တွေ့ဖူးမြင်ဖူးနေပါသော
Vol. 10 Ch. 972
ချုပ်ချုယ်မှုများ မရှိတော့သောကြောင့် သတိထားရန် မလိုအပ်ပေ။ ဤသည်မှာ ငွေစန္ဒာပန်းပင်၏ ကြီးထွားရန် တတိယမြောက်အခွင့်အရေးဖြစ်၍ ၄င်းက ဘာမှထိမ်ချန်မထားတော့ပေ။ သုံးရက်အတွင်း ၄င်းသည် ရာဇသံတိမ်လွှာတွင် တစ်လရှိခဲ့သည်ထက် ပို၍ကြီးထွားလာသည်။
ပိုင်ရှောင်ချန်း ဖန်တီးခဲ့သည့် အင်မော်တယ်ဂူတွင် ယခု ငွေစန္ဒာပန်းပင်အကိုင်းအခက်များဖြင့် ပြည့်နှက်နေ၏။ ပန်းပင်၏ ပင်မရိုးတံမှာမူ ၁၂ မီတာ အရပ်ကျော်နေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းက ဖင်မလှည့်သာ ခေါင်းမလှည့်သာဖြစ်၍ ကျဥ်းကျဥ်းကျုတ်ကျုတ် ခံစားလာရပြီး ချောင်းဟန့်၍ မကျေနပ်ချက်အသံပေးခြင်းကြောင့်သာ မဟုတ်လျှင် ငွေစန္ဒာပန်းပင်က ဂူတစ်ဂူလုံး အပိုင်စီးသွားလောက်မည်ဖြစ်သည်။ သို့သော် သူ၏အမျက်ဒေါသများကို အာရုံရပြီးနောက် ၄င်းက သူ အသုံးပြုရန်အတွက် နေရာချန်ထားခဲ့လေသည်။
နောက်ဆုံးတွင် ငွေစန္ဒာပန်းပင်သည် ၅ ကီလိုမီတာနေရာတစ်ခုလုံး ပြည့်သည့်တိုင်အောင် ရေခဲပြင်အပေါ်ပျံ့နှံ့လာတော့သည်။
ပိုင်ရှောင်ချန်းသည် အစကတည်းက ပန်းပင်အပေါ်တွင် ရေခဲသစ်ရွက်ကို ကိုင်းဆက်ထားပြီးဖြစ်သည်။
ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှာ သူ့ကို အနီးကပ်စောင့်ကြည့်နေသည့်မျက်လုံးများစွာရှိခဲ့သည်။ ပဋိညာဥ်ငါးချက်နှင့် ပေါင်းစပ်သွားသောအခါ သူက ကျင့်ကြံအားထုတ်ရန်အတွက်ပင် အလွန်စိုးရိမ်သောကရောက်ခဲ့ရသည်။ သို့သော် ယခု သူက ထာဝရသွေးအား တဖြည်းဖြည်း အားထုတ်နေလေသည်။
နောက်ဆုံးတွင် ချောင်းမြောင်းကြည့်ရှုနေသော မျက်လုံးများမရှိဘဲ ကျင့်ကြံအားထုတ်ရန် အခွင့်အရေးရပြီဖြစ်၍ သူက အိတ်ထဲမှ အရိုးစုနှစ်စုအား ထုတ်လိုက်သည်။ ထိုအရိုးစုများမှာ သရဲမယ်တော်ကြီးသင်္ဘော၏ ကုန်းပတ် မှ သူ ယူလာခဲ့သည့် ဦးခေါင်းခွံကြီးဖြင့် တစ်ပိုင်းတစဆက်စပ်နေသည့်အရာများဖြစ်သည်။
သူ အရိုးစုများကို ပထမဆုံးထိခဲ့စဥ်က ဦးခေါင်းခွံများအတွင်း သူ၏ထာဝရသွေးကို ထကြွသွားစေသည့် စွမ်းအားကြီးသော သက်စောင့်အားတစ်ခုကို အာရုံရခဲ့သည်။
