← Chapters

အခန်း (၈၀၈-၈၁၀)

Vol. 54 Ch. 808-810

အခန်း (၈၀၈-၈၁၀)

Vol. 54 Ch. 808-810

အခန်း (၈၀၈) ရေနဂါးတေးသံ အပိုင်း (၂)

နျဲ့ချင်းယွင်နှင့် တိမ်တိုက်တောင်တပည့်များအနေနှင့် လုကျိုးက သူတို့ဆီ ဖြည်းဖြည်းချင်း ပျံသန်းလာပြီး တိမ်တိုက်ရင်ပြင်ပေါ် ဆင်းသက်လိုက်သည်ကို မြင်လိုက်ရသည်။ သူတို့က သိချင်နေကြ၏။

စစ်ခုန်ပေချန်းက နဂိုနေရာတွင် ရပ်နေရင်း ယောင်ချင်းချွမ်နှင့် ကျောက်ကျန်းဟယ်တို့က ဘေးဘက် ကပ်ပေးလိုက်ကြသည်။

နျဲ့ချင်းယွင်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။ ” လုချန်းပေ့ "

လုကျိုးက ခေါင်းညိတ်လိုက်သည်။ သူက မုတ်ဆိတ်သပ်ကာ ပြောလိုက်၏။ ” နျဲ့ချင်းယွင်က ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ။ မင်းအနေနဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူအနေနဲ့ သူ့ကို နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်းက ဘာလို့ကိုယ့်ကိုယ်ကို ဖိအားပေးနေရတာလဲ”

ယွီကျန့်ဟိုင်က ပြောလိုက်၏။ ” ကျွန်တော်က အတော်လေးနီးကပ်နေပြီ။ ကျွန်တော်တို့တွေ အခုသရေတောင် ကျသွားပြီ”

နျဲ့ချင်းယွင်က ဘာပြောရမှန်းမသိတော့ပေ။

လုကျိုးက ခေါင်းခါကာ " မင်းက ၁၁ကြိမ် တိုက်ပြီးပြီ။ လက်ရည်စမ်းတယ်ဆိုတာ ဘယ်အချိန် ရပ်တန့်ရမယ်ဆိုတာကို သိဖို့လိုတယ်။ တကယ်လို့ သတ်ဖြတ်ရေး နည်းစနစ်တွေကို ယှဥ်ပြိုင်မယ်ဆိုရင် မင်းက ဒီအရည်အချင်းတွေကို ထုတ်ဖော်ပြဖို့ အခွင့်အရေး ရအုံးမယ်လို့ ထင်နေလား”

ထိုစကားကို ကြားပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က ခေါင်းငုံ့ထားလိုက်၏။ သူက ဦးညွှတ်ကာ " ရှစ်စွင်း ပြောတာမှန်ပါတယ် "

ထို့နောက် လုကျိုးက နျဲ့ချင်းယွင်ကို ကြည့်ကာ ပြောလိုက်သည်” ဓားမော့က သတ္တိကို ကိုယ်စားပြုတယ်။ ဟိုးရှေးခေတ်အချိန်အခါကတည်းက ဓားမော့ကို ကျင့်ကြံတဲ့သူ အများကြီး ရှိခဲ့တယ်။ ရလဒ်အနေနဲ့ ဓားမော့နည်းစနစ် အများကြီးကိုလည်း ဖန်တီးခဲ့တယ်။ ဒါက သင်ကြားပေးတဲ့ပုံစံတွေ ကွဲပြားလာတာတဲ့ပုံလိုမျိုးပဲ။ အသစ်ကို ဖန်တီးဖို့ဆိုတာ မလွယ်ကူဘူး။ ဒါပေမဲ့ တစ်မိုးအောက်မှာရှိတဲ့ ကျင့်စဥ်တွေက နောက်ဆုံးမှာတော့ အတူတူပဲ။ ဓားမော့ဖြစ်စေ ဓားဖြစ်စေ သူတို့က လူတွေ အသုံးပြုတဲ့ ပစ္စည်းတစ်ခုပဲ။ မင်းရဲ့ ဓားမော့ကို ပေး "

လုကျိုးက လက်မြှောက်လိုက်၏။

ယွီကျန့်ဟိုင်က သူ့နဂါးသွဲ့ကျောက်ဓားမော့ကို ရိုရိုကျိုးကျိုး ထည့်ပေးလိုက်သည်။

လုကျိုးက ထိုဓားမော့ကို ထိလိုက်သည်နှင့် အေးစက်စက် ခံစားချက်ကို ရလိုက်သောကြောင့် အံ့အားသင့်သွားသည်။

ထိုစဥ် လုကျိုးက ဓားမော့များစွာ ဝန်းရံထားသလိုမျိုး ဖြစ်သွားကာ ဖန်ဆင်းခြင်းအားလုံးကို ဓားမော့အဖြစ် အသုံးပြုနိုင်နေသည့် လက်ဝါးက ဓားမော့ဖြစ်နိုင်သလို သစ်ရွက်ကလည်း ဓားမော့ဖြစ်နိုင်ပြီး လေပြေကပင် ဓားမော့ ဖြစ်နိုင်သည်။

" မင်းတို့ နှစ်ယောက်လုံးက တူညီတဲ့ ဓားမော့နည်းစနစ်ကို ထပ်ခါထပ်ခါ သုံးနေကြတာ။ အဲဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အချိန်ကြာကြီး တိုက်ခိုက်လာရင်း တစ်ဖက်လူရဲ့ ပုံစံကို နားလည်လာမှာပဲ။ ဒီလိုမျိုး ဆက်ဖြစ်နေတယ်ဆိုရင် ရှင်းလင်းတဲ့ ရလဒ်ကို ရဖို့ ခက်ခဲလိမ့်မယ်။ နောက်ဆုံးတော့ ဟာကွက်ကို တွေ့အောင် ရှာနိုင်တဲ့သူက အနိုင်ရရှိတဲ့သူ ဖြစ်မှာပဲ” လုကျိုးက ပြောလိုက်၏။

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။ သူက သူ့ရှစ်စွင်းပြောသည်ကို သဘောတူလေသည်။ သူက ယွီရှန်းရုန်နှင့် တိမ်အလင်းတောအုပ်အတွင်း လက်ရည်စမ်းခဲ့သည့် အချိန်ကိုပင် အမှတ်ရသွား၏။ သူတို့ တိုက်ပွဲက သုံးရက်သုံးညတာ ကြာမြင့်ခဲ့သည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တစ်ယောက်ကို တစ်ယောက် ကောင်းကောင်းသိထားကြသည်။ ရံဖန်ရံခါတွင် သူတို့က တခြားသူ ဘာတွေးနေလဲဟု သိဖို့ရာ တစ်ချက်ကြည့်ဖို့ရာသာ လိုအပ်၏။ ဤသို့ဖြင့် သူတို့အတွက် နောက်ထပ်တိုက်ကွက်ကို ရင်ဆိုင်ပြီး နည်းလမ်းကို မှန်းဆဖို့ မခက်ခဲပေ။ ထိုအကြောင်းရင်းများကြောင့် သူတို့ထဲက တစ်ယောက်ယောက် အနိုင်ရရှိဖို့ ခက်ခဲလှသည်။

လုကျိုးက ဓားမော့၏ လက်ကိုင်ကို အနည်းငယ် ဆုပ်ကိုင်လိုက်သည်။ ဓားမော့၏ စိတ်ဆန္ဒက သူ့ဆီ ရောက်ရှိလာ၏။ သူက သူ့လက်ထဲမှ ဓားမော့၏ အလေးချိန်ကို ခံစားမိလိုက်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

" ဓားမော့ရဲ့ အခြေခံလှုပ်ရှားကွက် ၈ခု ရှိတယ်။ ဝှေ့ယမ်းတာ၊ ထိုးသွင်းတာ၊ ခုတ်ထစ်တာ၊ ပိုင်းဖြတ်တာ အစရှိသဖြင့်ပဲ။ ဓားနဲ့ယှဥ်လိုက်ရင် ဓားမော့နည်းစနစ်က ကြမ်းတမ်းပြီးတော့ ခက်ထန်တယ်။ လှုပ်ရှားမှုတွေက ကြီးမားတယ်။ ဒါပေမဲ့ အပြောင်းအလဲ လစ်ဟာနေတယ်။

ပထမဓားချက်က အသုံးပြုသူရဲ့ လှုပ်ရှားမှုပေါ် မူတည်နေတယ်ဆိုပေမဲ့ ဒုတိယဓားချက်က ခြေထောက်လှမ်းတဲ့ပေါ်မှာ မူတည်နေတယ်။ ဓားမော့ကို ခုတ်ချလိုက်တာနဲ့ လမ်းကြောင်းကို ပြောင်းဖို့ ခက်တယ်။ ဒါပေမဲ့ ခြေထောက်ကို ထိန်းညှိပြီးတော့ ပြောင်းလဲနိုင်တယ်။ ဓားမော့အသုံးပြုသူ အနေနဲ့ မင်းတို့တွေ အဲဒီအခြေခံနည်းစနစ်ကို ထပ်ခါထပ်ခါ လေ့ကျင့်သင့်တယ်”

ယွီကျန့်ဟိုင်နှင့် နျဲ့ချင်းယွင်တို့က ထိုအရာကို နားလည်ကြသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ တိမ်တိုက်တောင်၏ တပည့်များကလည်း နားလည်ကြ၏။

ဤသည်က ဆရာတစ်ယောက် ဖြစ်သင့်သည့်ပုံစံ ဖြစ်ပေသည်။ အရိုးရှင်းဆုံးစကားများဖြင့် တပည့်များကို ဓားမော့နည်းစနစ်နောက်ကွယ်မှ အမှန်တရားကို သင်ကြားပေးခဲ့သည်။ လုကျိုးက အစစ်အမှန် ဆရာတစ်ယောက် ဖြစ်၏။

