ကျင့်ကြံခြင်း အသိအမြင်နှင့် လေလံပွဲ၏ အစ
Vol. 11 Ch. 108
လင်းစန္ဒာခန်းမ တစ်ခုလုံးတွင် ကျင့်ကြံသူများ၏ တီးတိုး စကားပြောသံများမှာ မြစ်ရေစီးသံပမာ ပျံ့လွင့်လျက် ရှိသည်။
အစည်းအဝေး စတင်ရန် စောင့်ဆိုင်းနေကြသော ကျင့်ကြံသူများမှာ အုပ်စုလိုက် စုဝေးကာ သက်သောင့်သက်သာဖြင့် စကားစမြည် ပြောဆိုနေကြသည်။
"ချီစွမ်းအင်က ကောင်းကင်ဘုံထိ တိုင်အောင် လှိုင်းထန်ပြီး၊ စိတ်အာရုံက နှလုံးသားကို ထိန်းချုပ်ထားတယ်၊ အဲဒါက ဘယ်လို ကျင့်စဉ် အနက်အဓိပ္ပာယ်မျိုးပါလိမ့်"
တစ်ဦးက မျက်မှောင်ကြုတ်ကာ စဉ်းစားဟန်ဖြင့် မေးလိုက်သည်။
"ကျုပ်ရဲ့ ချီစွမ်းအင်ဖြည့်ဆေးလုံး တွေက အာနိသင် လျော့လာသလိုပဲဗျာ" ဟု အခြားတစ်ဦးက ခပ်တိုးတိုး ညည်းတွားလိုက်သည်။
"တခြား ဆေးလုံး တွေကို ပြောင်းသုံးရင် ပိုကောင်းမလား မသိဘူး"
"ကျွတ်…. ကျွတ်.... ကျုပ် ဟိုတစ်နေ့က တောထဲမှာ မျောက်တစ်ကောင်ကို တွေ့ခဲ့တယ်ဗျာ၊ ပထမအဆင့် မိစ္ဆာသားရဲပဲ ရှိသေးတာ၊ စကားပြောနေတာလေ၊ လျှာပွင့် ဆေးမြက်ကို စားထားပုံရတယ်၊ နှမြောစရာကြီးဗျာ၊ အဲဒါတွေက ဝိညာဉ်ကျောက်တုံး ၅၀၀ လောက် တန်တာကိုး"
သူတို့၏ လေသံများမှာ ပေါ့ပါးနေပြီး ရယ်မောသံများမှာလည်း ရိုးသားစစ်မှန်လှသည်။
ဤသည်မှာ အစည်းအဝေး မစတင်မီ ရင်းနှီးကျွမ်းဝင်သူများအကြား ကျင့်ကြံခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် လောကအကြောင်းအရာများကို ဖလှယ်နေကြခြင်း ဖြစ်သည်။
တစ်ကိုယ်တော် ကျင့်ကြံသူများအတွက်မူ ဤကဲ့သို့သော ရဲဘော်ရဲဘက် စိတ်ဓာတ်မျိုးမှာ ကြုံတောင့်ကြုံခဲလှသည်။
ပုံမှန်အားဖြင့် ဂိုဏ်းကြီးများ သို့မဟုတ် မြင့်မြတ်သော မိသားစုများတွင်သာ တွေ့ရတတ်သော်လည်း ဖိုရှန်းဂိုဏ်းသည် ရာစုနှစ်တစ်ခုကြာ ဖြတ်သန်းလာခဲ့ပြီးနောက် ဤကဲ့သို့သော စည်းလုံးမှုကို ပျိုးထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အပြင်ဘက်မှ ရယ်မောသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့် ခန်းမအတွင်းရှိ စကားပြောသံများမှာ တစ်စစ တိတ်ဆိတ်သွားသည်။
"လူကြီးမင်းတို့.... ကျွန်တော် နောက်မကျပါဘူးနော်"
အရပ်ရှည်ရှည်နှင့် ယုံကြည်ချက်ရှိသော လူတစ်ယောက် ခန်းမအတွင်းသို့ လှမ်းဝင်လာသည်။
