← Chapters

လရောင်အောက်မှ ထမင်းဝိုင်း

Vol. 11 Ch. 109

လရောင်အောက်မှ ထမင်းဝိုင်း

Vol. 11 Ch. 109

အစည်းအဝေး ပြီးဆုံးသည်နှင့် လော့ချန်တစ်ယောက် မီကျွင်းဖျင်ရှိရာသို့ သွားရောက်တွေ့ဆုံလိုက်သည်။

သူမထံမှ ချီစွမ်းအင် ဖြည့်ဆေးလုံး ငါးပုလင်း၊ စိတ်ငြိမ်အမွှေးတိုင် တစ်ဗူးနှင့် သူရသင့်ရထိုက်သော အမြတ်ဝေစု ဝိညာဉ်ကျောက်တုံး ၇၅၀ ကို လက်ခံရရှိခဲ့သည်။

မီကျွင်းဖျင်၏ မျက်နှာထားမှာ တိမ်ဖုံးနေသည့်နှယ် မည်းမှောင်နေသည်။

သူမဘက်မှ ကြည့်လျှင် အဖေဖြစ်သူက သမီးအရင်းဖြစ်သူထက်ပင် လော့ချန်အပေါ် ပို၍ ဦးစားပေးနေသည် မဟုတ်ပါလော။

လော့ချန်သည် သူမ၏ ဖအေတူ မအေကွဲ မောင်ရင်း ဖြစ်နေမလားဟုပင် မီကျွင်းဖျင် သံသယဝင်မိသွားသည်။

….

လော့ချန်သည် ဆေးဖော်စပ်ရင်း မတော်တဆ လက်ပွန်းပဲ့ကာ သွေးစက်အနည်းငယ် ကျခဲ့သည်မှလွဲ၍ ဖိုရှန်းဂိုဏ်း အတွက် သွေးမြေကျအောင် တိုက်ခိုက်ပေးခြင်း မရှိခဲ့သော်လည်း၊ သူ၏ ဆေးပညာ ကျွမ်းကျင်မှုနှင့် လုပ်အားကို မီရှုဟွာထံ ပုံအပ်ထားခဲ့သည်။

ဆေးလုံးတိုင်းနှင့် ပင်ပင်ပန်းပန်း ရှာဖွေရရှိသော ဝိညာဉ်ကျောက်တုံးတိုင်းသည် သူနှင့် ထိုက်တန်သည်ထက် ပိုသည်ဟု ခံစားရသည်။

ကျေနပ်အားရသော အပြုံးတစ်ခုနှင့်အတူ လော့ချန် ပစ္စည်းများကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး ကူချိုင်ယီအား လှမ်းခေါ်လိုက်သည်။

မြို့တွင်းပိုင်းသို့ ပြန်၍ စျေးဝယ်ထွက်ရန် အချိန်ကျပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ လစာထုတ်ပြီးစ လအစဖြစ်သလို၊ အနှစ်သာရမွေးမြူရည် ဖော်စပ်ရန် ကုန်ကြမ်းပစ္စည်းများမှာလည်း သူတို့ဘာသာ ခြေထောက်ပေါက် ရောက်လာမည် မဟုတ်ပေ။ သွားရောက်ဝယ်ယူရပေဦးမည်။

စိတ်ငြိမ် အမွှေးတိုင် တစ်ဗူးသည် အလွန်ဆုံးခံမှ ၁၂ ရက်သာ အသုံးခံမည်ဖြစ်ရာ၊ သူ၏ လက်ရှိ ကျင့်ကြံမှု အရှိန်အဟုန်ကို ထိန်းသိမ်းထားလိုပါက အိတ်ကပ်ထဲမှ စိုက်ထုတ်၍ ထပ်ဖြည့်ရပေဦးမည်။

….

နာရီအနည်းငယ် ကြာပြီးနောက် လိုအပ်သည်များကို ဝယ်ယူဖြည့်တင်းပြီးချိန်တွင် လော့ချန်၏ ဖောင်းပွနေခဲ့သော ပိုက်ဆံအိတ်မှာ သိသိသာသာ လျော့နည်းသွားလေသည်။

