အထွတ်အထိပ်အဆင့် မှော်အာဟာရဆေးလုံးများ
Vol. 11 Ch. 105
လော့ချန်သည် ယခုအကြိမ်တွင်မူ သေချာဇောက်ချလုပ်ကာ မြင်သာထင်သာ ရလဒ်ကောင်းများ ပြရန်ဆုံးဖြတ်ထားသည်။
ထို့ကြောင့် ယခင်ကဲ့သို့ ဟိုယောင်ယောင် ဒီယောင်ယောင်ဖြင့် သာမန်ကာလျှံကာမျှ လုပ်ဆောင်နေ၍ မရတော့ကြောင်းကိုလည်း သူ ကောင်းစွာ နားလည်ထားသည်။
ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုသည် ပထမအဆင့် အနိမ့်စား မှော်လက်နက်တစ်ခုသာ ဖြစ်သဖြင့် အားနည်းချက်များမှာ များစွာ ရှိနေသည်။
ဥပမာအားဖြင့် မီးပြင်းအား မလုံလောက်ခြင်းနှင့် ဆေးဖက်ဝင်ပစ္စည်းများ ထည့်သွင်းနိုင်သော ပမာဏ နည်းပါးခြင်းတို့ကြောင့် ထိပ်တန်းအဆင့် ဆေးလုံးများကို ဖော်စပ်ရာ၌ အလွန်ခဲယဉ်းလှသည်။
၎င်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ပထမအဆင့် အလတ်စား မှော်လက်နက်ဖြစ်သော တိမ်စုပ်ဆေးအိုး သည် အရည်အသွေးပိုမို ကောင်းမွန်လှသည်။
အံ့ဖွယ်တစ်သောင်း ဆေးလုံးများကို ဖော်စပ်သည့်အခါ ဆေးဖက်ဝင်ပစ္စည်း နှစ်သုတ်စာကို တစ်ပြိုင်နက်တည်း ထည့်သွင်းဖော်စပ်နိုင်ရုံသာမက ဆေးအိုး၏ အရွယ်အစားလည်း ကြီးမားသဖြင့် အသုံးချနိုင်မှု ပိုမို မြင့်မားသည်။
ကျောက်စိမ်းအမြုတေ ဆေးလုံးများကို နှစ်ကြိမ်တိုင် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ဆယ်ကြိမ်ကျော်ခန့် ကျရှုံးခဲ့သော်လည်း ထိုအတွေ့အကြုံများကြောင့် ဖော်စပ်ပုံ ဖော်စပ်နည်းတို့နှင့် သူ အတော်လေး ရင်းနှီးကျွမ်းကျင်လာခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင်မူ ထို တိမ်စုပ်ဆေးအိုးကြီး၏ စွမ်းအားကို အပြည့်အဝ အသုံးချရမည့် အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အလုပ်သင်များ ရောက်ရှိလာသည်နှင့် လော့ချန်သည် လိုအပ်သော ဆေးဖက်ဝင်ကုန်ကြမ်း ပစ္စည်းများကို ပင်မ ဆေးဖော်ဆောင်ထဲသို့ သယ်ဆောင်လာရန် ညွှန်ကြားလိုက်သည်။
သူကမူ ဆေးအိုးကြီး၏ ရှေ့တွင် ခိုင်မာသော စိတ်ဓာတ်နှင့် စူးရှသော အကြည့်တို့ဖြင့် မတ်တပ်ရပ်နေသည်။
"ဒီနေ့ကစပြီး မနက်အလုပ်စရောက်တာနဲ့ မနက်ခင်း တစ်ခုလုံးကို ကျောက်စိမ်းအမြုတေ ဆေးလုံး ဖော်စပ်တာကလွဲပီး တခြားဘာမှမလုပ်နဲ့တော့"
သူ ပြတ်သားစွာ ပြောလိုက်သည်။
"မင်းတို့အားလုံးက ဆေးဖော်စပ်တဲ့ အပိုင်းကို မကျွမ်းကျင်သေးတဲ့အတွက် လောလောဆယ် ငါပဲ ဦးဆောင် ညွှန်ကြားပေးမယ်၊ မင်းတို့တာဝန်က ဆေးအတွက် ပါဝင်ပစ္စည်းတွေကို ပြင်ဆင်တာအပြင် စွယ်စုံဆေးကျမ်း ကိုလည်း ကြိုးကြိုးစားစား လေ့လာထားကြရမယ်"
