← Chapters

အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံး

Vol. 11 Ch. 110

အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံး

Vol. 11 Ch. 110

နံနက်ခင်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော ကြက်ဖတွန်သံ စူးစူးရှရှကြောင့် လော့ချန်တစ်ယောက် အိပ်မက်ကမ္ဘာမှ လန့်နိုးလာကာ အိပ်မှုန်စုံ ဝါး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

ပြတင်းပေါက်မှတစ်ဆင့် နံနက်ခင်း နေခြည်နုနုများ ဖြာကျနေပြီး၊ အေးမြသော ဆောင်းဦးလေပြေများက နှင်းအစိုနံ့သင်းသင်းလေးကို သယ်ဆောင်လာသည်။

ခါးကြောအနည်းငယ် ဆန့်ပြီးနောက် လော့ချန် ဝင်းထဲသို့ ထွက်လာကာ ရေတွင်းမှ ရေတစ်ပုံး ခပ်ယူ၍ မျက်နှာသစ်လိုက်သည်။

ရေအေးအေး၏ လတ်ဆတ်မှုက သူ့ဦးနှောက်ထဲတွင် လက်ကျန်ရှိနေသေးသော အိပ်ချင်စိတ်များအား ချက်ချင်းပင် လွင့်စင်သွားစေသည်။

သူ အံ့သြသွားသည်မှာ တွမ်ဖုန်းတစ်ယောက် သူ့ထက်စော၍ နိုးနှင့်နေခြင်းပင်။ တွမ်ဖုန်းသည် ဝင်းထဲတွင် မတ်မတ်ရပ်ကာ လက်ထဲမှ ပျံလွှားဓားတစ်လက်ကို အစွမ်းကုန် အာရုံစိုက်၍ သုတ်သင်နေသည်။

"ဟာ အစ်ကိုတွမ် ဘာတွေ လုပ်နေတာလဲဗျ"

လော့ချန်က မျက်လုံးများကို ပွတ်သပ်ရင်း မေးလိုက်သည်။

တွမ်ဖုန်းက ဓားမှ အကြည့်မခွာဘဲ လေသံအေးအေးဖြင့် ပြန်ဖြေသည်။

"ငါ့ ဝိညာဉ်လက်နက် ပျက်စီးသွားလို့ပါ၊ အညစ်အကြေးတွေ သန့်စင်ပြီး ပြုပြင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်မလို့ ပြင်ဆင်နေတာ"

"ဘယ်လို အစ်ကိုက ဝိညာဉ်လက်နက်တွေကို ပြင်တတ်တာလား"

လော့ချန်က မယုံကြည်နိုင်သလို မျက်တောင်ခတ်ရင်း မေးလိုက်သည်။

ထိုအဖြေကြောင့် သူ အံ့အားသင့်သွားရသော်လည်း ခဏအကြာတွင် တစ်စုံတစ်ခုကို သတိရသွားကာ မျက်လုံးများ တောက်ပလာသည်။

"ဩော်.... ဟုတ်သားပဲ၊ အစ်ကိုက တွမ်မိသားစုကပဲ၊ တွမ်မိသားစုက ရေခဲမီးလျှံ ဝိညာဉ်စမ်းရေ ပိုင်တယ်ဆိုတာရယ်၊ လက်နက် လုပ်တာ ကျွမ်းတယ်ဆိုတာရယ် ကျွန်တော် ကြားဖူးတယ်"

တွမ်မိသားစု အကြောင်း ပြောလိုက်သည်နှင့် တွမ်ဖုန်း၏ အမူအရာ သိသိသာသာ တင်းမာသွားသည်။ ပတ်ဝန်းကျင်ရှိ လေထုများလည်း အေးစိမ့်သွားသည်။

လော့ချန် ချက်ချင်းပင် ရိပ်မိလိုက်သည်။ ဤသည်မှာ သာယာသော မိသားစုဆက်ဆံရေးမျိုး မဟုတ်နိုင်ပေ။ ထိုသို့မဟုတ်ပါက တွမ်ဖုန်းကဲ့သို့ လူတစ်ဦးသည် မြို့တွင်း အခန်းငှား နေထိုင်ရင်း တာဟဲဈေးမြို့တော်ထဲတွင် တစ်ကိုယ်တည်း ရုန်းကန်နေစရာ အကြောင်းမရှိပေ။

ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူတစ်ဦးသည် ဂိုဏ်း သို့မဟုတ် မိသားစု၏ ကျောထောက်နောက်ခံ မရှိပါက ဘဝမှာ မလွယ်ကူလှပေ။ အထူးကျွမ်းကျင်မှု သို့မဟုတ် တည်ငြိမ်သော ထောက်ပံ့မှု မရှိပါက ဝိညာဉ်ကျောက်တုံးများ ရှာဖွေရန် နေ့စဉ် ရုန်းကန်ရတတ်သည်။

တွမ်ဖုန်းသည် အဆုံးအဖြတ်စင်မြင့် ပေါ်တွင် တိုက်ခိုက်နေရရုံသာမက တောတောင်များထဲသို့ သွား၍ မိစ္ဆာသားရဲများကို အမဲလိုက်နေရသည်ကို ကြည့်ခြင်းအားဖြင့် သူ့ ဘဝမှာလည်း သက်သာ ချောင်ချိလှသည် မဟုတ်ကြောင်း ထင်ရှားနေသည်။

လော့ချန် အနေရခက်စွာ ရယ်မောလိုက်ပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

