆုပ်ကိုင်ထားမှုကို ဖြေလျော့လိုက်တော့သည်။ အလောင်းက ကန်းလုခန်းမရှေ့ ကျသွားတော့သည်။
သူက မုတ်ဆိတ်သပ်လျက် ပြောလိုက်တော့သည်။
“မင်းအတွက် သစ္စာဖောက်တစ်ယောက် သတ်ပေးခဲ့တာ ငါ့ကို ကျေးဇူးတင်သင့်တယ်”
“ဟင် သစ္စာဖောက်လား” လီယွင်ကျန်းက ပျာယာခတ်သွားပြီး ဇဝေဇဝါဖြစ်သွား၏။
“မင်းက တိုင်းပြည်ရဲ့ဧကရာဇ်တစ်ပါးပဲ၊ ဒါတောင် မင်းရဲ့ကိုယ်ပိုင်သက်တော်စောင့်က ပွင့်ချပ်သုံးလွှာ ကျင့်ကြံသူတစ်ယောက်တဲ့လား၊ မင်းရဲ့အရာရှိတွေက မင်းရဲ့ကောင်းကျိုးအတွက် တကယ်ရော စိတ်ရှိရဲ့လား” လုကျိုးက မုတ်ဆိတ်သပ်လျက် လှည့်သွားသည်။
လီယွင်ကျန်းက တုန်တုန်ယင်ယင်ဖြင့် အနောက်သို့ယိုင်သွားကာ မြေပြင်ပေါ်ထိုင်ချမိသွားသည်။ သူ့မျက်နှာပေါ် လရောင်ဖြာကျချိန်တွင် ညှိုးရော်နေသော အမူအရာ ပေါ်လာ၏။
လုကျိုးက ဆက်ပြောလိုက်သည်”ယဲ့ကျန်းက တကယ်အရည်အချင်းရှိတယ်”
“သူက ယဲ့ကျန်းလူလား” လီယွင်ကျန်း၏ မျက်လုံးသည် မယုံနိုင်စွာ ပြူးကျယ်သွားတော့သည်။
“ဒါက သန့်စင်ရွှေဆံထိုးပဲ၊ မင်းဆီပြန်ပေးမယ်” လုကျိုးသည် လီယွင်ကျန်းအား ဆံထိုးပစ်ပေးလိုက်၏။
လီယွင်ကျန်းသည် ဆံထိုးကို ရသောအခါ သဘောပေါက်သွားတော့သည်။ အမှန်တကယ်ပင် ထိုစဉ်က ယဲ့ရှောင်တစ်ယောက်တည်း ဆံထိုးကို ထိခဲ့တာဖြစ်သည်။ ယင်းကို သိလိုက်ရသောအခါ ရင်ထဲ၌ အမျက်ဒေါသများ ပေါ်လာ၏။ သူ၏မျက်လုံးက ဒေါသကြောင့် လောင်မြိုက်လာပြီး မြေပြင်ပေါ်လက်သီးထိုးချလိုက်တော့၏။
ဘန်း
ငါ့အပေါ်စိတ်ရင်းစစ်မှန်တဲ့လူ တစ်ယောက်မှမရှိတော့ဘူးလား။
လုကျိုးသည် လီယွင်ကျန်း၏ပေါက်ကွဲမှုကို လျစ်လျူရှုထားသည်။ ပတ်ဝန်းကျင်၌ အခြားသောကျင့်ကြံသူများ မရှိကြောင်း အတည်ပြုရန် ကောင်းကင်ကျမ်းစာကို အသုံးပြုခဲ့၏။ ပြီးနောက် သူသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်ကာ မြေပြင်ပေါ်ရှိ အလောင်းကို ထွန်းလင်းသွားစေသည်။
လီယွင်ကျန်းက ဇဝေဇဝါမေးလိုက်၏”ဆရာကြီး ဘာလုပ်နေတာလဲ”
လုကျိုးထင်ထားသည့်အတိုင်းပင် ယဲ့ရှောင်ရှေ့၌ ဇီးကွက်တစ်ကောင်နှင့် သိုးတစ်ကောင်အရော ဆင်တူသော သားရဲစိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက ရွှေရောင်ထိုက်ရွှီကြေးမုံ၌ ပေါ်လာသည်။ လီယွင်ကျန်းက ထိတ်လန့်သွား၏။
“ရှောင်ရန်လား”
လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို သိမ်းပြီး သူ့လက်ဖဝါးကို ရှေ့သို့တွန်းထုတ်လိုက်သည်။ သူ့လက်ထဲ၌ အမည်မဲ့က ပေါ်လာ၏။ ဓားပေါ်၌ အနက်ရောင်သင်္ကေတများပေါ်လာကာ ယဲ့ရှောင်၏ရင်ဘတ်ဆီ ဉီးတည်ပြီး ထိုးဖောက်သွားတော့သည်။
“တင် ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ၊ ဆုလာဘ်ကုသိုလ်မှတ်ငါးရာ၊ နယ်မြေအပိုမှတ် ငါးရာ”
အသိပေးသံကို ကြားသောအခါ လုကျိုးသည် လက်မြှောက်လျက် အမည်မဲ့ကို သူ့လက်ဆီ ပြန်ဆွဲယူလိုက်သည်။
သူသည် ယဲ့ကျန်းနှင့်တိုက်ခိုက်ခဲ့ချိန်မှစပြီး ယခင်ကထက်ပိုတောင် သတိထားတတ်လာသည်။ သူသည် အသိပေးသံကို ကြားသောအခါ လုကျိုးသည် လက်ဖဝါးကိုမြှောက်လျက် အမည်မဲ့ကို ရုပ်သိမ်းလိုက်သည်။ ပွင့်ချပ်သုံးလွှာကိုယ်ပိုင်သက်တော်စောင့်က အပေါ်ယံတွင် မြင်ရသကဲ့သို့ ရိုးရှင်းမည်ဟု သူမထင်ခဲ့ပေ။
“မင်းက သားရဲကို သိတယ်လား” လုကျိုးက မေးလျက် မုတ်ဆိတ်သပ်လိုက်သည်။
ခဏအကြာတွင် လီယွင်ကျန်းက နောက်ဆုံး၌ စိတ်တည်ငြိမ်သွားလေ၏။ သူကသက်ပြင်းချပြီး ပြောလိုက်၏။
“ကျုပ်က နန်းတော်ထဲမှာ စာဖတ်ဖို့ကလွဲရင် ဘာမှလုပ်စရာမရှိဘူး”
လုကျိုးက ခေါင်းညိတ်လိုက်၏။
”ငါဒီကို ဘာကြောင့်လာလဲသိလား”
လီယွင်ကျန်းက ခေါင်းခါလိုက်သည်။
လုကျိုးက ပြောလိုက်သည်။
”မင်းက မင်းသားတစ်ပါးဆိုရင် ငါမင်းကို ပြန်ပေးဆွဲသွားမလို့၊ ဖြစ်ချင်တော့”
“ဖြစ်ချင်တော့ ကျုပ်က ဧကရာဇ်ဖြစ်နေတာလား”
ကောင်းကင်သိုင်းခုံရုံးသည် ရွှေကြာနယ်မြေကို ကျူးကျော်ခဲ့၏။ အစက လုကျိုးသည် ကုပ်အားအနေဖြင့် အသုံးပြုရန် အိမ်ရှေ့စံမင်းသားကို ပြန်ပေးဆွဲဖို့ စီစဉ်ခဲ့သည်။ လီယွင်ကျန်းက အိမ်ရှေ့စံမင်းသားမဟုတ်ဘဲ ရုပ်သေးဧကရာဇ်တစ်ပါးဖြစ်နေမည်ဟု မည်သူက သိမည်နည်း။
လီယွင်ကျန်းက ဖြည်းဖြည်းချင်း ထရပ်ကာ ကူကယ်ရာမဲ့နေ၏။ သူ့ကို လေများတိုက်ခတ်လာစဉ် သူကလုကျိုးကို မော့ကြည့်ပြီးမေးလိုက်၏။
“ဆရာကြီး အရင်တုန်းက ပြောပြတာကို မှတ်မိပါသေးတယ်၊ ကျုပ်ရဲ့လမ်းကြောင်းမှာ ရပ်နေတဲ့လူတိုင်းကို ဖယ်ရှားသင့်တယ်လို့ ပြောခဲ့တယ်၊ ကျုပ်ရဲ့နန်းတော်ထဲက လူတိုင်းက ကျုပ်လမ်းကြောင်းမှာ ရှိနေတယ်ဆိုရင် ဘာလုပ်သင့်တယ်လို့ထင်လဲ”
“စစ်မှန်တဲ့ယောင်္ကျားသားတစ်ယောက်က သူ့ရှေ့မှာ တစ်လောကလုံးက ပိတ်ဆို့နေမယ်ဆိုရင်တောင် သူ့လမ်းကြောင်းက အတားအဆီးအားလုံးကို ရှင်းလင်းရမယ်” လုကျိုးက ပြောလိုက်လေ၏။
“ကြက်တစ်ကောင်ကို လည်ပင်းညှစ်သတ်ဖို့ ခွန်အားတောင် မရှိတဲ့အချိန် သူတို့ကို ဘယ်လို ဖယ်ရှားရမလဲ”