တိမ်တိုက်တောင်၏ တပည့်များက ဂရုတစိုက် နားထောင်နေရင်း ပိုမိုလေးစားမိလာသည်။

လူကျိုးက ဆက်ပြောလိုက်၏။

” မင်းရဲ့ ဓားမော့ကို ချီနဲ့ ထိန်းချုပ်ပြီးတော့ ချီကို စွမ်းအင်အဖြစ် ဖွဲ့စည်းလိုက်။ အဲ့နည်းနဲ့ဆိုရင် မင်းက ပြောင်းလဲနိုင်မှု အများကြီး ရှိလာလိမ့်မယ်။ မင်းတို့နှစ်ယောက်လုံး ငါ ဆက်မပြောရင်တောင် နားလည်မှာပါ”

လုကျိုး၏ စကားအဆုံးတွင် ဓားမော့ကို လွှတ်ချလိုက်၏။

နဂါးသွဲ့ကျောက်ဓားမော့က လုကျိုး၏ စွမ်းအားမှ ဝှေ့ယမ်းကာ ခေါင်းအထက် ရောက်ရှိသွားသည်။

ဤသည်က ကျင့်ကြံသူအများစု ကျွမ်းကျင်ထားသည့် အခြေခံဓားရေးနည်းစနစ်တစ်ခု ဖြစ်ပြီး ယခုရှိနေကြသည့် တပည့်အားလုံးက ထိုအရာကို နားလည်ကြသည်။ သို့သော်လည်း နျဲ့ချင်းယွင်နှင့် စစ်ခုန်ပေချန်းတို့က အနည်းငယ် စိတ်ရှုပ်ထွေးနေကြ၏။ သူတို့က လုကျိုးအနေဖြင့် ထိုအခြေခံနည်းစနစ်များကို အဘယ့်ကြောင့် သရုပ်ပြနေမှန်း နားမလည်ပေ။

လုကျိုးက လက်ကို မြှောက်လိုက်သည့်အခါ နဂါးသွဲ့ကျောက်ဓားက ဆက်လက်မြင့်တက်သွား၏။

" ဓားကို လေးဆင့်ခွဲထားသလိုမျိုး ဓားမော့ကိုလည်း လေးဆင့်ခွဲထားတယ်”

ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် တိမ်တိုက်တောင်၏ တပည့်များက သူတို့ အချင်းချင်း စတင်ဆွေးနွေးကြသည်။

ထိုစဥ် စစ်ခုန်ပေချန်းက လုကျိုး၏ စကားများကို သဘောတူသည့်အလား ခေါင်းညိတ်လိုက်၏။

ထိုသို့သော ဆွေးနွေးမှုများက နဝမမြောက်ဘုံကျောင်းနှင့် တိမ်တိုက်တောင်တွင် ပုံမှန်လို ဖြစ်နေလေပြီ။

" မင်းက ဓားမော့ကို မကိုင်ဆောင်ဘူးဆိုရင် မင်း လက်ဖဝါးကိုလည်း ဓားမော့အဖြစ် အသုံးပြုနိုင်တယ်” လုကျိုးက လက်ကို မြှောက်လိုက်ပြီး စွမ်းအင်ဓားမော့တစ်ခု ပေါ်ထွက်လာ၏။

ယွီကျန့်ဟိုင်နှင့် နျဲ့ချင်းယွင်တို့က အံ့အားသင့်သွားကြသည်။ နှစ်ယောက်လုံးက ယခုအခိုက်တန့်တွင် ဉာဏ်အလင်းပွင့်သွားသလို ဖြစ်သွား၏။ နှစ်ဦးလုံးက သူတို့၏ လက်ဖဝါး ထိတိုက်တွေ့စဥ် အချိန်ကို ပြန်လည်အမှတ်ရသွားကြသည်။

ယွီကျန့်ဟိုင်က ပေါင်ကို ရိုက်ကာ ပြောလိုက်သည်။ ” ကျွန်တော် ဘာလို့ အဲ့လိုမစဥ်းစားမိပါလိမ့်”

နျဲ့ချင်းယွင်ကလည်း အနည်းငယ် ဝန်လေးစွာဖြင့် ပြောလိုက်သည်။ ” လုချန်းပေ့ တကယ်လို့ ပြိုင်ဘက်နှစ်ယောက်လုံးက ဓားမော့ မပိုင်ဆိုင်ထားဘူးဆိုရင်ရော "

သူတို့ လက်ရည်စမ်းစဥ်အခါက ယွီကျန့်ဟိုင်၏ ပြိုင်ဘက်ကင်းအဆင့် နဂါးသွဲ့ကျောက်ဓားသည် သူ့အပေါ် ဖိအားများစွာ ဖြစ်စေခဲ့သည်။

လုကျိုးက နဂါးသွဲ့ကျောက်ဓားကို ကြည့်လိုက်ရင်း " လေထဲမှာ မင်း ဘာကိုမြင်လဲ "

" နဂါးသွဲ့ကျောက်ဓားမော့လား "

ဝှီးခနဲ အသံနှင့်အတူ နဂါးသွဲ့ကျောက်ဓားက ပြုတ်ကျလာပြီး မြေပြင်ပေါ် ထိုးစိုက်သွားသည်။

" ထပ်ကြည့်ကြည့်အုံး " လုကျိုးက ပြောလိုက်သည်။

လေထဲတွင် ဘာမှမရှိတော့ပေ။

နျဲ့ချင်းယွင်က ထိုအရာကို နားမလည်ပေ။ သူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်၏။ ” ကနဦးချီလား "

လုကျိုးက ခေါင်းခါလိုက်၏” ကနဦးချီကို စွမ်းအင်အဖြစ် ဖွဲ့စည်းလို့ ရတယ်ဆိုပေမဲ့ ကန့်သတ်ချက် ရှိတယ်”

ယွီကျန့်ဟိုင်က ပြောလိုက်သည်” လေလား "

" လေက လွဲရင် နောက်ထပ် ဘာရှိသေးလဲ " လုကျိုးက မေးလိုက်၏။

ယွီကျန့်ဟိုင်နှင့် နျဲ့ချင်းယွင်တို့က ရပ်ဆိုင်းသွားကြသည်။ လုကျိုးက သူ့လက်ချောင်းကို ဝှေ့လိုက်သည့်အခါ လက်ဝါးဓားမော့က ပျောက်ကွယ်သွားပြီး လက်ချောင်းအရွယ် စွမ်းအင်ဓားမော့တစ်ခု ထွက်ပေါ်လာ၏။ ဤသည်က ရွှေရောင် မဟုတ်သလို အနီရောင်လည်း မဟုတ်ဘဲ ရေခဲနှင့်တူ၏။

" ရေလား " ယွီကျန့်ဟိုင်က တအံ့တသြဖြင့် ရေရွတ်လိုက်သည်။ သူက ငယ်ရွယ်စဥ်အခါက မိစ္ဆာဝေဟင်မျှော်နန်းတွင် လေ့ကျင့်စဥ်အချိန်များကို အမှတ်ရနေဆဲ ဖြစ်၏။ သူ့ရှစ်စွင်းက သူ လုံလုံလောက်လောက် အားကောင်းလာသရွေ့ ဓားမော့ကို မေ့ကာ ရေကို လက်နက်အဖြစ် အသုံးပြုနိုင်ကြောင်း ရေတံခွန်အောက်တွင် နေ့စဥ်လေ့ကျင့်ခဲ့စဥ်အချိန်က ပြောပြဖူးသည်ကို အမှတ်ရလိုက်သည်။

ထိုစဥ် ကနဦးချီက အလျင်အမြန်စုဝေးလာ၏။

လေထုထဲတွင် ရေငွေ့ ပါဝင်နေ၏။ သူတို့က မျက်စိနှင့် မမြင်နိုင်သလို ကနဦးချီဖြင့်လည်း ဖမ်းယူ၍ မရပေ။ ထိုသို့ဖြင့် စွမ်းအင်ဓားမော့တစ်ခု ထွက်ပေါ်လာသည်။

ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ စွမ်းအင်ဓားမော့ မြောက်မြားစွာက ကောင်းကင်အထက် စီစီရီရီ ထွက်ပေါ်လာပြီး ဓားမော့ ဝင်္ကပါသဖွယ် ဖြစ်နေသည်။ သိပ်မကြာခင် ထိုစွမ်းအင်ဓားမော့များမှ ရေနဂါးများ ထွက်ပေါ်လာပြီး လေထုအတွင်း ကခုန်နေ၏။

ယွီကျန့်ဟိုင်က ထိုမြင်ကွင်းကို မြင်တွေ့သည့်အခါ စိတ်ခံစားချက်များ လွှမ်းမိုးသွားသည်။

ထိုစဥ် လုကျိုးက ခြေဆောင့်လိုက်ပြီးသည့်နောက် ဓားမော့ ဝင်္ကပါအထက် ပျံသန်းလာ၏။ ထို့နောက် သူက လက်ဖြန့်ကာ ဝှေ့ယမ်းလိုက်သည်။

ရေနဂါးများက မြည်ဟိန်းလာကြသည်။

လုကျိုးက တိမ်တိုက်ရင်ပြင်အောက် ရေကန်မရောက်မချင်း ဆက်လက်မောင်းနှင်လာခဲ့သည်။

ဗွမ်း

ယခင်ထက် ပိုမိုကြီးမားသည့် ဓားမော့ ဝင်္ကပါတစ်ခုက လုကျိုးအနား ဝိုင်းရံထားသည်။

ထိုစဥ် တပည့်များက တိမ်တိုက်ရင်ပြင်ပေါ်တွင် ထိုကြီးကျယ်ခမ်းနားဖွယ် ပြသမှုမျိုးကို တအံ့တသြဖြင့် ကြည့်နေကြ၏။

စစ်ခုန်ပေချန်းနှင့် နျဲ့ချင်းယွင်တို့က ဓားမော့ကို ဤသို့ ထိန်းချုပ်နိုင်သည့်သူကို မတွေ့ဖူးကြပေ။

ထိုစဥ် လေထုထဲ ဝဲပျံနေသည့်လုကျိုးက မေးလိုက်၏။ ” နျဲ့ချင်းယွင် မင်းဒီနည်းစနစ်ကို ခုခံနိုင်လား "

" အား ... " နျဲ့ချင်းယွင်က ယုံကြည်ချက် မရှိပေ။

ဖန်ဆင်းမှုအားလုံးကို ဓားအဖြစ် အသုံးပြုနိုင်သည်ကို နားလည်ထားသည့် စစ်ခုန်ပေချန်းပင် ယုံကြည်ချက် မရှိပေ။

