အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း ၄၃။ ကောင်းကင်အတွက် ကိုယ်ကျိုးစွန့်ပြီး ကောင်းကင်ကို အစားထိုးမယ့်သူ
တာလော့၏ တောင်တစ်ရာတွင် တောင်တစ်ခုစီတိုင်း၌ ကိုယ်ပိုင် ဝင်ငွေရှာဖွေသည့် နည်းလမ်းများ ရှိကြသည်။
ဖာတောင်၏ ဝင်ငွေရှာဖွေသည့် နည်းလမ်းမှာ သဘာဝကျကျပင် လူသတ်ခြင်း ဖြစ်ပေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဖာတောင်ပေါ်တွင် နေထိုင်သူများမှာ လုပ်ကြံသတ်ဖြတ်သူများအုပ်စုပင် ဖြစ်၏။ အကယ်၍ ငွေကြေးတတ်နိုင်မည်ဆိုပါက လုပ်ကြံသတ်ဖြတ်သူ တစ်ဦးကို ငှားရမ်း၍ ရနိုင်ပေသည်။
သေချာသည်မှာ ဖာတောင်တွင်လည်း သူတို့၏ ကိုယ်ပိုင် စံနှုန်းများရှိပြီး မည်သည့်တာဝန်မျိုးကိုမဆို လက်ခံခြင်းမျိုး မဟုတ်ချေ။ သေလမ်းကို မရှာသောသူများကို သူတို့ သတ်ဖြတ်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သတ်ဖြတ်ခြင်းအင်မော်တယ်များတွင်လည်း သူတို့၏ ကိုယ်ပိုင် စံနှုန်းများ ရှိကြပေသည်။
အသိဉာဏ်မဲ့စွာ သတ်ဖြတ်နေခြင်းမှာ သတ်ဖြတ်ခြင်းအင်မော်တယ် မဟုတ်ဘဲ ဆိုးယုတ်မှုများ ဝါးမြိုသွားသော သားရဲတစ်ကောင် သက်သက်သာ ဖြစ်ပေသည်။ စစ်မှန်သော သတ်ဖြတ်ခြင်းအင်မော်တယ်တစ်ဦးသည် ကောင်းကင်ဘုံ၏ ပြန်လည်ဝင်စားခြင်း တာအိုနှင့် ဝဋ်လည်ခြင်းတို့ကို အစားထိုးရန် ကြီးမားသော ရည်မှန်းချက်ကို ပိုက်ထွေးထားသူ ဖြစ်ပေသည်။
ကောင်းကင်ဘုံကို ကိုယ်တိုင် အစားထိုးမည်ဟူသော အကြံအစည်မှာ မည်မျှတောင် မာန်ဝင့်လှသနည်း။
ဖာတောင်၏ အကြောက်မက်ဖွယ်အကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူမှာ သံသယဖြစ်ဖွယ်မရှိဘဲ ဖာတောင်သခင် ပင် ဖြစ်ပေသည်။ သူမက လုပ်ကြံသတ်ဖြတ်သူ ဖြစ်နေသဖြင့် မည်သည့်ဂိုဏ်းကမျှ သူမကို မတွေ့ချင်ကြချေ။ ထို့အပြင် သူမက အသန်မာဆုံး လုပ်ကြံသတ်ဖြတ်သူလည်း ဖြစ်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် မိမိတို့ဂိုဏ်းမှ မည်သည့်တပည့်က ရန်သူများစွာဖွဲ့ပြီး သေလမ်းရှာနေသည်ကို မည်သူကမျှ ကြိုတင်သိရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။
“ဝုန်း”
လန်ခဲဘုရားကျောင်းမှ တပည့်များ အံ့အားသင့်နေစဉ်မှာပင် တောင်တံခါးရှိ အဆုံးအစမဲ့သော ဝင်္ကပါပုံစံများမှာ ဗုဒ္ဓအလင်းရောင်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ လောက၏ ဒုက္ခဆင်းရဲများကို ဖြေရှင်းပေးနိုင်စွမ်း ရှိပုံရပေသည်။
ဗုဒ္ဓတစ်သောင်းပူဇော်ခြင်းဝင်္ကပါ။
အံ့အားသင့်စရာကောင်းလောက်အောင် ၎င်းမှာ လန်ခဲဘုရားကျောင်း၏ အကာအကွယ်ဝင်္ကပါဖြစ်နေခဲ့၏။ ၎င်းသည် ဝိညာဉ်နယ်မြေတွင် အသန်မာဆုံး ကာကွယ်ရေးအဖြစ် ကျော်ကြားပေသည်။ ဝင်္ကပါအတွင်း၌ များပြားလှသော ဗုဒ္ဓပုံရိပ်များမှာ ခန့်ညားထည်ဝါစွာ ထိုင်နေကြပြီး တစ်ခုစီတိုင်းမှာ ဟင်းလင်းပြင် နယ်ပယ်ကို ဖိနှိပ်နိုင်စွမ်းရှိကာ အင်မော်တယ်ချီများကို ထုတ်လွှတ်နေခဲ့ကြ၏။
အကာအကွယ်ဝင်္ကပါ၏ အပြင်ဘက်တွင်မူ ဖာတောင်သခင်သည် သွေးရောင် တိမ်တိုက်တစ်ခုပေါ်တွင် ရပ်နေပြီး သူမ၏ မျက်နှာပေါ်တွင် စိန်ခေါ်လိုသော စိတ်အားထက်သန်မှုများ ရှိနေခဲ့သည်။
