အခန်း (၈၃၅-၈၃၇)
Vol. 56 Ch. 835-837
အခန်း ( ၈၃၅ ) သန်မာတဲ့ လူတစ်ယောက်သာ သိုင်းပညာရှင် ဆယ်ယောက်ကို အနိုင်ယူနိုင်တယ်
လုကျိုးသည် ယခုက မွေးဖွားဇယားချပ်များအကြောင်း ပိုမို သင်ယူရမည့် အချိန်မှန်း သိလိုက်၏။ သို့သော်ငြား ယခုအချိန်တွင် ဆုံးဖြတ်ချက် ချရန် ပိုအရေးကြီးသော ကိစ္စများ ရှိနေ၏။ ဥပမာ အနေဖြင့် ကောင်းကင်ချား တောင်တန်းဒေသကို သူသွားသင့်သလား ဆိုတာမျိုး ဖြစ်သည်။
အဓိက အင်အားစုများသည် ကောင်းကင်ချား တောင်တန်းဒေသကို သူတို့ ခွန်အား ယှဉ်ပြိုင်ရာ စင်မြင့်တစ်ခု အနေဖြင့် သဘောထားလောက်သည်။
လုကျိုးအဖို့ မွေးဖွားဇယားချပ် သားရဲအတွက် ထိုမျှ အားစိုက်ထုတ်မှု လုပ်ရန် ထိုက်တန်သည်ဟု မထင်ရပေ။ ဆိုရလျှင် သူ့၌ အကြောင်းပြန်လှန်ကတ် များစွာ ရှိ၏။ သူသည် သက်တမ်း ၂၀၀၀ ကိုတောင် စိတ်ပူစရာ မလိုလေရာ သက်တမ်း ၁၅၀၀ဆို ပိုတောင် ပူစရာ မလိုအပ်ပေ။ သူလိုအပ်သည့် တစ်ခုတည်းသော အရာမှာ မွေးဖွားဇယားချပ် သားရဲမှ ပေးသည့် စွမ်းအင်များပဲ ဖြစ်သည်။
လုကျိုးသည် ယုံ၏ နှလုံးသားကို ဆက်လက် လေ့လာနေ၏။
သာမာန် သားရဲများနှင့် ယှဉ်လျှင် မွေးဖွားဇယားချပ် သားရဲ၏ အသက်ဓာတ် နှလုံးသားသည် ထောင့်ချွန်ပုံသဏ္ဌာန် ဖြစ်သည်။ သာမာန် အသက်ဓာတ် နှလုံးသားများသည် အဝိုင်းသဏ္ဌာန် သလင်းဖြစ်ပြီး ၎င်းတို့၏ ပုံသဏ္ဌာန်က သစ်ကြားသီးနှင့် သိပ်မကွာပေ။ တစ်ဖက်တွင်မူ မွေးဖွားဇယားချပ် သားရဲ၏ အသက်ဓာတ် နှလုံးသားသည် ရူဗစ်၏ ကုဗတုံးနှင့် တူသည်။
“ ထူးဆန်းလိုက်တာ အကြောင်းပြန်လှန်ကတ်တွေနဲ့ မွေးဖွားဇယားချပ်ကို ငါအသက်သွင်းလို့ မရဘူးလား ”
လုကျိုးက ကျယ်လောင်စွာ ပြောလိုက်မိ၏။
သူသည် အသက်ဓာတ်နှလုံးသားကို စစ်ဆေးပြီးနောက် အောက်ချလိုက်တော့သည်။ ပြီးနောက် သူ၏ အတွေးများသည် ကောင်းကင်ချား တောင်တန်းဒေသဆီ ရောက်သွား၏။
“ ငါ့ရဲ့ ထူးကဲ အံ့ဖွယ်စွမ်းအားက ကုန်ခမ်းနေပြီ။ ပြီးတော့ အခုချိန်မှာ ဝှက်ဖဲတွေ မရှိဘူး ”
ထူးကဲ အံ့ဖွယ်စွမ်းအားသည် သူ့ကို အဆင့်တန်းတူများ ကြားထဲ၌ အားသာချက် တစ်ခု ပေးစွမ်းပြီး သူ့တို့ကို အနိုင်ယူနိုင်၏။ ကောင်းကင်ကျမ်းစာ စာလိပ်မှ စွမ်းအား ခြောက်မျိုးသည်လည်း မှန်ကန်သည့် အချိန်တွင် အသုံးပြုလျှင် ထိတ်လန့်ဖွယ် အာနိသင် ပေးစွမ်းနိုင်သည်။
သို့သော် ယွီချန်းရှုက ကောင်းကင်ချား တောင်တန်းဒေသကို သွားမည့်ပုံနှင့်တောင် မတူဘဲ ထို့အပြင် ကျန်သည့် အင်အားစုများမှ လူလည်း ရှိလိမ့်မည်။ လုကျိုးသည် နျဲ့ချင်းယွင်နှင့် သူ၏ တပည့်ကြီး နှစ်ယောက်ကို ခေါ်သွားလျှင်တောင် သူ အသာစီး ရဦးမှာ မဟုတ်ပေ။
ငါ သိုသို သိပ်သိပ် နေသင့်လား။
လုကျိုးသည် မုတ်ဆိတ်သပ်လျက် ထိုကိစ္စကို ဆက်လက် စဉ်းစားနေသည်။ ခဏအကြာတွင် သူ မျက်လုံး ဖွင့်လိုက်၏။ “ ကောင်းကင်ချား တောင်တန်းဒေသကို သွားမယ်ဆိုရင် ကောင်းကင်သိုင်းခုံရုံးကို တိုက်ခိုက်ပြီး စစ်ခုန်ပေချန်းကို ကယ်ဖို့ အခွင့်အရေးကို အမိဖမ်းသင့်လား “
သို့သော် မကြာမီ၌ ခေါင်းခါကာ ထိုအတွေးကို ပယ်ဖျက်လိုက်၏။ သူ့ဆီမှာ ကြုံနေရတယ်ဆိုတော့ ယွီချန်းရှုဆီမှာ ကြုံမှာလည်း ကျိန်းသေတယ်။
သူ ဘာလုပ်သင့်လဲ။ သူသည် အနီရောင် ကြာနယ်မြေသို့ ရောက်ချိန်မှ စပြီး စီးဝူယာ့ကို တစ်ပါတည်း ခေါ်မလာမိသည့် အတွက် မရေမတွက်နိုင်အောင် နောင်တ ရခဲ့မိသည်။ ယခု နောင်တရ၍ အကျိုးမထူးတော့ပေ။
သူသည် သူမ မူလဇာစ်မြစ်ကို သိရန် ခရုလေးကို ခေါ်လာရမည်ဆိုတာ မေးရန် မလိုအပ်ပေ။ သူ၏ တပည့်များအနက် ရှောင်ယွမ်အာက သာလျှင် ခရုလေးကို ဂရုစိုက်နိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူသည် မိန်းကလေး နှစ်ယောက်ကို သူနှင့် အတူ ခေါ်လာရန် ဆုံးဖြတ်ခဲ့တာ ဖြစ်၏။
“ အပြင်မှာ တစ်ယောက်ယောက် ရှိနေလား ”
လုကျိုးက မေးလိုက်တော့သည်။
“ အမိန့်ရှိပါ လုချန်းပေ့ ”
“ မုန့်ချန်းသုံကို ဒီနေရာဆီ ဆင့်ခေါ်လိုက်။ အဆောင်တချို့ ယူလာဖို့လည်း ပြောလိုက် ”
“ နားလည်ပါပြီ ”
လုကျိုးသည် စီးဝူယာ့ကို ဆက်သွယ်ရန် နည်းလမ်း ရှိတာကို မေ့လုနည်းပါး ဖြစ်သွားသည်။
မကြာမီ၌ တိမ်တိုက်တောင် တပည့်တစ်ဦးသည် မုန့်ချန်းသုံကို ခန်းမဆီသို့ ဦးဆောင် ခေါ်သွားလိုက်သည်။
မုန့်ချန်းသုံက တံခါးဖွင့်ပြီး အခန်းထဲသို့ တလေးတစား ဝင်လိုက်၏။
“ လုချန်းပေ့ ကျုပ်ကို ရှာနေတာလား ”
“ စီးဝူယာ့ကို ဆက်သွယ်လိုက် ” လုကျိုးက ပြောလိုက်သည်။ မုန့်ချန်းသုံက ခေါင်းညိတ်ပြီး ပြောလိုက်လေ၏။
“ နားလည်ပါပြီ ”
မုန့်ချန်းသုံသည် ပိုမို ပါးနပ်လာတော့သည်။ သူသည် ဆက်သွယ်ရန် ရည်ရွယ်ချက်အတွက် အဆောင်များစွာကို ရေးဆွဲထားပြီး ဖြစ်သည်။ တိမ်တိုက်တောင် တပည့်များသည် သူနှင့်အတူ အဆောင်များ သယ်လာရန် သူ့ကို ပြောသည့် အချိန်တွင် သူသည် အစီအရင် အခင်းအကျင်းကိုလည်း သယ်လာသည်။ အစီအရင် သွေးကြောများကို ထိုအခင်းစပေါ်၌ မြင်နိုင်ပြီး ၎င်းကို ဖြည်လိုက်သည်နှင့် ထိုအခင်းစပေါ်တွင်လည်း မြင်နိုင်၏။
ပြီးနောက် မုန့်ချန်းသုံသည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။ သူ၏ ကနဦးချီများ ထွက်ပေါ်လာပြီး အခင်းစပေါ်ရှိ အစီအရင် သွေးကြောများက လင်းလာလေ၏။ အလိုလိုပင် သူ၏ ညာလက်ကို မြှောက်ကိုင်ကာ လက်တစ်ချောင်းကြားတွင် အဆောင်တစ်ခုကို ကိုင်ထားလိုက်၏။ မကြာမီ၌ အဆောင်က လောင်ကျွမ်းသွားတော့သည်။
