အခန်း (၁၃၃၉-၁၃၄၀)
Vol. 134 Ch. 1339-1340
အခန်း (၁၃၃၉) - တောင်လုပွဲ
ထိုစိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူများသည် ဝါယန်ဖုန်းနှင့် အခြားသူများကို ရင်ဆိုင်ရာတွင် အနည်းငယ်မျှပင် ရိုသေကိုင်းညွတ်မှု မရှိသည့်အပြင်၊ သူတို့၏ မျက်လုံးများထဲတွင် သရော်လှောင်ပြောင်သည့် အရိပ်အယောင်များပင် ခပ်ပါးပါး ယှက်သန်းနေသေးသည်။
ဝါယန်ဖုန်းက အေးစက်စက် ရယ်မောလိုက်ပြီး
"ဟုန်မိတ်ဆွေကို ပြောလိုက်ပါ... ဒီနေ့ ချင်းယွီနတ်ဘုရားဂိုဏ်းက တောင်လု ဖို့ လာခဲ့တယ်လို့ "
တောင်လုပွဲ
စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူတစ်စုမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။
ခေါင်းဆောင်ဖြစ်သူက လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ထူးဆန်းသော မျက်နှာပေးဖြင့် ဆိုသည်
"စီနီယာတို့ အရင်ကလည်း လာခဲ့ဖူးတာပဲ၊ ဘာလို့ ထပ်လာချင်နေရသေးတာလဲ "
"မင်းလို စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်လေးက ဘာသိမှာလဲ ခိုင်းတဲ့အတိုင်း သတင်းသွားပို့စမ်းပါ၊ စည်းကမ်းတွေကို လာပြီး ကျော်လွန်မလုပ်နဲ့"
ဟု ဝါယန်ဖုန်းက အေးစက်သော လေသံဖြင့် ဟောက်လိုက်သည်။
ထိုကျင့်ကြံသူ၏ မျက်နှာမှာ မှောင်ကျသွားပြီး ခေါင်းကို အသာအယာ ညိတ်ကာ
"ဒါဆိုရင်လည်း ကျုပ် သွားရောက်သတင်းပို့ပါ့မယ်၊ စီနီယာတို့အနေနဲ့ ရှေ့ကို ထပ်မတိုးဘဲ ဟုန်အကြီးကဲရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ဆိုင်းပေးကြပါ"
ပြောပြီးသည်နှင့် ထိုသူသည် လူအုပ်ကို ထားရစ်ခဲ့ကာ ဝိညာဉ်တောင်ဆီသို့ သတင်းပို့ရန် ပြန်လည်ပျံသန်းသွားတော့သည်။
"ကြာနီနတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေဟာ တစ်နေ့ထက်တစ်နေ့ စည်းကမ်းမရှိ ဖြစ်လာကြတာပဲ"
ဝါယန်ဖုန်းက ခပ်ဖွဖွရယ်မောရင်း ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ကာ
"ဖန့်မိတ်ဆွေ... ခဏနေရင်တော့ မင်းရဲ့ စွမ်းဆောင်ရည်အပြည့်ကို ထုတ်သုံးပြီး ငါတို့ ချင်းယွီနတ်ဘုရားဂိုဏ်းအတွက် ဂုဏ်သိက္ခာပြန်ဆယ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဘိုးဘေးကလည်း မင်းကို အထင်ကြီးသလို၊ မင်းက အောက်ခြေနယ်မြေခြောက်ခုကနေ အထက်သုံးနယ်မြေကို ရောက်လာနိုင်တာဆိုတော့ အောက်ခြေနယ်မြေမှာ မင်းဟာ ရွယ်တူတွေထဲမှာ ထိပ်သီးတစ်ယောက် ဖြစ်မှာ အသေအချာပဲ၊ မင်းရဲ့ အတတ်ပညာတွေကလည်း သာမန်တော့ မဟုတ်လောက်ဘူး"
ခဏချင်းမှာပင် တာအိုပေါင်းစပ်ခြင်းအဆင့် အကြီးအကဲများမှလွဲ၍ ကျန်ရှိသော အလယ်အဆင့်နှင့် အောက်ဆင့် ကျင့်ကြံသူများ၏ ဖန့်ချန်အပေါ် ကြည့်သည့် အကြည့်များမှာ ပြောင်းလဲသွားခဲ့သည်။
အထင်သေးမှုများ လျော့ပါးသွားပြီး မျှော်လင့်ချက်အရိပ်အယောင်များ ပိုမိုထင်ဟပ်လာသည်။
ဟုတ်သားပဲ... တစ်ဖက်လူက အောက်ခြေနယ်မြေကနေ ဒီအထိ ရောက်လာနိုင်တာဆိုတော့ သာမန်လူတော့ မဟုတ်တန်ရာဘူး။
တကယ်ပဲ ချင်းယွီနတ်ဘုရားဂိုဏ်းအတွက် မျက်နှာပွင့်အောင် လုပ်ပေးနိုင်မလား
ဤဝိညာဉ်တောင်သည် တောင်ခြေမှ တောင်ခါးပန်းအထိ အဆောက်အအုံပေါင်းများစွာ၊ ကျင့်ကြံသူဂူဗိမာန် အမြောက်အမြားနှင့် ကုန်သွယ်ရေးဈေးတန်း အကြီးအငယ် ဒါဇင်ချီ ရှိနေသည်ကို သိထားရမည်။
အကယ်၍ တောင်ကိုသာ ပြန်လည်သိမ်းပိုက်နိုင်ပါက အခွန်အခ ကောက်ခံရုံနှင့်တင် ရရှိမည့် အကျိုးအမြတ်မှာ မနည်းလှပေ။