လုကျိုးက လီယွင်ကျန်းကို လှည့်ကြည့်လိုက်၏။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူကပြောလိုက်သည်။
“မင်းတတ်နိုင်တာကိုလုပ်” လီယွင်ကျန်းအဖို့ အကောင်းဆုံးလုပ်ရန် လွယ်ကူသည်။ သို့သော် သူ့အကောင်းဆုံးက မလုံလောက်ပေ။ သူ၏ခွန်အားက သေးမွှားလွန်း၏။ သူ၏သေခြင်းတရားက နန်းတော်ထဲတွင် ဂယက်တောင်ထစေမှာ မဟုတ်ပေ။ သူက သက်ပြင်းချပြီးပြောလိုက်၏။
“ဓားခုတ်ကောင်က သစ်ပင်တစ်ပင်ကို ဘယ်လိုလုပ်ရွေ့နိုင်မှာလဲ”
“မိုင်တစ်ထောင်ခရီးက ခြေလှမ်းတစ်လှမ်းနဲ့ စတင်တယ်၊ မိုင်တစ်ထောင်ရေကာတာက ပုရွက်ဆိတ်ပေါက်ရာ တစ်ပေါက်ကြောင့် ပြိုသွားတတ်တယ်၊ မင်းခြေလှမ်းသေးသေးလေး စမလှမ်းရင် မိုင်တစ်ထောင်ကို ရောက်မှာမဟုတ်ဘူး၊ မင်းက သေးငယ်တဲ့စီးကြောင်းတွေကို မစုစည်းဘူးဆိုရင် မြစ်ရော သမုဒ္ဒရာရော ရှိမှာမဟုတ်ဘူး” လုကျိုးကပြော၏။
လီယွင်ကျန်းသည် ထိုစကားများကို နားထောင်စဉ် သူ့ရင်ထဲ တစ်စုံတစ်ခု မွှေနှောက်လာတာကို ခံစားမိ၏။ အတိတ်တုန်းက သူ့ရှေ့၌ အခွင့်အရေးများစွာရှိခဲ့ဖူးသည်။ သို့သော်သူသည် ၎င်းတို့ကို ဘယ်တော့မှ တန်ဖိုးမထားခဲ့ပေ။ သူသည် သူ့ဖခင်ကဲ့သို့ လေးစားကြောက်ရွံ့ရသော ဧကရာဇ်တစ်ပါးဖြစ်လာနိုင်၏။ အင်ပါယာကို အုပ်စိုးသည့်အာဏာဖြစ်စေ၊ ကျင့်ကြံရာတွင်ဖြစ်စေ သူအရာအားလုံးကို နားလည်သဘောပေါက်ချိန်တွင် နောက်ကျသွားပြီဖြစ်သည်။
လီယွင်ကျန်းသည် မြေပြင်ပေါ်ရှိအလောင်းကို စိုက်ကြည့်ပြီးနောက် လုကျိုးဘက် လက်သီးဆုပ်မိုးကာ မေးလိုက်တော့သည်။
“ဆရာကြီးရဲ့နာမည်က ဘာလဲ”
“ငါ့ကို လုလို့ခေါ်လို့ရတယ်”
“လုချန်ပေ့ ကျုပ်ကို ကျေးဇူးပြုပြီး တပည့်အဖြစ်လက်ခံပေးပါ၊ ဘယ်လိုကျင့်ကြံရမလဲ သင်ပေးပါ”
လီယွင်ကျန်းက ပြောပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။
လုကျိုးက အနည်းငယ်အံ့ဩသွားကာ ဇဝေဇဝါဖြစ်သွား၏။
“မင်းငါ့ကို ယုံတယ်လား”
“ကျုပ်ယုံနိုင်တဲ့လူ ဘယ်သူမှ မရှိပါဘူး” လီယွင်ကျန်းက ပြန်ပြောလိုက်သည်။
“ငါက ယဲ့ကျန်းရဲ့ လူတွေထဲကတစ်ယောက် ဖြစ်မှာ စိတ်မပူဘူးလား” လုကျိုးက မေးလိုက်၏။
လီယွင်ကျန်းက မော့ကြည့်ပြီး ပြောလိုက်တော့သည်။
“အဲလိုသာဆိုရင် ကျုပ်ကံကြမ္မာကို အရှုံးပေးရတော့မှာပဲ၊ ဆရာကြီးက သူတို့ထဲက တစ်ယောက် မဖြစ်နိုင်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်လက်ခံပေးပါ”
ကန်းလုခန်းမသည် ယခုအချိန်၌ တိတ်ဆိတ်နေ၏။ မှောင်မည်းနေသောကောင်းကင်နှင့် တိတ်ဆိတ်မှုသည် မှိုင်တွေဖွယ် ပတ်ဝန်းကျင်ကို မွေးဖွားပေးခဲ့သည်။
လီယွင်ကျန်း၌ မိသားစုမရှိ၊ မိတ်ဆွေမရှိ၊ သူကတစ်ဘဝလုံး နန်းတော်ထဲတွင်နေခဲ့သည်။ သူ့၌ သန်မာသော စိတ်ဆန္ဒ၊ စိတ်စွမ်းအား မရှိခဲ့လျှင် အစောကတည်းက ပြိုလဲလောက်ပြီဖြစ်သည်။
လုကျိုးက နောက်ဆုံးတွင် ပြောလိုက်၏။
“ငါ့ကို တပည့်ဆယ်ယောက်ရှိပြီးသား၊ နောက်ထပ်တပည့်လက်ခံဖို့ အစီအစဉ်မရှိဘူး၊ မင်းကျင့်ကြံချင်တယ်ဆိုရင် မင်းကို ဆရာတစ်ယောက် မိတ်ဆက်ပေးနိုင်တယ်”
စိတ်ပျက်သွားသော်ငြား လီယွင်ကျန်းက ပြောလိုက်၏။
“ကြင်နာစွာ ညွှန်ပြပေးပါ ဆရာကြီး”
“တစ်မိုးအောက်မှာ ကျင့်စဉ်ရာချီ ရှိတယ်၊ ဘယ်ဟာကို သဘောအကျဆုံးလဲ” လုကျိုးက မေးလိုက်၏။
လီယွင်ကျန်းက ခဏတာစဉ်းစားလိုက်သည်။ အတော်ကြာပြီးနောက် သူကပြောလိုက်သည်။
“ကျွန်တော် ဘာပုံစံနဲ့ သင့်တော်မယ်မှန်းမသိပါဘူး”
လုကျိုးက မုတ်ဆိတ်သပ်လျက် လကိုကြည့်ကာ သူ့ဘာသာသူတွေးလိုက်၏။ ပြီးနောက် သူကပြောလိုက်တော့သည်။
“မင်းက ဧကရာဇ်တစ်ပါး ပြီးတော့ တိုင်းပြည်ကိုအေးချမ်းအောင် မအုပ်စိုးခင် မင်းရဲ့ခန္ဓာကိုယ်ကို ပုံသွင်းဖို့လိုတယ်၊ ကျင့်ကြံတာထက် ပိုသင်ယူဖို့လိုအပ်တယ်၊ ဒီလိုဆိုရင်ရော၊ သူမင်းကို သင်ပေးသမျှအားလုံးကို သင်ယူ၊ မင်းဘယ်လိုထင်လဲ”
လီယွင်ကျန်းသည် ထိုစကားကို ကြားသောအခါ ပျော်ရွှင်သွား၏။ ချက်ချင်း အရိုအသေပေးလိုက်တော့သည်။
“ကျေးဇူးပါ လောင်ချန်ပေ့လု.. အမ်.. ဒီဆရာကို ဘယ်အချိန်တွေ့လို့ရမလဲ၊ သူ့ကိုဘယ်လိုတွေ့ရမလဲ”
…
အခန်း (၈၀၀) အမှောင်ထဲမှ ကံကောင်းမှုတစ်ခု
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းအသာယမ်းလိုက်ပြီး ပြောလိုက်သည်။
” အချိန်ကျလာရင် သူနဲ့တွေ့ပါလိမ့်မယ် "
လီယွင်ကျန်းက ခေါင်းကုတ်လိုက်ပြီးသည့်နောက်တွင် မေးလိုက်၏။
” ကျွန်တော့်ဆရာကရော ဆရာကြီးလိုမျိုး နက်နဲတဲ့ ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားလား "
လုကျိုးက ခေါင်းခါကာ " ဒီတစ်မိုးအောက်မှာ ငါ့ထက် ကျင့်ကြံဆင့် မြင့်မားတဲ့သူ မရှိဘူး "
" ... "
လီယွင်ကျန်းက စတင် မကျင့်ကြံရသေးသော်လည်း ကျင့်ကြံရေးနှင့် ပတ်သက်ပြီး အခြေခံဗဟုသုတများ ရှိထား၏။ သူက လုကျိုး၏ စကားများကို မည်သို့တုံ့ပြန်ရမှန်း မသိတော့ပေ။
ကောင်းပြီလေ။ ပြောချင်သလိုသာ ပြောပါတော့...
