← Chapters

အခန်း (၃၃၄-၃၃၆)

Vol. 31 Ch. 334-336

အခန်း (၃၃၄-၃၃၆)

Vol. 31 Ch. 334-336

📝အပိုင်သ - ၃၃၄

ဘာသာပြန် - Na Gar🐉

"ဒီလူက လမ်းဘေးက အနိမ့်တန်းစား လူမိုက်ဘဝကနေ တက်လာတာပဲ"

လီဂုန်းက မထီမဲ့မြင် ပြုလျက် ပြောဆိုသည် "အခု ရာထူးကြီးကြီး ရနေပေမဲ့ အရှက်မရှိတဲ့ စိတ်ဓာတ်ကတော့ ကျန်နေတုန်းပဲ"

"ဒါပေမဲ့ ဒီနေ့ စမ်းသပ်တိုက်ခိုက်မှုအပြီးမှာတော့ အတင်းအဓမ္မ တိုက်ခိုက်လို့ မရဘူးဆိုတာ သူ နားလည်သွားလောက်ပါပြီ"

လျိုဟွမ်းရုံက သူ၏ သံချပ်ကာ ဦးထုပ်ကို ညာဘက်ဂျိုင်းအောက်တွင် ညှပ်ထားရင်း "မင်းသား... ကျွန်တော်တို့ ဆက်ပြီးတော့..."

"သတင်းပို့ပါတယ်"

လက်အောက်ငယ်သား တစ်ဦးက စကားဖြတ်၍ ဝင်လာသည်။

"နန်ရွှီနိုင်ငံက စာ ရောက်လာပါတယ်။ သူတို့ လင်ကျိုးကဇီဝေတောင် ကို ရောက်နေပြီဖြစ်ကြောင်းနဲ့ နောက်ထပ် သုံးရက်ကနေ ငါးရက်အတွင်းမှာ ရှေ့ပြေးတပ်ဖွဲ့တွေ ဟူလောင်တောင်ကြား အပြင်ဘက်ကို ချီတက်နိုင်မှာ ဖြစ်ကြောင်း သတင်းပို့ထားပါတယ်"

"အင်း" လီဂုန်းက ခြေလှမ်းမရပ်ဘဲ လျှောက်ရင်း မေးလိုက်သည်။

"ရှန်လူမျိုးတွေကရော။ သူတို့ ဘယ်လို တပ်ဖြန့်ထားလဲ ကျောက်ထုံ စီရင်စုမှာပဲ စည်းတားပြီး ငါတို့ကို အချိန်ဆွဲ တိုက်ခိုက်ဖို့ ပြင်နေတာလား"

"မဟုတ်ပါဘူး" လက်အောက်ငယ်သားက တင်ပြသည်။

"သူတို့က ဟူလောင်တောင်ကြားကို စောင့်ကြပ်ဖို့ တပ်သား သုံးထောင်ပဲ စေလွှတ်ထားပါတယ်"

"ဟူလောင်တောင်ကြားကို စောင့်ဖို့ တပ်သား သုံးထောင်ပဲ ဟုတ်လား"

ထိုစကားကို ကြားသောအခါ လီဂုန်းက ရုတ်တရက် ခြေလှမ်းရပ်လိုက်သည်။ "မင်း အမှားမရှိတာ သေချာလား။ ဒါမှမဟုတ် ဖန်ထျန်ဖားက အစိမ်းရောင်တောင်တန်းကို မသွားဘဲ ဟူလောင်တောင်ကြားကို သွားလိုက်တာလား"

"လုံးဝ သေချာပါတယ်" လက်အောက်ငယ်သားက ယုံကြည်ချက်ရှိရှိ ပြောဆိုသည်။

"ဒါ့အပြင် သူတို့ဆီမှာ အဆင့်မြင့် ဗိုလ်ချုပ်တွေ ယာယီ လိုအပ်နေလို့ လက်ရှိမှာ ချန်ဆန်းရှီ က ဦးဆောင်နေပြီး ဖန်ချင်းယွမ် နဲ့ ရှာဝမ်လုံ တို့က နောက်က လိုက်ပါလာပါတယ်။ ရက်စွဲတွေကို တွက်ချက်ကြည့်ရင် သူတို့လည်း ဟူလောင်တောင်ကြားကို မကြာခင် ရောက်တော့မှာပါ"

"ဘယ်သူ အဲ့ဒီ ချန်ဆန်းရှီ နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီလား"

လီဂုန်းသည် သူ၏ ပြိုင်ဘက်များကို လျှော့မတွက်ရဲပေ။ သို့သော် သူ မည်မျှပင် စဉ်းစားစေကာမူ မဟာသွေးကြောအဆင့်ရှိတဲ့သူတစ်ဦးက လူသုံးထောင်တည်းဖြင့် တစ်ဖက်က တပ်မတော် တစ်သိန်းနှင့် နက်နဲပုံရိပ်အဆင့်ဗိုလ်ချုပ်လေးဦးကို မည်သို့ တောင့်ခံနိုင်မည်နည်း။

ထပ်ခါတလဲလဲ စဉ်းစားကြည့်သော်လည်း ရှန်လူမျိုးများ၏ ဤတပ်ဖြန့်မှုမှာ အားကိုးရာမဲ့နေသဖြင့် ရရာလူဖြင့် ကောင်းကင်ကို ကန်တော့နေခြင်းသာ ဖြစ်ရမည်။ သူတို့သည် ဘယ်လိုကုန်ကျစရိတ်မျိုးနဲ့မဆို ဇီဝေတောင်ကို ပြန်သိမ်းပိုက်ရန် ဆုံးဖြတ်ထားပုံရသည်။

အစွမ်းကုန် ကြိုးစားခြင်းသည် စွန့်စားခြင်းဖြစ်ပြီး စွန့်စားခြင်းကနေ ကြီးမားသော ပြိုလဲမှုဆီသို့ ဦးတည်သွားနိုင်သည်။

"ရှန်လူမျိုးတွေ တကယ်ပဲ ရူးသွပ်ကုန်ကြပြီ။ သူတို့က အရမ်းကို ထောင်လွှားလွန်းတယ်" လီဂုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ချန်ဆန်းရှီ ဆိုတာက မဟာသွေးကြောအဆင့် အခြေခံပဲ ရှိသေးတာ၊ ရှာဝမ်လုံ ကလည်း နက်နဲပုံရိပ်အဆင့်ပဲ ရှိတယ်၊ ပြီးတော့ မသန်စွမ်းဖြစ်နေတဲ့ ဖန်ချင်းယွမ် က ခြိမ်းခြောက်မှု အနည်းငယ် ရှိကောင်းရှိနိုင်ပေမဲ့ ဒီသုံးယောက်က ဟူလောင်တောင်ကြားကို တောင့်ခံထားမယ်ဆိုတာ တကယ့် ဟာသပဲ"

"လင်ကျိုးမှာရှိတဲ့ ရှုကျိန်း ဆီကို သတင်းပို့လိုက်။ ဟူလောင်တောင်ကြားမှာ တပ်သား သုံးထောင်ပဲ ရှိတယ်လို့ ပြောပြီး ဟူလောင်တောင်ကြားကို အမြန်ဆုံးနဲ့ အပြင်းထန်ဆုံး တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်"

"ဟူလောင်တောင်ကြား မြန်မြန်ကျလေ ငါတို့အတွက် ပိုကောင်းလေပဲ"

"ပြည်နယ် သုံးခုရဲ့ နယ်မြေကို ပြန်သိမ်းတာ တစ်ခုတည်းနဲ့တင် မပြီးသေးဘူး။ မုန်ချူကျိီသေဆုံးသွားတာနဲ့တင် ငါတို့ ရှန်လူမျိုးတွေရဲ့ အရှေ့ဘက် ငါးပြည်နယ်ကို သိမ်းပိုက်ဖို့ အခွင့်အရေး ကိုးဆယ်ရာခိုင်နှုန်း ရှိသွားပြီ။ ထုံထျန်မြစ်ကို မှီခိုနေရတဲ့ ဒီငါးပြည်နယ်ဟာ တကယ့်ကို ရတနာမြေတွေပဲ"

...

