နတ်မျက်စိ အမြစ်တွယ်ခြင်း
Vol. 11 Ch. 101
ထိုနေ့ မွန်းလွဲပိုင်းတွင် လခြမ်းတောင်ကြားရှိ ဆေးဖော်ဆောင် တစ်ခုလုံးသည် ကျောက်စိမ်းအမြုတေဆေးလုံးများ ဖော်စပ်ရန်အတွက် အပူတပြင်း အားထုတ်နေကြသည်။
ရလဒ်ကား…. ရင်နင့်စရာပင်။
ဆေးလုံးအားလုံး တစ်လုံးမကျန် ပျက်စီးသွားခဲ့ရသည်။
သို့သော် လော့ချန်သည်ကား စိတ်ဓာတ်ကျရမည့်အစား ထူးဆန်းစွာပင် ဝမ်းသာအားရ ဖြစ်နေပြီး ပျက်စီးသွားသော ကျောက်ခဲလုံးလေးများကို ရတနာတစ်ခုသဖွယ် ကောက်ယူစုဆောင်းနေတော့သည်။
အိမ်အပြန်လမ်းတွင်လည်း သူသည် ထိုအသုံးမဝင်သော ကျောက်ခဲလုံးလေးများအား ရှေးဦးပုလဲစွမ်းအားနှင့် ပေါင်းစပ်ကာ ကောင်းကင်နတ်သမီးပန်းကြဲခြင်း အတတ်ကို လက်တည့်စမ်း၍ ဟိုပစ်သည်ပစ် လုပ်နေခဲ့သည်။
သူ မှော်အတတ်ဖြင့် ပစ်လိုက်သော ကျောက်ခဲလုံးလေးများ ကျရာနေရာတိုင်းတွင် သစ်ပင်ပန်းမန်များ၊ မြက်ပင်များနှင့် ပိုးမွှားဖလံများမှာ မဆီမဆိုင် မြေစာပင်ဖြစ်ကာ အဝေးသို့ လွင့်စင်ကုန်ကြသည်။
လော့ချန် လက်တည့်စမ်းနေသည်ကို မြင်ရသော ကူချိုင်ယီနှင့် အစောင့်အရှောက် နှစ်ဦးမှာမူ လွတ်ရာကျွတ်ရာတွင်သာ ငြိမ်သက်စွာနေပြီး ခပ်လှမ်းလှမ်းမှသာ လိုက်ပါလာကြတော့သည်။
အိမ်သို့ ပြန်ရောက်သောအခါ လော့ချန်သည် မနေ့ညကဲ့သို့ အနှစ်သာရ မွေးမြူရည် ဆေးတစ်သုတ်ကို ထပ်မံပြင်ဆင်လိုက်သည်။
ဝိညာဉ်ကျောက် ၃၀၀ ဖိုးအထိ သုံးစွဲကာ ဝယ်ယူထားသော ဆေးကုန်ကြမ်းများမှာ အိုးပေါင်း သုံးဆယ်စာမျှ ဖော်စပ်ရန်အတွက် လုံလောက်လှပေသည်။
….
ခရမ်းလွှာတိမ်လွှာ ကြေးမီးဖို အတွင်း၌ ထိုင်နေစဉ် လော့ချန်၏ စိတ်ထဲတွင် မဆီမဆိုင် မေးခွန်းတစ်ခု ပေါ်လာမိသည်။
“တကယ်လို့များ ကျင့်ကြံသူတွေက ဒီဆေးဖိုထဲမှာ ငါကိုယ်တိုင် ဝင်စိမ်ထားတဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံးတွေကို မှီဝဲကြမယ်ဆိုရင်၊ သူတို့ဆီမှာ ငါ့စွမ်းအင်အစအနလေးတွေ ပါသွားမှာလား”
“တောက်.... ငါလည်း မဟုတ်မဟတ် တွေးမိပြန်ပြီ”
လော့ချန် သူ့ကိုယ်သူ ပြန်လည်ငေါက်ငမ်းလိုက်ပြီးနောက် နွေဦးကျင့်စဉ်ကို စကျင့်လိုက်သည်။ သူ၏ အာရုံပျံ့လွင့်မှုများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားတော့သည်။
အမှန်တကယ်တွင်မူ သူစိုးရိမ်သလို အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ချေ။
အကြောင်းမှာ လော့ချန်သည် ဆေးရည်ဖြင့်စိမ်ပြီးတိုင်း ဆေးဖိုအား စင်ကြယ်အောင် ပြန်သန့်စင်လေ့ရှိသည်။ ထိုမျှသာမက ဆေးဖော်စပ်စဉ်အတွင်း ထွက်ပေါ်လာသော နတ်မီးအလား ပြင်းထန်လှသည့် အပူရှိန်မှာ ကျန်ရှိနေသော မည်သည့်စွမ်းအင် အကြွင်းအကျန်ကိုမဆို ပြာကျအောင် လောင်ကျွမ်းပစ်နိုင်စွမ်း ရှိပေသည်။