လီယွင်ကျန်းက မေးလိုက်၏။
” ဒီလိုဆိုရင် ကျွန်တော်ရဲ့ဆရာက ဘယ်လောက်တောင် စွမ်းဆောင်ရည်ကောင်းလဲဆိုတာကို ပြောပြပါအုံး "
" သူက ကျင့်ကြံဆင့်က သာမန်ဆိုပေမဲ့ မင်းရဲ့ ဆရာဖြစ်ဖို့တော့ သင့်တော်တယ် "
ထိုစဥ် လုကျိုးက ပိုမိုတောက်ပလာသည့် လမင်းကြီးအား မော့ကြည့်လိုက်သည်။ သူက အချိန်ကုန်မြန်လွန်းသည်ဟု ထင်မထားမိပေ။ ထိုစဥ် သူက ချဉ်းကပ်လာသည့် ခြေသံများကို ကြားလိုက်ရ၏။
” တစ်ယောက်ယောက် ရောက်လာပြီ။ အလောင်းကို ဘယ်လိုလုပ်ကြမလဲ”
လုကျိုးက ယဲ့ရှောင်၏ အလောင်းကို ကြည့်လိုက်ပြီးနောက် လက်ကိုမြှောက်လိုက်သည်။
စွမ်းအားစည်းတံဆိပ်တစ်ခုက အလောင်းကို သယ်ဆောင်သွား၏။
လီယွင်ကျန်းက တအံ့တသြဖြစ်နေသည်။
ရွှေရောင်စွမ်းအား စည်းတံဆိပ်လား...
အလောင်းက လေထဲ ရောက်သည့်အခါ မီးတောက်များအဖြစ် တောက်လောင်သွားပြီး ပြာကျသွားသည်။ အသက်တစ်ရှိုက်စာ အနည်းငယ်အတွင်း အလောင်းက ရွှေရောင်မီးတောက်ကြောင့် ဘာမှမကျန်ရှိတော့ပေ။
လီယွင်ကျန်း၏ မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ပေါ်ထွက်နေ၏။
” ဆရာကြီးရဲ့ ကျင့်ကြံဆင့်က ကောင်းကင်သိုင်းခုံရုံးရဲ့ ယွီချန်းရှုနဲ့ ယှဥ်နိုင်တာပဲ”
" ယွီချန်းရှုလား "
လီယွင်ကျန်းက သက်ပြင်းချကာ " သူ့အကြောင်း မပြောပါနဲ့တော့ "
လုကျိုးက ထပ်မံ စုံစမ်းလိုသော်လည်း ခြေလှမ်းများက ပိုမိုနီးကပ်လာ၏။ ထို့ကြောင့် သူက ပြောလိုက်၏။
” ငါက တခြားလုပ်စရာ ရှိသေးတယ်”
" ဆရာကြီး... " လီယွင်ကျန်းက စကားမဆုံးခင် လုကျိုးက ညအမှောင်ထဲ ပျောက်ကွယ်သွား၏။
...
ထိုစဥ် တိမ်တိုက်တောင်ပေါ်တွင် အင်မတန်တိတ်ဆိတ်ကာ ငြိမ်းချမ်းနေသည်။
ယွီရှန်းရုန်က လက်ပိုက်လျက် တောင်ပေါ် ရပ်နေရင်း ကောင်းကင်ကို ငေးကြည့်နေသည်။
သူက ထိုပုံစံအတိုင်း ကြည့်နေသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်၏။ ခဏအကြာတွင် သူက မျက်လုံးကို မှိတ်လိုက်သည်။ သူ နောက်ကျောနောက်တွင် သယ်ဆောင်ထားသည့် သက်တော်ရှည်ဓားက အပြင်းအထန် တုန်ခါလာ၏။
စွမ်းအင်ဓားက သူ့ရှေ့တွင် ပုံသဏ္ဌာန်ပေါ်လာပြီးနောက် အလျင်အမြန် ပျောက်ကွယ်သွားသည်။
ယွီရှန်းရုန်က မျက်လုံးကို ဖွင့်လိုက်၏။ သူက ခေါင်းအသာယမ်းကာ သက်ပြင်းချပြီး ရေရွတ်လိုက်သည်။
” ကောင်းကင်ဘုံသားတော်ရဲ့ ဓားလမ်းစဉ်နဲ့ နီးကပ်နေပြီပဲ။ ငါ ဒီခက်ခဲတဲ့ ဓားလမ်းစဥ်အတွက် ရှစ်စွင်းဆီ သွားပြီးတော့ လမ်းညွှန်မှု သွားမေးရမယ်”
သူ့စကားအဆုံးတွင် တောအုပ်အတွင်း ဖြတ်ပြေးသွားသည့် အနက်ရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။
ယွီရှန်းရုန်က ပြုံးကာ " ကြွက်တွေပဲ "
သူက ကျောက်နံရံပေါ်မှ အသာပျံသန်းလာပြီး ထိုပုံရိပ်ဆီ လျပ်စီးလို အလျင်ဖြင့် ပြေးသွားလိုက်သည်။
တိမ်တိုက်တောင်၏ နယ်နိမိတ်က အင်မတန် ရှုပ်ထွေးလှ၏။ ကျင့်ကြံသူများက ထိုနေရာအတွင်း လမ်းပျောက်သွားဖို့ လွယ်ကူလှသည်။ သို့သော်လည်း ထိုအရာက ယွီရှန်းရုန်လို လူမျိုးအတွက် ခက်ခဲမှု မရှိပေ။
ယွီရှန်းရုန်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ၏ အမြန်နှုန်းကို ထုတ်ဖော်ကာ တောင်ခြေဆီ အချိန်တိုအတွင်း ရောက်ရှိလာ၏။
အနက်ရောင်ပုံရိပ်ကလည်း ရပ်တန့်လိုက်သည်။ သူက ယွီရှန်းရုန်ကို တမင်စောင့်ဆိုင်းနေဟန်ပေါ်၏။
ယွီရှန်းရုန်က လေထဲတွင် ဝဲပျံရင်း အနက်ရောင်ပုံရိပ်ကို ငုံ့ကြည့်လိုက်၏။ သူက လေသံအတက်အကျမရှိ ပြောလိုက်သည်။
” မင်းက သံသယဖြစ်ဖို့ ကောင်းတယ်။ တကယ်လို့ မင်းဉာဏ်ကောင်းတယ်ဆိုရင် အခြေအနေကို သိပြီးတော့ အညံ့ခံသင့်ပြီ”
အနက်ရောင်ပုံရိပ်က လှည့်မလာပေ။ သူက ယွီရှန်းရုန်ကို ကျောပေးလျက် ပြောလိုက်၏။
” ကျုပ်က ခင်ဗျားနဲ့ မတိုက်ချင်ဘူး။ ဒီကို သတင်းစကားပါးဖို့ ရောက်လာတာ။ ခင်ဗျားရဲ့ ဆရာကို ကျုပ်တို့ ထပ်တွေ့မယ်လို့ ပြောလိုက်။ ကြယ်ပျံအိမ်တော်ရဲ့ အငြိုးတရားကို မှတ်ထားမယ်”