သူ့လက်ထဲတွင် ဝိညာဉ်ကျောက်တုံး ၇၀၀ ခန့်သာ ကျန်ရှိတော့သည်။

သို့သော် သူ့အတွက်မူ ဤရင်းနှီးမြှုပ်နှံမှုသည် တန်သည်ထက်ပင် ပိုနေလေသည်။

ဤ ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံခြင်း လောကတွင် တွန့်ဆုတ်နေခြင်းသည် တိုးတက်မှုကို ရပ်တန့်စေကာ သေချာပေါက် ကျဆုံးစေမည့် လမ်းစပင် ဖြစ်သည်။ အရာအားလုံး ပုံအောလိုက်မှသာ ရှေ့ဆက်လမ်းကို ခင်းနိုင်မည် ဖြစ်သည်။

ယခုအခါ လိုအပ်သော ပစ္စည်းများ ပြန်လည် ဖြည့်တင်းပြီးပြီ ဖြစ်သဖြင့် လော့ချန်သည် မျှော်လင့်ချက်များ ပြည့်နှက်လျက် မြို့တွင်းရှိ ခြံဝင်းလေးထဲသို့ ပြန်လာခဲ့သည်။

….

အနှစ်သာရမွေးမြူရည်ကို ပြင်ဆင်ထားပြီး ဖြစ်သလို နောက်ထပ် ပြင်းထန်သော ကျင့်ကြံခြင်း အလှည့်တစ်ခုက ရှေ့တွင် စောင့်ကြိုနေပြီ ဖြစ်သည်။

လော့ချန်သည် ချီသန့်စင်အဆင့် နှောင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် နေ့ရက်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။ ထို့အဆင့်သို့ တစ်လအတွင်း ရောက်ရန်မှာ သူ့၏ရည်မှန်းချက် ဖြစ်သည်။

တိုးတက်ရာလမ်းဆီသို့ သွားရာတွင် မည်သူ့ကိုမျှ သူစောင့်ဆိုင်းနေမည် မဟုတ်ပေ။

ခြံဝင်းအိမ်လေးထဲတွင် ကြေးအိုးများသည် မီးဖိုများပေါ်တွင် ပွက်ပွက်ဆူနေသည်။ ညချမ်း လရောင်အောက်ဝယ် လေထုထဲ၌ မွှေးကြိုင်သော ဟင်းရနံ့များက အတိ လွှမ်းခြုံထားသည်။ ယနေ့ လော့ချန် အိမ်ရှင်အဖြစ် ထပ်မံ တာဝန်ယူထားသည်။

ဖူရှို့ရှို့ ထွက်ခွာသွားပြီးနောက် လော့ချန်သည် အိမ်နီးချင်းများအား စုစည်းပေးသည့် သူမ၏ နေရာကို ဝင်ရောက် တာဝန်ယူခဲ့သည်။

လစဉ်လတိုင်း အစဉ်အလာမပျက် သူသည် အိမ်နီးနားချင်းများနှင့် မိတ်ဆုံစားပွဲဝိုင်းတစ်ခုကို စီစဉ်လေ့ရှိသည်။

ဤသည်မှာ တာဝန်အရ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဤခြံဝင်းအတွင်း အတူနေထိုင်ကြသည့် ကျင့်ကြံသူများအကြား ရဲဘော်ရဲဘက် စိတ်ဓာတ်ကို တည်ဆောက်လိုသော ရိုးသားစစ်မှန်သည့် ဆန္ဒကြောင့်ပင်။

ယခုတစ်ကြိမ်တွင် အားလုံး စားစရာ တစ်မျိုးစီ ဝိုင်းဝန်း ထည့်ဝင်ထားကြသည်။ အမြဲ ရက်ရောတတ်သော ချင်လျန်ချန်းသည် အတော်အတန် ကြီးမားသော ချိုတစ်ချောင်းသိုး၏ အသားတုံးကြီး တစ်တုံးကို ယူလာခဲ့သည်။

သာမန် သိုးများနှင့် မတူဘဲ ချိုတစ်ချောင်းသိုးသည် သဘာဝ ခွန်အားနှင့် ကြမ်းကြုတ်မှုကြောင့် နာမည်ကျော်ကြားသော မိစ္ဆာသားရဲ တစ်မျိုးဖြစ်သည်။ ၎င်း၏ စွမ်းအားအဆင့်ကို ဦးခေါင်းပေါ်ရှိ ချိုများဖြင့် ခွဲခြားနိုင်ပြီး ချိုတစ်ချောင်းလျှင် ပထမအဆင့်၊ ချိုနှစ်ချောင်းလျှင် ဒုတိယအဆင့်၊ အကယ်၍ ချိုလေးချောင်း ပေါက်လာပါက စစ်မှန်သော သားရဲ ဧကရာဇ် အဆင့်သို့ တက်လှမ်းသွားမည် ဖြစ်သည်။

