ဝိညာဉ်ရုက္ခဗေဒပညာရှင်
Vol. 11 Ch. 104
ကျဉ်းမြောင်းလှသော ဂူနံရံများကြားဝယ် လူငယ်တစ်ဦးသည် တိတ်ဆိတ်ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေသည်။
သူ၏ မျက်လုံးအစုံမှာ အသာအယာ မှိတ်ထားသော်လည်း ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ အလွန်တည်ငြိမ်လှပေသည်။
သူ ဝတ်ဆင်ထားသော လရောင်ကဲ့သို့ ဖြူစွတ်နေသည့် ကျင့်ကြံသူဝတ်ရုံမှာ စည်းချက်ကျလှသော အသက်ရှူသံနှင့်အတူ ဖြည်းဖြည်းမှန်မှန် အတက်အကျ လှုပ်ရှားနေသည်။
သူ၏ မျက်နှာပြင်ပေါ်တွင် ခပ်နောက်နောက် နေတတ်သော လူငယ်တစ်ဦး၏ အရိပ်အယောင်များ ကပ်ပါနေသော်လည်း မည်မျှပင် ခက်ခဲသော အခြေအနေနှင့် တွေ့ကြုံရပါစေ အကောင်းမြင်စိတ်ဖြင့် ရှေ့သို့တိုးမည့် ခိုင်မာသော စိတ်ဓာတ်နှင့် မလျှော့သော ဇွဲလုံ့လတို့က မျက်နှာတွင် ထင်ဟပ်နေသည်။
ရုတ်တရက် သူ၏ မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားသည်။
လော့ချန် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ထိုမျက်လုံးများမှာ နက်ရှိုင်းသော စမ်းရေတွင်းကဲ့သို့ ကြည်လင်တက်ကြွနေပြီး စဉ်းစားဆင်ခြင်မှု အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။
“ဒီနေရာရဲ့ ချီစွမ်းအင် သိပ်သည်းမှုက ထျန်းရှန်းမျှော်စင်ထက်တောင် အများကြီး သာနေသေးတယ်၊ ဒါဟာ ကျောက်စိမ်းအိုးဓားနန်းဆောင် အောက်က ပထမအဆင့် ဝိညာဉ်ကြောနဲ့တောင် ယှဉ်နိုင်လောက်တဲ့ အနေအထားပဲ.…”
ဤမျှ ထူထဲသိပ်သည်းသော ချီစွမ်းအင် ရှိရာနေရာတွင် ကျင့်ကြံနိုင်ခြင်းသည် သူ့အတွက် မယုံနိုင်လောက်သော အကျိုးကျေးဇူးများကို ပေးစွမ်းနေသည်။
သူ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရာ သူ၏ အားနည်းချက် ဖြစ်သော ဝိညာဉ်မြစ်ငါးခု ကြောင့် လေးဆခန့်သာ ရှိနေခဲ့သော ကျင့်ကြံခြင်း အရှိန်အဟုန်မှာ ယခုအခါ နောက်ထပ် တစ်ဆခန့် ထပ်မံ မြင့်တက်လာကြောင်း သိလိုက်ရသည်။
ငါးဆခန့် ရှိလာသော အရှိန်အဟုန်မှာ ဝိညာဉ်မြစ်သုံးခု ပိုင်ရှင်တစ်ဦး၏ ကျင့်ကြံမှုအရှိန်ကိုပင် ကျော်လွန်သွားပြီ ဖြစ်သည်။
သို့ဆိုလျှင် ဝိညာဉ်မြစ်နှစ်ခု ပိုင်ရှင်နှင့် ယှဉ်လျှင် မည်သို့ ရှိမည်နည်း။
လော့ချန်သည် ဝိညာဉ်မြစ်နှစ်ခု ပိုင်ရှင်များ၏ ကျင့်ကြံမှု အရှိန်ကို အသေအချာ မသိပေ။ အကြောင်းမှာ သူ့ပတ်ဝန်းကျင်တွင် နှိုင်းယှဉ်စရာ ပုဂ္ဂိုလ် မရှိသောကြောင့် ဖြစ်သည်။
တာဟဲဈေးမြို့တော်ရှိ ကျင့်ကြံသူ အများစုမှာ တစ်ကိုယ်တော်ကျင့်ကြံသူများသာ ဖြစ်ကြပြီး အများစုမှာ ဝိညာဉ်အမြစ် သုံးခု သို့မဟုတ် လေးခု ရှိကြသူများ ဖြစ်သည်။
ထို့ကြောင့် ထိုကဲ့သို့ ပါရမီရှင်မျိုးထဲတွင် သူ၌ သူငယ်ချင်းလည်းမရှိ၊ သိကျွမ်းသူလည်း မရှိချေ။
"နေပါဦး.... တစ်ယောက်တော့ ရှိသားပဲ၊ ဒါပေမဲ့ တစ်ခါမှတော့ မတွေ့ဖူးသေးဘူး…."