ယွီရှန်းရုန်က ပြောလိုက်၏။
” ကြယ်ပျံအိမ်တော်လား "
" ကံကြမ္မာတစ်ပတ် ပြန်လည်လာဖို့ အချိန်တစ်ခုပဲ လိုပါတော့တယ်။ နှုတ်ဆက်ပါတယ်”
အနက်ရောင်ပုံရိပ်က အဝေးတစ်နေရာသို့ ထွက်ပြေးသွားသည်။
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
” မင်းလာမှတော့ ဘာလို့ထွက်သွားဖို့ အလျင်လိုနေအုံးမှာလဲ။ တောင်ပေါ်မှာ ငါနဲ့အတူတူ ဖန်ရည်တစ်ခွက်လောက် သောက်ပါအုံးလား”
သူက မဟာနည်းစနစ်ကို သုံးကြိမ်ဆက်တိုက် ထုတ်သုံးလိုက်ပြီးနောက် လိုက်ဖမ်းလိုက်သည်။
အနက်ရောင်ပုံရိပ်က အံ့အားသင့်သွားကာ အရှိန်ကို မြင့်လိုက်၏။
နှစ်ဦးသားက တောင်ထိပ်များစွာကို ဖြတ်ပြေးသွားသည်။
ယွီရှန်းရုန်က ထိုပုံရိပ်၏ အနောက်မှ နီးကပ်စွာ လိုက်နေဆဲဖြစ်ကာ တည်တည်ငြိမ်ငြိမ် ရှိနေဆဲ ဖြစ်၏။
” နှေးလိုက်တာ "
" ခင်ဗျား " အနက်ရောင်ပုံရိပ်က ရပ်တန့်လိုက်၏။ သူက ယွီရှန်းရုန်ကို အံ့အားသင့်သည့် အမူအရာဖြင့် ကြည့်ကာ " ကျုပ်နဲ့ အမှီလိုက်နိုင်တယ်လား "
ညအခါတွင် လရောင်က ယွီရှန်းရုန်၏ မျက်နှာအပေါ်ဖြာကျနေသည့်အတွက် ပိုမိုကြော့ရှင်းစေ၏။ သူက ပြောလိုက်သည်။
” ဒါက ဓားနတ်ဆိုး ပြုမူတဲ့ပုံစံပဲ။ ကဲကောင်းပြီ။ မင်း ရွေးချယ် … သေမလား ရှင်မလား”
" ဓားနတ်ဆိုးလား "
" ဒါက တခြားသူတွေ ပေးထားတဲ့ ဂုဏ်ပုဒ်တစ်ခုကလွဲပြီး ဘာမှမပြောပလောက်ဘူး” ယွီရှန်းရုန်က ညာဘက်လက်ကို မြှောက်လိုက်၏။
သူ့သက်တော်ရှည်ဓားက ဓားအိမ်မှ ထွက်ပေါ်လာသည်။
အနက်ရောင်ပုံရိပ်က တံတွေးမျိုချကာ အလျင်အမြန် နောက်ဆုတ်လိုက်၏။
ထိုစဥ် အနက်ရောင်ပုံရိပ်၏ အနောက်ဘက်မှ ခပ်သြသြအသံတစ်သံကို ကြားလိုက်ရသည်။
” ရှောင်ရှန်း နောက်ဆုတ်နေ "
" ဟမ် အရှင် ဒီရောက်လာပြီလား " အနက်ရောင်ပုံရိပ်က ဒူးထောက်လိုက်၏။
" ပြီးသွားပြီလား "
" အမိန့်ပေးတဲ့အတိုင်း အကုန်လုပ်ပြီးသွားပါပြီ။ ဒါပေမဲ့ ဒီလူက နောက်ကနေ လိုက်လာမယ်လို့ ထင်မထားမိဘူး။ သူ့ကို ကျေးဇူးပြုပြီး ရှင်းထုတ်ပေးပါ” အနက်ရောင်ပုံရိပ်က ပြောလိုက်၏။
ခြုံထည်ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ယွီရှန်းရုန်၏ မြင်ကွင်းအတွင်း ပေါ်ထွက်လာသည်။
ယွီရှန်းရုန်က ထိုအမျိုးသား၏ ထူးခြားသည့်အငွေ့အသက်ကို အာရုံခံမိသည့်အတွက် ကျေကျေနပ်နပ် ပြောလိုက်သည်။
” ခင်ဗျားက သူ့ထက် အားကောင်းတာပဲ။ စိတ်ဝင်စားစရာပဲ”
ခြုံထည်ပုံရိပ်က ရယ်မောလိုက်၏။ သူကလည်း ကျေနပ်နေဟန်ပေါ်သည်။
” တစ်စုံတစ်ခုကို ရှာဖို့ ဒီလောက်သွားလာခဲ့ရတာ ဒီလိုလွယ်လွယ်နဲ့ မင်းကို တွေ့ပြီပဲ”
" ကျုပ်တို့တွေ တစ်ခုမှ မတွေ့ဖူးဘူး။ ခင်ဗျားက ဘာလို့ အဲ့လိုပြောရတာလဲ” ယွီရှန်းရုန်က နားမလည်နိုင် ဖြစ်နေမိသည်။
" မင်းကို ကျုံးတျောင်ရဲ့ မျက်လုံးကနေ မြင်ဖူးတယ်။ မင်းက အရည်အချင်းရှိသားပဲ” အမျိုးသားက ပြောလိုက်၏။
ယွီရှန်းရုန်က ခေါင်းညိတ်ကာ ပြောလိုက်၏။
” အော် ခင်ဗျားက ကျုံးတျောင်ရဲ့ သခင်ကိုး "
အမျိုးသားက သူ့ခြုံထည်ကို ဖယ်လိုက်၏။ သူ့မျက်နှာက လရောင်အောက်တွင် ထွက်ပေါ်လာသည်။ သူ့ညာဘက်မျက်ဝန်းက ကန်းနေသော်လည်း ဘယ်ဘက်မျက်လုံးကမူ စူးရှနေ၏။
" ငါ့ရဲ့ ကျုံးတျောင်ကို အဖော်ပြုပေးဖို့ မင်းကို တမလွန်ဘဝကို ပို့ပေးမယ်”
အမျိုးသား၏ ခြုံထည်မြေပြင်ပေါ် ကျသွားသည့်အခါ အနက်ရောင်ပုံရိပ်က အလျင်အမြန် လှုပ်ရှားပြီး ရိုရိုကျိုးကျိုး ကောက်ယူလိုက်သည်။ သူက အဝေးတစ်နေရာတွင် ရပ်ကာ ပြောလိုက်၏။
” အရှင် အနိုင်ရရှိပြီး ပြန်လာတာကို စောင့်နေပါ့မယ်”
ယွီရှန်းရုန်က ပြောလိုက်၏။ ” မင်း စိတ်ပျက်မှာပဲ စိုးရတယ်”
သူ့သက်တော်ရှည်ဓားက ရုတ်ခြည်းဆိုသလို ဓားအိမ်မှာ ထွက်ပေါ်လာ၏။ စွမ်းအင်ဓားများစွာက ထိုတစ်ဖက်ကန်းအမျိုးသားဆီ ပြေးဝင်သွား၏။
ရွှေရောင်တောက်ပနေသည့်ဓားများက ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။