လော့ချန်၏ ကျွမ်းကျင်သော ဓားချက်အောက်တွင် မာကျောသော အသားတုံးကြီးသည် ပါးလွှာသော အသားလွှာများအဖြစ်သို့ ပြောင်းလဲသွားပြီး ဟင်းရည်အိုးထဲသို့ ရောက်ရှိသွားသည်။

ဤ ဆောင်းဦးပေါက် ညချမ်းတွင် ခြံဝင်းလေးသည် ရယ်မောသံများ၊ စကားပြောသံများဖြင့် စီစီညံနေသည်။ ဟင်းရည်ပူပူ ပန်းကန်လုံးများမှာ အိမ်နီးချင်းများကြား လက်ဆင့်ကမ်း လည်ပတ်နေသည်။

"တာဟဲ ဈေးမြို့တော်က တကယ်ပဲ ပြောင်းလဲသွားပြီ"

တစ်စုံတစ်ယောက်က အစာစားရင်း ကြားဖြတ် ပြောလိုက်သည်။

"ဟိုတုန်းကဆို ဘယ်သူကများ ချိုတစ်ချောင်းသိုးကို အမဲလိုက်ရဲမှာလဲ၊ ပထမအဆင့် မိစ္ဆာသားရဲတွေဆိုတာ နောက်ပြောင်စရာ မဟုတ်ဘူးလေ"

"ဟုတ်တယ်…."

နောက်တစ်ယောက်က ထောက်ခံလိုက်သည်။

"အခုဆိုရင် ထူးချွန်ပါရမီရှင်များစာရင်း ပေါ်က ကျင့်ကြံသူတွေက အဆုံးအဖြတ်စင်မြင့် မှာ ယှဉ်ပြိုင်ကြရုံတင် မကဘူး၊ ကိုယ့်ကိုယ်ကိုယ် ထက်မြက်အောင် လုပ်ဖို့ တောင်ပေါ်ကို အမြဲလိုလို တက်ပြီး အမဲလိုက်နေကြတာ"

"သူတို့က စားဝတ်နေရေးအတွက် လုပ်နေကြတာလား၊ ဒီတိုင်းအပျော်သက်သက်အတွက် လုပ်နေကြတာလား ဘယ်သူသိမှာလဲ"

"နှစ်ခုစလုံး ဖြစ်နိုင်တာပေါ့"

တစ်စုံတစ်ယောက်က ဝင်ထောက်လိုက်သည်။

"သူတို့ အားလုံးမှာ အကြောင်းပြချက်တွေ ရှိကြမှာပါ"

လူတိုင်း သတင်းများနှင့် အတင်းအဖျင်းများကို ဖလှယ်နေကြစဉ် လော့ချန်မှာ တိတ်ဆိတ်စွာ ထိုင်နေပြီး တာဟဲဈေးမြို့တော်တွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို နားထောင်ကာ မှတ်သားနေသည်။

တာဟဲ ထူးချွန်ပါရမီရှင်များစာရင်း ပေါ်ရှိ အကျော်ကြားဆုံး နာမည်များသည် အခြေခံတည်ဆောက်ခြင်း အဆင့် နီးပါး ရောက်ရှိနေသော မိသားစုများမှ လူငယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့၏ အောင်မြင်မှုများသည် ကိုယ်ပိုင် မှတ်တိုင်များ သက်သက် မဟုတ်ဘဲ သူတို့ မိသားစုများအတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အောင်လံလွှင့်ထူခြင်းများ ဖြစ်သည်။

တစ်စုံတစ်ယောက်သာ ရှုံးပွဲမရှိ စံချိန်ကို ထိန်းသိမ်းထားနိုင်ပါက မိသားစု၏ အဆင့်အတန်းကို တစ်ညတည်းနှင့် မြင့်တက်စေနိုင်ပြီး မိတ်ဖက်အသစ်များ ရရှိစေခြင်း၊ စီးပွားရေး ဆွေးနွေးပွဲများတွင် ပြိုင်ဘက်များကို ခြိမ်းခြောက်နိုင်ခြင်းနှင့် ဒေသတွင်း သြဇာအာဏာ ဖြန့်ကျက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။

လော့ချန်သည် အိုင်လောင်တောင်မှ အခြေခံတည်ဆောက်ခြင်း အဆင့် နှောင်းပိုင်း ကျင့်ကြံသူ သေဆုံးမှု၏ နောက်ဆက်တွဲ အကျိုးဆက်များကို စူးစမ်း မေးမြန်းကြည့်သည်။