ထိုသူမှာ ရှောင်ဟူ၊ နာမည်ရင်း ချင်ယွမ်ကျန်းပင် ဖြစ်သည်။
သူသည် ချင်လျန်ချန်း နှင့် မုရုံချင်းလျန် တို့၏ သား ဖြစ်ပြီး မွေးရာပါ ရွှေနှင့် ရေ ဝိညာဉ်အမြစ် နှစ်ခု ပိုင်ဆိုင်ထားသူ ဖြစ်သည်။
လော့ချန်သည် ထိုကလေးအကြောင်းကို ကြားသာ ကြားဖူးပြီး တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ယခုအခါ ထိုကလေးသည် တိမ်ပြိုဂိုဏ်း၏ အလားအလာ အကောင်းဆုံး တပည့်တစ်ဦး ဖြစ်နေပြီ ဖြစ်ပြီး၊ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းနိုင်မည့် အနာဂတ်ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသည်။
လော့ချန်သည် ထိုကလေး၏ လက်ရှိ ကျင့်ကြံမှု အဆင့်ကိုမူ မစုံစမ်းရသေးပေ။
သူ သိထားသမျှအရ ချင်လျန်ချန်း ဇနီးမောင်နှံသည် ကလေး၏ အခြေခံကို ခိုင်မာစေရန် အစောပိုင်းကာလများတွင် ဆေးလုံးများ တိုက်ကျွေးခြင်းကို လုံးဝ ရှောင်ကြဉ်ခဲ့ကြသည်။ ဆေးဖက်ဝင် ရေချိုးပေးခြင်းနှင့် အာဟာရ ပြည့်ဝစွာ ကျွေးမွေးခြင်းတို့ဖြင့်သာ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပေးခဲ့ကြသည်။
ထိုအကြောင်းများကို ဆက်မတွေးတော့ဘဲ လော့ချန်သည် ဤနေရာတွင် ကျင့်ကြံခြင်းက သူ့အတွက် များစွာ အကျိုးရှိကြောင်းကိုသာ စိတ်ထဲ ထည့်ထားလိုက်သည်။
"ငါ နောက်ဆို ဆေးဖော်ဆောင်မှာ နေဖို့အတွက် အကြောင်းပြချက်တွေ များများရှာထားရမယ်၊ မြို့ထဲက အိမ်ကိုလည်း ဘာဖြစ်ဖြစ် ဆက်တော့ငှားထားရမှာပဲ၊ အဲဒီနေရာက မြို့တွင်းမှာ ဆိုတော့ ပိုလုံခြုံတယ်"
ယခုအချိန်တွင် တစ်လလျှင် ဝိညာဉ်ကျောက် ဆယ်တုံးဆိုသော အိမ်ငှားခမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ပေ။ ၎င်းမှာ ချီစွမ်းအင်ဖြည့် ဆေးလုံး တစ်လုံး၏ တန်ဖိုးသာ ရှိသည်။
ချီစွမ်းအင်ဖြည့် ဆေးလုံးဟု တွေးမိလိုက်သည်နှင့် လော့ချန် ပြုံးလိုက်မိသည်။
"ဒီလိုနေရာကောင်း ရောက်တုန်းရောက်ခိုက် အချိန်ကို အလဟဿ အဖြစ်မခံနိုင်ဘူး"
သူ စိတ်ငြိမ် အမွှေးတိုင် တစ်တိုင်နှင့် ချီစွမ်းအင်ဖြည့် ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် အမွှေးတိုင်ကို ထွန်းညှိကာ ဆေးလုံးကို မျိုချလိုက်ပြီး ထပ်မံ ကျင့်ကြံလိုက်တော့သည်။
….
