← Chapters

အခန်း (၃၄၀-၃၄၁)

Vol. 31 Ch. 340-341

အခန်း (၃၄၀-၃၄၁)

Vol. 31 Ch. 340-341

📝အပိုင်း - ၃၄၀

ဘာသာပြန် - Na Gar🐉

"ချုံခိုတိုက်တာလည်း မရှိဘဲနဲ့ ဝိုင်းရံခံလိုက်ရတယ် ဟုတ်လား"

ဖန်ကျိုရှောင်က မျက်မှောင်ကြုတ်လျက် "အဓိပ္ပာယ်မရှိတာ။ မင်း ဘာတွေပြောနေတာလဲဆိုတာ ကိုယ်တိုင်ရော သိရဲ့လား" ဟု ဆိုသည်။

"မြင်းဖြူစီးလာတဲ့ ချန်ဆန်းရှီ ပါ" အခြားတစ်ဦးက ပို၍ တည်ငြိမ်စွာဖြင့် ပြောသည်။

"သူက တစ်ယောက်တည်းပါပဲ။ ဒါပေမဲ့ သူ့ကို တားလို့လည်းမရဘူး၊ လိုက်ဖမ်းလို့လည်းမမီဘူး၊ ထွက်ပြေးဖို့ဆိုတာကတော့ ပိုတောင် မဖြစ်နိုင်ပါဘူး"

"မင်းပြောချင်တာက သူတစ်ယောက်တည်းနဲ့ ငါ့ရဲ့ တာ့ရွှီ မြင်းစီးတပ်သား ငါးရာကို သတ်ပစ်လိုက်တယ်ပေါ့ ဟုတ်လား"

ဖန်ကျိုရှောင်သည် တစ်ဖက်လူ၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို ကြည့်ရုံဖြင့် အဖြေကို သိရှိသွားသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မြင်းစီးတပ်သား ငါးရာလေ။ တကယ့်ကို လူငါးရာ။ အဲ့ဒီထဲမှာ မဟာသွေးကြောအဆင့် ရှိသူ နှစ်ယောက်နဲ့ ဟွာကျင်းအဆင့်တွေ အများကြီး ပါတာ။ ချန်ဆန်းရှီက စစ်ဗျူဟာမှာ ဘယ်လောက်ပဲ တော်တော်၊ သူကိုယ်တိုင်ကလည်း မဟာသွေးကြောအဆင့်ပဲ မဟုတ်လား။ မင်းတို့အားလုံးက ဝက်တွေလား"

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ အလောင်းများကို စစ်ဆေးကြည့်သောအခါ ဖြစ်သည်။

အများစုမှာ မြှားဒဏ်ရာဖြင့် သေဆုံးကြခြင်း ဖြစ်သည်။ လူတစ်ယောက်၊ လေးတစ်လက်၊ မြင်းဖြူတစ်စီး။ ထို့ပြင် လေးနှင့်မြှားက မဟာသွေးကြောအဆင့် ဗိုလ်ချုပ်တွေကို ဘယ်လိုသတ်နိုင်မှာလဲ။ ဒါဟာ တကယ်ကို မယုံနိုင်စရာပင် ဖြစ်သည်။

ဖန်ကျိုရှောင်၏ နောက်ကွယ်မှ ထောင်ပေါင်းများစွာသော မြင်းစီးတပ်သားများမှာလည်း ဒဏ္ဍာရီပုံပြင်တစ်ခုကို ကြားလိုက်ရသကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

"လူငါးရာတောင်..."

"ဗိုလ်ချုပ် နှစ်ယောက်..."

"ရန်သူ့အသားကိုတောင် မထိလိုက်ရဘဲ အသတ်ခံလိုက်ရတာလား..."

"..."

"လောကမှာ တကယ်ပဲ ဒီလောက် အစွမ်းထက်တဲ့သူ ရှိလို့လား..."

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"..."

နန်ရွှီ မြင်းစီးတပ်သားများ အံ့အားသင့်နေစဉ်မှာပင် ဟိန်းထွက်လာသော အသံတစ်ခု လေထုထဲ၌ ပျံ့လွင့်လာသည်။

"မင်းသား၁၄..."