လော့ချန်သည် မီကျွင်းဖျင်ထံမှ ငှားရမ်းထားခဲ့သော ထိုကျမ်းကို ကူချိုင်ယီ၏ လက်ထဲသို့ လွှဲပေးလိုက်သည်။
ဆေးဖော်ဆောင်၏ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူထားသော ကူချိုင်ယီသည် ဆောင်ရွက်ရမည့် အတွင်းပိုင်း ကိစ္စရပ်များ များပြားလှသည်။
အလုပ်သင်များ၏ လစာကို ညှိနှိုင်းသတ်မှတ်ပေးခြင်း၊ မီးထိန်းသမားများကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ ထို့အပြင် ဖော်စပ်ပြီးသော ဆေးလုံးများကို သိုလှောင်ထိန်းသိမ်းကာ နောက်တစ်ဆင့် ဖြန့်ဖြူးပေးရမည့် ဆေးလုံးထိန်းသိမ်းသူများကို စုစည်းညှိနှိုင်းပေးခြင်း စသည့် အရေးကိစ္စများအားလုံးကို သူမသည် အတွေ့အကြုံပြည့်ဝစွာ ကိုင်တွယ်ဆောင်ရွက်ရသည်။
လော့ချန်သည် မိမိလက်အောက်ရှိ လူငယ်များကို အသစ်အဆန်းတစ်ရပ် သင်ကြားပေးရန် လိုအပ်လာသည့်အခါတိုင်း ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးလေ့ မရှိပေ။
အများအားဖြင့် ကူချိုင်ယီအား ထိုတာဝန်ကို လွှဲအပ်ပေးလေ့ရှိသည်။ သူမ၏ စီမံခန့်ခွဲနိုင်စွမ်းနှင့် သေချာပြတ်သားသော လုပ်ဆောင်ပုံကို လော့ချန် အပြည့်အဝ ယုံကြည်ထားသောကြောင့် ဖြစ်သည်။
"ဒါကို အစောင် နှစ်ဆယ် ပြန်ကူးရေးပြီးဝေလိုက်" ဟု သူ ညွှန်ကြားလိုက်သည်။
"သူတို့ကို ဆေးပင်တွေရဲ့ နာမည်တွေကို အလွတ်မှတ် ထားခိုင်းလိုက်"
ကူချိုင်ယီသည် ကျမ်းစာအုပ်ကို လက်ခံယူလိုက်သော်လည်း အနည်းငယ် တွေဝေသွားသည်။
"ဒါက ကုသိုလ်ခန်းမက စာအုပ်မလား၊ ဒါကို ဒီလိုကူးရေးပီး လိုက်ဖြန့်လို့ ဖြစ်ပါ့မလား"
“ဘာမှ မဖြစ်ပါဘူး၊ ပြဿနာတက်ရင် မီကျွင်းဖျင်နဲ့ ကျွန်တော် ရှင်းလိုက်မယ်”
လော့ချန်၏ စကားများသည် အလကား ပြောဆိုခြင်း မဟုတ်ပေ။
သူ၏ အတွေးအမြင်များသည် ယခုအခါ နောက်တစ်ကြိမ် ပြောင်းလဲလာခဲ့ပြန်သည်။ မိမိ၏ အတွင်းကျသော ဆေးဖော်စပ်ပညာနှင့် အတွေ့အကြုံများအားလုံးကို လက်အောက်ငယ်သားများအား ထုတ်ဖော်ပေးရန် မဖြစ်နိုင်သော်လည်း အခြေခံ ဗဟုသုတများကိုမူ ဖုံးကွယ်ထားရန် မလိုအပ်ဟု သူ ယူဆလာခဲ့သည်။
အကြောင်းမှာ သူတို့သာ အခြေခံ ဗဟုသုတအချို့ကို နားလည်သွားမည်ဆိုပါက အနာဂတ်တွင် သူ ဆေးဖော်စပ်မှုရာ၌ များစွာ အထောက်အကူ ဖြစ်လာမည် မဟုတ်ပေလော။