နောက်တစ်နေ့ နံနက်ဝေလီဝေလင်းတွင် ဖြစ်သည်။
လော့ချန် ကျင့်ကြံခြင်းမှ နိုးထလာရာ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေသည်။
သူ မတ်တပ်ရပ်ကာ ကိုယ်လက် ဆန့်ထုတ်လိုက်ရင်း ကျေနပ်အားရသော သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"နေရ ထိုင်ရတာတာ ပေါ့ပါးသွားတာပဲကွာ…."
ဤအချိန်သည် သူ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း အားရကျေနပ်မှု အရှိဆုံး ကျင့်ကြံခဲ့သော အချိန်ပင် ဖြစ်သည်။
သူ၏ ပတ်ဝန်းကျင်တွင် ချီစွမ်းအင်များမှာ လှိုင်းတံပိုးများကဲ့သို့ ထူပိန်း ပြည့်နှက်နေပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ချီစွမ်းအင်ဖြည့် ဆေးလုံး၏ စွမ်းအားကို အဆက်မပြတ် စုပ်ယူ သန့်စင်နေသည်။
တစ်ချိန်တည်းတွင် ပါရမီရှင်အဆင့်သို့ ရောက်ရှိနေသော နွေဦးကျင့်စဉ်သည် သူ၏ သွေးကြောမျှင်များအတွင်း အဆီးအတားမရှိ ပျံ့နှံ့ စီးဆင်းနေသည်။
အမွှေးတိုင်၏ သင်းပျံ့သော ရနံ့မှာလည်း သူ့စိတ်ဝိညာဉ်အား ငြိမ်းချမ်းစေပြီး နှလုံးသား ကပ်ဘေး အပြီးတွင် သူ ရရှိခဲ့သော စိတ်ဝိညာဉ် စွမ်းအားကို ပိုမို ခိုင်မာစေခဲ့သည်။
ထို့အပြင် သူ မှန်မှန် အသုံးပြုနေသော အနှစ်သာရမွေးမြူရည်များကလည်း ခန္ဓာကိုယ်အတွင်း၌ ချီစွမ်းအင်များကို အမြောက်အမြား စုဆောင်းပေးထားသည်။
ဤကဲ့သို့ ကောင်းမွန်သော အခြေအနေများစွာ ပေါင်းစပ်သွားသည့်အခါ သူသည် ငတ်မွတ်နေသော သူတောင်းစားတစ်ဦး ဘုရင့် စားတော်ပွဲရှိ နန်းတွင်းစားဖွယ်များကို အဝစားလိုက်ရသကဲ့သို့ ခံစားနေရသည်။
တစ်ညတာ ကျင့်ကြံမှုအပြီးတွင် သူ၏ တိုးတက်မှုနှုန်းမှာ (၆) မှ (၈) သို့ ခုန်တက်သွားသည်။ နှစ်မှတ်တိတိ တိုးလာခြင်း ဖြစ်သည်။
ဤအရှိန်အတိုင်းသာ ဆက်သွားမည်ဆိုလျှင် ယခင် ခန့်မှန်းထားသော သုံးလကြာမည့် ချီသန့်စင် အဆင့် (၇) သို့ တက်လှမ်းနိုင်မည့် အချိန်မှာ အများဆုံး နှစ်လသာ ကြာပေလိမ့်မည်။
အမှန်ပင် ကြောက်ခမန်းလိလိ အရှိန်အဟုန် ဖြစ်သည်။
ထိုအခါမှ လော့ချန် အချက်တစ်ချက်ကို နားလည်သွားသည်။ ဂိုဏ်းကြီးများတွင် ပါရမီရှင် လူငယ်များ အများအပြား ပေါ်ထွက်လာခြင်းမှာ မဆန်းတော့ပေ။