"ငါ ချန်ဆန်းရှီ က စောစောက စကားပြောဖို့ လာခဲ့တာကို မင်းက ထွက်မလာခဲ့ဘူး။ ဒါဟာ တကယ်ကို ရိုင်းစရာကောင်းပါတယ်။ ငါ့ရဲ့ မြှားတစ်စင်းကိုတော့ လက်ခံလိုက်ပါဦး"

တစ်ကီလိုမီတာ အကွာအဝေး။ အဝေးကကြည့်လျှင် အဖြူစက်လေးတစ်ခုဟုသာ ထင်ရသည်။

သူ့အသံကို ကြားလိုက်ရချိန်မှာပင် မြှားတစ်စင်းမှာ သူတို့ဆီသို့ ပျံသန်းလာနေပြီ ဖြစ်သည်။ ဖန်ကျိုရှောင်သည် ထိတ်လန့်တကြားဖြင့်ပင် ဓားကိုဆွဲထုတ်ကာ ကာကွယ်လိုက်သည်။ ထိုအခါမှသာ ဤမြှားမှာ သာမန်မဟုတ်မှန်း သူ သိလိုက်ရသည်။

ဒေါင်..

သတ္တုချင်း ထိမှန်သံ ထွက်ပေါ်လာပြီး ဓားသွားပေါ်သို့ မြှားဦး ထိမှန်သည့်နေရာမှ မီးပွင့်များ လွင့်ထွက်သွားသည်။ ဖန်ကျိုရှောင်သည် နောက်ဆုံးအချိန်၌ သူ၏ အင်အားကို မြှင့်တင်နိုင်ခဲ့သော်လည်း ပြင်းထန်လှသော စွမ်းအားကြောင့် နောက်သို့ လွင့်ထွက်သွားကာ မြင်းပေါ်မှ ပြုတ်ကျသွားတော့သည်။

"မင်းသား၁၄ကို ကာကွယ်ကြ"

"တပ်ဖြန့်ကြစမ်း"

"ဒုန်း..ဒုန်း.."

မြင်းစီးတပ်သားများသည် စုဝေးကာ လူသားတံတိုင်းဖြင့် ရှေ့မှ ကာကွယ်လိုက်ကြသည်။

ဝှစ်..ဝှစ်...ဝှစ်......

နောက်ထပ် မြှား ဆယ်စင်းကျော်မှာ ဆက်တိုက်ဆိုသလို ပျံသန်းလာပြန်ရာ အဆင့်မြင့်ဗိုလ်ချုပ်များမှလွဲ၍ ကျန်ရှိသော စစ်သည်များမှာ နေရာတင် အသက်ပျောက်ကုန်ကြသည်။

"ဒိုင်းလွှားတွေ သုံးကြစမ်း"

"ဒိုင်းလွှားတွေ"

နက်နဲသံမဏိဒိုင်းလွှားများ ရောက်ရှိလာချိန်မှာတော့ နောက်ကျသွားပြီ ဖြစ်သည်။

"ကျိန်စာသင့်တဲ့မြှားပဲ၊ စွမ်းအားတွေကိုတောင် သိုလှောင်ထားနိုင်တာလား" ဖန်ကျိုရှောင်သည် သူ့ကို ထိမှန်ခဲ့သော မြှားကို ကောက်ယူကာ ဒေါသတကြီးဖြင့် နှစ်ပိုင်းချိုး၍ လွှင့်ပစ်လိုက်သည်။

"လိုက်ကြစမ်း"

"မင်းသား၁၄.. သူ မရှိတော့ဘူး"

"..."

ဝှစ်..ဝှစ်...ဝှစ်....

"လိုက်ကြ"

"သူ ထပ်ပျောက်သွားပြန်ပြီ"

ဤသို့ဖြင့် ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ထပ်မံ ဖြစ်ပွားခဲ့သည်။ နန်ရွှီ မြင်းစီးတပ်သားများမှာ နောက်ထပ် လူတစ်ရာကျော် ထပ်မံ ဆုံးရှုံးလိုက်ရပြန်သည်။ နာရီဝက်အတွင်းမှာပင် လူတစ်ယောက်တည်းကြောင့် စုစုပေါင်း လူခြောက်ရာခန့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

"ဆုတ်မယ်" ဖန်ကျိုရှောင်ကိုယ်တိုင်ပင် ထိတ်လန့်လာတော့သည်။

"စခန်းကို အမြန်ဆုတ်ကြစမ်း။ လူတိုင်း ကိုယ့်နေရာကိုယ်ယူထားကြ၊ ဘယ်သူမှ အပြင်မထွက်နဲ့"

