← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း ၄၁။ ဒီဆရာဘိုးဘေးက တကယ့်ကို အားကိုးရတယ်၊ ပြဿနာရှိရင် တကယ် ကူညီပေးတာပဲ

“သူ သေသွားပြီ”

လင်းရီက သက်ပြင်းချလျက် ပြောလိုက်သည်။

ကျိုးယွင်က လင်းရီကို စိုက်ကြည့်ကာ “တကယ်လို့ ဖုန်းဟွာက တကယ်ပဲ သေသွားပြီဆိုရင် ရေသူဘုရင်မက ဘာလို့ ဒီလောက်တောင် အားထုတ်ပြီး မှတ်ဉာဏ်တွေကို လိမ်လည်ဖန်တီးခဲ့ရတာလဲ” ဟု မေးလိုက်သည်။

“စီနီယာဖုန်းဟွာက အင်မော်တယ်ပြောင်းပြန်စင်မြင့်ရဲ့ တာအိုမီးတောက်ကြောင့် သုံးနှစ်လုံးလုံး လောင်ကျွမ်းခံခဲ့ရပြီး ပျောက်ကွယ်သွားချိန်မှာ သူမရဲ့ ရုပ်ဆင်းသဏ္ဍာန်က လုံးဝကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ပြီလေ”

“စီနီယာဖုန်းဟွာက မသေခင်မှာ သူမရဲ့ အရုပ်ဆိုးတဲ့ ပုံစံကို ဆရာက ရွံရှာမှာစိုးလို့ မျှော်လင့်ချက်လေးထားခဲ့တယ်လို့ ပြောခဲ့တယ်”

“အဲဒါကြောင့် ရေသူဘုရင်မက ဆရာ့အတွက် အလှပဆုံးဖြစ်တဲ့ ဖုန်းဟွာကိုပဲ ချန်ထားခဲ့ချင်လို့ ဖြစ်နိုင်တယ်”

လင်းရီက စဉ်းစားခန်းဖွင့်ရင်း ပြောလိုက်သည်။

ဤကိစ္စကို ကံကြမ္မာ၏ လှည့်စားမှုဟုသာ ဆိုရမည်ဖြစ်သည်။ ဖုန်းဟွာဖြစ်စေ၊ ကျိုးယွင်ဖြစ်စေ၊ ရေသူဘုရင်မဖြစ်စေ မည်သူမျှ တကယ်တမ်း အမှားလုပ်ခဲ့ခြင်း မဟုတ်ချေ။ အကယ်၍ အပြစ်တင်ရမည်ဆိုလျှင်လည်း ၎င်းမှာ တိုက်ဆိုင်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခြင်းကြောင့်ဟုသာ ဆိုရပေမည်။

“နောက်ဆုံးတော့ သူမ တကယ်ပဲ သေသွားခဲ့တာလား”

ကျိုးယွင်၏ မျက်လုံးများ ချက်ချင်း မှေးမှိန်သွားပြီး သူ့မျက်နှာမှာလည်း အနည်းငယ် ဖြူရော်သွားခဲ့သည်။

“ဒါပေမဲ့ စီနီယာဖုန်းဟွာက ရှင်သန်နိုင်မယ့် အခွင့်အရေး မရှိတော့တာတော့ မဟုတ်လောက်ဘူး”

လင်းရီက သိပ်မသေချာသော်လည်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။

“ရှင်သန်နိုင်မယ့် အခွင့်အရေးဟုတ်လား”

ကျိုးယွင်၏ ခန္ဓာကိုယ် တုန်ယင်သွားပြီးနောက် ခေါင်းယမ်းလိုက်ကာ “လူတစ်ယောက် သေသွားပြီဆိုရင် သူတို့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်က ကောင်းကင်နဲ့ မြေကြီးဆီကို ပြန်လည်ရောက်ရှိသွားတာလေ။ မြေကမ္ဘာအင်မော်တယ်တစ်ပါးတောင်မှ သူတို့ကို အသက်ပြန်ရှင်အောင် မလုပ်ပေးနိုင်ပါဘူး” ဟု ပြောလိုက်သည်။

ကျိုးယွင်သည် သေလွန်သူများကို ပြန်လည်အသက်ရှင်စေနိုင်သည့် ဒဏ္ဍာရီလာ နည်းလမ်းများကို ရှာဖွေရန်အတွက် ရေတွက်၍မရနိုင်သော ရှေးဟောင်းကျမ်းစာများကို ကြည့်ရှုလေ့လာခဲ့ပြီးဖြစ်သော်လည်း ဖြစ်နိုင်ခြေရှိသော အဖြေကို မတွေ့ခဲ့ရချေ။

“တကယ်တော့ စီနီယာဖုန်းဟွာ ပျောက်ကွယ်သွားတဲ့အချိန်မှာ ရေသူမျက်ရည် ကိုးစက်တည်း ကျန်ခဲ့တာ မဟုတ်ဘူး” ဟု လင်းရီက ဆိုသည်။

“နောက်ထပ် ဘာကျန်သေးလို့လဲ” ကျိုးယွင်က အမြန် မေးလိုက်သည်။

“မြက်ပင်တစ်ပင်”

လင်းရီက တိုးညင်းစွာ ပြောလိုက်သည်။

“စီနီယာဖုန်းဟွာ ပျောက်ကွယ်သွားပြီးနောက်မှာ အရွက်တွေက ပိုးသားငါးကြင်းတွေလို လှပနေတဲ့ မြက်ပင်တစ်ပင်ကျန်ရစ်ခဲ့ပြီး ဟင်းလင်းပြင်နယ်ပယ်ထဲမှာ အမြစ်တွယ်နေခဲ့တယ်။ အဲ့ဒါက မှတ်ဉာဏ်တစ်ခုပဲဆိုပေမဲ့ ဒီတပည့်ကတော့ အဲဒီမြက်ပင်ထဲမှာ လူတစ်ယောက်ရဲ့ အသက်စွမ်းအင်မျိုး ပါဝင်နေတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်”

“မြက်ပင်တစ်ပင်ဆိုတာ သေချာလား၊ အရွက်တစ်ရွက်တည်း မဟုတ်ဘူးမလား”