သို့သော် မည်သူမျှ တိကျသော အဖြေကို မပေးနိုင်ကြပေ။

ချင်လျန်ချန်းနှင့် မုရုံချင်းလျန်တို့က ထိုကိစ္စသည် အဖြေမပေါ်ဘဲ ငြိမ်သက်သွားပြီဟု ပြောကြသည်။

ကူချိုင်ယီသည်ကား ထျန်းရှန်မျှော်စင်တွင် အလုပ်လုပ်ခဲ့စဉ်က တည်ဆောက်ထားခဲ့သည့် လျှို့ဝှက်သတင်းကွန်ရက်များကို အသုံးချကာ အိုင်လောင်တောင်မှ ရွှေအမြုတေ အဆင့် ဆရာသခင်ကြီး ဒေါသတကြီးဖြင့် သူ့ဂိုဏ်းသို့ ပြန်သွားခဲ့ပြီ ဖြစ်ကြောင်း ပြောပြသည်။

ထိုအချိန်တွင် ပိုင်မေလင်းက အိုင်လောင်တောင်မှ ခေါင်းဆောင်သည် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန် ကျောက်စိမ်းအိုးဓားဂိုဏ်းသို့ သွားရောက် တောင်းဆိုခဲ့ကြောင်း ထပ်ဖြည့် ပြောကြားသည်။

နောက်ဆုံး သတင်းမှာ အယုံကြည်ရဆုံး ဖြစ်သော်လည်း အဓိပ္ပာယ် သိပ်မရှိ ဖြစ်နေပြန်သည်။

အိုင်လောင်တောင်အနေဖြင် ကျောက်စိမ်းအိုးဓားဂိုဏ်းအား တာဝန်ယူခိုင်းခြင်းမှာ ဖြစ်နိုင်သော်လည်း၊ ရွှေအမြုတေအဆင့် ဂိုဏ်းတစ်ခုအနေဖြင့် ဝိညာဉ်သန္ဓေတည် အဆင့် ဂိုဏ်းကြီး တစ်ခုအား မည်သို့မည်ပုံ ရန်စရဲပါမည်နည်း။

ထို့ကြောင့် လော့ချန် တိကျသော သတင်းအချက်အလက် မရရှိခဲ့ပေ။

သူ ထိုကိစ္စအား သိပ်အလေးမထားတော့ပေ။ မည်သို့ပင် ဆိုစေ၊ အခြေခံတည်ဆောက်ခြင်း အဆင့်၊ ရွှေအမြုတေ အဆင့် သို့မဟုတ် ဝိညာဉ်သန္ဓေတည် အဆင့် ဂိုဏ်းများနှင့် ပတ်သက်သော ကိစ္စရပ်များသည် သူနှင့် မသက်ဆိုင်သလို ဝေးကွာလွန်းလှသည်။

အိမ်နီးချင်းများ အားလုံး ပွက်ပွက်ဆူနေသော အိုးများရှေ့တွင် စကားလက်ဆုံ ကျနေစဉ် ခြံဝင်းတံခါးကြီး ပွင့်ဟသွားသည်။

စူးရှထက်မြက်သော မျက်နှာသွင်ပြင်နှင့် လူတစ်ယောက် ဝင်းထဲသို့ ဝင်လာသည်။ သူသည် သူ့ရှေ့မှ မရင်းနှီးသော မြင်ကွင်းကြောင့် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခြေလှမ်းများ ခေတ္တ ရပ်တန့်သွားသည်။

ဝင်းထဲတွင် ကျင့်ကြံသူများသည် သက်သောင့်သက်သာ အနေအထားများဖြင့် ထိုင်ကာ စကားစမြည် ပြောဆိုရင်း ပွက်ပွက်ဆူနေသော ကြေးအိုးများထဲသို့ အသားများကို နှစ်နေကြသည်။

မီးဖိုများမှ အပူငွေ့နှင့် တူသံများက ထူးဆန်းစွာ နွေးထွေးသော လေထုကို ဖန်တီးနေသည်။

တွမ်ဖုန်း တွန့်ဆုတ်သွားသည်။

ငါ အိမ်မှားဝင်မိတာလား၊ ဒါက ကျင့်ကြံသူတွေရဲ့ နေအိမ် မဟုတ်ဘဲ သာမန် လယ်သမား အိမ်များ ဖြစ်နေမလား….။