လရောင် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လော့ချန်၏ အသွင်အပြင်မှာ ကြမ်းတမ်းသော စစ်သည်တစ်ဦးထက် စာပေပညာရှင်တစ်ဦးနှင့် ပိုတူနေသည်။ သူ၏ ကျက်သရေရှိမှုမှာ တိမ်တိုက်များကြားမှ ဆင်းသက်လာသော နတ်သားတစ်ပါးပမာ ထင်မှတ်ရသည်။
သူ၏ လက်မောင်းဝတ်ရုံတွင် စွဲကပ်နေသော ဆေးဖက်ဝင်အပင်များ၏ သင်းပျံ့သော ရနံ့က သူ့အား အခြားသော ကျင့်ကြံသူများထက် ပိုမို ထူးခြားနေစေသည်။
လော့ချန်၏ နောက်တွင် စီကုန်းရှို့ကျားနှင့် ကူချိုင်ယီတို့ ပါလာကြသည်။
စီကုန်းရှို့ကျားသည် ဝါရင့်သူတစ်ဦး၏ တည်ငြိမ်မှုဖြင့် လည်းကောင်း၊ ကူချိုင်ယီသည် အမြဲ ဂရုတစိုက်ရှိသော နောက်လိုက်တစ်ဦးကဲ့သို့ လည်းကောင်း လော့ချန်၏ အနောက်မှ လိုက်ပါလာကြသည်။
ခန်းမဆောင် အထက်ပိုင်းရှိ ပလ္လင်ထက်တွင် မီရှုဟွာသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ခေါင်းညိတ်ပြသည်။
လော့ချန်လည်း လောကဝတ်အရ အနည်းငယ် ဦးညွှတ်လိုက်ပြီး တံခါးနှင့် အနီးဆုံး၊ မီရှုဟွာနှင့် အဝေးဆုံးနေရာတွင် ဝင်ထိုင်လိုက်သည်။ ကူချိုင်ယီမှာမူ သူ၏ အနောက်တွင် နာခံမှုရှိစွာ မတ်တပ်ရပ်နေသည်။ စီကုန်းရှို့ကျားမှာမူ ရာထူးအရ ရှေ့ပိုင်းတွင် ဝင်ထိုင်လိုက်ရာ မီရှုဟွာပြီးလျှင် ဒုတိယနေရာတွင် ရှိနေသည်။
လော့ချန် ခန်းမအတွင်း ဝေ့ကြည့်လိုက်ရာ လော့ဝူတီ၊ ကျန်းဝမ်၊ ကျန်းရှီချုံး စသည့် ရင်းနှီးသော မျက်နှာများကို တွေ့လိုက်ရသည်။ ဝမ်ယွမ်ကို တွေ့သောအခါ လော့ချန် မျက်ခုံးပင့်ပြကာ ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်သည်။
လူစုံနေပြီ ဖြစ်သဖြင့် မီရှုဟွာ၏ ပြတ်သားသော အသံ ဟိန်းထွက်လာသည်။
"ဒီလရဲ့ အစည်းအဝေးကို စလိုက်ကြရအောင်"
မီရှုဟွာသည် အချိန်ဖြုန်းမနေတော့ဘဲ တိုက်ပွဲခန်းမ သုံးခု၏ ခေါင်းဆောင် လော့ဝူတီဘက်သို့ လှည့်လိုက်သည်။ လော့ဝူတီ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး တင်းမာသော မျက်နှာထားဖြင့် ဆိုသည်။
"ပြီးခဲ့တဲ့လရဲ့ အရှုံးအမြတ် စာရင်းတွေကို ကုသိုလ်တော် ခန်းမက စစ်ဆေးပြီးပါပြီ၊ အဲဒါတွေကို အသေးစိတ် ပြန်ပြောပြီး အချိန်မဖြုန်းတော့ပါဘူး၊ ဒါပေမဲ့ ဂိုဏ်းချုပ် ဆုံးဖြတ်ပေးရမယ့် ကိစ္စတစ်ခု ရှိပါတယ်"
သူ ခေတ္တ ရပ်နားလိုက်ပြီး လေသံ မာမာဖြင့် ပြောလိုက်သည်။