လုကျိုးက ယွီကျန့်ဟိုင်အား ငုံ့ကြည့်ကာ " ယွီကျန့်ဟိုင် မင်းရော နားလည်လား "

ယွီကျန့်ဟိုင်က အစကတည်းက ထိုပြကွက်ကြောင့် ကြောင်အမ်းနေမိပြီး အခုမှ အသိပြန်ဝင်လာခဲ့သည်။ သူက အလျင်စလို ပြောလိုက်၏” ရှစ်စွင်းကိုယ်တိုင် သရုပ်ပြမှတော့ ကျွန်တော် နားမလည်စရာ အကြောင်းမရှိပါဘူး”

လုကျိုးက ငှက်မွှေးလေးအလား တိမ်တိုက်ရင်ပြင်ပေါ် ဆင်းသက်လာ၏။ သူက လက်နောက်ပစ်လိုက်ပြီးသည့်နောက်တွင် ရေနဂါများက ရေစက်များသဖွယ် ပျောက်ကွယ်သွားပြီး မြေပြင်ပေါ် ရွာသွန်းလာသည်။

ယွီကျန့်ဟိုင်နှင့် နျဲ့ချင်းယွင်တို့က အချိန်မှီ မတုံ့ပြန်နိုင်ကြပေ။ သူတို့က လုကျိုးကို ထပ်မံကြည့်လိုက်သည့်အခါ ထိုရေစက်များက စွမ်းအင်ဓားမော့အဖြစ် ထပ်မံ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရ၏။ သူတို့က မြောက်မြားစွာ ရှိနေလေသည်။

ယခင်ကဲ့သို့ သန့်စင်သည့် ရေစွမ်းအင်ဓားမော့နှင့် မတူဘဲ ထိုရေစက်များမှ ဖွဲ့စည်းထားသည့် စွမ်းအင်ဓားမော့များက ရွှေရောင်စွမ်းအား စည်းတံဆိပ်ဖြင့် ရစ်ပတ်ထားသည်။

ယွီကျန့်ဟိုင်၊ နျဲ့ချင်းယွင်နှင့် စစ်ခုန်ပေချန်းတို့က ဆွံ့အနေကြ၏။

" ဒီဓားမော့နည်းစနစ်ကို ရေနဂါးတေးသံလို့ ခေါ်တယ် "

နဂါးနှင့်တူသည့် ဓားမော့ဖွဲ့စည်းပုံစွမ်းအားက ရွှေရောင်စွမ်းအားစည်းတံဆိပ်ဖြင့် တိုးမြင့်ပေးထား၏။

ထိုစဥ် နျဲ့ချင်းယွင်ဆီ ပြေးဝင်လာသည်။

နျဲ့ချင်းယွင်က အံ့အားသင့်သွားပြီး ဓားမော့ကို မြှောက်ကာ သူ့ကိုယ်သူ ကာဆီးလိုက်သည်။

နဂါးအော်သံ ထွက်ပေါ်လာ၏။ ဓားမော့ဖွဲ့စည်းပုံက နဂါးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။

ဘန်း

ရွှေရောင်နဂါးက နျဲ့ချင်းယွင်၏ ဓားမော့နှင့် ထိပ်တိုက်တွေ့ဆုံကာ သူ့အား လွင့်စင်သွားစေသည်။ သူက သူ့ကိုယ်သူ ခုခံလိုက်ပြီးသည့်နောက်တွင် ဤအရာကို ဖြေရှင်းမည့် နည်းလမ်းကို စဥ်းစားနေ၏။

" ပုံသဏ္ဌာန်ပေါ်စမ်း " နျဲ့ချင်းယွင်၏ အနီရောင်ကြာ စိတ်ဝိညာဥ်သဏ္ဌာန်က အားလုံးရှေ့မှ ပေါ်ထွက်လာသည်။

လက်ရှိ လုကျိုး၏ ကျင့်ကြံဆင့်က ပွင့်ချပ်ကိုးလွှာ ကျင့်ကြံဆင့်မျှသာ ဖြစ်၏။ အကယ်၍ နျဲ့ချင်းယွင်က သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းလိုက်လျှင် သူတို့ ကျင့်ကြံဆင့် ကွာဟချက်က နျဲ့ချင်းယွင်ကို အရေးသာချက် ဖြစ်စေမည်ဖြစ်ကာ ရေနဂါးက အဖျက်ဆီးခံရလိမ့်မည်။ သူက ထိုသို့ ဖြစ်ခွင့်မပေးနိုင်ပေ။

လုကျိုးက လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီးနောက် " မှတ်ထား။ အခြေအနေကို သေချာစေဖို့ အပိုတိုက်ကွက်တစ်ခု လုပ်ဖို့လိုတယ်”

ထို့နောက် သူက လက်ကို တွန်းထုတ်လိုက်သည်။

ခပ်ဖျော့ဖျော့ အပြာရောင် လက်ဝါးစည်းတံဆိပ်က နဂါး၏ ဦးခေါင်းနှင့် ဓားမော့ ဖွဲ့စည်းပုံစွမ်းအားထံ ပျံသန်းလာပြီး စွမ်းအားကို အဆများစွာ တိုးမြင့်သွားစေသည်။

ဝုန်း

" မဖြစ်ဘူး " နျဲ့ချင်းယွင်က ဓားမော့ကို ပြန်ရုပ်သိမ်းကာ စိတ်ဝိညာဥ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းလိုက်ပြီး နောက်ကို ဆုတ်လိုက်သည်။

လုကျိုးက သူ့လက်ဖဝါးကို တွန်းထုတ်လိုက်၏။

ရေနဂါးဓားမော့ ဖွဲ့စည်းပုံက ထွက်ပေါ်လာသည်။

ထိုစဥ် တိမ်တိုက်တောင်၏ အကြီးအကဲများက တိမ်တိုက်ရင်ပြင်ပေါ် ပြေးလာကြပြီး ဒူးထောက်ကာ ပြောလိုက်ကြ၏။ ” လုချန်းပေ့ သက်ညှာပေးပါ "

…

အခန်း (၈၀၉) လော့ရွှမ်း မင်းနိုးလာပြီ

နျဲ့ချင်းယွင်က လျင်မြန်စွာ ဆင်းသက်လိုက်သည်။ သူက အောက်သို့ ဆင်းသက်လိုက်သည်နှင့် နောက်သို့ ယိုင်သွားတော့သည်။

ထိုစဉ် ဓားမော့အစီအရင်ဖြင့် ဖွဲ့တည်သော ရွှေရောင်နဂါးက ဆင်းသက်လာ၏။ နဂါး၏ ဦးခေါင်းတွင်ရှိသော စွမ်းအင်ဓားမော့များက အချွန်ထက်ဆုံးဖြစ်နေသည်။ အပြာရောင်အလင်းဖျော့ဖျော့ တောက်ပနေသည်။ တစ်ချက်ကြည့်ရုံဖြင့် နဂါးက မီးမှုတ်ထုတ်နေသည်ဟု တွေးမိလောက်သည်။

နျဲ့ချင်းယွင်သည် တိုက်ကွက်ကို ပိတ်ဆို့ရန်လက်မြှောက်တော့မည့်အချိန်တွင် သူ၏လက်က ထုံကျင်ကိုက်ခဲနေကာ သူ၏လက်ကိုမမြှောက်နိုင်တာကိုသိလိုက်ရသည်။ သူချက်ချင်းပင် စိတ်လေးသွားတော့၏။ သူဆီရောက်လာသောရွှေရောင်နဂါးကို ကြည့်ရုံသာကြည့်နေနိုင်သည်။

ဖုန်း ဗွမ်း

ရွှေရောင်နဂါးသည် ရေစက်များအဖြစ် အသွင်ပြောင်းလဲကာ နျဲ့ချင်းယွင်ဆီမှ ပေတစ်ဝက်အကွာခန့်သို့ ရောက်သောအခါ မြေပြင်ပေါ် မိုးအဖြစ်ရွာသွန်းကျသွားသည်။

ဤနည်းဖြင့် လုကျိုး၏ သရုပ်ပြမှု ပြီးသွားပြီဖြစ်သည်။

ယခုအချိန်၌ နေရာတစ်ခုလုံး သုဿာန်ကဲ့သို့ တိတ်ဆိတ်နေသည်။

မှင်တက်နေသော နျဲ့ချင်းယွင်ကို ကြည့်ပြီး တိမ်တိုက်ရင်ပြင်နားရှိ တပည့်များက ထိတ်လန့်သွားကြ၏။ လုကျိုးက ယဲ့ကျန်းနှင့် ချန်ထျန်းတုကို ကံကောင်းပြီးသာ သတ်နိုင်ခဲ့သည်ဟု သူတို့တွေးခဲ့ပေလျှင် လုကျိုးသည် ကံနှင့်ဘာမှမဆိုင်ဘဲ နျဲ့ချင်းယွင်ကို အနိုင်ယူနိုင်ကြောင်း သူတို့ မငြင်းနိုင်ပေ။

တိမ်တိုက်ရင်ပြင်ပေါ်၌ စုဝေးနေသော ရေများသည် ကျောက်ကြမ်းပြင်၏ အက်ကွဲကြောင်းများတောက်လျှောက် စီးဆင်းသွားပြီး မြစ်လေးတစ်စင်း ဖွဲ့တည်လာ၏။ ယခုအချိန်၌ လူတိုင်းသည် ၎င်းကို ရေဟူ၍သာ မတွေးတော့ပေ။ ထိုရေက လူကိုသတ်နိုင်ပေ၏။

မိုးမခတစ်ထောင် ဘုရားကျောင်းသခင် ရှားချန်းချိုးက သန့်စင်သော တာအိုကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး တာအိုဂိုဏ်း၏ အတွေးအခေါ်သည် သူ၏အရိုးထဲထိအောင် စွဲထင်နေသည်။ ကျင့်ဝတ်၏အမြင့်ဆုံးပုံစံသည် ရေကဲ့သို့ဖြစ်ပြီး သူတို့ကို ဆန့်ကျင်မှုမရှိ၊ ရုန်းကန်မှုမရှိပဲ သက်ရှိသတ္တဝါများ အားလုံးအတွက် အကျိုးရှိစေသည်ဟု ပြောခဲ့ဖူးသည်။ သူက ရေနဂါးကို ကြည့်ပြီးချိန်၌ ဉာဏ်အလင်းပွင့်သွားသည်။