"နောက်တစ်ခုက ခေါင်းဆောင် စီကုန်း၊ ခင်ဗျား ကုသိုလ်တော်ခန်းမကို သွားပြီး ဆေးဖော်ဆောင်အတွက် မီးလျှံ ထိန်းချုပ်ခြင်း အတတ်ကို သွားငှားပေးပါ" ဟု လော့ချန် လှမ်းပြောလိုက်သည်။
စီကုန်းရှို့ကျားက မျက်မှောင်ကြုတ်ကာ မေးခွန်းပြန်ထုတ်လိုက်သည်။
"အဲ….အဲဒါက ပထမအဆင့် အဆင့်မြင့် အတတ်ပညာလေ၊ သာမန် လူတွေအတွက် ငှားလို့မရလောက်ဘူးထင်တယ်၊ ဘယ်နေရာမှာသုံးဖို့ လိုချင်တာလဲ" ဟု မေးခွန်းပြန်ထုတ်လိုက်သည်။
"အဆင့်မြင့်တော့ ရော ဘာဖြစ်လဲဗျာ"
လော့ချန်၏ အသံမှာ တင်းမာသွားသည်။
"ဒါက တိုက်ခိုက်ရေး သိုင်းကျမ်းလဲမဟုတ်ဘူး၊ချီစွမ်းအင်ကို ထိန်းချုပ်ပီး အသုံးချတဲ့ နည်းလမ်း တစ်ခုပဲလေ"
ထို့နောက် သူ မီးထိန်းသမားများဘက်သို့ လှည့်ကြည့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"သူတို့ကို တစ်ချက်ကြည့်၊ မီးထိန်းနေတာ အသုံးမကျဘူး၊ မှော်အာဟာရဆေးလုံးတွေနဲ့ အံ့ဖွယ်တစ်သောင်း ဆေးလုံးတွေ ဖော်စပ်ရတာက သူတို့နဲ့ရသေးတယ်၊ ကျောက်စိမ်းအမြုတေ ဆေးလုံး ကျတော့ သူတို့ ဒီလိုမီးထိန်းပုံနဲ့ ရမယ်ထင်နေလား၊ သူတို့ကို မီးလျှံ ထိန်းချုပ်ခြင်း အတတ် သင်ပေးရင် ခင်ဗျားအတွက်ရော၊ ကျွန်တော့်အတွက်ရော၊ ကုန်ကုန်ပြောရင် ဖိုရှန်းဂိုဏ်း အတွက်ပါ အကျိုးရှိမှာ၊ မတွေးကြည့်ဘူးလားဗျ"
"သြော်…. ဒီလိုလား"
စီကုန်းရှို့ကျားသည် ခဏမျှ တိတ်ဆိတ်သွားပြီး မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ဆက်အငြင်းမပွားတော့ပေ။
ထို့နောက် စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ ဂိုဏ်းဌာနချုပ်ရှိ ကုသိုလ်တော်ခန်းမ ဆီသို့ တန်းတန်းမတ်မတ် ထွက်ခွာသွားတော့သည်။
ထိုကဲ့သို့သော အတတ်ပညာမျိုးကို ငှားရမ်းရန် လိုအပ်သည့် ကောင်းမှု အမှတ်များအတွက်မူ စိုးရိမ်စရာ မရှိပေ။ ဆေးဖော်ဆောင် စတင် တည်ထောင်ကတည်းက မီရှုဟွာ အမိန့်တစ်ခု ထုတ်ပြန်ထားပြီး ဖြစ်သည်။
ဆေးဖော်ဆောင်အတွက် အကျိုးရှိမည့် မည်သည့် အတတ်ပညာကိုမဆို အခမဲ့ ပံ့ပိုးပေးရမည် ဟူ၍ ဖြစ်သည်။
စီကုန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း လော့ချန် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
အမှန်တကယ်အားဖြင့် သူသွားယူခိုင်းလိုက်သော ထိုကျမ်းစာအုပ်သည် မီးထိန်းသမားများနှင့် အလုပ်သင်များအတွက် သူပြောသလောက် အရေးကြီးလှသည့် အရာမဟုတ်ပေ။
သူ ထုတ်မပြောသည့် အကြောင်းပြချက် တစ်ခု ရှိနေသေးသည်။
ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ရာ၌ သူ၏ ကျွမ်းကျင်မှုသည် ယခုအချိန်အထိ အခြေခံအဆင့်၌သာ ရပ်တည်နေသေးသည်။
ထို့ကြောင့် မှော်အာဟာရဆေးလုံးများနှင့် အံ့ဖွယ်တစ်သောင်း ဆေးလုံးများ ဖော်စပ်ရာ၌ ယခင်က လုပ်ခဲ့သကဲ့သို့ အခြားသူများအား အချို့အလုပ်များကို လွှဲအပ်ပေးနိုင်မှသာ သူ့အတွက် ကျင့်ကြံရန် အချိန်ပို ရရှိလာမည် ဖြစ်သည်။
သူသည် လက်ထောက်အနည်းငယ်နှင့် ဆေးမီးဖိုလေး အနည်းအကျဉ်းကို အသေးစိတ်လိုက် ကြီးကြပ်နေရမည့် အခြေအနေကို မလိုလားပေ။
ထို့ကြောင့် မိမိအဖွဲ့သားများကို သေချာလေ့ကျင့်ပေးပြီး ယုံကြည်စိတ်ချနိုင်သည့် အဆင့်သို့ ရောက်လာသည်နှင့် ဆေးဖော်ဆောင် တစ်ခုလုံးကို ဦးဆောင်ခိုင်းကာ မိမိ၏ လမ်းညွှန်မှုအောက်တွင် ထိပ်တန်း ဆေးလုံးများ ထွက်ပေါ်လာစေရန် ထိုင်ရာမှ မထဘဲ ညွှန်ကြားနိုင်ရန် သူ စီစဉ်ထားသည်။
ပထမဦးစွာ မည်သည့်ဆေးလုံးတွင်မဆို သူ၏ ကျွမ်းကျင်မှုသည် ပါရမီရှင်အဆင့် သို့ ရောက်ရှိနေရမည် ဖြစ်သည်။
ထိုသို့ ဖြစ်မှသာ အရည်အသွေး အမြင့်ဆုံး ဆေးလုံးများကို ပုံမှန် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
"ဒါနဲ့ နေပါဦး…. ဆေးလုံး တစ်လုံးက အထွတ်အထိပ် အဆင့်ကို ရောက်သွားရင် ဘာဖြစ်မလဲ၊ အမြင့်မြတ်ဆုံး အဆင့် ဆေးလုံးတွေ ဖြစ်လာမှာလား "
လော့ချန် အတွေးနယ်ချဲ့ရင်း မှော်အာဟာရဆေးလုံး ဖော်စပ်ရာ နေရာဘက်သို့ လျှောက်သွားသည်။
ထိုနေ့ နံနက်တွင် ဆေးမီးဖို နှစ်ခုစာသာ ဖော်စပ်ခဲ့သည်။
မီးဖိုတစ်ခုမှာ လော့ချန်ကိုယ်တိုင် တိမ်စုပ်ဆေးအိုး ကို သုံး၍ ဖော်စပ်ခဲ့သည့် ကျောက်စိမ်းအမြုတေ ဆေးလုံး ဖြစ်သည်။ ဆေးနှစ်သုတ် ဖော်စပ်ခဲ့သော်လည်း အဆုံးတွင် အားလုံး ကျရှုံးခဲ့သည်။
ဆေးလုံးပေါင်း လေးဆယ်လုံးမှာ သုံးမရပဲ လွှင့်ပစ်လိုက်ရသည်။ သို့သော် လော့ချန်ကမူ စိတ်မပျက်ဘဲ ခပ်ပြုံးပြုံးပင် ရှိနေသည်။
"ဟဲဟဲ၊ ရှေးဦးပုလဲကို လေ့ကျင့်ဖို့အတွက် တစ်ခါသုံး ဆေးလုံး လေးဆယ် ထပ်ရတာပေါ့"
ကျန်သော မီးဖိုတစ်ခုကိုမူ နားချိန်အတွင်း ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။
လော့ချန်သည် မီလီနှင့် အခြား အလုပ်သင်ဆေးဖော်စပ်သူများ၊ မီးထိန်းသမားများကို ထိုလုပ်ငန်းစဉ်အတွင်း လမ်းညွှန်ပြသပေးခဲ့သည်။
"ဒီ မှော်အာဟာရဆေးလုံးက ဆေးလုံးလို့ ငါတို့ ခေါ် နေပေမဲ့ တကယ်တော့ အာနိသင်ရှိတဲ့ ဆေးဖက်ဝင်ကုန်ကြမ်းတွေရောပီး ထည့်ကျိုရုံနဲ့ထွက်လာတဲ့ ဆေးပဲ၊ ပထမအဆင့် ဆေးလုံးတွေနဲ့ နှိုင်းယှဉ်ရင် သူ့ကို ဖော်စပ်ရတာ ပိုရိုးရှင်းတဲ့အတွက် မင်းတို့လို လူသစ်တွေအတွက် သင့်တော်ပါတယ်"