ပထမအဆင့်၊ ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် ဝိညာဉ်ကြောများပေါ်တွင် နေ့စဉ် နေထိုင်နေရသူများအတွက် အချို့ဆိုလျှင် ဆေးလုံးများကိုပင် အားကိုးရန် မလိုတော့ချေ။
ချီစွမ်းအင်များမှာ အဆုံးမရှိသော ဒီရေလှိုင်းများကဲ့သို့ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေကြသည် မဟုတ်ပါလော။
အထူးသဖြင့် ချီသန့်စင် အစောပိုင်းနှင့် အလယ်ပိုင်း အဆင့်များတွင် အရှိန်အဟုန် မြန်လေလေ၊ နောက်ပိုင်း၌ အခြေခံတည်ဆောက်ခြင်း အဆင့်အတွက် ပြင်ဆင်ရန် အချိန် ပိုရလေလေ ဖြစ်သည်။
ထိုသူတို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများကဲ့သို့ သက်တမ်း မလောက်ငမည်ကို စိုးရိမ်စရာ မလိုပေ။
“မမရှို့ရှို့ ပြောဖူးတာကတော့ ကျင့်ကြံသူတွေ အခြေခံအုတ်မြစ် တည်ဆောက်ဖို့ အကောင်းဆုံး အသက်အရွယ်က အသက် ၆၀ မတိုင်ခင်တဲ့၊ ၆၀ ကျော်သွားရင်တော့ ချီစွမ်းအင်တွေ ဆုတ်ယုတ်လာပြီး ကျရှုံးနိုင်ခြေ ပိုများလာတယ်တဲ့….”
ဤအချက် တစ်ခုတည်းနှင့်ပင် ချီသန့်စင် အဆင့် (၉) သို့ တစ်သက်လုံး ကြိုးစားပြီးမှ ရောက်လာကြသော တစ်ကိုယ်တော် ကျင့်ကြံသူ အမြောက်အမြား၏ လမ်းကြောင်းကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်။
လော့ချန်သည် ထိုတစ်ကိုယ်တော် ကျင့်ကြံသူများအတွက် အလွန် သနားမိသည်။ ခက်ခက်ခဲခဲနှင့် ချီသန့်စင် အထွတ်အထိပ် အဆင့်သို့ ရောက်လာသော်လည်း၊ ဆုတ်ယုတ်လာသော ချီနှင့် သက်တမ်း အကန့်အသတ်တို့က သူတို့အား ဆက်လက် စောင့်ကြိုနေသည်။
အကယ် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းဆေးလုံး ရရှိခဲ့လျှင်ပင်၊ အောင်မြင်ရန် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးလှပေသည်။
"ငါ ဘယ်တော့မှ အဲဒီလို အခြေအနေမျိုး မရောက်စေရဘူး"
လော့ချန် မိမိကိုယ်ကိုယ် ကတိပေးလိုက်သည်။
ဝိညာဉ်ကြောဂူအား ရှာဖွေတွေ့ရှိခဲ့စဉ်က ရရှိခဲ့သော ပျော်ရွှင်မှုများမှာ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
အကယ်၍ သူသည် အဆင့် ၇ သို့ နှစ်လအတွင်း တက်လှမ်းနိုင်လျှင်ပင်၊ နောက်ထပ် အဆင့်များအတွက် လိုအပ်သော ချီစွမ်းအင်မှာ ပိုမို များပြားလာမည် ဖြစ်သည်။