ဘေးနားတွင် စိတ်ငြိမ်အမွှေးတိုင် တစ်တိုင်ကိုလည်း သူ ထွန်းညှိထားသည်။
နွေဦးကျင့်စဉ်သည် တငြိမ့်ငြိမ့် လည်ပတ်နေပြီး ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို စုပ်ယူကာ သူ၏ ကိုယ်ပိုင်ချီစွမ်းအားများ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲပေးနေသည်။
ဆေးဖက်ဝင် ပစ္စည်းများနှင့် ပေါင်းစပ်ထားသော အနှစ်သာရမွေးမြူရည်၏ အာနိသင် ကောင်းများသည် လော့ချန်၏ အရေပြားမှတစ်ဆင့် ကြွက်သား၊ အကြောနှင့် သွေးသားများအတွင်းသို့ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားကာ ဇီဝစွမ်းအား မြစ်ကြောင်းများ အဖြစ်သို့ ကူးပြောင်းသွားတော့သည်။
ဤသို့ဖြင့် တစ်နေ့တာမှာ တရွေ့ရွေ့နှင့် ကုန်ဆုံးသွားခဲ့သည်။
….
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ လော့ချန်တစ်ယောက် ကြားရခဲလှသော ကြက်တွန်သံနှင့်အတူ နိုးထလာခဲ့သည်။
“ဟင်…. ဘယ်က ကြက်တွန်သံများပါလိမ့်”
လော့ချန်၏ အကြည့်မှာ အရှေ့ဘက်ဆောင် အခန်းဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။
ကူချိုင်ယီသည်လည်း နိုးနေပြီဖြစ်ကာ သိလိုစိတ်ဖြင့် ထိုအခန်းဘက်သို့ လှမ်းကြည့်နေသည်။
ထိုအခိုက်တွင် သူတို့ ကြည့်နေသောအခန်း၏ အိမ်ရှေ့ တံခါးမှာ ကျွိခနဲ ပွင့်လာသည်။
စူးရှသော မျက်ဝန်းတစ်စုံနှင့် အေးစက်စက် မျက်နှာထားကို ပိုင်ဆိုင်ထားသည့် ဝတ်ရုံဖြူဝတ် အမျိုးသားတစ်ဦး ထွက်လာသည်။
သူသည် လော့ချန်နှင့် ကူချိုင်ယီအား ခဏမျှ လှမ်းကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ ခြံဝင်းအတွင်းမှ ထွက်ခွာသွားသည်။
လော့ချန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ထိုသူ၏ နောက်ကျောကို လက်ညှိုးထိုးကာ “ဟာ တကယ့် ရိုင်းတဲ့လူပဲ” ဟု ဆိုလိုက်သည်။
“သူက အိမ်နီးချင်းအသစ်လား လော့ချန်ရေ”
ကူချိုင်ယီက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
မနေ့ကမှ ဖူရှို့ရှို့ ပြောင်းသွားသဖြင့် အရှေ့ဘက်ဆောင်အခန်း လူလွတ်နေသည်ကို သိထားသော်လည်း ညတွင်းချင်းပင် လူသစ်တစ်ယောက် ရောက်လာသည်ကို အနည်းငယ် အံ့ဩနေကြသည်။ ထို့အပြင် ကြည့်ရသည်မှာ ထိုလူမှာ ခင်မင်စရာကောင်းသည့် ပုံစံမျိုးလည်း မဟုတ်ပေ။ လူမှုဝတ္တရားအရ ဝတ်ကျေတန်းကျေ နှုတ်ဆက်ခြင်းပင် မရှိချေ။
ထိုအခိုက်….။
“အဲ့လူသစ်က စွန်းရှို့ ခေါ်လာတဲ့ အိမ်ငှားလေ”