သူတို့ စခန်းအတွင်းသို့ ဆုတ်ခွာသွားချိန်မှာပင် မြင်းဖြူစီးဗိုလ်ချုပ်မှာ ဇွဲကောင်းကောင်းဖြင့် လိုက်လံပစ်ခတ်နေဆဲဖြစ်ပြီး လူ ဆယ်ဂဏန်းခန့် ထပ်မံ သေဆုံးသွားရပြန်သည်။ ဘေးပတ်ပတ်လည်တွင် ဒိုင်းလွှားများကို အခိုင်အမာ တပ်ဆင်လိုက်ပြီးမှသာ အခြေအနေမှာ လုံးဝ တည်ငြိမ်သွားတော့သည်။

"ချုံခိုတိုက်ဖို့ ပြင်ကြ။ ဘေးဘက်မှာ ကြိုတင်ပြင်ဆင်ထားကြစမ်း။ သူ နောက်တစ်ခါ ထပ်လာရင် လုံးဝ ပြန်မသွားနိုင်အောင် လုပ်ရမယ်" ဖန်ကျိုရှောင်သည် စောစောက မြင်ကွင်းကို ပြန်တွေးကာ တုန်လှုပ်နေဆဲပင် ဖြစ်သည်။

"နောက်တန်းက ငါ့အစ်ကိုဆီကို အမြန်သွားပြီး အဆင့်မြင့်ဗိုလ်ချုပ် တစ်ယောက် ချက်ချင်းလွှတ်ပေးဖို့ ပြောလိုက်၊ မြန်မြန်သွား"

ယခုအခြေအနေအရ ရှေ့တန်းတပ်ဖွဲ့တွင် နက်နဲပုံရိပ်အဆင့်ရှိသော ဗိုလ်ချုပ်တစ်ဦးသာ ဦးဆောင်မှု မပေးနိုင်ပါက ရန်သူကို တိုက်ခိုက်ဖို့နေနေသာသာ၊ စခန်းချဖို့ပင် မလွယ်ကူတော့သည့် အခြေအနေ ဖြစ်နေသည်။

...

ဗဟိုတပ်မတော်အတွင်း။

ရန်ကျင်ရွှမ်သည် သူကိုင်ထားသော အစီရင်ခံစာကို ဖြည်းဖြည်းချင်း ချလိုက်ပြီး "ငါတို့က ချန်ဆန်းရှီ ကို ပုံမှန်မဟုတ်တဲ့ စစ်ဗျူဟာတွေကြောင့်ပဲ သတိထားမိခဲ့တာ။ သူ့ရဲ့ ပါရမီပါလှတဲ့ စစ်ပညာစွမ်းရည်ကြောင့် ကျင့်စဉ်လေ့ကျင့်ပြီး နှစ်နှစ်အတွင်းမှာတင် မဟာသွေးကြောအဆင့်ကို ရောက်ခဲ့တယ်ဆိုတာကိုတော့ ငါတို့ လျစ်လျူရှုမိခဲ့ကြတယ်"

"ဒါကတော့ နည်းနည်း ပိုလွန်းနေပြီ" ဖန်ရှုကျိန်းက မယုံကြည်နိုင်စွာဖြင့် ပြောသည်။

"ပုံမှန်အားဖြင့်တော့ နက်နဲပုံရိပ်အဆင့်ရှိတဲ့ သေတွင်းထောင်ချောက်ဗျူဟာမျိုးနဲ့ဆိုရင် ရန်သူ့ဘက်မှာ အဆင့်တူ ဗိုလ်ချုပ်တွေ ရှိနေရင်တောင် အလွန်ဆုံး လူငါးရာ၊ ခြောက်ရာလောက်ပဲ သေမှာလေ။ အခုဟာက သူက တစ်ချက်ကလေးတောင် ဒဏ်ရာမရဘဲ ပြန်သွားတာ။ အကယ်လို့ သူက နောက်ပိုင်းမှာ အဆင့်မြင့်သွားဦးမယ်ဆိုရင် ငါတို့ တိုက်နေဖို့တောင် လိုဦးမှာလား"

"ဗိုလ်ချုပ်ဖုန် ကို အကြောင်းကြားလိုက်ပါ"

ရန်ကျင်ရွှမ်က သက်ပြင်းချလျက် ပြောလိုက်သည်"သူ့ကို ဇီဝေတောင်ကနေ ရှေ့တန်းတပ်ဖွဲ့ဆီ ချက်ချင်း ပြန်လာခိုင်းလိုက်ပါ။ ငါတို့ လင်ကျိုးရဲ့ အခြေအနေကို တည်ငြိမ်အောင် လုပ်ပြီးတာနဲ့ ဟူလောင်တောင်ကြားဆီကို ချီတက်ကြမယ်"