ဤနေရာတွင်ရှိနေသော လူများအနက် စစ်ခုန်ပေချန်းက အတည်ငြိမ်ဆုံးဖြစ်သည်။ ဆိုရလျှင် လုကျိုးက ပွင့်ချပ်ဆယ်လွှာသိုင်းပညာရှင်များကို အလွယ်တကူအနိုင်ယူတာကို မြင်ရတာ အသားကျနေပြီဖြစ်၏။

ကျန်သည့်သူများသည် ရေနဂါးတေးသံကြောင့် ထိတ်လန့်နေသေးသည်။

ဓားမော့သည် ဖန်တီးရာအားလုံးဖြစ်နိုင်ပြီး ဖန်တီးရာအားလုံးက ဓားမော့များဖြစ်နိုင်၏။

“သက်ညှာပေးတာ ကျေးဇူးတင်ပါတယ် လုချန်ပေ့”

တိမ်တိုက်တောင် အကြီးအကဲများသည် ကျေးဇူးတရားကို ဖော်ပြရန်ကန်တော့လိုက်ကြသည်။ နျဲ့ချင်းယွင်သာတစ်စုံတစ်ခုဖြစ်ပွားခဲ့လျှင် တိမ်တိုက်တောင်က ပြီးဆုံးသွားလိမ့်မည်။

သူရှစ်စွင်း၏နောက်၌ ရပ်နေသော ယွီကျန့်ဟိုင်သည် ရေနဂါးတေးသံ၏အကွက်တိုင်းကို အာရုံစိုက်နေ၏။ သူသည် ဓားမော့သိုင်းတွင် သိုင်းပညာရှင်တစ်ယောက်ဖြစ်သော်ငြား သူ့ရှစ်စွင်း၏တင်းကြပ်သော လမ်းညွှန်မှုအောက်တွင် အစပိုင်းနှစ်များကို ကုန်လွန်ခဲ့ပြီး သူ့ရှစ်စွင်း၏ သရုပ်ပြမှုကို အံ့ဩနေသေးသည်။

ယွီကျန့်ဟိုင်က မှင်တက်စွာ ရပ်နေသေးစဉ် ရေနဂါးတေးသံကို နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားပုံ ပေါ်သည်။ သူ၏ရှစ်စွင်းက စွမ်းအင်ဓားမော့ကို ထုတ်ပြခဲ့သော မြင်ကွင်းသည် သူ၏စိတ်ထဲ၌ ထပ်တလဲလဲပြသနေ၏။ ဖော်ပြ၍မရနိုင်လောက်အောင် ပြောင်မြောက်သည်။ သူကြိုးစားကြည့်လျှင် ထိုမျှပြီးပြည့်စုံစွာ ထုတ်ဖော်နိုင်ပါ့မလားဆိုတာ မတွေးမိဘဲ မနေနိုင်တော့ပေ။

“မင်း အခု နားလည်သွားပြီလား” လုကျိုးသည် ညာလက်ကိုအနည်းငယ်မြှောက်လိုက်ရာ နဂါးသွဲ့ကျောက်ဓားမော့က သူ့လက်ဖဝါးဆီ ပြန်ရောက်လာလေ၏။

ယွီကျန့်ဟိုင်က အာရုံပြန်ကပ်သွားသောအခါ သူက အမြန်အရိုအသေပေးပြီး ပြန်ပြောလိုက်၏။

“အခုနားလည်သွားပါပြီ ဒါပေမဲ့ ကျွန်တော် မေးစရာတစ်ခုရှိပါတယ်”

“ဘာလဲ”

“စွမ်းအင်ဓားမော့အဖြစ် ရေကို သိပ်သည်းလိုက်တာနားလည်ပေမဲ့ အဆုံးကျ ထပ်တိုးလာတဲ့ တိုက်ခိုက်မှုကို ဖြေရှင်းလိုက်တာကို နားမလည်ပါဘူး”

ချန်ထျန်းတုကဲ့သို့ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်ကိုတောင် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်စွမ်း ရှိသော သူ၏ရှစ်စွင်းက နျဲ့ချင်းယွင်ကို အနိုင်ယူရန် ထပ်တိုးတိုက်ခိုက်မှု လိုအပ်ရသည့်အကြောင်းအရင်းကို ယွီကျန့်ဟိုင်နားမလည်နိုင်ပေ။

လုကျိုးသည် နဂါးသွဲ့ကျောက်ဓားမော့ကို ယွီကျန့်ဟိုင်အား‌ ပေးပြီးနောက် ပြောလိုက်သည်။

“အဖူးပေါ်မှာ ထည့်ထားလိုက်” ထိုသို့ ပြောပြီးနောက် သူကထပ်ပြောလိုက်သည်။

“မင်းဘာသာမင်း စဉ်းစားကြည့်”

ထိုစကားများကို ကြားသောအခါ ယွီကျန့်ဟိုင်သည် မေးခွန်းများ ထပ်မမေးရဲတော့ပေ။ သူက အမြန်အရိုအသေ ပေးလိုက်၏။

“နားလည်ပါပြီ ရှစ်စွင်းရဲ့စကားကို မှတ်ထားပါ့မယ်၊ ရေနဂါးတေးသံကို တတ်နိုင်သမျှ မြန်မြန် ကျွမ်းအောင် လေ့ကျင့်ပါ့မယ်”

လုကျိုးသည် လက်နောက်ပစ်ထားလျက် လှေကားကနေ ဆင်းလိုက်သည်။ ပြီးနောက် နျဲ့ချင်းယွင်ကို မော့ကြည့်ကာ မေးလိုက်လေ၏။

“နျဲ့ချင်းယွင် ငါဘာကြောင့် အဲလိုလုပ်လဲနားလည်လား”

နျဲ့ချင်းယွင်၏စိတ်ထဲ တစ်စုံတစ်ခု မွှေနှောက်လာလေ၏။ ကောင်းကင်သိုင်းခုံရုံးနှင့် အဖြစ်အပျက်ကို သူတွေးမိပြီး စိတ်ထဲအံ့ဩနေသည်။ လုချန်ပေ့က ငါ့ကို သတိပေးဖို့ ကြိုးစားနေတာလား။

နျဲ့ချင်းယွင်က အမြန်အရိုအသေပေးလိုက်၏။

“ကျုပ်နားလည်ပါပြီ” ထိုနေ့က လုကျိုး၏မိုးကြိုးသွားကို သူပြန်တွေးမိသွားသည်။ ထိုသိုင်းကို တားနိုင်ရန်နည်း မရှိပေ။ လုကျိုးကဲ့သို့ လူတစ်ယောက်ကို ဖြေရှင်းရသောအခါ တိမ်တိုက်တောင်သည် ခြံစည်းရိုးခွထိုင်ခြင်းကိုရပ်ပြီး ရှင်းရှင်းလင်းလင်းရပ်တည်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

လုကျိုးက ခေါင်းညိတ်ပြီး စိတ်ကျေနပ်သွား၏။ လက်ဝှေ့ရမ်းကာ သူထွက်သွားတော့သည်။

လုကျိုးထွက်သွားပြီးနောက် ကျန်သည့်သူများပေါ်ရှိ ဖိအားသည် ချက်ချင်းလျော့ပါးသွားတော့သည်။

အစကနေ အဆုံးထိ တည်ငြိမ်နေသော စစ်ခုန်ပေချန်းသည် နျဲ့ချင်းယွင်ဆီ ပျံသန်းသွားလိုက်သည်။ သူကရှုံ့ချမှုအရိပ်အယောင်ဖြင့် မေးလိုက်၏။

“နျဲ့ချင်းယွင် အစ်ကိုလုက အခုသူ့ရဲ့မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးပြီဆိုတာ မင်းယုံလား”

“ငါယုံတယ်”

“လွန်ခဲ့တဲ့နှစ်နှစ်ထောင်မှာ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူ ဘယ်လောက်များများ မွေးဖွားခဲ့တယ်လို့ ထင်လဲ၊ ဒီအကန့်အသတ်ရှိတဲ့ အရေအတွက်ထဲမှာ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်တဲ့လူ ရှိတယ်ဆိုတာကို မတွေ့မိနိုင်သလောက်ပဲ၊ တစ်ဖက်မှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကတည်းက စပြီး ကြိုးပမ်းခဲ့တဲ့သူက မချို့တဲ့တာကြောင့် တစ်စုံတစ်ယောက် အောင်မြင်သွားတာ အံ့ဩစရာမရှိဘူး၊ လူသားတွေရဲ့ ကျင့်ကြံမှုက ကမ္ဘာကြီးကို ငုံ့ကြည့်နိုင်တဲ့အနေအထား ရောက်လာတဲ့အချိန် နှစ်တစ်သောင်း ကုန်လွန်သွားတဲ့အခါ...”