ချင်လျန်ချန်း၏ အသံ ထွက်ပေါ်လာသည်။ သူသည် အိမ်ထဲမှ ထွက်လာပြီး ပျင်းပျင်းရိရိနှင့် သမ်းဝေကာ အကြောဆန့်နေသည်။
“သူက ဒီအနီးအနားက တွမ် ကျင့်ကြံသူ မိသားစုကပဲ၊ နာမည်က တွမ်ဖုန်းတဲ့ကွ”
ချင်လျန်ချန်းသည် သူတို့ထဲတွင် အေးအေးဆေးဆေး နေတတ်ဆုံးသူ ဖြစ်သည်။ တာဝန်ဝတ္တရား သိပ်မရှိသော အကြီးအကဲ ရာထူးကို ရထားသူဖြစ်၍ ပတ်ဝန်းကျင်ရှိ သတင်းအစအနများကို အမြဲ နှံ့နှံ့စပ်စပ်သိနေတတ်သည်။
“တွမ်မိသားစုလား၊ သူတို့မှာ ရေခဲမီးဝိညာဉ်စမ်းရေ ရှိတယ် မဟုတ်လား၊ ဝိညာဉ်ကြော စစ်စစ်အဆင့်အထိ မရောက်သေးပေမဲ့ အရည်အသွေးကတော့ ပထမအဆင့် ဝိညာဉ်ကြောနဲ့ မခြားဘူးလေ၊ အဲဒီလိုနေရာကလူက ဘာလို့ ဒီနားအထိ လာနေရတာလဲ”
“မိသားစု အတွင်းရေးလေးတွေ ရှိလို့နေမှာပေါ့ကွာ….”
ချင်လျန်ချန်းက ပုခုံးတွန့်ကာ ပြန်ဖြေသည်။
“တွမ်ဖုန်းက ဆွေမျိုးသားချင်းတွေနဲ့ ပြဿနာတက်ထားတယ်လို့ ကြားတယ်၊ သူ့ မိသားစုထဲမှာတော့ သူတစ်ယောက်ပဲ ကျန်တော့တာလေ”
“အဲဒါနဲ့ပဲ မြို့ထဲကို တစ်ယောက်ထဲ ပြောင်းလာတာလား၊ အဓိပ္ပာယ်မရှိလိုက်တာ”
လော့ချန် ပွစိပွစိ ပြောရင်း ခေါင်းခါလိုက်သည်။
ချင်လျန်ချန်းက ပုခုံးတွန့်ပြရင်း ဆိုသည်။
“အဓိပ္ပာယ်ရှိလား မရှိလား ဘယ်သူက ဂရုစိုက်မှာလဲ၊ ငါ့အထင်တော့ ဒီနေရာက အဆုံးအဖြတ်စင်မြင့်နဲ့ နီးလို့ ပြောင်းလာတာဖြစ်မယ်၊ ဘာလို့ဆို သူ့နာမည်က တာဟဲဈေးမြို့တော်ရဲ့ ထူးချွန်ပါရမီရှင်စာရင်းမှာ အဆင့် ၁၉ ရှိတယ်ကွ”
ဦးလေးချင်၏ ရှင်းပြချက်ကြောင့် လော့ချန် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
အမှန်စင်စစ် တာဟဲဈေးမြို့တော်တွင် ဤသို့သော ကျင့်ကြံသူအုပ်စုတစ်စု ရှိနေသည်။ ထိုသူတို့သည် ထူးခြားသော အတတ်ပညာ တစ်ခုခု မရှိကြသလို၊ ဖိုရှန်းဂိုဏ်း သို့မဟုတ် တာကျန်းဂိုဏ်းများကဲ့သို့ ဂိုဏ်းများအပေါ် မှီခိုကျင့်ကြံသူများလည်း မဟုတ်ကြပေ။
သူတို့၏ ကျင့်ကြံမှုနည်းလမ်းမှာ စင်မြင့်ထက်ရှိ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကာ ရလာသော ဆုလာဘ်များကို ယူခြင်း ဖြစ်သည်။ တွမ်မျိုးရိုးမှ အပယ်ခံထားရသော တွမ်ဖုန်းသည် ထိုလမ်းစဉ်ကို ရွေးချယ်ထားခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
“ဒါနဲ့.... သူက တိုက်ခိုက်ရေးမှာ တကယ်တော်လို့လား”
ချင်လျန်ချန်းက ခဏတာ စဉ်းစားပြီးနောက် ဆိုသည်။
“မဆိုးပါဘူး၊ ဟိုးအရင် ငါ လက်ရည်တက်ချိန်ကထက် အားနည်းပေမဲ့၊ အခု လက်ရှိ ငါ့အခြေအနေထက်တော့ နည်းနည်း ပိုသာတယ်”
အချိန်ကြာလာသည်နှင့်အမျှ ချင်လျန်ချန်းသည် သူ၏ ပြန်ဆက်ထားသော လက်မောင်းနှင့် အသားကျလာခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကာ ချီသန့်စင်အဆင့် ၉ သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