တစ်ဖက်ကန်းအမျိုးသားက အနက်ရောင် မြူခိုးများကြားတွင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားကာ စွမ်းအင်ဓားများကို ရှောင်ရှားလိုက်သည်။ သူက ယွီရှန်းရုန်အထက် ပေါ်ထွက်လာပြီးသည့်နောက်တွင် ထောင့်တစ်နေရာမှ ရိုက်ချလိုက်၏။ ” ထိစမ်း "
မကောင်းသည့်ပုံစံပေါ်သည့် ခရမ်းရောင် လက်ဝါးစည်းတံဆိပ်က ထွက်ပေါ်လာ၏။
" စုန်းအတတ် " ယွီရှန်းရုန်က နောက်ဆုတ်လိုက်၏။ သူ့သက်တော်ရှည်ဓားက လက်အတွင်း ပြန်လည်ကျရောက်လာသည်။
သူက ခုတ်ချလိုက်၏။
ဘန်း
လက်ဝါးစည်းတံဆိပ်က နှစ်ပိုင်းပြတ်သွားသည်။
ယွီရှန်းရုန်၏ လှုပ်ရှားမှုများက စီးဆင်းနေသည့် ရေသဖွယ် ချောမွေ့နေ၏။
တစ်ဖက်ကန်းအမျိုးသားက အနည်းငယ် အံ့အားသင့်သွားဟန် ပေါ်သည်။ ထို့နောက် သူက ပြောလိုက်၏” တိုက်ကွက်ကောင်းပဲ။ ဒါပေမဲ့ ငါ့ရဲ့ ကျုံးတျောင်အတွက် လက်စားချေရမယ်”
သူက ပုံရိပ်များစွာကို ချန်ထားပြီး ယွီရှန်းရုန်နားကို ရောက်ရှိလာသည်။ ထို့နောက် သူက လက်ဝါးရိုက်ချက်လှိုင်းလုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
ဘန်း ဘန်း ဘန်း
ယွီရှန်းရုန်က သူ့ဓားကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
နှစ်ဦးသားက လရောင်အောက်တွင် အပြင်းအထန် တိုက်ခိုက်နေကြသည်။ တိုက်ပွဲက အချိန်တိုအတွင်း အဆုံးသတ်မည် မဟုတ်ကြောင်း သိသာလှ၏။
အဝေးတစ်နေရာမှ စောင့်ကြည့်နေသည့် အနက်ရောင်ပုံရိပ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့ကိုယ်သူ ရေရွတ်လိုက်၏။ ” အဲဒီလူအိုကြီးလုရဲ့ တပည့်က ဒီလောက်တောင် အားကောင်းတယ်လား "
ထိုစဥ် တစ်ဖက်ကန်းအမျိုးသားက ဟာကွက်တွေ့သွားဟန် ပေါ်သည်။ သူက ယွီရှန်းရုန်၏ ရင်ဘတ်ဆီ လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်လွှတ်လိုက်၏။
ယွီရှန်းရုန်က သူ့သက်တော်ရှည်ဓားကို ကိုင်စွဲပြီး ရင်ဘတ်ရှေ့ကာကာ အလင်းတန်းလိုအလျင်ဖြင့် ပျံသန်းလိုက်သည်။ သူက မီတာရာချီ နောက်ဆုတ်လိုက်ပြီးသည့်နောက်တွင် ဆင်းသက်လာ၏။ သူ့ခြေထောက်က မြေပြင်ပေါ် ထိတွေ့သည့်အခါ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။
ပွင့်ချပ်ကိုးလွှာ ရွှေကြာစိတ်ဝိညာဥ်သဏ္ဌာန်က သူတို့ရှေ့တွင် မြင့်မားစွာ ထွက်ပေါ်လာ၏။ သိပ်သည်းလှသည့် ကနဦးချီက ပတ်ဝန်းကျင်ဆီ ပျံ့နှံ့နေသည်။
တစ်ဖက်ကန်းအမျိုးသားက လက်ကို ကြက်ခြေခတ်သဏ္ဌာန်ဖြင့် နောက်ဆုတ်ကာ တိုက်ကွက်ကို ရှောင်ရှားလိုက်သည်” ရွှေကြာပဲ "
" ခင်ဗျား ကောင်းကောင်းကြည့်ထား " ယွီရှန်းရုန်က ထိုအမျိုးသားနောက်တွင် ပြန်လည်ပေါ်ထွက်လာ၏။ လက်နှစ်ဖက်က ဓားရိုးကို ဆုပ်ကိုင်ထားပြီး တစ်ဖက်လူကို ခုတ်ချလိုက်သည်။
တစ်ဖက်ကန်းအမျိုးသားက မျက်မှောင်ကြုတ်ကာ လှည့်ထွက်လိုက်သည်။ သူက လက်နှစ်ဖက်ကို ပူးကပ်ကာ သက်တော်ရှည်ဓားကို လက်ဝါးကြားတွင် ဖမ်းဆုပ်လိုက်၏။ သူ့လက်မှ ခရမ်းရောင်အငွေ့များ ထွက်ပေါ်လာပြီး နောက်ဆုတ်လိုက်သည်” ငါ တွေ့ဖူးသမျှ ပွင့်ချပ်ဆယ်လွှာအောက် ကျင့်ကြံသူတွေထဲမှာ မင်းရဲ့ ဓားလမ်းစဥ်က အကောင်းဆုံးပဲ”
…
အခန်း (၈၀၁) ဓားကျိုးကို ပြန်လည်ပုံသွင်းသောနေ့
ယွီရှန်းရုန်သည် သူ၏ သက်တော်ရှည်ဓားကို ဖမ်းကိုင်ထားသော လူ၏လက်ဖဝါးကို ကြည့်လိုက်သည်။ ထိုလူ၏ လက်ဖဝါးက ခရမ်းရောင်အငွေ့များ ဖြာထွက်နေ၏။ သူက သက်တော်ရှည်ဓားကို မြဲမြဲစွဲယူလိုက်ပြီးနောက် မေးလိုက်တော့၏။
”ခင်ဗျားက နတ်ဆရာတစ်ယောက်လား”
တစ်ဖက်ကန်းအမျိုးသားက နောက်ဆုတ်သွားပြီး ဖြေလိုက်တော့သည်။
“ရာရာစစ ငါ့ကို အဲ့ဒီတတိယအဆင့် နတ်ဆရာတွေနဲ့ ယှဉ်ရဲတယ်လား”
ယွီရှန်းရုန်၏ သက်တော်ရှည်ဓားက မြည်ဟည်းလာပြီး တုန်လှုပ်လာတော့သည်။
မီတာတစ်ရာခန့် နောက်ဆုတ်သွားပြီးနောက် တစ်ဖက်ကန်းအမျိုးသားက သူ့လက်ကိုမြှောက်ကာ စွမ်းအင်ကို ဖော်ထုတ်လိုက်တော့သည်။
