← Chapters

တိုက်ခိုက်ရေးစွမ်းရည်၏ အလှည့်အပြောင်း

Vol. 11 Ch. 107

တိုက်ခိုက်ရေးစွမ်းရည်၏ အလှည့်အပြောင်း

Vol. 11 Ch. 107

ဆေးဖော်ဆောင်အတွင်းရှိ နေ့စဉ်ဘဝသည် ယခုအခါ ငြိမ်သက်အေးချမ်းသော မြစ်ရေပြင်တစ်စင်းပမာ တည်ငြိမ်မှန်ကန်စွာ စီးဆင်းလျက် ရှိနေခဲ့လေပြီ။

အစောပိုင်းက လှိုင်းလုံးများပမာ ရိုက်ခတ်ခဲ့သော စိတ်ဖိစီးမှုများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ကူချိုင်ယီ၏ စနစ်ကျလှသော စီမံခန့်ခွဲမှုအောက်တွင် ကျင့်ကြံသူများသည် စွယ်စုံဆေးကျမ်း၏ နက်ရှိုင်းသော အနှစ်သာရများကို အလွတ်ရကာစ ပြုလာကြသလို၊ မီးလျှံ ထိန်းချုပ်ခြင်း အတတ်၏ လျှို့ဝှက်ချက်များကိုလည်း တစ်စစ နားလည်သဘောပေါက်လာကြပြီ ဖြစ်သည်။

သူတို့၏ ကျွမ်းကျင်မှုများ တစ်နေ့ထက်တစ်နေ့ တိုးတက်လာခြင်းကြောင့် လော့ချန်၏ ဆေးဖော်စပ်မှု လုပ်ငန်းစဉ်များမှာလည်း အတော်အတန် သက်သာချောင်ချိလာခဲ့သည်။

ထို့ကြောင့် သူ့အတွက် ကိုယ်ပိုင်ကျင့်ကြံမှုနှင့် ပညာရပ်အသစ်များကို စမ်းသပ်လေ့လာရန် အဖိုးတန်လှသော အချိန်ပိုများ ရရှိလာခဲ့သည်။

တစ်လခန့် ကြာမြင့်ပြီးနောက်….။

လခြမ်းတောင်ကြား၏ ကျောက်ဆောင်ခန်းမများနှင့် ဝေးကွာလှသော ချိုင့်ဝှမ်း၏ အနောက်ဘက် သုံးမိုင်ခန့် အကွာရှိ ရှေးဦးသစ်တောကြီး အတွင်း၌ ဖြစ်သည်။

နံနက်ခင်း၏ တိတ်ဆိတ်ငြိမ်သက်မှုကို ကြောက်မက်ဖွယ်ရာ အရာတစ်ခုက ရုတ်တရက် ဖြိုခွဲဖျက်ဆီးလိုက်လေသည်။

ရှပ်... ရှပ်...

မျက်လုံးနီနီနှင့် တောယုန်တစ်ကောင်သည် ခြုံပုတ်တစ်ခုအတွင်းမှ အသည်းအသန် ပြေးထွက်လာပြီး ကြောက်ရွံ့လွန်း၍ လည်ဆံမွေးများထောင်နေရှာသည်။

တစ်စုံတစ်ရာက သူ့အား အနံ့ခံလိုက်လံနေပြီး၊ ထိုအရာ၏ အန္တရာယ်အာရုံမှာ သူ၏ သေးငယ်လှသော ခန္ဓာကိုယ်အတွင်းရှိ အာရုံခံစားမှုတိုင်းကို “အန္တရာယ်…. အန္တရာယ်.…” ဟု အော်ဟစ်သတိပေးနေသကဲ့သို့ ဖြစ်နေသည်။

အချိန် အနည်းငယ်အကြာတွင်….။

လူတစ်ရပ်နီးပါး မြင့်မားပြီး ဆယ်ပေခန့် ရှည်လျားသော မီးခိုးရောင် ဝံပုလွေကြီး တစ်ကောင်သည် သစ်ရွက်များကို တိုးဝှေ့လျက် ဒုန်းစိုင်း၍ ထွက်ပေါ်လာသည်။

၎င်း၏ တောင်တောင့်တင်းတင်း ကိုယ်ထည်ကြီးသည် ရှုပ်ထွေးနေသော နွယ်ပင်များနှင့် အပင်ငယ်များကို သစ်ကိုင်းချိုးသကဲ့သို့ လွယ်ကူစွာ ချိုးဖျက်သွားသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် လျင်မြန်ပေါ့ပါးစွာ ရွေ့လျားနေသည်။

