လျှို့ဝှက်မြေအောက်နေရာ
Vol. 11 Ch. 102
လခြမ်းတောင်ကြား၏ မြေအောက်ဖက် အလွန်နက်ရှိုင်းလှသော တစ်နေရာ၌ လူမသိ သူမသိ တဖျတ်ဖျတ် တလက်လက်တောက်ပနေသော ချီစွမ်းအင်များ အမှန်တကယ်ပင် ရှိနေသည်။
လော့ချန်သည် ထိုအမြင်အာရုံကြောင့် ခေတ္တမျှ မှင်တက်သွားမိသော်လည်း၊ မကြာမီမှာပင် သူ၏ ဦးနှောက်အတွင်း၌ အခြေအနေမှန်ကို နားလည်သဘောပေါက်လာတော့သည်။
သူ ချက်ချင်းလက်ငင်း အလောသုံးဆယ် မလှုပ်ရှားခဲ့ပေ။
လော့ချန် တည်ငြိမ်စွာဖြင့် ကျောက်တုံးအိမ်လေးထဲမှ ထွက်လာပြီး ကူချိုင်ယီနှင့် အခြားသူများ၏ ရှေ့တွင် ခဏ မျက်နှာပြလိုက်သည်။ သူ ဘာမှမဖြစ်ကြောင်း သိစေရန် ရွှင်လန်းသော အပြုံးတစ်ခုကိုပါ ဟန်လုပ် ပြသလိုက်သေးသည်။
လော့ချန်သည် လျှို့ဝှက်ချက်များကို မည်သို့ ထိန်းသိမ်းရမည်ကို ကောင်းစွာ သိရှိသူဖြစ်သည်။
အကယ်၍ သူသာ တစ်ခုခု မူမမှန် ဖြစ်နေခဲ့လျှင် မြေခွေးအိုကြီး မီရှုဟွာသည် ကိုယ်တိုင်ကိုယ်ကျ လာရောက် စစ်ဆေးပေလိမ့်မည်။ ထိုသို့သာ ဖြစ်လာခဲ့လျှင် ဤမြေအောက်၌ ရှိနေသော ရတနာ သို့မဟုတ် လျှို့ဝှက်ချက်အား သူတစ်ဦးတည်း ပိုင်ဆိုင်ခွင့် ရှိတော့မည် မဟုတ်ပေ။
….
မကြာမီ ညနေစောင်းချိန် ရောက်လာသည်။
ကျင့်ကြံသူ အများစုမှာလည်း အလုပ်ပြီးဆုံးသဖြင့် အသီးသီး နေအိမ်များသို့ ပြန်သွားကြပြီ ဖြစ်သည်။
ယနေ့ ဖော်စပ်ပြီးသော ဆေးလုံးများကို ဆေးသိုလှောင်ခန်း အတွင်း၌ လုံခြုံစွာ သိမ်းဆည်းလိုက်ကြပြီးနောက် ဆေးဖော်ဆောင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လော့ချန်သည် ကူချိုင်ယီဘက်သို့ လှည့်ကာ ကျောက်စိမ်းအမြုတေ ဆေးလုံးများကို ဆက်လက် အချောသတ်ရန်အတွက် ညသန်းခေါင်လောက် အထိ နေခဲ့မည်ဖြစ်ကြောင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ကူချိုင်ယီသည်လည်း ကန့်ကွက်ခြင်း မရှိပေ။