ဖာတောင်သည် တောင်တစ်ရာတွင် တိုက်ခိုက်ရေး၌ အသန်မာဆုံးအဖြစ် ကျော်ကြားပေသည်။ ဗုဒ္ဓတစ်သောင်း ပူဇော်ခြင်းဝင်္ကပါမှာမူ အသန်မာဆုံး ကာကွယ်ရေးအဖြစ် ကျော်ကြား၏။ သူမ၏ ဓားက ဒီကာကွယ်ရေးကို ထိုးဖောက်နိုင်မလားဆိုတာ သူမ သိချင်နေခဲ့သည်။
ဝင်္ကပါ၏ ဖုံးအုပ်မှုအောက် လန်ခဲဘုရားကျောင်း တောင်တံခါးတွင် လန်ခဲဘုရားကျောင်းမှ အစွမ်းထက်ဆုံး ဗုဒ္ဓဘာသာ ကျင့်ကြံသူများအားလုံး စုရုံးနေကြပြီ ဖြစ်သည်။ ဗုဒ္ဓဘာသာဂိုဏ်း၏ လက်ရှိ ခေါင်းဆောင်ဖြစ်သော လန်ခဲဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်ပင် ရောက်ရှိနေခဲ့၏။
လောကသခင်အားခုံး။
“တကယ်ပဲ လိုအပ်လို့လား”
ဖာတောင်သခင်သည် နောက်ဆုံးတွင် သူမ၏ အမဲလိုက်လိုသော ဗီဇများကို ဖိနှိပ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာများ ပေါ်လာခဲ့သည်။
သူမ၏ ဝန်ဆောင်မှုများမှာ အလွန် စျေးကြီးလှပေသည်။ လန်ခဲဘုရားကျောင်းမှာမူ အလွန် သတ္တိကြောင်လွန်းလှရာ သူမက ဓားပင် မထုတ်ရသေးမီမှာပင် တောင်ကာကွယ်ရေးဝင်္ကပါကို ဖွင့်လိုက်ကြခြင်း ဖြစ်ပေသည်။
“တကယ်လို့ တခြားတစ်ယောက်ယောက်သာ ဆိုရင်တော့ သေချာပေါက် မလိုပါဘူး။ ဒါပေမဲ့ ဖာတောင်သခင်ဖြစ်နေတဲ့အတွက် ဒီဘုန်းကြီးအိုကတော့ လုံးဝ အလွန်အကျွံ မဖြစ်ဘူးလို့ ယုံကြည်ပါတယ်”
လောကသခင်အားခုံးက လက်အုပ်ချီကာ ဖာတောင်သခင်ကို အလုံအလောက် လေးစားမှု ပြသလိုက်သည်။
သူမက ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းအင်မော်တယ် တစ်ပါးလေ။
သူမသည် တစ်ခါက သွေးပင်လယ်ထဲတွင် လီတိရှန်းနှင့် ဓားတစ်ချက် ဖလှယ်ခဲ့ဖူးပြီး နောက်ဆုတ်သွားခဲ့ရသော်လည်း လီတိရှန်းက သူမကို “ဒီလောက် တောက်ပတဲ့ ပုလဲလေးကို သတ်ပစ်လိုက်ရမှာ နှမြောစရာပဲ” ဟုပင် ချီးကျူးခဲ့ဖူးသည်။ သိထားရမည်မှာ သူက လီတိရှန်း ဖြစ်ပေသည်။ လောကတွင် အအေးစက်ဆုံးနှင့် အရက်စက်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်၏။
လီတိရှန်းက တစ်စုံတစ်ယောက်ကို သတ်ရမှာ နှမြောစရာကောင်းသည်ဟု ထင်မြင်ရလောက်အောင် သူမ၏ သတ်ဖြတ်ခြင်းအင်မော်တယ် အောင်မြင်မှုများက မည်မျှ အံ့မခန်းဖြစ်မည်ကို တွေးကြည့်၍ ရနိုင်ပေသည်။ ၎င်းမှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဖြစ်ရပ်တစ်ခုသာ ဖြစ်ပြီး လက်ရှိဖာတောင်သခင်မှာ ထိုအချိန်ကထက် ပိုမို ကြောက်မက်ဖွယ် ကောင်းနေမည်မှာ သေချာပေသည်။
ထို့အပြင် ဖာတောင်သခင်၏ သတ်ဖြတ်မှုများသည် လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ တာအိုကို လိုက်နာပေသည်။ သူမသည် တစ်ခါတစ်ရံတွင် မည်သူမျှ မသိရှိစေရန် ရောက်ရှိနေသူ အားလုံးကို သတ်ဖြတ်ပစ်သည့် အမြင့်ဆုံး လုပ်ကြံသတ်ဖြတ်မှု နည်းလမ်းကို အသုံးပြုတတ်သော်လည်း ၎င်းမှာ လန်ခဲဘုရားကျောင်းအပေါ်တွင် လုံးဝ အလုပ်မဖြစ်နိုင်ကြောင်း ရှင်းလင်းလှပေသည်။