"ဒါနဲ့…. အစ်ကို့ရဲ့ ယန်ဝူကြက်က ဥဥတယ်ဆိုတော့ အမပေါ့နော်၊ ဒါပေမဲ့ ဘာလို့ မနက်တိုင်း ကြက်ဖလို တွန်နေတာလဲ"

"သူက ဖိုမ ဓာတ် နှစ်ခုလုံးပါတဲ့သတ္တဝါပဲ"

တွမ်ဖုန်းက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"သူ့မှာ ရှေးဟောင်း သွေးမျိုးဆက် နိုးထမှု အစအနလေး ပါနေတယ်"

လော့ချန် စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်သည်။ ထိုအချိန်တွင် တွမ်ဖုန်း၏ အကြည့်များ ပျော့ပြောင်းသွားပြီး ရှားရှားပါးပါး လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်များ ပေါ်လာသည်။

"ငါ့အမေက ဒီကြက်ကို ဒုတိယအဆင့် ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲနိုင်ဖို့ နှစ် တွေအများကြီး ရှားပါးဝိညာဉ်ဆေးပင်တွေကို စုဆောင်းခဲ့တာ၊ သူက ဒီကြက်ကို သွေးမျိုးဆက် အပြည့်ဖြစ်ပြီး ဖီးနစ်တွန်သံ ယန်ဝူကြက် ဖြစ်လာစေချင်ခဲ့တာ၊ စိတ်မကောင်းစရာကတော့ အမေ မအောင်မြင်ခဲ့ရှာဘူး"

ဝိညာဉ်သားရဲတစ်ကောင်၏ သွေးမျိုးဆက်ကို နိုးထစေနိုင်သော ဆေးလုံးဆိုသည်မှာ ထူးခြားဆန်းပြားလှသည့် အရာပင်။ ထိုကဲ့သို့ ဆေးဖော်စပ်နည်းမျိုးမှာ သာမန်မိသားစုများ လက်လှမ်းမမီနိုင်သော အဆင့်အတန်း ဖြစ်သည်။

ထို့ပြင် ဦးလေးချင်၏ ပြောပြချက်အရ တွမ်ဖုန်း၏ မိသားစုသည် တွမ်မျိုးနွယ်စုအတွင်း မျက်နှာသာပေးခြင်း မခံရကြောင်း သိထားသည်။ ထို့ကြောင့် သူတို့တွင် ဩဇာအာဏာ ကြီးကြီးမားမား ရှိပုံမရပေ။

ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် လော့ချန်သည် တွမ်ဖုန်းနှင့် စကားအနည်းငယ် ထပ်မံပြောဆိုကာ ထွက်ခွာရန် ပြင်လိုက်သည်။ သွားတော့မည်ဆဲဆဲ တစ်စုံတစ်ခုကို သတိရလိုက်ကာ ပြန်လှည့်လာခဲ့သည်။

"အစ်ကိုက ဝိညာဉ်လက်နက်တွေကို ပြုပြင်နိုင်တယ်လို့ ပြောတယ်နော်"

"သာမာန် ရိုးရိုး အပျက်အစီးလောက်ဆိုရင်တော့ ပြင်တတ်ပါတယ်" ဟု တွမ်ဖုန်းက ပြန်ဖြေလိုက်သည်။

"ဒါဆို.... ဒီဓားလေးကိုရော ပြင်ပေးနိုင်မလားဗျ" ဟု ဆိုကာ လော့ချန် သူ၏ သိုလှောင်အိတ်ထဲမှ သစ်သားဓားမြှောင်လေး တစ်လက်ကို ထုတ်ပြလိုက်သည်။

၎င်းမှာ ယခင်နေ့ မီးခိုးရောင်သစ်ရွက်ဝံပုလွေ နှင့် တိုက်ခိုက်စဉ်က ပျက်စီးသွားသော လော့ချန်၏ စိမ်းမြရတနာဓားအတွဲထဲမှ ဓားလေး တစ်လက်ဖြစ်သည်။

ထိုစဉ်က ချီစွမ်းအား အနည်းငယ်ပေးလိုက်လျှင် ပြန်ကောင်းလာမည်ဟု ထင်ခဲ့သော်လည်း တစ်ညတာ နားလိုက်ပြီးနောက်တွင် ဝိညာဉ်အလင်းတန်း ပို၍ မှိန်ဖျော့သွားသည်ကို တွေ့လိုက်ရသည်။

အကယ်၍သာ မပြုပြင်ဘဲ ထားလိုက်ပါက ဤဓားလက်တံလေးမှာ ကြေမွပျက်စီးသွားမည် ဖြစ်ပြီး ထိုသို့ဖြစ်ပါက သူ၏ ဓားအစီအရင် အစွမ်းမှာ သိသိသာသာ လျော့နည်းသွားပေလိမည်။

တွမ်ဖုန်းသည် သစ်သားဓားကို ယူ၍ သေသေချာချာ စစ်ဆေးပြီးနောက် ခပ်အေးအေး လေသံဖြင့် ပြောလိုက်သည်။

"ပြင်ပေးလို့ ရတယ်၊ ဒါပေမဲ့ ကျောက်စိမ်းသစ်သားအူတိုင် တစ်ခုတော့ လိုလိမ့်မယ်၊ အဲဒါက စျေးကွက်ထဲမှာ တစ်ခုကို ဝိညာဉ်ကျောက်တုံး ငါးတုံး ပေးရတယ်"

လော့ချန်၏ မျက်လုံးများ တောက်ပသွားသည်။

"ဒါဆို အစ်ကို့ကိုပဲ အပ်လိုက်မယ် စိတ်ချမယ်နော်"