ကျိုးယွင်က လှည့်ကာ လင်းရီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“သေချာပါတယ်၊ မြက်တစ်ပင်ပါပဲ”

လင်းရီက အလွန်သေချာစွာ ပြောလိုက်သည်။

“မြက်ပင်တစ်ပင်... ဒါဆိုရင် မြက်ပင်တစ်ပင်ပေါ့”

ကျိုးယွင်သည် လင်းရီကိုကြည့်ကာ ကလေးတစ်ယောက်အလား အားရပါးရ ပြုံးလိုက်မိသည်။ လင်းရီသည် မိန်းမောနေသော ကျိုးယွင်ကို ကြည့်ပြီးနောက် သူ့အကြည့်များကို ဖာတောင်သခင်ထံသို့ ပြောင်းရွှေ့လိုက်ရာ ဖာတောင်သခင်မှာလည်း ထိုနည်းတူ တွေဝေနေကြောင်း တွေ့လိုက်ရ၏။

“လင်းရီ... ကျေးဇူးတင်ပါတယ်”

ဤအခိုက်အတန့်တွင် ကျိုးယွင်က လှည့်လာပြီး လင်းရီကို နက်နဲစွာ ဦးညွှတ်လိုက်ကာ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။

“ဆရာ လင်းရီကို ပြန်ခေါ်သွားဖို့ ဆရာ့ကိုပဲ လွှဲလိုက်တော့မယ် ”

“ဆရာ ဘာဖြစ်သွားတာလဲ”

လင်းရီက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသော ကျိုးယွင်ကို ကြည့်ရင်း ဖာတောင်သခင်ကို သံသယဖြင့် မေးလိုက်သည်။

“သူ တစ်ခုခုကို သတိရသွားလို့ဖြစ်မယ်”

ဖာတောင်သခင်က မျက်မှောင်ကြုတ်လိုက်သည်။ ကျိုးယွင်သည် အင်မော်တယ်ပြောင်းပြန် အဆင့်သုံးဆင့်နှင့် တာအိုပြောင်းလဲခြင်းအကြောင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူဖြစ်ရာ အချက်အလက်အချို့ကို ဆက်စပ်မိသွားခြင်း ဖြစ်နိုင်ပေသည်။

“ငါ မင်းကို ပြန်ပို့ပေးမယ်”

ဖာတောင်သခင်က စကားပြောရင်း လင်းရီကို အတွင်းစည်းမှ ခေါ်ထုတ်လာကာ ဝိုင်တောင်ဆီသို့ အေးအေးဆေးဆေး ဦးတည်လာခဲ့သည်။

“ဒါလေး ယူထားလိုက်”

ဝိုင်တောင်သို့ ရောက်သောအခါ ဖာတောင်သခင်က သူမ၏ ကျောက်စိမ်းလက်ကလေးကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းစာလိပ်တစ်ခု လင်းရီ၏ အရှေ့သို့ ပျံသန်းလာခဲ့သည်။

“ဒါက ဘာလဲ”

လင်းရီက ကျောက်စိမ်းစာလိပ်ကို စပ်စုစွာ ကြည့်လိုက်သည်။

“အရင်တုန်းက ဝိညာဉ်နယ်မြေမှာ ဝိုင်တာအိုဆိုတာ ရှိခဲ့ဖူးတယ်။ အဲဒါက ခဏတာပဲဆိုပေမဲ့ ဝိုင်အတွက် ဆေးညွှန်း တချို့တော့ ကျန်ရစ်ခဲ့တယ်လေ” ဟု ဖာတောင်သခင်က အေးဆေးစွာ ပြောလိုက်သည်။

လင်းရီ၏ မျက်လုံးများ တောက်ပသွားပြီး ကျောက်စိမ်းစာလိပ်ကို အမြန် ယူလိုက်သည်။ လင်းရီ၏ နတ်ဘုရားစိတ်အာရုံက ကျောက်စိမ်းစာလိပ်ကို ဖြတ်သန်းသွားသောအခါ သတင်းအချက်အလက်များစွာ ပေါ်ထွက်လာခဲ့၏။ ကျောက်စိမ်းစာလိပ်အတွင်း၌ ဝိုင်အတွက် ဆေးညွှန်း အမျိုးအစား ၁၃ မျိုးကို မှတ်တမ်းတင်ထားပေသည်။ ထိုအထဲတွင် ဆေးညွှန်းသုံးမျိုးမှာ အတော်လေး ပြည့်စုံသော်လည်း ကျန်ဆယ်မျိုးမှာမူ အားနည်းချက်များစွာရှိနေခဲ့သည်။ သို့သော် လင်းရီအတွက်တော့ ဤမျှနှင့်ပင် လုံလောက်နေပြီ ဖြစ်၏။

“တကယ်လို့ မင်းအားရင် ဖာတောင်ကို အလည်လာခဲ့လို့ ရတယ်နော်”

ကျောက်စိမ်းစာလိပ်ကို ပေးပြီးနောက် ဖာတောင်သခင်က လေထဲသို့ ပျံတက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

“ဆရာဘိုးဘေး.. ခဏလောက် နေပါဦး”

လင်းရီက ဖာတောင်သခင်ကို အမြန် တားလိုက်ပြီး အလွန်ရိုသေလေးစားစွာ ခေါ်ဆိုလိုက်သည်။

“ပြောလေ”

ဖာတောင်သခင်က ရပ်တန့်လိုက်ပြီး လင်းရီကို ယခင်ကထက် ပိုမို ကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဒီတပည့်က ဆရာဘိုးဘေးကို လန်ခဲဘုရားကျောင်းဆီသွားပြီး ချန်ကြေးမုံမှန်ကို ယူပေးဖို့ တောင်းဆိုချင်လို့ပါ” ဟု လင်းရီက ပြုံးလျက် ပြောလိုက်သည်။

“အဲ့ဒါကတော့ ခက်တယ်”