စစ်ခုန်ပေချန်းသည် လတ်တလော၌ တွေးတောရင်း အချိန်ကုန်ဆုံးတာများသည်။ သူသည် ကိစ္စရပ်များစွာကို နားလည်ပြီးဖြစ်သည်။

“မင်းမှန်လောက်တယ်” နျဲ့ချင်းယွင်က ပြောလိုက်၏။

“တိမ်တိုက်တောင်နဲ့ နဝမဘုံကျောင်းက နှစ်ပေါင်းများစွာ တိုက်ခိုက်လာတာ၊ ပြီးတော့ ငါတို့ရဲ့ပဠိပက္ခတွေက ဘယ်တော့မှ မပြေငြိမ်းခဲ့ဘူး၊ နှစ်တစ်သန်းကျော်တုန်းက ငါတို့တွေ တစ်ဖက်နဲ့တစ်ဖက် ဘယ်သူမှအသာစီးမရခဲ့ဘူး၊ မင်းဆန္ဒရှိတယ်ဆိုရင် ဒီနေ့ထိုင်ပြီး ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်လား” စစ်ခုန်ပေချန်းက မေးလိုက်၏။

နျဲ့ချင်းယွင်သည် ချက်ချင်း မတုံ့ပြန်ခဲ့ပေ။ ထိုအစားသူက လှည့်ကြည့်ပြီး တိမ်တိုက်တောင်တပည့်များနှင့် ဒူးထောက်နေသော အကြီးအကဲများကို ကြည့်လိုက်၏။ ယဲ့ကျန်းနှင့် အဖြစ်အပျက်ပြီးနောက် တိမ်တိုက်တောင်သည် ထိခိုက်သွားသည်။ သူတို့သည် နဝမဘုံကျောင်းကို ရင်ဆိုင်တိုက်ခိုက်ရန် စွမ်းအင်များများစားစားမရှိတော့ပေ။

“ဟုတ်ပြီလေ”

သူတို့နှစ်ယောက် ထွက်သွားတော့မည့်အချိန်၌ ယွီကျန့်ဟိုင်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။

“ဂိုဏ်းချုပ်နျဲ့”

နျဲ့ချင်းယွင်က လှည့်လာပြီးမေးလိုက်သည်။

“ဘာကိစ္စများလဲ ရောင်းရင်းယွီ” နျဲ့ချင်းယွင်က လှည့်ပြောလိုက်၏။

“လက်ရည်ယှဉ်ဦးမလား” ယွီကျန့်ဟိုင်က မျက်နှာသေဖြင့် မေးလိုက်သည်။

နျဲ့ချင်းယွင်က မျက်မှောင်ကြုတ်လိုက်၏။ သူကစစ်ခုန်ပေချန်း၏ လက်ကောက်ဝတ်ကို ချက်ချင်း ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

“မိစ္ဆာအိုကြီး စစ်ခုန် ငါတို့တွေ စကားမပြောရသေးခင် အိပ်တောင်အိပ်ဖို့ မစဉ်းစားနဲ့၊ ရောင်းရင်းယွီ ဒီနေ့လုပ်စရာကိစ္စတချို့ ရှိသေးတယ်၊ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ နောက်ရက်မှ လက်ရည်ယှဉ်တာပေါ့”

စစ်ခုန်ပေချန်း “…”

တိမ်တိုက်တောင်တပည့်များ “…”

ကောင်းကင်သိုင်းခုံရုံးရှိ မြင့်မြတ်သောခန်းမဆောင်တွင်ဖြစ်သည်။

မော့ပုရန်က တိမ်တိုက်တောင်ရှိ သူ၏အတွေ့အကြုံကို ခုံရုံးသခင် ယွီချန်းရှုဆီ ပြန်ပြောပြနေသည်။

ကျန်သည့်အကြီးအကဲများသည် မော့ပုရန်သတင်းပို့တာ နားထောင်ပြီးနောက် ဒေါသထွက်သွားကြသည်။

တစ်စုံတစ်ယောက်က ပြောလိုက်၏။

“ခုံရုံးသခင် ဒီကိစ္စကို ဘေးချိတ်ထားလို့ မရဘူး၊ အဲဒီနယ်ခြားသားတွေက လွန်လွန်းနေပြီ၊ သူတို့တွေက အနီရောင်ကြာနယ်မြေထဲမှာ သောင်းကျန်းရဲတယ်ပေါ့၊ ကျုပ်တို့ကို ဘာမှတ်နေလဲ”

“တချို့အခြေအနေတွေက တိုင်းတာဖို့လိုအပ်တယ်၊ တိမ်တိုက်တောင်ကို သွေးနဲ့ဆေးဖို့ သဘောတူတယ်၊ သူတို့ကို သင်ခန်းစာပေးသင့်ပြီ၊ သူတို့ကို အဟန့်အတားမရှိ လှုပ်ရှားခွင့်ပေးလိုက်မယ်ဆိုရင် ကျုပ်တို့နဲ့ တော်ဝင်ခုံရုံးက ကျုပ်တို့ဂုဏ်သိက္ခာကို ဘယ်လိုထိန်းရတော့မလဲ”

ခုံရုံးသခင် ယွီချန်းရှုက ဆိတ်ဆိတ်နေလေ၏။

အကြီးအကဲ ကျန်းထင်းကျုံးက ချောင်းဟန့်ပြီးနောက် ပြောလိုက်သည်။

“စိတ်အေးအေးထားကြပါ”

ကျန်သည့်သူများက ငြိမ်သွားကြသည်။

ကျန်းထင်းကျုံးက ဆက်ပြောလေ၏။

“မင်းတို့ ဒေါသထွက်တာ နားလည်တယ်၊ ရွှေကြာနယ်မြေဆီ ငါတို့လူတွေ အများကြီးပို့ခဲ့တာ၊ ပြီးတော့ သူတို့အားလုံး အသတ်ခံခဲ့ရတယ်၊ အခုရွှေကြာနယ်မြေက လူတွေက ငါတို့ပိုင်နက်ထဲမှာ လာသောင်းကျန်းနေပြီ၊ သူတို့တွေကို ပေါ့သေးသေးမထားသင့်ဘူးဆိုတာ သိသာတယ်၊ လုမျိုးရိုးနဲ့ အဖိုးအိုက ချန်ထျန်းတုကို လက်ဝါးရိုက်ချက်တစ်ခုတည်းနဲ့ သတ်လိုက်တာကို တစ်စုံတစ်ယောက်က မျက်မြင်တွေ့ခဲ့တယ်၊ ဒီလိုစွမ်းရည်ရှိတဲ့သူက မွေးဖွားဇယားချပ်ကို အသက်သွင်းထားတာ ဖြစ်နိုင်တယ်၊ မွေးဖွားဇယားချပ်ကို အသက်သွင်းထားတဲ့လူကို ဘယ်လိုရင်ဆိုင်ရမလဲ”

ကျန်းထင်းကျုံး၏အသံက ကျန်သည့်သူများအပေါ် ရေအေးတစ်ပုံး ပက်ဖြန်းလိုက်သည့်ပမာ ဖြစ်သွားသည်။ ဓလေ့ထုံးစံခန်းမသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားလေ၏။

“မွေဖွားဇယားချပ်ကို အသက်သွင်းဖို့က မလွယ်ဘူး၊ တကယ်ပဲ ချန်ထျန်းတုက လက်ဝါးရိုက်ချက်တစ်ခုတည်းနဲ့ အသတ်ခံလိုက်ရတာ၊ ဒါပေမဲ့ ဒီဟာမတိုင်ခင်မှာ စစ်ခုန်ပေချန်းကို ရင်ဆိုင်ရင်း အားကုန်ထုတ်သုံးခဲ့ရတာကြောင့်ပဲ သူက အစကတည်းက ဒဏ်ရာရနေပြီးသား၊ ယဲ့ကျန်းလို ဘာမှကောင်းတာမရှိတဲ့ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်က တစ်စုံတစ်ယောက် ထိန်းချုပ်တာ ခံထားရပြီးတာ ထင်ထားပြီးသားမလား”

ကျန်းထင်းကျုံးက မျက်မှောင်ကြုတ်လိုက်၏။

“မင်းဘာသိလို့လဲ၊ ယဲ့ကျန်းမှာ အသက်ခြောက်သက်ရှိတယ်၊ သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်က ကိုးကောင်ပေါက်ပဲ၊ သူ့ရဲ့လေ့ကျင့်ရေးအခန်းထဲမှာ ရှိနေချိန် သူက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ကို ကြောက်နေဖို့ မလိုဘူး၊ သူက အစီအရင်အခင်းအကျင်းတွေ မျိုးစုံကို သိတယ်၊ တိမ်တိုက်တောင်ရဲ့ ရင်ပြင်တွေအားလုံးကို သူ့ရဲ့လက်ဖမိုးလို သိပြီးသား၊ ခုံရုံးသခင်ကိုယ်တိုင်တောင် ယဲ့ကျန်းကို အလွယ်တကူ မသတ်နိုင်ဘူး”

“တော်လောက်ပြီ”

ယွီချန်းရှုက နောက်ဆုံးတွင်ပြောလိုက်၏။

ဓလေ့ထုံးစံခန်းမဆောင်က ထပ်မံတိတ်ဆိတ်သွားလေ၏။

ပြီးနောက် ယွီချန်းရှုက ဆက်ပြောသည်။

“မင်းတို့ပြောတာ အဓိကကျတယ်၊ ဒါပေမဲ့ ငါတို့အဆင်ခြင်မဲ့ လှုပ်ရှားလို့မရဘူး၊ ငါတို့လူတချို့ကို သူတို့က အသက်ရှင်လျက်ထားထားတယ်ဆိုတော့ ငါတို့ကို သတိထားနေတာပဲ၊ မွေးဖွားဇယားချပ်ကိစ္စကို ပြီးမှဆွေးနွေးကြမယ်”

“အခု ငါတို့ဘာလုပ်သင့်လဲ”

“ငါဘာလုပ်နေလဲဆိုတာ သိတယ်၊ ငါ့အမိန့်မရှိဘဲ ဘယ်သူမှ သူတို့ကို ရန်စခွင့်မရှိဘူး” ယွီချန်းရှုက ပြောလိုက်၏။

“ဒီအတိုင်းပဲလှုပ်ရှားမယ်”

“နားလည်ပါပြီ”

ဓလေ့ထုံးစံခန်းမမှ တပည့်သည် ယွီချန်းရှုနှင့် ထွက်သွား၏။ သူတို့က တံခါးကနေဖြတ်ပြီး ပေတစ်ဝက်ခန့်ရှိသောရေအိုင်ကိုကျော်ကာ ကောင်းကင်သိုင်းခုံရုံး၏ အနိမ့်ဆုံးအလွှာသို့ရောက်သွား၏။

တပည့်က မီးအိမ်ကိုကိုင်လျက် ကျောက်တံခါးဘေးရှိနံရံပေါ် ချိတ်ထားလိုက်သည်။ မကြာမီ၌ ကျောက်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ သူတို့အတော်ကြာဆင်းပြီးနောက် ပတ်ဝန်းကျင်က တစ်ဖြည်းဖြည်း ကျယ်လာ၏။ ပိန်းပိတ်အောင် နက်မှောင်နေတာဖြစ်သည်။