အထူးသဖြင့် အဆင့် ၉ တွင် တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားမှာ အချိန်အကန့်အသတ်မရှိ ပိတ်မိနေတတ်သည်။ သူ၏ ဦးလေးချင်ပင်လျှင် ထိုပြဿနာနှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလော။
လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ပြီးတော့ ငါ့ရဲ့ ကျင့်ကြံမှု အရှိန်က အမြဲတမ်း ဒီလို ဖြစ်နေမှာ မဟုတ်ဘူး၊ စိတ်ငြိမ် အမွှေးတိုင် တစ်ခုတည်းနဲ့လည်း မလုံလောက်ဘူး"
မီရှုဟွာသည် တစ်လလျှင် တစ်ဗူး ပေးမည်ဟု ကတိပေးထားသော်လည်း ထိုဗူးလေးထဲ၌ (၁၂) တိုင်သာ ပါဝင်သည်။
အမွှေးတိုင် မရှိလျှင် သူသည် နွေဦး ကျင့်စဉ်အား တစ်နေ့လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သာ ကျင့်ကြံနိုင်သည်။ ထိုထက် ပိုပါက သူ၏ စိတ်ဝိညာဉ် စွမ်းအားများ ကုန်ခန်းသွားပေလိမ့်မည်။ ထို့အပြင် ချီစွမ်းအင်ဖြည့် ဆေးလုံးများလည်း ရှိသေးသည်။ သူ၌ လေးပုလင်း ရှိသော်လည်း ၎င်းမှာ ရက်ပေါင်း (၂၀) စာသာ ခံမည်ဖြစ်သည်။
လော့ချန်သည် ဤကိစ္စများကို စဉ်းစားနေရင်း သူ၏ လက်များလည်း အလိုအလျောက် လှုပ်ရှားနေသည်။
သူသည် မကွဲမအက်သေးသော ကျောက်ပြားကြီး တစ်ချပ်ကို မကာ ဝိညာဉ်ကြောဂူ၏ အဝကို ပိတ်ဆို့လိုက်သည်။
ချီစွမ်းအင်များ အပြင်ဘက်သို့ ယိုစိမ့်ထွက်သွားခြင်း မဖြစ်စေရန် ဖြစ်သည်။
“ဆေးလုံးတွေနဲ့ အမွှေးတိုင်တွေကို အဘိုးကြီးမီဆီကနေ အမြဲတမ်း တောင်းနေလို့တော့ မဖြစ်ဘူး”
လော့ချန်၏ စိတ်ထဲသို့ ရုတ်တရက် စိုးရိမ်စိတ် တစ်ခု ဝင်ရောက်လာသည်။
သူ၏ ကျင့်ကြံမှု အရင်းအမြစ် ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့်တိုင်၊ ဝိညာဉ်အမြစ် ငါးမျိုး ပိုင်ရှင်တစ်ဦးအတွက် ကျော်လွန်တိုးတက်နေသော သူ၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ အများအမြင်တွင် ပြဿနာ ဖြစ်လာနိုင်သည်။
"ဟူး…. ငါ ချီ ဖုံးကွယ်မှော်အတတ်ကို ပိုပြီး ကျွမ်းကျင်အောင် လုပ်မှ ဖြစ်တော့မယ်၊ တခြားသူတွေ ငါ့ကျင့်ကြံမှုအဆင့်ကို အမှန်အတိုင်းသိလို့မဖြစ်ဘူး"
လော့ချန် သူ့အတွေးနှင့်သူ ရေရှည်အစီအစဉ်များကို ချမှတ်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။
….