ဖာတောင်သခင်က မျက်မှောင်ကြုတ်လိုက်သည်။

“အဆင့်လွန်ဂိုဏ်းအောက်က ဘာပဲဖြစ်ဖြစ် မင်းလိုချင်တာ မှန်သမျှကို ငါ သွားလုပေးလို့ရတယ်။ ဒါပေမဲ့ လန်ခဲဘုရားကျောင်းအတွက်ကတော့... ငါ သွားလုလို့ရပေမဲ့ လူတချို့တော့ သေသွားလိမ့်မယ်”

လင်းရီ၏ နှလုံးသားမှာ ခုန်ပေါက်သွားခဲ့သည်။ ဖာတောင်သခင် ပြောသော လူတချို့ သေသွားလိမ့်မယ် ဆိုသည်မှာ လန်ခဲဘုရားကျောင်းမှ လူများ ဖြစ်မည်ဆိုတာ သေချာပေါက် သူ နားလည်လိုက်၏။

“ဒါပေမဲ့ ရပါတယ်။ ငါ မျက်နှာဖုံးတပ်သွားလို့ ရတယ်။ လန်ခဲဘုရားကျောင်းက ငါ့ကို မှတ်မိမှာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့ မှတ်မိသွားရင်တောင် သက်သေမရှိဘဲနဲ့ ငါ့ကို ဘာမှ လုပ်လို့ မရပါဘူး။ မင်း စောင့်နေလိုက်”

ဖာတောင်သခင်က စကားပြောပြီးနောက် ထွက်ခွာရန် ပြင်လိုက်ပြန်သည်။

“ဆရာဘိုးဘေး... ခဏစောင့်ပါဦး”

လင်းရီက သူမကို ထပ်မံ တားလိုက်ရသည်။ သူ၏ ဆရာဘိုးဘေးကတော့ တကယ့်ကို အားကိုးရတာပဲ။ ပြဿနာတစ်ခု ရှိလာရင် တကယ်ကို ကူညီပေးတာပဲလေ။

“အကုန်လုံးတစ်ခါတည်း ပြောစမ်းပါ”

ဖာတောင်သခင်က ထပ်မံ ရပ်တန့်လိုက်ပြီး သူမ၏ လေသံမှာ အနည်းငယ် စိတ်မရှည်သလို ဖြစ်နေခဲ့သည်။

“ဆရာဘိုးဘေး... သွားလုစရာ မလိုပါဘူး”

ဆရာဘိုးဘေးမှာ အလွန်ပင် လက်မြန်ခြေမြန်နိုင်လွန်းလှပေသည်။ ဤအခိုက်အတန့်တွင် သူမ တကယ်ပင် ဓားတစ်လက်ကို ဆွဲပြီး တိုက်ရိုက် သွားလုမည်ကို လင်းရီ စိုးရိမ်သွားခဲ့သည်။ သို့သော်လည်း စဉ်းစားကြည့်ပြန်တော့ ကျိုးယွင်၏ အတိတ်ထဲတွင် ဖာတောင်သခင်သည် စကားတစ်ခွန်းမှ မဆိုဘဲ ဓားတစ်ချက်တည်းနှင့် ပင်လယ်ကို ဖြတ်တောက်ကာ ရေသူသလင်းကျောက်နန်းတော်ကို တိုက်ရိုက် ဖော်ထုတ်ခဲ့သည် မဟုတ်လော။ သူမသည် စကားပြောခြင်းထက် လက်တွေ့လုပ်ပြမည့်သူမျိုး သေချာပေါက် ဖြစ်ပေသည်။

“သွားလုစရာမလိုဘူး ဟုတ်လား”

ဖာတောင်သခင်က လင်းရီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ဆရာဘိုးဘေး... ဆရာက ဒီစာပိုဒ်လေးကိုပဲ မှတ်ထားဖို့ လိုတယ်၊ ဒါဆိုရင် ဗုဒ္ဓဘာသာဂိုဏ်းဆီကနေ ချန်ကြေးမုံမှန် ကို သဘာဝကျကျ ပြန်ယူလာနိုင်ပါလိမ့်မယ်”

လင်းရီက ကပ်သွားပြီး ဖာတောင်သခင်ကို တီးတိုး ပြောပြလိုက်သည်။

“ဒီနည်းက အလုပ်ဖြစ်မယ်ဆိုတာ မင်း သေချာလား”

ဖာတောင်သခင်က သံသယဖြင့် မေးလိုက်သည်။ လင်းရီ ပြောပြသောအရာမှာ သူမအတွက် အလွန် နားလည်ရခက်နေပြီး သူမကို လှုပ်ခတ်စေနိုင်ခြင်း မရှိခဲ့ချေ။

“ဆရာတော်ချန်ရဲ့ နောက်ဆုံးဆန္ဒက တရားဝင်တယ်ဆိုရင်တော့ အလုပ်ဖြစ်မှာပါ”

လင်းရီက သေချာပေါက် ပြောလိုက်သည်။

“ကောင်းပြီလေ။ ဒါဆိုရင်တော့ သံတမန်နည်းလမ်းကို အရင် သုံးကြည့်ကြတာပေါ့၊ တကယ်လို့ အလုပ်မဖြစ်ရင်တော့ ငါတို့ သွားလုကြမယ်”

ဖာတောင်သခင် ထွက်ခွာသွားခဲ့သည်။ သို့သော် သူမ မထွက်ခွာမီ ဖာတောင်သခင်၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခုကို လင်းရီ ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ သူမက တိုက်ရိုက် သွားလုခွင့်မရလို့ စိတ်ပျက်သွားတာလား။

“အင်အားသုံးစရာ မလိုပါစေနဲ့လို့ပဲ... မျှော်လင့်ရတာပေါ့”

လင်းရီက သက်ပြင်းချလိုက်ပြီးနောက် လှည့်ကာ သူ၏ အင်မော်တယ်လိုဏ်ဂူသို့ ပြန်သွားခဲ့သည်။

အင်မော်တယ်လိုဏ်ဂူသို့ ပြန်ရောက်ပြီးနောက် လင်းရီသည် ဖာတောင်သခင် ချန်ထားခဲ့သော ဝိုင်ဆေးညွှန်းများကို ထုတ်ယူကာ လေ့လာလိုက်သည်။

