ရုတ်ခြည်းပေါ်ထွက်လာခြင်း
Vol. 10 Ch. 974
လျှို့ဝှက်ချက်... လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိကြသည်။ အစ်ကို၊ အစ်မ၊ မိတ်ဆွေသူငယ်ချင်း၊ ချစ်သူ သို့မဟုတ် မိဘပင် ဖြစ်လင့်စကား... လူတိုင်းတွင် အခြားလူများ မသိအောင် ထိန်းသိမ်းထားလိုသော လျှို့ဝှက်ချက်များရှိသည်။
လျှို့ဝှက်ချက်များက အကြောင်းတစ်ခုသာဖြစ်သော်လည်း ထိုလျှို့ဝှက်ချက်များ နက်ရှိုင်းလာသောအခါ လွန်စွာရင်းနှီးသောလူနှစ်ဦးကိုပင် ကွဲကွာသွားစေနိုင်သည်။
ထိုသည်က တုလင်ဖေးနှင့် ပိုင်ရှောင်ချန်း အကြား ဖြစ်ပွားခဲ့သော အရာပင်။
သူ့မှာ ကမ္ဘာရတနာ၊ ကလေးမလေး၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့်ပတ်သက်သော လျှို့ဝှက်ချက်များရှိသည်။ ၎င်းတို့အားလုံးမှာ သူ သေချာပေါက် ဖွင့်မပြောနိုင်သော အရာများဖြစ်သည်။
တုလင်ဖေးသည် သူတစ်ယောက်တည်း သိမ်းဆည်းထားချင်သော အရာများရှိသည်ကို မြင်နိုင်၍ သူ့ကို ဖိအားမပေးပေ။ ထိုနည်းအားဖြင့် သူတို့နှစ်ယောက်လုံးက အချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေကြသည်။ နောက်ဆုံးတွင် တုလင်ဖေးက ကောက်ကာငင်ကာ ထပြော၏။
" အရင်တုန်းက ငါ့အဖေကို ငါ အကုန်ပြောပြတယ်။ ဒါပေမဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းပြီးတဲ့နောက် ငါ အဲဒီလိုလုပ်တာ ရပ်လိုက်တယ်။ စုံစမ်းတာတွေ ထင်မြင်ချက်တွေနဲ့ ပတ်သက်ရင် ပြောသင့်တာပြောပြီး ချန်သင့်တာ ချန်ထားလိုက်တယ် "
ပိုင်ရှောင်ချန်းက သူမကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။ သူမစကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကားရှင်းသည်။ သူမသည် သူတို့နှစ်ယောက်ကြားက ကိစ္စများနှင့်ပတ်သက်၍ ကောင်းကင်ဧကရာဇ်ကို အသေးစိတ်အကြောင်းအရာအားလုံး ပြောမည်မဟုတ်ပေ။
တိတ်ဆိတ်မှုများ နောက်တစ်ဖန် ကြီးစိုးသွားပြီးနောက် တုလင်ဖေးက အသံထပ်မံနှိမ့်လိုက်ပြီး ပြောသည်။
" ငါ့အဖေ... ဒီနှစ်တွေ အတောအတွင်း ပြောင်းလဲသွားပြီ"
ပိုင်ရှောင်ချန်း၏ ခံစားချက်များ လေးလံသွားတော့သည်။ စောစောက တုလင်ဖေးနှင့်ပတ်သက်၍ သူခံစားခဲ့ရသော ရင်းနှီးမှုမှာ ယခုတွင် ပြောင်းလဲနေပြီး သူတို့နှစ်ယောက်ကား လုံးဝတိတ်ဆိတ်ငြိမ်သက်စွာ ရေခဲပြင်များကို ဖြတ်၍ ခရီးဆက်နေကြလေသည်။
သူတို့ ဘယ်ကိုဦးတည်နေသည်လဲ သူ မသေချာသည့်အပြင် တုလင်ဖေးပင်လျှင် ခေါင်းထဲတွင် သွားရမည့်နေရာရှိသည်လား မသိချေ။
တစ်နေရာအရောက်တွင် လေပြင်းများတိုက်ခတ်၍ နှင်းများ တဖွဲဖွဲကျလာတော့သည်။ မှောင်ရီပျိုးစပြုလာပြီး နောက်ဆုံးတွင် မိုးကောင်းကင်တစ်ခွင် နှင်းများဖြင့် ပြည့်နှက်သွားလေသည်။
