← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 31 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 31 Ch. 337-339

📝အပိုင်း - ၃၃၇

ဘာသာပြန် - Na Gar🐉

...

ငွေရောင်ထင်းရှုးတောင်ကုန်း ။

နန်ရွှီရှေ့ပြေးတပ်ဖွဲ့။

တပ်မတော်ကြီး၏ စခန်းကို စနစ်တကျ တည်ဆောက်နေဆဲ ဖြစ်သည်။ ၁၄ ယောက်မြောက် မင်းသားဖန်ကျိုရှောင် ကိုယ်တိုင် စစ်သည်တော်များ၏ လှုပ်ရှားမှုကို ကြီးကြပ်နေသည်။ စခန်းချသည့် ကိစ္စမှာပင် ပေါ့ဆ၍မရမှန်း သူ ကောင်းကောင်းသိသည်။

ခါးတွင် ရတနာဓားကို ချိတ်ဆွဲလျက် သူက အမိန့်ပေးနေသည် "တဲတွေကို ခိုင်ခိုင်မာမာ ဆောက်ကြ။ ကင်းလှည့်ပတ်ခြံစည်းရိုးတွေကိုလည်း ရန်သူ့တပ်ဖွဲ့က စခန်းကို ဝင်တိုက်ဖို့ အခွင့်အရေး လုံးဝမရစေရအောင် သေချာပြင်ဆင်ထားရမယ်။

"အထူးသဖြင့် ဖန်ချင်းယွမ် ကို သတိထားပါ။"

"အခုလေးတင် စစ်ဗျူဟာမှူး ရန် က လူလွှတ်ပြီး သတိပေးထားတယ်။ သူက ငါတို့တပ်တွေ စုစည်းမှုနဲ့ အသင့်ပြင်ဆင်မှုကို နှောင့်နှေးအောင် ရုတ်တရက် ဝင်စီးတဲ့ ဗျူဟာကို သုံးဖို့ အရမ်းများတယ်။ နေ့ရောညပါ အသင့်ရှိနေကြရမယ်"

"စိတ်ချပါ မင်းသား၁၄"

နန်ရွီဧကရာဇ်ရဲ့ဦးလေး၏ သားဖြစ်သူ ဒုတိယဗိုလ်ချုပ် လန်ကျိဖိန် မှာ အသက် ၂၂ နှစ်သာ ရှိသေးသော်လည်း မဟာသွေးကြောအဆင့် အခြေခံကို ရောက်ရှိထားပြီး ဖြစ်သည်။ နန်ရွှီ၏ ဤစစ်ဆင်ရေးတွင် မင်းမျိုးမင်းနွယ် အမြောက်အမြား ပါဝင်လာကြသည်။

"ခဏနေရင် ဟူလောင်တောင်ကြားကနေ ကျွန်တော်တို့စခန်းဆီ လာနိုင်တဲ့ လမ်းကြောင်းတွေအတိုင်း ကျွန်တော်ကိုယ်တိုင် ကင်းလှည့်မယ်။ ဘာမတော်တဆမှုမှ မဖြစ်စေရအောင် တင်းတင်းကျပ်ကျပ် စောင့်ကြပ်သွားမှာပါ။ တပ်မတော်ကြီး ရောက်လာလို့ ဟူလောင်တောင်ကြားကို ဖောက်ထွက်နိုင်တာနဲ့ မင်းသား၁၄က ချန်ဆန်းရှီ နဲ့ ဖန်ချင်းယွမ် ကို ဖမ်းဆီးနိုင်မှာပါ။ ဒီတိုက်ပွဲပြီးရင် မင်းသားရဲ့ အမည်ဟာ တစ်လောကလုံးမှာ ကျော်ကြားသွားပါလိမ့်မယ်"

ဖန်ကျိုရှောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည် "ငါတို့အားလုံးက အသက်အရွယ် တူတူလောက်ပဲ ရှိကြတာ။ ဒါပေမဲ့ ဒီ ချန်ဆန်းရှီ ကတော့ စစ်သေနာပတိ မှတ်တမ်းတွေထဲမှာ နာမည်စာရင်း အသွင်းခံထားရပြီ။ ဒီကို မလာခင်ကတည်းက နန်းတော်တောင်ဘက် စာကြည့်ဆောင်က မှူးမတ်မျိုးနွယ်တွေဟာ ဟုန်ကျဲတိုက်ပွဲ အကြောင်းကို သင်ယူနေကြရပြီ။ ငါ တကယ့်ကို ဒီ ဝတ်စုံဖြူ ဗိုလ်ချုပ်နဲ့ တွေ့ချင်နေတာ"

"သတင်းပို့ပါတယ်"

"တပ်စခန်းအပြင်ဘက် တစ်မိုင်အကွာမှာ လူတစ်ယောက် လာပြီး စိန်ခေါ်နေပါတယ်"

ဖန်ကျိုရှောင်က အလျင်အမြန် မေးလိုက်သည် "လူ ဘယ်နှစ်ယောက်လဲ"

"တစ်ယောက်တည်းပါ"

"ဘာ" ဖန်ကျိုရှောင်မှာ သူ နားကြားမှားသလားဟု ထင်သွားသည်။ "တစ်ယောက်တည်း ဟုတ်လား။ ဘယ်သူလဲ။ သူက သတင်းစကား ပါးတာ မဟုတ်ဘဲ စိန်ခေါ်ဖို့ လာတာ သေချာလား"

"ချန်ဆန်းရှီ ပါ" သူ၏ လက်အောက်ငယ်သားက ပြန်ဖြေသည်။

"သူ့ကိုယ်သူ ချန်ဆန်းရှီ လို့ ပြောပြီး မင်းသား၁၄ကို တွေ့ချင်တယ်လို့ ဆိုပါတယ်"