ဝိညာဉ်နယ်‌မြေ၏ ဝိုင်ဆေးညွှန်းများမှာ ဆေးဖော်စပ်ခြင်းနှင့် ပိုတူနေခဲ့၏။ မတူညီသော ရှားပါးပန်းများနှင့် ထူးဆန်းသော ဆေးပင်များကို ဝိုင်ဆေးလုံးများအဖြစ် သန့်စင်ပြီး ဝိုင်ထဲသို့ ပေါင်းစပ်ထည့်သွင်းခြင်းအပေါ် အဓိက အာရုံစိုက်ထားခြင်း ဖြစ်ပေသည်။

“ဝိုင်တာအို ပျောက်ကွယ်သွားတာ မဆန်းပါဘူး။ ဝိညာဉ်နယ်‌မြေက အရင်တုန်းက ဝိုင်တာအိုဆိုတာ ဝိုင်တာအိုလို့ နာမည်တပ်ထားပေမဲ့ တကယ်တမ်းကျတော့ ဆေးလုံးတစ်မျိုးသာသာပဲလေ။ အဲဒါကြောင့်မလို့ ဆေးတာအိုက တိုက်ရိုက် ဝါးမြိုသွားတာပေါ့” ဟု လင်းရီက ဆိုလိုက်သည်။

လင်းရီသည် ဝိညာဉ်နယ်‌မြေ၏ ဝိုင်ဆေးညွှန်းများ၏ ပြဿနာကို လျင်မြန်စွာ တွေ့ရှိသွားခဲ့သည်။ ထိုစာလိပ်ပါ အချက်အလက်များမှာ ဝိုင်ဆေးညွှန်းများဟု ထင်ရသော်လည်း အနှစ်သာရအားဖြင့် ဆေးညွှန်းများသာ ဖြစ်ပြီး စစ်မှန်သော ဆေးဖော်စပ်ခြင်းလောက်ပင် နက်နဲမှု မရှိခဲ့ချေ။ ဤအရာများကို အားကိုးပြီး ဆေးတာအို၏ အဆင့်အတန်းကို တုန်လှုပ်စေရန်နှင့် သီးခြားတာအိုတစ်ခု တည်ထောင်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

“ဒါပေမဲ့ အထဲမှာပါတဲ့ သီအိုရီတချို့ကတော့ အတော်လေး ကောင်းမွန်ပြီး မှီငြမ်းလို့ ရပါတယ်။ အားစိုက်ထုတ်ရတာ တော်တော်လေး သက်သာသွားစေနိုင်တယ်”

လင်းရီက ပြုံးလိုက်ပြီး ထိုကျမ်းစာများအတွင်းရှိ ဆေးဝါးဗေဒ နိယာမများ ကို စတင် နားလည်အောင် ကြိုးစားတော့သည်။

ထို့ကြောင့် ရက်အတော်ကြာသည်အထိ လင်းရီ၏ ဘဝမှာ အလွန်ပြည့်စုံနေခဲ့၏။ နေ့ခင်းဘက်များတွင် လင်းရီသည် ဆေးတောင်သို့ သွား၍ ဆေးဖော်စပ်ခြင်း ဗဟုသုတများကို သင်ယူသည်။ ညနေပိုင်းများတွင်မူ ဝိုင်တောင်၌ ဝိုင်ချက်လုပ်ပေသည်။ သူ၏ သိုလှောင်ထားမှုများ ပိုမို များပြားလာသည်ကို ကြည့်ရင်း ပစ္စည်းစုဆောင်းတတ်သည့် အကျင့်ရှိသော လင်းရီမှာ အလွန် ကျေနပ်နေခဲ့၏။

သုံးရက်အကြာတွင် ဝိညာဉ်နယ်‌မြေတစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။

နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်။

တောင်နှင့်ပင်လယ်အင်မော်တယ်ဂိုဏ်း၏ နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်ကို အသစ်ပြင်ဆင်လိုက်ပြီး ဂိုဏ်းအသီးသီးဆီသို့ ပေးပို့လိုက်ပြီ ဖြစ်သည်။

[လင်းရီ]

[တာအိုတစ်ရာအထက်မှာ ပြိုင်ဘက်ကင်းတဲ့ အရိုးတည်ဆောက်ပုံ]

ဤရိုးရှင်းသော စကားလုံး အနည်းငယ်ကပင် ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲသို့ ချွန်ထက်သော ဓားတစ်လက်အလား ထိုးဖောက်ဝင်ရောက်သွားခဲ့တော့သည်။

အခန်း ၄၂။ သွေးပင်လယ်က နယ်နှင်ခံအင်မော်တယ်ကို ရယ်ရဲတဲ့သူဟာ ယောက်ျားမဟုတ်ဘူး

[ နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက် - ထိပ်ဆုံးနေရာ

ဂိုဏ်း - တာလော့အင်မော်တယ်ဂိုဏ်း

အမည် - လင်းရီ

ကျင့်ကြံခြင်း - အခြေတည်အဆင့် ပထမအဆင့်

ဂိုဏ်းအဆင့်အတန်း - တာလော့ တောင်တစ်ရာ၊ ဝိုင်တောင် တောင်သခင်

ကျင့်ကြံသောတာအို - ဝိုင်တာအို

အဆင့်သတ်မှတ်ရခြင်း အကြောင်းရင်း - တာအိုတစ်ရာ၏အထက်မှာ ပြိုင်ဘက်ကင်းတဲ့ အရိုးတည်ဆောက်ပုံ ]

ရိုးရှင်းသော မှတ်ချက်များနှင့်အတူ လင်းရီ လက်ရန်းကို မှီလျက် လရောင်အောက်တွင် ထိုင်ကာ ဝိုင်မြည်းစမ်းနေသော ပုံတူတစ်ချပ်လည်း ပါဝင်နေခဲ့သည်။ နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်ကို မြင်တွေ့ရသူတိုင်းသည် လင်းရီ၏ အမည်နှင့် ရုပ်ရည်ကို မှတ်မိသွားကြ၏။

“မဖြစ်နိုင်ဘူး၊ တာလော့အင်မော်တယ်ဂိုဏ်းက တပည့်တွေကို တကယ်ကော သေချာ သင်ပေးတတ်ရဲ့လား”