ဖာတောင်သခင်သည် ဝင်္ကပါ၏ ဟာကွက်တစ်ခုကို ထိုးဖောက်ဝင်ရောက်ရန်၊ ပစ်မှတ်ကို သတ်ဖြတ်ရန်နှင့် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားရန် လျှပ်စီးလက်သကဲ့သို့ တိုက်ခိုက်ပြီး လွတ်ထွက်သွားနိုင်မည့် အခွင့်အရေးတစ်ခုကို သေချာပေါက် ရှာဖွေပေလိမ့်မည်။ ရိုးရိုးသားသား ပြောရလျှင် ဗုဒ္ဓတစ်သောင်း ပူဇော်ခြင်း ဝင်္ကပါ ရှိနေသော်လည်း လောကသခင် အားခုံးမှာ လုံခြုံမှု ကင်းမဲ့နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်၏။
“ငါ ဒီနေ့လာတာက လူသတ်ဖို့ မဟုတ်ဘူး၊ ပစ္စည်းတစ်ခု လာယူတာ”
ဖာတောင်သခင်က အေးဆေးစွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ လန်ခဲဘုရားကျောင်းမှ လူတိုင်း သက်ပြင်းချနိုင်သွားခဲ့ကြသည်။
“တကယ်လို့ အဲဒီလိုဆိုရင်တော့ ငါတို့ ဆွေးနွေးလို့ ရပါတယ်”
လောကသခင်အားခုံးက ခေါင်းညိတ်လိုက်သည်။
ဤသတ်ဖြတ်ခြင်းအင်မော်တယ်သည် လူသတ်ရန်လာရောက်ခြင်း မဟုတ်သရွေ့ အရာအားလုံးကို ဆွေးနွေး၍ ရနိုင်ပေသည်။
“ချန်ကြေးမုံမှန်”
ဖာတောင်သခင်က အမြဲတမ်းလိုလို တိုက်ရိုက်ပင် ပြောလိုက်သည်။
လောကသခင် အားခုံးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“တကယ်လို့ ဖာတောင်သခင်က တခြားပစ္စည်းတစ်ခုခုကို လိုချင်တာဆိုရင် ဒီဆင်းရဲသားက ဆုံးဖြတ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ဒီချန်ကြေးမုံမှန်က ဆရာတော်ကြီးချန် ချန်ထားခဲ့တာဖြစ်ပြီး အဲဒါကို ယူဖို့အတွက် ဂါထာကို နားလည်အောင်လုပ်ရမယ်လေ”
လောကသခင်အားခုံးက လေးနက်စွာ ပြောလိုက်သည်။
“ငါ့ကို စေလွှတ်လိုက်တဲ့သူက သတင်းစကားတစ်ခု ချန်ထားခဲ့တယ်”
ဖာတောင်သခင်က ပြောလိုက်သည်။
“ဘာသတင်းစကားများလဲ”
လောကသခင်အားခုံးက အံ့အားသင့်သွားသည်။
မည်သို့သော သတင်းစကားမျိုးပင် ဖြစ်စေကာမူ ချန်ကြေးမုံမှန်ကို ယူသွားရန်အတွက် လုံလောက်မည် မဟုတ်ချေ။
“ရုပ်သည် အချည်းနှီးနှင့် မခြားနား၊ အချည်းနှီးသည်လည်း ရုပ်နှင့် မခြားနား။ ရုပ်သည်ပင် အချည်းနှီး၊ အချည်းနှီးသည်ပင် ရုပ်ဖြစ်၏။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့သည်လည်း ဤနည်းနှင်နှင် ဖြစ်ကြကုန်၏...”
ဖာတောင်သခင်သည် ၎င်းကို နားမလည်သော်လည်း သူမ၏ မှတ်ဉာဏ်က ကောင်းမွန်လှပေသည်။
“ရုပ်သည် အချည်းနှီးနှင့် မခြားနား၊ အချည်းနှီးသည်လည်း ရုပ်နှင့် မခြားနား...”
၎င်းကို ကြားသောအခါ လောကသခင် အားခုံး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့သည်။ ဗောဓိပင်မှာ မူလက သစ်ပင်မရှိ၊ ကြေးမှုံပြင်မှာလည်း စင်မြင့်မရှိ၊ မူလကတည်းက ဘာမှမရှိတဲ့အတွက် ဖုန်မှုန့်က ဘယ်မှာ လာကပ်မှာလဲ။
လောကသခင်အားခုံး။
သူသည် ဗုဒ္ဓဘာသာဂိုဏ်း၏ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ရာ ပိုင်းခြားသိမြင်နိုင်စွမ်း သဘာဝကျကျ ရှိပေသည်။ ယခု ၎င်းကို ကြားလိုက်ရသောအခါ ဖာတောင်သခင် ရွတ်ဆိုသွားသော ကျမ်းစာသည် ဆရာတော်ကြီးချန် ချန်ထားခဲ့သော ဂါထာနှင့် အတိအကျကိုက်ညီနေကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။
ရောက်ရှိနေသော လန်ခဲဘုရားကျောင်းမှ ရဟန်းများမှာလည်း အမျိုးမျိုးသော အမူအရာများကို ပြသနေကြ၏။ အချို့က နားလည်သွားကြပြီး၊ အချို့က ဇဝေဇဝါ ဖြစ်နေကြကာ အချို့ကမူ တစ်စိတ်တစ်ပိုင်းသာ နားလည်ကြပေသည်။