သင်္ကေတ စည်းတံဆိပ်များက လေထဲပေါ်လာပြီး ပုံတစ်ခု ဖွဲ့တည်လိုက်တော့သည်။
ထိုစဉ် စီးဝူယာ့က တောင်ပိုင်း မျှော်နန်းထဲတွင် ကောင်းကင်ရထားလုံးနှင့် ရေလွန်းကို လေ့လာနေတာ ဖြစ်သည်။ အခန်းထဲရှိ အစီအရင် အခင်းကြားက လင်းတာကို မြင်သောအခါ သူသည် ချက်ချင်းပင် အဆောင်တစ်ခုကို မီးမြှိုက်လိုက်၏။ သူသည် သူ၏ ရှစ်စွင်းနှင့် မုန့်ချန်းသုံကို အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့ပြီးဖြစ်ရာ မုန့်ချန်းသုံသည် သူ့ကို လိုအပ်သည့် နည်းများ သင်ပေးခဲ့၏။ သူသည်လည်း အဆောင်များ ပြုလုပ်ပုံနှင့် အစီအရင် အခင်းစကို ပြုလုပ်ရန် နည်းလမ်းများ သင်ယူထားသည်။ ပြီးနောက် ကျောက်ယွင်နှင့် မယ်တော်ကြီး၏ လွှမ်းမိုးမှုကို သုံးပြီး သာလွန်အဆင့် အဆောင်များကို တိုင်းပြည်အနှံ့မှာ စုဝေးခိုင်းပြီး မိစ္ဆာဝေဟင် မျှော်နန်းဆီသို့ ပို့ခိုင်းထား၏။
လုကျိုးရှေ့ရှိ အလင်းစက်ဝိုင်းထဲတွင် စီးဝူယာ့ကို တွေ့လိုက်ရသည်။
စီးဝူယာ့သည် သူ၏ ရှစ်စွင်းနှင့် မုန့်ချန်းသုံကိုလည်း တွေ့လိုက်၏။
“ နူတ်ခွန်းဆက်ပါတယ် ရှစ်စွင်း ”
လုကျိုးသည် စီးဝူယာ့က သူ့ကို တလေးတစား နူတ်ဆက်တော့မှာကို မြင်သောအခါ သူက စီးဝူယာ့ကို တားရန် လက်မြှောက်ပြီး ပြောလိုက်၏။ ” တော်လောက်ပြီ။ မင်းနဲ့ ဆွေးနွေးဖို့ အရေးကြီး ကိစ္စ ရှိတယ် ”
“ အရေးကြီး ကိစ္စလား ” စီးဝူယာ့သည် ဇဝေဇဝါ ဖြစ်သွား၏။
လုကျိုးသည် ကောင်းကင်ချား တောင်တန်းဒေသ အကြောင်း အကြမ်းဖျင်း ပြောပြခဲ့ပြီး ကောင်းကင်ချား တောင်တန်းဒေသ၊ ကောင်းကင်သိုင်း ခုံရုံး၊ အမျိုးမျိုးသော အင်းအားစုများနှင့် ယွီချန်းရှုအကြောင်း အကြမ်းဖျင်း ပြောပြခဲ့သည်။ သူသည် ယုံနှင့် မွေးဖွား ဇယားချပ် အကြောင်းကို ပြောပြခဲ့၏။ သူထိန်ချန်ထားသည့် တစ်ခုတည်းသော အရာက လတ်တလော၌ ဒဿမမြောက် ပွင့်ချပ် ဖူးပွင့်လာတာပဲ ဖြစ်သည်။ ဆိုရလျှင် မုန့်ချန်းသုံက သူနှင့် ရှိနေသည့် အနီရောင်ကြာနယ်မြေထဲရှိ လူတိုင်းသည် သူက ဒဿမမြောက် ပွင့်ချပ် ဖူးပွင့်တာ ကြာပြီဟု သိထားကြတာ ဖြစ်သည်။
စီးဝူယာ့သည် သူ့ရှစ်စွင်း၏ စကားများကို ကြားသောအခါ ထိတ်လန့်သွား၏။ သူက အမြန် ဂုဏ်ပြုပြီးနောက် ပြောလိုက်၏” ရှစ်စွင်းက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက် ဖြစ်မှန်း သတိ မပြုခဲ့မိဘူး။ ဂုဏ်ပြုပါတယ်”
လုကျိုးက မျက်မှောင် အနည်းငယ်ကျုံ့လျက် ပြောလိုက်သည်။ ” ဒါ အရေးမကြီးဘူး။ မင်းရဲ့ အမြင်မှာ သူတို့ကို ငါတို့ ဘယ်လို ဖြေရှင်းသင့်လဲ “
စီးဝူယာ့က မေးလိုက်၏ “ ရှစ်စွင်းဆီမှာ လှည့်ကွက် ဘယ်နှစ်ခု ရှိလဲ “
“…………. “
ယင်းက ရမ်းဖြေရန် မလွယ်ကူသော မေးခွန်း မဟုတ်ပေ။ လုကျိုးသည် အသေရိုက်ချက်ကတ်များ၊ အထွတ်အထိပ် အသွင်ကတ်နှင့် ကျန်သည့်ကတ်များ အကြောင်းကို စီးဝူယာ့ဆီ မပြောပြနိုင်ပေ။ သို့သော် စီးဝူယာ့သည် သူ့ခွန်းအား အတိအကျ မသိခဲ့လျှင် မည်ကဲ့သို့ ဗျူဟာ ချမှတ်ကာ အစီအစဉ် ဆွဲနိုင်မည်နည်း။
စီးဝူယာ့သည် သူ၏ ရှစ်စွင်း အတွေးနက်နေတာကို မြင်သောအခါ သူသည် ပြောလိုက်လေ၏။
“ ရိုင်းပျမိတာ ခွင့်လွှတ်ပေးပါ ရှစ်စွင်း “
“ ကိစ္စ မရှိဘူး “
ပြီးနောက် စီးဝူယာ့က မေးလိုက်၏” အတင့်ရဲပြီး မေးရမယ်ဆိုရင် တစ်ယောက်ချင်း တိုက်ပွဲမှာ ယွီချန်းရှုကို အနိုင်ယူနိုင်ဖို့ ယုံကြည်ချက်
ရှိပါသလား “
လုကျိုးသည် ထိုအကြောင်းကို စဉ််းစားလျက် မုတ်ဆိတ်သပ်လိုက်လေ၏။
”ယွီချန်းရှု နှစ်ယောက်လုံး ငါ့ဆီ တစ်ပြိုင်နက်တည်း လာရင်တောင် သူတို့နှစ်ယောက်လုံးကို အနိုင်ယူနိုင်တာ။ တစ်ယောက်တည်းဆို ပြောနေဖို့တောင် မလိုဘူး“
မုန့်ချန်းသုံသည် လုကျိုး၏ အကြောင်း ပြန်ကြားချက်ကြောင့် ထိတ်လန့်သွားလေ၏။ ယင်းသည် မွေးဖွားဇယားချပ်က လူတစ်ယောက်ကို ပေးသည့် ယုံကြည်ချက်လားဆိုတာ သူသိချင်သွားသည်။ မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်ရောက်မည့်ချိန်၏ ထိပေါက်သော ခံစားချက်က တိုးလာတော့သည်။
စီးဝူယာ့သည် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ ကျွန်တော်သိပြီ။ ဒါဆို လွယ်ပါတယ်။ ရှစ်စွင်း သတ်ခဲ့တဲ့ မွေးဖွားဇယားချပ် သားရဲက ကောင်းကင်ချား တောင်တန်းဒေသထဲမှာ တစ်ခြား မွေးဖွားဇယားချပ် သားရဲတွေ ရှိတာကို သက်သေပြနေတယ်။ ကမ္ဘာပေါ်မှာ ဖြစ်နိုင်ခြေတွေ အများကြီး ရှိတာ။ လူအများစုက မသေချာမရေရာမှုတွေကို သဘောမတွေ့ လောက်ဘူး။ဒါကြောင့် သူတို့ အမြဲ သတိထားဖို့ လိုမှာပဲ။ လုပ်ဖို့ လိုအပ်တာက ဖြစ်နိုင်ခြေတွေထဲက တစ်ခုကို မလွဲမသွေ ဖြစ်အောင် လုပ်ဖို့ပဲ။ မွေးဖွားဇယားချပ်လို အရေးကြီးတဲ့ တစ်စုံတစ်ခုနဲ့ဆို ယွီချန်းရှုက ပေါ်လာမှာပဲ “
“ ဖြစ်လာနိုင်ခြေ တစ်ခုကို မုချဖြစ်လာအောင် ဘယ်လိုပြောင်းလဲပေးရမလဲ “
“ ယုံရဲ့ နှလုံးသားကို လက်ဆောင်ပေးလိုက် “ စီးဝူယာ့က ထိတ်လန့်ဖွယ် အဆိုကို ပြောကြားလိုက်သည်။
“ တစ်ခြားအင်အားစုတွေက ကောင်းကင်ချား တောင်တန်းဒေသကို သွားခဲ့ရင်တောင် သူတို့ မလှုပ်ရှားလောက်ဘူး။ မွေးဖွားဇယားချပ် သားရဲရဲ့ အသက်ဓာတ်နှလုံးသားက စစ်ပွဲကြီး တစ်ခု ဖြစ်စေနိုင်တာ။ အသက်ဓာတ် နှလုံးသားကို လက်ဆောင် ပေးလိုက်မယ်ဆိုရင် အကျိုးအမြတ်တွေ ရိတ်သိမ်းဖို့ ထိုင်စောင့်နေရုံပဲ။ ယွီချန်းရှု ပေါ်လာတဲ့အခါ သူ့ခေါင်းကို ဖြတ်လိုက်လို့ ရတယ်။ တစ်ခြား သိုင်းပညာရှင်တွေ ပေါ်လာတဲ့အခါ သူတို့ေတွက ယွီချန်းရှုကို တိုက်ခိုက်မှာ ကျိန်းသေတယ်။ တစ်ခါတစ်လေ အကျိုးအမြတ်ကို တွေ့ရတဲ့အခါ အသံအမာဆုံး မဟာမိတ်ကတောင် ယိုင်နဲ့တယ် “