"ကောင်းပြီ" ဖန်ကျိုရှောင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။

"မင်းသား၁၄... မလုပ်ပါနဲ့ဦး" လန်ကျိဖိန် က အလျင်အမြန် တားဆီးလိုက်သည်။

"ဒီလူက အလွန် ကောက်ကျစ်စဉ်းလဲတဲ့သူပါ။ ဘာလို့ တစ်ယောက်တည်း ရှေ့ထွက်လာပြီး အသေခံမလဲ။ ကျွန်တော်အမြင်အရတော့ ဒါဟာ တောင်ပေါ်က ကျားကို မျှားခေါ်တဲ့ ဗျူဟာပဲ ဖြစ်ရမယ်။ ကျွန်တော်မြင်းစီးတပ်သား ငါးရာကို ဦးဆောင်ပြီး သွားလိုက်မယ်။ မင်းသားကတော့ ဒီမှာပဲနေပြီး သူတို့ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို ကာကွယ်ဖို့ စခန်းကို အမိန့်ပေးထားပါ"

"အင်း" ဖန်ကျိုရှောင်က ချက်ချင်း တည်ငြိမ်သွားသည်။

"ဒါဆို သွားတော့ ဒါပေမဲ့ သတိထားဖို့တော့ မမေ့နဲ့"

"စိတ်ချပါ မင်းသား၁၄သူက တစ်ယောက်တည်းပဲလေ၊ ကျွန်တော်တို့ရဲ့ မြင်းစီးတပ်သား ငါးရာလုံးကို သတ်နိုင်မှာတဲ့လား။ အလွန်ဆုံးတော့ ကျွန်တော်ကို ထောင်ချောက်ထဲ မျှားခေါ်တာပဲ ဖြစ်မှာပါ။ ကျွန်တော်ကတော့ အဲ့ဒီထဲကို အလွယ်တကူ မဝင်ပါဘူး" စကားအဆုံးတွင် လန်ကျိဖိန်မှာ အလျင်အမြန် ထွက်ခွာသွားတော့သည်။

နန်ရွှီ တပ်စခန်းကြီး၏ အပြင်ဘက်တွင်...

ချန်ဆန်းရှီသည် မြင်းပေါ်တွင် ခန့်ညားစွာ ထိုင်နေသည် "နန်ရွှီ သူပုန်တွေ နားထောင်ကြစမ်း။ ငါက ဗိုလ်ချုပ်ကြီးချန်ဆန်းရှီ ပဲ။ ငါ့မှာ တပ်သား သုံးသောင်း ရှိပြီး ဟူလောင်တောင်ကြားကို ထိန်းချုပ်ထားတယ်။ ယုံလဲ့စီရင်စု ကျတာနဲ့ ငါ တောင်ဘက် လင်ကျိုးကို ဆင်းလာပြီး မင်းတို့ရဲ့ အင်အားတစ်သိန်းကို အပြတ်ရှင်းပစ်မယ်။ ဒီနေ့ ငါ ဒီကို လာတာက မင်းတို့ကို အညံ့ခံဖို့ အခွင့်အရေး ပေးတာ။ အကောင်းပြောတာကို နားမထောင်ရင်တော့ သေဖို့ပဲ ပြင်ထားကြ"

"သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်ကြနဲ့" လန်ကျိဖိန်က စခန်းဝင်ပေါက်ဆီသို့ မြင်းကို အပြေးနှင်လာသည်။

"မင်းက ချန်ဆန်းရှီ လား။ မင်းက ကောက်ကျစ်တဲ့သူလို့ ငါ ထင်နေတာ၊ တကယ်တော့ မင်းက ကြွားလုံးထုတ်တဲ့ နေရာမှာပဲ တော်တာကိုး။ မင်းရဲ့ ဟူလောင်တောင်ကြားမှာ တပ်သား သုံးထောင်ပဲ ရှိတာကို မင်းပါးစပ်ထဲမှာ သုံးသောင်း ဖြစ်သွားရတာလား"

"ရယ်စရာပဲ ငါ ချန်ဆန်းရှီ က မင်းတို့ကို လိမ်စရာ လိုလို့လား" ချန်ဆန်းရှီက လှောင်ပြောင်လိုက်သည်။ "ငါ မမှားဘူးဆိုရင် အဲ့ဒီ လူသုံးထောင် ဆိုတဲ့ ကိစ္စကို ထန်မင်းသား လီဂုန်းက မင်းတို့ကို ပြောလိုက်တာ မဟုတ်လား"

လန်ကျိဖိန် တိတ်ဆိတ်သွားသည်။ ထိုတိတ်ဆိတ်ခြင်းမှာ ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။

"နန်ရွှီ က လူတွေ... သေချာ စဉ်းစားကြစမ်း" ချန်ဆန်းရှီက အော်ပြောလိုက်သည်။

"အကယ်လို့ သူက မင်းတို့ကို အမှန်အတိုင်း ပြောခဲ့ရင် မင်းတို့က ဟူလောင်တောင်ကြားကို တိုက်ပေးဦးမှာတဲ့လား။ ဒါကြောင့် သူက ငါ့ရဲ့

ဒါရှန်တပ်အင်အားကို လျှော့ပြောပြီး မင်းတို့ကို ချင်နိုင်ငံအတွက် အသက်ပေးဖို့ လိမ်ညာခဲ့တာပဲ မဟုတ်လား။ ငါ မမှားဘူးဆိုရင် လီဂုန်းက ဟူလောင်တောင်ကြားထဲမှာ ဗိုလ်ချုပ်တစ်ယောက်မှ မရှိဘူးလို့လည်း မင်းတို့ကို ပြောထားဦးမှာပဲ"

"လျှောက်မပြောနဲ့" လန်ကျိဖိန်က မျက်လုံးကို ကျဉ်းလိုက်သည်။

"တခြား ဗိုလ်ချုပ်သာ ရှိနေရင် မင်းက အမိန့်ပေးရမယ့် အလှည့် ရပါဦးမလား"

"ရှိ၊ မရှိ ဆိုတာကိုတော့ မင်းတို့ မကြာခင် သိရမှာပါ" ချန်ဆန်းရှီက ဆက်ပြောသည်။

"ချင်နိုင်ငံဟာ တိုက်ပွဲမှာ အခြေအနေမဟန်တော့ရင် ငါတို့နဲ့ ပူးပေါင်းပြီး မင်းတို့ရဲ့ ရွှီနိုင်ငံကို ပြန်တိုက်မှာမျိုးလည်း ဖြစ်နိုင်တယ်။ ငါ ဒါတွေ ပြောနေတာက မင်းတို့ကို အမှောင်ထဲမှာ မနေစေချင်လို့ပဲ။ သတိထားကြစမ်း"

"တကယ့် အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ" လန်ကျိဖိန်၏ နှုတ်ခမ်းမှာ ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။

"ချန်... မင်းနဲ့ ငါ အခုထိ စကားပြောပြီး အချိန်ဆွဲနေတာ ဘာလို့လဲဆိုတာ မင်း သိလား။ မြင်းပေါ်က ဆင်းပြီး အညံ့ခံလိုက်စမ်း။ ဒါဆိုရင် မင်း အသက်မသေဘဲ နေနိုင်လိမ့်မယ်"

ဒုန်း ဒုန်း ဒုန်း...