ဆီးနှင်းများက သူ၏အဝတ်နှင့် ဆံပင်များအပေါ် ကျနေပြီး သူလမ်းလျှောက်သွားရင်း နောက်ကျန်ရစ်ခဲ့သည့် ခြေလှမ်းများမှာလည်း သူဖြတ်ပင်ဖြတ်မသွားသည့်ပုံပေါ်သည့်တိုင်အောင် ဖုံးလွှမ်းနေတော့သည်။
ဆီးနှင်းများသည် သည်းသထက် သည်းလာပြီး လေပြင်းသည်လည်း မရေမတွက်နိုင်သော မကောင်းဆိုးဝါးသရဲများ၏ စူးစူးဝါးဝါးအော်သံများအလား ကျယ်လောင်လာတော့သည်။ တဖြေးဖြေးနှင့် နေမထိ မထိုင်သာ ဖြစ်လာသည်။
ပိုင်ရှောင်ချန်းက တုံ့ဆိုင်းနေပြီးနောက် တုလင်ဖေးဘက် လှည့်လိုက်ပြီး သူမ၏ဆံပင်များနှင့် ပခုံးပေါ်တွင်စွဲကပ်နေသော နှင်းဖတ်များကို မြင်သောအခါ ပြောလိုက်သည်။
" ငါတို့ နေရာတစ်နေရာရှာ.... "
သို့သော် သူ၏စကားဆုံးအောင် မပြောနိုင်ခင်မှာပင် သေစေနိုင်သော အန္တရာယ်ကြီး၏အငွေ့အသက်တစ်ခု သူ့ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာသဖြင့် သူ၏မျက်နှာအမူအရာ လက်ခနဲဖြစ်သွားပြီး ခေါင်းမွှေးများထောင်သွားတော့သည်။ တခဏလေးပင် တုံ့ဆိုင်းမနေဘဲ သူက တုလင်ဖေးကို လှမ်းဖက်၍ နောက်ဆွဲလိုက်သည်။
တုလင်ဖေးက ပင့်သက်ရှိုက်လိုက်ပြီး ပိုင်ရှောင်ချန်းကို သူမနှင့်အတူ နောက်ပျံသွားစေကာ တစ်ဆက်တည်းမှာပင် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်သည်။ ထို့နောက် သူမက ညာဖက်လက်ညှိုးကို မြှောက်၍ သူမ၏နဖူးကို ထိလိုက်သည်။
ထိုအခိုက်အတန့်တွင် စောစောက သူမ ရပ်နေခဲ့သည့်နေရာရှိ နှင်းများအတွင်းမှ အရိပ်ကြီးတစ်ခု ပေါ်လာလေသည်။ ထိုအရာမှာ တည်နေရာရွှေ့ပြောင်းခဲ့သည့်အလားဖြစ်ပြီး ပြင်းထန်လှသော သေစေနိုင်သည့် အရှိန်အဝါတစ်ခုလည်း ကပ်ပါလာသည်။
အရိပ်ကြီး ပေါ်လာသည်နှင့်တစ်ပြိုက်နက် ၄င်းက ပိုင်ရှောင်ချန်းနှင့်တုလင်ဖေးထံ တဟုန်ထိုး ပြေးဝင်လာ၏။
အမှန်တကယ်ဆိုရလျှင် ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း မှန်တစ်ချပ်ကို အလင်းရိုက်သကဲ့သို့ လျင်မြန်စွာ ဖြစ်ပျက်သွားလေသည်။ အရိပ်ကြီးခုန်လိုက်သည်နှင့် တစ်ပြိုင်နက် တုလင်ဖေး၏ လက်ညှိုးက သူမ၏နဖူးကို ထိသွားပြီး ရွှေရောင်အလင်းက သူမနှင့် ပိုင်ရှောင်ချန်းကို လွှမ်းခြုံသွား၏။ ထို့နောက် သူတို့ ပျောက်ကွယ်သွားပြီး တခဏကြာသော် မီတာ ၃၀၀ အဝေးတွင် ပြန်ပေါ်လာသည်။
ဒေါသထွက်သွားဟန်တူသော အရိပ်ကြီးက ချာခနဲလှည့်ပြီး စူးစူးဝါးဝါးအော်ကာ သူတို့ဆီ ထပ်ပြေးလာပြန်သည်။ ယခုတွင် ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးသည် ပတ်ဝန်းကျင်တစ်ခွင် နှင်းများတဝေါဝါတိုက်ခတ်နေသည့်တိုင် သူတို့ရင်ဆိုင်နေရသော အရာကို သဲသဲကွဲကွဲ မြင်လိုက်ရလေပြီ။