ထို့နောက် သူ တွန့်ဆုတ်မနေဘဲ ဝိညာဉ်ကျောက်တုံး ငါးတုံးကို ထုတ်ပေးလိုက်သည်။ ခဏမျှ စဉ်းစားပြီး နောက်ထပ် ငါးတုံးကိုပါ တွမ်ဖုန်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြန်သည်။

"ဟင်"

တွမ်ဖုန်း အံ့အားသင့်ဟန် မျက်ခုံးပင့်လိုက်သည်။ ဤကဲ့သို့ အပို ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"ပိုတာက အစ်ကို့အတွက် လက်ခပေါ့"

လော့ချန်က ပြုံးလျက် ပြောလိုက်သည်။

"ကူညီပေးလို့ကျေးဇူးနော် အစ်ကိုတွမ်"

တွမ်ဖုန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ထပ် ဝိညာဉ်ကျောက်တုံး ငါးတုံးကို လက်ခံလိုက်သည်။

လော့ချန် တွမ်ဖုန်း၏ ပုခုံးအား ခင်မင်ရင်းနှီးစွာ ပုတ်လိုက်သည်။

"အစ်ကိုတွမ်က ကျွန်တော့်ထက် အသက်ကြီးပေမဲ့၊ စျေးကွက်ထဲမှာ ကျင်လည်ခဲ့တဲ့ အတွေ့အကြုံကတော့ ကျွန်တော်က ပိုများမယ်ထင်တယ်၊ အစ်ကို့ကို အကြံပေးပါရစေ၊ ငွေရှာတယ်ဆိုတိုင်း တောထဲမှာ အသက်နဲ့ရင်းပြီး ရှာနေရတာမျိုး မဟုတ်ဘူးဗျ၊ အစ်ကို့မှာ အိမ်မှာပဲ အေးအေးလူလူလုပ်စားလို့ရမယ့် အရည်အချင်း တွေရှိပြီးသား၊ အဲဒါကို သုံး၊ မိစ္ဆာသားရဲတွေ အမဲလိုက်တာက အန္တရာယ် များလွန်းတယ် အစ်ကိုရ"

တွမ်ဖုန်း ဖြည်းညှင်းစွာ ခေါင်းညိတ်၍ သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပြောလိုက်သည်။

"ငွေရှာဖို့သက်သက် အမဲလိုက်တာ မဟုတ်ပါဘူးကွာ၊ အဲဒါတွေ မင်း နားမလည်ပါဘူး”

ထိုသို့ ပြောပြီးနောက် သူ လှည့်ထွက်သွားကာ တံခါးကို ပိတ်လိုက်သဖြင့် စကားဝိုင်းမှာ ရုတ်တရက် ရပ်တန့်သွားရသည်။

တွမ်ဖုန်း၏ အထီးကျန်ဆန်လှသော ကျောပြင်ကို ကြည့်ရင်း လော့ချန် ခေါင်းကုတ်လိုက်မိသည်။

‘ငါဘာများ နားမလည်လိုက်တာပါလိမ့်’ ဟု သူ တွေးလိုက်သည်။

‘သူ့ကြည့်ရတာ လက်စားချေစရာ ရန်ငြိုးတွေရှိတဲ့ ပုံစံပဲ၊ ဖြစ်နိုင်တာကတော့ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးပညာကို ကျင့်ကြံပြီး တစ်ယောက်ယောက်ကို ကလဲ့စားချေဖို့ ကြံစည်နေတာမျိုး၊ အဲဒီ ပစ်မှတ်ကလဲ သူတို့ တွမ်မိသားစုက အတွင်းလူပဲ ဖြစ်ရမယ်’

တကယ့်ကို ရိုးအီနေတဲ့ ဇာတ်လမ်းပါလား ဟု တွေးကာ အကုန်နားလည်နေသည့် ပုံစံ ဖြင့် လော့ချန် သူ့အတွေးနှင့်သူ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရယ်မောလိုက်သည်။

….

ဆေးဖော်ဆောင် အတွင်းတွင် အဖွဲ့သားအားလုံး စုဝေးရောက်ရှိနေကြသည်။

သင်တန်းသား ၂၀၊ မီးထိန်းသူ ၁၀ ဦးနှင့် အလုပ်သင်အချို့သည် စနစ်တကျ တန်းစီရပ်လျက် တာဝန်ထမ်းဆောင်ရန် အသင့်ရှိနေကြသည်။

အဖွဲ့၏ ရှေ့ဆုံးတွင် ကူချိုင်ယီ နှင့် စီကုန်းရှို့ကျား တို့ ရှိနေပြီး သူတို့အားလုံး၏ အရှေ့တည့်တည့်တွင်မူ ခန်းမခေါင်းဆောင်ကြီး လော့ချန် ရှိနေသည်။

လော့ချန်သည် ဆေးဖော်ခန်းများကို တစ်ကိုယ်တည်း လှည့်လည်စစ်ဆေးနေသည်။ သူသည် အသစ်ပြန်လည် ပြုပြင်ထားသော အခန်းသုံးခန်းလုံးသို့ စနစ်တကျ ဝင်ရောက်ကာ အသေးစိတ်အချက်အလက်တိုင်းကို မှတ်သားနေသည်။

ခဏအကြာတွင် နောက်ဆုံးအခန်းထဲမှ ထွက်လာသည်။ သူ၏ အမူအရာမှာ တည်ငြိမ်သော်လည်း တင်းမာခက်ထန်နေသည်။