လင်ကျိုး။

တပ်မတော် တစ်သိန်းသည် ဇီဝေတောင်ကို ဖြတ်ကျော်ကာ ကျယ်ပြောလှသော လွင်ပြင်ပြင်ကြီးထဲသို့ ဝင်ရောက်လာကြရာ သူတို့၏ အရေအတွက်မှာ မြေပြင်မှ ထွက်ပေါ်လာသော နဂါးကြီးတစ်ကောင်ကဲ့သို့ အဆုံးမရှိအောင် များပြားလှသည်။

ဤမြောက်ပိုင်း စစ်ဆင်ရေးတွင် တပ်မတော်ကို ဦးဆောင်လာသော အဆင့်မြင့် စစ်သေနာပတိ ငါးဦး ရှိသည်။

ထိုငါးဦးမှာ -

စစ်သေနာပတိချုပ်၊ အဋ္ဌမမင်းသား ရှုကျိန်း။

ဒုတိယ စစ်သေနာပတိချုပ်၊ မြို့စား ယိုကျင့်ကျိီ။

ဗိုလ်ချုပ်နှင့် စစ်ဗျူဟာမှူးချုပ် "လင်းရွှမ်" ရန်ကျင်ရွှမ်။

ဗိုလ်ချုပ် ဖုန်ယွင်ဟန်။

နှင့် ၁၄ ယောက်မြောက် မင်းသား၊ ဖန်ကျိုရှောင် တို့ ဖြစ်ကြသည်။

ဗဟိုတပ်မတော်အတွင်းတွင်...

အဆင့်မြင့် အရာရှိ ငါးဦးအနက် သုံးဦးမှာ ယခုအခါတွင် စုဝေးမိနေကြပြီး ရှေ့ဆက်လုပ်ဆောင်မည့် စစ်ရေးကိစ္စများကို ဆွေးနွေးနေကြသည်။

"ဒီမြောက်ပိုင်း စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က လင်ကျိုးရဲ့ မြေဆီလွှာ ကောင်းမွန်တဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့ပဲ"

"ဒါပေါ့... ရှန်လူမျိုးတွေရဲ့ အရှေ့ဘက် ငါးပြည်နယ်လုံးကို သိမ်းနိုင်

ရင်တော့ အကောင်းဆုံးပေါ့။ ရှန်လူမျိုးတွေက အကောင်းဆုံး ပြည်နယ် ၃၆ ခုကို နှစ်ပေါင်း သုံးရာကျော်ကြာ သိမ်းပိုက်ထားခဲ့တာ၊ အခုတော့ အချို့ကို ပြန်ထုတ်ပေးရမယ့် အချိန်ရောက်ပြီ"

"..."

"ရှန်လူမျိုးတွေပဲဖြစ်ဖြစ်၊ ချင်နိုင်ငံပဲဖြစ်ဖြစ်"

ရွှေရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဖန်ရှုကျိန်း က ပြောလိုက်

သည်"ဘယ်သူက ငါတို့ကို ပိုပြီး အကျိုးအမြတ် ပေးနိုင်မလဲ၊ အဲ့ဒီလူကို ငါတို့ ကူညီမယ်။ ချင်နိုင်ငံအတွက် ငါတို့ အသက်ပေးမယ်လို့တော့ လုံးဝ မတွေးနဲ့။ ဒါပေမဲ့ လက်ရှိမှာတော့ ချင်နိုင်ငံကို ထောက်ခံပေးတာက ငါတို့အတွက် အကျိုးအမြတ် အများဆုံးပဲ၊ အထူးသဖြင့် ဆွန်ဒူရှန်ပျောက်ကွယ်သွားပြီဆိုတော့ ဒါဟာ ငါတို့အတွက် အခွင့်အရေးကောင်းပဲ"

"မှန်ပါတယ် မင်းသားရှစ်"

ဒုတိယ စစ်သေနာပတိချုပ် ယိုကျင့်ကျိီက မြေပုံကို ကြည့်ကာ ဆိုသည်။ "ဒါပေမဲ့ ရှန်လူမျိုးတွေ တပ်ဆုတ်သွားပြီလားဆိုတာတော့ ငါတို့ မသိရသေးဘူး။ ဆက်တိုက်နေရင် သူတို့အတွက် ဘာမှ အကျိုးမရှိဘူးလေ"

"သူတို့ တပ်ဆုတ်သွားရင်တောင် ချင်နိုင်ငံက ငါတို့အတွက် လင်ကျိုးကို ပေးကိုပေးရမယ်။ ငါတို့ရဲ့ တပ်မတော် တစ်သိန်းက အလကား သက်သက် ချီတက်လာတာမှ မဟုတ်တာ"

တပ်မတော် တစ်သိန်း၏ စစ်ဗျူဟာမှူးဖြစ်သူ ရန်ကျင်ရွှမ် က သူ၏ အစီအစဉ်ကို ရှင်းပြလိုက်သည်။ "မင်းသားရှစ်၊ မြို့စားယို... ကျွန်တော် စီစဉ်ထားပြီးသားပါ။ ဘာပဲဖြစ်ဖြစ် လင်ကျိုးကို ငါတို့ သာသာယာယာသိမ်းပိုက်နိုင်ပါတယ်။ ကျွန်တော် ခွဲခြမ်းစိတ်ဖြာထားတဲ့ အခြေအနေ နှစ်ရပ်ကို ကြည့်ပါ..."

ရွှီ..

သူတို့ ဆွေးနွေးနေစဉ်မှာပင် သိမ်းငှက်တစ်ကောင် ဆင်းသက်လာပြီး နောက်ဆုံးရ သတင်းကို ယူဆောင်လာသည်။

"ဘာ"

"ရှန်လူမျိုးတွေ ရူးနေတာလား"

"ဟူလောင်ကို လူသုံးထောင်တည်းနဲ့ ကာကွယ်မယ် ဟုတ်လား။ ငါတို့ကို ဒီလောက်တောင် အထင်သေးတာလား"

"..."