သူ့စကားအဆုံးမှာပင်...

လွင်ပြင်ပြင်ကြီး၏ ဘေးတစ်ဖက်တစ်ချက်စီမှ မြင်းခွာသံများ ဟိန်းထွက်လာသည်။ ဘယ်နှင့် ညာမှ မြင်းစီးတပ်သား တစ်ရာစီမှာ အလယ်သို့ ဝိုင်းအုံလာကြသည်။

"ချန်ဆန်းရှီ" လန်ကျိဖိန်က လှောင်ပြောင်သည်။

"ဟုန်ကျဲတိုက်ပွဲတွေ၊ ဝတ်စုံဖြူကို မြင်တာနဲ့ လူထောင်ချီ ထွက်ပြေးရတယ်ဆိုတာတွေက ဘာမှမဟုတ်ပါဘူး။ ဒီနေ့ ငါ့ရဲ့ တာ့ရွှီ တပ်စခန်းကနေ မင်း ဘယ်လို ထွက်သွားမလဲဆိုတာ ကြည့်ရသေးတာပေါ့။ ညီအစ်ကိုတို့... တိုက်ကြစမ်း"

ရှေ့၊ ဘယ်၊ ညာ။

အရပ်သုံးမျက်နှာ။

အနည်းဆုံး မြင်းစီးတပ်သား ငါးရာခန့် ရှိနေသည်။ လန်ကျိဖိန် ရောက်ကတည်းက ဤတပ်တွေကို ဖြန့်ကျက်ထားခြင်း ဖြစ်ပြီး စကားပြောနေခြင်းမှာ ချန်ဆန်းရှီကို ဝိုင်းရံပိတ်ဆို့ရန် အချိန်ဆွဲခြင်းသာ ဖြစ်သည်။

သူက ဘယ်လောက်ပဲ တိုက်ရည်ခိုင်ပါစေ၊ မြင်းစီးတပ်ဖွဲ့ရဲ့ တားဆီးမှုကို ခဏလေး ခံလိုက်ရတာနဲ့...

နောက်က တပ်စခန်းကြီးထဲက ညီအစ်ကိုတွေဟာ အလုံးအရင်းနဲ့ ရောက်လာကြမှာ ဖြစ်ပြီး သူ့ကို အရှင်လတ်လတ် နစ်မြုပ်သွားအောင် လုပ်ဖို့ လုံလောက်သည်။ ယခု အကွာအဝေးအရဆိုလျှင် သူ ထွက်ပြေးဖို့ လုံးဝ မဖြစ်နိုင်တော့ပေ။

"နန်ရွှီ က လူတွေ တကယ်ပဲ ကောက်ကျစ်တာပဲ" ချန်ဆန်းရှီသည် မြင်းပေါ်တွင် တည်ငြိမ်စွာပင် ကျိန်ဆဲလိုက်သည်။

"ငါ ချန်ဆန်းရှီ က စေတနာနဲ့ လာပြီး ဖျောင်းဖျတာကို မင်းတို့က ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးတယ်ပေါ့။ ဒါဆိုရင်တော့ ငါ သွားပြီ"

"သွားမယ် ဟုတ်လား။ မင်း သွားနိုင်မယ် မထင်ဘူး" လန်ကျိဖိန်က မြင်းကို အစွမ်းကုန် နှင်၍ ရှေ့သို့ တိုးလာသည်။

ထိုအချိန်မှာပင်...

ရှေ့က မြင်းဖြူကြီးမှာ ဟိန်းလိုက်ပြီး ချက်ချင်းပင် ဖြူဖွေးသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မြင်းခွာများမှာ မြေပြင်နှင့်ပင် မထိတော့ဘဲ လေထုထဲမှာ ပျံသန်းနေသည့်အလား မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ ဝိုင်းရံပိတ်ဆို့မှု မပြီးဆုံးခင်မှာပင် သူသည် လွတ်မြောက်သွားခဲ့ပြီး အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် သူတို့ကို အဝေးကြီးမှာ ထားရစ်ခဲ့တော့သည်။

📝အပိုင်း - ၃၃၈

ဘာသာပြန် - Na Gar🐉

"ဘယ်လောက် မြန်တဲ့မြင်းလဲ"

"ဒီမြင်းက သာမန်တိရစ္ဆာန် မဟုတ်ဘူး၊ ထူးခြားသားရဲတစ်ကောင်ပဲ"

လန်ကျိဖိန်က အံကြိတ်လျက် ဆိုသည်။ သူ၏ မျက်နှာတစ်ခုလုံးအရှက်ရမှုကြောင့် နီမြန်းနေရသည်။ စောစောက သူ ကြွားဝါခဲ့သမျှသည် ယခုအခါတွင် ရယ်စရာတစ်ခု ဖြစ်သွားခဲ့ပြီ။ ချန်ဆန်းရှီသည် တစ်ယောက်တည်း လာရောက်စိန်ခေါ်ရဲခြင်းမှာ နောက်ကွယ်တွင် အားကိုးစရာ ရှိနေ၍ဖြစ်ပြီး လန်ကျိဖိန်က ချုံခိုတိုက်ခိုက်ရန် လျှို့ဝှက်စီစဉ်ထားမည်ကိုလည်း ကြိုတင်တွက်ဆထားပုံရသည်။

"ဒုတိယဗိုလ်ချုပ်လန်... ကျွန်တော်တို့ ဆက်လိုက်ကြဦးမှာလား" အခြား ဒုတိယဗိုလ်ချုပ်တစ်ဦးဖြစ်သူ ယွဲ့ချန်က မေးမြန်းလိုက်သည်။

"လိုက်မနေနဲ့တော့" လန်ကျိဖိန်က ဒေါသတကြီးဖြင့်ပင် ပြောလိုက်သည်။ "သူ ဒီလိုလုပ်နေတာဟာ ချုံခိုတိုက်ခိုက်ဖို့ ပြင်ထားတာ ကျိန်းသေတယ်၊ ငါတို့ လိုက်သွားရင် သူ့ထောင်ချောက်ထဲကို တည့်တည့်တိုးသလို ဖြစ်သွားမှာပေါ့။ စခန်းကို ပြန်မယ်"

ဝှစ်...