ကံဆိုးစွာပင် သူက စူးစမ်းရန် အချိန်မရှိခဲ့ပေ။ သို့သော် ယခုတွင် သူက ရွှေနှင့်သလင်းကျောက်ခေါင်းခွံများအား အတူတကွ အနီးကပ်လေ့လာရန် အခွင့်ရပြီဖြစ်၍ သုံးသပ်ချက်များရရှိရန် စတင်တော့သည်။
" ငါ ထာဝရသွေးကို အားထုတ်နေတာဆိုတော့ ထာဝရသိုင်းကျင့်ကြံတာ ပြီးခါနီးပြီလို့ပြောရင်ရတယ်။ ကံဆိုးတာက ငါ အသက်ရှည်ကျမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တစ်ခုမှ ရှာမတွေ့ဘူး။ ဒီအရိုးစုတွေက ငါမထင်မှတ်ပဲ တွေ့လိုက်ရတဲ့ သဲလွန်စတွေပဲ"
ထို့နောက် သူက အရိုးစုနှစ်စုအပေါ်သို့ သူ၏လက်များကို လှမ်းတင်လိုက်သည်။
ထိုသို့လုပ်လိုက်သည့်အခိုက်အတန့်တွင် စွမ်းအားကြီးသော သက်စောင့်အားတစ်ခု သူ့ခန္ဓာကိုယ်ထဲ ဝေါခနဲဝင်လာ၏။
သူ တုန်ရီသွားသည်။ ထိုသက်စောင့်အားသည် အပင်နှင့်အသီးအရွက်များမှ ဖော်စပ်ထားသည့် ဆေးလုံးများမှ ရရှိခဲ့သော အမျိုးအစားနှင့် အလွန်ကွဲပြားပေသည်။ အရိုးစုများမှ သက်စောင့်အားသည် သူ၏ထာဝရသွေးအတွက် အံခွင်ဝင်ကျ သင့်တော်ပြီး အမှန်တကယ်ဆိုရလျှင် နည်းနည်းလေးပင် ပြန်လည် သန့်စင်ရန် မလိုအပ်ပေ။ ၄င်းက သူ့ကိုယ်တွင်းရှိ သွေးတစ်စက်ပြီးတစ်စက်အား ထာဝရသွေးစက်များအဖြစ် ချက်ချင်းပြောင်းလဲသွားစေသည်။
ပထမဆုံးသွေးစက် ဖြစ်ပေါ်ရန် အသက်ရှူချိန်အနည်းငယ်သာကြာလိုက်သည်။ ထို့နောက် နောက်တစ်စက်။
" မြန်လိုက်တာ "
သူက စိတ်လှုပ်ရှားမှုများဖြင့်မျက်လုံးများ တောက်ပနေလျက် ရေရွတ်လိုက်သည်။ ယခုတွင် သူသည် အလယ်ပိုင်းနတ်အဆင့်တွင်ဖြစ်၍ သူ၏အတိုက်အခိုက်စွမ်းရည်က ပိုမိုမြင့်မားသောအဆင့်သို့ တိုးတက်လာခဲ့သည်။ သို့သော်လည်း သူ၏ထာဝရသွေးကို မြှင့်တင်လျှင် ပို၍သာ အားကောင်းလာမည်ဖြစ်သည်။
သူက အားသွန်ခွန်စိုက်ကျင့်ကြံနေသည်မှာ တစ်လလုံးလုံး ကုန်ဆုံးသွား၏။
ထိုအတောအတွင်း မည်သူမှ သူ့ကို မနှောင့်ယှက်ကြပေ။ သူသည် သူ၏အချိန်များအားလုံးကို အရိုးစုများမှ သက်စောင့်အားများစုပ်ယူကာ ထာဝရသွေးစက်များ ထပ်မံတည်ဆောက်ရင်း ကုန်ဆုံးစေလိုက်သည်။
မကြာမီ သူသည် စုစုပေါင်းသွေးပမာဏ၏ နှစ်ဆယ်ရာခိုင်နှုန်းကို ထာဝရသွေးအဖြစ် ပြောင်းလဲပြီးသွားလေပြီ။
ထို့ပြင် ၄င်းက ဆက်သွားနေဆဲပင်။