ယွီချန်းရှု ပေါ်လာသောအခါ လူရွယ်များစွာက အမှောင်ထဲ၌ ထရပ်လိုက်ကြသည်။ သူတို့ကို ရေခဲတမျှအေးစက်သော သံမဏိချိန်းကြိုးများဖြင့် ထိန်းချုပ်ထားတာဖြစ်သည်။ အစီအရင်သွေးကြောများဖြင့် ပြည့်နေသော အကျဉ်းခန်းများထဲတွင် အားလုံးကို ချုပ်ထား၏။

အမှောင်ထုထဲတွင် အက်ကွဲကွဲရီသံက ပေါ်ထွက်လာလေ၏။

“ရင်းနှီးနေတဲ့ ဆိုးဝါးညစ်ညမ်းတဲ့အနံ့၊ ညစ်ညမ်းလိုက်တာ အရှင်ခုံရုံးသခင်”

ထန်း

ချိန်းကြိုးသံများက အခန်းထဲပြည့်သွားလေ၏။

မီးအိမ်ကိုင်ထားသောတပည့်သည် ကြောက်လန့်သွားတော့သည်။

“ခုံရုံးသခင်၊ ခုံရုံးသခင် အိုး မင်းကို လွမ်းနေတာ”

ယွီချန်းရှု၏အမူအရာက မျက်နှာသေဖြစ်နေပြီး ဆူညံသံကို လစ်လျူရှုထားသည်။ သူက အခန်း၏ အနက်ဆုံးအပိုင်းဆီ ဆက်သွားပြီး နောက်ထပ်ကျောက်တံခါးရှေ့သို့ ရောက်သွား၏။

“ဖွင့်လိုက်”

“နားလည်ပါပြီ”

ကျောက်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာလေ၏။

ပိန်းပိတ်အောင် နက်မှောင်နေသော အကျဉ်းခန်းမနှင့်မတူ ယင်းက တိတ်ဆိတ်ပြီး အပေါ်ကနေ အလင်းရောင်ဖျော့ဖျော့ ဖြာကျနေသည်။ နေရာက သိပ်မကျယ်ပေ။ သို့သော် သန့်ရှင်းသပ်ရပ်၏။

ကျောက်အခန်း၏တည်ဆောက်ပုံက ထူးကဲပြီး နံရံပေါ်ရှိသွေးကြောများက ရှုပ်ထွေးပြီး အမျိုးစုံသည်။ အခန်းထဲတွင် အိပ်ရာတစ်ခုရှိနေ၏။ ထိုစဉ် အိမ်ယာပေါ်၌ လူတစ်ယောက်လှဲနေသည်။ မျက်နှာပေါ်၌ အိုမင်းရင့်ရော်မှုများရှိနေသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမဆံပင်က ဖြူနေပြီး မျက်လုံးက အသက်ကင်းမဲ့နေကာ နှုတ်ခမ်းက ခြောက်ကပ်အက်ကွဲနေသည်။

ယွီချန်းရှုက လက်နောက်ပစ်လျက် အိပ်ရာဆီလျှောက်သွား၏။ အတန်ကြာတိတ်ဆိတ်နေပြီးနောက် လက်ဝှေ့ရမ်းလိုက်သည်။ သူ့နောက်ရှိ တပည့်က အရိုအသေပေးပြီး ကျောက်တံခါးထဲမှ နောက်ဆုတ်ကာ တံခါးပိတ်လိုက်သည်။

နာရီပေါင်းများစွာကြာသွားသည်ဟု ထင်မှတ်ရပြီးနောက် ယွီချန်းရှုက သက်ပြင်းချလျက် ပြောလိုက်သည်။

“လော့ရွှမ်း နောက်ဆုံးတော့ မင်းနိုးလာပြီ”

…

အခန်း (၈၁၀) မဟာလေဟာနယ်က ဘယ်မှာလဲ

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် အခန်းအတွင်း အလွန်တိတ်ဆိတ်နေသောကြောင့် ဆူညံသံပုံစံဖြင့် အကြားအာရုံ ထွေပြားမှုကိုပင် ရှိလာနိုင်သည်။

ယွီချန်းရှုက သူမကို နှုတ်ဆက်ပြီးသည့်နောက်တွင် မသက်မသာ ခံစားမိလာသည်။ သူက တိတ်ဆိတ်မှုကို ကြိုက်နှစ်သက်သော်လည်း အသက်မဲ့သည့် မျက်လုံးများဖြင့် ခုတင်ပေါ်တွင် လဲလျောင်းနေသည့် လော့ရွှမ်းကလည်း တိတ်ဆိတ်မှုကို သဘောကျကြောင်း သိထားသည်။ သူက တိတ်ဆိတ်မှုကို သည်းမခံနိုင်တော့သည့်အခါ ထုတ်ပြောလိုက်၏။ ” လော့ရွှမ်း "

လော့ရွှမ်းက ပြန်မဖြေပေ။ သူမက ခန္ဓာကိုယ်မှ ဝိညာဥ် မရှိတော့သလိုမျိုး ငေးမောထွေပြားနေဟန် ပေါ်သည်။ သူမ၏ အသက်မဲ့နေသော မျက်ဝန်းများက မမြင်သကဲ့သို့ စူးစိုက်မှု မရှိပေ။ သူမက မကြားသလိုမျိုး ပြုမူနေ၏။

ယွီချန်းရှုက ခုတင်ဖျားတွင် ဝင်ထိုင်လိုက်၏။ သူက သက်ပြင်းချကာ " ဟန်ဆောင်မနေနဲ့။ တစ်ကမ္ဘာလုံးကို မင်းက အရူးလို့ ပြောလိုက်လို့ ငါ့ကို မုန်းနေတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ မင်းရဲ့ လေ့လာမှုက တကယ့်ကို ကြောက်ဖို့ကောင်းတယ်။ ဒါက ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ”

သူက သက်ပြင်းချပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်” မင်း သိလား။ ဒီကိစ္စမှာ ငါက မင်းထက်တောင် ခံစားချက်ဆိုးသေးတယ်။ ဒီကမ္ဘာမှာ ငါ့လောက် မင်းထက် သိတဲ့သူ ရှိမှာမဟုတ်ဘူး။ မင်းက ကြင်နာပြီး ဉာဏ်ကောင်းပေမဲ့ ငါဒီလိုလုပ်မှ ဖြစ်မယ်။ မင်း နားလည်ပေးနိုင်တယ်မလား”

သူက ဆက်ပြောလိုက်သည်။ ” ထားလိုက်ပါ။ မင်း နားလည်ဖို့လည်း မမျှော်လင့်ပါဘူး။ အခုနှစ် ၃၀၀ ရှိသွားပြီ။ မင်းရဲ့ စကားတွေကို တစ်ခုပြီးတစ်ခု အတည်ပြုခဲ့ပြီးပြီ။ အားလုံးက အတိတ်တုန်းက ငါတို့ လုပ်ခဲ့တဲ့အရာကို စပြီးတော့ သံသယဖြစ်လာကြပြီ။ ငါတို့က မင်းကိုများ မှားယွင်းခဲ့တာလား။ ဒီဟာက ရယ်စရာကောင်းနေတယ်ဆိုပေမဲ့ အမှန်တရားပဲ။ ဘာဖြစ်ဖြစ် ကောင်းကင်လွန်း၊ ရေလွန်းနဲ့ ရထားလုံးပျံတို့က အခုလက်တွေ့ ဖြစ်လာပြီ”

ယွီချန်းရှုက အမူအရာ ခက်ထန်ကာ စကားနည်းသူ ဖြစ်သော်လည်း လော့ရွှမ်းရှေ့တွင်မူ မရပ်မနား ပြောနေမိသည်။

ထိုစဥ် ယွီချန်းရှုက စကားပြောတာကို ရပ်တန့်လိုက်ပြီး ခုတင်ပေါ်တွင် လဲလျောင်းနေသည့် လော့ရွှမ်းအား ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲ ပျော်ရွှင်မှု သို့မဟုတ် စိတ်လှုပ်ရှားမှု အရိပ်အယောင် တွေ့ရမလားဟု ရှာဖွေနေမိသည်။ ကံဆိုးစွာဖြင့် သူမ၏ မျက်ဝန်းထဲ မည်သည့်ခံစားချက်မျှ ရှိမနေပေ။ သူ့အပြုံးက တောင့်တင်းသွားပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။ သူ့အမူအရာက နဂိုခက်ထန်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။ ပြောရလျှင် သူ့အမူအရာက အနည်းငယ် မှုန်မှိုင်းနေလေ၏။

သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်” ဆက်ဟန်ဆောင်မနေနဲ့တော့။ နယ်ခြားကမ္ဘာ ရှိတာကိုလည်း အတည်ပြုပြီးပြီ။ မင်းက ကျန့်ဝမ်ရွှီလိုပဲ။ မင်းတို့ နှစ်ယောက်လုံးက လွန်ခဲ့တဲ့နှစ် ၃၀၀ တုန်းက ရွှေကြာနယ်မြေကို သွားခဲ့ကြတယ်။ ဒါပေမဲ့ ရွှေကြာနယ်မြေက အခုငါတို့ရဲ့ ရန်သူတော် ဖြစ်လာခဲ့ပြီ။ ကောင်းကင်သိုင်းပညာခုံရုံးက မင်း မရှိဘဲ ဘာမှမလုပ်နိုင်ဘူး။ ဒီလိုမျိုး ဟန်ဆောင်နေတာက အဓိပ္ပာယ် မရှိဘူး”

သူက လက်နှစ်ဖက် နောက်ပစ်ကာ ထရပ်လိုက်ပြီး ဆက်ပြောလိုက်သည်” တစ်ဖက်လူက မွေးဖွားဇယားချပ်ကို အသက်သွင်းထားနိုင်ချေ မြင့်မားတယ်။ မင်းက အဲဒါကို နှစ်အများကြီး လေ့လာခဲ့တာလေ။ ငါတို့တွေ မွေးဖွားဇယားချပ်ကို ဘယ်လိုအသက်သွင်းရမလဲ”