"စစ်ဗျူဟာမှူး" ဖန်ရှုကျိန်းက မေးမြန်းလိုက်သည်။

"ဗိုလ်ချုပ် ဖုန်ယွင်ဟန် ရောက်လာတာနဲ့ အခြေအနေကို စမ်းသပ်ကြည့်ဖို့ သူတို့ကို အကြိမ်အနည်းငယ်လောက် တိုက်ခိုက်ခိုင်းသင့်လား။ ချန်ဆန်းရှီက ဟူလောင်တောင်ကြားမှာ လူသုံးသောင်းရှိတယ်လို့ ပြောနေတာ၊ လီဂုန်းက ငါတို့ကို လိမ်နေတာလည်း ဖြစ်နိုင်တယ်လေ"

"မလုပ်ပါနဲ့ဦး" ရန်ကျင်ရွှမ်က ကန့်ကွက်လိုက်သည်။

"ချန်ဆန်းရှီရဲ့ လုပ်ရပ်က အစွမ်းပြတာသက်သက် မဟုတ်ဘူး။ သူက တမင်တကာ လုပ်ခဲ့တာ။ အခုဖြစ်ပျက်သွားတာတွေကြောင့် ရှေ့တန်းတပ်ဖွဲ့က စစ်သည်တွေဟာ ထိတ်လန့်တုန်လှုပ်နေကြပြီ။ တိုက်တောင်မတိုက်ရသေးဘူး၊ သူတို့ရဲ့ စိတ်ဓာတ်တွေက အောက်ဆုံးကို ရောက်နေပြီ။ အခုအချိန်မှာ သူတို့ကို အတင်းတိုက်ခိုက်ခိုင်းတာဟာ အသေခံခိုင်းတာနဲ့ အတူတူပဲ၊ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။ အဲ့ဒီအစား ရှေ့တန်းတပ်ဖွဲ့ကို လက်ဝဲတပ်ဖွဲ့နဲ့ လဲလှယ်လိုက်ပါ။ ဗိုလ်ချုပ်ဖုန် ရောက်လာရင်တော့ ရှေ့တန်းမှာ ခုနစ်ရက်လောက် နားနားနေနေ နေစေပြီးမှ မြို့ကို တိုက်ဖို့ စဉ်းစားကြတာပေါ့"

"စစ်ဗျူဟာမှူးရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ကြရအောင်"

...

ညနေခင်းအချိန်။

ချန်ဆန်းရှီသည် စောစောက ဗျူဟာအတိုင်း ဆက်လက် မလုပ်ဆောင်တော့ပေ။ ရန်သူကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် အံ့အားသင့်အောင် လုပ်တာကတော့ အဆင်ပြေပေမဲ့ အခုအချိန်မှာ ထပ်သွားရင်တော့ သေချာပေါက် ပြင်ဆင်ထားတဲ့ ဝိုင်းရံပိတ်ဆို့မှုနဲ့ တိုးမှာ ဖြစ်သည်။

[စွမ်းရည် - လေးပညာ ( ပြီးပြည့်စုံခြင်း-ကန့်သတ်ချက်ကို ကျော်လွန်

သည့်အဆင့်)]

[တိုးတက်မှု့ - ၂၄၈ / ၂၀၀၀]

သူ တွက်ဆထားသည့်အတိုင်းပင် စွမ်းအားများကို သိုလှောင်ထားနိုင်သော လေးနှင့်မြှားမှာ စစ်မြေပြင်တွင် ဝိညာဉ်ကို ခြောက်လှန့်နိုင်သော လက်နက်တစ်ခု ဖြစ်နေသည်။ ၎င်းကို မြင်းဖြူကြီး နှင့် တွဲဖက်လိုက်

သောအခါတွင်မူ စစ်နတ်ဘုရားပင်လျှင် မလုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည်မျိုးကို ရရှိစေသည်။

စစ်နတ်ဘုရားသည်ပင် ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရဦးမည် ဖြစ်သည်။ သို့သော် သူကတော့ အရိပ်အယောင်မပြဘဲ တစ်ကီလိုမီတာ အကွာအဝေးကနေ အသက်များကို နှုတ်ယူနေခြင်း ဖြစ်ရာ ရန်သူ့တပ်မတော်အနေဖြင့် မကြောက်ဘဲ ဘယ်နေပါ့မလဲ။