ပြင်းထန်သော ခုန်အုပ်မှုတစ်ခုနှင့်အတူ ထိုသားရဲသည် လေပေါ်သို့ ပျံတက်သွားပြီး ယုန်ငယ်အား ထက်မြက်သော လက်သည်းများဖြင့် ရိုက်ဖမ်းလိုက်သည်။

နောက်တစ်ခဏတွင် သူ၏ ပါးစပ်အကျယ်ကြီးမှ မေးရိုးများပိတ်သွားပြီး ယုန် သွေးနှင့် အမွေးအမျှင်များမှာ အစွယ်ဖြူဖြူများကြားတွင် ပျောက်ကွယ်သွားတော့သည်။

သားကောင်ငယ်ကို ဝါးမြိုပြီးနောက် မီးခိုးရောင် ဝံပုလွေကြီးသည် မကျေနပ်နိုင်သေးဘဲ နောက်ထပ် အစာရှာဖွေရန် တောအုပ်အတွင်းသို့ သွေးဆာသော မျက်လုံးများဖြင့် ဝေ့ဝဲကြည့်နေပြန်သည်။

သို့သော် ရှေ့ဆက်တိုးမည့်ဆဲဆဲမှာပင် ရုတ်တရက် ကျောက်ရုပ်ပမာ ရပ်တန့်သွားသည်။

ထူးဆန်းသော အနံ့တစ်ခုကို ရလိုက်သဖြင့် နှာခေါင်းများ ပွကားသွားပြီး နားရွက်များ အလိုလို စွင့်ထောင်သွားသည်။ ခေါင်းကို ဘယ်ညာ ယမ်းခါ၍ သတိရှိသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။

ထို ဝံပုလွေကြီးမသိလိုက်သည်မှာ….။

သူ့ရှေ့တည့်တည့်ရှိ သစ်ပင်အိုကြီးတစ်ပင်၏ သစ်ကိုင်းထက်တွင် လရောင်ဝတ်ရုံဖြူ ဝတ်ဆင်ထားသော လူငယ်တစ်ဦး တိတ်ဆိတ်စွာ ထိုင်နေပြီး သူ့အား အထက်စီးမှ စိုက်ကြည့်နေခြင်းပင် ဖြစ်သည်။

ထိုသူ၏ အသက်ရှူသံမှာ တည်ငြိမ်လျက် ရှိနေပြီး မျက်လုံးများမှာမူ ဝံပုလွေ၏ လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် လိုက်လံ လေ့လာနေသည်။

“ပထမအဆင့် မိစ္ဆာသားရဲ၊ မီးခိုးသစ်ရွက်ဝံပုလွေ ပဲ”

အဆင့်နိမ့် ဝိညာဉ်ဝံပုလွေများအကြားတွင် ထိုသတ္တဝါမှာ အလွန်အန္တရာယ်များလှသည်။

၎င်း၏ အင်အားမှာ ချီသန့်စင်အဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးနှင့် ရင်ဘောင်တန်းနိုင်ပြီး ပြန်လည် ကုစားနိုင်စွမ်း ကောင်းမွန်လွန်းသဖြင့် အတွေ့အကြုံရင့်ကျက်လှသော အမဲလိုက်အဖွဲ့များအတွက်ပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။

သို့သော် လော့ချန်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်မှာ ၎င်း၏ အင်အားကြောင့် မဟုတ်ဘဲ တစ်ကောင်တည်း ဖြစ်နေခြင်းကြောင့်သာ ဖြစ်သည်။

“ထူးဆန်းလိုက်တာ…. မီးခိုးသစ်ရွက်ဝံပုလွေ ဆိုတာမျိုးက အုပ်စုလိုက် ကျက်စားတတ်တာပါ၊ ဘာလို့ ဒီကောင်က တစ်ကောင်တည်း သင်းကွဲဖြစ်နေတာလဲ”

သစ်ကိုင်းပေါ်တွင် မလှုပ်မယှက် ထိုင်နေရင်း လော့ချန် တွေးလိုက်မိသည်။

ယခုနောက်ပိုင်းတွင် လော့ချန်သည် အားလပ်ချိန် ရတိုင်း ဆေးဖော်ဆောင် အနောက်ဘက်ရှိ တောအုပ်ထဲသို့ မကြာခဏ လာရောက်လေ့ ရှိသည်။

ဤတောအုပ်မှာ သူ၏ လေ့ကျင့်ရေးကွင်း ဖြစ်လာပြီး လက်တွေ့တိုက်ပွဲများအတွက် မှော်အတတ်များကို ကျွမ်းကျင်နေစေရန် လေ့ကျင့်ရာ နေရာတစ်ခု ဖြစ်လာသည်။