"တာဟဲ ဈေးမြို့တော်မှာ အဖွဲ့အစည်းသစ် တစ်ခု ပေါ်လာတယ်ဗျ၊ သူတို့က ကျုပ်တို့ရဲ့ အမဲလိုက်ကွင်းတွေနဲ့ အရင်းအမြစ်တွေကို ကျူးကျော်လာကြတယ်၊ ဒီအဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ကျုပ်တို့ ဘယ်လို သဘောထားမျိုး ထားပြီး ဆက်ဆံသင့်ပါသလဲ ဂိုဏ်းချုပ်"
မီရှုဟွာ အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။
"မင်း ပြောနေတာ ရွှမ်ယီ အဖွဲ့အစည်းလား"
"အမှန်ပါပဲဗျ၊ ဂိုဏ်းချုပ်မီ ခင်ဗျား သိပြီးသားလား"
လော့ဝူတီက အံ့ဩဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။
"ရွှမ်ယီ ကို တည်ထောင်တာက တုမိသားစု၊ နန်ကုန်းမိသားစုနဲ့ တခြား အခြေခံတည်ဆောက်ခြင်း အဆင့် မိသားစု သုံးခု ပေါင်းပြီး တည်ထောင်ထားတာ၊ အားလုံးပေါင်းလိုက်ရင် မိသားစု ငါးခုပေါ့၊ မျိုးဆက်သစ်တွေကို စုစည်းပြီး အဖွဲ့သစ်တစ်ခု ဖွဲ့လိုက်တာပဲ"
မီရှုဟွာ ရှင်းပြလိုက်ရာ ခန်းမအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် မိသားစု ငါးခု ပေါင်းစည်းလိုက်ခြင်းသည် သာမန်ကိစ္စ မဟုတ်ပေ။
"တခြား တောင်တန်းတွေမှာ သူတို့ ကြိုက်သလို လုပ်ပါစေ၊ ဒါပေမဲ့ ရှေးဟောင်း လွင်ပြင်မှာတော့ သူတို့နဲ့ တွေ့ရင် တတ်နိုင်သမျှ ပဋိပက္ခ မဖြစ်အောင် ရှောင်ပါ၊ တစ်ဖက်မှာလည်း သူတို့ မိစ္ဆာသားရဲတွေ ဖမ်းမိရင် ဈေးပေါပေါနဲ့ ဝယ်ဖို့ ကမ်းလှမ်းကြည့်ပါ"
မီရှုဟွာက လမ်းညွှန်လိုက်သည်။
ဤ ကျူးကျော်ခြင်းဟု ခေါ်ဆိုသည့် အရာမှာ အမှန်စင်စစ် နှောင့်ယှက်မှု တစ်ခုသာ ဖြစ်ကြောင်း အားလုံး နားလည်သွားကြသည်။ မီရှုဟွာအနေဖြင့် မိသားစုကြီးများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အကြောင်းပြချက် မရှိပေ။
ထို့နောက်သားရဲ ခန်းမ တာဝန်ခံ ခယ်ယွဲ့လင်း အလှည့်သို့ ရောက်လာသည်။ ခယ်ယွဲ့လင်းက မျက်နှာမကောင်းစွာဖြင့် တင်ပြသည်။
"မိစ္ဆာ လင်းယုန်ကြီး တစ်ကောင် ဘယ်ကနေ ရောက်လာမှန်း မသိဘဲ ထိုးဆင်းလာပြီး သိုးဖြူ တချို့ကို သုတ်သွားပါတယ်၊ သားရဲ တွင်းထဲမှာလည်း အပေါက်ကြီး ဖြစ်ကျန်ခဲ့ပြီး လူမယဉ် သေးတဲ့ ဝက်သစ်ချနက် အရိုင်း အုပ်စုလိုက်ကြီး ထွက်ပြေးသွားကြပါတယ် ဂိုဏ်းချုပ်"
သားရဲခန်းမသည် ဂိုဏ်း၏ အဓိက ဝင်ငွေရလမ်းတစ်ခု ဖြစ်သဖြင့် အားလုံး နှမြောတသ ဖြစ်သွားကြသည်။
မီရှုဟွာ ထိုလင်းယုန်အား ရှင်းလင်းရန် အစီအစဉ် ချမှတ်ပေးလိုက်သည်။