သူ့ရည်မှန်းချက် အောင်မြင်ခဲ့ပြီ။

ဒါဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာတင် မဟုတ်တော့ပေ။ ဤအချိန်မှစ၍ ရန်သူ့တပ်မတော်၏ အရှုံးနိမိတ်မှာ တိတ်တဆိတ် ပေါ်ထွက်လာနေပြီ ဖြစ်သည်။

တပ်သား တစ်သိန်း ဟုတ်လား။

အနက်ရောင်သံချပ်ကာတပ်သုံးထောင်ကလည်း အနိုင်မတိုက်နိုင်စရာ အကြောင်းမရှိပေ။

📝အပိုင်း - ၃၄၁

ဘာသာပြန် - Na Gar🐉

[စွမ်းရည် - မြင်းစီးပညာ(သေးငယ်သောအောင်မြင်မှု့]

[တိုးတက်မှု့ - ၁၀၈၉ / ၂၀၀၀]

"တော်တယ် ရှောင်ရှင်း"

ချန်ဆန်းရှီသည် မြင်း၏လည်ဆံမွေးကို အသာအယာ ပွတ်သပ်ပေးလိုက်ရာ မြင်းဖြူကြီးက ဆုလာဘ်အပြင် ရေချိုးပေးရန်ပါ တောင်းဆိုသည့်အလား မူပြနေသည်။ ပြီးခဲ့သော တိုက်ပွဲအကြိမ်အနည်းငယ်မှာ တကယ့်ကို ပြင်းထန်လှသည်။ သူရော၊ သူ၏မြင်းရှောင်ရှင်းပါ သွေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။

"မင်းကတော့ တဖြည်းဖြည်းနဲ့ အလိုလိုက်ရခက်လာပြီပဲ" ချန်ဆန်းရှီက မှတ်ချက်ပေးလိုက်သည်။

ရှောင်ရှင်း၏ အစားအသောက် တောင်းဆိုမှုမှာ ပိုမိုမြင့်မားလာသလို၊ နေထိုင်မှု အခြေအနေကိုလည်း ပို၍ ဂရုစိုက်လာရသည်။ အမှန်စင်စစ် မြင်းကို အစာမကျွေးဘဲနှင့်တော့ ခရီးဝေးပြေးခိုင်း၍ မရနိုင်ပေ။ ထို့ပြင် တစ်နည်းအားဖြင့်ဆိုလျှင် ရှောင်ရှင်း၏ အခန်းကဏ္ဍမှာ မည်သည့်စစ်သည်တော်နှင့်မျှ အစားထိုး၍ မရနိုင်သဖြင့် ၎င်း၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရမည် ဖြစ်သည်။

သခင်နှင့် အိမ်မွေးတိရစ္ဆာန်မှာ ဟူလောင်တောင်ကြားသို့ ရောက်ရှိပြီးနောက် ဖီယဲ့မြစ် အနီးသို့ ရောက်လာကြသည်။ ဖီယဲ့မြစ်မှာ ကျားနန်မြစ် ၏ မြစ်လက်တက်တစ်ခု ဖြစ်သဖြင့် သင်္ဘောကြီးများ သွားလာရန် မကျယ်သော်လည်း ဘေးပတ်ပတ်လည်ရှိ စားကျက်မြေများမှာ အလွန်စိမ်းလန်းစိုပြည်သဖြင့် မြင်းများ ကျောင်းရန် သင့်တော်လှသည်။

ဟူလောင်တောင်ကြားအတွင်း၌ ရိက္ခာပြတ်လပ်မှု ရှိနေသည်။ နောင်တွင် ချန်ဆန်းရှီသည် ရှောင်ရှင်းကို ဦးဆောင်စေကာ စစ်မြင်းသုံးထောင်ကို အပြင်ထုတ်၍ မြင်းကျောင်းခိုင်းနိုင်သည်။ ဤနေရာမှာ နန်ရွှီ ကင်းထောက်များ လွယ်လွယ်ကူကူ မြင်နိုင်သော နေရာဖြစ်သော်လည်း တစ်ခါတစ်ရံတွင် မိမိ၏ လှုပ်ရှားမှုကို ရန်သူအား မြင်စေခြင်းက ပို၍ အကျိုးရှိတတ်သည်။

ချန်ဆန်းရှီသည် အသုံးဝင်သော အချက်အလက်များကို မှတ်သားပြီးနောက် မြစ်အတွင်း ရေချိုးကာ ရှောင်ရှင်း၏ အမွေးအမှင်များကို ဖြီးသင်ပေးလိုက်သည်။ သူတို့ တောင်ကြားသို့ ပြန်ရောက်ချိန်တွင် နောက်တစ်နေ့ အရုဏ်တက်ချိန်သို့ ရောက်နေပြီ ဖြစ်သည်။