လေကိုခွဲသွားသည့် စူးရှသောအသံနှင့်အတူ ချပ်ဝတ်တန်ဆာကို ထိမှန်သွားသည့်အသံ ထွက်ပေါ်လာသည်။ ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ထားသော စစ်သည်တစ်ဦးသည် စူးရှသော သုံးမြှောင့်ပုံစံ သံချပ်ကာဖောက်မြှား ဖြင့် နှလုံးတည့်တည့်ကို အပစ်ခံလိုက်ရသည်။ သူ၏ ခိုင်မာလှသော သံချပ်ကာမှာ စက္ကူကဲ့သို့ပင် အကာအကွယ် မပေးနိုင်ခဲ့ပေ။

"ဗိုလ်ချုပ်"

"အဲ့ဒီ ချန်ဆန်းရှီ ပြန်လာပြီ"

ခြေလှမ်း ၃၀၀ ခန့်အကွာတွင် အဝေးသို့ ရောက်သွားပြီဖြစ်သော ချန်ဆန်းရှီသည် သူ၏ သံမဏိအူတိုင်လေးကို ကိုင်လျက် ပြန်လည်ရောက်ရှိလာသည်။ ထင်ရှားသော လှုပ်ရှားမှုမျိုး မရှိဘဲ "ဝှစ်..ဝှစ်..ဝှစ်.." ဟူသော အသံများနှင့်အတူ မြင်းစီးတပ်သား သုံးဦးမှာ မြင်းပေါ်မှ လွင့်ကျသွားပြန်သည်။

"ဒါကတော့ အရမ်းကို စော်ကားလွန်းနေပြီ" လန်ကျိဖိန်က ကျိန်ဆဲလိုက်

သည်။

"ဒီလူက မုဆိုးတစ်ယောက်ဖြစ်ပြီး လေးအတတ်မှာ ထူးချွန်တယ်လို့ ငါ ကြားဖူးပါတယ်။ ခြေလှမ်း ၃၀၀ အကွာကနေတောင် ဒီလောက် စွမ်းအားရှိနေတာကို ကြည့်ရင် သူက ပစ်မှတ်တိကျရုံတင် မဟုတ်ဘူး၊ သူ့ရဲ့မြှားတွေက ပေါင်၅၀၀၀ကျော်လောက်တောင် လေးလံနေပုံရတယ်"

"အဆင့်မြင့် ဗိုလ်ချုပ်တွေအတွက် မြှားတွေက ဘာအသုံးကျမှာလဲ"

"ငါတော့ မယုံဘူး"

ယွဲ့ချန်က ထိုသို့ပြောဆိုကာ သူ၏ လှံရှည်ကို ဆွဲထုတ်၍ ရှေ့သို့ ပြေးထွက်သွားသည်။ ရန်သူက လေးကို တစ်ဖန်ပြန်၍ ရွယ်လိုက်သည်ကို တွေ့သောအခါ သူက လှံကို ခပ်ဖွဖွ ဝေ့ယမ်းလျက် ဝင်လာမည့်မြှားကို ပုတ်ထုတ်ရန် ပြင်လိုက်သည်။

ဝုန်း..

နောက်တစ်စက္ကူ၌...

သူ့ဆီသို့ ပျံသန်းလာသော မြှားမှာ စစ်သည်တော်တစ်ဦး၏ လက်ဖြင့် ရိုက်နှက်လိုက်သည့် စစ်ပညာတစ်ခုကဲ့သို့ပင် ထုထည်ကြီးမားလှသော စွမ်းအားများ ပါရှိနေသည်။ ထိုစွမ်းအားကြောင့် သူ၏ လှံရှည်မှာ လွင့်ထွက်သွားတော့သည်။ ထို့နောက် လည်ပင်း၌ အေးစက်သော ခံစားမှုနှင့်အတူ အသက်ရှူကျပ်သွားပြီး မျက်စိထဲတွင် မှောင်အတိ ကျသွားတော့သည်။ သူသည် မျက်လုံးအပြူးသားဖြင့် မြက်ခင်းပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားကာ အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

မြှားတစ်စင်းတည်းဖြင့် ဒုတိယဗိုလ်ချုပ်တစ်ဦးကို သတ်ပစ်လိုက်ခြင်းပင်။

ဝှစ်..

ဤမြင်ကွင်းကို မြင်လိုက်ရသော မြင်းစီးတပ်သား ငါးရာမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

"မင်းရဲ့မြှားက စွမ်းအားတွေကို သယ်ဆောင်နိုင်တာလား" လန်ကျိဖိန်မှာ မယုံနိုင်အောင် ဖြစ်နေရသည်။ လောကကြီးတွင် ဤကဲ့သို့သော နတ်ဘုရားလက်နက်မျိုး ရှိသည်ဟု သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။

ဝှစ် ဝှစ်ဝှစ် ...

နောက်ထပ် မြှားများမှာ ဆက်တိုက်ဆိုသလို ရောက်ရှိလာပြန်သည်။ ချန်ဆန်းရှီသည် သူ၏မြင်းဖြူပေါ်တွင် အေးအေးလူလူ ထိုင်နေပြီး သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မြှားအိတ် ခုနစ်အိတ်၊ ရှစ်အိတ်ခန့် ချိတ်ဆွဲထားသည်။ သူ၏လက်ထဲရှိ လေးကြိုးမှာ တူရိယာတစ်ခုကဲ့သို့ပင် မြည်ဟည်းနေသော်လည်း ထိုအသံထွက်ပေါ်တိုင်း လူတစ်ဦး၏ အသက်မှာ နိဂုံးချုပ်သွားရမြဲ ဖြစ်သည်။

"မြှားပစ်တပ်သားတွေ ဘာစောင့်နေကြတာလဲ။ ပြန်ပစ်ကြစမ်း" လူအုပ်ကြားထဲတွင် ပုန်းနေသော လန်ကျိဖိန်က အော်ဟစ်လိုက်သည်။

"ကျန်တဲ့လူတွေလည်း ရှေ့ကို တက်ကြစမ်း။ သူက တစ်ယောက်တည်းပဲ၊ မင်းတို့အားလုံးကို သေအောင် ပစ်နိုင်မှာ မဟုတ်ဘူး။ သူ့ကို ဖမ်းနိုင်တဲ့သူ၊ မဟုတ်ဘူး၊ သတ်နိုင်တဲ့သူကို ရွှေတစ်ထောင် ဆုချပြီး ရာထူးသုံးဆင့် တိုးပေးမယ်"

ကြီးမားသော ဆုလာဘ်ကြောင့်...