“သတင်းစကား ပါးပြီးသွားပြီ။ ပေးမှာလား၊ မပေးဘူးလား”
ဖာတောင်သခင်က ထပ်မံ ပြောဆိုလိုက်သည်။
“ဖာတောင်သခင်... ခဏလောက် စောင့်ပါဦး”
လောကသခင်အားခုံးက အမြန် ပြောလိုက်ပြီးနောက် လှည့်ကာ ထွက်သွားခဲ့သည်။
“ဝုန်း”
ခဏအကြာတွင် လန်ခဲဘုရားကျောင်း၏ အနက်ရှိုင်းဆုံး နေရာမှ ကမ္ဘာမြေကို တုန်လှုပ်စေသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး စကြဝဠာတစ်ခုလုံးကို တုန်ယင်သွားစေခဲ့ကာ အဆုံးအစမဲ့သော ဗုဒ္ဓအလင်းရောင်များ အရပ်မျက်နှာအနှံ့ ပန်းထွက်လာပြီး ဗုဒ္ဓပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွတ်ဖတ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ မြေပြင်မှ ရွှေကြာပန်းများ ပွင့်လန်းလာပြီး ဗုဒ္ဓအလင်းရောင်က အရာအားလုံးကို လင်းထိန်သွားစေသည်။ ဗုဒ္ဓရသ အလွှာများမှာ အရပ်မျက်နှာအနှံ့ လွှမ်းခြုံသွားခဲ့၏။
“ဘာဖြစ်နေတာလဲ။ ချန်တောင် အဲဒါက ဆရာတော်ကြီးချန် ချန်ထားခဲ့တဲ့ ချန်တောင်ပဲ။ ဆရာတော်ကြီးရဲ့ အမွေအနှစ်တွေ ပေါ်လာတော့မလို့လား”
အရပ်မျက်နှာအားလုံးမှ အံ့အားသင့်စွာ ဟစ်အော်သံများ ထွက်ပေါ်လာပြီး လန်ခဲဘုရားကျောင်းမှ တပည့်များအားလုံးသည် ချန်တောင် ရှိရာသို့ နှိမ့်ချစွာ ဦးညွှတ်လိုက်ကြသည်။
ဖာတောင်သခင်၏ အမူအရာမှာလည်း အေးခဲသွားခဲ့၏။ ဤကျမ်းစာက အမှန်တကယ်ပင် အသုံးဝင်သလောဟု သူမ တွေးမိသွားသည်။
ခဏအကြာတွင် လောကသခင် အားခုံးသည် စိတ်လှုပ်ရှားစွာဖြင့် ပြန်ရောက်လာပြီး ဗုဒ္ဓတစ်သောင်း ပူဇော်ခြင်းဝင်္ကပါ အပြင်ဘက်သို့ လှမ်းထွက်လာခဲ့သည်။
“အခုတော့ မကြောက်တော့ဘူးလား”
ဖာတောင်သခင်က မျက်ခုံးပင့်လိုက်သည်။
“ဖာတောင်သခင်က နောက်နေပြန်ပါပြီ။ ဗုဒ္ဓတစ်သောင်း ပူဇော်ခြင်းဝင်္ကပါဆိုတာ လူတွေကို တားဆီးဖို့ သက်သက်ပါ။ တကယ်လို့ တိုက်ရိုက် ရင်ဆိုင်ရမယ်ဆိုရင်တောင် ဒီဘုန်းကြီးအိုက တောင်သခင်ကို ကြောက်နေမှာ မဟုတ်ပါဘူး”
လောကသခင်အားခုံးက ခန့်ညားပြီး လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
ဤသည်မှာ အမှန်တရားပင်ဖြစ်ပေသည်။ သူသည် အပြင်ပန်း၌သာ ဖော်ရွေပုံရခြင်း ဖြစ်၏။ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ရေးစွမ်းအားအရ ပြောရမည်ဆိုလျှင် သူသည်လည်း သူ့ခေတ်တွင် အသန်မာဆုံး ပုဂ္ဂိုလ်များထဲမှတစ်ဦးပင် ဖြစ်ပေသည်။
“ငါယူလာတဲ့ သတင်းစကားက အသုံးဝင်တယ်ဆိုမှတော့ အခု ချန်ကြေးမုံမှန်ကို ငါ ယူသွားလို့ ရပြီလား”
ဖာတောင်သခင်က မငြင်းခုံတော့ဘဲ အေးဆေးစွာသာ ပြောလိုက်သည်။
“ရပါတယ်။ ချန်ကြေးမုံမှန်တင် မကပါဘူး၊ ဆရာတော်ကြီးချန် ချန်ထားခဲ့တဲ့ ပစ္စည်းတွေ အားလုံးကို ဖာတောင်သခင် ယူသွားလို့ ရပါတယ်”
လောကသခင်အားခုံးက သေချာပေါက် ခေါင်းညိတ်ပြလိုက်သည်။
ဗုဒ္ဓဘာသာ ကျင့်ကြံသူများသည် ကံရေစက်ကို အလေးထားကြပေသည်။ မှန်ကန်သော ရေစက်မရှိပါက ချန်ကြေးမုံမှန်ကို ရရှိသွားလျှင်တောင် အလဟဿ ဖြစ်သွားမည်သာဖြစ်၏။ လန်ခဲဘုရားကျောင်းအတွက်မူ ချန်ကြေးမုံမှန်ဆိုသည်မှာ သာမန်မှန်တစ်ချပ် သက်သက်သာ ဖြစ်ပေသည်။ ၎င်းကို နားလည်နိုင်သော သူတစ်ဦး၏ လက်ထဲသို့ ရောက်သွားမှသာ အကောင်းဆုံးသော နေရာသို့ ရောက်ရှိသွားမည် ဖြစ်ပေသည်။