"ကဲ အခန်းတွေလဲ ပြင်ပီးသွားပြီ ဆိုတော့ ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ဖို့အတွက် အားလုံး အသင့်ပဲ"

သူ ခေတ္တရပ်လိုက်ပြီး စုဝေးနေသော အဖွဲ့သားများကို ဝေ့ကြည့်လိုက်သည်။

"ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားချင်တယ်ဗျ၊ အထူးသဖြင့် မီးထိန်းသူတွေ သေချာနားထောင်ကြ၊ ကျွန်တော် ကိုယ်တိုင်လည်း ဒီဆေးလုံးကို ဖော်စပ်တဲ့နေရာမှာ အပြည့်အဝ မကျွမ်းကျင်သေးဘူး၊ ကျရှုံးနိုင်ခြေ အင်မတန် များသလို ဆေးဖို ပေါက်ကွဲတာမျိုးလည်း ဖြစ်နိုင်တယ်၊ အခြေအနေ တစ်ခုခု မဟန်ဘူးလို့ ထင်တာနဲ့ ချက်ချင်း ပြေးကြ နားလည်လား…."

သူ အသံကို မြှင့်ကာ ပြတ်သားစွာ ထပ်လောင်းပြောလိုက်သည်။

"ဘာတွေ ကြောင်ကြည့်နေတာလဲ၊ နားလည်လားလို့ မေးနေတယ်လေဗျာ၊ ခင်ဗျားတို့ ဆေးဖော်ခန်းထဲမှာ သေသွားရင် ကျွန်တော် တာဝန်မယူဘူးနော်"

အဖွဲ့သားအားလုံးမှာ လန့်ဖျပ်သွားပြီး သတိပြန်ဝင်လာကြသည်။

ပုံမှန်အားဖြင့် အေးအေးဆေးဆေး နေတတ်သော ဆေးခန်းမ ခေါင်းဆောင်ထံမှ ယခုကဲ့သို့ ပြင်းထန်သော သတိပေးချက်မျိုးကို သူတို့ မမျှော်လင့်ထားခဲ့ပေ။

"ဟုတ်ကဲ့ နားလည်ပါပြီဗျ"

သူတို့အားလုံး တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။

လော့ချန်၏ နောက်ဆုံးစကားလုံးမှာ အရှိန်အဝါ အပြည့်ဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကူချိုင်ယီ ပင်လျှင် လော့ချန်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။

စီကုန်းရှို့ကျားမှာမူ စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်ကြည့်နေသည်။ သူ့ စိတ်ထဲတွင် လော့ချန်၏ ပြောင်းလဲမှုကို တိတ်တဆိတ် အကဲခတ်မိလိုက်သည်။

‘သူ့ဆီမှာ ခေါင်းဆောင်တစ်ယောက်ရဲ့ အရှိန်အဝါတွေ ရှိလာပြီပဲ’ ဟု စီကုန်း တွေးလိုက်သည်။

‘ဒါက တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့သူတွေမှာရှိတဲ့ အရှိန်အဝါမျိုးပဲ ဖြစ်ရမယ်’

"ကဲ…. စကြမယ်"

လော့ချန် လေသံကို ပြန်လျှော့ကာ ဆက်ပြောလိုက်သည်။

"အလုပ်သင်တွေ အားလုံး ကျောက်စိမ်းအမြုတေဆေးလုံးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ယူခဲ့ကြ၊ ကျွန်တော် ညွှန်ကြားထားတဲ့အတိုင်း အတိအကျ စီစဉ်ထားပါ၊ ဘာအမှားအယွင်းမှ မရှိစေနဲ့"

သူတို့ အလုပ်လုပ်နေစဉ် လော့ချန် သက်ပြင်းတစ်ချက်ချရင်း နားထင်ကို ပွတ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုကို အတိုင်းသားမြင်နေရသည်။ သူသည် စိတ်အာရုံဖြင့် သူ၏ အခြေအနေပြကြေးမုံပြင်ကို ကြည့်လိုက်သည်။

တစ်လတိတိ မရပ်မနား ကြိုးစားအားထုတ်မှု၊ အကြိမ်ပေါင်းများစွာ ကျရှုံးမှုများနှင့် ခက်ခဲစွာ ရရှိခဲ့သော အောင်မြင်မှုအချို့ပြီးနောက်တွင် ကျောက်စိမ်းအမြုတေဆေးလုံး၏ ကျွမ်းကျင်မှုအဆင့်မှာ နောက်ဆုံးတွင် တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ကျောက်စိမ်းအမြုတေဆေးလုံး - တတ်မြောက်အဆင့် (၁၀၁/၂၀၀)

အမှန်အတိုင်း ပြောရလျှင် လော့ချန်သည် သူ၏ လက်ရှိအဆင့်ဖြင့် အကြီးအကျယ် ဆေးဖော်စပ်ရန် ယုံကြည်ချက် သိပ်မရှိလှပေ။

ကျွမ်းကျင် အဆင့်ဆိုသည်မှာ မလုံလောက်သေး၊ အထူးသဖြင့် ဆေးတစ်သုတ်စီ၏ ကုန်ကျစရိတ်မှာ အင်မတန် မြင့်မားနေသောကြောင့် ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ့တွင် ရွေးချယ်စရာ မရှိပေ။