အခြားသူများက သူ့အား လှမ်းကြည့်လိုက်ကြပြီး လူသစ်လေးအား မည်သို့ တုံ့ပြန်ရမည်ကို မသေချာ ဖြစ်နေကြသည်။ အခြေအနေ အူကြောင်ကြောင် မဖြစ်မီမှာပင် လော့ချန် မတ်တပ်ရပ်လိုက်ပြီး ဖြစ်သည်။

"အစ်ကိုတွမ်၊ နောက်ကျမှ ပြန်ရောက်တာလား"

လော့ချန် ပြုံးကာ လှမ်းနှုတ်ဆက်လိုက်သည်။

"လာပါဦးဗျာ၊ ဝင်ထိုင်ပြီး တစ်ခုခု စားပါဦး၊ အိမ်နီးချင်းတွေနဲ့လဲ မိတ်ဆက်ပေးချင်လို့"

ပြန်ပြောမည့် စကားကိုပင် မစောင့်တော့ဘဲ လော့ချန် ရှေ့သို့ လျှောက်သွားကာ တွမ်ဖုန်း၏ လက်ကို ဆွဲလျက် စားပွဲဝိုင်းမှ လွတ်နေသော ခုံလွတ် တစ်ခုဆီသို့ အတင်း ဆွဲခေါ်သွားသည်။

တွမ်ဖုန်းမှာ နေရခက်နေပုံရသည်။ အမြဲ အေးစက်ပြီး စကားနည်းသော သူသည် ထိုင်ခုံတွင် ထိုင်လိုက်သော်လည်း စိတ်လှုပ်ရှားနေပုံ ရသည်။ သို့သော် သူ မငြင်းဆန်ခဲ့ပေ။

လော့ချန်၏ မိတ်ဆက်ပေးမှုဖြင့် အခြားသူများသည် တွမ်ဖုန်းအား သိကျွမ်းသွားကြသည်။

တွမ်ဖုန်းသည် စကား သိပ်မပြောသော်လည်း မာန်မာန ထောင်လွှားခြင်းမျိုး မရှိပေ။ အတိုချုပ် မိတ်ဆက်စကား ပြောကြားပြီး ခါးမတ်မတ်ထားကာ လက်နှစ်ဖက်ကို ဒူးပေါ်တွင် ယဉ်ကျေးစွာ တင်လျက် ထိုင်နေသည်။

"သိုးသားလေး မြည်းကြည့်ပါဦး"

လော့ချန် ပန်းကန်လုံး တစ်လုံး ကမ်းပေးရင်း ပြောလိုက်သည်။

"ဒါက ဦးလေးချင် အထူးတလည် ဝယ်လာတဲ့ ချိုတစ်ချောင်းသိုးသား"

တွမ်ဖုန်း ပြန်ဖြေလိုက်သည်။

"ငါ သိတယ်‌လေ၊ အဲဒီကောင်ကို ငါ သတ်ခဲ့တာ"

“ဟေ”

စားပွဲဝိုင်း တစ်ခုလုံး အစာစားနေရင်း တန့်သွားကြသည်။ တူများမှာ လေထဲတွင် တောင့်တင်းသွားကြသည်။

တွမ်ဖုန်း ပတ်ဝန်းကျင်အား ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ခင်ဗျားတို့ အနောက်ဈေးက အသားသည်ဆီက ဝယ်လာတာဆိုရင်၊ အဲဒါ ကျုပ် အမဲလိုက်ခဲ့တဲ့ ကောင်ဆိုတာ သေချာပါတယ်"

ချင်လျန်ချန်း မျက်တောင်ခတ်လိုက်သည်။

"ကွက်တိပဲ….. ငါ အဲ့ အနောက်ဈေးကပဲ ဝယ်လာတာ"

နေရခက်သော တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာသော်လည်း လော့ချန် ရယ်မောလိုက်ပြီး စကားလမ်းကြောင်းကို ကျွမ်းကျင်စွာ ပြောင်းလိုက်သည်။

မီးငြိမ်းခါနီး မီးပုံထဲသို့ ထင်းတုံးတစ်တုံး ပစ်ထည့်လိုက်သကဲ့သို့ နွေးထွေးမှု ပြန်လည် ရောက်ရှိလာသည်။

"အစ်ကိုတွမ်၊ ခင်ဗျားက ချိုတစ်ချောင်းသိုးကို တစ်ယောက်တည်း သတ်နိုင်လောက်အောင် စွမ်းအားကြီးတာပဲ"

လော့ချန်က လေးစားစွာ ပြောလိုက်သည်။

"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ခင်ဗျား ထူးချွန်ပါရမီရှင်များစာရင်း မှာ အဆင့် ၁၉ ချိတ်ထားတာ ကျွန်တော် သတိထားမိလိုက်တယ်၊ ဒါ ပေါ့သေးသေး ကိစ္စ မဟုတ်ဘူးနော် "