“တကယ်လို့ သူတို့ သင်မပေးတတ်ဘူးဆိုရင် ငါတို့ ကောင်းကင်တိုက်ပွဲဂိုဏ်းကိုပဲ သင်ပေးခိုင်းလိုက်ပါ”

“တာအိုတစ်ရာအထက်မှာ ပြိုင်ဘက်ကင်းတဲ့ အရိုးတည်ဆောက်ပုံ ရှိတာတောင်မှ သူ့ကို ဝိုင်တာအို ရွေးခွင့်ပေးလိုက်တယ် ဟုတ်လား”

“တာလော့အင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အသက်ကြီးပြီး စိတ်ဖောက်နေပြီလား”

“တာလော့က အင်အားကြီးတာ မှန်ပေမဲ့ ဒီလိုပါရမီရှင်တစ်ယောက်ကို အလဟဿ ဖြစ်အောင်လုပ်ပြီး ပုလဲတစ်လုံးကို ဖုန်တက်ခံထားလိုက်ဖို့တော့ မဖြစ်သင့်ဘူးလေ”

နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာသောအခါ လူတိုင်း၏ သဘောထားများမှာ ကွဲပြားနေကြသည်။ အထက်ပါ စကားများမှာ ဂိုဏ်းအသီးသီးမှ အဘိုးကြီးများ၏ သဘောထားများ ဖြစ်ကြ၏။ ပါရမီရှင်များအပေါ် သူတို့၏ ချစ်မြတ်နိုးမှုများ ပေါက်ကွဲထွက်လာပြီး ကျယ်လောင်စွာ မကျိန်ဆဲဘဲ မနေနိုင်ကြတော့ချေ။ သူတို့သည် စက်ဝိုင်းတစ်ခုဆွဲ၍ တာလော့အင်မော်တယ်ဂိုဏ်း ဂိုဏ်းချုပ်ကို ကျိန်ဆဲချင်စိတ်ပင် ပေါက်နေကြသည်။ ဤသို့ ပြိုင်ဘက်ကင်းသော အရိုးတည်ဆောက်ပုံရှိသည့် ပါရမီရှင်တစ်ဦးကို ဝိုင်တာအို ကျင့်ကြံခိုင်းရသလောဟု တွေးမိကြသည်။

“ဒီလောကမှာ တကယ်ပဲ ဒီလောက် ချောမောတဲ့သူ ရှိနေတာလား”

“တာလော့တာအိုသိုလှောင်ရာ စာအုပ်တောင်ရဲ့ တောင်သခင်ကျိုးယွင်က ငါတို့ ဝိညာဉ်နယ်‌မြေမှာ အချောဆုံး အမျိုးသားဖြစ်ပြီး ပြိုင်ဘက်ကင်း အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာ ရှိတယ်လို့ ငါ ကြားဖူးတာ ကြာပြီ။ အခုကြည့်ရတာ ရုပ်ရည်သီးသန့်ကို ယှဉ်ရင်တောင် သူက ဒီလင်းရီထက် အနည်းငယ် နိမ့်ကျနေသလိုပဲနော်”

“ဆရာက ပြောဖူးတယ်၊ အဖော်၊ နည်းလမ်း၊ ချမ်းသာကြွယ်ဝမှု နဲ့ မြေနေရာဆိုတာ ကျင့်ကြံခြင်းမှာ မရှိမဖြစ် လိုအပ်တဲ့ အရာလေးခုတဲ့”

“တကယ်လို့ ဒီလင်းရီနဲ့သာ တာအိုလက်တွဲဖော်ဖြစ်ခွင့်ရပြီး နေ့တိုင်း နှစ်ကိုယ်တူကျင့်ကြံခြင်း လုပ်ရမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်”

“နင် ဘာတွေပြောနေတာလဲ၊ ရှက်စရာကြီး”

“ပြောတော့ကောဘာဖြစ်လဲ၊ ငါကတော့ ဒီပုံတူကို ချိတ်ထားချင်တယ်။ နေ့တိုင်း ကျင့်ကြံနေရင်းနဲ့ ကြည့်နေရရင်တောင် မျက်စိပသာဒဖြစ်တာပေါ့”

ဤအရာများမှာ အမျိုးသမီး ကျင့်ကြံသူများ၏ အာရုံစိုက်မှုများ ဖြစ်ကြပေသည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းသည် အလှအပကို နှစ်သက်ကြသည်သာ ဖြစ်ပေသည်။ အလှအပကို ငြင်းဆန်နိုင်သူ အလွန် ရှားပါးလှပေသည်။

“ငါက ဒုတိယနေရာမှာပဲ ရှိတာလား”

အဆင့်သတ်မှတ်ချက်တွင် ပါဝင်သော ကျင့်ကြံသူများ၏ အာရုံစိုက်မှုများမှာမူ ကွဲပြားနေကြသည်။ လူတစ်ဦးကမူ သူ၏ အဆင့်သတ်မှတ်ချက်ကို အလွန် မကျေမနပ် ဖြစ်နေခဲ့၏။ စာပေတွင် ပထမဆိုသည်မှာ မရှိသလို၊ သိုင်းပညာတွင်လည်း ဒုတိယဆိုသည်မှာ မရှိချေ။ ပါရမီ ပိုမိုထူးကဲသောသူသည် အခြားသူများထက် နိမ့်ကျနေခြင်းကို ပို၍ လက်မခံလိုကြပေ။ ဤအခိုက်အတန့်တွင် ဒုတိယနေရာ၌ရှိနေသော ယန်ကျန်းမှာ အလွန်မပျော်မရွှင်ဖြစ်နေခဲ့သည်။

[ နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက် - ဒုတိယနေရာ

ဂိုဏ်း - ကောင်းကင်တိုက်ပွဲဂိုဏ်း

အမည် - ယန်ကျန်း

ကျင့်ကြံခြင်း - အခြေတည်အဆင့်တတိယ ဆယ့်သုံးအဆင့် ပြီးပြည့်စုံခြင်း

ဂိုဏ်းအဆင့်အတန်း - ကောင်းကင်တိုက်ပွဲဂိုဏ်း အပြင်စည်းတပည့်၊ ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်