အရိုးစုများထဲက သက်စောင့်အားများမှာ အဆုံးသတ်ရှိသည့် ပုံမရပေ။ ပိုင်ရှောင်ချန်းအတွက် မိုးကြိုးအကျဥ်းထောင်တွင် နေလခင်းကျင်းကောင်းကင်စစ်တလင်း မန္တန်အား ကျင့်ကြံအားထုတ်ခဲ့ရသကဲ့သို့ ခံစားနေရတော့သည်။
" ဒီ အရိုးစုနှစ်စုက ငါ့ထာဝရသွေးကို ပြီးဆုံးတဲ့အထိ တွန်းပို့ပေးမှာလား "
ထိုအတွေးလေးကပင် သူ့ကို စိတ်လှုပ်ရှားမှုများဖြင့် ရွစိရွစိဖြစ်နေစေပြီး ကျင့်ကြံခြင်းအပေါ်တွင် အလွန်အာရုံစိုက်ထားသောကြောင့် ငွေစန္ဒာပန်းပင်ကိုပင် မစစ်ဆေးတော့ပေ။
အထိန်းအကွပ်မဲ့စွာ ကြီးထွားခဲ့သည့်အတောအတွင်း ငွေစန္ဒာပန်းပင်သည် အံမခန်းလိလိ ကျယ်ပြန့်လာခဲ့သည်။ ယခုအခါ ၄င်းသည် မီတာဒါဇင်ပေါင်းများစွာ အမြင့်ရှိပြီး လွင်ပြင်ထက်ဝယ် လွန်စွာ ပေါ်လွင်ထင်ရှားနေတော့သည်။
အမှန်တကယ်ဆိုရလျှင် ငွေစန္ဒာပန်းပင်သေးသေးလေးများအား ရေခဲပြင်ပေါ်ရှိ နေရာအတော်များများတွင် မြင်နိုင်သည်။ ရေခဲလွင်ပြင်မှာ ကီလိုမီတာရာချီရှိသည့် အကျယ်အဝန်း ပြည့်နှက်နေသော ငွေစန္ဒာပန်းပင်အမြစ်များဖြင့် ကျုံ့လာဟန်တူသည်။
ငွေစန္ဒာပန်းပင်သည် အသက်ဝင်နေပုံရသည့်အတွက် လွင်ပြင်တွင် နေထိုင်သော တောရိုင်းသားရဲအများအပြားကို ကြောက်လန့်တကြားထွက်ပြေးသွားစေသည်။
အပင်က အေးစိမ့်ချီများအား ထပ်ကာထပ်ကာစုပ်ယူရင်း ကြီးထွားသည်နှင့်အမျှ ပိုင်ရှောင်ချန်း လုပ်ခိုင်းခဲ့သည်ကို ဘယ်တော့မှ မမေ့ပေ။ ၄င်းသည် အေးစိမ့်ချီများကို သစ်ရွက်ထဲ ဆက်လက်ပို့လွှတ်နေသည့်အတွက် တဖြည်းဖြည်း ပြည့်ဝလာတော့သည်။
ပိုင်ရှောင်ချန်းက ကျင့်ကြံအားထုတ်ခြင်းတွင်သာ အာရုံစိုက်နေသည့် အတောတွင်း နောက်တစ်လလုံးလုံးကုန်ဆုံးသွားပြန်၏။ ထိုအခါမှသာလျှင် အရိုးစုနှစ်စုရှိ သက်စောင့်အားများ ကုန်ခမ်းသည့်လက္ခဏာများ ပြသလာတော့သည်။ သူက ၄င်းတို့အားလုံးအား အကုန်အစင်စုပ်ယူပြီးနောက် မျက်လုံးများဖွင့်လိုက်သည်။
သူက သူ့ခန္ဓာကိုယ်အတွင်းရှိ ကွဲပြားမှုများအား ချက်ချင်း သတိထားမိလိုက်သည်။ သူ့အသွင်က မပြောင်းလဲသည့်ပုံပေါ်သော်လည်း ယခု သူ၏ခန္ဓာကိုယ်အတွင်း၌ အံ့သြစရာကောင်းလောက်အောင် များပြားသော သက်စောင့်အားများ ရှိနေလေပြီ။ သူ၏ပြန်လည်ကုသခြင်းစွမ်းအားများ တိုးတက်လာခဲ့သည်ကိုလည်း အာရုံရလိုက်၏။ သူက ဓားတစ်ချောင်းပင် ထုတ်၍ သူ့ကို ခုတ်ကာ စစ်ဆေးကြည့်လိုက်သည်။