အရိပ်ကြီးက.... ရယ်နေသလား၊ ငိုနေတာလား ခန့်မှန်းရခက်သည့် မျက်နှာကြီးရှိေသာ အနက်ရောင်မီးခိုးလုံးကြီးတစ်လုံးဖြစ်သည်။ ၄င်းက အံ့သြတုန်လှုပ်ဖွယ်ကောင်းသော သရဲချီများပိုင်ဆိုင်ထားပြီး စူးစူးဝါးဝါးအော်ဟစ်ကာ သူတို့နှစ်ယောက်ကိုထပ်မံ ခုန်အုပ်လိုက်ပြန်သည်။
ပိုင်ရှောင်ချန်းက ထိုမျက်နှာကြီးကို မြင်လိုက်သည်နှင့် ခေါင်းတစ်ခုလုံးချာချာလည်သွားပြီး အော်ဟစ်လိုက်သည်။
" မ..မင်းး.... မင်းပဲ "
သရဲမျက်နှာကြီးကား....သရဲမယ်တော်၏ အရိုးသင်္ဘောကြီးပေါ်ရှိ သရဲအလံသုံးလံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးသည်။ သူက တမင်တကာ ကောင်းကင်ဧကရာဇ်၏ အဖမ်းခံခဲ့သည်။ ထိုမှသာ သူသည် အရိုးသင်္ဘောကြီးမှ ခွဲထုတ်ခံရပြီး ကောင်းကင်တံတားဒေသတွင် ကျန်ရစ်ခဲ့မည်ဖြစ်သည်။
ကောင်းကင်ဧကရာဇ်က သူ၏နောက်သို့လိုက်ဖမ်းခဲ့သော်လည်း ငိုလိုက်ရယ်လိုက် သရဲမျက်နှာကြီးက လျှို့ဝှက်နတ်ဘုရားအတတ်တစ်ခု သုံးကာ ပျောက်ချင်းမလှပျောက်သွားတော့သည်။
ယခုအခါ ဤနေရာတွင် ပြန်လည်ထွက်ပေါ်လာပြီး ၎င်းက သတ်ဖြတ်လိုသောအရှိန်အဝါတစ်ခု ထုတ်လွှတ်လျက် ပိုင်ရှောင်ချန်းနှင် တုလင်ဖေးကို သတ်ရန် ကြိုးစားေနသည်။
" သူ ဒီမှာ ဘာလုပ်နေတာလဲ "
ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ အစီစဥ်ချရန်ဖြစ်စေ၊ တွေးတောနေရန်ဖြစ်စေ အချိန်မရှိပေ။ ငိုလိုက်ရယ်လိုက် သရဲမျက်နှာကြီးက ၄င်း၏သရဲချီများဖြင့် နှင်းမြူများကို အနက်ရောင်များစွန်းထင်းစေကာ မရေမတွက်နိုင်သော ဓားသွားများအဖြစ်ပြောင်းလဲ၍ ရှေ့သို့ ပစ်လွှတ်ရင်း ချဥ်းကပ်လာ၏။
ပိုင်ရှောင်ချန်းက အော်ဟစ်ကြုံးဝါးကာ အသက်ဝင်တောင်မန္တန်ဖြင့် အားဖြည့်ထားသည့် လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲခြင်း၏ ငါးကြိမ်မြောက်ကို ထုတ်လွှတ်လိုက်သည်။ သူ၏ဘက်မျက်လုံးမှ လရောင်ခြည်များဖြာထွက်လာပြီး ဘယ်လက်က ရွှယ်ကျဲကော်တုကို အသုံးပြုကာ ညာဖက်ဖြင့် ထာဝရဧကရာဇ်လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
သူက အစွမ်းထက်ဆုံး ဝှက်ဖဲနှစ်ချပ်ကို ထုတ်သုံးကာ တိုက်ပွဲကို လက်ဦးမှုရယူလိုက်သည်။
သူသည် သရဲမျက်နှာကြီးထံမှ နတ်အဆင့်ထက် များစွာသာလွန်သော ဖိအားများစွာကို ခံစားနေရလေသည်။ တကယ်တမ်းဆိုရလျှင် သူက သရဲမျက်နှာကြီး ဘယ်လောက်သန်မာကြောင်းကိုပင် မသေချာပေ။