သူက ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းအထက် ဒေါသအရိပ်အယောင် ထွက်လာပြီး မေးလိုက်သည်။ ” ငါတို့တွေ မွေးဖွားဇယားချပ်ကို အသက်သွင်းထားတဲ့ ကျင့်ကြံသူကို ဘယ်လိုသတ်နိုင်မလဲ”

ခုတင်ပေါ်တွင် လော့ရွှမ်း၏ အကြည့်များက ယခင်ကဲ့သို့ အသက်မဲ့နေဆဲ ဖြစ်၏။ သူမက ဝိညာဥ် မရှိသည့် သက်ရှိအခွံတစ်ခုကဲ့သို့ ဖြစ်နေသည်။

လော့ရွှမ်း၏ ငြိမ်သက်နေမှုက ယွီချန်းရှုကို ဒေါသထွက်လာစေသည်။ သူက ရုတ်ခြည်းဆိုသလို လက်မြှောက်ကာ အနီရောင်လက်ဝါး စည်းတံဆိပ်ကို ပစ်လွှတ်လိုက်၏။

လက်ဝါးစည်းတံဆိပ်က ခုတင်အစွန်းဆီ ကျရောက်လာသည်။

သို့သော် လော့ရွှမ်းက နည်းနည်းလေးမျှ မလှုပ်သလို မျက်တောင်ပင် မခတ်ပေ။ သူမက မလှုပ်မယှက် ကျန်ရှိနေ၏။ သူမ၏ အသက်ရှူနှုန်းနှင့် နှလုံးခုံနှုန်းတို့က အသက်ရှင်နေကြောင်း ဖော်ပြသည့် တစ်ခုတည်းသော လက္ခဏာရပ် ဖြစ်သည်။ မဟုတ်ပါက သူမသည် သေလူတစ်ယောက်နှင့် ဘာမှမကွာခြားပေ။

ယွီချန်းရှုက လက်ကို မြန်မြန်ရုပ်သိမ်းလိုက်ပြီး သူ့အပြုအမူကို ချက်ချင်းနောင်တ ရသွားမိ၏။ နောင်တရစိတ်မှ လွတ်မြောက်လာပြီးသည့်နောက်တွင် သူက တည်ငြိမ်သွားသည်။ သို့သော်လည်း သူက ထပ်မံ ဒေါသထွက်လာဖို့ အချိန်သိပ်မကြာလိုက်ပေ။

သူ့မျက်ဝန်းများက သွေးဆာလာပြီး " လော့ရွှမ်း မင်းက မိုးမြေရဲ့ တားဆီးချက်ကို ချိုးဖောက်ခဲ့တဲ့သူပဲ။ မင်းထပြီးတော့ ဒီပြဿနာကို ဖြေရှင်းရမယ်။ ပြော မဟာလေဟာနယ်က ဘယ်မှာလဲ။ မဟာလေဟာနယ်မျိုးစေ့ကို ဘယ်နေရာမှာ ဝှက်ထားတာလဲ”

အင်မတန် မာနကြီးသည့် ကောင်းကင်သိုင်းပညာခုံရုံး၏ ဂိုဏ်းချုပ်က ယခုအခါ သဘောထားသေးသိမ်သည့် လူတစ်ယောက် ဖြစ်နေလေပြီ။ မည်သူကများ ထိုအရာကို မျှော်လင့်ထားမည်နည်း။

သို့သော် လော့ရွှမ်းက မလှုပ်မယှက် ကျန်ရှိနေဆဲ ဖြစ်၏။

ယွီချန်းရှုက ခေါင်းအသာယမ်းကာ လက်ကို မြှောက်လိုက်ပြီး သူ့အနောက်ဘက်မှ ကျောက်တံခါးကို ဖွင့်လိုက်သည်။

မီးအိမ်ကိုင်ဆောင်ထားသည့် တပည့်တစ်ယောက်က ထိုအခန်းအတွင်း ဝင်ရောက်လာ၏။

တည်ငြိမ်မှု ပြန်ရလာသည့် ယွီချန်းရှုက လက်နောက်ပစ်ကာ ပြောလိုက်သည်။ ” အခု လော့ရွှမ်းရဲ့ အခြေအနေက ဘယ်လိုလဲ "

" ကျွန်တော်တို့တွေ အမျိုးသမီး သမားတော်ကို စစ်ဆေးခိုင်းပြီးသွားပါပြီ။ သူမရဲ့ ဝိညာဥ်က ပြိုကွဲသွားပုံပဲ” တပည့်က ပြန်ဖြေလိုက်၏။

" ဝိညာဥ် ပြိုကွဲသွားတာလား "

" ဝိညာဥ် ပြိုကွဲသွားတဲ့သူတွေက မဆက်သွယ်နိုင်တော့ပါဘူး။ သူတို့က မှတ်ဉာဏ်တို့ အတွေးတို့ မရှိတော့ဘဲနဲ့ တိရစ္ဆာန်ထက်တောင် ဆိုးဝါးကြတယ်။ ပြောရရင် အခုက သက်ရှိအခွံတစ်ခုလို ဖြစ်နေပါပြီ”

ယွီချန်းရှုက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ” သူမကို စောင့်ကြည့်ထား။ ဘာပဲဖြစ်ဖြစ် ကုသပေးရမယ်”

" ဟုတ်ကဲ့ "

ယွီချန်းရှုက အခန်းမှ ထွက်လာပြီးသည့်နောက်တွင် ကျဉ်းမြောင်းမှောင်မည်းသည့် လိုဏ်ခေါင်းကို ဖြတ်လာပြီးသည့်နောက် အနံ့တစ်ထောင်းထောင်း နံနေသည့် မြေအောက်အကျဉ်းထောင်သို့ ရောက်ရှိလာသည်။

" ဟားဟားဟား ရင်းနှီးတဲ့ အနံ့ပဲ။ ခုံရုံးသခင်ကို လွမ်းနေမိတာ”

" ဒီကို လာပါအုံး ခုံရုံးသခင်။ မတွေ့ရတာ နှစ်ရာချီ ကြာနေပြီ။ ခင်ဗျားက ဒီလိုအနံ့ပြင်းနေတုန်းကိုး "

ကောင်းကင်သိုင်းပညာခုံရုံးအောက်တွင် ပါရမီရှင် မည်မျှကို အကျဉ်းချ ပိတ်လှောင်ထားသည်ကို မည်သူကမှ မသိကြပေ။ သူတိုထဲ မိစ္ဆာ၊ အရူးနှင့် ငကြောင်ဟု ခေါ်ဆိုခံရသည့် ပါရမီရှင်များပင် ပါဝင်သည်။

ပုံမှန်အားဖြင့် ယွီချန်းရှုသည် ထိုစကားများကို စိတ်ထဲထားမည် မဟုတ်ပေ။ သို့သော်လည်း ယနေ့တွင် စိတ်အခြေအနေ ဆိုးဝါးနေ၏။ သူက အခန်းအလယ်သို့ ရောက်ရှိသည့်အခါ ရပ်တန့်လိုက်ပြီး မော့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ ” ကြည့်ရတာ ခင်ဗျားတို့တွေ အားလုံးကို နောက်ထပ် သင်ခန်းစာ ပေးရမဲ့ပုံပဲ”

" မ မ မရိုက်ပါနဲ့ ခုံရုံးသခင်။ မဟာလေဟာနယ်မျိုးစေ့ကို လိုချင်တာမလား။ ကျုပ် ပြောပြမယ်။ ကျုပ်ပြောပြမယ်။ ဒီကို လာခဲ့။ ဒီကို လာခဲ့”

ဝုန်း

အမှောင်ထုအတွင်း သံကြိုးသံများက ထွက်ပေါ်လာသည်။ အကျဉ်းသားများကို သံကြိုးဖြင့် ချည်နှောင်ထားသည်မှာ သိသာလှ၏။

ယွီချန်းရှုက လက်မြှောက်ကာ ဘေးဘက်ဆီ အနီရောင်စွမ်းအားများကို ပစ်ခတ်လိုက်သည်။

ဘန်း ဘန်း ဘန်း

သိပ်မကြာခင် အမှောင်ထုအတွင်း ဆိုးဆိုးဝါးဝါး အော်သံများ ထွက်ပေါ်လာသည်။ ထိုအော်သံများကြားတွင် လှောင်ပြောင်သည့် ရယ်သံကိုပင် ကြားနေရ၏။

" ဒါက မင်း တတ်နိုင်တဲ့အရာ အကုန်ပဲ။ ငါတို့ကို လွှတ်ပေးပြီးတော့ မျှမျှတတ တိုက်ခိုက်ရဲလား ငကြောက်။ မင်းအဲ့လို လုပ်ရဲမှာ မဟုတ်ပါဘူး။ မင်းက မဟာလေဟာနယ်ဆီ အဲ့လိုသွားချင်တာလား။ စိတ်ကူးယဥ်နေလိုက်။ လော့ရွှမ်းက ပါရမီရှင်။ မင်းက သူမနဲ့ ဘယ်တော့မှ ယှဥ်လို့ မရဘူး”

ယွီချန်းရှုက အေးစက်စက် ပြန်ပြောလိုက်သည်” ခင်ဗျားတို့တွေကို စိတ်ပျက်စေတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျုပ်က လော့ရွှမ်းရဲ့ အသက်သဘောတရားကို ယူဆောင်လာပြီ”

" မဖြစ်နိုင်ဘူး။ ငါတို့ကို အရူးလုပ်ဖို့ စဥ်းစားမနေနဲ့။ ယွီချန်းရှု မသွားနဲ့ မသွားနဲ့ "

ချွမ် ချွမ် ချွမ်

တစ်ယောက်ယောက်က သံကြိုးများကို ရုန်းကန်နေ၏။

ယွီချန်းရှုက ထိုအရာကို လျစ်လျူရှုကာ အကျဉ်းထောင်မှ ထွက်လာသည်။

...