လက်ရှိအချိန်တွင် ထိုဆေးလုံးများ အကြောင်းကို ဂဂနန နားလည်သည့် တစ်ဦးတည်းသောသူမှာ လော့ချန် ဖြစ်နေသည် မဟုတ်ပါလော။ ကျန်ရှိနေသော တပည့်များနှင့် မီးထိန်းသူများမှာမူ သူသင်ကြားပေးထားသော နည်းလမ်းများကို လေ့ကျင့်နေဆဲ အဆင့်တွင်သာ ရှိကြသေးသည်။
မကြာမီ ဆေးဖော်ဆောင် တစ်ခုလုံး တိတ်ဆိတ်သွားပြီး အစာင့်အရှောက် အနည်းငယ်သာ ကျန်ရှိတော့သည်။
ဤအချိန်တွင် လော့ချန် စတင် လှုပ်ရှားတော့သည်။
သူသည် ကျောက်တုံးအခန်းလေးအတွင်းသို့ ပြန်ဝင်သွားပြီး အခင်း ကျောက်ပြားကြီးအား ဖယ်ရှားလိုက်သည်။
“ပထမအဆင့် ဝိညာဉ်ကြောက အောက်မှာ တကယ်ရှိနေတာလား ဆိုတာ ကြည့်ကြသေးတာပေါ့”
သူ တီးတိုး ရေရွတ်လိုက်သည်။
ကျောက်ပြားကို မပြီးနောက် လော့ချန်သည် မြေအောက် သတ္တုတွင်းဟောင်း အတွင်းသို့ ဆင်းသွားတော့သည်။
အောက်ဘက်တည့်တည့်သို့ ဦးတည်နေသော လိုဏ်ခေါင်းတစ်ခုကို သူ ရွေးချယ်လိုက်သည်။ ရုပ်သေးရုပ်လေး တစ်ရုပ်မှာ သူ့အနောက်မှ ကပ်လျက် လိုက်ပါလာသည်။
“ဒီလမ်းက အပိတ်ကြီးပဲ၊ ခုနကလမ်းကလည်း မရဘူးဆိုတော့ နောက်ထပ် လိုဏ်ခေါင်းတစ်ခုကို စမ်းသွားကြည့်ရမယ်”
“လမ်းကြောင်းက မှားနေသလိုပဲ၊ ကြည့်ရတာ တခြား နည်းလမ်း တစ်ခုခုကို သုံးမှဖြစ်တော့မယ်”
နောက်ထပ် လိုဏ်ခေါင်း လမ်းအဆုံးသို့ ရောက်ရှိသွားပြီးနောက် လော့ချန်သည် သူရှာနေသော နေရာအား မည်သူမျှ မရှာဖွေရသေးကြောင်း သဘောပေါက်သွားသည်။
ထို့ကြောင့်လည်း အဆိုပါနေရာသို့ တိုက်ရိုက် ရောက်ရှိနိုင်မည့် လမ်းကြောင်းများ မရှိနေခြင်း ဖြစ်နိုင်သည်။
ယခင်ကဆိုလျှင် လော့ချန်အနေဖြင့် ကျောက်တုံးများကို တစ်စစီ ထွင်းဖောက်ရန်အတွက် ဝိညာဉ်လက်နက် တစ်ခုခုအား သုံး၍ အချိန်အတော်ကြာ အားထုတ်ရပေလိမ့်မည်။
သို့သော် ယခုမူ သူ့လက်ထဲတွင် ထိုထက် များစွာ သာလွန်သော အရာတစ်ခု ရှိနေပြီ ဖြစ်သည်။ ထိုအရာမှာ တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း ပင်ဖြစ်သည်။
ဟုန်း….
ချီစွမ်းအားများသည် သူ၏ သွေးကြောများအတွင်း စီးဆင်းသွားသည်။
ဘုန်း….