ချင်းယွီနတ်ဘုရားဂိုဏ်းတွင် ဝိညာဉ်တောင် အလုံးတစ်ရာ ရှိသော်လည်း လူဦးရေမှာ ပြည့်လျှံနေပြီး အရင်းအမြစ်များမှာ ရှားပါးလာနေပြီ ဖြစ်သည်။
ဝိညာဉ်တောင် တစ်လုံး ထပ်ရခြင်းမှာ အနည်းဆုံး ကျင့်ကြံသူ ငါးရာခန့်ကို ထပ်မံနေရာချထားပေးနိုင်ခြင်းပင်။
ယနေ့ မသေမျိုးလှေပေါ်တွင် ပါလာသော ကျင့်ကြံသူ အများစုမှာ လမ်းကြောင်းသစ် ရှာဖွေလိုသူများ ဖြစ်ကြသည်။
အကယ်၍ ဤတောင်သာ ချင်းယွီနတ်ဘုရားဂိုဏ်းလက်ထဲ ပြန်ရောက်လာပါက သူတို့သည် ဦးစားပေး နေရာရရှိမည့်သူများ ဖြစ်ကြပေမည်။
သူတို့၏ စိတ်နေစိတ်ထား ပြောင်းလဲသွားသည်ကို ရိပ်မိသော ကျန်းအကြီးအကဲမှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ဝါယန်ဖုန်း၏ ထိုလှည့်ကွက်မှာ မြှောက်ပြီးမှ သတ်ခြင်း ပင် ဖြစ်သည်။
အခု ဘယ်လောက်ပဲ ချီးမွမ်းနေပါစေ၊ ခဏနေရင်တော့ ဒီဖန့်မိတ်ဆွေဟာ အရှက်ရလေလေ ဖြစ်လိမ့်မည်။
ချင်းယွီနတ်ဘုရားဂိုဏ်း၏ မသေမျိုးလှေမှာ ပုံစံတူ ထုတ်လုပ်ထားခြင်းဖြစ်ပြီး အထူးပြုလုပ်ထားသော မန္တန်အမှတ်အသား ပါရှိသည်။
ထိုအမှတ်အသားမှာ ကြီးမားသော အပြာရောင် ငှက်မွေးတစ်ချောင်း ဖြစ်သည်။
မသေမျိုးလှေ ရပ်နားထားသည်မှာ တစ်နာရီထက် ကျော်လွန်လာသောအခါ ကျင့်ကြံသူ အများအပြားမှာ ထိုလှေကို သတိပြုမိလာကြတော့သည်။
"ဟိုဟာ ချင်းယွီနတ်ဘုရားဂိုဏ်းရဲ့ လှေ မဟုတ်လား "
"သူတို့ ဘာလို့ ထပ်လာကြတာလဲ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဒီဝိညာဉ်တောင်ဟာ ကြာနီနတ်ဘုရားဂိုဏ်းပိုင် ဖြစ်သွားပြီလေ၊ နာမည်တောင် ဟေးဟွမ်တောင် လို့ ပြောင်းထားတာကို..."
"ချင်းယွီနတ်ဘုရားဂိုဏ်းက တာအိုပေါင်းစပ်ခြင်းအဆင့် အကြီးအကဲ တစ်ယောက်ယောက် ကျင့်ကြံမှု တိုးတက်လာလို့ ကြာနီနတ်ဘုရားဂိုဏ်းဆီကနေ ဟေးဟွမ်တောင်ကို ပြန်လုဖို့ ကြံနေတာ ထင်တယ်"
ကုန်သွယ်ရေးဈေးတန်းအသီးသီးမှ အရပ်မျက်နှာအသီးသီးက လာကြသော လေလွင့်ကျင့်ကြံသူများသည် ခေါင်းပေါ်မှ မသေမျိုးလှေကို ကြည့်ကာ အမျိုးမျိုး ဝေဖန် ခန့်မှန်းနေကြသည်။
"ဒီနေရာကို ဟေးဟွမ်တောင်လို့ ခေါ်တာဆိုရင် ဘာလို့ ဒီလို အမည်ပေးထားလဲဆိုတာ မင်းတို့ မှတ်မိသင့်တယ်။ အဲဒီ စီနီယာဟုန်မှာ ကျင့်ကြံခြင်းလောကမှာ ရှားပါးတဲ့ ဟေးဟွမ် စစ်မှန်သောခန္ဓာကိုယ် ရှိတယ်။ ကြာနီနတ်ဘုရားဂိုဏ်းရဲ့ အတတ်ပညာတွေက သူ့လက်ထဲမှာဆိုရင် စွမ်းအား အဆပေါင်းများစွာ တိုးသွားတာ"
"အလွယ်ပြောရရင်တော့ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတွေ ဝင်မပါသရွေ့၊ တာအိုပေါင်းစပ်ခြင်း အထွတ်အထိပ်က မိုးကြိုးဘေးဒုက္ခ ကိုးဆင့် ဖြတ်ကျော်ထားတဲ့ ဘေးဒုက္ခခြေတစ်လှမ်းအလို ကျင့်ကြံသူတွေတောင် စီနီယာဟုန်ကို မယှဉ်နိုင်ဘူး"
"ဒါ အမှန်ပဲ၊ ငါ ဒီမှာ နေလာတာ အနှစ်တစ်ရာ နီးပါး ရှိပြီ။ အရင်တုန်းက ချင်းယွီနတ်ဘုရားဂိုဏ်း ဒီနေရာကနေ ဘယ်လို မောင်းထုတ်ခံလိုက်ရသလဲဆိုတာ ငါ ကိုယ်တိုင် မြင်ခဲ့တာ။ ဟူး... တာအိုပေါင်းစပ်ခြင်း အထွတ်အထိပ် ကျင့်ကြံသူ အများအပြား တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်တာတောင် စီနီယာဟုန်လက်ထဲမှာ ကွက်စိပ်အနည်းငယ်ပဲ ခံနိုင်ကြတာ"
" တကယ်လို့ ကြိုမသိထားရင် စီနီယာဟုန် တိုက်ခိုက်နေတာဟာ တာအိုပေါင်းစပ်ခြင်းအဆင့်တွေ မဟုတ်ဘဲ တာအိုပူးပေါင်းခြင်းအဆင့် တွေလို့တောင် ထင်မိမှာ"
