ဝိညာဉ်ကြောနှင့် ဝိညာဉ်ကျောက်ရိုင်းတုံးများ
Vol. 11 Ch. 103
ညစာ စားသောက်ပြီးနောက် လော့ချန် မိမိအခန်းသို့ ပြန်လာခဲ့သည်။
ထို့နောက် အခန်းထောင့်ရှိ သီးသန့်နေရာတစ်ခုတွင် အမြဲပြုလုပ်နေကျအတိုင်းပင် တင်ပျဉ်ခွေ ထိုင်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
ဦးစွာ သူသည် မီရှုဟွာ ပေးလိုက်သော ကျောက်စိမ်းဆေးပုလင်းလေးကို ထုတ်ယူကာ အလင်းရောင်အောက်တွင် မြှောက်၍ ကြည့်ရှုလိုက်သည်။
အတွေ့အကြုံရင့် ဆေးဖော်စပ်သူတစ်ဦး၏ စူးရှလှသော အမြင်အာရုံဖြင့် အတွင်းရှိ ဆေးရည်၏ အနှစ်သာရကို အချိန်ယူ၍ အသေအချာ အကဲဖြတ်နေခြင်း ဖြစ်သည်။ ဆေးရည်အတွင်း၌ မသန့်စင်မှုများနှင့် ဘေးဥပဒ် ဖြစ်စေနိုင်သော အညစ်အကြေးများ လုံးဝမရှိကြောင်း အတည်ပြုပြီးမှသာ သူ ပုလင်းကို စောင်းကာ မျက်လုံးတစ်ဖက်စီသို့ ဆေးရည်တစ်စက်စီကို ဂရုတစိုက် ခပ်လိုက်လေသည်။
ဆေးရည်ခပ်ပြီးနောက် ဆေးအာနိသင် ပျံ့နှံ့စေရန် မျက်တောင်အား အကြိမ်ကြိမ် ခတ်လိုက်သည်။
စူးကနဲ ခဏဖြစ်ပြီးနောက် အလွန်အေးမြ လန်းဆန်းလှသော ခံစားချက်တစ်ခုက အစားထိုး ဝင်ရောက်လာသည်။
လော့ချန် မျက်လုံးများ ဟိုဟိုဒီဒီ လှည့်လည်ကြည့်ရှုရင်း ရေရွတ်လိုက်သည်။
"ဝါး…. အေးမြပြီး စိတ်ကြည်လင်သွားတာပဲ"
"ဒါပေမဲ့ ဒီထက်ထူးခြားတဲ့ ပြောင်းလဲမှုတော့ မရှိပါလား"
သူ နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်ကာ စိတ်ပျက်သလို ဆိုလိုက်မိသည်။
"ဒီမျက်စိအားဆေးကို လူတွေက အမွှန်းတင်လွန်းကြတာ၊ တကယ်တမ်းကျတော့လည်း ထင်သလောက် အစွမ်းမပြပါလား"
သို့သော်လည်း လော့ချန် အထင်သေးကာ လွှင့်မပစ်ပေ။ ရောင်စဉ်ပုလဲအနှစ်သာရသည် အဖိုးတန်လှသော လက်ဆောင်တစ်ခု ဖြစ်သလို မီရှုဟွာ၏ စစ်မှန်သော စေတနာကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် ဤဆေးရည်အား ရံဖန်ရံခါ အသုံးပြုရန် သူ ဆုံးဖြတ်လိုက်သည်။
ချွေတာသုံးမည်ဆိုလျှင် ဤတစ်ပုလင်းသည် တစ်လခန့် အေးအေးဆေးဆေး ခံပေလိမ့်မည်။
ဆေးပုလင်းကို သိုလှောင်အိတ်အတွင်းသို့ ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် လော့ချန် လက်နှစ်ဖက်ကို အားရပါးရ ပွတ်ကာ မြေအောက် သတ္တုတွင်းဟောင်း အတွင်းသို့ ဝင်ရောက်သွားတော့သည်။
"ကဲ.... လုပ်ငန်းစချိန် ရောက်ပြီ"
သူသည် ရွှေတွင်းတူးသမားတစ်ဦးနှယ် ကိုယ့်ကိုယ်ကိုယ် ကျီစယ်ရင်း ပြောလိုက်သည်။
“ရွှေတွင်းတူးသမားကြီး လော့ချန်ရဲ့ ညပိုင်း အချိန်ပို အလုပ်ဆင်းချိန် စပါပြီ.…”
ထိုနောက် တူးဖော်ခြင်း လုပ်ငန်းစဉ်မှာလည်း အရှိန်အဟုန်ဖြင့် စတင်လေတော့သည်။
ဖုန်း.... ဖုန်း.... ဖုန်း….