ဒဏ်ရာက ချက်ချင်းပြန်ပိတ်သွားပြီး တခဏကြာသော် အက်ရာပင်မမြင်ရတော့ပေ။
" ထာဝရသွေးရဲ့ အကောင်းဆုံးစွမ်းအားက ပြန်လည်ကုသခြင်းနဲ့ ပတ်သက်တာပဲ "
သူက ပင့်သက်ရှိုက်၍ သူ၏သွေးကို စစ်ဆေးရန် သူ၏အာရုံကို အတွင်းထဲသို့ စူးစိုက်လိုက်ရာ မကြာမီ အရိုးစုများမှ သက်စောင့်အားများ စုပ်ယူနေသည့် နှစ်လအတွင်း သူ့သွေး၏ လေးဆယ်ရာခိုင်နှုန်းက ထာဝရသွေးဖြစ်လာခဲ့ကြောင်း တွေ့လိုက်ရလေသည်။
" မြန်လိုက်တာ "
သူသည် ၎င်းက အမှန်ဖြစ်ကြောင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေပြီး စစ်ဆေးမှုအနည်းငယ်ထပ်လုပ်လိုက်ကာ နောက်ဆုံးတွင် တဟားဟားအော်ဟစ်ရယ်မောလိုက်တော့သည်။
ယခုအခါ အရိုးစုနှစ်စုမှာ ယခင်ကထက်ပို၍ မည်းနက်နေလေပြီ။
“ ဒါပေမဲ့ ငါ သူတို့ကို သုံးရင် သုံးလို့ရဦးမှာ "
သူသည် ၎င်းတို့က ကောင်းမွန်သောကံကြမ္မာများဖြစ်ကြောင်း တွေး၍ ထည့်သိမ်းလိုက်သည်။
ထို့နောက် သူက ထရပ်ပြီး ခြေလက်များကို ခါပြီးနောက် ငွေစန္ဒာပန်းပင်ကို စစ်ဆေးရန် နတ်ဘုရားအာရုံများ ပို့လွှတ်လိုက်လေသည်။
ချက်ချင်းပင် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ တစ်ခါက ရေခဲလွင်ပြင်မှာ ယခုတွင် အနက်ရောင်မြေကြီးများဖြင့် ဖုံးအုပ်နေပြီး တစ်ဝက်ကျော်မှာ ငွေစန္ဒာပန်းပင်အမြစ်များဖြင့် ပြည့်နှက်နေသည်။
မြောက်ပိုင်းဒေသတစ်ခုလုံးနှင့်ယှဥ်လျှင် မပြောပလောက်သော်လည်း ပိုင်ရှောင်ချန်းက ၄င်း၏ကြီးထွားနှုန်းကြောင့် အံ့သြတုန်လှုပ်သွားရဆဲပင်။
လွင်ပြင်ကား ငွေစန္ဒာပန်းပင်များဖြင့် ဖုံးလွှမ်းနေတော့သည်။ ထို့အပြင် ကောင်းကင်ကြီးမှာလည်း ဆန်းသစ်စလခြမ်းအသွင် သဏ္ဍာန်အသွင်ဖြစ်စေလျက် အတူတကွ ကြီးထွားလာခဲ့ကြသည့် ပန်းပင်များဖြင့် ပြည့်နှက်နေလေသည်။
ထိုဆန်းသစ်စလခြမ်း၏ အလယ်ကျကျတွင် ဧရာမပန်းပွင့်ကြီးတစ်ပွင့်။
တခဏတာ တအံ့တသြစိုက်ကြည့်နေပြီးနောက် သူက ရေရွတ်လိုက်သည်။
" ငွေစန္ဒာပန်းလေး… ကလေး ဒါက မင်းလား "
အလွန်မျက်စိဖမ်းစားသော ဧရာမပန်းပွင့်ကြီး၏အပေါ်တွင် ကြည်လင်နေသော သစ်ရွက်တစ်ရွက်ရှိသည်။ ပိုင်ရှောင်ချန်း၏ မေးခွန်းေကြာင့် ပန်းပွင့်မှာ တုန်ရီသွားလျက် သူ့ထံသို့ ရေခဲသစ်ရွက်ကို ပေးပို့လိုက်သည်။