သူတွေ့ကြုံရသော မိစ္ဆာသားရဲ အများစုသည် အားနည်း‌ လေ့ရှိသဖြင့် လွယ်ကူစွာ ရှင်းလင်းနိုင်ခဲ့သည်။

ရံဖန်ရံခါတွင် ဝံပုလွေအုပ်များနှင့် တွေ့ဆုံတတ်သော်လည်း သူ အမြဲ ရှောင်ကွင်းလေ့ ရှိသည်။

ဤတောအုပ်လေးအား လပြည့်ညတောင်တန်း၏ အနက်ရောင် နယ်မြေအဖြစ် သတ်မှတ်ထားသည်။

အကြောင်းမှာ တာဟဲဈေးမြို့တော် နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း ဝိညာဉ်ဝံပုလွေများသည် လျင်မြန်ပြီး အာရုံခံစားမှု ကောင်းမွန်လွန်းသဖြင့် အမဲလိုက်ရန် မသင့်တော်သောကြောင့်ပင်ဖြစ်သည်။ ထိုမျှသာမက လူသူ အလာနည်းသော နေရာလည်း ဖြစ်သည်။

ဝံပုလွေအုပ်များနှင့် ကြုံတွေ့ရသည့်အခါတိုင်း လော့ချန်သည် ကျွမ်းကျင်အဆင့် ရှိသော ချီဖုံးကွယ်မှော်အတတ်နှင့် လျင်မြန်သော လှုပ်ရှားမှုများကို အားကိုးပြီး ပါးနပ်စွာ ရှောင်တိမ်းလေ့ ရှိသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ အခြေအနေမှာ တစ်မျိုးဖြစ်နေသည်။

"သင်းကွဲ မီးခိုးသစ်ရွက်ဝံပုလွေပဲ ဟက်…."

လော့ချန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး အေးစက်သော အပြုံးရိပ် သမ်းသွားသည်။

"ကွက်တိပဲ၊ တကယ့် ပြိုင်ဘက်ကောင်းနဲ့ တွေ့နေပြီ"

အားနည်းသော မိစ္ဆာသားရဲများကိုသာ အမြဲ နှိမ်နင်းနေခြင်းက သိသာထင်ရှားသော တိုးတက်မှုကို ရရှိစေမည် မဟုတ်ပေ။ နှိုင်းယှဉ်ကြည့်လျှင် မီးခိုးသစ်ရွက်ဝံပုလွေသည် သူ့အတွက်ပိုမို ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

ထိုအတွေးတစ်ချက်ဖြင့် လော့ချန် လက်ကောက်ဝတ်ကို ခါလိုက်သည်။

ထိုအခါ မြစိမ်းရောင် အလင်းတန်း ခုနစ်ခုသည် သူ၏ လက်ချောင်းများမှ လျှပ်စီးပမာ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ကျောက်စိမ်းအမြုတေ ဆေးလုံး အလေအလွင့်များဖြင့် ဖန်တီးထားသော လက်နက်များ ဖြစ်ပြီး တစ်ခုချင်းစီတွင် သေစေနိုင်လောက်သော ရှေးဦး ပုလဲ အတတ်ကို ပေါင်းစပ် ထည့်သွင်းထားသည်။

သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ချီဖုံးကွယ် မှော်အတတ်၏ ဖုံးကွယ်နိုင်စွမ်းမှာ နှင်းမှုန်လေးကဲ့သို့ ပျက်ပြယ်သွားသည်။ သူ၏ ချီစွမ်းအင် လှုပ်ရှားမှုများအား ဝိညာဉ်ဝံပုလွေ ချက်ချင်း အာရုံခံမိသွားသည်။

ဝူး.... ဝူး….

အသံနိမ့်ဖြင့် ညည်းတွားရင်း မီးခိုးသစ်ရွက်ဝံပုလွေသည် နောက်ဆုတ်မည့်အစား သွေးဆာစွာဖြင့် ရှေ့သို့ တိုးဝင်လာသည်။

ဤတောအုပ် ဘက်ခြမ်းတွင် ဝိညာဉ်ဝံပုလွေများသည် အစာကွင်းဆက်၏ ထိပ်ဆုံးတွင် နေရာယူထားပြီး ကြောက်ရွံ့ခြင်းကို မေ့လျော့နေကြသူများ ဖြစ်သည်။

သန့်ရှင်းသပ်ရပ်သော ဝတ်ရုံနှင့် တည်ငြိမ်သော အမူအရာ ရှိသည့် သူ့ရှေ့မှ လူသားသည် အထူးတလည် ခြိမ်းခြောက်နိုင်မည်ဟု မထင်ထားပေ။

အားပါသော ခုန်ပျံမှု တစ်ခုနှင့်အတူ ဝံပုလွေသည် လေပေါ်သို့ ပျံတက်သွားပြီး မိစ္ဆာစွမ်းအင် လှိုင်းများ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားသည်။

ထင်….ထင်....ထင်….