မြေအောက်အနက်ပိုင်းတွင် ရှိနေသဖြင့် တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါး၏ ပြင်းထန်လှသော ရိုက်ခတ်သံများသည် လခြမ်းတောင်ကြား၏ အပေါ်ဘက်သို့ ရောက်ရှိနိုင်ခြင်း မရှိပေ။
ထို့အပြင် သူသည် ကျဉ်းမြောင်းသော လိုဏ်ခေါင်းလမ်းကို ကျောက်တုံးကြီးများဖြင့် ပိတ်ဆို့ထားသောကြောင့် ပို၍ပင် လုံခြုံစိတ်ချနေရသည်။
တစ်နာရီခန့် ကြာသွားသည်။
တစ်ကိုယ်လုံး ချွေးများနှင့် ဖုန်မှုန့်များ ပေကျံနေသော လော့ချန်သည် နောက်ဆုံးတွင် ခါးကို အားရပါးရ ဆန့်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"တောက်.... တော်တော်နက်တာပဲဟ…."
သူသည် သူ့ရှေ့မှ ကာဆီးထားသော ကျောက်နံရံကြီးကို ကြည့်ရင်း ခေတ္တ အမောဖြေနေမိသည်။
ရှေ့ဘက်မှ ချီစွမ်းအင် လှိုင်းများမှာ ပိုမို အားကောင်းလာနေပြီဖြစ်ရာ သူ၏ ပန်းတိုင်နှင့် အလွန်နီးကပ်လာပြီဖြစ်ကြောင်း ကောင်းစွာ အာရုံခံမိနေသည်။
"နောက်ဆုံးတော့ ရောက်တော့မယ်ဟေ့"
သူ ဝတ်ရုံပေါ်မှ ဖုန်များကို ခါထုတ်ရင်း ဆိုလိုက်သည်။
"ဒီညတော့ အပြီးသတ်မှ ရမယ်"
ယနေ့ မွန်းလွဲပိုင်းက လော့ချန်သည် ဆေးဖော်စပ်ခြင်းကို အပြည့်အဝ အာရုံစိုက်ခဲ့သည်။
မီရှုဟွာထံမှလည်း အကျိုးအမြတ်များစွာ ရရှိထားပြီးဖြစ်သဖြင့် သူသည် ထိုက်တန်သော ရလဒ်ကောင်းများ ပြန်ပေးရန် တာဝန်ရှိသည်ဟု ခံစားနေရသည်။
အကယ်၍ မီရှုဟွာသာ သူ၏ တိုးတက်မှုကို မမြင်ရဘဲ စိတ်ပျက်သွားကာ ဆေးဖော်ဆောင်ကို ပိတ်လိုက်မည်ဆိုလျှင် နောင်တွင် သူသည် မည်သည့်နေရာမှ အကျိုးအမြတ်များကို ယခုကဲ့သို့ လွယ်လွယ်ကူကူ ရယူနိုင်တော့မည်နည်း။
ဝန်ခံရမည်ဆိုလျှင်၊ စနစ်တကျ ရှိလှသော ဂိုဏ်းအဖွဲ့အစည်းတစ်ခုအပေါ် အမှီသဟဲပြုနေရခြင်းက သူ့အား အကျင့်ပျက်စေခဲ့ပြီ ဖြစ်သည်။
ဆေးဖက်ဝင် ပစ္စည်းများကို ကိုယ်တိုင် ပြင်ဆင်ရခြင်း၊ မီးကို ကိုယ်တိုင် ထိန်းရခြင်းနှင့် ဆေးလုံးများကို တစ်ဦးတည်း သန့်စင်ရခြင်းတို့ဖြင့် ကုန်ဆုံးခဲ့ရသော နေ့ရက်များဆီသို့ သူ လုံးဝ ပြန်မသွားချင်တော့ပေ။
ထို့အပြင် ယခင်ကဲ့သို့ဆိုလျှင် ဆေးလုံးများကို ကိုယ်တိုင် သန့်စင်ပြီးနောက် ထုပ်ပိုးကာ လိုက်လံ ရောင်းချရဦးမည် ဖြစ်သည်။ ထိုအကြောင်းကို တွေးလိုက်ရုံနှင့်ပင် လော့ချန် စိတ်ရှုပ်လာပြီး ယခုကဲ့သို့ သက်တောင့်သက်သာ ရှိလှသော အခြေအနေကို လုံးဝ လက်မလွှတ်ချင်တော့ပေ။