"အရှင်"

ရှာချုံသည် တစ်ညလုံး ကင်းစောင့်နေခဲ့ပြီးနောက် အလျင်အမြန်ပင် လာရောက် နှုတ်ဆက်သည် "မနေ့က ဘယ်ကို သွားတာလဲခင်ဗျာ"

"ဟုတ်ပါတယ် အရှင်" အခြားသူများကလည်း ဝိုင်းအုံလာကြသည်။

မနေ့က ဗိုလ်ချုပ်ကြီး ပျောက်ကွယ်သွားသည်ကို မြင်သောအခါ တစ်ခုခု ဖြစ်သွားပြီဟု ထင်မှတ်ကာ စုံစမ်းရန် ကင်းထောက်များ လွှတ်ခဲ့ကြသည်။ သူတို့ တွေ့ရှိခဲ့သည်မှာ... နန်ရွှီတပ်ဖွဲ့ဝင်များ အလောင်းကောက်နေရခြင်းပင် ဖြစ်သည်။ လွင်ပြင်ပြင်ကြီးတွင် ထိန်းကျောင်းသူမဲ့ကာ ထိတ်လန့်တုန်လှုပ်နေသော မြင်းများစွာ ပြေးလွှားနေကြသည်။

ရန်သူ့တပ်စခန်းရှေ့တွင်လည်း လုံခြုံရေးကို အလွန်အမင်း တင်းကျပ်ထားရုံတင်မကဘဲ ဒိုင်းလွှားဗျူဟာများကိုပါ ပြင်ဆင်ထားကြသည်။ ကြည့်ရသည်မှာ သူတို့ အကြီးအကျယ် တိုက်ခိုက်ခံလိုက်ရသည့်အလား ဖြစ်နေသည်။ သို့သော်လည်း... ဗိုလ်ချုပ်ကြီးကတော့ တစ်ယောက်တည်း ထွက်သွားခဲ့ခြင်း ဖြစ်သည်။

"အမဲလိုက်သွားတာပါ" အားလုံး၏ မေးခွန်းများကို ချန်ဆန်းရှီက အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ဖန်ချင်းယွမ်သည် သူ၏ညီငယ် ဘာသွားလုပ်ခဲ့သည်ကို သဘောပေါက်သွားတော့သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်မိသည်။ လူတစ်ယောက်တည်းက မည်သို့သော ဗျူဟာကို သုံးနိုင်မည်နည်းဆိုသည်ကို သူ စောစောက နားမလည်ခဲ့ပေ။

သို့သော် တစ်ခါတစ်ရံတွင် မည်သည့် လှည့်ကွက်မှ မလိုပေ။ အတုမဲ့သော တိုက်ရည်ခိုက်ရည်သာလျှင် ရန်သူ ပြန်လည် မတုံ့ပြန်နိုင်သော အစစ်အမှန် ဗျူဟာ ဖြစ်သည်။ သူ၏ညီငယ်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ လေးနှင့်မြှားကို ကိုင်ဆောင်ထားသော သူသည် လူများကို မှော်အတတ်ဖြင့် သတ်ဖြတ်နေသည့်အလား ခံစားရစေသည်။

"ညီငယ်ရဲ့ ဒီလှုပ်ရှားမှုကြောင့် ရန်သူတွေကနောက်ထပ် ခုနစ်ရက်အတွင်း ပြန်တိုက်ရဲမှာ မဟုတ်တော့ဘူး" ဖန်ချင်းယွမ်က ဆိုသည်။

"ဒါပေမဲ့ ညီငယ်ရဲ့ တိုက်ခိုက်ပုံကို ကြည့်ရတာ သူတို့ကို အနားယူခွင့်ပေးပြီး စိတ်ဓာတ်တွေ ပြန်တက်လာအောင် စောင့်နေမှာ မဟုတ်ဘူး ထင်တယ်။ သူတို့ရဲ့ ရှေ့ပြေးတပ်ကို ထပ်ပြီး တိုက်ခိုက်ဖို့ ပြင်နေတာ မဟုတ်လား"

သူ ကောင်းကောင်းသိသည်။ ဤဖြစ်ရပ်ပြီးနောက် နန်ရွှီတပ်မတော်သည် ရှေ့တန်းကို ကွပ်ကဲရန် နက်နဲပုံရိပ်အဆင့်ရှိ ဗိုလ်ချုပ်များကို လွှတ်ရပေတော့မည်။ ရန်သူကို ထပ်မံ ထိုးနှက်လိုပါက ထိုဗိုလ်ချုပ်များ မရောက်မီ တိုက်ခိုက်ခြင်းမှာ အကောင်းဆုံး ဗျူဟာ ဖြစ်သည်။

"အစ်ကို ထင်တာ မှန်ပါတယ်"

ချန်ဆန်းရှီက "ကျွန်တော်တို့ ငါးရက်အတွင်းမှာ စတင် တိုက်စစ်ဆင်မယ်"

"..."

