အဖြေ
Vol. 10 Ch. 973
အစပိုင်းတွင် ပိုင်ရှောင်ချန်းက အံ့သြသွားသော်လည်း တခဏကြာသော် သူ၏မျက်နှာတွင် အပြုံးတစ်စဖြစ်တည်လာ၏။
" တုတုလေး "
ခပ်ဝေးဝေးမှပင် တုလင်ဖေးသည် ပိုင်ရှောင်ချန်းက ထိခိုက်ဒဏ်ရာမရသည့်အပြင် ခုန်ဆွခုန်ဆွဖြင့် တက်ကြွနေကြောင်း မြင်လိုက်ရသည်။ သူမက တစ်စုံတစ်ခုကြောင့် အတန်ငယ်စိတ်ပျက်နေသည့်အသွင်ဖြင့် သူ့ဆီ ဆင်းသက်လာ၏။
" ရှောင်ချန်း၊ နင် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှာ လုပ်ခဲ့တာကို ငါမယုံ... "
" ရပ် တုတုလေး ။ ဒီမှာတင်ရပ်လိုက်တော့။ နောက်ဆုံးမှာ ပြန်လည်ဆုံစည်းရတဲ့ ပျော်ရွှင်မှုလေးကို ခံစားကြမယ်လေ။ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ခွေးကောင်တွေအကြောင်း အစတောင်မဖော်နဲ့။ အဲဒီလူတွေ ဘယ်လောက် ရွံစရာကောင်းလဲ တုတုလေး မသိပါဘူး "
ထို့နောက် သူက ဂိုဏ်းတွင် သူ သည်းခံခဲ့ရသည့် အရှက်ခွဲခံရမှုများအကြောင်း အသေးစိတ် တိတိကျကျဆက်ပြောလိုက်သည်။
တုလင်ဖေးက သက်ပြင်းချလိုက်လေသည်။ အစပိုင်းတွင် သူမက ဖြစ်ခဲ့သည်များနှင့်ပတ်သက်၍ သူနှင့်စကားပြောရန် ရည်ရွယ်ထားခဲ့သော်လည်း အဆုံးသတ်တွင် သူမမှာ နားသာထောင်နေရတော့သည်။
အမှန်တကယ်ဆိုရလျှင် တုလင်ဖေးသည် သူမ၏ဖခင်အတွက် အရေးကြီးသောတာဝန်ကြောင့် တချိန်လုံး အပြင်ရောက်နေခဲ့ရပြီး ရက်အနည်းငယ်ကြာမှ ဂိုဏ်းသို့ ပြန်ရောက်လာကာ ပိုင်ရှောင်ချန်းကို လာကြည့်ခြင်းဖြစ်သည်။
သူမက ပြန်ရောက်သောအခါ ပိုင်ရှောင်ချန်း၏ပြဿနာရှာနိုင်စွမ်းကို သိထားသည့်တိုင် ဖြစ်ပျက်နေသည့်အခြေအနေများနှင့်ပတ်သက်၍ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
ထို့အပြင် ဂိုဏ်းသားများအားလုံးက သူမကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်ခဲ့ကြသည်။ ထို့ကြောင့် သူမက ပိုင်ရှောင်ချန်းကို ရှာရန်ထွက်ခဲ့ပြီး သူမ၏စာတစ်စောင်ကိုမှ သူက ပြန်စာမပို့ကြောင်းသာ တွေခဲ့ရသည်။
နောက်ဆုံးတွင် သူမက ပိုင်ရှောင်ချန်းလက်ချက်ဖြစ်နိုင်လောက်ကြောင်း သံသယဝင်သွားစေသော သိချင်စရာမြင်ကွင်းတစ်ခုဖြစ်သည့် ရေခဲလွင်ပြင်တစ်ခု အရည်ပျော်နေသည်ကို သတိထားမိလိုက်သည်။