“နောက်ဆုံးတော့ အဲ့နေရာထိ ပေါက်တော့မယ်.… ဟားဟား.…”
လော့ချန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်နေသည်။
လက်ရှိတွင် ညဉ့်နက်နေပြီ ဖြစ်သော်လည်း သူ အမှုမထားပေ။
သူသည် အစောင့်အရှောက် နှစ်ဦးအား ယနေ့ည ဆေးဖော်ဆောင်၌ တစ်ညလုံး နေမည်ဖြစ်ကြောင်း ကြိုတင် ပြောထားခဲ့ပြီး ဖြစ်သဖြင့် မည်သူမျှ လာရောက် နှောင့်ယှက်မည် မဟုတ်ချေ။
တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်နေသဖြင့် သူ အပြည့်အဝအာရုံစိုက်ထားနိုင်သည်။
လော့ချန် အသက် ပြင်းပြင်းရှူလိုက်ပြီး ကျွမ်းကျင်ခြင်းအဆင့်သို့ ရောက်ရှိနေသော တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါး ကို စလိုက်သည်။ ချီစွမ်းအင်များမှာ သူ၏ လက်ဝါးတွင် အလုံးအရင်းနှင့် စုစည်းသွားသည်။
ထို့နောက် ဖျော့တော့သော အစိမ်းရောင် လက်ဝါးရိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဖောက်….
ဥခွံတစ်ခု ကွဲအက်သွားသကဲ့သို့ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
နောက်ဆုံး ကျောက်တုံးအလွှာမှာ အပိုင်းပိုင်း ကွဲအက်သွားတော့သည်။
ထိုခဏမှာပင် ထွင်းဖောက်လိုက်သော နံရံ၏ တစ်ဖက်ခြမ်းမှ သိပ်သည်းလှသော ချီစွမ်းအင် လှိုင်းလုံးကြီး တစ်ခု အပြင်သို့ ဝုန်းခနဲ တိုးထွက်လာသည်။
လော့ချန် လန့်သွားပြီး သူ၏ ဝိညာဉ်ဝတ်ရုံကို ချက်ချင်း အသက်သွင်းလိုက်သည်။
ကာကွယ်ရေး အလင်းတန်းများသည် သူ့ ပတ်ပတ်လည်တွင် လှိုင်းထသွားပြီး အန္တရာယ်ကို စောင့်ကြိုနေသည့်နှယ် တဖျတ်ဖျတ် လွင့်နေတော့သည်။
လော့ချန် အသင့်ပြင်ထားလိုက်သော်လည်း မည်သည့် အန္တရာယ်မှ ဖြစ်မလာခဲ့ပေ။
သူ သတိကြီးစွာဖြင့် ရှေ့သို့ လှမ်းတက်လိုက်ပြီး အသစ်ပေါ်လာသော မြေအောက်နေရာအတွင်းသို့ ဆင်းသက်သွားသည်။
မကြာမီ သူ ဂူငယ်လေး တစ်ခုဆီသို့ ရောက်ရှိသွားသည်။
သူ ရှာဖွေတွေ့ရှိလိုက်သော အဆိုပါ ဂူငယ်လေးမှာ အကျယ် နှစ်မီတာခန့်သာ ရှိသည်။
ကျဉ်းမြောင်းလှသော်လည်း လူတစ်ဦး အတွက်မူ လုံလောက်လှပေသည်။ သူ ဂူအတွင်း လှည့်လည်ကြည့်ရှုလိုက်သည့်အခါ ကြမ်းပြင်ပေါ်မှ တဖျတ်ဖျတ် တောက်ပနေသော အရာတစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်သည်။
လော့ချန် မျက်မှောင်ကြုတ်သွားတော့သည်။
"ဝိညာဉ်ကျောက်တွေပါလား…."