နေထွက်လာပြီ ဖြစ်သည်။
"မင်္ဂလာနံနက်ခင်းပါ"
"ခေါင်းဆောင်လော့ ကို ဂါရဝပြုပါတယ်"
ယနေ့သည် ထူးထူးဆန်းဆန်း လော့ချန် ဆေးဖော်ဆောင်သို့ အစောဆုံး ရောက်ရှိလာသည့် နေ့ဖြစ်သည်။
သို့တိုင်အောင် သူ့ထက် ပို၍ စော ရောက်နေသူများကိုလည်း တွေ့ရသည်။
ဆေးဖက်ဝင် အပင်စိုက်ပျိုးရေးအဖွဲ့မှ ကျင့်ကြံသူများသည် သူတို့၏ တာဝန်များကို စောစီးစွာ စတင်နေကြပြီ ဖြစ်သည်။
အာရုဏ်တက်ချိန်၌ သူတို့သည် မှော်လက်နက်များကို စီးနင်းလျက် ချိုင့်ဝှမ်းအတွင်းရှိ ဆေးခင်းများအပေါ်မှ ပျံသန်းကာ ကိုယ်စီ တာဝန်များကို ဆောင်ရွက်နေကြသည်။
သူတို့သည် ဆေးခင်းများအပေါ်သို့ မိုးတိမ်တိုက် ခေါ်ယူခြင်း ဟု ခေါ်ဆိုနိုင်သည့် အတတ်ပညာတစ်ရပ်ကို အသုံးပြုနေကြသည်။
မြူနှင်းကဲ့သို့ သေးငယ်သော တိမ်တိုက်ကလေးများသည် လေထဲတွင် ပေါ်ပေါက်လာပြီး အောက်ဘက်ရှိ ဆေးခင်းများသို့ အေးမြသော မိုးစက်များအဖြစ် ကျဆင်းကာ အပင်များကို ပြုစုပျိုးထောင်နေကြခြင်း ဖြစ်သည်။
"ဒါက မိုးတိမ်တိုက် မိုးစက်ငယ် အတတ် ဆိုတာမျိုးလား"
လော့ချန်သည် ဆေးခင်းဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် စိတ်ဝင်တစား မေးလိုက်သည်။
အနီးအနားရှိ ကျင့်ကြံသူ ယွမ်တုန်းရှန်းက နဖူးမှ ချွေးများကို သုတ်ကာ ပြုံးလိုက်သည်။
"ခေါင်းဆောင်လော့က ဗဟုသုတ တော်တော် ရှိတာပဲ၊ ဒါက ကုသိုလ်တော်ခန်းမရဲ့ အမွေအနှစ် အတတ်ပညာ တစ်ခုဖြစ်တဲ့ မိုးစက်ငယ် အတတ်ပါပဲ၊ ရေဓာတ်စွမ်းအင် ရှိတဲ့ ဆေးပင်တွေကို ပြုစုဖို့အတွက် အရမ်း ထိရောက်ပါတယ်"
"ခက်တာကဗျာ ဒီနေရာက ဝိညာဉ်မြေဆီဓာတ် သိပ်မကောင်းတော့တာပဲ၊ မဟုတ်ရင် ပိုကောင်းတဲ့ အပင်တွေကို စိုက်လို့ ရမှာ"
ကျင့်ကြံသူ တစ်ဦးက သက်ပြင်းချလျက် ပြောဆိုလိုက်သည်။ လော့ချန် စူးစမ်းလိုစိတ်ဖြင့် ထပ်မေးလိုက်သည်။
“ဝိညာဉ်မြေ ပိုကောင်းလာအောင် အဆင့်မြှင့်ပေးနိုင်တဲ့ ပညာမျိုး မရှိဘူးလား”
ယွမ်တုန်းရှန်း ပြန်ဖြေလိုက်သည်။
“ဓာတ်ကြီးငါးပါးဂိုဏ်းက ဝိညာဉ်ပင် စိုက်ပျိုးတဲ့ နေရာမှာ အရမ်း ကျွမ်းကျင်တယ်လို့ ကြားဖူးတယ်၊ သူတို့မှာ မြေဆီလွှာ ကောင်းမွန်လာအောင် လုပ်တဲ့နည်း၊ အပင်တွေ အကြီးမြန်အောင် လုပ်တဲ့နည်းနဲ့ မြေဆီလွှာထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အတတ်ပညာတွေ အများကြီး ရှိတယ်တဲ့”