လော့ချန် မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“တိုက်ခိုက်တတ်ရုံနဲ့ ဘာထူးမှာလဲဗျာ၊ လောကကြီးမှာ အာဏာနဲ့ အဆက်အသွယ်ကောင်းရှိဖို့ ကသာ အရေးကြီးဆုံးပဲ၊ အလကားပါဗျာ.... အရိုင်းအစိုင်း လူတောမတိုးတဲ့ကောင်”
နှစ်ပြားမတန်အောင် ဝေဖန်ပြီးနောက် လော့ချန်တစ်ယောက် ကူချိုင်ယီနှင့် အတူ အိမ်မှ ထွက်လာခဲ့သည်။
သူတို့ သွားနေသည်မှာ ကျောက်စိမ်းအိုးဓားနန်းဆောင် ဆီသို့ ဖြစ်သည်။
အချိန်စောလွန်းနေသေးသဖြင့် ဆိုင်ခန်းနှင့် ကျောက်ဖြူ ရင်ပြင် တစ်ဝိုက်တွင် လူသိပ်မရှိသေးပေ။
“ဟေ ဟိုမှာ.... ရှောင်ယွဲ့ အစောကြီး ဆိုင်ထွက်နေပြီပဲ”
လော့ချန် လက်ပြနှုတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် မနက်က မြင်ခဲ့သော ဝတ်ရုံဖြူအမျိုးသားအား ဘေး၌ လှမ်းမြင်လိုက်ရသည်။ ထိုလူမှာ တွမ်ဖုန်းပင် ဖြစ်သည်။
ထို လူမှုရေးခေါင်းပါးသော အိမ်နီးချင်းအသစ်သည် ရှောင်ယွဲ့၏ ဆိုင်သို့ ခပ်သုတ်သုတ်သွားကာ ဆယ်နှစ်သက်တမ်းရှိသော နာနတ်ဝိုင် တစ်ပုလင်းအား ဝယ်ယူလိုက်သည်။ လော့ချန်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။
“လူတောမတိုးတဲ့ကောင်လို့ ထင်နေတာ၊ ရေလျှံတဲ့သူဖြစ်နေတာပဲ၊ ဟားဟား…. ”
လော့ချန် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ ခပ်မြန်မြန်သွားကာ ပြုံးဖြီးနေသော မျက်နှာဖြင့် နှုတ်ဆက်လိုက်သည်။
“ဗျို့ မိတ်ဆွေကြီး.... ကိုယ့်ကိုယ်ကို မိတ်ဆက်ပါရစေ၊ ကျွန်တော်က လော့ချန်ပါ၊ ခင်ဗျားနဲ့ မနက်က တွေ့လိုက်ရတဲ့ အိမ်နီးချင်းလေ၊ ဒီဘက်က အလှပဂေးလေးကတော့ ဆေးခန်းမဆောင်က ကူချိုင်ယီ ပါ”
တွမ်ဖုန်းက သိပ်အရေးထားဟန်မရှိပဲ ခပ်တိုတို ခပ်ပြတ်ပြတ် လေသံဖြင့် ဆိုသည်။
“ငါက တွမ်ဖုန်း”
“ဟာ…. နာမည်က အမိုက်စားပါလား၊ ဓားသွားက သွေးမှထက်တာ ဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ ဒီနေ့ပြိုင်ပွဲမှာလည်း မိတ်ဆွေတွမ်ရဲ့ ထက်တဲ့ ဓားသွားက ရန်သူကို သေချာပေါက် ချေမှုန်းနိုင်မှာပါ ဗျာ” ဟု လော့ချန် တက်ကြွစွာ မြှောက်ပင့်ပြောလိုက်သည်။
တွမ်ဖုန်းက အေးစက်စက် ကြည့်လိုက်ကာ ဆိုသည်။
“နန်ကုန်းချင်းက သာမာန်လူတွေလို သွေးကြောင်ပြီး လျှော့တွက်လို့ရတဲ့လူ မဟုတ်ဘူး”
လော့ချန်၏ အပြုံးမှာ ခေတ္တမျှ လမ်းခုလတ်တွင် ရပ်သွားပြီး သူ၏ နဖူးပေါ်တွင် သွေးကြောများပင် ထောင်တက်လာသည်။
‘ဟ…. ဘာလဲ အဲ့အကြည့်တွေက…. ငါ့ကို သွေးကြောင်တဲ့သူလို့ ပြောချင်နေတာလား’