ရှာဝမ်လုံမှာ အံ့အားသင့်သွားရသည်။

"တိုက်စစ်ဆင်မယ် ဟုတ်လား"

"ဗိုလ်ချုပ်"

လူရှုဟွာက "ကင်းထောက်တွေရဲ့ သတင်းအရ နန်ရွှီတပ်စခန်းက အခိုင်အမာ ကာကွယ်ထားပြီး အပြင်ကို လုံးဝ ထွက်မလာကြဘူး။ သူတို့ရဲ့ သတိဝိရိယကလည်း အရမ်း မြင့်မားနေတယ်။ အကယ်လို့ ကျွန်တော်တို့က စွန့်စားပြီး ချဉ်းကပ်မယ်ဆိုရင်..."

"အဲ့ဒီအချိန်ကျရင် သူတို့ကို အပြင်ထွက်လာအောင် လုပ်ဖို့ ငါ့မှာ နည်းလမ်းရှိပါတယ်" ချန်ဆန်းရှီက ပြတ်သားစွာ ပြောလိုက်သည်။

"နောက်ရက်တွေမှာ ငါ့အတွက် ဗိုလ်ချုပ်ဝတ်စုံ အစုံ ၂၀ လောက် ရှာပေးပါ။ အဲ့ဒီထဲက ထက်ဝက်က ချင်နိုင်ငံက ဝတ်စုံတွေ ဖြစ်ရမယ်"

"ဗိုလ်ချုပ်ဝတ်စုံတွေလား" လူရှုဟွာက မေးသည်။

"အဆင့်မြင့်ဝတ်စုံတွေ အများကြီးကို ဘာအတွက် သုံးမှာလဲ"

"ဒါက အဆင်ပြေပါတယ်" တိန့်ဖုန်းက ဆိုသည်။

"အနီးအနားက စီရင်စု ရှစ်ခုမှာ အညံ့ခံခဲ့တဲ့ ဗိုလ်ချုပ်တွေရဲ့ ဝတ်စုံအားလုံးကို ယူလာဖို့ ငါ အမိန့်ပေးလိုက်ပါ့မယ်"

"ကောင်းပြီ" ချန်ဆန်းရှီက ဆက်လက် ညွှန်ကြားသည်။

"ဒါ့အပြင် ဒီနေ့ကစပြီး လူနှစ်ထောင်ကို မနက် ၅ နာရီမှာ ဖီယဲ့မြစ်ဆီ မြင်းကျောင်းလွှတ်လိုက်ပါ။ ညနေကျမှ ပြန်လာကြ။ ဒါကို ဖုံးကွယ်မထားဘဲ ပုံမှန်အတိုင်းပဲ လုပ်ဆောင်သွားကြ"

"မြင်းကျောင်းမယ် ဟုတ်လား။ ဟူလောင်တောင်ကြားမှာ ရိက္ခာနည်းနေတာကိုတော့ သိပါတယ်"

ရှာဝမ်လုံက ဇဝေဇဝါဖြင့် "ဒါပေမဲ့ မြင်းကျောင်းဖို့အတွက် လူနှစ်ထောင်အထိ မလိုပါဘူး။ ငါတို့ဆီမှာ ခုခံစစ်သည် စုစုပေါင်းက သုံးထောင်ကျော်ပဲ ရှိတာလေ"

ချန်ဆန်းရှီက သူ့စကားကို ဂရုမစိုက်ဘဲ အမိန့်ပေးပြီးနောက် အင်အားပြန်ပြည့်စေရန် အသားအချို့ကို စားလိုက်သည်။ ထို့နောက် ရိက္ခာအလုံအလောက်ဖြင့် ရှောင်ရှင်းပေါ်သို့ တက်ကာ ကျယ်ပြောလှသော လွင်ပြင်ကြီးအတွင်းသို့ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

သူသည် ပတ်ပတ်လည်မှနေ၍ အခြေအနေကို စောင့်ကြည့်ပြီး ဝိုင်းရံမခံရဘဲ မည်မျှအထိ သွားနိုင်သည်ကို တွက်ဆလိုက်သည်။ သူသည် တပ်စခန်းအနီးသို့ ကပ်၍မရသော်လည်း အပြင်ဘက်တွင် ဆက်လက် အမဲလိုက်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

ဝှစ်..ဝှစ်...ဝှစ်...