“ဒါဆို ယူခဲ့လေ”
ဖာတောင်သခင်က သူမ၏သွယ်လျသော လက်ကလေးကို ကမ်းပေးလိုက်သည်။
“အဲဒီမတိုင်ခင် ဒီဘုန်းကြီးအိုက ဖာတောင်သခင်ကို မေးစရာတစ်ခု ရှိပါတယ်”
လောကသခင်အားခုံးက လက်အုပ်ချီကာ ပြောလိုက်သည်။
“ဝိုင်တောင်တောင်သခင်၊ လင်းရီ”
ဖာတောင်သခင်သည် လောကသခင် အားခုံး၏ အတွေးများကို ချက်ချင်း သိရှိသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးက တာအိုတစ်ရာအထက်မှာ ပြိုင်ဘက်ကင်းတဲ့ လင်းရီလား”
၎င်းကိုကြားသောအခါ လောကသခင် အားခုံး အံ့အားသင့်စွာ ရေရွတ်လိုက်မိလေတော့သည်။
အခန်း ၄၄။ ဝိညာဉ်နယ်မြေက ဒီလောက်တောင် ပူပြင်းနေတာလား
လောကသခင်အားခုံးသည် လင်းရီတွင် ပြိုင်ဘက်ကင်းသော တာအိုတစ်ရာရှိကြောင်း သိထားသော်လည်း ထိုတာအိုတစ်ရာတွင် ဗုဒ္ဓတာအိုလည်း ပါဝင်နေမည်ဟု သူ မထင်ထားခဲ့ချေ။ လောကသခင်အားခုံးက အမြန်ပင် စိတ်ကို ပြန်စုစည်းလိုက်သည်။ သူသည် ရွှေရောင် လက်ကောက်တစ်ကွင်းကို ထုတ်ယူကာ ဖာတောင်သခင်ထံသို့ ကမ်းပေးလိုက်၏။
“ကျေးဇူးပြုပြီး တောင်သခင်... မိတ်ဆွေလေး လင်းရီကို သတင်းစကားလေး ပါးပေးပါဦး”
လောကသခင်အားခုံးက လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
“ပြောပါ”
ဖာတောင်သခင်က ခေါင်းညိတ်လိုက်သည်။
“မိတ်ဆွေလေးလင်းရီအနေနဲ့ ငါတို့ လန်ခဲဘုရားကျောင်းရဲ့ ကျောင်းတော်ပြင်ပ ဗုဒ္ဓတပည့်ဖြစ်လာဖို့ ဆန္ဒရှိလားလို့ တောင်သခင်က မေးပေးပါ”
လောကသခင်အားခုံး၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်သော အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။
“ကျောင်းတော်ပြင်ပ ဗုဒ္ဓတပည့် ဟုတ်လား”
ပုံမှန်အားဖြင့် အေးစက်စက်နေတတ်သော ဖာတောင်သခင်ပင်လျှင် ယခုအခါ ထူးဆန်းသော အမူအရာတစ်ခုကို ပြသလိုက်မိ၏။
“ငါတို့ လန်ခဲဘုရားကျောင်းက တပည့်လက်ခံတဲ့အခါ ကံရေစက်ကိုပဲ အမြဲတမ်း အဓိကထားတာပါ”
“ဒီနှစ်တွေအတွင်းမှာ ငါတို့ လန်ခဲဘုရားကျောင်းက တပည့် အတော်များများက သေမျိုးကမ္ဘာကို ပြန်သွားကြပြီး တခြားဂိုဏ်းတွေကို ဝင်ရောက်ခဲ့ကြတာတွေ ရှိပါတယ်”
“ကျောင်းတော်ပြင်ပ ဗုဒ္ဓတပည့် တစ်ယောက်ဟာ ငါတို့ လန်ခဲဘုရားကျောင်းကို တရားဝင် ဝင်ရောက်ဖို့ မလိုဘူးဆိုတာကို တောင်သခင် နားလည်သင့်ပါတယ်”
“ငါတို့ လန်ခဲဘုရားကျောင်းက လင်းရီနဲ့ကံကြမ္မာ အဆက်အသွယ်လေးတစ်ခု ဖန်တီးချင်ရုံ သက်သက်ပါ”
လောကသခင်အားခုံးက လက်အုပ်ချီကာ လေးနက်စွာ ပြောလိုက်သည်။
ဝိညာဉ်နယ်မြေရှိ ဂိုဏ်းများသည် အခြားသူများ၏ ပါရမီရှင်များကို ခိုးယူခံရမည်ကို အကြောက်ဆုံး ဖြစ်ကြ၏။ သို့သော် လန်ခဲဘုရားကျောင်းကမူ ကွာခြားပေသည်။ လန်ခဲဘုရားကျောင်း၏ အမြင်တွင် သင် ဘယ်နေရာမှာ ကျင့်ကြံသည်၊ ဘယ်လို ကျင့်ကြံသည်ဆိုတာက အရေးမကြီးချေ။ အရေးကြီးသည်မှာတစ်ဦး၏ ကိုယ်ပိုင် ဗုဒ္ဓသဘာဝပင်ဖြစ်သည်။