‘ဟွန့်…. ငါ့ဆိုင်က စျေးဝယ်သူသာ မဟုတ်ရင် မီးလုံးဆယ်လုံးလောက်နဲ့ ဆော်ထည့်လိုက်ပြီ’
လော့ချန် စိတ်ထဲမှ စိတ်တိုတိုနှင့် ကျိန်ဆဲနေသော်လည်း မျက်နှာတွင်မူ ပန်းပွင့်အလား ဝေဆာသော အပြုံးကြီးတစ်ခုကို ဆက်လက် ဆင်မြန်းထားဆဲ ဖြစ်သည်။
“ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ ဝိုင်ကို သောက်ပြီးသွားရင် ခင်ဗျားရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တဟုန်ထိုး တိုးတက်လာမှာပါ”
လော့ချန် ခေါင်းမော့ရင်ကော့၍ ပြောလိုက်သည်။
ထို့နောက် ရှောင်ယွဲ့ဘက်သို့ လှည့်ကာ မှာလိုက်သည်။
“ရှောင်ယွဲ့ရေ.... ဒီအစ်ကိုက ငါ့အိမ်နီးချင်းပဲ၊ နောက်ဆိုရင် သူ့ကို ဈေးလျှော့ပေးလိုက်နော်၊ နာနတ်ဝိုင် ဆယ်ပုလင်းဝယ်ရင် နတ်ပဲစေ့လှော် တစ်ထုပ် အလကား ပေးလိုက်စမ်း ကြားလား”
“ဟုတ်ကဲ့ရှင့် သေချာမှတ်ထားလိုက်မယ် အစ်ကိုကြီးလော့”
ရှောင်ယွဲ့က ချိုသာစွာ ပြန်ဖြေလိုက်ရင်း တွမ်ဖုန်း၏ မျက်နှာကို မှတ်သားလိုက်တော့သည်။
ထိုအခါမှသာ တွမ်ဖုန်းတစ်ယောက် ဤဆိုင်မှာ လော့ချန်၏ ဆိုင်မှန်း သိသွားဟန်ရှိပြီး ခေါင်းတစ်ချက်ညိတ်ပြကာ “ကျေးဇူးတင်ပါတယ်ဗျ” ဟု ပြောလိုက်သည်။
ထို့နောက် ဘာစကားမျှ မဆိုဘဲ အဆုံးအဖြတ်စင်မြင့် ရှိရာဆီသို့ ထွက်သွားတော့သည်။
ဘေးမှ အဖြစ်အပျက်တစ်ခုလုံးကို မြင်နေရသော ကူချိုင်ယီက ရယ်မောလိုက်သည်။
“အမလေးတော်…. ခါတိုင်း အင်မတန် ကပ်စေးနှဲတဲ့ ဆိုင်ရှင်ကြီး…. ဒီနေ့ကျမှ တယ်ရက်ရောနေပါလား”
လော့ချန် စပ်ဖြဲဖြဲနှင့် ပြန်ပက်လိုက်သည်။
“ဟဲဟဲ…. ကျွန်တော်က ကျွန်တော့် အိမ်နီးနားချင်းတွေအပေါ်မှာ ရက်ရောပါတယ်”
အမှန်စစ်စစ် ဤသည်မှာလည်း စီးပွားရေးဆိုင်ရာ နည်းဗျူဟာတစ်ခု ဖြစ်သည်ကိုမူ သူ ဝန်ခံမည် မဟုတ်ချေ။ ထိုသို့လက်ဖွာပြီး အကောင်းကြိုက်သူများသည် နတ်ပဲစေ့လှော်နှင့် ဝိုင်တွဲသောက်ရသည့် အရသာကို စွဲလမ်းသွားသည်နှင့် နောက်တွင်လည်း သူ့ဆိုင်တွင်သာ အမြဲလာဝယ်ပေလိမ့်မည်။
ဝိညာဉ်ကျောက် ရှာဖွေခြင်းဆိုသည်မှာ နည်းဗျူဟာ လိုအပ်ပေသည်။
“ကဲ ကျွန်တော်တို့ လခြမ်းတောင်ကြားကို ခပ်သွက်သွက်လေး သွားကြရအောင်၊ ဒီနေ့တော့ ဘယ်လိုမှ အရှုံးမခံနိုင်ဘူး”
လော့ချန် ယုံကြည်ချက်ရှိရှိ ကြုံးဝါးလိုက်သည်။
ထို့နောက် သူ၏ ဝတ်ရုံလက်စကို ခါယမ်းကာ ခိုင်မာသော ယုံကြည်ချက်များဖြင့် ရှေ့သို့ လှမ်းတက်သွားတော့သည်။
သို့ရာတွင် မနေ့က သုံးကြိမ်တိုင်တိုင် ဆေးဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် ယနေ့တွင်မူ မျှော်လင့်ချက် သိပ်မထားခဲ့ပေ။
….