မြင်းစီးတပ်သားများသည် သူတို့၏ သတ္တိကို မွေးမြူကာ ရှေ့က မြင်းဖြူကြီးဆီသို့ အပြင်းနှင်ကြတော့သည်။

သို့သော်...

ဤလူငယ်ဗိုလ်ချုပ်၏ မြှားပစ်နှုန်းမှာ လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်နေသည်။ မျက်တောင်တစ်ခါ ခတ်တိုင်း အနည်းဆုံး ညီအစ်ကို နှစ်ဦးမှာ မြင်းပေါ်မှ ပြုတ်ကျနေရသည်။ တပ်ဖွဲ့အင်အားမှာ ချန်ဆန်းရှီ၏ အနီးသို့ မရောက်မီမှာပင် အကျအဆုံးများပြားလာပြီး တပ်ပျက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ထိုအချိန်တွင်...

ချန်ဆန်းရှီက နောက်သို့ တစ်ဖန်ပြန်ဆုတ်သွားပြန်ရာ သူတို့ကြားက အကွာအဝေးမှာ အားစိုက်စရာမလိုဘဲ ကွာဟသွားပြန်သည်။ နန်ရွှီ မြှားပစ်တပ်သားများအတွက်မူ... သူတို့၏ မြှားပစ်နိုင်သော အကွာအဝေးမှာ ခြေလှမ်း တစ်ရာကျော်သာ ရှိသည်။ သို့သော် မြင်းဖြူစီးဗိုလ်ချုပ်၏ အကွာအဝေးမှာ ခြေလှမ်း ၃၀၀ ခန့် ရှိနေသည်။ မိုင်ဝက်နီးပါးပင် ဖြစ်သည်။

ထိုမျှဝေးကွာသော အကွာအဝေးတွင် သူတို့သည် မြင်းဖြူစီးဗိုလ်ချုပ်၏ ပုံရိပ်ကိုပင် သဲသဲကွဲကွဲ မမြင်ရပေ။ ဤကဲ့သို့ ကွာခြားချက်ကြီးမားနေသဖြင့် သူတို့၏ လေးနှင့်မြှားများမှာ လုံးဝ အသုံးမဝင်တော့ပေ။

အကြိမ်အနည်းငယ် တိုက်စစ်ဆင်ပြီးနောက်...

မြင်းစီးတပ်သား ငါးရာအနက် နောက်ဆုံး နှစ်ရာခန့်သာ ကျန်ရစ်တော့သည်။

"ဗိုလ်ချုပ်... ကျွန်တော်တို့ သူ့ကို မမီနိုင်တော့ဘူး"

မြင်းစီးတပ်သား ရာပေါင်းများစွာမှာ ကလေးကစားစရာကဲ့သို့ အသုံးချခံနေရသည်။

"ဆုတ်မယ်" လန်ကျိဖိန်မှာ အလွန်အမင်း စိတ်ပျက်နေရပြီ။ သူသည် ချုံခိုတိုက်ခိုက်မှုရှိမရှိကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချန်ဆန်းရှီကို ဖမ်းဆီးသတ်ဖြတ်ပြီး ဒေါသဖြေဖျောက်ချင်နေသော်လည်း ပြဿနာမှာ... သူ လုံးဝ မမီနိုင်ခြင်းပင် ဖြစ်သည်။ ဤအတိုင်း ဆက်သွားပါက သူတို့အားလုံး ရန်သူ့မြှားအောက်တွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြပေလိမ့်မည်။

သူ၏ အမိန့်ပေးမှုကြောင့် ကျန်ရှိနေသော မြင်းစီးတပ်သားများသည် လှည့်ပြန်ကာ စခန်းကြီးဆီသို့ ထွက်ပြေးကြတော့သည်။

သို့သော်...

ပို၍ ထိတ်လန့်စရာကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့... ဆုတ်ခွာ၍ မရတော့ပေ။

ချန်ဆန်းရှီသည် စောစောက အလွယ်တကူ ထွက်ပြေးနိုင်ခဲ့သလိုပင် ယခုအခါတွင်လည်း သူ၏မြင်းဖြူဖြင့် အသာလေး လိုက်လာခဲ့သည်။ ခြေလှမ်း ၃၀၀ အကွာအဝေးကို တိတိကျကျ ထိန်းသိမ်းထားလျက် သူသည် မြင်းပေါ်မှနေ၍ အသက်များကို ရိတ်သိမ်းနေတော့သည်။ သူသည် အေးအေးလူလူ လမ်းလျှောက်နေသည့်အလား ထင်ရသော်လည်း နန်ရွှီ မြင်းစီးတပ်သားများအတွက်မူ ထိတ်လန့်စရာ အိမ်မက်ဆိုးကြီးတစ်ခု ဖြစ်နေသည်။

လိုက်လို့လည်းမမီ၊ ပြေးလို့လည်းမရ။

သူတို့ကိုယ်သူတို့ လူသားတွေလို့ မခံစားရတော့ဘဲ မုဆိုး၏ ထောင်ချောက်ထဲတွင် ပိတ်မိနေသော သားကောင်များကဲ့သို့ ခံစားနေရသည်။

"ဗိုလ်ချုပ်... ကျွန်တော်တို့... ကျွန်တော်တို့ ဝိုင်းရံခံလိုက်ရပြီ"

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင်...