"ချန်ဆန်းရှီ က ဦးဆောင်ပြီး ဖန်ချင်းယွမ် က ဒုတိယလား။ စိတ်ဝင်စားစရာပဲ"

ဖန်ရှုကျိန်း က စာကို ချလိုက်သည် "မင်းတို့ နှစ်ယောက် ဘယ်လို မြင်လဲ"

ရန်ကျင်ရွှမ် က တည်ငြိမ်စွာ မှတ်ချက်ပေးသည် "ဖန်ချင်းယွမ် အကြောင်းကတော့ အများကြီး ပြောနေစရာ မလိုပါဘူး၊ သူက ငါတို့ရဲ့ အသိဟောင်းပဲ။ ဒါပေမဲ့ ဒီ ချန်ဆန်းရှီ ဆိုတဲ့လူက နှစ်နှစ်သုံးနှစ်အတွင်းမှာ တစ်ခုပြီးတစ်ခု အံ့အားသင့်စရာ တိုက်ပွဲတွေကို ဖော်ဆောင်ခဲ့တယ်။ အရင်က ဟုန်ကျဲမြစ်ကို ဖြတ်ကျော်ခဲ့တာတွေကို ပြောနေစရာတောင် မလိုတော့ဘူး။

"ဟုန်ကျဲတိုက်ပွဲမှာလည်း သူ မထင်မှတ်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့သလို၊ အခုလည်း အရှေ့ဘက်ကို အမြန် ရောက်လာပြီး 'ဝတ်စုံဖြူကို မြင်တာနဲ့ ထောင်နဲ့ချီ ထွက်ပြေးရတယ်' ဆိုတဲ့ အောင်မြင်မှုကို ရယူခဲ့ပြန်ပြီ။ တစ်နှစ်အတွင်းမှာ သူဖန်တီးခဲ့တဲ့ အခြေအနေတွေက တခြားလူတွေ ရာစုနှစ်တစ်ခုစာ ကြိုးစားတာထက်တောင် ပိုများနေသေးတယ်။

"ဒါပေမဲ့..."

"ရှန်လူမျိုးတွေ ဘာကို စဉ်းစားနေတာလဲ။ ချန်ဆန်းရှီ ရဲ့ ဗျူဟာတွေက ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ သူက မဟာသွေးကြောအဆင့်ပဲ ရှိသေးပြီး တပ်သား သုံးထောင်ပဲ အမိန့်ပေးနိုင်တာ။"

"သူ့ကို ဟူလောင်မှာ ခံစစ်ကစားဖို့ ထားခဲ့တာက သူ့ကို အသေခံခိုင်းတာနဲ့ မတူဘူးလား"

"အင်း... ငါလည်း ဒါကို ထူးဆန်းတယ်လို့ ထင်တယ်"

ဖန်ရှုကျိန်း က မြေပုံပေါ်တွင် လက်ချောင်းဖြင့် ချက်ကျကျ ခေါက်လိုက်

သည် "ရှန်ဧကရာဇ်က ဇီဝေတောင်ကို အဲ့ဒီလောက်တောင် မရရအောင် လိုချင်နေတာလား"

"နားလည်ပေးလို့ ရပါတယ်"

ယိုကျင့်ကျိီ က ပြန်လည် အမှတ်ရရင်း ဆိုသည် "ဇီဝေတောင် ဆိုတာ ရှန်

မင်းဆက်ကို တည်ထောင်ခဲ့တဲ့ မဟာဘိုးဘေးနန်းတက်ခဲ့တဲ့ နေရာလေ။ မင်ရှုယန် ရဲ့ စော်ကားမှုကို သူတို့ မမေ့နိုင်ကြသေးဘူး။ ဧကရာဇ် အဆက်ဆက်ကသူတို့ရဲ့ အောင်မြင်မှုကို သက်သေပြဖို့ ဇီဝေတောင်ကို ပြန်သိမ်းဖို့ ကြိုးစားခဲ့ကြတာပဲ"

"အဲ့ဒါတော့ မဟုတ်လောက်ဘူး"

ရန်ကျင်ရွှမ် က မျက်လုံးကို ကျဉ်းလိုက်ပြီး "မင်းတို့ တစ်ခုခုကို မေ့နေတာလား။ လုံချင်ဧကရာဇ်က မသေမျိုးလမ်းစဉ်ကို လိုက်စားနေတာ၊ ပြီးတော့ မဟာဘိုးဘေး ချောင်ရှဲ့နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ အများကြီး ရှိတယ်။ ချောင်မိသားစုရဲ့ ရတနာ တစ်ခုခု ဇီဝေတောင်ပေါ်မှာ ကျန်နေသေးတာမျိုး ဖြစ်နိုင်မလား"

"မင်းပြောမှပဲ ဖြစ်နိုင်ခြေ ရှိလာတယ်၊ ဒါပေမဲ့..."

ယိုကျင့်ကျိ က ဆိုသည် "ဇီဝေတောင်က ချင်နိုင်ငံ လက်ထဲမှာ ရှိနေတာ နှစ်ပေါင်း တစ်ရာကျော်နေပြီ။ ရတနာသာ ရှိရင် သူတို့ သိမ်းသွားတာ ကြာလှပေါ့"

"အဲ့ဒီမှာ မင်း မှားနေတာ"

ရန်ကျင်ရွှမ် က ပြောလိုက်သည် "ရှန်ဧကရာဇ်က ဇီဝေတောင်ကို ပြန်သိမ်းဖို့ ဒီလောက် အသည်းအသန် ဖြစ်နေတာကို ကြည့်ရင် အဲ့ဒီပစ္စည်းက အဲ့ဒီမှာ ရှိနေသေးတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ငါ အများကြီး တွေးနေတာလည်း ဖြစ်နိုင်တယ်၊ သူက ကြီးမြတ်တဲ့ ခေါင်းဆောင်ကောင်းဆိုတဲ့ နာမည်ကောင်းကို လိုချင်တာပဲ ဖြစ်မှာပါ"

"ဒါကတော့ ရှင်းပါတယ်"

ဖန်ရှုကျိန်း က အမိန့်ထုတ်ပြန်လိုက်သည် "နောက်တန်းမှာရှိတဲ့ ဖုန်ယွင်ဟန် ဆီကို သတင်းပို့လိုက်၊ ဇီဝေတောင်ကို ရှာခိုင်းလိုက်ပါ။ တစ်ခုခု တွေ့ရင်တော့ အကောင်းဆုံးပေါ့၊ မတွေ့လည်း ဘာမှ မဖြစ်ဘူး။"

"အခြေအနေကတော့ ရှင်းသွားပြီ။ ဗျူဟာမှူး ရန်... ခင်ဗျားရဲ့ တပ်ဖြန့်မှုတွေကို စတင်လိုက်တော့"

"ကောင်းပါပြီ"

'လင်းရွှမ်' ဟု အမည်ကျော်သော ရန်ကျင်ရွှမ် က လက်ကို ဝေ့ယမ်းလိုက်ပြီး -

"ဗိုလ်ချုပ်ဖုန် က ဇီဝေတောင်မှာ နောက်တန်းကနေ ရတနာကို ရှာရင်း နောက်တန်းကိုလည်း တည်ငြိမ်အောင် လုပ်ရမယ်။

"မြို့စားယို ကတော့ တပ်ဖွဲ့တစ်ခုကို ဦးဆောင်ပြီး လင်ကျိုးရဲ့ အဓိက မြို့တွေကို ထိန်းချုပ်ထားရမယ်။ ဘာပဲဖြစ်ဖြစ် လင်ကျိုးကို ငါတို့ သိမ်းရမယ်၊ ချင်လူမျိုးတွေကို လုံးဝ ပြန်မပေးရဘူး။

"မင်းသားရှစ် ကတော့ လောလောဆယ် ဗဟိုတပ်မတော်ကို ဦးဆောင်ထားပါ။"

"ပြီးတော့ ရှေ့ပြေးတပ်ဖွဲ့က စီဆိုတဲ့ လူဆီကို အမိန့်ပို့လိုက်၊ ဟူလောင် ရဲ့ အပြင်ဘက် မိုင် ၅၀ မှာ စခန်းချဖို့။"

"အားလုံး အသင့်ဖြစ်တာနဲ့..."