စီးဝူယာ့က ရှင်းပြလိုက်၏။
မုန့်ချန်းသုံ “ …………….. “
လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။ စီးဝူယာ့က အစီအစဉ်က ကျိုးကြောင်း သင့်ပေ၏။ သို့သော် ထိုအစီအစဉ်သည် အရှက်မဲ့ပြီး ကောက်ကျစ်သည်ဟုတောင် သူ အဘယ်ကြောင့် ခံစားမိလေသနည်း။
စီးဝူယာ့က ဆက်ပြောလိုက်၏” ယုံရဲ့ အလောင်းကို ကောင်းကင်ချား တောင်တန်းဒေသဆီ ယူသွားပြီး ယုံ ထွက်ပြေးသွားတယ်လို့ ပုံမှားရိုက်လိုက်လို့ ရတယ်။ ဒီနည်းနဲ့ဆိုရင် တိမ်တိုက်တောင်ပေါ်က ဖိအားက လျော့ကျ သွားလိမ့်မယ်” စီးဝူယာ့က ပြောလိုက်၏။
မုန့်ချန်းသုံက ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်” အကြံကောင်းပဲ “
စီးဝူယာ့က ထပ်ပြောလိုက်သည်” မတော်တဆတွေကို ကာကွယ်ဖို့ နောက်ခံအစီအစဉ် နှစ်ခု ရှိထားတယ် “
မုန့်ချန်းသုံ “ ……………… “
“ ပထမဆုံး နောက်ခံ အစီအစဉ်ကတော့ တာ့ရှစ်ရှိုးနဲ အာ့ရှစ်ရှိုးတို့က နက်နဲတဲ့ ကျင့်ကြံစဉ် ရှိတယ်။ ရှစ်စွင်းက ကောင်းကင်ချား တောင်တန်းဒေသကို ရောက်တဲ့အချိန် တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးကို ကောင်းကင်သိုင်းခုံရုံးဆီ သွားခိုင်းပြီး သူတို့ကို စိန်ခေါ်ခိုင်းလိုက်။ သူတို့ပေါ်မှာ အမှတ်အသား နှစ်ခု ချန်ခဲ့။ ယွီချန်းရှု ပေါ်လာခဲ့ရင် သူတို့တွေ အမှတ်အသားကို ဖယ်ဖို့ မလိုအပ်ဘူး။ ယွီချန်းရှု ပေါ်မလာခဲ့ရင် သူတို့ကို အမှတ်အသားကို ဖယ်ခိုင်းလိုက် “
စီးဝူယာ့က ဆက်ပြောလေ၏။
“ ဒုတိယ အစီအစဉ်က “
“ တော်လောက်ပြီ “ လုကျိုးက ပြောလိုက်သည်။
ငါ ခေါင်းကိုက်လာပြီ။ လုကျိုးသည် သူ၏ တပည့်၌ အတွေးများစွာ ရှိနေသောအခါ ခေါင်းခဲလာတော့သည်။ သူ၏ သတ္တမမြောက်တပည့်သည် ထိုဦးနှောက် လုပ်ဆောင်ချက်များ အားလုံးကြောင့် အားအင် ကုန်ခမ်းသွားသလား ဟုတောင် တွေးမိနေ၏။
စီးဝူယာ့သည် အမြန် ဦးညွှတ်ကာ ပြောလိုက်တော့သည်။ ” တပည့် တောင်းပန်ပါတယ် ရှစ်စွင်း။ ဒါတွေ အားလုံးက ကြမ်းတမ်းတဲ့ အစီအစဉ်တွေပါပဲ။ ရှစ်စွင်းရဲ့ အခြေအနေနဲ့ မရင်းနှီးတာကြောင့် တပည့် စိုးရိမ်သွားရုံပဲ “
မုန့်ချန်းသုံက ရယ်ချင်သွား၏။ ဒီဟာကို မရင်းနှီးဘူး ပြောတာလား။
လုကျိုးသည် မပြောင်းလဲသော အမူအရာကို ထိန်းသိမ်းထားလျက် ပြောလိုက်သည်။ ” မင်းရဲ့ အစီအစဉ်တွေက ကောင်းတယ်။ ဒါပေမယ့် ငါ ဘာကြောင့် ကွေ့ဝိုက်ပြီး လှုပ်ရှားနေရမှာလဲ “
“ ရှစ်စွင်းမှန်တယ်။ သန်မာတဲ့ လူတစ်ယောက်က သိုင်းပညာရှင် ဆယ်ယောက်ကို အနိုင်ယူနိုင်တယ်။ တပည့်က အကြောင်းမဲ့ စိုးရိမ်နေခဲ့မိတာပဲ “
…
အခန်း (၈၃၆) ယုံက အသက်ပြန်ရှင်လာတာလား
အစပိုင်းတွင် မုန့်ချန်းသုံက ဆွေးနွေးမှုထဲ ဝင်ရောက်ဖို့ ကြံစည်ခဲ့သည်။ စီးဝူယာ့၏ အစီအစဥ်က အံ့သြဖွယ် မကောင်းသော်လည်း ကောင်းမွန်ပေသည်။ အနည်းဆုံးတော့ သူတို့က လုံခြုံစိတ်ချရ၏။ သို့သော်လည်း သူက လုကျိုး၏ အားကောင်းလွန်းလှသည့် ကျင့်ကြံဆင့်ကို အမှတ်ရသွားသည့်အခါ သူ့စကားများကို ပြန်လည်မျိုချလိုက်ရသည်။ အားကောင်းသည့်သူတစ်ယောက်က သိုင်းပညာရှင် ၁၀ယောက်ကို အနိုင်ပိုင်းနိုင်လေ၏။ အစီအစဥ်က မည်မျှကောင်းစေကာမူ အကြွင်းမဲ့အင်အားရှေ့တွင် အသုံးမဝင်ပေ။
စီးဝူယာ့က ထိုအရာကို မိစ္ဆာဝေဟင်မျှော်နန်းရှိ လူအားလုံးထက် ကောင်းမွန်စွာ နားလည်လေသည်။
လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်၏။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လက်တလောအခြေအနေက ဘယ်လိုနေလဲ”
စီးဝူယာ့က ပြန်ဖြေလိုက်သည်။
“အကြီးအကဲ ၄ယောက်လုံးက အခုပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတွေ ဖြစ်နေပါပြီ။ စန်းရှစ်ရှိုးကတော့ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ သူက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်နေပြီ။ သူက နေ့နေ့ညည ကြိုးစားအားထုတ်နေတယ်။ ကျွန်တော်အမြင်တော့ သူလည်း မကြာခင် ပွင့်ချပ်ကိုးလွှာအဆင့် ဝင်ရောက်လိမ့်မယ်လို့ ထင်တယ်။
ပါ့ရှစ်တိကတော့ ပွင့်ချပ်ငါးလွှာအဆင့်ကို ရောက်ပြီ။ ရှစ်ကျဲကျောင်းယွဲ့ကတော့ အုပ်ချုပ်ရေးနဲ့ အလုပ်များနေတော့ ပွင့်ချပ်တစ်လွှာပဲ တိုးလာသေးတယ်။ အဲဒါက ထူးဆန်တယ်ထင်လို့ သိပ်မကြာခင် အံ့ဖွယ်မြို့တော်ဆီ သွားဖို့ တွေးထားပါတယ်”
မိစ္ဆာဝေဟင်မျှော်နန်း၏ အကြီးအကဲ ၄ယောက်လုံးက သူတို့က အစကတည်းက ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့၏ ကြာကို မဖြတ်ခင်ကတည်းက ဟွားဝူတောက်မှလွဲ၍ သူတို့သည် ရွှေကြာနယ်မြေအတွင်း ကျော်ကြားသည့် ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။ သူတို့အားလုံးက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများဖြစ်ပြီး ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရှိသွားသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
စီးဝူယာ့က သူ့ရှစ်စွင်းဆီ ဆက်လက် တင်ပြလိုက်၏။
“ပြီးတော့ ဖန်းလိုင်ကျွန်းရဲ့ ဟွမ်းရှစ်ကျဲကလည်း ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူက အသက်ဓာတ်နှလုံးသား မရှိဘူး။ အဲဒါကြောင့် ကျွန်တော် သူ့ကို အသက်ဓာတ် နှလုံးသား ၂ခု ပေးဖို့ ဆုံးဖြတ်ခဲ့တယ်”