ပိုင်ရှောင်ချန်းက လှုပ်ရှားလိုက်သည်နှင့် တုလင်ဖေးက အသက်တစ်ရှိုက်ရှူပြီး မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ သူမထံမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ရွှေရောင်ဖီးနစ်ငှက်ကြီးအသွင် ဖြစ်လာလေသည်။ ဖီးနစ်ငှက်ကြီးက ရွှေရောင်အလင်းများ ဖြာထွက်နေပြီး သရဲမျက်နှာကြီးအား ရင်ဆိုင်ရန် ရေခဲပြင်အပေါ်သို့ တဟုန်ထိုး ပျံတက်သွားလေသည်။
ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့ ပူးပေါင်းတိုက်ခိုက်သည်ကို မြင်လိုက်သည်နှင့် သရဲမျက်နှာကြီးက ရယ်စရာကောင်းသည့်အလား တဟီးဟီးရယ်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် လိမ်ဖယ်ရှုံ့တွသွားပြီး လက်သည်းရှည်နှင့်လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားတော့သည်။
၄င်းက နက်မှောင်နေပြီး ဓားသွားပမာ စူးရှချွန်ထက်နေသော လက်သည်းများဖြင့် ရှေ့သို့ တဟုန်ထိုးပြေးဝင်လာသည်။
ပထမဦးစွာ လက်သည်းလက်ကြီးက ရွှယ်ကျဲကော်တုနှင့် တွေ့ဆုံသွားရာ နားကွဲလုမတတ် ပေါက်ကွဲသံကြီး လေထဲ ပြည့်နှက်သွားတော့သည်။ ရွှယ်ကျဲကော်တုက ဆင့်ခေါ်ထားသည့် လက်သည်းလက်ကြီးမှာမူ ချက်ချင်း ဖျက်စီးခံလိုက်ရလေသည်။
ခပ်တင်းတင်းဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်သွားပြီး ပိုင်ရှောင်ချန်းမှာ သွေးတစ်ပွက်အန်ကာ ပြင်းပြင်းထန်ထန်တုန်ရီသွားလေသည်။ ထိုအချိန်တွင် တုလင်ဖေး၏ ဖီးနစ်ငှက်ကြီးက သရဲလက်ကြီးနှင့် တွေ့ဆုံသွား၏။
မီးတဟုန်းဟုန်းတောက်လောင်နေသော ရွှေရောင်ဖီးနစ်ငှက်ကြီးမှာလည်း ဖျက်စီးခံလိုက်ရပြီး မချိတင်ကဲအော်ဟစ်ကာ ပျောက်ကွယ်သွားရတော့သည်။ တုလင်ဖေးမှာလည်း သွေးအန်လိုက်ရပြီး သူမ၏ပခုံးပေါ်တွင် အရိုးအထိ ပွင့်ထွက်သွားသော ဒဏ်ရာသုံးချက်ပေါ်သွား၏။
ထိုအချိန်တွင် ဘိုးအေအသွင်ပြောင်းလဲခြင်းနှင့် အသက်ဝင်တောင်မန္တန်ဖြင့် အားဖြည့်ထားသည့် ပိုင်ရှောင်ချန်း၏ ညာလက်ကြီးက ထာဝရဧကရာဇ်လက်သီးအသွင် ကျရောက်သွားသည်။
ကောင်းကင်နှင့်မြေကြီးက ပြင်းပြင်းထန်ထန်တုန်ခါသွားကာ ပိုင်ရှောင်ချန်း၏ ဘိုးအေအသွင်ပြောင်းလဲခြင်း ပျောက်ကွယ်သွားပြီး သူ၏အသက်ဝင်တောင်မန္တန်ပုံစံမှာ ဖျက်စီးခံလိုက်ရတော့သည်။ ထာဝရဧကရာဇ်လက်သီးသည်လည်း ချက်ချင်းနှိမ်နင်းခံလိုက်ရသဖြင့် သူ၏ပါးစပ်မှသွေးများ ပန်းထွက်သွားလေသည်။
သူနှင့်တုလင်ဖေးတို့ ပူးပေါင်းတိုက်ခိုက်လျှင် မယုံကြည်နိုင်သော စွမ်းအားများ ထုတ်လွှတ်နိုင်သည့်တိုင် သရဲလက်ကြီးက သူတို့၏ နတ်ဘုရားသိုင်းအားလုံးကို ဖျက်စီးပစ်လိုက်ပြီးနောက် အတန်ငယ် ရပ်တန့်သွား၏။
သို့သော် ထိုရပ်တန့်သွားသည့်အခိုက်အတန့်ေလးက တုလင်ဖေးအတွက် နောက်ထပ် မန္တန်လက်ကွက်ဖော်ရန် လိုအပ်သောအချိန် ဖြစ်ပေသည်။ ရွှေရောင်အလင်းများက သူမနှင့် သွေးအန်နေသော ပိုင်ရှောင်ချန်းတို့နှစ်ယောက်လုံးကို လွှမ်းခြုံ၍ ဖြာထွက်လာပြီးနောက် သူတို့ကို ရုတ်ခြည်း သယ်ဆောင်သွား၏။