အံ့ဩစရာကောင်းစွာပင် ကံတရားသည် ဤတစ်ကြိမ်တွင်မူ လော့ချန် ဘက်တွင် ရှိနေခဲ့သည်။
မွန်းလွဲပိုင်းသို့ ရောက်သောအခါ ကျောက်စိမ်းအမြုတေဆေးလုံး တစ်သုတ်ကို သူ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
အောင်မြင်သော ဆေးလုံးများအား သူ အယုံကြည်ရဆုံး ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုထံမှ ရရှိခြင်း ဖြစ်သည်။ ဆေးဖော်စပ်ခန်းအတွင်း၌ စနစ်တကျ ရှိနေသော ကျောက်စိမ်းအမြုတေ ဆေးလုံး အလုံးနှစ်ဆယ်ကို မြင်တွေ့လိုက်ရသည့်အခါ လော့ချန် စိတ်အေးသွားကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
အစပိုင်း၌ ကျရှုံးနှုန်းမှာ အလွန်ပင် မြင့်ပြီး ဆယ်ကြိမ်ဖော်မှ တစ်ကြိမ်သာ အောင်မြင်ရန် နီးစပ်ပေသည်။ သို့သော် လော့ချန် သိထားသည်မှာ သူ၏ ကျွမ်းကျင်မှု တိုးတက်လာသည်နှင့်အမျှ အောင်မြင်မှုနှုန်းမှာလည်း လိုက်ပါ မြင့်တက်လာပေလိမ့်မည်။
“အဘိုးကြီး မီရှုဟွာ တစ်ယောက်တော့ လက်ကားဆေးတိုက်တွေနဲ့ လိုက်ချိတ်နေပြီထင်တယ်” ဟု လော့ချန် စိတ်ထဲမှ တွေးတောနေမိသည်။
သို့သော် သူ၏ အတွေးများ မဆုံးမီမှာပင် သူ၏ မျက်စိနှစ်ဖက်ထဲသို့ စူးရှသော နာကျင်မှုတစ်ခု ရုတ်တရက်တိုးဝင်လာသည်။ သူ၏ အမြင်အာရုံမှာ ဝေဝါးသွားပြီး မျက်လုံးထောင့်နှစ်ဖက်မှ သွေးစက်အချို့ ထူးဆန်းစွာ စီးကျလာခဲ့သည်။ သူ နာကျင်မှုကြောင့် မျက်လုံးများကို တင်းတင်းပိတ်ထားလိုက်မိသည်။
“လော့ချန်ရေ…. ဘာဖြစ်တာလဲ၊ သတိထားဦး….”
ကူချိုင်ယီ၏ စိုးရိမ်တကြီး အော်ဟစ်သံမှာ ဘေးနားမှ ထွက်ပေါ်လာသည်။
သူမအား လက်ကာပြရင်း လော့ချန် အားတင်းကာ ပြုံးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ လုပ်စရာရှိတာ ဆက်လုပ်ကြပါ၊ ကျွန်တော် ခဏလောက် အထဲဝင် နားမှဖြစ်မယ်၊ ဆေးဖော်နေတုန်း နတ်မျက်စိ မှော်အတတ်ကို တအားသုံးလိုက်မိလို့ ထင်တယ်၊ မျက်လုံးတွေ အနားယူဖို့ လိုနေပြီ”
သူ ကျောက်တုံးအိမ်လေးထဲသို့ ယိုင်တိယိုင်တိုင်နှင့် ဝင်သွားသည်ကို ကူချိုင်ယီ မျက်မှောင်ကြုတ်လျက် ကြည့်နေခဲ့သည်။
….