လုကျိုးက ပြောလိုက်၏။
“မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ ဖန်းလှိုင်ကျွန်းက မိစ္ဆာဝေဟင်မျှော်နန်းကို အများကြီး ကူညီပေးခဲ့တယ်။ အသက်ဓာတ် နှလုံးသား ၂ခုက ဘာမှမဟုတ်ဘူး။ အသေးအဖွဲကိစ္စတွေကို မင်းဘာသာ ဆုံးဖြတ်လိုက်။ ငါ့ကို ဘာမှတင်ပြနေစရာ မလိုဘူး”
စီးဝူယာ့က ခေါင်းညိတ်ကာ ဆက်ပြောလိုက်၏။
“ကျန်းအိုက်ကျန့်ကလည်း ဟိုတလောက ရောက်လာသေးတယ်”
“သူက ဘာကိစ္စနဲ့ ရောက်လာတာတုံး” လုကျိုးက မေးလိုက်၏။
“သူက သူ့အဘွားနဲ့ တွေ့ချင်လို့တဲ့။ ဒါပေမဲ့ သူက နန်းတော်နဲ့ မဆက်သွယ်ချင်ဘူး။ သူက ရှစ်ကျဲကျောင်းယွဲ့ကို နန်းတော်ထဲ ဝင်နိုင်တဲ့ အမှတ်သားပြား ပေးစေချင်နေတာ။ ဒါပေမဲ့ အဲဒီတောင်းဆိုချက်ကို ကျွန်တော် ငြင်းဆန်လိုက်တယ်။ အံ့ဖွယ်မြို့တော်ရဲ့ အခြေအနေက အခုထိ မတည်ငြိမ်သေးဘူးလေ။ အချိန်ကျတဲ့အခါတော့ အမှတ်သားပြားကို ထုတ်ပေးလိုက်ပါ့မယ်” စီးဝူယာ့က ပြောလိုက်သည်။
အကယ်၍ လုကျိုးကသာ ရွှေကြာနယ်မြေအတွင်း ရှိနေပါက များများစားစား စဥ်းစားမနေဘဲ ကျန်းအိုက်ကျန့်ကို အမှတ်သားပြား ထုတ်ပေးမိလောက်သည်။ သို့သော်လည်း သူက ရွှေကြာနယ်မြေမှ အချိန်တော်ကြာ ဝေးကွာနေသည်ဖြစ်ရာ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး များများစားစား မသိထားပေ။ သူက စီးဝူယာ့တွင်လည်း ကိုယ်ပိုင်အတွေးများ ရှိမည်မှန်း ယုံကြည်နေသည်။ စီးဝူယာ့၏ ဆရာတစ်ယောက်အနေဖြင့် သူက အများကြီး မထိန်းချုပ်နိုင်ပေ။
“ကောင်းပြီ” လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။ စီးဝူယာ့က ရွှေကြာနယ်မြေရှိ ကိစ္စများကို ဂရုစိုက်နေသည့်အတွက် ပြဿနာကြီးကြီးမားမား ရှိဟန်မပေါ်ပေ။
“ငါ တခြားတစ်ခု မေးစရာ ရှိသေးတယ်”
“ရှစ်စွင်း ဘာများလဲ” စီးဝူယာ့က ဦးညွှတ်လိုက်၏။
“ငါက အသက်အရွယ် ကြီးလာပြီ။ ငါ့ဘာသာငါ မလုပ်နိုင်တော့တဲ့အရာတွေ အများကြီးပဲ။ တာ့ထန်ရဲ့ ဧကရာဇ် လီယွင်ကျန်းက အတော်လေးကို စာပေကျမ်းဂန် နှံ့စပ်ပြီးတော့ အမြင်ကျယ်တယ်။ သူက သင်ယူဖို့ စိတ်အားထက်သန်နေတဲ့သူတစ်ယောက်ပဲ။ သူက ရှားပါးတဲ့ ပါရမီရှင်ဆိုတော့ မင်းကိုယ်စား မင်းရဲ့တပည့်အဖြစ် လက်ခံဖို့ ငါ ဆုံးဖြတ်ပေးလိုက်တယ်”
စီးဝူယာ့က အနည်းငယ် အံ့အားသင့်သွားမိသည်။ သူက သူ့ကိုယ်သူ အံ့အားတကြီးဖြင့် လက်ညှိုးပြန်ထိုးလိုက်ပြီး “ရှစ်စွင်း ကျွန်တော်အတွက် တပည့်လက်ခံပေးတယ်လို့ ပြောနေတာလား”
“မင်းက မကြိုက်ဘူးလား” လုကျိုးက မေးလိုက်သည်။
စီးဝူယာ့က လက်ယမ်းကာ “ကျွန်တော် မလုပ်ရဲပါဘူး။ ကျွန်တော်က သူ့ကို လမ်းမှားရောက်သွားမှာကို စိုးရိမ်မိလို့ပါ။ ကျွန်တော်တို့ ပြောနေတာက တိုင်းပြည်ရဲ့ အုပ်ချုပ်သူလေ။ တကယ်လို့ တစ်စုံတစ်ခါသာ ဖြစ်လာခဲ့ရင် ကျွန်တော်နာမည်က သမိုင်းကြောင်းတစ်လျှောက်လုံး မင်လို စွန်းထင်သွားလိမ့်မယ်”
“မင်းရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်တယ်။ မင်းက တစ်ခါက မင်းဆရာဖြစ်ခဲ့တာပဲလေ။ မင်းကိုယ်မင်း ယုံကြည်ချက် ရှိစမ်းပါ။ အဲ့ဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ ငါ့ကို စိတ်မပျက်စေနဲ့” လုကျိုးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဟုတ်ကဲ့” စီးဝူယာ့က ဦးညွှတ်လျက် ပြန်ဖြေလိုက်၏။
“အစောင့်အရှောက်မုန့်က မင်းကို အနီရောင်ကြာနယ်မြေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပေးပို့ပေးလိမ့်မယ်။ တကယ်လို့ ဘာမှမရှိဘူးဆိုရင် ဒီနေ့တော့ ဒီလောက်ပဲ”
မုန့်ချန်းသုံနှင့် စီးဝူယာ့တို့က တစ်ပြိုင်နက် ပြောလိုက်ကြ၏။
“ဟုတ်ကဲ့”
မုန့်ချန်းသုံက ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင် လုကျိုးထံ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ကာ ထွက်သွားလေသည်။
ထို့နောက် လုကျိုးက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်ကို အခေါ်လွှတ်လိုက်၏။
လုကျိုး၏ တပည့်ကြီး ၂ယောက်က နားမလည်နိုင်ဖြစ်နေကြသည်။ သူတို့၏ ရှစ်စွင်းက သူတို့ကို အဘယ့်ကြောင့် တွေ့လိုသလဲဟု စဥ်းစားနေကြ၏။ သူတို့က ဘေးခန်းမအတွင်း ဝင်ရောက်လာကာ ဘေးဘက်တွင် ရိုရိုကျိုးကျိုး မတ်တတ်ရပ်လိုက်ကြသည်။
“မင်းတို့ကို ခေါ်လိုက်တာက မင်းတို့နှစ်ယောက်နဲ့ပတ်သက်ပြီး ပြောစရာ ရှိလို့ပဲ”
“ရှစ်စွင်း ဘာများလဲ” ယွီကျန့်ဟိုင်က မေးလိုက်သည်။
“တကယ်လို့ ကောင်းကင်ချားတောင်နယ်နိမိတ်နဲ့ ပတ်သက်တယ်ဆိုရင်တော့ ကျွန်တော်နဲ့ အာ့ရှစ်တိကို အပ်ထားလိုက်ပါ။ ကျွန်တော်တို့တွေ သေချာလုပ်လိုက်ပါ့မယ်”
လုကျိုးက ခေါင်းအသာယမ်းလိုက်ပြီး “အဲ့ကိစ္စမဟုတ်ဘူး။ မင်းတို့တွေ နှစ်ယောက်လုံးကို ကောင်းကင်သိုင်းခုံရုံးဆီ သွားပြီးတော့ ယွီချန်းရှုရဲ့ လှုပ်ရှားမှုကို တိတ်တဆိတ် စောင့်ကြည့်စေချင်တာ။ သူနဲ့တိုက်ခိုက်ဖို့ စိတ်အားထက်သန်မနေနဲ့။ မင်းတို့ လုပ်ဖို့လိုတာက သူ့အဲ့မှာ ရှိလားဆိုတာကို သိအောင် လုပ်ဖို့ပဲ”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က သူတို့ရှစ်စွင်း၏ အမိန့်ကြောင့် နားမလည်နိုင်ဖြစ်သွားကြ၏။
လုကျိုးက လက်မြှောက်လိုက်ပြီးနောက်တွင် ဆန့်ထုတ်လိုက်သည်။
အမှတ်အသား ၂ခုက သူ့တပည့် ၂ဦးဆီ ပျံသန်းသွား၏။
“တကယ်လို့ မင်းတို့ ယွီချန်းရှုကို မမြင်ဘူးဆိုရင် ဒီအမှတ်အသားကို ဖယ်ရှားပြီးတော့ အခြေအနေကို ကိုင်တွယ်လိုက်”