ကျင့်ကြံသော တာအို - ကောင်းကင်တိုက်ပွဲတာအို

အဆင့်သတ်မှတ်ရခြင်း အကြောင်းရင်း - ကောင်းကင်တိုက်ပွဲတာအိုတွင် ပြိုင်ဘက်ကင်း အရိုးတည်ဆောက်ပုံ ရှိသည်။ သုံးနှစ်တာ ကျင့်ကြံပြီး အခြေတည်အဆင့် တတိယဆယ့်သုံးအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့သည်။ ကောင်းကင်တိုက်ပွဲ လက်ချောင်း တစ်ချက်တည်းဖြင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူခဲ့ဖူးပြီး ဝိညာဉ်နယ်‌မြေကို တုန်လှုပ်စေခဲ့သည် ]

လင်းရီ၏ ရွှေရောင်စာလုံးများဖြင့် မိတ်ဆက်ခြင်းနှင့် နှိုင်းယှဉ်ပါက ယန်ကျန်း၏ အဆင့်သတ်မှတ်ရခြင်း အကြောင်းရင်းမှာ အလွန် ခိုင်လုံပြီး ယုတ္တိရှိသည်ဟု ဆိုနိုင်ပေသည်။ သုံးနှစ်အတွင်း အခြေတည်အဆင့် တတိယဆယ့်သုံးအဆင့် ပြီးပြည့်စုံခြင်း။ ဤသည်မှာ သမိုင်းတစ်လျှောက်တွင် ဥပမာ အနည်းငယ်မျှသာ ရှာတွေ့နိုင်လောက်အောင် လျင်မြန်သော ကျင့်ကြံခြင်း အမြန်နှုန်း ဖြစ်ပေသည်။ ထို့အပြင် အခြေတည်အဆင့်နှင့် ရွှေအမြူတေအဆင့်ကို အနိုင်ယူနိုင်ခြင်းမှာ အလွန်တရာ စွမ်းအားကြီးမားလွန်းသည်ဟု ဆိုနိုင်၏။

“သူ့ရဲ့အရိုးတည်ဆောက်ပုံက တာအိုတစ်ရာ အထက်မှာ ပြိုင်ဘက်ကင်းနေတော့ကော ဘာဖြစ်လဲ”

“နောက်ဆုံးတော့ သူလည်း တစ်ခုတည်းကိုပဲ ရွေးချယ်နိုင်တာပဲလေ”

“ပြီးတော့ ကျင့်ကြံသူတွေဆိုတာ နောက်ဆုံးမှာ စွမ်းအားနဲ့ပဲ စကားပြောရတာပဲ။ ရုပ်ချောတာ မချောတာက ဘာအရေးလဲ”

“ညီမလေး... အပြင်ကလူတွေအားလုံးကို လင်းရီရဲ့ မူရင်းပုံတူ ပန်းချီကားတစ်ချပ်နဲ့ ငါ့ရဲ့လူပျိုဘဝရဲ့ ဆယ်နှစ်ကို လဲလှယ်ဖို့ ဆန္ဒရှိတယ်လို့ မင်း လိုက်ပြောနေတာ ငါမကြားဘူး မထင်နဲ့နော်”

ယန်ကျန်းသည် နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်ကို သိမ်းလိုက်ပြီး အဝေးရှိ ပေရာချီ ကျယ်ဝန်းသော ရေကန်တစ်ခုဆီသို့ လက်ချောင်းဖြင့် ညွှန်ပြလိုက်သည်။

“ဝုန်း”

ချက်ချင်းပင် ကြီးကျယ်ခမ်းနားပြီး ပြိုင်ဘက်ကင်းအောင် အစွမ်းထက်သော ကောင်းကင်တိုက်ပွဲ စွမ်းအားတစ်ခု ယန်ကျန်း၏ လက်ချောင်းထိပ်မှ ပျံထွက်သွားပြီး ရေကန်ကို ထိမှန်သွားခဲ့သည်။ လက်ချောင်းတစ်ချက်တည်းဖြင့် ရေကန်တစ်ခုလုံး ချက်ချင်း လိမ်ကောက်သွားခဲ့၏။ လက်ချောင်းစွမ်းအား ကျရောက်သွားသော နေရာတွင် ရေကန်ရေများသည် ရေဝဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ဘုံဆီသို့ တိုက်ရိုက် ထိုးတက်သွားခဲ့သည်။

ရေဝဲမှာ အထွတ်အထိပ်သို့ ရောက်သောအခါ ရေကန်တစ်ခုလုံး ပေါက်ကွဲသွားပြီး အစိမ်းရောင် ပုံရိပ်ငယ်လေးတစ်ခု ရေကန်ထဲမှ ပျံထွက်လာကာ ယန်ကျန်းကို မျက်နှာပြောင်ပြပြီးနောက် ကောင်းကင်ယံသို့ ပျောက်ကွယ်သွားခဲ့သည်။

“ဒီအဆင့်သတ်မှတ်ချက်ကို ငါ ယန်ကျန်း အသိအမှတ်မပြုဘူး”

ယန်ကျန်းသည် အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေး၏ မျက်နှာပြောင်ပြခြင်းကို ဂရုမစိုက်ဘဲ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ပျောက်ကွယ်သွားခဲ့တော့သည်။

“တတိယအဆင့်အောက်ရှိတဲ့ ရှားပါးဆေးပင်တွေနဲ့ ပန်းတွေအကြောင်းကို ငါ တော်တော်လေး မှတ်မိသွားပြီ”

နှစ်ရက်အကြာတွင် လင်းရီသည် ဆေးဖော်စပ်ခန်းအတွင်းရှိ နောက်ဆုံး ရှားပါးပန်းတစ်ပွင့်၏ အချက်အလက်များကို မှတ်တမ်းတင်ပြီးနောက် အပျင်းကြောဆန့်လိုက်သည်။

“မင်းလေးမှာ တကယ်ကို ဇွဲလုံ့လ ရှိတာပဲ”