မီရှုဟွာမှာ ဆေးလုံးရရန် စိတ်မရှည်တော့ပဲ လောနေပြီဖြစ်သည်။

သူသည် လော့ချန်အပေါ်တွင် ဆေးလုံးများသာမက သူကိုယ်တိုင်၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှု အတွေ့အကြုံများ ပါဝင်သော ကျောက်စိမ်းစာလိပ်ကိုပါ ပေးအပ်ကာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

အကျိုးအမြတ်ကို ပြန်လည် မျှော်လင့်နေမည်မှာ အသေအချာပင် ဖြစ်သည်။

လော့ချန်သာ ရလဒ် မပြနိုင်လျှင် သူ ဒေါသထွက်ပေတော့မည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ဒေါသနှင့် လော့ချန် မရင်ဆိုင်ချင်ပေ။

ထို့ကြောင့် သူသည် ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ခြင်းကို အရှိန်မြှင့်ရန် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနေရခြင်း ဖြစ်သည်။

ထိုသို့ အလျင်စလို ဖြစ်နေသော်လည်း လော့ချန် သူ၏ အခြေခံမူများကိုမူ မမေ့လျော့ပေ။

သူသည် ယခင်ဘဝက ၉ နှစ်တာ အခြေခံပညာရေးကို သင်ကြားခဲ့ဖူးသူ ဖြစ်ရာ အသက်တ‌စ် ချောင်း ၏ တန်ဖိုးကို အရာအားလုံးထက် ပို၍ နားလည်ထားသည်။

ဆေးဖော်စပ်မှုနှုန်းကို မြှင့်တင်ရမည် ဖြစ်သော်လည်း သူ၏ သင်တန်းသားများနှင့် မီးထိန်းသူများ၏ အသက်ကိုမူ အထိအခိုက် မခံလိုပေ။

ဘေးကင်းလုံခြုံမှုမှာ ပထမဦးစားပေး ဖြစ်သည်။

"အားလုံး အဆင်ပြေချောမွေ့ပါစေလို့ပဲ မျှော်လင့်ရတာပေါ့"

လော့ချန် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ဝတ်ရုံလက်ကို ခါကာ အကြီးဆုံး ဆေးဖော်ခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလေသည်။

"မီးကို မြှင့်လိုက်၊ အပူချိန်က မလုံလောက်သေးဘူး…."

"ဟေ့ကောင် ငတုံး မီးလျှံထိန်းချုပ်နည်းကို မလေ့လာထားဘူးလား၊ မီးလုံးကို နှစ်ခြမ်းခွဲပြီး ထည့်လေ၊ အကုန်လုံး တစ်ပြိုင်တည်း ပစ်ထည့်ရမှာ မဟုတ်ဘူး…."

"ခေါင်းဆောင်လော့ ဒုတိယ ဆေးဖော်ခန်းထဲကနေ မီးလောင်နံ့တွေ ထွက်နေပြီ…."

"ဒီက မီးအပူချိန်ကို ထိန်းထား၊ ငါ သွားစစ်လိုက်ဦးမယ်"

"အေး…. ဒီဟာက ပျက်စီးသွားပြီ၊ ကဲ…. ဒီဆေးဖိုထဲက ဆေးတွေ အကုန် အလဟဿ ဖြစ်ကုန်ပြီ၊ အမှိုက်တွေကို ဖယ်လိုက်၊ မီလီ တခြားလူတွေကို ခေါ်ပြီး ဆေးပေါင်းဖိုကို သန့်ရှင်းရေးလုပ်ခိုင်း၊ နောက်တစ်သုတ်အတွက် အမြန်ပြင်ဆင်ထားလိုက်"

"ဆေးခန်းမခေါင်းဆောင်လော့ရေ တတိယခန်းထဲက ဆေးဖိုက တုန်ခါနေတယ်…."

"ဘာ…. အပြင်ထွက်ကြလေ မင်းတို့က ဘာရပ်ကြည့်နေတာလဲ၊ မြန်မြန်အပြင်ထွက်ခိုင်းလိုက်"

နေမွန်းတည့်ချိန် ရောက်သောအခါ တစ်မနက်ခင်းလုံး၏ အားထုတ်မှုများသည် မီးခို‌ငွေ့ များနှင့်အတူ ပျောက်ကွယ်သွားခဲ့ရသည်။

တစ်သုတ်မျှပင် အောင်မြင်မှု မရရှိခဲ့ပေ။

ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ရန် ကြိုးပမ်းမှုတိုင်း ကျရှုံးခဲ့ရသည်။

လော့ချန်တစ်ယောက် အမူအရာ တင်းမာခက်ထန်စွာဖြင့် တိတ်ဆိတ်စွာ ရပ်နေသည်။

ဆေးဖော်ဆောင်တစ်ခုလုံး တင်းမာမှုများ ဖုံးလွှမ်းနေပြီး မည်သူမျှ သူ့အား မျက်လုံးချင်း မဆိုင်ရဲကြပေ။

သင်တန်းသားများနှင့် မီးထိန်းသူများသည် လော့ချန်၏ အာရုံစိုက်မှုကို မခံရစေရန် သူတို့၏ အလုပ်များထဲတွင် ခေါင်းနှစ်ထားကြသည်။

နေ့လယ်စာ အမြန်စားပြီးနောက် လော့ချန်သည် စိတ်ကြည်လင်စေရန်နှင့် စိတ်အခြေအနေကို ပြန်လည်ညှိယူရန် ခေတ္တ နားလိုက်သည်။