“ဟုတ်ကဲ့ ရှစ်စွင်း”
လုကျိုးက စီးဝူယာ့၏ အစီအစဥ်အတိုင်း လိုက်လံလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
အနီရောင်ကြာနယ်မြေက သူ စိတ်တိုင်းကျ လုပ်ဆောင်နိုင်သည့် ရွှေကြာနယ်မြေ မဟုတ်ပေ။ ကောင်းကင်သိုင်းခုံရုံးက အနီရောင်ကြာနယ်မြေတွင် အာဏာကြီးကြီးမားမား ကိုင်ဆောင်ထားသည့်အတွက် သူတို့တွင် ဝှက်ဖဲ သို့မဟုတ် ပြဿနာတက်နိုင်သည့် အစီအရင်မျိုး ရှိနေလားဟု မသေချာပေ။
ရွှေကြာနယ်မြေတွင် ကြာဖြတ်တောက်ရေး ကာလမရောက်ခင် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ထိပ်သီးပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများ ဖြစ်၏။ သူတို့က နေရာတိုင်းကို စိတ်တိုင်းကျ သွားလာနိုင်ကြသည်။ ပြိုင်ဘက်ကင်း အစီအရင်နှင့် အကာအရံများရှိသည့် ဂိုဏ်းများကပင် သူတို့အတွက် ခြိမ်းခြောက်မှု မဖြစ်ခဲ့ပေ။ သို့သော်လည်း အနီရောင်ကြာနယ်မြေတွင်တော့ ထိုသို့မဟုတ်ပေ။
“မင်းတို့ရဲ့ ဘေးကင်းမှုကို အလေးထားဖို့ မှတ်ထား။ အခုသွားကြတော့” လုကျိုးက ပြောလိုက်သည်။
ယွီကျန့်ဟိုင်က အပြုံးလေးဖြင့် ပြောလိုက်၏။
“ရှစ်စွင်း စိတ်မပူပါနဲ့။ တကယ်လို့ အခက်အခဲကြားကနေ ကျွန်တော် မလွတ်မြောက်နိုင်ဘူးဆိုရင် ဂိုဏ်းချုပ်ဖြစ်ခဲ့တာ အလကားဖြစ်နေမှာပေါ့”
သို့သော်လည်း သူ့စကားမဆုံးခင် သူက စကားမှားပြောမိမှန်း ခံစားမိကာ ပြောလိုက်သည်။
“ကျွန်တော် ပြောချင်တာက ကျွန်တော် ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ခဲ့ပါ့မယ်”
အမှန်တော့ ယွီကျန့်ဟိုင် ပြောသည်က မမှားပေ။ သူက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ဖြစ်နေသော်လည်း ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ နျဲ့ချင်းယွင်နှင့် ရင်ဆိုင်ဖူးလေသည်။ သူ့တကယ့်လက်တွေ့ တိုက်ခိုက်မှုက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူအားလုံးထက် မနိမ့်ကျပေ။ သာမန် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူက သူ့နှင့် ယွီရှန်းရုန်ကို ဖမ်းဆီးဖို့ အခက်တွေ့ကြလိမ့်မယ်။ ထို့အပြင် လုကျိုးက သူတို့ကို သေအောင် တိုက်ခိုက်ဖို့ စေလွှတ်လိုက်ခြင်းလည်း မဟုတ်ပေ။
ထိုသို့ဖြင့် ထိုသူနှစ်ဦးက တိမ်တိုက်တောင်မှ ထွက်သွားဖို့ ပြင်ဆင်လိုက်ကြသည်။ ထို့နောက် လုကျိုးက ထရပ်လိုက်ပြီးသည့်နောက် ခန်းမအနောက်သို့ လျှောက်လှမ်းလာပြီး အော်ခေါ်လိုက်သည်။
“နတ်ခြင်္သေ့”
သခင်ဖြစ်သူ၏ ခေါ်သံကို ကြားကာ နတ်ခြင်္သေ့က အနီးအနား တောအုပ်မှ ပျံသန်းလာ၏။
“မင်းရဲ့ စွမ်းရည်ကို သုံးလိုက်”
နတ်ခြင်္သေ့က လုကျိုး၏ အမိန့်အတိုင်း လိုက်နာကာ တိမ်တိုက်တောင်တွင် မင်္ဂလာကောင်းချီးမိုးကို ဆင့်ခေါ်လိုက်သည်။
လုကျိုးက မျက်လုံးမှိတ်ထားလိုက်သည်။ ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားက အလျင်အမြန် ပြန်လည်ပြည့်ဝလာ၏။ သိပ်မကြာခင် သူ့ထူးခြားအံ့ဖွယ် စွမ်းအားက ပြန်လည်ပြည့်ဝသွားလေပြီ။
နတ်ခြင်္သေ့က သူ့စွမ်းရည်ကို သုံးပြီးသည့်နောက်တွင် မြေပြင်ပေါ် လဲလျောင်းကာ အနားယူနေ၏။
စနစ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် လုကျိုးက သူ့ဆီတွင် ကုသိုလ်ရမှတ် ၁သိန်းကျော် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သူက လိုအပ်သည့်အခါ နောက်ဆုံးအခိုက်အတန့်တွင် အသုံးအဆောင်ပစ္စည်းကတ်များ ဝယ်ယူဖို့ အသုံးပြုနိုင်လေသည်။ ယခုအခါ အသုံးအဆောင်ပစ္စည်းကတ်များကို သိမ်းထားဖို့ရာ မလိုအပ်ပေ။
သူက ပြင်ဆင်မှုများ အဆုံးသတ်သွားသည့်အခါ ခန်းမဆောင်မှ ထွက်လာပြီး ခရမ်းရောင် တောက်ပသံကျောက်ကို အသက်သွင်းလိုက်၏။ သူက တိမ်တိုက်တောင်မှ တိတ်တဆိတ် ထွက်ခွာလာပြီး ယုံရှိရာ နေရာဆီ ပျံသန်းလာလိုက်သည်။
နျဲ့ချင်းယွင်က တိမ်တိုက်တောင်ပေါ် ရှိနေသောကြောင့် တခြားသော အင်အားစုများက တစ်ပြိုင်နက် တိုက်ခိုက်လာလျှင်ပင် သူက သူတို့ကို အချိန်တစ်ခုကြာ ခုခံထားနိုင်လိမ့်မည်။ ယဲ့ကျန်းပင် တောင်ကို သိမ်းယူနိုင်ခြင်း မရှိပေ။
...
လုကျိုးက ယုံ သေဆုံးရာ နေရာသို့ ရောက်ရှိသည့်အခါ ခန္ဓာကိုယ်အလောင်းကို လေ့လာကြည့်လိုက်သည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ အသက်ဓာတ် နှလုံးသားကို ခန္ဓာကိုယ်အတွင်း ပြန်လည်ထည့်သွင်းလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို သူ့လက်ကို ဝှေ့ကာ ကမ္ဘာဦးချီကို စွမ်းအင်အဖြစ် ဖွဲ့စည်းပြီး တစ်သားတည်းဖြစ်အောင် ပေါင်းစပ်လိုက်သည်။
သားရဲအလောင်းက ကြီးမားသော်လည်း ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူ လုကျိုးအတွက် မသယ်ဆောင်နိုင်ခြင်းတော့ မဟုတ်ပေ။ လုကျိုးက ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ဖြစ်နေစဥ်အခါက မျောလွင့်နေသည့်ကျွန်းကို လက်တစ်ဖက်တည်းဖြင့် ပင့်မခဲ့ဖူးသည်။ ယုံကို ရွေ့လျားအောင် ပြုလုပ်ခြင်းက ကျွန်းကို ထိန်းထားရသည်ထက်ပင် ပိုမိုလွယ်ကူနေသည်။
“သွားကြစို့”
ယုံက တောင်ပံခတ်ကာ လေထဲ ပျံသန်းလိုက်သည်။ ထိုအရာကို လုကျိုး၏ စွမ်းအားဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်၏။
ယုံနှင့် ယှဥ်လိုက်လျှင် လုကျိုးက နှိုင်းယှဥ်မရအောင် သေးငယ်နေသည်။ သူသာ တောင်ပံအောက်တွင် ပုန်းအောင်နေသရွေ့ လူအများစုက သူ့ကို တွေ့ရှိကြမည် မဟုတ်ပေ။
...