ထို့နောက် သတ္တုတူးဖော်ရေးခန်းမ ဘက်မှလည်း မြွေမိစ္ဆာ အသိုက်နှင့် တိုးသဖြင့် ကျင့်ကြံသူများ သေဆုံးခဲ့ရကြောင်း အစီရင်ခံသည်။
နောက်ဆုံးတွင် အားလုံး စောင့်မျှော်နေသော ဆေးဖော်ခန်းမ အလှည့် ကျရောက်လာလေသည်။
အားလုံး၏ အကြည့်များမှာ လော့ချန်ထံ စုပြုံကျရောက်သွားသည်။
လော့ချန် ပေါ့ပေါ့ပါးပါးပင် ပုခုံးတွန့်ပြလိုက်သည်။
"ခင်ဗျားတို့ အားလုံး ဘာလို့ ကျွန်တော့်ကို ကြည့်နေကြတာလဲ၊ ကျွန်တော်က ဆေးဖော်စပ်ဖို့ပဲ တာဝန်ရှိတာ၊ ကုန်ကြမ်း ရှာဖွေတာနဲ့ ဆေးလုံး ရောင်းချတာတွေ အားလုံးကို အကြီးအကဲ စီကုန်းနဲ့ ကုသိုလ်တော်ခန်းမက ကိုင်တွယ်တာလေ"
စီကုန်းရှို့ကျားက မျက်နှာထား တင်းမာစွာဖြင့် ဝင်ပြောသည်။
"ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် ဂိုဏ်းချုပ်မီ၊ ဆေးဖော်ဆောင်မှာရှိတဲ့ အဖွဲ့ဝင် လုပ်သား ၃၀ ရဲ့လစာကို ဆေးဖော်ခန်းမ အနေနဲ့ မတတ်နိုင်တော့ဘူး"
ထိုအခါ မီကျွင်းဖျင်က လော့ချန်ကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
"လော့ချန်.... ဆေးဖော်ခန်းမက အရင်လမှာ ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကျော် ရှုံးခဲ့တယ်နော်၊ ခန်းမခေါင်းဆောင် တစ်ယောက် အနေနဲ့ ရှင်းပြဖို့ လိုတယ်မဟုတ်လား" ဟု အေးစက်စွာ ဆိုသည်။
လော့ချန် နားမလည်ဟန်ဖြင့် ပြန်ပက်လိုက်သည်။
"ဘာကို ရှင်းပြရမှာလဲ၊ ကျွန်တော်က ကျွန်တော့် တာဝန်အတိုင်း ဆေးတွေ ဖော်နေတာပဲ၊ ပြီးခဲ့တဲ့လက အရှုံးပေါ်တာက အံ့ဖွယ်တစ်သောင်း ဆေးလုံးကြောင့် မဟုတ်ဘူး၊ ကျောက်စိမ်းအမြုတေ ဆေးလုံးကြောင့် ဖြစ်တာလေ၊ အဲဒါ သဘောမကျရင် ကျွန်တော် အဲ့ဆေးလုံးဖော်တာ ရပ်ပစ်လိုက်လို့ ရတယ်၊ ကိစ္စမရှိဘူး"
မီကျွင်းဖျင် တွန့်ဆုတ်သွားသည်။
ထိုစဉ် မီရှုဟွာ၏ အသံမှာ တည်ငြိမ် ပြတ်သားစွာ ထွက်ပေါ်လာသည်။
"မဖြစ်ဘူး…. ကျောက်စိမ်းအမြုတေ ဆေးလုံးကို ဆက်ဖော်ရမယ်၊ ဆေးလုံးအပေါ် ရင်းနှီးမြှုပ်နှံမှုလည်း ထပ်တိုးရမယ်"
မီရှုဟွာ လော့ချန်အား တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ အခြေခံတည်ဆောက်ခြင်း အဆင့် အရှိန်အဝါ တိတ်တဆိတ် ထွက်ပေါ်လာပြီး ခန်းမအတွင်း၌ လေးလံသော ဖိအားတစ်ခုကို ဖန်တီးလိုက်သည်။