ယွီရှန်းရုန်က လေဟုန်စီးလျက် ရှေ့သို့ခုန်လိုက်သည်။ ပြီးနောက် သူ၏ ဓားကို အောက်သို့ဆွဲချလိုက်၏။
စွမ်းအင်ဓားများ လည်ပတ်ထွက်လာပြီးနောက် ခရမ်းရောင်အငွေ့များကို ပိုင်းဖြတ်သွားတော့သည်။
ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားများသည် တစ်ဖက်ကန်းအမျိုးသား၏ လက်ဖဝါးများနှင့် တိုက်မိသွား၏။
စွမ်းအင်က ပိုမိုသန်မာလာပြီး ကနဦးချီအပြင်ဖက်သို့ ရောက်ရှိလာတော့သည်။
အဝေးကနေလှမ်းကြည့်နေသည့် အနက်ရောင်ပုံရိပ်က မျက်လုံးအပြူးသားဖြစ်သွားသည်။ သူက တစ်ဖက်ကန်းအမျိုးသား၏ ဝတ်ရုံကို ယူကာ ဧရာမသစ်ပင်ဘေးသို့ နောက်ဆုတ်လိုက်၏။ တချို့သော အကြောင်းရင်းကြောင့် သူ၏ မျက်နှာ၌ ချွေးများပြန်နေတော့သည်။ သူက သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။
“ဒီလူတွေက ဘယ်သူတွေလဲ”
တစ်ဖက်ကန်းအမျိုးသား၏ တိုက်ခိုက်မှုက ပြင်းထန်လွန်းလှပေသည်။ သူသည် ခရမ်းရောင်အငွေ့ တိမ်တိုက်များကို ဆက်လက်ဖော်ထုတ်နေပြီး သက်တော်ရှည်ဓားကို တနည်းနည်းဖြင့် ရှောင်နိုင်ခဲ့သည်။
ယွီရှန်းရုန်သည် မြန်ဆန်သောအရှိန်ဖြင့် ဓားကို လွှဲယမ်းနေသည်။ ၎င်းက အလိုလိုသိစိတ်၏အတိုင်း လှုပ်ရှားလုနီးပါးဖြစ်နေ၏။
စွမ်းအင်ဓားနှင့် စွမ်းအင်လက်သီးများက ကောင်းကင်ထဲ၌ ပြည့်သွားတော့သည်။ သူတို့က လက်ရည်ညီနေပုံပေါ်သည်။
ရန်သူနှစ်ယောက်က နောက်ထပ်တောင်ထွတ်ဆီသို့ ရွေ့သွားကာ ကြွေလွင့်နေသော သစ်ရွက်များသာ ကျန်ရစ်ခဲ့သည်။
တစ်နာရီခန့်ကြာသွား၏။
ကောင်းကင်ထက်တွင် လရောင်က ပေါ်ထွက်နေပြီး မြေပြင်ပေါ်လရောင်က ဖြာကျနေလေ၏။ တောက်ပလွန်းသောကြောင့် နေ့အလင်းကဲ့သို့ လင်းထိန်လုနီးပါးရှိနေသည်။
တစ်ဖက်ကန်းအမျိုးသား၏ စွမ်းအင်လက်သီးက ပြင်းထန်စွာကြီးမားလာစဉ် ယွီရှန်းရုန်၏ ဓားပိုင်းဖြတ်မှုက အရှိန်တိုးလာလေ၏။
အနက်ရောင်အရိပ် မြင်နိုင်သမျှအလုံးစုံသည် လူအရိပ်နှစ်ခုက လေထဲ၌ တစ်ခုကိုတစ်ခု တိုက်ခိုက်နေကာ များစွာသော စွမ်းအင်စည်းတံဆိပ်များပေါ်ထွက်လာတာပဲဖြစ်သည်။
ဖုန်း
နားစည်ထိခိုက်လောက်ဖွယ် ပေါက်ကွဲသံက လေထဲ၌ ပေါ်ထွက်လာပြီး ကောင်းကင်ထဲ၌ စွမ်းအင်က ပေါ်ထွက်လာ၏။
စွမ်းအားဟန်ချက်က နောက်ဆုံးတော့ ပြိုကွဲသွားလေပြီ။
ပြိုင်ဘက်နှစ်ယောက်လုံး တပြိုင်နက်တည်း နောက်ဆုတ်လိုက်ရပြီး အဝေးကနေ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်၏။
တစ်ဖက်ကန်းအမျိုးသားက အစတည်းက တည်ငြိမ်နေသော ယွီရှန်းရုန်ကို ကြည့်လိုက်၏။ သူ၏ မျက်လုံး၌ စိတ်အားထက်သန်မှုများ ပြည့်နေကာ ပြောလိုက်တော့သည်။
“ကောင်းတယ်”
ပြီးနောက် တစ်ဖက်ကန်းအမျိုးသားက သူ၏ဝတ်ရုံနှင့် လည်ပတ်ပုဝါတို့ကို ဖယ်ရှားလိုက်တော့၏။
“ဘုန်းကြီးတစ်ပါးလား”
ယွီရှန်းရုန်သည် နောက်ဆုံးတော့ သူ့ရန်သူ၏ သွင်ပြင်ကို တွေ့လိုက်ရပြီဖြစ်သည်။ သူ၏ ရန်သူက ရဟန်းတစ်ပါးနှင့် တူသည်။
“ငါက လူတွေရဲ့နာမည်ကို မမေးဘဲ ဘယ်တော့မှ သတ်လေ့မရှိဘူး။ မင်း နာမည်က ဘာလဲ”
တစ်ဖက်ကန်းအမျိုးသားက ယွီရှန်းရုန်ကို လက်ညှိုးထိုးလိုက်တော့၏။
ယွီရှန်းရုန်က ပြောလိုက်တော့သည်။
“စိတ်မရှိပါနဲ့။ ခင်ဗျားက ကျုပ်နာမည်ကို သိခွင့်မရှိသေးဘူး” သူက ပြောပြီးနောက် ကြယ်တံခွန်တစ်စင်းပမာ တစ်ဖက်ကန်းအမျိုးသားဆီသို့ သွားလိုက်သည်။
သိပ်သည်းနေသော စွမ်းအင်ဓားများက အရှိန်ပိုမြန်ဆန်လာပုံပေါ်သည်။
ယင်းကို မြင်သောအခါ တစ်ဖက်ကန်းအမျိုးသားက သူ၏ ခရမ်းရောင်လက်သီးများဖြင့် တန်ပြန်တိုက်ခိုက်တော့သည်။
ဘန်း
တစ်ဖက်ကန်းအမျိုးသား၏ လက်သီးဖြင့် သက်တော်ရှည်ဓားက တိုက်မိသွားတော့သည်။
ယွီရှန်းရုန်က သူ၏ သက်တော်ရှည်ဓားကို လွှတ်ချပြီး သူ၏ လက်ဝါးကို ပူးလိုက်တော့၏။ စွမ်းအင်ဓားသွားထောင်ချီက သက်တော်ရှည်ဓားနားတဝိုက်၌ပေါ်လာပြီး တစ်ဖက်ကန်းအမျိုးသားဆီသို့ ဦးတည်သွားတော့သည်။
ကမ္ဘာဦးပြန်လည်ရောက်ရှိခြင်း ...