ထိုစဥ် တိမ်တိုက်တောင်ရှိ တပည့်များက ထိုမြင်ကွင်းကို မြင်သည့်အခါ ထိတ်လန့်တကြား ထခုန်လိုက်ကြသည်။ သူတို့က ပင်မတောင်ထိပ်ဆီ ချက်ချင်းသွားလိုက်ကြ၏။
“ဂိုဏ်းချုပ် သွားပြီ။ ယုံက အသက်ပြန်ရှင်လာပြီ”
နျဲ့ချင်းယွင်၏ မျက်လုံးများက အပြူးသားဖြစ်သွားလေ၏။ သူက ချက်ချင်းထရပ်ကာ ပြောလိုက်သည်။
“မဖြစ်နိုင်တာ”
“တကယ်ကြီး အသက်ရှင်နေတာ။ ဂိုဏ်းချုပ် အပြင်ထွက်ကြည့်လိုက်ပါအုံး”
နျဲ့ချင်းယွင်က ပေါ့ပါးသွက်လက်စွာဖြင့် ပင်မတောင်ထိပ်ဆီ ပျံသန်းလာလိုက်သည်။ သူက ယုံ ထွက်ခွာသွားသည်ကို ကြည့်နေရင်း ရှုပ်ထွေးသည့် စိတ်ခံစားချက်များဖြင့် ရေရွတ်လိုက်သည်။
“ဒါ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
နျဲ့ချင်းယွင်က လုကျိုးသည် မွေးဖွားဇယားချပ်သားရဲ၏ နှလုံးသားကို ထုတ်ယူလိုက်ခြင်းအား မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။ သူ့အလိုလိုသိစိတ်က မည်သည့်သားရဲပင်ဖြစ်စေကာမူ နှလုံးသား မရှိဘဲ အသက်မရှင်နိုင်ကြောင်း ပြောပြနေလေ၏။ သူက အလျင်စလို ဆင်းသက်ကာ လုကျိုး၏ အခန်းဆီ ဦးတည်လိုက်သည်။
နျဲ့ချင်းယွင်က အဝင်ဝဆီ ရောက်သည့်အခါ ဦးညွှတ်လိုက်ပြီး “နျဲ့ချင်းယွင်က လုချန်းပေ့နဲ့ တွေ့ခွင့်တောင်းပါတယ်”
အဖြေမရရှိပေ။
နျဲ့ချင်းယွင်က အသံမြှင့်ကာ ထပ်မံပြောလိုက်သည်။
“နျဲ့ချင်းယွင်က လုချန်းပေ့နဲ့ တွေ့ခွင့်တောင်းပါတယ်”
သုဿန်တစပြင်အလား တိတ်ဆိတ်နေလေ၏။ ယခင်ကဲ့သို့ အဖြေမရရှိပေ။
အဆုံးသတ်တွင် နျဲ့ချင်းယွင်က လက်လျော့ရုံမှအပ ရွေးချယ်စရာ မရှိပေ။ ထိုစဥ် သူ့စိတ်ထဲ ယုံ၏ လှုပ်ရှားမှုကို ပြန်လည်တွေးတောမိရင်း တစ်စုံတစ်ခု တွေးမိသွားသည်။
“ဖြစ်နိုင်တာက လုချန်းပေ့ တကယ့်ကို အံ့သြစရာပဲ”
နျဲ့ချင်းယွင်က ရုတ်ခြည်းဆိုသလို သဘောပေါက်သွားကာ အဖြစ်အပျက်ကို တွေးမိသွားပြီးသည့်နောက် ပင်မခန်းမဆောင်သို့ အလျင်အမြန် ပျံသွားလေသည်။
…
အခန်း (၈၃၇) မလွဲမသွေ
လုကျိုးသည် ယုံကို ဆက်လက်ထိန်းချုပ်လျက် အရှိန်နှေးနှေးဖြင့် ပျံသန်းလိုက်သည်။ တကယ်တော့ ပျံသန်းမှုသည် အနည်းငယ်လှုပ်ခါနေသည့် အကြောင်းမှာ ၎င်းကို ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပုံ ပေါ်အောင် လုပ်ရသောကြောင့်ဖြစ်သည်။
လုကျိုးသည် ၎င်းကို နှစ်နာရီကြာ ထိန်းချုပ်ပြီးနောက် တောင်တန်းများ၊ မြစ်များနှင့် တောအုပ်ကို ဖြတ်ကျော်ပြီး ကောင်းကင်ချားတောင်တန်းဒေသဆီ ရောက်လာလေ၏။
လုကျိုးသည် ကောင်းကင်ချားတောင်တန်းဒေသကို မြင်သောအခါ ၎င်းကို အတော်လေး ရင်းနှီးနေမှန်း သိလိုက်သည်။ တောင်၏အမြင့်နှင့် ပေါက်ရောက်သော သစ်ပင်များ၊ တိရစ္ဆာန်များအပြင် ယင်းက ရွှေကြာနယ်မြေနှင့် အတော်လေး ဆင်တူနေသည်။
သူသည် သူ၏ပတ်ဝန်းကျင်ကို ဆက်လက်လေ့လာနေစဉ် သူ့ဘာသာသူ ရေရွတ်ပြောလိုက်၏။
“ဒီကို လာနေတုန်း တခြားကျင့်ကြံသူတွေကို မတွေ့ခဲ့တာ ကံကောင်းတယ်၊ မဟုတ်ရင် ငါသူတို့ကို သတ်နေရမှာ”
ခဏအကြာတွင် သူသည် ကောင်းကင်ချားတောင်တန်းဒေသ၏ထိပ်ဆီသို့ ပျံသန်းသွားပြီး သူ၏ပတ်ဝန်းကျင်ကို ဆက်လက်လေ့လာလိုက်သည်။
ကောင်းကင်ချားတောင်တန်းဒေသသည် မမြင့်သော်ငြား ကျယ်ဝန်းလှပေ၏။ မြေမျက်နှာသွင်ပြင်သည် ရှုပ်ထွေးကာ မညီညာပေ။ သူသည် တောင်တန်းဒေသပေါ်၌ ပျံဝဲနေလျက် ဆင်းသက်ရန် သင့်တော်သောနေရာကို မတွေ့သေးပေ။
“ယုံတွေက ဘယ်နားမှာများလဲ”
လုကျိုးသည် ကောင်းကင်ချားတောင်တန်းဒေသမှ အရှေ့အရပ်ဆီသို့ ပျံသန်းလာပြီး မြေမညီညာဆုံးနေရာကို ဖြတ်ကျော်ပြီးနောက် နက်ရှိုင်းသော ချိုင့်ဝှမ်းတစ်ခုကို တွေ့လိုက်ရ၏။ သူသည် မျက်လုံးချက်ချင်းလက်သွားတော့သည်။
“ချိုင့်ဝှမ်းတစ်ခုလား၊ ဒါက ကောင်းကင်ချားအက်ကွဲချိုင့်ဝှမ်း ဖြစ်လောက်တယ်”
ချိုင့်ဝှမ်းသည် ရက်စက်ကြမ်းကြုတ်သောသားရဲများ ပုန်းခိုရန် ပြီးပြည့်စုံသောနေရာတစ်ခုဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ တကယ်တော့ ဤနေရာ၌ မွေးဖွားဇယားချပ်သားရဲများတောင် ပုန်းခိုနေလောက်သည်။
စီးဝူယာ့ပြောခဲ့သည့်အတိုင်း ဖြစ်နိုင်သည်ဟူသော စကားလုံးသည် ဖြစ်နိုင်ခြေကို ရည်ညွှန်း၏။
ဤကမ္ဘာပေါ်၌ မဖြစ်နိုင်တာ မရှိ၊ လုကျိုးသည် ၎င်းကို အတည်ပြုရန် လိုအပ်သည်။
မြင့်မားလှသော သစ်ပင်များသည် ချိုင့်ဝှမ်း၏ သုံးပုံတစ်ပုံကို နေရာယူထားကာ လုကျိုး၏အမြင်ကို ဟန့်တားထား၏။ ပတ်ဝန်းကျင်ကို ခဏတာကြည့်ပြီးနောက် သူသည် နေရာတစ်ခုကို ရှာတွေ့ပြီး ရေရွတ်ပြောလိုက်၏။
“အဲဒါပဲ”
သူသည် ခုန်ဆင်းလျက် ယုံကိုသူနှင့်အတူ သယ်လာပြီး သစ်ပင်များထဲမှ တစ်ပင်အောက် ဆင်းသက်လိုက်သည်။ သူသည် အနားရှိတောင်ကုန်းလေးဆီ ပျံသန်းသွားပြီး စောင့်လိုက်၏။
“ရုပ်ဖျက်ကတ်” လုကျိုးသည် ရုပ်ဖျက်ကတ်တစ်ကတ်ကို ထုတ်ကာ လျင်မြန်စွာ ခြေမွလိုက်သည်။ ဆိုရလျှင် သူမည်သည့်ပုံရှိကြောင်းသိသည့် တိမ်တိုက်တောင်၏ ဆယ့်နှစ်ဂိုဏ်း၌ တပည့်များစွာရှိသည်။ ယဲ့ကျန်းနှင့် တိုက်ပွဲပြီးနောက် တိမ်တိုက်တောင် တပည့်များကြားထဲတွင် သူလျှိုများ ရှိနေသေးလားဆိုတာ သူသေချာမသိပေ။ ထို့ကြောင့် သူသည် တစ်ယောက်တည်းဆောင်ရွက်ရန် လှုပ်ရှားလိုက်ရတာလည်း ဖြစ်သည်။