ပတ်ဝန်းကျင် လေထု လေးလံလာသည်ကို လော့ချန် ခံစားလိုက်ရပြီး အသက်ရှူရသည်မှာပင် အနည်းငယ် ခက်ခဲလာသည်။
သို့သော် သူ တည်ငြိမ်မှုကို ထိန်းကာ အားကိုးရာမဲ့သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"ဂိုဏ်းချုပ်မီ၊ ကျွန်တော် အကောင်းဆုံး မလုပ်တာ မဟုတ်ရပါဘူး၊ ဒါပေမဲ့ဗျာ ကျင့်ကြံမှု အဆင့်က အရမ်းနိမ့်နေတော့ အချိန်ကြာကြာ ဆေးဖော်စပ်ဖို့ အားမရှိဘူးလေ၊ လမ်းပြပေးမယ့်သူ မရှိတော့ ကျွန်တော် အတော်လေး လမ်းပျောက်နေရပါတယ်"
လော့ချန်၏ စကားကို ကြားသောအခါ ခန်းမအတွင်းရှ်ိ အခြား ကျင့်ကြံသူများမှာ တစ်ကိုယ်တော် ကျင့်ကြံသူ ဘဝ၏ အထီးကျန် ခက်ခဲမှုကို ကိုယ်ချင်းစာသွားကြသည်။
"ဂိုဏ်းချုပ် အနေနဲ့ ကိုယ်ပိုင် အသိအမြင် တချို့ကို မျှဝေပေးနိုင်မလားလို့ ကျွန်တော် စဉ်းစားမိပါတယ်...."
လော့ချန် ပါးနပ်စွာ အခွင့်အရေးကို အရယူလိုက်သည်။
မီရှုဟွာ ခေတ္တမျှ စဉ်းစားပြီးနောက် သမီးဖြစ်သူဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။
"ဖိန်အာ…. လော့ချန်ကို ကျောက်စိမ်းလိပ် ပေးလိုက်ပါ"
မီကျွင်းဖျင်မှာ မလိုလားသော်လည်း ဖခင်၏ အမိန့်ကို မလွန်ဆန်ဝံ့ဘဲ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းလိပ် တစ်ခုကို လော့ချန်ထံ ပစ်ပေးလိုက်သည်။
လော့ချန် ထိုကျောက်စိမ်းလိပ်အား နဖူးနှင့် ကပ်လိုက်သည်နှင့် မီရှုဟွာ၏ တစ်သက်တာ ကျင့်ကြံခြင်း အသိအမြင်များမှာ သူ၏ အာရုံထဲသို့ အလိုလို ဝင်လာသည်။
ဤသည်မှာ ဖြတ်လမ်းနည်းမဟုတ်ဘဲ ကျင့်ကြံခြင်း လမ်းခရီးကို ဘေးကင်းစွာ ဖြတ်သန်းနိုင်မည့် လမ်းမှန်ပြမြေပုံ တစ်ခုပင် ဖြစ်သည်။ လော့ချန် ထိုကျောက်စိမ်းလိပ်အား မြင့်မြတ်သော ရတနာပမာ ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
အစည်းအဝေး ပြီးဆုံးခါနီးတွင် မီရှုဟွာက စိတ်လှုပ်ရှားဖွယ် သတင်းတစ်ခုကို ကြေညာလိုက်သည်။
"ဆောင်းရာသီ အစမှာ တာဟဲဈေးမြို့တော်က နှစ်စဉ် ကျင်းပမြဲ အကြီးစား လေလံပွဲကို ကျင်းပလိမ့်မယ်၊ ဘယ်သူမဆို တက်ရောက်ဖို့ စိတ်ဝင်စားရင် ကျုပ်ဆီ အသိပေးကြပါ"
လေလံပွဲ….။
ထိုစကားလုံး တစ်လုံးတည်းက ခန်းမတစ်ခုလုံးအား အသက်ဝင်သွားစေသည်။ ချီသန့်စင်အဆင့် ကျင့်ကြံသူများအတွက်မူ ရှားပါးလှသော ရတနာများနှင့် ဆုံတွေ့နိုင်မည့် အခွင့်အရေးကြီး ဖြစ်နေပေတော့သည်။