မွန်းလွဲပိုင်းတွင် သူသည် ကျောက်စိမ်းအမြုတေဆေးလုံးကို ဆက်လက်မဖော်စပ်တော့ဘဲ မီလီနှင့် ထန်ချွမ်တို့အား မှော်အာဟာရဆေးလုံးများ ဖော်စပ်ရန် ညွှန်ကြားလိုက်သည်။

ယခုတစ်ကြိမ်တွင် သင်တန်းသားများကိုသာ ဦးဆောင်စေပြီး သူကမူ ဘေးမှ စောင့်ကြည့်ကာ လိုအပ်သည်များကိုသာ လမ်းညွှန်ပေးခဲ့သည်။

အံ့သြစရာကောင်းသည်မှာ ဤနည်းလမ်းက သူ၏ စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

အမှန်တကယ်ပင် မိမိ ကျွမ်းကျင်သည့် အလုပ်ကို လုပ်ရခြင်းက ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်။

လက်ရှိတွင် ဆေးဖော်စပ်ခြင်း၊ အထူးသဖြင့် မှော်အာဟာရဆေးလုံး ဖော်စပ်ခြင်းမှာ လော့ချန်အတွက် အကြီးမားဆုံး ကျေနပ်မှုတစ်ခု ဖြစ်နေဆဲပင်။

လူအင်အား ပိုမိုသုံးစွဲပြီး ဆေးဖို အရေအတွက် ပိုများလာသည်နှင့်အမျှ မွန်းလွဲပိုင်း ဆေးဖော်စပ်မှုမှာ အခြေအနေ ကောင်းမွန်လာသည်။

ကျရှုံးမှုအချို့ ရှိနေသေးသော်လည်း အောင်မြင်သည့် အသုတ်များလည်း ရှိလာခဲ့သည်။

လတ်လတ်ဆတ်ဆတ် ထွက်ပေါ်လာသော မှော်အာဟာရဆေးလုံးများကို မြင်ရသည်မှာ လော့ချန်အတွက်သာမက အဖွဲ့သားအားလုံးအတွက်ပါ စိတ်သက်သာရာ ရစေသည်။

နံနက်ခင်းက ကျရှုံးမှုများကြောင့် အဖွဲ့သားအားလုံးမှာ လော့ချန်၏ ဒေါသ သို့မဟုတ် စိတ်ပျက်မှုကို ကြောက်ရွံ့ကာ စိုးရိမ်ထိတ်လန့်နေခဲ့ကြသော်လည်း ယခုအခါတွင်မူ စိတ်ဖိစီးမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"ကဲ.... ဒီနေ့အတွက်တော့ ဒီလောက်ပဲ၊ မနက်ဖြန်မှ ဆက်လုပ်ကြမယ်"

လော့ချန် တည်ငြိမ်သော လေသံဖြင့် ကြေညာလိုက်သည်။ သူ မှော်အာဟာရဆေးလုံးများကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"ဒါတွေကတော့ ပုံမှန်အရည်အသွေးပဲ၊ ဆေးသိုလှောင်ရုံမှာ ထည့်စရာမလိုဘူး၊ တိုက်ခိုက်ရေးဆောင်က ညီအစ်ကိုတွေကိုပဲ ခွဲဝေပေးလိုက်ပါ"

ဤသည်မှာ မီရှုဟွာ ကိုယ်တိုင် ချမှတ်ထားသော မူဝါဒဖြစ်သည်။ အဆင့်နိမ့် မှော်အာဟာရဆေးလုံးများကို ဂိုဏ်းသားများအတွက် အခြေခံခံစားခွင့်အဖြစ် သတ်မှတ်ထားသည်။

သို့သော် ဤသည်မှာ အဆင့်နိမ့်ဆေးလုံးများအတွက်သာ ဖြစ်သည်။

အကယ်၍သာ အလယ်အလတ်၊ အဆင့်မြင့် ဆေးလုံးများ ဖြစ်ပါက ဂိုဏ်းတွင်းစျေးနှုန်းဖြင့် ပြန်လည် ဝယ်ယူရမည် ဖြစ်သည်။

ထိုကိစ္စများကို စီစဉ်ပြီးနောက် လော့ချန် ဆေးဖော်ခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

တံခါးအပြင်ဘက်တွင် ကူချိုင်ယီ စောင့်နေသည်။

"ရှင်ဒီနေ့ အိမ်မပြန်ဘူးလား"

"မပြန်ဘူး၊ ခဏလောက် ဒီမှာပဲ နေဦး မယ်"

လော့ချန် တွန့်ဆုတ်မနေဘဲ ပြန်ဖြေလိုက်သည်။

"အင်းပါ၊ ဒါဆို ကျွန်မ ပြန်နှင့်ပြီနော်"

သူမ လှည့်ထွက်သွားစဉ် လော့ချန်၏ အသံ ထွက်ပေါ်လာသည်။

"သြော်.... တွမ်ဖုန်းကို တွေ့ရင် ဝိညာဉ်လက်နက် ပြင်ပြီးပြီလားလို့ မေးပေးပါဦး၊ တကယ်လို့များ ပြီးပြီဆိုရင် မနက်ဖြန်ကျ တစ်ခါတည်း ယူလာပေး‌နော်၊ ဒီမှာ ရက်နည်းနည်းလောက် နေရမယ်"

ကူချိုင်ယီ ခေတ္တရပ်သွားပြီး ခေါင်းညိတ်ပြသည်။ သူမ ကျောက်လှေကားများအတိုင်း ဆင်းသွားစဉ် နောက်သို့ တစ်ချက် ပြန်လှည့်ကြည့်မိသည်။