အားပြင်းလှသော ရိုက်ခွဲသံကြီးနှင့်အတူ ကျောက်တုံးများမှာ အစအနများအဖြစ် လွင့်စင်ထွက်သွားတော့သည်။
လော့ချန်သည် ထိုကျောက်စများ သူ့ ခန္ဓာကိုယ်ပေါ်သို့ လာစင်မည်ကိုမစိုးရိမ်ပေ။ အကြောင်းမှာ သူ ဝတ်ဆင်ထားသော အလတ်စား ဝိညာဉ်ဝတ်ရုံမှာ ထိုကျောက်တုံးကျောက်စများအား အသာလေး ကာကွယ်ပေးနိုင်သောကြောင့် ဖြစ်သည်။
သူသည် လက်ဝါးတစ်ချက် ရိုက်လိုက်တိုင်း မြေအောက်သို့ ပိုမို နက်ရှိုင်းစွာ ထွင်းဖောက်ဝင်ရောက်သွားပြီး နတ်မျက်စိဖြင့် သူ မြင်တွေ့ခဲ့ရသော စွမ်းအင်လှိုင်းများရှိရာဆီသို့ ဖြည်းဖြည်းချင်း သွားနေသည်။
“တော်တော်နက်တာပဲ ဟ”
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပိတ်ဆို့နေသော ကျောက်သားကြီးများကို တစ်ထပ်ပီးတစ်ထပ် ထပ်ကာထပ်ကာ ဖောက်ခွဲနေခဲ့သည်။
တစ်ချက်…. နောက်တစ်ချက်…. ထပ်မံ၍ နောက်တစ်ချက်….။
ထိုသို့ဖောက်ခွဲရင်း ရံဖန်ရံခါတွင် မည်သူမျှ မထိတွေ့ရသေးသော ကြယ်ငွေ သတ္တုရိုင်း အစုအဝေးလေးများကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။
လော့ချန်သည် ကျွမ်းကျင်လှသော လက်ဟန်ဖြင့် စိမ်းမြရတနာဓားကို ထုတ်ယူကာ တဖျတ်ဖျတ် တောက်ပနေသော ထိုကျောက်စများကို တစ်စလေးမျှ အလဟဿ မဖြစ်စေဘဲ ထွင်းထုယူလိုက်သည်။
သူ ထိုသို့ လှုပ်ရှားနေစဉ်အတွင်း သူ၏ တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း၏ ကျွမ်းကျင်မှုမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်ကို သတိပြုမိသည်။
ဤအရာမှာ သာမန် လောကီသိုင်းပညာ တစ်ခုသာ ဖြစ်ပြီး ချီစွမ်းအား သုံးစွဲမှုတွင် အနည်းငယ် ကြမ်းတမ်းနေသယောင်ထင်ရသော်လည်း သူ့စွမ်းအင်များအား အလွန်အကျွံ ကုန်ခန်းစေခြင်း မရှိပေ။
လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်အား လှမ်းကြည့်လိုက်သည်။ တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း၏ တိုးတက်လာသော ကျွမ်းကျင်မှုအမှတ်များကို မြင်ရသည့်အခါ သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
တစ်နာရီခန့် လမ်းဖောက်ပြီးနောက်တွင်မူ လော့ချန် ဂူနံရံကို မှီကာ ထိုင်ချလိုက်ပြီး သက်ပြင်းချလိုက်သည်။
“တောက်.... တော်တော် နက်တဲ့ နေရာပဲကွာ၊ ဒီနေ့တော့ မပြီးလောက်တော့ဘူး” ဟု သူ ညည်းညူလိုက်သည်။
အကယ်၍ ထပ်မံ အချိန်ဆွဲနေမည်ဆိုလျှင် ပြန်ရန် အချိန်နောက်ကျသွားပေလိမ့်မည်။
သူ၏ အစောင့်အရှောက်များဖြစ်သော ကျိုးယွမ်လီနှင့် လျိုချန်းတို့မှာ ဆေးဖော်ခန်း အပြင်ဘက်တွင် သူ့အား စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။
လော့ချန် နှမြောတသစွာ သက်ပြင်းချရင်း ကျောက်တုံးကြီး တစ်တုံးကို သုံးကာ မပြီးသေးသော လိုဏ်ခေါင်းလမ်းအား ယာယီ ပိတ်ဆို့လိုက်ပြီး အပြင်သို့ ပြန်ထွက်လာခဲ့တော့သည်။
….