လောကသခင်အားခုံး ပြောခဲ့သလိုပင် လန်ခဲဘုရားကျောင်း၏ တပည့်များ သေမျိုးကမ္ဘာသို့ ပြန်သွားပြီး အခြားဂိုဏ်းများသို့ ဝင်ရောက်ကြသည်မှာ ပုံမှန်ကိစ္စတစ်ခု ဖြစ်ပေသည်။ ထိုကိစ္စအပေါ် လန်ခဲဘုရားကျောင်း၏ သဘောထားမှာ ထောက်ခံခြင်းလည်း မရှိသလို ကန့်ကွက်ခြင်းလည်း မရှိချေ။ တကယ်တမ်းတွင် တစ်နည်းအားဖြင့်ဆိုရလျှင် သေမျိုးကမ္ဘာသို့ ပြန်သွားသော ထိုတပည့်များသည် ဗုဒ္ဓ၏ ဒဿနများကို ပြန့်ပွားစေရန်ပင် ကူညီပေးနိုင်သေးသည်။
“ကောင်းပြီလေ”
ဖာတောင်သခင်က ဘာမှဆက်မပြောတော့ဘဲ ပစ္စည်းကို ယူကာ လှည့်ထွက်သွားခဲ့သည်။
“ဒီလောက် အံ့မခန်းဉာဏ်ပညာ အရိုးတည်ဆောက်ပုံရှိနေတာကို ဗုဒ္ဓဘာသာထဲ မဝင်ဘူးဆိုရင် နှမြောစရာပဲ”
လောကသခင်အားခုံး၏ နောက်မှ ရဟန်းအိုကြီးအချို့က သက်ပြင်းချလျက် ပြောဆိုလိုက်ကြသည်။
ဆရာတော်ကြီးချန် ချန်ထားခဲ့သော ဂါထာကို နှစ်ပေါင်းများစွာတိုင်အောင် မည်သူမျှ မဖြေရှင်းနိုင်ခဲ့ချေ။ သို့သော် လင်းရီသည် အခြေတည်အဆင့်မှာပင် ထိုဂါထာကို နားလည်နိုင်ခဲ့ပြီး ဆရာတော်ကြီးချန်၏ အမွေအနှစ်ကို ရရှိခဲ့ရာ လင်းရီ၏ ဉာဏ်ပညာ အရိုးတည်ဆောက်ပုံမှာ မည်မျှ အံ့မခန်းဖြစ်မည်ကို တွေးကြည့်၍ ရနိုင်ပေသည်။
“အဲဒါက သိပ်မမှန်ဘူး”
“ဗုဒ္ဓရဲ့တာအိုဆိုတာ ကိုယ့်ကိုယ်ကိုယ် သန့်စင်ပြီး ကိုယ့်နှလုံးသားကို ထိန်းသိမ်းထားဖို့ပဲ။ ငါတို့ ဗုဒ္ဓရဲ့ တပည့်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အရေးမကြီးပါဘူး”
လောကသခင်အားခုံးက ခေါင်းယမ်းကာ ပြုံးလိုက်သည်။
“လောကသခင် ပြောတာ မှန်ပါတယ်”
၎င်းကို ကြားသောအခါ ရဟန်းများက ချက်ချင်း နားလည်သွားကြတော့သည်။
“ဒါတွေအကုန်လုံးက ငါ့အတွက်ချည်းပဲလား”
ဝိုင်တောင်။
တောင်သခင်၏ အင်မော်တယ်လိုဏ်ဂူ အတွင်း၌။
လင်းရီသည် သူ့အရှေ့တွင် စုပုံနေသော ကျောက်စိမ်းစာလိပ်ပုံကြီးကို ကြည့်ကာ နဖူးကို ပွတ်လိုက်မိသည်။
“တောင်သခင်အတွက်ချည်းပါပဲ”
ဆူးလီက အတည်ပြုပေးလိုက်သည်။
ဤကျောက်စိမ်းစာလိပ်များကို ဝိညာဉ်နယ်မြေရှိ ဂိုဏ်းအသီးသီးမှ ပေးပို့လိုက်ခြင်းဖြစ်ပြီး တာလော့အင်မော်တယ်ဂိုဏ်း၏ စာပို့လမ်းကြောင်းမှတစ်ဆင့် တာလော့အင်မော်တယ်ဂိုဏ်း တပည့်များက တောင်သခင်၏ တောင်ထိပ်အထိ တိုက်ရိုက် လာပို့ပေးခြင်း ဖြစ်ပေသည်။ ဆူးလီသည် ကျောက်စိမ်းစာလိပ်များအတွင်းရှိ အကြောင်းအရာများကို သဘာဝကျကျ ဖွင့်မကြည့်ရဲခဲ့ချေ။
သို့သော် ဆူးလီသည် အနည်းငယ်တော့ ခန့်မှန်းမိပေသည်။ နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာပြီးနောက် ဝိုင်တောင်က ဤကျောက်စိမ်းစာလိပ်များကို လက်ခံရရှိခဲ့ခြင်းဖြစ်ရာ ကျောက်စိမ်းစာလိပ် ပို့သူများအားလုံးသည် နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် နေရာကို ရရှိထားသော လင်းရီ၏ ဂုဏ်သတင်းကြောင့် လာရောက်ကြခြင်း ဖြစ်နိုင်ပေသည်။
လင်းရီက ကျောက်စိမ်းစာလိပ်တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ရာ သူ၏ နတ်ဘုရားစိတ်အာရုံ လှုပ်ရှားသွားသည်နှင့် ၎င်းပေါ်တွင် စာလုံးများနှင့် ပုံတူတစ်ချပ် ပေါ်လာခဲ့သည်။ ပုံတူထဲတွင် ကျက်သရေရှိသော အမျိုးသမီးတစ်ဦးသည် ပန်းများကို ကိုင်ကာ ရှူရှိုက်နေပြီး သက်ရှိအားလုံးကို ဆွဲဆောင်နိုင်လောက်အောင် လှပနေခဲ့၏။