ဤပြောဆိုသံများမှာ သိပ်မကျယ်လှသော်လည်း မသေမျိုးလှေပေါ်ရှိ လူများအတွက်မူ အတိုင်းသား ကြားနေရသည်။
လူတိုင်း၏ မျက်နှာထားမှာ မသာမယာ ဖြစ်ကုန်ကြသည်။
ထိုစဉ်က ကိစ္စမှာ သူတို့အတွက် တကယ့်ကို အရှက်ရစရာ ဖြစ်ခဲ့ပြီး နှစ်အတော်ကြာသည်အထိ မည်သူမျှ ပြန်မပြောဝံ့သည့် ကိစ္စဖြစ်ခဲ့သည်။
အကယ်၍ ဘိုးဘေးက အောက်ခြေနယ်မြေခြောက်ခုက ကျင့်ကြံသူကို ချင်းယွီဂိုဏ်းရဲ့ အကြီးအကဲအဖြစ် ခန့်အပ်လိုက်ခြင်းသာ မရှိခဲ့လျှင် ထိုကိစ္စမှာ ပြန်လည် ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။
"အဲဒီ ကြာနီနတ်မိမယ်ငယ်က တကယ်ပဲ မာန်ကြီးတာပဲ၊ ငါတို့ကို ဒီမှာ ဒီလောက်ကြာအောင် စောင့်ခိုင်းထားတယ်။ ငါ့အထင်တော့ စောင့်မနေနဲ့တော့၊ တိုက်ရိုက်ပဲ တောင်ထဲ ဝင်သွားရအောင်"
ဟု ဝါယန်ဖုန်းက အေးစက်စွာ ဆိုလိုက်သည်။
ကျန်းအကြီးအကဲက လက်ကာပြရင်း
"မဖြစ်ဘူး၊ မဖြစ်ဘူး။ ယဉ်ကျေးမှု ပျက်ယွင်းသွားရင် ငါတို့ဘက်က အမှားဖြစ်သွားလိမ့်မယ်။ တောင်လုပွဲမှာ တောင်လုပွဲရဲ့ စည်းကမ်းရှိတယ်။ အရင်တုန်းက ဟုန်မိတ်ဆွေ တောင်လာလုတုန်းကလည်း ယဉ်ကျေးမှု အပြည့်နဲ့ လုပ်ခဲ့တာပဲ"
"တကယ်လို့ သူက ပြန်မထူးရင် ငါတို့က ဒီအတိုင်းပဲ စောင့်နေရမှာလား "
ဖန့်ချန်က ကျန်းအကြီးအကဲကို ကြည့်ကာ မေးလိုက်သည်။
"အကြာဆုံးက သုံးလထက် မပိုပါဘူး။ သုံးလအထိ ပြန်မထူးရင် ငါတို့ တောင်ထဲကို တိုက်ရိုက်ဝင်လို့ရပြီ"
ဟု ကျန်းအကြီးအကဲက ပြုံးလျက် ဆိုသည်
"ဒါက တောင်ကို စောင့်ကြပ်နေတဲ့ မိတ်ဆွေတွေ တံခါးပိတ်ကျင့်ကြံနေတာမျိုး ရှိခဲ့ရင် ပြန်မထူးနိုင်မှာကို ထည့်တွက်ထားတာပါ။ ဒီသုံးလအတွင်းမှာ တစ်ဖက်ဂိုဏ်းက တောင်စောင့်ဖို့ တခြား တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ယောက်ကို အသစ် ပြန်လွှတ်ပေးလို့ရတာပေါ့"
"စည်းကမ်းတော့ အတော်လေး ရှိသားပဲ"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး
"ဘာမှလည်း လုပ်စရာ မရှိသေးတာနဲ့ ကျုပ် ခဏလောက် အနားယူလိုက်ဦးမယ်"
သူသည် မသေမျိုးလှေ၏ ထောင့်တစ်နေရာသို့ သွားကာ မျက်စိမှိတ်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်တော့သည်။
"အရေးကြုံမှ ဘုရားတ နေတာလား"
ဝါယန်ဖုန်းက မဲ့ပြုံး ပြုံးလိုက်သည်။
အခြားသူများကလည်း ဖန့်ချန်သည် မကြာမီ ဖြစ်လာတော့မည့် တောင်လုပွဲအတွက် စိုးရိမ်စိတ် လွန်ကဲနေသည်ဟုသာ ထင်မှတ်လိုက်ကြသည်။
သို့သော် သူတို့ မသိသည်မှာ ဖန့်ချန်၏ ဝိညာဉ်စွမ်းအားမှာ ခန္ဓာကိုယ်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားပြီး ဟေးဟွမ်တောင်ဆီသို့ ဦးတည်သွားနေပြီ ဖြစ်ကြောင်းပင်။
ဟေးဟွမ်တောင်၏ ထိပ်ဖျား။
ထိုနေရာမှာ လူသားလောကရှိ နတ်ဘုံနတ်နန်းနှင့် တူလှပြီး တောင်ခါးပန်း၊ တောင်ခြေတို့နှင့် လုံးဝ ကွဲပြားသော အငွေ့အသက် ရှိသည်။
ဝိညာဉ်စွမ်းအား စီးဆင်းမှုမှာ အဆပေါင်းများစွာ ပိုမို ပြင်းထန်ပြီး ပို၍လည်း ထူထပ်လှသည်။
ထိုနေရာတွင် ကျင့်ကြံနေကြသော ကျင့်ကြံသူများသည် ကြာနီနတ်ဘုရားဂိုဏ်း၏ ဝတ်ရုံများကို တူညီစွာ ဝတ်ဆင်ထားကြပြီး အောက်ဘက်ရှိ လေလွင့်ကျင့်ကြံသူများနှင့် အဆင့်အတန်း ကွာခြားကြောင်း ထင်ရှားလှပေသည်။
"ချင်းယွီနတ်ဘုရားဂိုဏ်းက တောင်လာလုပြန်ပြီတဲ့၊ ရယ်စရာကြီး"