မီမိသားစု၏ စံအိမ် အတွင်း၌….။
မီရှုဟွာသည် အသစ်ပြောင်းရွှေ့လာသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တွေ့ဆုံနေခဲ့သည်။ ထိုတွေ့ဆုံ မှုအပြီးတွင် သမီးဖြစ်သူထံမှ သတင်းတစ်ခုကို ကြားလိုက်ရသည်။
“လော့ချန် ဒီနေ့ ငါ့ကို လာရှာတယ် ဟုတ်လား”
မီရှုဟွာ စိတ်ဝင်စားသွားကာ မျက်ခုံးပင့်ရင်း မေးလိုက်သည်။
“အဲဒီကောင်လေး ငါ့ဆီက ဘာလိုချင်ပြန်နေပြီလဲ ပြောပါဦး”
မီကျွင်းဖျင်သည် လော့ချန်အား လုံးဝ ကြည့်မရပေ။ ထိုကောင်လေးသည် ဂိုဏ်းမှ အကျိုးအမြတ်များစွာကို ရပြီးသော်လည်း ရောင့်ရဲတင်းတိမ်ဟန် မရှိဟု သူမ ထင်သည်။
သူမ နှုတ်ခမ်း မဲ့လိုက်ပြီး မကျေမနပ်ဖြစ်နေသော လေသံဖြင့် ဆိုသည်။
“ဟွန့်.... သူ ဘာလာလုပ်စရာရှိမှာလဲ၊ ဖေဖေ့ဆီကနေ နောက်ထပ် အကျိုးအမြတ်တွေ ထပ်တောင်းမလို့ နေမှာပေါ့၊ အဲဒီ ကောင်က တကယ်ကို အရှက်မရှိတဲ့ကောင်”
မီရှုဟွာ မျက်မှောင်ကြုတ်လိုက်ကာ သူ့သမီး အပြောအဆိုကို မနှစ်သက်ဟန် ပြလိုက်သည်။
သမီးဖြစ်သူမှာ အမြင်ကျဉ်းလွန်းသည်ဟု သူ ထင်သည်။ လက်ငင်းအကျိုးအမြတ်များကိုသာ ကြည့်တတ်ပြီး ရေရှည်အတွက် ရရှိလာမည့် အကျိုးကျေးဇူးများကိုမူ သူမ နားမလည်နိုင်ရှာပေ။
မီရှုဟွာ၏အမြင်တွင် လက်ရှိ သူပေးထားသည့် ခံစားခွင့်များနှင့် နှိုင်းယှဉ်လျှင် အနာဂတ်တွင် လော့ချန်ထံမှ ရနိုင်မည့် အကျိုးအမြတ်များမှာ တန်ဖိုးဖြတ်မရနိုင်လောက်အောင် ကြီးမားလိမ့်မည်ဟု တွေးဆထားသည်။
သူ့သမီး မီကျွင်းဖျင်သည် ငယ်စဉ်က တားမြစ်ထားသော်လည်း စိတ်အလိုလိုက်ကာ ကျင့်ကြံသူတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီး ကလေးတစ်ယောက်ပင် ရခဲ့ဖူးသည်။
ထို့အပြင် ကျင့်ကြံခြင်းလမ်းစဉ်တွင် သူ အစွမ်းကုန် ပံ့ပိုးပေးခဲ့သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း မရှိသေးချေ။