"ဘယ်လိုမျိုးလဲဗျ"
“ဝိညာဉ်မြေ ပိုကောင်းလာဖို့ဆိုရင် ဒုတိယအဆင့် အတတ်ပညာဖြစ်တဲ့ မီးလျှံလောင်ကျွမ်းခြင်း အတတ် ရှိတယ်ဗျ၊ ဝိညာဉ်သစ်သားတွေနဲ့ ကျောက်ရိုင်းတွေကို မီးရှို့ပြီး ရလာတဲ့ ပြာတွေကို မြေဆီလွှာထဲ ထည့်ရတာပေါ့…. အဲ.… ဘယ်လိုပြောရမလဲ…. မြေဩဇာ ထည့်သလိုမျိုးပဲဗျာ”
လော့ချန်သည် မချင့်မရဲ ဖြစ်သွားသလို သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"တကယ်လို့များ ကျွန်တော်သာ အဲလိုလုပ်တတ်မယ်ဆို ဒုတိယအဆင့် ဝိညာဉ်ရုက္ခဗေဒပညာရှင်တောင် ဖြစ်လာနိုင်တဲ့ သဘောပေါ့"
ယွမ်တုန်းရှန်းက လော့ချန်အား တစ်ချက် စိုက်ကြည့်ကာ ဆိုသည်။
"ခေါင်းဆောင်လော့က ဝိညာဉ်ပင် စိုက်တာ စိတ်ဝင်စားနေပုံပဲ ဘယ်လိုလဲ၊ ကျွန်တော် သင်ပေးရမလား"
လော့ချန် ချက်ချင်းပင် မတ်တပ်ရပ်ကာ "အခုတော့ မသင်အားသေးပါဘူးဗျာ၊ နောက်မှပဲ လာသင်တော့မယ်" ဟု ပြော၍ ထိုနေရာမှ ခပ်သွက်သွက်ပင် ထွက်လာခဲ့တော့သည်။
ဆေးဖော်စပ်သည့် အလုပ်တစ်ခုတည်းနှင့်ပင် သူ ဆပ်ပြာသည် လင်ပျောက်သကဲ့သို့ ဖြစ်နေလေရာ ယခု အပင်ပါ ထပ်စိုက်ဦးမည်ဆိုပါက ဆိုဖွယ်ရာမရှိတော့ပေ။
ထို့ပြင် ဆေးဖော်စပ်သူ တစ်ဦး၏ အကျိုးခံစားခွင့်များသည် ဝိညာဉ်ရုက္ခဗေဒပညာရှင်များထက် များစွာ မြင့်မားလှသည်။
ကျင့်ကြံလောကတွင် ဆေးဖော်စပ်ခြင်း ပညာရပ်ကို ပင်မအတတ်ပညာလေးရပ် အနက် အမြင့်ဆုံးနှင့် အကျော်ကြားဆုံး ပညာရပ်ဟု သတ်မှတ်ထားကြသည်။
မှော်စာရွက်ရေးဆွဲခြင်း၊ လက်နက်သွန်းလုပ်ခြင်း နှင့် အစီအရင် အတတ်ပညာများကဲ့သို့သော ပညာရပ်များသည်လည်း အရေးပါလှသော်လည်း လူအများ၏ အမြင်တွင် ဆေးဖော်စပ်သူများ၏ အဆင့်အတန်းကို မမှီနိုင်ကြပေ။
ထိုသို့ လူအများက အထင်ကြီးလေးစားကြသော ဆေးဖော်စပ်သူ လော့ချန်သည် ယခုအခါ ဆေးဖော်ဆောင်အတွင်းရှိ တိမ်စုပ်ဆေးအိုးကြီး ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
သူ၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် အရောင်တောက်ပနေလေသည်။
"ဒီနေ့တော့ ဒီအဆင့်လတ် ဆေးအိုးကို သုံးပြီး ကျောက်စိမ်းအမြုတေ ဆေးလုံးတွေကို ဖော်စပ်ကြည့်မယ်၊ ဒါမှ ကျွမ်းကျင်မှု အမှတ်တွေ မြန်မြန် တက်လာမှာ"