ထိုသည်ကပင် သူတို့ပြန်လည်တွေ့ဆုံစေသော အကြောင်းကိစ္စဖြစ်ပေသည်။
ပိုင်ရှောင်ချန်း မည်မျှလုပ်ဆောင်ခဲ့ရကြောင်း မြင်သောအခါ တုလင်ဖေးမှာ သက်ပြင်းချလိုက်ပြီး ပြော၏။
" အင်းပါ။ အင်းပါ။ ထပ်မပြောတော့ပါဘူး။ ပျော်ပြီလား "
ထို့နောက် သူမက သူ့ဆီလျှောက်လာပြီး သူ၏ ရှုပ်ပွနေသော ဆံပင်များကို သပ်ပေးပြီး ကြေမွနေသော အဝတ်အစားများကို ဖြန့်ပေးလေသည်။
“ ငါ့ တာဝန်တွေ ပြီးခါနီးပေမယ့် လုပ်စရာနည်းနည်းတော့ ကျန်သေးတယ်။ နင် ဒီမှာပဲ ထိုင်နေလို့မရဘူး။ ငါနဲ့အတူ လိုက်ခဲ့ပါလား "
သူမက အလွန်နီးကပ်နေ၍ သူမ၏ကိုယ်သင်းရနံ့လေးကို သူ ချက်ချင်းရလိုက်ရာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်မိတော့သည်။ သူမ၏အသားရေလေးမှာ သန့်ရှင်းဖြူစင်သော နှင်းဖတ်လေးများကဲ့သို့ ဖြူစွတ်နေပြီး သူမ၏မျက်နှာလှလှလေးနှင့် လွန်စွာနီးကပ်နေ၍ သူ ရင်တလှပ်လှပ်ခုန်လာတော့သည်။ သူသည် သူမနှင့်အတူ သွားရမည်ကို ကြိုက်ပါသော်လည်း သူကဲ့သို့ ယောက်ျားစစ်စစ်တစ်ယောက်သည် သူမ၏ ကိုယ်ရံတော် သို့မဟုတ် ထိုကဲ့သို့ ဆင်တူသော လူတစ်ယောက်မဟုတ်ပါဘဲ အမျိုးသမီးတစ်ယောက်နောက် တကောက်ကောက်လိုက်ပါနေခြင်းက မသင့်တော်ကြောင်းလည်း သိသည်။ သူမသာ သူ့ကို ကြိမ်ဖန်များစွာ တောင်းဆိုလျှင်တော့ နောက်ထပ်လက်ခံနိုင်သော အကြောင်းပြချက်ဖြစ်ပေမည်။
သူက မေးကို ပင့်၍ ပြောသည်။
“ ငါ ဒီမှာ အဆင်ပြေတယ်။ မင်းသာ ကိုယ့်အလုပ်ကိုယ် သွားလုပ်လိုက်ပါ "
သူမက အပြုံလေးကို လက်ဖြင့်ကွယ်၍ သူ့ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ ထို့နောက် သူမက ရှေ့တစ်လှမ်းတိုးကာ အနားကပ်လာပြီး သူ၏ပခုံးပေါ်တွင် သူမ၏လက်ကို တင်လိုက်သည်။
" ရှောင်ချန်းရယ်၊ ငါတစ်ယောက်တည်းဆို တကယ့်ကို အရမ်း အထီးကျန်လို့ပါနော်။ လိုက်ခဲ့ပါ။ ဘာလို့ ဒီမှာနေခဲ့မှာလဲ "
ပိုင်ရှောင်ချန်းမှာ လွန်စွာပီတိဖြစ်နေသည့်အပြင် သူမက ယခုကဲ့သို့ သူ့အား ပြောသည်ကိုလည်း အတော်လေးနှစ်ခြိုက်နေတော့သည်။ သို့သော် သူက အဖက်မလုပ်သော အမူအရာကို ဆက်ထိန်းထား၏။
" ငါစဥ်းစားပေးမယ် "
သူမက ဆက်ပြုံးနေပြီး အသံလေးကို အနည်းငယ်နှိမ့်ကာ ပြော၏။
" ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ဖုန်းချန်က နင့်ကို ဘယ်လောက်ကြောက်လဲ စဥ်းစားကြည့်ရင်လေ နင်သာ ငါ့အနားမှာ ရှိနေရင် သူ ငါ့ကို သေချာပေါက် ဒုက္ခလာပေးမှာ မဟုတ်တော့ဘူး။ ဟုတ်တယ်မလား၊ ရှောင်ချန်း "
" အင်းပါ မင်း မှန်ပါတယ် "
သူသည် ယခင်ကထက်ပင် သူ့ကိုယ်သူ ဂုဏ်ယူနေလျက် ပြန်ဖြေသည်။
" အဲဒီ ရောင်းရင်းဖုန်းသာ ငါရှိနေတုန်း ပေါ်လာရင် သူ့ကို ငါသေအောင်ရိုက်ပစ်မယ်။ သူက အပြင်ခန္ဓာကိုယ်ကို ဆုံးရှုံးထားတာဆိုတော့ နတ်ဘုရားဝိညာဥ်အနေနဲ့ပဲ ရှိတော့တာ။ လျှပ်စီးတိမ်တိုက်သခင်နဲ့ တခြားနတ်အဆင့်ကျင့်ကြံသူတွေသာ ငါ့ကို မတားရင် သူ့ကို ငါသေချာပေါက် သတ်ပြီးသွားပြီ "
ထို့နောက် သူက အားပါးတရရယ်မောလိုက်သည်။
" အာ ဘာပဲဖြစ်ဖြစ်။ မင်းက ဒီလိုပြောနေမှတော့ ငါ လိုက်ရမယ်ထင်တယ်။ ဒါမှပဲ မင်း ဘေးကင်းလိမ့်မယ် "
ထိုအချိန်တွင် တုလင်ဖေးမှာ အောင့်မထားနိုင်တော့ဘဲ ရယ်မောလေတော့သည်။
" ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ငါ့ရှောင်ချန်းက အားလုံးထဲမှာ အံ့ဩစရာအကောင်းဆုံးပဲ။ ကောင်းကင်ဧကရာဇ်ရှေ့မှာေတာင် ယောက္ခမလို့ ခေါ်ရဲသေးတာပဲ... "
ပိုင်ရှောင်ချန်းမှာ ရုတ်တရက် အတန်ငယ် အနေရခက်သွားတော့သည်။
" ကဲ နင် ငါ့ကိုယ်ရံတော်ဖြစ်ချင်ရင် "
သူမက ညှို့အားပြင်းသောအကြည့်ဖြင့် သူ့ကို စူးစိုက်ကြည့်ကာ ပြောရင်း လှည့်သွားသည်။
" ဆက်ထိန်းထားတာ ကောင်းမယ်နော်... "
ထိုသည်က ပိုင်ရှောင်ချန်း၏ရင်ခုန်သံအား ပို၍ မြန်ဆန်သွားစေတော့ငည်။ သူသည် စုန့်ကျင်းဝမ်က အားလုံးအထဲ အထူးချွန်ဆုံး မြေခွေးမဖြစ်သည်ဟု အမြဲထင်မှတ်ခဲ့ပါသော်လည်း ယခုတွင် ရိုးသားဖြူစင်သော တုလင်ဖေးကား ပို၍ ဆိုးနေတော့သည်။
" ပြန်လာခဲ့ မိစ္ဆာမလေး "
သူက သူမနောက် အပြေးအလွှားလိုက်ရင်း အော်ပြောလိုက်သည်။
သူတို့နှစ်ယောက်က အဝေးသို့ ဆက်လက်သွားလာေနကြစဥ် ရယ်သံလွင်လွင်များကား ရေခဲပြင်များထက်ဝယ် ပျံ့လွင့်နေတော့သည်။
သူတို့နှစ်ဦးလုံး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆီသို့ ပြန်ရောက်သွားသည့်အလား…။ သူတို့အထက်ရှိ ပြာလဲ့လဲ့ကောင်းကင်ကြီးကား တိမ်ကင်းစက်နေပြီး သူတို့ဘေးပတ်ပတ်လည်တွင် အဆုံးမရှိသော ရေခဲပြင်များ ဝန်းရံနေ၏။ သူတို့သည်သာ ငွေဖြူရောင်ကမ္ဘာကြီးတွင် ခရီးနှင်နေသည့် သက်ရှိများ ဖြစ်ပေသည်။