လော့ချန် တစ်ခုခု ပြောင်းလဲသွားသလို သူမ ခံစားရသည်။ မည်သည့်အရာမှန်း သူမ အတိအကျ မဖော်ပြနိုင်သော်လည်း သေချာသည်မှာ သူ၏ လေသံ သို့မဟုတ် စကားလုံးများ မဟုတ်ဘဲ သူ၏ အရှိန်အဝါပင် ဖြစ်သည်။

တည်ငြိမ်ပြီး အာရုံစူးစိုက်မှု အပြည့်ရှိသည့် အသွင်အပြင်မျိုး။ အဓိပ္ပာယ်ရှိသော အလုပ်တစ်ခုခုတွင် အပြည့်အဝ နစ်မြုပ်နေသူတစ်ဦး၌သာ ရှိတတ်သော တည်ငြိမ်မှုမျိုးပင်။

“သူ အရင်က ဆေးဖော်ဆောင်ရဲ့ ကိစ္စတွေကို တကယ် စိတ်မဝင်စားပဲ အခုမှ အတည်ပေါက် ထလုပ်နေတာများလား….”

သူမ အိမ်အပြန်လမ်းတွင် ထိုအကြောင်းကိုသာ စဉ်းစားနေမိသည်။

….

လခြမ်းတောင်ကြားရှိ ဆေးဖော်ခန်းအတွင်း၌ ဖြစ်သည်။

လော့ချန်သည် ဆေးဖိုကြီး၏ ရှေ့တွင် တစ်ကိုယ်တည်း ရပ်နေသည်။

ဆေးဖိုထဲတွင် ကျောက်စိမ်းအမြုတေဆေးလုံး အသစ်တစ်သုတ်မှာ မီးရောင်အောက်တွင် တောက်ပနေပြီး အရေအတွက် ၂၀ ခန့်ရှိကာ ကျောက်စိမ်းရောင် အဆီအနှစ်များဖြင့် ကြည်လင်နေသည်။

သူ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။

"ကျွမ်းကျင်မှုအဆင့် ရောက်သွားတော့မှ အောင်မြင်မှုနှုန်းက ၂၀ ရာခိုင်နှုန်းကို ရောက်လာတာပဲ၊ အခုမှပဲ တစ်ခုခု ထူးခြားလာတော့တယ်"

"ဒီနေ့ အကြိမ်ကြိမ် ကျရှုံးနေတုန်း ငါ့ကိုယ်ငါတောင် သံသယ ဝင်မိမလို ဖြစ်သွားသေးတယ်"

လော့ချန် ခေါင်းခါလိုက်ပြီး ကျောက်စိမ်းအမြုတေဆေးလုံး တစ်လုံးကို ကောက်ယူကာ သကြားလုံးကဲ့သို့ ပါးစပ်ထဲ ထည့်ဝါးလိုက်သည်။

ခိုးစားသည် ဟု သတ်မှတ်၍တော့ မရပေ။

စားဖိုမှူးတစ်ယောက် မိမိ၏ လက်ရာကို မြည်းကြည့်ရုံသက်သက်ပင် ဖြစ်သည်ဟု သူ ရွှတ်နောက်နောက် တွေးလိုက်သည်။

ဆေးဖော်ခန်းထဲမှ ထွက်လာသောအခါ ဆေးဖော်ဆောင် တစ်ခုလုံးမှာ လူရှင်းလုနီးပါး ဖြစ်နေသည်။

အဆင့်မြင့်ကျင့်ကြံသူ အနည်းငယ်သာ ကင်းလှည့်ရန် ကျန်ရှိတော့သည်။ သူတို့မှာ တိုက်ခိုက်ရေးဆောင် သုံးခုမှ ဆေးဖော်ဆောင်ကို စောင့်ရှောက်ရန် စေလွှတ်ထားသော အစောင့်များ ဖြစ်သည်။ လော့ချန် သူတို့နှင့် စကားပြောရန် စိတ်မဝင်စားပေ။

ထိုအစား သူသည် ဆေးဖော်ဆောင် အပြင်ဘက်ရှိ ကျောက်စားပွဲတွင် ထိုင်ကာ ချင်ယွမ်ဇီ၏ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက်အား ထုတ်ယူ၍ နေရောင်အောက်တွင် လေ့လာနေလိုက်သည်။

လော့ချန်တစ်ယောက် ကျောက်စိမ်းစာလိပ်ကို လှန်ကြည့်ရင်း ရေရွတ်လိုက်သည်။

"ပြီးခဲ့တဲ့ အခေါက်က ငါ ကျောက်စိမ်းကွဲခြင်း အတတ်ကိုပဲ သင်ရသေးတယ်၊ ဒီတစ်ခါတော့ သစ္စာနှလုံးသား အတတ်ကို အာရုံစိုက်လေ့လာ ရမယ်"

ကျောက်စိမ်းကွဲခြင်းမှာ သတ္တုပစ္စည်းများကို ကိုင်တွယ်ရာတွင် အသုံးပြုသော အတတ်ဖြစ်ပြီး ထိုအတတ်ကြောင့်ပင် လော့ချန်သည် ကျောက်စိမ်းများကို ထိရောက်စွာ ပြုပြင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သစ္စာနှလုံးသား မှာမူ ကွဲပြားသည်။ ၎င်းမှာ အဆင့်နိမ့် ဆေးပင်များကို ပြုပြင်ရာတွင် အထူးပြုသော အတတ် ဖြစ်သည်။