ရုပ်ဖျက်ကတ်သည် ချက်ချင်း အာနိသင်ပြသွား၏။ သူ၏ရင့်ရော်သော အသားအရေပေါ်၌ အေးမြသောခံစားချက်ရလိုက်ပြီးနောက် မျက်နှာရှုံ့တွပြီး ပြောင်းလဲနေတာကို ခံစားမိသည်။ တစ်ချိန်တည်းတွင် သူ့ဆံပင်အရောင်ကလည်း အံ့ဩဖွယ်ကောင်းသော အရှိန်ဖြင့် ပြောင်းလဲနေလေ၏။ အသက်ရှိုက်စာ အနည်းငယ်အတွင်း သူ၏အသွင်အပြင်သည် ရုတ်ခြည်းပြောင်းလဲသွားတော့သည်။ မီးခိုးရောင်ဆံပင်ဖြင့် အဖိုးအိုတစ်ယောက်မှ သူသည်ယခုဆို ရင့်ကျက်တည်ငြိမ်သော လူလတ်ပိုင်းတစ်ဦးနှင့် တူသွားတော့၏။
သူ၏ရုပ်ရည်သွင်ပြင် ပြောင်းလဲသွားပြီးနောက် သူသည် သူ့ဘာသာသူ ရေရွတ်ပြောလိုက်သည်။
“ငါ့ရဲ့သွင်ပြင်က ဘယ်အချိန်ကျမှ ချောမောခန့်ညားတဲ့ လူငယ်အဖြစ်ပြောင်းလဲမှာလဲ”
သူရုပ်ဖျက်ကတ်ကို အသုံးပြုချိန်၌ သူ၏သွင်ပြင်သည် အခေါက်တိုင်း၌ ပိုမိုငယ်ရွယ်လာတာကို တွေးမိသွားသည်။ ကတ်က သူ့ကို ပိုငယ်ရွယ်စေချင်သည်။ သူ၏ကျင့်ကြံဆင့်နှင့် သက်ဆိုင်နေသလားဟု တွေးမိသွားသည်။
လူလတ်ပိုင်းအရွယ်၏ သွင်ပြင်ကို သူအတော်လေး စိတ်ကျေနပ်နေသည်။ အနည်းဆုံးတော့ သူသည် ဤလူရွယ်နှင့်သူ့ကို တိမ်တိုက်တောင်မှလူများ ဆက်စပ်မိမှာ မဟုတ်တော့ပေ။
လုကျိုးသည် နေကိုမော့ကြည့်ပြီးနောက် နောက်ဆုံးတွင် တင်ပလ္လင်ချိတ်ထိုင်ကာ သူ့၏ခွန်အားကို ပြန်လည်ဖြည့်ရန် အသက်ရှုနှုန်းကို ချိန်ညှိလိုက်သည်။ ယုံနှင့် ခရီးနှင်ရန် စွမ်းအင်များစွာ မကုန်ဆုံးခဲ့သော်ငြား သူသည် တစ်ချိန်လုံး အကောင်းဆုံးသော အခြေအနေတွင် ရှိနေရမည်။
ဤနည်းဖြင့် လုကျိုးသည် ခရမ်းရောင်တောက်ပသံချောင်းမှ အေးမြသည့်ခံစားချက်များသည် သူ၏ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်သွားပြီးနောက် တိတ်ဆိတ်နေသော တောင်ကြားထဲတွင် ကျင့်ကြံလိုက်တော့၏။
ထိုစဉ် ကောင်းကင်သိုင်းခုံရုံး၏ ရိုးရာဓလေ့ခန်းမထဲတွင် ဖြစ်သည်။
တပည့်တစ်ယောက်က သတင်းပို့လာ၏။
“ခုံရုံးသခင်၊ ရှာဖွေတွေ့ရှိချက်တစ်ခု ရှိပါတယ်၊ မွေးဖွားဇယားချပ်သားရဲယုံက တိမ်တိုက်တောင်ကနေ အောင်မြင်စွာ ထွက်ပြေးသွားနိုင်ခဲ့ပါပြီ၊ သူက ကောင်းကင်ချားတောင်တန်းဒေသရဲ့ မဟာချိုင့်ဝှမ်းထဲ ပျံသန်းသွားပါတယ်”
မော့ပုရန်သည် ထိုသတင်းပို့ချက်ကြောင့် အံ့ဩသွားလေ၏။ သူက ပြောလိုက်တော့သည်။
“ကောင်းလိုက်တာ၊ တိမ်တိုက်တောင်က မွေးဖွားဇယားချပ်သားရဲကို ဖြေရှင်းနိုင်စွမ်းရှိပုံ မပေါ်ဘူး”
ကျန်းထင်းကျုံးက ပြောလိုက်လေ၏။
“ခုံရုံးသခင်၊ ကျုပ်တို့ ထပ်မစောင့်သင့်တော့ဘူး၊ ချက်ချင်းထွက်ခွာရမယ်၊ မွေးဖွားဇယားချပ်သားရဲ အားအနည်းဆုံးအချိန်မှာ သူ့ကို ဖြေရှင်းရမယ်၊ မလှုပ်ရှားခဲ့ရင် တခြားအင်အားစုတွေက သေချာပေါက် လှုပ်ရှားလာလိမ့်မယ်”
ဤနေရာရှိ လူတိုင်းသည် မွေးဖွားဇယားချပ်သားရဲတစ်ကောင်၏ အရေးပါမှုကို သိကြ၏။ အငယ်ဆုံးအကြီးအကဲကတောင် မွေးဖွားဇယားချပ်သားရဲများအကြောင်း ပိုမိုသိရှိရန် စာကြည့်တိုက်သို့ သွားခဲ့သည်။
မွေးဖွားဇယားချပ်သားရဲ့၏ အသက်ဓာတ်နှလုံးသားသည် မိမိ၏မွေးဖွားဇယားချပ်ကို အသက်သွင်းရန်သော့ချက်လည်း ဖြစ်သည်။ ယင်းကို မည်သူက မမက်မောပဲ နေမည်နည်း။
ယွီချန်းရှုက တပည့်ကို ကြည့်ပြီးမေးလိုက်၏။
“မင်းသေချာလား”
“ကျုပ်တို့ငှားရမ်းထားတဲ့ ကင်းထောက်အဖွဲ့က ထွက်သွားတာကြာပါပြီ၊ ဒါပေမဲ့ တိမ်တိုက်တောင်ကို စောင့်ကြည့်ဖို့အတွက် အနားက လူတချို့ကို လွှတ်ခဲ့တယ်၊ ကျုပ်တို့လူတွေက ကောင်းကင်ချားတောင်တန်းဒေသဆီ ယုံ ပျံသွားတာကို မျက်မြင်တွေ့လိုက်ရတယ်၊ ဒါ့အပြင် သူ့ရဲ့လှုပ်ရှားမှုတွေက သူဒဏ်ရာပြင်းရထားကြောင်း ညွှန်ပြနေတယ်”
ယွီချန်းရှု၏ မျက်နှာပေါ်၌ မျက်မှောင်ကြုတ်သည့် အမူအရာပေါ်လာသည်။
“တိမ်တိုက်တောင်က လူတွေက သူ့နောက်မလိုက်ဘူးလား”
“မလိုက်ပါဘူး”
ထိုစဉ် ကျန်းထင်းကျုံးက ပြောလိုက်လေ၏။
“အဲဒီလုမျိုးရိုး မလှုပ်ရှားသရွေ့ တိမ်တိုက်တောင်က လူတွေ လှုပ်ရှားရဲမှာ မဟုတ်ဘူး၊ မဟုတ်ရင် နျဲ့ချင်းယွင်က စစ်ခုန်ပေချန်းလို အဆုံးသတ်ရုံပဲ ရှိတယ်”
ယွီချန်းရှုက ခဏတာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။
“မော့ပုရန်၊ ကျန်းထင်းကျုံး ငါနဲ့လိုက်ခဲ့၊ ကျန်တဲ့လူတွေက ကောင်းကင်သိုင်းခုံရုံးကို စောင့်ကြပ်ဖို့ ဒီမှာနေခဲ့ကြ”
“နားလည်ပါပြီ”
မကြာမီ၌ ရထားလုံးပျံသည် ကောင်းကင်ဆီ ပျံသန်းသွားတာကို မြင်ရပြီး အရှေ့အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေ၏။
ထိုအချိန်တွင် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်သည် ကောင်းကင်သိုင်းခုံရုံးဆီသို့ ခပ်နိမ့်နိမ့် လျင်မြန်စွာ ပျံသန်းသွားကြလေ၏။
တစ်နာရီခန့် ကြာပြီးနောက် သူတို့နှစ်ယောက်သည် ကောင်းကင်သိုင်းခုံရုံး၏နယ်ပယ်ထဲ ရောက်သွားသောအခါ သူတို့သည် ကောင်းကင်ထဲ၌ ရထားလုံးပျံတစ်စင်းကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်သည် အကြည့်တစ်ချက်ဖလှယ်ပြီး အရှိန်မြှင့်လိုက်ကြ၏။