ရံဖန်ရံခါ သူတို့က ရယ်မောကြပြီး တစ်ခါတရံ လေးနက်သောကိစ္စရေးရာများကို ခပ်တိုးတိုး ပြောကြသည်။ သူတို့က သူတို့၏ ဇာတ်လမ်းများ၊ အတွေ့အကြုံများအကြောင်း ပြောကြသည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းခံစားခဲ့ရသည့် အနေဝေးသော ခံစားချက်များ ပျောက်ကွယ်သွားလေသည်။
တုလင်ဖေးသည် သူ လွန်ခဲ့သောနှစ်ပေါင်းများစွာက မှတ်မိသည့် တုတုလေး တစ်ဖန်ပြန်ဖြစ်သွားလေပြီ။
တစ်လအကြာ သူတို့က ရေခဲလွင်ပြင်အနက်ပိုင်းထဲ ရောက်သောအခါ ပိုင်ရှောင်ချန်းမှာ သူ၏ခေါင်းထဲတွင် အချိန်အတော်ကြာကတည်းက တည်ရှိနေခဲ့သည့် မေးခွန်းတစ်ခုအား မမျိုသိပ်ထားနိုင်တော့ဘဲ မေးလိုက်သည်။
" တုတုလေး… အဖေ မင်းကို လွှတ်လိုက်တဲ့ ဒီတာဝန်က ဘာလဲ "
သူ တည့်တိုးမေးလိုက်သည်ကိုကြည့်ရသည်မှာ ယင်းက မသင့်တော်သော မေးခွန်းဟု နည်းနည်းလေးမှ ခံစားရဟန်မတူပေ။
" နင်သိလား "
တုလင်ဖေးက နားလည်ရခက်သော အပြုံးဖြင့် ပြောသည်။
" နောက်တစ်ခါ နင် သူ့ကို လူကိုယ်တိုင်တွေ့ရင် အဲဒီလို ခေါ်တာ ငါတကယ် မြင်ချင်မိတယ် "
ပိုင်ရှောင်ချန်းမှာ ခြောက်ကပ်ကပ်ရယ်လိုက်တော့သည်။ သူသည် ရင်ဘတ်ကို တဖုန်းဖုန်းထု၍ ထိုသို့တသွေမတိမ်းလုပ်ရဲကြောင်း အလေးအနက်ပြောချင်မိသည်။ သို့သော် သူစုပ်ယူခဲ့သည့် သွေးဆံပင်အကြောင်း တွေးလိုက်သည့်အခါတိုင်း အပြစ်ရှိသလိုခံစားရပြီး မစိုးရိမ်ဘဲ မနေနိုင်ပေ။ သူက လည်ချောင်းရှင်းကာ တုလင်ဖေးက မြောက်ပိုင်းတွင် မည်သည့်အရာလာလုပ်သည်ကို ထပ်မေးလိုက်သည်။
တုလင်ဖေးက မေးခွန်းကို ဖြေရန် တွန့်ဆုတ်သွား၏။ သူမ၏တာဝန်မှာ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး အသေးစိတ် ဆွေးနွေးရန်မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်း၏ သိချင်နေသော အမူအရာက သူမကို စိတ်ပျော့သွားစေ၏။
" ငါ ပြောပြမယ်။ ဒါပေမယ့် ဘယ်သူမှ လျှောက်မပြောဘူးလို့ ကတိပေး... "
သူမက အသံကိုနှိမ့်၍ ဆက်ပြောသည်။
" ငါ့အဖေက ငါ့အစ်မကြီးနဲ့ ဆက်သွယ်နေတဲ့ အရာတွေကို... စုံစမ်းဖို့ လွှတ်လိုက်တာ… "
" မင်းမှာ အစ်မကြီးရှိတယ်လား "