"ဘယ်သူလာတာလဲ ဝါယန်ဖုန်းလား အဲဒီလူရဲ့ ပါရမီက မဆိုးဘူးလို့ ငါကြားဖူးတယ်။ တာအိုပေါင်းစပ်ခြင်းအဆင့်ကို တက်တုန်းက ငါတို့ ဟုန်အကြီးကဲထက်တောင် ငယ်သေးတယ်ဆိုပဲ"
"သူ ပါလာပုံရတယ်၊ ဝါယန်ဖုန်းပဲ ဖြစ်မှာပါ။ ဒါပေမဲ့... ပါရမီ ဘယ်လောက်ကောင်းကောင်း ဘာထူးမှာလဲ ဟုန်အကြီးကဲမှာက ဟေးဟွမ် စစ်မှန်သောခန္ဓာကိုယ် ရှိတာလေ။ လွတ်လပ်သောမသေမျိုးအောက်မှာဆိုရင် ဟေးဟွမ်ကိုယ်ထည်ရဲ့ အားသာချက်က အရမ်းသိသာတယ်။ ဝါယန်ဖုန်း နှစ်ယောက်ပေါင်း တိုက်ရင်တောင် နိုင်ဖို့ အခွင့်အရေး မရှိဘူး"
ဖန့်ချန်၏ ဝိညာဉ်အာရုံသည် ကြာနီနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူတစ်စုကို ကျော်ဖြတ်သွားရင်း သူတို့၏ စကားများကို ကြားသိခဲ့ရသည်။
'ကြည့်ရတာ သူတို့က ကြာနီနတ်မိမယ်ငယ်ရဲ့ အစွမ်းအပေါ်မှာ ယုံကြည်မှု အပြည့်ပဲ။ ဒါပေမဲ့ သူက ငါရှာနေတဲ့ လူတွေထဲက တစ်ယောက် ဟုတ်၊ မဟုတ်တော့ မသိသေးဘူး၊ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ'
ဖန့်ချန်၏ ဝိညာဉ်အာရုံသည် လျှပ်ခနဲ လှုပ်ရှားသွားပြီး ခမ်းနားသော ခန်းမဆောင်ကြီး တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။
ခန်းမထဲတွင် လူရိပ် ခုနစ်ဦး၊ ရှစ်ဦးခန့် ရှိနေသည်။
ဆူဖြိုးထွားကျိုင်းပြီး ရင့်ကျက်သော အမျိုးသမီးကျင့်ကြံသူ တစ်ဦးမှလွဲ၍ ကျန်ရှိသူများမှာ တာအိုပေါင်းစပ်ခြင်းအဆင့်များ ဖြစ်ကြသည်။
ထိုအမျိုးသမီးမှာမူ အဆင့် (၁) လွတ်လပ်သောမသေမျိုး အဆင့်တွင် ရှိနေသည်။
'ဒီနေရာမှာ လွတ်လပ်သောမသေမျိုး တစ်ပါး ရှိနေတာလား မဟုတ်သေးပါဘူး၊ ကြည့်ရတာ ဒီအတိုင်း လမ်းကြုံဝင်လာတာ ဒါမှမဟုတ် ကြာနီနတ်မိမယ်ငယ်ကို တစ်ခုခု မှာကြားစရာ ရှိလို့ လာတာ ဖြစ်နိုင်တယ်'
ဖန့်ချန်၏ အကြည့်သည် တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများကြား ဝေ့ဝဲသွားပြီးနောက်၊ အနီရောင် ဝတ်စုံကျပ်ကျပ်ကို ဝတ်ဆင်ထားကာ ဆံပင်ကို မြင့်မားစွာ ထုံးနှောင်ထားပြီး မေးစေ့နှင့် လည်ပင်းတိုင်အောင် ထူးဆန်းသော တက်တူး (သို့) အမှတ်အသားများ ရှိနေသည့် အမျိုးသမီးကို တွေ့ရှိသွားသည်။
မလွဲနိုင်ပါက ထိုအမျိုးသမီးသည်ပင် သူ၏ ပစ်မှတ် ဖြစ်ပေလိမ့်မည်။
ထိုစဉ်မှာပင် ရင့်ကျက်သော အဆင့် (၁) လွတ်လပ်သောမသေမျိုး အမျိုးသမီးက အေးစက်စွာ ဆိုလိုက်သည်
"မကြာသေးမီ နှစ်တွေအတွင်းမှာ ဒီအနီးအနားက ဝိညာဥ်နတ်ဘုရားဂိုဏ်း ရဲ့ လှုပ်ရှားမှုတွေက အတော်လေး ကြီးမားလာတယ်။ မင်းတို့ သေသေချာချာ သတိထားကြ၊ သူတို့ တကယ်ပဲ ဘာတွေ ကြံစည်နေသလဲဆိုတာ စောင့်ကြည့်ကြစမ်း"
အခန်း (၁၃၄၀) - အမြန်တိုက်၊ အမြန်အနိုင်ယူ
ဖန့်ချန်၏ မျက်နှာပေးမှာ အတော်လေး ထူးဆန်းသွားသည်။
ပုံမှန်အားဖြင့် ဝိညာဉ်နတ်ဘုရားဂိုဏ်း ကို ဆန့်ကျင်ဘက်ပြုလေ့ရှိသူမှာ ဝိညာဉ်သုတ်သင်ခြင်းဌာန သာ ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဤနယ်မြေမျိုးတွင် ဝိညာဉ်နတ်ဘုရားဂိုဏ်းသည် အင်အားစုအသီးသီး၏ မျက်စိထဲတွင် ထိပ်တန်းအင်အားစုတစ်ခု မဟုတ်ပေ။
သူတို့သည် ထိုက်ယီကုန်သွယ်ရေးအသင်းကဲ့သို့ပင် အင်အားစုအသီးသီးအတွက် သွေးဝိညာဉ်နတ်ဆေး များကို သီးသန့် ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်သည်။