ဤတစ်ကြိမ်တွင် သူတို့သည် မီတာ ၃၀၀၀ အကွာတွင် ပြန်ပေါ်လာသည်။ သို့သော် တုလင်ဖေးက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နောက်ထပ်မန္တန်လက်ကွက်ဖော်လိုက်ရာ အလင်းများဖြာထွက်လာပြီး သူတို့ကို မီတာ ၃၀၀၀၀အကွာအဝေးသို့ ခေါ်ဆောင်သွားသည်။ ထို့နောက် နောက်ထပ်အလင်းများလက်သွားပြန်ကာ သူတို့ထပ်မံပျောက်သွားပြန်သည်။
ထိုအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွား၏။ တခဏကြာသော် လက်သည်းများနှင့် သရဲလက်ကြီးသည် အထင်မြင်သေးခြင်းနှင့် လိုချင်တပ်မက်မှုနှစ်မျိုးလုံးတောက်ပနေသည့် မျက်လုံးများဖြင့် ငိုလိုက်ရယ်လိုက် သရဲမျက်နှာကြီးအဖြစ် ပြန်ပြောင်းသွားပြန်သည်။
" မင်းတို့ ထွက်မပြေးနိုင်ပါဘူး "
သရဲမျက်နှာကြီးက မရေမတွက်နိုင်သောအသံများ စုပေါင်းထားသကဲ့သို့ အသံနက်ကြီးဖြင့် ပြောသည်။ သူက ကောက်ကျစ်စဥ်းလဲစွာ ပြုံး၍ မဟူရာအမှောင်ထုအောက်ဝယ် မီးတုတ်ဖြင့်လိုက်ရှာသည့်အလား ကောင်းမွန်သော သူ၏အာရုံကိုသုံးကာ ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့၏ အရှိန်အဝါများနောက်သို့ လေဟုန်ခွင်း၍ လိုက်သွားလေသည်။
ခပ်ဝေးဝေးတွင် တုလင်ဖေးသည် တည်နေရာရွှေ့ပြောင်းရန် သူမ၏ လျှို့ဝှက်မှော်ပညာရပ်အား ထပ်ကာထပ်ကာ အသုံးပြုနေရသဖြင့် ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးအား ရွှေရောင်အလင်းက လွှမ်းခြုံထားတော့သည်။
" အဲဒါကြီး ဒီမှာ ဘာလာလုပ်တာလဲ "
ပိုင်ရှောင်ချန်းမှာ ပူပန်သောကများ၊ စိတ်မသက်သာဖြစ်မှုများဖြင့် စိတ်ဖိစီးလာကာ သူနှင့် တုလင်ဖေးအတွက် ဆေးလုံးအချို့ထုတ်လိုက်သည်။ သူ့အတွက်မူ ထာဝရသွေးက သူ၏ အပြင်ခန္ဓာကိုယ်ကို ပုံမှန်ပြန်ဖြစ်လုနီးပါး လုပ်ဆောင်ပေးထားသည်။
သို့သော်လည်း သူသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အဆင့်ထက် သိသိသာသာ ကျော်လွန်သော ထိုသရဲမျက်နှာကြီးအတွက် ပြိုင်ဘက်မဟုတ်သည်မှာ သိသာထင်ရှားလှသည်။
သူနှင့် တုလင်ဖေး အတူတကွတိုက်ခိုက်လျှင်ပင် နတ်ဘုရားတစ်ပိုင်းအဆင့်အောက်မှာ တုဖက်ကင်းသည် မဟုတ်ပါလော။
" သူ ဘာလို့ ဒီကိုရောက်နေလဲဆိုတာ ငါသိလောက်တယ် "
တုလင်ဖေးက ပြောသည်။
" ငါထင်တာတော့...ငါ့အဖေလာနေပြီ "
သူမ၏မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ခု ဖြတ်ပြေးသွားသည့်တိုင် " အဖေ" ဟူသော စကားလုံးကို ပြောလိုက်ချိန်တွင် နာကျင်သွားသည့်အလား တုန်ရီသွားလေသည်။