ထိုလူ၏ ခန္ဓာကိုယ်သည် ရောင်ခြည်ဖြင့် တောက်ပနေပြီး ပိုသန်မာသော စွမ်းအင်အရံအတားက သူ့နား၌ ချက်ချင်းပေါ်လာတော့သည်။
ဘန်း ဘန်း ဘန်း
စွမ်းအင်အရံအတားသည် စွမ်းအင်ဓားကို ဟန့်တားပေးထား၏။
ဖုန်း
စွမ်းအင်လှိုင်းက ပြင်းထန်စွာ ပေါက်ကွဲလာတော့သည်။
ရန်သူနှစ်ယောက်လုံး နောက်ဆုတ်လိုက်ရ၏။
“ဟမ်” ယွီရှန်းရုန်က မျက်ခုံးတစ်ဖက်မြှင့်လျက်ပြောလိုက်သည်။
“မဆိုးဘူးပဲ … ဒီတိုက်ကွက်ကို ခင်ဗျား ခံနိုင်ရည်ရှိမယ်လို့ မထင်ထားဘူး”
နီးကပ်သည့် အကွာအဝေး၌ ကမ္ဘာဦးပြန်လည်ရောက်ရှိခြင်း စွမ်းအားသည် ပြင်းထန်လွန်းလှပေ၏။ စွမ်းအင်ဓားထောင်ချီဖြင့် ထိုးစိုက်ခံလိုက်သည့်ပမာပင် ယွီရှန်းရုန်က တစ်ဖက်ကန်းအမျိုးသားသည် စွမ်းအင်ဓားကို တွန်းလှန်နိုင်စွမ်းရှိသည့် စွမ်းအင်ကို ဖော်ထုတ်နိုင်လိမ့်မည်ဟု မထင်ထားပေ။
တစ်ဖက်ကန်းအမျိုးသားက သက်ပြင်းရှည်ကြီးချပြီးနောက် လေးနက်တည်ကြည်စွာ ပြောလိုက်တော့သည်။
“မေ့လိုက်တော့ … ငါတို့နှစ်ယောက်လုံးမှာ အချိန်အကန့်အသတ်ရှိတယ်။ မင်းရဲ့ခေါင်းက စမ်းချောင်းဝါကို ဦးတည်သွားနေတဲ့အချိန် မင်းအတွက် ခွဲခွာခြင်းလက်ဆောင်အနေနဲ့ ငါ့ရဲ့ နောက်ဆုံးတစ်ကွက်ကို ယူသွားလိုက်”
ယွီရှန်းရုန်သည် တစ်ဖက်ကန်းအမျိုးသားသူ၏ အရှိန်အဝါပြောင်းလဲသွားတာကို ချက်ချင်း အာရုံခံမိသည်။
တစ်ဖက်ကန်းအမျိုးသား၏ အရိုးများက ယခုအချိန်တွင် ပျော့ပျောင်းသွားပုံပေါ်ကာ သူ၏ အရေပြားသည် သစ်ခေါက်ပမာ စတင် တွန့်ရှုံ့လာတော့သည်။ သူ၏ လက်များကလည်း ခရမ်းရောင်ဆေး ဆိုးထားသည့်ပမာ အလင်းဖျော့ဖျော့ဖြင့် တောက်ပနေလေ၏။
ယွီရှန်းရုန်က ဓားကို ဆုပ်ကိုင်ထားတာ ဖြေလျော့လိုက်ပြီးနောက် တင်းကြပ်စွာ ပြန်ကိုင်လိုက်၏။
သက်တော်ရှည်ဓားက စွမ်းအင်ကို လွှမ်းခြုံလျက် မြည်ဟည်းနေတော့သည်။
ထိုစဉ် တစ်ဖက်ကန်းအမျိုးသားက ယွီရှန်းရုန်ပေါ်သို့ ပျံသန်းလာ၏။ သူသည် ယခင်ကထက် ပိုဖျတ်လတ်လာတာ သိသာသည်။ ပြီးနောက် သူ့လက်သီးကို မြှောက်လိုက်သည်။
ခဏအတွင်း သန်မာသော လေပြင်းမုန်တိုင်းတစ်ခုက မီတာတစ်ရာအတွင်း ပေါ်လာ၏။
ကနဦးချီတို့ ဝေ့တက်လာကာ သူ့နား၌ စုဝေးလာသည်။
ယွီရှန်းရုန်သည် ထိုထူးဆန်းသည့် မြင်ကွင်းကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။ သူ၏ အလိုလိုသိစိတ်က အန္တရာယ်အငွေ့အသက်ကို သတိပေးနေသည်။
သူက လေးစားနေသော လေသံဖြင့် ပြောလိုက်၏”စိတ်ဝင်စားစရာပဲ”
ကနဦးချီက စုဝေးနေပြီး တစ်ဖက်ကန်းအမျိုးသားဆီသို့ လေဆင်နှာမောင်းပမာ တစ်ဟုန်ထိုး ဦးတည်သွားလေ၏။
ယခု မုန်တိုင်းမျက်စိဖြစ်နေလေပြီ။
၎င်းသည် ယွီရှန်းရုန်၏ သတိပြုမှုမှ မလွတ်မြောက်နိုင်။ တစ်ဖက်ကန်းအမျိုးသားနှင့်လူသည် ယခုအချိန်၌ သူ၏လက်ထဲ၌ တစ်စုံတစ်ခုကို ကိုင်ထားပုံရသည်။ သူ မြင်ပုံအရ ၎င်းသည် တိုက်ခိုက်ရေး လက်နက် မဟုတ်။ သူ့အမြင်တွင် ထိုလူ၏လက်ထဲရှိ ပစ္စည်းသည် ကနဦးချီကို စုဝေးပေးထားသည့် အရာပဲ ဖြစ်ရမည်။ ယင်းက ပြိုင်ဘက်ကင်းအဆင့် ရတနာနှင့် တူ၏။
ယွီရှန်းရုန်၏ ဝတ်ရုံက လေထဲလူးလွန့်နေသည်။ သူ ဆက်ကြည့်နေ၏။ သူ့ သက်တော်ရှည်ဓား … သူ့တစ်ဘဝလုံးနီးပါး ယှဉ်တွဲလိုက်ပါလာခဲ့သော ဓားသည် ကောင်းကင်အဆင့် လက်နက်တစ်ခုမျှသာ ဖြစ်၏။ လေပြင်းများက သူ့ဝတ်ရုံများကို လွန့်လူးနေစေသည်။
တစ်ဖက်ကန်းအမျိုးသား၏ မျက်နှာပေါ်၌ ကျေနပ်သည့် လှောင်သော အမူအရာက ပေါ်လာ၏။ သူက သူ၏ ဂန္တဝင်မြောက်လက်ရာကို ကြည့်လိုက်သည်။
“ဒီလက်သီးမှာ ပွင့်ချပ်ဆယ်လွှာသိုင်းပညာရှင်ရဲ့ တိုက်ကွက်နည်းတူ ကနဦးချီတွေကို စုဆောင်းထားတယ်။ ဒါက မင်းကို သတ်နိုင်လိမ့်မယ်”
ယွီရှန်းရုန်သည် သူ၏ဓားကို မြှောက်လိုက်၏။ သူ့ချီပင်လယ်ထဲရှိ ကနဦးချီက သက်တော်ရှည်ဓားထဲ ကူးပြောင်းသွားတော့သည်။ ယခင်က စုစည်းထားသော စွမ်းအင်များက ပြန်လည်ပေါ်ထွက်လာ၏။
ကောင်းကင်သားတော်ရဲ့ ဓားက ဘာလဲ။ ယင်နဲ့ယန် စတင်တယ်။ နွေဦးနဲ့ နွေရာသီကို ဖြတ်ကျော်ထိန်းသိမ်းထားတယ်။ ဆောင်းဦးနဲ့ ဆောင်းရာသီမှ ပျောက်သွားတယ်။ နယ်မြေတွေကို အစိုးရဖို့ ရေ၊ မြေတွေကို အသုံးပြုတာ။
ကနဦးချီသည် ယွီရှန်းရုန်၏ ချီသွေးကြောရှစ်ကြောဆီ ရောက်သွား၏။
တစ်ချိန်တည်းတွင် ကနဦးချီက ယွီရှန်းရုန်နား၌ လှည့်ပတ်နေပြီး တစ်ဖက်ကန်းအမျိုးသား၏ ပြိုင်ဘက်ကင်းလက်နက်ဆီသို့ စွမ်းအင်ချနေပုံပေါ်သည်။
ဝေ့တက်လာသော စွမ်းအားကို ခံစားမိပြီး တစ်ဖက်ကန်းအမျိုးသား၏ ယုံကြည်ချက်က ပိုကြီးမားလာတော့သည်။
ဝှစ်
ထိုလူသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို သရုပ်ပြလိုက်တော့သည်။ ယင်းက ပွင့်ချပ်ကိုးလွှာ အနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်ပဲဖြစ်သည်။ သူ့အနီရောင်ကြာ၌ ခရမ်းရောင်တစ်စွန်းတစကို တွေ့ရသည်။
ယင်းက သူ့ရွှေကြာကို ဖြတ်တောက်ခဲ့သော အတွေ့အကြုံကို အမှတ်ရသွားစေသည်။
ကွာဟချက်က တစ်ဖက်ကန်းအမျိုးသား၏ အနီရောင်ကြာသည် ဖြည့်စွက်ထားသည့် ခရမ်းရောင်မြူ ရစ်ဝဲနေတာဖြစ်သည်။