ချင်းမင်နယ်မြေချဲ့ထွင်ရေးအဖွဲ့ တည်ရှိနေပုံကို ကြည့်ရုံဖြင့် ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ အထက်ပိုင်းခေါင်းဆောင်များ၏ မဟာဗျူဟာမှာ အောက်ခြေလူများ၏ လုပ်ရပ်နှင့် လုံးဝကွဲပြားနေကြောင်း သိနိုင်သည်။
ဒီအဆင့် (၁) လွတ်လပ်သောမသေမျိုးက ဝိညာဥ်သုတ်သင်ခြင်းဌာနက ကျင့်ကြံသူလား ဒါဆိုရင် ကြာနီနတ်မိမယ်ငယ် အပါအဝင် ဒီတာအိုပေါင်းစပ်ခြင်းအဆင့်တွေ အားလုံးဟာလည်း ဝိညာဥ်သုတ်ခြင်းဌာန က လူတွေပဲလား
ဖန့်ချန် အလွန်အံ့အားသင့်သွားမိသည်။
သူသည် စိတ်မလောဘဲ ထောင့်တစ်နေရာတွင် ရပ်ကာ သူတို့၏ စကားဝိုင်းကို ငြိမ်သက်စွာ နားစွင့်နေလိုက်သည်။
"စီနီယာကျောက်... ပြီးခဲ့တဲ့ ရက်ပိုင်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းက တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ယောက်ရဲ့ ပါးစပ်ကနေ သဲလွန်စအချို့ မေးမြန်းနိုင်ခဲ့ပါတယ်"
ဟု ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော အမှတ်အသားများရှိသည့် အမျိုးသမီးက လေးလေးပင်ပင် ဆိုလိုက်သည်။
အဆင့် (၁) လွတ်လပ်သောမသေမျိုးက သူမကို ကြည့်ကာ ခေါင်းညိတ်ပြသည်
"ရှောင်ဟုန်... မင်းရထားတဲ့ သဲလွန်စကို ပြောပြပါဦး"
သူမသည် တကယ်ပင် ကြာနီနတ်မိမယ်ငယ် ဖြစ်နေပေသည်။
ဖန့်ချန်၏ အကြည့်မှာ ထိုအမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။
ကြာနီနတ်မိမယ်ငယ်၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေပြီး
"အဲဒီ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ မသေခင်မှာ ပြောသွားတာက... ဝိညာဉ်နတ်ဘုရားဂိုဏ်းဟာ မကြာသေးမီနှစ်တွေအတွင်းမှာ အဆင့် (၂)၊ အဆင့် (၁) နဲ့ အဆင့်လွန် ဆေးလုံးတွေကိုပါ အကြီးအကျယ် ဖော်စပ်နေတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ချင်းမင်နယ်မြေရှာဖွေရေးအဖွဲ့ဟာ ရှေးဟောင်းတားမြစ်နယ်မြေတစ်ခုကို ရှာတွေ့ထားပုံရပြီး အဲဒါကို ဖော်ထုတ်ဖို့အတွက် လူအင်အား အမြောက်အမြားကို အသေခံအသုံးချပြီးမှ အခွင့်အရေးရမှာမို့လို့ပါ"
"ဒီလိုဆိုရင်တော့ ဒီနှစ်ပိုင်းအတွင်း သူတို့ရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတွေကို အဖြေထုတ်လို့ ရသွားပြီပဲ။ ဝိညာဉ်နတ်ဘုရားဂိုဏ်းဟာ ပိုင်ရှင်မဲ့ ရှေးဟောင်းတားမြစ်နယ်မြေတစ်ခုကို တွေ့သွားတာ ဖြစ်ရမယ်။ ရှေးဟောင်းတားမြစ်နယ်မြေတစ်ခုကို အစောပိုင်း ဖော်ထုတ်ဖို့ဆိုတာ တကယ်ပဲ လူ့အသက်ပေါင်းများစွာနဲ့ ရင်းပြီး မြေဖို့ရတာမျိုးပါပဲ"
အဆင့် (၁) လွတ်လပ်သောမသေမျိုးက ခေါင်းညိတ်လျက် ကျန်ရှိသော သူများကို ကြည့်လိုက်သည်
"မင်းတို့အားလုံးလည်း အသီးသီး သတိထားကြပါ။ အကယ်၍ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို တွေ့တာနဲ့ မီးပွားလေးကို အမြန်ငြှိမ်းသတ်သလိုမျိုး သူတို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်ကြ"
"နားလည်ပါပြီ"
ဟု လူတိုင်းက ပြိုင်တူ ထူးလိုက်ကြသည်။
ထို့နောက် အဆင့် (၁) လွတ်လပ်သောမသေမျိုးက စကားလမ်းကြောင်း လွှဲကာ ကြာနီနတ်မိမယ်ငယ်ကို ပြုံးလျက် မေးလိုက်သည်
"ခုနက မင်းရဲ့ တပည့်တွေ သတင်းပို့တာတော့ ချင်းယွီနတ်ဘုရားဂိုဏ်းက တာအိုပေါင်းစပ်ခြင်းအဆင့်တွေက တောင်လာလုမယ်ဆိုပဲ။ ဘယ်လိုလဲ ယုံကြည်မှု ရှိရဲ့လား "
"ချင်းယွီနတ်ဘုရားဂိုဏ်းလား... ထည့်တွက်နေစရာ မလိုပါဘူး"
ဟု ကြာနီနတ်မိမယ်ငယ်က အေးစက်တည်ငြိမ်စွာ ဆိုသည်။