“ဒီဇွဲလုံ့လတစ်ခုတည်းနဲ့တင် မင်း ဘယ်တာအိုကိုပဲ လျှောက်လှမ်းပါစေ၊ ကောင်းကင်ဘုံအထိ မြင့်တက်နိုင်မှာ သေချာတယ်”

ကဲ့ချင်သည် လင်းရီ၏ ဘေးတွင် ပေါ်လာပြီး သူ၏ အားကျမှုကို ဖုံးကွယ်မထားခဲ့ချေ။ ဤခုနစ်ရက်အတွင်း ကဲ့ချင်သည် လင်းရီ ဘာမှမသိရာမှစ၍ တတိယအဆင့်အောက် ရှားပါးဆေးပင်များနှင့် ပန်းများ၏ အချက်အလက်အားလုံးကို မှတ်တမ်းတင်နိုင်သည်အထိ ကိုယ်တိုင် ကြည့်ရှုခဲ့ရခြင်းဖြစ်သည်။ ပါရမီ၊ စိတ်ရှည်မှုနှင့် ဇွဲလုံ့လ၊ ဤအရာအားလုံးမှာ မရှိမဖြစ် လိုအပ်ပေသည်။

အနည်းဆုံးတော့ ကဲ့ချင်ကိုယ်တိုင် ထိုအလုပ်ကို လုပ်ဆောင်ခဲ့စဉ်က ပြီးမြောက်ရန် သုံးလတိတိ အချိန်ယူခဲ့ရသည်။ ထိုအချိန်က ဆေးတောင်သခင် အိုကြီးက သူ့ကို တုတ်ဖြင့် ခြိမ်းခြောက်ကာ အတင်းအကျပ် ခိုင်းစေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

“ဟွေရှင်းလည်း ပြီးခါနီးပြီပဲ”

လင်းရီက ပြီးခါနီးဖြစ်နေသော ဟွေရှင်းကို တစ်ချက် ကြည့်လိုက်သည်။ ဟွေရှင်း၏ ဆေးဖော်စပ်ခြင်း တာအိုရှိ အရိုးတည်ဆောက်ပုံမှာ အမှန်တကယ်ပင် အံ့မခန်း ဖြစ်ပြီး အရေးအကြီးဆုံးမှာ ဟွေရှင်းတွင် လုံလောက်သော အာရုံစိုက်မှုနှင့် လုံ့လဝီရိယလည်း ရှိနေခြင်းပင် ဖြစ်၏။ ထို့ကြောင့်ပင် ဟွေရှင်းသည် သူမ၏ အရိုးတည်ဆောက်ပုံက လင်းရီလောက် မကောင်းသော်လည်း လင်းရီ၏ ခြေလှမ်းများကို အလွန်အမင်း နောက်မကျကျန်ရစ်စေဘဲ အနီးကပ် လိုက်ပါနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“အင်း… ဒီအဘိုးကြီးက တကယ်တော်တဲ့ တပည့်တစ်ယောက် ရထားတာပဲ”

ကဲ့ချင်က ဟွေရှင်းကိုကြည့်ကာ ဂုဏ်ယူသော အမူအရာဖြင့် ပြောလိုက်သည်။ ဆရာတစ်ဦးအတွက်မူ မိမိ၏ တပည့် တစ်နေ့တခြား ပိုမို၍ စွမ်းအားကြီးလာသည်ကို မြင်တွေ့ရခြင်းထက် ပျော်စရာကောင်းသောအရာ မရှိတော့ချေ။

“မင်း သင်ယူရမယ့် အရာအားလုံးကို သင်ယူပြီးသွားပြီဆိုတော့ မနက်ဖြန် ဘယ်ကိုသွားဖို့ စီစဉ်ထားလဲ”

ကဲ့ချင်က ပြုံးလျက် မေးလိုက်သည်။

ကဲ့ချင်သည် လင်းရီအတွက် ဆေးတာအိုတွင် ကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခုကို ချပေးပြီးပြီ ဖြစ်သည်။ တကယ်လို့ လင်းရီကသာ ဆေးတောင်၏ တပည့်ဖြစ်မည်ဆိုပါက သူသည် နောက်တစ်ဆင့်အနေဖြင့် သဘာဝကျကျ ဆေးဖော်စပ်ခြင်းကို သင်ယူရမည်ဖြစ်၏။ သို့သော် လင်းရီက ဆေးတောင်တပည့် မဟုတ်ချေ။

“လက်နက်တောင်ကို သွားမယ်ထင်တယ်”

လင်းရီက လက်နက်တောင် ရှိရာဘက်သို့ ကြည့်လိုက်သည်။

လင်းရီသည် မကြာသေးမီက အင်မော်တယ်မူးယစ်ဝိုင်နှင့် ဟုန်ချန်ဝိုင် တို့ထက် မနိမ့်ကျသော အင်မော်တယ်ဝိုင် များစွာကို ချက်လုပ်ခဲ့ပြီး ဖြစ်သည်။ သို့သော် သူ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့ရ၏။

ဝိုင်ခွက်များ။

လောကီဝိုင်ခွက်များသည် အင်မော်တယ်ဝိုင်၏ အာနိသင်ကို ပြီးပြည့်စုံအောင် ထိန်းသိမ်းထားရန် ခက်ခဲကြောင်း လင်းရီ တွေ့ရှိခဲ့ရသည်။ မတူညီသော ဝိုင်များကို မတူညီသော ဝိုင်ခွက်များတွင် သိမ်းဆည်းသောအခါ မျှော်လင့်မထားသော အာနိသင်အချို့လည်း ရှိလာတတ်ပေသည်။ ထို့ကြောင့် နောက်တစ်ဆင့်အနေဖြင့် လင်းရီသည် မိမိအတွက် မတူညီသော ဝိုင်ခွက်အမျိုးမျိုးကို ပြင်ဆင်ရန် လက်နက်သန့်စင်ခြင်း တာအိုကို သေချာ သင်ယူရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကောင်းပြီလေ”

“တကယ်လို့ မင်း နားမလည်တာ တစ်ခုခုရှိနေသေးရင် ဒီအဘိုးကြီးကို လာရှာဖို့ ဆေးတောင်ကို အမြဲတမ်း ပြန်လာလို့ရပါတယ်။ ဒီအဘိုးကြီး သိသမျှ အကုန်လုံးကို မင်းကို ပြောပြပေးပါ့မယ်”