နန်ရွှီ မြင်းစီးတပ်သားများသည် သူတို့နောက်တွင် တပ်မတော်ကြီးတစ်ခု လိုက်နေသည့်အလား ခံစားနေရပြီး ထိတ်လန့်တုန်လှုပ်ကာ အော်ဟစ်နေကြတော့သည်။ သူတို့တွင် ပြန်လည်တိုက်ခိုက်လိုသော စိတ်ဆန္ဒ လုံးဝမရှိတော့ဘဲ မိမိအသက်ကို ကယ်တင်နိုင်ရန် စခန်းကြီးဆီသို့သာ ရောက်ရှိဖို့ မျှော်လင့်နေကြသည်။

"အသုံးမကျတဲ့ အမှိုက်တွေ"

"မင်းတို့ အရင် ပြေးလိုက်ကြဦး"

လန်ကျိဖိန်မှာ ဒေါသထွက်ပြီး အရှက်ရနေသဖြင့် ရုတ်တရက် မြင်းကို လှည့်ကာ ချန်ဆန်းရှီဆီသို့ ပြေးထွက်သွားသည်။ သူသည် ဝံပုလွေသွားပုဆိန်ကို ကိုင်ဆောင်ကာ သူကိုယ်တိုင် နောက်တန်းမှ ခုခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤသို့လုပ်ခြင်းအားဖြင့်... အကယ်၍ ချန်ဆန်းရှီ ဆုတ်ခွာသွားပါက ကျန်ရှိသော သူ၏လူများ အသက်ရှင်နိုင်ပေလိမ့်မည်။ အကယ်၍ ချန်ဆန်းရှီက နောက်မဆုတ်ပါကလည်း သူသည် အကွာအဝေးကို အမြန်ချဉ်းကပ်ကာ အနည်းဆုံး တိုက်ခိုက်ခွင့် ရရှိနိုင်မည် ဖြစ်သည်။

ဝှစ်...

နဂါးစွမ်းအားပါရှိသော သုံးမြှောင့်ပုံစံ သံချပ်ဖောက်မြှားမှာ ဟိန်းဟောက်၍ ရောက်ရှိလာသည်။ လန်ကျိဖိန်သည် ရန်သူကို လျှော့မတွက်ရဲတော့ဘဲ သူ၏ အင်အားအားလုံးကို သုံးကာ ဝင်လာသောမြှားကို ရိုက်ချလိုက်သည်။ မြှားကို တားဆီးနိုင်ခဲ့သော်လည်း ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူ၏ စစ်မြင်းမှာ တောင့်မခံနိုင်ဘဲ ရှေ့ခြေနှစ်ဖက်ကို ထောင်တက်သွားတော့သည်။

ထို့နောက် နောက်ထပ် မြှားတစ်စင်း ထပ်မံ ရောက်ရှိလာပြန်ရာ ဤတစ်ကြိမ်တွင်မူ သူ၏ စစ်မြင်းမှာ အသက်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။

📝အပိုင်း - ၃၃၉

ဘာသာပြန် - Na Gar🐉

ဝုန်း..

လန်ကျိဖိန်သည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။

မြင်းဖြူကြီး၏ အရှိန်မှာ ရပ်တန့်မသွားဘဲ ယခုအခါ သူတို့နှစ်ဦးကြား အကွာအဝေးမှာ ခြေလှမ်း ၁၀၀ ကျော်သာ ကွာတော့သည်။ လန်ကျိဖိန်သည် သူ၏ သွေးပေါက်ကွဲမှု့အခြေအနေကို အပြည့်အဝ အသက်သွင်းလိုက်ပြီး အင်အားအားလုံးကို အရှိန်အဖြစ် ပြောင်းလဲလိုက်သည်။ အဆင့်မြင့်စစ်သည်တော်တစ်ဦး၏ ခဏတာ အစွမ်းကုန် ရုန်းကန်မှုမှာ ထူးခြားသားရဲစစ်မြင်းများ၏ အရှိန်ကိုပင် ကျော်လွန်နိုင်သည်။

သူသည် မြှားများကို ထိပ်တိုက်ရင်ဆိုင် ခုခံရန် မစဉ်းစားတော့ပေ။ ထိုသို့လုပ်ခြင်းမှာ သူ၏ အင်အားကိုသာ ကုန်ဆုံးစေမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ပေါက်ကွဲထွက်လာသော အရှိန်ကို အသုံးချကာ မြှားများကို ရှောင်တိမ်းရင်း အကွာအဝေးကို အမြန်ဆုံး ချဉ်းကပ်ရန်သာ ဆုံးဖြတ်လိုက်သည်။

အနီးကပ် တိုက်ခိုက်ရမယ်..

ဤစကားလုံးနှစ်လုံးမှာ လန်ကျိဖိန်၏ စိတ်ထဲတွင် အထင်ရှားဆုံးသော အတွေး ဖြစ်လာသည်။ သူသည် တိုက်ခိုက်ရေးတွင် ညံ့ဖျင်းသည်ဆိုစေဦးတော့၊ ဆွန်ဒူရှန်ဆီက ဆင်းသက်လာသော လှံသိုင်းပညာကို တစ်ကြိမ်မျှပင် မတွေ့လိုက်ရဘဲ မသေလိုပေ။ အကယ်၍သာ အနီးကပ် တိုက်ခိုက်ခွင့် ရမည်ဆိုပါက သေရလျှင်ပင် နောင်တရတော့မည် မဟုတ်ပေ။

ဒုန်း...

ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို ကျော်လွန်၍ လှုပ်ရှားလိုက်သဖြင့် လန်ကျိဖိန်သည် အရိပ်တစ်ခုကဲ့သို့ ဖြစ်သွားပြီး မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်သွားသည်။ သူ၏ လှုပ်ရှားမှုများမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ခန့်မှန်းရခက်လှသည်။

ခြေလှမ်း ၈၀။

ခြေလှမ်း ၅၀။

နောက်ဆုံးတွင် ခြေလှမ်း ၃၀ သာ ကွာတော့သည်။ ချန်ဆန်းရှီသည် လေးကြိုးကို တင်းနေအောင် ဆွဲထားသော်လည်း မြှားကို လွှတ်မပစ်သေးပေ။

မှန်ပါသည်။ ဤမျှ မြန်ဆန်ပြီး ခန့်မှန်းရခက်သော လှုပ်ရှားမှုအောက်တွင် ချန်ဆန်းရှီအနေဖြင့် ပစ်မှတ်ကို အသေအချာ မချိန်ရွယ်နိုင်သေးပေ။

နောက်ဆုံး ခြေလှမ်း ၂၀ အကွာအဝေးသို့ ရောက်သောအခါ...