တွမ်ဖုန်း မော့ကြည့်လိုက်ပြီး မျက်တောင်တစ်ချက် ခတ်လိုက်သည်။

"အခု အဆင့် ၁၅ ဖြစ်သွားပြီ"

နောက်ထပ် တိတ်ဆိတ်မှု တစ်ခု….။

“ဟေ”

အားလုံး သံပြိုင်ရေရွတ်မိကာ အံ့အားသင့်သွားကြသည်။

လော့ချန် ခဏတာ ကြောင်သွားသော်လည်း ရယ်မောရင်း ပြန်လည် ထိန်းချုပ်လိုက်သည်။

"ပိုတောင် အထင်ကြီးစရာ ကောင်းသေးတယ်၊ အဆင့်သတ်မှတ်ချက်တွေကို ကျွန်တော် နောက်ကျ သေချာဂရုစိုက် ကြည့်ဖို့ လိုပြီနဲ့ တူတယ်"

ညနက်လာသည်နှင့်အမျှ ဟင်းရည်အိုးများမှာ ပို၍ပင် ပွက်ပွက်ဆူလာတော့သည်။

လော့ချန်သည် တွမ်ဖုန်း၏ အေးစက်သော အမူအရာ နောက်ကွယ်မှ စိတ်သဘောထားကို တဖြည်းဖြည်းချင်း ပုံဖော်နိုင်ခဲ့သည်။

အေးစက်သော အမူအရာ ရှိသော်လည်း တွမ်ဖုန်းသည် ယဉ်ကျေးပြီး လေးစားမှု ရှိသည်။

သူသည် ကြင်နာမှုများကို အတင်းအကြပ် ငြင်းပယ်ခြင်း မရှိပေ။ ကျေးဇူးတင်စကား ဆိုတတ်သည်။

မေးလာလျှင် ပေါ့ပါးသော စကားဝိုင်းများတွင် ပါဝင်တတ်သော်လည်း မရည်ရွယ်ဘဲ ပြတ်သားသော မှတ်ချက်များ ပြန်ပြောတတ်သဖြင့် လူများအား ပြောစရာ စကား မရှိ ဖြစ်သွားစေတတ်သည်။

လော့ချန်၏ အမြင်တွင် ထိုကဲ့သို့သော လူမျိုးသည် မိတ်ဆွေကောင်း ဖြစ်လာနိုင်မည့် သူမျိုးဖြစ်သည်။

အပြင်ပန်းတွင် မဖော်ရွေသော်လည်း အမှန်တကယ် အကျပ်အတည်း ကြုံလာလျှင် ခိုင်မာပြတ်သားစွာ၊ ယုံကြည်စိတ်ချရစွာနှင့် တဲ့တိုး ရပ်တည်ပေးမည့် ပထမဆုံးလူ ဖြစ်လာနိုင်သည်။

လူတစ်ယောက်၏ စိတ်ထားကို နှစ်ကြိမ် သုံးကြိမ် ဆက်ဆံရုံဖြင့် ဆုံးဖြတ်၍ မရနိုင်ပေ။

ညစာစားပြီးနောက် တွမ်ဖုန်း နောက်ဆုံးတွင် အနည်းငယ် အားနာလာပုံ ရသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူ မတ်တပ်ရပ်လိုက်ပြီး သူ့အိမ်ထဲသို့ ပြန်ဝင်သွားသည်။

ခဏအကြာတွင် သန့်ရှင်းပြီး ဖြူဖွေးသော အခွံရှိသည့် ဥများ ပါဝင်သော ခြင်းတောင်းငယ် တစ်ခုကို ကိုင်လျက် ပြန်ထွက်လာသည်။ သူ တံခါးပြန်ပိတ်လိုက်ချိန်တွင် အိမ်ထဲမှ ကြက်တွန်သံ ထွက်ပေါ်လာသည်။

ချင်လျန်ချန်း မျက်ခုံးပင့်လိုက်သည်။

"ဒါ ဘာလဲ"

သူ မေးလိုက်ပြီးနောက် အံ့သြစွာ မျက်တောင်ခတ်လိုက်သည်။

"ယန်ဝူဥ တွေလား"