ကဲ့ချင်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ လင်းရီက ဝိုင်ဘူးသီးခြောက်နှစ်ဘူးထုတ်ယူကာ ကဲ့ချင်ကို တစ်ဘူးပေးလိုက်ပြီး ဆေးမီးဖိုကို မှီလျက် သူကိုယ်တိုင်လည်း တစ်ငုံ သောက်လိုက်သည်။

“ဝိုင်မြည်းစမ်းပွဲအတွက် ဝိုင်တွေက အဆင်သင့်ဖြစ်သလောက် ရှိနေပြီ။ အခု လိုနေတာက မှန်ထဲကပန်း၊ ရေထဲကလ ဝိုင်ပဲ။ ဆရာဘိုးဘေးကော အဆင်ပြေရဲ့လား မသိဘူး”

လင်းရီက ဝိုင်သောက်ရင်း သူ၏ အကြည့်များမှာ လန်ခဲဘုရားကျောင်းရှိရာ အရပ်ဆီသို့ လွင့်မျောသွားခဲ့သည်။

သူ မသိခဲ့သည့်အရာမှာ ယခုအချိန်တွင် လန်ခဲဘုရားကျောင်း၌ ဆူညံပွက်လောရိုက်နေပြီ ဖြစ်ကြောင်းပင်ဖြစ်၏။ လန်ခဲဘုရားကျောင်းမှ တပည့်များအားလုံးသည် ကြီးမားသော ရန်သူကို ရင်ဆိုင်ရမည့်အလား တောင်တံခါးဆီသို့ စုရုံးလာနေကြသည်။

“အစ်ကိုကြီး... တကယ်တမ်း ဘာဖြစ်သွားတာလဲဆိုတာ မေးလို့ရမလား”

“ပုံမှန်ဆိုရင် တွေ့ရခဲတဲ့ဂိုဏ်းက အကြီးအကဲတွေအကုန်လုံး ဘာလို့ ကြီးမားတဲ့ ရန်သူကို ရင်ဆိုင်ရမယ့်အလား တောင်တံခါးဆီကို ပျံသန်းသွားနေကြတာလဲ”

ကိုရင်လေးများစွာသည် ပုံမှန်အားဖြင့် တွေ့ရခဲသော အကြီးအကဲများအားလုံး ကြီးမားသော ရန်သူကို ရင်ဆိုင်ရမည့်အလား တောင်တံခါးဆီသို့ ပျံသန်းသွားနေကြသည်ကို မြင်သောအခါ သူတို့၏ မျက်နှာလေးများမှာ ထိတ်လန့်မှုကြောင့် ဖြူရော်သွားခဲ့ကြသည်။

“ရက်စက်တဲ့လူ တစ်ယောက် ရောက်လာလို့လေ”

ရဟန်းတစ်ပါးက ပြောဆိုလိုက်ရာ သူ၏ အမူအရာမှာလည်း အလွန်ထိတ်လန့်နေခဲ့၏။

“ရက်စက်တဲ့လူ ဟုတ်လား။ ငါတို့ လန်ခဲဘုရားကျောင်းက ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး အဆင့်လွန်အင်မော်တယ်ဂိုဏ်းငါးခုထဲက တစ်ခုလေ။ တကယ်လို့ အဆင့်လွန် အင်မော်တယ်ဂိုဏ်းတစ်ခုက ဂိုဏ်းချုပ် ရောက်လာရင်တောင် ဒီလောက်တော့ဖြစ်မှာ မဟုတ်ဘူးမလား”

“ဒါမှမဟုတ် လီတိရှန်းများလား”

ကိုရင်လေးများမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြသည်။

“တကယ်လို့ လီတိရှန်းသာဆိုရင်တော့ ကောင်းတာပေါ့”

“လီတိရှန်းက လူတွေကို ယင်ကောင်တွေလို သတ်ဖြတ်တတ်ပေမဲ့ သူက သွေးပင်လယ်ထဲမှာပဲ အမြဲနေတာလေ။ သူ့ကို သွေးပင်လယ်ထဲမှာ သွားမရန်စသရွေ့ လီတိရှန်းက လူသတ်ဖို့အတွက် သွေးပင်လယ်ထဲကနေ ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူး”

“မင်းတို့ သိလား၊ လီတိရှန်းအပြင် နောက်ထပ် သတ်ဖြတ်ခြင်းအင်မော်တယ် တစ်ယောက် ရှိသေးတယ်ဆိုတာကို”

“ဒီသတ်ဖြတ်ခြင်းအင်မော်တယ်က ဒုတိယမြောက် သတ်ဖြတ်ခြင်းအင်မော်တယ်ဆိုပေမဲ့ သူမက တိုက်ခိုက်တဲ့အခါ အကြောင်းပြချက် မလိုဘူးလေ။ သူမက အရမ်းကို အကြောင်းပြချက် မရှိတတ်တဲ့သူပဲ”

ရဟန်းက အေးစက်စွာ ပြောလိုက်သည်။

တောင်အောက်ရှိ အမျိုးသမီးများမှာ ကျားများဖြစ်ကြပြီး ဖာတောင်သခင်မှာမူ ကျားများထဲတွင် အရှင်သခင်ပင် ဖြစ်ပေသည်။ လီတိရှန်းမှာကား သွေးပင်လယ်အတွင်း၌သာ အမြဲနေထိုင်သူဖြစ်ရာ မည်သူကမျှ ကြောက်ရွံ့နေမည် မဟုတ်ချေ။

“ဒုတိယမြောက် သတ်ဖြတ်ခြင်းအင်မော်တယ်လား။ တာလော့ဖာတောင်ရဲ့ တောင်သခင် ရောက်လာတာလား”

ထိုစကားကို ကြားသောအခါ ဗုဒ္ဓဘာသာဂိုဏ်း တပည့်များအားလုံး၏ မျက်နှာများ ပြောင်းလဲသွားကြလေတော့သည်။

All Chapters