ဝုန်း..

လေးကြိုးသံမှာ တစ်ဖန် ပြန်လည် ထွက်ပေါ်လာသည်။ လန်ကျိဖိန်မှာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် မူလနေရာမှ ချက်ချင်းပင် လမ်းကြောင်းပြောင်း၍ ရှောင်လိုက်သည်။ သို့သော်... သူ ထိုမြှားကို မရှောင်နိုင်ခဲ့ပေ။

စောစောက မြှားမှာ ဤဘက်သို့ ဦးတည်နေခြင်း မဟုတ်သည်ကို သူ သေချာမြင်လိုက်ရသည်။ သူ ရှောင်နိုင်ခဲ့သင့်သည်။ ဘယ်လိုကြောင့် ဒီလို ဖြစ်သွားရသနည်း။

အကြောင်းရင်းကို စဉ်းစားရန် အချိန်မရှိတော့သဖြင့် သူသည် သူ၏ အင်အားအားလုံးကို ဝံပုလွေသွားပုဆိန် ထဲသို့ ထည့်သွင်းကာ ဝင်လာသောမြှားကို အစွမ်းကုန် ရိုက်ချလိုက်ပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ... သူ မြင်လိုက်ရသည်မှာ မြှားတစ်စင်း မဟုတ်တော့ပေ။ ၎င်းမှာ...

နဂါး တစ်ကောင်ပင် ဖြစ်သည်။

ဝုန်း...

ဤမြှားတွင် ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောလှသော စွမ်းအားများ ပါရှိနေပြီး လမ်းခရီးတွင် ရှိသမျှကို ဝါးမြိုပစ်မည့် သောင်းကျန်းနေသော နဂါးတစ်ကောင်နှင့် တူလှသည်။ ပုဆိန်နှင့် မြှား ထိမှန်သွားသောအခါ ခေါင်းလောင်းကြီးတစ်ခုကို ထုရိုက်လိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။

လန်ကျိဖိန်၏ လက်မောင်းနှစ်ဖက်မှာ ထုံကျင်သွားပြီး လက်မခြေရင်းမှာ ကွဲအက်သွားတော့သည်။ သူသည် လက်နက် လွင်မထွက်သွားစေရန် အင်အားအားလုံးသုံး၍ မြဲမြံစွာ ဆုပ်ကိုင်ထားသော်လည်း ပြင်းထန်သော ရိုက်ခတ်မှုကြောင့် နောက်သို့ ခြေလှမ်းအတော်များများ လွင့်ထွက်သွားကာ မာကျောသော မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းသွားတော့သည်။

ဝုန်း...

တတိယမြောက် မြှားမှာ ချက်ချင်း ရောက်မလာသေးပေ။ ထိုအချိန်အတွင်း လန်ကျိဖိန်မှာ သူ့ကိုယ်သူ ပြန်လည် ထိန်းကျောင်းနိုင်ခဲ့သည်။ သူသည် သေအံ့ဆဲဆဲ သားရဲတစ်ကောင်၏ အင်အားဖြင့် ဘေးဘက်သို့ ရှောင်တိမ်းလိုက်ရာ ယခုတစ်ကြိမ်တွင်မူ ကျိန်းသေ ရှောင်နိုင်မည်ဟု တွေးလိုက်မိသည်။

သို့သော်လည်း... သူ မရှောင်နိုင်ခဲ့ပြန်ပေ။

ဤလူ ပစ်လိုက်သော မြှားများမှာ အသက်ရှိသော နဂါးတစ်ကောင်ကဲ့သို့ပင် ရှောင်လွှဲ၍ မရနိုင်ဘဲ ဝိညာဉ်ကို နှုတ်ယူမည့်အလား ဖြစ်နေသည်။

ရှု..

ရင်ဘတ်အကာမှာ ရုတ်တရက် ကွဲအက်သွားသည်။ သုံးမြှောင့်ပုံစံမြှားမှာ သံချပ်ကာကို အသာလေး ဖောက်ထွက်သွားပြီး အရိုးများကို ကြေမွစေကာ နှလုံးတည့်တည့်သို့ စိုက်ဝင်သွားတော့သည်။ မြှားမှာ တစ်ဖက်သို့ ဖောက်ထွက်မသွားသော်လည်း မြှားအတွင်းမှ စွမ်းအားများက သူ၏ နှလုံးကို အစအနမကျန် ပေါက်ကွဲသွားစေခဲ့သည်။

"ဟင်း..."

လန်ကျိဖိန်၏ မျက်လုံးများ ပြူးထွက်လာပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ သူသည် ရင်ဘတ်ရှိ မြှားတံကို ဆုပ်ကိုင်လျက် မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားတော့သည်။ သူ သေဆုံးချိန်အထိ ဘာကြောင့် ရှောင်မရသလဲဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။ သူသည် အနီးကပ် တိုက်ခိုက်ခွင့်ပင် မရခဲ့သလို၊ တိုက်ခိုက်ရန် အရည်အချင်းပင် မပြည့်မီခဲ့ပေ။

နောက်ဆုံးတွင် သူသည် သွေးအိုင်ထဲ၌ မျက်လုံးအပြူးသားဖြင့် အသက်ပျောက်သွားတော့သည်။

ဖောက်..

ချန်ဆန်းရှီသည် မြင်းပေါ်မှနေ၍ လဲကျနေသော အလောင်းရှိ မြှားများကို အသာလေး ပြန်လည် ဆွဲထုတ်လိုက်သည်။ ဝိညဥ်သွေးကြောသစ်သားဖြင့် ပြုလုပ်ထားသော ဤမြှားများမှာ ၁၂ စင်းသာ ရှိသဖြင့် သူ အလဟဿ အဖြစ်မခံနိုင်ပေ။

သူ စောစောက အလျင်စလို မပစ်ခဲ့ခြင်းမှာ အင်အားကို စုဆောင်းနေသောကြောင့် ဖြစ်သည်။

ဤဒုတိယဗိုလ်ချုပ်မှာ အမည်မသိရသော်လည်း မဟာသွေးကြောအဆင့် အခြေခံ အဆင့် ရှိသူ ဖြစ်သည်။ အကယ်၍သာ အင်အားကို မစုဆောင်းဘဲ သာမန်အတိုင်း ပစ်ခဲ့မည်ဆိုပါက ဤမြှားသုံးစင်းနှင့် သူ သေဆုံးမည် မဟုတ်ပေ။

သွားစို့..