တွမ်ဖုန်း ခေါင်းညိတ်ပြသည်။

ထို့နောက် ဘေးဘက်သို့ ရွှေ့လိုက်ပြီး ဥများကို ရေဇလုံထဲတွင် ဆေးကြောကာ ပွက်ပွက်ဆူနေသော ဟော့ပေါ့အိုးထဲသို့ ပေါ့ပါးစွာ ထည့်လိုက်သည်။

"ဒါက တကယ့် အစားကောင်းပဲ၊ ဒါတွေက တစ်လုံးကို ဝိညာဉ်ကျောက်တုံး တစ်တုံးလောက် ပေါက်ဈေးရှိတယ်လို့ ကြားဖူးတယ်၊ မင်း တော်တော် လက်ဖွာတာပဲ"

ချင်လျန်ချန်က ဆိုသည်။

တွမ်ဖုန်း ဂရုမစိုက်သလို နေလိုက်သည်။

"ရပါတယ် အဲဒီ ယန်ဝူကြက်က အမေ ထားခဲ့ပေးတဲ့ အမွေအနှစ်လေ၊ ပုံမှန်ဆို တစ်နေ့ တစ်လုံး စားဖြစ်တယ်"

ပြောပုံဆိုပုံမှာ တည်ငြိမ်လွန်းသဖြင့် သူ၏ ရက်ရောမှုမှာ အားနာစရာမလိုပဲ သာမာန် ကိစ္စတစ်ခုသဖွယ် ခံစားရစေသည်။

သို့သော် လော့ချန် နားမလည်နိုင်ဖြစ်သွားသည်။

“နေပါဦး၊ အဲဒီကြက်က ကြက်ဖ မဟုတ်ဘူးလား”

“မနက်တိုင်း တွန်နေတာလေ၊ ကြက်အထီးကြီးက ဘယ်လိုလုပ် ဥ ဥနိုင်မှာလဲ”

မည်သို့ပင်ဆိုစေကာမူ တွမ်ဖုန်း၏ ရက်ရောမှုအတွက် ကျေးဇူးတင်ရပေမည်။

လော့ချန် ဤမိတ်ဆုံစားပွဲများကို ယခင်က ဘာမှ မစိုက်ဘဲ အလကား စားခဲ့ဖူးသည်။ သူနှင့်နှိုင်းယှဉ်ကြည့်လျှင် တွမ်ဖုန်းသည် ခံစားလွယ်ပြီး တာဝန်သိတတ်သော လူမျိုး ဖြစ်ကြောင်း ထင်ရှားသည်။

ရိုးသားသော လူများသည် ကြင်နာမှုများကို အမြန်ဆုံး ပြန်လည် ပေးဆပ်လိုစိတ် ရှိကြသည်။

ယန်ဝူ ဥကို စားလိုက်သောအခါ အရသာမှာ ပိုကောင်းနေသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ ကြက်အထီးကြီး ဥပေးသည့် ဥမဟုတ်ပေလော။

အစားသောက်ပြီးနောက် မုရုံချင်းလျန်နှင့် ဖုန်းရှတို့သည် ပန်းကန်ခွက်ယောက်များ သိမ်းဆည်းခြင်းနှင့် အိုးများ ဆေးကြောခြင်းတို့ကို ဝင်ရောက် လုပ်ကိုင်ကြသည်။

ကူချိုင်ယီလည်း ဝင်ကူကာ ပန်းကန်များ သုတ်ခြင်းနှင့် စားပွဲ ရှင်းလင်းခြင်းများ လုပ်ဆောင်ရင်း လက်ကျန် ဝိုင်ဖြင့် စကားပြောနေဆဲ ဖြစ်သော အမျိုးသား သုံးဦးထံ အကြည့် ရောက်သွားသည်။

သူမ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

"ဖူရှို့ရှို့ ထွက်သွားပြီးရင် ဒီဝင်းအိမ်ထဲက စားပွဲဝိုင်းတွေ ပြီးဆုံးသွားပြီလို့ ထင်ခဲ့တာ၊ လော့ချန် ဒါကို ဆက်လုပ်သွားမယ်လို့ မထင်ထားခဲ့ဘူး"

မုရုံချင်းလျန်သည် ကျနေသော ဆံပင်စလေးကို နားရွက်နောက်သို့ သိမ်းလိုက်ပြီး ပြုံးကာ နူးညံ့သော အသံဖြင့် ပြောလိုက်သည်။