ထိုနေရာရှိ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများသည်လည်း အလိုအလျောက် ခေါင်းညိတ်လိုက်ကြသည်။
ကြာနီနတ်မိမယ်ငယ်၏ အစွမ်းမှာ မည်မျှ ထက်မြက်သည်ကို သူတို့ သိထားကြသည်ကိုး။
ချင်းယွီနတ်ဘုရားဂိုဏ်းကို ထားဦး၊ အနီးအနားရှိ အလားတူ အင်အားစု ဒါဇင်ပေါင်းများစွာထဲတွင်ပင် တာအိုပေါင်းစပ်ခြင်းအဆင့်ချင်း ယှဉ်လျှင် ကြာနီနတ်မိမယ်ငယ်ကို ယှဉ်နိုင်သူ ရှာရန် ခဲယဉ်းလှပေသည်။
"ယုံကြည်မှုရှိတာ ကောင်းပါတယ်။ ဒီလို တောင်ကုန်း ဝိညာဉ်တောင်တွေကို ဆယ်စုနှစ်အနည်းငယ်လောက် စောင့်ကြပ်ပေးနိုင်ရင် မင်းရဲ့ အစွမ်းကို လူတွေ သိသွားကြလိမ့်မယ်။ နောက် အနှစ်သုံးဆယ်ကြာရင် ကျွယ်မင်နတ်ဘုရားနန်းတော်က တံခါးဖွင့်ပြီး တပည့်သစ် လက်ခံလိမ့်မယ်"
"အဲဒီအခါ ကြာနီနတ်ဘုရားဂိုဏ်းရဲ့ အခွင့်အရေးကို မင်းပဲ ရသင့်တာ။ ကျွယ်မင်နတ်ဘုရားနန်းတော်ထဲ ဝင်ခွင့်ရပြီး ကျွယ်မင်ကျင့်ကြံသူ ဖြစ်လာရင် မင်းအတွက်ရော၊ အားလုံးအတွက်ရော အကျိုးရှိလိမ့်မယ်"
ပြောပြီးသည်နှင့် ထိုအဆင့် (၁) လွတ်လပ်သောမသေမျိုးမှာ လေထဲသို့ ပေါ့ပါးစွာ ပျံသန်းကာ ထွက်ခွာသွားတော့သည်။
ကျန်ရှိနေသော တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများသည် ကြာနီနတ်မိမယ်ငယ်ကို ကြိုတင်၍ ဂုဏ်ပြုနေကြပြီ ဖြစ်သည်။
သူမအတွက် ကျွယ်မင်နတ်ဘုရားနန်းတော်ထဲ ဝင်ရန်မှာ သေချာပေါက်ပင် ဖြစ်သည်ဟု သူတို့ ယူဆထားကြသည်။
"ဟုန်မိတ်ဆွေ... ချင်းယွီနတ်ဘုရားဂိုဏ်းဘက်က လူတွေကို ခဏလောက် အရေးမလုပ်ဘဲ ပစ်ထားလိုက်တာ ပိုကောင်းမယ် ထင်တယ်။ သူတို့ ခဏခဏ လာပြီး အနှောင့်အယှက် ပေးနေတာကလည်း စိတ်ရှုပ်စရာ ကောင်းတယ်လေ"
ဟု တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးက အကြံပြုသည်။
ကြာနီနတ်မိမယ်ငယ်က အေးစက်စွာ ဆိုသည်
"မလိုပါဘူး... အမြန်တိုက်၊ အမြန်အနိုင်ယူ လိုက်တာက ပိုကောင်းပါတယ်"
ထိုခဏမှာပင် ဖန့်ချန်၏ ဝိညာဉ်အာရုံမှာ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်လည်ဝင်ရောက်သွားသည်။
မကြာမီမှာပင် ကျင့်ကြံသူတစ်ဦးမှာ လေဟာနယ်ကို ဖြတ်ကျော် ရောက်ရှိလာခဲ့သည်
"စီနီယာတို့... ဟုန်အကြီးကဲက သဘောတူလိုက်ပါပြီ။ တောင်လုပွဲကို စတင်နိုင်ပါတယ် "
သူ၏ အကြည့်မှာ ဝါယန်ဖုန်းပေါ်သို့ ကျရောက်သွားသည်။
တောင်လုမည့်သူမှာ ဝါယန်ဖုန်းဟု သူ ထင်မှတ်နေပုံရသည်
"ဝါစီနီယာ... ဟုန်အကြီးကဲက မှာလိုက်ပါတယ်။ ခင်ဗျားအနေနဲ့ တောင်ထိပ်ကို ရောက်အောင် လာနိုင်ရင်ပဲ ဒီတိုက်ပွဲမှာ ခင်ဗျား နိုင်ပြီလို့ သတ်မှတ်ပေးပါ့မယ်တဲ့"
ထိုအသံမှာ ဟိန်းထွက်သွားပြီး ဟေးဟွမ်တောင် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ဈေးတန်းများရှိ လေလွင့်ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားသွားကြသည်။
"ဟေး... တောင်ထိပ်ကို ရောက်ရုံနဲ့ နိုင်တယ်တဲ့လား ကြည့်ရတာ စီနီယာဟုန်ကတော့ ချင်းယွီနတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေကို မျက်စိထဲတောင် ထည့်မထားတာပဲ"
"ဒါက နည်းနည်းတော့ မာန်များလွန်းရာ မရောက်ဘူးလား တာအိုပေါင်းစပ်ခြင်းအဆင့်ချင်း အတူတူပဲကို... တောင်ထိပ်ကို ရောက်ဖို့တောင် ခက်ခဲလိမ့်မယ်လို့ ထင်နေတာလား "