မြစိမ်းရောင် အလင်းတန်း ခုနစ်ခုသည် သံမဏိကဲ့သို့ မာကျောသော ဝံပုလွေ၏ ကိုယ်ထည်နှင့် ရိုက်ခတ်မိပြီး ပြန်ကန်ထွက်သွားကြသည်။

လော့ချန်၏ မျက်လုံးများ တောက်ပသွားပြီး ဆွဲငင်ခြင်း အတတ်ကို အစွမ်းကုန် အသက်သွင်းလိုက်သည်။ လေထဲနှင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကျောက်စိမ်းဓားသွားများသည် ရုတ်တရက် လမ်းကြောင်း ပြောင်းပြန်လှည့်ကာ လေထဲတွင် စုစည်းသွားကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် တဝှီးဝှီးလည်နေသော ဓားကွက် တစ်ခု ဖြစ်ပေါ်လာသည်။

"ပါရမီရှင်အဆင့် ဆွဲငင်ခြင်း အတတ်နဲ့ သာမန် ကျင့်ကြံသူတွေထက် နှစ်ဆ ပိုအား ကောင်း တဲ့ ငါ့ရဲ့ ဝိညာဉ်အာရုံ စွမ်းအား ပေါင်းစပ်လိုက်တော့ ဒီ အလတ်စား မှော်လက်နက်ကို သေချာ ထိန်းချုပ်လိုက်နိုင်တာပဲ"

လော့ချန် တီးတိုး ရေရွတ်လိုက်သည်။ သူ၏ အကြည့်များမှာ စူးရှပြီး လေ့လာတွက်ချက်မှုများဖြင့် ပြည့်နှက်နေသည်။

"ဒါပေမဲ့ ဒီတစ်ကွက်တည်းနဲ့တော့ ဒီအကောင်ကြီးကို နှိမ်နင်းဖို့ မလုံလောက်သေးဘူး"

သူ ထင်သည့်အတိုင်းပင် စုစည်းထားသော ကျောက်စိမ်းဓားသွားများသည် ဝံပုလွေ၏ ဘေးဘက်များတွင် တိမ်ဝင်သော ဒဏ်ရာ အနည်းငယ်သာ ပေးနိုင်ခဲ့သည်။

သားရဲမှာ ဟိန်းဟောက်လျက် လက်သည်းဖြင့် တစ်ချက်တည်း ရိုက်ထုတ်လိုက်ရာ ကစားကွက် တစ်ခုလုံး ပျက်ပြယ်သွားသည်။ သစ်သားဓားသွား တစ်ခုမှာ သိသိသာသာ မှေးမှိန်သွားပြီး ကျိုးပဲ့လုနီးပါး ဖြစ်သွားသည်။

လော့ချန် ရပ်တန့်မသွားဘဲ “လာစမ်း ခံနိူင်အောင် ခံကြည့်စမ်း” ဟု အော်ဟစ်လိုက်ပြီး သူ၏ လက်သင်္ကေတများကို ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ထူထပ်သော ခြုံပုတ်များနှင့် သစ်ရွက်များကြားမှ မရေမတွက်နိုင်သော စိမ်းလန်းသည့် နွယ်ပင်များ မြေကြီးထဲမှ မြွေများအလား ထိုးထွက်လာပြီး ဝိညာဉ်ဝံပုလွေဆီသို့ ရစ်ပတ် တိုက်ခိုက်လိုက်ကြသည်။

ဝံပုလွေ၏ မျက်လုံးနီများမှာ လက်ခနဲ ဖြစ်သွားသည်။

သူသည် အရှိန်မလျှော့ဘဲ ခြေလက် နှင့် ခန္ဓာကိုယ်တခုလုံးကို ရစ်ပတ်လာသည့် နွယ်ပင်တိုင်းကို တစ်ခဏချင်းအတွင်း ဖြတ်တောက် ပစ်လိုက်သည်။

ချွန်ထက်လှသော လက်သည်းကြီးများဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ရာ မိစ္ဆာစွမ်းအားဖြင့် ဖွဲ့စည်းထားသော အစိမ်းရောင် စွမ်းအင်ဓားသွားများစွာ လော့ချန်ထံ တည့်တည့် တိုးဝင်လာသည်။