ကောင်းကင်ချားတောင်တန်းဒေသ၏ မဟာချိုင့်ဝှမ်းထဲတွင် ဖြစ်သည်။
ယခုအချိန်၌ လုကျိုးသည် ဤနေရာသို့ ခရီးနှင်စဉ်က အသုံးပြုခဲ့သည့် စွမ်းအင်အလုံးစုံ ပြန်ရနေပြီဖြစ်သည်။ သိချင်စိတ်ဖြင့် သူသည် ကောင်းကင်ကျမ်းစာ စာလိပ်၏လူသားစာလိပ်မှ အကြားစွမ်းအားကို အသုံးပြုလိုက်၏။
သူ၏အကြားစွမ်းအား အကျယ်အဝန်းသည် လျင်မြန်စွာ ပျံ့ကားလာတော့သည်။
သူ၏ထူးကဲအံ့ဖွယ်စွမ်းအားကို အသုံးပြုရန်အတွက်သူသည် သူ၏အမြင်အားကို အသုံးမပြုခဲ့ပေ။ ထို့အပြင် အမြင်စွမ်းအားနှင့်ယှဉ်လျင် အကြားစွမ်းအား၏ စွမ်းအင်ကုန်ဆုံးမှုက လက်ခံနိုင်သေးသည်။
မကြာမီ၌ လူသံများက လုကျိုး၏နားထဲ ရောက်လာလေ၏။
“ဒီနားမှာ ဖြစ်လောက်တယ်၊ အသံတိုးဦး ယုံကို မနှိုးဆော်မိစေနဲ့၊ ယုံကို ငါတို့ရှာတွေ့တဲ့အခါ အဲဒါကို ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားထား၊ ငါတို့တွေ အဲဒါရဲ့ အသက်ဓာတ်နှလုံးသားကို ရခဲ့ရင် ငါတို့ချမ်းသာပြီပဲ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီဟာကို မြန်မြန်အဆုံးသတ်လိုက်ကြရအောင်၊ တိမ်တိုက်တောင်က လူတွေ လိုက်မှီလာရင် ပြီးသွားလိမ့်မယ်၊ မြန်မြန်”
ထိုစဉ် ကျင့်ကြံသူများစွာသည် ချိုင့်ဝှမ်းထဲသို့ ခပ်နိမ့်နိမ့် ပျံသန်းလာလေ၏။
လုကျိုးသည် သူ၏အရှိန်အဝါကို ဖုံးကွယ်ရန် သူ၏ခရမ်းတောက်ပသံချောင်းကို အသုံးပြုလိုက်သည်။
ကျင့်ကြံသူများက ဝေဟင်ထဲ၌ ဆက်လက်ပျံသန်းနေကြသည်။
သူတို့အရှိန်အဝါအရ သူတို့သည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ဖြစ်ပုံရသည်။
ထိုစဉ် လုကျိုးက တိတ်ဆိတ်စွာနေသည်။ ချိုင့်ဝှမ်းထဲတွင် လှဲနေသောယုံ၏အလောင်းကို တစ်ချက်ကြည့်လိုက်၏။ အဲဒီမှာဆိုတာ သိသာရဲ့သားနဲ့ သူတို့တွေအတွက် အဲဒါကို ရှာတွေ့ဖို့ ဘာကြောင့်ဒီလောက်ခက်ခဲနေတာလဲ။
ကျင့်ကြံသူများသည် ရှေ့နောက်သုံးကြိမ်ခန့် ပျံသန်းနေပြီးနောက် နောက်ဆုံးတွင် ယုံကိုရှာတွေ့သွားတော့သည်။
“ဒီမှာဟေ့”
လေထဲတွင် စိတ်လှုပ်ရှားနေသောအသံက ပေါ်ထွက်လာသည်။
ကျင့်ကြံသူများထဲမှ တစ်ယောက်က လျင်မြန်စွာ ဆင်းလာပြီး ယုံဘေးသို့ ရောက်လာ၏။
“ဟမ် ယုံက သေသွားပြီလား”
ကျန်သည့်ကျင့်ကြံသူများက အမြန်ရောက်လာပြီး တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာသည်။ သူတို့အားလုံးက ဇဝေဇဝါဖြစ်သည့် အမူအရာရှိနေပြီး မျက်နှာထက်တွင် မယုံနိုင်မှုများ ရှိနေလေ၏။
“ထူးဆန်းလိုက်တာ၊ ယုံက သူ့ရဲ့အသိုက်ကို ပြန်သွားသင့်တာ မလား၊ ဒီမှာ ဘယ်လိုလုပ်သေသွားတာလဲ”
“ကြည့်ဦး အဲဒီမှာ ဒဏ်ရာရထားတယ်”
ငယ်ရွယ်သောကျင့်ကြံသူလေးတစ်ယောက်သည် ယုံ၏ဒဏ်ရာကို ကန်ပြီးပြောလိုက်တော့သည်။
ကျင့်ကြံသူလေးသည် သူ၏ကန်ချက်၌ စွမ်းအားများစွာ အသုံးပြုခဲ့လျှင် ကိစ္စမရှိပေ။ သို့သော် သူကန်လိုက်သည်နှင့် ယုံ၏အလောင်းသည် ချက်ချင်းပင် နှစ်ခြမ်းကွဲသွားတော့၏။ ဒဏ်ရာက ရှင်းလင်းနေပုံပေါ်သည်။
ကျင့်ကြံသူများက ပိုတောင် အံ့ဩဆွံ့အကုန်၏။
“ဒါက” ကျင့်ကြံသူများထဲမှ တစ်ယောက်က သက်ပြင်းချလိုက်တော့သည်။ သူက ပူဆွေးစွာ ပြောလိုက်တော့၏။
“တစ်ယောက်ယောက်က ယုံကိုသတ်သွားပြီးပြီ၊ ငါတို့နောက်ကျသွားတာ”
“နှမြောစရာပဲကွာ ၊ တစ်ယောက်ယောက်က ငါတို့ထက် ခြေတစ်လှမ်းစောသွားမယ်ဆိုတာ မယုံနိုင်ဘူး၊ ဒဏ်ရာကို ကြည့်ရင် ဓားကြောင့်ဖြစ်တာပဲ၊ အဲဒီလူက ယုံကိုသတ်နိုင်စွမ်းရှိတယ်ဆိုတော့ သူက ထိပ်တန်းဓားသမားတစ်ယောက် ဖြစ်ရမယ်”
ကျင့်ကြံသူများအားလုံးသည် နောင်တရပြီး ထွက်ခွာတော့မည့်အချိန်၌
“အသက်ဓာတ်နှလုံးသားက ဒီမှာ ရှိသေးတယ်”
လူတိုင်းသည် ချက်ချင်းလှည့်လာ၏။
ကျင့်ကြံသူများထဲမှ တစ်ယောက်က ရှေ့တိုးလိုက်သည်။ သူသည် သွေးထွက်သံယို ပေပွနေသည်များကို အမှုမထားဘဲ လက်ဗလာဖြင့် အလောင်းကို တူးကာ ယုံ၏အသက်ဓာတ်နှလုံးသားကို ယူထုတ်လိုက်၏။ လူတိုင်းသည် ထိတ်လန့်သွားပြီး အမြန်ကြည့်လာကြတော့သည်။
အသက်ဓာတ်နှလုံးသားသည် အနီရောင်အလင်းဖြင့် တောက်ပနေပြီး ၎င်း၏အရောင်ထွန်းလင်းမှုသည် နံနက်ခင်းနေထက် မလျော့ပေ။
ကျင့်ကြံသူများသည် အံ့ဩပျော်ရွှင်မှုကြောင့် မျက်လုံးအပြူးသား ဖြစ်နေလေ၏။ သူတို့သည် လူတစ်ယောက်၏ မွေးဖွားဇယားချပ်ကို နိုးထအောင် ကူညီနိုင်သော အသက်ဓာတ်နှလုံးသားကို ရခဲ့သည်။ ယုံကို သတ်ပြီးနောက် တစ်စုံတစ်ယောက်က ယုံ၏အသက်ဓာတ်နှလုံးသားကို ချန်ထားခဲ့ရသည့်အကြောင်းအရင်းကို မအံ့ဩမိသည်အထိ ပျော်ရွှင်မှုများ လွှမ်းနေကြတော့သည်။ ထိုစဉ် အသက်ဓာတ်နှလုံးသားကို ကိုင်ထားသည့် ကျင့်ကြံသူဘေးနား ရပ်နေသော ကျင့်ကြံသူသည် သူ၏ဓားမော့ကို ရုတ်တရက်ဆွဲထုတ်လျက် အသက်ဓာတ်နှလုံးသားကို ကိုင်ထားသော ကျင့်ကြံသူကို ခေါင်းဖြတ်လိုက်တော့သည်။
မကြာမီ၌ ခေါင်းက မြေပြင်ပေါ် ခေါင်းက လိမ့်ကျသွားပြီး လူသတ်သမားသည် အသက်ဓာတ်နှလုံးသားကို လျင်မြန်စွာ ဆုပ်ကိုင်ကာ အနောက်သို့ခုန်လျက် အနီးရှိတောင်ကုန်းဆီ ပျံသန်းသွားသည်။ ပြီးနောက် သူကအော်လိုက်တော့၏။
“မင်းတို့ထဲက ဘယ်သူကများ ငါ့ကိုဆန့်ကျင်ရဲမလဲ ကြည့်တာပေါ့၊ ဒါက ငါ့ရဲ့”