မသေမျိုးလှေပေါ်တွင်မူ၊ ချင်းယွီနတ်ဘုရားဂိုဏ်းမှ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများသည် သူတို့အတွက် ရည်ရွယ်သည်မဟုတ်သော်လည်း တစ်ဖက်လူ၏ စကားကြောင့် မျက်နှာများ ညိုမှောင်ကုန်ကြပြီး မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာကြသည်။
ဝါယန်ဖုန်း၏ အကြည့်မှာ မှောင်ကျနေပြီး တောင်ထိပ်ဆီသို့ လှမ်းကြည့်လိုက်သည်။
လှပသော အနီရောင် အရိပ်တစ်ခုကို မရေမရာ မြင်တွေ့နေရသည်။
"ဟုန်မိတ်ဆွေရဲ့ စကားကတော့ အတော်လေးကို အပြောကြီးလာတာပဲ။ တောင်ထိပ်ကို ဝင်နိုင်ရုံနဲ့ ငါ နိုင်တယ်လို့ သတ်မှတ်မယ်ပေါ့... ဟဲဟဲ"
ဝါယန်ဖုန်း၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများမှာ ဆူပွက်လှုပ်ရှားလာသည်။
သူ စိတ်ပြောင်းသွားပြီဖြစ်သည်။
ဤတစ်ကြိမ် တောင်လုပွဲကို သူကိုယ်တိုင် တိုက်ခိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
အောက်ခြေနယ်မြေခြောက်ခုက လာသည့် ဤတောသားကို နှိပ်ကွပ်ပြီး အထက်သုံးနယ်မြေနဲ့ အောက်ခြေနယ်မြေကြားက ခြားနားချက်ကို သိအောင်လုပ်ပေးနေမည့်အစား၊ သူကိုယ်တိုင် နာမည်ကျော်အောင် လုပ်လိုက်သည်က ပိုကောင်းပေလိမ့်မည်။
သူသာ တောင်လုပွဲမှာ အောင်မြင်ခဲ့ပါက၊ နောက်အနှစ်သုံးဆယ်ကြာရင် ရမယ့် အခွင့်အရေးကို ချင်းယွီနတ်ဘုရားဂိုဏ်းက သူ့ကို မပေးဘဲ နေစရာ အကြောင်းမရှိပေ။
ဤသို့ တွေးမိသည်နှင့် ဝါယန်ဖုန်းက ဖန့်ချန်ကို လှည့်ကြည့်လိုက်သည်
"ဖန့်မိတ်ဆွေ... ဒီတစ်ကြိမ် တောင်လုပွဲကို ကျုပ်ပဲ တိုက်ပါရစေ။ မင်းအတွက်ကတော့... ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ နောက်ထပ် အခွင့်အရေးတစ်ခုကို ထပ်စောင့်လိုက်ပါဦး။ ဒီကာလအတွင်းမှာလည်း မင်း ချင်းယွီနတ်ဘုရားဂိုဏ်းမှာ ဆက်နေလို့ရပါတယ်။ ကျုပ်တို့ မင်းကို အခက်အခဲ မဖြစ်စေပါဘူး"
"ဒီတောင်လုပွဲကို ကျုပ်တိုက်မယ်လို့ ပြောပြီးသားပဲ၊ ဝါမိတ်ဆွေ အလုအယက် မလုပ်ပါနဲ့တော့။ ဒီကိစ္စကို အမြန်ဆုံး အဆုံးသတ်ပြီးမှ ကျုပ်လည်း နောက်အနှစ်သုံးဆယ်ကြာရင် ရှိမယ့် ကျွယ်မင်နတ်ဘုရားနန်းတော်ရဲ့ အစစ်အဆေးအတွက် တံခါးပိတ် ကျင့်ကြံရဦးမှာ"
ဖန့်ချန်က လက်ယမ်းပြကာ ဟေးဟွမ်တောင်ထိပ်ဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
ဝါယန်ဖုန်းမှာ တားဆီးရန် အချိန်မရလိုက်ချေ။
ဖန့်ချန်သည် ဟေးဟွမ်တောင်ထိပ်သို့ နီးကပ်သွားသည်ကို မြင်သောအခါ သူ၏ မျက်လုံးများမှာ ပို၍ပင် မှောင်ကျသွားတော့သည်။
"ဟုန်မိတ်ဆွေကတော့ အပြောကြီးသွားပြီ။ အခု ဖန့်မိတ်ဆွေကတော့ တောင်လုပွဲမှာ အောင်မြင်ဖို့ အခွင့်အရေး အတော်လေး ရှိသွားပြီ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာက ကျင့်ကြံသူတွေရဲ့ အမြဲတမ်း အမှားကြီးတစ်ခုပဲ"
ဟု ကျန်းအကြီးအကဲက ဆိုသည်။
လူတိုင်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
ကျင့်ကြံသူ ဘယ်လောက်များများဟာ ဒီလို အမှားမျိုးကြောင့် အရှုံးကြီး ရှုံးခဲ့ကြဖူးသလဲသို့သော်လည်း ကြာနီနတ်မိမယ်ငယ်မှာ ထိုသို့သော ထူးခြားသည့် ခန္ဓာကိုယ်ရှိနေတော့ မာန်တက်နေခြင်းမှာလည်း သဘာဝကျလှပေသည်။
"သွားပြီ သွားပြီ ချင်းယွီနတ်ဘုရားဂိုဏ်းက တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ ထွက်သွားပြီ တောင်ထိပ်ဆီကို ပျံသွားပြီ "
"ဟင်... ကြည့်ရတာ ဝါယန်ဖုန်း စီနီယာ မဟုတ်ဘူးထင်တယ် "
"ချင်းယွီနတ်ဘုရားဂိုဏ်းက ဘာသဘောလဲ ဝါစီနီယာကို အသုံးမပြုဘူးလား ဒီလူက ဘယ်သူလဲ "