လော့ချန်သည် ယခုအခါ ဆေးဖော်စပ်ရန် လိုအပ်သော ဆေးပင်အားလုံးကို ကိုယ်တိုင် မပြုပြင်တော့သော်လည်း အချို့သော ဆေးပင်များမှာ ကြိုတင်ပြုပြင်ထား၍ မရပေ။

အချို့သော အဆင့်မြင့် ဝိညာဉ်ဆေးပင်များ သို့မဟုတ် အသီးများသည် ခူးဆွတ်ပြီးသည်နှင့် ချက်ချင်း ဆေးဖော်စပ်ရသည်ဟု ဆိုကြသည်။ မဟုတ်ပါက ၎င်းတို့သည် မြေကြီးမှ အညစ်အကြေးများကို စုပ်ယူသွားပြီး ဆေးဖက်ဝင် အာနိသင်များ ပျောက်ကွယ်သွားနိုင်သောကြောင့် ဖြစ်သည်။

ကျောက်စိမ်းအမြုတေဆေးလုံးအတွက် ယခုအချိန်တွင် ထိုသို့သော အခက်အခဲ မရှိသေးသော်လည်း နောင်တွင် ထိုအတတ် လိုအပ်သော ဆေးနည်းများကို ကြုံတွေ့လာရမည်မှာ အသေအချာပင်။ ထို့ကြောင့် ရေဆာမှ ရေတွင်းတူးနေမည့်အစား ကြိုတင်၍ ပြင်ဆင်ထားရန် သူ ဆုံးဖြတ်လိုက်သည်။

သစ္စာနှလုံးသား အတတ်အား အလွတ် မှတ်မိသွားပြီးနောက် လော့ချန်သည် သိုလှောင်ရုံမှ စျေးပေါသော ဆေးပင်အချို့ကို ယူဆောင်ကာ စတင် လေ့ကျင့်တော့သည်။

အောင်မြင်မှုများရှိသလို ကျရှုံးမှုများလည်း ရှိသည်။

သို့သော် လော့ချန်သည် ဆေးဖော်စပ်ခြင်း၏ ပျော်ရွှင်မှုတွင် အပြည့်အဝ နစ်မြုပ်နေခဲ့သည်။

တစ်ခါတစ်ရံတွင် ကင်းလှည့်နေသော ကျင့်ကြံသူများသည် ဆေးဖော်ဆောင်ကို ဖြတ်သွားရင်း လော့ချန်၏ ကြိုးစားအားထုတ်မှုကို မြင်သောအခါ အံ့သြချီးကျူးစွာဖြင့် ကြည့်သွားကြပြီး ထိုသတင်းကို ဆက်လက် ဖြန့်ဝေကြလေသည်။

ညဉ့်နက်သန်းခေါင်ယံ အချိန်ရောက်သော် လော့ချန်သည် ဆေးဖော်ခန်းမှ ခရမ်းရောင်တိမ်လွှာ ကြေးနီမီးဖိုကို သူ့နားသည့်အခန်းသို့ တိတ်တဆိတ် သယ်ဆောင်လာခဲ့သည်။ ထို့နောက် အကာအကွယ် မှော်အစီအရင်ကို အသက်သွင်းလိုက်ပြီး ကြမ်းပြင်မှ ကျောက်ပြားကို မကာ သတ္ထုတွင်းအတွင်းရှိ လိုဏ်ခေါင်းများထဲသို့ ထပ်မံ ဆင်းသွားလိုက်သည်။

အကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးနောက် သူသည် လျှို့ဝှက်သော ဝိညာဉ်ကြော ဂူ သို့ ရောက်ရှိလာသည်။

‘ဒီနေရာမှာ ဆေးလာဖော်တာက ဝိညာဉ်ကြောရဲ့ စွမ်းအား သန့်စင်မှုကို ထိခိုက်စေလောက်လား’

စဉ်းစားနေရင်းပင် လော့ချန် လိုအပ်သည်များကို ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။

ကျဉ်းမြောင်းလှသော ဂူအတွင်းတွင် ခရမ်းရောင်တိမ်လွှာ ကြေးနီမီးဖိုမှာ ပြင်းထန်စွာ တောက်လောင်နေသည်။

ထွက်ပေါ်လာသော အပူရှိန်ကြောင့် လော့ချန် အကာအကွယ်ဝတ်ရုံကို အသက်သွင်းထားသော်လည်း တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်နေသည်။

သို့သော် သူ ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ရှိ ချီစွမ်းအား သိပ်သည်းဆကို အမြဲမပြတ် စောင့်ကြည့်နေသည်။ ချွေးစက်များက သူ၏ မျက်နှာပေါ်မှ စီးကျနေသော်လည်း သူ၏ အာရုံစိုက်မှုမှာ လျော့ပါးမသွားပေ။

သူ၏ ပါရမီရှင်အဆင့် နတ်မျက်စိများက ပတ်ဝန်းကျင်ရှိ ချီစွမ်းအား စီးဆင်းမှုကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နေသည်။

သုံးနာရီခန့် ကြာပြီးနောက် မီးလျှံများ ငြိမ်သက်သွားပြီး ဆေးဖို၏ အပူချိန်မှာလည်း တဖြည်းဖြည်း လျော့နည်းလာသည်။

လော့ချန် သက်ပြင်းရှည်ကြီး ချလိုက်သည်။

"အင်း ဒီနေရာမှာ ဆေးဖော်လို့ရတယ်၊ ဘာ ပြဿနာမှ မရှိဘူး"

လော့ချန်တစ်ယောက် ထိုဂူအတွင်းမှာပင် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

All Chapters