ကျောက်တုံးအိမ်အတွင်း၌….။
လော့ချန် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သွေးစများကို သုတ်လိုက်သည်။ အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်သည်။
သို့သော် တစ်ခုခု ပြောင်းလဲသွားသည်ကို သူ ခံစားနေရသည်။
သူ၏ မျက်လုံးများထဲတွင် ကမ္ဘာကြီးမှာ ရုတ်တရက် ပိုမို ထင်ရှားကာ သက်ဝင်လှုပ်ရှားလာသည်။ အခန်းအတွင်း၌ နူးညံ့သော ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေသလို၊ ကြမ်းပြင်အောက်မှလည်း အဆက်မပြတ် လှုပ်ခတ်နေသော ချီစွမ်းအင် လှိုင်းများကို သူ ခံစားနေရသည်။ ထိုစွမ်းအင်များ ထွက်ပေါ်ရာ အရင်းအမြစ်မှာ မြေအောက်အနက်ပိုင်းတွင် ရှိနေသည်ကို သူ မြင်တွေ့နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ထိုမျှသာမက သူ အခြားသော အရာများကိုလည်း မြင်တွေ့နေရသည်။
သူ၏ ကျောက်တုံးအိမ်အား ဝန်းရံထားသော အပြာရောင် အလင်းအကာအရံကြီး၏ တည်ဆောက်ပုံကိုပါ သူ အထင်အရှား မြင်နေရသည်။
အပြင်ဘက် ဆေးဖော်ဆောင်အတွင်းရှိ ကျင့်ကြံသူများသည်လည်း သာမန်လူရိပ်များ မဟုတ်တော့ဘဲ ချီစွမ်းအားများ၏ ထူးခြားလှသော အလင်းရောင်ခြည်များဖြင့် ဖြာထွက်နေကြသည်။
ရုတ်တရက် လော့ချန် မူးဝေလာသည်။
သူ အသက်ကို အောင့်ထားလိုက်မိပြီး နှလုံးခုန်သံ များမှာလည်း မြန်ဆန်လာတော့သည်။ သူ့အထင်အရ နတ်မျက်စိ မှော်အတတ်သည် ပါရမီရှင်အဆင့် ရောက်ရှိသွားပြီ ဖြစ်သည်။
နတ်မျက်စိသည် သူ၏ ပကတိ မျက်လုံးအစုံအား အသစ်တစ်ဖန် ပြန်လည်ဆေးကြော လိုက်သကဲ့သို့ သူ ခံစားရသည်။ ယခုအခါ မှော်အတတ်ကို အသက်သွင်းရန်အတွက် သူ လက်ဟန်ခြေဟန်များ လုပ်ရန် မလိုတော့ပေ။
ဤမှော်အတတ်သည် သူ၏ အမြင်အာရုံနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
စိတ်ကူးလိုက်ရုံမျှဖြင့် နတ်မျက်စိမှာ အားစိုက်စရာမလိုဘဲ အလိုလို အသက်ဝင်လာတော့သည်။
သို့တင်မကဘဲ ချီစွမ်းအင် လှုပ်ခတ်မှုများအပေါ် သူ၏ အာရုံခံစားနိုင်စွမ်းမှာလည်း ဆယ်ဆထက်မက ပိုမို စူးရှလာခဲ့သည်။
သူ၏ အကြည့်မှာ အပေါ်အောက်၊ ဘယ်ညာ၊ နီးဝေး အနှံ့ လှည့်လည်ကြည့်ရှုနေမိသည်။ ရုတ်တရက် သူ့ အကြည့်မှာ အခင်းကြမ်းပြင်ပေါ်၌ ရပ်တန့်သွားသည်။ သူသည် ထူထဲလှသော ကျောက်သားထပ်ပေါင်းများစွာကို ထွင်းဖောက်မြင်နေရပြီး မြေကမ္ဘာ၏ သွေးကြောများအထိ မြင်ရသလို ခံစားလိုက်ရသည်။
“သြော်…. ငါ့အနားလေး မှာတင် ဒီလောက် အားကောင်းတဲ့ ချီစွမ်းအင်တွေ ရှိနေတာပါလား”