"ငါတို့ရဲ့ တာ့ရွှီတပ်မတော်ကြီး၊ တပ်သား တစ်သိန်းဟာ ဟူလောင်ဆီကို တိုက်ရိုက် ချီတက်မယ်"

📝အပိုင်း - ၃၃၅

ဘာသာပြန် - Na Gar🐉

ဟူလောင်တောင်ကြားသည်လောကတွင် အန္တရာယ်အရှိဆုံးသော တောင်ကြားလမ်းများထဲမှ တစ်ခုဖြစ်ပြီး တောင်ထိပ်နှစ်ခုကြားတွင် တည်ရှိသည်။ ထိုနေရာမှကြည့်လျှင် ရှေ့ဘက်ရှိ လင်ကျိုးလွင်ပြင် ကို လှမ်းမျှော်ကြည့်နိုင်သလို နောက်ဘက်ရှိ လိုင်ပြည်နယ်မြေနိမ့်ပိုင်းဒေသကိုလည်း စီးနင်းတိုက်ခိုက်နိုင်သည်။ ငြိမ်းချမ်းရေးကာလတွင် ဤနေရာမှာ အသုံးမဝင်သော်လည်း စစ်ပွဲဖြစ်ပွားချိန်တွင်မူ စစ်ဗျူဟာမှူးများအတွက် မဖြစ်မနေ သိမ်းပိုက်ရမည့် အချက်အချာနေရာ ဖြစ်လာသည်။

၎င်းသည် မြေမျက်နှာသွင်ပြင် ကြမ်းတမ်းရုံတင်မကပေ။

ပို၍အရေးကြီးသည်မှာ ဟူလောင်တောင်ကြားသည် ကျားနန်မြစ် ကို ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။ ထိုမြစ်သည် လိုင်ပြည်နယ်၏ တစ်ဝက်ခန့်ကို ဖြတ်သန်းစီးဆင်းပြီးနောက် ထုံထျန်မြစ်နှင့် တိုက်ရိုက်ဆက်သွယ်နေသဖြင့် သယ်ယူပို့ဆောင်ရေးအတွက် အလွန်အရေးပါသော ရေလမ်းကြောင်း ဖြစ်သည်။

စစ်တိုက်ရာတွင် အရေးအကြီးဆုံးအချက်မှာ ရိက္ခာနှင့် မြက်ခြောက် (မြင်းစာ) ထောက်ပံ့မှု ဖြစ်သည်။

ကုန်းလမ်းမှ သယ်ယူပါက လမ်းခရီးတွင် ဆုံးရှုံးမှုများပြားသဖြင့် ဆယ်ပုံတစ်ပုံပင် ရောက်ရှိရန် ခဲယဉ်းသော်လည်း ရေလမ်းကြောင်းရှိပါက သယ်ယူပို့ဆောင်ရေး ထိရောက်မှုမှာ အများကြီး တိုးတက်လာနိုင်သည်။ ထို့ကြောင့် ဟူလောင်တောင်ကြားကို ကာကွယ်ရန်မှာ အလွန်အရေးကြီးသည်။ အကယ်၍သာ ၎င်းကို ဆုံးရှုံးလိုက်ရပါက ကျားနန်မြစ်မှတစ်ဆင့် လိုင်ပြည်နယ်အတွင်းသို့ ရိက္ခာများ အဆက်မပြတ် ဝင်ရောက်လာနိုင်ပြီး စစ်ပွဲသည် နှစ်နှစ် သို့မဟုတ် ထိုထက်မက ကြာရှည်သွားနိုင်သည်။ တစ်ဖက်တွင်မူ ဟူလောင်တောင်ကြားကို နောက်ထပ် ရက်ပေါင်းတစ်ရာခန့် ကြာအောင် ကာကွယ်နိုင်ပါက ယုံလဲ့စီရင်စု ရှိ ရိက္ခာများ ပြတ်လပ်သွားမည်ဖြစ်ကာ စစ်ပွဲမှာ လအနည်းငယ်အတွင်း ပြီးဆုံးသွားနိုင်သည်။

"ဟူလောင်တောင်ကြား... ငါတို့ ရောက်ပြီ"

အဝေးတစ်နေရာ ဆယ်မိုင်ခန့်အကွာတွင် မြင့်မားလှသော မြို့ရိုးကြီးသည် ကြမ်းတမ်းသော မြေပြင်ပေါ်၌ တည်ရှိနေသည်။ ဘေးချင်းကပ်လျက် တောင်ထိပ်များမှာ မိစ္ဆာနှိမ်နင်းရေး တိုင်လုံးကြီးများနှင့် တူညီနေပြီး တောင်ကြားလမ်းမှာမူ မိစ္ဆာကျားတစ်ကောင်ကို ဖိနှိပ်ထားသည့်အလား ထင်မှတ်ရသည်။

"သတင်းပို့ပါတယ်"

"ကျွန်တော်မျိုးက ဟူလောင်တောင်ကြား ခံစစ်မှူး ဒုတိယဗိုလ်ချုပ် လျန်ပီ ပါ"

ဒုတိယဗိုလ်ချုပ်တစ်ဦးက သူတို့အား လာရောက်ကြိုဆိုသည်။

"လျန်ပီ" ချန်ဆန်းရှီက မေးမြန်းလိုက်သည်။ "ဟူလောင်တောင်ကြားရဲ့ လက်ရှိအခြေအနေကို ပြောပြစမ်း"

"တပ်အင်အား သုံးရာအောက်ပဲ ရှိပါတော့တယ်၊ ရိက္ခာလည်း မလုံလောက်ပါဘူး" လျန်ပီသည် အနက်ရောင်သံချပ်ကာတပ်ဖွဲ့၏ သန်မာထွားကျိုင်းသော မြင်းများကို ကြည့်ကာ စိုးရိမ်တကြီး ပြောရှာသည်။

"အထူးသဖြင့် စစ်မြင်းတွေ အများကြီးပါလာတော့ နေ့စဉ်စားသုံးမယ့် မြက်ခြောက်အရေအတွက်က တုန်လှုပ်စရာပါပဲ"

ဖန်ချင်းယွမ်က "ရိက္ခာတွေခွဲဝေဖို့ ဘယ်လောက်ကြာမလဲ" ဟု မေးသည်။

"အနီးနားက စီရင်စုရှစ်ခုမှာ ရိက္ခာပြတ်နေတာ ကြာပါပြီ။ ထုံထျန်မြစ် ဆိပ်ကမ်းကနေ သယ်ယူရမှာဖြစ်ပြီး အားလုံးတွက်ချက်ကြည့်ရင် ရက်ပေါင်းတစ်ရာလောက် ကြာပါလိမ့်မယ်" လျန်ပီက လက်သီးဆုပ် ဂါရဝပြုရင်း ဆက်ပြောသည်။ "ဒါ့အပြင် ဟူလောင်တောင်ကြားမှာ သစ္စာဖောက်တစ်ယောက် ရှိခဲ့ပါတယ်။ နန်ရွှီနိုင်ငံဆီက အကျိုးအမြတ်ယူပြီး သတင်းပေးနေတဲ့ တပ်ကြပ်တစ်ယောက်ပါ။ သူ့ကို သတ်ပြီး ခေါင်းကို မြို့ရိုးပေါ်မှာ ချိတ်ထားပါတယ်"