၃ရက် ကြာမြင့်ပြီးသည့်နောက်တွင် တိတ်ဆိတ်နေသော ကျောက်တောအုပ်၌

၃ရက်တာ အားပြန်ဖြည့်ပြီးသည့်နောက်တွင် ယွီရှန်းရုန်၏ ဒဏ်ရာများက တစ်ဝက် ပျောက်ကင်းသွားပြီဖြစ်၏။ သူ့ကနဦးချီ အများစုကလည်း ပြန်လည်ကောင်းမွန်လာလေပြီ။ သူက မျက်လုံးဖွင့်လိုက်သည့်အခါ ကောင်းကင်အထက် နေမင်းက တောက်ပနေပြီ ဖြစ်၏။ ကံကောင်းစွာဖြင့် အနီးရှိ သစ်ပင်ကြီးများက နေရောင်ကို ကာဆီးပေးထားကြသည်။

ယွီရှန်းရုန်က လှည့်ကြည့်လိုက်သည့်အချိန် အနီးနားတွင် ထိုင်နေသည့် ကျီလျန့်ကို မြင်လိုက်ရသည်။

ကျီလျန့်က မြည်ဟီးလိုက်၏။

ယွီရှန်းရုန်က လက်ကို မြှောက်လိုက်သည့်အချိန် အသက်ရှည်ဓားကျိုးက သူ့လက်ထဲ ပျံသန်းရောက်ရှိလာသည်။

သူ့ထိန်းချုပ်မှု အောက်တွင် ဓားကျိုးက ကျောက်တောအုပ်အတွင်း ပျံသန်းထွက်သွား၏။ ဓားကျိုးက ကျောက်တောအုပ်မှ ထွက်တော့မည့်ဆဲဆဲတွင် ကျောက်တုံးများက စုစည်းလာပြီး ဓားလမ်းကြောင်းကို တားထားသည့် ပိုက်ကွန်သဖွယ် ဖြစ်ပေါ်လာသည်။

ဘန်း ဘန်း ဘန်း

အသက်ရှည်ဓားက ကျောက်တုံးများနှင့် ထိတွေ့ပြီးသည့်နောက်တွင် မြေပြင်ပေါ် ပြုတ်ကျသွား၏။

" ဟမ် " ယွီရှန်းရုန်က ထပ်မံကြိုးစားကြည့်လိုက်သည်။

ဓားကျိုးက ထပ်မံ ပျံသန်းလိုက်သည်။

စွမ်းအင်ဓားများက ထွက်ပေါ်လာ၏။

သူက စွမ်းအင်ဓား ဒါဇင်ချီကို ဓားကျိုးအား အပြင်ဘက်သို့ ပျံသန်းထွက်သွားစေနိုင်ရန် ကူညီပေးဖို့ ဖွဲ့စည်းလိုက်သည်။ ကျောက်တောအုပ်အစွန်းသို့ ရောက်ရှိသည့်အခါ ကျောက်တုံးများ၏ အတားအဆီးက ထပ်မံ ပေါ်ထွက်လာပြန်သည်။

" ငါက ဒီကျောက်တောအုပ်ရဲ့ အစီအရင်ကို ဘယ်လိုဖျက်ဆီးရမှာလဲ "

ယွီရှန်းရုန်က သူ့အသက်ရှည်ဓားကို ပြန်ယူလိုက်ပြီးသည့်နောက်တွင် အစီအရင်သွေးကြော၏ ဗဟိုချက်သို့ ပြန်သွားလိုက်သည်။

အလယ်တွင် ထိုးစိုက်ထားသည့် လုံးဝန်းနေသည့် ကျောက်တုံးတစ်တုံး ရှိသည်။ ထိုအရာပေါ်ရှိ သင်္ကေတများက လူသားလက်ဖြင့် ရေးထွင်းထားမှန်း သိသာလှသည်။

အကယ်၍ ကျန့်ရှောင်ရှန်း ပြောသည်က အမှန်ဖြစ်နေခဲ့လျှင် ထိုအစီအရင်ကို အရင်လူ ဖန်တီးခဲ့ပြီး ယနေ့အထိ ထိန်းသိမ်းထားနိုင်လေရာ ကိစ္စများက ခက်ခဲလာလိမ့်မည်။

ယွီရှန်းရုန်က လက်ဝါးစည်းတံဆိပ်ဖြင့် မြေပြင်ပေါ် ရိုက်လွှတ်လိုက်သည်။

ဘန်း

အစီအရင် သွေးကြောများက စွမ်းအားအနည်းငယ် ထွက်ပေါ်လာစေသည်။

သူက အားသုံးကာ ချိုးဖောက်၍ မရပေ။ သူက နောက်တစ်နည်းကို ရှာဖွေလိုက်သည်။ သူက ကျီလျန့်အပေါ် ခုန်တက်ကာ ကျောက်တောအုပ်ဝန်းကျင်အတွင်း ပျံသန်းလိုက်သည်။

သူက ကျောက်တောအုပ်အစွန်းသို့ ရောက်လာသည့်အချိန်တိုင်း ကျောက်တုံးများက တောက်ပလာကာ သူ့လမ်းကို ကာဆီးထားကြ၏။

ယွီရှန်းရုန်က ကျောက်တိုင်လုံးတိုင်းကို သူ့လက်ဝါးချက်ဖြင့် ရိုက်ခတ်လိုက်သည်။ သို့သော် ကျောက်တောအုပ်က အကောင်းအတိုင်း ကျန်ရှိနေဆဲဖြစ်၏။

ယွီရှန်းရုန်က ထွက်သွားတော့မည့်ဆဲဆဲတွင် ကျောက်တောအုပ်ထံ သားရဲပျံများစွာ ပျံသန်းလာပြီး သူတို့ကိုယ်သူတို့ ပိတ်မိသွားလေသည်။

သူက ထိုကိစ္စကို ကိုင်တွယ်ဖို့ရာ အထဲသို့ ပြန်ပြေးဝင်လာခဲ့၏။ ” အစီအရင်တိုင်းမှာ ချိုးဖောက်လို့ ရတဲ့ အားနည်းချက်ဆိုတာ ရှိတယ်။ ကျောက်တောအုပ်က တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတဲ့ မဟာအစီအရင် ဖြစ်နေတာဆိုတော့ အဲဒီဆက်နွယ်မှုကို ဖြတ်တောက်နိုင်ရင် ငါဒီနေရာက ထွက်သွားနိုင်မှာပဲ”

ကြိုးစားကြည့်ရအောင် ...

ယွီရှန်းရုန်က သူ့ဓားကျိုးကို ထပ်မံ ပစ်လွှတ်လိုက်သည်။

စွမ်းအင်ဓားမော့များက ထွက်ပေါ်လာ၏။ ထိုအရာက နှစ်ပိုင်းခွဲခြားထားကာ ရှစ်ခုအဖြစ် အစားထိုး ပြောင်းလဲသွားသည်။ ဓားကျိုးကို ပစ်လွှတ်လိုက်သည့်အချိန် စွမ်းအင်ကြိုးများက တောက်ပလာပြီး စုဝေးသွားသည်။

ပေါ့ပါးသည့် လှုပ်ရှားမှုဖြင့် စူးရှသည့်မျက်ဝန်းဖြင့် ယွီရှန်းရုန်သည် စွမ်းအင်ကြိုးမျှင်များကို သူ့စွမ်းအင်ဓားများဖြင့် ဝင်စွက်ဖက်နိုင်ခဲ့သည်။

ဘန်း ဘန်း ဘန်း

သူ့စွမ်းအင်ဓားက စွမ်းအင်ကြိုးမျှင်တချို့ကို တားဆီးနိုင်ခဲ့သော်လည်း ကံဆိုးစွာဖြင့် တခြားသော ကျောက်တိုင်လုံးများက ဆက်နွယ်နေဆဲ ဖြစ်သည်။

" ငါက စွမ်းအင်ဓားတွေကို အများကြီး လုပ်ဖို့ လိုတာလား " ယွီရှန်းရုန်က စဥ်းစားလိုက်သည်။ သူက ထိုအရာသည် အရေးပါသည့် အချက်တစ်ခု ဖြစ်ကြောင်း သဘောပေါက်သွား၏။

စုစုပေါင်း တိုင်လုံး ၃၆၁ ခု ရှိပြီး သူတို့ကြားတွင် ဆက်သွယ်ထားသည့် ကြိုးမျှင်တစ်ခုစီ ရှိလေသည်။ အကယ်၍ သူတို့အားလုံးကို တားဆီးလိုပါက သူ့တွင် ကျောက်တိုင်လုံးတစ်ခုချင်းစီအတွက် စွမ်းအင်ဓား ၃၆၀ စီ လိုအပ်လိမ့်မယ်။ သူက ထိုအရာကို မည်သို့ထုတ်ဖော်ရမည်နည်း။

သူက အချိန်အတော်ကြာ စဥ်းစားပြီးသည့်နောက်တွင် သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာပြီး " အရင်လူက ငါ့ကို ဒီနေရာမှာ ကောင်းကင်ဘုံသားတော်ရဲ့ ဓားရေးကို ကျွမ်းကျင်သွားစေချင်တာ ထင်တယ် "

ထိုသို့ဖြင့် သူက ထိုင်ကာ တင်ပျဉ်ခွေလိုက်သည်။

ဓားကျိုးက သူ့ရှေ့တွင် ပျံဝဲနေ၏။

" ကမ္ဘာဦး ပြန်လည်ထိန်းသိမ်းခြင်း "

ရွှေရောင်စွမ်းအင်ဓားများက ပုံပေါ်လာပြီးသည့်နောက်တွင် ကျောက်တိုင်လုံး ၃၆၁ ခုစီ ပြေးဝင်သွားသည်။

စွမ်းအင်ဓားက ပတ်ဝန်းကျင်ဆီ ဒီရေလှိုင်းအလား ထွက်လာသည်။ ကောင်းကင်ပိုက်ကွန် ပေါ်ထွက်လာသည့်အခါ ယွီရှန်းရုန်က ရုတ်ခြည်း ပြေးထွက်လိုက်၏။ သူက လက်နှစ်ဖက်ကို ပူးလိုက်ပြီးနောက် လက်ဖဝါးကြားမှ ကနဦးချီကို ထုတ်လွှင့်လိုက်သည်။

ဝှစ်

…

All Chapters