ထိုအချက်ကြောင့် မီရှုဟွာသည် မိမိ ခက်ခက်ခဲခဲ ရယူထားခဲ့သော အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို လက်ဆောင်အဖြစ် ပေးအပ်ရန်ပင် စဉ်းစားလာခဲ့သည်။
မီရှုဟွာ ခေတ္တမျှ စဉ်းစားခန်းဝင်ပြီးနောက် “မီလီ အိမ်မှာ ရှိတယ် မဟုတ်လား၊ သူ့ကိုခဏ ခေါ်လိုက်ဦး၊ ငါ မေးစရာ ရှိလို့” ဟု ဆိုလိုက်သည်။
ခဏအကြာတွင် မီလီ ရောက်ရှိလာသည်။
သူမသည် အဘိုးဖြစ်သူ သိလိုနေသည့် ဆေးဖော်ဆောင်တွင် ဖြစ်ပျက်ခဲ့သမျှကို အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
မကြာမီပင် မီရှုဟွာသည် ထိုနေ့ ဆေးဖော်ဆောင်အတွင်း လော့ချန်နှင့် ပတ်သက်၍ ဖြစ်ခဲ့သည့် အရာအားလုံးကို အကုန်အစင် သိရှိသွားတော့သည်။
“အဲဒီတော့…. သူက အသက်ကြီးကြီး မီးထိန်းတဲ့ ဂိုဏ်သားတစ်ယောက်ကို အဖွဲ့ခေါင်းဆောင် ခန့်လိုက်တယ်ပေါ့”
မီရှုဟွာ မျက်ခုံးပင့်ကာ ဆက်မေးလိုက်သည်။
“ဒီတိုင်းသနားလို့လား၊ တခြားအကြောင်းရှိမယ်ထင်လား မီလီ”
“သူကတော့ လူကြီးသူမ တစ််ယောက်ဆီက ကျင့်ကြံခြင်းဆိုင်ရာ အခက်အခဲတွေကို သင်ယူချင်တာကြောင့်လို့တော့ ပြောပါတယ်ရှင့်”
မီလီက တိုးညှင်းစွာ ပြန်ဖြေသည်။
“သူတို့နှစ်ယောက် အတူတူ ထွက်သွားကြတယ်၊ သမီးအမြင်တော့ သူ ကျင့်ကြံတာ တစ်ခုခု အခက်တွေ့နေလို့ထင်တာပဲ”
ထိုအချက်က အဓိပ္ပာယ်ရှိသည်ဟု မီရှုဟွာ တွေးမိသည်။
“ဒီကောင်လေးက ဆေးဖော်စပ်တာ တကယ် ပါရမီပါတယ်၊ ဘာပြောပြော အနည်းဆုံးတော့ မီမိသားစုရဲ့ ဒုတိယနဲ့ တတိယ မျိုးဆက်တွေထက်တော့ သာတယ်”
မီရှုဟွာ သက်ပြင်းချရင်း ဆိုသည်။
သို့သော် ထိုအချိန်တွင် သူမမျှော်လင့်ထားသော သတင်းတစ်ခု ပါထပ်ကြားခဲ့ရသည်။
“သြော်…. မေ့တော့မလို့ ဒီနေ့ ဆေးဖော်စပ်နေတုန်း ဘာမှားသွားလဲမသိဘူး၊ သူ့မျက်လုံးတွေကနေ သွေးတွေ ကျလာသေးတယ်”
ထိုစကားကို ကြားလိုက်ရသည့် ခဏမှာပင် မီရှုဟွာ ရုတ်တရက် ထရပ်လိုက်ကာ သူ၏ မျက်နှာတွင် ထိတ်လန့်စိုးရိမ်မှုများ ပြည့်နှက်သွားတော့သည်။
“ဘာ…. ဘယ်လိုမျိုး…. ဘာဖြစ်တာလဲ….”