"လော့လေးက အပေါ်ယံ ကြည့်ရင် ပေါ့ပေါ့ပါးပါး နိုင်ပေမဲ့ တကယ်တမ်းကျတော့ တော်တော် သံယောဇဉ်တွယ်တတ်တယ်၊ ကျွန်မ ထင်တာတော့ သူက ကျွန်မတို့ ဝင်းအိမ်လေးရဲ့ ရိုးရှင်းမှုကို တကယ် တန်ဖိုးထားပြီး ဖိုရှန်းဂိုဏ်းလို စီးပွားရေး ဦးစားပေး နေရာမျိုး မဖြစ်စေချင်ဘူး ထင်တယ်"

ယနေ့ နေ့လည် လင်းစန္ဒာခန်းမ အစည်းအဝေး မြင်ကွင်းများကို ပြန်သတိရရင်း ကူချိုင်ယီ တိတ်ဆိတ်သွားသည်။

ကူချိုင်ယီ ချက်ချင်း ပြန်မဖြေပေ။

သူမ၏ စိတ်အာရုံများသည် လင်းစန္ဒာခန်းမတွင် ပြုလုပ်ခဲ့သော စုဝေးပွဲ၊ နောက်ကွယ်မှ သဘောတူညီချက်များ၊ သတိထား ပြောဆိုသော စကားများနှင့် လျှို့ဝှက် ရည်ရွယ်ချက်များဆီသို့ လွင့်မျောသွားသည်။

ကျင့်ကြံသူများ၏ လောကတွင် အရာရာကို ချိန်ခွင်လျှာ ညှိပြီး တွက်ချက်ကြသည်။

အမြတ်အစွန်းများ၊ အာဏာ၊ အခွင့်အလမ်းများနှင့် ဝိညာဉ်ကျောက်တုံး တစ်တုံးမှအစ အရာရာကို အေးစက်၊ ပြတ်သားပြီး ရက်စက်သည်ဟု ပင် ခံစားရစေသည်။

သို့သော် ဤနေရာလေးတွင်မူ မတူပေ။

မြို့တွင်းပိုင်းကျသော်လည်း လူတကာ သိပ်သတိမထားမိသော နေရာလေးတွင်ရှိသည့် ဤဝင်းအိမ်လေးတွင် ပွက်ပွက်ဆူနေသော အိုးများ၊ ရယ်စရာ ဟာသများနှင့် အရာရာတိုင်းသည် ရိုးရှင်း စစ်မှန်နေသည်။

ထိုရိုးရှင်းစစ်မှန်မှုသည် ဤလောကတွင် အင်မတန် ရှားပါးသော အရာတစ်ခု ဖြစ်ပေသည်။

….

လော့ချန်တစ်ယောက် ကြေးအိုးကြီးထဲမှ ထွက်လိုက်ရာ ရေစိုနေသော အရေပြားမှ ရေနွေးငွေ့များ တလူလူ ထွက်ပေါ်နေသည်။

သူ ဝတ်ရုံအား လှမ်းယူ၍ ကျွမ်းကျင်စွာ ဝတ်ဆင်လိုက်သည်။ စိုစွတ်သော ဆံပင်မျှင်များ မျက်နှာပေါ် ကပ်နေပြီး ပုခုံးမှ ရေများ စီးကျနေသည်။

လခြမ်းတောင်ကြား အောက်တွင် ဝှက်ထားသော ဝိညာဉ်ကြော လိုဏ်ဂူနှင့် နှိုင်းယှဉ်လျှင် မြို့တွင်းအိမ်မှ ကျင့်ကြံခြင်း ပတ်ဝန်းကျင်သည် အလွန် လိုအပ်ချက် များနေသည်။

အနှစ်သာရ မွေးမြူရေးရည်နှင့် စိတ်ငြိမ် အမွှေးတိုင်တို့၏ အကူအညီ ပါဝင်သည့်တိုင် ဤနေရာတွင် တစ်ညလုံး လုပ်ဆောင်သော တိုးတက်မှုသည် ထို ချီစွမ်းအင် ကြွယ်ဝသော မြေအောက်ခန်းတွင် တစ်ကြိမ် ကျင့်ကြံခြင်းနှင့် ယှဉ်လျှင် ဖုန်မှုန့်မျှသာ ရှိသည်။

သက်ပြင်း တစ်ချက် ချလိုက်ရင်း သူ၏ စိုစွတ်သော ဆံနွယ်များကို သပ်တင်ကာ လော့ချန် ရေရွတ်လိုက်သည်။

"ဆေးဖော်ခန်းမမှာ ညအိပ်ညနေ နေဖို့ နောက်ထပ် အကြောင်းပြချက်တွေ ရှာရတော့မယ်နဲ့ တူတယ်…."

All Chapters