ပေတစ်ရာ့ငါးဆယ် စိတ်ဝိညာဉ်သဏ္ဌာန်၏ အားဖြည့်ပေးမှုဖြင့် တစ်ဖက်ကန်းအမျိုးသားက ရှေ့သို့ ခုန်တက်လိုက်သည်။ သူက လက်သီးကို မြှောက်ပြီး လွှဲယမ်းလိုက်တော့သည်။ တုလုံးချွန်သဏ္ဌာန် စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး သူက ၎င်းကို ယွီရှန်းရုန်၏မျက်နှာဆီသို့ လွှဲယမ်းလိုက်တော့သည်။ သူက ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
”သေပေတော့”
ထိုစဉ်က ယွီရှန်းရုန်က သူ၏ဓားကို မြှောက်လိုက်သည်။ အရှုံးမပေးသော အမူအရာကို သူ့မျက်နှာတွင် မြင်နိုင်၏။ ဓားနတ်ဆိုးက ဘယ်တော့မှ နောက်မဆုတ်ဘူး။
ယွီရှန်းရုန်က ရှေ့သို့တက်လှမ်းသွားပြီးနောက် အမြင်အာရုံရှေ့မှ ပျောက်ကွယ်သွားလေသည်။ မကြာမီ၌ သူ၏ အရိပ်သုံးခုပေါ်လာပြီး လရောင်အောက်၌ ဆန်းကြယ်ပုံပေါ်နေတော့သည်။
ယင်းက ကွေ့ယွမ်ဓားသိုင်းမှ အစွမ်းထက်ဆုံး နည်းများထဲမှ တစ်ခုဖြစ်သော ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါးပဲဖြစ်သည်။
ယွီရှန်းရုန်က ယခုအချိန်၌ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။
ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာလေ၏။
တစ်ဖက်ကန်းအမျိုးသားက ရှေ့သို့တိုးလာပြီး ယွီရှန်းရုန်အပေါ် သူ့လက်သီးကျရောက်ရန် ယုံကြည်ချက် ရှိနေသည်။
ပုံရိပ်သုံးခုက တစ်ခုတည်း ပေါင်းစည်းသွားစဉ် ထိုလူ၏ စွမ်းအင်က ပေါက်ကွဲသွား၏။ သူ၏ ညာလက်တစ်ခုလုံး နီရဲသွားကာ လက်သီးသည် မဲမှောင်သွားသောကြောင့် အနက်ရောင်ဟု ထင်ရသည်။ ယွီရှန်းရုန်က သူ၏ဓားကို ရှေ့ဆက်တိုးလိုက်၏။
ဘန်း
ဓားဖျားနှင့် လက်သီးက ထိပ်တိုက်ဆုံသွားသည်။
စွမ်းအင်ပေါက်ကွဲတစ်ခုက ပတ်ဝန်းကျင်ထဲ ချက်ချင်း ပေါ်ပေါက်လာ၏။
ဖုန်း
ရိုက်ခတ်မှုတိုင်း၏ သက်ရောက်အားသည် မြေပြင်ပေါ်၌ ရှည်လျားကျဉ်းမြောင်းသော တွင်းတစ်ခုကို ဖန်တီးလိုက်သည်။ လမ်းတောက်လျှောက်တွင် ရှိနေသော ကျောက်ဆောင်များ၊ သစ်ပင်များက ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။ မြေပြင်ပေါ်ရှိ တွင်းသည်လည်း တောင်တန်း ဧရိယာနား ရောက်သည်အထိ ဖြောင့်တန်းသွားသည်။ ဤနည်းဖြင့် တောင်တန်းက ဖြောင့်တန်းသွားကာ ကျောက်တုံးများ တအိအိပြိုကျလာ၏။ တစ်ဖက်ကန်းအမျိုးသား၏ မျက်နှာပေါ်၌ မျက်မှောင်ကျုံ့သည့် အမူအရာပေါ်လာတော့သည်။ သူ့လက်သီးနှင့် သက်တော်ရှည်ဓား ထိပ်တိုက်ဆုံရာနေရာကို ကြည့်နေမိသည်။
ဆန့်ကျင်ဖက်အင်အားသည် မျှခြေဖြစ်နေပုံပေါ်၏။
တစ်ဖက်ကန်းအမျိုးသား၏ မျက်နှာပေါ်၌ အထင်သေးသော အမူအရာပေါ်လာတော့သည်။ သူ့လက်သီးမှ ခရမ်းနက်ရောင်စည်းတံဆိပ်တစ်ခုကို ပစ်ထုတ်လိုက်တော့သည်။
ယွီရှန်းရုန်က စွမ်းအင်စည်းတံဆိပ်များကို ကြည့်လိုက်၏။
“ပြိုင်ဘက်ကင်းအဆင့်လား”
သက်တော်ရှည်ဓားက တုန်လှုပ်လာသည်။
ဘန်း
များပြားလှသော စွမ်းအားများ ပံ့ပိုးမှုများ ရှိနေသော ပြိုင်ဘက်ကင်းအဆင့်လက်နက်ကို ရင်ဆိုင်ရာတွင် သက်တော်ရှည်ဓားမှ အက်ကွဲသံများ ပေါ်လာ၏။ ယွီရှန်းရုန် ကြားရမှာ စိုးရိမ်ပူပန်နေသော အသံပဲဖြစ်သည်။ သူ၏ ဘေး၌ နှစ်ပေါင်းများစွာ ယှဉ်တွဲတိုက်ခိုက်ခဲ့သော သက်တော်ရှည်ဓား ကျိုးသွားလေသည်။
ရာစုနှစ်များစွာ ယွီရှန်းရုန်သည် သူ အမြဲတစေထိန်းသိမ်းထားရန် တခါမှ အခက်မတွေ့ခဲ့ပေ။ မည်သည့်အခြေအနေတွင် ရောက်စေကာမူ စိတ်နှလုံးသည် ရေကဲ့သို့ တည်ငြိမ်နေ၏။ သို့သော် ယခုအချိန်တွင်မူ သူ့ရင်ထဲ၌ အမျက်ဒေါသများ တောက်လောင်လာကာ မျက်မှောင်ကျုံ့သည့် အမူအရာ ပေါ်လာတော့သည်။
သက်တော်ရှည်ဓား ကျိုးသွားပြီးနောက် တစ်ဖက်ကန်းအမျိုးသား၏ လက်သီးက ကျရောက်လာတော့သည်။
ဘန်း
လက်သီးက ယွီရှန်းရုန်၏ ကာကွယ်ရေးစွမ်းအင်ကို ထိမှန်သွားသည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်များ အားဖြည့်ပေးမှုသည် ယခုအချိန်မှ ပေါ်ပေါက်လာပုံပေါ်ကာ သူ့စွမ်းအင်ဓားပေါ် ကျရောက်ပြီးနောက် လက်သီးမှ ဖိအားသည် ပျောက်ကွယ်သွားတော့သည်။
“မင်းရဲ့ဓားသိုင်းကို လေးစားတယ်။ ဒါပေမဲ့ ငါ့ရဲ့ဒီလက်သီးကနေ ဘယ်သူမှ မရှင်သန်နိုင်ဘူး။ နှုတ်ဆက်ပါတယ်”
တစ်ဖက်ကန်းအမျိုးသားသည် သူ၏ လက်သီးကို ပြန်ဆွဲယူပြီးနောက် သူ၏လက်သီးကို ထပ်မံထိုးချလိုက်သည်။ သူ့လက်သီးက ယွီရှန်းရုန်၏ စွမ်းအင်ကို ဖြတ်ကျော်လျက် ယွီရှန်းရုန်၏ ရင်ဘတ်ဆီရောက်သွားတော့သည်။
ယွီရှန်းရုန်က သူ၏ဓားကျိုးကို လွှတ်ချလိုက်သည်။ သူက လက်ညှိုးနှင့် လက်ခလယ်ကို ပူးကပ်လျက် ကနဦးချီကို ထုတ်လိုက်သည်။ ပြီးနောက် ထိုလက်သီးနှင့်ဆုံတွေ့ရန် သူ၏လက်ကို ယူဆောင်လာ၏။
တစ်ဖက်ကန်းအမျိုးသားက လှောင်ပြောင်လိုက်တော့သည်။
“မင်းရဲ့ဓားကျိုးကို နည်းနည်းလောက်သတိထားရဦးမယ်လို့ ငါ ထင်နေတာ။ အခု မင်းက လွှင့်ပစ်လိုက်ပြီ။ မင်း အနိုင်ရနိုင်ခြေရှိတဲ့ အခွင့်အရေးကို အပြည့်အဝဆုံးရှုံးသွားပြီပဲ”
ထိုစဉ်က ယွီရှန်းရုန်၏ တည်ငြိမ်နေသော အမူအရာပေါ်၌ ဒေါသအရိပ်အယောင် မြင်တွေ့ရသည်။
”ကျုပ် တောင်းပန်ပါတယ်။ ကျုပ်ရဲ့ သက်တော်ရှည်ဓားမရှိရင်တောင် ခင်ဗျားက သေဦးမှာပဲ”