“သူကတော့ နတ်မျက်စိ မှော်အတတ်ကို အရမ်းသုံးလိုက်မိလို့လို့ ပြောပါတယ်၊ ဆေးဖော်နေတုန်း မျက်လုံးကို အရမ်း အားစိုက်လိုက်မိလို့တဲ့”
မီရှုဟွာ မျက်မှောင်ကြုတ်လျက် အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။
နတ်မျက်စိမှာ အသုံးပြုသူ၏ မျက်လုံးကို ဒဏ်ဖြစ်စေခြင်းနှင့် အဆင့်မြင့် ကျင့်ကြံသူများကို အနှောက်အယှက်ဖြစ်စေတတ်ခြင်းဟူသော အန္တရာယ်နှစ်ခုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားလှသည်။
မီရှုဟွာသည် သူ၏ ထိုင်ခုံတွင် ပြန်ထိုင်လိုက်ကာ မျက်နှာပေါ်တွင် နောင်တရိပ်များ ပေါ်လာသည်။
လော့ချန်အား ဆေးလုံးများကို အကြိမ်ကြိမ် ဖော်စပ်စေရန် တွန်းအားပေးခဲ့မိခြင်းကြောင့် သူ၏ ရင်ထဲရှိ အပြစ်ရှိစိတ်မှာ ကျောက်တုံးကြီးတစ်ခုနှယ် ပို၍ပင် လေးလံလာသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် မီရှုဟွာသည် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းလေး တစ်ပုလင်းကို ထုတ်ယူလိုက်သည်။
သူ ပုလင်းအား ကမ်းပေးရင်း ဆိုသည်။
“မီလီ၊ ဒါကို မနက်ဖြန်ကျရင် လော့ချန်ဆီ သွားပေးလိုက်၊ ဆေးဖော်စပ်ပြီးတိုင်း သူ့မျက်လုံးထဲကို တစ်စက်စီ ထည့်ဖို့ သေချာပြောလိုက်ဦး၊ မမေ့နဲ့လို့”
ဘေးနားတွင် ရပ်နေသော မီကျွင်းဖျင်သည် ပုလင်းကို မြင်လိုက်သည်နှင့် ထိတ်လန့်တကြား အော်လိုက်မိသည်။
“အမလေး…. ဒါ.… ဒါက အဖေ လေလံပွဲမှာ ဝယ်ခဲ့တဲ့ ရောင်စဉ်ပုလဲအနှစ်သာရ မဟုတ်လား၊ ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းကို သူ့ကို ပေးမယ်လို့ မပြောနဲ့နော်.…”
မီရှုဟွာ သူမအား မျက်နှာထားတင်းတင်းဖြင့် စိုက်ကြည့်လိုက်သည်။
“ဒီပစ္စည်းက ငါ့ ကျင့်စဉ်အတွက်လည်း သိပ်အသုံးမဝင်ဘူးလေ၊ အဲဒါကြောင့် ငါ့ဘာသာငါ တကယ်လိုအပ်တဲ့လူကို ပေးလိုက်တာ ဘာမှားလို့လဲ”
မီကျွင်းဖျင် ပြန်မပြောရဲတော့သဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သို့သော် မီရှုဟွာကမူ စိတ်မထိန်းနိုင်တော့ဘဲ သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။
“ဖျင်အာ.… နင် သဘောထားကြီးကြီး အမြင်ကျယ်ကျယ် ထားစမ်း၊ နင့်စိတ်ထားကို မပြင်ဘဲ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် မီမိသားစုကို ဖိုရှန်းဂိုဏ်းထဲက လူတွေ အကြည်ညို ပျက်ကုန်လိမ့်မယ်….”
“အဲလိုမျိုး ဩဇာမညောင်းတော့ရင် ငါ နောက်ထပ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မယ်လို့ နင် ထင်နေလဲ”
ထိုစကားများက မီကျွင်းဖျင်အား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူမ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မေးခွန်းတစ်ခု ပေါ်လာသည်။
သူမအဖေ၏ သက်တမ်းမှာ ကုန်ဆုံးခါနီးနေပြီလော။
….