ပန်းချီကား၏ အောက်တွင်မူ “ပျော်ရွှင်မှုဂိုဏ်း မှ တပည့် ယွင်ရှို့ရုံသည် တောင်သခင်လင်းနှင့် တာအိုလက်တွဲဖော် ဖြစ်လာရန်နှင့် အတူတကွ အင်မော်တယ်အဖြစ် တက်လှမ်းရန် ဆန္ဒရှိပါသည်” ဟူသော ပြင်းပြသည့် စာသားတစ်ကြောင်း ပါရှိနေပေသည်။
“တကယ်လို့ ဆရာကျိုးယွင်နဲ့ စီနီယာ ဖုန်းဟွာတို့သာ ဒီအမျိုးသမီးလို သတ္တိရှိခဲ့မယ်ဆိုရင် စီနီယာဖုန်းဟွာ သေဆုံးသွားမှာ မဟုတ်ဘူး”
လင်းရီက ထိုပြင်းပြသော စာသားကို ကြည့်ရင်း အံ့ဩသွားခဲ့သည်။
သို့သော် လင်းရီသည် သူ၏ကိုယ်ပိုင် ဆွဲဆောင်မှုကို လျှော့တွက်မိခဲ့ကြောင်း မကြာမီ သိလိုက်ရ၏။ တိုက်ရိုက် အချစ်ရေး ကမ်းလှမ်းမှုများသည်ပင် သိမ်မွေ့သည်ဟု ဆိုရပေမည်။ လင်းရီသည် ကျောက်စိမ်းစာလိပ်များအတွင်း၌ လင်းရီ၏ လက်မှတ်သာ လိုအပ်တော့သည့် တာအိုလက်ထပ်စာချုပ်များကိုပင် ဒါဇင်နှင့်ချီ၍ တွေ့လိုက်ရသည်။
၎င်းတို့မှာ တာအိုလက်ထပ်စာချုပ်များ ဖြစ်ကြ၏။ အထက်တွင် ကြီးမြတ်သော တာအိုကို တိုင်တည်ပြီး အောက်တွင် ဂိုဏ်းအသီးသီးကို ကြေညာရခြင်း ဖြစ်သည်။ ဤသည်မှာ တာအိုလက်တွဲဖော် ဖြစ်လာမည့် ကျင့်ကြံသူများအတွက် အမြင့်ဆုံးသော ကတိသစ္စာဖြစ်ပြီး တကယ်လို့ ဖောက်ဖျက်မိပါက ကောင်းကင်ဘုံ၏ အမျက်ဒေါသကို အမှန်တကယ် ခံရနိုင်ပေသည်။ ၎င်းတို့အပြင် လင်းရီကို တာအိုအကြောင်း ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ဖိတ်ကြားစာများလည်း ပါဝင်နေခဲ့သည်။ စိန်ခေါ်စာများပင် ပါဝင်နေခဲ့၏။ တကယ်ကို လူအမျိုးမျိုး ရှိနေကြပေသည်။
“ဆူးလီ၊ ကျန်တဲ့ ကျောက်စိမ်းစာလိပ်တွေကို မင်းပဲ ရှင်းထားလိုက်တော့”
ကျောက်စိမ်းစာလိပ် ဒါဇင်ပေါင်းများစွာကို ဖတ်ပြီးနောက် လင်းရီက ခေါင်းကိုက်သွားခဲ့သည်။
“ကျွန်တော်လား”
ဆူးလီက ကြောင်အမ်းအမ်း ဖြစ်သွား၏။
“အင်း… လက်ထပ်ခွင့် တောင်းတာတွေကို လျစ်လျူရှုလိုက်။ စိန်ခေါ်စာတွေကို လျစ်လျူရှုလိုက်။ တာအိုဆွေးနွေးပွဲ ဖိတ်စာတွေကိုတော့ ‘တကယ်လို့ အခွင့်အရေးရရင် ဝမ်းမြောက်ဝမ်းသာ တက်ရောက်ပါ့မယ်’ လို့ တစ်ပုံစံတည်း ပြန်စာပို့လိုက်”
လင်းရီက တိုတိုတုတ်တုတ် ညွှန်ကြားလိုက်သည်။
“စိန်ခေါ်စာတွေကို လျစ်လျူရှုလိုက်ရမှာလား”
ဆူးလီက အံ့အားသင့်သွားသည်။
ဆူးလီအနေဖြင့် လက်ထပ်ခွင့် တောင်းဆိုမှုများကို လျစ်လျူရှုခြင်းကို နားလည်နိုင်ပေသည်။ နည်းလမ်း၊ တာအိုလက်တွဲဖော်၊ ချမ်းသာကြွယ်ဝမှုနှင့် မြေနေရာ။ ၎င်းတို့သည် ကျင့်ကြံသူများအတွက် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်ကြ၏။ အထူးသဖြင့် တာအိုလက်တွဲဖော် ဆိုသည်မှာ အလွန်အရေးကြီးပြီး ပေါ့ပေါ့တန်တန် ရွေးချယ်၍ မရနိုင်ချေ။ သို့သော် စိန်ခေါ်စာများကို လျစ်လျူရှုလိုက်ပါက ကျင့်ကြံသူအချို့က အပြင်တွင် ကောလာဟလများ ဖြန့်မည်ကို အာမခံရန် ခက်ခဲလှပေသည်။
“လျစ်လျူရှုလိုက်ပါ”
လင်းရီက သေချာပေါက် ပြောလိုက်သည်။