ဂူကြမ်းပြင်ပေါ်တွင် ငွေရောင် အလင်းစက်လေးများ ပါဝင်နေသော ကြည်လင်သည့် ကျောက်ရိုင်းတုံးပုံ တစ်ပုံ ရှိနေသည်။ ထိုတောက်ပနေသော ကျောက်ရိုင်းများမှာ ဝိညာဉ်ကျောက်များ၏ မူလ အရိုင်း ပုံစံဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။
၎င်းတို့အား ဝိညာဉ်ကျောက်များဟု ခေါ်ဆိုခြင်းထက် ဝိညာဉ်ကျောက်ရိုင်းတုံးများ ဟု ခေါ်ရပေမည်။
ကျင့်ကြံခြင်း လောကတွင် လှည့်လည် အသုံးပြုနေကြသော ဝိညာဉ်ကျောက်များမှာ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် ချီစွမ်းအင် ပါဝင်မှုတို့တွင် တစ်ပုံစံတည်း တူညီကြသည်။
ဝိညာဉ်ကျောက်များအား ဝိညာဉ်ကြောများ အတွင်း၌ တွေ့ရှိရခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ထိုဝိညာဉ်ကြောများ ပိုင်ဆိုင်ထားသော ဂိုဏ်းကြီးများသည် ကျောက်ရိုင်းများအား တူးဖော်ပြီးနောက် ထူးခြားသော နည်းလမ်းများကို သုံးကာ တူညီသော အရွယ်အစားရှိသည့် ဝိညာဉ်ကျောက်များအဖြစ် ဖြတ်တောက်ကြသည်။
ထိုဝိညာဉ်ကျောက်များအား ကျင့်ကြံခြင်း လောကတွင် ငွေကြေးအဖြစ် အသုံးပြုကြပြီး အခြားသူများထံမှ အရင်းအမြစ်များကို ဝယ်ယူစုဆောင်းရာတွင် သုံးကြသည်။
ထိုဝိညာဉ်ကျောက်များအတွင်းရှိ ချီစွမ်းအင်များမှာ မသန့်စင်ဘဲ ရှုပ်ထွေးနေတတ်သည်။
ထို့ကြောင့် သာမန် ကျင့်ကြံသူများသည် တိုက်ရိုက် စုပ်ယူနိုင်ခြင်း မရှိဘဲ ကုန်သွယ်မှုအတွက် ငွေကြေးအဖြစ်သာ သုံးစွဲနိုင်ကြသည်။
ဂိုဏ်းကြီးများမှ ကျင့်ကြံသူ အချို့သာလျှင် ဝိညာဉ်ကျောက်များကို သန့်စင်ကာ ၎င်းတို့အတွင်းမှ သန့်စင်သော ချီစွမ်းအင်ကို ထုတ်ယူနိုင်သည့် အတတ်များကို ပိုင်ဆိုင်ကြသည်။
လော့ချန်တွင်မူ ထိုကဲ့သို့သော ကျွမ်းကျင်မှုမျိုး မရှိပေ။
ထို့ကြောင့် သူ၏ ဝိညာဉ်ကျောက်များအား ဈေးကြီးလှသော ချီစွမ်းအင်ဖြည့်ဆေးလုံး များ ဝယ်ယူရာတွင်သာ သုံးစွဲနိုင်ခဲ့သည်။
သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။
သူ့ရှေ့တွင် ရှိနေသည်မှာ သဘာဝ ဝိညာဉ်ကြောတစ်ခု ဖြစ်သည်။
သဘာဝ ဝိညာဉ်ကြောတစ်ခု၏ အတွင်းပိုင်းတွင် မြှုပ်နှံထားသော ဝိညာဉ်ကျောက်ရိုင်းများသည် ကျင့်ကြံသူများ တိုက်ရိုက် စုပ်ယူနိုင်သည့် စွမ်းအင်များကို ထုတ်လွှတ်ပေးနေသည်။
ကျင့်ကြံခြင်းလောကရှိ အဓိက ဂိုဏ်းကြီးများသည် ဌာနချုပ်များကို အဆင့်အမျိုးမျိုးရှိသော ဝိညာဉ်ကြောများပေါ်တွင် တည်ဆောက်ထားကြခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ ချီစွမ်းအင်များ စုဝေးရာနေရာတွင် အစွမ်းသတ္တိများ ပေါ်ပေါက်လာတတ်သည်မှာ သဘာဝတရားပင် မဟုတ်ပါလော။
ယခုမူ လော့ချန်သည် သူကိုယ်တိုင် ပိုင်ဆိုင်နိုင်မည့် ဝိညာဉ်ကြောငယ်လေး တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ တာဟဲဈေးမြို့တော်ကြီး၏ အောက်ဘက်တွင် စီးဆင်းနေသော ပထမအဆင့် ဝိညာဉ်ကြော၏ သိပ်အရေးမပါလှသော သေးငယ်သည့် အခက်အလက်တစ်ခုသာ ဖြစ်သည်။