လော့ချန် မတုန်လှုပ်ဘဲ ပုံရိပ်ယောင်သဖွယ် ဖြစ်သွားသည်။ သူ၏ မှော်ဝတ်ရုံမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး သေစေနိုင်သော တိုက်ခိုက်မှုများကို ကျက်သရေရှိစွာ ရှောင်တိမ်းလိုက်သည်။

လေလွင့်ခြေလှမ်းနှင့် လေခွင်းအတတ် တို့အား သုံး၍ သစ်ပင်ကြီးများကြားတွင် မယုံနိုင်လောက်အောင် လျင်မြန်မှု၊ ပေါ့ပါးမှုတို့ဖြင့် ကူးသန်းသွားလာနေသည်။

ဝံပုလွေ၏ တိုက်ခိုက်မှု မှာ ထူထပ်သော သစ်ပင်များနှင့် သစ်ရွက်အုပ်များကြောင့် လမ်းကြောင်း လွဲသွားတော့သည်။

နောက်ဆုတ်နေရင်းမှာပင် လော့ချန် တန်ပြန်တိုက်ခိုက်လိုက်သည်။

မီးလုံးများသည် သူ၏ လက်မှ တရစပ် ထွက်ပေါ်လာပြီး ဝံပုလွေ၏ ပတ်ဝန်းကျင်တွင် ပေါက်ကွဲသွားကြသည်။ သူတို့နှစ်ဦးကြားတွင် ရောင်စုံစက်ဝန်းများစွာ ကခုန်နေသကဲ့သို့ ဖြစ်နေသည်။ သူသည် မီးလုံးတိုင်းအား သူ၏ ထူးခြားသော အတတ်ဖြင့် မတူညီသော စည်းချက်၊ လမ်းကြောင်းများဖြင့် ပစ်လွှတ်နေခြင်း ဖြစ်သည်။

ဝံပုလွေသည် တဒင်္ဂ ရပ်တန့်သွားပြီး မျက်လုံးများ ကျဉ်းမြောင်းကာ အတွေးရ ကျပ်သွားသည်။ မီးလုံးအတတ် ဆိုသည်မှာ သူ ရင်းနှီးပြီးသား အရာဖြစ်သည်။

လူသား ကျင့်ကြံသူများ သုံးလေ့ရှိသော သာမန် လှည့်ကွက်တစ်ခုပင်။ အန္တရာယ် ရှိသည်မှာ မှန်သော်လည်း ရှောင်တိမ်းရ လွယ်ကူသည်။

မိမိကဲ့သို့ အင်အားကြီးသားရဲတ‌စ်ကောင်၏ လျင်မြန်မှုနှင့်စာလျှင် အလွန်နှေးလွန်းသဖြင့်၊ ထိ ရောက်မည်မဟုတ်ဟု ထင်ထားခဲ့သည်။

သို့သော် မီးလုံးများသည် မီးခိုးသစ်ရွက်ဝံပုလွေအား တစ်ခုပြီး တစ်ခု ဝင်တိုက်ကာ ပေါက်ကွဲသွားပြီး သံမဏိကဲ့သို့ မာကျောသော ကိုယ်ထည်ကို ထိခိုက်ကာ မီးလောင်ဒဏ်ရာများ ရရှိစေသည်။

ဝိညာဉ်ဝံပုလွေများအကြားတွင် အမြန်ဆုံး မဟုတ်သော်လည်း မီးခိုးသစ်ရွက်ဝံပုလွေသည် သစ်သားဓာတ် သဘာဝ ရှိသည့် သတ္တဝါဖြစ်ပြီး ကြံ့ခိုင်မှုနှင့် ထူးကဲသော ပြန်လည် ကုစားနိုင်စွမ်းကြောင့် ကျော်ကြားသည်။ ၎င်းသည် ခံနိုင်ရည်ရှိရန် ဖန်တီးထားသော သားရဲဖြစ်ပြီး တိုက်ပွဲများတွင် ရန်သူအများစုထက် ပိုမို ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်။

ဤဒဏ်ရာ အသေးစားများက ၎င်းအား လဲကျသွားစေရန် မလုံလောက်ဘဲ ပိုမို ဒေါသထွက်စေရုံသာ ရှိသည်။

ကံဆိုးစွာဖြင့် ထိုလူသားမှာ အလွန် မြန်လွန်းလှသည်။ ထိပ်တိုင် မရင်ဆိုင်ဘဲ သစ်ပင်များကြားတွင် ဖမ်းမမိနိုင်သော သရဲတစ်ကောင်ကဲ့သို့ ကခုန်နေကာ နေရာအနှံ့မှ တိုက်ခိုက်နေပြီး တစ်နေရာတည်းတွင် ငြိမ်မနေပေ။