မြှားများကို ပြန်လည် သိမ်းဆည်းပြီးနောက် ချန်ဆန်းရှီသည် ထွက်ပြေးနေသော နန်ရွှီ မြင်းစီးတပ်သားများနောက်သို့ ထပ်မံ လိုက်လံ တိုက်ခိုက်ပြန်သည်။ လန်ကျိဖိန်နှင့် ရင်ဆိုင်ခဲ့ရခြင်းမှာ အသက်ရှူအကြိမ် အနည်းငယ်စာမျှသာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

မြှားတစ်စင်း ပစ်တိုင်း ကျန်ရှိနေသော မြင်းစီးတပ်သားများမှာ တဖြည်းဖြည်း နည်းပါးလာပြီး နောက်ဆုံးတွင် အဆင့်မြင့် အရာရှိ ဆယ်ဂဏန်းခန့်သာ ကျန်တော့သည်။ သူတို့ကို အမြန်ဆုံး သတ်ဖြတ်ရန်အတွက် သရဲသွေးကြောသစ်သားမြှားများကို သုံးရမည် ဖြစ်သည်။

ဤနေရာမှာ ရန်သူ့တပ်စခန်းနှင့် နီးကပ်နေသဖြင့် ကြာကြာနေရန် မသင့်သော်လည်း ချန်ဆန်းရှီသည် မြှားများကို ထပ်မံ အကုန်အကျ မခံလိုတော့ပေ။ ထို့ကြောင့် သူသည် လှံရှည်ကို ကိုင်ဆောင်ကာ လူအုပ်ထဲသို့ မြင်းဖြင့် တိုးဝင်လိုက်တော့သည်။ သူ့ကို ယှဉ်နိုင်သူတစ်ဦးမျှ မရှိဘဲ ဝိညာဉ်

ဖျက်လှံတစ်ခါ ဝေ့ယမ်းတိုင်း လူတစ်ယောက် လဲကျသွားရမြဲ ဖြစ်သည်။

ဒုန်း...ဒုန်း...ဒုန်း..

ပြင်းထန်သော မြင်းခွာသံများနှင့်အတူ နန်ရွှီနိုင်ငံမှ နောက်ထပ် မြင်းစီးတပ်သား သုံးထောင်ကျော် ရောက်ရှိလာပြန်သည်။ ချန်ဆန်းရှီသည် တမင်တကာပင် လူနှစ်ဦးကို အသက်ချမ်းသာပေးခဲ့ပြီး မြင်းဇက်ကို ဆွဲကာ ပျောက်ကွယ်သွားတော့သည်။

...

ဖန်ကျိုရှောင်သည် စခန်းအတွင်း၌ စိတ်မအေးနိုင်ဘဲ ရန်သူ့ဝင်ရောက်တိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်နေပြီးနောက် အခြေအနေကို ကိုယ်တိုင်ကြည့်ရှုရန် ထွက်လာခဲ့သည်။ ချန်ဆန်းရှီ တစ်ယောက်တည်း နန်ရွှီတပ်စခန်းရှေ့မှာ ဘာလုပ်ချင်နေတာလဲဆိုသည်ကို သိလို၍ ဖြစ်သည်။

သို့သော်... သူ မြင်လိုက်ရသည်မှာ နေရာအနှံ့ ပျံ့ကျဲနေသော အလောင်းများပင် ဖြစ်သည်။

အလောင်းတိုင်း၏ နှလုံးတည့်တည့်တွင် မြှားတစ်စင်းစီ စိုက်ဝင်နေသည်မှာ မြှားပစ်သမား ရာပေါင်းများစွာက ဝိုင်းဝန်းပစ်ခတ်ထားသကဲ့သို့ပင်။ တစ်ယောက်ချင်းစီမှာလည်း အလွန်ထူးချွန်သော မြှားပစ်ကျော်မော်များ ဖြစ်ပုံရသည်။

"ချုံခိုတိုက်ခိုက်ခံရပြီ"

"တပ်ဖြန့်ကြစမ်း" ဖန်ကျိုရှောင်က အော်ဟစ်လိုက်သည်။

မြင်းစီးတပ်သား သုံးထောင်မှာ ခံစစ်အနေအထားဖြင့် ဖြည်းဖြည်းချင်း ရှေ့သို့ တက်လာကြသည်။ ခြေလှမ်း ရာဂဏန်းခန့် ရောက်သောအခါ ဒဏ်ရာရထားသော စစ်သည်နှစ်ဦး အော်ဟစ်ကာ ထွက်ပြေးလာသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်တာလဲ" ဖန်ကျိုရှောင်က မေးမြန်းလိုက်သည်။

"ဒုတိယဗိုလ်ချုပ်လန် ဘယ်မှာလဲ။ ချုံခိုတိုက်တဲ့သူတွေကရော ဘယ်မှာလဲ"

"မင်းသား၁၄... ချုံခိုတိုက်တဲ့သူတွေ မရှိပါဘူး။ ကျွန်တော်တို့... ကျွန်တော်တို့ ဝိုင်းရံခံလိုက်ရတာ။ နေရာအနှံ့မှာ မြှားတွေချည်းပဲ"

ဗုန်း..

အသက်လု၍ ထွက်ပြေးလာရသော တပ်ကြပ်ကြီးမှာ မြင်းပေါ်မှ လွင့်ကျသွားတော့သည်။ သူသည် အသက်ကို နှုတ်ယူမည့် မြင်းဖြူကြီး လိုက်လာသလားဆိုသည်ကို နောက်လှည့်ကြည့်ရင်း စကားများမှာလည်း ဗလုံးဗထွေး ဖြစ်နေတော့သည်။

All Chapters