သို့သော် ထိုအချက်မှာ အရေးမကြီးပေ။ အကြောင်းမှာ ထိုကျောက်ရိုင်းများတွင် ပါဝင်နေသော စွမ်းအင်ပမာဏသည် ဂိုဏ်းတစ်ခုလုံး သို့မဟုတ် ကျင့်ကြံသူအဖွဲ့အစည်း တစ်ခုလုံးကို ထောက်ပံ့ရန် မလုံလောက်နိုင်သော်လည်း သူ့တစ်ဦးတည်း ကျင့်ကြံရန်အတွက်မူ လုံလောက်သည်ထက် ပိုနေသောကြောင့် ဖြစ်သည်။
"ငါ ထင်တာ တကယ် မှန်နေတာပဲ"
ကျဉ်းမြောင်းသော ဂူလေးအတွင်း၌ လော့ချန် တီးတိုး ရေရွတ်လိုက်သည်။
သူသည် လေထုအတွင်း ပျံ့နှံ့နေသော ချီစွမ်းအင်များကို အာရုံခံရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထိုစွမ်းအင်များမှာ အလွန် သိပ်သည်းကာ တက်ကြွလှပြီး ပြင်ပလောကတွင် တွေ့ရလေ့ရှိသော စွမ်းအင်များထက် များစွာ ပိုမို သန့်စင်နေသည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များပင် ပတ်ဝန်းကျင်မှ စွမ်းအားများကြောင့် နိုးကြားတက်ကြွလာသည်ကို ခံစားရသည်။
မြေအောက်ကို ထွင်းဖောက်ရန် တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါး သိုင်းကို အသုံးပြုခဲ့ရသဖြင့် ကုန်ခန်းသွားသော ချီစွမ်းအားများမှာလည်း ချက်ချင်း ပြန်လည် ပြည့်ဝလာသကဲ့သို့ ခံစားရသည်။
"ဒီနေရာက သိပ်မကျယ်သလို ဝိညာဉ်ကျောက်ရိုင်း ပမာဏကလည်း သိပ်မများဘူး၊ ဒါပေမဲ့ ဒါက တော်တော်လုံလောက်နေပြီ၊ ငါဒီမှာ အတော်ကြာအောင် ကျင့်ကြံလို့ရပြီ"
လော့ချန်တွင် ဤဝိညာဉ်ကျောက်ရိုင်းများကို တူးဖော်ပြီး ရောင်းချရန် စိတ်ကူး လုံးဝ မရှိပေ။
ပထမအချက်မှာ သူ့တွင် ကျောက်ရိုင်းများအား စံချိန်မီ ဝိညာဉ်ကျောက်များအဖြစ် သန့်စင်နိုင်သည့် အတတ်မျိုး မရှိခြင်း ဖြစ်သည်။
ဒုတိယ၊ ပို၍ အရေးကြီးသော အချက်မှာ ဝိညာဉ်ကျောက်ရိုင်းများသည် သေးငယ်သော ချီစုဆုံ အစီအရင်များ ကဲ့သို့ လုပ်ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို ဆွဲဆောင်ကာ သီးခြား နယ်မြေတစ်ခုအတွင်း၌ စုစည်းထားပေးသည်။
အကယ်၍ ထိုကျောက်ရိုင်းများကို မထိမခိုက်ဘဲ ထားရှိနိုင်မည်ဆိုလျှင် ၎င်းတို့သည် ချီစွမ်းအင်များကို ဆက်လက် စုပ်ယူကာ ပိုမို သိပ်သည်းလာစေမည် ဖြစ်ပြီး ဝိညာဉ်ကြော၏ မူလအရင်းအမြစ်မှ စွမ်းအားများကိုပင် တိုက်ရိုက် ဆွဲထုတ်ပေးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ကျောက်ရိုင်းများကို မတူးဘဲ ထားရှိခြင်းက လော့ချန်အတွက် ပိုမို အကျိုးရှိသည်ဟု ဆိုနိုင်သည်။
သူ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်နှာပေါ်တွင် ကျေနပ်ပီတိ ပြုံးရိပ်တစ်ခု ပေါ်လာသည်။
"ငါ အဘိုးကြီးမီရဲ့ စေတနာကို အားကိုးပြီး နေလာတာ တော်တော်ကြာပြီ…."