ပိုင်ရှောင်ချန်းက အံ့သြသွားသောအသံဖြင့် ပြောလိုက်သည်။ အမှန်တွင် သူသည် ကလေးမလေးကို ချက်ချင်းတွေးမိလိုက်သည်။
" အင်း " တုလင်ဖေးက ပြောသည်။
" ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ဒီ မြောက်ပိုင်းမှာ မြစ်ဝဂိုဏ်းတစ်ဂိုဏ်းအဖြစ် အမြဲတည်ရှိလာခဲ့တာ မဟုတ်ဘူး။ ဟန်ဇောင်ကျောင်းတော်လို့ခေါ်တဲ့ တခြားဂိုဏ်းရှိခဲ့ဖူးတယ်။ ဟန်ဇောင်ကျောင်းတော်ရဲ့ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးက... ငါ့အဖေရဲ့ ထိပ်ဆုံးတပည့်ဖြစ်ခဲ့တယ်။ ဒါကြောင့် ငါသူ့ကို အစ်မကြီးလို့ခေါ်တာပဲ “
" ဟန်ဇောင်ခေါင်းဆောင်ကြီးက ငါ့အဖေကို သစ္စာဖောက်ပြီး ယုတ်မာတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်။ သူတို့ရဲ့ ဆရာတပည့်ပတ်သက်မှုကြောင့် ငါ့အဖေက သူ့ကို မသတ်ဘဲ ဖမ်းဖို့ကြံခဲ့တယ်။ ဒါပေမဲ့ သူက ယုတ်မာမှုရဲ့ စံနမူနာဖြစ်ခဲ့ပြီး သူ့ကို ဆက်မကောင်းကြံခဲ့တယ်လေ။ နောက်ဆုံးမှာတော့ သူလဲ ခါးခါးသီးသီးနဲ့ သူ့ကို သတ်ရတော့မယ်လို့ သဘောပေါက်လိုက်တာပေါ့... "
အမှန်တွင် ထိုအရာများသည် တုလင်ဖေး ကြားသာကြားဖူးပြီး ကိုယ်တိုင်မြင်ခဲ့ရသော အရာများမဟုတ်ပေ။
" ဒါပေမဲ့ ငါ့အစ်မကြီးက လက်ဖျားခါလောက်တဲ့ ပါရမီအစွမ်းတွေနဲ့ လူတစ်ယောက်လေ။ နှစ်တွေကြာတဲ့နောက် အဖေက မကောင်းတာကြီးတစ်ခုခုဖြစ်လာတော့မယ်လို့ သံသယဝင်လာခဲ့တာ။ အဲဒါကြောင့် ဟန်ဇောင်ကျောင်းတော်ရှိခဲ့ဖူးတဲ့ ဒီနေရာမှာ စေ့စေ့စပ်စပ်စုံစမ်းဖို့ လွှတ်လိုက်တာပဲ...။ သူက အစ်မကြီး တကယ် သေလား၊မသေလား သိချင်နေတာ “
" အမှန်က ငါဒီကိစ္စကို အခုအချိန်အထိ နှစ်ပေါင်းများစွာ စုံစမ်းနေခဲ့ရတာ။ အဲဒါကြောင့် ငါ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ရောက်ခဲ့တယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက.... အစက အရှေ့ပိုင်းကို ထွက်ပြေးလာခဲ့တဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဟန်ဇောင်ကျောင်းတော်ဂိုဏ်းသားတွေ တည်ထောင်ခဲ့တာပဲ "
သူမက မြောက်ပိုင်းသို့ ရောက်နေခြင်းမှာ ကလေးမလေးကြောင့်ဖြစ်သည်ဟု ဆိုသည့်အတွက် ရိုးတွင်းခြင်ဆီတိုင်အောင် တိတ်ဆိတ်စွာ တုန်လှုပ်နေသော ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။