"ချင်းယွီနတ်ဘုရားဂိုဏ်းက အသစ်ခေါ်ထားတဲ့ အကြီးအကဲ ဖြစ်မှာပေါ့"
ကျင့်ကြံသူ အမြောက်အမြားမှာ လေထဲသို့ ပေတစ်ရာခန့် ပျံတက်သွားကြပြီး မကြာမီ ဖြစ်လာတော့မည့် တောင်လုပွဲကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။
ဖန့်ချန်သည် တောင်ထိပ်နှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာပြီဖြစ်သည်။
ကြာနီနတ်မိမယ်ငယ်က မျက်မှောင်ကြုတ်ကာ သူ့ကို စိုက်ကြည့်နေသည်ကိုပင် သူ မြင်နေရသည်။
"ကြာနီနတ်မိမယ်ငယ်က ဘာဖြစ်နေတာလဲ သူက တိုက်ခိုက်ဖို့ မရည်ရွယ်ဘူးလား "
ကြာနီနတ်မိမယ်ငယ်က အချိန်အတော်ကြာသည့်တိုင် အရေးမယူဘဲ နေသည်ကို မြင်သောအခါ ဝါယန်ဖုန်းမှာ စိတ်မရှည် ဖြစ်လာသည်။
ထိုစဉ်မှာပင် တောင်ထိပ်ဆီမှ ဖီးနစ်ငှက်၏ ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာပြီးနောက်၊ အနီရောင် အရိပ်တစ်ခုမှာ မိုးကောင်းကင်အနှံ့ ဖုံးလွှမ်းလျက် ဖန့်ချန်ဆီသို့ ဝေါခနဲ ပြေးဝင်လာတော့သည်။
၎င်းမှာ မီးတောက်မီးလျှံများ တောက်လောင်နေပြီး ချော်ရည်ပူများ ပန်းထွက်နေသော ဧရာမ မီးဖီးနစ်ငှက်ကြီး တစ်ကောင်ပင် ဖြစ်သည်။
မီးပွားများမှာ ကောင်းကင်ယံမှ ကျဆင်းလာကြရာ ဝေဝေဆာဆာ လှပသော မီးရှူးမီးပန်းများ နှင့်ပင် တူလှတော့သည်။
"ကြာနီနတ်ဘုရားဂိုဏ်းရဲ့ အတတ်ပညာ တောက်လောင်သော ဖီးနစ်ဟစ်ကြွေးသံ ပဲ "
"ဒီစွမ်းအားက... သာမန် တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတွေ ထုတ်သုံးတာထက် အဆပေါင်းများစွာ ပိုပြင်းထန်တာပဲ"
"ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေကိုတော့ မမီသေးပေမယ့်၊ တာအိုပေါင်းစပ်ခြင်းအဆင့်တွေအတွက်တော့ ရင်ဆိုင်ဖို့ တကယ့်ကို ခက်ခဲလိမ့်မယ် မဟုတ်လား "
ထိုနေရာရှိ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများမှာ စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိကြသည်။
သို့သော် ထိုခဏမှာပင် ဖန့်ချန်၏ လူရိပ်မှာ လေဟာနယ်ထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ တောက်လောင်သော ဖီးနစ်ငှက်ကြီးမှာလည်း ပစ်မှတ်ကို လွဲချော်သွားတော့သည်။
၎င်းမှာ လေထဲတွင် ဘာလုပ်ရမှန်းမသိဘဲ ဟိုဟိုဒီဒီ ပျံဝဲနေတော့သည်။
"လူက ဘယ်ရောက်သွားတာလဲ "
လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မှင်တက်သွားကြသည်။
လူတစ်ယောက်လုံး မျက်စိရှေ့တင် ပျောက်ကွယ်သွားသည်လား
ဝိညာဉ်စွမ်းအား လှုပ်ခတ်မှု အနည်းငယ်မျှပင် မရှိခဲ့ဘဲ၊ မူလကတည်းကပင် ရှိမနေခဲ့သကဲ့သို့ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
"ဟားဟားဟား ချင်းယွီနတ်ဘုရားဂိုဏ်းက ဒီလူကတော့ ကြောက်လို့ ထွက်ပြေးသွားတာ ထင်တယ် "
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဝါယန်ဖုန်းနှင့် အပေါင်းအပါများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အရှက်ရနေကြသလို၊ ပို၍လည်း ဒေါသထွက်နေကြသည်။
"ဒီလောက် အရှက်ရမယ်မှန်း သိရင် ဒီနေ့ လိုက်မလာခဲ့ပါဘူး"
ဟု ဝါယန်ဖုန်းက ဒေါသတကြီး ဆိုလိုက်သည်။
သို့သော် ကျန်းအကြီးအကဲ တစ်ယောက်တည်းသာ ခဏမျှ ကြောင်အသွားပြီးနောက်၊ ကြာနီနတ်မိမယ်ငယ်၏ နောက်ကျောဘက်ဆီသို့ ကြောင်တောင်တောင်ဖြင့် လက်ညှိုးထိုးပြလိုက်သည်
"ဟိုမှာ... အဲဒါ ဖန့်မိတ်ဆွေ မဟုတ်ဘူးလား "