နန်ရွှီတပ်စခန်းအတွင်း...

အပြင်ထွက်လာသော ကင်းလှည့်တပ်ဖွဲ့ဝင် တစ်ဦးမျှ အသက်ရှင်လျက် ပြန်မလာနိုင်ကြပေ။ နှစ်ရက်အတွင်းမှာပင် နောက်ထပ် လူနှစ်ရာခန့်မှာ မြှားချက်များအောက်တွင် သေဆုံးသွားရပြန်သည်။

နောက်ဆုံးတွင် ကင်းလှည့်တပ်ဖွဲ့ဝင်များသည် လေးလံသော ဒိုင်းလွှားဝိုင်းကြီးများကို ကိုင်ဆောင်ကာ လေတိုက်သံ ကြားသည်နှင့် ဒိုင်းနောက်ကွယ်သို့ ပုန်းရန် အသင့်ပြင်ထားကြရသည်။ အချိန်မီ မပုန်းနိုင်သူများမှာလည်း ကိုယ်လက်အင်္ဂါ မသန်မစွမ်း ဖြစ်ကုန်ကြသည်။

မကြာမီ ငါးရက် ကုန်ဆုံးသွားခဲ့ပြီ။

စက္ကူပေါ်တွင် အင်အားတစ်သိန်းရှိသော တပ်မတော်ကြီးမှာ စခန်းချခြင်းမှလွဲ၍ အခြား မည်သည့် လှုပ်ရှားမှုမျှ မလုပ်နိုင်တော့ပေ။ ကင်းလှည့်သည့် နယ်မြေမှာလည်း တဖြည်းဖြန့် ကျဉ်းမြောင်းလာပြီး စခန်းနှင့် မိုင် ၂၀ ထက် ပိုဝေးသော နေရာသို့ မသွားရဲကြတော့ပေ။

"တကယ့်ကို အရှက်ရစရာပဲ" ဖန်ကျိုရှောင်သည် စခန်းအတွင်း၌ ဒေါသတကြီးဖြင့် ရှေ့က စားပွဲကို ရိုက်ချလိုက်သည်။

"ငါ့ရဲ့ တပ်သားတစ်သိန်းက လူတစ်ယောက်တည်းကြောင့် ဒီလို ဖြစ်နေရမှာလား"

"မင်းသား၁၄... ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘူးခင်ဗျာ"

"အခုအခြေအနေက အပြင်ထွက်တာနဲ့ သေဖို့ပဲ ရှိတာ"

"အထူးသဖြင့် သူ့ရဲ့ မြင်းက..."

"ဘယ်လိုမှ လိုက်လို့မမီတာပါ"

"..."

"ဗိုလ်ချုပ်ဖုန် ရောက်ဖို့ ဘယ်လောက် လိုသေးလဲ"

"လမ်းက အရမ်းဝေးနေတော့ အနည်းဆုံး နောက်ထပ် ခုနစ်ရက်၊ ရှစ်ရက်လောက် လိုပါဦးမယ်"

"ဒါဆို ငါ့အစ်ကိုဆီ အရင်သွားကြ" ဖန်ကျိုရှောင်က ဆိုသည်။

"သူ့ရဲ့ မြင်းစိမ်းကို ခဏငှားပေးဖို့နဲ့ မြင်းစီးတပ်သားတွေ သယ်ဆောင်နိုင်တဲ့ ထူထဲတဲ့ သံဒိုင်းလွှားဝိုင်းတွေ ပို့ပေးဖို့ ပြောလိုက်ပါ။ ပြီးတော့ လီဂုန်းကိုလည်း ဟူလောင်တောင်ကြားမှာ တပ်အင်အား ဘယ်လောက်ရှိသလဲနဲ့ လိုင်ပြည်နယ်ရဲ့ အခြေအနေ အမှန်ကို ပြောပြဖို့ မေးလိုက်ကြ။ ဒါဟာ နောက်လာမယ့် တိုက်ပွဲတွေအတွက် အရမ်း အရေးကြီးတယ်၊ ဘာတစ်ခုမှ မကျန်စေနဲ့"

All Chapters