ယခုအခါ သူသည် ကြီးကျယ်မြင့်မြတ်သော ကောင်းကင်ဧကရာဇ်၏ သမီးတော်က မည်သည့်အတွက်ကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ရောက်ခဲ့သည်ကို နားလည်သွားလေပြီ။
" ဒါပေမဲ့ မင်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သွေးသခင်အတွက် နတ်မီးလျှံစမ်းသပ်ပွဲမှာ ဘာလုပ်နေတာလဲ "
သူက လှမ်းကြည့်၍ သူ၏ရင်ထဲတွင် အချိန်အတော်ကြာ မြှုပ်နှံထားခဲ့ရသည့် နောက်ထပ်မေးခွန်းအား မေးလိုက်သည်။
တုလင်ဖေးက အချိန်ကြာမှ ပြန်ဖြေ၏။
" ဘာကြောင့်လဲဆိုတော့...သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း ရဲ့ သွေးဘိုးဘေးကြီးက....အစ်မကြီးရဲ့ တာအိုလက်တွဲဖော်မလို့ပဲ။ ငါထင်တာ မှန်မယ်ဆိုရင် သွေးဘိုးဘေးကြီးက သေသွားပေမယ့် ငါ့အစ်မကြီးက မသေသေးဘူး။ ကြည့်ရသလောက် သူ့ယောက်ျား သေသွားပြီးတဲ့နောက် အဖော်ပြုပေးချင်ပုံပဲ "
သူမ၏စကားလုံးများက ပိုင်ရှောင်ချန်းကို မရေမတွက်နိုင်သော မိုးကြိုးများကဲ့သို့ ထိမှန်သွားတော့သည်။ ရုတ်တရက် အကြောင်းကိစ္စများစွာ ရှင်းလင်းသွားလေပြီ။
မည်သည့်အတွက်ကြောင့် ကောင်းကင်ဧကရာဇ်က သွေးဘိုးဘေးကြီးကို နှစ်ပေါင်းများစွာ ချန်ထားခဲ့သနည်း။
မည်သည့်အတွက်ကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အနက်ပိုင်းထဲတွင် ကလေးမလေးကို ကာကွယ်ပေးထားသော မန္တန်က တုလင်ဖေးထွက်ခွာသွားပြီးနောက် အားနည်းသွားခဲ့ရသနည်း။
ယခုတွင် ထိုမေးခွန်းများအတွက် အဖြေတို့ကို သူသိသွားလေပြီ။
သို့သော် သူ အဖြေမသိသေးဘဲ ယခုအချိန်ထိ မမေးရဲသည် မေးခွန်းကြီးတစ်ခု ရှိသေးသည်.... မည်သည့်အတွက်ကြောင့် ကောင်းကင်ဧကရာဇ်က သူကိုယ်တိုင် လုပ်မည့်အစား သူ့သမီးကို စုံစမ်းခိုင်းရသနည်း။
ကောင်းကင်ဧကရာဇ်၏ ပင်ကိုယ်ကျင့်ကြံခြင်းအခြေခံက အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်ကို ထည့်တွက်လျှင် သူက သူလိုချင်သည့် အချက်အလက်များရရန် ကမ္ဘာကြီးအား အလွယ်တကူ ပြောင်းပြန်လှန်နိုင်သည်။
ထို့ပြင်… ကောင်းကင်ဧကရာဇ်က ကလေးမလေး၏ တည်ရှိမှုကို အမှန်တကယ် သတိမထားမိလေသလား။