မီးခိုးသစ်ရွက်ဝံပုလွေသည် နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး စူးရှသော အကြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ၏ အရိုင်းဆန်သော ပင်ကိုယ်စိတ်သည် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။ ဤကဲ့သို့ အရုပ်တစ်ခုလို ကစားခံရခြင်းကို သူ မုန်းတီးလှသည်။

အသံနိမ့်ဖြင့် ဟိန်းဟောက်ရင်း သူ နောက်ဆုတ်ရန် လှည့်လိုက်သည်။ သို့သော် လှည့်လိုက်သည့် အချိန်မှာပင် ၎င်း၏ သားရဲမျက်လုံးများ ပြူးကျယ်သွားကာ အမြီးကိုလည်း ခြေထောက်ကြားသို့ အလိုအလျောက် ကုပ်သွင်းလိုက်မိသည်။

၎င်း၏ မြင်ကွင်းထဲတွင် စောစောက လွဲချော်သွားသည်ဟု ထင်ရသော မီးလုံးများသည် ယခုအခါ ဘေးပတ်လည်တွင် စက်ဝိုင်းသဏ္ဍာန်ဖြင့် ဝိုင်းရံထားပြီး ဖြစ်နေသည်။

"ဒီလောက် အချိန်အကြာကြီး လှည့်စားခံလိုက်ရတာ တော်တော်ဆိုးဆိုးပဲနော်"

ဝိညာဉ်ဝံပုလွေ မသိလိုက်မီမှာပင် လော့ချန်သည် အနီးရှိ သစ်ပင်ကြီးတစ်ပင်၏ ထိပ်တွင် နေရာယူထားပြီး ဖြစ်သည်။

သူ၏ ဝတ်ရုံများမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး မျက်လုံးများတွင် သေခြင်းတရားကို ပေးအပ်မည့် စူးရှမှုများ တောက်ပနေသည်။

"မင်းကို ဂုဏ်သိက္ခာရှိရှိ ဇာတ်သိမ်းခန်းတစ်ခု ပေးပါရစေ"

"ကဲ ပေါင်းစမ်း"

အတွေးတစ်ချက်ဖြင့်ပင် လော့ချန်၏ လက်ချောင်းများသည် ကျွမ်းကျင်စွာ လှုပ်ရှားသွားပြီး ပွင့်ဖတ်များ လှုပ်ရှားနေသကဲ့သို့ လေထဲတွင် ပုံစံများ ရေးဆွဲလိုက်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် ချီစွမ်းအင် ကြိုးမျှင်များသည် ပြန့်ကျဲနေသော မီးလုံးများကို ချိတ်ဆက်လိုက်ပြီး ဝိညာဉ်ဝံပုလွေဆီသို့ တိကျသော လမ်းကြောင်းများအတိုင်း စုစည်း တိုးဝင်သွားစေသည်။

အာဝူး….

မျှော်လင့်ချက်မဲ့နေသော အူသံနက်ကြီး တစ်ခု သားရဲ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာသည်။

မြေဝါရောင် စွမ်းအင်အလွှာများသည် သူ့ခန္ဓာကိုယ်အား ဝန်းရံလာပြီး ကာကွယ်ရန်အတွက် ရှိသမျှ မိစ္ဆာစွမ်းအင် အကုန်လုံးကို ဆင့်ခေါ်လိုက်သည်။ သို့သော် ထိုကဲ့သို့သော ခံစစ်များ သည် မီးလုံးပေါင်း နှစ်ဆယ်ကျော်၏ မရပ်မနား တရစပ် တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပေ။

ခဏကြာပြီးနောက် တောအုပ်မှာ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားလေသည်။

လော့ချန်သည် သစ်ပင်ထိပ်မှ ဆင်းသက်လာပြီး မီးခိုးငွေ့များ ထွက်နေသော တွင်းကြီးဘေးသို့ ရောက်လာသည်။ မီးကျွမ်းနေသော ဝိညာဉ်ဝံပုလွေ၏ အကြွင်းအကျန်များမှ မီးခိုးငွေ့များ တရိပ်ရိပ်ထွက်ပေါ်နေသည်။ သူ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

"ဒီလောက် ကောင်းတဲ့ ဝံပုလွေသားရေကိုကွာ၊ နှမြောစရာ ကောင်းလိုက်တာ၊ အကောင်းအတိုင်းသာ ရမယ်ဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက် တန်တယ်၊ အသားချည်းပဲတောင် ပိဿာ တစ်ထောင် ကျော်လောက် ရှိမှာ၊ ဝိညာဉ်ကျောက်တုံး ဒါဇင်နဲ့ချီ အလဟသဖြစ်ကုန်ပြီ"