"နားလည်ပြီ" ချန်ဆန်းရှီက အမိန့်ပေးလိုက်သည်။

"အခုကစပြီး မင်းနဲ့ မင်းရဲ့လူတွေ ဟူလောင်တောင်ကြားက ထွက်ပြီး ရိက္ခာထောက်ပံ့ရေးကိစ္စတွေကိုပဲ ကိုင်တွယ်ပါ။ တောင်ကြားအတွင်း ခံစစ်တာဝန်အားလုံးကို ငါ တာဝန်ယူမယ်"

"အမိန့်အတိုင်းပါ" လျန်ပီ ထွက်ခွာသွားတော့သည်။

ဟူလောင်တောင်ကြားအတွင်း ဝင်ရောက်ပြီးနောက် ချန်ဆန်းရှီက ညွှန်

ကြားလိုက်သည်။ "ကျောက်ကန်... မင်း မြင်းစီးတပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး တောင်ကြားအပြင်ဘက်မှာ ကင်းထောက်ပါ။ ရန်သူ့ရှေ့ပြေးတပ်ရဲ့ ဗိုလ်ချုပ်တွေနဲ့ တပ်အင်အားကို စုံစမ်းပြီး ပြန်သတင်းပို့"

"မှန်လှပါ"

...

ယုံလဲ့စီရင်စု။

"သတင်းပို့ပါတယ်"

"မင်းသား"

"သတင်းဆိုးပါ"

"..."

သန်းခေါင်ယံအချိန်။

ကုလားထိုင်ပေါ်တွင် အနားယူနေသော လီဂုန်းသည် လက်အောက်ငယ်သား၏ အလောတကြီး အသံကြောင့် နိုးလာပြီး မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကာ "ပြောစမ်း" ဟု ဆိုလိုက်သည်။

"နန်ရွှီပါ" လက်အောက်ငယ်သားက တင်ပြသည်။

"နန်ရွှီက လူမိုက်တွေက လင်ကျိုးထဲ ဝင်လာပြီးနောက် ဟူလောင်တောင်ကြားကို ချက်ချင်း မတိုက်ပါဘူး။ သူတို့ထဲက အချို့က ဇီဝေတောင်ကို သွားကြပြီး အချို့ကတော့ လင်ကျိုးရဲ့ အချက်အချာကျတဲ့ နေရာတွေကို ထိန်းချုပ်ပြီး ခုခံဖို့ ကြိုးစားတဲ့ အရာရှိမှန်သမျှကို သတ်ပစ်နေကြပါတယ်"

"အရှက်မရှိလိုက်တာ" ဒုတိယဗိုလ်ချုပ် လျိုဟွမ်းရုံက ကျိန်ဆဲလိုက်သည်။ "သူတို့က မဟာမိတ်လုပ်ဖို့ လာတာလား"

"တည်ငြိမ်စမ်း" လီဂုန်းက လှောင်ပြောင်သလို ပြုံးလိုက်သည်။

"သူတို့ကို ငါတို့ ဖိတ်ခေါ်လိုက်ကတည်းက လင်ကျိုးကို ပြန်မရတော့ဘူးဆိုတာ သေချာနေပြီ။ ရှုကျိန်းဆီ စာရေးလိုက်၊ လင်ကျိုးကို သူ ယူနိုင်တယ်လို့ ပြောလိုက်၊ ဒါပေမဲ့ ဟူလောင်ကို အမြန်သိမ်းဖို့ သတိပေးလိုက်။ ငါတို့က ပြည်နယ်တစ်ခုတည်းကိုပဲ အာရုံစိုက်နေလို့ မဖြစ်ဘူး"

"မင်းသား" လျိုဟွမ်းရုံက တိုးတိုးလေး ပြောသည်။

"တခြား ထူးဆန်းတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"

လီဂုန်းက သူ့ကို တစ်ချက်ကြည့်ကာ "ဇီဝေတောင်အကြောင်း ပြောမလို့ မဟုတ်လား" ဟု ဆိုသည်။

"ဟုတ်ပါတယ်" လျိုဟွမ်းရုံက ခွဲခြမ်းစိတ်ဖြာပြသည်။

"ရှန်လူမျိုးတွေက ဒီလောက်အန္တရာယ်များတာကို လုပ်နေတာဟာ ပုံမှန်မဟုတ်သလို ခံစားရတယ်"

"ဇီဝေတောင်" လီဂုန်းက တွေးတောနေသည်။

"ဒါဟာ ငါတို့ ချင်နိုင်ငံလက်ထဲမှာ ရှိနေတာ နှစ်ပေါင်းတစ်ရာ ရှိပြီ။ အရင် ဧကရာဇ်တွေ ရှာဖွေခဲ့ကြပေမဲ့ ထူးခြားတာ ဘာမှ မတွေ့ခဲ့ဘူး။ ဘာမှ မရှိတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ချောင်မိသားစုပဲ ရှာတွေ့နိုင်တာပဲ ဖြစ်ဖြစ်ပေါ့"

"မသေမျိုးလမ်းစဉ်နဲ့ ပတ်သက်နေတာလား" လျိုဟွမ်းရုံက ဆိုသည်။

"လုံချင်ဧကရာဇ်က တကယ့် မသေမျိုးတစ်ယောက်လို့ ပြောကြတယ်"

"သူက မသေမျိုးဆိုရင် ငါတို့ဧကရာဇ်ကရော မသေမျိုး မဟုတ်ဘူးလား" လီဂုန်းက ခနဲ့သလို ပြောလိုက်သည် "မင်း ဘယ်လို ထင်လဲ။ ငါတို့ မြို့တော်က အဲ့ဒီမိန်းမက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အရင်ဧကရာဇ်ရဲ့ မျက်စိအောက်မှာတင် အရာရှိအများစုကို သူ့ဘက်ပါအောင် သိမ်းသွင်းနိုင်ခဲ့တယ်။ အာဏာသိမ်းပြီးနောက်မှာလည်း အခြေအနေကို အမြန် တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။ ဒါတွေက နိုင်ငံရေးသက်သက်နဲ့ပဲ လုပ်နိုင်ခဲ့တယ်လို့ မင်း တကယ် ထင်နေတာလား"

"ဒါကတော့..." လျိုဟွမ်းရုံမှာ တုန်လှုပ်သွားသည်။

"မင်းသား... ကျွန်တော်မျိုး ဒါကို လုံးဝ မသိခဲ့ပါဘူး"

"လောကကြီးက ပြောင်းလဲသွားပြီ"

လီဂုန်းက နက်နဲသော အကြည့်ဖြင့် ပြောသည် "မဟာဘိုးဘေး ချောင်ရှဲ့ ရဲ့ ပုံပြင်တွေက အမှန်တွေပဲ။ သူ သံချပ်ကာဝတ် စစ်သည် နှစ်ထောင်ကျော်ကို အနိုင်တိုက်နိုင်ခဲ့တာဟာ သူက သာမန် စစ်သည်တော်တစ်ယောက် မဟုတ်လို့ပဲ။ ရာစုနှစ်တွေ ကုန်လွန်သွားပြီးနောက်မှာ အဲ့ဒီလိုမျိုးတွေ ထပ်ပေါ်လာဖို့ ရှိတယ်။ မသေမျိုးတွေနဲ့ မသေမျိုးခြေရာတွေ ဆက်တိုက် ပေါ်လာဦးမှာပဲ၊ ငါတို့တွေကသာ အမြင်ကျဉ်းနေကြတာ"

"အဲ့ဒီလိုဆိုရင်..."