“ငါနဲ့ တိုက်ခိုက်ဖို့ တကယ် အရည်အချင်းရှိတဲ့သူတွေက ဒီလို စိန်ခေါ်စာမျိုး ပို့မှာ မဟုတ်ဘူး။ စိန်ခေါ်စာ ပို့တဲ့သူတွေက ငါ့နာမည်ကို သုံးပြီး လောကမှာ နာမည်ကြီးချင်ရုံ သက်သက်ပဲ။ သူတို့ကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး”
လင်းရီက သေမျိုးကမ္ဘာ၌ရှိနေစဉ်က သူ့ကို စိန်ခေါ်ချင်သူ အရေအတွက်မှာ ရေတွက်၍မရနိုင်လောက်အောင်ပင် ဖြစ်သည်။ လူနှစ်မျိုးသာ ရှိပေသည်။ တစ်မျိုးမှာ တကယ့်အရည်အချင်းရှိပြီး လင်းရီနှင့် ယှဉ်ပြိုင်ချင်သူများဖြစ်၏။ နောက်တစ်မျိုးမှာမူ နိုင်လျှင်အကျိုးအများကြီးရမည်။ ရှုံးလျှင်လည်း ဘာမျှမရှုံးဟူသော စိတ်ဓာတ်ဖြင့် နာမည်ကြီးချင်ရုံ သက်သက် ဖြစ်ပေသည်။ စိန်ခေါ်စာ ပို့သောသူများ အားလုံးမှာ နောက်တစ်မျိုးထဲမှချည်းသာ ဖြစ်ကြပေသည်။
“ဟုတ်ကဲ့ပါ”
ဆူးလီက စဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။ စစ်မှန်သော ပါရမီရှင်များသည် အကယ်၍ စိန်ခေါ်လိုပါက အလွယ်ဆုံးနည်းလမ်းမှာ လူကိုယ်တိုင်လာရောက်၍ တာအိုကို မေးမြန်းရန်ပင် ဖြစ်ပေသည်။ စိန်ခေါ်စာ ပေးပို့နေခြင်းမှာ အပိုအလုပ်သာဖြစ်၏။
“ပြီးတော့ နောက်ဆိုရင် ကျောက်စိမ်းစာလိပ်တွေ ထပ်ပို့လာရင် ငါ့အတွက် မင်းပဲတိုက်ရိုက် ရှင်းလိုက်တော့”
လင်းရီက တောင်အောက်သို့ မဆင်းမီ ညွှန်ကြားခဲ့သည်။
လက်နက်တောင်။
ဤသည်ကား လင်းရီ၏ ယနေ့အတွက် သွားရမည့် ခရီးပန်းတိုင်ပင်ဖြစ်ပေသည်။
“တောင်သခင်လင်း ကျွန်တော်တို့ရဲ့ လက်နက်တောင်ကို ရောက်လာတာ ကျွန်တော်တို့အတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ”
လင်းရီ လက်နက်တောင်၏ ခြေရင်းသို့ ရောက်သည်နှင့် အဝေးမှ အားရပါးရ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝှစ်”
လင်းရီသည် ပူနွေးသော အငွေ့အသက်တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရပြီးနောက် ဟင်းလင်းပြင် နယ်ပယ် တွန့်လိမ်သွားကာ ရိုးသားအေးချမ်းသော ပုံရိပ်တစ်ခု လင်းရီ၏ အရှေ့တွင် ပေါ်လာခဲ့သည်။ သူသည် ရိုးသားအေးချမ်းသော အသွင်အပြင်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သော်လည်း သူ၏ မျက်နှာသွင်ပြင်မှာ ကျူးယန်နှင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ဆင်တူနေပြီး ဆံပင်နှင့် မုတ်ဆိတ်မွေးများ အားလုံးမှာလည်း မီးအလား နီရဲနေခဲ့ပေသည်။
“လက်နက်တောင်ရဲ့ တောင်သခင်နဲ့ အကြီးအကဲကျူးယန်တို့က ဆွေမျိုးတွေများလားလို့ မေးလို့ရမလား”
လင်းရီက ပြုံးလျက် မေးလိုက်သည်။
“ကျွန်တော်က ကျူးထျန်ပါ။ ကျူးယန်က ကျွန်တော့်ရဲ့အဖေရော ဆရာပါ ဖြစ်ပါတယ်”
ကျူးထျန်က အားရပါးရ ရယ်မောလိုက်သည်။ သူ့စရိုက်နှင့် အမူအကျင့်က ကျူးယန်နှင့် လုံးဝကို ကွာခြားနေခဲ့၏။
“လင်းရီက တောင်သခင်ကျူးကို နှုတ်ဆက်ပါတယ်”
လင်းရီက အမြန် ဦးညွှတ်လိုက်သည်။
“တောင်သခင်လင်း... ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ”
ကျူးထျန်က ပြန်လည် ဦးညွှတ်လိုက်သည်။
“တောင်သခင်ကဲ့က တောင်သခင်လင်း လာမယ်ဆိုတာ ကြိုပြီး အကြောင်းကြားထားပါတယ်။ ကျွန်တော် အကုန် ပြင်ဆင်ထားပြီးပါပြီ၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”