သူသည် တွင်းထဲရှိ အက်ကွဲနေသော အရိုးများနှင့် မီးလောင်နေသော အသားစများကို ကြည့်ရင်း သားရဲကောင်ကြီးကိုရောင်းချရာမှ ရရှိမည့် ငွေအတွက် ဝမ်းနည်းနေမိသည်။

"ပြီးတော့ ဒီအရိုးတွေ.... ကျွတ်…. ကျွတ်.... ငါ့လက်တွေက ဘာလို့ ဒီလောက် လက်ရဲဇက်ရဲ နိုင်ရတာလဲ"

ညည်းတွားသံနှင့်အတူ လော့ချန် ခေါင်းခါလိုက်ပြီး ရေရွတ်လိုက်သည်။

"ကဲ ဘာမှ မရမယ့်အတူတူ ဒီကနေ မြန်မြန် ထွက်မှ ဖြစ်မယ်၊ ဒီကောင်ကြီး မသေခင် အော်လိုက်တဲ့ အသံက စစ်ကူတောင်းတဲ့ အသံ ဖြစ်လောက်တယ်၊ ဒီနေရာက စိတ်မချရတော့ဘူး"

တွေဝေမနေဘဲ လော့ချန် ခုန်ပျံလိုက်ပြီး ငှက်ကြီးတစ်ကောင်အလား ရှေးဦးသစ်တောကြီး၏ ထူထပ်သော နယ်မြေထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

အပြန်လမ်းတွင် သူ စိတ်ထဲ၌ တိုက်ပွဲကို ပြန်လည် သုံးသပ်ကြည့်ပြီး အဆင့်တိုင်းကို ခွဲခြမ်းစိတ်ဖြာကာ အားနည်းချက်များကို ရှာဖွေနေသည်။ သို့သော် သူ စဉ်းစားလေလေ ပိုမို ကျေနပ်လာလေလေ ဖြစ်သည်။ အသေးစိတ် စိစစ်ပြီးနောက် သူ မည်သည့် အားနည်းချက်မျှ ရှာမတွေ့ခဲ့ပေ။

"ငါက တကယ်ပဲ တိုက်ခိုက်ရေး ဉာဏ်ကြီးရှင်ပဲ"

သူ ရယ်မောလိုက်ပြီး လက်မောင်းမှ သစ်ရွက်ခြောက်ကို ခါထုတ်လိုက်သည်။

ဤတစ်ကြိမ်တွင် လော့ချန် သူ၏ အဆင့်မြင့်ဝှက်ဖဲ တစ်ခုကိုမျှ အသုံးမပြုခဲ့ပေ၊ ဝိညာဉ်ဖျက်သံမှို လည်းမပါ၊ မီးလုံးပေါင်းစပ်ခြင်းလည်း မပါပေ။ စိမ်းမြရတနာဓား၊ နွယ်ရှင်နှောင်ကြိုး မှော်အတတ်၊ မီးလုံးအတတ်၊ ရှေးဦး ပုလဲ ၊ လေလွင့်ခြေလှမ်းနှင့် လေခွင်းအတတ် ကဲ့သို့သော သာမန် အတတ်များကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့တိုင်အောင် စွန်လွှတ်တိုက်စစ် နည်းဗျူဟာကြောင့် သူသည် ချီသန့်စင်အဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးနှင့် တန်းတူရှိသော သားရဲတစ်ကောင်ကို အနိုင်ယူနိုင်ခဲ့သည်။

အစမှ အဆုံးထိ တိုက်ပွဲသည် လော့ချန်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည်။ အထူးသဖြင့် ဝံပုလွေအား မီးလုံးများဖြင့် ဝိုင်းရံပြီး ပေါက်ကွဲစေသည့် နောက်ဆုံး ကစားကွက်သည် လော့ချန်အား အလွန် ကျေနပ်စေခဲ့သည်။

"မီးလျှံ ထိန်းချုပ်ခြင်း အတတ်က မီးလုံးအတတ်ကို ပိုမိုက်သွားအောင် အဆင့်မြှင့်ပေးလိုက်တာပဲ"

လော့ချန် ရေရွတ်လိုက်သည်။

"မီးလျှံပိုးအိမ်အတတ်လည်း အခု ပိုမြန် ပိုလှုပ်ရှားနိုင်ပြီး ရန်သူ အကျပ်ရိုက်အောင် လုပ်နိုင်ပြီ၊ ဦးလေးချင်သာ ဆိုရင် အခြေအနေကို လျှော့တွက်ပြီး အကြီးအကျယ် ဒဏ်ရာရသွားလောက်တယ်"