"အခုတော့ သူ့အကူအညီတွေ နည်းနည်း လျှော့ချလို့ ရတော့မယ်…."
လော့ချန် မရည်ရွယ်ဘဲ ရယ်မောလိုက်မိသည်။
"ဒါ့ထက် ငါက ကျောက်စိမ်းအိုး ဓားဂိုဏ်းရဲ့ ဝိညာဉ်ကြောကို ခိုးစားသလိုများဖြစ်နေမလား"
သူ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ခေါင်းခါကာ ထိုအတွေးကို ချက်ချင်း ပယ်ဖျက်လိုက်သည်။
“ခိုးစားတယ်…. ဟုတ်လား.… ဘာတွေ လျှောက်တွေးနေတာလဲ၊ ဒါက ငါ့အရည်အချင်းနဲ့ ငါ ရှာတွေ့ထားတာပဲ မဟုတ်လား.…”
“ငါ မြို့ထဲမှာ နေဖို့ လတိုင်း အိမ်ငှားခတွေ ပေးနေရတယ်၊ လတိုင်း အကြောင်းအမျိုးမျိုးနဲ့ ဝိညာဉ်ကျောက်တွေ ပေးနေရတာလည်း မနည်းဘူး.…”
“ဒီမြို့အောက်မှာရှိတဲ့ ပထမအဆင့် ဝိညာဉ်ကြောကလည်း ငါနဲ့ မဆိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ…. ဟုတ်တယ်.…”
“ချီစွမ်းအင်တွေကို ဆိုင်ကြီးတွေနဲ့ ကျောက်စိမ်းအိုးဓားနန်းဆောင်က သူတို့ရဲ့ အစီအရင်တွေ သုံးပြီး အများစု ထုတ်ယူသွားကြတာလေ.…”
“ငါတို့လို သာမန်နေထိုင်သူတွေ အတွက်တော့ မပြောပလောက်တဲ့ ပမာဏလေးပဲ ကျန်တော့တာ.…”
“ဒီဂူထဲက ချီစွမ်းအင် သိပ်သည်းမှုကမှ တကယ့် ပထမအဆင့် ဝိညာဉ်ကြောနဲ့ ထိုက်တန်တဲ့ အခြေအနေပဲ.…”
ထိုအချက်ကို နားလည်သွားပြီးနောက် လော့ချန်၏ စိတ်ထဲရှိ မလုံမလဲ ခံစားချက်များ ပျောက်ကွယ်သွားကာ လိပ်ပြာလုံသွားသည်။
"ကိုင်း…. ဒီနေရာမှာ နွေဦးကျင့်စဉ်ကို ကျင့်ကြံရင် ချီစွမ်းအား ဘယ်လောက်အထိ တိုးလာမလဲဆိုတာ ကြည့်ရသေးတာပေါ့လေ"
သူ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို အပေါ်သို့ လှန်ကာ လျှာဖျားကို အာခေါင်သို့ ကပ်ထားလိုက်သည်။
ပါရမီရှင်အဆင့်သို့ ရောက်ရှိနေသော နွေဦးကျင့်စဉ်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ဂူငယ်လေးတွင် စတင် လည်ပတ်လာတော့သည်။