လျိုဟွမ်းရုံက ဆိုသည် "နန်ရွှီမှာလည်း မသေမျိုးခြေရာ ရှိနေမှာပဲ။ ဇီဝေတောင်ကို သူတို့ကို တကယ်ပဲ ပေးလိုက်တော့မှာလား"

"ဒါက ဧကရီ စဉ်းစားရမယ့် ကိစ္စပဲ၊ ငါတို့နဲ့ မဆိုင်ဘူး"

လီဂုန်းက လေးနက်စွာ ဖြင့် "ငါတို့ရဲ့ တစ်ခုတည်းသော တာဝန်က ဒီတိုက်ပွဲကို ကောင်းကောင်း တိုက်ဖို့ပဲ။ ဒါနဲ့ ချန်ဆန်းရှီ ရဲ့ မိသားစုအကြောင်း သတင်းကို ထပ်စစ်ပြီးပြီလား"

"နတ်လင်းယုန်ကို သုံးပြီး ရှန်နယ်မြေထဲက သူလျှိုတွေကို အားစိုက်ခိုင်းလိုက်လို့ အသေးစိတ် မှတ်တမ်းကို ရခဲ့ပါပြီ။ ဒီနေ့ တိုက်ပွဲတွေ ပြင်းထန်နေလို့ မေ့နေတာပါ" လျိုဟွမ်းရုံက နဖူးကို ရိုက်ကာ အလောတကြီး ပြောလိုက်သည်။

"အဲ့ဒီ ဂူရှင်းလန်ဆိုတဲ့ အမျိုးသမီးက လုံချင် ၅၅ ခုနှစ်ကတည်းက ရှန်နိုင်ငံကနေ ပြည်နှင်ဒဏ် အပေးခံရတာပါ။ အဲ့ဒီနှစ်က ဖြစ်ရပ်တွေကို မင်းသား ပိုသိမှာပါ။ ဒါပေမဲ့ သူက မျိုးရိုးအမည် ဂူဖြစ်ပြီး ရှန်မင်းဆက် အရာရှိတစ်ယောက်ရဲ့ အနွယ်ဝင်ပဲ၊ ကျွန်တော်တို့ဧကရီနဲ့ ဘာပတ်သက်မှု ရှိနိုင်မှာလဲ"

"အကယ်လို့ သူက မျိုးရိုးအမည် ဂူမဟုတ်ခဲ့ရင်ကော" လီဂုန်းက ခေါင်းညိတ်ရင်း ဆိုသည်။

"သူ ဘယ်သူလဲဆိုတာ ငါ သိပြီထင်တယ်။ ဒါကို လောလောဆယ် လျှို့ဝှက်ထားလိုက်ပါ၊ စစ်ပွဲပြီးတဲ့အထိပေါ့။ ပြီးတော့ ရှုကျိန်း ကို ပြောလိုက်၊ ငါ ချန်ဆန်းရှီ ရဲ့ ခေါင်းကို လိုချင်တယ်"

📝အပိုင်း - ၃၃၆

ဘာသာပြန် - Na Gar🐉

"ဒါနဲ့... တိန့်ဖုန်း သေပြီလား"

"သူ့ကိုယ်သူ အဆုံးစီရင်ဖို့ သတိပေးတဲ့အနေနဲ့ လင်းယုန်နက် တစ်ကောင်ကို လွှတ်လိုက်ပြီးပါပြီ။ အခု အနက်ရောင်သံချပ်ကာတပ်ဖွဲ့က ဟူလောင်တောင်ကြားကို ချီတက်နေပြီဆိုတော့ သူလည်း သေလောက်ပါပြီ။နောက်ပြီး ဗိုလ်ချုပ်တိန့်က ကျောက်ထုံစီရင်စုမြို့မှာ နောက်ဆုံးအချိန်အထိ တောင့်ခံခဲ့တယ်လို့ သတင်းရပါတယ်။ သူ့ရဲ့ လက်အောက်ငယ်သားတွေနဲ့ ပြည်သူတွေကို မထိခိုက်စေချင်တာကြောင့် သူကိုယ်တိုင် အဆုံးမစီရင်နိုင်ခဲ့တာပါ"

"အင်း" လီဂုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"သူက ချင်နိုင်ငံအတွက် ဂုဏ်ယူစရာ လုပ်ရပ်ကို လုပ်ခဲ့တာပဲ။ စစ်ပွဲပြီးရင် သူ့ကို ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ပေးဖို့ ဧကရီဆီမှာ ငါ တောင်းဆိုပေးမယ်"

...

ဟူလောင်တောင်ကြား။

"သတင်းပို့ပါတယ်" ကျောက်ကန်က ရှေ့သို့လှမ်း၍ တင်ပြလိုက်သည်။ "မြို့အပြင်ဘက် မိုင်ငါးဆယ်အကွာမှာ နန်ရွှီရဲ့ ရှေ့ပြေးတပ်ဖွဲ့ကို တွေ့ရပါတယ်။ ၁၄ ယောက်မြောက် မင်းသား ဖန်ကျိုရှောင် က ဦးဆောင်လာတာပါ။ ခန့်မှန်းခြေ တပ်အင်အား နှစ်သောင်းကျော်ရှိပြီး ငွေရောင်ထင်းရှုးတောင်ကုန်း ဝန်းကျင်မှာ စခန်းချထားပါတယ်။ သူတို့ရဲ့ တပ်ဖြန့်ပုံအရဆိုရင် အင်အားတစ်သိန်းရှိတဲ့ ပင်မစစ်ကြောင်းကြီးကလည်း အနီးနားမှာပဲ ရှိနေလောက်ပါပြီ"

"၁၄ ယောက်မြောက် မင်းသား ဖန်ကျိုရှောင်" ဖန်ချင်းယွမ်က ထိုသူ၏ နောက်ခံကို ပြန်လည်အမှတ်ရလိုက်သည်။

"အသက် ၂၅ နှစ်ပဲ ရှိသေးပေမဲ့ မဟာသွေးကြောအဆင့် ကြီးမားသောအောင်မြင်မှု့ကို ရရှိထားပြီးပြီ။ နယ်မြေတစ်ခုကို အုပ်ချုပ်နိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ သူဟာ နန်ရွှီရဲ့ မျိုးဆက်သစ်တွေထဲမှာ တကယ့်ကို ထူးချွန်တဲ့သူပဲ"

"သူတို့ ချီတက်လာပုံအရဆိုရင် အချိန်ယူပြီး တိုက်ခိုက်ဖို့ ပြင်နေတာပဲ" တိန့်ဖုန်းက ခွဲခြမ်းစိတ်ဖြာပြသည်။

"အင်အားတစ်သိန်းလုံး စုမိသွားပြီး နေ့ရောညပါ ဖိတိုက်လာပြီဆိုရင်တော့ သူတို့ကို ဟန့်တားဖို့ တကယ် ခက်ခဲပါလိမ့်မယ်"