လျှို့ဝှက် အတတ်ဖြစ်သော နတ်သမီး ပန်းကြဲခြင်း သည်လည်း အတော်အသုံးဝင်သည်။ ရှေးဦး ပုလဲအား သုံး၍ ကျောက်စိမ်းအမြုတေ ဆေးလုံး အလေအလွင့်များကို ဗုံဆံအသေးစားလေးများကဲ့သို့ ပစ်လွှတ်လိုက်ခြင်းအားဖြင့် အစုလိုက် အပြုံလိုက် ပေါက်ကွဲသွားစေသည်။ ထိုပေါက်ကွဲအားသည် သာမန် မှော်လက်နက်များနှင့် စွမ်းအားချင်း ယှဉ်နိုင်ပေသည်။

ကောင်းကွက်တစ်ရပ်မှာ ထိုဗုံးဆံဆေးလုံးများကို ဆက်တိုက် ထိန်းချုပ်ရာ၌ ချီစွမ်းအင်ကို များစွာ အသုံးပြုရန် မလိုအပ်ခြင်းပင် ဖြစ်သည်။

ဤအဖြစ်အပျက်များကို ပြန်စဉ်းစားရင်း လော့ချန်သည် လွန်ခဲ့သော တစ်လအတွင်း ပိုတိုးတက်လာသည်ဟု ခံစားလိုက်ရသည်။

သူ အစောဆုံး သင်ယူခဲ့သော စွမ်းရည်များထဲမှ တစ်ခုဖြစ်သည့် နွယ်ရှင်နှောင်ကြိုး မှော်အတတ်သည် နောက်ဆုံးတွင် ပါရမီရှင်အဆင့် သို့ ရောက်ရှိသွားခဲ့သည်။

ချီဖုံးကွယ်မှော်အတတ်သည် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိခဲ့ပြီး ချန်ရှို့ဖိန် တစ်ခါက ရရှိခဲ့ဖူးသော အဆင့်ကိုပင် များစွာ ကျော်လွန်သွားပြီ ဖြစ်သည်။

ဤသို့ ဆက်တိုက် တိုးတက်လာမှုကြောင့် သူ၏ အောင်မြင်မှုမှတ်များသည် ၁၉ မှတ်အထိ မြင့်တက်လာခဲ့သည်။

ပါရမီရှင်အဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော မှော်အတတ် အများအပြားကြောင့် လော့ချန်သည် ချီသန့်စင်အဆင့် နှောင်းပိုင်း ကျင့်ကြံသူ အများစုကို ယှဉ်နိုင်ပြီဟု ယုံကြည်မှု ရှိနေသည်။

"အဆုံးအဖြတ်စင်မြင့်က အဆင့်မြင့် မှော်လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ ကျွမ်းကျင်သူတွေလောက်ပဲ ငါ့ကို နိုင်လောက်မယ် " ဟု တွေးရင်း လော့ချန်သည် ကျင့်ကြံသူ ၁၈ ဦး ပါဝင်သည့် အသေအကြေ တိုက်ပွဲ မြင်ကွင်းကို ပြန်လည် သတိရလိုက်သည်။

သူ ခေါင်းခါပြီး သက်ပြင်းသာ ချလိုက်မိသည်။

“သာမန် အဆင့် ၉ ကျင့်ကြံသူတွေက ဘယ်ကနေပြီး အထွတ်အထိပ်အဆင့် ခံစစ်ဝတ်ရုံတွေ၊ အထွတ်အထိပ်အဆင့် ပျံသန်းဓားတွေကို ရနိုင်မှာလဲ”

စဉ်းစားရင်းနှင့်ပင် လော့ချန်တစ်ယောက် လခြမ်းတောင်ကြား ထဲသို့ ပျံသန်း ဝင်ရောက်လာသည်။

ဆေးဖော်ဆောင်ထဲသို့ ဝင်လိုက်သည်နှင့် စီကုန်းရှို့ကျားက သူ့ထံ အမြန်လျှောက်လာသည်။

"ခန်းမခေါင်းဆောင် လော့၊ ပင်မ ခန်းမ‌ဆောင်ကနေ အစည်းအဝေး တစ်ခု ရှိတယ်လို့ အကြောင်းကြားလာတယ်၊ ကျွန်တော်တို့ သွားသင့်လား"

"အစည်းအဝေး ဟုတ်လား"

လော့ချန်၏ မျက်လုံးများ အရောင်တောက်သွားပြီး လက်ကို ကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းလိုက်သည်။

"သွားကြတာပေါ့ဗျာ"

All Chapters