သစ်ရွက်က သူ့အပေါ် ကျလာချိန်မှာပင် ငွေစန္ဒာပန်းပင်၏ စိတ်က သူ့ဆီရောက်လာပြီး စကားပြောလေသည်။ စကားလုံးများဖြင့် မဟုတ်ဘဲ အတွေးများသက်သက်နှင့်သာ ဖြစ်သည်။ ကျေးဇူးတင်ကြောင်းနှင့် သူ့ကို သတိရနေမည်ဖြစ်ကြောင်းများပင်။
၄င်းသည် ဤရေခဲလွင်ပြင်တွင် ဆက်လက် မကြီးထွားနိုင်တော့သည်ဖြစ်၍ ပိုမိုကြီးထွားရန်အတွက် နောက်ထပ်ရေခဲလွင်ပြင်ကို ရွှေ့ခွင့်ပေးရန် ပိုင်ရှောင်ချန်းသဘောတူမည်ကို မျှော်လင့်နေသည်။
ပိုင်ရှောင်ချန်းသည် ယခင်က တိရစ္ဆာန်ငယ်များအား ဆေးလုံးများကျွေးခဲ့၍ ပန်းပင်က အဆင့်တစ်ခုအထိ အသိဉာဏ်ရှိလာခဲ့သည်မှာ အံ့ဩစရာတစ်ခုဟူ၍ မယူဆပေ။
၄င်းမှာ ကောင်းကင်ဘုံအလွန်ကလာသည် အလွန်ထူးခြားဆန်းကြယ်သော ပန်းပင်တစ်ပင်လည်း ဖြစ်နေသည် မဟုတ်ပါလော။
ပန်းပင်က ၄င်းဘာသာ ထွက်သွားရန် တောင်းဆိုချက်အတွက်မူ အစပိုင်းတွင် ပိုင်ရှောင်ချန်းက တွန့်ဆုတ်နေသော်လည်း အဆုံးသတ်တွင် သဘောတူလိုက်၏။ သို့သော် သူက လူများအား အန္တရာယ်မပြုရန် ကြပ်ကြပ်မတ်မတ်ညွှန်ကြားလိုက်သည်။
ငွေစန္ဒာပန်းပင်က သူ၏အဖြေကို ရသောအခါ စိတ်လှုပ်ရှားစွာ တဆတ်ဆတ်တုန်ရီသွား၏။ ထို့နောက် ဧရာမပန်းပွင့်ကြီးက ဒုဓလီသဖွယ်အစေ့များအသွင် ရှုံ့တွသွားပြီး လွင်ပြင်အပြင်ဘက် လွင့်မျောသွားကာ ကြုံရာအရပ်မျက်နှာသို့ ဦးတည်သွားသည်ကို ပိုင်ရှောင်ချန်းက စောင့်ကြည့်နေလိုက်သည်။
မည်သည့်အတွက်ကြောင့်မသိ မရေမတွက်နိုင်သော ဒုဓလီသဖွယ်အစေ့များ ကောင်းကင်တွင် ပြည့်နှက်နေသော မြင်ကွင်းမှာ ယခင်က သူကြုံတွေ့ခဲ့ဖူးသည့်အလား သူ၏စိတ်ထဲ အလွန်ရင်းနှီးနေသည်။
သူ့ဝိညာဥ်၏ အတွင်းပိုင်းတစ်နေရာတွင် သူ၏အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတည်တံ့နေမည့် ထာဝရမှတ်ဉာဏ်တစ်ခုခု အလားပင်။
" ငါ ကလေးတုန်းက ဒီလိုမျိုး မြင်ခဲ့ဖူးတာများလား "
အစေ့များ အဝေးသို့ရောက်သွားစဥ် သူက ခေါင်းကိုခါယမ်းလိုက်သည်။ တခဏကြာသော် မိန်းမပျိုတစ်ယောက်အသွင်ရှိသည့် စူးရှတောက်ပသော အလင်းတန်းတစ်တန်းပေါ်လာလေသည်။
တုလင်ဖေး ပြန်ရောက်လာခဲ့လေပြီ။