"ဒီတိုက်ပွဲက ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်ဘူး" ရှာဝမ်လုံက လက်ချောင်းလေးတွေနဲ့ တွက်ချက်ရင်း ဆိုသည်။

"တပ်သား တစ်သိန်းနဲ့ နက်နဲပုံရိပ်အဆင့်လေးယောက်တောင်။ ဗိုလ်ချုပ်တိန့်နဲ့ ငါ ရှေ့ကနေ တောင့်ခံရင်တောင် ဘယ်လောက်ကြာကြာ ခံမှာလဲ။ အလွန်ဆုံး တစ်လ၊ မဟုတ်ဘူး ရက်ပေါင်းနှစ်ဆယ်ပဲ"

"လောလောဆယ်တော့ ဗျူဟာတစ်ခုပဲ ရှိတယ်" ဖန်ချင်းယွမ်က ယုံကြည်

ချက်ရှိရှိ ပြောလိုက်သည်။

"ဒါကတော့ သူတို့တပ်တွေ စုစည်းမှုကို အချိန်ဆွဲပစ်ဖို့ပဲ။ ငါ့အနေနဲ့ မြင်းစီးတပ်သား ငါးရာကို ဟူလောင်တောင်ကြားကနေ တခြားလမ်းက ပတ်ထွက်ခိုင်းပြီး သန်းခေါင်ယံအချိန်မှာ သူတို့စခန်းကို ဝင်တိုက်ကာ ရိက္ခာတွေကို မီးရှို့ဖို့ အကြံပြုချင်တယ်။ ပြီးရင် အမြန်ဆုတ်ခွာပြီး အရုဏ်မတက်ခင်မှာ ဒုတိယအကြိမ် ထပ်တိုက်ပြီး သူတို့ရဲ့ ရှေ့ပြေးတပ်ဖွဲ့ကို လုံးဝ ပျက်စီးသွားအောင် လုပ်ရမယ်"

"ဒါပေမဲ့..."

"ဒါက အကောင်းဆုံးဆိုရင်တောင် ငါးရက်ကနေ ခုနစ်ရက်လောက်ပဲ အချိန်ဆွဲနိုင်လိမ့်မယ်"

"ပြီးတော့ သူတို့က လူအတွေ မဟုတ်ဘူး၊ ကျိန်းသေပေါက် သတိထားကြမှာပဲ။ ဒီလူငါးရာဟာ အထိအခိုက် အကျအဆုံး အများကြီး ရှိနိုင်တယ်"

"ညီလေး... မင်းမှာ တခြား ပိုကောင်းတဲ့ အကြံရှိလား"

ချန်ဆန်းရှီက ခဏမျှ စဉ်းစားကာ တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း စကားစလိုက်သည်။

"အစ်ကိုကြီး... ငါတို့ ဒီအတိုင်း ခံစစ်ကစားနေလို့ မရဘူး"

"ဟဲ... ဒါက မင်း ပြောမှ သိရမှာလား" ရှာဝမ်လုံက နှာခေါင်းရှုံ့လိုက်သည်။ "ခံစစ်ကစားလို့ မရရင် ဘာလုပ်မှာလဲ။ ဒါက အထက်က အမိန့်ပဲ။ သေရမယ်ဆိုရင်တောင် ဟူလောင်တောင်ကြားမှာပဲ အသေခံရမယ်၊ တစ်လှမ်းမှ ဆုတ်လို့ မရဘူး။ ရှာမိသားစုဟာ ဧကရာဇ်ရဲ့ ကျေးဇူးတော်ကို မျိုးဆက်အလိုက် ခံစားခဲ့ရတာ။ အခုက နိုင်ငံတော်ကို ပြန်လည် အမှုထမ်းရမယ့် အချိန်ပဲ။ ဗိုလ်ချုပ်ချန်... မင်းအနေနဲ့ ဆုတ်ခွာဖို့ စိတ်ကူးမယဉ်ပါနဲ့"

"မျက်လုံးတစ်ဖက်လပ် နဂါး... ပါးစပ်ပိတ်ထားစမ်း" တိန့်ဖုန်းက မထီမဲ့မြင် မျက်နှာထားဖြင့် ကျိန်ဆဲလိုက်သည်။

"ဗိုလ်ချုပ်ကြီး ပြောတာကို ဆုံးအောင် နားထောင်စမ်းပါ"

"အစ်ကိုကြီး" ချန်ဆန်းရှီက ပညာရှိဝတ်စုံဝတ် ဖန်ချင်းယွမ်ကို ကြည့်

လိုက်သည်။

"မြို့တစ်မြို့ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲလို့ အစ်ကို ထင်သလဲ"

"အို" ဖန်ချင်းယွမ်က ချက်ချင်း တုံ့ပြန်လိုက်သည်။

"စစ်ပညာရှင် အကျော်အမော်တွေ ပြောခဲ့တာကတော့ တိုက်စစ်ဆင်တဲ့သူဟာ အသာစီးရမြဲပဲ။ အကောင်းဆုံး ခံစစ်ဆိုတာ တိုက်စစ်ပဲ။ ငါ အစောက ပြောခဲ့တဲ့ ဗျူဟာကလည်း ဒီစကားနဲ့ ထပ်တူကျပါတယ်"

"ဒါတောင် မလုံလောက်သေးဘူး" ချန်ဆန်းရှီက ပြန်ပြောသည်။

"အစ်ကိုကြီးရဲ့ ဗျူဟာက ပုံမှန်အခြေအနေမှာတော့ အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေအတွက်တော့ မလုံလောက်သေးဘူး"

"ဒါဆိုရင် မင်းက ရုတ်တရက် ဝင်စီးတာမျိုး မဟုတ်ဘဲ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲကို ဖော်ဆောင်ဖို့ စဉ်းစားနေတာလား" ဖန်ချင်းယွမ်က သူ၏ ညီငယ်လေး စိတ်ကူးကို ခန့်မှန်းလိုက်မိသည်။

"မင်းက အရှိန်အဟုန်ကို တည်ဆောက်ပြီးတော့... မင်းက..."

အနိုင်ရချင်နေတာလား..

ထိုအချိန်တွင် ဝှီးချဲပေါ်တွင် ထိုင်နေသော ဖန်ချင်းယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ သူသည် ခေါင်းကို မော့ကာ သူ၏ ညီငယ်လေးကို ကြည့်လိုက်မိသည်။ သူသည် ချန်ဆန်းရှီ၏ အစီအစဉ်ကို ချက်ချင်း နားလည်သွားပြီ ဖြစ်သည်။

ဒီတိုက်ပွဲ။

လူသုံးထောင်နဲ့ လူတစ်သိန်းကို ရင်ဆိုင်ရမှာ။

ငါ့ရဲ့ ညီငယ်လေးဟာ...