သူတို့ စိတ်ဝင်တစား ကြည့်ရှုနေကြစဉ် လော့ချန်သည် မီးဖိုပတ်လည်ကို ဖြည်းညင်းစွာ လှည့်ပတ်လျှောက်သွားရင်း ဆက်လက် ရှင်းပြနေသည်။
"ပထမအဆင့် ဆေးလုံးတွေနဲ့ မတူတာက ဒီဆေးကို ဖော်စပ်ရင် အချိန်တိကျဖို့တွေ ပညာသားပါပါ မီးထိန်း ပေးရတာမျိုးတွေမလိုဘူး၊ တကယ့် အဓိက သော့ချက်ကတော့ မိစ္ဆာသားရဲ နွားဝါဆီက ရတဲ့ ဆေးဖက်ဝင် အစိတ်အပိုင်းတွေကို ပေါင်းစပ်ဖို့ပဲ၊ မင်းတို့က အဲဒါတွေကို တစ်သားတည်းကျတဲ့ ဆေးအနှစ် ဖြစ်သွားတဲ့အထိ ရောစပ်ပေးဖို့ပဲ လိုတယ်၊ ဒါက မင်းတို့ရဲ့ အဓိကအလုပ်ပဲ"
လော့ချန်၏ လမ်းညွှန်မှုအောက်တွင် ဆေးပစ္စည်းများ ပြင်ဆင်ရသဖြင့် ပင်ပန်းနွမ်းနယ်နေသော အလုပ်သင်များသည် စိတ်အားထက်သန်မှုနှင့် တက်ကြွမှုများ ပြန်လည် ရရှိလာကြသည်။
လော့ချန် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် အလုပ်သင် တစ်ယောက်အား ဘေးသို့ ခေါ်ထုတ်လိုက်သည်။
"ထန်ချွမ် မဟုတ်လား"
သူ ထိုကောင်လေးထံ အိတ်အသေးလေး တစ်အိတ် ပေးရင်း မေးလိုက်သည်။
"အိမ်ပြန်ရင် မင်း ဦးလေးဆီကို ဒီ အံ့ဖွယ်တစ်သောင်းဆေးလုံး ငါးလုံး လက်ဆောင်ပေးလိုက်"
ထန်ချွမ်သည် တွေဝေနေသော အမူအရာဖြင့် ထိုဆေးများကို ယူလိုက်သည်။
သူ၏ ဦးလေးဟုဆိုရာတွင် အခြားသူ မဟုတ်ဘဲ ကျားနာ ကျန်းဝမ်ပင် ဖြစ်လေသည်။
မကြာသေးမီကာလအတွင်း လော့ချန်သည် သူ၏ ဖောက်သည်ဟောင်းကြီး ကျန်းဝမ်ထံမှ အံ့ဖွယ်တစ်သောင်း ဆေးလုံးများ မကြာခဏ ကုန်ဆုံးသွားခြင်းကြောင့် မကျေနပ်သံများ ထွက်ပေါ်နေသည်ကို ကြားသိခဲ့ရသည်။
ထိုအချက်ကို သတိရမိသဖြင့် သူ့ဖောက်သည်ကြီးအတွက် ဆေးလုံးအချို့ကို ဖယ်ထားပေးခဲ့ခြင်း ဖြစ်သည်။
လော့ချန် အဖွဲ့ဆီသို့ ပြန်သွားကာ ပြောလိုက်သည်။
"ကဲ.... အားလုံးပဲ"
"ဆေးဖော်ဖို့ လိုတာတွေ ပြင်ထားကြ၊ လောလောဆယ်တော့ ငါဘယ်လိုလုပ်လဲ လိုက်ကြည့်ကြ၊ နောက်မှ မင်းတို့ဘာသာ မင်းတို့ လုပ်ကြ"
သူ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ပါရမီရှင်အဆင့်ရှိ ဆွဲငင်ခြင်းအတတ်ကို သုံးလိုက်ရာ ဆေးအိုးအဖုံး ဖြည်းဖြည်းချင်း ပွင့်တက်လာသည်။
တစ်ပြိုင်နက်တည်းတွင် ဆေးအိုးအတွင်းမှ မွှေးပျံ့သည့် ဆေးရနံ့ တစ်စုံတစ်ရာ ပျံ့နှံ့ထွက်လာပြီး အခန်းတစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားလေသည်။