လော့ချန် ယနေ့အတွက် ဆေးဖော်စပ်ရန် ပြင်ဆင်နေလေပြီ။
မီလီ့ထံမှ ဂိုဏ်းချုပ်မီ ပေးလိုက်သော ကျောက်စိမ်းပုလင်းလေးကို တအံ့တဩ လက်ခံယူလိုက်ပြီးနောက် စိတ်ဝင်တစား ကြည့်နေမိသည်။
မီလီကမူ တိုးညှင်းစွာ ရှင်းပြလိုက်သည်။
“ဒါက ရောင်စဉ်ပုလဲအနှစ်သာရ ပါ၊ ဆေးဖော်စပ်ပြီးတိုင်း မမေ့မလျော့ မျက်လုံးထဲကို တစ်စက်စီ ခတ်ပေးပါတဲ့”
ရောင်စဉ်ပုလဲအနှစ်သာရ ဆိုပါလား….။
လော့ချန် သူ့နားသူ မယုံနိုင် ဖြစ်သွားသည်။ ထိုအမည်ကို ကြားလိုက်ရုံနှင့် သူ မှင်သက်သွားမိသည်။
အကြောင်းမှာ ဤမျက်စဉ်းသည် သာမန်မဟုတ်ဘဲ အင်မတန် အဖိုးတန်သော ဆေးတစ်မျိုး ဖြစ်သောကြောင့်ပင်။ ၎င်းကို ကျောက်စိမ်းအိုး ဓားဂိုဏ်းမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး မူလအမည်မှာ ကြည်လင်အနှစ်သာရ ဖြစ်သည်။ ဓားကျင့်ကြံသူများ၏ မျက်လုံးစွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် အထူးဖော်စပ်ထားခြင်းလည်း ဖြစ်သည်။
ရောင်စဉ်ပုလဲအနှစ်သာရသည် အဆင့်မြင့် ကျင့်ကြံသူများအတွက် အသုံးမဝင်သော်လည်း ချီသန့်စင်နှင့် အခြေခံတည်ဆောက်ခြင်း အဆင့်ရှိသူများအတွက်မူ အလွန် ထိရောက်ပေသည်။ ၎င်းသည် ဆေးဖော်စပ်သူများအတွက် အညစ်အကြေးများကို ခွဲခြားမြင်နိုင်သည့် စွမ်းရည်ကို ပေးစွမ်းနိုင်သည်။
ကျောက်စိမ်းပုလင်းကို ကိုင်ထားရင်း လော့ချန်မှာ အတိုင်းမသိ ဝမ်းသာနေမိသည်။
အမှန်စင်စစ် သူသည် မျက်စိ ညောင်းညာခြင်း ဒဏ်ကို ခံစားနေရသူ မဟုတ်ပေ။ သို့သော် ထိုကဲ့သို့သော ရတနာအား သူ ဘယ်တော့မှ ငြင်းပယ်မည် မဟုတ်ပေ။
မီရှုဟွာ၏ တန်ဖိုးကြီးလှသော စေတနာကို လော့ချန် အသိအမှတ်ပြုလိုက်သည်။
“ဒီတစ်ခါ မတောင်းဘဲနဲ့တောင် လာပေးနေပါလားဟ၊ အရင်ဘဝတုန်းက ဘာလို့ ဒီလို သူဌေးကောင်းမျိုးနဲ့ မဆုံခဲ့တာပါလိမ့်”
မကြာမီပင် လော့ချန်၏ အသံသည် ဆေးဖော်ဆောင် တစ်ခုလုံးအတွင်း ကျယ်လောင်ကာ ခွန်အားအပြည့်ဖြင့် ထွက်ပေါ်လာသည်။
“ကဲ.... အားလုံးပဲ ဘာရပ်ကြည့်နေကြတာလဲ၊ မီးတွေစမွှေးပြီး ဆေးဖော်စပ်ကြမယ်၊ ကဲ…. ကဲ…. စကြစို့”
တိတ်ဆိတ်မှုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ကျင့်ကြံသူများသည် တက်ကြွစွာ လှုပ်ရှားလာကြပြီး၊ စနစ်တကျ ရှိလှသော ဆေးဖော်စပ်မှု လုပ်ငန်းစဉ်ကြီးမှာ ပြန်လည် စတင်လာခဲ့သည်။
မီးတောက်များမှာ ဟုန်းခနဲ တောက်လောင်လာပြီး ချောမွတ်သော ကျောက်သားနံရံများပေါ်တွင် ရွှေဝါရောင် အလင်းတန်းများ ဖြာကျနေလေသည်။
လော့ချန်သည် လက်နောက်ပစ်ကာ စူးရှသော မျက်ဝန်းများဖြင့် ခန်းမအတွင်းသို့ လှည့်လည်ကြည့်ရှုနေတော့သည်။
ယနေ့အတွက် ဆေးဖော်ခြင်းမှာ စတင်လေပြီ။