ရှုံးမှာကို မလိုလားရုံတင် မဟုတ်ဘူး။

သူက အနိုင်ကို တိုက်ချင်နေတာ။

လူသုံးထောင်တည်းနဲ့ တပ်မတော် တစ်သိန်းကို အနိုင်တိုက်ဖို့ ကြိုးစားတာ။ အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာထက် ဒီလို သတ္တိမျိုးဟာ လောကမှာ ဘယ်နှစ်ယောက်မှာ ရှိလို့လဲ။

"အစ်ကိုကြီးက ငါ့ကို နားလည်သားပဲ" ချန်ဆန်းရှီက ဆိုသည်။

"ဒါကြောင့် သူတို့ရဲ့ တိုက်စစ် အရှိန်အဟုန်ကို ငါ ဖြတ်တောက်ပစ်ချင်တယ်။ ညဘက် ဝင်တိုက်တာက အသုံးဝင်ပေမဲ့ နေ့ခင်းကြောင်တောင်မှာ ရဲရဲဝံ့ဝံ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်တာလောက်တော့ ထိရောက်မှု မရှိနိုင်ဘူး"

"ပြဿနာက..." ဖန်ချင်းယွမ်က စူးစမ်းစွာ မေးလိုက်သည်။

"ညီလေး... ငါတို့မှာ လူအင်အား မရှိဘူး။ ညဘက် ဝင်တိုက်တာကတောင် စွန့်စားရတဲ့ အလုပ်ပဲ။ အကယ်လို့ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် မင်း တပ်သား ဘယ်လောက် သုံးဖို့ စဉ်းစားထားလဲ"

"ငါ့ကို လွှတ်လိုက်ပါ" တိန့်ဖုန်းက မစောင့်နိုင်တော့ဘဲ ပြောလိုက်သည်။

"ငါ့ကို မြင်းစီးတပ်သား သုံးရာ ပေးပါ။ ရန်သူ့ခေါင်း ငါးရာကျော်နဲ့ ဗိုလ်ချုပ် ငါးယောက်ကို ဖမ်းလာပေးမယ်လို့ ငါ အာမခံတယ်"

"ဗိုလ်ချုပ်တိန့်ကတော့ သင့်တော်ပါတယ်" ဖန်ချင်းယွမ်က ခေါင်းညိတ်

လိုက်သည်။

"ညီလေး ဘယ်လို ထင်လဲ"

"မသင့်တော်သေးဘူး" ချန်ဆန်းရှီက ငြင်းပယ်လိုက်သည်။

"ရန်သူ့ရှေ့ပြေးတပ်မှာ အခုလောလောဆယ် စစ်သေနာပတိချုပ် မရှိသေးဘူး။ ဗိုလ်ချုပ်တိန့် ကိုယ်တိုင် ထွက်တိုက်ဖို့ မလိုသေးပါဘူး"

"ဒါဆို ငါ သွားရမလား" ရှာဝမ်လုံက ကြောက်ရွံ့ခြင်းမရှိဘဲ ဆိုသည်။

"ကိစ္စမရှိဘူး"

"မင်းလည်း မဟုတ်ဘူး" ချန်ဆန်းရှီက မတ်တပ်ရပ်လိုက်ပြီး သူ၏ သံဦးထုပ်ကို ဖြည်းဖြည်းချင်း ဆောင်းလိုက်သည်။

"ဒီဟူလောင်တိုက်ပွဲမှာ ရန်သူတွေက စစ်သေနာပတိချုပ်ဟာ ငါ ချန်ဆန်းရှီ ဆိုတာကို သိနေကြတယ်။ ငါကိုယ်တိုင် ထွက်မှသာ အကျိုးသက်ရောက်မှုက အမြင့်ဆုံး ဖြစ်လိမ့်မယ်"

"ဟင်" ရှာဝမ်လုံက မေးသည်။

"မင်း တပ်သား ဘယ်လောက် ယူသွားမှာလဲ"

ချန်ဆန်းရှီက ထောင့်မှာရှိတဲ့ လှံရှည်ကို ကောက်ကိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ တစ်ယောက်တည်းဆို လုံလောက်ပြီ"

"မင်း... တစ်ယောက်တည်း ဟုတ်လား" ရှာဝမ်လုံမှာ မှင်တက်သွားသည်။ "မင်း ရူးသွားပြီလား ချန်... ဗိုလ်ချုပ်ချန်... အဆင်ခြင်မဲ့ မလုပ်ပါနဲ့"

ဟူလောင်တောင်ကြားက အလွန်အရေးကြီးပြီး စစ်သေနာပတိချုပ် ဖြစ်တဲ့ ချန်ဆန်းရှီ အနေနဲ့ မိမိကိုယ်ကိုယ် အန္တရာယ်ထဲ အရောက်မခံသင့်ပေ။

ဒါပေမဲ့ ဒီလူငယ်လေးက နားမထောင်ဘဲ သေသွားရင်လည်း သေပါစေပေါ့။ ဘာပဲဖြစ်ဖြစ် ဖန်ချင်းယွမ် ရှိနေတာပဲ၊ မဟာသွေးကြောအဆင့် ရှိသူ တစ်ယောက် လျော့သွားရုံပဲ ရှိမှာပါ။

"ဗိုလ်ချုပ်ချန်" တိန့်ဖုန်းက မေးသည်။

"ငါ မင်းနဲ့အတူ လိုက်ခဲ့ပါရစေ"

"မင်း အခုချက်ချင်း လူလုံးထွက်ပြဖို့ မလိုသေးဘူး။ တခြားနေရာမှာ မင်းကို လိုအပ်လိမ့်မယ်"

ချန်ဆန်းရှီက လက်အောက်ငယ်သား ပေးအပ်လိုက်တဲ့ သံမဏိအူတိုင်လေးကို ယူဆောင်ပြီး စစ်တဲအတွင်းမှ ထွက်ခွာသွားတော့သည်။

မကြာမီမှာပင်...

ဟူလောင်တောင်ကြား၏ မြို့တံခါးကြီး ပြိုင်တူ ပွင့်ဟသွားသည်။

မြို့ရိုးပေါ်မှ စစ်သည်ဗိုလ်ပါအားလုံးသည် သူတို့ရှေ့က မြင်ကွင်းကို ကြည့်ကာ အံ့အားသင့်နေကြသည်။

နက်မှောင်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကျောတွင် လေးကြီးကို လွယ်လျက်၊ လက်တွင် လှံရှည်ကို ကိုင်ဆောင်ထားသော ဗိုလ်ချုပ်တစ်ဦးသည် လွင်ပြင်ပြင်ကြီးဆီသို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းသွားနေသည်။ သူ၏ ခြေလှမ်းများမှာ လမ်းလျှောက်ရာမှ တဖြည်းဖြည်း ပြေးလွှားခြင်းသို့ ပြောင်းလဲသွားပြီး ဟူလောင်တောင်ကြားမှ ထွက်လာကာ လွတ်လပ်ခွင့် ရသွားသော ကျားတစ်ကောင်ကဲ့သို့ပင်။ သူ၏ အရှိန်အဟုန်မှာ လေထုနှင့် တိမ်တိုက်များကိုပင် လှုပ်ခတ်သွားစေနိုင်သည့်အလား ပြင်းထန်လှသည်။

ဟီ..

မြင်းတစ်ကောင်၏ ဟိန်းသံမှာ နဂါးဟောက်သံကဲ့သို့ ထွက်ပေါ်လာပြီး ထိုဗိုလ်ချုပ်နှင့် တစ်သားတည်း ဖြစ်သွားသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အဆုံးမဲ့လှသော လွင်ပြင်ကြီးအတွင်းသို့ ပျောက်ကွယ်သွားတော့ရာ လေထုထဲတွင် ဖုန်မှုန့်များသာ ကျန်ရစ်ခဲ့တော့သည်။

All Chapters