ထိုရနံ့ကို ရှူရှိုက်မိသည့်အခါ အခန်းထဲရှိ လူအပေါင်းတို့၏ စိတ်ဝိညာဉ်များသည် ခဏအတွင်း လန်းဆန်းတက်ကြွလာသကဲ့သို့ ဖြစ်သွားလေသည်။
မီလီ၊ ထန်ချွမ် နှင့် အခြားသူများမှာ အလိုအလျောက် အသက်ကို ဝဝရှူသွင်းလိုက်ကြရာ ခန္ဓာကိုယ်တစ်လျှောက် ချီစွမ်းအင် လှိုင်းတစ်ရပ် လှုပ်ရှားသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
ဆေးအနှစ်များ ပေါ်လာသည့်အခါ လော့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူ၏ လက်ချောင်းများကို အသာအယာ လှုပ်ရှားလိုက်ရာ ရွှေရောင်တောက်ပနေသော ဆေးအနှစ်ခဲကြီးတစ်ခု သည် ဆေးအိုးအတွင်းမှ ဖြည်းဖြည်းချင်း မြင့်တက်လာပြီး လေထဲ၌ တည်ငြိမ်စွာ တန်းတန်းမတ်မတ် ရပ်တည်လျက် ရှိလာလေသည်။
"ဒါဟာ မှော်အာဟာရဆေးလုံး အနှစ်ရဲ့ မူလ ပုံစံပဲ"
"မင်းတို့ မြင်နေကျ ဆေးလုံး ပုံစံတွေကတော့ တမင် ဒီဆေးအနှစ်တွေကို ပုံသွင်းထားတာ တကယ့်အကောင်းစားဆေးလုံးဆို ထွက်လာကတည်းက ဆေးလုံးပုံစံဖြစ်နေရမှာ "
ထိုစကားများ ပြောပြီးနောက် လော့ချန်၏ မျက်နှာပေါ်တွင် အတိတ်ကို သတိရမိသကဲ့သို့ အပြုံးတစ်ပွင့် ပေါ်လာသည်။
"ငါ ဒါကို စစချင်း ဖော်စပ်တုန်းကတော့ လက်နဲ့ပဲ ကော်ထုတ်ပြီး လုံးခဲ့တာ၊ ဒီတစ်ခေါက်ကတော့ မှော်အာဟာရဆေးလုံး အလုံး ၅၀ လောက် ရမယ်ထင်တယ်၊ ရော့…. ပူနေတုန်းမှာ အမြန် ပုံသွင်းလိုက်ကြ သတိထားဦး၊ တိုက်ရိုက် မထိနဲ့၊ ငါပြောထားသလို ဝါးလိပ် ပုံစံခွက်လေးတွေကို သုံးကြ"
တောက်ပနေသည့် ဆေးအနှစ်ခဲကို မီလီဆီသို့ ပစ်ပေးလိုက်ရာ သူမက အဆင်သင့်ပြင်ထားသည့် ဝါးလင်ဗန်းဖြင့် ဖမ်းယူလိုက်သည်။
သူမသည် အလုပ်သင်များနှင့်အတူ ဆေးဖော်ဆောင် အပြင်ဘက်သို့ အပြေးထွက်သွားသည်။ မကြာမီ ရယ်မောသံများနှင့် စိတ်လှုပ်ရှားသံများမှာ အပြင်ဘက်တွင် ဆူညံသွားတော့သည်။
အထဲတွင် တစ်ဦးတည်း ကျန်ခဲ့သည့် လော့ချန် ဆေးအိုးဆီသို့ ပြန်လှည့်လိုက်သည်။
မည်သူမှ ကြည့်မနေသည့် ယခုအချိန်တွင် သူ လက်ကို ဆန့်ထုတ်လိုက်ပြီး အဖုံးကို နောက်တစ်ကြိမ် လှန်လိုက်သည်။
ထိုအခါတွင်မူ….။
ဆေးအိုး၏ အတွင်းဘက် မျက်နှာပြင်တွင် ကပ်နေသော ရွှေရောင်ဝင်းနေသည့် ဆေးလုံးတစ်လုံး ကို သူ တွေ့လိုက်ရတော့သည်။
လော့ချန် ထိုဆေးလုံးအား လက်ထဲတွင် ကိုင်ထားရင်း နှလုံးခုန်သံများ မြန်လာကာ တီးတိုးပြောလိုက်မိသည်။
"အထွတ်အထိပ် အဆင့်ရှိတဲ့ မှော်အာဟာရဆေးလုံးဆိုတာ ဒီလို မျိုးပါလား"